Friday, July 31, 2026

ယုံစားထိုက်သူ


❝ ယုံစားထိုက်သူ ❞
        ( ပိထွန်း )

သူဌေးက သူ့လူယုံတော်ကို မေးလိုက်သည် ။

သူဌေး - ငါ့ငွေတွေ ပျောက်နေတယ် ၊ မင်း ခိုးတာတော့ မဟုတ်ပါဘူးနော် ။

လူယုံ - ဆရာက ကျွန်တော့်ကို မယုံဘူးလား ။

သူဌေး - သော့တွေအားလုံး စားပွဲပေါ်မှာပဲ ထားတာလေ ၊ ဒါကြောင့် မေးနေရတာ ။

လူယုံ - ဒါပေမယ့် ဆရာရယ် ... သော့တွေက တစ်ချောင်းမှ ဖွင့်လို့မှ မရတာ ။

( အိန္ဒိယနိုင်ငံ ၊ U.P ပြည်နယ်ရှိ မြို့ကြီးများတွင် ဟိန္ဒီဘာသာဖြင့်ထုတ်ဝေသည့် ၇ . ၁၁ . ၂၀၁၃ နေ့ထုတ် i next သတင်း စာပါ joke of the day မှ Shubham ပေးပို့သော ဟာသကို ပြန်ဆိုပါသည် )

••••• ••••• ••••• 

❝ ကိုယ့်အကြိုက်နဲ့ ကိုယ် ❞

ညီမလေး - အစ်ကိုလေး ... ဖွားဖွားကြီး မွေးနေ့မှာ ဘာလက်ဆောင်ပေးမယ် စိတ်ကူးလဲ ။

အစ်ကို - ဘောလုံး ။

ညီမလေး - ဟင် .. ဘာရယ် ... ဖွားဖွားကြီးက ဘောလုံးကစားရမယ့် အရွယ်လား ။

အစ်ကို - ငါ့မွေးနေ့တုန်းကတောင် တရားစာအုပ်ပေးခဲ့သေးတာပဲ ... ဖွားဖွားကြီးက ။

( အိန္ဒိယနိုင်ငံ ၊ ဗီဟာ ( ရ် ) ပြည်နယ်ရှိ မြို့ကြီး များတွင် ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသည့် ၃၀ - ၁၁ - ၂၀၁၃ နေ့ထုတ် ပ ( ရ် ) ဘာတ် ( သ် ) ခဗား ( ရ်ု ) သတင်းစာ ဟာသကို ပြန်ဆိုပါသည် )

▢  ပိထွန်း
📖 ရယ်စရာ မဂ္ဂဇင်း
      စက်တင်ဘာ  ၊ ၂၀၁၅

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း

❝ ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

တလင်းစုထဲမှ ကောက်ပြန့်များကို နွားနင်းနှယ်သံသည် အရိုးချည်းသာကျန်တော့သော ချုံတောကို လေပြင်းတိုက်သံလို သရက်ပင်အုပ်ကြီး အောက်မှ ဆူညံစွာ ထွက်ပျံနေလေ၏ ။

နေခြည်သည် တစ်နေ့တာလုံး သရက်ပင်အုပ်ကို မဖောက်ထွင်းနိုင်သော်လည်း ယခုမူ အဝေးမှ စောင်းစွေ၍ ကောက်ပြန့်များပေါ်သို့ သွန်းလောင်းနေပေပြီ ။ ရှည်လျားသော အရိပ်ကြီးများသည် ကောက်ပြန့်၏ အရှေ့ဘက်ကျသော အရပ်၌ ကိုးရိုးကားရား လှုပ်ရှားနေကြပေသည် ။ ကောက်ပြန့်ထက်သို့ ပျံတက်လာသော အမှုန်များသည် နေခြည် ရောက်ရာ အရပ်တွင် ပါးလွှာသော ဇာပဝါတွန့်သလို လွန့်မြူး၍ နေခြည် လွတ်သောနေရာ၌ ပျောက်ကွယ်သွားလေ၏ ။

“ တယ် ဒီနွားအိုကြီးဟာ သေတော့မှာပဲ ။ ဒါလောက်ပဲ ငတ်ရသလားဟင် ”

တောင်ဘက်တလင်းမှ အုန်းမြ၏ အော်ငေါက်သံ နှင့်အတူ တင်ပါးကို နှင်တံဖြင့် ရိုက်သံသည်လည်း တချိုးချိုး တချွတ်ချွတ်အသံများနှင့် ရောလိမ်လျက် ထွက်ပေါ်လာသည် ။

“ ဟင်း ၊ ဟင်း ၊ ဟင်း ၊ ဟင်း ”

ကိုဆေးရိုးသည် နွားနှစ်ကောင်၏ တင်ပါးကို လက်ဝါးဖြင့်တွန်းရင်း တဟင်းဟင်း အသံပေးလျက် ရှိသည် ။ နွားနှစ်ကောင်မှာ ပျိုရွယ်သန်မာသော အရွယ်ကောင်းများဖြစ်၏ ။ သို့ရာတွင် ခေါင်းကြီးတွေ စိုက်လျက် ပျင်းတိပျင်းတွဲ လှမ်းနေကြပေသည် ။ ကောက်ရိတ်ပြီးစ အချိန်ကပင် နွားနှစ်ကောင်မှာ လုံလောက်သော အနားယူချိန်နှင့် အားမွေးချိန်ကို ရရှိ ထားကြသဖြင့် လှည်းတပ်လိုက်ပြီ ဆိုလျှင် ဆွဲ၍ မနိုင် နိုင်အောင်ဖြစ်ခဲ့ရ၏ ။

လူအိုနှင့် နွားပျို ၊ သည်လိုဆိုလျှင် ခက်ရချေရဲ့ဟု အောက်မေ့ခဲ့သည် ။ ယခုမူ ညဉ့်နက်သန်းခေါင်တိုင်အောင် နယ်၍ အရုဏ်တက်ကထပြီး ‘ ကောက်ဖွပ် ’ ရသော ဒဏ်ကြောင့် နွားနှစ်ကောင်မှာ ခြေကုန်လက်ပန်း ကျနေပေပြီ ။

“ မန်ကျည်းသီး ကောက်ကွေး လောက်လေးနဲ့ ဆော်သလေလေ့ ။ ဟိုကောင်မလေး ဆံတောက်ကွေး နောက်ဖေးကို ခေါ်သဟေ့ ၊ ခေါ်သဟေ့ ”

အုန်းမြတို့ ကောက်ပြန့်၏ ဟိုဘက်မှ ကြည်စိန်၏ အော်သံဖြစ်၏ ။

ကိုဆေးရိုးမှာ ခေါင်းကို ဆတ်ခနဲ ထောင်ပြီး လှမ်း ကြည့်မိသည် ။

“ ဟ ဘာကောင်လေးတေလဲဟေ့ ”

ကိုဆေးရိုးမှာ ပြုံးစေ့စေ့ကြီး ဖြစ်သွားသည် ။ ကောက်ပြန့်ပေါ်တွင် သံသရာစက်ဝိုင်းလို မဆုံးနိုင် မပြတ်နိုင် တဝဲလည်လည် လှည့်ပတ်မောင်းနှင် နေရသဖြင့် အော်မိအော်ရာ ပျင်းပျင်းနှင့် ထအော်ခြင်း ဖြစ်ပေမည်ဟု တစ်ဆက်တည်း တွေးမိသောကြောင့်လည်း ကိုဆေးရိုး၏ နှုတ်ခမ်းမှ အပြုံးသဏ္ဌာန်မှာ တော်တော်နှင့် ပျောက်ကွယ်မသွားပေ ။

“ အုန်းမြရေ ”

“ ဗျိုး ”

ကိုဆေးရိုးက တောင်ဘက်တလင်းတွင် ငြိမ်ငြိမ်ကလေး နွားမောင်းနေသော အုန်းမြကို လှမ်းပြီး အသံပေးလိုက်လျှင် အုန်းမြက ခေါင်းထောင်၍ ကြည့်သည် ။

“ မင်းကကော ဘာမှ မဆိုဘူးလားကွ ”

“ ဟဲ ဟဲ ”

အုန်းမြသည် တစ်ချက် ရယ်ပြီးလျှင် နွားကိုသာ တဟဲ့ဟဲ့ဖြင့် ဆက်လက် မောင်းနှင်နေသဖြင့် ကိုဆေးရိုးမှာ ဆက်မပြောတော့ဘဲ ကောက်ပြန့်ကို ငုံ့ကြည့်လိုက်သည် ။ သဲသဲကွဲကွဲ မမြင်ရပေ ။

“ ကျီးဒန်ရေ ၊ မီးလေးများ လက်ပါဦးဟ ”

သရက်ပင် ပင်စည်ကို ကပ်ပြီး ထိုးထားသော တဲကုပ်ကလေးဆီသို့ လှမ်းကြည့်ကာ အော်လိုက်သည် ။ တဲကုပ်ကလေး အတွင်းတွင်ကား မကျီးဒန်သည် တကုပ်ကုပ်ဖြင့် ချက်ပြုတ်လုပ်ကိုင်လျက်ရှိသည် ။ မကျီးဒန်သည် သစ်သားငရုတ်ဆုံ တစ်ခုဖြင့် ထောင်းထုနေရာက ငရုတ်ကျည်ပွေ့ကို တန်းလန်းစိုက်ထားလိုက်ပြီး တဲတံစက်မြိတ်တွင် ချိတ်ထားသော ‘ ပုန်နဆီအိုး ’ ကို ထဖြုတ်သည် ။

ပုန်နဆီအိုး ဆိုသည်မှာ လက်ဝါးတံဆိပ် ရေနံဆီ မီးအိမ်ဖြစ်၏ ။ မည်သည့် အကြောင်းကြောင့် ပုန်နဆီအိုးဟု ခေါ်သည် မသိပေ ။ ပုန်နဆီအိုး၌ သရက်စေးများ ၊ သရက်ပွင့် အခြောက်များ ၊ စပါးမှုန့်များသည် ရေနံဆီနှင့် တလိန်းထိုးကာ ပေကျံနေပေ၏ ။ မကျီးဒန်သည် ပုန်နဆီအိုးကို မီးထွန်းညှိပြီးလျှင် ကောက်ပြန့်ပေါ်သို့ ညွှတ်ကျနေသော သရက်ကိုင်း တစ်ခုတွင် လာရောက်ချိတ်ပေးလိုက်၏ ။

“ အင်းဟင် ဟဲ့ ၊ မလုပ်နဲ့လေ ။ ဒီလို မလုပ်စမ်းနဲ့လေ ”

မကျီးဒန်အား လှမ်းကြည့်ခိုက်တွင် နွားနှစ်ကောင်သည် နှုတ်သီးစွပ်ထားလျက်က တုံ့ရပ်ပြီး ကောက်ပြန့်ကို နှာခေါင်းဖြင့် တရှူးရှူး ငုံ့ထိုးနေသည့်အတွက် တစ်ချက် ရိုက်လိုက်ရသည် ။

“ မတော်သေးဘူးလား ”

မကျီးဒန်က ကောက်ပြန့်ကို ခြေဖဝါးဖြင့် ပွတ်ကြည့်ရင်းမေး၏ ။ ကောက်ပြန့်အဖျားများသည် တစ်ဖက်သတ် ယိုင်လဲလျက် စပါးစေ့ ရှိသော နေရာများ၌ အရိုးချည်းသာ ကျန်တော့သည် ။ အားနည်းသော ပုန်နဆီမီးရောင်ဖြင့် မမြင်ရသော်လည်း စမ်းသပ်ကြည့်ရုံနှင့် သိသဖြင့် မေးလိုက်ခြင်းဖြစ်ပေသည် ။

“ နည်းနည်း လိုသေးသလားလို့ဟ ”

ကိုဆေးရိုးက နွားနှစ်ကောင်ကို ခပ်သွက်သွက် တို့မောင်းနေ၏ ။ နွားနှစ်ကောင်၏ ခြေထောက်ကြားတွင် လည်းကောင်း ၊ ကိုဆေးရိုး၏ ခြေထောက်တွင် လည်းကောင်း နူးညံ့သော ကောက်မျှင်ကလေးတွေက လုံးထွေးနေပေသည် ။ နင်းရင်းက ကောက်လှိုင်း အစည်းထဲက ကျွတ်ထွက်လာသော အမျှင်ကလေးများက ဖုံးနေခြင်းဖြစ်၏ ။

ကိုဆေးရိုးသည် ‘ ဖုံ ’ နေသော အထွေးကလေးများကို နှင်တံဖြင့်ခြစ်၍ ဘေးသို့ ပစ်ချလိုက် ၊ နွားနှစ်ကောင်ကို ခပ်လောလောကလေး မောင်းလိုက်ဖြင့် စောစောကထက် သွက်လက်နေ၏ ။ နွားနှစ်ကောင်မှာလည်း သခင်က ယင်းသို့ မောင်းလာပြီဆိုလျှင် နားရတော့မည် ဟူသည်ကို သိနေသည့် အလား အသော့ နှင်နေကြသည် ။ စပါးနယ်ရာ၌ တည်ရှိသော ကောက်ပြန့်ကြီး တစ်ခုလုံးကို တစ်ပြိုင်နက် နင်းနိုင်နှယ်နိုင်သည် မဟုတ် ။ တစ်ဝက်ကိုသာ နှယ်နိုင် နင်းနိုင်ပေသည် ။ ကောက်ပြန့်၏ ဗဟိုကျသောနေရာကို ‘ ဗွေ ’ ဟု ခေါ်သည် ။ ထိုဗွေကို စက်ဝိုင်း၏ အနားအဖြစ်ထားကာ ကောက်ပြန့်၏ အစွန်နှင့် ဆက်သွယ်၍ နွားကို မောင်းနှင်ရသည် ။ နွားကိုလည်း တစ်နေရာတည်း အသေထား၍ မောင်းနှင်ခြင်း မဟုတ်ဘဲ နွားခွာများ နေရာချင်း စပ်ပြီး နင်းအောင် အရင်းက နွားကို နည်းနည်းချင်း ကြိုးတင်းပေးရသည် ။

ယခုကဲ့သို့ စပါးစေ့များ ကုန်စင်လုနီးနီး ကျွတ်၍ ဖုံနေသောအခါတွင် ကောက်ပြန့်ကြီးသည် နေကြာ ပန်းပွင့်၏ ဝတ်ဆံများ တည်နေပုံကဲ့သို့ ဗဟိုတွင် အနားများ စပ်နေပေတော့သည် ။ ထို့ကြောင့် ပထမဦးစွာ နှယ်ခြင်းကို ‘ ဗွေ ’ ဖွပ်သည်ဟု ခေါ်လေ၏ ။

“ ဖြူနေပါပြီ တော်ရဲ့ ။ ထမင်းစားပြီးမှပဲ ကောက် ပေါက်တော့တာပေါ့ ”

မကျီးဒန်က ကောက်ပြန့်၏ အစပ်မှ အလှိုင်း ထိပ်များကို လက်ဖြင့် စမ်းသပ်ကြည့်ပြီး ပြောသည် ။ ဖြူသည် မဖြူသေးဘူးဆိုသော အသုံးအနှုန်းမှာ ဆန်ဖွပ်ရာတွင် လည်းကောင်း ၊ စပါးနှယ်ရာတွင် လည်းကောင်း သုံးစွဲကြပေ၏ ။ ဆန်ဖွပ်လျှင် ဆန် ပေါ်၌ ဖုံးနေသော ဖွဲများ ကုန်စင်ခြင်းကို ရည်ရွယ်၍ ၊ ကောက်လှိုင်းများကို နှယ်ရာတွင်မူ စပါးစေ့များ ကောက်လှိုင်းတွင် ကုန်စင်ခြင်းတို့ကို ရည်ရွယ်သည် ။ ထို့ကြောင့် ဖြူသည်ဆိုခြင်းမှာ ‘ စင် ’ ခြင်းကို ဆိုပေ၏ ။

မကျီးဒန်မှာ ကိုဆေးရိုးကိုလည်း ကြာကြာရပ်ကာ စကားပြောမနေနိုင်ပေ ။ နောက်သို့လည်း မကြာခဏ လှည့်ကြည်နေရာက

“ ကဲ ဟင်းချိုအိုး ဆူရင် ဟင်းရွက် ခတ်ထားလိုက် မယ် ။ နွားတွဲချပေတော့ ”

ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်လာခဲ့သည် ။ ဟင်းချိုအိုးဝေကျလျှင် ချွေချွေတာတာ ခတ်ထားသော ဆီကလေးတွေ ဝေကျသော ရေနှင့်အတူ မီးဖိုထဲသို့ ရောက်ကုန်မှာ စိုးသဖြင့် ပြေးဝင်လာသော်လည်း ဟင်းချိုအိုးမှာ လှုပ်သော်မျှ မလှုပ်သေးပေ ။ မကျီးဒန်က နွားတွဲ အချတွင် အဆင်သင့် ဖြစ်အောင် မီးကို ဆွပေး၏ ။ ပန်းကန်ကို အပြေးအလွှားဆေးပြီး တဲထရံတွင် မှီထားသော စားပွဲခုံကိုခင်း၍ တင်ထား၏ ။ ထမင်းစား စားပွဲခုံကား ချေးအထပ်ထပ်ဖြင့် မည်းနေသည် ။ အအေးဓာတ် ရစ်ပတ်ထားသောကြောင့် အစိုလည်း ပြန်နေပေ၏ ။ စားပွဲခုံခင်းပြီး၍ ဟင်းချိုအိုးကို လှည့်ကြည့်သောအခါ ဟင်းချိုအိုးမှာ မီးခိုးကြားတွင် ပျောက်နေချေသည် ။

“ မှိုင်းစော်တော့ နံကုန်တော့မှာပါပဲတော် ”

မကျီးဒန်သည် စိတ်ထဲမှ ပူပန်စွာ ရေရွတ်လိုက်ပြီး စုထပ်နေသော ထင်းစများကို တစ်စပေါ်တစ်စ မေးတင်ပေးကာ မီးပြောင်း ( မီးပလွေ ) ဖြင့် မှုတ်ပေး၏ ။ မီးကား တောက်မလာပေ ။ တဲကုပ်အတွင်းဝယ် လိုဏ်သံပါသော မီးပြောင်းမှုတ်သံက ညံနေ၏ ။ မီးက ရုတ်တရက် မတောက်နိုင်သဖြင့် သွားကျိုး ၊ ပါးကျိုး မကျီးဒန်၏ ပါးစပ်ထဲမှ လေ အစား တံတွေးများသာ ထွက်လာတော့သည် ။ ထိုစဉ်တွင် ကောက်ပြန့်ပေါ်မှ အသံများ ပျောက်သွားပြီး မာကျောသော တလင်း မြေပြင်ကို နွားခွာဖြင့် ဖိနင်းသွားသံများ ထွက်ပေါ်လာ၏ ။ ခွာသံများသည် နွားစာခေါင်း ( နွားစာခွက် ) နား၌ ရပ်တန့်ပျောက်ကွယ်သွားသည် ။ နွားတွဲချ၍ နွားများကို အစာကျွေးခြင်း ဖြစ်ပေသည် ။ မကျီးဒန် မှာကား မျက်စိထဲသို့ မီးခိုးဝင်သဖြင့် ခဏနားပြီး မီးပလွေသံ တညံညံဖြင့် ဆက်မှုတ်နေ၏ ။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေး ကိုင်၍ မီးဖိုဘေး လာထိုင်၏ ။ မကျီးဒန်ကား ဇွဲကောင်းကောင်းဖြင့် မီးမှုတ်ဆဲ ။

“ အင်း ညည်း ဟင်းအိုးကတော့ ဆားခတ်ဖို့တောင် မလိုတော့ပါဘူးအေ ”

မီးစတစ်စဖြင့် ဆေးလိပ်ကို ညှိဖွာရင်း ကိုဆေးရိုးက ရယ်သွမ်းသွေးလိုက်၏ ။ မကျီးဒန်သည် မီးပြောင်းကို ဆောင့်ချပြီး ကိုဆေးရိုးအား မျက်စောင်း ထိုး၍ ကြည့်သည် ။

“ မသိဘူး တော်ရေ့ ၊ သစ်ကိုင်းအခြောက်တွေ အောက်မေ့လို့ ဆွဲလာတာ ။ သေနာယုတ် ထင်း ၊ မီးဖိုထဲ ရောက်မှ စိုနေတာ ”

မကျီးဒန်က အငေါ်တူးသံဖြင့် ပြောအပြီး၌ လုံခြုံ သေသပ်နေသော ထဘီစကို ဒူးကြားသို့ ဆွဲသွင်း လိုက်၏ ။

“ အားရင် သရက်တုံးတေ ရှိသားပဲ ။ လက်သည်း ခွံလောက်တောင် ပေါက်ပေးဖော် မရဘူး ”

“ ကဲ ကဲ ”

ကိုဆေးရိုးက အသံမြှင့်၍ အော်ရင်း ထလိုက်သည် ။

“ ငါ့ဘက် လှည့်လာရင်တော့ ပြေးမှပဲဟေ့ ပြေးမှပဲ ”

တဲပေါက်မှ အထွက်တွင် ထပ်မံ ရေရွတ်ရင်း ကောက်လှိုင်းဆိုင်ဆီသို့ ဆေးလိပ်မီး တဖွားဖွားဖြင့် လျှောက်လာခဲ့သည် ။ ကောက်လှိုင်းဆိုင်ပေါ် တင်ထားသော ထွန်ခြစ်ကို ဆွဲယူပြီး ကောက်ပြန့်ဘေးသို့ လျှောက်လာခဲ့၏ ။ ကောက်ပြန့်ဘေးတွင် ရပ်၍ အလှိုင်းတစ်လှိုင်းကို ထွန်ခြစ်ဖြင့် ဆွဲကာ မပေါက်သေး ဘဲ တဲဆီသို့ လှည့်ကြည့်သည် ။ မကျီးဒန်ကား လိုဏ် သံတညံညံဖြင့် မီးကိုသာ ကုန်း၍ မှုတ်နေဆဲရှိသေး၏ ။

ကိုဆေးရိုးမှာ မကျီးဒန်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဆေးလိပ်မီး ဝင်ညှိစဉ်က တစ်ခေါင်းလုံး ပြာမှုန်ဖြင့် ဖွေးနေသော မကျီးဒန်၏ အသွင်ကို မြင်ယောင်ကာ ရယ်ချင်လာသည် ။ ဘယ်လိုပင် ထိန်းချုပ်ထားပေမယ့် အူအလိပ်လိပ်ထလာသည် ထင်ရ၏ ၊ ထို့ကြောင့် ကိုဆေးရိုးမှာ မိမိ၏ တလင်းအစပ်ရှိ ချုံတန်းများကို လှမ်းကြည့်လိုက်ရသည် ။

ချုံတန်းသည် နောက်ခံထန်းတောနှင့် တစ်သားတည်း ပိန်းမှောင်နေ၏ ။ ထန်းတော၏ ကြားမှာ ကြယ် တစ်လုံးတလေ လင်းနေသည် ။ သို့သော် ပြာမှောင်သော နှင်းလွှာပါးက ကာခြားထားသောကြောင့် မွှားမွှားသာမြင်ရသည် ။ ငွေလ မသာ မလင်းသောကြောင့်လည်း သရက်ပင်အုပ် အောက်ရှိ တလင်းများမှာ မှောင်နေ၏ ။ ဝါရော်သော ရေနံဆီမီးအိမ်များ၏ အရောင်သည်သာ အားနည်းသော အလင်းရောင်ကို ပေးနေပေ၏ ။

ကိုဆေးရိုးသည် ထွန်ခြစ်ဖြင့် ချိတ်ဆွဲထားသော ကောက်လှိုင်းကို မိမိဘက်သို့ ချိတ်ယူလိုက်သည် ။ ကောက်ပြန့် ပြန့်စဉ်ကပင် ‘ စည်းကြိုး ’ ကို တံစဉ်ဖြင့် ဖြတ်ထားသဖြင့် ရိုးတံများသည် ပြန့်ပြီး လိမ့်လာ၏ ။ ကိုဆေးရိုးက ခြေဖျားကို ကုပ်၍ ထိုးခံလိုက်ကာ ချက်ချင်း ခြေဖျားကို ကော့၍ ကောက်ရိုးတံများ ပြန်မကျအောင် ထိန်းပေးပြီး ထွန်ခြစ်ဖြင့် ဖေးလျက် ခြေကို နောက်သို့ဆွဲယူလိုက်၏ ။ ရုတ်ခြည်းပင် ထွန်ခြစ်ကို တစ်တောင်ခန့် မြှောက်ခွာ၍ တစ်ပြိုင်နက်ပင် ကောက်လှိုင်းကောက်ရိုး ရိုးတံစုကို ခြေဖမိုးဖြင့် ခတ်လိုက်သည် ။ ကောက်ရိုးပင်များမှာ ထွန်ခြစ်ဖြင့် ခိုက်မိပြီး ခြေထောက်ပေါ် ပြန်ကျလာ၍ ခြေဖမိုးက ဆီး၍ ခတ်လိုက်ပြန်သည် ။ ခြေဖမိုးဖြင့် ခတ်လိုက်သော ကောက်ရိုးပင်များ ထွန်ခြစ်နှင့် ခြေဖမိုးကို အပြန်အလှန် ပြေးလွှားထိခိုက်ချိန်မှာ မျက်စိသုံးမှိတ်မျှ ကြာညောင်း၏ ။ ထိုအချိန်အတွင်း ခြေဖမိုးဖြင့် လေးချက်ခန့် ကန်ပြီး ခတ်ပြီးသွားကာ ကောက်ရိုးပင်များကြားတွင် ဝပ်နေသော စပါးစေ့များ ပြောင်စင်သွားလေ၏။

ကိုဆေးရိုးက ‘ ပေါက် ’ ပြီးသော ကောက်ရိုးများကို မိမိ၏ကျောဘက်သို့ ခြေဖြင့်ဖေး၊ ထွန်ခြစ်ဖြင့် ထိန်းလျက် ကိုယ်ကို လိမ်၍ ပစ်ချလိုက်သည် ။ စည်းကြိုးကို ဖြတ်ထားသော်လည်း ကောက်ရိုးပင်များမှာ မူလအလှိုင်း အနေအထားသာ ရှိနေသေးသဖြင့် ဆွဲရ ချိတ်ရ လွယ်ကူသည် ။ ကိုဆေးရိုးသည် တစ်လှိုင်းပြီး တစ်လှိုင်း ပေါက်၍ နောက်ဘက်သို့ ပစ်ထားလိုက်၏ ။

“ ကိုဆေးရိုးရေ ထမင်းပြင်ပြီးပြီ ”

မကျီးဒန်က ထမင်းပွဲဘေးမှ လှမ်းခေါ်သည်။ ကိုဆေးရိုး၏ နားထဲတွင်မူ မိမိ၏ ကောက်ပေါက်သံဖြင့် မိမိ ဆူညံနေသည် ။ မကျီးဒန်၏ အသံကို မကြားပေ ။ ကောက်လှိုင်း ကောက်ရိုးဟူသည် အနည်းငယ် ဖွလျှင် ဖွသလောက် အမှုန်ထသော အမျိုးဖြစ်သည် ။ ယခုလို မှုန့်ညက်သွားမတတ် နင်းနှယ်ပြီးနောက် တစ်ပင်စီ တစ်မျှင်စီ ဖြစ်အောင် လှုပ်ကာ ကန်ကျောက်သော အခါ တလင်းတစ်ခုလုံး စပါးမှုန်ဖြင့် ဖုံးနေတော့၏ ။

နဂိုက အားနည်းဝါရော်သော မီးရောင်သည် စပါးမှုန်ထုကြီး ကြွတက်လာသောအခါ မီးတောက်ကလေးသာ ကျန်တော့သည် ။ မီးရောင်သည် ပျောက်သွား၏ ။

ကိုဆေးရိုးသည် လုံးလိပ်တက်လာသော စပါးမှုန်များကိုပင် အသက်အောင့်ထားလိုက် ၊ မျှဉ်းမျှဉ်းကလေး ရှူလိုက်ဖြင့် ကာကွယ်ရင်း တစ်လှိုင်းပြီး တစ်လှိုင်း ဆွဲချိတ်ပေါက်နေရာက မွှန်လွန်းမက မွန်လာသောအခါ တဲဆီသို့ ခတ်သုတ်သုတ် ပြေးထွက်လာ၏ ။ စပါးမှုန် ပါးသောနေရာ အရောက်တွင် ကမန်းကတန်း အသက်ရှူပစ်လိုက်ရသည် ။

“ ထူလိုက်တဲ့ အမှုန်ဟေ့။ ရေဖျန်းပြီး ပေါက်မှ ထင်တယ် ”

“ ခေါ်နေတာ မကြားဘူးလား။ ကဲ ရေကလေး ဘာကလေးရှူ ၊ မျက်နှာသစ် ၊ လက်ဆေးပေတော့ ။ ထမင်းစားရအောင် ”

မကျီးဒန်က အပြစ်တင်တစ်ဝက် အချော့တစ် ဝက်ဖြင့် ပြောလိုက်ပြီးနောက် ရေအိုးကို မြင်သာအောင် မီးခွက်မြှောက်ပြသည် ။

“ ဒီလိုသာ ဆိုရင်တော့ မနက်မှပဲ ပေါက်နိုင်မယ် ထင်တယ်ဟေ့ ”

ကိုဆေးရိုးက ရေကို နှာခေါင်းထဲရှူသွင်းပြီး ခပ်ပြင်းပြင်း မှုတ်ထုတ်၏ ။ မျက်နှာသစ် ၊ လက်ဆေးပြီး တဲထဲမှ ပုဆိုးစုတ်တစ်ထည်ကို ဆွဲ၍ မျက်နှာသုတ်သည် ။

“ ညနေတုန်းက နွားတွဲ မတင်ခင် ရေကလေးမှ မဖျန်းလိုက်ဘဲကိုတော့် ။ အခုလည်း တော် ထမင်းစားပြီးတာနဲ့ နှင်းရိုက်တာနဲ့ အတော်နေမှာပဲ ။ အမှုန် သိပ် ထမှာမဟုတ်ပါဘူး ”

မကျီးဒန်က သစ်သားငရုတ်ဆုံကို ထန်းရွက်ကြားသို့ ထိုးကပ်ရင်း လှည့်ပြောသည် ။

“ အေး ဟုတ်သဟ။ အမယ်အမယ် တယ်စပ်ပါကလားဟေ့ ”

ကိုဆေးရိုးသည် မကျေသော ငရုတ်သီး တစ်တောင့်ကိုဝါးမိသဖြင့် အလန့်တကြား အော်လိုက်ပြီး ထမင်းချည်း သက်သက် ကပျာကယာ ကောက်ကွေး၍ ဝါးပစ်လိုက်သည် ။ ထမင်းစေ့မှ အချိုရည်များ လျှာကို ထိသွားမှ အစပ်ပြေသွား၏ ။

မောမောဖြင့် ထလာသော ကိုဆေးရိုး အတွက် စပ်သောဟင်းသည် ထမင်းမြိန်ဆေးပင် ဖြစ်သည် ။ ထိုရွှေအပ်သီး နှောသော ချဉ်ပေါင်ဖူးအထောင်းသည် ကိုဆေးရိုး ကြိုက်သောဟင်းဖြစ်၍ နွားလျှာကြီးရွက် ဟင်းချိုသည်လည်း ချဉ်ပေါင်ဖူးအထောင်းနှင့်အလိုက်ဆုံးသော ဟင်းစပ်ပင် ။ သို့သော် ကိုဆေးရိုး၏ ပါးစပ်မှာ ငရုတ်သီးစပ်တာက လွဲ၍ သည်ဟင်းစပ်ကို ပြောပလောက်အောင် ခံတွင်းမတွေ့တော့ပြီ ။

အသက်သုံးဆယ်ရွယ်တုန်းက လုပ်သော လယ်သည် လေးဆယ်စိုက်ဖြစ်၍ ချဉ်ပေါင်ဖူးအထောင်းနှင့် နွားလျှာကြီးဟင်းချိုကို ထိုးသိပ်သလို ဝင်ခဲ့၏ ။ ယခု အသက် ငါးဆယ်ကျော်တွင်လည်း လုပ်ရသောလယ်မှာ လေးဆယ်စိုက်ပင် ဖြစ်၏ ။ ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးရွက်ဟင်းချိုကို ခံတွင်း မတွေ့တော့ပြီ ။ လုပ်ရသောအလုပ်မှာ လူ့ခွန်အား ယုတ်လျော့သလို လျော့နည်းမသွားသော်လည်း သွားများ ကျိုး၍ အာရုံကြောများက ချည့်နဲ့ခဲ့ပြီ မဟုတ်လား ။ ယခင်ကလို ခံတွင်းမတွေ့တော့သော်လည်း ကိုဆေးရိုးသည် တစ်လုတ်ပြီး တစ်လုတ် ခွံ့နေ၏ ။ တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားကာ မကျီးဒန်မှာလည်း ရေစိုသဖြင့် ပွပိတ်နေသော ဆန်ဆေးတောင်းထဲသို့ ထမင်းကို တစ်တောင်းပြီး တစ်တောင်း ထည့်နေရသည် ။

ထမင်း တထည့်တည်း ထည့်နေရသော်လည်း ကိုဆေးရိုး၏ မျက်နှာပြင်၌ ထမင်းစားလိုက်ရသည့် အတွက် ဗိုက်ပြည့်ရုံမှအပ ထို့ထက်ပိုမိုသော နှစ်သိမ့်ကျေနပ်မှု ပေါ်ပေါက်မလာပေ ။

တဲအတွင်း၌ တိတ်ဆိတ်နေပေသည် ။ တဲခေါင်းရင်းဘက်မှ နွားနှစ်ကောင်၏ တရှူးရှူးဖြင့် အစာထိုးမွှေ စားသောက်နေသံကိုကြားရသည် ။ တဲအတွင်း၌ တစ်ချက်တလေ ပန်းကန်နှင့် ဇွန်းမြီး ထိခိုက်မိသံ ပေါ်လာတတ်၏ ။ အုန်းမြတို့ တလင်းဆီမှာ တဖြောင်းဖြောင်းဖြင့် ကောက်ပေါက်နေကြလေပြီ ။

ကိုဆေးရိုးသည် ချဉ်ပေါင်ဖူးအထောင်း သက်သက်ချည်း လက်ညှိုးဖြင့် ကော်လိုက်၏ ။ လက်ကို ပါးစပ်ထဲသို့ မခွံ့သေးဘဲ ခါးဆန့်ကာ နားစွင့်ထောင် လိုက်သည် ။ ခပ်လှမ်းလှမ်း တာလမ်းဆီမှ ကားသံလိုလို ဘာလိုလို ကြားရ၏ ။

“ ဘာသံလဲ ဟင် ”

မကျီးဒန်က မျက်လုံးပြူး၍ မေးသည် ။

“ သံချပ်ကားများလား ”

“ ဘယ်မှာများ တိုက်ပွဲဖြစ်နေပြန်ပါလိမ့် ။ ဘုရားသိကြားမလို့ မသေမကြေကြပါစေနဲ့တော် ”

ကိုဆေးရိုးက သံချပ်ကားဟု ဆိုလိုက်သဖြင့် သံချပ်ကာကားဟူသည် အပြင်းအထန်တိုက်ပွဲဖြစ်မှ လာလေ့ရှိသည်ဟု နားလည်ထားသော မကျီးဒန်က ရင်ကို ဖိလျက် အရမ်းကာရော ဆုတောင်းခြင်းဖြစ်ပေသည် ။

“ ဟယ် နင့်မှာ ရမ်းပြီး ဆုတောင်းနေ ။ သံပုံးတွေ တင်ပြီး ဒုန်းမောင်းသွားတဲ့ရထား ( မြင်းလှည်း ) လားမှ မသိဘဲ ”

ကိုဆေးရိုးက ပြောပြောဆိုဆို တဲပြင်ဘက်သို့ ထွက်လာကာ တာလမ်းဆီသို့ ခပ်သွက်သွက် လျှောက်လာခဲ့၏ ။ တဲထဲက ထွက်စတွင် အလင်းမှ အမှောင်သို့ ကူးစမို့ ဘာမျှ မမြင်ရပေ ။ တဖြည်းဖြည်း တာလမ်းပေါ်မှာ တရိပ်ရိပ်သွားနေသော မည်းမည်းကြီးကို မြင်ရသည် ။ မိမိနှင့် မလှမ်းမကမ်းတွင်လည်း မိမိ နည်းတူ ထွက်ကြည့်နေကြသူများကို တွေ့ရ၏ ။

“ အုန်းမြ ၊ အဲဒါ ဘာကြီးလဲဟ ”

ကိုဆေးရိုးက လူရိပ်သဏ္ဌာန်ကို အုန်းမြ ပဲဟု မှန်းဆပြီးမေးသည် ။

“ လယ်ထွန်စက်နဲ့ တူတာပဲ ”

အုန်းမြကလည်း ခပ်ဝါးဝါးပဲ ဖြေနိုင်၏ ။ သို့ကြောင့် ကိုဆေးရိုးက တရွေ့ရွေ့လိမ့်သွားသော မည်းမည်းအရာကို လှမ်းကြည့်လိုက်ရာ မိမိတို့ ဘက်သို့ လူတစ်ယောက် ပြေးလာသည်ကို မြင်ရ၏ ။

“ ဟဲ့ ဘယ်သူလဲ ”

“ ကျုပ်ပါဗျ ”

ညနေက “ မန်ကျည်းသီးကောက်ကွေးကို လောက် လေးဖြင့်ဆော် ” ဟု အော်ဆိုသော ကြည်စိန် ဖြစ်ပေသည် ။

“ အခု မောင်းသွားတာ ဘာကြီးလဲကွ ဟေ ဟေ ”

အုန်းမြက ဝင်မေး၏ ။

“ လယ်ထွန်စက်ကြီးကွ ”

ကြည်စိန်က မောသံကလေး မပျောက်တပျောက်ဖြင့် ဖြေလေသည် ။

“ လယ်ထွန်စက်က ဘာလုပ်ဖို့များပါလိမ့် ”

“ ဟ လယ်ထွန်စက်ဆိုတာ လယ်ထွန်ဖို့ပဲပေါ့ဟ ။ ဘာလုပ်ရမလဲလို့ ”

ကိုဆေးရိုးကတော့ အုန်းမြနှင့် ကြည်စိန်တို့ ကြားသို့ ဘာမျှ ဝင်မပြောဘဲ လယ်ထွန်စက် မည်းမည်းကြီးကိုသာ မမြင်မကန်းဖြင့် လှမ်းကြည့်မျှော်ငေးနေ၏ ။ လယ်ထွန်စက် ဟု ကြည်စိန်က ပြောသော အရာကြီးသည် ဖားပြုတ်ပင် “ ပေါင်း ” ကို ကျော်လွန်သွားကာ အသံမျှသာ သဲ့သဲ့ကြားရတော့သည် ။ သို့တိုင်အောင် ကိုဆေးရိုးကတော့ ငေးမျှော်မြဲ ငေးမျှော်နေ၏ ။ သူ့ ရှေ့ရှိ မှောင်လဟာ အတွင်းဝယ် ငြိမ်သက်နေသည် ။ ထိုစဉ်တွင် အုန်းမြ ဖျတ်ခနဲမြည်အောင် သူ့ ပေါင်ကို သူပုတ်လိုက်၏ ။

“ ဟာ သိပြီဟေ့ ၊ သိပြီ ”

“ ဘာသိတာလဲ ။ လယ်ထွန်စက်ဆိုတာ မြေကြီးတွေကို ဖွဖို့လို့မဟုတ်လား ”

ကြည်စိန်က အုန်းမြကို သရော်သည် ။

“ မင်းဖေကလွှားတဲ့ ။ ငါက အကောင်းပြောမလို့ ဟာကို ”

အုန်းမြက ဆဲရေးလိုက်သည်တွင် ကြည်စိန်၏ ဟားတိုက်ရယ်မောသံက မှောင်လဟာတွင် ပျံလွှားသွား၏ ။

“ ကဲကွာ ကဲကွာ ၊ သိလို့ ပြောမှာဖြင့်လည်း ကောင်းကောင်း ပြောစမ်းကွာ ”

ကိုဆေးရိုးက သိချင်ဇောဖြင့် ဝင်ရောက်ဖျန်ဖြေပြီး အုန်းမြထံမှ လာမည့်စကားကို နားစွင့်နေ၏ ။

“ ဒီလိုဗျ ၊ ဗိုလ်တဲမှာ စိုက်ပျိုးရေးဆိုင်းဘုတ် တစ်ခု တင်ထားတာ တွေ့တယ်ဗျ ။ အရင်က ကျုပ်တို့ဆီမှာ ဘာစိုက်ပျိုးရေးဌာနမှ မရှိဘူးမဟုတ်လား ”

“ အေးလေ ၊ ဒါတော့လည်း သိတာပေါ့ကွ ။ မင်းကို ငါအပြောခိုင်းနေတာက လယ်ထွန်စက် အကြောင်းကွ ”

ကိုဆေးရိုးက ကြားဖြတ်၍ မာန်သည် ။

“ ဟုတ်ပါတယ်ဗျာ ၊ နားထောင်ပါဦး ။ ဒါနဲ့ ကျုပ်က ဗိုလ်တဲက ရဲဘော်တွေကို မေးကြည့်တော့ လယ်ထွန်စက် တစ်လုံးရယ် ၊ မြေဩဇာတေရယ် ၊ မျိုးစေ့တွေ ရောက်လာလိမ့်မယ်တဲ့ ”

“ မြေသြဇာ ဆိုပါကလားဟ ကြည်စိန်ရ "

ကိုဆေးရိုးက တအံ့တသြ အော်မိသည် ။ သို့သော် ဝမ်းသာခြင်းကား မဟုတ် ။ အဘယ်ကြောင့်ဆိုသော် ရှေးသရောအခါကမူ မြေသြဇာ လိုချင်လျှင် ရန်ကုန် အထိ ဆင်းရကာ ဈေးခေါင်ခိုက်နေသောကြောင့်ဖြစ်သည် ။

“ ဟုတ်တယ်ဗျ ။ နွေသီးစိုက်ချင်တဲ့ လူတွေကို မြေသြဇာနဲ့ မျိုး အလကားပေးမယ်တဲ့ဗျ ”

“ ဟာ တယ်ဟုတ်ပါကလား ”

ကြည်စိန်က ခုန်၍ အော်၏ ။

“ အဲဒီ နွေသီးစိုက်ချင်တဲ့ လယ်တွေကို တစ်ဧက တစ်ဆယ်နှုန်းနဲ့ အဲဒီစိုက်ပျိုးရေးက အငှားထွန်ပေးမတဲ့ဗျ ”

ကိုဆေးရိုး တိတ်သွားသည် ။ ထမင်းနှင့် ဟင်းများ ပေကျံနေသော လက်များမှာ လေတိုက်သဖြင့် တင်းရင်းလာသည့်အတွက် လက်ကို တပြွတ်ပြွတ်စုပ်ရင်း အတွေးဝင်နေ၏ ။ သို့စဉ် ကြည်စိန်က ပြောသည် ။

“ ငရုတ် စိုက်ရရင် ကောင်းမယ်ထင်တယ်ကွ ”

အုန်းမြကလည်း

“ တို့စပါးနှယ်တာက တလင်းထဲကို ကောက်လှိုင်း ရောက်နေမှတော့ ဘယ်အချိန်မှပဲနှယ်နှယ် ဖြစ်နေပြီကွ ။ အဲဒါအသာထားပြီး ငါ့ကျင်းလယ် ၂ဝ စိုက်ကို ပဲကြဲလိုက်ရရင် ဟန်မှာပဲဟေ့ ”

“ နေစမ်းပါဦးကွာ ”

ကိုဆေးရိုးက လေးပင်စွာဖြင့် ကြားဖြတ်ပြောလိုက်သည် ။

“ ထွန်တာစိုက်တာကတော့ ဟုတ်ပါပြီ ။ အပင်တွေ မအောင်မချင်း အခု ရှိနေတဲ့အစိုက မြဲပါ့မလားကွ ”

“ ဟာ ဟုတ်သဗျို့ ”

ကြည်စိန်မှာ အရေးကြီးသော အချက်ကို ယခုမှ သတိရသဖြင့် အထိတ်တလန့် အော်၏ ။ သို့သော်

“ နွေသီး တကယ် လုပ်ကြရင် မြောင်းဘက်က ရေလွှတ်ပေးမတဲ့ဗျ ” ဟု အုန်းမြင့်က ထပ်ဆင့် ဖောက်သည် ချလိုက်သော ခဏ၌ ကိုဆေးရိုး၏ အသံသည် တလင်းသိုက်များသို့ပင် ကျယ်လောင်စွာ ပျံဟိန်းသွားလေ၏ ။

“ ဟာဟုတ်ပြီဟေ့ ။ အခု ပဲကြီး တစ်ဧက ပက်ထားသကွ ။ ထပ်ပြီးတော့လည်း စိုက်လိုက်ဦးမဟ ။ ဟုတ်ပြီ ဟုတ်ပြီ ”

ကိုဆေးရိုးသည် သတင်းကောင်းကို မကျီးဒန် အား ပြောကြားရန် တဲကုပ်ဆီသို့ အပြေးလာခဲ့သည် ။ မကျီးဒန်သည် တဲပေါက်ဝ၌ ရပ်၍ ဆေးလိပ်ဖွာနေ၏ ။

“ မကျီးဒန်ရေ ကြားပြီးပြီလားဟေ့ ”

“ ကျုပ် လာပြီး နားထောင်လို့ ကြားပြီးပါပြီတော် ။ ကဲကဲ ပြောစရာရှိတာ ပြီးမှ ပြော ။ ထမင်းစားလိုက်ဦး ”

“ အေးအေး ဝမ်းသာလိုက်တာဟာ ”

ကိုဆေးရိုးသည် ဝမ်းသာအားရဖြင့် လက်ကို ထပ်၍ ဆေးပြီး ထမင်းကို ကုန်းလွေးလိုက်သည် ။ စောစောက စားခဲ့ရသော ချဉ်ပေါင်ဖူးအထောင်းနှင့် နွားလျှာကြီးရွက် ဟင်းချိုပင်ဖြစ်ကာ အေးစက်၍နေပေပြီ ။ သို့ရာတွင် အေးစက်နေသော ယခု ထမင်းက ပူနွေးနေသော စောစောက ထမင်းဟင်းထက် ကိုဆေးရိုး၏ ခံတွင်း၌ အရသာရှိလှပေသတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အရိုးကြိုက်သူ အရိုးကိုက်သူ


❝ အရိုးကြိုက်သူ အရိုးကိုက်သူ ❞
           ( ခန့်ညီဖေ )

တကယ်တမ်း ပြောရလျှင် သူသည် အရိုးကြိုက်၏။ ကြိုက်၍လည်း အရိုးအမြဲကိုက်သည်။ အရိုးကြိုက်သည်၊ ကိုက်သည်မှာ ပြဿနာ တစ်ခုတော့ မဟုတ်။ ပြဿနာဟုလည်း ယခုချိန်ထိ သူ မသတ်မှတ်။ သို့သော် ပြဿနာတစ်ခုမှာ လူအများစုက အရိုးကိုက်သူ၊ အရိုးကြိုက်သူကို လူချင်းအတူတူ တစ်ဆင့်နိမ့်သတ္တဝါတစ်ခုသဖွယ် သတ်မှတ်နေတတ်ကြခြင်းပင်ဖြစ်၏။ လူအများ ကြားတွင် အရိုး ကိုက်နေသူ၊ အရိုး ကြိုက်နေသူမှာ လူယဉ်ကျေး တစ်ယောက် မဟုတ်ဟု ထင်မှတ်နေတတ်ကြသည်။ အရိုး ဆိုသည်မှာ လူ့မြင်ကွင်းတွင် ကိုက်စရာ၊ ကြိုက်စရာ အကြောင်း တစ်ခု မဟုတ်ဟု ထင်မြင်နေကြသည်။ လူအများ ရှေ့တွင်အရိုးကိုက်နေသည်မှာ မယဉ်ကျေးသော လူ့အရိုင်းအစိုင်းတစ်ယောက်သဖွယ်ဟု သတ်မှတ်ချင်ကြ၏။ ဟုတ်ပြီ။ သူတို့ သတ်မှတ်တတ်ကြသော အရိုးကိုက်သူ၊ အရိုးကြိုက်သူမှာ လူ့အရိုင်းအစိုင်းဆိုလျှင် သူတို့ ကိုယ်တိုင်ကျ အရိုးမကိုက်တတ်သူ၊ မကြိုက်တတ်သူ ပေလော။ လူမြင်ကွင်းတွင် ကိုက်သူနှင့် လူကွယ်ရာတွင် ကိုက်သူသာ အကွာပေလိမ့်မည်။ အရိုးကိုက်သူချင်း အတူတူ တစ်မူးသာ၍ လူတွင်ကျယ် လုပ်တတ်သူများ၏ မရိုးသားမှုကသာ ပြဿနာကြီး ဖြစ်ပေတော့မည်။

••••• ••••• •••••

သူ မှတ်မိနေသေးသည်။ သူငယ်စဉ်ဘဝက စတင်သည်ပင်ဖြစ်မည်။ သူ့ကျောင်းဖတ်စာအုပ်က ချင်းထည့်သည်လား၊ သူ့မိသားစု ဘတ်ဂျက်အရ မိဘတို့က အင်ထုသည်လား ယနေ့ထိတိုင် သူ မဝေခွဲနိုင်ခဲ့။ ခေါင်းတစ်ရာသား စားရမည် ဟူသော ကျောင်းသင်ခန်းစာပါ အဆိုကို မိဘတို့က တစ်ခဲနက် အတည်ပြု လက်ခံ ကျင့်သုံးသည်။ စာသင်ခန်းမှ ဆရာ၏ အဆိုအမိန့်နှင့် လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယတို့၏ အကျင့် တစ်ထပ်တည်း သဘောတူမျှသော အမှုကို သူ ငြင်းဆန်စရာ အကြောင်းပြချက် မရှိ။ သူ့နံနက်စာ သို့မဟုတ် နေ့လယ်စာ သို့မဟုတ် ညစာကို ငါးကောင်သေးနုပ် ရေလုံမပြုတ်သော်လည်း အသွင်အမျိုးမျိုးဖြင့် သူ ဝါးစားခဲ့သည်။

“သားရေ၊ ငါးအသေးလေးတွေကို အရိုးရောခေါင်း ရော ကြွပ်ကြွပ်ပါအောင် ဝါးစားပေးရတယ်ကွဲ့။ ဒါမှ ထုံးဓာတ်လို့ခေါ်တဲ့ ကယ်လ်စီယမ်ဓာတ်တွေ ကြွယ်ဝပြီး ငါ့သား အရိုးအဆစ်တွေ ခိုင်မာသန်စွမ်းလာမှာ၊ သား ဘောလုံးကန်တဲ့အခါ သူများနဲ့ ထိခိုက်မိလည်း သားအရိုးတွေ မကျိုးနိုင်တော့ဘူးလေ”

ဖခင်ကြီး၏ စကားကလည်း သူ့သည်းခြေကြိုက် ဖြစ်ခဲ့ရသည်။ ဘောလုံးကန် ဝါသနာကြီးသော သူ့အတွက်၊ ဘောလုံးအဖျက်ကို ကြမ်းကြမ်းတမ်းတမ်း ဝင်ထွက် ဖျက်တတ်သူ သူ့အတွက် အားတက်စရာ ဖြစ်ခဲ့ရသည်။ ထို့အတွက် အရိုးရော ခေါင်းရော တက်တက်ကြွကြွ ရွှင် ရွှင်လန်းလန်း စားသောက် ကြီးပြင်းရင်း လူအများ ရွံ့ ကြောက်သည့် အရိုးမှာ သူ့ အတွက် အာဟာရသိဒ္ဓိ ပြီး မြောက်စေခဲ့၏။ ဤသည်မှာ အရိုးနှင့် သူ၏ ဇာတ်လမ်း အစပင်။ ကြွပ်ကြွပ်ပါအောင် ဝါးစားနိုင်သော အရိုး၊ ဝါးစား၍ မဖြစ်နိုင်သော အရိုးတို့ကို လျှာပေါ်တွင် တင်ပြီး စမ်း လိုက်ရုံမျှဖြင့် ဆက်ဝါးရမည်လော၊ ထွေးထုတ်ပစ်ရမည်လောဟု ဆုံးဖြတ်နိုင်သည်အထိ အရိုးကျမ်းကို သူ ကျေခဲ့သည်။ ငါးရိုးပေါင်းစုံ၏ အတွေ့အကြုံကို အခြေခံပြီး ကျန်အရိုးမှန်သမျှမှာ သူ့အတွက် အပယိကပင်။ ခြေ ထောက်ရိုး၊ ဒူးဆစ်ရိုး၊ တင်ပါးဆုံရိုး၊ နံရိုး အစရှိသည့် အရိုး မှန်သမျှ သူ မကြိုက်သည် မရှိ။ သူ မကိုက်သည် မရှိ။ အရိုးကျမ်းကျေသူ သူ့အတွက် မိသားစုထမင်းဝိုင်းမှာ သူ့အခွင့်ထူးခံစရာ နေရာ သဖွယ် ဖြစ်ခဲ့သည်။

“အဖေ၊ ဒီအရိုးကို ကျွန်တော် ဆက်ကိုက်လိုက်တော့မယ်နော်။ အဖေ မစားတော့ဘူးမဟုတ်လား”

စကားလည်း အဆုံး ဆတ်ခနဲ ကောက်ယူပြီး အရိုးက ပါးစပ်ထဲ ရောက်နှင့်နေသည်။

“အမေလည်း အသားတွေအများကြီး ကပ်နေသေးတာကို ဆက်မစားတော့ဘူးလား၊ နှမြောစရာကြီး ပေးပေး ကျွန်တော့်ကို”

မိခင်ကြီးက သူ့ကို ပြုံးပြုံးကြီးကြည့်ရင်း ခေါင်း ညိတ်ပြ၏။ ဖခင်ကြီး တစ်ပိုင်းတစ်စ ကိုက်ထားသော အရိုး၊ မိခင်ကြီးက ချန်ထားသော (အသေအချာ မသိချင်ယောင်ဆောင်ချန်ထား) အရိုးတို့မှာ သူ့လက်ချက်ဖြင့် မလွတ်။

“ညီလေးရာ.. မင်း ပါးစပ်သေးသေးလေးနဲ့ မဆံ့မပြဲကိုက်နေတဲ့အရိုးလည်း ကြည့်ဦး၊ မင်းပေါင်လောက် ရှိတဲ့ အရိုးကြီး။ အေးနော် သွားဖုံးတွေ ထိုးခွဲသွားရင် မင်း ဓားရှတာထက် ဆိုးမယ်”

ညီငယ်လေးက မကိုက်နိုင်သဖြင့် လက်လျှော့လိုက် သော အရိုး၊ သူ ခြောက်လှန့်သဖြင့် ဆက်မကိုက်ရဲတော့သော အရိုးမှာလည်း သူ့ အတွက်ပင် ဖြစ်လေပြန်သည်။

“မမ၊ နင့်ပါးစပ်ကြီး ကျယ်လာပြီး မလှဘဲနေမယ်နော်၊ ပေးပါ အဲ့ဒီအရိုးကို။ အလှပျက်ခံပြီး ကိုက်မနေစမ်းပါနဲ့”

“အေး…ဒါဆို ငါစားပြီးသားပန်းကန် နင်ဆေးပေး ရမယ်နော်၊ အဲဒါဆို ဒီအရိုး ပေးမယ်”

“ရပါတယ် မမရာ၊ ဒါပေမဲ့ ကပ်နေတဲ့အသားတွေ များများတော့ ချန်ထားပေးဟ”

အစ်မနှင့်သူ သဘောတူညီချက်က မကြာခဏ ယူရသည်။ အပျိုပေါက်စ အစ်မ ရှက်ရွံ့ ပဲများပြီး မစားဘဲ ပစ်လိုက်သော အရိုးပေါင်း အစုံအလင်မှာ သူ့အတွက်ချည်းပင် ဖြစ်လေတော့၏။ ဆိတ်ရိုးစွပ်ပြုတ်ချက်သော နေ့၊ ဝက်လက်စတူး ကျိုသော နေမျိုးတွင် တစ်အိမ်သားလုံး စားသမျှ ပန်းကန်ခွက်ယောက်များကို သူ အကုန်သိမ်းကျုံး ဆေးကြောပေးတတ်ရင်း မိသားစု၏ ချစ်ခြင်းမေတ္တာ ကရုဏာကို အဆစ်သဖွယ် သူ ရလေ့ရှိသည်။ ပြုံးနေသော အမေတစ်ယောက်သာ သူ့စရိုက်ကို အတိအကျ နားလည်လိမ့်မည်လား မသိ။ သူကလည်း စားပြီးသမျှပန်းကန်များသာ ဒိုင်ခံဆေးချင် ဆေးမည်၊ အရိုးနှင့်ပတ်သက်သော သူ သိသမျှကို ဘယ်သောအခါမှ ဝေမျှလိမ့်မည် မဟုတ်။ ငါး၏ အနူးညံ့ဆုံးအသားမှာ ခေါင်းနှင့် တွဲလျက် ပါတတ်သော ဇက်ပိုးသားဟု သူ့ညီကို ပြောပြလိမ့်မည် မဟုတ်။ ဝက်ခြေထောက်ရိုး အတွင်းမှ ခြင်ဆီအဖြူကို အရိုးထိပ်မှ လက်မတစ်ဖက် ဖွင့်ချည်ပိတ်ချည် လုပ်ရင်း ဆွဲစုပ်၍ရကြောင်းကိုလည်း သင်ပေးမည်မဟုတ်။ ဆိတ်၊ အမဲ အရိုးတို့တွင် ကပ်နေသောအရွတ်များသည် အလွန်အရသာရှိကြောင်းကို သူ့အစ်မတော် အားလည်း သတင်းပေးမည် မဟုတ်ပေ။ မိသားစုထမင်းဝိုင်းတွင် ကိုယ့်အတွက် ရမည့် ဝေစုဖြစ်သော လက်မတစ်ဆစ်စာခန့် အသား စစ်စစ်ထက် ကျန်သူများ၏ အရိုးများဆီမှ ထွက်လာမည့် ခြင်ဆီများ၊ အရွတ်များ၊ အသားစများကို ပို၍ မက်မောတတ်လာသည်။ အရိုး ကိုက်ရင်း အလိုလိုတတ်မြောက်လာသည့် အတ္တဟိတ၏ အရသာကိုလည်း သူ တစ်ယောက်တည်းသာ ခံစားရင်း ပြိုင်ဘက်မရှိသည့် ဈေးကွက်၏ ဝေစုသဘောတရားကို ငယ်စဉ်ကပင် သူ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး ဖြစ်နေခဲ့ပါတော့၏။

••••• ••••• •••••

သူ့မိသားစု၏ အခြေအနေအရလည်း အသား စစ်စစ် ဟင်းလျာဆိုသည်မှာ လျှာရင်းမြက်လောက်အောင် အခါခါ စားနိုင်သည်မျိုး မဟုတ်။ ရသတဏှာ၏ အလိုကို လိုက်တတ်လွန်းသူ သူ့အဖို့ မတင်းတိမ်နိုင်မှု များစွာကို ဖြည့်ဆည်းပေးနိုင် သည်မှာ ထိုအရိုးများပင် ဖြစ်သည်။ အရိုးကို ကြိုက်၍ ကိုက်ရင်း ကိုက်ရင်း ပိုပို ကြိုက်တတ်လာတော့သည်။ မိသားစုထမင်းဝိုင်းတွင်သာ မက ကျောင်းနေဖော် သူငယ် ချင်းများနှင့် ထမင်းအတူစားတိုင်းလည်း သူ့အတွက် ရိက္ခာကုန်ကြမ်းအရိုးကို နည်းလမ်းပေါင်းစုံဖြင့် သူ ယူတတ်နေလေပြီ။

“မင်းတို့ကောင်တွေက လည်းကွာ၊ ဒီခလယ်ရိုးမှာ ကပ်နေတဲ့ အသားတွေက အများကြီး။ ကုန်အောင်စားကြပါဟ၊ နှမြောစရာကြီး”

“ရော့ စိုးအောင်ရာ၊ မင်းသာ ဆက်စားလိုက်ပါတော့။ ငါ့အမေကလည်း ငါးဟင်းကို ဘာလို့ ခဏခဏ ချက်မှန်း မသိဘူး။ ငါက အရိုးဆို အသေကြောက်တာကွ”

“အေး ငါစားလိုက်မယ်၊ ဒါမှ မင်းအမေလည်း ထမင်းချိုင့် ဆေးတဲ့အခါ သူ့ ငါးဟင်းကို မင်းပြောင်အောင် စားတယ်ဆိုပြီး ဝမ်းသာနေမှာ”

“တော်ပါ စိုးအောင်ရာ၊ တော်ကြာ ငါကြိုက်တယ် ထင်ပြီး အမေက ငါးဟင်း ချည်း ချက်နေပါဦးမယ်ကွ”

“ဟား ဟား အဲဒါကျ လည်း ငါ အမြဲစားရတာပေါ့ကွာ”

သူ့သူငယ်ချင်းများ၏ ငါးဖတ်အတော်များများမှာ သူ့လက်ချက်ဖြင့် ဘဝပြောင်းကြရသည်။ ငါးဆူးတောင်ရိုးများ အကြားမှ ငါးအသားမျှင်နုနုလေးများကို လျှာ အရိုးမစူးအောင် သူ ကိုက်တတ်လေတော့ သူငယ်ချင်းများ၏ ငါးဟင်းမှာ သူ့ အတွက် ရည်ရွယ်ထားသလို အထိ ဖြစ်နေချေပြီ။ များသောအားဖြင့် အရိုး ကြောက်သူ၊ အရိုးမကိုက်သူများ အကြား အရိုးကြိုက်သူ၊ အရိုးကိုက်သူ သူ့မှာ စားပေါက်ချောင်လှသည်။ အစား လောဘရမ္မက်ကြီးသူအတွက် သည်အရိုးများက အဆင်ပြေ လွန်းတော့၏။ သူ့အတွက် ဆန္ဒအလိုကိုလိုက်ရင်း ရှက်စရာ၊ ရွံစရာဆိုသည်မှာ နောက်တန်းသို့ အလိုလို ပို့ပြီး ဖြစ်နေတော့သည်။

သူငယ်ချင်းများကလည်း သူ့အကြောင်းကို သိသိလာကြသဖြင့် သိပ် ထူးဆန်းသလို မခံစားကြရတော့။ ထမင်းအတူစားရင်း သူတို့ မစားနိုင်၊ မကိုက်နိုင်သည့် အရိုးများကို သူ့ပန်းကန်ထဲ ဖျတ်ခနဲ ထည့်ရသည်မှာ မထူးဆန်းတော့သည့်ကိစ္စလိုပင် ဖြစ်နေတော့၏။ သူကလည်း ထည့်ပေးသမျှ၊ ကျွေးသမျှ အရိုးများကို ဝမ်းပန်းတသာ လက်ခံသည်။ ကျေးဇူးလည်း တင်သည်။ ထမင်း အတူ စားနေကျ၊ သူ့ကို အရိုး ကျွေးနေကျ သူငယ်ချင်းများ၏ အကျိုးစီးပွားကို သူ စောင့် ရှောက်သည်။ သူ့သူငယ်ချင်းများ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူငယ်ချင်းများ ဘက်မှ မားမားရပ်သည်။ စားဖူးသည့် ကျေးဇူး သူသိတတ်ရမည်ဟုလည်း ခံယူထားပုံရသည်။ သာမန်အဆင့် နီးပါးသာ ရှိသော သူ့ကျောင်းသားဘဝမှာ ဆယ်တန်းကို မထူးမချွန် ပွတ်ကာသီကာ အောင်မြင်ခဲ့ရင်း နိဂုံးချုပ်ခဲ့ရတော့သည်။

••••• ••••• •••••

မိသားစု ဝမ်းရေးအခြေအနေအရ ရုံးတစ်ရုံး၌ သူ လုပ်ငန်းခွင် ဝင်ခဲ့ရသော်လည်း ငတ်မွတ်ဆာလောင်မှုက တိုး၍ မသက်သာလာသလို အရိုးကြိုက်သည့် အစွဲကလည်း တိုး၍သာ ကိုက်နေမြဲပင်။ ငယ်စဉ်ကတည်းက စွဲလာ သည့် အကြိုက်မှာ မပြောင်းလဲနိုင်သဖြင့် အကြိုက်၏ အလိုကိုလိုက်ရင်း လုပ်ငန်းခွင်အတွင်း၌ သူ့တစ်ဝမ်းတစ်ခါးကို စိုပြည်အောင် နေထိုင်တတ်လာသည်။ လုပ်ဖော်ကိုင်ဖက်များမှာလည်း သူ့အကြိုက်ကို သိလာကြသဖြင့် ပြဿနာ သိပ်မရှိလှဘဲ သူ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါသည်။

“မောင်စိုးအောင်ရေ၊ ထမင်းစားတဲ့အခါ အစ်မ ထမင်းဘူး ယူစားလိုက် တော့၊ အစ်မက မုန့်စားများသွားပြီး ရင်ပြည့်နေလို့”

“ဟုတ် ဟုတ်အစ်မကြီး၊ ရင်ပြည့်ပြီး နေမကောင်းရင် ဆေးသောက်မလားဗျ၊ ကျွန်တော် ပြေးဝယ်ပေးမယ်လေ”

“ရတယ် ရပါတယ်ကွယ်။ ရော့ ထမင်းဘူးလာယူထားလိုက်”

“ပြီးရင် ထမင်းဘူး ဆေးကြောပြီးမှ အစ်မခြင်းထဲ ပြန်ထည့်ထားလိုက်ပါ့မယ်၊ ကျေးဇူးနော် အစ်မ”

အလိုက်အထိုက် နေတတ်မှု၊ ကျေးဇူးတရားသိတတ်မှု၊ ကျိုးကျိုးနွံနွံ နေတတ်မှု စသည်တို့က သူ့ အရည်အချင်းကောင်းများ သဖွယ် သူ့ကို စောင့်ရှောက်ကြသည်။

တစ်နေ့သော ညနေရုံး ဆင်းပြီးချိန် ရုံးအုပ်စာရေးကြီး ခိုင်းထားခဲ့သော အရေးတကြီး လက်မှတ်ထိုးစရာ ရုံးစာဖိုင်တစ်ခုကို သူ့အရာရှိ ရုံးခန်းအတွင်း ဝင်ပို့ရသည်။

“ဟာ ဆရာ၊ ကန်တော့နော် ကန်တော့။ ကျွန်တော်က ဆရာ ပြန်သွားပြီ မှတ်နေ တာ။ အဝေးကြည့်မျက်မှန် ကလည်း ပါဝါ မကိုက်လို့ ဆိုင်အပ်ထားတာ ရုံးအပြန်မှ ဝင်ရွေးရမှာ ဆိုတော့ အခန်းထဲ ဆရာ ရှိနေတာ မမြင်မိဘူး ဆရာ”

မျက်နှာချင်း ပူးကပ်ထိ စပ်နေကြစဉ် ပက်ပင်းကြီး လူ မိသွားရသည့် စာရေးမအပျိုကြီးနှင့် သူ့ဆရာတို့အဖြစ်ကို သူ မသိချင်ယောင်ဆောင်ပြီး သည့်နောက်ပိုင်း သူ့ထမင်းချိုင့်တွင် အသားထူသည့် အရိုးများ အလွန်ပေါများ လာတော့သည်။ စာရေးမအပျိုကြီးကလည်း သူ့ထမင်းဘူးကို မကြာခဏဆိုသလို သူ့အား စွန့်ကြဲတော့သည်။ သူ့ စိတ်ကြိုက် စားနေရသည့် ကျေးဇူးကို သူက သိတတ်သဖြင့် ရေငုံနှုတ်ပိတ်နေနေသလို သူ့ဆရာကလည်း သူ့ ကျေးဇူးကို ပြန်လည်အသိအမှတ်ပြုသည်။

သူ့ဆရာနှင့် စာရေးမ အပျိုကြီးကိစ္စ စာမေးပွဲအောင်ပြီးကတည်းက သူ့ဆရာ လူယုံတော် လက်စွဲရာထူးကို တစ်ပါတည်း သူ ရခဲ့ပြီးဖြစ်လေတော့သည်။ ရေမြင့်၍ ကြာမြင့် ဆိုသကဲ့သို့ သူ့ဆရာအရင်း ရာထူးတိုးလေ သူ့မှာလည်း အထိုက်အလျောက် အဆင့်မြင့်လာလေဖြစ်သည်။ သူ့ဆရာစားပွဲပေါ်မှ စာအိတ်ညိုများ၊ ကားနောက်ဖုံးထဲမှ လက်ဆောင်ခြင်းများ၊ အမှုတွဲ ဖိုင်ကြားမှ အစိမ်းရောင်ငွေစက္ကူများ စသည်တို့ကအစ ကာရာအိုကေခန်းမှ သူ့ဆရာ ဇာတ်လမ်းများအဆုံး သူ၏ ကျေးဇူးသိတတ်တရားတွင် လုံလုံခြုံခြုံ ရှိနေစေခဲ့သည်။

“ညီလေးရေ ဆရာဦးထင်လင်းက ဒီစာအိတ်လေး ညီ့ဆီ ပေးထားခဲ့ပါဆိုလို့”

ဆရာ့အခန်းပေါက်နားမှ သူ့စားပွဲရှေ့တွင် လာရပ်သူ လူစိမ်းကို တစ်ချက်ကြည့်ရင်း-

“ဆရာဦးထင်လင်း အစည်းအဝေး သွားနေတာ ပြန်မရောက်သေးဘူးဗျ၊ ဆရာက ကျွန်တော့်ဆီ ပေးဖို့ မှာထားခဲ့လို့လား၊ ဘာမှတော့ ပြောမသွားဘူးနော်”

“အေး ဟုတ်တယ် ညီလေး၊ မင်းဆရာ အစည်းအဝေးခန်းမဝင်ခင် အစ်ကိုနဲ့ ဖုန်းရလို့ ဆရာက မောင်စိုး အောင် ဆီမှာပဲ ပေးထားခဲ့လို့ မှာသွားတာ ညီ”

“ဟုတ်ကဲ့ဗျ၊ ကျေးဇူးပြုပြီး အစ်ကို့နာမည်နဲ့ ပေးခဲ့တဲ့ဟာကို ပြောပြလို့ ဖြစ်မလားဗျ၊ ရိုင်းတယ် မထင်ပါနဲ့နော်၊ ကျွန်တော့်ဆရာက တိကျမှ ကြိုက်တာမို့ပါ”

လူစိမ်းဧည့်သည်၏ အမည်နှင့် စာအိတ်အတွင်းပါ ကိစ္စ (အရေအတွက်) တို့ကို သူ အသေအချာ ရေးမှတ်အပြီး ရုံးအတွင်းမှ ထွက်သွားသူ၏ နောက်ကျောကိုငေးရင်း သူ တွေးနေမိသည်။ သူ့ဆရာက သည်လို တိကျမှ ကြိုက်သည်ကိုး။

အရိုးကြိုက်သူ သူ့အဖို့ အရိုးကိုက်နေရလျှင် အလွန် ကျေနပ်နေစေသည်။ အခြား မည်သူတွေ ဘယ်လိုဖြစ်နေပါစေ၊ သူ့ကို အရိုးကိုက်ခွင့် ပေးထားသော သူ့ဆရာ လောက် အရေးမပါ။ အခြား မည်သူ ဘယ်လောက်မှန်မှန် သူ့ဆရာလောက် မမှန်။ သူ ဦးထိပ်ပန် သစ္စာစောင့်သိရမည့်သူမှာ သူ့ဆရာ တစ်ဦးတည်းသာ ရှိသည်။ ရုံးခန်း ထိပ်ဦးမှ ဓာတ်ပုံများ ဘယ်လောက်ပြောင်းပြောင်း သူ့ထိပ်ဦးမှာ မပြောင်းမလဲ ရှိနေသည်မှာ သူ့ဆရာပင်ဖြစ်၏။ သူလို အရိုးကြိုက်သူက သစ္စာလည်း အလွန်ရှိသည်။ သူ ကိုက်ခွင့်မရှိသော အသားကို ယောင်၍တောင် မတို့၊ မျက်စောင်းပင်မထိုး။ သူ့ဆရာ ချကျွေးသည့်၊ သူစားနိုင်သည့်၊ သူကြိုက်သည့် အရိုးမှလွဲလျှင် ကျန်တာ စိတ်မဝင်စားပေ။ ခေတ်တွေ ပြောင်းသလို လိုရှိသည်။ စနစ်တွေ ပြောင်းသယောင်ယောင်ပြသည်။ ရုံးခန်းထိပ်ဦးရှိ ဓာတ်ပုံများ ခဏခဏပြောင်းသည်။ သူ့ ဆရာ ရာထူးနှင့် သူ့အခြေအနေကလည်း ပြောင်းလဲမြင့် တက်လာသည်။ မပြောင်းလဲသည်မှာကတော့ သူတို့ ဆရာ တပည့် နှစ်ဦး၏ ဆက်ဆံရေးပင်။ သူ၏ အရိုးကြိုက်သော၊ အရိုးကိုက်သော အကျင့်သည်လည်း မပြောင်းသလို သူ့ဆရာ၏ ယခင် စရိုက်သည်လည်း နဂိုမူလအတိုင်းပင် ဖြစ်နေတော့သည်။

အရိုးကိုက်သူအဖို့ အရိုး စူးတတ်သည်မှာ သိပ်မဆန်း ကြယ်ပါ။ သူ့အတွက် သည်တစ်ခါ အရိုးစူးသည်မှာ အတော် ပြင်းထန်၏။ သူ၏ အရိုး ကိုက်စွမ်းရည်ကလည်း ကျဆင်းနေသည်မှာ တစ်ကြောင်း ဖြစ်ပေလိမ့်မည်။ အခုနောက်ပိုင်း သူကိုက်နေရသည်မှာ အရိုးဆိုသော်လည်း မည်ကာမတ္တ အရိုးမျိုးတွေ ဖြစ်လာနေ သည်။ အဆီအသားနုနုများ ကြားမှ ပါလေကာ နံရိုးနုနုမျိုး၊ နိုင်ငံခြားမှ တင်သွင်းလာသော အင်ပို့ အမဲသားလွှာများထဲမှ ပေါင်ရိုးလိုမျိုး၊ ဆယ်လမွန်ငါး၏ ကျောရိုးလိုမျိုး စသည်ဖြင့် အကောင်းစားဆိုသည့် အရိုး ဆိုရရုံ အရိုးမျိုးကိုသာ ကိုက်နေရဖန်များသောကြောင့် သူ့အရိုးကိုက် စွမ်းရည်မှာ ကျဆင်းနေခြင်း ဖြစ်ပေလိမ့်မည်။ ဟိုအရင်ကလို ငါးဆူးတောင်ရိုးကြားမှ အသားကို အရိုးမစူးအောင် ခွာစားနိုင်သောအစွမ်း မရှိတော့။ ထို့ကြောင့် သည်တစ်ခါ အရိုးစူးချက်မှာ ပြင်းထန်လှသည်။ အထိ နာလှသည်။

ရုံးဖွင့်သော ရက်တစ်ရက်မှာ ဖြစ်သည်။ ရုံးတက်ခါစမှာပင် သူ့ဆရာက သူ မသိသော ဧည့်သည် လူစိမ်းသုံးယောက်နှင့် ပျာယီးပျာယာ အပြင်ထွက် လိုက်သွားသည်။ သူ့ကို အကျိုးအကြောင်းလည်း ဘာမျှ မှာမသွား။ နေ့လယ် ထမင်းစားချိန်အထိ သူ့ဆရာက ရုံးပြန်မရောက်။ လူအများ သိပ်မသိကြသော၊ သူလို အနီးကပ် လူသာ သိသော သူ့ဆရာ၏ ဖုန်းတစ်လုံးကို သူ ဆက်ကြည့်သည်။ ဖုန်းစက်ပိတ်ထားသည့် အဖြေသာ သူ ကြားရ၏။ အရေးကြီးကိစ္စ ရှိလို့ နေမှာဟု တွေးရင်း သူ့ဆရာကတော်က ထည့်ပေးလိုက်သော သူ့ဆရာ ထမင်းချိုင့်ကို သူ့စားပွဲတွင် ယူ၍ ဖွင့်စားနေလိုက်သည်။ သူ့ဆရာကလည်း သူ့ထမင်းချိုင့်ကို အချိန်လွန်လျှင် သူ့အား အမြဲ ပေးစားနေကျပင်။

သုံးထပ်သား (အမှန်က သုံးထပ်ပင် မကပါ) ကြွပ်ကြွပ်ရွရွနှင့် နံရိုးနုနုလေးများကို အရသာခံပြီး စားနေရင်း သူ့ဆရာကတော်ကို ကျိတ်ကျေးဇူးတင်နေမိသည်။ ကောင်းလိုက်သည့် အရသာ လျှာရင်းမှာ မြိုးမြိုးမြက်မြက်။ ထိုစဉ် မနက်ခင်းက သူ့ဆရာနှင့်အတူ ထွက်သွားသည့် ပုဂ္ဂိုလ်များထဲမှ တစ်ဦး သူ့စားပွဲရှေ့ ရောက်လာသည်။ ထိုသူက တစ်စုံတစ်ခုကို ခပ်တိုးတိုးပြောလိုက်သော်လည်း သူ့နားထဲတွင် ဗုံးတစ်လုံး ပေါက်သလို ခံစားလိုက်ရ၏။ စားလက်စ ထမင်းချိုင့်ကို အမြန်သိမ်း၍ ရေပင် သောက်ချိန်မရ ထိုပုဂ္ဂိုလ် ခေါ်ဆောင်ရာနောက် သူ ထ, လိုက်ခဲ့ရသည်။ အမြန်ထ, လိုက်ရသဖြင့် ဝါးလက်စ ထမင်းလုတ်ကို သည်အတိုင်း မျိုချမိသည်။ နံရိုးအပိုင်းအစ အကြေ တစ်ခုက သူ့ လည်ချောင်းတွင် နင်တင်တင်နှင့် စူးစိုက်နေသလိုလို။

အဂတိ ဆိုသည့် အရာက သူ့ဆရာ၏ ပုတ်ချမှုကြောင့် သူ့ပခုံးပေါ် လုံးလုံး ရောက်ရသည်။ အရိုး အမြဲ ကိုက်နေသူအဖို့ တစ်ကြိမ်မှာတော့ အရိုးစူးလိမ့်မည်ဟု သူကလည်း တွေးပြီးဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ အရိုးစူးဒဏ်ကို အံကြိတ်ခံနိုင်ဖို့ သူ့ဆရာ ရှိမှ ဖြစ်ပေလိမ့် မည်။ သူ့ဆရာ ရှိမှသာ သူ ကြိုက်သော အရိုးနှင့် သူ အိုးစားမကွဲမည်ကိုး။ အရိုးကြိုက်သူ၊ အရိုးကိုက်သူ အဖို့ အရိုးစူးဒဏ်ကို ပျော်ပျော်ကြီးခံရင်း၊ နောက်ကိုက်ရမည့် အရိုးအကြောင်းတွေးရင်း လျှာကို တစ်ချက် သပ်လိုက်တော့သည်။ ဆယ်လမွန် ငါးရိုး ဖြစ်စေ၊ ငါးစင်ရိုင်း ငါးရိုး ဖြစ်စေ သူ ရအောင် ကိုက်နေရဦးမည်သာ။

⎕ ခန့်ညီဖေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဒီဇင်ဘာ ၊ ၂ဝ၂ဝ

Thursday, July 30, 2026

သစ္စာရှင် အရက်သမား

❝ သစ္စာရှင် အရက်သမား ❞
⎕ မဟော်သဓာ ရွှေဝင်း

“ဘဘ တက်ပါ။ ကျွန်တော်နိဗ္ဗာန်ကူးတို့ ပို့ပါရစေ”

“ကိစ္စမရှိပါဘူး နေပါစေ...ငါ့တူရာ၊ ကျေးဇူးတင်ပါတယ်”

ဆိုက်ကားသမားက မြေးတယောက်နှင့် လာနေသော အဖိုးအိုအား ဥပုဒ်သည်မှန်းသိ၍ ခေါ်နေခြင်းဖြစ်သည်။

“ကျွန်တော် ဥပုဒ်နေ့တိုင်း ဥပုဒ်သည် အဘိုး-အဖွားများကို အသွားတယောက်-အပြန်တယောက် နိဗ္ဗာန်ကူးတို့ လှူနေသူပါ”

“သာဓုက္ခာ၊ သာဓု သာဓု ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အန္တရာယ်မျိုး ကိုးဆယ့်ခြောက်ပါး ကင်းပါစေ... ဘဘက မြေးကလေးနဲ ဥပုဒ်နေ့တိုင်း ရွှေတိဂုံဘုရားကြီးကို ကုန်းကြောင်း လျှောက်နေကျမို့ပါ”

နေရာမှာ မစ်ရှင်လမ်း ဘူတာရုံအနီးတွင် ဖြစ်သည်။ အဘိုးအိုနှင့် ဆိုက်ကားဆရာတို့ စကားပြောနေသည်ကို နားထောင်ပုံရသော လူတယောက်ဝင်လာပြီး ဤသို့ဆိုပါလေသည်။

“ဟေ-ငါ့ညီ၊ အစ်ကို့ကိုရော ကုသိုလ်လုပ်ပါလားကွ”

အဘိုးအိုရော-ဆိုက်ကားသမားပါ တအံ့တဩဖြစ်သွားသည်။ မနက်ရှစ်နာရီမထိုးသေး၊ မိုးလင်းခဲ့သည်ကား မကြာသေး။ ဘယ်ဆိုင်က ဘယ်လောက် သောက်လာမှန်း မသိရသော အမူးသမားသာတည်း၊ အသက်အရွယ်ကို လေးဆယ်ခန့်လောက် ခန့် မှန်းလျှင် မမှားနိုင်။

“အစ်ကိုက ဘယ်သွားမှာလဲ”

“ရွှေတိဂုံ ဘုရားကိုလေ”

“အော်-ဒုက္ခ၊ ဒုက္ခ၊ မင်းက ဘုရားကို ဘာကိစ္စ”

နားခါးအံ့ ထင်ရသော အဘိုးအိုက ကြားဝင် မေးလိုက်သည်။

“ကျွန်တော့် မေးတော့- ကျွန်တော်ကလဲ ပြန်မေးရအုံးမယ်....”

“ဘကြီးကော ဘုရားဘာကိစ္စ သွားမှာတုံး”

လို့ အရက်သမားက ပွင့်ပွင့်လင်းလင်း ပြန်လှန်မေးခွန်းထုတ်၏။

“ကဲ-ငါ့ညီ လှူချင်လဲ လှူ၊ မလှူချင်လဲ တန်ဘိုးပေါ့၊ အစ်ကို့မှာ ပိုက်ဆံပါတယ်လေ”

အရက်သမားက ငွေစက္ကူ တထပ် ထုတ်ပြ၏။ ဆယ်တန် အရွက်နှစ်ဆယ်ထက် မနဲ၊ စစ်ပြီးစ ငွေနှစ်ရာလောက် ကိုင်နိုင်သူကား ခေသူ မဟုတ်။ ဆိုက်ကားဆရာသည် စီးခွင့်ပြုလိုက်၏။

“ဥပုဒ်သယ်တွေက၊ ဥပုဒ်သယ်- ဥပုဒ်သယ်နဲ့ အခွင့်အရေး ယူပြီး မဟုတ်ထာ ပြော၊ မဟုတ်ထာ လုပ်နေရင် ငရဲမကြီးဘူးလားကွာ၊ ထွီ…အဲဒါ ငါ့ညီ စဉ်းစားစမ်း”

“အစ်ကို အခု ရွှေတိဂုံကို သွားမှာလား”

“ရွှေတိဂုံဘုရား တောင်ဘက်က ကန်တော်မင်ပန်းခြံကွက်သစ်”

ဆိုက်ကားဆရာ အနေဖြင့် မေးပင် မေးရသော်လည်းမဝံ့မရဲသာတည်း။

“အစ်ကိုက အဲဒီမှာ ဘာကိစ္စရှိပါလိမ့်”

“မင်းကလဲ စပ်စုရန်ကောကွာ။ ဖဲရိုက်မယ်ကွာ-အရက်သောက်မယ်ကွာ”

ပြောရင်းဖြင့် ကန်တော်မင်ပန်းခြံကွက်သစ် ရောက်ခဲ့၏။ ၎င်းဝင်သော အိမ်ကား၊ မြေနီလမ်းဘေးတွင်ရှိ၏။ အိမ်ကို ကြည့်ရသည်ကား သန့်သန့်ရှင်းရှင်းရှိ၏။

“ကဲ-ငါ့ညီ အိမ်ပေါ် ခဏတက်ကွာ”

“ကျွန်တော် ဒီကဘဲ ပြန်ပါရစေတော့” ဟု ပြန်ပြောသည်။ အရက်သမားသည် အိမ်ပေါ် အတင်းဆွဲခေါ်၏။ ဆိုက်ကားဆရာ အိမ်ပေါ်ရောက်လေပြီ။

ဟိန်းနေသော ဖဲဝိုင်းကို တွေ့ရ၏၊ ငွေစက္ကူတွေ အထပ်လိုက် ရှိ၏၊ အရက်သမားက အရက်ခွက်ကိုင်လျက် စကားပြောနေ သည်။

“အစ်ကိုဟာ အရက်သမားပေမဲ့ သစ္စာရှိတယ်ကွ၊ ငါ့ညီကို ပြောတယ် မဟုတ်လား၊ ဖဲရိုက်မယ်-အရက်သောက်မယ်လို့၊ ဟော-ခု မင်းမြင်တဲ့ အတိုင်းဘဲ”

“ကဲ-ငါ့ညီ…ရော့-ငါးကျပ် မင်းပြန်ပေတော့”

“မယူပါရစေနဲ့ အကိုရာ”

“ဘာဖြစ်လို့”

“ကျွန်တော့်မှာ သီလရှင် (ဥပုဒ်သယ်)တွေကိုသာ လှူခဲ့ရတာ ဒီနေ့တော့ သစ္စာရှင်တယောက်ကို လှူရပါပကောလို့ သဒ္ဓါစိတ် ပွားချင်လို့ပါ”

ဆိုက်ကားသမားသည် တည်တည်မှန်မှန် ပြော၏၊ အရက်သမားက တခွန်း ပြန်ပြောလိုက်ပုံက.. 

“အရက်သမားတိုင်းကိုလဲ အစ်ကို့လို မယုံနဲ့၊ အစ်ကိုလို သစ္စာရှင် ဖြစ်ချင်မှ ဖြစ်မှာ” တဲ့။

⎕ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ

မီတွန်တော့ မီတွန်ပဲ


❝ မီတွန်တော့ မီတွန်ပဲ ❞
▢ အောင်ဇော်မြင့် ( သာစည် )

ဦးအောင်ဇော်မြင့် တစ်ယောက် အအေးမိ နှာစေးပြီး ဖျားချင်သလို ဖြစ်နေ၍ ဆေးသောက်ရန် သူ၏သား ဖိုးထောင်အား လမ်းထိပ်ဆေးဆိုင်သို့ ဆေးဝယ်ခိုင်းလိုက်၏။ အိမ်တွင် ပါရာစီတမော့ ဆေးတစ်မျိုး ရှိသော်လည်း ညဘက် မျက်စိကြောင်ပြီး အိပ်မပျော် ဖြစ်နေသောကြောင့် ဘာမီတွန်လေးနှင့် တွဲသောက်ချင်၍ သားတော်မောင်အား ဘာမီတွန် ဝယ်ခိုင်းလိုက်ခြင်းဖြစ်သည်။

၆နှစ်သားအရွယ် သူ၏သားမှာ အဆော့မက်၊ အစားမက်သည့်အပြင် ခိုင်းလိုက်လျှင် တစ်ခုခု လွဲတတ်သောကြောင့် ဆေးမှား၍ ဝယ်မလာရန် သေချာ မှာလိုက်ရသေးသည်။ သားဖြစ်သူမှာ ဆော့ကစားနေရာမှ ဆေးဆိုင်သို့ ပြေးထွက်သွားပြီး မေ့မှာစိုး၍ ပါးစပ်မှလည်း ဘာမီတွန်၊ ဘာမီတွန် ဟု အော်သွားသေး၏။

ဖခင်ကို ကြောက်၍သာ ဆေးဝယ်ထွက်ခဲ့သော်လည်း ဖိုးထောင်၏ စိတ်ထဲတွင် အပြန် ဆက်ကစားချင်သေးသည့် စိတ်သာ စိုးမိုးလျက် ရှိသောကြောင့် သုတ်ခြေတင် ပြေးလေရာ ဆေးဆိုင်ရောက်ခါနီးတွင် ခလုတ်တိုက်လဲ၏။ ဤတွင် အာဂုံဆောင်လာသော ဆေးအား မေ့လေသတည်း။  အတင်းဖျစ်ညှစ် စဉ်းစားပါမှ ‘ မီတွန် ’ နှစ်လုံးသာ မှတ်မိလေတော့သည်။ မတတ်သာ၍ ဆေးဆိုင်သို့ ရောက်သောအခါ ဤသို့ မေးဝယ်ရလေတော့၏။

“ ဦးလေး ... ဆေးဝယ်ချင်လို့ပါ .. ဆေးနာမည်ကိုတော့ နှစ် လုံးပဲ မှတ်မိတော့တယ် .... မီတွန်တော့ မီတွန်ပဲ ... ဘာမီတွန်မှန်း သားလည်း မသိတော့ဘူး ... အဲဒါ ဦးလေး သိရင် တစ်ရာဖိုးလောက် ရောင်းလိုက်ပါ ” ဟူသတည်း။ ။

▢ အောင်ဇော်မြင့် ( သာစည် )
📖ရယ်စရာ မဂ္ဂဇင်း
     ဧပြီ ၊ ၂၀၁၅

ထိတ်စရာ ရင်မှာ တုန်လှချည်ရဲ့

❝ ထိတ်စရာ ရင်မှာ တုန်လှချည်ရဲ့ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁ 

“ ဟဲ့ မောင်လေး ဘညိန်း ၊ မြန်မြန်လုပ်ဟယ် ။ ဒီအမှော်ကလေး ခြစ်နေတာ ကြာလှချည့်လားဟ ။ တော်တော်ကြာ နေပူနေရင် ကျောကြီးကော့ကော့ မနေနဲ့ ” 

ဘညိန်းမှာ စပါးနှယ်ပြီးနောက် စပါးစေ့များ စင်ကြယ်သွားသော ကောက်ရိုးများကို ကောက်ရိုးပုံပေါ် သို့ ပို့ခဲ့သည် ။ အပင်ကုန်စင်သွားသော်လည်း အောက်ခံစပါးပြင်ကို မတွေ့ရ ။ စပါးရွက် ၊ စပါးပင် အကျိုးများက ဖုံးအုပ်နေသေးသဖြင့် “ ထွန်ခြစ် ” အကျဲဖြင့် ပထမ ခြစ်ဆွဲပစ်ပြီးမှ ထွန်ခြစ်အစိပ်ဖြင့် ခြစ်ဆွဲပစ်ရပြန်၏ ။

ထွန်ခြစ်ဖြင့် ခြစ်ဆွဲ၍ ရသော အမှော်များကြားမှ စပါးစေ့များကို ချောစိန်က ဆန်ကာအကျဲကြီး နှစ်ချပ်ဖြင့် ခါချပစ်၏ ။ ဆန်ကာ တစ်ချပ်မှာ အကျဲ ၊ ကျန် တစ်ချပ်မှာ အစိပ် ။ ထွန်ခြစ်အကျဲဖြင့် ခြစ်ယူရသည့် အခါတွင် ခပ်ရှည်ရှည်နှင့် ကြီးမားသော အမှိုက်များသာ ပါလာ၏ ။ အသွားလေးချောင်းရှိသော အကျဲဖြင့် ဆွဲခြစ်၍ အမှော်များ မပါတော့သည့်အခါတွင် အသွားခြောက်ချောင်းရှိသော ထွန်ခြစ်အစိပ်ဖြင့် ဆွဲရသကဲ့သို့ ထွန်ခြစ်အကျဲဖြင့် ဆွဲခြစ်၍ ရသော အမှော်များကို ဆန်ကာကျဲဖြင့် ချပစ်ရကာ ၊ ထွန်ခြစ်အစိပ်ဖြင့် ဆွဲယူရရှိသည့် အမှော်များကို ဆန်ခါစိပ်ဖြင့် သန့်ထုတ်ပစ်ရ၏ ။ အခါတိုင်းမူ ဘညိန်းက ထွန်ခြစ်ဖြင့် ဆွဲပုံပစ်ခဲ့သော အမှော်များကို ချောစိန်က ဆန်ကာဖြင့် ချ၍ မပြီးသေးမီ ချောစိန်၏ နေရာသို့ ဘညိန်းက တစ်ပတ် ကျော့ပြီး ရောက်လာတတ်သည် ။

“ ဟာ အစ်မကလဲဟယ် ၊ ငါတောင် ဒီနေရာ ရောက်လာပြီ ။ နင်က မပြီးသေးဘူးဟ ။ နင့် ဖင်မှာ ခဲ ဆွဲထားသလား ”

“ ချတာပဲဟ ။ ပြီးကပစ် လုပ်ရင် အမှော်ထဲမှာ စပါးစေ့တွေ ပါကုန်မှာပေါ့ ”

ချောစိန်က ကိုယ်ကလေး သိမ့်သိမ့်ခါသွားအောင် ဆန်ခါကို လှုပ်ယမ်းလိုက် ၊ အလယ်သို့ စုလုံးလာသော အမှော်များကို လက်ဝါးဖြင့် ပွတ်ဖြန့်လိုက်ရာက ဆင်ခြေပေးတတ်သည် ။ သိုပေမဲ့

“ လူတို့ လုပ်စာ မြေမှာ တစ်ဝက် ဆိုတာ နင်မကြား ဖူးဘူးလားဟေ ။ တော်ရုံရှိ တော်ရောပေါ့ ။ နေပူရင် ငါက မလုပ်ဘူးဗျား ၊ သိလား ”

“ အမယ် မလုပ်ချင်နေပါ့လား ။ ဖြည်းဖြည်းပဲ လုပ်နိုင်မယ်ဟေ့ ”

တစ်နေ့လည်း မဟုတ် ၊ နှစ်နေ့လည်း မဟုတ် ၊ နေ့ ရှိသရွေ့ အမှော်ချေး ခြစ်တိုင်း ချောစိန်တို့ မောင်နှမမှာ ရန်ဖြစ်ရကာ ကိုဆေးရိုး ကသော် လည်းကောင်း ၊ မကျီးဒန် ကသော် လည်းကောင်း ဖျန်ဖြေမာန်မဲရစမြဲဖြစ်၏ ။

ယနေ့မူကား ချောစိန်ကို ဖုတ်ပူမီးတိုက်ဖြင့် တွန်းလေ့ရှိသည့် ဘညိန်းအား ချောစိန်က သတိပေးနေရလေပြီ ။

“ ဘညိန်း နင် ဘာဖြစ်နေတာလဲဟင် ” 

ဘညိန်းမှာ ဝတ်ကျေဝတ်ကုန်မျှ လုပ်နေရသူကဲ့သို့ လှုပ်ရုံမျှသာ လှုပ်နေ၏ ။ စပါးစေ့နှင့် ထွန်ခြစ်သွားတို့ တွေ့ထိသံသည် ခါတိုင်းလို ညံ၍ လွင်၍ မနေတော့ ။ ခိုပျံသည် ကဲ့သို့ သွက်သောလက် ၊ မြင်း ပြေးသကဲ့သို့ မြန်သော ခြေထောက်တို့သည် ယခုမူ လေးလံနေပေပြီ ။ ကံအားလျော်စွာပင် မကျီးဒန်က ရွာထဲတွင် လူမမာ မေးစရာရှိသည် ဆိုပြီး မလာသောကြောင့် အမေးအမြန်း ထူမည့် ပါးစပ်တစ်ပေါက် လျော့သွားကာ ကိုဆေးရိုးမှာမူ သရက်ပင်ရိပ်၌ အေးဆေးစွာပင် ကောက်ရိုးစဉ်းခုတ်နေ၏ ။ ရွာ၏ တောင်ဘက်ရှိ မြောင်းဟောင်းအတိုင်း စွတ်ပြေးလာသော လေအေးအေးသည် တလင်းထဲသို့ အအေးငွေ့ကို ပက်သွန်းလိုက်သည် ။ လေတစ်ချက် ဆော့လိုက်တိုင်း ဘညိန်း ၏ ခြေအောက်မှ စပါးမှုန်များသည် အညွန့်ထောင်၍ လွန့်တက်လာ၏ ။ လေဝှေ့လိုက်တိုင်း ဖွားခနဲ လွင့်စဉ် သွားသည့် ကောက်ရိုးစဉ်းနှင့်အတူ နန်းတိုင်နှင့် ဓားတို့ ထိတွေ့သော နွားစာစဉ်းသံက လေးလေး မှန်မှန် ထွက်ပေါ်နေ၏ ။ ဤအသံများမှ တစ်ပါး တလင်းရိပ်သည် တိတ်ဆိတ်နေ၏ ။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ကောက်၍ ဖွာလိုက် ၊ ကောက်ရိုးကို လေးငါးချက်ခုတ်လိုက်နှင့် ကိုဆေးရိုး၏ အမူအရာသည်လည်း ဆေးလှပါပေ၏ ။

သည်တလင်းရိပ်သည် အေးဆေးငြိမ်းချမ်းပါပေမယ့် သည်တလင်းရိပ်မှ တစ်ယောက်သောသူ၏ ရင်တွင်း၌ကား အေးငြိမ်းခြင်းသည် ဆိတ်သုဉ်းလှပါဘိ ။ ရင်တွင်း၌ မြင်းမိုရ်တောင်မင်းကို ထည့်သွင်း ချိတ်ဆွဲထားရဘိသို့ လေးလံလှ၏ ။ နွေခေါင်ခေါင်၌ ရေမဲ့သော ချောင်းပြင်ကို ဖြတ်သန်းသွားဖူးသည် ။ အထက်မှ နေမင်း၏ ပူပြင်းခြစ်တောက်သော အပူဓာတ် ၊ သဲပြင်မှ တက်ဟပ်သော အပူငွေ့နှင့် ခြေဖဝါးပြင်တစ်ခုလုံး ကျက်ကျွမ်းသွားမတတ် ပူလောင်သော အပူ၏ အတွေ့တို့ကို ဆုံ၍ ခံစားရဖူး၏ ။ ယခုမူ ဘညိန်း၏ ရင်တွင်း၌ သည်အပူထက် နှစ်ပြန်ကဲသော ပရိဒေဝမီးအိမ်ကို ထွန်းညှိထားရလေပြီ ။

“ လှမျှင် ”

ဘညိန်းချစ်သည့် လှမျှင်ပင်ဖြစ်၏ ။ နှလုံးသွေး တစ်ပေါက် ဘညိန်း၏ နှလုံးသားမှ ယိုကျစဉ်ထွက် ပေါ်လာသောအသံသည် လှမျှင်ဟူ၍ပင် ဖြစ်ပေမည် ။ ဘညိန်း၏ မျက်စိအောက်မှ စပါးစေ့ကလေးများသည် ကုဋေပေါင်းများစွာသော လှမျှင်၏ မျက်နှာကလေးတွေ ဖြစ်နေပေသည် ။ ဖူးစာရေးနတ်ကြီး ဒေါ်အေးခြုံ၏ စောင်မမှုဖြင့် ချစ်လမ်းခင်းခဲ့ရသည် ။ အချစ်၏ လမ်းခရီးသည် ပြေမှ ပြေလျောပါမည်လော ။ ဆူးနှင့် ခလုတ် ၊ ကန်သင်း ၊ ညှောက်တို့မှ ဝေးပါမည်လော ။ ထိတ်ရသည့် ရင် ၊ ရွံ့ရသည့် စိတ် ။ ဟော သူတို့၏ ချစ်လမ်းမသည် မြေပထဝီအက်ကွဲသည့်နှယ် ပျက် ယွင်းရတော့မည်ထင့် ။ အို ဘုရား ဘုရား ။

 ••••• ••••• •••••


“ ဒေါ်အေးခြုံ၊ လှမျှင်တစ်ယောက် မမြင်ပါကလားဗျ ” 

“ မမြင်ဆို ကန်းနေတာကိုးကွ ” 

“ ဟာဗျ ၊ ဟဲဟဲ ”

ရေခပ်ဆိပ်တွင် တစ်ရက်ကလေးများ လှမျှင်ကို မမြင်ရလျှင် ဘညိန်းမှာ ဒေါ်အေးခြုံထံသို့ အပြေးကလေး ရောက်လာကာ စုံစမ်းလေ့ရှိသည် ။ ဒေါ်အေးခြုံကလည်း ခပ်ရွှန်းရွှန်း ၊ ခပ်သောသောမို့ စကားတစ်ခု ပြောတော့မည် ကြံလျှင် အရွှတ်အနောက်ကလေးက ဆယ်ခုလောက် ပါရမှ ကျေနပ်ကာ စားဝင်အိပ်ပျော်သူဖြစ်၏ ။

“ ဟာဗျာ ဒေါ်အေးခြုံကြီးကလဲ ၊ မသိလို့ မေးတဲ့ဟာကို ”

ဘညိန်းက ကလေးဆိုးကြီးလို နှုတ်ခမ်းစူပြီး ဒေါ်အေးခြုံ၏ ရင်ဘတ်ကိုပဲ ခေါင်းဖြင့် ဝှေ့တော့မလို ၊ ခြေဆင်း၍ပဲ ငိုလိုက်တော့မလို လုပ်လေလျှင် 

“ ဟဲ့ မင့်မယားကို ငါဘယ်သိမလဲ ” 

“ အဲဒီလို မပြောပါနဲ့ ဗျာ ။ သူ့ခမျာ လူပြောသူပြော ခံနေရပါဦးမယ် ။ ကျုပ်မယား ဟုတ်မှ မဟုတ်သေးဘဲ ဥစ္စာကို ”

ဒေါ်အေးခြုံမှာ အတန်ကြာအောင် ဘညိန်းကို ကြည့်ပြီး တဟီးဟီးနှင့် သဘောကျနေတတ်သည် ။ ဒါတောင်မှ

“ မင်း လှမျှင်အကြောင်းကို မကြားလိုက်ဘူးလားဟေ့ ”

မျက်လုံးမျက်ဆန် အပြူးသားဖြင့် မေးလိုက်သော် ဘညိန်းမှာ ထိတ်လန့်သွားရလေ၏ ။

“ ဟင် ဘာဖြစ်လို့လဲဟင် ”

“ ဆီးသွားရင် အရည်တွေချည်းပဲတဲ့ ” 

“ ဟာဗျာ ”

ဘညိန်း၏ ဟာဗျာကို ဒေါ်အေးခြုံ၏ နှစ်နှစ်မြို့မြို့ကြီး ရယ်ချသံက အုံဝိုင်းထားပေသည် ။ သည်နှယ် ရွှန်းလေ့နောက်လေ့ရှိသော ဒေါ်အေးကြုံသည် မနေ့တုန်းကမူ ဘညိန်းရှိရာ တလင်းထဲသို့ ရေးကြီးသုတ်ပျာ ရောက်လာခဲ့၏ ။

“ ဘညိန်း၊ နင် လှမျှင်အကြောင်း ကြားပလားဟင် ” ဟု တီးတိုးမေးချေသည် ။

ဘညိန်းကမူ “ ဟာဗျာ နောက်မနေပါနဲ့ဗျာ ” ဟူ၍ ခါတိုင်းလိုပင် ပေါ့ပေါ့ဆဆ ဆိုပေ၏ ။ 

“ အကောင်းပြောနေတာဟဲ့၊ သေခြင်းဆိုးရဲ့ ” 

“ ဘာလဲဟင် ဘာဖြစ်လို့လဲ ” 

“ ဝမ်းသွားနေလို့တဲ့ ”

“ ဟင် ”

ဘညိန်းမှာ တုန်သွားလေသည် ။ အတန်ကြာအောင် ကြက်သေသေနေပြီးမှ “ ဘယ်တုန်းကလဲဟင် ၊ ခင်ဗျာ့ကို ဘယ်သူ ပြောသလဲဟင် ” ဟု မရှူနိုင် မရှိုက်နိုင်ဖြင့် ဆက်ကာဆက်ကာ မေးမိလေသည် ။

“ အခု မနက်မှ စတာပေါ့ ။ ငါ့ကိုလည်း သူ့မောင်လေး ချစ်အေး လာခေါ်လို့ လိုက်သွားရတာ ။ အခုအထိ ဝမ်းသွားတာ ကိုးခါရှိပြီ ”

ထွက်သက်သည် လည်းကောင်း ၊ ဝင်သက်သည် လည်းကောင်း ဘညိန်းထံ၌ မရှိဟု ထင်ရ၏ ။ သူသည် အသက်မရှူဘဲ နားထောင်မိနေလေရော့သလား ၊ ဒေါ်အေးခြုံ၏ စကားအဆုံးတွင် အချောမကိုင်ရသေးသည့် ပစ်ဆဲ ကောက်ရိုးပုံကြီးကို စိုက်ငေးနေလျက် ကြည့်နေမိလေ၏ ။

“ ကဲ ငါသွားမယ်ဟေ့ ။ မင့်ကို ပြောရအောင်လို့ ပြေးလာတာ ။ သူ့အဖေ ကိုကံညွန့်တော့ ငှက်ပျောတော ဆရာသန့် ခေါ်ရအောင် သွားလေရဲ့”

ဘညိန်းမှာ ဟင်းခနဲ သက်မကြီးချလျက် ကျန်ရစ်ခဲ့သည် ။ တစ်ခဏချင်းပင် သူ့တစ်ကိုယ်လုံးမှာ လေးကန်ထိုင်းမှိုင်းသွားလေ၏ ။ ရမ်းဘိုကုန်းမှာ ချောင်းကမ်းနဖူးတွင် တည်ရှိ၍ ဥတုသုံးပါးလုံး ချောင်းရေကိုသာ အားထားနေရသော ရွာဖြစ်သည် ။ မိုးရာသီ ဆိုလျှင် ရေကြီးခိုက်၌ သောက်ရေအသင့် လှောင်ပြီးသား မရှိသူများမှာ ရေနောက်ကိုပင် သောက်ကြရ၏ ။ သည်ရေနောက်ထဲ၌ ဖက်ဆွတ်ရေများ ပါဝင်မည် ။ ချောင်းညာမှ လူနှင့် တိရစ္ဆာန်တို့၏ အညစ်အကြေးများ ပါပေမည် ။ အချို့မှာလည်း ချောင်းရေ လျော့သွား၍ သောင်ကလေး စပ်စပ်ပေါ်နေသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သည်နေရာသို့ ကူးသွားပြီး လက်ယက်တွင်းကလေး လုပ်ကာ ခပ်ယူကြရ၏ ။

ဆောင်းရာသီတွင် ချောင်းရေမှာ ပြတ်ခါနီးဖြစ် သဖြင့် ကြည်လင်စိမ်းမြနေသည် ။ ရေထဲ၌ ရောဂါပိုးများ အတိဖြစ်နေပေမင့် သောက်သုံးချင်စဖွယ် အဆင်းကို ဆောင်နေ၏ ။ ဒါကိုပဲ သောက်သူလည်း သောက်၍ လက်ယက်အတွင်းမှ ရေကို ခပ်ယူသုံးစွဲသူတို့ကလည်း သုံးစွဲသည် ။ အမှတ်မဲ့ဆိုသော် လက်ယက်တွင်း ရေများမှာ သန့်ရှင်းလိမ့်မည်ထင်ရ၏ ။ တကယ်တော့ မသန့်ရှင်းပါ ။ ရေကြောကို လိုက်၍ စိုက်ပျိုးထားသော ကြက်သွန်ခင်းများမှ နွားချေးများသည် လက်ယက်တွင်းထဲသို့ စိမ့်ဝင်နေသည် ။ လက်ယက်တွင်း၌ အဖုံးမရှိ ၊ အကာမရှိ ၊ ကျီးကန်းကလည်း ဆင်းပြီး ရေချိုးချင်လျှင် ရေချိုးသွား၏ ။ ခွေးကလည်း သောက်သွား၏ ။ သည်မသန့်ရှင်းသော ရေကို သောက်သုံးနေစဉ် အအေးမှ အပူသို့ ကူးပြောင်းဆဲ ကာလ သည်ရာသီမျိုး၌ ဝမ်းရောဂါ ရန်သူဆိုးသည် ရွာတွင်းသို့ ဝင်လာစမြဲ မဟုတ်ပါလော ။

 ••••• ••••• •••••


ဘညိန်းသည် ပုရပိုက်ခေါက်ကလေးတွေကို ဆွဲဖြန့်ပြီး ထောင်ထားသလို စီရီတွယ်ချိတ်နေသော ထွန်ခြစ်ရာ များကို ငုံ့စိုက်ကြည့်နေလေ၏ ။ ရွှေရောင်အချိတ် ပုဆိုးနှင့်တူသည့် စပါးပြင်ကြီးထက်၌ ချောစိန်ထံမှ အမှော်ချေးချသံသည် ရုတ်ခြည်း ရပ်တန့်သွားကာ 

“ ဟဲ့ ဘညိန်း ဘာလုပ်နေတာလဲ ။ နေပူနေမယ်နော် ”

ချောစိန်က ခပ်ငေါက်ငေါက်ပြောလိုက်မှ ဘညိန်းမှာ အိပ်ငိုက်နေမိသည့် ညတာဝန်ကျ ကင်းသမားလို ပြူးပြူးပျာပျာဖြစ်သွားကာ စပါးပြန့်ဆုံးအောင် ထွန်ခြစ်ရာကို ဘယ်ပြန်ညာပြန်ပေးလျက် ခပ်သွက်သွက် ဆွဲပြီးနောက် ကောက်လှိုင်းဆိုင်ရင်းမှာ ထိုင်ချလိုက်လေ၏ ။

“ ဒါပြီးပြီလား ”

“ အေး ”

ဘညိန်းက တိုတိုပင် ပြန်ဖြေသည် ။ သူက မည်သူနှင့်မျှ စကားမပြောချင်သောကြောင့် အေး ဟု ပြီးစလွယ် ပြောလိုက်ပေမယ့် မပြီးရပေ ။ 

“ ဘညိန်း ၊ ဒီမယ်ကြည့်စမ်း ”

ဘညိန်းက ချောစိန်ထံသို့ မကြည့်ပေ ။ ကောက်လှိုင်းဆိုင်ကိုမှီကာ မိုးအပြာကိုသာ ငေးနေ၏ ။

“ ဟဲ့ကောင်လေး ၊ ဒီမယ် ”

ချောစိန်က စပါးပြင်ကို လက်ဖြင့် ထိုးဖွလိုက်သည် ။ သူ့လက်ထဲ၌ စပါးနှင့် စပါးရွက်များပါလာ၏ ။

“ ဒါပြီးရောလား ။ အရိုးတွေ အရွက်တွေနဲ့ ဒီအတိုင်းသာ သွားရောင်းရင် စပါးဒိုင်က နင့်ကို ခေါက်ပြီးတောင် လွှတ်လိုက်လိမ့်ဦး ”

“ တော်စမ်းဟာ ”

“ တော်စေချင်ရင် အခုလာခဲ့ ။ ပြန်ပြီးစင်အောင်လုပ် ” 

မည်မျှပင် ချောစိန်က အကျပ်ကိုင်၍ မာန်ထန်နေသော်လည်း ဘညိန်းမှာ နေရာမှ မရွေ့ပေ ။

“ ဟေ့ ဘညိန်း ။ ခေါ်နေတာ မကြားဘူးလား ” 

“ မောလို့ပါ အစ်မရာ ။ နင်လုပ်လိုက်ပါ ”

ထိုသို့ ပြောပြီးနောက် ဘညိန်း၏ မျက်လုံးအစုံကား မိုးတိမ်ယံသို့သာ ငေးမောလိုက်လေ၏ ။ ကောက်လှိုင်းဆိုင်ကို နောက်စေ့ဖြင့် မှီမော့လျက်နေသော သူ့မျက်လုံးအစုံဝယ် သောကတိမ်လိပ်သည် တရိပ်ရိပ် ဆင်ရစ်လာချေသည် ။ တိမ်ဖြူတစ်ပွင့်သည် တရွေ့ရွေ့ လွင့်မျောနေ၏ ။

တိမ်ဖြူပွင့်သည် မြောက်မှ တောင်သို့ လွင့်သွားရာက ချက်ချင်းပင် မြောက်ဘက်သို့ ပြန်လာပြီး တစ်ဖန် တောင်အရပ်သို့ပင် ရွေ့သွားပြန်သည် ။

“ ဒီတိမ်ဖြူကလေးကိုပဲ ပြောလိုက်ရကောင်းမလား ”

လှမျှင်တစ်ယောက် မည်သို့ နေရှာနေသနည်း ။ ရင်ဝယ်ပိုက်ထွေး၍ အားပေးစကား ပြောလိုက်ချင်၏ ။ သို့သော် ပိုင်သူ မဟုတ်ပါသမို့ မည်သို့ ကြံ၍ နှစ်သိမ့်စကား ဆိုရပါမည်နည်း ။ ယောက်ျားပေမယ့်လို့ တတ်နိုင်တော့ဘူးလေ ။ သည်အခါမျိုး၌ ချစ်သူ၏ ခြေသလုံးကလေးကိုပင် နှိပ်နယ်ပေးတန်လျှင် ပေးရတော့မည် ။

သို့တစေလည်း ဘညိန်း၏ စေတနာသည် ရင်တွင်းမှ ထွက်ပြူလာခွင့် မရှိပါလား ။ အိုတိမ်ဖြူရယ် ဘညိန်းက မှာလိုက်တယ်လို့ ပြောလိုက်စမ်းပါတော့ တိမ်ဖြူကလေးတစ်ပွင့်ကိုပင် သောက ဆင့်၍ မှာခွင့် မကြုံနိုင် ။ လည်ချောင်းဝမှာ တစ်ဆို့နေရလေ၏ ။ တရွေ့ရွေ့ဖြင့် လေယူရာသို့ လွင့်ပါသွားနေသော တိမ်ဖြူကလေးကိုပင် လှရွှင်၏ ချစ်သနားစဖွယ် မျက်နှာကလေး အဖြစ် မြင်လာသည် ။ ဒေါ်အေးခြုံကြီး၏ အိပ်ခန်းထဲတွင် နှစ်ကိုယ်တည်းတွေ့ကြစဉ်က ဘညိန်း၏ ရင်ခွင်အောက်မှ လူးလွန့်၍ တောင်းပန်အသနားခံခဲ့သည်မှာ သည်ချစ်သနားစရာ မျက်နှာကလေးဖြင့် မဟုတ်ပါလော ။

“ ဪ … လှမျှင် လှမျှင် ”

ဘညိန်းမှာ ချစ်သူ၏ ဆန္ဒကိုလည်း ဇွတ်အဓမ္မ မသွေလှန်လိုရကား လှမျှင်၏ မျက်နှာကလေးကို ကြည့်ပြီး မချင့်မရဲ ညည်းတွားခဲ့မိ၏ ။

“ လှမျှင် ၊ နင် ငါ့ကို ချစ်တော့ ချစ်တယ်နော် ”

အကြိမ်ကြိမ် အထပ်ထပ် လှော်ပြီးသား သိင်္ဂနိက်ရွှေသည် လှမျှင်၏မျက်နှာကလေးလောက် ဝင်းပလိမ့်မည် ၊ ညက်စင်လိမ့်မည် ။ သိင်္ဂနိက်ရွှေ ဆိုသည်မှာ လှမျှင်၏ ပါးပြင်ကလေးကို ရည်ညွှန်းလေသလားဟု ဘညိန်းက လှမျှင်၏ မျက်နှာကလေးကို ချစ်ရည်ဆမ်းသော မျက်လုံးကြီးများဖြင့် ငုံ့ကြည့်ရင်း မြင့်မြင့်ခေါင်ခေါင်တွေး၍ လှမျှင်ထံမှ စကားကိုခေါ်၏ ။

“ မသိဘူး ”

“ ဟင် မသိဘူး ။ ကဲ မသိနဲ့ဦး ”

စားမာန်ဖီနေသော ခွေးကြီးဟိန်းသလို ဘညိန်းက အံကိုကြိတ်၍ ဆိုလိုက်ကာ လှမျှင်၏ ပခုံးကလေးကို ညှစ်လိုက်သည် ။ တစ်ပြိုင်နက် ဆိုသလို သမန်းဆီ တက်နေသော နှာခေါင်းပြောင်ကြီးက လှမျှင်၏ ပါးညက်ချောပေါ်သို့ ကြက်သူငယ်ကို သိမ်းစွန်ရဲ သုတ်သည့်နှယ် ထိုးဆင်းသွားပေ၏ ။

“ အား ”

လှမျှင်က ရုန်းထလိုက်သဖြင့် ဘညိန်း၏ နှာခေါင်းမှာ လှမျှင်၏ နဖူးနှင့် ပစ်ဆောင့်ကာ ဘညိန်းမှာ မျက်ရည်များပင် လည်လာသည် ။ လှမျှင်မှာ တခိခိ ဖြင့် ပါးစပ်ကို လက်ခုံကလေးနှင့်ကွယ်လျက် သဘောကျ၍ မဆုံးတော့ပေ ။

“ ရမ်းဦးလေ ”

ဘညိန်းမှာ ရှက်ပြုံး ပြုံးလိုက်ပြီးနောက် ရှက်ရမ်းရမ်းကာ လှမျှင်ကို ဖမ်းပွေ့လိုက်ပြန်ရာ ။

••••• ••••• •••••

“ လူလေး ၊ ဟေ့ကောင် ဘညိန်း ”

ကိုဆေးရိုး၏ အသံပင်ဖြစ်ပေသည် ။ ကိုဆေးရိုးက ဘညိန်းအား လှမ်းခေါ်နေစဉ်ဝယ် ဘညိန်းမှာ ကောက်လှိုင်းဆိုင်ကို ခေါင်းမှီလျက် အာကာယံသို့ ငေးမောနေ၏ ။ သူ၏စိတ်သည် လှမျှင် ထံသို့သာ ရောက်နေ၏ ။

“ ဟေ့ လူလေး ၊ လာကွ ။ ဘာလုပ်နေတာလဲ ”

ဘညိန်းက မကြားပေ ။ လှမျှင်နှင့် ချစ်တုံ့တင်၍ ကောင်းဆဲ ။

“ ဟေ့ကောင် ”

“ ဗျာ ”

ကိုဆေးရိုးက ခပ်မာမာ ငေါက်လိုက်တော့မှ ဘညိန်းမှာ ပြူးတိပြူးကြောင်ဖြင့် လှည့်ကြည့်သည် ။ ထလာပြီးနောက် ဟိုဟာကို ကိုင်ရမလို ဒီဟာကို ဆွဲရမလိုနှင့် ယောင်နနဖြစ်နေသည်တွင်

“ ဘာ ယောင်ကန်းကန်း လုပ်နေပြန်တာလဲ ။ ကောက်ပြန့်ရမယ်ဆိုတာ မင်း မသိဘူးလား ”

ကိုဆေးရိုး၏ ငေါက်ငမ်းသံက နောက်ဆက်တွဲ အဖြစ် ထွက်ပေါ်လာပြန်သည် ။ ဘညိန်းက မျက်လုံးကို လက်ဖြင့် ပွတ်သပ်လျက် ကိုဆေးရိုးကို မော့ကြည့်၏ ။ ကိုဆေးရိုးက စပါးပြန့်ပေါ်ဝယ် မားမားကြီး ရပ်လျက် ဘညိန်းကို သုန်သုန်မှုန်မှုန် ကြည့်နေလေသည် ။ ချောစိန်ကမူ စပါးပြန့်ကို ထိန်းကာထားသော ‘အုံးလှိုင်း’ များ၏ အဖျားကို တုတ်တစ်ချောင်းဖြင့် ရိုက်ပုတ်ကာ ဘေးဘက်သို့ ဖယ်ထုတ်နေပေ၏ ။

အုံးလှိုင်း ဆိုသည်မှာ ကောက်ပြန့်၏ ခေါင်းပိုင်းဟု အမှတ်ထားသောကြောင့် အုံးလှိုင်းဟု ခေါ်ဟန်တူသည် ။ မရောက်စေလိုသော ဘက်သို့ စပါးစေ့များ အလွန်အကျွံ မပြန့်လွင့်ရအောင် အနားသတ်ထားခြင်းလည်းဖြစ်၏ ။ ကောက်လှိုင်းများကို ထောင်၍ ပြန့်သည်ပဲ ဖြစ်စေ ၊ လှဲ၍ ပြန့်သည်ပဲ ဖြစ်စေ အုံးလှိုင်းကာ အတွင်းပိုင်းသို့ အဖျားထားပြီး စီထပ်ထားစမြဲ ဖြစ်၏ ။ အခြား အလှိုင်းများကို ပေါက်ဆွပစ်ပြီးနောက် ဖယ်ရှားပစ်သော်လည်း အုံးလှိုင်းကား ကျန်မြဲ ကျန်နေကာ သုံးလေးရက်အကြာတွင် အထက် အောက် လှန်ပေးရသည် ။ အုံးလှိုင်းဟောင်း၌ စပါးစေ့များ စင်သွားမှ အဟောင်းကို နွားစာစဉ်းရန် ဖယ်ပစ်လိုက်သည် ။ နောက် အုံးလှိုင်းအသစ် ထည့်ရသည် ။

ချောစိန် ကမူ စပါးပြန့်ကို အနားသတ်ထိန်းထားသော အုံးလှိုင်းများကို တုတ်တစ်ချောင်းဖြင့် ပုတ်ကာ ဘေးဘက်သို့ ပစ်ဖယ်နေရာက ဘညိန်းကို လှမ်းကြည့်လိုက်၏ ။

“ ကြည့်လေ ၊ ကောက်ပြန့်ရမယ် ဆိုတာတောင် ပြူးကြောင်ကြောင် ကြည့်နေပြန်ပြီ ”

“ ဟီး ဟီး ဟီး ”

ချောစိန်၏ စကားအဆုံးတွင် ဘညိန်းက အခြောက်တိုက်ရယ်လေသည် ။ ချောစိန်က အထိတ်တလန့်ဖြင့် ကိုဆေးရိုးကို မော့ကြည့်၏ ။ ကိုဆေးရိုးက ဘညိန်းကို စိုက်ကြည့်အကဲခတ်နေသည် ။

“ အဟီး ”

ဒုတိယမ္ပိတွင်ကား ကိုဆေးရိုးသည် “ ကမြင်းမသား ၊ ငါ စိတ်မရှည်တော့ဘူးဟေ့ ”

ပြောပြောဆိုဆို သရက်ပင်ရိပ်သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းသွားကာ နှင်တံတစ်ချောင်းကို ဆွဲလာ၏ ။

“ ကဲ စုန်းလားဟ ” 

“ ဗုန်း ” 

“ အမလေးဗျ ”

“ သရဲလားဟ ” 

“ ဖြန်း ” 

“ ကြောက်ပါပြီ အဖေရ ”

“ ဒါမှမဟုတ်ရင် မယားတရူးလား ” 

“ ရွှမ်း ” 

“ ဘာမှ မဟုတ်ပါဘူးအဖေရ ။ ကြောက်ပါပြီဗျ ” 

ဘညိန်းမှာ နွားတွေကို ဆော်ခဲ့သမျှ ဝဋ်လည်တော့သည် ။ တင်ပါးတစ်ချက် ၊ ခေါင်းတစ်ချက် ၊ ပေါင်တစ်ချက် ။ ပေါင်းသုံးချက်ထိအပြီးတွင် ခြောက်အိပ်မက် ပြယ်စင်ကာ အော်ဟစ်လျက် ကောက်လှိုင်းဆိုင်ပေါ်သို့ တက်ပြေးလေ၏ ။ စင်စစ်မူကား သူသည် အဖနှင့် နှမကို ဘေးနားထားပြီး မယားလျာနှင့် ပလူးခဲ့မိကြောင်းကို သတိပြန်လည်လာသည့်အခါတွင် မလုံလဲသောစိတ်ဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ပြီး တဟီးဟီး ရယ်မိခြင်းကိုပင် အထာမသိသူတို့က စုန်းသရဲနှင့် ရွာသူဟု ယိုးကာ ရိုက်နှက်ခြင်း ဖြစ်ပေသည် ။

ချောစိန်မှာ မောင်ငယ်ကို ကြည့်ကာ ရယ်လည်း ရယ်မိ၏ ။ သနားလည်း သနားမိသည် ။ ငါ့ကို နိုင်လို မင်းထက် ရှိတဲ့ကောင်လေး ၊ အချခံရတာ ကောင်းတယ်ဟုလည်း အောက်မေ့မိ၏ ။

ဘညိန်းမှာ ငိုမဲ့မဲ့မျက်နှာကလေးဖြင့် ကိုဆေးရိုးကို လှမ်းကြည့်လိုက် ၊ ချောစိန်ကို ကြည့်လိုက် ၊ ဖင်ကို ပွတ်လိုက်လုပ်ကာ ကောက်လှိုင်းများကို အောက်သို့ ပစ်ချပေးနေ၏ ။ ကိုဆေးရိုးက စပါးပြန့်ပေါ်သို့ ကျလာသော ကောက်လှိုင်းများကို ချောစိန်ထံသို့ တစ်ဆင့် ပစ်ပေးရာ ၊ ချောစိန်က အုံးလှိုင်းနေရာတွင် ဆင့်စီ နေရာက

“ အဖေ ၊ ခေါင်းထောင်ပြန့်ရင် မကောင်းဘူးလား ။ အုံးပြန့် ပြန့်တာက တော်တော်နဲ့ မဖြူဘူး ”

“ ဒါလောက် နေပူနေတာကို ခေါင်းထောင်ပြန့်ရင် အကုန်လုံး ဇက်ကျိုးကုန်မှာပေါ့ မိန်းကလေးရဲ့ ။ အုံးပြန့်သာပြန့် ။ အဲဒါတောင် ညနေကျရင် ရေဖျန်းပြီးမှ နွားတွဲတင် ”

ကိုဆေးရိုးက ချောစိန်ကို မကြည့်ဘဲ အပေါ်မှကျလာသော ကောက်လှိုင်းများကို ရှောင်ရှားရင်း ပြန်ဖြေ၏ ။

ခေါင်းထောင်ပြန့်မှာ စပါးနှံကို အပေါ်ထောင်ထားသဖြင့် ကြေလွယ်သောကြောင့် ချောစိန်က အကြံပေးခြင်းဖြစ်သည် ။ သို့ရာတွင် ယခုလို နံနက်ပိုင်းမှာပင် ကျွမ်းရွနေသော ကောက်လှိုင်းများမှာ ကောက်ပြန့်အဖြစ်ဖြင့် တစ်နေ့လယ်လုံး အလှန်းခံရဦးမည် ဖြစ်ရာ ခေါင်းထောင်ပြန့်သာ ပြန့်လိုက်လျှင် ကိုဆေးရိုး ပြောသလိုပင် စပါးစေ့ကလေးများ ကြွေမကျဘဲ အခိုင်လိုက် အခိုင်လိုက် ကျိုးကြေကုန်မည်ဖြစ်သည် ။ အုံးပြန့်မှာကား အုံးလှိုင်းပေါ်တွင် တင်ပြီး တစ်လှိုင်း ပေါ်သို့ တစ်လှိုင်းက အဖျားထပ်ပြီး နောက်ဆုတ်လျက် ပြန့်သွားသောကြောင့် စိုထိုင်း၍သာ မနေလျှင် အကျိုးအကြေ သက်သာ၏ ။ အကျိုးအကြေ နည်းပါးမှသာ စပါးနှံ အမှော်ချေး နည်းမည် ။ အမှော်ချေး နည်းမှသာ စပါးသည် ပြန့်ပြီး ရောင်းပန်းလှမည် ။

ဘညိန်းမှာ မရိုက်သည်မှာ ကြာပြီဖြစ်သော အဖေ့ ကြိမ်ချက်ကို ခပ်မျက်မျက်ကလေး ခံစားလိုက်ရသော်လည်း သူ့စိတ်မှာ လှမျှင် ထံသို့သာ ရောက်နေ၏ ။

နံနက်စာကို မွန်းတည့်ခန့်တွင် စားပြီးနောက် ဒေါ်အေးခြုံ၏အိမ်သို့ ပြေးသွားမိသည် ။ လှမျှင်၏ သတင်းကို ရင်အဖိုဖိုကြားနာရန်ပဲဖြစ်၏ ။ သို့ပေမင့် ဒေါ်အေးခြုံကို မတွေ့ခဲ့ရသဖြင့် အသည်းမကျင်ခဲ့ရ ။ ထို့အတူ ရင်မအေးခဲ့ရ ။

ဒေါ်အေးခြုံကို မတွေ့လျှင် တလင်းထဲသို့ ပြန်ပြေးလာခဲ့ရသည် ။ တလင်းကို ပစ်ထား၍လည်း မဖြစ်သေး ။ မိမိက အဘယ်မျှ မူပျက်နေသည်ဆိုသည်ကို မသိနိုင်သောကြောင့် အဖေထံမှ ကြိမ်ဆုကို ထပ်မံ မရရှိအောင် ဂရုစိုက်ရပေသည် ။ စပါးပြန့်ကို ကြက်ယက်မှာ စိုးရသည် ။ နွားစာခေါင်းတွင် ချည်နှောင် ကျွေးမွေးထားသော နွားနှစ်ကောင်ကို နွားလွတ်တွေ ဝင်ဝှေ့မည်ကိုလည်း စိုးရသည် ။ နွားနှစ်ကောင်ကိုလည်း နွားစာခွက်ထဲတွင် အစာမပြတ်အောင် ဂရုစိုက် ကျွေးရဦးမည် ။ ထို့ကြောင့်ပင် ဘညိန်းမှာ မီးခဲကို ဖင်ထိုင်မိသူသို့ ဂနာမငြိမ်နိုင်တော့ချေ ။

နွားနှစ်ကောင်မှာ အိပ်နေကြသော်လည်း ဘညိန်းမှာ နှမ်းဖတ်ရည်များများနှင့် ကောက်ရိုးနုပ်နုပ်များကို ထည့်ပစ်ခဲ့ကာ ဒေါ်အေးခြုံများ ပြန်ရောက်နေလိုနေ ငြားဟု ရွာထဲသို့ ပြေးသွားမိပြန်သည် ။ ဒေါ်အေးခြုံကား ပြန်မရောက်လာသေး ။ လှမျှင်များ ရောဂါသည်း နေလေရော့သလား ။ ဘညိန်းမှာ ရောက်တတ်ရာရာ များကိုတွေးကာ တောင်ပိုင်းသို့ လျှောက်သွားမိသည် ။ ရည်ရွယ်ချက်ကား မရှိ ။

“ ဘညိန်း ဘယ်လဲဟေ့ ”

ကိုဘဖေ၏ တဲကုပ်ကလေးအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏ ။ ကိုဘဖေကား အရက်နှင့် ထန်းရည်ကို တိတ်တိတ်ပုန်း ရောင်းချနေသူတည်း ။ ဘညိန်းက ခေါင်းထောင်ကြည့်လိုက်သောအခါတွင် တဲ တံစက်မြိတ်အောက်မှ ခေါင်းငုံ့လျက် ဘညိန်းနှင့် ရွယ်တူ လူတစ်ယောက် ထွက်လာ၏ ။ လှမောင် ။

လှမောင်က ငှက်ခါးတောင်နံ့ကလေး တသင်းသင်းဖြင့် ကပ်၍ မေးသည် ။

“ ဘယ်သွားမလို့လဲကွ ”

“ ဘယ်ရယ်လို့ မဟုတ်ပါဘူးကွာ ။ ရွာထဲကို ကောင်းကောင်း မရောက်တာကြာတာနဲ့ လျှောက်လာတာပဲကွာ ”

“ အေး ၊ မရောက်တာ ကောင်းတယ် ။ တောင်ပိုင်း မှာ ‘ငဝေါ’  ဝင်နေတယ် ”

“ ဟေ ”

တောင်ပိုင်းမှာလည်း ငဝေါဆိုသော ဝမ်းရောဂါ အန္တရယ်ဆိုးကြီး ဝင်ရောက်နေကြောင်းကို မကြားမိသောကြောင့် ဘညိန်းက အထိတ်တလန့်ဖြင့် မော့ကြည့်လေသည် ။

“ ကိုဘချစ်မိန်းမရယ် ၊ ကိုကျော်ခေါင်ရဲ့သားလေး တာတီးရယ် ၊ ဘကြီးညွန့်ရယ် အားလုံးတစ်ပြိုင်နက်လို ဖြစ်ကြတာပဲ ။ ငါ့လို အရက်သောက်နိုင်ရင် သောက်ထား ။ မသောက်ချင်ရင်တော့ ရွာထဲကို မလာတာ အကောင်းဆုံးပဲဟေ့ ”

လှမောင်က အရက်ပူပြန်နေသည့် မျက်နှာကြီးကို ပုဆိုးအပေါ်စဖြင့် သုတ်လိုက်ကာ “ ကဲ သွားမယ်ဟေ့ ။ ငါ့မိန်းမလည်း မနက်တုန်းက ဝမ်းနှစ်ခါသွားလို့ ငါဖြင့် ထိတ်နေတာပဲ ။ အခုတော့ ဘာမှမဖြစ်သေးဘူး ” ဟု ဆက်၍ ပြောပြီးနောက် ခေါင်းငိုက်စိုက်ဖြင့် ထွက်သွားတော့၏ ။

လှမောင်က ရွာထဲသို့ မလာဘဲ နေလျှင်နေ ၊ သို့မဟုတ် အရက်သောက်ရမည် ဆိုသွားသော်လည်း ဘညိန်းမှာ အရက်ကိုကား မသောက်လိုပေ ။ အရက် မသောက်ချင်၍ တလင်းထဲမှာ ချည်းနေတော့ကော လွတ်ရောလား ။ ဟုတ်သည် ၊ မလွတ်ပေ ။ မသေချင် သေးလို့သာ မသေခြင်းဖြစ်၏ ။

လူကသာ ရွာပြင်မှာ နေသော်လည်း ထမင်းဟင်းက ရွာထဲမှ လာ၏ ။ သောက်ရေက တစ်ရွာလုံး စုဝေးောရာ ချောင်းထဲရှိ လက်ယက်တွင်းမှ လာ၏ ။

ဘညိန်းမှာ တစ်ညနေလုံး နားတစွင့်စွင်ဖြင့်သာ နွားမောင်းနေရသည် ။ စိတ်ကမူ ဘယ်အချိန်များ ငိုသံ ပေါ်လာမည်နည်းဟု စောင့်စားနေ၏ ။ နွားတွဲကို ချပြီး ကောက်ပေါက် ကောက်ဆွသောအခါမှာလည်း ဘယ်သူသေပြီ ဟူသော အသံကို ကြားရမည်နည်းဟူ၍သာ နားစွင့်ရင်း မျက်လုံးပြူးနေသည် ။ အချိန်သည် တဖြည်းဖြည်း ကုန်လွန်ခဲ့၏ ။ မည်သည့် အရပ်ကမှ ငိုသံ ထွက်မလာပေ ။ သို့သော် အခါတိုင်း သီချင်းသံများ ၊ ခေါ်သံအော်သံများဖြင့် လွှမ်းစည်နေသော တလင်းသိုက်ကြီးမှာ ယနေ့ညမူ တိတ်ဆိတ်လှချေ၏ ။ သည်တိတ်ဆိတ်ခြင်းကပင် ဘညိန်းအား ပို၍ ချောက်ချားစေသည် ။

သို့ကြောင့်ပင် ကောက်ရိုးချအပြီး အိပ်ရာဝင်ခဲ့သည့်တိုင်အောင် နားတစွင့်စွင့်ဖြင့် ရင်ခုန်နေရခြင်းပင် ဖြစ်၏ ။ သရက်ပင်ပေါ်မှ သစ်ရွက်ခြောက်ကလေးများ ကြွေကျသံက ကျယ်လောင်လွန်းလှသည် ။ ခပ်လှမ်းလှမ်းမှ ကိုဆေးရိုး မှာလည်း သူလိုပင် အိပ်ပျော်သေးဟန်မတူ ။ ချောင်းတဟန့်ဟန့် ၊ ဆေးလိပ်မီးတဝင်းဝင်းဖြင့် လဲလျောင်းနေ၏ ။ ကိုဆေးရိုးက လူကြီးမို့ ထားပါတော့ ။ ဘညိန်းမှာ ကျောနှင့် အိပ်ရာနှင့် ထိလျှင် အိပ်မောကျစမြဲမို့ အိပ်မပျော်နိုင်ခြင်း၏ ဝေဒနာကို ချောက်ချားစွာ ရင်ဆိုင်ရလေ၏ ။

မြေကြွက်များ ကောက်လှိုင်းဆိုင်ကို တိုးဝှေ့သွားသံ ။ သရက်ကိုင်းခြောက်သေးသေးကလေးများ ကျိုးကျသံတို့ တစ်ခါတစ်ခါ ထွက်ပေါ်လာလျှင် ခေါင်းကြီး၍ ကြီး၍ သွားရသည် ။ ညဉ့်က ပို၍ တိတ်ဆိတ်လေလေ ဘညိန်းမှာ ပို၍ အားငယ်လေလေ ။

ကြောက်စိတ်ကဲလာသည့်အခါ ကြောက်စရာကို ပို၍ တွေးမိသည် ။ ကျောထဲက စိမ့်ခနဲ အေးခနဲ ဖြစ်သွား၏ ။ ခေါင်းရင်းသို့ တစ်စုံတစ်ယောက် ခြေဖွနင်း၍ ကပ်လာသည်ထင်၏ ။

ခေါင်းမြီးကို ပိန်းအောင် ဆွဲခြုံပစ်လိုက်သည် ။ အိပ်၍ကား မပျော် ။ အိပ်ရာထက်၌ ပက်လက်ကလေး မှိန်းနေမည့် လှမျှင်ကို မြင်ယောင်လာပြန်လေ၏ ။

သည်အခိုက်တွင် ရွာလယ်မှ ကျီးပြိုသံများ ထွက်ပေါ်လာလေသည် ။

“ ဘုရား ဘုရား ”

ဘညိန်းသည် ဘုရားကိုတ၍ နားကို ပိတ်ထား မိ၏ ။ ကျီးပြိုသံ စဲသွား၍မှ မကြာမီ ခွေးအူသံများ ထွက်ပေါ်လာပြန်၏ ။ ခွေးအူသံမှာ တစ်နေရာတွင် တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်ရှုကာ အူသံမျိုးဖြစ်ခြင်းကြောင့်လည်း ဘညိန်းမှာ အသက်ရှူများ ရပ်တန့်သွားမတတ် ကြောက်လန့်တုန်လှုပ်သွားရတော့သည် ။ ဒါလောက် မကောင်းသည့် အတိတ်နိမိတ်တွေ ထပ်တလဲလဲ ကြားနေရမှဖြင့် လှရွှင်အတွက် မျှော်လင့်ချက် မရှိတော့ပြီ ။ လှမျှင်တော့ သွားပြီ ။

ဘညိန်းမှာ ရင်ခုန်နေရင်းဖြင့် လှမျှင်ရေ သွားတော့ဟု ယောင်ယမ်းဆိုမိသည် ။ မျက်ရည်စများသည် မျက်လုံး မှိတ်ထားလျက် တစ်ထောင့်တွင် စိုစွတ်လာလေ၏ ။ သန်းခေါင်ကျော်သာသာအထိ လှမျှင်တို့ အိမ်ဆီမှ ငိုသံထွက်ပေါ်လာခြင်း မရှိသည့်အတွက် နောက်တစ်နေ့နံနက် နွားတွဲထတင်သောအခါတွင် လှမျှင် တစ်ယောက် ရမ်းဘိုကုန်းကို ကျောခိုင်းသွားခြင်း ရှိ မရှိကို မသိရချေ ။ သို့ပေမင့် ဘညိန်းကတော့ သူ အိပ်ပျော်ခိုက်မှာ လှမျှင်တော့ ဖျာလိပ်ပတ်လျက် သုသာန်သို့ ရောက်သွားပြီဟု ဒုံးဒုံးချထား၏ ။ နွားငေါက်သံသည် နွားများအား ကြောက်ရွံ့စေခြင်းမရှိ ။

သူ့ခြေလှမ်းများက လေးလံလှ၏ ။

နေပွင့်လာခဲ့ပြီ ။ စပါးပြင်ပေါ်မှ ကောက်ရိုးများ ကုန်စင်သွားလေ၏ ။ ဘညိန်းသည် အမှော်ချေးများကို ခြစ်ရန်အတွက် ထွန်ခြစ်ကို သွားရောက်ဆွဲယူစဉ် တလင်းထဲသို့ ဒေါ်အေးခြုံ ဝင်ရောက်လာသည် ။ 

“ လှမျှင်ကောဟင် ဒေါ်အေးခြုံ ၊ သူ သူ မရှိတော့ဘူး မဟုတ်လားဟင် ”

“ ဟင် သူ…. သူ.. လှမျှင် နေကောင်းပြီပေါ့ ”

ဝမ်းသာစကားများသည် ဘညိန်း၏ ပါးစပ်မှ အလုအယက် ထွက်သွားကြ၏ ။ ဘညိန်းအတွက် ဝမ်းသာစရာသတင်းကို ယူဆောင်လာသူကား ဒေါ်အေးခြုံပင် မှန်သော်လည်း ဝမ်းသာနိုင်အောင် လုပ်ပေးသူကား ရွာသစ်ကလေးနှင့် ရမ်းဘိုကုန်းရွာမှ ဆေးကုခ တစ်ပြားမျှ မရဘဲနှင့် မညည်းမညူ ဆေးကုသပေးနေရသော ချောင်းဟိုဘက်ကမ်းမှ ငှက်ပျောတောရွာသား ဆရာသန့်ပေတည်း ။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

မိုးရေထဲက ငှက်


❝ မိုးရေထဲက ငှက် ❞
        ( ရဲစွမ်းနေ )

ကျဉ်းမြောင်းသော အခန်း တစ်ခုသည် လူတစ်ယောက် အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလား သေချာစွာ မပြောနိုင်သော်လည်း နေရာဟောင်း တစ်ခုကို စွန့်ခွာထွက်ပြေးလာသူ တစ်ယောက် အတွက် ကျယ်ပြန့်သော အမည်မသိ နေရာလပ် တစ်ခု၏ ခြောက်လှန့်မှုတို့ လွတ်ကင်းသော၊ လုံခြုံမှု ပေးစွမ်းနိုင်သော ဂူ သို့မဟုတ် တွင်းတစ်ခုလိုပါပဲ။ သူ ဤအခန်းသို့ စ,ပြောင်းလာသည့် အချိန်မှ စ၍ အပြင်သို့ သိပ်မထွက်ဖြစ်ပါ။ ည ၇ နာရီ ထိုးလျှင်တော့ လမ်းထဲမှ သူ စာပြပေးရသော ၁၀ တန်းကျောင်းသားအိမ်သို့ သွားရလေ့ရှိသည်။ ဒီမတိုင်မီ အချိန်များတွင် သူသည် တွင်းအောင်း သတ္တဝါတစ်ကောင် တွင်းအောင်း နေသလို အခန်းလေးထဲမှာ ငြိမ်သက် တိတ်ဆိတ်နေလေ့ရှိသည်။ အရင်က ဒီအခန်းမှာ နေခဲ့သူသည် အခန်းအား ပိုစတာများဖြင့် အလှဆင်ခြင်းကို နှစ်သက်သူ တစ်ဦး ဖြစ်နိုင်သည်။ လူတစ်ဦးတည်းပုံ၊ လူအုပ်စုပုံ ပိုစတာများကို ကြည့်ရင်း အာရုံများ ထွေလာတော့ သူ ပိုစတာများကို ဒေါသတကြီး ဆုတ်ဖြဲ ပစ်လိုက်တော့သည်။ သူ့ကို အနှောင့်အယှက် ဖြစ်စေသော အရာသည် ပိုစတာများထဲမှ အဆိုတော်များ၊ မင်းသား မင်းသမီးများ၏ မျက်လုံးများပင် ဖြစ်၏။ ထိုမျက်လုံးများသည် သူ့စိတ်တံခါးကို ဖွင့်ဖို့ ကြိုးစားနေကြသည် မဟုတ်လား။သွားစမ်းပါ၊ လူတစ်ယောက်ရဲ့ ခွင့်ပြုချက် မပါဘဲ သူ့ စိတ်တံခါးကို ဖွင့်လို့ရမလား။

ခုတင်ဘေးက စားပွဲပေါ်တွင် တင်ထားသော ဖတ်လက်စ ဝတ္ထုစာအုပ်ကို ယူလိုက်သည်။ ဖတ်လက်စ နေရာကို မှတ်ထားသော ကတ်ပြားလေးကို ဆွဲယူကာ စာဖတ်ဖို့ ကြိုးစားနေသော်လည်း စိတ်က လိုက်ပါခြင်း မရှိ။ သူ့မျက်လုံးထဲတွင် ပုံနှိပ် စာလုံးများသည် 3D ရုပ်ပုံ တစ်ခုကို ကြည့်သလို ဝေဝါးလာပြီး နောက်ဆုံး မြင်လိုက်ရသည်က သူ့ကို နားမလည်နိုင်သလို ကြည့်နေသော ဖြူ၏ မျက်ဝန်းများသာ ဖြစ်သည်။ ထိုမျက်ဝန်းများတွင် “လား” ပေါင်းများစွာသော မေးခွန်းများ။ ဟင့်အင်း ... ငါ...နင့်မေးခွန်းတွေကို မဖြေဘူး ဖြူ။ ပြီးတော့ နင့် မေးခွန်းတွေကို မဖြေဖို့ ငါ့မှာ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်ဆိုတာ နင် သိထားဖို့ လိုအပ်တယ် ဖြူ။

မှန်ပြတင်းကို မိုးစက်များ ထိရိုက်သံ ခပ်သဲ့သဲ့ ကြားရသည်။ သူသည် ခုတင်ပေါ်တွင် လှဲနေရာမှ ဗြုန်းခနဲ ထ,ကာ မိုးကာအင်္ကျီ ကို ဝတ်လိုက်သည်။ အခန်းတံခါးကို သော့ခတ်ပြီး လှေကားထစ်များကို ခပ်သွက်သွက် နင်းဖြတ်ကာ ခြောက်လွှာမှ ဆင်းနေဆဲ အပေါ်သို့ တက်လာသော ဘေးအခန်းမှ အမျိုးသမီးကြီးကို တွေ့လိုက်ရသည်။ အမျိုးသမီးကြီးက သူ့ကို ခပ်လျှပ်လျှပ် ကြည့်၍ အပေါ်သို့ တက်သွားသည်။ သူတို့ နှုတ်မဆက်ဖြစ်ကြပါ။ လူတစ်ဦးနှင့် တစ်ဦး လောကဝတ်ပြု နှုတ်ဆက်ခြင်းကို မလိုအပ်သော အားထုတ်မှု တစ်ခုဟု သတ်မှတ်ထားသော သူ့ အတွက် လက်ရှိ ပတ်ဝန်းကျင်သည် စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခု မဟုတ်ပါ။ 

ကားမှတ်တိုင် ရောက်ချိန်တွင် မိုးစဲသွားသည်။ မိုး ဓာတ်ကြောင့် စိုစွတ်သော လေထုက ပတ်ဝန်းကျင်ကို ထိုင်းမှိုင်းအောင် ဖန်တီးနေသည်။ တနင်္ဂနွေ ညနေခင်း သည် လူကျဲပါးလွန်းသော ပတ်ဝန်းကျင်ကြောင့် ပို၍ ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေသည်။ ခါတိုင်း စာပြရသော အလုပ်မှ အနားရသော တနင်္ဂနွေ ညနေခင်းများတွင် စိတ်ရွှင်လေ့ရှိသော သူသည် ယနေ့ သူ မဟုတ်သလိုပါပဲ။ ယနေ့ သူကတော့ ခပ်ဖြည်းဖြည်း ကျဆင်းနေသော မိုးစက်များ၏ တစ်သမတ်တည်း ဖြစ်တည်မှုတွင် ငြီးငွေ့လာဆဲ တစ်စုံတစ်ခုကို အလိုမကျမှု ူဖြင့် စိတ်ရှုပ်ထွေးနေသူ တစ်ယောက်သာဖြစ်၏။ သူ့ ဘေးနားက ထိုင်ခုံတွင် ကောင်လေးနှစ်ယောက် ထိုင်လျက်ရှိ သည်။ မျက်နှာထား တည် တည်နှင့် ကောင်လေးက ရှေ့တူရူသို့ စူးစူးစိုက်စိုက် ကြည့်နေဆဲ အခြားကောင်လေးက တောင်းပန်သော မျက်ဝန်း အစုံဖြင့် ထိုကောင်လေးကို နွမ်းဖျော့စွာ ကြည့်နေသည်။ အခြား ကောင်လေးက ထိုကောင်လေးမေးစေ့ကို လက်ဖြင့် ဆွဲကိုင်ကာ သူ့ဘက်လှည့် ဖို့ ကြိုးစားနေဆဲ ထိုကောင်လေးက လက်ကို ပုတ်ချလိုက်သည်။

ထိုအချိန်တွင် မြို့ထဲသို့ သွားမည့် ဘတ်စ်ကား ရောက်လာသဖြင့် သူ ကားပေါ်တက်လိုက်ပါသည်။ ကောင်လေး နှစ်ယောက်က ထိုင်ခုံတွင် ထိုင်နေကြဆဲ။ ရေငွေ့ရိုက်သဖြင့် မှုန်ဝါးစပြုနေသော မှန်ပြတင်းမှတစ်ဆင့် လှမ်းကြည့်လိုက်တော့ ကောင်လေး နှစ်ယောက်သည် လူပုံသဏ္ဌာန် ခပ်ဝါးဝါး အရိပ်နှစ်ရိပ်အဖြစ်သာ အဝေးတွင် ကျန်နေရစ်သည်။ ဒေါက်ဒေါက်မြည်သံ တစ်ခု ခပ်တိုးတိုး ထွက်ပေါ် နေသည်။ ရှေ့ခုံ နောက်ကျောကို သူ့လက်ဖြင့် ခေါက်နေမိပါလား။ သတိ ဝင်လျှင် ဝင်ချင်း သူ့လက်ကို အမြန် ရုပ်သိမ်းလိုက်သည်။ သူသည် တစ်စုံတစ်ခုအပေါ် အလိုမကျမှု ကြီးမားလာလျှင် သည်လို ပြုမူတတ်သည်မဟုတ်လား။ သူ့အာရုံတွင် ကောင်လေး နှစ်ယောက်၏ မျက်နှာများ ဗြုန်းခနဲ အရိပ်ထင်၏။ သို့ သော် သူ့မှတ်ဉာဏ်တွင် သေချာစွာ သိမ်းဆည်းထားခဲ့သည် မဟုတ်၍ ပုံရိပ်ယောင် မျက်နှာများသည် တစ်ပိုင်းစီ၊ တစ်စစီ ကွဲထွက်၍ လွင့်စဉ် ပျောက်ကွယ်သွားတော့သည်။

မြို့ထဲမှ ကားမှတ်တိုင် တွင် သူ ဆင်းသည်။ ထို့ နောက် ဦးတည်ရာမရှိ လျှောက်သွားရင်း ရုပ်ရှင်ရုံ နား ရောက်လာခဲ့သည်။ သူ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးမရှိခဲ့ပါ။ ထို့ကြောင့် ရုပ်ရှင်ပိုစတာကိုပင် မကြည့်ခဲ့။ သူ ရုပ်ရှင်ရုံ ရှေ့က ပလက်ဖောင်းပေါ်တွင် အကြောင်းပြချက်မရှိ ရပ်နေမိသည်။ ထိုအချိန်တွင် ရုပ်ရှင်ရုံဆီ သွားရန် လမ်းမကို ဖြတ်ကူးလာနေသော ဖြူနှင့် မင်းမင်းအား မြင်လိုက်ရခြင်း ဖြစ်သည်။ မင်းမင်း မျက်ဝန်းတွေမှာ အချစ်၏ အလင်းရောင်တွေ တောက်ပလို့။ ဖြူ မျက်ဝန်းတွေမှာတော့ မင်းမင်း အပေါ် အားကိုးတွယ်တာသော အရိပ်အယောင်များကို မြင်ရသည်။

ဖြူနှင့် မင်းမင်းက သူ့ကို မမြင်။ သူ ဖြူတို့ နောက် သုံးတန်းကျော်ခုံတွင် လက်မှတ်ဖြတ်ခဲ့သည်။ ဖြူနှင့် မင်းမင်း အခြေအနေက ဘာမှ မထူးခြား။ မင်းမင်းက ဖြူ အနားကပ်၍ မကြာခဏ စကားပြောသည်။ ဖြူခန္ဓာ ကိုယ်သည် သက်သောင့်သက်သာ မရှိဘဲ ခပ်တောင့်တောင့် ဖြစ်နေသည်။ သူ့ အထင်များလား။ ဒါမှမဟုတ် ယခုအချိန်ထိ မင်းမင်း အချစ်ကို ဖြူ ငြင်းဆန်နေဆဲလား။ သူ ကြည့်နေဆဲမှာပဲ မင်းမင်း က သူ့လက်ကို နောက်မှီပေါ် တင်ရင်း ဖြူကို ဖက်ဖို့ ကြိုးစားသည်။ သို့သော် ဖြူက ရုန်းထွက်လိုက်သည်။ အဲဒီအချိန်မှာ မင်းမင်းက နောက်ကို အမှတ်မထင် ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ့ကို မင်းမင်း မြင်သွားမလား စိုးရိမ်သွားသည်။

မင်းမင်းက သူ့အကြည့် များကို ပြန်မရုပ်သိမ်းသေး။ အခန်းမျက်နှာကြက်တွင် တပ်ဆင်ထားသော မီးလုံး၏ မှိန်ဖျော့သော အလင်းရောင် အောက်တွင် မင်းမင်း၏ မျက်လုံးများက အကြည့်ခံရသူ၏ စိတ်အတွင်းပိုင်း တစ်နေရာကို ထွင်းဖောက်ကြည့်နေသလိုပဲဟု သူထင်လာသည်။ သူ ယောင်ယမ်းပြီး မျက်နှာ လွှဲဖို့ ကြိုးစားမိသည်။ ဟင့်အင်း မင်းမင်း မျက်လုံးတွေက ငါ့ကို ကြည့်နေတာမှ မဟုတ်ဘဲ။ နေစမ်းပါဦး မင်းမင်းမျက်လုံးတွေကို ငါက ဘာလို့ ရှောင်ဖယ်ရမှာလဲ။ သေချာတာက မင်းမင်း ငါ့ကို မြင်ရင် ဖြူကို ပြောပြလိမ့်မယ်။ ဖြူနဲ့ မင်းမင်း နှစ်ယောက်စလုံးကို ငါ စကားမပြောချင်ဘူး။

အနည်းငယ် ဒေါသထွက်နေဟန် ရှိသော မင်းမင်း နှင့် စိတ်ကျဉ်းကျပ်နေဟန်ရှိ သော ဖြူတို့ နှစ်ယောက် ကြားမှာ မင်းမင်း မျှော်လင့်နေသော အခြေအနေတစ်ခု ယခုအထိ မရရှိသေးပါလား။ သူ စိတ်မကောင်းဖြစ်သွားသည်။ နိုင်ငံခြားအက်ရှင်ဇာတ်ကား၏ လျင်မြန်သော အခန်း အကူးအပြောင်းကြောင့် အလင်းရောင် ပြန်များက ရုပ်ရှင်ရုံထဲမှာ တဖျပ်ဖျပ်။ မင်းမင်း ရှေ့သို့ ပြန်လှည့်သွားသည်။ သို့သော်

မင်းမင်းသည် ရုပ်ရှင်ကို မကြည့်ဘဲ ဖြူကို ငေးကြည့်နေသည်။ ယခုအချိန်မှာ မင်းမင်း မျက်ဝန်းများကို ဘာသာပြန်ကြည့်လျှင် အချစ်ဖြင့် နူးညံ့သိမ်မွေ့နေမှာ သေချာပါသည်။ ဖြူကတော့ မင်းမင်း အဖြစ်ကို သတိထားပုံ မပေါ်ဘဲ ငွေရောင်ပိတ်ကား ရှိရာဆီ မျက်နှာမူထားသည်။

အခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဇာတ်ကားထဲမှ စကားပြောသံ ၊ သေနတ်ပစ်သံ၊ ကားတာယာနှင့် ကတ္တရာလမ်းမ ပွတ်ဆွဲသံ၊ ရဟတ်ယာဉ်သံ၊ ဇာတ် ဝင်တီးလုံးသံ...ဘာမှ မကြားရတော့ပါ။ ယုတ်စွအဆုံး ခပ်သဲ့သဲ့ ထွက်ပေါ်နေသော အဲကွန်းစက်သံပင် လုံးဝ ပါးလျငြိမ်သက်သွားခဲ့ပြီ။ ငွေရောင်ပိတ်ကားသည် ဗလာသက်သက် အဖြူရောင် ဖြစ်သွားခဲ့ပြီ။ ငွေရောင်ပိတ် ကားပေါ်တွင် မင်းမင်းသည် သူ့ဘေးမှ တစ်ယောက်ကို တမ်းတမက်မောစွာ ငေးကြည့်နေသည်။ ထိုတစ် ယောက်... ထိုတစ်ယောက် က ဖြူ မဟုတ်ပါလား။ သူ.. သူ.. သူ ဖြစ်နေပါ လား။ သူ ထိုင်ခုံမှ ဗြုန်းခနဲ ထပြီး ရုပ်ရှင်ရုံထဲမှ ထွက် လာခဲ့သည်။

မိုးစက်များသည် အနက်ရောင် မိုးကောင်းကင်မှ ရေတံခွန်တစ်ခုလို စီးဆင်း နေဆဲ ရိုင်းစိုင်းသော လေက ကြမ်းရှစွာ တိုက်ခတ်နေခဲ့သည်။ ကတ္တရာလမ်းပေါ် တွင် ထုထည်ပိုများလာသော မိုးရေများကို ရှပ်တိုက်ကာ လမ်းလျှောက်နေသော်လည်း အရင်လို လွတ်လပ်မှုကို မခံစားရ။ နှောင်တည်းခံထားရသော စိတ်သည် ပို၍ မွန်းကျပ်နေခဲ့သည်။ သူ ဘယ် လောက်ကြာ လမ်းလျှောက် နေခဲ့သလဲ။ မိုးပင် စဲစပြုခဲ့လေပြီ။

မိုးရေစီးသံများ...။

မိုးရေစီးသံများသည် ဗြုန်းခနဲ နီးကပ်စွာ ကျယ်လာပြီး ခပ်သဲ့သဲ့သာ ကြားရသော အသံတစ်ခုလို လွင့်ခနဲ ဝေးသွားသည်။ ဟင့်အင်း ... သူ့ခြေထောက်ကို ထိတွေ့ ပွတ်သပ်နေတာ မိုးရေများပါပဲ။ ဒါပေမဲ့ အသံတိတ် ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလို လှုပ်ရှားနေသော အရုပ်များကို မြင်နေရပေမဲ့ ဘာကြောင့် အသံများ ပျောက်ဆုံး နေရတာလဲ။ မဟုတ်ပါဘူး။ အသံတစ်ခု ကြားနေရသည်။ တောင်ပံခတ်သံ။ ငှက်တောင်ပံခတ်သံ ခပ်တိုးတိုး ကြားလိုက်ရသလိုပဲ။ ဟုတ်သည်။ သူ အပေါ်ကို မော့ကြည့်လိုက်သည်။ ငှက်တစ်ကောင် ၊ ငှက်၏ တောင်ပံများသည် မိုးရေများ စိုစွတ်နေခဲ့သည်။ အိပ်တန်းတက်ရန် သစ်ပင်ရှာ မတွေ့သေးသော ငှက်တစ်ကောင် ဖြစ်လိမ့်မလား။

ဤလမ်းမပေါ်တွင် သစ်ပင် မရှိပါ။ လမ်းမ ညာဘက်က လမ်းကြားထဲတွင်တော့ သစ်ပင်တစ်ပင်ကို ဝိုး တဝါး လှမ်းမြင်ရသည်။ သို့သော် သစ်ပင်ကို မြင်ပုံ မပေါ် သော ငှက်သည် သူ့ကို ကျော်၍ ဆက်လက်ပျံသန်းသွားခဲ့ သည်။ နက်ရှိုင်းသော ည အမှောင်ထုထဲသို့၊ ကျဲပါးစွာ လွင့်စဉ် ကြွေကျဆဲ မိုးစက်မှုန်များထဲသို့ တိုးဝင်လျက် ပျံသန်းသွားသော ငှက်လေး၏ တောင်ပံခတ်လိုက်တိုင်း ရေမှုန် ရေမွှားလေးများ ဖြာထွက်နေသည်ကို မာကျူရီ မီးရောင်အောက်တွင် မြင် လိုက်ရသည်။

သူ့လက်များသည် အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ ညောင်းညာလာသော အခါ သူ အံ့သြသွားသည်။ ထိုစဉ် သူ့လက်များသည် ကြည့်နေရင်းမှာပင် ငှက်လေး၏ တောင်ပံများ ဖြစ်လာခဲ့သည်။ တောင်ပံများ...။ မိုးရေစိုစွတ်နေသော တောင်ပံများ။ ရှေ့က တိတ်တဆိတ် လမ်းမက သူ့ကို အေးစက်စွာ ကြိုဆိုနေချိန်မှာ တဖွဲဖွဲ လွင့်စဉ်ကြွေကျနေသော မိုးစက်မှုန်လေးများသည် သူ ကြည့်နေဆဲ တဒင်္ဂ အတွင်း ကတ္တရာလမ်းမပေါ် ရှိ ရေပြင်နှင့် တစ်သားတည်း ဖြစ်သွားသည်။

သူ့ခန္ဓာကိုယ်သည် နွေး နေသည်။ သူ အိပ်မပျော်ခင် စောင်မခြုံခဲ့ပါ။ ဘာကြောင့် နွေးနေရတာလဲ။ မိုးသက်လေ၏ အအေးဓာတ်နှင့် သူ့ကြားတွင် တစ်စုံတစ်ရာက ကာဆီးထားသည်။ ထိုအရာ ကြောင့်ပင် လုံခြုံနွေးထွေးမှုကို သူ ခံစားနေရခြင်းဖြစ်၏။ ထိုအရာက ဘာလဲ။ ခိုတွယ်ရာ မရှိသော စိတ်သည် ဘာကိုမှ မတွေးချင်ဘဲ ယိမ်းယိုင် မောလျလာသည်။ စဉ်းစားစမ်း၊ နည်းနည်းလောက် ဖြစ်ဖြစ် စဉ်းစားစမ်းပါ။ ဟင့်အင်း၊ ဘာမှ မစဉ်းစားချင်ပါ။ ခဏလောက် နားနေပါရစေ။ စဉ်းစားရခြင်း၏ ပင်ပန်းမှု ဒဏ်ကို အလျှော့ပေးကာ ပြန့်ကျဲနေသော သူ့စိတ်များကို ပေါ့ပါးသော တိမ်များဆီ မျောလွင့်ပစ်လိုက်မည့်ဆဲဆဲ ဖြစ်နေသည်။

သူ့ခါးပေါ်မှာ လက် တစ်ဖက်။ ဘယ်သူ့ လက်လဲ။ သူ့အိပ်ရာပေါ်မှာ ဘယ်သူ ရောက်နေတာလဲ။ အကြောက်တရား၏ လှုံ့ဆော်မှုကြောင့် သူ့ခေါင်းထဲမှာ သတိပေး ခေါင်းလောင်းလေးများ တစ်ပြိုင်တည်း မြည်လာတော့သည်။ ရှိသမျှအင်အား အသုံးပြု၍ သူ ရုန်းသည်။ သို့ရာတွင် မြဲမြံသော လက်ပိုင်ရှင်၏ ခွန်အားက သူ့ကြိုးစားမှုကို အချည်းအနှီး ဖြစ်စေသည်။ ယခုမှ သတိထားမိသည်။ ထိုသူ၏ လက်တစ်ဖက်သည် သူ့ခန္ဓာကိုယ် အောက်တွင် ရှိနေပြီး သူ့ခါးပေါ်မှ လက်နှင့် ထိုလက်ပေါင်းကာ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆက်ထားသောကြောင့် သူ ဘယ်လိုမှ ရုန်းမရခြင်းဖြစ်၏။

သူ ရယ်သံသဲ့သဲ့ ကြားရသည်။ သည်ရယ်သံနှင့် သူ ရင်းနှီးသည်။ သူ့နောက်မှ ဖက်ထားသူက လက်များကို ဖြေလျှော့လိုက်၍ သူ လျင်မြန်စွာ ကိုယ်ကို လှည့်ပြီး ထိုသူကို ကြည့်လိုက်သည်။ မင်းမင်း..။

“ငါလာမယ်လို့ မင်း မျှော်လင့်နေလို့ တံခါးချက် မချထားတာ မဟုတ်လား ဖြိုး”

မင်းမင်း အပြုံးက လှောင်ပြုံး။ မင်းမင်း နှုတ် ခမ်းများသည် အနိုင်ရသူ တစ်ဦးလို ကော့ညွတ်လျက်။ သူ ဘာဖြစ်လို့ တံခါးချက်ချဖို့ မေ့လျော့ခဲ့ပါလိမ့်။

“ရုပ်ရှင်ရုံထဲမှာ မင်း ရှိနေတာ ငါသိတယ်။ မင်း ငါ့ကို လိုအပ်နေတာ မဟုတ်လား”

မဟုတ်ဘူး၊ ငါ မင်းကို မလိုအပ်ဘူး မင်းမင်း။ သူ့ စကားသံများသည် လည် ချောင်းထဲမှာပင် ပျောက်ဆုံးသွားသည်။

မင်းမင်း မျက်လုံးတွင် မီးပွားသေးသေးလေးများ စတင် ဖြစ်တည်လာသည်။ သူ ကြည့်နေစဉ်မှာပဲ မီးပွားလေးများသည် လျင်မြန်စွာ ဖွဲ့စည်းပေါင်းစပ်ကာ မီးတောက်အဖြစ် အသွင်ပြောင်းသွားသည်။ မင်းမင်း၏ ခန္ဓာကိုယ်သည် ဗြုန်းခနဲ သူ့ခန္ဓာကိုယ်ပေါ် ရောက်ရှိလာခဲ့သည်။ မင်းမင်း နှုတ်ခမ်းများသည် စကားလုံးများ ပျောက် ဆုံးကာ စေးထန်း စေ့ပိတ်နေသော သူ့နှုတ်ခမ်းများကို ဖွင့်လှစ်ဖို့ ကြိုးစားနေသည်။ မင်းမင်း၏ ကိုယ်နံ့က သူ့ကို မူးယစ်ရီဝေအောင် ပြုစားနေသည်။ သူသည် လက်ရှိ အခြေအနေကို နားလည် အောင် ကြိုးစားရင်းရုန်းကန် အော်ဟစ်ဖို့ ကြိုးစားနေခဲ့သည်။ မအောင်မြင်ခဲ့ပါ။

“ကျေးဇူးပြုပြီး ငြိမ်ငြိမ် လေး နေပေးပါကွာ၊ ငါ မင်းကို ကမ္ဘာသစ်လေး တစ်ခုဆီ ပို့ပေးချင်လို့ပါ ဖြိုး”

မင်းမင်း လက်တစ်ဖက်က သူ့ရင်အုံပေါ်က တံခါးနှစ်ချပ်ကို ဖွင့်လှစ်ဖို့ ကြိုးစားနေသည်။ ထို့နောက် တဖြည်းဖြည်းချင်း အောက်သို့ လျှောဆင်းလာခဲ့သည်။ သူသည် မိုင်တိုင်များစွာ ဖြတ်သန်းပြီးသော အပြေးသမား တစ်ယောက်လို မောပန်းနေသည်။ မလုပ်နဲ့။ မင်း အဲဒီလို မလုပ်ပါနဲ့ မင်းမင်း၊ ယောက်ျားလေး အချင်းချင်းတွေကိုကွာ။ သူ့အသံများသည် မင်းမင်း နှုတ်ခမ်းများထဲ တိုးဝင်ပျောက်ကွယ်သွား သည်။ မင်းမင်း ငါ ပြောတာ ကြားရဲ့လား။ သူ အသက်ရှူ မဝတော့။ သူသည် မင်းမင်း၏ ကြမ်းတမ်းရိုင်းစိုင်းသော အနမ်းများ အောက်တွင် နွမ်းဖျော့ရီဝေလာသည်။ 

အိပ်မက်...။

အိပ်မက်တော့မှာလား။ 

ကိုယ်တိုင် အိပ်စက်ခြင်း ကြောင့် မက်တဲ့ အိပ်မက် မဟုတ်။

သူတစ်ပါး အိပ်ငွေ့ချမှု ကြောင့် မက်ရတဲ့ အိပ်မက်။ 

ဒါပေမဲ့ အိပ်မက် မက်ရ သူက ကိုယ်ပဲလေ။

အိပ်စက်ပြီဆိုမှ အိပ်မက်ကို ငြင်းနိုင်ဦးမလား။

အိပ်မက်။ ဟင့်အင်း... မင်းမင်း ပြောသော ကမ္ဘာသစ်။ မင်းမင်းသည် သူ အိပ်မက် မက်စေဖို့ တစ်ဆင့်ပြီးတစ်ဆင့် အိပ်မွေ့ချခဲ့သည်။ ယခုတော့ သူ၏ ခန္ဓာကိုယ်သည် မိုးသားပြာပြာဆီ တရွေ့ရွေ့ မြင့်တက်လျက်ရှိသည်။ တိမ်လွှာဖြူတန်းများနှင့် ရောင်စုံသက်တံများကို တရိပ်ရိပ် ကျော်ဖြတ်လာခဲ့သည်။ သူ ဘာလို့ မင်းမင်း ကို မငြင်းဆန်နိုင်ရတာလဲ။ ရုတ်တရက် သူ့ကိုယ်သူ နာ ကြည်းသွားသည်။ သို့သော် အိပ်မက်က ပေးစွမ်းသော သာယာမှုသည် အရာအားလုံးကို မေ့လျော့သွားစေနိုင်သော အစွမ်းမျိုးဖြင့် တငြိမ့်ငြိမ့် လွင့်မူးအောင် ဖန်တီးနေတော့သည်။

ဟိုးမှာ အမြင့်ဆုံး တိမ်လွှာတောင်ကုန်း။ ရင်းနှီး ကျွမ်းဝင်သော ထိုတောင် ကုန်းပေါ် ရောက်ပြီးလျှင် ဘာဖြစ်မည်ကို သူ သိပြီး သား။ မင်းမင်းက ထိုတောင်ကုန်းပေါ် လျင်မြန်စွာ ရောက်ရှိအောင် သူ့ကို ပို့ဆောင်ပေး လျက်ရှိသည်။ တောင်ကုန်းပေါ် ရောက်ရှိလျှင် လျှပ်ပြက်လိုက်သလို ချောက်ချားဖွယ် အလင်းကြောင့် သူ မိုက်ခနဲ ဖြစ်သွားသည်။ ထို့နောက် မျှော်လင့်ထားသလို တိမ်လွှာ တောင်ကုန်းပေါ်မှ အောက် သို့ ဗြုန်းခနဲ လွင့်စဉ်ကျသွားပါတော့သည်။

အနက်ရောင် ရင့်ရင့် စုတ်ချက် အထပ်ထပ် ဆွဲထားသလို အနက်ရောင်မှ တစ်ပါး အခြား အရောင် ကင်းမဲ့သော အနက်ရောင် လေဟာနယ်တွင် အချိန်ကြာမြင့်စွာ လွင့်မျောနေသော သူသည် ခပ်ဝေးဝေးမှာ အလင်း အစုအဝေးလေး တစ်ခုကို စတင် မြင်ရသောအခါ အလွန် ပျော် ရွှင်သွားသည်။ သူ အလင်း အစုအဝေးလေးကို ဖမ်းဆုပ်မိဖို့ အပြင်းအထန် ကြိုးစားနေသည်။ မိလုမိခင်မှာ ဝေးသွားပြန်သည်။ မရေတွက်နိုင်သော တစ်ကြိမ်မှာတော့ အလင်း အစုအဝေးလေးကို သူ ဖမ်းမိခဲ့ပြီ။

သူ့ခန္ဓာကိုယ်သည် ပေါ့ပါးလျက်ရှိသည်။ သူ့မျက်ခွံများကို ဗြုန်းခနဲ ဖွင့်လိုက် သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် စောင်မရှိ။ ထို့အတူ မင်းမင်းလည်း မရှိပါ။ သူ့ခန္ဓာကိုယ်ထဲတွင် အပူဓာတ်တစ်မျိုး ပျံ့နှံ့စီးဝင်လျက်ရှိသည်။ သူ့ နဖူးကို စမ်းလိုက်သည်။ သူ ဖျားနေပြီပဲ။ အာခေါင်များ ခြောက်သွေ့ကွဲအက်ကာ ပေါက်ထွက်သွားတော့ မလိုပါပဲ။ ရေတစ်ခွက် အမြန် သောက်လိုက်ရသည်။ သူ တံခါးပေါက်များကို စစ်ဆေးကြည့်သည်။ မည်သည့် တံခါးမှ ပွင့်မနေခဲ့ပါ။

သူ စာရေးစားပွဲဆီ လျှောက်လာခဲ့သည်။ စာရေး စားပွဲပေါ်တွင် အညိုရောင် ဒိုင်ယာရီ စာအုပ်လေး။ သူ့ ဒိုင်ယာရီစာအုပ်ထဲမှ ဘယ် စာမျက်နှာတွေကို ဖြူ ဖတ်ခဲ့တာလဲ။

“ငါ နင့်ကို ဒီလို မထင်ခဲ့ပါဘူး ဖြိုး။ နင့်အချစ်တွေဟာ ငါမဟုတ်တဲ့ တခြား တစ်ယောက်ဆီမှာ ရှိချင်ရှိ နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ တခြား တစ်ယောက်ဟာ မင်းမင်းလို့ ငါ မထင်ခဲ့ဘူး။ လူ့ပတ်ဝန်းကျင်က အဲဒီ အခြေအနေကို လက်ခံမယ် နင် ထင်လား။ ပြီးတော့ ငါ့ကို Propose လုပ်ထားတဲ့ မင်းမင်းက နင့်ကို လက်ခံမှာလား။ နင့်စိတ်တွေ ဘာကြောင့် အဲဒီလို ပြောင်းလဲသွားရတာလဲ။ ငါ့ကို ပြောပြစမ်းပါ ဖြိုး”

သူ့အချစ်ကို တိတ်တခိုး မျှော်လင့်နေသော ဖြူ့ မျက်ဝန်းများတွင် အလင်းတို့ မှေးမှိန်လာခဲ့သည်။ သူ့ကို မယုံကြည်နိုင်သလို ငေးကြည့်နေဆဲ အံ့သြဝမ်းနည်းနေပုံလည်း ရသည်။ အဲဒီနေ့က သူ အလုပ်ထဲ ရောက်မှ သူ့တိုက်ခန်းမှာ ဖုန်းကျန်နေခဲ့ကြောင်း သတိရသည်။ မင်းမင်းနှင့် အတူ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ဖြူက သူနေထိုင်ရာ ရပ်ကွက်ထဲ Marketing ဆင်းမည့်အကြောင်း လာပြော၍ သူ့ ဖုန်းယူခဲ့ပေးရန် အခန်းသော့ ပေးလိုက်သည်။ စားပွဲပေါ်မှာ ရေးလက်စ ဒိုင်ယာရီစာအုပ်ကို ဖွင့်လျက်သား ထားခဲ့မှန်း ဖြူနဲ့ ပြန်တွေ့မှ သူ သတိရသည်။

အဲဒီနေ့က ဖြူ့မေးခွန်းများကို သူ ဘာမှ မဖြေခဲ့ပါ။ အဲဒီ အဖြစ်အပျက် ဖြစ်ပျက်ပြီး ဖြူနှင့် မင်းမင်း ရှိနေသော ပတ်ဝန်းကျင်ကို သူ စွန့်ခွာခဲ့သည်။ သူ ဒိုင်ယာရီစာအုပ်ကို ဖွင့်ပြီး တစ်ခုခု ရေးဖို့ ကြိုးစားနေသော်လည်း မအောင်မြင်ပါ။ သူသည် ဖြူ ပြောခဲ့သလို လူ့ပတ်ဝန်းကျင်က လက်မခံနိုင်သော စိတ်တစ်ခုကို ပြောင်းလဲ မွေးမြူခဲ့သူလား။

သူ ဝရန်တာတံခါးကို ဆွဲဖွင့်လိုက်သည်။ မိုးနံနက်ခင်း၏ နုသစ်လတ်ဆတ်သော နေရောင်ခြည်သည် တိုက်တာအဆောက်အဦများနှင့် ကတ္တရာလမ်းမပေါ် လှပစွာ ဖြာဆင်းနေသည်။ ဝရန်တာတွင် သူ ပန်းအိုးဖြင့် စိုက်ပျိုးထားသော နှင်းဆီပင်မှ နှင်းဆီတစ်ပွင့် ပွင့်လာခဲ့သည်။ သူ့အခန်းသည် နေရောင်ကွယ်သည့် နေရာတွင် ရှိသဖြင့် တစ်နေ့တာလုံး နေရောင် မရရှိပါ။ သူနှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွဲ၏ ဝရန်တာများတွင် ပန်းအိုးလေးများ အစီအရီ။ ထိုပန်းအိုးများထဲမှ ပန်းများသည် လွတ်လပ်ပျော်ရွှင်စွာ နေရောင်ခြည်ကို သောက်သုံးနေကြသည်။

လမ်းမပေါ်တွင် လူများ စည်ကားစပြုလာပြီ။ ရောင်စုံ လူများသည် မတူညီသော ဦးတည်ရာဘက်ဆီ ပြိုင်တူ ရွေ့လျားနေကြသည်။ သူသည် လူများကို ကြည့်ရင်း၊ အရောင်များကို ကြည့်ရင်း အရောင်တစ်ရောင် ဖြစ်ချင်လာသည်။ တစ်ချိန်ကတော့ သူ အရောင်တစ်ရောင် ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုအရောင်သည် ပြောင်းလဲသွားခဲ့ပြီ။ သူ့တွင် ဖြစ်ပေါ်နေသော လက်ရှိ အရောင်သည် ဘာအရောင် ဖြစ်လိမ့်မလဲ။ သူသည် သူ့အရောင်ကို သိလိုစိတ် ပြင်းပြစွာဖြင့် အခန်းထဲမှ မှန် ရှိရာဆီ သွားပါသည်။ မှန်ကတော့ သူ ဘာအရောင်လဲ ဆိုတာ အရိုးသားဆုံး ပြောပြလိမ့်မည် ထင်သည်။ ။

 ⎕ ရဲစွမ်းနေ
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 
     ဩဂုတ် ၊ ၂၀၁၉

Wednesday, July 29, 2026

မှန်လိုက်တဲ့ အဖြေ


❝ မှန်လိုက်တဲ့ အဖြေ ❞
▢  ထွန်းသိန်းဦး ( ခေတ္တ - စင်္ကာပူ )

လက်ဆွဲအိတ်များ ၊ ခရီးဆောင်အိတ်များ စစ်ဆေးရသည့် လေဆိပ် check - in လုပ်သည့် နေရာတွင် လေဆိပ်အမှုထမ်းက ခရီးသည်တိုင်းကို မေးရသည် ။ ခရီးသည် တစ်ယောက်ကို ယခုလို မေးလိုက်သည် ။

“ ဒီအိတ်က လူကြီးမင်းရဲ့ အိတ်ပါလား ခင်ဗျာ ”

ခရီးသည်က ပြန်ဖြေသည်မှာ ...

“ ကျွန်တော့်အိတ် မဟုတ်ပါဘူး .. အဲဒါ ကျွန်တော့်ယောက်ဖဟာ ... ကျွန်တော့်ကို ငှားလို့ ယူလာတာပါ ”

Source : Reader's Digest, Classic Reads 18 ( Subscriber Edition, 2014 )

▢  ထွန်းသိန်းဦး ( ခေတ္တ - စင်္ကာပူ ) ဘာသာပြန်ပေးပို့သည် ။
📖 ရယ်စရာ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၅

ပေါင်သား လှီးသူ

❝ ပေါင်သား လှီးသူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ဟေ့ သာဒွန်းအောင် …”

ရမ်းဘိုကုန်းရွာလယ်ရှိ ဝတ်ကျောင်းငယ်အရှေ့ဘက်မှ တဲကလေးတစ်လုံး၏ ရှေ့တွင် ခေါင်းပေါင်း ဖိုသီဖတ်သီနှင့် လူတစ်ယောက်မှာ ယောင်ချာချာ ရပ်နေရသည်။ မွန်းလွဲ နှစ်နာရီခန့် ရှိနေပြီ ဖြစ်သဖြင့် အညာရပ်၏ ခက်ထန်သော နေက ပိုလို့ ပူပြင်းတောက်လောင်နေ၏။ ဖုန်နှင့် လူးသော ရွက်ခြောက်တို့သည် ပြေးလွှားနေ၏။ ချောင်းရိုးတစ်လျှောက်မှာ ဆိုးဝါးလှသည့် လေပူတို့သည် နွားခလောက်သံနှင့် ရောဖွဲ့ကာ ဝင်ရောက်လာသည်။

“ဟေ သာဒွန်းအောင် ဟေး သာဒွန်းအောင်”

တဲကလေးရှေ့တွင် နေပူထဲ၌ ယောင်ချာချာ ရပ်နေရသူက တဲ၏အတွင်းဘက်သို့ ငုံ့ကြည့်ပြန်၏။

“ဟေး သာဒွန်းအောင်တို့ မိထွေးတို့”

ထပ်မံ၍ ခေါ်လိုက်ပြန်သော်လည်း တုံ့ပြန်သော အသံက ထွက်ပေါ်မလာလေသောကြောင့် ..

“ဟာ ဒီကောင်ဟာ ဘယ်များ သွားနေပါလိမ့် ဟေး မိထွေး”

တဲရှင်ဖြစ်သော သာဒွန်းအောင်၏ မယားအမည်ကို ဟစ်ခေါ်လိုက်ပြန်သည်။

“တော်”

အတန်ကြာမှ ထူးသံထွက်လာကာ ထမီရင်လျားနှင့် အသက်အစိတ်ခန့်ရှိ မိန်းမငယ်တစ်ယောက်သည် တဲတွင်းမှ ပေါ်လာပြီး ..

“အော် ကိုဆေးရိုးလား လာလေ အထဲကို”

မိန်းမငယ်က ပွေလိမ်ပြေကျနေသော ဆံပင်နီကျင့်ကျင့် ကြေးနီရောင်အစုကလေးကို ပြီးစလွယ် ထုံးဖွဲ့ရင်းက ကိုဆေးရိုးအား တဲတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

“နေပါစေဟာ- မဝင်တော့ပါဘူး၊ နို့ နေပါဦးဟ နင်တို့ဟာက နေ့ခင်းကြောင်တောင်ကြီးတောင် ဘာလုပ်နေကြတာတုန်းဟ။ ခေါ်လိုက်ရတာလည်း လည်ချောင်းပဒေါင်း (ပုံတောင်း) လိုက်နေပြီ။ ပြီးတော့ ထွက်လာတော့လည်း ကိုးရိုးကားယားနဲ့ပါကလား”

ကိုဆေးရိုးက မိထွေးကို သေချာပတ်နပ်အောင် စူးစိုက်ကြည့်ပြီးမှ မိထွေး၏မျက်နှာကို မော့ကြည့်နေ၏။

“တော့် ဝါသနာတွေကို တော် လျှောက်တွေးနေတာကိုးတော့၊ နောက်ဖေးက ကင်မွန်းခါးပင်ရိပ်မှာ သက်ငယ်ပျစ်နေတာပါ”

“အော် အင်းအင်း သာဒွန်းအောင်ကကော”

“ဒီ အော့နာဝမ်းကျကို ပြောပဲ မပြောချင်ပါဘူး တော်။ တစ်နေ့လာလည်း သုံးပုံ၊ တစ်နေ့လာလည်း သုံးပုံ၊ သုံးပုံဝိုင်းမှာ ထမင်းစားခဲ့ပါလား။ နွားစာတောင်မှ ကလေးတစ်ဘက်နဲ့ ကျုပ်ကျွေးလို့ နွားတွေစားနေရတာ လှည်းတိုက်ကလေး ဘာလေးလိုက်ပါဆိုတာ တောင်မှ ဘာလေး ညာလေးနဲ့ ‘ဂျီရိပတ်တ’ များနေတာပဲ။ ကြာတော့ ကျုပ်ကလည်း စိတ်မရှည်တော့ဘူး တော့် … မြွေပွေးကြီး ထွန်တုံးလောက် ကိုက်ပြီး သေပါစေ ဆုတောင်းမိတယ် မသေဘူးတော် မသေဘူး”

“ဟယ် နင်ကလည်း”

မိထွေး၏ ဘွင်းဘွင်းကျစကားကို ကိုဆေးရိုးက ဟန့်တားလိုက်၏။

“နင်ပြောတာတွေ ဟုတ်တယ်ဟ၊ ဟုတ်ပေမယ့်လည်း ဒီလင်နဲ့ဒီမယားဆိုတာကလည်း ပြတ်နိုင်တာတွေ မဟုတ်တော့ အကြောင်းမသိရင် နင့်ကိုသာ အဆိုးဆိုကြမှာ”

“အို ဆိုကြပေါ့ မိထွေးအကြောင်း သိချင်ရင် ဝင်ပြီးစွက်ပေါ့”

မိထွေးမှာ စိတ်ဆိုးမာန်ဆိုးနှင့် ဒူးတလန် ပေါင်တလန် ဖြစ်လာကာ လက်သီးလက်မောင်းကို တန်းလာလေသည်။

“ငါလခွေးမှဘဲ နင့်မှာ ဒါတွေကြောင့် ခက်နေတာပဲ ဆိုလေ - ကဲလေ - မန်းလေ - ပြဲလေ”

“အခံရခက်လွန်းလို့ပါ ကိုဆေးရိုးရာ လင်မယား ရန်ဖြစ်ပလား။ ရန်ဖြစ်ရင် ဒီကောင်မ အဆိုးချည့်ပဲ။ ဒီကောင်မမှာဖြင့် နေအေးတုန်းမှာ ဝက်လာပင်တွေကို ရိတ်ထားပြီး ငှားသူရှိရင် သူများဆီမှာ အိုးကို အငှား ဖုတ်လို့၊ ငှားမဲ့လူ မရှိရင် သက်ငယ်ပျစ်ပြီး မဝတစ်လုတ် ဝတစ်လုတ် စားနေရတာကိုတော့ မသိကြတဲ့ အတိုင်းပဲ ဒီတော့ ကျုပ်ဆိုးသလားတော့ ကဲ”

“အေးပါဟာ တို့ကတော့ နင်မဆိုးမှန်း သိတာပေါ့ဟ”

ကိုဆေးရိုးက မိထွေး၏ စကားကို အလိုက်သင့် ထောက်ခံလိုက်ခြင်းဖြင့် သူမ၏ ခံပြင်းသော ဝေဒနာ လျော့ပါးသွားစေသည်။

“ငါလည်း ပြောပါတယ်ဟ ကနေ့ဆိုရင် ကျွန်းညိုကို လှည်းငှားလိုက်ဖို့ကိုတောင် ငါပြောထားလို့ လိုက်မယ် ပြောထားတယ်၊ အဲဒါကို ခုသွားတော့မလို့ လာပြီးသတိပေးတာ”

“အင်းအင်း တော့်မှာသာ သတိပေးနေ သူကဖြင့် သူ့သုံးပုံဖဲဝိုင်းကတောင် ထဦးမှာ မဟုတ်ဘူး”

“ကဲပါဟာ သွားခေါ်ချေပါ။ ငါလည်း သွားပြီး နွားစာကလေး ဘာလေး ထပ်ကျွေးလို့ တစ်အောင့်လောက် ကြာရင် လှည်းတပ်ပြီး လာခဲ့မယ် မြန်မြန်လည်း လုပ်ဟေ့”

ကိုဆေးရိုးက နေပူအောက်မှာ ရပ်လျက် ပြောဆိုပြီးသည့်နောက်တွင် လှည့်ထွက်ခဲ့လေသည်။ သာဒွန်းအောင်တို့ အိမ်ဝိုင်းထဲမှ ထွက်လာပြီး လှည်းလမ်းမှ မန်ကျည်းပင်ရိပ်အောက်သို့ အရောက်တွင် ခပ်သဲ့သဲ့မျှသော သုံးပုံဖဲရိုက်သံကို ကြားလိုက်ရသည်။ စကားပြောသံ၏ အဆုံးတွင် ဝေါခနဲ ဝိုင်းရယ်မောလိုက်ကြသော အသံကိုပါ ကြားရသဖြင့် ကိုဆေးရိုးမှာ ပြုံးမိလေ၏။

ဖဲတကာ ဖဲတို့တွင် သုံးပုံဖဲသည် တသသနှင့် လွမ်းလို့ အကောင်းဆုံးသော ဖဲမျိုးဖြစ်လေသည်။ တစ်အိမ်ကျယ်၍ တစ်လှည့်ပြီးသွားတိုင်း၊ မိမိတို့၏ အထေမှားပုံ၊ အတွေးမှားပုံများကို အသီးသီး ပြောပြကြကာ ဝါးခနဲ ဝါးခနဲ ရယ်မောကြလေ့ရှိ၏။ ပြီးခဲ့သော အမှားကို တမြေ့မြေ့သော နောင်တဖြင့် လွမ်းဆွတ်ရသော လူမိုက်ကျင့်ကို သုံးပုံဖဲကများ မျိုးစေ့ ချပေးလေရော့သလား။

သာဒွန်းအောင် နေ့စဉ် စွဲမြဲ သဲမဲလျက်ရှိသော သုံးပုံဝိုင်းမှာ သာဒွန်းအောင်တို့ အိမ်၏ တောင်ဘက် ငါးအိမ်ကျော်တွင် ရှိလေသည်။ ရွာကလည်း မျက်နှာချင်းဆိုင်အိမ်များ မရှိဘဲ ဘေးတိုက်ယှဉ်တန်းထားသော ရွာတံခွန်ကြီး ဖြစ်သဖြင့် အလှမ်းတော့ ဝေးသည်။ လေသင့်ပါမှ ဖဲဝိုင်းမှအသံ သဲ့သဲ့ကြားရ၏။

“တောက်”

သာဒွန်းအောင်မှာ အကြံရ ခက်နေ၏။ သူ့တွင် ဖဲနှစ်ဖူရနေပြီး ကျန်နှစ်ယောက်မှာ တစ်ဖူစီသာ ရကြသေးသည်။

“တောက် … မထောင်လည်းခက် ထောင်လည်းခက်နဲ့။ ထွက်သမျှတွေကလည်း ရှမ်းချည်းပါကလား”

“ထောင်နော် မထောင်ရင် မင်္ဂလာပဲဟေ့”

လက်တွင် ထုံးခွေကြီးများ ပြည့်ထပ်နေသော ဖိုးစိန်တုတ်ဆိုသူက လှန့်လိုက်လေသည်။

“ဟဲ ဟဲ ... ထောင်တော့ မထောင်နိုင်ဘူးဗျ”

ဖိုးစိန်တုတ်၏ လှန့်လုံးကို သာဒွန်းအောင်က တနှမ့်နှမ့်နှင့် ပြန်ပြီး ထေ့လိုက်သည်။ ဖိုးစိန်တုတ်၏ ဖြီးလုံးကို သိသောကြောင့်သာဖြစ်၏။ သာဒွန်းအောင်၏ လက်ထဲတွင် မင်္ဂလာမဆောင်နိုင်တော့သဖြင့် ပျက်သွားရသည့်ခြောက်အိုးနှင့် ချွန်း ရှိနေပြီး၊ မိုးကြိုးလုပ်နိုင်ရန် စီတင်းအကောက်တစ်ပြားနှင့် ထင်တစ်ချပ်ရှိနေပြီဖြစ်ရာ ဖိုးစိန်တုတ်၏ စကားကို မည်သို့လျှင် လန့်ပါမည်နည်း။

“ကဲဗျာ ရှောတိုးလာမလားလို့ စောင့်နေရတဲ့ မိုးကြိုးဗျ ...”

ပါးစပ်ကလည်း ဘေးကူ၍ စစ်ဆင်ရသည်။

“ဟဲဟဲ ဖူလုံပဲ ကြိတ်ရတော့တာကိုးဗျ ... ကဲ .. ဒီတစ်ပြားလည်း ထောင်လိုက်ဦးမယ်ဗျာ”

ဘုံးခနဲမြည်ကာ ထင်တစ်ချပ်က ကြမ်းပေါ် ကျလာသည်နှင့်တစ်ပြိုင်နက် ..

“အင်း ကျွတ်ကျွတ်ကျွတ် အကျိုးနည်းပြီဟေ့”

ကျန်ရိုက်ဖော်တစ်ဦးဖြစ်သူ ကိုပိတ်စက သူ၏ အထေမှား၊ အတွေးမှားမှုကို နောင်တရပြီး ညည်းညူ လိုက်ရှာသည်။

“မင်းမှ မှားတာမဟုတ်ဘူး ငါလည်း သွားပြီ။ ကဲ သာဒွန်းအောင် ကျယ်ပေတော့ဟ၊ ငါထင်တာက မင်းဟာ မိုးကြိုးချပြီးရင် ဗမာစုံတစ်ခုခု တိုက်မှာပဲဆိုပြီး ထေလိုက်တာ သွက်သွက်လည်ပြီဟေ့”

ဘကြီးဖိုးစိန်တုတ်က အဖူကို သာဒွန်းအောင်ဘက်သို့ ရွှေ့ပေးရင်း ပြောလိုက်ရာ -

“မကျယ်နိုင်ဘူးဗျ ကိုပိတ်စ ဘာဆွဲထားသလဲ”

“နှစ်ဘက်ကျန်တာပဲကွ။ ဒါပေမဲ့ ကြည့်လိုက်တော့ ရှမ်းတွေချည်းထွက်နေတာနဲ့ ထင်ပဲ ဆွဲတယ် ဟေ့”

“ဟောဗျ ဖိုးစိန်တုတ်ကကော”

“ငါလည်း ယင်းစုံကို ဖဲ့ထေလိုက်ရတာပေါ့ကွ”

“အမယ်လေး ကျယ်ပြီဗျ – ကျယ်ပြီဗျ” -

သာဒွန်းအောင်က ချွန်းကလေးကို နှီးချောဖျာပေါ်သို့ ဘုံးခနဲ ရိုက်ချလိုက်ပြီး ထ၍ခုန်လေတော့သည်။

“ချွန်းတဲ့ကွ ချွန်း ချွန်း” ဟူ၍လည်း အော်နေလိုက်သေး၏။

“ထင်တော့ထင်သားပဲကွ၊ ရှမ်းတစ်ပြားတလေ ခိုနေတတ်တယ်ဆိုတာကို ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ရှမ်းတွေ ထွက်နေတာက ကုန်သလောက် ရှိနေပြီကွ”

ကိုပိတ်စက သူ၏ အမှားကို တရားဝင်အောင် စကားပြေထိုးလိုက်သည်။ သူ့စကားအဆုံးတွင် အုံးခနဲ ရယ်သံက လွှမ်းချဲ့ကျယ်ပြန့်သွားပေ၏။

“ကဲ ဘကြီးဖိုးစိန်တုတ်က ကျွန်တော့်ဘက်မှာ လက်ကောက်တစ်ရံနဲ့ တစ်ဖက်ဆင်လိုက်ပါဦး”

“ကျုပ်ဘက်က ပစ္စည်းတွေကိုလည်း အတွက်ကျ ရွှေ့လိုက်ပါ”

“တယ် ငါလခွမ်းတဲ့မှပဲ၊ ငါက ပွဲစားဖြစ်နေမှကိုး”

ဖိုးစိန်တုတ်က သူ၏ လက်တွင် ထုံးမှတ်များ တို့နေရင်းက အသံတုန်ကြီးဖြင့် မကျေမနပ် ညည်းလိုက်ရာ အုံးခနဲ ရယ်သံ လွင့်သွားပြန်သည်။

“သာဒွန်းအောင်…”

သည်တစ်ခါ ခေါ်သံက ဖဲဝိုင်း၏ အပမှ ဖြစ်သောကြောင့် သာဒွန်းအောင်က နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ဟဲ့ ဘာလဲဟ”

“ကိုဆေးရိုးက ပြောသွားတယ် သွားရအောင်တဲ့”

“မသိဘူး ငါ့လာမပြောနဲ့”

သာဒွန်းအောင်က ကလေးဆိုးကြီးလို ခေါင်းကို ချာခနဲ လှည့်ပစ်လိုက်ကာ ဖဲကို ဆက်ပြီး မွှေနေလေသည်။ မေ့နေသော လှည်းတိုက်သွားရမည့်ကိစ္စက ခုမှ ခေါင်းထဲဝင်လာ၏။ သို့ပေမဲ့ သူ့ရင်ထဲတွင် အမည်မသိသော မကျေနပ်ခြင်းတစ်ခုက ဝင်ရောက်လာသဖြင့် လာပြီးပြောရှာသော မယားကို ကန့်လန့် ပြောပစ်လိုက်ခြင်းဖြစ်သည်။ မိထွေးကလည်း သာဒွန်းအောင်၏ ပြုမူပုံကြောင့် ရင်ထဲက အောင့်သွား၏။ သာဒွန်းအောင် ကလည်း သူ၏ ပျော်ရွှင်ကြည်နူးနေခြင်းကို လာရောက်ဖျက်ဆီးရမည်လား ဟူ၍ မကျေမနပ် ဖြစ်နေသည်။ သို့သော်လည်း သာဒွန်းအောင်မှာ ကြာမြင့်အောင် ကျောခိုင်း မနေနိုင်ပါ။

“မလိုက်ဘူးဟေ့ သွား”

“ဟဲ့ ဒါနဲ့ နင်လိုက်မယ်ဆိုဟဲ့”

“သွား နင့်မျက်နှာကို ကြာကြာ မကြည့်ချင်ဘူး၊ ငါ့ကို ထပ်ပြီးမပြောနဲ့”

“တောက် ဟင်း ... တယ်လေ ...”

အဘယ်မျှ ရက်စက်လိုက်သော စကားများပါနည်း။ အသက်ပေး၍ ကြင်ချစ်ရသော လင်သား၏ ထံမှ ထွက်ပေါ်လာသော ဤစကားသည် မယား၏ အသည်းကို ကိုင်ရမ်းနင်းချေလိုက်ခြင်းမျှသာ ဖြစ်၏။ သို့ကြောင့်ပင် မိထွေးက သူ၏ ဒေါသနှင့် ရင်၏ နာကျင်ခြင်းကို ကြိတ်မှိတ်မျိုသိပ်ကာ လှည့်ထွက်သွား လေသည်။

“တကတည်း ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက”

သာဒွန်းအောင်က ဖဲဝိုင်းမှ ထလာရင်း မကျေမနပ်နှင့် ရေရွတ်လေ၏။

“ဖြစ်နေလိုက်တဲ့ ရုပ်ကြီးက သူ့အမေ သေသလိုပဲ”

နေရိပ်များမှာ နည်းပါးလှသည်။ ရွာ၏ တောင်ဘက်ရှိ တောတန်းမှာလည်း ငြိမ်သက်သွေ့ဆိတ်လွန်းလှသည်။ နေရောင်အောက်ဝယ် ပုဆိုးကိုမျှ ခေါင်းမြီးခြုံဖို့ သတိမရ၊ သာဒွန်းအောင်က ပုဆိုးစုတ်ကို ပခုံးပေါ်တင်ပြီး နေပူကျဲကျဲထဲဝယ် အသက်မဲ့လှစွာဖြင့် လမ်းလျှောက်လာနေသည်။

သေဆုံးခဲ့ရပြီကော။

သာဒွန်းအောင်၏ ဘဝက အများနည်းတူ ကြေပျက်ဆုံးပါးခဲ့သည်မှာ ကြာပါလေပြီ။ တကယ်တော့မူ အသက်မပျောက်လေသေးသောကြောင့် လှုပ်ရှားနေရ၏။ အသက်မဲ့သော လှုပ်ရှားခြင်းက အဘယ်မှာ သန်စွမ်းနိုင်ပါမည်နည်း။

လယ်သမားကြီး ဖိုးရွှေသီးနှင့် လယ်သူမကြီး မယ်မင်းဘုံတို့မှာ လယ်သမားကလေး သာဒွန်းအောင်၏ မိဘနှစ်ပါးဖြစ်သည်။ အဖေတို့၏ လယ်သမားဘဝကို သာဒွန်းအောင်က သွေ့ရိုင်းသော မြက်ခြောက်တောပမာ မြင်ခဲ့ရ၏။

“ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား...”

အဖေ လယ်သမား၊ သား လယ်သမား၊ အဖေလည်း ငတ်၊ သားလည်း ငတ်၏။ လွမ်းပုံဟောင်းကို ထပ်လောင်းရွတ်ဆိုရပါလျှင် ဖိုးရွှေသီးတို့၏ ဓားမဦးချ လယ်ကလေးတွေပြုတ်ပြီး ကြွေးနှောင် အထပ်ထပ်တို့ ရစ်ပတ်ခြင်းခံရမှုမှာ စတီးဘရားသား စသော ဗမာ့ ဆန်စပါးဈေး ချုပ်ကိုင်သူများ၏ စပါးဈေးနှိမ့်ချမှုကြောင့်ပင်ဖြစ်သည်။ ဒီနှစ် သာဒွန်းအောင် လယ်ကို စွန့်ပစ်လိုက်တာကလည်း စပါးဈေးနိမ့်ကျလွန်းသောကြောင့်ပင် ဖြစ်၏။ မိုးသုံးနှစ်ဆက် ခေါင်၍ မျိုးသာသာမျှသာ ရသော လယ်ထွက်စပါးက ၂၈၅ိ သော စပါးဈေးအောက်ဝယ် ပက်လက်မျောရတော့သည်။ လင်မယား နှစ်ယောက်လုံး၏ ကူလီခက ဘယ်မှာလဲ။ နွားနှစ်ကောင်အတွက် ကူလီခကကော ဘယ်ရောက်သွားပြီနည်း။ တစ်မိုးလုံး တစ်နွေလုံးနှင့် ကောက်မရိတ် မချင်း စားခဲ့ရသော ထမင်းဖိုးကလည်း ရှုံးလိုက်ပြန်သေးသည်။

“ငါတို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေသွားကြရတော့မှာလား”

ဟုတ်ကဲ့ ဒီလိုသာပဲ သေသွားကြပါတော့လေ။ ဒီဝဋ်မှ လွတ်စေကျွတ်စေရန်အတွက် မြေကြီးဆုံးအောင်ပဲ ပြေးသွားပါဦးတော့၊ ဒီလိုနဲ့ပဲ သေရပါမည်၊ မှန်သည်၊ ထူးခြားချက်ကကော ရှိနေပါသေးသလား။ စိတ်ဓာတ်၏ ကျဆင်းမှုနှင့်အတူ လူသားတိုင်း၏ ဆုတ်နစ်သော လုပ်အားများကလည်း လူ့လောက၏ တစ်ခုသော အစွန်သို့ ပြေးထွက်ကုန်ကြရပေပြီ။

ဒါကိုတော့ သာဒွန်းအောင်ကိုပင် လက်ညှိုးညွှန်ရပေမည်။

လယ်ပြင်သို့ ရောက်တိုင်း ရောက်တိုင်းပင် သာဒွန်းအောင်အတွက် အမင်္ဂလာနှင့် ကြုံဆုံရသည်။ ညောင်ပင်ခြေရင်းဝယ် ပစ်လှဲလို့သာ ထိုင်ချလိုက်မိသည်။ ဟစ်၍ဟစ်၍ ငိုလိုက်ချင်ပါ၏။ မျက်ရည်က မယိုစိမ့်လာနိုင်။ ရင်တွင်းဝယ် ကြမ်းသောလက်ကြီး အစုံဖြင့် ဆုပ်ကိုင်မွှေရမ်းခံရသလို နာကျင်ဆို့နင့်နေရသည်။ ခြေသလုံး တစ်ပတ်ရစ်မြှုပ်အောင် ထွန်ယက်ခဲ့ရသော သမန်းပြင်က သာဒွန်းအောင်၏ အသည်းစိုင်ကို ရွှင်လန်းအောင် ဖန်တီးမပေးနိုင်၊ သွေ့ခြောက်နေသော အသွင်၊ ဝါကျင်နေသော အဆင်း၊ လိမ်ကွေးနေသော ရုပ်ပြဖြင့် ဝမ်းနည်းသူကိုမှ ငိုချင်အောင်ပြောင်စ နေသော ကောက်ပင်တောက ကြည့်လိုက်တိုင်းလျှင် ရင်ဝယ်ဆို့နင့်သွားစေလေ၏။

ဒါကို မက်မောခင်တွယ်နေလို့လည်း သုညတွင်းမှ အရေအတွက် ထုတ်ယူမရနိုင်သောကြောင့် မိမိ၏ ချောင်လည်ရေးကို ရှာကြံရတော့သည်။ စင်စစ်တော့ လူပေါ်လူကြော့ အလုပ်ဟူ၍ ခေါ်ဆိုလိုကလည်း ခေါ်ဆိုနိုင်ပါသေး၏။ ထို့ပြင် ခေါင်းပုံဖြတ်၊ လှီးစား၊ ဖြတ်စား။

သာဒွန်းအောင်မှာ လှည်းတစ်စီးဖြင့် နီးဝေးနှံ့စပ် လှည့်ပတ်သွားလာနေသည်။ အပေါင်းအသင်းများရှိရာ ကိုင်းထဲကျွန်းထဲသို့ သွားရင်း ကိုယ့်နွားကို ကြိုက်လည်း မကြိုက် ငွေများများစားစား ပေးပြီးလည်း အစား မဝယ်နိုင်သော သူများထံမှ အလိုက် ငွေပိုကလေး အသင့်အတင့်ရ လျှင် သာဒွန်းအောင်က သူ့နွားနှင့် လဲလှယ်လိုက်၏။ နွားကောင်လုံးလည်း မပျောက် ငွေလည်း ရသော အလုပ်မို့ တစ်ဖက်တစ်နည်းချောင်လည်စေသော နည်းပင်ဖြစ်သည်။ ဤသည်ပင် ‘ပေါင်သားလှီးခြင်း’ ဟု ခေါ်ဆိုကြပေ၏။

“သာဒွန်းအောင်ရာ … မစားရလည်း နေပါစေဟာ ... ဒီနွားတွေကိုတော့ မလဲပါနဲ့တော့”

မိထွေးက နွားတင်းကုပ်တွင်းရှိ ဖီးဖီးကြော့ကြော့ နွားထီးကြီး နှစ်ကောင်ကို ကြည့်ပြီး သာဒွန်းအောင်ကို တောင်းပန်လိုက်သည်။

“အံမာ … နွားခိုက်လို့ မွဲမှာသေမှာကိုများ ကြောက်သေးသလားဟ။ ဒါထက်ကော မွဲနိုင်သေးသလား။ သေသွားတော့ကော ဒီသောက်ငတ်သောက်မွဲဘဝကို မက်နေသေးသလားဟ။ စောစောသေရင် စောစော ဝဋ်ကျွတ်တာပေါ့ဟာ..”

အံကိုကြိတ်၍ လက်သီးကိုဆုပ်ပြီး “ဟဲ့ လောကဓံ နင်ဟာ ဒါထက်မွဲအောင် တတ်နိုင်သေးရဲ့လား” ဟု မထေမဲ့ဝှန်ကြိမ်းဝါးလိုက်သံမှာ ငိုသံစွက်သော သံတုန်ဆွေးကြီးက ရင်တွင်းဝယ် အဘယ်မျှ နာကြည်းနေကြောင်းကို ဖော်လှစ်နေပေသည်။

“ကြောက်တာပေါ့ဟာ ... နင် တညောင်ရွာက ငါးဆယ်အလိုက်ရလို့ လဲလာတဲ့ နွားကြီးတုန်းကများ ငါဖြင့် အစာတောင် မကျွေးဝံ့ဘူး။ သူ့ကို ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် ဆောင့်ဆောင့်ကြီး ထိုင်နေတာပဲ”

ခြင်္သေ့ထိုင် ထိုင်သောနွားကို နွားဘီလူးသခင် သေတတ်သည်ဟု ပြောစမှတ်ပြုကြသော်လည်း သာဒွန်းအောင်တို့လင်မယားမှာ သေလည်း မသေ၊ နာလည်း မနာခဲ့၊ ဂြိုဟ်ဆိုးကံဆိုးတွေ ထူထဲစွာ ဝန်းဆို့နေသည့် အထဲသို့ အသေးအဖွဲ့ကိစ္စကလေးက တိုးနိုင်ဟန် မတူ။

အိမ်သို့ သာဒွန်းအောင် တစ်ခေါက်ပြန်လာတိုင်း မိထွေးမှာ ရင်ကိုမ ဘုရားကို တရသည်။ ဟုတ်သည် မ, ရပေမည်။ တစ်ခါပြန်လာလျှင် နွား၏ အမြီးကြီးမှာ မြေကို ဒရွတ်တိုက်လျက်သားပါလာသည်။ မွဲပင်မွဲသော်လည်း မိထွေးက မွဲဆိုသော စကားလုံးကိုတော့ ကြောက်ရွံ့လှသည်။ နွားတံမြက်လှဲ၊ အိမ်တံမြက်လှဲ ချွတ်ခြုံကျအောင် မွဲ ဆိုမဟုတ်လား။ ရင်ပုံကြား၊ လက်ကြား၊ မျက်ကြားဘဲ၊ နံနိမ့်စသည်ဖြင့် သူတစ်ပါး ရှောင်သမျှ နွားတို့သည် သာဒွန်းအောင်၏ နွားတင်းကုပ် အတွင်းသို့ ဝင်လိုက်ထွက်လိုက်နှင့်။ ကြာတော့လည်း မိထွေးမှာ ရိုးသွားတော့သည်။ ရိုးသွားရုံသာ မဟုတ်၊ ကိုယ့်လက်ထဲက နွားကို အခြားလဲလှယ်လိုသူ၏ အမြင်တွင် စိုပြည်ဝဖြိုးနေပါမှ အလိုက်များ များရမည်ဟူသော အသိက မိထွေးအား ရောက်လာသမျှ နွားများကို အရိပ်တကြည့်ကြည့် ကျွေးမွေးနေအောင် စေ့ဆော်ပေးလေ၏။

တစ်နေ့။

“သာဒွန်းအောင် … သာဒွန်းအောင် - ဟဲ့ ဟဲ့”

မိထွေးက နွားတင်းကုပ်ထဲမှ နေပြီး အလန့်တကြား အော်သောကြောင့်

“ဟ ဘာတုန်း ဘာတုန်း ဘာဖြစ်တာလဲဟ” 

သာဒွန်းအောင်မှာ တဲထဲမှ ပြေးထွက်လာ၏။ မိထွေးကိုကြည့်လိုက်တော့ ပါးစပ်အဟောင်းသား၊ မျက်လုံး အဝိုင်းသားနှင့် ထိတ်ရွံ့အံ့သြနေသည်။

“မိထွေး ဘာလဲဟင်”

“နင် လဲလာတဲ့နွားကို သေသေချာချာကြည့်ပါဦး”

“ဘာဖြစ်လို့လဲ”

သာဒွန်းအောင်က သေချာပတ်နပ်စွာ ကြည့်ပြီးမှ လဲခဲ့သော နွားဝါကို တစ်ဖန် ပြန်ကြည့်လိုက်ရပြန်သည်။

“ငါလည်း နွားပိုက်ပဲ အောင်းမေ့ပြီး အစာကျွေး နေတာဟ၊ အဲဒါ ငါအစာကျွေးနေတုန်း၊ သေးပေါက်တော့ ငါလည်းထိတ်ပြီး အော်မိတာဟ၊ သေးပေါက်တာက ဗိုက်အောက်က မဟုတ်ဘူးဟ၊ အမြီးကို မပြီး နောက်က ပေါက်တာ”

“ဟေ”

သာဒွန်းအောင်ပါ ပါးစပ်ပြဲရပြန်တော့သည်။

“ဟင်း ... ကြည့်စမ်း”

မိထွေးက အမြီးကို ဆွဲလှန်ပြလိုက်သည်။ နွားမမှ နွားမအစစ်၊ သို့သော်လည်း ထူးဆန်းသော နွားမပါ တကား။ အမြီးကိုသာ လှန်မကြည့်ရင် ဘယ်နွားဝိဇ္ဇာပဲ ဖြစ်ဖြစ် နွားမဟု မပြောနိုင်။ ချိုကားကြီးနှင့် စွင့်နေအောင် သရုပ်ဆောင်ထားသည်။ အလျားကောင်း၏။ ကဲလား ကောင်းသည်။ ခွာကျတာကအစ နွားပိုက် (နွားထီး) ပင် ဖြစ်၏။ ဗိုက်အောက်မှာလည်း နွားထီး၏ ကျင်ချောင်းပါသည်။ သို့သော် ဤပစ္စည်းမှာ အတု ဖြစ်သည်။ အရေခွံအတန်းကလေးနှင့် ရှုံ့တွတွ အရေခွံဖုဖုကလေးများမှာ နွားထီးအသွင်ကို ဖန်ဆင်းထားသည်။ တကယ်တန်း ကျင်ငယ်စွန့်ခါမှ ဘွားဘွားပေါ်ရခြင်းဖြစ်၏။

“အသာနေ အသာနေ လူကြားသွားမယ်”

သာဒွန်းအောင်က မျက်ကလဲဆံပျာနှင့် လက်ခါခါ ခြေခါခါ ပိတ်ထားလိုက်သည်။ သို့တစေလည်း အခါတိုင်းမူ ကိုယ်က အလိုက်ရနေကျ သာဒွန်းအောင်မှာ ဒီတစ်ချီတော့ ငွေအစိတ်လိုက်ပြီး မြောက်ခွင်သားတစ်ယောက်၏ လက်သို့ ထည့်လိုက်ရသည်။

လွန်ခဲ့သော တစ်လခန့်က နောက်ဆုံးရောက်လာသောနွားကြီး တစ်ရှဉ်းကို မိထွေး မြင်ရသောအခါ ‘သာဒွန်းအောင်ရာ ဒီနွားကြီးတစ်ရှဉ်းကိုတော့ မလဲပါနဲ့ ဟာ’ ဟူ၍ ဆိုလာတော့သည်။ အသွေးညီအမွေးညီ နှင့် နွားပြာညိုကြီးတစ်ရှဉ်းမှာ ဝမ်းဗိုက်ကားကား လည်မော့မော့နှင့် ကြော့ကြော့ရှင်းရှင်း ခန့်ခန့်သန့်လှပေရာ မိထွေးက မလဲစေချင်တော့ပေ။ အစားကလည်း ကောင်းလှသမို့ ဒီနှစ်ကောင်ကိုသာ လဲမယ် ဆိုရင်တော့ ရှုံးမှာပဲဟု ယူဆကာ ကန့်ကွက်ခြင်းဖြစ်၏။

“ကိုင်း ဒါဖြင့်လည်း လှည်းငှားကလေး ဘာကလေး လိုက်ရှာပေတော့”

လှည်းတိုက်မှာ လိုက်ရတစ်ချက် မလိုက်ရတစ်ချက်နှင့်အားလပ်ချိန်က များလာသောအခါ ကိုငွေကိုင့်အိမ်မှ သုံးပုံဖဲဝိုင်းကို သွားကြည့်မိတော့သည်။ သူများ ရယ်မောလို့လည်း ဘာကြောင့် ရယ်မှန်းမသိ အငေးသားနှင့် ထိုင်နေရာက ရှမ်းဗမာ ခွဲတတ်လာသည်။ တဖြည်းဖြည်း ထေတတ်တွေးတတ်လာသော အခါ ဝင်၍ ကစားမိပေ၏။ ဖဲမှာတစ်ထုပ်ပဲ ရှိသည်။ ကစားချင်သူက အများကြီးမို့ တစ်ယောက်ထနိုး တစ်ယောက်ထွက်နိုးနှင့် တစ်နေကုန်လို့ တစ်ခါမှ မကစားရဘဲ ပြန်လာရသောအခါများတွင် ရင်ထဲမှာ မအီမသာကြီးဖြစ်နေရသည်။ တစ်နေ့လုံး ဖဲမကောင်းသဖြင့် အရှုံးနှင့် ပြန်လာရသော ကာလများဝယ် ငိုချင်သလို ဆဲချင်သလိုနှင့် ဖြစ်လာရကာ မိထွေး ကပါ ဆီးကြိုဆူ ပူလိုက်ပါမူ မီးတောက်ကြလေသည်။

ဖဲဆိုတာမျိုးကလည်း ကြီးမားသော ညို့ဓာတ် ပြင်းထန်လှပေ၏။ မယား ဆိုတာမျိုးကလည်း ပါးစပ်ကသာ ‘မောင့်ကို ဓားနဲ့မိုးရင် ခါးထိုးလို့ ခံပါ့မယ်’ ဆိုသော်လည်း မလုပ်မကိုင် သုံးပုံဖဲဝိုင်း၌ ရစ်မူးဖန် များသောကာလ၌ ငြူစူဆောင့်အောင့် လာစမြဲပင်။

လူသားတစ်ယောက်၏ အကျင့်စာရိတ္တ ပျက်ယွင်းမှုမှအစ တိုင်းပြည်တစ်ပြည် ဆုံးပါးစေရေးအထိ ချုပ်နှောင်ဖမ်းစားနေသော ငွေဆက်ဆံရေး လောကဝယ် ငွေကြေးကြပ်တည်း၊ ကျဉ်းမြောင်းခြင်းက သာဒွန်းအောင်တို့ အိမ်ထောင်အတွက် ပွေလိမ်ယှက်ထွေးသော ဆူးညှောင့်များ ဖြစ်လာရ၏။ စီးပွားရေး ကြပ်တည်းလျှင် မယား၏ ပီယဝါစာသည်လည်း လင့်အတွက် မိုးကြိုးသံဖြစ်၏။ လင်၏ ယုယပိုက်ဖြားမှုသည်လည်း မယားတွင် ရိုက်ပုတ်ကန်ကြောက်ခြင်း ဖြစ်စေ၏။

ဤသို့သော ကားချပ်ကို ခံထားသော သာဒွန်းအောင်တို့၏ ရုပ်စင်ဝယ် သာဒွန်းအောင်၏ တဒင်္ဂပီတိကို ဖြစ်မှုကို လာရောက်ဖျက်ဆီးသော မိထွေး၏ မျက်နှာကို မကြည်ချင်ဘူးဆိုသည်မှာ မှန်ကန်လှပါပေသည်။

“တို့တစ်တွေဟာ ဒီလိုနဲ့ပဲ သေကြရတော့မှာလား” 

သာဒွန်းအောင်မှာ ပူပြင်းလှသော နေအရှိန်ကိုမှ အမှတ်ထားမိပါစ၊ ကျိုးနေသော ဇက်နှင့် ခြေက တစ်လှမ်းချင်းလှမ်းလာနေပါ၏။တကယ်တော့မူ သေဆုံးကြေပြုန်းခဲ့ရသည်မှာ ကြာလေပြီကော၊ စီးပွားပျက်ခြင်းသည် တရားလမ်းကျနခြင်းကင်းမဲ့စွာ ဖိစီးလာသော ကာလဝယ် လူသားတို့၏ တန်ခိုးအင်အားသည် ကျဆင်းကုန်ခမ်းရကာ တက်ကြွခြင်း ကင်းလာရ၏။ အမှောင်မဲမဲတွင်းဝယ် ဒါသည်ပင် သေခြင်းမည်ပေ၏။

“ဟေ့ သာဒွန်းအောင် လုပ်လကွာ”

တဲရှေ့သို့ ကိုဆေးရိုး၏ လှည်းက ထိုးရပ်လိုက်သည်။ ကိုဆေးရိုး၏ လောတိုက်သံကပါ ညံလာ၏။ ကိုဆေးရိုးက သူ့လှည်းပေါ်တွင် တင်ပလ္လင်ခွေပြီး ဆေးလိပ်မီးညှိနေစဉ်တွင် သာဒွန်းအောင်က နွားပြာညိုကြီးနှစ်ကောင်ကို ရှေ့မှ တစ်ကောင်ကို မောင်းပြီး နောက်မှ တစ်ကောင်ကို ဆွဲယူလာရာ ဘို့ခပ်ထွားထွားနှင့်နွားကြီးမှာ သူ့အလိုအလျောက် သူ့အတိုင်ဘက်သို့ သူ ဝင်သွားတော့သည်။ အလှည့်ဘက်မှ ဂျိုကားကြီးကလည်း လှည်းထဲသို့ တည့်အောင်ပင် မဝင် ထမ်းပိုးအောက်လို့သာ အတင်းခေါင်းလျှိုလိုက်၏။ သာဒွန်းအောင်က ထမ်းပိုးကြိုးကိုပတ်၊ လှည်းဒေါက်ကို ဖြုတ်၊ ကန်ကြိုးနှစ်စကို လှည်းပေါ်သို့ ပစ်တင်ပြီး နှင်တံကို ဝင့်လျက် မောင်းလိုက်သောအခါ နွားကြီးနှစ်ကောင်မှာ လှုပ်ရုံမျှပင် မလှုပ်။

“ဟဲ့ အောင်မယ် … မကြားဘူးလားဟ”

သာဒွန်းအောင်က အလှည့်ဘက်မှ နွားကြီးကို ဖတ်ခနဲ နှင့်တံဖြင့် တို့လိုက်ရာ၊ လှည်းထမ်းပိုးမှာ ညာဘက်သို့ စောင်းသွားတော့သည်။

“ဟ ဒီနွားကြီးကကော သေချင်ပြီလား”

တစ်ဖန် အတိုင်ဘက်မှ နွားကြီးကို အသာကလေး တို့လိုက်ပြန်သည်။ နွားကြီးက မလှုပ်၊ စားမြုံ့ပြန်ပင် မပျက်။

“ဟဲ့”

နောက်တစ်ချက် ခပ်ပြင်းပြင်းကလေး ချလိုက်ပြန်သော်လည်း ဘို့ထွားကြီးမှာ လှုပ်လည်း မလှုပ်၊ အမြီးကလေးသော်မှ မခပ်ဘဲ လေးဘက်ခွာစုံ ကား ခံနေသဖြင့်၊ အဆဲမျိုးစုံနှင့် ရိုက်သံတို့သည် ဆက်ကာဆက်ကာ ထွက်ပေါ်လာ၏။

နှင်တံတစ်ချောင်းလုံးမှာ သေးသေးမျှင်မျှင်ကလေး တွေ ဖြစ်သွားသည်အထိ ကွဲကြေကုန်သည်နှင့် အညီ၊ ဘို့ထွားကြီး၏ ကျောတပြင်လုံးမှာလည်း ကြိမ်ရာတို့သည် အမြှောင်းအမြှောင်း အစင်းလိုက် အစင်းလိုက် ထပ်စီနေလေသည်။

“ကိုင်းဟာ ... ကိုင်းဟာ ...”

နှင်တံကို အဖျားမှ ကိုင်ပြီး အရင်းပိုင်းဖြင့် ဆက်ကာဆက်ကာ တအားရိုက်ပြန်သော်လည်း စဉ်းငယ်မျှ မရွေ့ အရင်းပိုင်းသာ ကွဲမှုန်ကြေမွသွားလေသည်။

“ကိုင်း … သိကြရောပေါ့ကွာ ... နင်ကပဲ ရွတ်သလား၊ ငါကပဲ ရွတ်သလား စမ်းကြတာပေါ့”

သာဒွန်းအောင်က ခြင်မီးထည့်ဖို့ ရှာထားသော ထန်းရွက် တစ်ချပ်ကို ဆွဲယူလာပြီး မီးရှို့ကာ ဘို့ထွားကြီး၏ ဗိုက်အောက်သို့ ထိုးသွင်းလိုက်၏။ ဝမ်းဗိုက်ရှိ အမွေးများကို အရှိန်ပြင်းစွာ မျိုဝါးသွားရုံမျှမက၊ အရေခွံတစ်ခုလုံးပါ မည်းခြစ်သွားပြီ။ သာဒွန်းအောင်က ဘို့ထွားကြီးကို မော့ကြည့်ပြီး။

“ကိုင်း ငါမှန်းသိပလား”

ကြိမ်းလို့သာ ကြိမ်းရသော်လည်း ဘို့ထွားကြီးမှာ နေရာမျှပင် မရွေ့ ၊ ကိုဆေးရိုးမှာမူ လူမိုက်နှင့် နွားမိုက်တို့၏ အစွမ်းပြိုင်ပွဲကို အံ့သြထိတ်လန့်စွာ ငေးကြည့်နေရှာပေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၅၊ ဩဂုတ်