Wednesday, July 1, 2026

ကံကြမ္မာမုန်တိုင်း ရိုင်းချင်တိုင်း ရိုင်းခဲ့လေပြီ ...


❝ ကံကြမ္မာမုန်တိုင်း ရိုင်းချင်တိုင်း ရိုင်းခဲ့လေပြီ ... ❞
( ကိုကိုကျော် - မန္တလေး )

“ အမေနဲ့ ဘာဆိုင်တော့တာ မှတ်လို့ ။ မသွားချင်ပါနဲ့တော့ အမေရယ် ” လို့ သမီးက တားလို့လည်း မရ ။ သားက ဆွဲထားပြန်တော့လည်း ဇွတ်ထွက် ။ သမက်တွေ ၊ ချွေးမတွေ ၊ မြေးတွေက ပြောပြန်ရင်လည်း နားမထောင် ။ အချိန်ကျလာပြီ ဆိုရင် အထဲမှာ ဘာမှ မပါတော့သည့် လွယ်အိတ်ကလေး ကောက်လွယ်ပြီး ( အရင်တုန်းကတော့ ဒီလွယ်အိတ်ကလေး ထဲမှာ လက်မှတ်ထုပ်ကလေးတွေပါသည် ။ နေ့စွဲရိုက်တဲ့ စက်ကလေးပါသည် ။ မှင်ခံခွက်ကလေးပါသည် ။ လက်မှတ်ခ ပြန်အမ်းရန် အကြွေစေ့ကလေးတွေပါသည် ။ ) ဆောင်းနေကျ နှီးခမောက်ကလေး ကောက်ဆောင်းကာ တစ်မိုင်ခန့်ဝေးကွာသော ရထားသံလမ်း အရှေ့ဘက်ရှိ မူလဇရပ်ဟောင်းကလေးဆီသို့ ထွက်ခွာသွားမြဲပင် ။ ဇရပ်ကလေးနှင့် မျက်စောင်းထိုး ရထားသံလမ်း အနောက်ဘက်တွင်တော့ “ သာလှိုင်း - ရုံးသာ ဘူတာ ” ရုံအသစ်ကြီးက ခံ့ခံ့ ထည်ထည်ကြီး ပေါ်ထွက်နေခဲ့ပါပြီ ။

“ သာလှိုင်း - ရုံးသာဘူတာ ” တဲ့လား ... ။ ဒေါ်ဝင်းမြိုင်တို့၏ ရွာနာမည် “ သာလှိုင်း ” ဆိုတာလေး ပါပေသေးလို့သာ ဖြေသာနိုင်ခဲ့ပါသည် ။ “ သာလှိုင်း ” နာမည်လေးကို ရှေ့ကနေ ထားပေးပြီး ဦးစားပေးထားတာ ဆိုပြန်တော့လည်း ကျေနပ်ရမှာပေါ့ လေ ။ “ ရုံးသာ - သာလှိုင်း ဘူတာ ” လို့ အမည်တွင်တော့မှာ လိုလို သတင်းတွေက ထွက်လိုက်သေးသည် ။ မြန်မာ့မီးရထား ဝန်ကြီးမင်း ကယ်ပေလို့သာ “ သာလှိုင်း - ရုံးသာဘူတာ ” ရယ်လို့ အတည်ဖြစ်သွားခြင်းဖြစ်သည် ။

ကံအဆုံးအဖြတ်ကို ခံယူရခြင်းသည် အရာရာတိုင်း အတွက် ဖြစ်သင့်ပါသလား ။ ဒေါ်ဝင်းမြိုင်တို့ သာလှိုင်းရွာ အဖို့တော့ ကံအဆုံးအဖြတ်ကို ခံယူလိုက်ရခြင်းသည် နစ်နာလွန်းလှပါသည် ။ အပြိုင်အဆိုင် အတိုက်အခိုက်တွေက ရှိလာပြန်တော့လည်း လူကြီးများ ဆုံးဖြတ်သည့်အတိုင်း နာခံခဲ့ရပြန်သည် ။

ဒေါ်ဝင်းမြိုင်တို့၏ သာလှိုင်းရွာလေးသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝက်လက်မြို့နယ် အတွင်းတွင် တည်ရှိသည့် ရွာကလေး ဖြစ်ပါသည် ။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပေါ်ရှိ ပေါက်ကန်ဘူတာနှင့် ဝက်လက်ဘူတာအကြား အလယ်တည့်တည့်လောက်တွင် တည်ရှိခြင်း ဖြစ်ပါသည် ။ သို့သော် ရထားသံလမ်းဘေး ကပ်လျက်တွင် တည်ရှိခဲ့ခြင်း မဟုတ်ပါ ။ ရထားသံလမ်း၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိခဲ့ခြင်းဖြစ်ပါသည် ။ သာလှိုင်းနှင့် အရှေ့အနောက် တည့်တည့် ရထားသံလမ်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင်တော့ ရုံးသာရွာ တည်ရှိခဲ့ပါသည် ။ ၁၉၆ဝ ဝန်းကျင်အချိန်တွေတုန်းက တောခေါင်ခေါင် ရွာငယ်ဇနပုဒ်ကလေးတွေ ဖြစ်ခဲ့ကြပါသည် ။

ရထားဖြင့် ခရီးသွားလို လျှင် ၅ မိုင်စီ ကွာဝေးသော ဝက်လက်ဘူတာသို့ ဖြစ်စေ ၊ ပေါက်ကန်ဘူတာသို့ ဖြစ်စေ ခြေကျင် သွားရောက်ပြီး စီးနင်းကြရပါသည် ။ အပြန်ခရီးများတွင်လည်း ဝက်လက် - ပေါက်ကန်ဘူတာ များတွင် ဆင်းပြီး ၅ မိုင်ခရီးကို လမ်းလျှောက်ပြန်ကြရပါသည် ။ ခရီးလေးတစ်ခု ထွက်ဖို့အရေး ဒုက္ခများလွန်းလှပါသည် ။

သို့သော် သာလှိုင်း ဆိုသော ရွာငယ်ဇနပုဒ်ကလေးမှ ဦးဘိုငှား ဆိုသည့် လူစွမ်းကောင်းတစ်ဦး ပေါ်ထွက်လာခဲ့သည် ။ လူရည်လည်သူ ၊ မြို့သို့ အရောက်အပေါက်များသူ ၊ အမြော်အမြင် ရှိသူဆိုတော့ မီးရထားလူကြီးမင်းများနှင့် မည်ကဲ့သို့ အလွမ်းသင့်အောင် ပေါင်းလိုက်သင်းလိုက်သည်ကိုပင် မသိလိုက်ကြရပါ ။ သာလှိုင်းရွာမှ အနောက်သို့ တည့်တည့် ရထားသံလမ်း၏ အရှေ့ဘက်ကပ်လျက်တွင် ဇရပ် တစ်ဆောင် ဆောက်လုပ်ခွင့် ရသွားပြီး ၎င်းဇရပ်တွင် မန္တလေး - နဘား အဆန်လော်ကယ်ရထား နှင့် နဘား - မန္တလေး အစုန် လော်ကယ်ရထားများ တစ်မိနစ်စီ ရပ်နားခွင့်ရရှိသွားပါတော့သည် ။ “ သာလှိုင်းရပ်စခန်း ” ဟု အမည်တွင်ခဲ့လေသည် ။

သာလှိုင်းနှင့် ရုံးသာရွာများမှ မီးရထားဖြင့် အစုန်အဆန် ခရီးသွားလိုသူများ ၅ မိုင်စီ ဝေးကွာသော ဝက်လက်ဘူတာနှင့် ပေါက်ကန်ဘူတာများသို့ ဒုက္ခခံပြီး ခြေကျင် သွားရောက်ရန် မလိုတော့ပေ ။ သာလှိုင်းရပ်စခန်းမှ အခန့်သား တက်စီးလိုက်ရုံပင် ။ အပြန်ခရီးများတွင်လည်း ဝက်လက် - ပေါက်ကန် ဘူတာ များတွင် ဆင်းပြီး ၅ မိုင်ခရီးကို လမ်းလျှောက်ပြန်စရာ မလို တော့ပါ ။ သာလှိုင်းရပ်စခန်းသို့ ရထား ရောက်ရှိ ရပ်တန့်ပြီးမှသာ အခန့်သား ဆင်းချလိုက်ရုံပင် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား၏ ကျေးဇူးကား ကြီးမားလွန်းလှပါပေသည် ။

သာလှိုင်းရပ်စခန်းမှ ရထား တက်သော ခရီးသည်များကို ဦးဘိုငှားမှ လက်မှတ်ရောင်းချပေးနေသည်ကို တွေ့ရပြန်တော့ ရွာသူရွာသားများက အံ့သြနေကြသည် ။ ဝက်လက်ဘူတာ ပေါက်ကန်ဘူတာ ရုံပိုင်ကြီးများနှင့်အပြိုင် လက်မှတ်ရောင်းချပေးနေသော ဦးဘိုးငှားကို အထင်ကြီးကြသည် ။ သာလှိုင်းရွာသားများက ငါတို့ ဦးလေးငှားကြီး တစ်ယောက် ဘယ်အချိန်ကများ နတ်ကျောင်းတက်လိုက်ပါလိမ့်ဆိုပြီး ဂုဏ်ယူနေကြသည် ။

သာလှိုင်းရပ်စခန်းအတွက် ရထားလက်မှတ်များကို ဝက်လက်ဘူတာမှ ထုတ်ယူရခြင်း ဖြစ်သည် ။ လက်မှတ် ရောင်းရ ငွေ ၁ဝဝ ကျပ် ရရှိလျှင် ဦးဘိုးငှားအတွက် ၁၂ ကျပ် ၅ဝ ပြားနှုန်း ကော်မရှင်ရသည် ။ ဦးဘိုးငှားက ကော်မရှင်ခကို မက်လို့ လက်မှတ်ရောင်းပေးနေခြင်း မဟုတ်ပါ ။ ရွာသူရွာသားများ အတွက် အကျိုးရှိလာခြင်းကို ပျော်လွန်းလို့ အကျိုးဆောင်ပေး နေခြင်းဖြစ်သည် ။ မြန်မာ့မီးရထား ဌာနတွင် ဦးဘိုးငှားတို့လို ရပ်စခန်း လက်မှတ်ရောင်းများကို လက်မှတ်ရောင်းကန်ထရိုက်ဟု ခေါ်ကြသည် ။

ဦးဘိုးငှား အသက်အရွယ် ထောက်လာပြီး လမ်းမလျှောက်နိုင် ဖြစ်လာတော့ သာလှိုင်းရွာထဲမှာ တက်တက်ကြွကြွရှိသည့် လူငယ်တစ်ဦးကို လက်မှတ်ရောင်း ကန်ထရိုက်အလုပ် လွှဲပေးဖို့ စီစဉ်ခဲ့သည် ။ အဲဒီအချိန်မှာပဲ ဦးဘိုးငှား၏ တူမ ဒေါ်ဝင်းမြိုင်၏ အခန်းကဏ္ဍ စတင်ခဲ့ခြင်းဖြစ်သည် ။

“ ဘယ်သူ့ကိုမှ လွှဲပေးစရာ မလိုဘူး ။ ကျွန်မကိုယ်တိုင် ထွက်ရောင်းမယ် ။ ကျွန်မ ရောင်းတတ်တယ် ”

ဦးဘိုးငှားနှင့် ဒေါ်ဝင်းမြိုင်၏ မိဘနှစ်ပါးစလုံးက လုံးဝ သဘောမတူခဲ့ပေ ။ မိန်းကလေး ဖြစ်နေလို့ ဒီလက်မှတ်ရောင်း အလုပ်ကို မလုပ်ချင်စမ်းပါနှင့်ဟု ဟိန်းဟောက်ခြိမ်းခြောက် ပြောဆိုပြီး ဟန့်တားခဲ့ကြသည် ။ ဘယ်လိုပင် ဟန့်တား ဟန့်တား ဒေါ်ဝင်းမြိုင်ကို ဟန့်တား၍ မရခဲ့ပါ ။ ရထားချိန်နီးပြီဆိုလျှင် ဦးဘိုးငှား၏ လက်မှတ်ထုပ်များ ထည့်ထားသည့် လွယ်အိတ်ကလေးကို ကောက်လွယ်ပြီး နှီးခမောက်ကလေးကို ကောက်ဆောင်းကာ ဇွတ်ထွက်သွားမြဲ ဖြစ်သည် ။ ကြာလာတော့လည်း လက်လျှော့ထားလိုက်ကြတော့သည် ။

“ ကျွန်မကလေ ဒီမီးရထားလက်မှတ် ရောင်းတဲ့ အလုပ်ကို ဘယ်လိုလုပ်ချင်မှန်း မသိဘူး ။ ခရီးသည်တွေကို လက်မှတ် ရောင်းပေးနေရရင် အလိုလိုကို ပျော်နေတာ ။ မီးရထားဥသြသံ များ ကြားလိုက်ရရင်လေ စိတ်ထဲမှာ အလိုလို မြူးကြွနေတာပဲ ။ ကျွန်မနဲ့ မီးရထားကြီးကတော့ ရှေးရေစက်ပါခဲ့တယ် ထင်ပါရဲ့ ” 

ဝက်လက်ဘူတာသို့ လက်မှတ်လာထုတ်ရင်း ဝက်လက် ဘူတာရုံပိုင်လေးကို ဒေါ်ဝင်းမြိုင် မှ အားရပါးရ ပြောပြနေခြင်းဖြစ်သည် ။ ခုနစ်ရက် တစ်ပတ်လျှင် တစ်ကြိမ် လက်မှတ်လာထုတ်နေကျဆိုတော့ ဝက်လက်ဘူတာရုံပိုင်လေးနှင့် ဒေါ်ဝင်းမြိုင်တို့ ဆွေလိုမျိုးလို ရင်းနှီးသွားကြသည် ။ ရုံပိုင်လေးမှ ဒေါ်ဝင်းမြိုင် ကို အသက်အရွယ်အရ အဘွား ဒေါ်ဝင်းမြိုင်ဟု ခေါ်ခဲ့သည် ။ တစ်ခါတစ်ရံ “ မြန်မာ့မီးရထားဌာနကြီး၏ တစ်ဦးတည်းသော အမျိုးသမီးရုံပိုင်ကြီး ဒေါ်ဝင်းမြိုင် လာနေပါပြီခင်ဗျား ” လို့ စတတ် နောက်တတ်သေးသည် ။ ဒေါ်ဝင်းမြိုင် ခမျာ ပြုံးပြုံး ပြုံးပြုံးနှင့် ကျေနပ်နေခဲ့ရှာသည် ။

မိန်းကလေးများနှင့် မီးရထား လက်မှတ်ရောင်းသည့် အလုပ် မသင့်တော်သည်မှာ အမှန်ပင် ဖြစ်သည် ။ သာလှိုင်း လို ရပ်စခန်းမျိုးနှင့်ဆိုလျှင် ပိုပြီးတော့တောင် မသင့်တော်ပါ ။ သာလှိုင်းရွာမှ သာလှိုင်းရပ်စခန်းသို့ တောလမ်းတစ်မိုင်ခရီးကို နေ့စဉ်မနက် တစ်ကြိမ် ၊ ညနေတစ်ကြိမ် အသွားအပြန်လမ်းလျှောက်ရမည် ။ ( မနက်ခင်းသည် မန္တလေး - နဘား အဆန် လော်ကယ်ရထားချိန် ဖြစ်ပြီး ၊ ညနေခင်းသည် နဘား - မန္တလေး အစုန် လော်ကယ်ရထားချိန်ဖြစ်သည် ။ ) အကြောင်းအမျိုးမျိုးကြောင့် ညနေခင်း နဘား - မန္တလေး အစုန်လော်ကယ်ရထား နောက်ကျသွားခဲ့လျှင် အိမ် အပြန် မိုးချုပ်မည် ။ ၁၉၆၅ ခုနှစ်တွင် အသက် ၄ဝ ကျော်အရွယ် ဒေါ်ဝင်းမြိုင် အတွက် မျှော်လင့် မထားသော အန္တရာယ်တွေ့ရှိလာနိုင်သည် ။

ဒေါ်ဝင်းမြိုင် ကတော့ မည်သည့် အန္တရာယ်ကိုမှ ထည့် မတွက်ခဲ့ပါ ။ ဂရုမစိုက်ခဲ့ပါ ။ တောလမ်း တစ်မိုင်ခရီးကို လွှားခနဲ သွား ၊ လွှားခနဲ ပြန်ပြီး မြန်မာ့ မီးရထားအတွက် လက်မှတ် ရောင်းပေးနေခဲ့သည်မှာ ၁၉၉၅ ခုနစ်တွင် အနှစ် ၃ဝ ကြီးများ တောင် ကြာမြင့်ခဲ့ပါပြီ ။ ရထား နောက်ကျသွားလို့ ညကြီးမိုးချုပ်မှ အိမ်ပြန်ခဲ့ရသည့် အခေါက်တွေလည်း မရေမတွက်နိုင်ခဲ့ပါ ။ သူတော်ကောင်းကို နတ်ကောင်း စောင်မခဲ့ပါသည် ။ မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ပါ ။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်ဆန်းပိုင်းတွင် မထင်မှတ်သော ပြဿနာတစ်ခုကိုတော့ မလွှဲသာ မရှောင်သာ ကြုံတွေ့ခဲ့ရပါသည် ။ ကလေးချင်း စကားနိုင်လုကြရာမှ ဖြစ်ပွားခဲ့သော ပြဿနာ အသေးအမွှားလေး တစ်ခုသာ ဖြစ်ပါသည် ။ စကားနိုင်လုကြသော ကလေးများ အချင်းချင်းက ကလေးတို့ဘာဝ ဒီနေ့ စကားနိုင်လု ရန်ဖြစ်ပြီး မနက်ဖြန်တွင် ပြန်တည့်သွားကြပါသည် ။ ပခုံးချင်း ပြန်ဖက်ခဲ့ကြပါသည် ။ လူကြီး ဆိုသူများကတော့ တလွဲမာန ၊ အပြိုင်အဆိုင် မာနများဖြင့် ပခုံးချင်းတိုက်ခဲ့ ကြသည် ။ ပြဿနာ အသေးအမွှားလေးကို ပုံကြီးချဲ့ပစ်လိုက်ကြသည် ။

သာလှိုင်းရပ်စခန်းတွင် လက်မှတ်ရောင်းချရန်အတွက် ရထားသံလမ်း အရှေ့ဘက်တွင် ဆောက်ထားသည့် ဇရပ်ကလေးကို သာလှိုင်းဇရပ်ဟု ခေါ်တွင်ခဲ့ကြသည် ။

“ နာမည်ကိုက သာလှိုင်းရပ်စခန်းကွ ။ လက်မှတ်ရောင်းတဲ့ သာလှိုင်းဇရပ်ကလည်း ငါတို့ သာလှိုင်းရွာဘက်မှာ ရှိတာ ။ မင်းတို့ ရုံးသာနဲ့ ဘာမှ မဆိုင်ဘူး ။ မင်းတို့ ရုံးသာက ကောင်တွေ ၊ ငါတို့ သာလှိုင်းဇရပ်ဘက်ကနေ ရထား လာမတက်ကြနဲ့ ” ဆိုသည့် ကလေးချင်း စကားနိုင် လုပြီး ပြောကြသည့် စကားသည် နာစရာ မဟုတ်ပါ ။ ကလေးစကား ဆိုမှတော့ ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့ဖို့ ကောင်းပါသည် ။

သို့သော် ရုံးသာရွာသားများက ချက်ချင်း ဆိုသလိုပင် သံလမ်းအနောက်ဘက်တွင် ဇရပ်တစ်ဆောင် ဆောက်လုပ် လိုက်ကြပြီး ရုံးသာဇရပ်ဟု အမည်ပေးလိုက်ကြလေသည် ။

“ မင်းတို့ သာလှိုင်းက ကောင်တွေလည်း ငါတို့ ရုံးသာ ဇရပ်ဘက်က ရထား လာမတက်ကြနဲ့ ” လို့ လုပ်ချလိုက်ကြပြန်တော့သည် ။ ရွှေမြန်မာတို့ ထုံးစံ တစ်ရက်ထက် တစ်ရက် ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကြပြန်တော့ ရထားအတက်တွင် သာမက ရထားအဆင်းတွင်ပါ ကိုယ့်ရွာဘက် ကိုယ်ဆင်းကြေး ဆိုတာမျိုးတွေအထိ ဖြစ်လာကြသည် ။ သာလှိုင်းရွာသားများကလည်း ရထားသံလမ်းအနောက်ဘက်သို့ လုံးဝ မကူးကြသလို ၊ ရုံးသာရွာသားများကလည်း ရထားသံလမ်းအရှေ့ဘက်သို့ လုံးဝမကူးကြတော့ပေ ။ ရုံးသာရွာသားများ ရထား သံလမ်း အရှေ့ဘက်သို့ လုံးဝ မကူးကြသည်တွင် သာလှိုင်း ဇရပ်သို့ ရထားလက်မှတ်ပင် လာမဝယ်နိုင် ဆို၍ အသက် ၇ဝ ကျော် အဘွားအိုကြီး ဒေါ်ဝင်းမြိုင် ခမျာ ရထားသံလမ်း အနောက်ဘက်သို့ ကူးလာပြီး လက်မှတ်ရောင်းပေးလိုက် ၊ ရထားသံလမ်း အရှေ့ဘက် ပြန်ကူးပြီး လက်မှတ် ရောင်းပေးလိုက်နှင့် ဗျာများခဲ့ရှာသည် ။ ရုံးသာဇရပ်မှ ရထားဝင်လာခါနီး လှမ်းခေါ်လို့ ဝင်လာနေသော ရထားလွတ်အောင် အမြန်ပြေးပြီး သက်စွန့်ဆံဖျား လက်မှတ်ရောင်း ပေးခဲ့ရသည်မှာလည်း အကြိမ်ကြိမ် ။ မြန်မာ့မီးရထားကြီးကို မြန်မာ့မီးရထား အမြဲတမ်းဝန်ထမ်းများပင် ဒေါ်ဝင်းမြိုင်လောက် ပေးဆပ်နိုင်မည် မထင်ပါ ။

“ ကျွန်မကတော့ သူ့ရွာ ကိုယ့်ရွာ မခွဲခြားပါဘူး ။ မီးရထား လက်မှတ်ဝယ်ပြီး မီးရထားနဲ့ ခရီးသွားကြတဲ့သူ အားလုံး ကျွန်မတို့ မီးရထားကြီးရဲ့ကျေးဇူးရှင်တွေချည်းပဲ မဟုတ်လား ” 

မြန်မာ့မီးရထားဌာနကြီး၏ အမြဲတမ်းဝန်ထမ်းမျာပင် ဒေါ်ဝင်းမြိုင်လို ခံယူချက်မျိုး ရှိနိုင်ကြမည် မထင် ။ မီးရထား လက်မှတ် ဝယ်ပြီး မီးရထားကြီးနှင့် ခရီးသွားကြသူ အားလုံးဟာ မီးရထားကြီး၏ ကျေးဇူးရှင်တွေတဲ့ ။ ကျွန်မတို့ မီးရထားကြီးတဲ့ ။

ဪ ... ဒေါ်ဝင်းမြိုင် ရယ်လေ မီးရထားကြီးကို ဒီလောက်အထိ ချစ်ခဲ့သတဲ့လား ။ အဲဒီမီးရထားကြီးကရော ဒေါ်ဝင်းမြိုင်ကို ချစ်ခဲ့ပါရဲ့လား ၊ ဒေါ်ဝင်းမြိုင် ဘက်ကနေ မားမားမတ်မတ် ရပ်ပေးခဲ့ပါရဲ့လား ။

“ ရုံပိုင်လေး ... ကျွန်မတို့ရွာ သာလှိုင်းရပ်စခန်းကို ရုံပိုင် ဘူတာ လုပ်တော့မလို့ဆို ။ ဘယ်သူက လုပ်ပေးမှာလဲ ။ ရုံပိုင် ဘူတာ ဖြစ်သွားရင် ကျွန်မက အလိုလို အလုပ်ပြုတ်သွားတော့ မှာဆို ။ ရုံပိုင်လေး သိထားပြီးပြီ မဟုတ်လား ”

လက်မှတ် လာထုတ်ရင်း ဒေါ်ဝင်းမြိုင်မှ အလန့်တကြား မေးလိုက်သော မေးခွန်းများဖြစ်ပါသည် ။ ဒေါ်ဝင်းမြိုင် ကြားခဲ့သည့် သတင်းများသည် အမှန်တွေချည်းဖြစ်သည် ။ ပေါက်ကန်ဘူတာ၏ မိုင်တိုင်အမှတ်က ၄၁၈/၂ ဖြစ်သည် ။ ဝက်လက်ဘူတာ၏ မိုင်တိုင်အမှတ်က ၄၂၈/၈ ဖြစ်သည် ။ ပေါက်ကန်နှင့် ဝက်လက်က ၁၁ မိုင် ကျော် ဝေးကွာနေသည် ။ အမြန် ရထားများပင် နာရီဝက်နီးပါး ခုတ်မောင်းနေရသည် ။ အစုန်အဆန် ရထားစင်းရေတွေ တိုးတက် များပြားလာသည့်အတွက် ပေါက်ကန်နှင့် ဝက်လက်အကြား မိုင်တိုင်အမှတ် ၄၂၃/၁၇ တွင် ရှိသည့် သာလှိုင်းရပ်စခန်းကို ရထားသွားလာရေး လုပ်ငန်း လိုအပ်ချက်အရ မီးရထားလူကြီးမင်းများက ရုံပိုင်ဘူတာ ဖွင့်ပေးဖို့ စီစဉ်ကြခြင်း ဖြစ်သည် ။

မီးရထားလူကြီးမင်းများ၏ ရထားသွားလာရေး လုပ်ငန်း လိုအပ်ချက်အရ ဆိုသည်မှာ ဘာကြောင့် လိုအပ်သည် ၊ ဘာတွေလိုအပ်သည်ကို ဒေါ်ဝင်းမြိုင် နားမလည်ပါ ။ သဘောမပေါက်ပါ ။ သူမ အနှစ် ၃၀ ကျော် စွဲစွဲမြဲမြဲ ခုံခုံမင်မင် လုပ်လာသည့် လက်မှတ်ရောင်း အလုပ်ကလေး ပြုတ်သွားမှာကိုသာ စိုးရိမ်နေရှာသည် ။ ဒါပေမဲ့ ဒေါ်ဝင်းမြိုင် ခမျာ သူမ၏ လက်မှတ်ရောင်း အလုပ်ကလေး ပြုတ်သွားမည့်အရေးကို ကြိုတင်တွေးတော ပူပင်ချိန်ပင် မရခဲ့ရှာပေ ။ သူမ၏ လက်မှတ်ရောင်းအလုပ်ကလေး ပြုတ်သွားမည့် အရေးထက် အဆတစ်ရာမက ပို၍ အရေးကြီးသော ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ် ပြဿနာကြီးနှင့် ကြုံတွေ့လိုက်ရသောကြောင့် ဖြစ်ပါသည် ။

“ မဖြစ်သင့်ဘူး ။ လုံးဝ မဖြစ်သင့်ဘူး ။ ငါ တစ်လျှောက် လုံး စိတ်ရှည်သည်းခံပြီး လက်မှတ်ရောင်းပေးလာခဲ့တာဟာ မီးရထားဌာနကြီးအတွက်လည်း ပါသလို ငါတို့ သာလှိုင်းရပ်စခန်း နာမည်ကောင်း ရရှိရေးအတွက်လည်း ပါတယ် ။ ရာရာစစ ဘယ်ကောင်လဲဟေ့ နင်တို့ ရုံးသာရွာဘက် ဘူတာဆောက်ပေးရမယ်လို့ ပြောလိုက်တာ ” 

“ ကျုပ် ပြောလိုက်တာ ။ ကျုပ်တို့ ရွာအတွက်လည်း ပြောပိုင်ခွင့် ရှိလို့ ပြောလိုက်တာ ”

“ နင်တို့က မီးရထားဌာနကြီးအတွက် ဘာတွေလုပ်ပေးခဲ့ဖူးလို့တုန်း ။ ဒီသာလှိုင်းရပ် စခန်းကို ရအောင် လုပ်ခဲ့တာ သာလှိုင်းရွာသား ငါ့ရဲ့ဦးလေး ဦးဘိုးငှား ။ သာလှိုင်းရပ်စခန်း အတွက် မီးရထားဌာနကြီးကို တာဝန်ခံပြီး လက်မှတ်ရောင်းပေးခဲ့တာလည်း သာလှိုင်းရွာသား ဦးဘိုးငှားနဲ့ သာလှိုင်းရွာသူ ဟောဒီက မိဝင်းမြိုင်ဟေ့ ” 

“ အဲဒါတွေ ကျုပ်တို့ကို လာမပြောနဲ့ ။ မီးရထားကြီးကို ခင်ဗျားတို့ တစ်ရွာတည်း မောင်ပိုင်စီးထားလို့ မရဘူး ။ ပြည်သူပိုင် မီးရထားကို ကျုပ်တို့ရွာလည်း ပိုင်တယ် ။ ခင်ဗျားတို့ ရွာက ကြီးကျယ်လွန်းလွန်းလို့ ကျုပ်တို့ ရွာကလည်း မခံချင်လွန်းလို့ ထပြောရတာပဲ ။ ခင်ဗျားတို့ ရွာဘက်မှာ ချောင်းဦးလို ဘူတာမျိုးကြီး ဆောက်ပေးလိုက်မယ်လေး ဘာလေးနဲ့ ။ ချောင်းဦးလို ဘူတာမျိုးကြီး ဆောက်ဖို့ဆိုတာ မီးခြစ်ဘူးလေး ထောင် လိုက်သလို လွယ်တဲ့ကိစ္စများ အောက်မေ့နေကြလား ”

“ လွယ်လွယ် မလွယ်လွယ် ငါတို့ ရွာက ဆောက်နိုင်လို့ ငါတို့ ရွာသားတွေက ပြောတာ ”

“ ခင်ဗျားတို့လို ပြောကြစတမ်းဆိုရင် ကျုပ်တို့ကလည်း ကျုပ်တို့ရုံးသာရွာဘက်မှာ ရုံပိုင်ဘူတာ ဆောက်ခွင့်ပေးရင် ပခုက္ကူ လို ဘူတာမျိုးကြီး ဆောက်ပြလိုက်မယ် ”

ကလေးချင်း စကားနိုင်လုပွဲတုန်းကတော့ ဇရပ်တစ်ဆောင် အပြိုင် ဆောက်ပြလိုက်ကြပြီး ရထားသံလမ်း ဟိုဘက် ဒီဘက် မကူးကြေး ဆိုတာလောက်နှင့် ပြီးပြတ်သွားကြသည် ။ ယခု လူကြီးချင်း စကားနိုင်လုပွဲကတော့ မြန်မာ့မီးရထား ဝန်ကြီး ကိုယ်တိုင် လာရောက် ဖြေရှင်း ဆုံးဖြတ်ပေးခဲ့ရလေသည် ။ ထိုစဉ်အချိန်က ချောင်းဦး ဘူတာအသစ်ကြီးနှင့် ပခုက္ကူ ဘူတာအသစ်ကြီးတို့ ခမ်းခမ်းနားနား ဆောက်ပြီးခါစ ရှိပါသေးသည် ။ ဒေါ်ဝင်းမြိုင် မခံမရပ်နိုင်ဖြစ်ခဲ့သည်မှာ သဘာဝကျပါသည် ။ ဒေါ်ဝင်းမြိုင် ပြောခဲ့သည်များသည်လည်း အမှန်တွေချည်း ဖြစ်ပါသည် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား၏ အမြော်အမြင် ကြီးမားမှု ၊ ကြိုးစားအားထုတ်မှုတို့ကြောင့်သာ သာလှိုင်းရပ်စခန်း ဖွင့်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါ သည် ။ သာလှိုင်းရွာသားကြီး ဦးဘိုးငှား နှင့် သာလှိုင်းရွာသူကြီး ဒေါ်ဝင်းမြိုင်တို့ တူဝရီး နှစ်ယောက် မီးရထားဌာနကြီး အတွက် အကျိုးဆောင်ပေးပြီး လက်မှတ်ရောင်းချပေးခဲ့သည်ပင် ၁၉၉၅ ခုနှစ်တွင် ၃၅ နှစ် ကြီးများတောင် ကြာမြင့်ခဲ့ပါပြီ ။

အခုလို ရုံပိုင်ဘူတာ ဖွင့်ပေးတော့မည့် အချိန်မျိုးကျခါမှ ရုံးသာရွာသားများက သူတို့ ရွာဘက်တွင် ရုံပိုင်ဘူတာ ဆောက်ပေးသင့်သည်ဟု ပြောလာကြခြင်းကို ဒေါ်ဝင်းမြိုင်နှင့် သာလှိုင်း ရွာသားများ ဘယ်လိုနည်းနှင့်မျှ လက်ခံနိုင်ကြမည် မဟုတ်ပါ ။

မြန်မာ့မီးရထားဌာနတွင် ဘူတာရုံတစ်ခုကို သူ့ဘက် ကိုယ့်ဘက် နှစ်ရွာအပြိုင် နေရာ လုခဲ့ကြသည် ။ ဘူတာနာမည် လုခဲ့ကြသည့် ပြဿနာများသည် ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့ဖူးသည် ။ မီးရထားလူကြီးမင်းများ ခေါင်းခဲ ခေါင်းကိုက်ရသည် အထိ အချိန်ယူ ဖြေရှင်းပေးခဲ့ကြရသည့် ပြဿနာများဖြစ်သည် ။ ယခု သာလှိုင်း နှင့် ရုံးသာ နှစ်ရွာ သူ့ဘက် ကိုယ့်ဘက် ဘူတာ လုနေကြသည့် ပြဿနာတွင် မြန်မာ့မီးရထားဝန်ကြီးမှ ဖြေရှင်း ဆုံးဖြတ်ပေးခဲ့ပုံသည် ဗိုလ်အောင်ဒင် ဇာတ်ကားထဲတွင် မမြဝင်းကို ပဝါနှစ်စ အရွေး ခိုင်းပြီး အဲဒါ ကံအတိုင်းပါပဲ ဗိုလ်အောင်ဒင် လို့ အဖြေထုတ် ပေးလိုက်ပုံမျိုးနှင့် ဆင်ဆင် တူပါသည် ။

မြန်မာ့မီးရထားဝန်ကြီးကလည်း မြန်မာဆန်ဆန် တုတ်တို တုတ်ရှည် အနှိုက်ခံပြီး အဲဒါ ကံအတိုင်းပါပဲဟု အဆုံးအဖြတ် ပေးခဲ့လေသည် ။

“ အောင်မလေး ... ကျွန်မတို့ သာလှိုင်းရွာလေး ကိုယ်ကျိုးကြီး နည်းပါရော့လား ။ ဦးလေးငှားရေ လာကြည့်လှည့်ပါဦး တော့ ... ဟီး ... ဟီး ”

ဒေါ်ဝင်းမြိုင်၏ ငိုချင်းချသံကြီးကို ကြားလိုက်ရကတည်းက ရုံးသာရွာသားများ ကံကောင်းသွားကြသည်ကို သဘောပေါက်လိုက်ကြသည် ။ ကံအတိုင်း အဆုံးအဖြတ် ပေးသွားသော ဝန်ကြီးနှင့်အတူ ပါလာသည့် မီးရထားလူကြီးမင်း တစ်ဦးကတော့ ဒေါ်ဝင်းမြိုင်၏ ပခုံးလေးကို ပုတ်ပြီး နှစ်သိမ့်ပေးသွားခဲ့ပါသေးသည် ။ ဦးဘိုးငှား သာ သက်ရှိထင်ရှား ရှိခဲ့လျှင် ဒီ အဆင့်အထိ အရောက်ခံမည် မထင်ပါ ။ ဘူတာရုံကို သာလှိုင်းရွာဘက် မရရအောင် ဒေါင်းတင်မောင်းတင် ပြောတတ်ဆိုတတ် ပြောနိုင်ဆိုနိုင်ခဲ့မှာ လုံးဝ သေချာပါသည် ။ ရုံးသာရွာဘက်တွင်ဘူတာရုံအသစ်ကြီး ဆောက်ပြီးသွားတော့ ဘူတာရုံထိပ် နဖူးစည်းတွင် တပ်ထားသော “ သာလှိုင်း ဘူတာ ” ဆိုသည့် ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ပီတိတစ်ဝက် ဖြစ်ရပါသည်ဟု ဒေါ်ဝင်းမြိုင် မှ မချိပြုံးလေး ပြုံးပြီး ဆိုခဲ့ရှာပါသေးသည် ။ ဘူတာရုံအသစ် ဖွင့်ပွဲကိုလည်း မကြာမီ ကျင်းပပေးတော့မည် ။

သို့သော် ဒေါ်ဝင်းမြိုင်၏ ထိုပီတိသည် နောက်တစ်နေ့ မနက်တွင် အရည်ပျော်ကျသွားခဲ့ရရှာသည် ။

“ သာလှိုင်းဘူတာ ” ဆိုသည့် ဆိုင်းဘုတ်ကြီးကို ဖြုတ်ချပြီး ရိုက်ချိုးဖျက်ဆီးထားကြလေသည် ။ ဒေါ်ဝင်းမြိုင် ခမျာ နောက်ထပ်တစ်ကြိမ် ချုံးပွဲချ ငိုခဲ့ရပြန်သည် ။

“ ကံကြမ္မာက မျက်နှာသာပေးလို့ နင်တို့ ရွာဘက် ဘူတာရုံကြီး ရသွားပြီပဲလေကွယ် ။ ငါတို့ရွာ သာလှိုင်းကို နာမည်လေးတောင် မသထာနိုင်ကြတော့ဘူးလား ... ဟီး ... ဟီး ”

မီးရထားလူကြီးမင်းများလည်း ဒေါကန်သွားကြသည် ။ ဘူတာရုံအသစ်ဖွင့်ပွဲ လုပ်မပေးသေးဘဲ အတန်ကြာအောင် ပစ်ထားခဲ့ကြသည် ။ ဘူတာရုံကို ရုံးသာရွာဘက်မှာ ဆောက်ထားတာ ဖြစ်လို့ “ ရုံးသာဘူတာ ” လုပ်ပေးရမည်ဟု အရေးဆိုလာကြပြန်သည် ။ ဒီအဆင့်ကတော့ လွန်လွန်းသွားပြီ ။ ရက်စက်လွန်းသွားပြီဟုပင် ဆိုရမည် ။ မီးရထားလူကြီးမင်းများနှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ နှစ်ရွာစလုံးသို့ ကွင်းဆင်းပြီး အကြိမ်ကြိမ် ညှိနှိုင်းကြပြီးမှ “ သာလှိုင်း - ရုံးသာ ဘူတာ ” ဟု အတည်ပြုနိုင်ကြတော့သည် ။ ဒါတောင်မှ “ ရုံးသာ - သာလှိုင်းဘူတာ ” လုပ်ပေးရမည်ဟု ဆိုနေကြပြန်သေးသည် ။ မြန်မာ့မီးရထားဝန်ကြီးမှ “ သာလှိုင်း - ရုံးသာဘူတာ ” ဟုသာ အမည်တွင်စေရမည် ဆိုပြီး အမိန့်စာ ထုတ်ပြန်ပေးလိုက်မှသာ အသံတွေ တိတ်သွားကြသည် ။

ဒီလိုနေ့မျိုး ရောက်လာလိမ့်မည်ရယ်လို့ ဒေါ်ဝင်းမြိုင် တစ်ယောက် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါ ။ ဝက်လက် ဘူတာရုံးခန်းအတွင်းရှိ စားပွဲပေါ်တွင် စုပုံတင်ထားသော လက်မှတ်ထုပ်ကလေးများကို လွမ်းလွမ်းဆွေးဆွေး ငေးငေးမောမော ကြည့်နေခဲ့ရှာသည် ။ မနက်ဖြန် ၁ - ၁၂ - ၁၉၉၆ တနင်္ဂနွေနေ့တွင် “ သာလှိုင်း - ရုံးသာ ဘူတာ ”  အသစ်ဖွင့်ပွဲကြီးကျင်းပ ပြုလုပ်ပေးတော့မည် ဖြစ်သည့်အတွက် ဒေါ်ဝင်းမြိုင် ထံမှ လက်ကျန်လက်မှတ်များ သိမ်းဆည်းနေခြင်း ဖြစ်သည် ။

“ ဒီလက်ကျန်လက်မှတ်လေးတွေ အပ်ပြီးသွားရင် ကျွန်မရဲ့ လက်မှတ်ရောင်း အလုပ်ကလေး တကယ်ပြုတ်သွားပြီပေါ့နော် ။ မီးရထားကြီးနဲ့ ကျွန်မနဲ့ လမ်းခွဲရပြီပေါ့ ” 

“ မီးရထားကြီးက တစ်ဦးတည်းသော အမျိုးသမီး ရုံပိုင်ကြီး အဘွားဒေါ်ဝင်းမြိုင်ကို ဘယ်တော့မှ မခွဲဘူး ။ ဟောဒီလို ဖက်ထားပေးမှာ ” 

ဝက်လက်ဘူတာ ရုံပိုင်လေးက ပြောပြောဆိုဆို ထဖက် လိုက်ကာမှပင် ဒေါ်ဝင်းမြိုင် ခမျာ ချုံးပွဲချ ငိုပြန်လေတော့သည် ။ သနားစရာ ကောင်းလွန်းလှသည့် အဘွားအို ၊ မီးရထားဌာနကြီးကို အနှစ် ၃ဝ ကျော် အကျိုးဆောင်ပေးခဲ့သည် ။ ရွာနှစ်ရွာ အဆင်မပြေ ဖြစ်ကြပြန်တော့လည်း မီးရထားဌာနကြီး၏ ဝင်ငွေများ မလစ်ဟင်းရအောင် ရထားသံလမ်း အရှေ့ဘက် ၊ အနောက်ဘက်ကို ခေါက်တုံ့ခေါက်ပြန် ကူးပြီး သက်စွန့်ဆံဖျား လက်မှတ် ရောင်းပေးခဲ့သည် ။ အဲဒါ ကံအတိုင်းပါပဲ ဆိုတုန်းကလည်း ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရရှာသည် ။ သူမ၏ ရွာနာမည်ကို ရိုက်ချိုးခံခဲ့ရတုန်းကလည်း ရင်မှာ မချိအောင် ခံစားခဲ့ရရှာသေးသည် ။

အခုတော့ သူမ ခင်တွယ်လွန်းသည့် မီးရထားလက်မှတ်ရောင်း အလုပ်ကလေးကိုလည်း စွန့်လွှတ်လိုက်ရပြီ ။ “ သာလှိုင်း - ရုံးသာ ဘူတာ ”  ရုံအသစ်ကြီးကလည်း ရုံးသာရွာဘက်ကနေ သူမကို စိန်းစိန်းကြီး ကြည့်နေခဲ့လေပြီ ။ ဒါပေမဲ့ မူလပထမ သာလှိုင်းဇရပ်ဟောင်းကလေး ကတော့ ရထားသံလမ်း အရှေ့ဘက် သူမ ရွာဘက်မှာ ရှိနေပါသေးသည် ။

ရထား ဆိုက်ရောက်ချိန်တိုင်းတွင် ထိုမူလပထမ သာလှိုင်းဇရပ်ဟောင်းကလေးသို့ မသွားလိုက်ရလျှင် တစ်ခုခု လိုနေသလို ခံစားနေရရှာသည် ။ သမီးများ ၊ သားများ ၊ သမက် ၊ ချွေးမများ ၊ မြေးများက ဘယ်လိုပင် တားတား သာလှိုင်းဇရပ်ဟောင်းကလေးဆီသို့ ရောက်အောင် လာလိုက်ရမှ နေသာထိုင်သာ ရှိသွားသည် ။ မျက်မှန်းတန်းမိနေကြသော မီးရထား စက်ခေါင်းမောင်းများကလည်း သာလှိုင်းဇရပ်ဟောင်းကလေးထဲ ထိုင်နေသော ဒေါ်ဝင်းမြိုင်ကို “ ပေါ် ” ဟု ဥဩသံ ပေးပြီး နှုတ်ဆက်သွားကြသည် ။ ဒေါ်ဝင်းမြိုင်ကလည်း လက်ကလေး ပြန်ပြပြီး နှုတ်ဆက်တတ်မြဲ ဖြစ်သည် ။

ဪ ... အဘွားဒေါ်ဝင်း မြိုင် ... အဘွားဒေါ်ဝင်းမြိုင် ၊ မီးရထားကြီးက ဒီလောက်တောင်မှပဲ လွမ်းစရာ ကောင်းနေလေရော့သလား ။ အဘွား ဒေါ်ဝင်းမြိုင်တို့လို လက်မှတ်ရောင်း ကန်ထရိုက်တွေကို လိုရင်သုံး ၊ ရုံပိုင်ဘူတာ ဖွင့်ဖြစ်သွားလို့ မလိုတော့ရင် အနားပေး ။ ပင်စင်လည်း မရ ။ အဘွား ဒေါ်ဝင်းမြိုင် အင်မတန် လိုချင်ရှာသည့် ဘူတာရုံအသစ်ကြီးလည်း မရ ။ မီးရထားကြီးနှင့် စိမ်းစိမ်းပြတ်ပြတ်နေလိုက်ပါရောလား ။

သို့သော် အဘွားဒေါ်ဝင်းမြိုင် ခမျာ မီးရထားကြီးကို မစိမ်း မပြတ်နိုင်ခဲ့ပါ ။ ကံကြမ္မာက မျက်နှာလိုက်ခဲ့လို့ ဘယ်သူတွေ အနိုင်ရသွားကြပါစေ အဘွား ဒေါ်ဝင်းမြိုင် အတွက်တော့ ရထားသံလမ်း အရှေ့ဘက်က မူလပထမ သာလှိုင်းဇရပ်ဟောင်းကလေးသည်သာ - “ ထာဝရ သာလှိုင်းဘူတာ ” ဖြစ်နေမည်မှာ အသေအချာအပင် ။  ။

ကိုကိုကျော် ( မန္တလေး )

( ကွယ်လွန်သွားရှာပြီဖြစ်သည့် သာလှိုင်းရွာမှ အဘွား ဒေါ်ဝင်းမြိုင် သို့ အမှတ်တရ ။ )

▢ ကိုကိုကျော် ( မန္တလေး )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     မေ  ၊ ၂၀၁၈

ဘယ်သူ့ လက်ချက်လဲ အဖြေ


❝ ဘယ်သူ့ လက်ချက်လဲ အဖြေ ❞
( စုံထောက်ကျော်စွာ ဝတ္ထု )

အခန်း ( ၁ )

ပုလိပ်မင်းကြီး ပြန်သွားလျှင် ဦးကျော်စွာက မခင်ရီ ၊ ဒေါ်ဖွား ၊ မိုးကြိုး ၊ ခင်ဆုံ ၊ လောဟူ တို့ကို မျက်နှာ ချိုချို ပြုံးပြုံး ထားလျက် အတော်ကြာ ငေးစိုက် ကြည့်နေပြီးလျှင် ပိုက်လုံးကို လည်းကောင်း ၊ အခန်းဝ၌ ခေါင်မိုးမျက်နှာကျက်က တွဲလွဲကျနေသော ကြိမ်ချောင်းကို လည်းကောင်း ၊ အမှတ်တမဲ့ ကြည့်လျက် ၊ ခွေးကြီး ရှိရာသို့ အသာအယာ သွားပြီးလျှင် ခွေး၏ ခေါင်းနှင့် ကျော ကို အသာအယာ ပွတ်သပ် ချော့မော့နေလေ၏ ။ ထိုအခါမှ ခွေးသည် အမြီး လှုပ်လျက် ဦးကျော်စွာ၏ လက်ကို လျှာနှင့် လျက်လေ၏ ။ ထို့နောက် ဦးကျော်စွာသည် မောင်ဘိုးတော၏ ရင်ဘက်ကို လည်းကောင်း ၊ လက်ဖြင့် စမ်းသပ် ကြည့်ပြီးမှ အခန်းဝသို့ ထွက်ရပ်ပြီးလျှင် အခန်း ထဲသို့ တစ်ဖန် စူးစိုက်ကြည့်၍ နေပြန်လေ၏ ။

မောင်သာမောင် ၊ မောင်ဝါလွန်း ၊ မောင်ချက် ၊ မောင်ဘိုးသာ တို့သည် ဦးကျော်စွာ၏ ပြုမူပုံကို အံ့သြလျက် နေကြလေ၏ ။ ထိုအခါ ဆေးရုံက လူနာတင်ရထား ရောက်လာလေသော် ဦးကျော်စွာက အသာအယာ ခွေးကြီးကို ချော့မော့ ကိုင်ထားပြီး ကာလ ၊ မောင်ဘိုးတောကို ဆေးရုံသို့ ယူသွား စေလေ၏ ။ ခွေးကြီးသည် သခင်၏ အလောင်းနှင့် အတူ လိုက်သွားလိုသော်လည်း ဦးကျော်စွာက ချော့မော့ ဖမ်းဆီးထားသဖြင့် မလိုက်ဘဲ နေရလေ၏ ။ မောင်ဘိုးတော၏ အလောင်း ယူသွားပြီးသည့်နောက် ဦးကျော်စွာက မခင်ရီ နှင့်တကွ အိမ်ရှိ လူကုန်တို့ကို အခန်းထဲသို့ ဝင်စေပြီးသော် ....

စွာ ။  ။ ကိုင်း .. မခင်ရီ ... မောင်ဘိုးတောကို ဘယ်လို ရိုက်သလဲ ပြစမ်းပါ ။

ရီ ။  ။ ကျွန်မမှ မရိုက်ရပဲ ။

ဟူ ။  ။ ဒီလို မလုပ်စမ်းပါနဲ့လေ ၊ အင်စပိတ်တော်မင်းကို မခင်ရီ ကျုပ်တို့ ရှေ့ ဖြောင့်ချက် ပေးပြီးသားပဲ ။ မကြောက်ပါနဲ့ ၊ အရင် ပြောသလို ပြောစမ်းပါ ။

မခင်ရီအား ပြောင်လက်သော မျက် စိဖြင့် အံကြိတ်လျက် စိမ်းစိမ်း ကြည့်ရှုလေ၏ ။

မခင်ရီသည် မျက်နှာ ဖြူဖျော့ သွားပြီးမှ သနားစရာ အမူအရာနှင့် ဦးကျော်စွာသို့ ငေးကြည့်ပြီးလျှင် ခေါင်းငိုက်စိုက် ထားလျက် ...

ရီ ။  ။ ဟုတ်ပါတယ် ။ ကျွန်မ ရိုက်သ,တ်လိုက်တာပါ ။

ဦးကျော်စွာသည် လောဟူ ကို အမှတ်မဲ့ မျက်စောင်း ငဲ့၍ ကြည့်ပြီးလျှင် လောဟူ က ဒီအမှုမှာ ကူညီစုံထောက်ပေးတာ အလွန် ဝမ်းသာသကွယ် ။

ကျွန်တော်က အစိုးရ ဘက်ကို ဘယ်အခါမဆို ကူညီတာပါပဲ ။ ကျွန်တော် ရှိရင်တော့ ဘယ် တရားခံမှ လိမ်မပြောနိုင်ပါဘူး ။

စွာ ။  ။ အင်း ... အင်း ... ကဲ မခင်ရီ ပိုက်လုံးကို ဘယ်လို ကိုင်ပြီး ၊ ဘယ်နေရာက နေပြီး ဘယ်နှယ့် ရိုက်တယ်လို့ ပြစမ်းပါ ။

မခင်ရီသည် တစ်အောင့် လောက် ငေးနေရသော အခါ မောင်လောဟူ က ပြလိုက်ပါလေ မခင်ရီ ဟု ဆိုလိုက်သော် ၁၂ ပေ လောက် ရှိသော တစ်လက်မခွဲ ပိုက်လုံးကို မနိုင့်တနိုင်နှင့် ပိုက်လုံး အလယ်က ချီမပြီးမှ ပြန်ချလိုက်ပြီးလျှင် အဖျားနားက တစ်ခါ ဆွဲကိုင် ပြန်လေ၏ ။ ၎င်းနောက် ပိုက်လုံးကို တုတ်များကဲ့သို့ ထောင်၍ ရိုက်မည် ကဲ့သို့ ပြုသောအခါ ၊ ပိုက်လုံး လေးလွန်းလှသဖြင့် မခင်ရီ ပါ ယိမ်းယိုင် လဲသွားလေ၏ ။

ဦးကျော်စွာက တစ်ဖုံ မခင်ရီကလေးသည် ယခုတော့ကာ ကြောက်သည် တစ်ကြောင်း ၊ ဒေါသ မရှိသည် တစ်ကြောင်း ကြောင့် ပိုက်လုံးကို မချီမ နိုင်ဟန်တူကြောင်းကို မောင်လောဟူ အား ပြောသောအခါ ..

ဟူ ။  ။ ဟုတ်ပါလိမ့်မယ် ။ ဒေါသ ရှိတုန်းတော့ ဒီ ပိုက်လုံးကို ချီမနိုင်မှာပဲ ။

စွာ ။  ။ မခင်ရီ ဒီပိုက်လုံးနှင့် ဘယ်ကနေ ရိုက်သလဲ ။

ရီ ။  ။ တံခါးဝက ရပ်ပြီး ဘိုးတောကို လှမ်း ရိုက်လိုက်ပါတယ် ။

စွာ ။  ။ ကဲ ... ဒါဖြင့် ပိုက်လုံးကို အခန်း အပြင်ဘက်သို့ ယူခဲ့ပြီး မခင်ရီ ရပ်နေတဲ့ နေရာက ရပ်ပြစမ်းပါ ။

မခင်ရီသည် ပိုက်လုံးကို ဆွဲယူ လာပြီးလျှင် တံခါးပေါက် အပြင်ဘက် အလယ်တည့်တည့်တွင် ရပ်နေလေ၏ ။

တံခါးပေါက်သည် ရှစ်ပေ မျှသာ မြင့်ခြင်းကြောင့် ပိုက်လုံးသည် တံခါးပေါက်ထက် လေးပေမျှ ရှည်နေကြောင်း တွေ့ရပြန်လေ၏ ။ ထိုအခါ ...

စွာ ။  ။ ခင်ရီ ဒီပိုက်လုံးကို ဘယ်ကရသလဲ ။

ရီ ။  ။ ( တစ်အောင့်လောက် တွေနေ၍ မောင်လောဟူ မျက်နှာကို အမှတ်တမဲ့ ကြည့်ပြီးသော် ) ဘိုးတော ကို ရိုက်မယ် ကြံတော့ကာ ဧည့်ခန်းထဲက သွားယူခဲ့ပါတယ် ။

စွာ ။  ။ ပိုက်လုံး ယူခဲ့တဲ့ နေရာကို လိုက်ပြစမ်းပါ ။

ဤသို့ ပြောလိုက်သောအခါ မခင်ရီသည် ငေးတေးတေး ဖြစ်သွား သကာလ မောင်လောဟူ က လိုက်ပြလိုက်ပါလေ ။ ကိုယ် ယူလာတဲ့ နေရာကို ကိုယ် မေ့နေပြီလားဟု ဆိုလိုက်လျှင် ၊ မခင်ရီ သည် ဧည့်ခန်းသို့ သွား၍ ထရံ ဘေးနား ထောင့်တစ်ခုကို ပြလေသော် .....

ဖွား ။  ။ ဟာ ... ဒီ ပိုက်ဟာ ဒီနေရာမှာမှ မဟုတ်ဘဲ ။

ရီ ။  ။ ဪ ... မေ့လို့ .. မေ့လို့ ... ဟော .. ခုံတန်းလျား နောက်က ပြတင်းပေါက် နှစ်ခု ကြား က ယူတယ် ။

ကြိုး ။   ။ ဒါလည်း မဟုတ်ဘူး ၊ မနက်က ကျွန်တော် အားစမ်းဖို့ သံလုံးတွေနဲ့ ကစားတော့ကာ ၊ ဒီ ခုံတန်းလျားကြီးကို ရွှေ့လို့ ဒီ ပြတင်းပေါက် နှစ်ခုမှာ သံကြိုး နဲ့ ချိတ်ထားရသေးတာပဲ ။ ဒီ ပိုက်လုံး ရှိရင် မြင်မှာပေါ့ ။ ခုတော့ ဒီပိုက်လုံးသံချောင်း မရှိလို့ ( မြောလုံး ) ကို လုပ်ရသေးတယ် ။ မဆုံ ကတောင် ဒီ ဧည့်ခန်းထဲမှာ ခါတိုင်း ရှိနေတဲ့ ပိုက်လုံးကို မောင်ဘိုးတော သူ့ အခန်းထဲမှာ အဝတ်တင်တဲ့ တန်း လုပ်ထားသေးတယ် လို့ ပြောသေးတာပဲ ။

ဖွား ။  ။ ဪ ... ဟုတ်တယ် ။ ဟုတ်တယ် အခုမှ သတိရတယ် လွန်ခဲ့တဲ့ ဆယ်ရက် လောက်က မောင်ဘိုးတော ဟာ ဒီ ပိုက်လုံးကို ယူပြီး သူ့ ခုတင် ခြေရင်းက တံခါးဝနားမှာ အဝတ် တင်ဖို့ တန်းလုပ်ထားတယ် ။ တစ်ဖက်က ကြေးနန်းကြိုးကွင်းမှာ စွပ်ပြီး ၊ တစ်ဖက်က ကြိုးချည်စရာ မရှိလို့ ကျွန်မကတောင် ကြိမ်ခြမ်း တစ်ခြမ်း ပေးလိုက်ရသေးတယ် ။ သူ့ အခန်းထဲမှာ မျက်နှာကျက်က တွဲလွဲကျနေတာဟာ ဒီ ပိုက်လုံးချည်တဲ့ ကြိမ်ပဲရှင့် ။

ဦးကျော်စွာသည် မည်သို့မျှ မပြောဘဲ မခင်ရီ မျက်နှာကို ကြည့်၍ ပြုံးလျက် ။

စွာ ။  ။ ခင်ရီကလေး မင်းမှာကွယ် ကိုယ် ဘယ်နေရာက ပိုက်ကို ယူခဲ့တယ်လို့တောင် မမှတ်မိပဲကိုးကွဲ့  ။ ကဲ ... ကဲ ... ရှိစေတော့ ... ရှိစေတော့ .. မင်း ဘယ်အခန်းမှာ အိပ်သလဲ ။

ရီ ။  ။ ကိုဘိုးတော အခန်း ရဲ့ လက်ယာဘက်ခန်းမှာ အိပ်တယ် ။

ဆုံ ။  ။ ဟော .. ဒါလည်း မှားပြန်ပြီ ။ ခု ပြောတဲ့ အခန်းဟာ ကျွန်မတို့ အခန်းရှင့် ။

ရီ ။  ။ အေးလေ .. ယောင်လို့... ကျွန်မနဲ့ ဒေါ်ဖွားနဲ့ တစ်ခန်းတည်း အိပ်တာပဲ ။

ဖွား ။   ။ ခင်ရီ ဘာဖြစ်နေသလဲ ၊ မင်း မှန်မှန် ပြောလိုက်ပါ ၊ ညည်း ငါ့အခန်းမှာ ဘယ်တော့မှ မအိပ်ဘဲ ။

ရီ ။   ။ အေးလေ ... ဟုတ်သားပဲ ။ ဧည့်ခံခန်းနဲ့ ယှဉ်ရက်နေတဲ့ အခန်းမှာ အိပ်တယ် ။

ဖွား ။  ။ ဟော .. မှားပြန်ပြီ ။ ဟို အခန်းထဲမှာ မင်း အိပ်ဖို့ နေစရာ တောင် မရှိဘူး ။ ဗီရိုတွေနဲ့ အိမ်ထောင်မှုကိရိယာတွေ နဲ့ ပြည့်နေတာပဲ ။ လူ တစ်ယောက်တောင် ကောင်းကောင်း မဝင်သာဘူး ။ သူ အိပ်တဲ့ အခန်းက ကျွန်မ အခန်းရဲ့ နောက်ဘက်က အခန်းကလေးထဲမှာ အိပ်ပါတယ် ။ မိန်းကလေးကြောင့် လူနဲ့ ဝေးဝေး သွားရင်တောင် ကျွန်မ အခန်းထဲက ဖြတ် သွားရတဲ့ အခန်းကို ပေးထားပါတယ် ။

စွာ ။  ။ ( ပြုံးလျက် ) မခင်ရီက စကားကို ကယောင်ချောက်ချား ပြောတာကိုးကွဲ့ ။ သတိထား ပြောမှပေါ့ ။ ကိုင်း .. ကိုင်း ..ရှိပေစေတော့ ။ ဒေါ်ဖွားက စပြီး အိမ်မှာ ရှိတဲ့ လူကုန် ဘယ်ကိုမှ မသွားကြနဲ့ ။ ဒီ အမှုဟာ ဂါတ်မှာ ခေါ်စစ်လို့လည်း မကောင်းဘူး ။ ဒီအိမ်မှာ စစ်မယ် ။ အမှု အသွားအလာကို ထောက်တော့ကာ မခင်ရီ အပေါ်မှာ တာဝန် လေးနေတယ် ။ အခု မောင်ဘိုးချက် က စောင့်နေ ။ ဒီလူတွေကို ဘယ်မှ မသွားစေနဲ့ ၊ မနက်ဖြန် ည လောက်ကျ တော့ကာ မောင်ဘိုးတောရဲ့ အလောင်းကို ယူခဲ့မယ် ။ မသာ အခမ်းအနားလဲ ဒီ အိမ်မှာပဲ ပြင်ပြီးတော့ကာ ဒီ အိမ်ကပဲ သင်္ဂြိုဟ်မယ် ။ ဪ .. ဟုတ်တယ် ... ဟုတ်တယ် ။ မနက်ဖြန် တောင် ထားဖို့ မတော်ဘူး ။ ခုပဲ အလောင်း သွားယူမှ နေရာကျမယ် မနက်ဖြန်တော့ကာ စောစောပဲ ဒီ အလောင်းကို သင်္ဂြိုဟ်ပစ် ရတာပေါ့ ။ မောင်ဝါလွန်း လည်း စောင့်နေရစ်ကွယ် ... ဘိုးတောရဲ့ အခန်းကို ဘယ်သူမှ ဝင်ခွင့် မပြုနဲ့ ၊ လက်ရာခြေရာ မပျက်စေနဲ့ ။

ဤသို့ဆို၍ ဦးကျော်စွာနှင့် မောင်ဘိုးသာတို့ ဆင်းသွားလေ၏ ။

မောင်သာမောင် က လိုက်ချင်သော်လည်း မလိုက်စေပဲ ဒေါ်ဖွား အိမ်တွင် ထားခဲ့လေ၏ ။

••••• ••••• •••••

အခန်း ( ၂ )

ဦးကျော်စွာ နှင့် မောင်ဘိုးသာ တို့သည် ဆေးရုံသို့ သွားလျက် ဘိုးတောကို ထားသော အခန်းသို့ ဝင်လေသော် မောင်ဘိုးတောသည် သတိပင် မရသေး သော်လည်း ၊ အသက် ကောင်းမွန်စွာ ရှူနိုင်သည်ကို တွေ့ ရလေ၏ ။ မောင်ဘိုးတော၏ ခေါင်းကို အဝတ်စီး ပတ်ထားလျက် ရှိသည်နှင့် မောင်ဘိုးသာအား မောင်ဘိုးတော၏ မျက်နှာ ၊ နှာခေါင်း ၊ မျက်ခုံး ၊ ဆံစ ၊ အစရှိသည် တို့ကို သေချာစွာ မှတ်သားစေပြီးမှ ဆရာဝန်အား မောင်ဘိုးတော၏ အခန်း ကို မည်သူမျှ မလာရအောင် ပိတ်ပင် ထားစေရန် မှာကြား ထွက်သွားလေ၏ ။

နှစ်နာရီလောက် ကြာသောအခါ မောင်ဘိုးတော အလောင်း ကို ခေါင်းထဲတွင် ထည့်လျက် ပုလိပ်သား နှစ်ယောက်နှင့် ဦးကျော်စွာတို့ ဒေါ်ဖွားတို့ အိမ်သို့ ပြန်ရောက်လာလေ၏ ။ ဘိုးတော၏ ခွေး ဂုတ်ကြား သည်ကား ဦးကျော်စွာ ၊ ဒေါ်ဖွား အိမ်မှ မသွားခင်ကပင် နောက်ဖေးခန်း၌ ကြိုးနှင့် ချည်ထားသဖြင့် မောင်ဘိုးတော၏ ခေါင်း ရောက်လာသောအခါ ခွေး သည် မောင်ဘိုးတော၏ ( ခေါင်း ) နားသို့ မလာနိုင် ၊ မောင်ဘိုးတော၏ အခန်းထဲတွင်လည်း မရှိချေ ။

မောင်ဘိုးတော၏ အလောင်းမှာ မျက်နှာ လောက်သာလျှင် ဖွင့်ထား၍ တစ်ကိုယ်လုံးသည် ( ခေါင်း ) ၏ အဖုံးဖုံး အုပ်လျက် ရှိနေလေ၏ ။ မောင်ဘိုးတော၏ အခန်း၌ ခေါင်းကို ထားပြီးလျှင် ( ခေါင်း ) ၏ ခေါင်းရင်းတွင် ဖယောင်းတိုင်ကလေး တစ်တိုင်သာ ထွန်းထားလေ၏ ။ အားလုံး လူများကို ဧည့်ခန်းတွင် စုရုံး ထိုင်စေလျက် ၊ ထို မောင်ဘိုးတော၏ ( ခေါင်း ) ကို တစ်ယောက်စီ စောင့် စေရန် ဦးကျော်စွာက စီမံပြီးသော် မည်သူ အရင် စောင့်မည်နည်းဟု မေးရာ မည်သူမျှ စောင့်ဝံ့သူ မရှိသောကြောင့် ...

စွာ ။  ။ ဒါဖြင့်ရင် ဒီ အိမ်သားတွေဟာ ဘိုးတောကို အားလုံး တိုင်ပင်ပြီး ရိုက်သ,တ်ကြတာပဲ ။ အားလုံးကို ဖမ်းမယ် ။ လူသေဟာ သူ့ကို ရန်မမူတဲ့ သူကို ဘယ်လိုမှ မလုပ်ဘူး ။ သူ့ကို သေအောင် ရိုက်သ,တ်တဲ့ အကြံအစည်ထဲမှာ ပါတဲ့လူကိုတော့ဖြင့် ဧကန် ထပြီး ခြောက်လှန့်လိမ့်မယ် ။ ကဲ ... ဘိုးတော သေအောင် ရိုက်သတ်တဲ့ အကြံအစည် ထဲမှာ မပါဝင်တဲ့ လူ ထကြ ။

ဤသို့ ဆိုလိုက်ရာ မောင်လောဟူ က ရှေးဦးစွာ ထ၍ ( ကျွန်တော်ပဲ အရင်ဆုံး လူသေအလောင်းကို သွား စောင့်ပါမယ် ။ ဘယ်လောက်ကြာကြာ စောင့်ရမလဲ ) ဟု ဆိုလိုက်သော် ဦးကျော်စွာက ( ယောက်ျားများက တစ်နာရီ စောင့်ကြရမယ် ။ မိန်းမများက နာရီဝက်စီ စောင့်ရမယ် ။ အချင်း ဖြစ်တဲ့အခါ မောင်သာမောင်လည်း ဒီအိမ်မှာ ရှိတဲ့ အတွက် သူ လည်း တစ်နာရီ စောင့်ရမယ် ) ဟု ဆိုလေလျှင် ၊ မောင်သာမောင် မှာ မျက်လုံးမျက်ဆံပြူးနှင့် ထွက်ပြေးတော့မည် ကဲ့သို့ ပြုလေလျှင် ၊ မောင်ဝါလွန်း က မောင်သာမောင် ကို သုတ်သုတ်လျင်လျင် ပြေးဖက်တားပြီး ကာလ ....

လွန်း ။  ။ ဟေ့ ... ဒါမျိုး မရဘူးလေ ။ ငါလည်း မင်းကို အရင်တုန်းကပဲ များများ မသင်္ကာဘူး ၊ တို့ ( ကား ) ရောက်လာခင် မင်းဟာ ဒီ အိမ်နားမှာ ဘာလုပ်နေရတာတုန်း ။

မောင် ။  ။ အမယ်လေး .. ကြားထဲက ဝင်ပြီး လူသ,တ်မှု မဖြစ်ပါရစေနဲ့ ဆရာ ။ ကျွန်တော့် မိန်းမဟာလည်း ပြန်ပေါင်းရတာ တစ်လကျော်လောက် ရှိပါသေးတယ် ။ နေ့စေ့ ရက်စေ့ကြီးနဲ့ပါ ။

စွာ ။  ။ လူသ,တ်မှုမှာ ပတ်သက်နေတာနဲ့ မင်း မယား နေ့စေ့ရက်စေ့နဲ့ ဘာမှ မဆိုင်ဘူး ။

မောင် ။  ။ ကျွန်တော်တော့ ဘိုးတော သေတာနဲ့ ဘာမှ မဆိုင်လို့ အဖမ်းခံရဖို့ မကြောက်ပါဘူး ။ ကျွန်တော့် မိန်းမ ဝမ်းထဲ ဘိုးတော ဝင်စားမှာ ကြောက်လို့ပါ ။

ဤသို့ သာမောင်က ဆိုလိုက်လျှင် ဦးကျော်စွာသည် ပြုံးလိုက်သလို ရုတ်တရက် မျက်နှာ ဖြစ်လာပြီး ကာလ မျက်နှာကို အတည်ထားလျက် ...

စွာ ။  ။ မောင်ဝါလွန်းက စေ့စေ့စပ်စပ် မမေးသေးပဲ ။ မင်း မိန်းမနဲ့ ဘိုးတော ဟာ ဘယ်လို ပတ်သက်ကြမှန်းမှ မသိဘဲ ။ မင်း ကိုယ်တိုင်က မခင်ရီ ကို ဖမ်းထားတဲ့ အတွက် နေမထိ ၊ ထိုင်မထိ ဖြစ်ပြီး ငါ့ ကို လာခေါ်တယ် ။ မခင်ရီ ဧကန် မသ,တ်ရပါဘူး ။ မင်း ကိုယ်တိုင်လည်း သိပါတယ် ။ မခင်ရီ ကို ကယ်ပါ ။ ဘိုးတောဟာ လူကောင်း တစ်ယောက် မဟုတ်ဘူး ။ သေတာပဲ ကောင်းတယ် ။ ဘယ်သို့လေး ၊ ဘယ်ညာလေးနဲ့ ငါ့ကို လာပြောတယ် ။ မခင်ရီ အပေါ် မှာ တာဝန်လေးနေတယ် ။ ဒါနဲ့တောင် မခင်ရီ မသတ်ဘူး ။ မင်း သိတယ် ဆိုတာဟာ မင်းရင် လည်း သ,တ်ရမယ် ၊ နို့မဟုတ် သ,တ်တဲ့ လူကိုရင်လည်း မင်း သိရမယ် ။ ယခု လူသေအလောင်းကို အစောင့်ခိုင်းမယ် ကြံတော့ လည်း ဒီ့ပြင် လူတွေက ဘာမှမဖြစ်ပဲ မင်းက ထွက်ပြေးမယ် ကြံတယ် ။ မှန်မှန်ပြော ဘယ်သူ သ,တ်သလဲ ။

မောင် ။  ။ တက္ကစီကား ကြိတ်မိလို့ သေရပါစေရဲ့ ကျွန်တော် ဘာမှ မသိရပါ ။ ကျွန်တော် ပြေးမယ် ကြံတာက မယားကို စိတ်မချလို့ပါ ။

စွာ ။  ။ ဟော .. ပြောရင်း ၊ ပြောရင်း ပေါ်ပေါ်လာပြီ ။ မင်း မယားကို စိတ်မချရတာဟာ ဘိုးတောရဲ့ လိပ်ပြာ မင်း အိမ်ကို ရောက်သွားပြီး မင်း မယားကို ကိုယ်ယောင် ပြလိမ့်မယ် ။ ( ပူး ) ပြောမယ် ထင်လို့လား ။ မှန်မှန် ပြောစမ်း ၊ သ,တ်ရင်လည်း သ,တ်တာပေါ့ ဘာ ကြောက်ရမှာလဲ မှန်မှန်ပြော ။

မောင်သာမောင်သည် တစ်ကိုယ်လုံး တုန်လျက် ဦးကျော်စွာကို စူးစိုက်ကာ ကြည့်ပြီးလျှင် တစ်ဖန် တုန်တုန်ရီရီနှင့် ...

မောင် ။  ။ ကျွန်တော့် မိန်းမ ဟာ ဘိုးတောနဲ့ လိုက်ပြေးပြီး ။ တစ်လခွဲလောက် ကြာမှ ကျွန်တော့်ဆီကို ပြန် ရောက်လာပါတယ် ။ ဒါကြောင့် ဘိုးတောကို ကျွန်တော် လိုက်ရှာနေတာ ဒီနေ့ ညမှ တွေ့လို့ လူတွေ အိပ်အောင် စောင့်ပြီး လူတွေ အိပ်တော့ကာ နောက်ဖေးပေါက်က တက်လို့ ကျွန်တော့် ကားထဲက ( စပင်နာ ) သံချောင်းနဲ့ နောက်ကနေပြီး တစ်ချက်တည်း ရိုက် လိုက်တာ ဘိုးတောလည်း လဲသွားရော ကျွန်တော် လည်း ပြန် ဆင်းလာတာပါပဲ ။ ကျွန်တော် ရိုက်သ,တ်တာ အမှန်ပါ ။

ဤသို့ သာမောင် က ဖြောင့်ချက် ပေးလေလျှင် မောင်လောဟူ နှင့် တကွ အားလုံးသော သူတို့သည် အံ့သြသော အမူအရာနှင့် သာမောင် ကိုသာ ငေးစိုက်ကြည့်နေကြလေ၏ ။ မောင်ဝါလွန်း မှာကား အလွန် ဝမ်းသာလာသော မျက်နှာထားနှင့် ...

လွန်း ။   ။ ကိုင်း ... ဒီတစ်ခါတော့ ငါ ထင်တဲ့ အတိုင်းပဲ လက်သည် ပေါ်ပြီဟေ့ ။ သာမောင် မင်း ငြင်းလို့ မရဘူး ။ ကြိုးဒဏ် ခံပေတော့ ။ ဟေ့ ... ဘိုးချက် လက်ထိတ် ယူခဲ့ ဒီအကောင်ကို လက်ထိတ် ခပ်ရမယ် ။

စွာ ။  ။ လက်ထိတ်ခတ်ဖို့ အရင် မလိုပါနဲ့ကွယ် ။ သူဘယ်မှ ပြေးနိုင်မှာ မဟုတ်ပါဘူး ။ ကိုင်း. .. မောင်လောဟူ အလောင်း သွား စောင့်စမ်း ။ ဒီအကောင်ကို စစ်မေးမယ် ။

မောင်လောဟူသည် ကြောက်ကြောက် နှင့်ပင် ဘိုးတော၏ အခန်းသို့ သွားလေ၍ ( ခေါင်း ) နှင့် မနီးမဝေးတွင် ထိုင် နေလေ၏ ။ ငါးမိနစ် လောက် ကြာသောအခါ ဘိုးတော၏ အခန်းတွင်းမှ ( ခေါင်း ) အဖုံးပွင့်၍ ကြမ်းပေါ် သို့ ကျသော အသံနှင့် တရုတ်မောင်လောဟူ၏ အော်သံကို ကြားရလျှင် ၊ အားလုံး လူများ မောင်ဘိုးတော အခန်းသို့ သွားကြည့်မည်ကဲ့သို့ ပြုကြသော် ဦးကျော်စွာက တိုးတိုးသက်သာ လူများအား ဆိတ်ငြိမ်စွာ မလှပ်မရှားဘဲ နားထောင်နေကြစေရန် ပြောလေ၏ ။ ထိုခဏချင်း၌ အခန်းထဲမှ လောဟူ၏ အသံကို ဤသို့ ကြားရလေ၏ ။

ဟူ ။  ။ ဟေ့ ... ဘိုးတော ငါ့ကို မခြောက်ပါနဲ့ ။ မခင်ရီကို ငါက သတ်ခိုင်းတာ မဟုတ်ပါဘူး ။ မခင်ရီ သ,တ်တာလည်း မဟုတ်ပါဘူး ။ သာမောင် တဲ့ကွဲ့ ၊ သာမောင် သ,တ်တာပါ ။ ငါ့ကို ဒီလို ကြည့်မနေပါနဲ့ ငါ ကြောက်ပါတယ် ။ ခင်ရီကို ငါက စိတ်ညှို့ပြီး အပြော ခိုင်းလို့ ပြောရတာပါ ။

ယင်းကဲ့သို့ အဆို လိုက်တွင် ( ခေါင်း ) သည် လိမ်လျက် ၊ ( ခေါင်း ) ထဲက ဘိုးတော၏ အလောင်းသည် ခုန်ထွက်၍ လောဟူ၏ ဇက်ကို တက်စီး လေ၏ ။ လောဟူ သည် ငယ်သံပါအောင် အမယ်လေး ... လာကြပါ ။ ဘိုးတောသရဲ ကျွန်တော့် စိုက်ကြည့်နေပါပြီ ။ လာကြပါ .. လာကြပါ ။ ဟု အော်သံကို ကြားရသဖြင့် အခန်းတွင်းမှ လူအားလုံး တို့သည် ဘိုးတော၏ အခန်းသို့ ပြေးဝင်ကြလေ၏ ။ လောဟူ အပေါ် မှာ ဘိုးတော၏ အလောင်း ထပ်လျက် လောဟူ သည်လည်း ဘိုးတော အလောင်း၏ အောက်က မျက်လုံးပြူးလျက် မေ့မြောနေသည်ကို တွေ့ကြရလေ၏ ။

••••• ••••• •••••

အခန်း ( ၃ )

ဦးကျော်စွာ က မောင်လောဟူ ကို ပွေ့ချီ ပြီးလျှင် မျက်နှာကို ရေနှင့် ဖျန်းပက်သော အခါမှ မောင်လောဟူ သည် သတိရလာလေ၏ ။ လူသေ အလောင်းယောင် ဆောင်သူကား အခြားသူ မဟုတ် ။ မောင်ဘိုးသာ ပင် ဖြစ်ကြောင်းကို ထိုအခါမှ အားလုံးတို့ သိကြလေ၏ ။

စွာ ။  ။ လောဟူ မင်းဟာ ဘာကြောင့် မခင်ရီကလေးကို မင်း စိတ်ညှို့အတတ်နှင့် မဟုတ်မလျား ကြိုးပေးခံရအောင် ဖြောင့်ချက်ပေးစေသလဲ ။ မိုးကြိုး တို့ ခင်ဆုံ တို့ကို ဘာကြောင့် ဒီလို မလုပ်သလဲ ။

ဟူ ။  ။ မိုးကြိုး ၊ ခင်ဆုံ တို့ရဲ့ စိတ်ဟာ အလွန် ခိုင်မာနေလို့ ညှို့လို့ မရပါ ။ ခင်ရီကလေး မှာတော့ အလွန် ထိတ်လန့်နေ သူ့ လိပ်ပြာ လန့်နေတုန်း ကြောင့် စိတ်ညှို့လို့ရပါတယ် ။ ကျွန်တော်မှာ နိုင်ငံခြားသား ဖြစ်နေတာနဲ့ ဒီလို အစိုးရဘက်ကို ကူညီစုံထောက် ပေးရင် အစိုးရ ဆီက လက်မှတ်ကောင်း တစ်ခု ရနိုင်မယ် ၊ လက်မှတ်ကောင်း ရရင် ကျွန်တော်မှာ အသက်မွေးဝမ်းကျောင်း ချောင်ပြီး နာမည်ကြီး ပွဲများ ကရမှာ ကြောင့်ပါ ။ စုံထောက်ကြီး ဝင်လာပြီး မခင်ရီ နှင့် ကျွန်တော့်ကို ကြည့်လိုက်ကတည်းက စုံထောက်ကြီးဟာ စိတ်ညှို့ပညာမှာ ကျွန်တော်ထက် တတ်ကြောင်း ကြီးကြောင်း ရိပ်မိပါတယ် ။ မခင်ရီကို စုံထောက်ကြီးက စကားပြော လိုက်ရင်ပဲ ကျွန်တော်က မခင်ရီကို ညှို့ထားတဲ့ မန္တန်ဟာ ပြေသွားသလောက် ဖြစ်ပြီး ၊ အရင်က သူ သ,တ်ပါတယ် လို့ ဖြောင့်ပြောနေတာတောင် မသ,တ်ပါဘူးလို့ ဆိုလိုက်သေးတယ် ။ အင်မတန် ကျွန်တော်က ကြိုးစားပြီး ပြန် ညှို့နိုင်လို့ ကျွန်တော် ဘက်ကို ပါလာပြန်တာပါ ။

စွာ ။  ။ ငါက မခင်ရီရဲ့ စိတ်ကို မညှို့လို့ မင်းဘက်ကို ပါရတာ ။ မင်း အစွမ်း ဘယ်လောက် ရှိမလဲ ကြည့်ချင်လို့ ငါ လွှတ်ပေးလိုက်တယ် ။ ဒါနဲ့တောင် မင်း ဘက်ကို အရင်ကလောက် လုံးလုံး မပါတော့ဘူး ။

ဟူ ။  ။ မှန်ပါတယ် ။ ပိုက်လုံးကို အဖျားက ကိုင်ရအောင် ကျွန်တော်က ညှို့တာတောင် အလယ်က သွား ကိုင်သေးတယ် ။ နို့ပြီး လူအိပ်တဲ့ အခန်းကို ပြောလိုက်ဖို့ ကျွန်တော်က စိတ်နဲ့ ညှို့တာကို သူ့ စိတ်များများ မဖမ်းမိ ၊ စိတ်နှင့် ပြန်ပြောလို့ ကျွန်တော်ကလည်း သူ အိပ်တဲ့ အခန်းကို မသိတာကြောင့် ။ ကျွန်တော် အိပ်တဲ့ အခန်းတွေကိုသာ လျှောက် ပြောစေပါတယ် ။ အဲဒါတွေလည်း မှား နေတော့ ကျွန်တော့်မှာ အတော် စိတ်ပျက်သွားပါတယ် ။ နောက်တော့ ပိုက်လုံး ထားတဲ့ရှိတဲ့ နေရာရော အားလုံး လျှောက်မှားတာပဲ ။ စုံထောက်ကြီး အမှတ်တမဲ့ ကြည့်လိုက် မခင်ရီကို ချိုချိုသာသာ ပြောလိုက် လုပ်တော့ကာ ဧကန္တ စုံထောက်ကြီးဟာ မခင်ရီ မသ,တ်ဘူး ဆိုတာကို သိပြီ ။ ကျွန်တော်က စိတ်ညှို့ ထားလို့သာ အလွဲလွဲ အချော်ချော် ကျွန်တော်က ပြောစေချင်တာကို ပြောရတဲ့အကြောင်းကို သိနေတော့တာပဲလို့ စိတ်တွေ ထိတ်လန့်လာပါတယ် ။ နောက် ( သာမောင် ) ဆီက သူ သ,တ်ကြောင်း ဖြောင့်ချက်ပေးတော့မှ စုံထောက်ကြီးဟာ တို့တစ်တွေကို သ,တ်တယ်လို့ မထင်ဘူး ။ မောင်သာမောင်ကို သာ လူသ,တ်မှု နဲ့ ဖမ်းတော့မှာပဲလို့ စိတ်နည်းနည်း ရဲလာ ပါတယ် ။

စွာ ။   ။ အားလုံး နားထောင်ကြ ငါ ပြောပြမယ် ။ စိတ်ညှို့ အတတ်ဟာ လူတစ်ယောက်မှာ စိတ်တည်တည်ခိုင်ခိုင် ရှိနေတုန်းကို ဘယ်လို ညှို့ လို့မှ မရဘူး ၊ စိတ်ညစ်နေမယ် ၊ ထိတ်လန့်နေမယ် ဆိုမှ ညှို့ယူလို့ ရတယ် ။ အဲဒါက တစ်ကြောင်း ၊ နို့ပြီးတော့ကာ လူ တစ်ယောက်ဟာ ကိုယ့်ကို ချစ်နေမယ် အားကိုး ယုံကြည်နေမယ် ၊ သြဇာခံနေမယ် ၊ စိတ်မခိုင်ဘဲ နဂိုက ကြောက်တတ်ကဲ့ စိတ်ရှိနေမယ် ဆိုရင်လည်း စိတ်ညှို့လို့ ရတယ် ။ အခု မောင်းသာမောင်က ဖြောင့်ချက်ပေးလို့ သူ ပြောသမျှ စကားတွေ ဟာလည်း သူက ပြောစေချင်တာတွေကို အကုန်ပြောစေချင်တာတွေ ကို သူလိမ်မှာ ၊ မောင်ဝါလွန်းက လက်ထိတ်ခတ်မယ်လေး ဘယ်သို့လေးနဲ့ လုပ်သေးတယ် ။ မခင်ရီကလေး အကြောင်းမှာ ဒီလောက်ရှည်တဲ့ ပိုက်လုံးကြီးကို ဒီ သူငယ်မကလေးက ဘယ်လို မြှောက်ထောင်ပြီး ရိုက်နိုင်မှာလဲ ။ မြှောက်နိုင် ၊ ချီနိုင် ပြန်ရင်လည်း ဒီ တံခါးပေါက် ထက် ပိုက်လုံးက မြင့်နေတာဟာ ။ ဘယ်နှယ့်လုပ်ပြီး ပြင်ဘက်ကနေလို့ အခန်းထဲမှာ ထိုင်နေတဲ့ လူကို ရိုက်နိုင်မှာလဲ ။ ရိုက်ချင်ရင် အခန်းထဲသို့ ဝင်ပြီးမှ ရိုက်နိုင်မယ် ။ အခန်းဝမှာ လူ လာရပ်ပြီး ပိုက်လုံးကို ကိုင်ရွယ်လိုက်ရင်ပဲ ။ ဘိုးတောရဲ့ ဂုတ်ကြား ခွေးကြီးက ကြည့်နေမှာ မဟုတ်ဘူး ။ တစ်ခါတည်း ပိုက်လုံး ကိုင်ရွယ်တဲ့ လူရဲ့ ( လည်မျို ) ကို ပြေးခဲလိုက်မှာ သူ့ခွေးက သက်တော်စောင့်ပဲ ခွေးဘီလူးကြီးကွဲ့ ။

လွန်း ။   ။ နို့ ဆရာရယ် သာမောင်လည်း မသ,တ် ၊ ခင်ရီလည်း မသ,တ်ရင် လောဟူ သ,တ်မှာပဲ ။

စွာ ။  ။ ပိုက်လုံး နှင့် လောဟူ က ရိုက်သ,တ်ရင် ပိုက်လုံးကို ဘယ်က ရတယ်လို့ ခင်ရီကို လောဟူ က စိတ်ညှို့ပြီး အပြောခိုင်းတုန်းကပဲ ။ ပိုက်လုံး ဘယ်မှာရှိတယ်လို့ သေသေချာချာ ပြောအောင် လုပ်မှာပေါ့ ။ အခုတော့ကာ လောဟူ ကိုယ်တိုင် ပိုက်လုံး ဘယ်မှာ ထားကြောင်း သိမှ မသိပဲ ။

လွန်း ။  ။ ပိုက်လုံးနဲ့ မရိုက်ဘဲ အခြား လက်နက်တစ်ခုခု နှင့် ရိုက်ပြီး လက်နက်ကို တခြားသို့ လွှင့်ပစ်လိုက်မှာပေါ့ ။

စွာ ။  ။ ဒါဖြင့် ပိုက်လုံးဟာ ဘယ်နှယ့် ဘိုးတော လဲနေတဲ့ နေရာနားကို ရောက်နေတာလဲ ။

လွန်း ။  ။ ဘိုးတော လဲသွားမှ ပိုက်လုံးကို တန်းက ဖြုတ်ပြီး ချထားရင်ကော ဆရာ ။

စွာ ။   ။ နို့ .. သူ့ ခွေးကြီးက ကြည့်နေမှာလား ။

လွန်း ။  ။ ခွေးကို ဘိန်းကျွေးမယ် ။ နို့မဟုတ်ရင်လည်း မှော်အတတ်နဲ့ လုပ်ထားမယ် ။

စွာ ။  ။ မှတ်ထား ၊ တိရစ္ဆာန်က ကိုယ့်ကို ချစ်တဲ့ ကိုယ့် သြဇာခံတဲ့ ခွေးတိရစ္ဆာန် မဟုတ်ရင် ဘယ်တော့မှ မှော်အတတ် နဲ့ စိတ်ညှို့မရဘဲ ဘိန်းကျွေး ဖို့ဟာလည်း ဘိန်းပါတဲ့ အစာကို ခွေးသို့ ပစ်ပေးလိုက်ရင် ခွေးဟာ ဘိုးတော အနားက ဘယ်တော့မှ မခွာလို့ ဘိုးတော မြင်မယ် ။ ဘိုးတော မြင်ရင် ရိုက်မယ့် လူက ရိုက်ဖြစ်ဦးမလား ။ ဘိန်း ဖြစ်ဖြစ် ၊ အဆိပ် ဖြစ်ဖြစ် စားမိရင် ချက်ချင်း ဘိန်းမူးခြင်း ၊ အဆိပ် မွှန်ခြင်း မဖြစ်နိုင်သေးဘူး ၊ ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ် ကြာမှ ဖြစ်နိုင်တယ် ။ သေစေတတ်တဲ့ အဆိပ်တော့ အဆိပ်မွှန်တာ မှန်ပါရဲ့ ။ အခုတော့ သေတတ် တဲ့ အဆိပ်ပြင်းပြင်းကြီးမျိုး မဟုတ်ဘူး ။ ဒါကြောင့် ခွေးကို အဆိပ် ကျွေးတယ် ဆိုတာ မဟုတ်နိုင်ဘူးလေ ။

လွန်း ။  ။ ဒေါ်ဖွားပဲ ခွေးနဲ့ လည်း သူ့အစာ ကျွေးနေကျကြောင့် တည့်တယ် ။ ခွေးကို တိတ်တဆိတ် ခေါ်ပြီး မီးဖို မှာ အစာ ကျွေးထားတုန်း ဘိုးတောကို လာရိုက်တာပဲ ။ နို့ပြီး ... ဟာ ... ဟုတ်ပြီ .. ဟုတ်ပြီ ။ နို့ပြီး ခင်ရီကို ကျွန်တော် ဖမ်းမယ် လုပ်တုန်းကလည်း ခင်ရီ မသ,တ်ဘူး ။ သူ ကိုယ်တိုင် ဆိုပြီး သူ့ စကား မှားသွားမှန်း သိလို့ သူ သိတယ်လို့ လျှောချသွားတယ် ။ နို့ပြီးလည်း ဘိုးတော သေတာ ဝမ်းသာတယ်တဲ့ ။ သူ မုန်းနေကြောင်း ရန်ငြိုးရှိကြောင်း ထင်ရှားတယ် ။

စွာ ။   ။ ဘယ်သူပဲ ရိုက်ရိုက် ခွေးကြီး ပြန်လာလို့ သူ့ သခင်ကို မြင်ရရင် အနားကို လူ ကပ်မခံဘူး ။ အားလုံးကို ဆီးကိုက်မယ် ။ မောင်လောဟူ က မေးတော့ကာ ၊ ( ဒီခွေး အခုတော့ဖြင့် ကိုက်လှမယ် မဟုတ်ပါဘူး ) လို့ ဆိုတယ် မဟုတ်လား ။ အဲဒါဟာ လောဟူ က မှော်ဆရာ ဖြစ်တော့ လူအကဲ ၊ တိရစ္ဆာန်အကဲကို ခတ်နေကြဖြစ်လို့ ခွေးသဘောကို သိတာကြောင့် ပြောတာ ခွေး အပေါ်မှာ တစ်ခုခု သူ့သခင် အပြစ်ရှိတယ် ။ ဒါကြောင့် ငြိမ်သက်နေတယ် ဒီလို ငြိမ်နေရင် သခင်က ပြန်ပြီး မျက်နှာချိုသွေး မခေါ်သမျှမှာ သခင် အနားမှာ ခွေဝပ်ပြီး သခင်ကို နမ်းလိုက် အသံတိုးတိုးနဲ့ စိတ်ညစ်သံ အူလိုက် လုပ် တတ်တယ် ၊ အရင်ကလို သခင် အားကိုးပြီး ဟောင်လိုက် ၊ ကိုက်လိုက် မလုပ်ဝံ့ဘူး ။

လွန်း ။  ။ မောင်ဘိုးတောကို ဘယ်သူ ရိုက်တာလဲ ဆရာရဲ့ ။ အခုဖြင့် သေများသေလေပြီလား မဆိုနိုင်ဘူး ။ သူ့ ခေါင်းက ဒဏ်ရာလည်း မနည်းဘူး ။

စွာ ။  ။ မင်း ခုတောင် မရိပ်မိသေးဘူးလား ။ ပုလိပ်မင်းကြီးဟာ ဘိုးတော လဲနေတာကို ကိုင်လို့တောင် မကြည့်ဘဲ ခဏကလေး အခန်းဝ နားက ကြည့်ပြီး ငါနဲ့ စကား တစ်ခွန်း ၊ နှစ်ခွန်း ပြော ထွက်သွားတယ် ။

လွန်း ။  ။ မှန်ပါတယ် ။ လူသ,တ်မှုကြီး တစ်ခု ဖြစ်နေတာ ခါတိုင်း တကယ် စေ့စပ်တယ် ။ ချက်ချင်း ဆရာဝန် ခေါ်စေတယ် ။ အဆောတလျင် စစ်ဆေးတယ် ။ အခုတော့ကာ တယ် ပေါ့ပါကလား ။ ဆရာစုံထောက်ကြီး ကိုယ်တိုင် ပါလာလို့များလားလို့ ကျွန်တော်လည်း အပုံကြီး စဉ်းစားမိပါတယ် ။ တွေးလို့ ရနိုင်ပါ ။

စွာ ။  ။ ဟဲ့ ... မင်းဟာ အင်စပက်တော်ကြီး ပထမတန်းတောင် ဖြစ်နေပြီ ။ ဒါနဲ့တောင် ပုလိပ်အရာရှိကလေးများ တောင် သိရမယ့် ဒဏ်ရာဟာ ဘယ်မှာ ထိလို့ ဘယ်လို နေရင် ဘယ်လောက် ပြင်းထန်တယ် ။ ဆရာဝန်ကို ချက်ချင်း အချင်းဖြစ် နေရာသို့ ခေါ်ယူ ကြည့်ရှာရမယ် ။ ဘယ်လို ဒဏ်ရာ ဖြစ်လျှင် အချင်းဖြစ်တဲ့ နေရာသို့ ဆရာဝန်ကို ခေါ်ဖို့ အရေးမကြီးဘူး ။ ဆေးရုံ ကိုသာ လူနာကို ပို့ဖို့ ရှိတယ်ဆိုတဲ့ အချက်တွေ ကို မင်း မသိသေးပါဘူး ။ ငါ မေးလာတာကို မင်း ဖြေစမ်း ။ ဒဏ်ရာဟာ နောက်စေ့မှာ ဟုတ်လား ။

လွန်း ။   ။ ဟုတ်ပါတယ် ။

စွာ ။  ။ ဒဏ်ရာက သွေးလောက်ပဲ ထွက်တယ် ။ ဦးနှောက် ဖြူဖြူတွေ မထွက်ဘူး ။

လွန်း ။  ။ မထွက်ဘူးဆရာ .. သွေးလည်း များများကြီး ဟောဟော ပါအောင် မထွက်ဘူး ။

စွာ ။  ။ ဒါဖြင့် ဦးနှောက် မထွက်လို့ ဦးခွံများများ မကွဲဘဲ အများဆုံး ဥသျှစ်သီးကို ခဲနဲ့ ထုသလို နည်းနည်း ကျေချင်ရင် ကျေသွားရုံ လောက်ပဲ မဟုတ်လား ။

လွန်း ။  ။ ဟာ .. ရိပ်မိပြီ ဆရာ ။ ဒီလို စဉ်းစားဖို့ ပညာ တိုးလာကာ များများကြီး ကျေးဇူးတင်ပါတယ် ဆရာ ။ အခုဒါဖြင့် မူးဝေနေတာလောက်ပေါ့ ။ အသက်သေဖို့ ကို ကြောက်စရာ မရှိဘူး ။ အကြီးဆုံး အပြစ်မှ ရာဇသတ်ပုဒ်မ ၃၂၅ လောက်သာ ဖြစ်မယ် ၊ အလှည့် မသင့်ရင် ၃၂၃ ဖြစ်ချင်ရင် ဖြစ်သွားမယ် ။ ဒီတော့ဖြင့် ပုလိပ် အရေးယူစရာတောင် မလိုဘူး ၊ ဒါကြောင့် ပုလိပ်မင်းကြီးဟာ ပေါ့ပျက်ပျက် လုပ်ပြီး ပြန်သွားတာကိုး ။ သိ .. သိပြီ ... ဒါဖြင့် ရိုက်တဲ့ လက်သည်ကို ဘိုးတော အစစ်ခံနိုင်မှ သိမှာပေါ့ ။

စွာ ။   ။ ဒီလိုကွဲ့ ... ဦးခေါင်းမှာ ဒဏ်ရာဟာ ဦးနှောက် မထွက်ရင် ၊ ဘယ်တော့မှ မသေဘူး ။ မေ့သွားရုံပဲ တစ်ခါတလေ ဒဏ်ရာပြင်းလွန်း အားကြီးလို့ ဦးခွံကြေသွားပြီး ၊ ဦးနှောက်ထဲမှာ ဦးခွံ အစအနကလေးများ စူးစိုက်နေရင် မူးတတ်တယ် ။ သတိလစ်တတ်တယ် ။ အရင်က အဖြစ်အပျက်ကို မမှတ်မိ မေ့လျော့သွားတတ်တယ် ။ ယခုဟာကတော့ သွေးတောင် များများ မထွက်လို့ ဦးနှောက်ကြေမှာ မဟုတ်ဘူး ။ နောက်စေ့နှင့် နားထင်မှာ လက်သီး ပြင်းပြင်းထန်ထန် ရိုက်တဲ့ ဒဏ်ရာ မဟုတ်ဘူး ၊ လူရိုက်တဲ့ ဒဏ်ရာလည်း မဟုတ်ဘူး ။ မင်း စဉ်းစားကြည့်ပါလား ။ ဘိုးတောဟာ ထင်းရှုးသေတ္တာ နိမ့်နိမ့်ကလေးပေါ် ထိုင်ပြီး ခေါင်းငုံ့လို့ ခြေအိတ် ချွတ်နေတယ် ၊ လူရိုက်ရင် နောက်စေ့တည့်တည့်ကို မထိနိုင်ဘူး ။ ထိပ်ဦး တည့်တည့်မှာ ရှိရမယ် ၊ ဒဏ်ရာဟာလည်း ဒီလို တုတ်နှင့် ထိုးလိုက်သလို နောက်စိမှာ ကွက်ကွက်ကလေး မရှိရဘူး ။ အရှည်လိုက် ခပ်လျားလျား ရှိရမယ် ။ ရိုက်တဲ့ လူက ထိုင်ပြီး အောက်ပင့်လို့ မရိုက်ဘူး ။ မတ်တတ် ခေါင်းပေါ်က မိုးပြီး ရိုက်ရမယ် ။ ဒီတော့ကာ နောက်စိ တစ်ခုတည်း မဟုတ် ထိပ်လယ် ၊ သို့မဟုတ် ချိုစောင်းကိုသာ ထိရမယ် ။ ထိပြန်ရင်လည်း ဒဏ်ရာ ဒါထက် ကြီးရမယ် ။ ရေပိုက်လုံးကိုလည်း ကြည့်ဦး ၊ ပိုက်ကု,လားများက ရေဘုံဘိုင် ပြင်ပြီး ထားခဲ့တာ ။ အတိုအစ ပိုက်ကလေးမှ မဟုတ်ဘဲ ။ ရေပိုက် ပြင်ရင် အတိုအစ သုံးမြဲ မဟုတ်တာကိုလည်း အကဲခတ်ရမယ် ။ ဒီ ပိုက်လုံးနှင့် ရိုက်ရင်လည်း ဒီထက် ဒဏ်ရာ ကြီးရမယ် ။

လွန်း ။  ။ နို့ ... ဒီ ပိုက်နဲ့ မရိုက်ရင် ဘာနဲ့ ရိုက်မှာလဲ ဆရာရယ် ။ ကြာလေ စဉ်းစားရကျပ်လေ ဖြစ်လာပါပြီ ။

စွာ ။   ။ မင်းမှာ လူတစ်ယောက်လဲ နေရင် ၊ ဟင် .... သေပြီ ။ လူသ,တ်မှုကြီးပဲ အဲ ... အခုလို တစ်ခါတည်း ခုန်တွေးပြီး ပျာပျာရာရာ ဖြစ်နေလို့ ဘာကိုမှ အေးအေးချမ်းချမ်း စဉ်းစားဘူး ။ တွေ့သမျှ လူတွေကို ဖမ်းလိုက် ၊ ဆီးလိုက် ၊ ခြောက်လိုက် ၊ လှ့န်လိုက် လုပ်ပြီး စစ်ဆေး လိုက်တာပဲ ။ ဒီလို လုပ်ရင် အပြစ် ဖြစ်လိမ့်မလား ။ တလွဲလွဲ တချော်ချော် မမှန်တာတွေကို လျှောက်ပြော ။ စကားရှေ့ နောက် မညီပြန်တော့ တိုးပြီး ကြောက် ၊ ထပ်လိမ် ၊ ထပ်မှား ။ နောက်ဆုံးကြတော့ မဟုတ်ပေမယ်လို့ စစ်ဆေးတဲ့ အရာရှိစုံထောက် အလိုသို့ လိုက်ပြီး အရာရှိလေသံကို ဖမ်းပြီး ဖြောင့်ချက် ပေးလိုက်ရရော ။ သူ့ခမျာ မှာ မဟုတ်ဘဲနှင့် ဒုက္ခရောက်ရရော ။ မင်း ကိုယ်တိုင်က လောဟူ ရဲ့ စကားနှင့် သူက လူသ,တ်မှု ဆိုရင်ပဲ လူသ,တ်မှု ဖြစ်လိုက်တော့တာပဲ ။ လဲနေတဲ့ လူကို တစ်ဆိတ်လောက်ကလေး မှ အကဲမခတ် ၊ စမ်းသပ် မကြည့်ပဲ ဟာကိုး တစ်ကယ်လို့ လူတစ်ယောက်က တုတ် နဲ့ ဖြစ်စေ ၊ ပိုက်လုံးနှင့် ဖြစ်စေ ၊ လက်နက် တစ်စုံတစ်ရာနဲ့ ရိုက်ရင် ၊ ဒီလက်နက်မှာ လက်ညှိုး ၊ လက်မ ၊ လက်ချောင်းများက ဗွေအရာ ထင်ကျန်ရစ်ရင် ဧကန် လက်သည်ကို မိတော့မှာ ပဲလို့ သိပြီး ရိုက်တဲ့ လက်နက်ကို တခြားသို့ လွှင့်ပစ်လိုက်မှာပေါ့ ၊ လဲနေတဲ့ လူ အနားမှာ ထားခဲ့မှာလား ။ အဲဒါတွေကို စဉ်းစားပေါ့ ၊ နို့ပြီး ဒီ ခွေးကြီး ငြိမ်နေပုံ ၊ ကြောက်လို့ ဝပ်နေပုံတို့ ကိုလည်း အကဲခတ်မှပေါ့ ။

လွန်း ။  ။ နို့ ... ခွေးကြီးက ရိုက်သတ်တာလား ဆရာရယ် ။ ကျွန်တော်ဖြင့် မစဉ်းစားတတ်သလောက် ဖြစ်နေတော့တာပဲ ။

စွာ ။  ။ ညဦးက တစ်ညလုံး မိုးတစိမ့်စိမ့် ရွာနေတယ် ဟုတ်လား ။ နို့ပြီး မျက်နှာကြက်က တွဲလွဲကျ နေတဲ့ ကြမ်းမှာလည်း ရေစိုနေတယ် မဟုတ်လား ။ ပိုက်လုံး တစ်ဖက်က ထိပ်မှာလည်း သွေးစွန်းနေတယ် မဟုတ်လား ။ နို့ပြီး မောင်ဘိုးတောရဲ့ အခန်းထဲမှာ ကြေးနန်းကြိုး တစ်ခု ကွင်းလုပ်ပြီး တွဲလွဲကျနေတယ် မဟုတ်လား ။ ပိုက်လုံးမှာ သွေးစွန်းတဲ့ ဘက်က အဖျားမယ် ၊ သံချေးတွေ ကွာလို့ ခြစ်ရာ လိုလို ရှိတယ် မဟုတ်လား ။

လွန်း ။  ။ အမယ် ... ဆရာ ဒါတွေကို ဗြုံးခနဲ ဘယ့်နှယ် သတိထားလိုက်သလဲ ။ ကျွန်တော်ဖြင့် နည်းနည်းမှ သတိ မထားမိဘူး ။

စွာ ။  ။ ရာဇဝတ်မှု စုံထောက်တဲ့အရာရှိ ဆိုတာ အချင်း ဖြစ်တဲ့ အနားမှာ အမှုနဲ့ ပတ်သက်လို့ လက်နက် သက်သေခံပစ္စည်း အစရှိသဖြင့် ဘာများ တွေ့ ရမလဲလို့ စူးစမ်းရတယ် မဟုတ်လား ။ မင်းတို့ ပုလိပ်လက်စွဲ စာအုပ်မှာ ဒီအကြောင်းတွေဟာ အစုံအလင် စုံထောက်စစ်ဆေးတဲ့ နည်းများ ပါနေတာတောင် မတတ်ပဲကိုး ၊ ပုလိပ်လက်စွဲ စာအုပ်ကို သေသေချာချာလဲ ဖတ်ဦးမှာပေါ့ ။ နားထောင် ငါ ပြောပြမယ် ။ မောင်ဘိုးတော ဖိနပ် ထိုင်ချွတ်နေတဲ့ သေတ္တာပေါ် တည့်တည့်မှာ ပိုက်လုံးတွဲတဲ့ ကြိမ်ခြမ်း ရှိတယ် ။ အဲဒီ ကြိမ်ခြမ်းပေါ်ကို အိမ်ခေါင်မိုးက မိုးတစိမ့်စိမ့် ယိုလို့ ပိုက်လုံး ချည်ထားတဲ့ ကြိုးကွင်းဟာ ရေ ထိတော့ကာ သူ့အလိုလို ရုန်းပြီး ပြေကျ သွားတယ် ။ ဒီတော့ကာ ကြေးနန်းကြိုးနဲ့ ကွင်းသိုင်းထားတဲ့ ဘက်က မကျွတ်သေးလို့ ပိုက်လုံးကို ထိုးချလိုက်သလို မောင်ဘိုးတောရဲ့ နောက်စိသို့ ပိုက်လုံးအဖျား ၊ အရှိန် နဲ့ကျလာတယ် ။ မောင်ဘိုးတော မှာလည်း မိုးအေးအေးကြောင့် ကဇော်တွေ မူးအောင်သောက် ၊ နောက်ပြီး အိမ်ကို ရောက်ပြန်တော့လည်း ထောပတ်သုတ်တဲ့ ပေါင်မုန့်တွေနဲ့ ကော်ဖီ သောက်ပြန်တယ် ။ ဒါကြောင့် မူးတဲ့ မက မူးပြီး စကားတွေကို ဟုတ်တယ် မှန်တယ် မရှိ လူတစ်ဖက်သား မခံချင်အောင် ပြော ...

လွန်း ။  ။ မောင်ဘိုးတော ပြောတာ အမှန်သားပဲ ဆရာ ရဲ့ ၊ မေခင်ရီကလေးက တောင် ဝန်ခံတာပဲ ။

ရီ ။  ။ ( မျက်နှာ လန်းဖြန်းလာ၍ တောင်တောင်မြောက်မြောက် ကြည့်ပြီးလျှင် ) ကျွန်မ ဘယ်သူ့ကို ဘာများ ပြောမိလို့လဲ ဘိုးတော ပြောတဲ့ စကားတွေဟာ တစ်ခုမှ မမှန်ဘူး ။ ကျွန်မမှာ ရည်းစားလည်း မထားဖူးဘူး ။ လင်လည်း မရှိဘူး ။ ဘိုးတော နှင့် လောဟူ တို့က ပိုးကြတာတောင် ကျွန်မက အပိုး လက်မခံဘဲ သူတို့ အပေါ်မှာ ဣန္ဒြေရရ မျက်နှာထားနဲ့ နေပါတယ် ။ ဒီ ... ဘိုးတောဟာ အရက် မူးတိုင်း ဒီလိုချည်း ပြောတတ်တယ် ။ သူ့ကို ဆဲလိုက် ၊ ဆိုလိုက် စိတ်ဆိုးသလို လုပ်လိုက်ရင်လည်း ငြိမ် သွားတာပါပဲ ။ မမဆုံ နဲ့ ကိုကြီးမိုး ကိုလည်း သူ ပြောလိုက်တာ ရစရာ မရှိဘူး ။ သူ ပြောတာတွေလည်း တစ်ခုမှ မှန်တာ မဟုတ်လို့ ဗွေလည်း မယူကြဘူး ။

ဆုံ ။  ။ ဟုတ်ပါတယ် ။ ဒီ ငတောဟာ မမူးရင်တော့ ဘယ်လိုပဲ ဆဲဆဲ ၊ ဘယ်လိုပဲ ဆိုဆို ခံရှာတာပါပဲ ။ တစ်ခါတလေ သူ မူးလာရင် သူ ပြောတာ ထက်တောင် ဆိုးသေးတယ် ။ မမူးတဲ့ အခါမှာ လူကောင်းကလေး တစ်ယောက် ဖြစ်တာတစ်ကြောင်း ၊ သူ ပါတဲ့ ပွဲမှာ အင်မတန် ရယ်ရလို့ လူပျက်ကောင်း ဖြစ်တာ တစ်ကြောင်းကြောင့် သူ့ကို လက်မလွှတ်နိုင်လို့ ဗွေမယူ ကြပါ ။ အမူးပြေတော့လည်း သူ ပြောမိတာတွေကို ကန်တော့ တောင်းပန်ရှာပါတယ် ။

လွန်း ။  ။ နို့ .. ခင်ဗျားတို့ က သ,တ်မယ် ၊ သ,တ်မယ်နဲ့ ဘာကြောင့် ပြောရတာလဲ ။

ဆုံ ။ ။ ဟာ ... အင်စပက်တော်မင်း ကလည်း ဒီလို ပြောကြတိုင်း သူ့ကို သ,တ်ဖြစ်ရင် ဘိုးတော သေတာ ငါးဆယ်လည်း မကဘူး ။ တစ်ရာလည်း မကဘူး ။ ဒီလို ပြောမှ စိတ်ဆိုးမှန်း သိမှာ သူ ငြိမ်ငြိမ် သွားတာပဲ ။ ဒေါ်ဖွားကြီးကို ဆိုလိုက်တာ ကြည့်ပါလား ။ ဒါတောင် ဒေါ်ဖွားကြီးက အရေး မယူဘူး ။

စွာ ။  ။ ကိုင်း .. မောင်လွန်း ... မင်း ကြားပြီ မဟုတ်လား ။ နောက်ပြီးတော့ ဘိုးတော လဲနေတဲ့ ထင်းရှူးသေတ္တာ နားမှာ အင်္ကျီ ၊ လုံချည်တွေ တစ်ပုံကြီး ကျနေတာ မြင်ရဲ့ မဟုတ်လား ။ အဲဒီဟာတွေဟာ ပိုက်လုံးတန်းပေါ်က ကျလာတာ မဟုတ်နိုင်ဘူးလား ၊ သူ့ ခွေးကြီးဟာ သူ့ ဖိနပ်ချွတ် နေတုံးမှာ ခုန်ပေါက် မြူးနေပြီး တန်းပေါ် က အဝတ်တွေကို ကိုက်ဆွဲချတဲ့ လက္ခဏာ ရှိတယ် ။ အဲဒီလို ခုံပေါ်က ကိုက်ဆွဲချ နေတုံးကို ပိုက်လုံး ကျလာလို့ သူ့ သခင် လဲသွားတော့ကာ ခွေးကြီးက ပိုက်လုံး အနားမှာ ဝပ်နေတာပဲ ။ ဒီပိုက်လုံး ကျနေလို့ ဒေါ်ဖွားလည်း မှေးမှေး အိပ်ပျော်ရာက လန့် နိုးတဲ့ လက္ခဏာပဲ ။

လွန်း ။  ။ နို့ .... မောင်ဘိုးတော အခန်းနားက ကပ်နေတဲ့ မိုးကြိုး ၊ ခင်ဆုံ တို့ မနိုးပါကလား ဆရာ ။ ဒေါ်ဖွားလည်း ပိုက်လုံးကျသံ မကြားပါကလား ။

စွာ ။  ။ မိုးကြိုး ၊ ခင်ဆုံ တို့ တော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားလို့ နိုးမယ် မဟုတ်ပေဘူး ။ ဒေါ်ဖွားမှာ လည်း သူ နိုးတာလောက်ပဲ ရှိမယ် ။ ဘာကြောင့် နိုးတယ် ဆိုတာတော့ သိလှမယ် မဟုတ်ဘူး ။

လွန်း ။  ။ ဒါဖြင့် ... ဂုတ်ကြား လက်ချက်ပေါ့ ။

စွာ ။  ။ ဂုတ်ကြား နဲ့ မိုးရေ လက်ချက်လို့ပဲ ဆိုပါတော့ ။ ငါလည်း ဆေးရုံကို ရောက်ခဲ့တယ် ။ ဘိုးတောဟာ ဒီလောက် ဒဏ်ရာ ပြင်းထန်တာလောက် မဟုတ်ပါဘူး ။ မနက်ဖြန် သတိရရင် ဆေးရုံက ဆင်းလာပါလိမ့်မယ် ။ ဆရာဝန်က ဒဏ်ရာ မပြင်းဘူးတဲ့ ။ ကဇော် မူးတုန်းကို ထိတဲ့ ဒဏ်ရာကြောင့် ရုတ်တရက် သတိမရဘဲ မေ့မြောနေတာလောက်ပါပဲတဲ့ ။

နောက်နေ့ ဆယ်နာရီ လောက်တွင် ဘိုးတော၏ ခေါင်းမှာ အဝတ်ပတ် စီးလျက် ၊ ဒေါ်ဖွား အိမ်သို့ လာ၍ အိမ်ရှိ လူများကို ၊ မိမိက မဟုတ်မဟက် အလေနတော ပြောမိသည့် အကြောင်းကို ဝန်ချတောင်းပန်လျက် ၊ မိမိမှာ ဂုတ်ကြားသည် တန်းပေါ် က အဝတ်များကို ခုန်ပေါက် ကိုက်ဆွဲချသည့် အတွက် ပိုက်လုံး ခေါင်းပေါ် သို့ ကျလာသဖြင့် ဒဏ်ရာရရှိကြောင်းကို ပြောပြလေသည် ။

⎕ ရေးသူ - ?
📖ခေတ်ဟောင်း ဝတ္ထုတိုများ

ဘယ်သူ့ လက်ချက်လဲ


❝ ဘယ်သူ့ လက်ချက်လဲ ❞ 
         စုံထောက်ဝတ္ထု

အခန်း ( ၁ )

မိုးကလည်း တဖွဲဖွဲ ရွာ၍ လမ်းပေါ်မှာ ရေစပ်စပ် ရွှံ့ထပ်ထပ်နှင့် တက္ကစီကားမောင်းသမား မောင်သာမောင်သည် ရန်ကုန်မြို့ အလုံရပ် ပန်းခြံနှင့် ကမ်းနားလမ်းထောင့်တွင် သံရေကျိုသော စက်က အင်္ဂလိပ် တစ်ယောက် ပို့ပြီး၍ ခရီးကြုံများ ရှိမည်လားဟု စောင့်နေရာ မည်သူမျှ မရသဖြင့် ထိုည အဖို့မှာ စောစော ဆင်နင်းကွက်သစ် စီစီ အိမ်သို့ ပြန်ပါတော့မည်ဟု ကားကို စက်နှိုးလျက် မောင်းတော့မည်ဟု အလုပ်မှာ ‘ မက်ဂရေဂါ ’ သစ်စက်က လူတစ်ယောက် ထီးကို ကုပ်ကုပ်ဆောင်း ခပ်သုတ်သုတ် လျှောက်လာသောကြောင့် ကားဦးက ‘ မတ်ဒါး ’ ရွှံ့ကာ ကို တိုးမိမှ ရပ်လေသော်။

သာအောင် ။  ။ အလို .. ဆရာကြီး အသက်အာမခံ ထားပြီးပြီလား။ မြင်းပွဲ ရှုံးလာလို့ ကားအကြိတ်ခံပြီး သေလိုက်တော့မယ် ကြံတာလား။

လူ ။ ။ အောင်မယ် ... နည်းနည်း လိုတော့တယ်၊ ဒီ မိုးကလည်း နွားသိုး ဆီးအောင့်သလို တဖြတ်ဖြတ်နဲ့ စဲပဲ မစဲနိုင်ဘူး။ ခင်ဗျား တက္ကစီ အားရဲ့လား။

မောင် ။ ။ အားတော့ အားပါရဲ့။ ခရီးဝေး သွားလို့ ဖြစ်မယ် မထင်ဘူး။ ‘ တာယာ ’ ကို များများ စိတ်မချလို့ပါ။

လူ ။ ။ မဝေးပါဘူး ၆၄ လမ်း ကို သွားရုံပါ။

မောင် ။  ။ ဒါလောက်တော့ သွားနိုင်ပါလိမ့်မယ်။ 

လူ ။ ။ ဟေ့ .. နောက်က လူများ မြန်မြန် လာကြဟေ့ ... ချမ်းလည်း ချမ်း၊ ဝမ်းလည်း ဟာနဲ့ ကြာရင် ဖျားကုန်ကြမယ်။ 

မောင် ။ ။ ခင်ဗျားတို့ ဇာတ်သမားတွေလား။

လူ ။ ။ ပုလိပ်တွေကဖြင့် ကျုပ်တို့ ဇာတ်သမားတွေကို တိုင်းပြည်ပုန်မယ့် ပိုလစ်တစ် တရားဟောဆရာတွေ ထင်လို့ မှတ်တယ်။ ထင်ပြီး ကြည့်မြင်တိုင်က ဇာတ်ဆရာ တစ်ယောက်နှင့် လခလည်း ကောင်းတယ်လို့ လိုက်သွားကြ၊ မီးရထားလမ်း တစ်လျှောက်မှာ ကပြ လိုက်ရတာကလည်း နားရက်၊ အားရက်တောင် မရှိဘူး။ နှစ်လည်း ကြာရော တောင်တွင်းကြီးမြို့က ကန်ထရိုက် လက်ခံထားတဲ့ ပွဲလည်း ပြီးရော ဇာတ်ဆရာ ရော ငွေရော ပျောက်သွားလိုက်တာ ဇာတ်သမားတွေမှာ ပုဆိုး၊ ထဘီတွေ ပေါင်နှံပြီး ပြန်ခဲ့ရတယ်။ ဒါတောင် တချို့က တချောင်းထဲ လိုက် ချောင်းပြီး ဘယ်အရပ်က ပွဲမှာ ဘယ်စကားကို ထည့်တယ် ဆိုတယ်လေး၊ ဘယ်သို့လေးနှင့်။ အမိကို ပြစ်မှားလို့ ရှင်ဘုရင် မျောက် ဖြစ်တဲ့ ဇာတ်ကို ပြတာတောင် တချို့က အပြစ်တင်သေးတယ်။ အခုလည်း အေးရွာဘက် ကနေ ပွဲကပြီးလို့ ဒီဘက် ကမ်းကူးတာတောင် လူပိုပြီး မကူးရဘူးလို့ ပြောကြသေးတယ်။

ကျေးရွာမှာ ဘုရားပွဲ မကရဖြစ်ဘူးဆိုတာနဲ့ စရန်ငွေ ပြန်ပေးခဲ့ရတာလဲ ပြောမကောင်းဘူး။ ကျုပ်တို့ ဇာတ်သမားတွေတောင် တိုင်းပြည်ရေး ကိစ္စနဲ့ ဒုက္ခ တွေ့ နေကြရပါပကောဗျာ။

ထိုသို့ ပြောဆိုနေရင်း နောက်လူ တစ်ယောက်၊ ခွေးကြီး တစ်ကောင်၊ မိန်းမ နှစ်ယောက်ကို ကားနားသို့ ရောက်လာကြပြီးလျှင် ကားပေါ်သို့ ချမ်းချမ်းတုန်တုန်နှင့် တက်လာကြလေလျှင် မောင်သာမောင်မှာ ခွေးကြီး ကိုသာ ကြည့်၍ ကြက်သီး တဖြန်းဖြန်း ထနေလေ၏။

ထိုသူ လေးယောက်တို့ အနက် မိန်းမတစ်ယောက် သည် အလွန်အရပ်မြင့်၍ တုတ်တုတ်ခိုင်ခိုင် ယောက်ျားများထက်ပင် သန်စွမ်းသော ခွန်အား ရှိဟန် တူသည်။ ထိုမိန်းမကို ပထမ ကားငှားသော လူကြီးက ‘ ဘုတ်ဆုံကြီး ’ ဟု ခေါ် လေသည်။ ကားငှားသော သူသည်လည်း အလွန်အားဗလ ကြီးသော လူထောင်ထောင်မောင်းမောင်းကြီး ဖြစ်လေသည်။ ထိုခွေးကို လည်ပတ်ကြိုး နှင့် ဆွဲလာသော လူမှာ လူပြက် လုပ်သောသူနှင့်ပင် တူလေသည်။ အရက်မူး၍ ခပ်ထွေထွေ ဖြစ်နေသော လက္ခဏာ ရှိသည့် မိန်းကလေးမှာ သိမ်သိမ်မွေ့မွေ့ ပျော့ပျော့ပျောင်းပျောင်း ဇာတ်လိုက်မင်းသမီးနှင့် တူပေသည်။

မောင် ။ ။ အို .. ခင်ဗျ .. လူစားကျားကြီးလို ခွေးကို ကားပေါ်မှာ တင်ရင်၊ လူ လေးယောက် နောက်ထိုင်က မထိုင်နိုင်ဘဲ နေပါလိမ့်မယ်။

ခွေးရှင် ။ ။ ဂုတ်ကြားကို ရှေ့မှာ ခင်ဗျားနဲ့ ထိုင်ပါစေမယ်။ ကျွန်တော့် ခွေးကြီးဟာ အစာ မစားရတာ နှစ်နပ်တောင် ရှိလို့ ခင်ဗျားကိုတော့ မြိန်မြိန်ရှက်ရှက် သဘောကျပါလိမ့်မယ် ဟီး ...ဟီး ...။

မောင် ။  ။ ဟာ .. ဒါဖြင့် ခင်ဗျားတို့ကို ကျွန်တော့် ကားမှာ မတင်နိုင်ဘူး၊ ကျွန်တော်လည်း အိမ်သို့ ပြန်ဖို့ အချိန်တော်ပြီ၊ ကိုင်း .. ပြန်ဆင်းကြပါ။

မိန်းကလေး ။ ။ ဟုတ်သားပဲ၊ ကိုဘိုးတောက ရှင့် ခွေးကြီးကို ‘ ဖွတ်ဖို့ ’ ခြေနင်းတက်တဲ့ နေရာမှာ ထားပြီး သူ့လည်ပတ်ကို ကိုင်ထားပါလား။ ခွေးကြီးကလည်း စားတော့မလို ... ဝါးတော့မလို ... ကျားထက် ကြောက်ဖို့ ကောင်းသေးတယ်။

တော ။  ။ ဂုတ်ကျားက သူ့ သခင်ကို မထိရင် ဘယ်သူ့ကိုမှ ရန်မရှာဘူး၊ ဂုတ်ကြား သတ္တိကို သိချင်ရင် ဆင်တို့လို အားရှိတဲ့ ကိုမိုးကြိုးကြီးက ကျုပ်ကို လက်သီးနှင့် ရွယ်ကြည့်စမ်းပါလား။ ဂုတ်ကျားက ကိုမိုးကြိုး ရော၊ မဘုတ်ဆုံကြီးရော၊ တစ်ယောက် တစ်လုတ်ကျ ဝါးမစားရင် ပြောပေါ့။ 

မိုးကြိုး ။ ။ တိတ်စမ်းပါကွယ် ... ဘိုးတောရယ်။ မင်းရဲ့ ဂုတ် ကျားကြီးဟာ မင်းအနားမှာ ရှိနေသမျှ မင်းကို ဘယ်သူမှ မစဝံ့ပါဘူး။ ကိုင်း ... ဒရိုင်ဘာ စက်နှိုးပြီး မောင်းပါတော့။

မောင်း ၍ ၆၂ လမ်းထောင့် နားကို ရောက်လျှင်ပင် သေနတ်သံလို ‘ ဖောင်းခနဲ ’  ကြားလိုက်သော် မိန်းမ နှစ်ယောက်က “ အမယ်လေး သေပါပြီတော့ ” ဟု သံပြိုင် အော်လိုက်ကြ၏။

သူငယ်မ ။  ။ ဘယ်က နေပြီး ပစ်လိုက်တဲ့ သေနတ်သံလဲ။ ဘယ်သူ့ ကို မှန်သွားသလဲ။

မောင် ။ ။ သေနတ်ပစ် ခံရတာက ကောင်းပါသေးတယ်၊ မိုးရေကြီးထဲမှာ ကားတာယာ ပေါက်သွားလို့ ဆင်းပြီး ပြင်ရမှာက သာပြီး ဆိုးဝါးနေပြီ။

ကြိုး ။  ။ ဖြည်းဖြည်းသာ ဆက်မောင်းပါ။ နှစ်လမ်းတည်း ကျန်တော့တာပဲကို ကျုပ်တို့ အိမ်ကို ရောက်မှ ကျုပ်တို့ နဲ့ ကော်ဖီသောက်၊ မုန့်စား .. အားရှိလာတော့ တာယာကို ပြင်တာပေါ့။

မောင်သာမောင်သည် ကလည်း မည်သို့မျှ မပြောဘဲ ... ဇာတ်သမားများ တည်းအိမ်သို့ ရောက်အောင် ဆက်လက် မောင်းပြီးလျှင် သူတို့နှင့် တည်းအိမ်သို့ တက်သွားလေ၏။ အိမ်ရှင် မိန်းမ ဒေါ်ဖွား ဝမ်းသာအားရ နှုတ်ခွန်းဆက်ပြီးလျှင် ကော်ဖီအိုး တည်၍ ထားကြောင်း ချက်ချင်းပင် ကော်ဖီ ဖျော်၍ ပေါင်မုန့်ကင် ထောပတ်သုတ်ပေးမည် ပြောပြီးမှ ..

ဖွား ။  ။ ခင်ဆုံကြီး မောပန်းဟန် မတူပဲကိုး။ ခင်ရီကလေးဖြင့် ခွေပျော့လာတာပဲကို တကယ် ပျော့တဲ့ မိန်းမကလေးပဲ၊ ဒါထက် အိမ်မှာ လူပို တစ်ယောက် ရောက်နေတယ်၊ ဒီနေ့ ညနေကလေးပဲ နဂရာတို့ ဇာတ်နှင့် မတည့်လို့ ထွက်လာပြီး မင်းတို့ ဇာတ်မှာ လိုက်မလို့တဲ့။

ကြိုး ။ ။ ဘယ်သူလဲ ဒေါ်ဖွားရဲ့။

ဖွား ။  ။ တရုတ်မှော်နဲ့ မျက်လှည့်ဆရာ ‘ လောဟူ ’ ရယ်လေ။ 

ရီ ။ ။ ဟာ ... ဒီတရုတ်နဲ့ နေရာမကျပါဘူး။ ပြည်ကြီးသား ဆိုပေမယ့် တကယ် လူရေလည်တဲ့ အကောင် ... ကျွန်မနဲ့ နည်းနည်းမှ မျက်နှာကြော မတဲ့ဘူး။

ဆုံ ။  ။ ညည်းကို နောက်ပိုး ပိုးတက်တာလောက်ပါပဲအေ။ သူ ပါရင် တို့ဇာတ်ဟာ အပုံကြီး မြိုင်မှာပဲ။ အခုလည်း ညည်း အပေါ်မှာ သူ က လက်လျှော့ပြီး ရွံ့မုန်းကြီး မုန်းနေပါပြီ။ မရမှန်း သိလို့ မစဝံ့ပါဘူး။ သူ ပါတာ ကောင်းတယ်။ ဒီတရုတ်ကို စလို့ တကယ်ကောင်းတယ်၊ စိတ်ကလည်း တရုတ်လူမျိုးမို့ ခပ်တိုတိုတော့ ပွဲ ပရိတ်သတ် ရယ်မောရအောင် ကျုပ်က လူနဲ့ အများကြီး လုပ်နိုင်တယ်။စ ပေးလိုက် ရင် သူက လျှောက် ရည်နေတာနဲ့ တဟားဟား ရယ်ရမယ်။

ဖွား ။ ။ နို့ .... သူငယ်က လူသစ်ပါကလား။ ဘယ်သူတဲ့လဲ။

ကြိုး ။ ။ တက္ကစီ မောင်းသမားပါ။ ကျွန်တော်တို့ကို ပို့လာတာ။

ဤသို့ ပြောဆိုနေခိုက်တွင် မှော်ဆရာ တရုတ် မောင်လောဟူ သည် အခန်းထဲသို့ လာပြီးလျှင် အားလုံးကို နှုတ်ဆက်လေ၏။

•••••   •••••   •••••

အခန်း ( ၂ )

ဒေါ်ဖွားသည် ကော်ဖီများ ဖျော်၍ လာရာ ဂုတ်ကြား သည် တံခါးဝ၌ ဝပ်နေသဖြင့် ၊

ဖွား ။ ။ မောင်းဘိုးတော မင်း ကျားကြီးကို ခေါ်ထားစမ်းပါကွဲ့။

တော ။  ။ ဒေါ်ဖွားကို မကိုက်ပါဘူး။ ဒေါ်ဖွားက အစာကျွေးနေကျမို့ ကျွန်တော့်ကို ထိတဲ့ လူကိုသာ ကိုက်တယ်။

ဖွား ။ ။ မလုပ်ပါနဲ့ကွယ်၊ အစာကျွေးတုန်းကိုသာ ငါ နဲ့ တည့်ပါတယ်။ မင်း ကိုတော့ ဂုတ်ကြား ရှိရင် ဘင်္ဂေါဘဏ်တိုက်က ငွေ အားလုံး ပုံပေးမယ် ဆိုတောင် မတိုက်ဝံ့ပါဘူး။

ဤသို့ ဆိုလျက် ဂုတ်ကျားကို ထောပတ်သုတ် ထားသော မုန့် တစ်ဖဲ့ ပေး၍ ခပ်လျှိုလျှို ဂုတ်ကြားကို ကွင်းလျက်၊ ကော်ဖီခွက်နှင့် မုန့်ပန်းကန် များကို ဧည့်သည်တို့သို့ ပေးကမ်းသောက်ကြစေလေ၏ ။

ကော်ဖီ သောက်တုန်းမှာ မောင်ဘိုးတောက အလို ... မြို့ကြီးသူမြို့ကြီးသားတို့ ထုံးစံကို မေ့နေကြသကိုး။ ကျွန်တော် လူရွှင်တော် “ ဆား .. ဘိုးတော ” က ဤပရိတ်သတ်တို့ ရှေ့၌ မိတ်ဖွဲ့ နှုတ်ဆက်စကား ပြောကြား အစီရင်ခံလိုတာ က ယခု ကျွန်တော်တို့ ဇာတ်တော်သားများ အလယ်တွင် ကြွရောက်ရှိသော မိတ်ဆွေသည် ယန္တရားစက်ရထားကို မောင်းနှင်သော ရွှေဂုံ မြို့သား မောင်မောင်သာမောင် ပါတဲ့။ 

ယခု ကျွန်တော်၏ လက်ဝဲဘက်က ထိုင်နေသော လံဘားထောင်လောင် မိုးမှောင်ညဉ့်နက် မီးသွေးရောင် ထွက်လှသော တာနောဘီလူး၏ ဆွေမျိုး ဦးမိုးကြိုး ကတော့ သံကြိုးကျောက်ဆူး၊ ကြခတ်ဆူး ကျားလျှာဆူး၊ အထူးထူးသော ပုလင်းကွဲ၊ အိုးခြမ်းကွဲတို့နှင့် ကျောက်ခဲ ဟူသမျှကို မြိန်ရှက်စွာ ဝါးမျိုစားပြလေ့ ရှိသော မျက်လှည့်ဆရာကြီး ပါပဲ ခင်ဗျား။ အဲ သူက ဝါးမျိုလို့ ပြပေမယ့် တကယ်လို့ မယုံကြည်ပါနဲ့၊ ပဉ္စလက်နည်းဆိုးနှင့် အမျိုးမျိုး လိမ်ခြင်းလောက်ပါပဲ။ ဝါသမျှ ထွားသမျှ ခွန်အား ရှိတယ်လို့ မထင်လိုက်ပါနဲ့။ သူ့ မိန်းမ မဟုတ်ညီရဲ့ ထဘီသေတ္တာကိုတောင် အနိုင်နိုင်ပါအောင် ထမ်းရတဲ့ လူပါ။

ကြိုး ။ ။ ဘိုးတော ... မင်း ဟာလေ ငါ့ အရှက်ကို နေရာတိုင်း ခွဲနေတယ်၊ ဧည့်သည်က အဟုတ် ထင်နေမယ်။ ပျက်ပျက်နဲ့ မင်း ဒုက္ခရောက် သွားချင်သလား။ ဒီအရေတွေကို သိပ် သောက်ပြီး မူးချင်တိုင်း မူး ပြောချင်တိုင်း ပြော မနေနဲ့။ ငါ့ ပရိယေသနနဲ့ ဝမ်းစာရေးပညာကို ထိခိုက် ပြောမနေနဲ့ တိတ်ဆို တိတ် ငါလေ။

ဂုတ်ကြားက မိုးကြိုး၏ အမူအရာကို မြင်လျှင် ဟိန်း၍ ဂုတ်မွေးများ ထောင်လာသော် မိုးကြိုး ငြိမ်၍ နေရလေ၏။

တော ။  ။ ဦးမိုးကြိုးရဲ့ လက်ဝဲဘက်က ဇောကနီ ... အေးလေ .. ယောင်လို့ ကော်ရင်ဂျီ မိန်းမနက်ကြီး လို ဣန္ဒြေရရနဲ့ ဝတုတ်တုတ် အရုပ်ဆိုးမကြီးဟာက၊ ဦးမိုးကြိုးရဲ့ ပန်းဦးပန် ကွမ်းခြံဈေး နောက်ပါးက ကြာသမား ဓားဘသန်းရဲ့ ဦးစောက်ပန်း လက်ယာထား တတိယ မယားတဲ့ဗျ။ သူ့ နာမည်ရင်းက မဘုတ်ဆုံ၊ ပွဲထဲမှာတော့ ခင်ခင်ဆုံလို့  ခေါ်ကြသဗျ။

ကြိုး ။ ။ ဟေ့ .. ဘိုးတော မင်းဟာ တန်ရင် ဆေး လွန်ရင် ဘေးတဲ့ ဒါလောက် မသရမ်းနဲ့။

ဆုံ ။  ။ ဟေ့ ဘိုးတော။ နင့်ဖိနပ်စာ ဖြစ်သွားချင်သလား ငါ့ကို လာမစနဲ့နော်၊ နင့် ခွေးကြီး ကို အားကိုးလို့ စော်ကားချင်တိုင်း စော်ကားနေတာလား။ နင့် ခွေးက နင့်ကို အစဉ်မပြတ် စောင့်မှာ မဟုတ်ဘူး။ တစ်ခါတော့ လစ်ဦးမှာပဲ သိရောပေါ့။

တော ။ ။ ရယ်လျက် “ ဟောဟိုဒေါင့်က ကိုင်း တရုတ်ကဖြင့် ”

လောဟူ။ ။ နင်က ကိုင်းတရုတ်၊ ကိုင်းတရုတ်နဲ့ ငါက အမျိုးမြတ်၊ ဟဲ့ ... နင့်လို ဘိန်းစားမျိုး မဟုတ်ဘူး။ ငါ့ကို လာမစနဲ့၊ ငါ့ကို ဘယ်သူကမှ ကိုင်းတရုတ် မခေါ်ဝံ့ဘူး။ တို့ တိုင်းပြည်မှာ ကိုင်းတရုတ် ဟာ ကျွန်မျိုး ငါ့လို ပညာ မတတ်ဘူး။ တရုတ်ပြည် မှာ နင် ဒီလို ပြောရင် နင် သေတာ ကြာလှပြီ။ နင်တို့ ဗမာကို သုဘရာဇာ ခေါ်သလို နာတယ် သတိထား။

တော ။ ။ ဟား .. ဟား ကိုင်းတရုတ်က ဂိုက်ထုတ်လို့၊ နင်တို့လို အဖုတ်ရှုပ် ဂုဏ်လုပ်ချင်လို့ မရဘူး။ အဲဒီ ကိုင်းတရုတ် က အမျိုးယုတ် ပေမယ့်လို့ အဟုတ်အဟတ် မျက်လှည့်မှော်သွင်း ... စိတ်ညှို့အတတ်မှာတော့ တစ်ဖက်ကမ်းခတ်တဲ့ မှော်ရူးပါပဲ။ သူ့နာမည်က ဦးလောဟူ ပါတဲ့ အပျို မြင်တိုင်း မြှူပြီး ဝက်အူချောင်း စားပြီး ကာနိကာ မုန်လာဥ ဖြစ်နေရတယ်ဗျ။ နောက်ဆုံး တစ်ယောက် မေးထောက်လို့ မှိုင်တွေချ ဒေါင့်နားက သုစိတာကလေး မှာတော့ ယဉ်ကျော့ကျော့ မူလကျီတဲ့ ဇာတ်လိုက်မင်းသမီး အစစ်ပါပဲ။ အချစ်က အပုံများ ရည်းစား ထားလိုက်တာက လူ မြင်ကရာ၊ လင် ဆိုတာမှာတော့ ထည်လဲသုံး တိတ်တိတ်ပုန်း အချောင်ကြိတ်ထားမှာဖြင့်။ ကားနှင့် ထင်တိုင်း လိုက်တတ်တာ ... တစ်ရွာ မှာ လူ တစ်ရာထက် မနည်းဘူး။ တစ်လင်နဲ့ မကွဲခင် နှစ်လင်လောက် တွေ့ သဗျ။ လိုချင်ကြတဲ့လူ မျက်ရိပ်ပြမှဖြင့် ‘ မြင်းမဒန်း ဆားပြ ’ သလို ဘယ်ကိုမဆို လိုက်ပါရဲ့။

ဤစကားသို့ ရောက်လျှင် မခင်ရီမှာ ဆတ်ဆတ်တုန်အောင် နာပြီးလျှင်။

ရီ ။ ။ ကိုဘိုးတော ရှင့် ပါးစပ်ဟာ မိန်းမရွှင် ဖင်ထက် ဆိုးဝါးသေးတယ်။ ရှင့် ပါးစပ်ကို ပိတ်မလား၊ ဖိနပ်နဲ့ ပိတ်ရမလား။ 

ဤသို့ ဆို၍ ဖိနပ်ကို ကိုင်ကာ မောင်ဘိုးတော ရှိရာသို့ လာလေသော်၊ ဂုတ်ကြားက ဟိန်းလိုက်သဖြင့် ထိုင်မြဲတိုင်း ပြန်၍ ထိုင်လျက်။ 

ရီ ။ ။ တစ်နေ့ ရှင့်ကိုမှ မသ,တ်ရရင် နေပဲ မနေသေး ဘူး၊ ရှင့်ကို နာနေတာ ကြာလှပြီ။

ကြိုး ။ ။ မင်း မသ,တ်ရင် ငါသ,တ်မယ်။

တော။ ။ ( သူတို့ ကြိမ်းမောင်းသည်ကို ဂရုမပြုဘဲ ဆက်လက်၍  ) ကျွန်တော်တို့ အိမ်ရှင် ဒေါ်ဒေါ်ဖွားတော့ အခြား အိမ်ရှင်နဲ့ မတူဘူးဗျ။ ဒင်္ဂါး မြင်ရင် အစကုတ် ပုပ်ပေဆိုတဲ့ ငပိ နဲ့ ဟင်းရည်ကြို၊ လူတစ်ကိုယ် တစ်လ နှစ်ဆယ်ကျ တောင်း၊ အကောင်းဆုံး ဟင်းက ငါးခြောက်ရိုးနဲ့ ပဲကြား။ ဆန်သားမှာ ဆန်ကွဲတစ်ဝက် ထည့်ပြီး၊ ထမင်း ငါးပိထောင်းနှင့် တို့စရာ ကန်စွန်းရွက်ပြုတ် ဂုဏ်နုတ်အောင် မဝတဝ ကျွေးတတ်တကဲ့၊ လူကလေး ခပ်လှလှကို မျက်စနှင့် အရချိတ်ပြီး အိပ်ရာဝင်တိုင်း အနှိပ်ခိုင်းတတ်တဲ့ ရှုံ့မဲ့မဲ့ အရွယ်အိုပေမယ့် တကယ့်ကို အစိမ်းတိုက်ပြီး အဘိုးကြီးများဆီက ငွေကို ခြူ၊ ဖြူတော့မှ လက်လွှတ်၊ ကြွတ်ကြွတ်ရွတ်ရွတ် ဖမ်းစားတတ်တဲ့ ဒေါ်ဒေါ်ဖွား ပါတဲ့ မောင်သာမောင်ကြီး ခင်ဗျား။

ဒေါ်ဖွားက မည်သို့မျှ ပြန် မပြောသော်လည်း ဒေါ်ဖွား၏ မျက်စိက ဖမ်းစားတတ်လျှင် မောင်ဘိုးတောသည် မတ်တတ် ဗုန်းခနဲ သေလောက်အောင် အတွင်းဒေါသမီး ထနေသည်ကို အားလုံးက သိနိုင်ထင်နိုင်ကြပေသည်။

မောင်သာခင် သည် ထိုသူတို့က မောင်ဘိုးတော အပေါ်မှာ အမျက်ထားကြပုံကို လူသ,တ်၍ သေလေပြီဟု ကြားရသော် အံ့သြဖွယ် မဟုတ်ဟု တွေး၍ တိတ်တဆိတ် အိမ်ပေါ်မှ ဆင်းလာခဲ့လေ၏။ မောင်သာခင်သည် အိမ်အောက်သို့ ရောက်လာသော်လည်း မိုးသည် တဖွဲဖွဲ ရွာလျက်ပင် ရှိသောကြောင့် စိတ်ပျက်ပျက်နှင့် နှေးကွေးစွာ တာယာဘီး ကို ဖြုတ်ပြီးကာလ တာယာ အသစ်ထည့်ရန် ကြည့်သောအခါ စပယ်ရာ တာယာဘီး မှာလည်း လေမရှိသောကြောင့် ‘ ကျွတ် ’ အထဲခံ ရော်ဘာ လေပြွန်ချောင်းကို လေလုံအောင် ဖာထေး နေရပြန်လေ၏။ ဤသို့ ပြုပြီးလျှင် အချိန်နာရီ နည်းနည်း ကြာရှိလေမှ တာယာဘီးကို ပြင်ပြီး၍ အိမ်ဘက်သို့ လှမ်းကြည့်ရာ ဒေါ်ဖွား အိမ်သားများ အိပ်ပျော်ကြလေဟန်၊ တစ်အိမ်လုံး ငြိမ်သက်၍ တံခါး၊ ပြတင်းများ ပိတ်ထားသည်ကို တွေ့ ရလေ၏။

တက္ကစီကားကို စက်နှိုးလျက် သွားတော့မည်ဟု ပြုရာ တာယာပြင်စဉ်အခါ ရွှံ့မပေရအောင် လမ်းပေါ်တွင် ခင်းထားသော ပုလိပ်ဆပ် အင်စပက်တော် တစ်ယောက်ထံမှ မိုးကာအင်္ကျီ အဟောင်းကို လမ်းပေါ်မှ မယူခဲ့မိ ကြောင်း သတိရ၍ ထိုမိုးကာကို ယူမည်ဟု ကားပေါ်မှ ပြန် ဆင်းပြီးကာလ၊ “ ဪ ငါ့ အလုပ်ဟာ ပုလိပ်စုံထောက် အမှုထမ်းများလောက်မှ စည်းစိမ် မရှိပါလား။ ပုလိပ်စုံထောက်များ မှာတော့ စီးကရက်၊ ဆေးလိပ်ကို သောက်လို့ စားပွဲကုလားထိုင် ပန်ကာ၊ ယပ်များနှင့် အခန့်အညား လုပ်၊ အမှုပေါ်လာရင် လည်း မသင်္ကာတဲ့ လူကို ဖမ်း။ သက်သေ ရအောင်ရှာ အပြစ်ရရင် ပြီးရော နာမည်ကြီးရော အမှု မှန်မှန် မမှန်မှန်၊ ဒီနေ့လို ဒေါ်ဖွား အိ မ်မှာ ဖြစ်တာမျိုးကို ပုလိပ်စုံထောက်က  ကြားရလို့ မောင်ဘိုးတောများ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ပုလိပ်က တစ်အိမ်လုံး မုန်းဖမ်းမှာပဲနော် ” ဟု စဉ်းစားနေရင်း၊ ကားကို မောင်းတော့မည်ဟု အကြံ မှာ ကားတစ်စီး ဆိုက်ရောက်လာပြီးလျှင် “ ဟေ့ .. တက္ကစီ ခဏ ရပ်လိုက်ဦး ” ဟု ဆိုသဖြင့် ရပ်လေရာ အခြားသူများ မဟုတ်။ ပုလိပ်ပတ္တရောင်ကား ဖြစ်မှန်း သိရလေ၏။ ပုလိပ်သား တစ်ယောက်နှင့် အင်စပက်တော် မောင်ဝါလွန်း၊ နာရစ်ဘိုးချက် တို့သည် ခိုက်ခိုက်ကုန်အောင် ချမ်းလျက် နေသည်ကို မြင်ရပြန်သော် “ ဪ ... ပုလိပ် အလုပ်ဟာလည်း တယ်ပြီး စည်းစိမ် မရှိပါကလား၊ ငါ့ထက်ပဲ ဒုက္ခရောက်သေးသကိုး ” ဟု အောက်မေ့ပြန်လေ၏။

လွန်း ။ ။ ဟေ့ ... သာမောင်လား။

မောင် ။  ။ ဟုတ်တယ် ... ဆရာတို့ ဘယ်လှည့် လာကြသလဲ။

လွန်း ။ ။ ဟာ .. ပုလိပ် အလုပ် အလကား အလုပ်ပါကွယ်။ အိမ်မှာ ကလေးလည်း မမာဘူး။ မိန်းမကလည်း မီးယပ်ချမ်း ထနေတယ်။ ဒါနဲ့တောင် ဒီတစ်ည ပတ္တရောင် မလှည့်ပါရစေနဲ့လို့ ခွင့်တောင်းတာ မပေးဘူး။ မယားနှင့် သားကို ဒါလောက် မခွဲနိုင် အလုပ်က ထွက်ရမယ်တဲ့။ ငါ့မှာလည်း ဒီအလုပ် လက်လွတ်ရင် ထမင်းငတ်မှာကြောင့် ပတ္တရောင် လှည့်ခဲ့ရတယ်။ ညစာထမင်း အခုတောင် မစားရသေးဘူး။ အင်းစိန်၊ မင်္ဂလာဒုံ၊ ဘောက်ထော်၊ ကြည့်မြင့်တိုင် စုံပါရောကွယ်။ ပတ္တရောင် လှည့်ရတာ အခုတော့ တာယာလည်း ပေါက်၊ ဓာတ်ဆီပိုက် ကလည်း ဆို့နေလို့၊ မင်းက ကျွတ်ဖာစရာ ရှိရင် တို့ကို ပေးပါဦးကွယ်။ နောက်ပြီး ဓာတ်ဆီပိုက်ကိုလည်း ကူဖြုတ်ပြီး ပြင်ပေးပါဦး။ ဪ ... ဪ ... ပုလိပ်အ လုပ်လည်း အလကား အလုပ်ပဲ။ မသိတဲ့ လူများကတော့ တို့မှာ အင်မတန် အေးတယ်။ အင်မတန် စည်းစိမ်ရှိတယ် ထင်ကြတယ်။ တခြားမှာ ၁ဝဝ စား အလုပ်ရရင် ဘုရားစူးရပါစေရဲ့၊ အခု ဝါးနေတဲ့ ၂၇၅ ကျပ်စား အလုပ်က ချက်ချင်း ထွက်တယ်ဟေ့ ယုံပါ။

ပတ်ကရောင်ကားကို ဝိုင်း၍ ပြင်ဆင်နေကြရာ နာရီဝက်လောက် ကြာသော် ပြီးစီးလေသဖြင့် သွားကြတော့မည် အပြုတွင် ဒေါ်ဖွားအိမ်က ရုတ်ရုတ် အသံကြား၍ မီးထွန်းသည်ကို တွေ့ရ၏။ ငေးကြည့်နေကြသော အခါ ပြတင်းပေါက် တစ်ခုကို ဖွင့်လျက် တရုတ်လောဟူ က လမ်းမဘက်သို့ မျှော်ကြည့်သည်ကို မြင်သော်။

လွန်း ။ ။ ဒီ အိမ်က တရုတ်အိမ်လား။

မောင် ။  ။ မဟုတ်ဘူး ‘ ဘိုဒါ ’ တွေနေတဲ့ ဒေါ်ဖွား ရဲ့ အိမ်ပဲ။ လူတွေကို ငှား တင်ပြီး လခနဲ့ ထမင်းကျွေးတယ်။ ခု မြင်တာ တရုတ်မှော် မျက်လှည့်ဆရာ လောဟူ တဲ့။

လွန်း ။ ။ ဟေ့ .. ပေါက်ဖော် ခင်ဗျားတို့ အိမ်မှာ ဘာဖြစ်တာလဲ။

ဟူ ။  ။ လူသ,တ်မှု ဖြစ်နေတယ်။ ဂါတ်ကို တစ်ဆိတ်လောက် ပြေးပြီး ပုလိပ် ခေါ်ပေးပါ။

မောင်ဝါလွန်း၊ မောင်ဘိုးချက်၊ မောင်သာမောင် တို့ အိမ်ပေါ် သို့ ပြေးတက်ပြီးလျှင် ပုလိပ်သားကို ကားမှာ အစောင့် ထားလေ၏။

လွန်း ။ ။ အိမ်သားအားလုံး စုံရဲ့လား။ သေသူနာမည် ဘယ်သူတဲ့လဲ။

ဟူ ။  ။ သေသူဟာ လူပျက် မောင်ဘိုးတော ပါ။ ဇာတ်မှာ သူ့ ကို ဆားဘိုးတောလို့ ခေါ်ပါတယ်။ အိမ်သားအားလုံး အခု လူစုံပါပဲ။ 

လွန်း ။ ။ ဟေ့ .. မောင်ချက် တံခါးဝက စောင့်နေ ဘယ်သူ့ကိုမှ မဝင်၊ မထွက်စေနဲ့ ။ လူသေအလောင်းကို ကိုင်ကြရွှေ့ကြသေးသလား။

လွန်း။ ။ ခွေး တော့ဖြင့် ကိုက်တတ်ပါတယ်။ ဘိုးတောရဲ့ ခွေးပါပဲ။ အခုတော့ ကိုက်လှမယ် မဟုတ်ပါဘူး။

ဂုတ်ကြားသည် လဲသေနေသော သခင်ဘိုးတော၏ အလောင်းကို နှုတ်သီးနဲ့ နမ်း၍ မျက်စိမှေးမှေးနဲ့ ခွေအိပ်လျက် နေလေ၏။

လွန်း ။ ။ လူသေအလောင်း ကို ဘယ်သူက စပြီး တွေ့ သလဲ။ 

ကြိုး ။  ။ ဒေါ်ဖွား အရင်ဆုံး တွေ့ပါတယ်။ 

လွန်း ။  ။ ဒေါ်ဖွား တွေ့ပုံကို ပြောစမ်းပါ။

ဖွား ။  ။ ( တရှိုက်ရှိုက် ငိုလျက် ) မောင်ဘိုးတော အခန်းမှာ ရေချိုင့်နဲ့ သူ မှာထားတဲ့ ဆေးလိပ်၊ မီးခြစ်များ ထားဖို့ မေ့နေလို့ ညည မောင်ဘိုးတောဟာ ရေငတ်တတ်တယ်၊ ဆေးလိပ်လည်း ထသောက်တတ်တယ်။ ဒါကြောင့် အရက်မူး ပြေရင် ရေငတ် နေရော့မယ်လို့ ရေချိုင့်နဲ့ ဆေးလိပ်၊ မီးခြစ် ထားဖို့ သွားတာပါ။ သူ့ တံခါးကလည်း ခပ်ဟဟ နေပြီး ဖယောင်းတိုင် ထွန်းထားတဲ့ မီးရောင်ကို မြင်လို့ တံခါးကို ခြေနှင့် ဖယ်ပြီး ဖွင့်လိုက်တော့၊ ရေချိုင့်နဲ့ မီးခြစ် လက်က လွတ်ကျမလောက် လန့်သွားတာပဲ။ ဒီတော့ လူတွေကို လိုက် နှိုးရပါတယ်။

လွန်း ။ ။ ခင်ဗျားက အိပ်ရာ ထဲကို အရင် ဝင်သလား။ ဇာတ်သမားတွေက အရင် ဝင်သလား။

ဖွား ။  ။ ဒီ ဒရိုင်ဘာကလေး၊ သူ့ နာမည် ဘာတဲ့ အေးအေး မောင်သာမောင်ကလေး ဆင်းသွားပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြာတော့ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက်၊ ကိုယ့်အခန်း ကို ကိုယ်စီ ဝင်ကြတာပဲ။ ဆရာလောဟူက အောက်ခန်းမှာ နေတယ်။ မောင်တောက အရက်ခပ်မူးမူးနဲ့ မဟုတ်မဟတ်တာတွေကို လျှောက်ပြောနေတော့၊ သူ့ စကားကို နားမထောင်ချင်ကြလို့။ ကိုယ်စီကိုယ်ငှ အလျှိုလျှို ထသွားကြတယ်။ မောင်တော တစ်ယောက်တည်း ကျန်ရစ်တော့ အဒေါ် ကို ရေချိုင့်နဲ့ ဆေးလိပ်၊ မီးခြစ် သူ့အခန်းကို ယူခဲ့ပါ ဆိုပြီး သူလည်း ထသွားရော အဒေါ် လည်း ပန်းကန်တွေ ကို သိမ်းဆည်း၊ တံခါးပိတ်၊ မီးငြိမ်းပြီး အခန်းထဲ ဝင်အိပ်ဖို့ အိပ်ရာ ထဲမှာ တုံးလုံးလှဲရင်း မှေးမှေး ရှိသွားတယ်။ နောက်တော့ မောင်တော မှာထားတာကို သတိရတော့ အိပ်ရာက ထပြီး သူ့ အခန်းကို ရေချိုင့်၊ ဆေးလိပ်၊ မီးခြစ် ယူသွားတာနဲ့ တွေ့တာပဲ။

မောင်ဝါလွန်းသည် မှောက်လျက် ခပ်ခွေခွေ တစောင်းလဲနေသော လူသေအလောင်းကို ကြည့်ပြီး။

လွန်း ။  ။ ဒီ ဘိုးတောရဲ့ နောက်စေ့မှာ ဒဏ်ရာကို ကြည့်ရင်ဖြင့် နောက်ကနေ ရိုက်တဲ့ ဒဏ်ရာပဲ၊ အင်း ... ဒီ သံပိုက်လုံးနဲ့ ရိုက်တာပဲ၊ သူဟာ တံခါး နောက်ဘက်ကို နောက်ခိုင်းပြီး၊ ထင်းရှူးသေတ္တာပေါ်မှာ နေတုန်း ထင်ပါရဲ့၊ ဟုတ်တယ် ... ခြေအိတ် တစ်ဖက်ပဲ ချွတ်ရသေးတယ်။ ဒီ ... သံပိုက်လုံးဟာ ဘယ်သူ့ဟာလဲ။

ဖွား ။ ။ ပိုက် ... ကု,လားတွေ လာပြင်တုန်း ကျန်ရစ်ခဲ့တာပါ။ သူတို့ ထိုင်ကြတဲ့ အိမ်ရှေ့ခန်းမှာ အရင်က ရှိတယ်။

မောင်သာမောင်ကို မေးပြန်ရာ မောင်သာမောင်က မိမိ သိသမျှကို ပြောပြလေ၏။

လွန်း ။ ။ ဒါဖြင့် ဘိုးတောဟာ ရှိသမျှ လူတွေ အားလုံး မခံချင်အောင်ချည်း မူးမူးနဲ့ ပြောနေတာပေါ့။

မောင် ။ ။ ကျွန်တော့် စိတ်ထဲတောင် ဘိုးဘော ဖြင့် ဧကန် ဒီလူတွေနဲ့ တစ်နေ့နေ့ ဒုက္ခ ဖြစ်တော့မှာပဲလို့ ထင်ပါတယ်။ သူပြောတာက ငယ်ကျိုးငယ်နာ ဖော်ပြီး ချိုးချိုးဖဲ့ဖဲ့ ပြောတာပဲ။ သ,တ်ပစ်ချင်အောင် လုပ်တာ အမှန်ပဲ။

လွန်း ။ ။ ဟင် .... ဒါဖြင့် တခြားက မဟုတ်ဘူး။ ဒီ လူတွေ အထဲက သ,တ်မှာပေါ့။ ဘယ်သူ့ လက်ချက်လဲ စဉ်းစားဖို့ ရှိတယ်။ အခုတော့ ဒီလူ အားလုံးကို မသင်္ကာမှုနဲ့ ဖမ်းရမှာပဲ။ ဘယ်သူ ရှေးဦးစွာ ထသွားသလဲ။ 

ဟူ ။ ။ ကျွန်တော်က အောက်ထပ်က အခန်းမှာ အိပ်လို့ အရင်ဆုံးထ သွားပါတယ်။ 

လွန်း ။ ။ နောက် ဘယ်သူ သွားသလဲ။

ဖွား ။  ။ ဘယ်သူရယ်လို့ မဟုတ်ဘူး။ ဆရာလောဟူ သွားရင်ပဲ တလျှိုလျှိုနဲ့ ဆက်ရက် သွားကြတာပဲ။

လွန်း ။ ။ မခင်ရီ က အားလုံးထဲမှာ မောင်သာမောင် ပြောပုံ အတိုင်းဖြင့် မခင်ရီ နဲ့ ဒေါ်ဖွား က နာစရာ အကောင်းဆုံးပေါ့။

ရီ ။ ။ လောဟူကို ကိုင်းတရုတ်လို့ ဆိုတာက သနားစရာ ကောင်းသေးတယ်၊ တရုတ် တစ်ယောက်ကို ကိုင်းတရုတ် ခေါ်ရင် ဗမာလူကြီး လူကောင်း တစ်ယောက်ကို သုဘရာဇာ ခေါ်တာနဲ့ အတူတူပဲတဲ့။ အများကြီး စိတ်ဆိုးတယ်။

ဟူ ။ ။ ဒီလိုဆိုရင် မိုးကြိုး နှင့် ခင်ဆုံ တို့ကို ပြောတာလည်း လဲသေချင်အောင် နာစရာပေါ့။ ခင်ဆုံဟာ ဓားဘိုးသက် ရဲ့ မယားငယ်၊ ဖာတန်းက မိုးကြိုး ခေါ်လာပြီး ခင်ဆုံရဲ့ ထမီဖာကို ထမ်းရတယ်တဲ့။

လွန်း ။ ။ ခင်ရီ အပေါ်မှာသာ မျက်စိ စိုက်ကြည့်ပြီးလျှင် “ ငါ့နှမ ရုပ်ရည်ကလည်း ယဉ်စစ၊ သိမ်မွေ့တဲ့ အမူအရာလည်း ရှိတယ်။ အစ်ကိုကြီးကို မှန်မှန်ပြောစမ်း။ မောင်တောက ဘယ်လိုလုပ်လို့ သ,တ်ရတာလဲ ” 

ရီ ။ ။ ကျွန်မ မသ,တ်ရပါ။ အိပ်ရာကို လာနှိုးပြောမှ သိပါတယ်။ တစ်နေ့နေ့ သ,တ်မယ်လို့တော့ ပြောပါတယ်။ သ,တ်ရတာ မဟုတ်ပါ။ ဒီအကောင် သေတာတောင် ကောင်းတယ် ဝမ်းသာပါရဲ့။ 

လွန်း ။ ။ အဟိုး ... ဟိုး ... သလိုလား။ သ,တ်ချင်သော်လည်း မသ,တ်ရသေးတာတော့ ဝမ်းသာတယ်တဲ့။ ကဲ ... ကဲ ... အမှန်ကို ပြောပါ။ အစ်ကိုကြီးကလည်း ကူညီပါမယ်။ ကြိုးပေး မခံရပါဘူး။

ရီ ။ ။ မျက်လုံးကို ပြောင်လက်အောင် ပြူးကြည့်၍ တစ်ကိုယ်လုံး ကြံ့ခိုင်စွာ လက်သီးဆုပ်လျက် “ ကျွန်မ .. မသတ်ဘူး ဆိုပါပြီကော။ ဒီ့ပြင် ထပ် ပြောဖို့ မလိုဘူး။ ဘယ်လိုပဲ လုပ်လုပ်၊ ဒီဟာပိုပြီး စကားရမယ် မထင်နဲ့တော့ ”

ဟူ ။  ။ ကျွန်တော် တစ်ခု အစီရင်ခံပါရစေ။ အင်စပက်တော်မင်း ... ဘယ်သူ့လက်ချက်ရယ်လို့ သိလိုရင် အကြောင်းယုတ္တိ ရှာပြီးမှ သ,တ်လောက်တဲ့ အကြောင်းကို ကြည့်ရပါမယ်။

လွန်း ။ ။ ဟလို ... ပေါက်ဖော်ကြီးက အလာသားပါကလား။ ဘယ်လို ယုတ္တိမျိုးနဲ့ အကြောင်းပါလဲ ခင်ဗျာ၊ ခင်ဗျားက ဘယ်အရာ ရှိတယ် ပညာရှိပါသလဲ။

ဟူ ။  ။ ပြုံးလျက် “ ကျွန်တော်တော့ အခုအခါ စိတ်ညှို့ဆရာလည်း ဟုတ်ကဲ့၊ မှော်ဆရာ ဆိုလည်း ဟုတ်ကဲ့။ မျက်လှည့်ဆရာ ဆိုလည်း ဟုတ်ပါရဲ့။ နို့ပေမယ့် ဒီ အမှုမှာ အင်စပက်တော်မင်းရဲ့ စူးရှလှတဲ့ ပညာဉာဏ်ကြီးနှင့် ဆင်ခြင်ဖို့ ကျွန်တော် သိသမျှ ကိစ္စခြင်းရာကို အစီရင်ခံချင်လို့ပါ။

မောင်ဝါလွန်းသည် အလွန် အမြှောက်ကြိုက်တတ်သူ ဖြစ်၍ ...

လွန်း ။  ။ အဲဒီလို သေသေချာချာ ရှင်းရှင်းလင်းလင်း ထွက်ဆိုနိုင်တဲ့ သက်သေဖြောင့် သက်သေမှန်တို့ အစစ်ခံချက်ကိုတော့ဖြင့် လိုချင်ပါတယ် ဆရာကြီး အမိန့်ရှိပါ။

ဟူ ။ ။ ကျွန်တော်ရဲ့ ပရိယေသန ဝမ်းစာ အလုပ်မှာ လူတို့ ၏ စာဂနှင့် စိတ်ကို အမြဲ အကဲခတ်ရပါတယ်။ နို့မှ ကျွန်တော့် ပညာစွမ်းကို ပြသရတဲ့ စိတ်ညှို့အလုပ် ဟာ အောင်မြင်ပါတယ်။ လူ၏ စိတ်ခိုင်မခိုင် တည့်မတည့်။ အကျင့်စာဂကို အမှန်ရောက်အောင် အကဲမခတ်ပဲ စိတ်ညှို့လိုက်ရင် ကိုယ် သာလျှင် အရှက်ကွဲခြင်း ဖြစ်ပါတယ်။ အခုရှိတဲ့ ဇာတ်သမားများနှင့် အထက်ထက် က အပေါင်းအသင်းလုပ် က ပြဖူး လူနှင့် သူတို့ အကြောင်း၊ သူတို့ စာဂ၊ သူတို့ စိတ်နေစိတ်ထားကို သိခဲ့ဖူးပါတယ်။ အခု ရှိတဲ့ မခင်ရီကလေးဟာ ဆာဘိုးတော ဆိုတဲ့ လူပြက်ကို အသဲစွဲ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ အမှန်စကားပါ။

ရီ ။ ။ ဟဲ့ ... တရုတ်လူပါးဝလို့၊ လိမ်ပြောတာပါ၊ အင်စပက်တော်မင်း။ 

ဤသို့ ဒေါသနှင့် ရုတ်တရက် ထဆိုပြီးလျှင် တရုတ်၏ မျက်နှာကို ငေးစိုက်ကြည့်ရင်းနှင့် မျက်နှာ အောက်ချပြီး ကာလ ထိတ်လန့်သော အမူအရာ ပေါ်လာ၍ ထိုင်လေ၏။

ဟူ ။  ။ ကျွန်တော် လိမ်လည်ပြောသည် မဟုတ်ပါ။ မခင်ရီကလေး ကိုလည်း များများကြီး သနားပါတယ်။ နို့ပေမယ့်လို့ အစိုးရမင်းများကို တရားသဖြင့် မှန်ရာသို့ ရောက်အောင် ကူညီရဖို့ ဝတ္တရားဖြစ်၍သာ အခု အမှုမှာ လူအများကိုပင် သင်္ကာမကင်းစရာ ဖြစ်နေခြင်းကြောင့် ရှင်းလင်းပေးရပါတယ်။ မခင်ရီက မောင်ဘိုးတောကို နှစ်နှစ်ခြိုက်ခြိုက် အူလှိုက်သည်းလှိုက် ချစ်ကြိုက်နေကြောင်း ခဏခဏ နိမိတ် အမူအရာ ပေါ်နေတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ မခင်ရီ မှန်မှန် ပြောလိုက်ပါ၊ ခင်ဗျား အမှန် မောင်ဘိုးတောကို ကြိုက်မိတယ် မဟုတ်ပါလား။

ရီ ။  ။ မျက်စိက မီးတောက်သလို တောက်ပြောင်လာပြီး ကြံ့ခိုင်သော စိတ်ဒေါသနှင့် “ ကြိုက်ခဲ့ဖူးတယ်လေ ဘာဖြစ်သလဲ။ ခုကိစ္စနဲ့ ဘာဆိုင်သလဲ ”

ဟူ ။  ။ ဒီလို ကြိုက်တဲ့ စိတ်က တစ်ခါတည်း ပြောင်းပြီး မုန်းစိတ် အကြီးအကျယ် ပေါ်ပေါက်လာပြန်တယ်။ မကြာခင်တုန်းက ချစ်စိတ် ပြောင်းပြီး မုန်းစိတ် ပေါက်လာလိုက်တာ တစ်ယောက် မျက်နှာကိုတောင် တစ်ယောက် မကြည့်နိုင်ကြတော့ဘူး။ ဇာတ်ဆရာ ကိုယ်တိုင်က အုပ်ချုပ် မနိုင်လို့ မောင်ဘိုးတော ရှိတဲ့ ဇာတ်မှာ မနေဘဲ မခင်ရီက ခွဲထွက်ခဲ့ဖူးပါတယ်။ မူလကတော့ သမီးရည်းစား စကားပြော၊ မတည့်ကြလို့သာ ခဏတစ်ဖြုတ် ရန်ဖြစ်တာပဲနော်။ သင့်မြတ်ကြလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ခါ နေ့ရှိသမျှ မခင်ရီကလေး၏ အရင်က ဖြစ်ပျက်ခဲ့ဖူးတဲ့ အချက်ကိစ္စ တစ်ခုကို မကြာမကြာ မောင်ဘိုးတောက ထုတ်ပြောလို့သာ မခင်ရီ ကို ရွှေနှင့် စိန်နှင့် ကိုယ်ကို စက်ပေးရင်တောင် မယူနိုင်ဘူး။ ရေခဲစိမ်ကြီးလို့ ဆိုပါတယ်။ အခုလို ဖြစ်နေကြပြီး အခုညမှာ တစ်ခါ မောင်ဘိုးတောက ငယ်ကျိုးငယ်နာ ထပ်မံ ဆိုပြန်တော့ အနာဟောင်းကို ဆွပေးသည်နှင့် တူသလို တစ်နေ့နေ့ ရှင့်ကို ကျုပ် သ,တ်မယ်လို့ ဆိုလိုက်ပြန်သည်မှာ အနည်းငယ် တွေးချင့်ဖို့ ရှိပြန်ပါတယ်။

ရီ ။ ။ ငါ့ အကြောင်း ခွေးတရုတ်က သန်းခေါင်စာရင်း ယူသလို ယူထားသကိုး။

ယခုလို ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လောဟူ ကို ကိုက်ဝါးစားတော့မည်သို့ စိမ်းစိမ်း ကြည့်ပြီးမှ “ အို ငြင်းနေလို့ အပိုပါပဲ။ နောက်ဆုံး ကတော့ ကျွန်မ အပေါ် အပြစ်ပုံချမှာ အတူတူကို အကြောင်းစုံ ဖွင့်ပြောမယ် နားထောင်ကြပါ ” ဟု ဆိုပြီးမှ ဆက်လက် ပြောသည်မှာ။

ရီ ။  ။ ကိုဘိုးတောနှင့် ကျွန်မတို့ လက်ထပ်ကြတော့မယ်လို့ အသေအချာ စီမံထားကြပါတယ်။ ကျွန်မက သူ့ကို ရူးမတတ် ချစ်ပါတယ်။ ခုလည်း ချစ်ပါသေးရဲ့။ နို့ပေမယ့် သူက ကျွန်မကို ဘယ်လို စိတ်ပျက်မှန်း မသိ အရင်ကလို မချစ်ဘဲ တဖြည်းဖြည်း ခွာထွက်ပါတယ်။ နောက်တော့ဖြင့် လုံးလုံး ခွာတော့တာပဲ။ ဒါနဲ့တောင် ကျွန်မက ကိုဘိုးတောဟာ တစ်နေ့နေ့ကျ စိတ်လည်လာလိမ့်မယ်လို့ စိတ်မလျှော့ဘဲ တိုးတိုး ချစ်ပါတယ်။ ဒီလို အချစ်မျိုးကို ရှင်တို့က မကြုံဘူးသေးလို့ ကျွန်မရဲ့ အချစ် ဘယ်လောက် စူးရှတယ်လို့ မတွေးမထင်တတ်ကြပါ။ ကျွန်မလို တစ်ဖက်သတ် ချစ်ရတာဟာ ပျော်မွေ့ဖို့လည်း မကောင်း၊ တလွမ်းလွမ်း၊ တပူပူ၊ တမျှော်မျှော်နှင့် အတွင်းဆွေးသော တကျိတ်တည်း၊ တကျိတ်ကျိတ်၊ ဆွေးနေ ရလို့ တပိန်ပိန်၊ တညှော်ညှော် ဖြစ်နေရတာပဲ။ တွေးလိုက်ပလားဆို ကိုယ် ကိုယ်သာ ကိုယ် ထုရိုက် သေလိုက်ချင်တာပဲ။ တိုတိုပြောပါတော့မယ်။ ငရဲအိုးကျတဲ့ လူဟာ ကျွန်မလောက် မပူဘူး ထင်ပါတယ်။ ဒီလိုဖြစ်နေတုန်းပဲ ကိုဘိုးတောက ကျွန်မမှာ လင်ကြီးရှိကြောင်း။ ဒီ လင်ကြီးနှင့် မပြတ်စဲသေးကြောင်း ထင်ထင်ရှားရှား သိလာပြန်ပါတယ်။ ဒီ လင်ဟာလည်း ကျွန်မ ငယ်ငယ်က ရူးတုန်းမိုက်တုန်းမို့ သူ ချော့ခေါ်တာနှင့် ပါသွားရတဲ့ လင်ပါ။ လေးငါးရက်လောက် ပေါင်းရပြီး ကျွန်မကို သူက ပစ်သွားတာ ဘယ်တော့မှ ပေါ်မလာပါဘူး။ ကျွန်မ ရုပ်ကလေး အသံကလေး ရှိလို့ ဇာတ်ထဲမှာ ယိမ်းသမ အလုပ်နဲ့ လိုက်နေပြီး ဇာတ်လိုက်မင်းသမီး ဖြစ်လာကာ ဒီနှစ်ပါနဲ့ သုံးနှစ် ရှိလာပြီ။ အရင် လင်ကြီးကို တစ်ခါမှ ပြန်ပြီး မမြင်တော့ပါ။ မနှစ်က ကိုဘိုးတော၊ ကိုလောဟူ တို့နဲ့ ဇာတ်ထဲ ကရပြီး ဒီနှစ်မှာ ကိုလောဟူက တခြား ဇာတ်ကို လိုက်သွားပါတယ်။ ကိုဘိုးတောက ကျွန်မကို ငြီးငွေ့ စိမ်းကားရုံမျှ မက ညဦးက သူ ပြောပုံကို ကြားကြတယ် မဟုတ်ပါလား။ အဲဒီလိုချည်း လူပုံအလယ်မှာ ချပြောနေတော့ သူ့ကို တစ်ခါပဲ စိတ်ထဲက ဘယ်လို မုန်းမှန်း မသိ မုန်းနေတဲ့ အထဲမှာ ညဉ့်ဦးက ပြောလိုက်ပုံဟာ ကျွန်မ ဝမ်းထဲက “ဟယ် ဒီကောင် မြန်မြန် သေတာပဲ ကောင်းတယ်၊ သူ တစ်သက် ကိုယ် တစ်သက်ပဲလို့ စွန့်လိုက်မယ်လို့ စွန့်လိုက်မယ် ကြံပါတယ်။ နို့ပေမယ့်လို့ သူများက ကျွန်မထက် သူ့ကို လက်ချက်ဦးသွားပါတယ်။

ဖွား ။ ။ ငါ့တူမကလေးဟာ စိတ် ဘယ်လောက်ပဲ ဆိုးဆိုး သ,တ်ဝံ့မယ့် သတ္တိမရှိဘူး ဆိုတာ လူတိုင်း သိပါတယ်။ တန်တော့ မောမယ် ဆက်မပြောပါနဲ့တော့။

ဟူ ။  ။ မခင်ရီက ကိုဘိုးတောကို မသ,တ်ဘူး ဆိုတာ အမှန် မသ,တ်ဘူးလား။ မျက်နှာ ရဲရဲထား ပြောစမ်းပါ။ သ,တ်ရင် သ,တ်တာပေါ့။ ဘာ ရှောင်တိမ်းနေဖို့ ရှိသလဲ။ အရိုး တွန်တတ်တယ်။ အလင်း ဖွင့်ပြောပါ။ သ,တ်တယ် မဟုတ်လား။

အားလုံး အသက်ပြင်းပြင်း မရှူဘဲ လားဟူ နှင့် ခင်ရီ ကို သာ ငေးစိုက် ကြည့်နေကြ၏။ ခင်ရီ သည်လည်း လောဟူ၏ မျက်နှာကို စူးစိုက်ကြည့် နေပြီးကာ “ ဒီ တရုတ်ဟာ ဘယ်လောက် နက်နက်နဲနဲ ဒီအမှုအကြောင်းကို သိသလဲ ” ဟု တွေးနေလေဟန် အလွန်သနားစရာ ဖြစ်လာ၍၊ မောင်သာမောင် က ဂုတ်ကြားကို တစ်ဖန် ကြည့်ပြန်သော် ဂုတ်ကြား သည် သခင့်အလောင်းကို သာ နမ်းလျက်နမ်းလျက် ဝမ်းနည်းလေဟန် နှင့် အသံတိုးတိုး အူ၍ ရှေးကလို အနည်းငယ်မျှ ဒေါသမရှိ ဟိန်းဟောက်ခြင်း မလုပ်ဘဲ အေးအေးသာသာ နေလေသည်။ မောင်သာမောင်မှာ ခွေးကြီးကိုသာ အံ့သြလျက် ခင်ရီ ကိုလည်း အလွန်သနားလေသည်။

ဖွား ။ ။ ဆရာ လောဟူက ရှင် ဘယ် အရာရှိကြောင့်၊ သူငယ်မကို ခြောက်လှန့် စစ်ဆေးနေရတာလဲ။

ဟူ ။ ။ ( ဒေါ်ဖွား ကို ပြန်မပြောဘဲ ) ခင်ရီ မင်း အမှန် မသ,တ်ဘူးလား ပြောစမ်း။

ရီ ။ ။ ( ခေါင်းငိုက်စိုက် ကျလျက် ) သ,တ်တယ်။ ရှင်ဟာ မှော်ဆရာမက သရဲ မွေးထားသလို အပ်ချမတ်ချ သိတာကိုး။ ငြင်းလို့ မရမယ့် အတူတူ သ,တ်တယ်၊ သူ့ကို သ,တ်လိုက်ရမှပဲ သေဝံ့တယ်။ မကြောက်ပါဘူး။ ဘိုးတောက တံခါး ကို နောက်ခိုင်းထိုင်ပြီး သူ့ ဖိနပ်စုတ်ကို ခြေအိတ်စုတ်တွေကို ချွတ်နေတုန်းမှာ နောက်က သံပိုက်လုံးနှင့် တအား လွှဲရိုက်လိုက်တာ တုန်းခနဲ နေတာပဲ၊ ချက်ချင်းရိုက်ဖို့ အချက်မရလို့ အတော်ကြာ တံခါးအပြင်ဘက် အကွယ်က ချောင်းနေရသေးတယ်။ တံခါး လည်း မပိတ်ဘူး။ သူ သေမှ ကျုပ် တံခါးကို စေ့ထားခဲ့တယ်။ ကိုင်း အဖြောင့် ပြောပြပြီ၊ ဘာလုပ်ချင်ကြသေးသလဲ။ လုပ်ကြလေ။ 

လူ အားလုံး တုတ်တုတ်မျှ မလှုပ်ဘဲနေကြရာ မခင်ရီသည် တုန်တုန်ယင်ယင်နှင့် ရှေ့ကို တစ်လှမ်းအသွားမှာ လဲသွားသဖြင့် ဒေါ်ဖွားက ဆီး၍ ဖက်ထား လိုက်လေ၏။ မောင်ဝါလွန်းက မခင်ရီ ထံသို့ လက်လှမ်းပြီးလျှင် “ ကိုင်း မခင်ရီ ဂါတ်ကို လိုက်ခဲ့ပေတော့၊ လူသ,တ်မှုနှင့် ကျုပ် ဖမ်းရလိမ့်မယ် ” ဟု ဆိုလျှင်

ဖွား ။  ။ ရှင် ဘာကြောင့် ဖမ်းရမှာလဲ မခင်ရီ မသ,တ်ဘူး။ ကျုပ်သိတယ်။ ဖယ် မကိုင်ပါနဲ့။ တရုတ်ရော၊ မိုးကြိုး၊ ခင်ဆုံ တို့ရော ဘိုးတောကို သ,တ်တဲ့ အချက်တွေ အပုံကြီး ရှိတယ်။ ဘိုးတော သေရတာ လူ့ပြည်က ပါးစပ်ပက်စက်တဲ့ လူမိုက် တစ်ယောက်တောင် လျော့ပေါ့သွားသေးရဲ့၊ ခင်ရီ တော့ အမှန် မသ,တ်ဘူး။ ကျုပ် ကိုယ်တိုင် ဟုတ်တယ်။ ကျုပ် ကိုယ်တိုင် ကျမ်းကျိန်ဝံ့တယ်။

မောင် ။ ။ ဟုတ်ပါတယ်၊ ဆရာရယ်။ တစ်ဆိတ် စဉ်းစဉ်းစားစား လုပ်ပါ။ သ,တ်လောက်နိုင်တဲ့ အချက် အခြားလူတွေမှာ လည်း ရှိပါသေးတယ်။

လွန်း ။ ။ မောင်သာမောင် မင်း က ဘယ်သူ့ ရှေ့နေလဲ။ သွား အလောင်းကို ဆေးရုံပို့ရအောင် ဗိုလ်တထောင်ဂါတ်ကို ပြောလိုက်။ ငါ့ အမိန့် ။

မောင် ။ ။ ဒါဖြင့် ဆရာတို့ ဒီ အိမ်က ဆိုင်းပါဦး။ ဗိုလ်တထောင် ဂါတ်ရော၊ စုံထောက်ကြီး ဦးကျော်စွာရော ခေါ်ခဲ့ပါ့မယ်။ 

လွန်း ။  ။ ဦးကျော်စွာနှင့် မဆိုင်ဘူး၊ ဦးရွှေရီကို အကြောင်း ကြားဖို့သာ ဂါတ်မှာ ပြောလေ။

မောင်သာမောင်သည် ဂါတ်ကို မပြောခင် ဦးကျော်စွာထံ အမြန်သွား၍ မခင်ရီကို ကယ်ဆယ်ရန် ဖြစ်ပုံပျက်ပုံ အကြောင်းစုံကို ပြောပြသော် ဦးကျော်စွာက မောင်ဝါလွန်းသည် အမြှောက်ကြိုက် ဉာဏ်ထိုင်းထိုင်းနှင့် တရားခံ အစစ်ကို လွှတ်၍ တရားခံ မဖြစ်ထိုက်သူကို ဖမ်းဆီးသဖြင့် အမှု ပျက်လှသည် များသောကြောင့် ချက်ချင်း ထိုလူသ,တ်မှုကို မိမိ လွှဲပေးစေရန် ပုလိပ်မင်းကြီးအား တယ်လီဖုန်းဖြင့် အခွင့် တောင်းသော် ပုလိပ်မင်းကြီးက ဝမ်းမြောက်စွာ အခွင့်ပေးလေသည့် အပြင် ပုလိပ်မင်းကြီး ကိုယ်တိုင် ဦးကျော်စွာ၊ မောင်ဘိုးသာ၊ မောင်သာမောင်တို့နှင့် အချင်းဖြစ်သော ဒေါ်ဖွားအိမ်သို့ လာလေ၏။

ခွေးကြီးကို မြင်လျှင် ဦးကျော်စွာနှင့် ပုလိပ်မင်းကြီး ကပါ ခွေးကြီးသည် ပဲခူး အမဲလိုက် ခွေးမှန်း သိ၍ ထိုခွေးသည် အဆိပ် လျှင်လည်း မိရမည်။ သို့မဟုတ် ဘိန်း သို့မဟုတ် တစ်ခုခု ဖြစ်ရမည်။ တစ်စုံတစ်ရာ မဖြစ်လျှင် သူ့ သခင်အလောင်းနားသို့ မည်သူ့ကိုမျှ ချဉ်းကပ်လာရန် အခွင့် ပြုတတ်သော ခွေး မဟုတ်ကြောင်း သိရ၍ ဒေါ်ဖွား၏ အကဲအလေး၊ မိုးကြိုး၊ ခင်ဆုံတို့ အကဲအလေး ဦးစွာ တစ်စေ့တစ်စောင်း အကဲခတ် နေကြလေ၏။

ပုလိပ်မင်းကြီး နှင့် ဦးကျော်စွာတို့ တီးတိုး ခဏလောက် ပြောပြီးလျှင် ဦးကျော်စွာ အား အမှုအကြောင်း မောင်ဝါလွန်းကို ပြောပြီးလျှင် ပြန်လေ၏။

ဤတွင် တစ်ခန်းရပ်

( ဘယ်သူ့ လက်ချက်လဲ အဖြေကို စောင့်ကြည့်ကြပါ ။ )
    
 ▣ ရေးသူ ?
📖ခေတ်ဟောင်း ဝတ္ထုတိုများ