Thursday, April 30, 2026

ချမ်းခိုက်ခိုက်တုန်

❝ ချမ်းခိုက်ခိုက်တုန် ❞
        ( ပီမိုးနင်း )

( ၁ )

သိုးမွေးခံကတ္တီပါစောင်ကြီးကို တစ်ကိုယ်လုံး လုံအောင်ခြုံပြီး ခပ်ကွေးကွေး အိပ်၍ နေသော “ အမာ ” သည် ဖြူရော်သော မျက်နှာကလေးကိုသာ မဖော်ချင့် ဖော်ချင်နှင့် ဖော်ကာ အအေးနှင့် အချမ်း တွဲဖက်၍ ရမ်းနေသော ဆောင်းတွင်းဟေမန်ကိုသာ အပြစ်တင်လိုသည့် လက္ခဏာနှင့် အချက်ကို ရှာ၍ နေစဉ်တွင် အိမ်ရှေ့လမ်းမပေါ်မှ

       လေပြေညင်းပါလို့ ငွေနှင်းရယ်က တမှုံမှုံ ကြာခြည်မှာ ကတ္တီနဲ့ လွှမ်းသော်လည်း ချမ်းခိုက်ခိုက်တုန် ၊ နွမ်းဟိုက်ပါလို့ ခုနေပုံ မှုပွေရုံသင့်သည် တဆောင်းရွှင်မွေ့ရုံ ရင်ငွေ့ တလှုံလှုံနှင့် ဆောင်းလယ်စုံ နှစ်ကိုယ်ထွေး လို့ရယ် နွေးဖို့အကြောင်း ...

        ချမ်းခိုက်တုန်တုန် ... ထွေးလို့လည်း မလုံ မလုံ ဟေဟေမန်တွင်းမှာလှ လေလေပြန်ညှင်းတာက ( စက်ခန်းမှာ တစ်ကိုယ်တည်းကြုံ ) နွေးရအောင်လို့ စောင်ကိုခြုံ ချစ်သူပျိုရေ ဆောင်းတွင်းမို့ ပေါင်းသင်းဖူးစာဆုံ ၊ ရင်ထဲက ဖိန့်ဖိန့်တုန် ဘဝင်ထဲက သိမ့်သိမ့်ခုန် ခန်းတဝိုက်တုံ ၊ သရမ်းလိုက်ပုံရယ် နွမ်းဟိုက်လို့ ချမ်းခိုက်ခိုက်တုန် ...

ဟူသော သာယာပေါ်လွင် နားဝင်အောင် ဆိုလိုက်သည့် ယောက်ျားပျို တစ်ယောက်၏ သီချင်းသံသည်ကား အမာ ၏ နားတွင်းသို့ ပစ်သွင်းလိုက်သည့်အလား မှတ်မှတ်သားသားကြီး ဝင်ရောက်၍ လာသည်နှင့် တစ်ပြိုင်နက် ဘယ့်နှယ်သီချင်းပါလိမ့်မလဲ ငါ့အကြောင်းကို စောင်းချိတ်ပြီး ဆိုရော့သလား သူဟာကလည်း ချမ်းခိုက်ခိုက်တုန်က စပြီး ချမ်းခိုက်ခိုက်တုန်တွင်ပဲ အဆုံးသတ်ရော့ သလား ဒီအချမ်းဟာ ဘယ်တော့မှ ပျောက်မယ့် အချမ်း မဟုတ်တော့ပါကလား ၊ သိုးမွေးခံကတ္တီပါ စောင်နဲ့လည်း ငါ့အချမ်း မပြေ ငါ့မှာဖြင့် ချမ်းလွန်းလို့ ထူထွေး ပူနွေးတဲ့ စောင်ကို တောင့်တတယ် ၊ သူကတော့ စောင်ကို မတ ၊ ချစ်သူနဲ့ ဖူးစာဆုံဖို့ တောင့်တတယ် ၊ ဆောင်းတွင်းမှာ ချစ်သူက ဘယ်နည်းနဲ့ အချမ်းကို ပြေပျောက်အောင် လုပ်မှာမို့လဲ ...

ဇောက်ထိုးမိုးမျှော် ထင်ရာကို အော်ပြီး ဆိုနေတာပဲလား ၊ ဒီလိုအရမ်းမဲ့ ဆိုနေရအောင်ဟာလည်း သီချင်း အသွားအလာကို ထောက်လျှင် တော်တော် ခိုင်လုံမယ့် လက္ခဏာပဲ ။ အေးလေ ဘာပဲဖြစ်ဖြစ် သူ့ဘာသာသူ ချမ်းခိုက်ခိုက်တုန် မကလို အေးစက်စက်တုန်ပဲ ဖြစ်ဖြစ် ငါ တွေးပြီး ရယ်ကာချစရာ မလိုပါဘူးလေ - စသည်ဖြင့် စဉ်းစားချက်ကို ရုတ်တရက် ရပ်ဆိုင်းပြီး ဒူးနှင့် ရင်သား နီးနီးကြီး ထားပြီး အားရပါးရ လုံအောင် ထွေးရင်း အေးအေးနှင့် အိပ်ပျော်၍ သွားလေ၏ ။

နံနက်မိုးသောက် အချိန်ရောက်လျှင် နှင်းပေါက်ဝတ်မှုန်တို့ တလှိုက်လှိုက်ဝေဖြာ ပိတ်ဖုံးလျက် မြေပြင်ဝသုံတွင် ကောင်းကင်ဘုံ ဖန်ဆင်း၍ ထားဘိအလား ၊ ပိန်းပိတ်မှုန်မွှား နှင်းသားတွေ ကာဆီး၍ နေရုံမျှမက နှင်းငွေ့ နှင့် ရောထွေးသော လေကလေးသည်ကား မသနားမညှာ မသိမသာ တိုက်ခတ်ဆော်သွင်း၍ လာလေရာ အပြင် ကာယ အတွင်းကာယ နှစ်ဖြာသော ကာယမှာ လာသမျှ အအေးဓာတ်ကို လောကွတ်ပျူငှာ လက်ခံကာ အအေးအချမ်း တဖြည်းဖြည်း လှမ်းပြီး ချမ်းလိုက်တာ အေးလိုက်တာဟု ညည်းညူစေအောင် အချမ်းမိုး ရွာ၍ နေလေသတည်း ။

ချမ်းအေးဖြူဆွတ်သော နှင်းသားတွေ အကြားတွင် ချမ်းအားနှင့် ငြိမ်သက်လျက် အတက်အဆင်း အထွက်အဝင် မရှိ ဆီးနှင်းသူခိုး ဝင်ရောက်ကာ တိုးမည်ကို အလီလီ ကြောက်ရွံ့သည့် လက္ခဏာနှင့် အချို့မှာ စက်ရာက မထသေးဘဲ ၊ ကွေးမြဲ ကွေး၍ နေကြ၏ ။ အချို့မှာ ခုတင်ဘေးတွင် ထူးထဲသော သက္ကလပ်စောင်များကို လုံခြုံ ပြီး ကျကျနန ထိုင်၍ သနပ်ဖက် ဆေးပေါ့လိပ်နှင့် မိတ်ဖွဲ့၍ နေကြ၏ ။ သို့သော် အချမ်း ဆိုလျှင် အလှမ်းဝေးဝေး နေရာကပင် သပိတ်မှောက်ချင်ရှာသော ‘ အမာ ’ မှာ သူများထက် လွန်ကဲလျက် လက်စွပ်အိတ် ၊ ခြေအိတ် ၊ ဆွယ်တာ နှင့် သက္ကလပ်အင်္ကျီ ကတ္တီပါ လုံချည်များကို ကျကျနနကြီး ဆင်ယင်၍ အပြင်က သိုးမွေးခံ ကတ္တီပါစောင်ကို ခြုံပြီး မီးလင်းဖို တစ်ခု အနီးမှာ ထိုင်ကာ မလှုပ်ဝံ့ မတွန့်ဝံ့ အချမ်းကို ရွံ့ကြောက်သည့် စိတ်ထားနှင့် အနားမှ ထိုင်နေသော အစေခံမ ‘ မယ်ဒွေး ’ အား

“ ဟဲ့ မယ်ဒွေး ချမ်းလိုက်တာ ခိုက်ခိုက်တုန်ပါရောလား ”

“ မမ မနေ့ကတော့ ချမ်းလိုက်တာ ဆိုပြီး ဒီနေ့တော့ ခိုက်ခိုက်တုန် တစ်လုံး တိုးလာပါပကော ” ဟု ပြုံးပြုံးနှင့် ပြောလိုက်ရာ အမာ မှာ ရုတ်တရက် မျက်နှာပျက်ပြီး ခပ်ထွေထွေ လုပ်နေလိုက်လျှင် ညသန်းခေါင်တွင် ယောက်ျားပျို တစ်ယောက် သီဆိုသွားသော ချမ်းခိုက်ခိုက်တုန် သီချင်းကို တစ်ခါတည်း ပြေး၍ သတိရမိသည်နှင့်

“ ညည်းစကားက ဘာအဓိပ္ပာယ်လဲ ”

“ ချမ်းခိုက်ခိုက်တုန် အဓိပ္ပာယ်ရတာပေါ့ ။ ကျွန်မက ချမ်းခိုက်ခိုက်တုန် ဆိုတဲ့ သီချင်းကို မမ အရကျက်ထားလို့ ဒီစကားကို သုံးတာလားလို့ပါ ”

“ အို အဓိပ္ပာယ်မရှိ ဘာမရှိ ထင်မိထင်ရာ ရူးချာချာ သီချင်းတွေကို ငါဘာလုပ်ဖို့လဲ ညည်း ဒီသီချင်း ဘယ်က ရလို့ ပြောနေတာလဲ ”

“ ဒီသီချင်းကို ဟိုဒေါင့် အိမ်ကြီးကို တလောက ပြောင်းလာတဲ့ မြို့ဝန်ကြီးသားဆို ထင်ပါရဲ့ ။ အဲဒီ ကိုတင်မြင့် ဆိုတဲ့ ယောက်ျားကြီးက ပေးလို့ ရတယ် မမရဲ့ ၊ သီချင်း အသွားလည်း ဆန်းတယ် ။ အဲဒီယောက်ျားကြီးက နင့်မမ ရှေ့မှာ ဒီသီချင်းကို ဆိုဖို့ မှာလိုက်တယ် ၊ ပြီးတော့ မမ လိုချင်ရင် သူ လာပြီး ချပေးမယ်တဲ့ .. ” စသည်ဖြင့် ရိုးရိုးကြီး ပြောနေစဉ် အမာ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သုန်မှုံ၍ လာကာ

“ ဟဲ့ ကောင်မ နင့်လင် စကားတွေ ငါ့ လာပြောမနေနဲ့ ၊ ဒီအကောင်က ဘာကောင်တဲ့လဲ ငါ့ကို ထည့်မပြောရအောင် ငါ့ကို ပြစမ်း ။ အညတရ နေထိုင်တဲ့ဟာတွေ မှတ်လို့ ထင်သပါရဲ့ ” စသည်ဖြင့် တရှူးတရှူး တရှဲရှဲ ဒေါသတွေ ဝင်နွှဲလျက်လာရာ အချမ်းအအေးများပင် ပျောက်ခန်း၍ ကုန်သလောက် ယောက်ယက်ခတ်၍ နေလေ၏ ။ မယ်ဒွေးမှာ မျက်လုံးပြူးပြူး မျက်ဆံပြူးပြူး နှင့် ဒူးတဆတ်ဆတ်တုန်ကာ ကြောက်သွေးတွေ ခုန်ပြီး အပုံကြီး ထိတ်လန့်၍ နေကာ မိမိ ပြောမိသည်မှာ မှားလေစွတကား ဟု အောက်မေ့မှတ်ထင် စိတ်တွင် လေး၍ လာလေ၏ ။ အမာသည် အသက်အရွယ် ၁၆ နှစ်ခန့်သာ ရှိသေး သဖြင့် တစ်ကြောင်း ၊ အင်္ဂလိပ်ကျောင်းတွင် နေထိုင် သင်ကြားလာခဲ့သူ ဖြစ်၍ မာမာဆတ်ဆတ် ပြတ်ပြတ် တောက်တောက်နှင့် သွေးမြောက်၍ နေသူ ဖြစ်ရာ ယခုမှာ မိမိ အစေခံမကလေးအား မချေမငံ ပြောသော မောင်တင်မြင့် အား များစွာမှ စိတ်ဆိုးလျက် မခံချိမခံသာ နှုတ်ခမ်း တစူစူ လုံချည်စတပင့်ပင့် မေးတငေါ့ငေါ့ ၊ လက်ညှိုး တထိုးထိုးနှင့် အမျိုးမျိုး ပြောပြောပြီး ရန်တွေ့လိုသော ဆန္ဒများ ဘွားခနဲ လွှားခနဲ အသည်းနှလုံးထဲတွင် မဆုံးဘဲ မွှေနှောက်လာရာကား ၊ ထိုင်ရာမှ ထကာ မီးလင်းဖို အနီးတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍လေ၏ ။

မယ်ဒွေးသည်ကား မိမိအား ထပ်မံကြိမ်းမောင်း ငေါက်ငန်းမည်ကို စိုးထိတ်ရွံ့ကြောက်လှသည်နှင့် အိမ်နောက်ဖေး မီးဖိုချောင်သို့သွားကာ ပြောမိသည့် စကားကိုသာ သတိရပြီး မိမိပါးစပ်ကို လက်ဝါးနှင့် ရိုက်ကာ ရိုက်ကာ ပြောဦးဟဲ့ ဒီပါးစပ် မိုက်ဦးဟဲ့ခွေးပါးစပ်နှင့် ပါးစပ်ကို ဆုံးမ၍ နေလေ၏ ။

“ ဟဲ့ ကောင်မ နောက်တစ်ခါ ဒီတင်မြင့် ဆိုတဲ့ အကောင်ကို တွေ့ ရင် နင် အရေးလုပ်ပြီး စကား မပြောရ ဘူး ။ ဘာဘာညာညာ စကားပြောရင် ပါးရိုက်ခဲ့ ဒီ အကောင် လာတာမြင်ရင် ငါ့ကို ခေါ်ပြစမ်း ”

“ ဟုတ်ကဲ့ ” ဟု ကြောက်ကြောက်နှင့် ပြန်၍ ပြောသည်ကို မျက်စောင်းတထိုးထိုးနှင့် ကြည့်ကာ မီးဖိုချောင်မှ ထွက်လာခဲ့၍ ဧည့်ခန်းကြီးသို့ ရောက်လျှင်ပင် ယောက်ျားပျို တစ်ယောက်သည် မျက်လုံးနှင့် ဟိုဟိုသည်သည် ကြည့်ကာ လှေကားထစ်တွင် ရပ်၍ နေသည်ကို မြင်ရကား ဖြူစင်တည်တန့် ခန့်ရန့်သော မျက်နှာထား တစ်ဖက်သားကို ချိတ်ဆွဲသွေးဆောင်အားသင့်ကာ ကြည့်၍ နေမိလာလေ၏ ။ ယောက်ျားပျိုသည်ကား အမာကို မြင်ရလျှင် ရွှင်ပျသောမျက်နှာထားနှင့် မိမိ ကိုင်လာသော ကောက်ညှင်းပေါင်း ပန်းကန်ပြားကို မြှောက်ကိုင်ရင်း “ ကျွန်တော်တို့ အိမ်က ဘုန်းကြီးများ ပင့်ပြီး ကောက်ညှင်း ဆွမ်းကပ်လို့ ဒီအိမ်ကို လာပြီး ဝေငှတာပါ ”

“ ဪ ကျေးဇူးတင်ပါတယ်ရှင် ” ဟု ပြုံးပြုံး ကလေးနှင့် မိမိ မမြင်ဖူးသော ယောက်ျားပျိုကို ဂရုမစိုက်၍ မသိမသာ ကြည့်ကာ လှမ်းယူလိုက်ပြီးနောက် မိမိအိမ် ပန်းကန်ထဲတွင် ပြောင်းလဲ၍ ထည့်ကာ ပန်းကန်ကို ပြန်ပေးတော့မည် အပြုတွင် မယ်ဒွေးလည်း နောက်ဖေး မီးဖိုချောင်မှ ထွက်လာခိုက်နှင့် အခန့်သင့် တွေ့ရကာ မိမိအား မှာထားသည့်အတိုင်း မဆိုင်းမတွ လက်ညှိုးထိုး ပြပြီး

“ မမရဲ့ ဒီယောက်ျားကြီးပဲ ” ဟု ပြောလိုက်လျှင် ယောက်ျားပျိုနှင့် အမာမှာ မျက်နှာပျက်ပျက် ရှက်တတ နှင့် အံ့အားသင့်ကာ ရှိနေကြပြီးနောက် ယောက်ျားပျိုမှာကား မယ်ဒွေးကို ကြည့်လိုက် အမာကို ကြည့်လိုက်သည် နှင့် စိတ်မလုံဘဲ ဖြစ်နေသည်ကို အမာသည် အံ့အားသင့် ရာမှ ပြုံးပြီး

“ တခြား မဟုတ်ပါဘူး ၊ ချမ်းခိုက်ခိုက်တုန်သီချင်း ဆိုတဲ့ လူ ဘယ်သူလဲလို့ မေးတာနဲ့ ဒီကောင်မက ပြောတာပါ ”

မောင်တင်မြင့်မှာ အမာ့စကားကို ကြားရလျှင် ထိတ်လန့်အံ့သြခြင်း ပြေပျောက်ကာ ဝမ်းမြောက်၍ လာပြီး

“ ဒီသီချင်းကို အလိုရှိရင် ကျွန်တော် သင်ပေးဖို့ အသင့်ရှိပါတယ် ”

“ အို ကိစ္စမရှိပါဘူး ... ” ဟု ရှက်ကိုးရှက်ကန်း အမ်းတန်းတန်း မျက်နှာထားနှင့် ပြောလိုက်လျှင် မောင်တင်မြင့် သည်ကား “ ချစ်ပါတယ် ခင်ပါတယ် ၊ သဘောကျပါတယ် ” ဟူသော အဓိပ္ပာယ် အမျိုးမျိုးတို့ ရောပြွမ်းစွာ ထွက်ပေါက်လောက်သည့် မျက်လုံးနှင့် အမာ၏ ဖြူဖွေးကြည်လင်သော မျက်နှာကလေးကို တစ်ချက်မျှ ကြည့်ကာ နှုတ်ဆက်ပြီး အိမ်ပေါ်မှ ဆင်းသက်၍ သွားသည်ကို တွေးတောရင်း ငေးမော၍ ကြည့်နေ ပြီးနောက် မယ်ဒွေး ဘက် လှည့်ကာ ရှက်ပြုံးပြုံးလျက်

“ ဟဲ့ ကောင်မ ဘာပြုလို့ တဲ့တိုးကြီး လာပြောရတာလဲဟင် ”

“ နို့ မမက ပြောရမယ်ဆို .. ”

“ ဪ ငါက သူမဟုတ်ဘူးလားလို့ ၊ တော်ပါအေ ကောက်ညှင်းပေါင်းပန်းကန် ယူပြီး ဖေဖေနဲ့ မေမေ့ဆီ ယူသွားစမ်း ”

ယင်းသို့ဖြင့် မိဘများ ရှေ့တွင် မည်သူ့အိမ်မှ မည်ဝါ လာ၍ပေးသည် စသည်ဖြင့် လျှောက်၍ ပြောရင်း ချမ်းချမ်းနှင့် ကောက်ညှင်းပေါင်းကို ဆုပ်ကာဆုပ်ကာ စားရင်း စားရင်း အမာ၏ စိတ်ထဲ၌ မောင်တင်မြင့်၏ ရုပ်လက္ခဏာကိုသာ မြင်ယောင်ထင်ယောင် ဖြစ်ကာ စွဲလမ်း၍ လာစ ပြုလေသတည်း ။

••••• ••••• •••••

( ၂ )

ဖြူပြာသော တိမ်တောင်တွင် ဖိုးလမင်းကြီးသည် ဝင်းတောက်စွာ ထွက်ပြူ၍ နေလေ၏ ။ အမာသည် မိမိ ခုတင်ပေါ်တွင် နွေးထူသော စောင်များကို အထပ်ထပ် ခြုံလျက် ဝမ်းလျားမှောက်ကာ မီးရောင်ဖြင့် မယ်ဒွေး ထံမှ တစ်ဆင့် ကူးယူထားသော ချမ်းခိုက်ခိုက်တုန်သီချင်းကို အရကျက်၍ နေလေ၏ ။ ကောင်းစွာ ကျနခြင်း မရှိသေးဘဲ ၊ စမ်းတဝါးဝါးနှင့် သီဆို၍ နေရင်း မောင်တင်မြင့်၏ မျက်နှာကလေးသည် ရစ်ဝဲပေါ်ပေါက်၍ လာလေရာ အို ဘာပြုလို့ ငါ့မျက်စိရှေ့မှောက် ရောက်လာရပါလိမ့် မတုန်း ၊ အစက မမြင်ဖူးရင် ကောင်းလိမ့်မယ် ။ ဘယ်နဲ့လူလဲ အို ခက်နေပါပြီဟု စိတ်ပျက်ပျက်နှင့် စာရွက်ကို မှောက်ထားလိုက်ပြီး တစ်ယောက်တည်း ဒေါထ၍ နေရာမှ တစ်ဖန် ပြန်၍ စာရွက်ကို လှန်ကာ လျှောက်၍ ဆိုပြန်လေ၏ ။

ချမ်းလိုက်တာ တခိုက်ခိုက်တုန်တဲ့ပြင် စောင်နဲ့ ထွေးလို့တောင် မလုံဘူးတဲ့ ၊ ဆောင်းတွင်းမို့ လေကလေး ပြန်ပြန်တိုက်တော့ အိပ်ခန်းမှာ တစ်ကိုယ်တည်း နေရတဲ့ သူ ဖြစ်လို့ နွေးရအောင် စောင်ကိုခြုံပြီး ချစ်တဲ့ သူကို ဆောင်းတွင်းမို့ ပေါင်းသင်းလိုပြန်တယ် ။ ဒီအချမ်း ရမ်းကားလွန်းလို့ ရင်ထဲကလည်း ဖိန့်ဖိန့်တုန်တယ် ၊ ဘဝင်ထဲကလည်း ဖိန့်ဖိန့်တုန်တယ် အိုသရမ်း လိုက်ပုံရယ်က တစ်ဖက်သားကို ခိုက်ခိုက်တုန်အောင် ချမ်းစေ နွမ်းစေတယ် ဆိုပါကလား ၊ အို တယ်ရှုပ်တဲ့ သီချင်းပါ ။ ဒီ ကိုတင်မြင့် ဆိုတဲ့ လူကလည်း ဘာပြုလို့ ငါ့ကို ဒီသီချင်း ပေးချင်ရတာတုန်း ၊ ငါ သူ့ကို ဘာပြုလို့ ခဏခဏ သတိရ နေပါလိမ့်မလဲ ။ ဧကန္တ မနက်တုန်းက လာပေးတဲ့ ကောက်ညှင်းပေါင်း ထဲမှာ ခပ်ဆေး ဆိုတာ ထည့်လာတယ် ထင်ပါရဲ့လေ ။ ဒီလို ထည့်လာရင် ငါ စားမိတာ မှား ပြီ ၊ ငါ မိုက်တာပဲ ။ ဘယ့်နှယ်လုပ်ရပါ့မလဲ ၊ ဟုတ်ပါတယ် ငါ အပျိုဖြစ်မှ ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး ။ အခုကို ထူးခြားပါတယ် ။ မေမေ့ကို ပြော ဟိုပယောဂဆရာကြီးဆီ သွားပြီး သူဆေးကို ဖြေမှပဲ ၊ မပြေရင်တော့ ငါရူးလိမ့်မယ် စသည်ဖြင့် တွေးတောရင်း မချိတင်ကဲ ရင်ထဲလှိုက် ဖို၍ လာသည်နှင့် ခေါင်းအုံးကို လက်သီးဆုပ်နှင့် ထုကာ ထုကာ စွဲလမ်းသည့် စိတ်ကို ကြံဖန်ကာ သပိတ်မှောက် လိုက်ပြီးနောက် အခြား အကြောင်း သောင်းပြောင်းထွေရာတို့ကို တွေးတောကာ အစွဲလမ်းကို ဖြေဖျောက်၍ နေသည့်အတွင်း သာယာကြည်လင် နားဝင်ချိုလှသော တယောသံသည် လည်းကောင်း ၊ စည်းဝါး ကျနစွာနှင့် အသံဝါဖြင့် သီဆိုလိုက်သော ချမ်းခိုက်ခိုက်တုန်သီချင်းသံသည် လည်းကောင်း ၊ တစ်လုံးစီ တစ်လုံးစီ ပစ်သွင်းလိုက်သည့်ပမာ သာယာစွာ ဝင်ရောက်၍ လာပြန်ရာ စဉ်းစားချက် ပျောက်ပျက်ကာ သီချင်းသဒ္ဒါရုံ ထဲသို့ လွင့်ပါး၍ သွားပြန်သည်နှင့် “ ချွန်းဖွင့်၍ မနိုင်သော ဆင်ရိုင်းသဖွယ် ” ငြိတွယ်စွဲလမ်းလျက် ရုတ်တရက် ထ၍ ထိုင်ကာ ပြတင်းပေါက်ကို အသာအယာ ဖွင့်ပြီး လမ်းဘက်သို့ မျှော်၍ ကြည့်လိုက်လျှင်ပင် အိမ်ဝင်းအပြင် လမ်းမပေါ်တွင် အချမ်းအအေးကို ပမာဏ မပြုဘဲ တယောနှင့် မိတ်ဖွဲ့၍ နေသော မောင်တင်မြင့်၏ မျက်နှာကို လရောင်ဖြင့် ထင်ထင်ရှားရှားကြီး မြင်ရလေ၏ ။

“ ဘယ့်နှယ်လူလဲ ၊ ဒီအိမ်ရှေ့ကိုမှ လာပြီး တယော ထိုးရသလား တခြားနေရာတွေ မရှိတော့တဲ့ အတိုင်းပဲ ။ သူတောင်းစားအိမ်ရှေ့ လာတီးရင် ပိုက်ဆံ လိုချင်လို့ လာတာမို့ ပိုက်ဆံပေးလိုက်ရင်အေးတာပဲ ။ အခုတော့ သူတောင်းစား မဟုတ် လူပျိုလူရွယ်ကာလသား ဂုဏ်သရေရှိ ဖြစ်ပြီး အိမ်ရှေ့ လာ တယောထိုးသီချင်းဆို ဘာလိုချင်လို့တဲ့လဲ ... ဆို ။ ဘာလိုချင်လိုချင် ဒီအိမ်ရှေ့ ဘာပြုလို လာရတာလဲ မုန်းဖို့ကောင်းလိုက်တာ ” ဟု တွေးရင်း တံခါးကို ပိတ်ပြီး အိပ်တော့မည် အပြုတွင် “ ချစ်သူပျိုရေ ဆောင်းတွင်းမို့ပေါင်းသင်းဖူးစာဆုံ ” ဟု အသံသည် တယောနှင့် ရောပြွမ်း၍ ဒလကြမ်း မွှေနှောက်ဝင် ရောက်၍ လာလျှင်ပင် အနှောင့်မလွတ် အသွားမလွတ်နဲ့ ။ သူလိုလို ငါ့လိုလို ဘာဆိုပြန်ပါလိမ့် မတုန်း ။ တယ် ငါထွက်ပြီး ရန်တွေ့ လိုက်ရ မကောင်းဘဲ နေရော့မယ် စကားနာ သုံးပြီး မုန်းဆေးကို ရှာသည်တိုင်အောင် အမုန်းမျိုးစေ့ကို ရှာဖွေ၍ မရသေးဘဲ ၊ အချစ်မျိုးစေ့ အစွဲမျိုးစေ့သည်သာ ထွက်ပြူ၍ လာကာ အမာ၏ စိတ်နှလုံးမှာ ယောက်ယက်ခတ်လှုပ်ရှား လူသေကောင် ဖုတ်ဝင် ကစားသကဲ့သို့ အမျိုးမျိုး ပြောင်းလဲ၍ နေလေသတည်း ။

ငါက အပျိုကလေး ၊ သူက လူပျိုကလေး ၊ ငါက မိန်းမ ၊ သူက ယောက်ျား ပါစင်အောင် ကွာခြားပြီး နေလျက်နဲ့ ငါ သူ့ကို သတိရစရာ မလို အတွေးပိုစရာ မရှိ ၊ ဂရုစိုက်စရာ မဟုတ် အစက ယောက်ျားဆိုတဲ့ သတ္တဝါတွေကို ငါအလိုလို မရှုစိမ့်နိုင်ဘဲ ၊ အတောင်တစ်ရာ ကွာတဲ့ နေရာက ရှောင်လွဲပြီး လာခဲ့ရုံတွင်မက သင်းတို့ မျက်နှာကို မတော်တဆ တေ့တေ့ဆိုင်ဆိုင် မြင်ရတာကိုပင် ငါ့မှာ ဖုတ်ပြိတ္တာ ၊ တစ္ဆေကို မြင်မိသလောက် မုန်းတီးရွံရှာ နှလုံးနာ၍ မဆုံးအောင် ဖြစ်ခဲ့ရသော်လည်း “ ဆာဗီးယား နှင့် သြစတြေးလျ ” ပြည်က စပြီး ကမ္ဘာစစ်ကြီး ဖြစ်ခဲ့သလို ကောက်ညှင်းပေါင်းနဲ့ ချမ်းခိုက်ခိုက်တုန်က စပြီး ငါ့စိတ်ထဲ ဝမ်းထဲမှာ ပြောင်းလဲခြင်းကြီးက ပြောင်းလဲ၍ သွားကာ စွဲလမ်းခြင်း တွေးတောခြင်းတို့သည် ငါ့ကို ရန်ပြုကာ အတွင်းစစ် ပြိုင်၍ နေလေပြီ စသည်ဖြင့် စဉ်းစားခိုက် တွင်ပင် မောင်တင်မြင့်သည် မိမိ အနားသို့ ရုပ်ရှင်ထဲက လို သိဒ္ဓိမြောက်ပြီး ပေါ်ပေါက်၍ လာလေရာ အလိုဟု သွေးလန့်လျက် “ ဘယ့်နှယ်လူလဲ ၊ ဘာလုပ် ဒီအခန်းထဲ လာရတာလဲ ” ဟု စိတ်ထဲ ဝမ်းထဲက ပြောရင်း ကိုယ်လုံးကလေး တွန့်တွန့်ပြီး အချောက်တိုက် ရွံ့၍ နေမိလောက် အောင် စွဲလမ်းခြင်းစစ်တပ်ကို မခုခံနိုင်ဘဲ နောက်ဆုံး၌ “ ချစ်ပါပြီ ” ဟူသော မဟာမိတ်စာချုပ်ကို စိတ်ထဲ ဝမ်းထဲတွင် ချုပ်ဆိုလိုက်ရရှာတော့သတည်း ။

ထိုအခါ ခုတင်ပေါ်မှ ဆင်းသက်၍ ပြတင်းပေါက်ကို ဖွင့်ကာ မောင်တင်မြင့်ကို လှမ်း၍ ကြည့်လိုက်လျှင် မောင်တင်မြင့်ကို မမြင်ရတော့ဘဲ ရှိနေရာ အတန်ကြာစွာ လှမ်းမျှော်၍ ဟိုဟိုသည်သည် ကြည့်သည်တိုင်အောင် တယောသံ ၊ သီချင်းသံနှင့် တကွ လူတစ်ကိုယ်လုံး ကိုပင် မမြင်ရတော့သဖြင့် စိတ်အပျက်ကြီး ပျက်စွာ အိမ်ထဲသို့ ပြန်ဝင်ပြီး မိမိ ကိုယ်ကို ခုတင်ပေါ်သို့ ပစ်လှဲလိုက်လေ၏ ။

ချစ်ခြင်းစွဲလမ်းခြင်းကို လက်ခံမိသူတို့ကို သောက ၊ ဒုက္ခ ၊ အလွမ်းအဆွေး စသည်တို့သည် ဝင် ရောက်တွယ်တာ ငြင်းဖို့ရာ အသင့်စောင့်စားနီး ကပ်၍ နေကြတော့၏ ။ အမာမှာ မောင်တင်မြင့် အပေါ်တွင် စွဲလမ်း ထင်မြင်ခြင်းမျိုးစေ့ကို အချစ်ညှောက်ကလေး ထွက်ပြုခွင့် ပေးလိုက်ရုံမျှနှင့် ခဏချင်းပင် စိုးရိမ်ကြောင့်ကြစရာတို့သည် နာနာဘဝများ ကံနိမ့်သူကို ဝင်ရောက်ကာ ပူးသည့် အလား အားတိုက် ဝင်ရောက်၍ လာကြလေ၏ ။

ကိုတင်မြင့်ဟာ စောစောက ငါတံခါးကို ဆောင့်ပိတ်လိုက်တာနဲ့ စိတ်ပျက်ပြီး မုန်းသွားလေရော့သလား ။ ငါ့စက္ခုအာရုံသောတအာရုံတွေ ဝေဝေဆာဆာတဲ့ နှင်းပေါက်အချမ်းထဲမှာ လမ်းသလားပြီး အပင်ပန်းခံကာ ဖြည့်စွက်ရှာပေသည် ။ မကြောက်မရွံ့ အရဲကို စွန့်ပြီး အလွန့်အလွန်ဒုက္ခ ဆိုးမျိုးကိုခံကာ ရောက်လာတဲ့ လူကို ငါနောက်ကျိကျိနှင့် ကြောက်မိသဖြင့် အခုတော့ သူ မုန်းလေပြီလား ။ တကယ်ပဲ မုန်းသွားပြီ ထင်ပါရဲ့ ။ ငါ မှားမိတဲ့ အပြစ်ကို ဘယ်နည်းနဲ့ ခွင့်လွှတ်အောင် တောင်းပန်ရပါ့မတုန်း ။ သူ လာပေးတဲ့ အစားကို ငါ စားမိချေပြီ ။ တစ်ဆုပ်စားဖူး သူ့ကျေးဇူး ၊ တစ်လုပ်စားဖူး သူ့ကျေးဇူးဆို တဲ့စကားလို သူ့ကောက်ညှင်းပေါင်းကို မြိန်ရေယှက်ရေ စားမိသဖြင့် ဒီကျေးဇူးကို ငါမဆပ်ဘဲ နေရင် လောကတွင် လူ့ဝတ္တရား မကျေပြွန်တဲ့ အစားထဲက ရောက်ရတော့မည် ။ သူ ဘာအလိုရှိတာပါလိမ့်လဲ ၊ အတိအလင်း ဘွင်းဘွင်းကြီး ထုတ်မပြောဘဲ အုံ့ပုန်းလို နေပြီး တယောနဲ့ တစ်မျိုး သီချင်းနဲ့ တစ်သွယ် ငါ့စိတ်ကို ချယ်လှယ်၍ နေရုံ နှင့် ငါဘာသိရမှာလဲ ၊ အို ဘယ်သူဘယ်လို တားတား ငါ ကိုတင်မြင့် ဆိုတဲ့ လူကို မြင်ချင်တယ် ။ တွေ့ချင်တယ် ၊ သူ ဆိုတဲ့ သီချင်းသံကို ကြားချင်တယ် ၊ သူ ထိုးတဲ့ တယောသံ ကြားချင်တယ် ၊ သူ့ကို အလိုလို ရွံ့ကြောက်ပြီး နေတယ် ၊ ချစ်တယ်ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့လေ ။ ငါကျောင်းနေတုန်းက တစ်ခုံထဲ ထိုင်ရတဲ့ စိန်စိန် ဟာ သူ့ရည်းစား အကြောင်းကို ခဏခဏ ပြောပြီး သူ့ရည်းစားဆီက စာကလေးတွေကို ဖတ်ရုံနဲ့ သူ့စိတ်ထဲမှာ အားကြီး ဝမ်းသာအားရ ရှုလို့ မဝဘဲ ရှိတယ်လို့ ပြောဘူးတယ် ။ အဲဒီတုန်းက သူတို့ ဘယ်လိုဖြစ်ပြီး ဘယ်လို ချစ်လာကြတယ် ဆိုတဲ့အကြောင်းကို ငါမေးခဲ့ရရင် ခုလောက်ကြာအောင် ငါဒုက္ခရောက်မည် မထင် ၊ ငါ့ကို ဒီအချစ်မျိုးနဲ့ ပတ်သက်ပြီး ကျောင်းကလည်း မသင် ၊ မေမေကလည်း မသင် သူတို့ ဘာပြုလို့ ဒါတစ်ခုကို မသင်ဘဲ ထိမ်ဝှက်၍ ထားကြပါလိမ့်မလဲ ။ ဩော် သိပြီ သိပြီ သိပြီ .. မေမေ့ကို ငါ ချစ်တာ ဘယ်သူ မသင်ခဲ့ရ ဖေဖေလည်း အတူတူ ၊ ကိုကို့လည်း အတူတူ ၊ ကြီးကြီးလည်း အတူတူ ၊ ငါ့အလိုလို ချစ်တတ်လာတာချည်းပဲ ၊ အခုလည်း ငါ့အလိုလို ချစ်တတ်လာမှာပဲ ထင်ပါရဲ့ ။ ကိုင်း အခု ငါ ကိုတင်မြင့်ကို ချစ်ပြီး ထားလိုက်တော့ ရှေ့ကို ဘာဖြစ်ဦးမှာလဲ ။ သည်လိုပဲ သူကလည်း အိမ်ကချစ် ငါကလည်း အိမ်ကချစ်ပြီး အနှစ်နှစ်တွေ ကုန်ရတော့မှာလား ။ ဖေဖေနဲ့ မေမေ ချစ်တာတော့ အိုရှုပ်ပါတယ် ။ ငါစိတ်ရူး စိတ်ကူးပေါက်တိုင်းသာ တွေးရရင် ငါသေတောင် တွေးလို့ ဆုံးမှာ မဟုတ်ပါဘူး ။ ဖြစ်ချင်ရာဖြစ် ငါလည်း မိန်းမပျို ၊ သင်တို့လို အားနဲ့အင်နဲ့ အစွမ်းနဲ့သတ္တိနဲ့ပဲ ” စသည်ဖြင့် မဆုံး မကုန်နိုင်သော စဉ်းစားတွေးတောခြင်းတို့ဖြင့် အချိန်ကုန်ကာ အိပ်ပျော်သွားလေသတည်း ။

••••• ••••• •••••

( ၃ )

အမာ .. အမာ အမာ ဟူသော နာမည်စာလုံးကြီးများသည်ကား တဖြည်းဖြည်း သေးရာမှ ကြီးပြီး အသီးသီး ပေါ်ပေါက်၍ လာသည်ဟု ထင်မြင် စွဲလမ်း၍ နေသူမှာ မောင်တင်မြင့် ဖြစ်လေ၏ ။

မျက်လုံးလုံးပြူးပြူး မျက်တောင်ကော့ကော့ မျက်ခုံးတန်းတန်း နှုတ်ခမ်းနီနီ အသားဖြူဖြူ ပါးပြင်မို့မို့ နှာတံချွန်ချွန် ကိုယ်ဟန်ကြော့ကြော့ တင်သားလုံးလုံး ပေါင်တံသွယ်သွယ် ခါးလယ်သေးသေး ရင်သားဖောင်း ဖောင်း အကောင်းတွေ စုပေါင်းနေသော အမာကို မြင်ရသည့်အချိန်တွင် မောင်တင်မြင့်မှာ မိမိ၏ မျက်တောင်ကို မခတ်ဘဲ စွဲစွဲမက်မက် ကြည့်လိုက်သည်မှာ ဤအကြိမ် အကြာဆုံး ၊ ဤအကြိမ် အပြူးဆုံး ၊ဤအကြိမ် အမက်ဆုံး ဖြစ်သည်ဟု အောက်မေ့မိလေ၏ ။ အမာကို မမြင်ရလျှင် ရင်ဝတွင် မီးကင်၍ ထားဘိအလား မခံချိမခံသာ ပူလောင်၍ လာပြီးလျှင် နေမထိထိုင်မသာ ရူးသွပ်သည့်ပမာ ဖြစ်ချင်ရာ ဖြစ်၍ နေလေ၏ ။ ကျောင်းကစာတွေကို သတိ မရဘဲ အံစရာ , ကျက်စရာ , တွက်စရာ , ချက်စရာ , စာအုပ်များမှာ စားပွဲပေါ်တွင် မြူမှုန်လိမ်းကြံ ဖုံတွေနှင့် သစ္စာနှံ၍နေလေ၏ ။ ချစ်တတ်, ခင်တတ် , ကြိုက်တတ် သော်လည်း မည်သည့်နည်းနှင့် မိမိအား ချစ်အောင် ကြိုက်အောင် , ခင်အောင် လုပ်ရမည်ကိုကား မသိဘဲ အစွဲအလမ်းကြီးကြီးနှင့် မျက်နှာကို မြင်ရလျှင်ပင် သက်သာခွင့်ရချေပြီဟု အလီလီ နှလုံးသားနှင့် အမာတို့ အိမ်ရှေ့တွင် ညကြီးသန်းခေါင် နှင်းတော မရှောင် တယောသီချင်းတို့နှင့် ရွှေနားတော် သွင်းရရှာသော်လည်း ထိုနေ့ညက မိမိကို ကြည့်ရင်း ပြတင်းပေါက်ကို ဂျောက်ခနဲနေအောင် ပိတ်သည်နှင့် မိမိအပေါ်တွင် မေတ္တာဝင် အပြစ် ရှာချင်ရော့သလားဟု စိတ်အားဝမ်းနည်းအခဲမကျေ ချစ်စိတ်နှင့် သေလုမတတ် တဖျတ်ဖျတ် လူး၍ နေလေ၏ ။

ရည်းစားစိတ်ဝင်စား အလွမ်းအားယှက် ဖိနှိပ်ခြင်း ခံရသော ကျောင်းသားတို့မှာ ထိုစိတ်ကို လက်ခံမိသည် အတွက် တသက်သက် စွဲလမ်းပြီး စာသင်စိတ်ပျောက်ခန်းစေတတ်ကြသည်ဖြစ်ရာ စာပေသင်ကြား၍ နေခိုက်တွင် ချစ်ကြိုက်စွဲလမ်းမှုများကို ရှောင်ရှားနိုင်သမျှ ရှောင်ရှားကြရန် သတိပေးလိုက်ရပေသတည်း ။

မိဘလုပ်သူများမှာ သား၏ ပြောင်းလဲခြင်းကို သိသည်နှင့် စာကြည့်ရန် ဝတ္တရားကို အများကြီး တိုက်တွန်းသည့်အခါတွင်ကား မောင်တင်မြင့်သည် စားပွဲကို ဖုန်သုတ် စာအုပ်ကို ဖုန်သုတ်ခါကာ ကျနစွာ ရုတ်တရက် ထိုင်လိုက်သော်လည်း ဘိုးတော်ဘုရား လက်ထက် ဦးအောင်၏ လက်ချက်ဖြင့် ဝကွက်တွေ ဖျက်မရဘဲ ၊ ထပ်တလဲ တိုးပွားပြီးလာသလို အမာ၏ မျက်နှာမှာ ဖျောက်ခွာ၍ မရဘဲ မျက်စိမြင်ရာ အတွင်သာ ပေါ်ပေါက်၍လာကား ပါးစပ် မှ အသံမထွက် လျှို့ဝှက်စွာနှင့် “ အမာ ... အမာ အမာ မင်းကို ငါချစ်နေပြီ မင်းမသိဘူးလား ၊ မင်း ကျုပ်ကို ချစ်ပါလားကွယ် ။ အမာ အမာ နာမည်နှင့် လိုက် အောင် မာမာကြီးနေတော့မှာလား ။ မာနတွေထားပြီး အမာ စားရယ်လို့ ခန့်ခန့်ထည်ထည်ကြီး နေတော့မှာလား ” စသဖြင့် ထင်မိထင်ရာ တွေးတောပြီး အလွတ် စာရွက်တစ်ခုကို ကောက်ကာ ကဗျာဝါသနာပါသည့် အလျောက် ... ။

မရွှင်ပျပါကလ ၊ မြင်စက ချစ်ရတာ ရတက်ပွားစေဖို့ မက်အားတော် ဆူဝေလို့ အမှုတွေ ကိုတင်မြင့်မှာ အေးသင့်တဲ့ခါ ၊ တိမ်းလျက်သာပ စိမ်းရက်ပေ့ မအမာ လှရှာလို့ ထန်သကော ၊ စာဂ,ပို မာနကိုဖယ်ခွာလို့ တွယ်တာသူ တစ်ဖက်သားကိုဖြင့် မျက်ထားချို အလိုမျှလို့ကွယ် ချစ်ဖို့ သဘော ။  ။

အထက်ပါကဗျာကို စိတ်ပါပါနှင့် ရေးပြီး အခေါက်ခေါက်အခါခါ နှုတ်တက်ရအောင် ကျက်၍ နေလေ၏ ။

သို့သော် ထိုသို့ စိတ်ကူးနေလို့ အမာ ငါ့ကို ချစ်မှာ မဟုတ် မေတ္တာစာ တစ်ပုဒ်လောက် ရေးပြီး ပေးလိုက်ရင် မချစ်ဘူး ချစ်တယ် ဆိုတာ လယ်လယ်ပယ်ပယ်ကြီး သိနိုင်ပေသည်ဟု စိတ်ပိုင်းဖြတ်ကာ အောက်ပါ စာကို တိုတိုတုတ်တုတ် တစ်မဟုတ်နှင့် ရေးလိုက်၏ ။

        မချစ်စဖူး ၊ အချစ်နှင့် ရူးပြီး အထူးစွဲလမ်း အသည်း ကျွမ်းမတတ် အချစ်ဓာတ်ရင့်သန်လျက် အင်မတန့် အင်မတန် ဒုက္ခကြီး ခံ၍နေရသူက အသနားခံကာ တောင်းပန်စာ ဆက်သွင်းလိုက်ရပါ တော့သည် ။ အကြောင်းမှာ ‘ ခင်ခင်မာ ’ ၏ မျက်နှာကလေးကို မြင်မိသည့် အချိန်က စ၍ ယနေ့တိုင် ယခုတိုင် မျက်စိအောက်က မပျောက်နိုင်ဘဲ ၊ အစွဲကြီး စွဲကာ စာမကျက်နိုင် မအိပ်နိုင်ဘဲ ၊ အသည်း ဆိုင်မှာ မီးဝင်၍ ဟတ်သလို မနေတတ် မထိုင်တတ် အချစ်ကပ်ကြီး ဆိုက်၍ နေပါပြီ ။ ဒီကပ်ဆိုးကြီးကို ‘ ခင်ခင်မာ ’  မှတစ်ပါး ကျော်လွန်နိုင်အောင် မည်သူမျှ ဆောင်ရွက်နိုင်မည့်သူလည်း မမြင်တော့ပါ ။ လမ်းလျှောက်ပြီး ခင်တို့ အိမ်ကြီးနားက နေ၍ တယောနှင့် ဖြေဖျော်တာများကိုလည်း လမ်းသလားပြီး ရမ်းကားတဲ့ သတ္တဝါကောင်ရယ်လို့ မှတ်ထင်တော်မူမှာကိုလည်း အများကြီး စိုးရိမ်မိပါတယ် ။ အခုလို တီးရဆိုရလျှင် “ ခင်မာမာ ” မျက်နှာတော် ကလေးကို မြင်ရဖို့ လမ်းရှိရဲ့လို့ စိတ်နှလုံးသက်သာအောင် ကြံစည်ရခြင်းဖြစ်ပါတယ် ။ အကျိုးအကြောင်း သောင်းပြောင်းထွေရာ ချစ်သမျှအရာကို ပမာတင်၍ ရေးလျှင်ဖြင့် ဆုံးကုန်နိုင်တော့မည် မဟုတ်ပါသောကြောင့် တွေးတွေးဆဆနဲ့ ဆွေးရတဲ့သူကို ဖေးမပြီးကူတော်မူလိမ့်မည်ဟု များများကြီးမျှော်လင့်ခြင်းဖြင့် ဤစာကို စွန့်စွန့်စားစား ဆက်လိုက်ရပါကြောင်း
                ချစ်တဲ့မောင်

အထက်ပါစာကို ကျကျနန ရေးပြီး အားရပါးရ ဖန်ဖန်ခါခါ ဖတ်၍ နေစဉ် မိမိ နောက်မှ ။

“ ဟဲ့ လူကလေး ကနေ့ စာကြည့်လှချည့်ကလား ၊ သန်းခေါင်ကျော်ပြီ အကြိုးစားလွန်တော့လည်း အညောင်း မိတတ်တယ်ကွဲ့” ဟု ဖခင်ဖြစ်သူ၏ အသံကို ကြားရသည်နှင့် ရုတ်တရက် စာရွက်ကို ခေါက်ပြီး မိမိ အကြောင်းကို မသိရှာဘဲ ချီးမွမ်းနေသည်ကို တွေးတောရင်း အိပ်ခန်းသို့ဝင် တွင်တွင်ကြီး စဉ်းစားကာ အိပ်ပျော်၍ သွားရှာလေ၏ ။

••••• ••••• •••••

( ၄ )

အမာသည် မောင်တင့်မြင့်ကို ချစ်မိပြီ ဖြစ်ရာ နောက်ဆုံးည မောင်တင်မြင့် လမ်းမပေါ်မှ တယောထိုး၍ သွားသည်နောက် မည်သည့် အကြောင်းကိုမျှ မသိရသဖြင့် မယ်ဒွေးအား မည်သည့်အကြောင်းနှင့် မောင်တင်မြင့် နေသော အိမ်အနီးကို လွှတ်ရမည်ကိုသာ စဉ်းစား၍ နေစဉ် နံနက်အေးအေး လက်ဖက်ရည်ပူနွေးနွေးကို သောက်ကြသည့်အခါရောက်လျှင်

“ မေမေရဲ့ အမာ အာပုံ စားချင်လိုက်တာ ၊ ပေါင်မုန့် ထောပတ်သုတ်ချည်း စားရတာ ရိုးနေပါပြီ ”

“ ဘယ်မှာရမလဲ သမီးရဲ့”

“ ဟို ဒေါင့်အိမ်ကြီးနားက ကု,လားကြီးရောင်းတဲ့ အာပုံလေ ”

“ မယ်ဒွေးကို ခိုင်းလိုက်ပါလား ၊ ရော့ပိုက်ဆံ ”

နောက်ဖေးခန်း

“ ဟဲ့ မယ်ဒွေး ကိုကိုတင်မြင့်တို့ အိမ်နားက အာပုံဆိုင်က အာပုံ တစ်ပဲဖိုး ဝယ်ခဲ့နော် ။ ပြီးတော့ ဟို ကိုတင်မြင့်ဆိုတဲ့ လူကို မြင်ရင် ခေါ်ပြီး မမ သီချင်းစာရွက် ပေးစမ်းပါတဲ့လို့ ဆိုပြီး တောင်းခဲ့နော် မေမေနဲ့ ဖေဖေ မသိစေနဲ့ ”

“ သည့်ပြင် ဘာပြောရဦးမလဲ မမရဲ့ ကျွန်မ ပြောခဲ့မယ်လေ ”

“ ညည်းပြောစရာ မလိုပါဘူး ၊ ငါ အတောင်းခိုင်းတာသာတောင်း သူ ဘာပြောသလဲ ငါ့ ပြန်ပြော ”

“ ဟုတ်ကဲ့ ” ဟုပြောကာ သခင်မ အပေါ်တွင် မျက်နှာရလိုသည့် ဇောနှင့် ကသောကမြော မမောမပန်း အပျိုဖြန်း မယ်ဒွေး သည်ကား နှင်းတွေ အကြားမှ သွက်သွက်ကြီး သွားလေလျှင် အာပုံဆိုင် ရောက်သည်နှင့် အာပုံ တပဲဘိုး မှာပြီး အိမ်ကြီးဘက်ကို မျှော်ကာ မောင်တင်မြင့် ကို မြင်ရနိုးနှင့် ကြည့်လေ၏ ။

မောင်တင်မြင့် သည်ကား မယ်ဒွေးကို မြင်ရလျှင် ရွှင်ပျဝမ်းသာသည့် မျက်နှာထားနှင့် မိမိ စာကို ပေးရန် အခွင့်ကြုံပြီဟု ကြံကာ ထွက်လာခဲ့ပြီးနောက် မယ်ဒွေး အား တောင်းတောင်းပန်ပန် စာကို ယူသွားရန် ပြောမည်ဟု ပါးစပ်ကို ဟလျှင်ပင် မယ်ဒွေးမှာ သွက်လက်ချက်ချာ သည့်အလျောက်

“ ကိုကို ကိုကို မမက သီချင်းစာ တောင်းခဲ့လို့ မှာလိုက်တယ် ။ ကိုကို ပေးမလား ” ဟူသော စကားကို ကြားရလျှင် “ ရေငတ်သူကို ရေတွင်းထဲချသည့် အလား ” ပြုံးအားရွှင်အား နှလုံးသားပီတိ ခိုက်ကာ ဝမ်းသာခြင်းကြီးမက ဝမ်းသာ၍ ပစ်လိုက်ပြီးနောက် စာရွက်ကလေးကို ထုတ်ကာ လှမ်းပေးပြီး

“ ရော့ ဟောဒီမှာ သီချင်းစာရွက် ပြီးတော့ ကိုကိုက သူ့ကို ချစ်ရင် ကနေ့ည ၁ဝ နာရီအချိန်မှာ ချမ်းခိုက်ခိုက်တုန် သီချင်း ဆိုပြီး တယောထိုး လာတဲ့အခါ အိမ်ပေါ် က ဆင်းလာပါ ၊ ပြောစရာ စကားတွေ အများကြီး ရှိလို့တဲ့ မလာရင်တော့ မချစ်လို့ဘဲလို့ အောက်မေ့ပြီး သ,တ်သေတော့မယ်တဲ့လို့ ပြောလိုက်နော် ”

“ ပြောလိုက်မယ် ကိုကို ဒီပြင် ဘာမှာဦးမှလဲ ”

“ ဒါပဲဆက်ဆက် ပြောလိုက်နော် ”

ယင်းသို့ မယ်ဒွေးလည်း အိမ်သို့ မြန်မြန်ထက်ထက် သွက်သွက်ကြီး ပြန်သွားလျှင် လှေကားထစ်မှ စိတ်ဇောကြီးစွာနှင့် စောင့်မျှော်၍ နေရှာသော အမာနှင့် ရင်ဆိုင်သွား၍ တွေ့လေ၏ ။

“ မယ်ဒွေး တွေ့ ခဲ့ရဲ့လား ”

“ တွေ့ခဲ့တယ် သီချင်းစာရွက်လည်း ပေးလိုက်တယ် ”

“ ဘယ်မှာလဲဟဲ့ ထုတ်စမ်းပါ ”

“ ချွေးခံအိတ်ထဲမှာ ရှိပါတယ် မမရဲ့ ” ဟု ပြောပြောဆိုဆိုနှင့် ပျာပျာသလဲ ထုတ်ကာ ပေးလိုက်ပြီး “ ပြီးတော့ ကိုတင်မြင့်က သူ့ကို ချစ်ရင် ကနေ့ည ၁ဝ နာရီ တယောသံ ကြားရင် ဆင်းလာခဲ့ပါတဲ့ ။ မလာရင်တော့ မချစ်လို့ဘဲလို့ အောက်မေ့ပြီး သ,တ်သေတော့ မှာတဲ့ ” ဟု ပြောဆိုနေကြရင်းပင် အိမ်ပေါ်ထပ်မှ ခေါ်လိုက်သည့် အသံကို ကြား၍ ကြောက်အားလန့်အားနှင့် အပြေး တက်၍ သွားကြလေ၏ ။

▬ မောင်တင်မြင့်

မောင်တင်မြင့်မှာ အချစ်စိတ် အချစ်ဓာတ်တို့ ရစ်ပတ် ဆော်နိုးသဖြင့် ရဲမာန်ကို ကိုးပြီး မိမိ၏ စာကို ပေးလိုက်ရသည့် အချိန်မှ စ၍ ရပ်တည်မငြိမ် အိမ်ထဲ အိမ်ပြင် ဝင်ချည်ထွက်ချည်နှင့် အလီလီ စိတ်များလျက် “ ငါ့စာကလေးကို အမာတွေ့ ရလျှင် ဘယ်လိုများ အောက်မေ့လိမ့်မယ်လဲ ၊ စိတ်တိုင်းမှ ကျပါ့မလား ။ ငါ့စာ ကလေးကိုဖတ်ပြီး စိတ်ဆိုးဆိုးနဲ့ လူကြီးမိဘတွေကို တိုင်ကြားလို့ အရှက်ကွဲဖို့များ ဖြစ်နေမလား ၊ အေးလေ ဒါလောက်လဲ မုန်းမယ် မဟုတ်ပါဘူး ။ သူက သီချင်း တောင်းတာလည်း မျောက်ပြဆန်တောင်းတာလို သီချင်းကို ရမယ်ရှာပြီး ငါ့ဆီက စာကို တောင်းတာနဲ့ တူတယ် ။ အို ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ည သူ အိမ်အောက်က စောင့်လို့ ဆင်းလာရင်း သူချစ်တာပဲ ၊ မလာရင် မချစ်လို့ပဲလို့ မှတ်ရမှာဘဲ ၊ တကယ်လို့ လာရင် သူ့လက်ကလေးကို ဆွဲ ။ ပါးကလေးနမ်း ကိုယ်လုံးကလေးကို မွေ့ ရမ်းလို့များ သင်း လန့်ပြီး အော်လိုက်ရင် ငါ အပြေးရ မှားတော့မည် ၊ အမှုဖြစ်ရင် မယ်ဒွေး သက်သေခံလိမ့်မယ် ” စသည် ဖြင့် တွေးတော့ စဉ်းစားချက်တို့သည်ကား ပင်လယ်တွင် လှိုင်းပွက်၍ မဆုံးသကဲ့သို့ တစ်လုံးပြီး တစ်လုံးပေါ် ပေါက်၍ လာကြလေသတည်း ။

▬ အမာ

အမာသည် မောင်တင်မြင့် ထံမှ စာကလေးကို ဖတ်ရှုပြီးသည်နှင့် တစ်ပြိုင်နက် အချစ်ဓာတ်တို့သည် ငလျင်ကြီးစွာလှုပ်လိုက်သည့်အလား ဝမ်းထဲစိတ်ထဲတွင် ကြက်သီးကျောချမ်း ရမ်းရမ်းခါခါ တုန်လှုပ်ဆူ ပွက်၍ လာလေ၏ ။ ဤမျှလောက် အောက်မျှခံကာ တောင်းပန် တိုးလျှိုးရှာသောသူ တစ်ယောက်အား မောက်မောက်မာမာ နားမခံသာအောင် ပြောလိုက်မည်မှာ မိမိမှာ မိန်းမသား ဖြစ်၍ မရက်စက်နိုင်ဘဲ ၊ သနားခြင်း ပိုကဲမောက်ကာ အချစ်သွေးများ လှုပ်ရှားလူးလာ အထက်အောက် စုံဆန်၍ နေကြသည်ဟု မှတ်ထင်ရလေ၏ ။

စိတ်ချင်း ချစ်၍ နေခြင်းသည် လူချင်း ချစ်ဖို့ဖြစ်၏ ။ လူချင်း ချစ်ခြင်းသည်ကား မခွဲနိုင်မခွာနိုင် နေထိုင်ကြဖို့ အကြောင်းကို ပေါ်ပေါက်ဖို့ရှိလေရာ ‘ အမာ ’ အပျိုဖြန်းကလေးမှာ စိတ်ချင်း ချစ်သည်ကို ခံယူရရှိလိုက်သော်လည်း မယ်ဒွေးအား မှာလိုက်သော စကားအရ ယခုည လူချင်း တွေ့ရဖို့ကိုကား အခွင့်ပြုသင့် မပြုသင့်ကို ဆုံးဖြတ်ရန်မှာ ပထမမူလ အချစ်ကို လက်ခံဖို့ ဆုံးဖြတ်ခြင်းထက် ကြီးလေးသော တာဝန်ကြီး ဖြစ်ကြောင်းကို တွေ့၍ နေလေသတည်း ။

ယင်းသို့ ညချမ်းအခါ လူခြေတိတ်မှာ ထိတ်စရာ ကောင်းသောသမယ၌ တွေ့ဆုံလိုကြောင်းနှင့် ပြောခြင်းမှာ မည်သို့သော ကိစ္စ မည်သို့သော ဣဋ္ဌကို အလိုရှိ၍နည်း ။ သူ ဘာစကား ပြောချင်တာတဲ့လဲ ။ ချစ်တယ် ဆိုရင် ပြီးရော မဟုတ်လား ၊ ငါ မသွားဘဲ နေလျှင် မချစ်လို့ မလာတာဘဲလို့ အယူရှိပြီး ကိုယ့်ကိုယ်ကို သ,တ်သေမည် ဆိုတာ တကယ်ပဲလား ။ ဒီလို အချစ်မျိုးအတွက် အသက် အသေခံကြတဲ့ ယောက်ျား မိန်းမတွေ အကြောင်းကို သတင်းစာတွေ ထဲမှာ မြင်ရပုံ ထောက်လျှင် ကိုတင်မြင့် လည်း သေချင်သေမယ့်လူပဲ ၊ သူသေရင် ငါ့ပယောဂ ကင်းတော့မည် မဟုတ် ၊ အို ဘာပဲဖြစ်ဖြစ် ဇွတ်နှစ်ပြီး လူတစ်ဦးတစ်ယောက်ကို ကယ်ဆယ်ရာ ရောက်အောင် တွေ့မယ် တွေ့မယ် ။ ကိုတင်မြင့် ငါ့ကို အစိမ်းလား ဝါးစားမယ့် သရဲကြီး မဟုတ် ဘီလူးကြီး မဟုတ် ကျက်သရေရှိရှိ မိကောင်းဖခင်သားသမီး ပညာတတ် ယောကျ်ား ဖြစ်၍ ငါ့ကို ထောက်ထောက်ညှာညှာ ကရုဏာများများနဲ့ ပြုရှာမည်မှာ မမှားနိုင် စသည်ဖြင့် အချစ်ပိဿာလေးကြီးသည်ကား အခွင့်ပြုသင့်သည့် ချိန်ခွင်ခွက်တွင် လေးလံဖိစီးလျက် တစ်ဖက်သော ချိန်ခွင်ခွက်ကို ပက်လက်မှောက်ခုံ ကောင်းကင်ဘုံသို့ မြှင့်လိုက် လေရာ သွားမယ် တွေ့မယ် ဟူသော ပိုင်းဖြတ်ချက် ချိန်ခွင် လျှာသည်ကား ထင်ထင်ရှားရှားကြီး ထွက်ပြူ၍ လာလေသတည်း ။

••••• ••••• ••••• 

( ၅ )

တစ်နေ့လုံးလုံး နေရောင် မမြင်ရဘဲ ကောင်းကင် ပြင်တွင် ပြာမှောင်သည့် တိမ်ခဲတိမ်စိုင်တို့သည်ကား တခုနှင့် တခု ထပ်ဆင့် တွန်းလှန်ကာ ဝေယံ စစ်တလင်းတွင် တိမ်တပ်ခြင်း စစ်ခင်း၍ နေပြီးနောက် အံ့လောက်ဖွယ်ရာ ဆောင်းဟေမန် ဤခါတွင် နှင်းမိုးပေါက် တဖြောက် ဖြောက် ရွာသွန်း၍ လာလေရာ ခြောက်သွေ့သော ဝသုန် မြေမှာ ဖုန်တွေသိပ်သည်း မိုးရေနှင့် စိုရွဲလျက် ငိုပွဲကြီး ခံ၍ နေသည်ဟု မှတ်ထင်ရလေ၏ ။ ညချမ်းဆည်းဆာ ဝေမှောင်၍ လာသည့် အခါတွင်ကား မြောက်လေကလေး ကလည်း တအေးအေးသွေး ၍နေရာ ချမ်းအေးသော ဓာတ်အရှိန်နှင့် မတည်မငြိမ် ဣန္ဒြေမဲ့စွာ တိုက်ခတ်၍ လာသော ‘ လေပြည်လေအေး ’  မှာ လူတို့၏ ကိုယ်တွင်းသို့ ချင်းနင်းဝင်ရောက် အသည်းဘဝင်ကိုပင် ဖောက်ထွင်း၍လုခမန်း အချမ်းအစိမ့်တို့ကို ကျွမ်းလှိမ့်ကာ ဆော်သွင်း၍ နေလေသတည်း ။

ထိုအချိန်တွင် ထူထဲသော စောင်ကိုခြုံကာ မိမိ၏ အခန်းတွင်း၌ ပျာလောင်ခတ်၍ နေသော အမာ သည်ကား တစ်ခါတစ်ခါ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက် ၊ တစ်ခါ တစ်ခါ တိုင်ကပ်နာရီကို ကြည့်လိုက် ၊ တစ်ခါတစ်ခါ လက်ညှိုးကို ပါးစပ်တွင် လျှိုပြီး လက်သည်းကလေးကို ကိုက်ကာ ၊ လေးလေးလံလံ တွေးတောလိုက်သည်တွင် မိုမောက်ပြည့်ဖြိုး အဆီအသားတွေ တိုး၍ နေသော ရင်သားမှာ နိမ့်ချည်မြင့်ချည်နှင့် ရပ်တည် မငြိမ် ၊ အရှိန်မပြေ ဗြောင်းဆန်၍ နေလေ၏ ။ ထိုအတွင်းတွင် အိမ်ရှေ့ လမ်းမပေါ်မှ ဆိတ်ငြိမ်အေးချမ်းသော အခါသမယ ဖြစ်သည့် အားလျော်စွာ ပေါ်လွင်ပြတ်သား ဒရန်တျာတြေတြေ ၊ ပုလဲသံ နှောလိုက်သော တယောချွဲသံနှင့်တကွ ချမ်းခိုက်ခိုက်တုန် သီချင်း တီးလုံးသံသည် သောတအာရုံ မပြတ်စေဘဲ ဆွဲဆွဲငင်ငင် ယဉ်ယဉ်ကြီးဝင် နှောင့်ယှက်၍ လာသည်နှင့် တစ်ပြိုင်နက် အမာ၏ ကြည်လင်သော မျက်နှာကလေးမှာ ပြူးတူးပြဲတဲ ကြက်သီးမွေးညှင်း ထကာ ထိတ်လန့်ခြင်း လွန်ကဲလျက် မတွေ့ဖူးမကြုံဖူးသော နိမိတ်ထူးနိမိတ်ဆန်းတို့သည် ဖြန်းကနဲ ဖြန်းကနဲ ပေါ်ပေါက်၍ လာလေ၏ ။

ယင်းသို့ဖြင့် တုန်လှုပ်သော ကိုယ်လုံးကလေးကို မနည်းအားတင်းကာ ထိန်းသိမ်းလျက် သင့်မသင့် လျော်မလျော်ကို ချင့်မျှော် စဉ်းစားရင်း မျက်နှာကလေးမှာ “ နေထိသည့်ကြာပဒုံ ” ကဲ့သို့ အာရုံညှိုးနွမ်း၍ လာလေ၏ ။ သို့သော် မောင်တင်မြင့်၏ သာယာစူးရှကြည်လင်လှသော တယောသံသည်ကား အမာ၏ စိတ်နှလုံးကို ဆွဲယူခေါ်ငင်၍ နေသည့်အလား မနားမနေ လှုံ့ဆော်၍ လာလေရာ နောက်ဆုံး၌ အမာကလေးမှာ မျက်ရည်ကလေးလယ်လယ် စိတ်အားငယ်ငယ်နှင့်ပင် အိမ်ပေါ်မှ ဆင်းသက်၍ လာခဲ့ရရှာလေ၏ ။

သီချင်းဆုံးသည်နှင့် တစ်ပြိုင်နက် တယောကို ကိုင်ပြီး ခြံဝင်းဘက်သို့ မျက်လုံးပြူးပြူးနှင့် အထူးစူးစိုက်၍ အမာကို ရှာဖွေဆဲတွင် ‘ အမာ ’ ဆင်းလာသည်ကို မြင်လိုက်ရကား ရုတ်တရက် အံ့အားသင့်ကာ ကိုယ်ရှိန်ကို သ,တ်ပြီး မားမားကြီး ရပ်၍ ကြည့်နေမိလေ၏ ။

မောင်တင်မြင့်သည် အမာကို အမြင်နှင့် ချစ်ခဲ့သည် မှန်သော်လည်း ရုတ်တရက်ချက်ချင်း ပက်ပင်းဆုံကာ ကြုံလာရမည့် အတွင်ကား ကြောက်အားရွံ့အား ထိတ်လန့်အားများသည် ဘွားခနဲ ခုန်ပေါက်ကာ ကိုယ်တွင်းသို့ ရောက်လာကြလေ၏ ။ သို့ပင်ဖြစ်လင့်ကစား ကြောက်အားနှင့် ရှောင်ရှား၍ မသွားနိုင်ဘဲ ၊ တုန်တုန်ရီရီ ဝင်လာ ခဲ့ရာ ခေါင်းမြီးချုံကာ တတုန်တုန် တခါခါနှင့် ကျားဆိုး နှင့် တွေ့ရသည့် ယုန်သူငယ်ပမာ ထိတ်လန့်၍ နေရှာသော အမာ အနီးသို့ ချဉ်းကပ်နေလေ၏ ။

မောင်တင်မြင့်သည် လည်းကောင်း အသည်းမာ တစ်ယောက်ကို တစ်ယောက် တွေတွေကြီး ကြည့်ရင်း စကားမပြော တုံဏှိဘောနှင့် ကျွဲနှစ်ကောင် စောင်သည့် ပမာ မည်သူက စ၍ မည်သူက ထရမည်ကိုသာ လျင်မြန် သော တွေးတောခြင်းဖြင့် ငေးမောငြိမ်သက်အချက်ကို ရှာကြသည်မှ ၃ မိနစ် နှင့် စက္ကန့် ၄ဝ မျှ ကြာရှိ၍ သွားလေ၏ ။ အမာသည် ထိုအတွင်းတွင် အိမ်ပေါ်သို့ မော်ကြည့်ကာ လူကြီးများ နိုးကြမည်ကို စိုးရိမ်ပူပန် နောက်ဆံ တငင်ငင် ဖြစ်၍ နေလေ၏ ။

မောင်တင်မြင့်သည်ကား အမာ၏ မျက်လုံးမျက်နှာ ကိုယ်လုံး ရင်လုံး တင်လုံး လက္ခဏာတို့ကို တမက်မက် တမောမောနှင့် အားပါးတရ မျက်လုံးပေါက်ထွက် မတတ် အချစ်ဓာတ်နိုင်နိုင်နှင့် ပိုင်ပိုင်ကြီး ကြည့်ရင်း သက်ပြင်း ရှူရိုက်ကာ သက်မကြီးချပြီး အံကြိတ်ကာ တအားခဲလိုက်သည်ကို မြင်ရသော အမာမှာ မျက်လုံးကလေး ပြာပြာ မျက်တောင်ကလေး တခါခါနှင့် ကိုယ်လုံးကလေးကို တွန့်ကာတွန့်ကာ ရွံရှာသည့် သဏ္ဌာန်ကို ရုပ်ဟန်နှင့် ဖော်ပြ၍ နေလေ၏ ။

ငါ လာတာ မှားပြီ ကိုတင်မြင့် ဟာ ငါ့ကို ဘယ်လို မျက်လုံးနဲ့ ကြည့်မှန်း မသိဘူး ။ သူ ဘာလုပ်မှာလဲ ၊ မေမေ နိုးလို့သိရင် ငါ အရိုက်ခံရတော့မယ် ။ ပြောစရာရှိရင် တစ်ခါတည်း ပြောရော့ပေါ့ ၊ ဘာပြုလို့ ငါ့ကို ဒီချမ်းအေးတဲ့ အထဲမှာ ဒုက္ခရှာချင်ရတာတုန်း ။ ဒီရင်ထဲကလည်း တဒိတ်ဒိတ်နဲ့ ဘယ်လို ထိတ်စရာများ တွေ့ရဦးမလဲ စသည်ဖြင့် တွေးတောရွံ့ကြောက်ကာ အင်္ကျီ ကျယ်သီးကလေးကို ပါးစပ်တွင် ငုံရင်း မျက်ရည်ပေါက်များသည် ဖြူဝင်းသော ပါးပြင်ဆီသို့ လိမ့်ဆင်း၍ လာလေ၏ ။

ထိုအတွင်းတွင် အိမ်ပေါ်ထပ်မှ အမာ၏ မိခင်သည် အမှတ်မဲ့ အမာ၏ အခန်းသို့ ဝင်၍ ကြည့်လိုက်ရာ ခုတင်ပေါ်တွင် မမြင်သည်နှင့် ရုတ်တရက် ထိတ်လန့်ကာ မီးခွက်တစ်ခွက်နှင့် ဟိုဟိုသည်သည် ရှာဖွေရင်း

“ ဟဲ့ မယ်ဒွေး ထစမ်း အမာ ဘယ်သွားသလဲ ၊ ကိုဘကျော် အမာ တစ်ယောက် သူ့အခန်းမှာ မရှိတော့ပါ ကလား ” စသည်ဖြင့် ဆူညံစိုးရိမ်အားကြီးနှင့် မေးမြန်းသည့် အသံကို ကြားရသည်နှင့်တစ်ပြိုင်နက် အမာ၏ အသည်းနှလုံးမှာ မီးဝင်၍ ဖုံးလိုက်သည့်ပမာ အသက်ရှူ စရာ အခွင့်မရဘဲ မျက်နှာကလေး တမဲ့မဲ့နှင့် မငြိမ်မသက် ဖြစ်နေစဉ် အိမ်ပေါ် မှ အမာ ... အမာ အမာ တစ်ခွန်း ထက် တစ်ခွန်း ကျယ်လောင်စွာ ခေါ်လိုက်သော အသံကို ကြားရသော အခါတွင် မကြောက်စဘူး အကြောက်ထူး တုန်ပြီး ရူးသွပ်ခမန်း ကြက်သီးတွေ တဖြန်းဖြန်းနှင့် ကိုယ်လုံးရမ်းကာ နေရာမှ မောင်တင်မြင့် အနီးသို့ ချဉ်းကပ်၍ သွားလေလျှင် မောင်တင်မြင့် မှာလည်း အိမ်ပေါ်မှ လူကြီး နိုးကြောင်းကို သိ၍ မချိအောင် ဝမ်းနည်း ကြောက်စိတ်တွေနွှဲ၍ အသည်းတဆတ်ဆတ် တုန်နေရာမှ

“ ကျုပ်တော့ ပြန်တော့မယ် ” ဟု အားမရှိသည့် လူမမာ မေးခိုင်ရာက ပြောသည့် လေသံမျိုးနှင့် ပြောလိုက်လျှင် အမာမှာ စိတ်အားလျော့ခြင်းကြီး မက လျော့လျော့ကာ ထိတ်လန့်ခြင်း ပြင်းပြစွာနှင့် အသံမထွက်အောင် ကျိတ်၍ ငိုပြီး

“ အမာကို ရိုက်တော့မယ် ၊ အမာ မပြန်ဝံ့တော့ဘူး ကိုတင်မြင့် အစက ဘာပြုလို့ မှာသလဲ အမာ ဒုက္ခ ရောက်အောင် လုပ်တာပဲ ။ ဟောဟိုမှာ မေမေတို့ ဆင်းလာပြီ ” ဟု ပြောရင်း ကြောက်အားလန့်အားနှင့် သစ်ပင်တွေ အကြားမှ ထွက်ခွာ၍ ပြေးလာရာ မောင်တင်မြင့် ခမျာမှာ မျက်လုံးကလေး တကြောင်ကြောင်နှင့် ကြက်သေသေကာ ငေး၍ နေရာမှ အမာ နောက်သို့ လိုက်ရပြန်လေ၏ ။

ခြံဝင်း အပြင်ဘက်တွင် မည်သည်ကို သွားရလာရမှန်း မသိဘဲ ရှေ့တိုး နောက်ဆုတ်နှင့် သနားဖွယ်ရာ ဖြစ်ကြုံ၍ နေသော အမာမှာ “ ရှေ့ဖြစ်ရေး နောက်ဖြစ်ရေး ” တွေကို သတိမရ မစဉ်းစားနိုင်ဘဲ မိဘကြိမ်းမောင်းခံ ထိမည်ကို လည်းကောင်း ၊ ရိုက်နှက်ခံမည်ကိုလည်းကောင်း ၊ တွေးမိသလောက် အကြောက်ကြီး ကြောက်ကာ စိတ်ထဲတွင်လည်း အနောက်ကြီး နောက်ပြီး မျက်ရည်ပေါက်တို့သည်လည်း တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်း၍ လာရှာလေ၏ ။

“ အမာရဲ့ ပြန်ဝင်ပါ ။ မရိုက်အောင် ကြံဖန်ပြီး ပြောလိုက်တာပေါ့ ”

“ မဝင်ဘူး အမာကို ရိုက်တော့ ဖေဖေက အားကြီး ရိုက်တတ်တယ် ။ ကိုတင်မြင့် မသိဘူး ” ဟု ပြောလိုက်သည့် စကားများမှာ ကလေးစိတ် မကုန်သေးသည်ကို ထင်ထင်ရှားရှားကြီး ဖော်ပြကြလေ၏ ။

အမာသည် ၁၃ နှစ်ပြည့်စ အပျိုရေဝင်စ ကလေးစိတ် လုံးဝမကုန်သေးသော အရွယ်ဖြစ်၍ မောင်တင်မြင့်မှာ အသက် ၁၇ နှစ်မျှ ရှိသေး၍ လူကြီးမမယ် အလယ်အလတ် စိတ်ဓာတ်နုနယ်သေးသည့်အရွယ် ဖြစ်ရာ အပျိုကလေးနှင့် လူပျိုကလေး ဖြစ်၍ အာရုံကို ခုံမင်ရာက စွဲလမ်း၍ အချစ်ပန်း ပွင့်ခဲ့ကြခြင်းပင် ဖြစ်ခဲ့လေ၏ ။ ဤ အရွယ်သည် ကာမတဏှာနှင့် ရောပြွမ်းလာသော မေတ္တာအချစ်ကိုပင် မနိုင့်တနိုင်နှင့် လက်ခံကြရရှာသည် ဖြစ်ရာ ပေါင်းသင်းဆက်ဆံမှုတည်းဟူသော အိမ်ထောင် ပြုရန် ကိစ္စကြီးကိုကား အစပင် မတွေးမိ မဆင်ခြင်မိခဲ့ကြပေ ၊ ချစ်ခြင်းသည် မည်မျှ ခရီးရောက် နိုင်သည်ကို မတွေးမိဘဲ အချစ်၏ အပေါ်ယံ အဆင်းရနံ့ သင်းပျံ့ခြင်း ကိုသာ ခုံမင်မက်မောခဲ့ရာ ယခုအခါမှာ မောင်တင်မြင့် နှင့် အမာမှာ အချစ်၏ ခရီးဆုံးသို့ စုံးစုံးမြှုပ်ရောက်ကုန်ပြီး၍ လာကြလေ၏ ။

ခဏ၌ အမာ၏ အိမ်သားများသည် မီးတိုင်မီးခွက်များကို အသီးသီးကိုင်ကာ ခြံဝင်းအတွင်း မွှေနှောက်ကာ ရှာပြီး ခြံပြင်ဘက်သို့ထွက်လာ၍ နေကြရာ အမာမှာ ရန်သူလိုက်၍ ပြေးရသည့် ဒုက္ခသယ်ကလေးကဲ့သို့ “ ကိုတင်မြင့်ရဲ့ အမာကို ထားမပစ်ခဲ့ပါနဲ့ ၊ အမာ ကြောက်လှချေရဲ့ ” ဟု တတွတ်တွတ် ပြောရင်း မောင်တင်မြင့်၏ အင်္ကျီစကို ဆွဲ၍ လိုက်လေရာ မောင်တင်မြင့် မှာ မည်သို့မျှ မပြောနိုင်ဘဲ စိတ်လေးလေးလံလံနှင့်ပင် သွက်သွက်ကြီး ပြေးရရှာလေ၏ ။

ယင်းသို့ ကြောက်အားလန့်အားနှင့်ပင် မောင်တင်မြင့် အိမ်အောက်ထပ်သို့ ဝင်မိကြလေရာ အမာမှာ “ လှောင်အိမ်တွင် မိသည့် ဆက်ရက်ပမာ ” ပျာကလာ ပြူးကတူး အရူးလို ဖြစ်ကာ မောင်တင့်မြင့်ကို အနီးမှမခွာ စေဘဲ အားကိုးကြီး ပြု၍ နေလေ၏ ။ မောင်တင်မြင့် သည်လည်း အမာကို အနီးမှ ကပ်၍ ထိုင်ကာ မည်သည့် စကားကိုမျှ မပြောနိုင်ဘဲ မျက်ရည်တွေ ရစ်ဝဲပြီး မိဘများ ဆူပွက်မည်ကို လည်းကောင်း ၊ အမာ မိဘများက မည်သို့ ထင်ကြမည်ကို လည်းကောင်း တွေးတောကာ ထိတ်လန့်၍ လာလေ၏ ။ မိမိမှာ အမာကို ကြည့်လိုက်လျှင် ငါသည် တကယ့် အိမ်ထောင်သည်ကြီး တစ်ယောက် ဖြစ်မှန်းမသိ ဝန်ထုပ်ဝန်ပိုးကြီး ဖိစီးခြင်းကို ခံနေပါကလားဟု အံ့အားသင့်ကာ တွေးတော၍ နေမိလေ၏ ။

“ ကိုတင်မြင့်ရဲ့ အမာကို ထားပြီး ထွက်မသွားပါနဲ့ နော် ၊ အမာ စိတ်ထဲမှာ သရဲဝင်နေသလို တစ်ကိုယ်လုံး ဖိုနေပြီ ၊ ကိုတင်မြင့် လဲမှားတာပဲ ၊ အမာလည်း မှားတာပဲ ၊ အမာ့ ကို တွေ့ရင် မေမေရော ဖေဖေရော ရိုက်ကြတော့မယ် ” ဟု ပြောရင်းပြောရင်း ဝမ်းနည်းပူပင် ရှိုက်ကြီးတငင် ငိုကြွေး၍ နေရာ မောင်တင်မြင့်မှာ အခြား အကြောင်းတွေကို မတွေးနိုင်ရှာဘဲ

“ မငိုပါနဲ့ အမာရဲ့ မရိုက်ပါဘူး ၊ ခုမှတော့ ဘယ့်နှယ် လုပ်မလဲ ကျုပ်လဲ အမာကို ခိုးဖို့ စိတ်မကူးမိပါဘူး ။ ဒါလောက် မြန်မယ်ဆိုရင် အမာကို ကျုပ် မမှာပါဘူး ။ အခုတော့ မရွယ်ဘဲနဲ့ စော်ကဲ မင်းဖြစ် ဆိုတာလို လွန်ကုန်ပါပြီ ။ အိုဘာပဲဖြစ်ဖြစ် အမာကို ကျုပ် ပစ်မထားဘူး ” ဟု ပြောကာ ရင်ခွင်ထဲတွင် အမာကို ပွေ့ဖက်၍ ထားလိုက် လေ၏ ။ မောင်တင့်မြင့်၏ ရင်ခွင် လက်မောင်း အကြားတွင် အမာ၏ အသားများသည် တဆတ်ဆတ်တခါခါ လှုပ်၍ နေလေ၏ ။

“ ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ် လှည်းထုတ် ” ဟူသော စကားပမာလို များစွာမှ အခက်ကြုံ၍ နေသော အမာနှင့် မောင်တင်မြင့်မှာ နောက်ဆုံး၌ စိတ်မပါသော်လည်း ဖြစ်ကြုံကြရသည့်အကြောင်းအရာတို့သည်ကား နုနယ်သော သမီးရည်းစား၏ ဘဝမှ ရင့်ရော်သော လင်မယားဘဝသို့ တစ်ဟုန်တည်း မြှောက်ပင့်၍ ပေးလိုက်လေရာ

“ သန်းခေါင်ကျော်၍ လာလျှင်ပင် ”

အိမ်အောက်ထပ် ကွပ်ပျစ်ပေါ်တွင် အမာသည် ပထမဦးစွာ မောပန်းအားကြီးနှင့် အိပ်ပျော်၍သွားရှာလေ၏ ။ မောင်တင်မြင့် သည်ကား သနားဖွယ် ကောင်းလှသော အမာ၏ မျက်နှာကလေးကို မှုံစီမှုံမွှား မီးရောင်အောက်တွင် တစိမ့်စိမ့် ကြည့်ကာ ကရုဏာတရားများသည် အချစ်ဓာတ်နှင့် ရောစွက်လျက် ဘွားခနဲ ဘွင်းခနဲ ပေါ်ပေါက်၍ လာပြီးလျှင် မိမိ၏ လူပျိုဘဝကို နှမြောခြင်းကြီး နှမြောသည့်အလား မျက်ရည်များ လည်၍ လာလေ၏ ။

ထို့နောက်မှ မျက်စိညောင်း၍ လာသည်နှင့် ရပ်တည်ရာ မရဘဲ အမာ အနီးမှပင် တစောင်းခွေကာ လှဲ၍ အိပ်လိုက်ရလေ၏ ။ ဤသို့ ငြိမ်သက်သောအခါ တွင်ကား အချမ်းဓာတ်တို့သည် အခွင့်လမ်းပန်း သာသည့် အခိုက် ၊ တိုက်ရိုက်ဝင်စွက် နှောင့်ယှက်၍ လာပြန် သည့်အခါ ခိုက်ခိုက်တုန်အောင် ချမ်းလှသော ဆောင်းတွင်းနတ်၏ သွေးဆောင်ခြင်းဖြင့် ခပ်ကွင်းကွင်း အိပ်ပျော်ကြသော အမာနှင့် မောင်တင့်မြင့်မှာ တဖြည်းဖြည်း အလိုအလျှောက် တစ်ယောက် အနီး တစ်ယောက် ချဉ်းကပ်ပြီး ရင်ငွေ့ချင်း ဟပ်ကြရလေသတည်း ။

▢  ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
      ဇွန် ၊ ၁၉၂၇ 

ဗေဒါမောင်မောင်

❝ ဗေဒါမောင်မောင် ❞
        ( ရေအေး )

၁ ။

တစ်ခုသော တနင်္ဂနွေနေ့ မနက်ခင်း အိပ်ရာထ,ချိန်တွင် ဆေးရုံအုပ်ကြီး ဦးမောင်မောင်သည် သူ့ကိုယ်သူ မှန်ထဲတွင် အမှတ်တမဲ့ ကြည့်မိ၏ ။ ထိုအခါ ကြာဆံချောင်း ကဲ့သို့ အဖြူများများ ၊ အနက်နည်းနည်း ဆံပင်များကို သတိထားမိ၏ ။ တွန့်လိမ်ချင် နေသော အရေးအကြောင်းများကိုလည်း ဂရုပြုမိသည် ။ မျက်လုံးထောင့်စွန်းတွင် ထင်ထင်ရှားရှား ပေါ်နေသော ကြက်ခြေထောက်ကို လည်းကောင်း ၊ မေးစေ့ အောက်နားတွင် တွဲရွဲကျနေသော အရေပြားတွန့်များကို လည်းကောင်း ရိပ်ခနဲ ဆိုသလိုပင် အမှတ်ထားမိသည် ။ စိတ်ထဲမှမူ “ အမယ်လေးလေး အိုစာသွားလိုက်တာပါလား ” ဟု ရေရွတ်မိ၏ ။ အခြားသူများ အဖို့ကား “ အသက်ကြီးလာပြီ ဆိုတော့လည်း ရုပ်အဆင်းအင်္ဂါတွေ ပျက်ပြီပေါ့ ” ဆိုသည့် တရားနွှယ်သည့် အတွေးမျိုး တွေးမိကောင်း တွေးမိနိုင်သော်လည်း ဦးမောင်မောင်ကား ထိုသို့ ဆက်မတွေးမိ ။ သူ၏ အဆီများ စုပြီး ဖောင်းတင်းနေသည့် ပါးစုန့်ကြီးကိုသာ စိတ်တွင် မြင်အောင် ကွက်ကြည့်ပြီး “ ဘာပဲဖြစ်ဖြစ် သူများတကာ အသက်ခြောက်ဆယ် နီးရင်ဖြင့် ဒီထက် အိုစာကြတာပဲ ။ ငါ့ဖြင့် ပါးရေတောင် တွန့်သေးတာ မဟုတ်ဘူး ” ဟု ကိုယ့်ဘက် ကိုယ် ယက်ကာ ဆက်တွေး၏ ။ ထိုသို့ တွေးရင်းပင် ဦးမောင်မောင်သည် သူ့ ခေါင်းပေါ်မှ ဆံပင်ဖြူများကို ဖုံးဖိရန် အလို့ငှာ ဆေးဆိုးခြင်းကို ခပ်သွက်သွက် လုပ်၏ ။ မျက်လုံးထောင့်စွန်းရှိ ကြက်ခြေများ လျော့ပါးစေရန် အရေပြား တင်းစေသော ဆေးကို လိမ်း၏ ။ ပြီးလျှင် မှန်ကို ရှေ့တိုး နောက်ငင်ကြည့်ရင်း ရွှီခနဲ လေတစ်ချက် ချွန်လိုက်သေး၏ ။ ထိုသို့ ပြင်ဆင်ရင်းပင် ဦးမောင်မောင်၏ စိတ်သည် ငါးဆယ့်ရှစ် ဆိုသည့် သူ့အသက်နှင့် မကာဘဲ တစ် ဆယ့်ရှစ်နှစ်သား လူပျိုပေါက် ကဲ့သို့ မြူးထူးလာ၏ ။

ဒီနေ့သည် ဘုရားသခင် ကိုယ်တော်ပင် အလုပ်နားတော်မူသည့် တနင်္ဂနွေ မဟုတ်လား ။ သူလို လူ သာမန်အဖို့ အဘယ်ကြောင့်  မနားရမည်နည်း ။ ဘုရားသခင် ကိုယ်တော်သည် တနင်္ဂနွေ နားရက်တွင် မည်သို့သော အလုပ်မျိုး လုပ်တော်မူသည်ကို ဦးမောင်မောင် မသိ ။ ခေါင်းရှုပ်ခံကာ စဉ်းလည်း မစဉ်းစားမိ ။ စဉ်းစားရန် အချိန်ပိုလည်း ဦးမောင်မောင် တွင် မရှိ ။ သူသည် အလုပ် အလွန် ရှုပ်သော ဆေးရုံအုပ် ဖြစ်သောကြောင့် ဖြစ်၏ ။ သူ့ အဖို့ကား ရံဖန်ရံခါတွင် တနင်္ဂနွေ တစ်ရက်သည်ပင် အချိန် အပြည့်အဝ ရသည် မဟုတ် ။ သူ့အား ကြီးပွားစေမည့်သူ ၊ သူ့အား ဒုက္ခပေးနိုင် မည့်သူများကို စုဖိတ်ပြီး သကာလ “ ဆရာကြီးတို့ဖို့ ကျွန်တော် ပေးတဲ့ ပါတီဗျ ” ဟု အမည်တပ်ကာ သူ ဝါသနာပါသည့် သောက်စားသီဆိုခြင်းများကို ကျွဲကူးရေပါ ပြုလုပ်ရခြင်းမျိုး ရှိ၏ ။ ရံဖန်ရံခါတွင်လည်း သူ့အား ဖိတ်ထားသည့် ပွဲလမ်းသဘင်များသို့ မသွားချင်ပါဘဲ ဟန်ဟန်ပန်ပန် သွားနေရခြင်းများလည်း ရှိ၏ ။ ယခု တနင်္ဂနွေ သည်ကား ထိုသို့သော တနင်္ဂနွေမျိုး မဟုတ် ။ လုံးဝ လွတ်လပ်သော တနင်္ဂနွေ ဖြစ်၏ ။ ထို့ကြောင့်ပင် ဦးမောင်မောင်သည် မြူးသည်ထက် မြူးနေခြင်း ဖြစ်၏ ။

ဦးမောင်မောင်သည် လူ သည်သာ မြူးနေသည် မဟုတ် ။ စိတ်သည်လည်း ဖြိုးခနဲ ဖျတ်ခနဲ မတည်မငြိမ် ရှိလှ၏ ။ သို့သော် လုံးဝ လွတ်ထွက်သွားသည် အထိကား မပျော်ဝံ့သေး ။ ပါးပါးလျလျ ဆံပင်ကို ဘီးဖြင့် တရွှပ်ရွှပ် အကြိမ်ကြိမ် ဖြီးရင်း ဟန်ကိုယ့်ဖို့ ဆိုသကဲ့သို့ပင် မှင်မောင်း တည်တည်ဖြင့် “ အင်း ... အေဒီက လာခဲ့ပါ ဆိုလို့သာ သွားရမယ် ၊ ကိုယ်ဖြင့် ခင် မပါတော့ မသွားချင်ပါဘူး ” ဟု အကဲခတ်သလို ကြည့်နေသော ဆေးရုံအုပ်ကြီးကတော်အား ညုတုတု လုပ်ရသေး၏ ။ စိတ်ထဲ၌မူကား “ အင်း ပပလေးတော့ စောင့်ရလွန်းလို့ စိတ်ကောက်နေလောက်ပြီ ” ဟု တွေးမိ၏ ။ “ ချော့ရတော့မှာပဲ ” ဟု တွေးမိသော အခါ သက်ပြင်း တစ်ချက်သည် ထိန်းထားသည့် ကြားမှ ဝူးခနဲ ထွက်သွား၏ ။ ဆေးရုံအုပ်ကြီးကတော်သည် “ ခင် မပါတော့ မသွားချင်ပါဘူး ” ဟူသော စကားကို ကြား၏ ။ “ ဝူး ” ခနဲ သက်ပြင်းချသည်ကို မြင်၏ ။ ထိုနှစ်ခု ကြားမှ ဆေးရုံအုပ်ကြီး၏ အတွေးကို မြင်သည် မဟုတ် ။ ထို့ကြောင့်ပင် “ အမယ်လေး ငါ့ယောက်ျားက ငါ့ကို တကယ် ချစ်ရှာတာပါလား ” ဟု တွေးကာ ပီတိလှိုင်းလုံးကြီးသည် ရင်ဝတွင် ဆို့၏ ။ ထို့ ကြောင့်ပင် “ အို မောင်ရယ် ဒါက တိုးတက်ရာ တိုးတက်ကြောင်းပဲ ။ အေဒီ သာ သဘောကျရင် ... ” ဟု စကားကို အစမရှိ အဆုံးမရှိ ပြောကာ သူ့လင်ကြီးအား ရှောရှောရှူရှူ သွားခွင့်ပြု၏ ။ ထို့နောက်တွင်ကား ဆေးရုံအုပ်ကြီးသည် မြင်းဇောင်းမှ လွှတ်သော မြင်းကဲ့သို့ လှစ်ခနဲ အိမ်မှ ထွက်လေ၏ ။

••••• ••••• •••••

၂ ။

ဆေးရုံအုပ်ကြီး၏ ကားသည် တစ်လမ်းဝင် တစ် လမ်းထွက် ကွေ့ကွေ့ကောက်ကောက် သွားနေ၏ ။ လေး ၊ ငါးမိုင်ခန့် မောင်းပြီး လေး ၊ ငါး ၊ ခြောက်ကွေ့မျှ ကွေ့ပြီးချိန်တွင်မူ ချောင်ကျပြီး သာ တောင့်သာယာ ရှိသော နေရာတစ်ခု ရှေ့၌ ရပ်၏ ။ ထိုနေရာသည်ကား ဆေးရုံအုပ်ကြီးနှင့် သူ၏ ပပတို့ ချိန်းတွေ့နေကျ နေရာတည်း ။ ကားရပ်သည်နှင့် တစ်ပြိုင်နက် ဆေးရုံအုပ်ကြီးသည် “ အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်ဗျူဟာကျင်းလို့ ချစ်တလင်းခေါ်မယ် မေရယ် ” ဟူသော သီချင်းကို မြူးထူးသော အသံဖြင့် ဆိုလိုက်၏ ။ ထို့နောက် ကားထဲတွင် ကုန်းကုန်းကွကွဖြင့် ထိုင်ခုံနှစ်ခုကြား ကြမ်းပြင် အောက်တွင် တိုလီမုတ်စများဖြင့် ဖုံးဖိထားသော အထုပ် တစ်ထုပ်ကို ခက်ခက်ခဲခဲ ဆွဲထုတ်သည် ။ ထိုအထုပ်သည်ကား လွန်ခဲ့သည့် ကြာသပတေးနေ့က ဆေးရုံအချုပ်ဆောင်မှ မဆင်းချင်သေးသော လူနာ၏ ဆွေမျိုးတစ်ဦး လာရောက်ပြီး ပူဇာစ , ထားသော အထုပ်ဖြစ်၏ ။ ဆေးရုံအုပ်ကြီးကတော် မမြင်စေရန် နှစ်ရက်တာမျှ တောခိုပြီး သကာလ ယခုမူ ဆေးရုံအုပ်ကြီးမှ သူ၏ ပပကို ဆက်သမည့် လက်ဆောင်ပဏ္ဏာအဖြစ် အရှင်လတ်လတ် ဘဝ ပြောင်းရချေတော့မည် ။ “ ဒီနေ့ တော့ကွာ ” ဟူသော အတွေးသည် ဆေးရုပ်အုပ်ကြီး၏ ရင်ကို တဖြည်းဖြည်း ပူလာစေ၏ ။ ခြေထောက်များသည်လည်း မြောက်ခနဲ မြောက်ခနဲ ။ လူသည် မြေကြီးနှင့် မထိသလို ရှိ၏ ။ ဟိုဝေးဝေး တစ်နေရာတွင်မူ သူ့အား လက်ပြနှုတ်ဆက်နေသည့် ယိုင်နွဲ့နွဲ့ အရိပ်ကလေး တစ်ခုကို မြင်လာရ၏ ။ ဆေးရုံအုပ်သည် ထိုအရိပ်အား လက်ဝှေ့ယမ်း နှုတ်ဆက်ရင်းပင် အာခေါင် ခြောက်လာပေ၏ ။

“ လူမင်း ရာဇာ ... နတ်မင်း ဒေဝါ ... ကြည်သာ ရွှင်ပျ ရှိစေသော် ၊ ကျွတ်ထိုက်သူများ ဝေနေယျာ ... ကျွတ်တမ်း လွတ်တမ်းဝင်စေသော် ”

ဦးမောင်မောင်၏ လက်ထဲမှ ဖုန်းကလေးသည် ရုတ်ခြည်းပင် ထ,ကာ သီချင်းဆို၏ ။ ဆေးရုံအုပ်သည် အလိုမကျဟန်ဖြင့် စိတ်ပျက်လက် ပျက်ပင် “ ဟာကွာ ” ဟု ရေရွတ်မိ၏ ။ ဖုန်းကို မဖြေဘဲနေရန် စဉ်းစားမိသေးသည် ။ သို့သော် ကြာကြာ မစဉ်းစားနိုင် ။ ဖုန်း၏ မျက်နှာပြင်တွင် ပေါ်နေသည့် “ ဝန်ကြီးချုပ်၏ ပီအေ ” ဆိုသည့် စာတန်း ကြောင့် လျှာခလုတ်တိုက် မတတ် ဖုန်းကို ပြန်ဖြေလိုက် ရ၏ ။ ခဏမျှကြာလျှင် ဆေးရုံအုပ်ကြီးသည် ပပ၏ အနားတွင် ရိုရိုကျိုးကျိုး ရပ်ကာ ရှိ၏ ။ အသံသည်ကား ချော့ချော့မော့မော့ ပျော့ပျော့ပျောင်းပျောင်း ။ နောက်ဆုံးတွင်မူ သူ့လက်ဝါး ပြန့်ပြန့်ကြီးဖြင့် ပပ၏ ခါးကို ပွတ်ဆွဲကာ သူ့နှာခေါင်းဖြင့် ပပ၏ ပါးဖောင်းဖောင်းကို အတင်းထိုးပြီး “ နော် … နော် ” ဟု အဆုံးသတ်လိုက်သည် ။ ပပ မူကား ကျေနပ်ဟန် မပြ ။ “ သူ့မှာ ဘယ်တော့မှ မအားဘူး ” ဟု နွဲ့နွဲ့တဲ့တဲ့ ဆိုသည် ။ ကိစ္စကား ဝန်ကြီးချုပ်၏ ညီ အသည်းအသန် နေမကောင်း ဖြစ်သဖြင့် ဆေးရုံတက်ရန် လာမည် ဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်က သူ့ညီ ဖြစ်သူကို ဆေးရုံ လိုက်ပို့ရင်း ခဏပါလာမည်ဖြစ်ကြောင်း ၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုသမားတော်ကြီးတို့သည် အဆင်သင့် ရှိနေစေလိုကြောင်း ၊ နာရီဝက် အတွင်း ရောက်မည်ဖြစ်ကြောင်း တို့ကို ဝန်ကြီးချုပ်၏ ပီအေ ဆိုသူမှ ဖုန်းထဲမှ တစ်ဆင့် အရေးပေါ် သံချောင်းခေါက် လိုက်သောကြောင့်တည်း ။

“ အလွန်ဆုံးကြာ နှစ်နာရီ ပေါ့ကလေးရယ် ၊ ပါကြီး ပြန် လာခဲ့မယ်နော် ” 

ပြောရင်းပင် ဆေးရုံအုပ် သည် လက်ထဲ ပါလာသမျှ အထုပ်နှင့် အိတ်များကို ပြန် ကောက်ပြီး ခပ်သွက်သွက် ထ , ၏ ။ ထိုနောက်တွင် မကျေနပ်သလို တောင့်တောင့်ကြီး ရပ်နေသော ပပအား ခပ်သာသာ ဝင်တိုက်ပြီး “ အဲဒီ အခါကျရင်တော့ အကြော ကောင်းကောင်း လျှော့ပေးရမယ်နော် ” ဟု မျက်နှာချိုသွေးသလို ဆို၏ ။ များမကြာမီ အချိန်တွင် ဆေးရုံအုပ်ကြီး ချိုင်းကြားတွင် ညှပ်လာသော အထုပ်ကလေးသည် သူ၏ မူလနေရာဖြစ်သော ထိုင်ခုံ နှစ်ခုကြား ကြမ်းပြင်ပေါ်သို့ ပြန်ရောက်သွားပြီး ကားလေးသည်လည်း ဆေးရုံဘက်ဆီသို့ တရိပ်ရိပ် ဦးတည်ပြန်၏ ။

••••• ••••• •••••

၃ ။

ဆေးရုံအုပ်ကြီး၏ မျက်နှာသည် စူပုပ်တင်းမာနေ၏ ။ သူ့ပါးစပ်မှလည်း “ တစ်ခုခုဆို အားလုံး တန်းစီပြီး ပြုတ်သွားမယ် ” ဟု ရေရွတ်၏ ။ အကြောင်းကား သူအကြိမ်ကြိမ် ကြိုဖုန်းဆက် ထားသည့် ကြားမှပင် တာဝန်ကျ အထူးကုဆရာဝန်ကြီးသည် မလာသေး ။ ထို့ပြင် တာဝန်ကျ လက်ထောက်ဆရာဝန်လေး၏ ပုံစံ အေးတိအေးစက် ကလည်း သူ့ကို ထီမထင်သလို ၊ သရော်နေသလိုလို ။ ဆရာမတွေ ကြည့်ရတာ ကလည်း စေတနာ မပါဘဲ ဝတ္တရားကျေ အလုပ် လုပ်နေကြသည့် ပုံစံမျိုးဟု သူ ထင်နေ၏ ။ နောက်ဆုံးတွင်မူ ဝန်ကြီးချုပ် ဘေးနား ရပ်ပြီး “ ဟုတ်ကဲ့ ” ဟု တွင်တွင်ရွတ်နေသည့် သူသာ ဒေါသပိုတိုး လာရ၏ ။ နောက်ဆုံး သူ့စိတ်ထဲတွင် “ နေဦး ၊ နောက်ရက်မှ ဖျားနာဆောင် တစ်ခုလုံး ခေါ်ပြီး ဆူပစ်ဦးမယ် ” ဟု နိုင်ရာ တွေးလိုက်မှ စိတ်ထဲ ကျေနပ် သလိုလို ဖြစ်၏ ။

တစ်နာရီခန့် ကြာပြီး ဝန်ကြီးချုပ် ပြန်သွားချိန်တွင်မူ ဆေးရုံအုပ်ကြီး၏ ခေတ္တ သိမ်းဆည်းထားသော ဒေါသများသည် တော်သလင်းကာလ အုန်းအုန်းဒိုင်းဒိုင်း ရွာချတတ်သည့် မိုးကဲ့သို့ ရှိလေ၏ ။ 

“ ဒီမယ် မပြောချင်လို့ ကြည့်နေတာ ။ ခင်ဗျားတို့ ဖျားနာဆောင် တစ်ခုလုံးက အထူးကုလည်း အတူတူ ၊ လက်ထောက်ဆရာဝန်လည်း အတူတူ ၊ ဆရာမလည်း အတူတူ ကိုယ်က တစ်လောကလုံးကို လုပ်ကျွေး နေရသလို မျက်နှာကြော တင်းလွန်းတယ် ။ တခြား လူနာတွေဆို မပြောပါဘူး ။ အခုက ဝန်ကြီးချုပ် ကိုယ်တိုင် လိုက်ပို့တဲ့ ဝန်ကြီးချုပ်ရဲ့ညီ ။ ဘယ်သူတွေ ဘယ်လို ပြောပြော ဖားရမယ် ။ သူတကာတွေက ဒီလို အခွင့်အရေး ရချင်လို့ နည်း လမ်း ရှာနေရတာ ၊ အခုက ရှာစရာ မလိုဘဲ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာ ။ ဘယ်လောက် ကုသိုလ်ထူးလဲ ။ တကူးတက အောက်ကျို့ပြီး သွားနေစရာလည်း မလိုဘူး ၊ ကိုယ့် ပိုက်ဆံလည်း ကုန်တာ မဟုတ်ဘူး ။ ဒါပဲနော် ၊ မပြောမရှိနဲ့ သူတို့က တတ်နိုင်ဦးတော့ အားလုံးကို အလကား ပေးပါ ။ ဘာဖိုးမှ မတောင်းပါနဲ့ ” ဟု အားလုံးကို သိမ်းကျုံးကြည့်ကာ ခပ်မာမာ ပြောပြီး လှည့်ထွက်ခဲ့သည် ။ စိတ်ထဲမှလည်း “ ဟင်း ... ဟိုက မကြည်ရင် အားလုံး ဒုက္ခ ရောက်သွားမယ် ဆိုတာ နားမလည်ကြဘူး ” ဟု ဆက်တွေးမိ၏ ။ သို့သော် သူ့စိတ်သည် ထိုကိစ္စတွင် ကြာရှည် မတည် ။ လည်တံရှည်ကလေးဖြင့် စောင့်မျှော်နေရှာမည့် ပပထံသို့ စိတ်သည် လှစ်ခနဲ ပြေး၏ ။

••••• ••••• •••••

 ၄ ။

“ ကိုယ်လည်း အားလုံးကို လှည့်ပတ်ပြီး ဆူပစ်လိုက် တယ် ။ ဘယ့်နှယ် သူတို့က ဝန်ကြီးချုပ်ကို ဘာထင်နေ တယ် မသိဘူး ။ ဟိုက ဟို ဟာ လုပ်လို့ သူတို့ ဒုက္ခရောက်မှ အဘ ကယ်ပါ ၊ အစ်မ ကယ်ပါ ဖြစ်ကြဦးမယ် ” 

ဦးမောင်မောင် ပါးစပ်က တတွတ်တွတ် ပြောနေသလို လက်သည်လည်း အငြိမ် မနေ ။ ပပ၏ မေးစေ့ကို ဖျစ်သည် ၊ နားရွက်ကို ပွတ်သည် ၊ ဆံပင်ကိုလည်း ဖွ လိုက်သေးသည် ။ ထို့နောက်တွင် ဘူတာ စဉ်ဆက်မပြတ် ခုတ်သော ရထား ကဲ့သို့ပင် ဦးမောင်မောင်၏ လက်သည် ပပ၏ ရွှေရင်အစုံကို ဝဲသွား ပြန်၏ ။ ထိုအခါ ဆေးရုံအုပ်ကြီးအား မြတ်နိုးကိုးစားသော အကြည့်ဖြင့် တစိမ့်စိမ့် ကြည့်နေသော ပပသည် “ အွန် ... ပါကြီးနော် ” ဟု ညည်းကာ ကိုယ်ကို တွန့်၏ ။ “ ပပ အတွက် ခြံဝင်း တစ်ခုလောက် ဝယ်ပေးပါ ပြောတော့ မဝယ်ပေးဘဲနဲ့ ” ဟုလည်း ငြူစူသလို ဆက်လိုက်သေး၏ ။ ထိုစကား ကြားလျှင် ဆေးရုံအုပ်ကြီးသည် ပပ ကိုယ်ပေါ် ဆော့ကစား နေသည့် လက်ကို ရုပ်ကာ ထ,ထိုင်၏ ။ “ ဟူး ” ခနဲ နေအောင်လည်း သက်ပြင်းကို ချလိုက်သေး၏ ။

“ ပပရယ် ပါကြီး ပြောပြီးပြီပဲ ။ အခုတလော အိမ်က ဗိုင်းတာမကြီးက အသုံး စရိတ်တွေ အရမ်းစိစစ်နေ တယ် ။ လစာလည်း လစာ မို့ ၊ ကြားပေါက်လည်း ကြား ပေါက်မို့ ။ ဆေးတင်ဒါကိစ္စ တုန်းက ဆေးကုမ္ပဏီတွေ ဆီက ရတဲ့ ငွေတွေလည်း အကုန် အဲဒီဟာမကြီးပဲ လက်ဝါးကြီး အုပ်သွားတာ ။ ကြည့်ရတာ ကိုယ်တို့ ကိစ္စများ နည်းနည်း ရိပ်မိနေသလား မသိဘူး ။ ဒါကြောင့် ခဏဆိုင်းပါဦး ။ ပပ လိုချင်တဲ့ ဝင်းတစ်ခု နောက် မကြာခင် ပါကြီး ဝယ်ပေးပါ့မယ်လို့နော် ပပ ” 

ချော့ချော့မော့မော့ ပြောရင်း ဦးမောင်မောင်၏ နှာခေါင်းသည် ပပ၏ လည်ပင်းနား ဝဲခနဲ ရောက်သွားပြန်၏ ။ ပပ သည်လည်း ငြိမ်မနေ ။ “ ဟွန့် သူ့ကို ပြောလိုက်ရင် ဒီလိုချည်းပဲ ။ အိမ်က မိန်းမကြီးက ဘာဖြစ်လို့ ညာဖြစ် လို့နဲ့ ။ ကွာပစ်လိုက်ပါဆိုတော့လည်း မကွာဘူး ” ဟု ပြောရင်း ဦးမောင်မောင်၏ အနမ်းအား ကိုယ်ကို ယိမ်းကာရှောင်သည် ။ ပါးစပ် အဖြဲသားဖြင့် တဟဲဟဲ ရယ်နေသော်ငြား ဆေးရုံအုပ်၏ စိတ်ထဲတွင်ကား မကျေနပ်စိတ်ဖြင့် တလိပ်လိပ် ရှိလေပြီ ။

“ ကြည့်ရတာ ဒီကောင်မလေး တတိယခင်သန်းအေး ဖြစ်ချင်ပြီ ထင်တယ် ” ဟု ပပ မတိုင်မီ သူနှင့် ပလူးခဲ့ဖူးသည့် မိန်းကလေး နှစ်ယောက်ကို သတိရလိုက်သေး၏ ။ “ မိန်းမတွေများ လိုချင်တာချည်းပဲ ၊ မလိုတာကို မရှိဘူး ” ဟု မိန်းမသားထု တစ် ရပ်လုံးကိုလည်း ဝေဖန်မိ၏ ။ နောက်ဆုံးတွင် “ စိန်လေးတွေက ခံ့လည်းခံ့ ၊ သန့်လည်း သန့်တော့ ယူလိုက်ရမလားလို့ ” ဟူသော ဆေးရုံအုပ်ကြီး ကတော်၏ အသံကို ပြန်ကြားရင်း အိမ်က ဟာမလည်း အတူတူ ဟု အဆုံးသတ် တွေး၏ ။ မကြာသေးခင်ကပင် ဆေးရုံအုပ်ကြီး နှာခေါင်းအား မတူသလို မတန်သလို ရှောင်သွားသည့် ပပသည် သူမ၏ ပါးအား ဆေးရုံအုပ်ကြီး၏ မျက်နှာနား အတင်း တိုးကပ် လာပြီး “ အခု အိမ်ဝင်း အဆင် မပြေသေးရင်လည်း မဝယ်ပေးပါနဲ့ဦး ။ ဒါပေမဲ့ ပိုက်ဆံဆယ်သိန်းတော့ ပေး ။ ပပ လုပ်စရာရှိလို့ ” ဟု တောင်းပြန်လျှင် ဆေးရုံအုပ်ကြီးသည် ဘာပြန်ပြောရမှန်း မသိဘဲ ရုတ်တရက် အသက်ရှူ ကျပ်လာသလို ခံစားရ၏ ။ ထိုစဉ် “ လူမင်းရာဇာ ၊ နတ်မင်း ဒေဝါ ” ဟူသော ဖုန်းခေါ်သံ ကြားလျှင် ထွက်ပေါက်ရပြီး မျက်နှာကြီးသည် ရုတ် တရက် ဝင်းလက်လာသည် ။

“ လူမှုရေးဝန်ကြီးရယ် ၊ ပြည်နယ်တရားလွှတ်တော်ချုပ်ရယ် ဝန်ကြီးချုပ်အိမ် လူနာ လာမေးကြရင်း နှစ်ယောက်လုံး ခေါင်းမူးတူးတူး ရှိတဲ့ ကိစ္စလေးနဲ့ ပတ်သက်ပြီး ဆေးစစ်ချင်လာကြလို့ ဆေးရုံကို လာမလို့တဲ့ ။ နှစ်နာရီခွဲလောက် ရောက်မယ်တဲ့ ။ အဲဒါ အခုက နှစ်နာရီကျော်ပြီ ဆိုတော့ ပါကြီး သွားမှ ဖြစ်တော့မယ်နော် ... ပပ ။ ဘာပဲဖြစ်ဖြစ် ဒါက အခွင့်အရေးပဲ မဟုတ်လား ။ ကံကောင်းရင် ပပ အတွက် ဝင်းတစ်ဝင်းလည်း ဖြစ်နိုင်တာပဲ ။ ပါကြီး အတွက်လည်း တစ်ခုခု ဖြစ်နိုင်တာပဲ ”

ပြန်တော့မည့် အရေးကို စူတူမူတူဖြင့် ဆန္ဒပြနေသည့် ပပအား ချော့ရင်း ဆေးရုံအုပ် ကြီးသည် ပစ္စည်းများကို ကောက်သိမ်း၏ ။ သူ့မျက်နှာသည် စိတ်မကောင်းဟန် ဖြစ်နေသော်လည်း သူ့စိတ်သည်ကား ပျော်ရွှင်မှုကြောင့် တလွင့်လွင့် ။

••••• ••••• •••••

၅ ။

“ ရုံးပိတ်ရက်ကလေး အနားယူရမလားလို့ ၊ ဆေးရုံကို သွားလိုက် ပြန်လိုက်နဲ့ကို တော့ လောစံခွေသွားတာပဲ အဟင်းဟင်း ”

ဆေးရုံအုပ်ကြီးသည် နေ့ခင်းမှ အဖြစ်အပျက်များ ဖုံးတန်ဖုံး ၊ ဖိတန်ဖိ၍ ဇာတ်စုံခင်း ၊ တဟင်းဟင်း မျဉ်းရယ်ရင်းပင် နောက်ဆုံး အတွေး တစ်ခု တွေးမိကာ သက်ပြင်း ချမိ၏ ။ ကောင်းကင်တွင် ကြယ်များသည် မရေမတွက် နိုင်ဘိ သကဲ့သို့ပင် ဝန်ကြီးချုပ် ၊ ဝန်ကြီးနှင့် သူတို့၏ အမျိုးများသည်လည်း မရေမတွက်နိုင် ရှိလှ၏ ။ စဉ်းစားရင်းပင် မရပ်တန့်နိုင်ဘဲ “ အင်း ... ဝန်ကြီးချုပ်က မောင်နှမ ခုနစ်ယောက် ရှိတာတဲ့ ။ တစ်ယောက်ကို လေးယောက်စီပဲ မွေးဦး ၊ တူ , တူမ နှစ်ဆယ့်ရှစ်ယောက် ၊ သူ့ မြေးတွေ ဆိုရင်တော့ ဘုရား ... ဘုရား ” ဟု ဆက်တွေးမိ၏ ။ ထိုတင် မရပ်နိုင်သေးဘဲ “ ဒါနဲ့ ဝန်ကြီးချုပ်ရဲ့ အဘွားက သားသမီး ဆယ့်တစ်ယောက် မွေးခဲ့တာတဲ့ ” ဟု အထက်ကို ဆန်မိပြန်လျှင် အသက်ရှူမဝ သလိုလို ဖြစ်လာ၏ ။ “ ဒါက ဝန်ကြီးချုပ် တစ်ယောက်စာ ရှိသေးတာ ၊ ဝန်းကြီးကိုးပါးရဲ့ အမျိုးတွေပါ ထပ်ပေါင်းရင်တော့ ... ” စာရင်းဆန့်မိချိန် တွင်ကား လက်ထဲ ကိုင်ထားသော ပုတီးသည် “ ဒေါက် ” ခနဲ ကြမ်းပြင်ထက် ပြုတ်ကျ၏ ။

ထိုစဉ် ဘယ်ကဘယ်လို လွင့်လာသည် မသိသော သီချင်းသံသည် ဆေးရုံအုပ်၏ နားအတွင်းသို့ ဝေ့ဝေ့၀ဲဝဲ ရောက်လာ၏ ။ ယင်းကား အခြား မဟုတ် ။ ဆရာ ဇော်ဂျီ၏ နာမည်ကြီးလှသည့် ပန်းပန်လျက်ပဲ ကဗျာကို အသွားထည့်ထားသည့် သီချင်းတည်း ။ 

“ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ... အယက်ကန်ခံလို့ ... ဗေဒါပျံ ... အံကိုခဲ ... ပန်းပန်လျက်ပဲ ”  

သီချင်းသံ ကြားလျှင် ဦးမောင်မောင်၏ စိတ်သည် အတန်ငယ် ငြိမ်ပြီး အေးချမ်း သလို ခံစားလာရသည် ။ 

“ ဪ ဘဲက အကောင် တစ်ရာ ၊ မဗေဒါက တစ်ပွင့်တည်း ” ဟု တီးတိုးရေရွတ်မိ ချိန်တွင်ကား သူ့ကိုယ်သူ သနားစဖွယ် ဗေဒါနှင့် တူ သည်ဟု ထင်လာ၏ ။ သူ့ဘဝ သည်လည်း ဝန်အပါးက တစ်ရာ ၊ ဆေးရုံအုပ်က တစ်ယောက်တည်း မဟုတ်လော ။ ထို့နောက် ဦးမောင်မောင်၏ စိတ်သည် ရေတွင် မျောနေသည့် ဗေဒါပန်းကလေး နောက်သို့ လိုက်ပါ ခံစားရင်း တငြိမ့်ငြိမ့် ဖြစ်လာ၏ ။ ရေလှိုင်းပုတ်၍ ဗေဒါ မြောက်လျှင် သူ့စိတ်သည်လည်း မြောက်ခနဲ ဖြစ်၏ ။ ဗေဒါပန်းကလေး လှိုင်းဖုံးသွားချိန်တွင်ကား သူ့မှာ မွန်းကျပ်ကာ ငိုမိ လုလု ။ ထိုစဉ် သူ့နား အတွင်းသို့ ဆေးရုံအုပ်ကြီးကတော်၏ ဝေဖန်သံ ဆိုးဆိုးသည် အတင်းပင် ဝင်လာလေ၏ ။ 

“ ကြည့်ရတာ ဒီသီချင်း ရေးတဲ့သူက ဗေဒါပင် တော်တော် ရှားတဲ့ အရပ်မှာ မွေးတယ် ထင်ပတော် ။ ကျုပ်တို့ ငယ်ငယ်တုန်းကများ ရွာ အနောက်ဘက်က ချောင်းထဲ များ ဘယ့်နှယ် ဗေဒါပင်တွေ များ ပေါချက် ။ ပြီးတော့ ဘဲ လည်း မမွေးကြ ၊ မွေးတဲ့သူ ကလည်း နည်းနည်း ၊ တစ်ရွာလုံးမှ လေး ၊ ငါး ၊ ခြောက် ကောင် ဆိုတော့ တစ်ခါတစ်ခါ ဗေဒါအုပ်နဲ့ ဘဲတွေနဲ့ တိုးရင် ဘဲတွေခမျာ ရှောင်မရလို့ မျောတောင်ပါတယ် ”

ဆေးရုံအုပ်၏ မဗေဒါ ဖီလင်သည် ရုတ်ခြည်းပင် ပျောက်၏ ။ ထိုနောက် ဒေါသကို မထိန်းနိုင်ဘဲ သူ့မိန်းမအား စူးစူးကြီး ကြည့်မိ၏ ။ ဆေးရုံအုပ်ကြီးကတော်သည်ကား လရောင်၏ အလင်းဖျဖျ လှည့်စားမှုတွင် ဦးမောင်မောင် ဒေါသထွက်နေသည်ကို မမြင် ။ ဗေဒါ ၊ ဘဲတို့နှင့် စကားဆက်ကာ အမှိုက်တို့ ၊ ဒိုက်တို့ အကြောင်း ဋီကာချဲ့နေ၏ ။ ဦးမောင်မောင်ကား ကြည့်ရင်းကြည့်ရင်းပင် သူ့မိန်းမ၏ အသံပြာပြာကို ဘဲအော်သံ တဂတ်ဂတ် အဖြစ် ကြားလာ၏ ။ ရိုးတိုးရိပ်တိပ် အမှောင်တွင် ကြည့်ရင်း သူ့မိန်းမအား ခြေပြားကြီးကြီး ၊ လမ်းလျှောက်လျှင် ယက်ကန်ယက်ကန် ၊ ကားရားကားရားနှင့် ဘဲဆူဆူဖြိုးဖြိုး တစ်ကောင် အဖြစ် မြင်လာ၏ ။ နောက်ဆုံး “ ဟုတ်တယ် ၊ ဟို ဝန်မျိုး တစ်ရာ့တစ်ပါးလည်း ဘဲတွေပဲ ။ ငါ့ဆီကနေ တစ်ခုပြီး တစ်ခု လိုချင်နေကြတဲ့ သင်းတို့လည်း ဘဲတွေပဲ ” ဟု ပျစ်ပျစ်နှစ်နှစ် တွေးပစ်လိုက်၏ ။ ပြီးလျှင် “ ငါ့မှာသာ …. ” ဟု သူ့ကိုယ်သူ သနားသော အတွေးကို ဆက်၏ ။ ထို့နောက်တွင်ကား ကျနေသည့် ပုတီးကို ကောက်ပြီး မျက်လုံး စုံမှိတ်ကာ “ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ” ဟု နာနာရွတ်၏ ။ ပါးစပ်ကသာ တရားစာကို ဒုက္ခချင်း ထပ်အောင် ရွတ်နေသော်လည်း စိတ်ကမူ မငြိမ် နိုင်သေး ။ တဖြည်းဖြည်း တိုးလျ ပျောက်ကွယ်သွားသည့် ဗေဒါ သီချင်းသံ နောက်သို့ အမျှင်တန်းနေ၏ ။

 ⎕ ရေအေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     မေ ၊ ၂၀၁၆

Wednesday, April 29, 2026

ပျောက်လုနေရာ


❝ ပျောက်လုနေရာ ❞
        ( ဆူးငှက် )

တကယ်တော့ ထိုနေရာသည် အမရပူရ ကောင်းစားစဉ် အခါက သာသနာ့အောင်မြေကြီး ဖြစ်ခဲ့၏ ။ တောင်ဘက် တံခွန်တိုင်ရပ်တွင် အမရပူရခေတ်က ပရိယတ္တိ ၊ ပဋိပတ္တိသာသနာ ရောင်ဝါ နေသို့ ထွန်းခဲ့သော ပြည်တိုက် ၊ ပုဂံတိုက် ၊ မဟာဘုံကျော်တိုက် အစရှိသဖြင့် သာသနာ့မြေ ဧကတစ်ရာကျော်ဝယ် ဘုရား ၊ စေတီ ၊ ပုထိုး ၊ ဘုန်းကြီးကျောင်းတိုက်ကြီးများဖြင့် ကြေးစည်သံ ၊ ဆည်းလည်းသံများ နှင့်အတူ တရားစည်ကြီး ဟည်းဟည်းကျော်ညံ့ခဲ့သော နေရာဖြစ်ခဲ့ပါသည် ။

မြို့ဟောင်းဘူတာမှ မီးရထားလမ်း အတိုင်း တောင်ဘက်သို့ အနည်း ငယ် သွား၍ အရှေ့ဘက်သို့ ရှုမျှော် ကြည့်လိုက်လျှင် အုတ်တံတိုင်း ၊ မုခ်ပျက် အချို့သာ ကျန်တော့သော ကျောင်းတိုက်ဟောင်းကြီး နှစ်တိုက်ကို တောင်မြောက် ယှဉ်လျက် တွေ့ရပေမည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်ကား အရပ်အခေါ် အားဖြင့် “ တောင်မှန်ကျောင်း ” ၊ “ မြောက်မှန်ကျောင်း ” ဖြစ်ငြား ၊ အမည်က “ မဟာ အဘယာရာမတိုက် ” နှင့် “ မဟာ ဝိဇိတာရာမ ” တိုက်တို့ ဖြစ်ကြောင်း သိသူ နည်းလှ၏ ။
 
မဟာအဘယာရာမတိုက်တွင် “ မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး ” ရှိခဲ့ဖူးပြီး မဟာဝိဇိတာရာမတိုက်တွင် “ မဟာအောင်မြေဗိမာန် ”  ကျောင်းရှိခဲ့ဖူးပါသည် ။ မဟာအဘယာရာမ တိုက်မှာ မင်းတုန်းမင်းကြီး၏ ခမည်းတော် ဖြစ်သော ရွှေဘိုမင်း၏ မိဖုရားကြီး ကောင်းမှု ဖြစ်သည် ။ “ မဟာဝိဇိတာရာမတိုက် ” သည်ကား နောင်အခါ မင်းတုန်းမင်းကြီး၏ စကြာဒေဝီ မိဖုရားကြီး ဖြစ်လာသည့် ရွှေဘိုမင်းသမီးတော်က ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်ကြီး ဖြစ်၏ ။ ဤကျောင်းတိုက်ကြီး နှစ်တိုက်ကို သမီးတော်နှင့် မယ်တော်တို့ သည် မရှေးမနှောင်းပင် ရေစက်ချကြသည် ။ ထို့နောက် သာသနာပိုင် ဆရာတော်ဦးဉေအား တင်လှူကြ၏ ။ နှစ်ကျောင်းကိုလည်း “ သမီးတော်ကျောင်း ” ၊ “ မယ်တော်ကျောင်း ” ဟု ခေါ်ဝေါ်ခဲ့ကြသည်  ။

“ မဟာအဘယာရာမတိုက် ” တွင် မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး အပြင် မယ်တော်ကျောင်းလည်း ရှိ၏ ။ မဟာဝိဇိတရာမတိုက်တွင် မဟာအောင်မြေ ဗိမာန်ကျောင်းကြီး အပြင် သမီးတော်ကျောင်း ၊ ယွန်းစုကျောင်း ၊ နွေကျောင်း စသည့်အပြင် အမည် မမှတ်မိတော့သည့် ကျောင်းရာများ ငါးနေရာ ရှိခဲ့ပါသည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်စလုံးမှ ကျောင်းနှစ်ကျောင်းစလုံးပင် မိဖုရားကောင်းမှု ၊ သမီးတော်ကောင်းမှုများ ဖြစ်သည့် အားလျော်စွာ မြန်မာ့ဗိသုကာ အညွန့်အဖူးများချည်းဖြစ်သည် ။ ထူးခြားချက် အနေဖြင့် မြောက်မှန်ကျောင်းက အစီအစဉ် ကောင်းပြီး တောင်မှန်ကျောင်းက ပန်းပုလက်ရာ ကောင်းသည် ဟု ဆိုကြ၏  ။ ကျောင်းတော်တွင်း ပြာသာဒ်ကွက်များတွင် တောင်မှန်ကျောင်းက ဇာတ်ကြီးဆယ်ဘွဲ့ကို ပန်းချီရေးထားသည် ။ မြောက်စနုမှာ ပြာသာဒ်ပါပြီး တောင်ကျောင်းမှာ စနုမပါ ။ တောင်ကျောင်းတိုက်ထွတ်တွင် နဂါးလေးကောင်နှင့် အလယ်၌ လက်အုပ်ချီ နေသော နတ်ရုပ်များ ထည့်ထား၏ ။ မြောက်ကျောင်းတွင် စေတီပုံ တိုင်ထွတ်များ ဖြစ်သည် ။ တောင်ကျောင်းတွင် တိုင်ထောက် အဖြစ် နယားရုပ်များ တပ်ဆင်ထားပြီး မြောက်ကျောင်းမှာ လူအရပ်မျှ ရှိသော နတ်ရုပ် ၊ လူရုပ် ၊ ဂဠုန်ရုပ် ၊ ဘီလူးရုပ် ၊ ကိန္နရာဖိုမရုပ် ၊ ဇော်ဂျီရုပ် ၊ လူပျံရုပ် ၊ ခြင်္သေ့ခေါင်းနှင့် လူကိုယ်ရုပ် ၊ ကျွဲခေါင်းနှင့် လူကိုယ်ရုပ်များ ရှိခဲ့သည် ။

မင်းတုန်းမင်းတရားကြီး အမရပူရ၌ စံနေစဉ် ခရစ် ၁၈၅၅ ခုနှစ်တွင် အင်္ဂလိပ်သံ ဖယ်ရာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟင်နရီယူးလ်က “ ဤမျှ ၊ အိမ်တွင်း အသုံးအဆောင် ချို့တဲ့သော လူမျိုး တစ်မျိုးက ဤမျှ ခမ်းနားကြီးကျယ်သော လက်ရာကို ဘယ်သို့ စွမ်းဆောင်နိုင်သည် ဟု အံ့သြစိတ် အလျဉ်းမပါဘဲ ဤကျောင်းတော်ကြီးများကို ကြည့်၍ မဖြစ်နိုင်ပေ ” ဟု “ အဝ နေပြည်တော်သွား သံအဖွဲ့ ( Mission to The Count of Ava ) ” စာအုပ်တွင် ရေးသားခဲ့သည် ။

ယခုအခါမှာတော့ မြန်မာ့အနုပညာ ဂုဏ်ဆောင်ဖြစ်သည့် ကျောင်းတော်ကြီး နှစ်ဆောင်ကား အုတ်ဟောင်း ၊ အုတ်ပုံ ၊ အုတ်ခုံဟောင်းမှ လွဲ၍ ဘာမျှ မရှိတော့ပြီ ။ သမီးတော်ကျောင်းက ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မီးသင့်လောင်ခဲ့ခြင်းဖြစ်သည် ။ တောင်မှန်ကျောင်းတိုက်ကြီးကမူ စစ်ကြီး၌ ကံကောင်းထောက်မစွာ ဗုံးဒဏ်က လွတ်ကာ အကောင်းပကတိ ကျန်ရစ်ခဲ့ပါသေး၏  ။ သို့သော် စစ်ကြီးအပြီး မကြာလှသော ကာလမှာပင် လူမသမာ အချို့က လုံခြုံရေး စိတ်မချ ၊ ပစ္စည်းများ ပြတိုက်ပို့ရမည် အကြောင်းပြကာ တစ်စစီ ဖျက်ဆီး ယူငင်သွားကြသည် ဆို၏ ။ ထိုထိုနေရာများ၌ ဤသို့ ဤနှယ် သာသနိက အဆောက်အဦကြီးများ ရှိခဲ့ဖူးသည် ဆိုတာကိုလည်း မမေ့မလျော့ မှတ်သားကြရပေဦးမည် ။

 ▢  ဆူးငှက် 
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

စကားပွင့်ဝေခဲ့တဲ့ မြေ


❝ စကားပွင့်ဝေခဲ့တဲ့ မြေ ❞
           ( ဆူးငှက် )

တန်ခူးလဝယ် ...
စိတြကြယ် ... ရောင်နီကယ်လျက်
မိုးလည်း စံပျော် ... ထွန်းလာပေါ်က
ကံ့ကော်ရင်ခတ် ... ပင်လုံးညွတ်၍
ပွင့်ဝတ်ဖူးငုံ ... လွမ်းပွဲပုံရှင့် ၊
ကဆုန်ပြိဿ ...
ဆန်းပြန်ကလည်း ... ရွှေလနှင့်သာ
ဝိသာခါလျှင် ... မကွာထံပါး
ယှဉ်ပြိုင်သွား၍ ... စကားငုံစီ
ဖူးခဲ့ပြီရှင့် ။
            ( ရဝေရှင်ထွေး )

သင်္ကြန်ပျော်ပွဲ ဆင်နွှဲပြီးတော့ ကောဇာသက္ကရာဇ် နှစ်ဆန်းဆီ ခြေတစ်လှမ်း ဝင်ပြန်၏ ။ တကယ်တော့ “ မနှစ်က ” ဆိုတာ လျှပ်တစ်ပြက် ၊ မျက်စိတစ်မှိတ်မျှသာ ကြာသည် ဟူလို ။ ဤသို့ဖြင့် ရာသီအလီလီ ကူးခဲ့ချေပြီ ။ ဤသို့ဖြင့် ပန်းပေါင်း တစ်ရာငုံ ၊ ပန်းပေါင်း တစ်ရာဖူး ၊ ပန်းပေါင်း တစ်ရာပွင့် ၊ ပန်းပေါင်း တစ်ရာ ကြွေခဲ့ပြန်သည် ။ ဒါပေမယ့် ရာသီစက်ဝန်းက တစ်နေရာတည်း တစ်ကန့်တည်း ရပ်နေတာ မဟုတ် ။ ကြွေသော ပန်းနေရာမှာ ပန်းပေါင်းတစ်ရာ ငုံ ပြန်ချေ၏ ။ ဤသို့ဖြင့် “ ဖူး ၊ ပွင့် ” သံသရာ လည်ပြန်ဦးမည် ။ သည် ပန်းပေါင်း တစ်ရာကပဲ လောကကို တစ်လှည့်စီ အလှဆင်နေမည် ဖြစ်၏ ။

ပိတောက်က ဝါခနဲထိန် ၊ သရဖီက သင့်ခနဲမွှေး ၊ ကံ့ကော်ရင်ခတ် ဖျပ်ဖျပ်လူးပွင့် ၊ ဟော ... ဟိုတောင်ပေါ်ရိုးမှာတော့ စကားပွင့်တွေ ဝေနေပြန်ပါပေကော ။

သူတော်စင်သည် အရိုးပြိုင်းပြိုင်း စကားပင်တန်း အောက်က မြေလ မ်းတစ်လျှောက် ထိ ၊ သိ ၊ သတိ ဖြင့် လောကကို ဆင်ခြင်ခဲ့ဖူးချေ၏ ။ စကားရွက်စိမ်းဖြိုင်ဖြိုင်မှ စကားပွင့်ဖြူဖြူဝါတွေ ခဲနေအောင်ပွင့် ၊ မြေလမ်းပေါ် တဖွေ့ဖွေ့ ကြွေ ... သည် စကားပွင့်လမ်းမှာပင် သူတော်စင်သည် ဘာဝနာ ကမ္မဌာန်း စီးဖြန်းခဲ့သေး၏ ။ စကားပင်တန်း စောင်းတန်းလေးတစ်လျှောက် သဘာဝ ကျောက်ဆစ်လှေကားထစ်တွေ တစ်ထစ်ပြီး တစ်ထစ် နင်းကာ စကားပွင့်ကြွေ ရနံ့သင်း စေတီရင်ပြင်အတွင်း ချဉ်းနင်း ဝင်ရောက်ပြီး ကျည်ဆံခွံညောင်ရေအိုးကြီး၌ စကားပွင့်တွေ ဝေနေအောင် ထိုးကာ ကန္ဓကုဋီတိုက်တွင်း ဆင်းတုတော်ခြေရင်းတွင် ဝပ်စင်းကာ တောင်းဆု ပြုခဲ့ဖူးချေ၏ ။

ထိုစဉ်က တစ်တောလုံး တစ်တောင်လုံး စကားပွင့်တွေ ဝေ ။ စကားပွင့်တွေ ကြွေ ... ။

အခုတော့ တောင်ပေါ် မြေနီလမ်းကလေးသည် ပြန့်ပြူးညီညာ နိုင်လွန်ကတ္တရာလမ်း ဖြစ်သွားချေပြီ ။ စကားပင်တန်းက အလျှော့ပေး ပျောက်ကွယ်သွားပြီး အရွက်ချွန် အသောက တယ်ပင်တန်းက လမ်းတစ်ဖက်တစ်ချက် မတ်မတ်ရပ်လျက်ရှိ၏ ။ ဟိုတောင်ပေါ် စေတီရင်ပြင်သည် ရောင်စုံမှန်ကူကွက် အီတာလျံ ကျောက်ပြားများဖြင့် ဖိတ်ဖိတ်လက် ။ ရင်ပြင်ပတ်လည်မှာ အင်ဒိုနီးရှား စကားနီတစ်တန်း ၊ ဘုံခုနစ်ဆင့် ပြာသာဒ်ပင်က တစ်တန်း ၊ စနစ်တကျ စိုက်ထား၏ ။

စေတီလေး၏ ဂန္ဓကုဋီတိုက် ထဲမှ ဆင်းတုတော်သည် ရောင်စုံလျှပ်စစ် ပန်းကုံးများဖြင့် သပ္ပာယ်နေသည် ။ ဆင်းတုရှေ့ ထိုင်ဝမ်ကြွေပန်းအိုးကြီးထဲ၌ ပလတ်စတစ် သစ်ခွရောင်စုံတို့ မညှိုးတမ်း ပွင့်နေ၏ ။ ကြွေပန်းအိုးကြီး ဘေးတစ်ဖက် တစ်ချက်၌ ဟောင်ကောင်လုပ် ကြာပန်းမီးဆိုင်းကြီး နှစ်ဆိုင်းက မီးလုံးထွန်းညှိ ရဲမှည့်နေ၏ ။ အခြား ကြွေပန်းအိုး အသီးသီးမှာ တံဆိပ်စုံ အမွှေးတိုင်တို့က အမွှေးနံ့ တလူလူဖြင့် ပူဇော်ပသ နေပြန်သည် ။ ခေတ်စားကျော်ကြားနေသော ရွှေရောင်မှုတ်ဆေးတို့ဖြင့် ပြောင်ဝင်းလက်နေသည့် စေတီတော်ပတ်လည်တွင်လည်း ဖန်မှန်မီးဆိုင်းများဖြင့် တင့်တယ်နေသည် ။

အခုတော့လည်း တစ်တောလုံး တစ်တောင်လုံး ကြွေရိပ် ၊ မှန်ရိပ် ၊ ရွှေရောင်ရိပ်တွေဝေ ... ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

ဗာရာဏသီဆရာတော် ဒေါက်တာ စန္ဒိမာ

❝ ဗာရာဏသီဆရာတော် ဒေါက်တာ စန္ဒိမာ ❞


စာရေးဆရာ မာန်မြင့်ရဲ့ ဇနီး ဒေါ်ချစ်ကြည်က ဖုန်းဆက်ပါတယ် ။ သူ့အိမ်မှာ ဆွမ်းကပ်တယ် ။ ထမင်း လာစားလှည့်ပါတဲ့ ။


ဆရာမာန်မြင့်ရဲ့ မိသားစုနဲ့ ကျွန်တော်က အလွန် ရင်းနှီးခင်မင်တာပါ ။ စားကောင်းသောက်ကောင်းလေးတွေ ရှိရင် ယခုလိုပဲ လက်တို့နေကျ ။ ဒေါ်ချစ်ကြည်က အလှူအတန်းမျိုးစုံကို မကြာခဏ လုပ်နေကျ ။ ကျွေးမွေးနေကျ ။ ယခုတစ်ခါ ဆွမ်းကပ်တာကတော့ အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမှာ သီတင်းသုံး နေတဲ့ ဆရာတော် ဒေါက်တာ စန္ဒိမာ မြန်မာနိုင်ငံကို ခေတ္တ ကြွလာခိုက် ကပ်တဲ့ ဆွမ်းပါ ။


ဒေါ်ချစ်ကြည်တို့ အိမ်ကို ကျွန်တော် ရောက်သွားတော့ ဆရာတော်ကို ဆွမ်းကပ်ပြီးပြီ ။ ဆရာတော် ဒေါက်တာ စန္ဒိမာက အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမြို့ရှိ ဆန်စခရစ် တက္ကသိုလ်က အမ်အေဘွဲ့  ၊ ပီအိတ်ခ်ျဒီဘွဲ့တွေ ရခဲ့ပြီး စာပေပါရဂူ ( D.Lit ) ဘွဲ့အတွက် ကျမ်းပြုနေတာ ဖြစ်ပါတယ် ။


“ အိန္ဒိယမှာ တက္ကသိုလ်ဝင်ခွင့် ဘယ်လို လျှောက်ရသလဲ ဘုရား ” 


“ ဦးပဉ္စင်းတို့ တုန်းက Intrance ( ဝင်ခွင့်စာမေးပွဲ ) အောင်မှ Master ( မဟာ ဝိဇ္ဇာ ) တက်ခွင့်ရတာ ”


“ ဘာ ဘာသာစကားနဲ့ ဖြေရတာလဲ ”


“ ပါဠိကို ဟိန္ဒီစာလုံးနဲ့ ရေးဖြေရတာ ၊ သင်ကြားရာမှာတော့ ဘာသာစကား သုံးမျိုးနဲ့ သင်တယ် ။ အင်္ဂလိပ် ၊ ဟိန္ဒီ ၊ ပါဠိလို သင်တယ် ။ သူ့ မိခင်စကားကို ကျယ်ပြန့် စေချင်တော့ ဟိန္ဒီကို ဦးစားပေး သင်တယ် ။ ကိုယ်က အင်္ဂလိပ်လို မေးရင် ဆရာတွေက နားလည်တယ် ။ ဒါပေမဲ့ ပြန်ဖြေရာမှာ ဟိန္ဒီလိုပဲ ပြန်ပြောတယ် ”


“ ဟိန္ဒီဘာသာက မတတ် မဖြစ်ပေါ့ ဘုရား ၊ ဘယ်လို သင်ယူရသလဲ ”


“ မြန်မာနိုင်ငံက ပြန်သွားတဲ့ နီပေါ ရဟန်းတော် တစ်ပါး ၊ ဗာရာဏသီက ဦးပဉ္စင်းတို့ နေတဲ့ တက္ကသိုလ် အဆောင်မှာ ရှိတယ် ။ သူက မြန်မာစကားလည်း တတ်တယ် ၊ ဟိန္ဒီလည်း တတ်တယ် ။ ဟိုရောက်မှ သူ့ဆီက ပြန်သင်ရတာ ”


“ ရောက်စမှာ ဟိန္ဒီလည်း မတတ်သေးတုန်း ၊ ဘာသာစကား အခက်အခဲက တော်တော် ကြီးသလား ”


“ ကြီးတာပေါ့ ၊ အင်္ဂလိပ်လိုက လူတိုင်းကို ပြောလို့ရတာ မဟုတ်ဘူး ။ လန်ချား စီးလည်း ဟိန္ဒီလို ပြောရတယ် ။ ဟိုမှာ ကိုယ်က ဘုန်းကြီးဆိုပြီး ဆွမ်းခံစားလို့ လောင်း မယ့်သူ မရှိဘူး ။ ကိုယ့်ဟာကိုယ် ချက်စားရတာ ။ ဟင်းသီးဟင်းရွက် ဝယ်လည်း ဟိန္ဒီလို ပြောရတာ ၊ ပစ္စည်း တစ်ခုကို How much? လို့ မေးလိုက်တာနဲ့ ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်တယ် ၊ ဈေးပိုပြောတယ် ။ ကစ်တနားဟဲ လို့ ဟိန္ဒီလို မေးရင် ဈေးမှန်ပြော တယ် ”


“ ဟိန္ဒီလို မတတ်ခင်ကတော့ ပြဿနာ ရှိမှာပေါ့ ”


“ စီနီယာ ဦးပဉ္စင်းက မြေပဲဆန် သွားဝယ်ချေလို့ ခိုင်းတယ် ။ မြေပဲဆန် ကို မွန်ဖတီ ခေါ်တယ်တဲ့ ။ သင်ပေးလိုက်တယ် ၊ မွန်ပလီက ဖယောင်းတိုင် ၊ ဦးပဉ္ဇင်း ပြောတာက မပီတော့ ဈေးသည်က မြေပဲဆန် အစား ဖယောင်းတိုင်ပဲ ထိုးပေးတယ် ။ မဟုတ်ဘူး ဆိုတာလည်း ပြန်မပြောတတ်ဘူး ။ ဒါနဲ့ ပဲလှော်ရောင်းတဲ့ဆိုင် ပြန်သွား ၊ မြေပဲဆန် တစ်စေ့ တောင်းယူလာပြီး ဆိုင်ရှင်ကို ပြမှ ဝယ်လို့ရတယ် ”


ဆရာတော်က သူ့ အတွေ့ အကြုံကို ပြန်ပြောရင်း ပြုံးပါတယ် ။ 


“ ပါဠိကို အသံထွက်ရာမှာလည်း မြန်မာနဲ့ အိန္ဒိယက နည်းနည်း ကွာတယ် ။ အရှင်ဘုရားတို့ ပညာသင်ယူရာမှာ အခက်အခဲ ဖြစ်သလား ”


“ ဦးပဉ္စင်းဘွဲ့က စန္ဒိမာ ၊ သူတို့က ချန်ဒိမာ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ သူတို့က ဗုဒ္ဓံ ချရဏံ ဂစ်ချာမိ ။ သီရိလင်္ကာ ၊ တိဗက်တွေလည်း ဒီလိုပဲ ထွက်တယ် ။ ဘုန်းကြီးတို့ကို သူတို့က အင်တာနေရှင်နယ် အသံထွက်ပါလို့ ပြောတယ် ”


“ အစားအသောက်ချင်း မတူတော့ အခက်အခဲ ရှိသလား ဘုရား ”


“ သူတို့ဆီက ရှစ်ဆယ် ရာခိုင်နှုန်းလောက်က သားငါး မစားဘူး ။ ကြက်ဥတောင် ဦးပဉ္စင်းတို့ ပေါ်ပေါ်ထင်ထင် ဝယ်ဖို့ မလွယ်ဘူး ”


“ အိန္ဒိယက ရာသီဥတု ကြမ်းတယ် ။ အရှင်ဘုရားတို့ အခက်အခဲ ရှိသလား ” 


“ ဦးပဉ္စင်းဇာတိ ရွှေဘိုနယ်က ရာသီဥတု ပြင်းတယ် ။ မိုးနည်းတဲ့ အခါ နည်းတယ် ၊ အေးတဲ့ အခါ အေးတယ် ။ ဟိုဘက်ကျ ဒါထက် ဆိုးတယ် ၊ မိုးက အညာထက် အများကြီး ပိုနည်းတယ် ။ အေးတာ မတရားအေးတယ် ၊ ဦးပဉ္စင်းတို့ တိုက်ဖွိုက် ရှိတယ် ။ ဟိုက ရာသီဥတုက ကြမ်းတယ် ။ ဦးပဉ္စင်း ကတော့ အေးတဲ့ဟာနဲ့ သွားတည့်သလား မသိပါဘူး ။ ကိုးနှစ် အတွင်းမှာ နှစ်ခါပဲ ဖျားဖူးတယ် ။ မြန်မာပြည်တုန်းက တိုက်ဖွိုက် ခဏ ခဏ ဖြစ်တာ ”


“ ကိုးနှစ်တောင် ကြာပြီ ဆိုတော့ ဘယ်တုန်းက စထွက်ခဲ့တာလဲ ဘုရား ” 


“ ၂ဝဝ၄ ခု ၊ သြဂုတ်လက ဦးပဉ္စင်းတို့နဲ့ ဓမ္မာစရိယ အတူတူ လုပ်ခဲ့တဲ့ ဦးပဉ္စင်း တစ်ပါးက အိန္ဒိယကို ထွက်သွားနှင့်တာ ။ သူက ဒေါက်တာ ဝိစိတ္တ ။ အိန္ဒိယမှာ ပညာသင်ဖို့ စိတ်မဝင်စားဘူးလား မေးပြီး သူက စီစဉ်ပေးတာ ”


ကျွန်တော်က ဆရာတော်ရဲ့ ငယ်စဉ်ဘဝကို မေးလျှောက်ပါတယ် ။


“ ဦးပဉ္စင်းရဲ့ ဇာတိက ကန့်ဘလူမြို့နယ် ၊ ဘုံရွာ ။ ရွာမှာ စာသင်ကျောင်းကို မရှိဘူး ။ နှစ်မိုင်လောက် ဝေးတဲ့ ထန်းတပင်ရွာကို သွားပြီး ကျောင်းတက်ရတယ် ။ လေးတန်း အောင်ပြီးတော့ ထန်းတပင် ၊ ဇီးကုန်းမြို့မှာ ကျောင်းဆက်တက်တာ ။ ငါးတန်းအောင် အထိ နေခဲ့ရတယ် ။ မိဘတွေက တောင်သူတွေ ၊ မွေးချင်း ခုနစ်ယောက်မှာ ဦးပဉ္စင်းက ဒုတိယ ဆိုတော့ မိဘတွေက အောက်က အငယ်တွေ ဆက်ထားရဦးမှာ ဆိုပြီး ကျောင်းနုတ်လိုက်တာ ”


“ ရဟန်းဘောင် ဝင်ဖြစ်တာလည်း ပြောပြပါဦး ဘုရား ” 


“ ကျောင်းက ထွက်ရတာက ၁၂ နှစ်သားလောက် ၊ အိမ်က မိဘလုပ်ငန်းတွေ ကူလုပ်ရတာပေါ့ ။ ၁၄ နှစ်သားမှာ ရှင်ပြုတယ် ။ ဦးပဉ္စင်းရဲ့ ဝမ်းကွဲအစ်ကိုတွေက ထန်းတပင် ၊ ဇီးကုန်းက ရွှေဖောင်ဦး စာသင်တိုက်မှာ ၊ ဦးပဉ္စင်းလည်း အဲဒီ စာသင်တိုက်ကို လိုက်နေတယ် ။ စာသင်တိုက်မှာ နေရင်း စာမေးပွဲတွေ အောင်တာနဲ့ မြဲသွားတာ ။ အငယ်တွေ ၊ အလတ်တွေ ဖြေတယ်ပေါ့ ဒကာကြီးရာ ။ နောက်တော့ ရဟန်းဒကာကြီးတွေ ရှိတဲ့ ဖျာပုံကို ရောက်သွားတာ ”


“ ဘယ်လို ဆက်စပ်မိတာလဲ ဘုရား ၊ ထန်းတပင် ၊ ဇီးကုန်းနဲ့ ဖျာပုံ ဆိုတာ အဝေးကြီးပဲ ”


“ ဖြစ်ပုံက ရဟန်းသာ ခံတယ် ၊ ရဟန်းဒကာ ကလည်း ရဟန်းကို မမြင်ဖူးဘူး ။ ရဟန်း ကလည်း ရဟန်းဒကာကို မမြင်ဖူးဘူး ။ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံ အနီးက ပုပ္ပားရွာ ကျောင်းထိုင်ဆရာတော်က ဦးပဉ္စင်းတို့ ထန်းတပင် ၊ ဇီးကုန်းကို လှမ်းဆက်သွယ်ပြီး ရဟန်းလောင်း တောင်းတာ ။ ဦးပဉ္စင်း ကလည်း ရဟန်းပြုရမယ့် အသက် ရောက်နေတာနဲ့ ”


“ ရဟန်းဒကာက ဘယ်သူတဲ့လဲ ဘုရား ” 


“ ဦးကျင်ဟင်း ၊ ဒေါ်ကျင်ပို့ ။ ဦးပဉ္စင်းက ပထမကြီးတန်းကို ဖျာပုံမှာ သွားအောင်တယ် ။ စာဆက်လိုက်ဖို့ ရန်ကုန် ပြောင်းတာ ။ ကျောက်ကုန်း မေဒိနီမှာ ၂၀ဝ၃ ခုက ဓမ္မာစရိယ ပြီးတယ် ။ မေဒိနီက စာသင်တိုက်ကြီး ။ သံဃာ ၂ဝဝ ကျော် ရှိတာ ။ ကျောင်းတိုက်မှာ သီတင်းသုံးမယ့် သူက စာသင်သား ဖြစ်ရင်ဖြစ် ၊ စာချဘုန်းကြီး ဖြစ်ရင်ဖြစ်ရမယ် ။ ဦးပဉ္စင်းက ပါဠိပါရဂူ ဆက်လုပ်နေတယ် ”


“ အိန္ဒိယကို ဆက်ထွက်သွားပုံကကော ဘုရား ”


“ ဦးပဉ္စင်းရဲ့ ဆွမ်းခံအိမ် တစ်အိမ်က အင်ဂျင်နီယာ ဦးကျော်ကျော် ၊ ဒေါ်စန်းစန်း ဝင်း တဲ့ ။ ဒကာကြီးက စင်ကာပူမှာ အလုပ်လုပ်နေတာ ။ ဒကာကြီး မြန်မာနိုင်ငံ ခဏပြန်လာတယ် ။ ဦးပဉ္စင်းကို စင်ကာပူ ၊ မလေးရှားကို ဗဟုသုတ အဖြစ် အလည်ကြွဖို့ ပင့်တယ် ။ ပြီးတော့ လစဉ် ဝတ္ထုငွေ လှူပါရစေတဲ့ ။ သူ လှူမယ့်ငွေက ဦးပဉ္စင်း အိန္ဒိယ ပညာသင်သွားရင် ကုန်မှာနဲ့ ကွက်တိလောက်ပဲ ၊ အဲဒါနဲ့ ထွက်ဖြစ်တာ ” 


“ အိန္ဒိယကို ဘယ်လို စိတ်ဝင်စားတာလဲ ဘုရား”


“ ဓမ္မဗျူဟာ စာစောင်ထဲမှာ ဘိုကလေးရှင်ပဏ္ဍိတက အိန္ဒိယ ၊ သီရိလင်္ကာ အကြောင်း ရေးတာတွေ ဖတ်ဖူးတယ် ။ ဒါတွေ ဖတ်ပြီးတော့ သွားချင်တဲ့ ဆန္ဒ ဖြစ်နေတာ ”


“ ဒကာ ရှိတော့ ပညာဆက်သင်နိုင်တာပေါ့ ဘုရား ”


“ ဗာရာဏသီက ဆန်စခရစ်တက္ကသိုလ် ( Sanskirt University ) မှာ ၊ ဒေါက်တာ ဝိစိတ္တက အရင် သွားနေကျ ၊ သူနဲ့ ထည့်ပေးလိုက်တာ ။ သူက စီနီယာ ဆိုတော့ တက္ကသိုလ် အဆောင်မှာ သူ့ အတွက် အခန်း ရှိတယ် ။ ဦးပဉ္စင်းက သူ့အခန်းမှာ ဝင်နေ ရုံပဲ ။ ၂၀၀၄ ခု ရောက်တယ် ။ ၂၀၀၆ မှာ Master ပြီးတယ် ။ ၂၀၁၀ ၊ မတ်လမှာ ပီအိတ်ချ်ဒီ ဒေါက်တာဘွဲ့ ရတယ် ။ ၂ဝ၁၁ ခုနှစ်မှာ D.Lit အင်တာဗျူး အောင်တယ် ” 


ကျွန်တော်က “ မှန်ပါ့ဘုရား ” နဲ့ စကားထောက် ပေးတယ် ။


“ မြန်မာနိုင်ငံ အနေနဲ့ ပြောရရင် အိန္ဒိယမှာ နေတဲ့ သံဃာအပါး ၅ဝဝ ကျော် ၊ ၆ဝဝ မှာ ဦးပဉ္စင်းက ပထမဦးဆုံးအနေနဲ့ အင်တာဗျူးအောင်တာ ။ အခုဆိုရင် ကျမ်းတင်ဖို့ သုတေသန လုပ်နေတယ် ။ တစ်ဖက်ကလည်း ဗုဒ္ဓဂယာမှာ မြန်မာနိုင်ငံက လာတဲ့ ရဟန်းတော်တွေ ဘာသာစကား သင်ယူတာ အကူအညီ ပေးဖို့ ၊ ဘုရားဖူးတွေ အဆင်သင့် တည်းခိုနေနိုင်အောင် ကျောင်းတစ်ဆောင် တည်ထောင်ဖို့ လုပ်နေပါတယ် ” 


“ ဘယ်လိုကြောင့် ဂယာ မှာ ကျောင်းတည်ဖို့ စိတ်ကူးဖြစ်တာလဲ ဘုရား ”


“ ပထမဆုံးက မြန်မာနိုင်ငံမှာ သီတင်းသုံးဖို့ စိတ်ကူးတာ ၊ ဒါပေမဲ့ ဦးပဉ္စင်းတို့ နောက်ထပ် နေရလှ နှစ် ၅ဝ ပေါ့ ။ ကိုယ် လုပ်ခဲ့တဲ့ ဘဝမှတ်တိုင် တစ်ခု ရှိစေချင်တယ် ။ အိန္ဒိယကို ပညာသင်လာတဲ့ သံဃာတွေရဲ့ အခက်အခဲ ကလည်း ကိုယ်တွေ့ပဲ ။ ဂယာ ဘုရားဖူးတွေ ကလည်း တစ်နှစ်ထက် တစ်နှစ် များလာတယ် ။ မြေလှူမယ့် သူကလည်း ရှိနေတယ် ”


“ မြေက ဘယ်သူတွေ လှူမှာလဲ ”


“ မြန်မာနိုင်ငံကပါပဲ ၊ မတည် လှူဒါန်းတာက ရွှေပြည်သာ မွန်မလေး ကုန်စုံဆိုင်ရှင် ဦးအောင်ဝင်း ၊ ဒေါ်မြင့်မြင့်ခင် ၊ ထန်းတပင် ဇီးကုန်းက ရဟန်းဒကာ ဦးထိန်ဝင်း ၊ သား ကိုသန့်ဇင်ဦး ၊ မမိုးမိုးတို့ တွဲဖက်ပြီး မြေလှူတယ် ။ အိန္ဒိယလို လေးကဋ္ဌ ၊ မြန်မာ လိုတော့ ပေ ၈၀ × ၆၀ ၊ ထပ်ချဲ့ဖို့ ဝယ်ချင်သေးရင် ၁ဝ ကဋ္ဌ အထိ ရှိသေးတယ် ”


“ ဗုဒ္ဓဂယာမှာ မြန်မာကျောင်းတွေ တော်တော်များနေပြီ မဟုတ်လား ဘုရား ”


“ များတာ မှန်ပါတယ် ။ မြန်မာနိုင်ငံက လာတဲ့ ဘုရားဖူးတွေက ဂယာလေဆိပ်မှာ ဆင်းတယ် ။ ဗာရာဏသီ ၊ သာဝတ္ထိ ၊ ကုသိနာရုံ ၊ လုမ္ဗိနီ ကို သွားပြီးရင် ဂယာ ပဲ ပြန်လာပြီး လေယာဉ် စီးကြရတယ် ။ ဒါကြောင့် ဂယာ မှာ တည်းခို နေထိုင်စရာ လိုအပ်နေသေးတယ် ။ မြန်မာဘုရားဖူးတွေက ကိုးလပိုင်းက လေးလပိုင်း အထိ လာတယ် ။ ကျန်တဲ့ အချိန်တွေမှာလည်း အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ဘုရားဖူးတွေ လာနေကြတယ် ။ ဟိုတယ်လောက် Facility ( အသုံးအဆောင်ပစ္စည်း ) မပြည့်စုံပေမဲ့ သန့်သန့် ရှင်းရှင်း ၊ လုံလုံခြုံခြုံ ၊ ကုန်ကျစရိတ် နည်းနည်းနဲ့ နေရတယ် ။ ဦးပဉ္စင်းတို့ ကတော့ မြန်မာဘုရားဖူးတွေ အတွက် အဓိက ရည်ရွယ်တယ် ”


“ ကျောင်းက ဘယ်နားမှာလဲ ဘုရား ”


“ ဗုဒ္ဓဂယာဘုရားနဲ့ သိပ်မဝေးဘူး ။ မျက်နှာချင်းဆိုင်မှာ ဗီယက်နမ်ကျောင်း ရှိတယ် ။ အနီးမှာ ဒလိုင်းလားမားကြီးရဲ့ တပည့် တိဗက်ကျောင်း ရှိတယ် ။ ဆက်လက်ပြီး တည်ထောင်မယ် ။ မြန်မာသံဃာတွေ ရောက်ရောက်ချင်း ဘာသာစကား အခက်အခဲ မရှိအောင် ဟိန္ဒီဘာသာကို Short Cut နည်းနဲ့ သင်ပေးမယ် ။ ပြီးရင် စနစ်တကျနဲ့ ဟိန္ဒီဘာသာ ၊ အင်္ဂလိပ်စာ သင်ပေးမယ် ။ ဘုရားဖူးတွေလည်း လက်ခံမယ် ”


 ⎕ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ ၁၀၀ 

အကာတောမှာ ဗျာမော

❝ အကာတောမှာ ဗျာမော ❞
           ( ကိုရိုးကွန့် )

ယဉ်ယဉ် တစ်ယောက် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားခဲ့ရိုး အမှန် ။ ယဉ်ယဉ် သည် ထာဝစဉ်ပြင်ဆင် ခြယ်သ နေတတ်သော မိန်းမတစ် ယောက် မဟုတ်သလို အမြဲတစေ ပစ်စလတ်ခတ် နေတတ်သော မိန်းမလည်း မဟုတ်ပေ ။ သနပ်ခါးရေကျဲ ၊ ဆံပင်တစ်ပတ်လျှိုဖြင့်သာ နေတတ်သော ယဉ်ယဉ် ။ စကားနည်းသလို အပေါင်းအသင်း သူငယ်ချင်းနည်းသော ယဉ်ယဉ် ။ ရည်းစားထားဖို့ထက် ဘွဲ့ရဖို့ကိုသာ အာရုံစိုက်ခဲ့သော ယဉ်ယဉ် ။ ဘွဲ့ရလျှင် မိဘကို တစ်ပြန်တစ်လှည့် ( တတ်အားသမျှ ) လုပ်ကျွေးမည်ဟု စိတ်ထက်သန်ခဲ့သော ယဉ်ယဉ် ။ အလုပ်လည်း မြန်မြန်ရသည့် ဝါသနာလည်း အလွန်ပါသည့် ကျောင်းဆရာ လုပ်မည်ဟု စိတ်ကူးခဲ့သော ယဉ်ယဉ် ။

ရည်ရွယ်တိုင်း မဖြစ်သလို ၊ မရည်ရွယ်ပဲနှင့်လည်း ဖြစ်လာတတ်ပါသည် ။

ယဉ်ယဉ် တစ်ယောက် အိမ်ထောင်ရှင်မ ဖြစ်နေပြီ ။

••••• ••••• •••••

“ ယဉ်ယဉ် .... ပြီးပြီလား ၊ ခြောက်နာရီ ထိုးလုပြီနော် ”

“ ဟုတ်ကဲ့ အစ်ကိုကြီး ၊ ပြီးပါပြီ ”

ယဉ်ယဉ်ခင်ပွန်း ဦးမြင့်နိုင်သည် သူ့ကို အစ်ကိုကြီး ဟု ခေါ်ရန် သွန်သင်ထားသဖြင့် သူ့ အလိုအတိုင်း လိုက်ခေါ်ရသော်လည်း ခံတွင်း မတွေ့ လှသေးပေ ။

ယခုအခါ ယဉ်ယဉ် အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ ။ ယခင်နှစ်က ဘွဲ့ရတော့ ၂၁ နှစ် ။ ဘွဲ့ရပြီး လပိုင်း အတွင်းတွင် မမျှော်လင့်ဘဲ အိမ်ထောင် ကျသည် ။ အိမ်ထောင်ကျကတည်းက သူ့ကို အစ်ကိုကြီး ဟု ခေါ်ရန် သင်ခဲ့သော ဦးမြင့်နိုင်သည် ယဉ်ယဉ်နှင့် သက်တမ်း ၁၉ နှစ် ကွာခြားသည် ။

အစ်ကိုကြီး ဟု ခေါ်လျှင် ဦးမြင့်နိုင် ခေါင်းမှ ထိုးထောင်ထွက်နေသော ဆံပင်ဖြူတို့က လှောင်ပြောင်မှာလား ၊ ပျော့တွဲနေသော အသားအရည်တွေက ရယ်မောကြမှာလား ၊ ဘေးလူတွေက မဲ့ရွဲ့ကြမှာလား ၊ တွေး၍ တွေး၍ ရှက်ခဲ့သေးသည် ။

ရိုးရိုးရှင်းရှင်း ကြိုက်သော ယဉ်ယဉ်က ဦးမြင့်နိုင် ဟုသာ ခေါ်ချင်သည် ။ အစ်ကိုကြီး ဟု ခေါ်ရသည်မှာ ကလက်တက်တက်နိုင်သည်ဟု ထင်၏ ။ အဆင်အသွေး တောက်တောက်ပပ ၊ ပန်းပွင့်လှလှလေးတွေ ပါသော အင်္ကျီမျိုးကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်ခြင်းဖြင့် ကျဆင်းလာသော အသက်ကို ကျားကန်နေသည့် ဦးမြင့်နိုင်သည် အစ်ကိုကြီး မှ အစ်ကိုကြီး အခေါ်ခံချင်နေ၏ ။

သူ့ဆန်စား ရဲမှ ဟု အားတင်းကာ အစ်ကိုကြီး ဟု မနှစ်မမြို့ ခေါ်ခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသည် ။ ထိုအခါ ကွမ်းစားလွန်းသဖြင့် နီရဲနေသော သွားကြီးများ အထင်းသား ပေါ်အောင် တဟဲဟဲ ရယ်ရင်း ‘ သည် လိုမှပေါ့ ညီမလေးရယ် ’ တဲ့ ။

ယဉ်ယဉ် ကလည်း ညီမလေး ဟူသော စကားလုံးသည် တရားဝင်ဖြစ်သွားမှာ စိုးရိမ်သဖြင့် ပျာပျာသလဲပင် ....

“ အို ယဉ်ယဉ် ကို ယဉ်ယဉ် ပဲ ခေါ်ပါ ၊ ညီမလေးတွေ ဘာတွေ မလုပ်ပါနဲ့  ၊ ဖေဖေ မေမေတို့က သမီးလို့ မခေါ်ဘူး ၊ ယဉ်ယဉ် ပဲ ခေါ်တယ် ၊ မောင်လေး ညီမလေးတွေလဲ မမ လို့ မခေါ်ဘူး ၊ ယဉ်ယဉ် ပဲ ခေါ်တယ် ၊ ဒါကြောင့် ယဉ်ယဉ် ကတော့ ယဉ်ယဉ် လို့ ခေါ်တာပဲ ကြိုက်တယ် ”

ခုရှုပ်မှ နောင်ရှင်း ပြတ်ပြတ်ပင် ပြောခဲ့သည် ။ ထိုအချိန်က မျက်နှာ ထားတည်တည်ဖြင့် ယဉ်ယဉ် ပြောခဲ့မိ၍ တဟဲဟဲ ရယ်နေသော ဦးမြင့်နို င်သည် ရုတ်တရက် ဘရိတ်အုပ်နင်းခံရသော ကားကြီးလို အရှိန်ကောင်းစဉ် တုံ့ခနဲ ရပ်သွားသည် ။ ယခုထိုမျက်နှာကြီးကို ပြန်လည်မြင်ယောင်မိပြီး ရယ်ချင်လာသဖြင့် ပြုံးမိသည် ။

“ ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ ယဉ်ယဉ်ရဲ့ ”

“ ဪ ..... ဘာမှ မဟုတ်ပါဘူး ၊ သွားမှာသာ သွားပါ အစ်ကိုကြီးရယ် ၊ ယဉ်ယဉ် ပြီးပါပြီ ”

ပြန်လှည့်လာသော အစ်ကိုကြီးကို ဇွတ်တွန်းပြီး အိပ်ခန်းထဲက ထွက်ရသည် ။ ထိုသို့မှ မလုပ်လျှင် နွားအိုမြက်နုကြိုက်ကြီးသည် ဝမ်းကစ်(စ်) တူးကစ်(စ်) လုပ်ချင် လုပ်နေဦးမည် ။

သူနမ်းလျှင် ယဉ်ယဉ် အလွန် စိတ်ပျက်သည်  ။

••••• ••••• ••••• 

ယဉ်ယဉ်တို့တွင် ဘာပစ္စည်းမှ ယူစရာ မလိုပါ ။ ကျော့ကျော့မော့မော့ပင် အိမ်မှ ထွက်၍ အေးအေးဆေးဆေးပင် ဟီးနိုးကားပေါ် တက်သည် ။ ခရီးသည် တချို့လည်း ရောက်နေပြီ ။ အစ်ကိုကြီး၏ တပည့်တစ်ဦးက လက်မှတ်ကို စောစောစီးစီး ကြိုတင်ယူပေးထားသဖြင့် နေရာကောင်း ( စိတ်ကြိုက်နေရာ ) ရသည် ။ အစ်ကိုကြီးသည် အဆင်းအတက် လွယ်ကူရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရှေ့တံခါးပေါက်နားက နှစ်ယောက်ထိုင်ခုံကို ကြိုက်သည် ။ ကွမ်းစားတတ်သော အစ်ကိုကြီးက ပြတင်းပေါက်ဘက်ခြမ်းတွင် နေရာယူသည် ။

ယနေ့လို တနင်္ဂနွေနေ့ ညနေမျိုး ဆိုလျှင် ပဲခူးမှ ရန်ကုန်သို့ ပြန်ကြသော အစိုးအရအမှုထမ်း များပြားသဖြင့် လက်မှတ်စိတ်ချရန် ကြိုတင် ဝယ်ရသည် ။ အစ်ကိုကြီးသည် အစိုးရအမှုထမ်း မဟုတ် ။ ထိုသို့ဆိုလျှင် ကုန်သည်လော ၊ ကုန်သည် စစ်စစ်ဟုလည်း ပြော၍ မရပြန် ။ သို့သော်လည်း လူအများ သိသည်မှာ ကုန်သည် ပွဲစား ။ ထို့ကြောင့် ကုန်သည် ဟု အပေါ်ယံ ရှပ် ခေါ်လျှင် ရ၏ ။

ကားမထွက်မီ အစ်ကိုကြီးသည် ကွမ်းတမြုံမြုံ ဝါးလိုက် ၊ ပစ်ခနဲ ထွေး လိုက်ဖြင့် အတော် ဟုတ်နေသည် ။ အလုပ်ကိစ္စတွေ စဉ်းစားနေဟန်တူ ပါသည် ။ ယဉ်ယဉ်မှာ တွေးစရာ မရှိသဖြင့် ရှေ့တံခါးပေါက်မှ တက်လာ သော ခရီးသည်များကို ငေးမောကြည့်မိသည် ။ ယဉ်ယဉ်နှင့် သိသူ တစ်ဦးမှ မပါ ။

မသိဆို ပဲခူးသည် ယဉ်ယဉ်မြို့မှ မဟုတ်ဘဲ ။ ယဉ်ယဉ်က ပျဉ်းမနားသူ ၊ အစ်ကိုကြီးက ပဲခူးသား ။ ရန်ကုန်နှင့် ပဲခူးမှာ မဝေးလှသေးသော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းထွက် ယဉ်ယဉ်သည် ပဲခူးသို့ ပထမဆုံး အကြိမ် ရောက်ဖူးခဲ့ခြင်း ဖြစ်သည် ။ အစ်ကိုကြီး၏ အလုပ်အကိုင်က ရန် ကုန်မှာသာ ရှိသည်မို့ ရန်ကုန်မှာ အနေများခဲ့သည် ။ ရန်ကုန်ဖြစ် ပြီးရော ၊ မြို့နယ်အစွန်အဖျား ချောင်းကမ်းနံဘေးတွင် တဲထိုးထားခြင်းမဟုတ် ၊ မြို့လယ်မှာ တိုက်ခန်းကျယ်ကြီးနှင့် အကျအန ထားသည် ။

တစ်သက်လုံး ပျဉ်ထောင်အိမ်နှင့် နေခဲ့ရသော ယဉ်ယဉ် သည် အစ်ကိုကြီးနှင့် ညားခါမှ တိုက်ခန်းကြီးနှင့် ဖြစ်လာသဖြင့် ပျော်ပါသလား ။ မပျော်ပိုက်ပါ ။ ယဉ်ယဉ် တစ်ယောက် လင်ရ ကံကောင်းသည်ဟု အများ ကတော့ ပြောကြသည် ။ အစ်ကိုကြီး အကြောင်း ခရေစေ့တွင်းကျ မသိသေး သမို့ ပြောခြင်းဖြစ်ပေမည် ။ သူ့မယား ဖြစ်သည့် ယဉ်ယဉ် ဆိုလျှင် သိသည်မှာ မကြာသေး ။ သည်တော့ ဖေဖေ ၊ မေမေနှင့် တကွ ဆွေမျိုး သားချင်းများ ၊ သူငယ်ချင်းများ မသိသည်မှာ မဆန်းပေ ။

တဖြည်းဖြည်းနှင့် ကားထဲတွင် လူပြည့်လာသည် ။ နှစ်ယောက် ထိုင်ခုံတန်းများ၏ အလယ်တွင် လူသွားလမ်း ရှိသည် ။ ထိုလမ်းပေါ်တွင်  “ ကြားခုံ ” ဟု ခေါ်သော ခွေးခြေများ ချထားသည် ။ အများအားဖြင့် ထိုကြားခုံများကို လက်မှတ်ကြိုတင်ဝယ်မထားမိ၍ နေရာ မရသော ခရီးသည်များ အတွက်သာ ဖြစ်၏ ။ ကားခပေးရသည့် တန်ဖိုးချင်း အတူတူ ကျောမှီ မပါသော ကြားခုံကို မည်သူ ထိုင်ချင်ပါမည်နည်း ။

သို့သော် ယဉ်ယဉ် ဘေးနားရှိ ကြားခုံမှ တစ်ပါး တစ်ကားလုံး နေရာပြည့်ပြီ ။ ညနေခြောက်နာရီ ထိုးပြီမို့ ကားလည်း စတင်ထွက်ခွာပြီ ။

••••• ••••• •••••

ယဉ်ယဉ် ခရီးသွားလျှင် ဘုရားတရားကို အာရုံပြုသည် ။ အန္တရာယ်ကင်းဂါထာ ရွတ်ဆိုသည် ။ ဟိုဘက်တွင် ရွှေသာလျောင်း ၊ ဟိုနားတွင် ရွှေမော်ဓော ၊ ဟိုရှေ့တွင် ဟင်္သာကုန်း စသည်ဖြင့် မျှော်မှန်း ရော်ရမ်းကာ စိတ်ထဲမှ ရှိခိုးကန်တော့သည် ။

ဘုရားတရားနှင့် ဝေးကွာလွန်းသော အစ်ကိုကြီးသည် ကားထွက်သည် နှင့် ငိုက်ပါပြီ ။ သူ့အဖို့ သည်ခရီး သည်လမ်းသည် အခေါက်ခေါက် အခါခါ သွားနေကျမို့ အလွန်ရိုးတာလှပြီ ။ ထို့ကြောင့် နောက်ဆုံးလက်ကျန် ကွမ်းဖတ်ကို ထွီခနဲ ထွေးကာ ပတ်ဝန်းကျင်ရှုခင်းကိုလည်း မကြည့်တော့ဘဲ ငိုက်မြည်းနေသည် ။ အစ်ကိုကြီး၏ စိတ်အာရုံထဲတွင် ဘုရား , တရား အစား ငွေကြေးအသပြာများ သာ ရှိနေပေမည် ။

ယဉ်ယဉ် တို့မှာ ယှဉ်တွဲနေရသော်ငြား တစ်ယောက်တစ်ကမ္ဘာစီ ဝေးကွာသည် ။ မြားနတ်မောင်သည် ဘာ့ကြောင့်များ အသွင်မတူသော ယဉ်ယဉ် တို့ကို တွဲစပ်ပေးသနည်း ။ မကြိုက်တိုင်း ပြင်လို့ မရသော အမှုကိစ္စတွင် မြားနတ်မောင်သည် ဘယ်အကြောင်းကြောင့် မဆင်မခြင် ပြုလေသနည်း ။ အချစ်ကို ပစ်ခါထားခဲ့သည့်အတွက် ယဉ်ယဉ့် ကို စိတ်ဆိုးပြီး မတော်မတည့် စီစဉ်ပေးလေသလား ။

ဟီးနိုးကားကြီးသည် မြို့ပြင်ကို လွန်၍ “ စာကလေးကွင်း ” သို့ ရောက်သောအခါ သိမ့်ခနဲ ရပ်သွားသဖြင့် ယဉ်ယဉ် အတွေးအာရုံတို့ အဆက်ပြ တ်ရသည် ။

ကားစပယ်ရာက လမ်းပေါ်မှ လူကို “ ရန်ကုန်လား ” ဟု လှမ်းမေးသည် ထိုသူက ခေါင်းညိတ်ပြသည် ။ တစ်ဆက်တည်း တက်လည်း တက်သည် ။ ယဉ်ယဉ် အနီးရှိ ကြားခုံကို ကားစပယ်ရာက လက်ညှိုးထိုးပြသည် ။ ထိုင်လေ ဆိုသောသဘော ။ တက်လာသူသည် ယဉ်ယဉ် နှင့် ကြားခုံကို ရောထွေး ကြည့်ပြီး စပယ်ရာကို ပြောသည် ။

“ မထိုင်တော့ပါဘူးဗျာ ၊ လမ်းလျှောက်တာနဲ့ စာရင် ကားစီးရတာပဲ တော်လွန်းလှပါပြီ ။ ကျွန်တော် ဒီအဝမှာပဲ ရပ်လိုက်ပါ့မယ် ”

“ ထိုင်စရာရှိ ထိုင်ပေါ့ ငါ့ညီရ ၊ မင်းက အပေါက်ဝမှာ ရပ်လိုက်လို့ မတော်တဆ လိမ့်ကျပြီး သေသွားရင် ဘယ်လိုလုပ်မလဲ ၊ ငါတို့မှာ ကြားထဲက အချောင်အလုပ်ပြုတ် ၊ ထောင်ကျမှာ ”

“ ဘာဗျ ... ထောင်ကျမှာ ဟုတ်လား ၊ သည်လိုဆိုလည်း ထိုင်ပါ့မယ်ဗျာ ” ဟု ပြောကာ ဝင်ထိုင်သည် ။

စနစ်တကျ သက်သောင့်သက်သာ ထိုင်ခြင်း မဟုတ်ပေ ။ ယဉ်ယဉ်ကို အားနာ၍ ထင်ပါသည် ။ ခပ်လွဲလွဲ တစောင်းကြီး ထိုင်သည် ။

သူသည် အသက်အစိတ် ပတ်ဝန်းကျင်တွင် ရှိပေမည် ။ သင့်တင့်သော အဝတ်အစားနှင့် ဖြစ်သည် ။ သူ့တွင် လွယ်အိတ်တစ်လုံးလည်း ပါသည် ။ သူ့လွယ်အိတ်ကို ပေါင်ကြားတွင် ညှပ်ထားသည် ။

သူသည် ကားရှေ့တံခါးပေါက်ကို မျက်နှာမူ၍ ကားလာရာနှင့် ကန့်လန့်အနေအထား ထိုင်သည် ။ ယဉ်ယဉ်တို့ မှာ ကားသွားရာဘက်ကို မျက်နှာမူ၍ ကားနှင့် အလိုက်သင့် အနေအထား ထိုင်သည် ။ ထို့ကြောင့် ယဉ်ယဉ် ရှေ့တည့်တည့်တွင် နီးကပ်စွာ ရှိနေသည့် သူ့ကို မကြည့်သော်လည်း မြင်နေရသည် ။

မတိုမရှည် သူ့ဆံပင်သည် ဆီနှင့် ဝေး၍ သွေ့ခြောက်သည် ။ အသားအရည်မှာ နေလောင်ခံ ထားရဟန်ရှိ၏ ။ ခြေဆံလက်ဆံရှည်၍ အရပ်မြင့်မားသူ တစ်ဦး ဖြစ်၏ ။

ထိုင်နေစဉ်မှာပင် သူ့ဒူးရှည်ကြီးသည် ယဉ်ယဉ် ကို လာလာ ထိတတ်သည် ။ ထိုအခါ သူသည် ဂရုပြုမိဟန်ဖြင့် ဖယ်ရှားရှာသည် ။

ကွင်းပြင်ကြီးမှ တစ်ပါး ဘာမျှ ထူးခြားစွာ ကြည့်စရာ မရှိသည့် ကားပြင်ပမြင်ကွင်းကြောင့် ခေါင်းလှည့် မကြည့်တော့ဘဲ ကားရှေသို့ မျက်နှာမူလိုက်တိုင်း ယဉ်ယဉ်၏ အမြင်အာရုံထဲသို့ သူ့ပုံလွှာသည် တိုက်ရိုက်ဝင်လာသည် ။

လေအတိုးတွင် သူ့နဖူးပေါ် အုပ်ဝဲကျနေသော ဆံပင်တို့ အထက် ထောင်ကာ လပ်သွားသည် ။ ဆံပင်အောက်ရှိ သူ့နဖူးပြင်မှ နဂိုအသား အရောင်ကိုမြင်တွေ့ရသည် ။ တော်တော်လေး ဖြူသည် ။ ပါး ၊ နှာခေါင်း စသော နေထိသော နေရာများမှ အရောင်အသွေးနှင့် တခြားစီ ။ “ သည်လူ ဘာလို့ သည်လောက်တောင် နေလောင်ထားပါလိမ့် ” ဟု မဆီမဆိုင် တွေးမိသည် ။

သူ၏ ထူသောမျက်ခုံး ၊ အတန်ငယ်ကျယ်ဝန်းသော မျက်စိအိမ် ၊ ယောက်ျားဖြစ်ပါလျက် ကော့ကွေးနေသော မျက်တောင် ၊ ပေါ်လွင်ဖြောင့်တန်းကာ အဖျားတွင် လုံးစုစုလေး ဖြစ်သွားသည့် နှာခေါင်း ၊ ပိရိပါလွှားသော နှုတ်ခမ်းအစုံ ၊ သွယ်သော မျက်နှာကျပုံအရ လူရည်မွန် လူရည်သန့်မှန်း အသွင်ကြည့်ရုံဖြင့် သိသာပေသည် ။

ပေါင်ပေါ်တွင် တင်ထားသည့် သူ့လက်ချောင်းများမှာ အနုပညာရှင် လက်မျိုး ရှည်ရှည်သွယ်သွယ်လေးတွေဖြစ်သည် ။

အမေးပုစ္ဆာ တစ်ခုသည် ယဉ်ယဉ့် ခေါင်းထဲ လက်ခနဲ ပေါ်လာသည် ။ “ အနုပညာသမားဟု ထင်ရသော လူရည်သန့်တစ်ဦးသည် အဘယ့်ကြောင့် နေလောင်ထားသော အသားအရေ ရှိပါသနည်း ” ။ ယဉ်ယဉ် ဉာဏ်မမီခဲ့ ။ တွေးလေ ဝေးလေပင် ။

တွေး၍ မရသောအခါ ရှေ့သို့ ကြည့်သလိုလို ဘာလိုလိုဖြင့် သူ့မျက်နှာကို မြင်သာပေါ်လွင်အောင် ကြည့်ပြန်သည် ။ ယဉ်ယဉ် ကြည့်သည်ကို သူမသိဟု ထင်၍လည်း စူးစူးရဲရဲ ကြည့်ခဲ့မိသည် ။

သူစိမ်း ယောက်ျားတစ်ဦးကို စေ့စေ့ကြည့်မိခြင်းသည် ယဉ်ယဉ် အဖို့ ပထမဆုံးအကြိမ်သာ ဖြစ်ကြောင်း ကျိန်ဆိုဝံ့ပါသည် ။

ဪ ... ကိုလူချောရယ် ၊ ရှင့်မျက်နှာဟာ တစ်ခါ ကြည့်ပြီးရင် နှစ်ခါ သုံးခါ ပြန်ကြည့်ချင်တဲ့ မျက်နှာမျိုးပါလားနော် ၊ ရှင့်မျက်နှာဟာ ပန်းချီ ကားကောင်း တစ်ချပ်လိုပဲ ဖွဲ့စည်းပုံမှန်တယ် ၊ အသွေးအရောင် မျှတတ ယ် ၊ ဟုတ်ပြီ ၊ ဟုတ်ပါပြီ ၊ တွေးလို့ ရပြီ ၊ ရှင်ဟာ ပန်းချီဆရာ ဖြစ်ရမယ် ၊ နေပူထဲမှာ အချိန်ကြာမြင့်စွာ ပန်းချီဆွဲခဲ့လို့ မျက်နှာနဲ့ လက်တွေမှာ နေလောင်ထားတာ ဖြစ်ရမယ် ။ အို .. ရှင်ရယ် ဘာလို့ များ နေပူထဲမှာ ပန်းချီဆွဲရတာလဲကွယ် ၊ ကျွန်မ ရှင့်ကို အနားမှာ ထီးမိုးပေးမယ်လေ ၊ ပြီး တော့ အရိပ်ထဲမှာ ၊ အခန်းထဲမှာ ဆွဲချင်ယင် ကျွန်မ ကိုယ်ဟန်ပြမယ်လေ ။

ဘုရား ... ဘုရား ၊ ယဉ်ယဉ်စိတ်တွေ ဘယ်အတိုင်းအတာထိ လွင့်မျောသွားပါလိမ့် ၊ ယဉ်ယဉ် အတွေးများ သူ့အာရုံအသိထဲ ဝင်သွားပြီလား  ၊ ယဉ်ယဉ်သည် လွတ်လွတ်လပ်လပ် တွေးရအောင် အပျိုလည်း မဟုတ် ၊ ဘေးနားတွင် အိပ်ငိုက်နေသော ကာမပိုင် လင်ယောက်ျားကြီး ရှိနေသည် ။

ယဉ်ယဉ်သည် လျှပ်ပေါ်လော်လည်သော မိန်းမ မဟုတ် ၊ ဘုရားတရားကြည်ညိုကိုင်းရှိုင်းသော မိန်းမ ။ ဆွေမျိုးအသိုက်အဝန်း ကြားတွင် ဗို င်းကောင်းကျောက်ဖိကလေးဟု သတင်းမွှေးသော ယဉ်ယဉ် က ဘာလို့ များ တိတ်တဆိတ် ဖောက်ပြန်မိပါလိမ့် ။

“ အို .... ရှင် ၊ ဒါတွေဟာ ရှင့်ကြောင့် ၊ ရှင့်အကြောင်းကို မတွေးဘူး ၊ ရှ င့်ကို မကြည့်ဘူး ၊ ကျွန်မဟာ ဣန္ဒြေရှင်မိန်းမပါ ၊ နာမည်ကိုက ယဉ်ယဉ်ပါတဲ့ ရှင် ၊ ယဉ်ကျေးတဲ့ သူလေးပါ ”

ပိုက်ဆံအိတ်ကို ဖွင့်ပြီး အတွင်းမှ စိပ်ပုတီးကို ထုတ်သည် ။ မျက်လုံးကို ဇွတ်မှတ်သည် ။ အနိစ္စ .... ပုတီးတစ်လုံး ၊ ဒုက္ခ ... ပုတီးတစ်လုံး ကျ ကျလာသည် ။

ဒုက္ခ ၊ ဒုက္ခ လွင့်မျောနေသောစိတ်ကို ဖမ်းချုပ်ရသည်မှာ သိပ်ခက်ပါလား ။

••••• ••••• •••••

“ ငါညီ ... ကားခ ”

သူသည် ဂိတ်မှ လက်မှတ်ဝယ်ပြီးစီးသူ မဟုတ်သောကြောင့် သူ့ထံမှ ကားခငွေကို စပယ်ရာက တောင်းသည် ။

ယဉ်ယဉ် လက်ချောင်းထိပ်တွင် လိမ့်လူးနေသော ပုတီးစေ့များ ရပ်တန့်သွားသည် ။ စကားသံသည် ယဉ်ယဉ့် မျက်လုံးကို ဆွဲဖွင့်သည် အကြည့်သည် သူ့အပေါ်သို့ ဒိုင်းခနဲကျလေပြီ ။

သူသည် အူကြောင်ကြောင် မျက်နှာပေးဖြင့် စပယ်ယာကို ကြည့်နေသည် ။ စပယ်ယာက သူ မကြားဘူး ထင်၍  “ ကားခ - ကားခ ” ဟု ပို၍ ခပ် ကျယ်ကျယ် ပြောသည် ။ သူသည် ယောင်တောင်တောင် လုပ်နေဆဲပင် ။ ထို့နောက် ယဉ်ယဉ့် ဘက်သို့ ရှက်ရွံ့စွာလှည့်ကြည့်ပြီး သူ့ လွယ်အိတ်ထဲ လက်နှိုက်သည် ။

လက်ထုတ်လိုက်သောအခါ ပိုက်ဆံအိတ် ထွက်လာမည်ဟု ယဉ်ယဉ် ထင်ထားသည်  ။ မဟုတ်ပေ ။ အင်္ဂလိပ်ဝတ္ထုစာအုပ်ထွက်လာသည် ။ ဪ ... စာအုပ် ဖွင့်လိုက်လျှင် စာအုပ်ကြားထဲမှ ပိုက်ဆံတွေတော့ ထွက်လာမှာပဲဟု ထင်လိုက်ပြန်သည် ။ မဟုတ်ပြန် ။ စာရွက်ခေါက်လေး တစ်ရွက် ပေါ်လာသည် ။ သူသည် ထိုစာရွက်ကို ဖြန့်၍ စပယ်ရာကို ပေးသည်  ။

“ ကိုယ့်လူ ၊ ဒါက ဘာစာရွက်လဲ ”

သူသည် ချက်ချင်း မဖြေ ။ ယဉ်ယဉ် ကို ရှက်ရွံ့စွာကြည့်သည် ။ သူနှင့် အနီးဆုံးမှာ ယဉ်ယဉ် သာ ရှိသည် ။ သည့်အပြင် မားမားမတ်မတ် လန်း လန်းဆန်းဆန်းနှင့် မျက်လုံးဖွင့်ထားသည်မှာ ယဉ်ယဉ် တစ်ဦးသာ ဖြစ် သည် ။ တစ်ကားလုံးရှိ လူအများစုမှာ ငိုက်မျဉ်းနေကြသူနှင့် ကားအပြင်ကို ငေးမောနေသူနှင့် ။

“ အဲဒါ အဲဒါ ..... ထောင်ထွက်လက်မှတ်ပါ ၊ ပိုက်ဆံ မပါ ၊ မပါ ”

“ ဘာ .... ထောင်ထွက်လက်မှတ် ဟုတ်လား ” ဟု ယဉ်ယဉ် နုတ်ဖျားမှ ထွက်လုထွက်ခင်တွင် သတိချွန်းဖြင့် အနိုင်နိုင် ထိန်းအုပ်လိုက်ရသည် ။

စပယ်ရာကြီးသည် စာနာသနားစွာဖြင့် “ ရပါတယ် ညီလေးရာ ၊ ရော့ - မင့်စာရွက် ” ဟု ဆိုကာ ပြန်ပေးသည် ။ သူ့မျက်နှာသည် ငုံ့လျှိုးလျက် ။

‘ ရှင်ရယ် .... ရှင့်ရုပ်ရည်နဲ့ ရှင့်နှုတ်ထွက်စကားဟာ ဆန့်ကျင်ဘက်တွေပါလား ၊ ကျွန်မ ရုတ်တရက် အိပ်ပျော်ပြီး အိပ်မက်မက်နေတာ မဟု တ်ပါဘူးနော် ၊ တကယ်တော့ ရှင်ဟာ အနုပညာသမားဖြစ်စေ ၊ ကျောင်းဆရာဖြစ်စေ ၊ အရာရှိငယ်တစ်ဦး ဖြစ်စေ ဖြစ်ရမှာပေါ့ရှင် ’

ယဉ်ယဉ့် အတွေးကို ဘယ်သူမှ မကြားမှန်း သိလျက်နှင့် နံဘေးမှ အစ်ကိုကြီးကို မလုံမလဲစိတ်ဖြင့် စောင်းငဲ့ကြည့်မိသည် ။ ယဉ်ယဉ် နှင့် ဘာမှ မဆိုင်သလို တစ်ဖက်သို့ ခေါင်းကြီး လိမ်ပြီး အိပ်စက်နေသည် ။

အစ်ကိုကြီး အေးဆေးစွာ အိပ်နေချိန်တွင် သူသည် ရှက်ရွံ့စွာ ထိုင်နေရသည် ။ ပြစ်ဒဏ်ကြွေးကို ချွေးဖြင့် ပေးဆပ်ပြီးပြီမို့ ရှက်ရွံ့နေစရာ မလိုတော့ပေ ။ ယဉ်ယဉ် အစ်ကိုကြီးသာ တထိတ်ထိတ် နေရမည့်သူ ဖြစ်ပေသည် ။

ယဉ်ယဉ့် စိတ်သည် အတိတ်သို့ လွင့်သွားပြန်သည် ။

••••• ••••• ••••• 

နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးသောအခါ ပျဉ်းမနား သို့ ပြန်လာခဲ့သည် ။ စာမေးပွဲတွင်း၌ အိပ်ရေးပျက်ခဲ့သမျှ အဆောင်တွင် ဟင်းကောင်း မစားခဲ့ရသမျှ အိမ်ရောက်မှ အတိုးချကာ စာရင်း အိပ်ရင်းဖြင့် ပျော်ရွှင်နေမိသည် ။ တစ်ပတ်ခန့် ယဉ်ယဉ် ကို လွှတ်ထားပြီးနောက် မေမေသည် ယဉ်ယဉ် အိမ်ထောင်ပြုရေးကို ပြောလေသည် ။

“ ယဉ်ယဉ် အခုဆို ကျောင်းပြီးပြီနော် ၊ ကျောင်းမှာ ချစ်သူတွေ ဘာတွေ ရှိခဲ့ပြီလားကွယ် ။ ရှက်မနေနဲ့နော် ၊ မေမေ့ကို အမှန်အတိုင်း ပြောပါကွယ် ။ ရှိခဲ့ရင် မေမေတို့ စုံစမ်းပြီး သင့်တော်ရင် လက်ထပ်ပေးမယ် ”

“ ချစ်သူလည်း မရှိဘူး ၊ အိမ်ထောင်လည်း မပြုချင်သေးဘူး မေမေ ”

“ မေမေပြောမယ့် စကားကို လေးလေးနက်နက် စဉ်းစားပါ ယဉ်ယဉ် ၊ မေမေတို့ အိမ်ရဲ့ စီးပွားရေးကို သမီး သိပါတယ်နော် ။ မေမေတို့ ဟန်သာ ရှိတယ် အဆံ မရှိတော့ဘူး ။ ယဉ်ယဉ်အဖေက ဆယ့်နှစ်ရာသီလုံးလုံး လူမမာကြီး ဖြစ်နေပြီ ။ မေမေ့လို အဘွားကြီးဟာ ပြေးလွှားပြီး စီးပွားမရှာနို င်တော့ဘူးကွယ် ။ မေမေတို့ စားစရိတ်တွေ ၊ ယဉ်ယဉ်နဲ့ မောင်လေးတွေ ရဲ့ ကျောင်းစရိတ်အတွက် ချေးခဲ့ ငှားခဲ့ရတာတွေ ၊ ဒီအိမ်နဲ့ မြေကို ရောင်းရတော့မယ့် အခြေထိ ရှိနေပြီ ။ ကျန်တဲ့ မောင်နှမ ငါးယောက်ရဲ့ ရှေ့ဆက်ရမယ့် ပညာရေးကလည်း ရှိသေးတာမို့ ၊ အင်း ... တိုတို ပြောရရင် ယဉ်ယဉ်ကို ဦးမြင့်နိုင် က လက်ထပ်ချင်တယ်တဲ့ကွယ် ”

“ ဟို ဟို ယဉ်ယဉ်တို့ အိမ်ကို ကြံသကာ လာလာဝယ်တဲ့ လူကြီးလား ”

“ ဟုတ်တယ် ယဉ်ယဉ် ၊ ချစ်သူရည်းစား မရှိသေးရင် မငြင်းစေချင်ဘူး ။ ဦးမြင့်နိုင်ဟာ လူပျိုလူလွတ်ပါကွယ် ။ သဘောသကာယလည်း ကောင်းရှာပါတယ် ”

နူးညံ့ညင်သာသော မေမေ့စကားသံသည် ပိုးကြိုးပျော့ပျော့လေးနှင့် တူပါသည် ။ သို့သော် ယဉ်ယဉ်ကို ရစ်ပတ်ထားသည်မှာ ရုန်း၍ လှုပ်၍ မရအောင် ခိုင်ခံ့တင်းကျပ်လှပါသည် ။ သမီးကြီးယဉ်ယဉ် အစတေးခံလို က်ရပါသည် ။

ယဉ်ယဉ် တစ်ယောက် ရန်ကုန်က သူဌေးတစ်ဦးနဲ့ ရသွားလေရဲ့ ဟု ဝမ်းသာအားရ ပြောကြသည် ။

ရောင်းချရတော့မည့် ယဉ်ယဉ်၏ ပျဉ်ထောင်အိမ်အိုကြီးသည် နုပျိုသစ်လွင်သော သိန်းကျော်တန် တိုက်ကြီးဘဝရောက်ရသည် ။ ယဉ်ယဉ် မှ လွဲ၍ မိသားတစ်စုလုံး ( ဆွေမျိုးများပင် ပါမည် ထင်ရဲ့ ) ပြုံးပျော်ကြလို့ ။

လက်ထပ်ပြီးပြီးချင်း ယဉ်ယဉ် ကို ရန်ကုန်ခေါ်သွားသည် ။ နဂိုကမူ ယဉ်ယဉ်သည် အစ်ကိုကြီးကို ရိုးရိုးကုန်သည်ပွဲစားဟု ထင်ခဲ့သည်  ။ ရှေ့ပိုင်းမှ ကြံသကာ ၊ ငရုတ် ၊ ကြက်သွန် ပွဲရုံလုပ်ငန်းမှာ ဟန်ပြသာ ဖြစ်၍ နောက်ပိုင်းမှာ လောင်းကစားဝိုင်းနှင့် အရက်ပုန်းချက်ခြင်းသည် အဓိက စီးပွားရေးဖြစ်ကြောင်း အမှတ်မထင် ( မတော်တဆ ) သိခဲ့ရသည် ။ငွေကြေးကိုင်ကာ ပိရိစွာ လုပ်ကိုင်နေသဖြင့် သိသူ အလွန်ရှားပါးသည် ။ ယဉ်ယဉ် သိသည်ပင် ဘာမှ မကြာသေး ။

သိတော့ တိုး၍ တိုး၍ ယဉ်ယဉ် စိတ်ညစ်ရသည် ။

••••• ••••• •••••

ဪ ... ထိုသို့သော သူမျိုးမှာ အပူအပင် ကင်းရှင်းစွာ အိပ်နေနိုင်သည် ။ ကိုလူချောမှာ သူ့ရုပ်ရည်နှင့် မလိုက်ဖက်အောင် ဘာလို့ ဒုစရိုက်သမား ဖြစ်ခဲ့ရသနည်း ။ သူသည် စာရိတ္တပျက်ပြား၍ ၊ ရက်စက်ကြမ်းကြုတ်၍ ပြစ်ဒဏ်ကျခံရခြင်း ဟုတ်ချင်မှ ဟုတ်မည် ။ မဟုတ်မခံစိတ်ဖြင့် ဒေါသအလျောက် ရုတ်တရက် ပြုမှားမိသောကြောင့် ထောင်ကျခဲ့ရတာ ထင်ရဲ့ ဟု သူ့ဘက်မှ လိုက်၍ ယဉ်ယဉ် ဖေးဖေးမမ တွေးလိုက်သည် ။

သူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပုံရပါသည် ။ ယခုထိ ယဉ်ယဉ် ကို သေသေချာချာ မကြည့်သေးဘူး ။ သာမန်မျှသာ ကြည့်သွားဖူးသည် ။ မိန်းမတစ်ယောက်ကို ငွေကြေး ၊ အဝတ်အထည် ၊ အလှပြင်ပစ္စည်းများ စုပုံပေးခြင်းဖြင့် ယောက်ျားတစ်ယောက် တာဝန် ကျေပြီ ။ ချစ်ရာရောက်သည်ဟု ထင်မှတ်နေဟန်ရှိသော အစ်ကိုကြီး၏ ဗုံးပေါလအော ဝယ်ပေးထားမှုကြောင့် ယဉ်ယဉ်မှာ အပျိုဘဝကထက် ဝတ်တတ်စား တတ်နေပြီ ။ ဆံပင်တွေ ဟိုက ဖြတ် သည်က ညှပ် ၊ မျက်နှာကို ဟိုဟာတွေ လိမ်း သည်ဟာတွေ ခြယ်ဖြင့် ကြွေရုပ်လေးလို လှပနေပြီ ။ သည် အလှကို သူသည် သတိပြုမိဟန်ကောင်းပါသည် ။

ယဉ်ယဉ်ကို မကြည့်သည် သာမက ထိမိမှာ စိုး၍ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်နေသော သူ့ကို သနားလာသည် ။

“ ရှင် သက်သာသလို နေပါ ၊ ကားနဲ့ လူနဲ့ အပြည့်ဆိုတော့ ပခုံးချင်း လက်မောင်းချင်း ပေါင်ချင်း ထိမိမှာပေါ့ ၊ ထိပါစေလေ ၊ ခရီးသွားစဉ်မှာ ဒီ လိုပေါ့ ” ဟု ယဉ်ယဉ် ပြောလိုက်ချင်သည် ။

မိန်းမသားက ဖွင့်ပြောလို့ ဖြစ်ပါ့မလား ၊ သူ သိဖို့ ကောင်းသည် ။

အင်းတကော် ရောက်သောအခါ ကားခေတ္တရပ်သည် ။ တံခါးဝအနီးရှိသူသည် အလျင် ဆင်းသည် ။ လှုပ်ရှားသံ ၊ ဆူညံသံများကြောင့် အစ်ကိုကြီး ခေါင်းထောင်လာသည် ။

“ ယဉ်ယဉ် ၊ ကျန်းမာရေးအတွက် အောက်မဆင်းတော့ဘူးလား ၊ အစ်ကိုကြီးတော့ ကွမ်းယာ ဝယ်လိုက်ဦးမယ် ”

အစ်ကိုကြီးနှင့်အတူ ယဉ်ယဉ်လည်း အောက်ဆင်းသည် ။ ထိုအခါ လမ်းတစ်ဖက်ရှိ ရေအိုးစင်သို့ ဦးတည်သွားနေသော သူ့ကို ယဉ်ယဉ် မြင် သည် ။ ပိုက်ဆံ မပါသော သူ့အတွက် စားစရာ ဝယ်ရန် သတိရလိုက်သည် ။

ကျန်းမာရေးအတွက် ဆောင်ရွက်ပြီးသောအခါ လက်ဖက်ရည်ဆိုင် ထဲမှ ကိတ်မုန့်အချပ်များ ဝယ်၍ စက္ကူဖြင့် ထုတ်ယူလာခဲ့သည် ။

“ အစ်ကိုကြီး ၊ စားဦးမလား ”

အစ်ကိုကြီးသည် မေးကို အပေါ်မြှင့်ပြီး ကွမ်းငုံထားသော နှုတ်ခမ်းကြီးကို ထော်၍ ဟင့်အင်း ဟု အသံပြုကာ ခေါင်းယမ်းပြသည် ။ သဘောမှာ ကွမ်းစားထားလို့ မစားတော့ဘူးဟု ပြောခြင်းဖြစ်သည် ။

ကားသည် ခဏရပ်နားပြီး ဆက်လက် ထွက်လာသည် ။ အစ်ကိုကြီး မလစ်သေးသဖြင့် ယဉ်ယဉ်မှာ သူ့ကို မုန့်အပေးရ ခက်နေသည် ။ မုန့်များကို အလကား ကိုင်ထားလျှင် မကောင်းတတ် သဖြင့် တို့တိတို့တိ ဖဲ့ကာ စားနေရသည် ။

ပိုက်ဆံ မပါသော လူတစ်ယောက်အတွက် စားစရာ ဒါနပြုခြင်းသည် ကုသိုလ်ကောင်းမှု တစ်ခု ဖြစ်သည် ။ သို့သော် ယဉ်ယဉ်ခင်ပွန်း ရှေ့တွင် ကုသိုလ်ပြုခြင်းကို မဆောင်ရွက်ရဲဘဲ အိပ်ငိုက်မည့် အချိန်ကို ရင်တထိ တ်ထိတ်ဖြင့် ဘာကြောင့် စောင့်စားနေမိသနည်း ။ မိန်းမ ဖြစ်ရသည်မှာ မလွယ်ပါလား ။

မကြာမီကာလတွင် အစ်ကိုကြီးသည် ကွမ်းဖတ်များကို ထွေးထုတ်ပြီး ၊ အိပ်ငိုက်စ ပြုပြီ ။ ယဉ်ယဉ် သူ့ကို ကြည့်သည် ။ အစ်ကိုကြီးကို ပြန်ကြည့်သည် ။ ဇက်ကျိုးကျကာ အစ်ကိုကြီး၏ ခေါင်းမှာ ယိမ်းထိုးနေသည် ။

“ ဒီမှာ မုန့်စားပါလား ”

ဘာတွေ တွေးနေသည် မသိ ၊ သူ မကြားပေ ။ ထို့ကြောင့် အရဲစွန့်ပြီး လက်ဖျားလေးဖြင့် သူ့ကို တို့ပြီး ပြောလိုက်သည်  ။

“ ဒီမှာ ဒီမှာ ရှင့် ၊ မုန့်စားပါလို့ ”

“ ဪ ... ကျွန်တော့် ပြောတာလား ၊ တော်ပါပြီဗျာ ၊ မဆာပါဘူး ”

သူကသာ မဆာဘူး ပြောနေတယ် ။ သူ့အစာအိမ်အတွင်းမှ လေများနှင့် ( စောစောက သောက်ခဲ့သော ) ရေတို့ ပြေးလွှားဆော့ကစား၍ ( အလိုက်ကန်းဆိုး မသိသော ) သူ့ဗိုက်သည် ဂွီခနဲ မြည်သံ ထွက်လာသည် ။ ထို အသံကို ယဉ်ယဉ် ကြားသည် ။ ယဉ်ယဉ် ကြားမှန်းလည်း သူသိသည် ။ သူ ရှက်နေသည် ။

“ ရော့ ယူပါရှင် ”

ဗိုက်ထဲက တဂွီဂွီမြည်အောင် ဆာလောင်နေသူသည် ခေါင်းယမ်းပြနေသည် ။

မုန့်ထုပ်ကြီး တစ်ခုလုံးကို သူ့လွယ်အိတ်ပေါ် တင်ပေးလိုက်သည် ။ သည်လိုတော့လည်း သူ မငြင်း ။ ယူသည် ။ ကျေးဇူးတင်ဟန်ဖြင့် မျက်လုံး ဝင့်ကြည့်သည် ။

မုန့်ကို အငမ်းမရ မစားချေ ။ သွားနှင့် အသာအယာ ကိုက်ပြီး နှုတ်ခမ်းစေ့ကာ ဝါးသည် ။ အမှုန့်များ မကျစေရန် မေးအောက်တွင် လက်ဝါးခံ၍ စားသည် ။ တစ်ချပ်ပြီး တစ်ချပ် ကုန်အောင်စားသဖြင့် ယဉ်ယဉ် ကျေနပ်သည် ။

“ သိုင်းကျူး ”

သူ ဗိုလ်လိုမှုတ်သည် ။

သူသည် ထိုစကားတစ်လုံးမှ လွဲ၍ ဘာမှ မပြောတော့ပေ ။ ယဉ်ယဉ် ကလည်း သူ့ကို စကားတွေ အများကြီး ပြောစေချင်သည် ။ မေးခွန်းတွေ အများကြီးလည်း မေးချင်သည် ။ နာမည် ဘယ်လို ခေါ်သလဲ ။ ဘာလုပ်သလဲ ။ ပညာအရည်ချင်း ဘယ်လောက်လဲ ။ ဘာကြောင့် ထောင်ကျသလဲ ။ အခုဘယ်က လာပြီး ဘယ်ကို သွားမှာလဲ ။ အို - သူနှင့် ပတ်သက်သော စကားတိုင်းကို စိတ်ဝင်စားသည် ။

‘ ရှင်ရယ် .... ကိုတေမိရယ် ၊ စကားနည်း ရန်စဲ ဆိုတဲ့ စကားပုံတစ်ခု ကြားဖူးပါတယ် ။ ရှင့်မှာ ထောင်ကျဖို့ ဘာလို့များ ရန်များ ခဲ့ရတာလဲ ။ မတွေးတတ်အောင်ပါပဲရှင် ။ ကျွန်မလို မိန်းမချောနဲ့ စကားလက်ဆုံ မကျချင်ဘူးလား ။ များများ မပြောရရင် နေပါစေ ။ ကျွန်မတို့ နာမည် လေးတွေနဲ့ လိပ်စာလေးတွေ ပြောရအောင်နော် ’

ယဉ်ယဉ် မျက်လုံးအကြည့်ကို သံစဉ်များ အဖြစ် သူ ပြန်လည်သရုပ် ဖော်တတ်လျှင် ထိုအတိုင်း ကြားရမည် ။

သူက ဘာသာပြန်အနက် မဖွင့်တတ်တော့လည်း အခက်သား ။

••••• ••••• •••••  

ကားသည် ရန်ကုန်နယ်နိမိတ်ထဲ ဝင်လာသည် ။ ခရီးသည် အချို့သည် နီးစပ်ရာတွင် ဆင်းကြသည် ။ သူများတွေ ဆင်းတိုင်း အပေါက်ဝရှိ ကြားခုံတွင် ထိုင်ရသော သူ့မှာ ဖယ်ပေးနေရသည် ။ သူ မဆင်းသေးသရွေ့ သူ့ကို ယဉ်ယဉ် မြင်နေရသည် ။ စိတ်ချမ်းသာသည် ။ ဖြစ်နိုင်လျှင် သူ ကွယ်ပျောက် မသွားစေချင် ။

သို့သော် တစ်ချိန်ချိန်တွင် သူ ဆင်းမည် ။ သူ သွားမည် ။ ဘယ်သွားမှာလဲ ၊ ဘယ်မှာလဲ ငွေကြေး ။

ငွေ ... ငွေ ။ သူ့ကို ပိုက်ဆံနည်းနည်း ပေးလျှင် ကောင်းမည် ။ သူ လိုရာ သုံးပါ ၊ သူဝယ်စားချင်တာ ဝယ်စားပါ ။

သူ့ကို မည်သို့ ပေးမည်နည်း ။ ယောက်ျားချင်းသာ ဆိုလျှင် ‘ ရော့ဗျာ ... ခင်ဗျားမှာလည်း ဒုက္ခ ရောက်လာတာ ဆိုတော့ သည်ငွေကို လမ်းစရိတ်အဖြစ် ယူသွားပါ ’ ဟု ပြောလိုက်လျှင် ဖြစ်သည် ။ ယောက်ျားနှင့် မိန်း မ ဆိုသည့် အတားအဆီးကြောင့် ဤသို့ ပေး၍ မဖြစ် ။ ငွေ ပေးလိုက် ၊ မုန့်ကျွေးလိုက် လုပ်နေသဖြင့် သူသည် ယဉ်ယဉ့် ကို ဘယ်လို မိန်းမစားမျိုး အဖြစ် မြင်မည်နည်း ။

ယဉ်ယဉ်က စိတ်ထဲမှသာ တပ်မက်ခြင်း ဖြစ်ချင်ဖြစ်မည် ။ ယဉ်ယဉ် အပြုအမူကြောင့် မိန်းမဣန္ဒြေကို အပွန်းအပဲ့ မခံနိုင်ပေ ။ ယဉ်ယဉ်သည် မိန်းမဉာဏ်ကို ပါးပါးလွှာ၍ သုံးသည် ။

ပိုက်ဆံအိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်သလို ပြု၍ နှစ်ရာတန် တစ်ရွက်ကို လက်ကိုင်ပဝါနှင့် ရောနှောယူပြီး ငွေကို အောက်သို့ ကျစေသည် ။ လိုသလိုပင် သူ့ခြေထောက်နား ကျသည် ။ သူ မမြင်သေးပေ ။ မြန်မြန်မြ င်ပါစေ ။

လေတိုး၍ ပိုက်ဆံက သူ့ခြေထောက်ကို တဖျပ်ဖျပ် ရိုက်ခတ်သောအခါ သူ ငုံ့ကြည့်သည် ။ ကောက်ယူလိုက်သည် ။ မမြင်ဟန်ဆောင်၍ ယဉ်ယဉ် တစ်ဘက်သို့ လှည့်နေသည် ။

“ ဒီမယ်ခင်ဗျာ ၊ ဒါဟာ ခင်ဗျားပိုက်ဆံလား ”

“ ဟင့်အင်း ... ကျွန်မဟာ မဟုတ်ဘူး ၊ ရှင်တွေ့တာ ရှင်ယူပေါ့ ”

“ ကျွန်တော့်ဟာ မဟုတ်ဘူးဗျ ၊ ဟိုကားစပယ်ယာကြီး ကျနေသလား ။ ဗျို့ ဆရာကြီး ဒီပိုက်ဆံ ခင်ဗျားဟာလား ”

စပယ်ယာကြီးသည် ဇဝေဇဝါဖြစ်ကာ သူ့ပိုက်ဆံများကို ထုတ်၍ ရေတွက်သည်  ။ ကိုလူချော ကြည့်ရသည်မှာ ယူမည့်ပုံ မပေါ် ။ ဟိုလူ့မေး သ ည်လူ့မေးနှင့် မဆိုင်သူ လက်ထဲ နှစ်ရာတန်ကြီး ရောက်သွားနိုင်သည် ။ အခြားသူတစ်ဦးဦး အချောင်ရယူသွားမည်ကို ယဉ်ယဉ် မလိုလား ။ သူ မယူသည့် ယဉ်ယဉ့် ငွေကို ယဉ်ယဉ် ပြန်ယူရမည် ။

“ ဪ ... ဒီမှာ ဒီမှာ ကျွန်မပိုက်ဆံပါ ။ ခုနလက်ကိုင်ပဝါ ထုတ်တုန်းက ကျသွားတယ်ထင်တယ် ၊ ကျေးဇူးပါပဲရှင် ”

နှစ်ရာတန် လှမ်းပေးသည့် သူ့လက်မှာ တည်ငြိမ်နေသော်လည်း လှမ်းယူသည့် ယဉ်ယဉ် လက်မှာ တဖျပ်ဖျပ် တုန်ခါနေသည် ။

ရင်တွင်းခံစားမှုနှင့် လက်တို့သည် တိုက်ရိုက်ဆက်သွယ်မှုရှိပါသလား ။

••••• ••••• •••••

ကားသည် ဆင်းလိုသူများကို ချ၍ လာရာ ရှစ်မိုင် ခြောက်မိုင်ခွဲ တို့ကို ကျော်လွန်ပြီ ။ အင်လျားကို ဖြတ်တိုက်လာသော ညဉ့်လေညင်းသည် ကားထဲသို့ အလုအယက် တိုးဝင်လာသည် ။ တက္ကသိုလ်ဝန်းကျင်ကို ရောက်ပြီ ။ ယုဒသန်ရိပ်သာရှေ့ မှတ်တိုင်တွင် ကားရပ်သည် ။

မပြောမဆို သူ ဆင်းသွားသည် ။ သူ အောက်ရောက်မှပင် သူဆင်းသွားသည်ကို ယဉ်ယဉ် သိရသည် ။ ယဉ်ယဉ်ကို တစ်ချက်ကလေးမှပင် ကြည့်မသွား ။ ညအမှောင်ထုထဲသို့ လွယ်အိတ်လွယ်၍ တိုးဝင်ပျောက်ကွယ်သွားသည့် သူ့ကို နှမြောတသစွာ ငေးမောနေမိသည် ။

အော်ခေါ်လိုက်လျှင် ကောင်းမလား ၊ ပြေးဆင်းလိုက်သွားရ ကောင်းမလား ။

“ ရှင်ရယ် .... ရှင် ဘယ်သွားမှာလဲ ၊ ကျွန်မကို မခေါ်နိုင်တော့ဘူးလားဟင် ။ ကျွန်မလည်း ရှင်နဲ့ ဘဝတူ ထောင်ကျတစ်ဦးပါပဲရှင် ၊ ဒါပေမဲ့ ရှင့်မှာ လျှော့ရက်တွေ ရှိတယ် ။ လွတ်ရက်လည်း ရှိတယ် ။ ကျွန်မမှာ လျှော့ရက်မရှိဘူး ၊ လွတ်ရက်လည်း မမြင်ဘူး ။ ပြီးတော့ ကျွန်မလေ ဘာပြစ်မှုမှလည်း မကျုးလွန်ပါဘူး ။ ကျွန်မကို စာနာပါရှင် ။ ကျွန်မကို သနားပါရှင် ။ ကျွန်မကို ကယ်မပါရှင် ။ အို - ရှင့်မှာလည်း ရှင့်ဒုက္ခနဲ့ ရှင့်အပူနဲ့ ဆိုတော့ ကျွန်မကို ဘယ်လိုလုပ်ပြီး ကယ်မမှာလဲ ။ ကျွန်မကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလားရှင် လူသားတွေ မစွမ်းဆောင်နိုင်တော့ဘူးလား ”

ဘုရား ... ဘုရား ၊ ဟီးနိုးကားရှေ့ပိုင်း ကားမောင်းသူ ခေါင်းပေါ်တည့်တည့်တွင် ဘုရား ရုပ်ပွားတော်ပုံကို ဆွဲချိတ်ထားသည် ။ ယဉ်ယဉ် မျက်နက်ဝန်းကို အထက်သို့ရွေ့လျားလိုက်စဉ် အမှတ်မထင် တွေ့မြင်မိသည် ။ တစ်လမ်းလုံး ယဉ်ယဉ် သတိမထားမိ ။ ယဉ်ယဉ် အမြင်အာရုံများကို ဘာတွေက ဖုံးကွယ်ခဲ့သနည်း ။ ယဉ်ယဉ် အဖြစ်အပျက် အစအဆုံးကို ဘုရားသခင် သိမြင်တော်မူပေမည် ။ ယဉ်ယဉ် ရှက်ကြောက်ခြင်းကို တစ်ပြိုင်နက် ခံစားလိုက်ရသည် ။

“ ဘုရားသခင် ၊ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား ၊ ကိုယ်တော်ရှင် သာလျှင် တပည့်တော်မကို ကယ်မတော်မူနိုင်မည်ဟု ယုံကြည်ပါသည် ဘုရား ၊ တပည့်တော်မသည် သမ္မာဝါစာ ကို ဆိုပါမည် ၊ သမ္မာအာဇီဝ အမှု ကို ပြုပါမည် ၊ သမ္မာ သတိ ထားပါမည် ၊ သမ္မာ သမာဓိ ကို စောင့်ထိန်းပါမည် ဘုရား ၊ တပည့်တော်မကို ကယ်မတော်မူပါဘုရား ”

ဘုရားရှင်ကို လက်အုပ်ချီ၍ တောင်းပန် အားကိုးမိသည် ။ ဘုရားပုံတော်က စကားမပြောသော်လည်း ဘုရားစကားကို ယဉ်ယဉ် နားထဲ ကြားယောင်လာသည် ။

“ သဗ္ဗေ သတ္တာ ကမ္မသကာ ”

ဟုတ်မှန်သည် ။ သဗ္ဗေ သတ္တာ ကမ္မသကာပါပဲ ။

ဘယ်ဆီဘယ်ဝယ်သို့ ဘယ်အခြေအနေဖြင့် ထွက်သွားမှန်း မသိသော သူ့အပေါ်တွင် တွယ်တာစိတ် ၊ တမ်းတစိတ် ထားနေလျှင် အကျိုးရှိ ပါမည်လော ။

ပြန်လည် မရနိုင်တော့သော အခြေအနေနှင့် မရောက်သေးသည့် အခြေအနေများကို တမ်းတမောလျခြင်းဖြင့် ရေပွက်ပမာ ခဏတာ နေရမည့် တိုတောင်းလှသော လူ့ဘဝချိန်တာကို အကျိုးမဲ့ ကုန်ဆုံးခြင်းသည် သင့်တော်ပါသလော ။

သမ္မာအာဇီဝ မဟုတ်သော အသက်မွေးမှုဖြင့် ကြီးပွားချမ်းသာနေသော အစ်ကိုကြီး အတွက် မကောင်းမှုကို ဖုံးကွယ်ရန် ဆိတ်ကွယ်ရာသည် ထာဝရ ရှိနေမည်လေ ၊ ရှိမည် မဟုတ် ။ သံသရာ တကွေ့ကွေ့တွင် မိမိပြုသော ကောင်းကျိုး မကောင်းကျိုး အလျောက် ခံစား စံစားရမည် မလွဲဧကန် ။

ထိုသို့ဖြင့် ယဉ်ယဉ်သည် ကိုယ့်ကိုယ်ကို ဆုံးမသည် ။ တင်းကျပ်နေသော စိတ်များကို ဖြေလျော့သည် ။ သူ့အပေါ် မျှော်မှန်း တမ်းတစိတ်ကို ချိုးနှိမ်သည် ။

ဟီးနိုးကားကြီး ဆက်လက်ထွက်ခွာလာသည် ။ အသံလွှင့်ရုံမှ မီးဖွေးဖွေးကို မြင်တွေ့ရသည် ။ မကြာမီ ဟံသာဝတီအဝိုင်းကို ရောက်တော့မည် ။ ဪ .... ဟိုနားမှာ ကြံတောပါလား ၊ သင်္ချိုင်းပါလားဟု အမှောင်ထု ထဲသို့ ရော်ရမ်းကြည့်သည် ။ ယဉ်ယဉ် ကျောထဲမှ စိမ့်ခနဲ ဖြစ်သွားသည် ။ ကြက်သီးမွေးညင်းများပင် ထောင်ထသည် ။ သင်္ချိုင်းကို ကြောက်ခြင်း မဟုတ် ၊ မိမိ ကိုယ်ကို ကြောက်လန့်မိခြင်း ဖြစ်သည် ။

ယဉ်ယဉ်သည် ပိုက်ဆံအိတ်ထဲမှ စိပ်ပုတီးကို ဒုတိယအကြိမ်မြောက် ဆွဲထုတ်သည် ။ ယဉ်ယဉ်၏ လက်ညှိုးနှင့် လက်မ ကြားတွင် ပုတီးစေ့များကို ဝေ့ဝိုက်လိမ့်လျောစေသည် ။

တစ်ဖက်မှ ပုတီးစေ့များ တက်လာစဉ် တစ်ဖက်တွင် ကျဆင်းနေသည် ။ ရှေ့တက်နေသော ပုတီးစေ့များသည် စောစောက လျှောကျခဲ့သော ပုတီးစေ့များပင် ဖြစ်သည် ။

ဗျာပါရ အမောတွေ လှိုက်ဆူ နေခဲ့သော ယဉ်ယဉ်၏ စိတ်နှလုံးတို့သည် အေးငြိမ်းချမ်းသာမှုကို တဖြည်းဖြည်း ရရှိလာပြီ ။

▢  ကိုရိုးကွန့်
📖 စန္ဒာ မဂ္ဂဇင်း
      ၁၉၈၅ ၊ ဇန်နဝါရီလ

ရူပါရုံ

❝ ရူပါရုံ ❞
( ပီမိုးနင်း )

မိုးသည် မရပ်မနားဘဲ တစိမ့်စိမ့်စွေ၍ နေလေ၏ ။ ရန်ကုန်မြို့ အရှေ့ပိုင်း လူနည်းသော ရပ်ကွက် ။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လူငါးယောက် လက်ဖက်ရည် သောက်၍ ပြီးသည့်နောက် မိုးလည်း မရပ် လေကလည်း မစဲ လန်ချားများကိုလည်း ခေါ်မရသဖြင့် ဆိုင်မှ မထွက်နိုင်ဘဲ လက်ဖက်ရည်ကြမ်းကို သောက်လျက် နေကြလေ၏ ။

တစ်ယောက်က သတင်းစာကို ကောက်၍ ကြည့်လိုက်သောအခါ ယောက်ျားတစ်ယောက် ကြိုက်သော မိန်းမကို မရသဖြင့် မြစ်ထဲ ခုန်ချပြီး သေဆုံးသည့် သတင်း တစ်ခုကို တွေ့ရသဖြင့် ဖတ်ပြရာ အားလုံး နားထောင်၍ နေကြလေ၏ ။

ထိုလူ ငါးယောက်အနက် တစ်ယောက်မှာ မည်သူမည်ဝါ မည်သည့်အရပ်က လာသူဟု မည်သူမျှ မသိရချေ ။ အဆိုပါ သတင်းစာကို ဖတ်၍ ပြီးသောအခါ ၎င်း လူက မိုးရိပ် ၊ မိုးဆင်ကို ကြည့်ပြီး ဆိုင်မှထွက်တော့မည် ဟန်ပြင်ရင်း မိမိ အနီးရှိ မိုးကာကို ကိုင်၍ ဝတ်လေ၏ ။ သို့ဝတ်ရင်း သတင်းစာ၌ ပါသော အကြောင်းကို သတိရ သလို ဖြစ်ပြီး ကိလေသာတဏှာအချစ်ဆိုတာ အရက်ကြမ်း ၊ အရက်ပြင်းနဲ့ အင်မတန် တူတာပဲ ။ အရက်ကြမ်းကို အသည်းကောင်းတဲ့လူမှ များများကြီး သောက်နိုင်တာကလား ။ ဒီလိုပဲ ချစ်ကြိုက်ခြင်းအလုပ်မှာလည်း အသည်းကောင်းဖို့ လိုတယ် ။ အသည်းမကောင်းရင် ရူးတတ်တာပဲ ။ အရက်လည်း ဒီလိုပဲ ။ အသည်း မကောင်းလို့ ခံနိုင်ရည် မရှိရင် ရူးတာပဲဟု ပြောလေ၏ ။

ထိုအခါ ထူးဆန်းသော စကားကို ကြွင်းသော လူပျိုလူရွယ် လေးယောက်တို့သည် နားစိုက်၍ နားထောင်ရင်း အရပ်မြင့်သော ၎င်းလူကြီး၏မျက်နှာကို မော်၍ ကြည့်ပြီး ရယ်မောကြလျက် “ ဟုတ်တယ်ခင်ဗျာ ။ အင်မတန်မှန်တယ် ” ဟု ပြောကြလေ၏ ။

“ ဒီလိုကလား မောင်တို့ရဲ့ ” ဟု စကားပြောသူသည် မိုးကာအင်္ကျီ ကျန်သော လက်တစ်ဖက်ထဲသို့ လက်ကို လျှိုတော့မည် ပြုပြီးမှ မလျှိုသေးဘဲ ထိုင်ကာ “ ဦးခေါင်း ပျော့တဲ့ လူဟာ အရက်သောက်တဲ့အခါ ငါ ဒီလောက်ဖြင့် ရေချိန်ကိုက်ပြီ ဒီထက် ဒီဂရီပိုရင် ငါမူးတော့မယ် ။ စိုက်တော့မယ် ဆိုတာကို များများကြီး သတိထားရတာ ကလား ။ သတိ မထားဘဲ မူးလေ ၊ မူးမှန်း မသိလေ ဖြစ်ပြီး ဆက်ကာ ဆက်ကာ သောက်ပြီ ဆိုမှဖြင့် ဒုက္ခဖြစ်တတ်တာ မျိုးပဲ ။ဒီလိုပဲ မိန်းမနဲ့ ပတ်သက်တဲ့ အပျော်အပါးများဟာလည်း ဒီဂရီလွန်ရင် ရူးသွပ်တဲ့ ဝေဒနာဟာ သိသိသာသာ စွဲတတ်တာမျိုး ညီမောင်တို့ရဲ့ ။ ကျုပ် မှတ်မိသေးတယ် ။ တစ်ခါ ” ဟု ပြောပြီး မိုးကာကို ပြန်၍ ချွတ်ပြီးနောက် စားပွဲ၌ တင်ကာ ဆက်၍ စကားမပြောဘဲ နားထောင်သူများ၏ မျက်နှာများကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လျက် မိမိ ပြောမည့်စကားကို ဆက်လက် နားထောင်လို ကြပါမည်လားဟု အကဲခတ်သော အမူအရာနှင့် နေလေ၏ ။ သို့နေပြီးနောက် အောက်ပါ အကြောင်းကို ဆက်၍ ပြောလေ၏ ။

“ မကြာသေးပါဘူး ။ အလွန်ဆုံး သုံးနှစ်ကျော်ကျော်ကလေးလောက်ပဲ ရှိဦးမယ် ။ ကျုပ် လှိုင်မြစ်ကမ်း အနီး ရှိဦးမယ် ။ ကျုပ် လှိုင်မြစ်ကမ်းအနီး ရွာကလေး တစ်ရွာကို ကျုပ် ရောက်သွားတယ် ”

“ ရွာ ဆိုပေမယ့် တကယ်တော့ ရွာ မဟုတ်ပါဘူး ။ ချောင်းကြိုမြစ်ကြား ကျွန်းစွယ်အငူကလေး တစ်ခုနဲ့ အိမ် အနည်းငယ်မျှ ရှိတာပါပဲ ။ ဒီအိမ် အနည်းငယ်မှာ ရှိတဲ့ အကြီးဆုံး အိမ်ကြီး တစ်အိမ်ရဲ့ အရန် ၊ သက်တော်စောင့်ကလေးများ ဖြစ်ကြတာကလားခင်ဗျာ့ ။ ကျုပ် သွားရင်းကတော့ ဒီအိမ်ကြီး၏ ပိုင်ရှင် ကိုဘိုးကြူး ဆိုသူကို တွေ့ရအောင် သွားတာပါပဲ ။ သူနဲ့ မတွေ့ရတာကလည်း နှစ်ပေါင်း အတော်ကြာနေသည့်အတွက် ဘယ်နည်း ဘယ်ပုံ နေတယ်ဆိုတာ သိချင်တာနဲ့ ခရီးလမ်းကြုံကြိုက်တာမို့ လှေကလေးတစ်စင်း ငှားပြီး ကျွန်းကို ရောက်သွား တော့ ဆောင်းဦးပေါက်စ ။ ညဉ့် ၇ နာရီသာသာကလေးလောက် ရှိသွား ။ ကျွန်းပေါ်ကို ရောက်လျှင်ရောက်ချင်း ကြည့်လိုက်တော့ ရှေ့ကနဲ့ မတူ အိမ်ကြီးမှာ မီးရောင်မှ မမြင်ရတဲ့အတွက် အင့်ဟင် လူများမှ ရှိပါဦးမလား လို့ စဉ်းစားပြီး မှောင်တာကလည်း မည်းနေတဲ့ အတွက် တစ်ကြောင်း ၊ လမ်းတွေဘာတွေ အုပ်နေသည်အတွက် တစ်ကြောင်း ရှေ့ကို ရုတ်တရက် တိုးမသွားဝံ့ဘဲ အကဲကို အတန်ကြာ ရပ်ပြီး ကြည့်နေ ။ လေကလည်း ငြိမ်လိုက်တာ ဘာသံမှ မကြားရဘူး ”

“ ကျုပ်နေတဲ့ အရပ်နံဘေးပတ်လည်မှာလည်း ကိုင်းပင်တွေဟာ လက်တစ်ဖောင်လောက် မြင့်နေတာပေါ့ လေ ။ သည်တော့ မြွေကင်းပိုးမွှားတို့ကို ကြောက်သော်လည်း ရောက်မိလို့ ရှိမှဖြင့် ပြန်လို့တော့ မဆုတ်ဘူး ။ ဒီအိမ်ကြီးကို အရောက်ပဲ သွားတော့မယ်လို့ စိတ်ကို တင်းပြီး အတင်း ဇွတ်တိုးပြီး သွားလိုက်တာ ။ မကြာမီ အိမ်ရှေ့ကို ရောက်သွား ၊ အိမ်ကို ကြည့်တော့ ဘာမျှ မမြင်ရတာနဲ့ ခေါက်တံခါးကြီးတွေကို သွားပြီး တွန်းလိုက်တော့ အထဲက မီးရိပ် မီးရောင်ကလေးကို မြင်ရပြီး “ ဘယ်သူလဲ ” လို့ ပြာလဲ့လဲ့ အသံနဲ့ မေးလိုက်တာကို ကြားရတာနဲ့ “ ကျွန်တော်ပါပဲဗျာ ” လို့ ပြန်ပြောလိုက် ၊ ပြန်ပြော လိုက်တော့ “ ဘယ်က ကျွန်တော်လဲ ။ ဘာကိစ္စလဲ ”  ဒီအသံပြာပြာက တစ်ခါ ပြန်မေးပြန်တော့ ကျုပ်က “ ကျွန်တော်ပါပဲခင်ဗျား ။ ဒီအိမ်ရှင် ဦးဘိုးကြူးကို တွေ့ချင်လို့ လာတာပဲ ” လို့ ပြန်ပြောတော့ ။ အတွင်းက အသံပြာပြာက “ ဦးဘိုးကြူး မှာ ဘယ်လိုဖြစ်တယ်ဆိုတာ မသိလို့လာတာလား ။ မသိရင် အရပ်ဝေးက လာလို့ပဲ ” ဟု ပြောပြီး တံခါးကို ဖွင့်ပေးပါရော ခင်ဗျား ။ ကျွန်တော်လည်း လူကိုမှ တွေ့ ရပါ့မလားလို့ တွေးပြီး စွန့်အလာမှာ လူကို တွေ့ရတော့ အတိုင်းမသိ အားရှိသွားတာပါပဲ ”

“ မကြာမီ အိမ်စောင့်အဘိုးကြီးဟာ ကျွန်တော့်ကို မီးတိုင်နဲ့ လမ်းပြပြီး ဇရပ်ကြီးလို ဖြစ်နေတဲ့ အိမ်ကြီး အောက်ထပ်မှာ ခုံတန်းလျား တစ်ခု ရှိရာကို ခေါ်သွား ။ မီးရောင်ကို ရှေ့မှာ ရှိတဲ့ စားပွဲပေါ်မှာ တင်ပြီး ကျုပ်မျက်နှာကို စိုက် ကြည့်ပြီး - ခင်ဗျား ကျုပ်ဆရာ အသိလား - လို့ မေးတယ် ”

“ အင်မတန်ကျွမ်းတဲ့ မိတ်ဆွေကြီးပါပဲ ”

“ ဒီလိုဖြင့် ကျုပ်သခင် ဘယ်လို ဖြစ်တယ်ဆိုတာ ပြောပြရဦးမယ်မှာပေါ့ ”

“ အိမ်ကြီးက ကြီးပြီး ပင့်ကူအိမ်တွေ ကြပ်ခိုးတွေနှင့် မှောင်မည်းနေတော့ ပြူတင်းပေါက်တွေကိုလည်း အကုန် ပိတ်ထားတာနဲ့ ။ အဘိုးကြီး မီးတိုင်က မီးရောင်ဟာ အရောင်ကို ပျောက်လောက်အောင် အားအစွမ်း မရှိ ။ အဘိုးကြီးနှင့် ကျုပ် အနီးမှာသာ လင်းပြီး နေသလို မှတ်ထင်ရတာပါပဲ ”

“ ကျုပ်တို့ ထိုင်နေတဲ့ အောက်မှာလည်း တချို့ ပျဉ်ပြားများဟာ ပေါက်နေသည့်အတွက် ပြတင်းပေါက်က မဝင်ရတဲ့ လေကလေးနည်းနည်းပါးပါးဟာ ကြမ်းပေါက်ကနေပြီး ဝင်ရတာပေါ့ ခင်ဗျာ ”

“ ဟိုအရင် ကျုပ် ရောက်ဖူးတုံးက သောက်ကြ ၊ စားကြ ၊ ပျော်ကြ ၊ ပါးကြ ၊ မူးကြ ၊ ယစ်ကြ ၊ ကကြ ၊ ခုန်ကြ ၊ လောင်းကစားကြနဲ့ ဓာတ်စက်သံတွေ ပတ္တလား ၊ ပလွေ အတီးအမှုတ်သံတွေနဲ့ ဆူညံပြီး ဝင်းဝင်းထိန်နေတဲ့ အိမ်ကြီးဟာ အခုတော့ ဆိတ်ငြိမ်မှောင်ကျပြီး အစာမှ ကောင်းကောင်း မဝတဲ့ ကြွက်များသာ ကျုပ်တို့ ရှေ့မှာ ဖြတ်သန်းသွားလာ စကားပြောဆို နေကြတာကို တွေ့ရတော့ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်း မသိဘဲ ဒီအိမ်ကြီးဟာ အဆံကျွတ်တဲ့ ခရုခွံကြီးနဲ့ တူလှပါပေါ့ကလား ကရိုလို့ ကျုပ် စိတ်ထဲမှာ တွေးပြီး သင်္ခါရဘေးကြီးကို မြင်မိတာပေါ့ ခင်ဗျာ ။ ဒီအိမ်ကြီးထဲကို ရောက်သွားတော့ အင်မတန်မှ တရားရသွားတာပါပဲ ”

“ ရှေးက ကော်ဇောတွေ သင်ဖျာတွေနဲ့ ဝင်းထိန် ပြောင်လက်နေတဲ့ ကြမ်းများဟာလည်း အခုတော့ သဲတွေ ၊ ဖုန်တွေ ၊ အမှိုက်တွေနဲ့ တစ်အိမ်လုံး ကြွက်သိုက်ကြီး ဖြစ်နေတာပါပဲ ”

“ ဒီနေရာဟာ နည်းနည်း နွေးတယ် ။ ကျုပ် ဒီအိမ်မှာ တစ်ယောက်တည်း စောင့်နေရတာပဲ ။ ခင်ဗျား တစ်ယောက်က လွဲလို့ ဒီနေရာကို ဘယ်သူမှ မလာဘူး ။ သို့သော်လည်း ကျုပ်မပျင်းပါဘူး ။ နှုတ်ခမ်းမွေးထောင်ထောင်နဲ့ ဝဝတုတ်တုတ် ၊ ပုတ်လောက်နီးနီး ကြွက်ကြီးတွေနဲ့ပဲ တစ်နေ့ပြီး တစ်နေ့ ပျော်နေရတာပဲ ။ သူတို့ဟာ ကျုပ်သူငယ်ချင်းတွေပဲ ကျုပ် စားရရင် သူတို့ စားရတာပဲ ။ တစ်ခါတစ်ခါ ရေကြီးတော့ ဒီအိမ်ပေါ်မှာပဲ နေကြရတယ် ။ သင်းတို့တွေနဲ့ပတ်သက်ပြီး ကုသိုလ်ကလေးများတော့ ရပါရဲ့ ။ သို့သော်လည်း သူတို့နဲ့ ပတ်သက်လို့ရတဲ့ ကုသိုလ်ကလေးများဟာ ကျုပ်ကို ငရဲက ကယ်နိုင်ပါ့မလား ။ ကျုပ်ဆရာဟာ လူဆိုးပဲ ။ ဆရာဆိုးတော့ တပည့်လည်း ဆိုးခဲ့ရတာလေ ။ “ တပည့်လိမ္မာ ၊ ဆရာ အာပတ်လွတ် ” ဆိုတဲ့ဟာမျိုးတွေက အတော်ကြီး များခဲ့တာကလား ”

“ ကျုပ်ဆရာလို လူကတော့ လူ့ပြည်မှာ အရှားသားကလား ခင်ဗျာ ။ သောက်စားပျော်ပါး လောင်းကစားပြီး ဓားပြ ဆိုလည်း တိုက်လိုက်တာပဲ ။ ရပ်ထဲရွာထဲမှာ သမီးပျိုချောချော မြင်ရင်လည်း ငွေကုန်ကြေးကုန် ပေါက်ပြီး မူးမိုက်အသွားမှာ ဖမ်းလိုက်တာပဲ ။ လူပုံကလည်း ခင်ဗျား သိတဲ့ အတိုင်း လူချောပေကိုးဗျာ ။ ဟိုတစ်ခါက အရွယ်ကလည်း ကောင်းတုန်း တစ်နေ့တစ်နေ့ ကစားဝိုင်း ဒိုင်ခံတာ ချည်း ငါးရာတစ်ထောင် ရတာကလား ခင်ဗျာ ။ ပဉ္စမ သင်္ဃာရနာတင် ဘဝရှင်မင်းတရားကြီး စည်းစိမ်မျိုးကို ဘာမက်မှာတုံး ။ ယုတ်မာတဲ့ နေရာမှာ မြတ်စွာဘုရားရှင် ဧတဒဂ် ပေးပါရဲ့ ။ ဟိုတုန်းကဟာတွေ ပြောရင်း ပြောရင်း အောက်မေ့မိသေးခင်ဗျာ ” လို့ ပြောပြီး မျက်ရည်ကို သုတ်လေ၏ ။

ထို့နောက် ဆက်၍ ပြောသည်မှာ

“ ကုသိုလ်က ကောင်းတော့ ကြံလိုက်တိုင်း ပေါက်တာပဲ ။ ဧရာမဓားပြမှုကြီးများ ငါးကြင်းဆီနဲ့ ငါးကြင်းပြန် ကြော်လိုက်တာ ။ ချောခနဲ သွားတာပဲ ။ အခုလို မဖြစ်မီ ဆဲဆဲမှာ ‘ တီ ပီ အက် ’ ဘွဲ့တောင် ရမလို့ ။ ကံကြီးလို့ တဲတဲကလေး လွတ်သွား ။ မြို့အုပ်သူကြီး အင်စပတ်တော် ၊ ဌာနအုပ် ၊ စကားကုန် ပြောလိုက်မယ် ။ ရာဇဝတ် ဝန်ထောက်တောင် သူနဲ့ တွေ့ရင် ပြားသွားတာပဲ ။ ဒါတွေဟာ သူ့တပည့်ချည်းပဲ ။ ကျပ်ပြားကိုဗျာ့ ။ ကျပ်ပြား ... ဟဲ ... ဟဲ ”

“ ကိုင်း သူ ဖြစ်ပုံကို ပြောစမ်းပါဦးခင်ဗျာ ” လို့ ကျွန်တော်ကမေးတော့ “ နေပါလေ ။ ပြောတာ နားထောင်စမ်းပါဦး ။ ကိုဘိုးကြူး အကြောင်းကို ခင်ဗျား သေသေချာချာ သိပြီ မဟုတ်လား ။ မသိရင် ဟောဒီ ရပ်ရွာပတ်ဝန်းကျင်မှာ မေးတော့ ။ သူ ကျင့်ကြံတဲ့ မကောင်းမှုတွေဟာ အဝီစိ ငရဲအိုးပင် ကျွန်တောင် သူ့မကောင်းမှုတွေ ကျွမ်းမှာ မဟုတ်ဘူး ။ ညအခါများ ဒီအိမ်ထဲမှာ တရုန်းရုန်းနေတာပါပဲ ။ မိန်းကလေးတွေကလည်း အသစ်အသစ် လောင်းကစားသူတွေ ပျော်လောက်မက်လောက်အောင်ဟာ ။ ဘယ်ကများ ရှာလို့ရတယ် မပြောတတ်ပါဘူးခင်ဗျာ ။ ဟောဟိုထောင့်က အခန်းကြီးတစ်ခန်းဟာ ခင်ဗျားမှာ လောကကြီးမှာ ယုတ်မာညစ်ညမ်းခြင်းတို့ကို အစွမ်းကုန် ကြံပြီး ကြည့်နိုင်တဲ့ဉာဏ် ရှိရင် ကြံလို့သာကြည့်ပေတော့ ခင်ဗျား ။ ဉာဏ်မီမှာ မဟုတ်ဘူး ။ လူကလည်း လူပျိုကိုးဗျ ။ သားမယား အတည်တကျ မထားတော့ ထင်သလို ကိလေ သာ ဒုန်းစိုင်းရုံမက ကဆုန်ရိုက် နေတာပါပဲ ”

“ သူ ကြောက်တာဟာ တစ်ခုပဲ ရှိတယ် ။ ဒီတစ်ခုဟာ သူပဲ ။ သည့်အတွက် သူဘယ်တော့မှ တစ်ယောက်တည်း မနေဝံ့ဘူး ။ သူ့ကိုယ်ကိုပဲ သူ ပြန်ကြောက်နေနဲ့ အိမ်မှာ နေ့ရောညရော လူတွေအပြည့်နဲ့ နေရသဟာ ပလေ ။ အဲဒီသည်တွေဟာလည်း ‘ သူ့ထက်ကဲ ရွှေပြည်စိုး ’ ဆိုတဲ့လူတွေပဲခင်ဗျာ ။ သူ့အတွက်တော့ ဆိုးလေ ကောင်းလေပဲ ။ အယုတ်မာဆုံး လူကို ရနိုင်လျှင် သူ့ အတွက် အကောင်းဆုံးပဲ ။ ဒီလူတွေဟာ အရပ်ရပ်က လူတွေပဲ ။ မိန်းမတွေလည်း ပါရဲ့ ။ ယောက်ျားတွေလည်း ပါရဲ့ ။ သူတို့ ဒီအိမ်က လူနဲ့ ဝင်ဆံ့ဖို့ရန် အထူးဆက်သွယ်ပေးဖို့ လူမလိုဘူး ။ ပါးစပ်က ညစ်ညစ်ညမ်းညမ်း ၊ ယုတ်ယုတ်မာမာ ပြောတတ် အကျင့်များများ ယုတ်ရင် မိတ်ဆွေကောင်း ဖြစ်တော့တာပါပဲ ”

“ အဲဒီလိုပျော်ပျော်ပါးပါး သာသာယာယာ ၊ အေးအေးကြည်ကြည်နေကြဆဲမှာ ဖြစ်ချင်တော့ အမှု အိမ်ပေါ် တက်မလာဘူး ။ အမှု ရှိရာကို ကျုပ် ဆရာ ရောက်သွားရှာတာပဲ ”

“ ဒီအိမ်နဲ့ လေးငါးမိုင်ကွာလောက်မှာ ရွာတစ်ရွာ ရှိတယ် ။ ဒီရွာမှာ အင်းသူကြီး တစ်ယောက်ရှိတယ် ။ တော်တော်ချမ်းသာတာပလေ ။ မယ်ဖွား ခေါ်တဲ့ သမီးချောကလေး တစ်ယောက်ကလည်း အပျိုဖြန်းကလေးကိုး ”

“ တစ်နေ့တော့ ကျုပ်ဆရာက တပည့်တစ်ယောက် နဲ့ လှေလှော်ရင်း သေနတ်တစ်စင်းနဲ့ စုန်သွား ၊ သူတို့နေတဲ့ နေရာရောက် ကုန်းပေါ်တက်ပြီး အင်း အလုပ်တွေကို ကြည့်သဟာပလေ ။ ကြည့်ရင်းနဲ့ မြင်ရော ဆိုပါတော့ ။ မြင်တာက ငါးလည်း မဟုတ် ၊ ဖားလည်း မဟုတ်တော့ ခက်တာပေါ့ ။ ဆံတောက်အချော ၊ မယ်ဖွားက အပျိုဖြန်းကလေးပေလား ခင်ဗျာ ” 

“ ကျုပ်ဆရာ့ အကဲကို မြင်ရင်ပဲ သူ့အဖေက ရိပ်မိသဟာပလေ ။ မရိပ်မိဘဲ နေပါ့မလား ။ သူလည်း လူပါး ကလားခင်ဗျာ ။ မပါးဘဲ နေပါ့မလား ။ ငါးစိမ်းသည်မများနဲ့ နေ့တိုင်း ဆက်ဆံပေါင်းသင်းနေရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးပေကိုးဗျာ့ ”

“ ကောင်မကလေးမှာတော့ ပါးကလေးက ကတ္တီပါသား ၊ အသားကလေးက ဆပ်သဝါ ၊ မျက်နှာကလေးက သနားစရာ ၊ ပိတုန်းရောင်ဆံတောက်က တစ်ခါခါ အင်း ... ကျုပ်လည်း စာရေးဆရာ ဖြစ်နေထင့်ပါ့ ဟဲ - ဟဲ ” 

“ ဒီကောင်မလေးမှာလည်း မြို့သား အင်္ဂလိပ်စာ သင်နေတဲ့ သူငယ်တစ်ယောက်နဲ့ လူကြီးများ ဝမ်းတွင်းကတိ ဆိုတာလို ထားခဲ့ကြတဲ့အပြင် သူတို့နှစ်ယောက် ကိုယ်တိုင်ကလည်း ကြိုက်နေကြသတဲ့ ။ ဟဲဟဲ ” 

“ မိန်းကလေးရဲ့ အဖဖြစ်သူက ကျုပ်ဆရာကို နဂိုက ခပ်ကြောက်ကြောက်ဆိုတော့ တိုက်ရိုက်ကြီးလည်း မငြင်းဝံ့ရှာဘူးလေ ။ ကောင်းကောင်းမွန်မွန် ပေါင်းမယ် ဆိုရင်တော့ ဂုဏ်ရှိတဲ့ ယောက်ျား စိတ်ကလည်း ခပ်ပါပါ ဖြစ်နေရှာ ထင်ပါရဲ့ ”

“ နို့ မိန်းကလေးက ခင်ဗျားဆရာကို ကြိုက်တဲ့လား ” 

“ သူ့ရည်းစား ကျောင်းသားက သေမှ မသေသေးဘဲ ကလား ။ သည်တော့ ဘယ်ကြိုက်နိုင်မလဲ ။ သည့်ပြင်မှ တစ်ပါးလည်း ကျုပ်ဆရာကို ကြောက်လည်း ကြောက်တယ် ထင်ပါရဲ့ ။ ကျုပ်ဆရာဟာ ရုပ်တော့ မခေပါဘူး ။ သို့သော်လည်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်တာကိုး ။ တစ်နယ်လုံး သိနေတာကလား ”

“ ကောင်မလေးက ရုတ်တရက် မပါတော့ အကြိုက်ဟာ တိုးပြီး သန်သဟာပလေ ။ သူ့မျက်စိထဲမှာ ဒီ မိဖွားကလေးဟာ အဖိုးထိုက် ကျောက်မျက်ရတနာ အစစ်ကလေးလို မှတ်ထင်နေတာပေါ့ဗျာ ”

“ ရှေးဦးပထမစပြီး ကြိုက်တုန်းကတော့ တခြား မိန်းမတွေလို လွယ်လွယ်ကူကူ ရမယ်လို့ မှတ်ထင်ရှာတာကိုး ။ နောက်လွယ်လွယ်ကူကူ မရတော့ အကြိုက်ဟာ ပိုပြီး သန်လာတာပေါ့ ခင်ဗျာ ။ ယောက်ျားဆိုတဲ့ သတ္တဝါ မျိုးဟာ ခက်ခက်ခဲခဲ ကြုံရမှ တိုးပြီးကြိုက်တတ်တာကိုး ။ လွယ်ရင် အလကား ဖြစ်သွားတာပဲ ”

“ နောက်တော့ ဒီကောင်မလေးကို တစ်နေ့ မမြင်ရရင် မနေနိုင်အောင် ဖြစ်ပြီး ဒီကောင်မလေး ရှိရာကို နေ့စဉ်နေ့တိုင်း သွားနေရတာပေါ့ ။ ယောက်ျားက စွဲစွဲမြဲမြဲ ကြာကြာကြီး ကြံပြီ ဆိုတော့ မိန်းမ ဘာခံနိုင်မှာတဲ့တုန်း ။ ကျုပ် ဆရာက တကယ် မချစ်မကြိုက်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး မိန်းမကို ရအောင် လှည့်နိုင်တဲ့ လူကလားဗျာ ။ အခုလို တကယ် ချစ်လာတော့ ဘာပြောစရာ ရှိတော့မှာ တုံး ။ နေ့တိုင်း စွဲစွဲမြဲမြဲ လာပြီး ပိုးနေတာကို မြင်နေရတော့ စိတ်ပါလာ ဆိုပါတော့ ခင်ဗျာ ။ ဟိုကျောင်းသား မောင်ကြွယ် ကိုလည်း မတွေ့ရတာ ကြာတော့ ခပ်မေ့မေ့ ဖြစ်သွား ထင်ပါရဲ့ ။ မိန်းမ ဆိုတာ နီးရာဘက်ကို ပါတတ်တာမျိုးကိုးဗျာ့ ။ ကျောင်းသားက နောက်ဘီအေအောင်မှ မြို့အုပ် ။ ဒါလည်း ဖြစ်ချင်မှ ဖြစ်ဦးမှာ ။ ကျုပ်ဆရာမှာတော့ မြို့အုပ်ဝန်ထောက် လခလောက် ငွေဟာ ဆေးလိပ်ဖိုး ကွမ်းဖိုးမှ မရှိဘူးဆိုတာ ကောင်မလေးလည်း ကိုယ်တွေ့ ဖြစ်နေလေတော့ ကျောင်းသားက ယုန်ရှင် ။ ကျုပ် ဆရာ ကိုဘိုးကြူးက ယုန်သေလို ဖြစ်နေတာပဲ ”

“ တိုတို ပြောကြပါစို့ရဲ့ ။ ကောင်မလေးက ကြိုက်ကရော ဆိုပါတော့ ခင်ဗျာ ။ ကောင်မလေးက အသုံးမကျလို့ဘဲ ကြိုက်သလား ။ ကျုပ်ဆရာ အစွမ်းကောင်းလို့ ကြိုက်သလား ဆိုတာတော့ မပြောတတ်ပါဘူး ။ ကောင်မလေး အဖေပါ ကျုပ်ဆရာ ဘက်ကို ညွှတ်လာတာပါပဲ ”

“ သည့်နောက် ကျုပ်ဆရာကလည်း သူကြိုက်တဲ့ မိန်းမကို ရသည့်အတွက် အညစ်တကာ့ အညစ်ဆုံး ၊ အယုတ်မာဆုံး ယုတ်မာဖြစ်တဲ့ သူ့မိတ်ဆွေ တစ်စုနဲ့ အိမ်မှာပျော်ပွဲကြီး ခံတာပေါ့ခင်ဗျာ ။ ကျုပ်ဆရာနဲ့ သူ့ မိတ်ဆွေ ယောက်ျားမိန်းမလူညစ်ပတ်တစ်စု အိမ်အပေါ်ထပ် ပြတင်းပေါက်က နေပြီး အိမ်ရှေ့မှာ ခံနေတဲ့ပွဲကို ကြည့်ကြတာပေါ့ဗျာ ။ သူတို့ နေရာတော့ တခြားလူကောင်းများ မလာရအောင် အိမ်အပေါ်ထပ်ကို တက်တဲ့ လှေကားမှာ ပိတ်ပြီး ထုံးစံအတိုင်း ပွဲကြည့်လိုက် ၊ စားလိုက် ၊ သောက်လိုက် ၊ ထင်သလို ကျင့်ကြံလိုက်ပေါ့လေ ” 

“ နို့ သူ ယူမယ့် မိန်းမရော ဒီပွဲကို လာသလား ” 

“ ကောင်မလေးကိုတော့ မခေါ်ဘူး ။ ခေါ်ရင် ဘာဖြစ်မလဲ ။ ယုတ်မာတာတွေကို တွေ့ပြီး ထိတ်လန့် သွားမှာပေါ့ခင်ဗျာ ။ ဒီအပေါ်မှာ ဒီကောင်မလေးကို သူ အတည် တကယ်ယူဖို့ ကြံထားတာကလားဗျာ ”

“ ဒီညဟာ သီတင်းကျွတ်လ ညနဲ့ တူတာပဲ ။ လေတွေ မိုးလေကလည်း အင်မတန် ပြင်းထန်တာပဲ ။ အရပ်ရပ်က လေတွေဟာ ရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွား နေကြသလို ဖြစ်နေတာပါပဲ ။ မိုးကြိုးလျှပ်စစ်တွေကလည်း ညစ်ညမ်းယုတ်မာတဲ့ အိမ်ကို လောင်မီးချပြီး ဖျက်ဆီးမလို့ ကြံတာလိုပါပဲ ခင်ဗျာ ။ သို့သော်လည်း ဒီပွဲမှာ ပျော်ပါးနေတဲ့ လူတွေမှာတော့ မူးယစ်ပြီးနေကြတာနဲ့ မသောက်စားတဲ့လူ တစ်ယောက်ယောက် လာရင် မမူးမယစ်လို့ အရူး ဖြစ်ရတော့မလို ဖြစ်နေရတာပါပဲ ။

“ ဒီလို ပျော်ပါးနေတဲ့ အတွင်းမှာ ကျုပ်ဆရာ ရှိနေတဲ့ အိမ်အပေါ်ထပ်ကို ပုလင်းကျလာတာ ကျုပ်ဆရာက အကြောက်အရွံ့ဆိုတာ နားလည်တဲ့သူ မဟုတ်ဘူးဗျာ့ ။ ပြတင်းပေါက်က ထွက်ပြီး ကြည့်လိုက်တော့ ပွဲတစ်ဖက် မှောင်ရိပ်ထဲမှာ လူနှစ်ယောက်သုံးယောက်ကို မြင်ရတာကိုး ။ ဒါနဲ့ ကျုပ်ဆရာကလည်း မူးမူးမို့ ထွက်လာပြီး ဒီမှောင်ရိပ်က လူစုထဲကို အတင်း ဓားလွတ်ကိုင်ပြီး ဝင်လိုက်သွားကို ။ သည်တော့ မှောင်ရိပ်ထဲက လူငယ်ငယ် တစ်ယောက် ဓားနဲ့ ထွက်လာပြီး “ ငါ မောင်ကြွယ်ဟေ့ ဒီကနေ့ည ဘိုးကြူး ကို သ,တ်ဖို့လာ တယ် ။ ဘိုးကြူးကို ယနေ့ည ခေါင်းဖြတ်ပြီး အဝီစိပို့လိုက်မယ် ” 

“ ငါ ဘိုးကြူးကွယ့် ။ နင့်ကို အဝီစိရောက်အောင် အရင် ပို့ပြီးမှ ငါ သွားမယ် ”

“ ပွဲ ရုံးရင်းဆန်ခတ် ဖြစ်ပြီး တစ်ခါတည်း ပျက်တာပဲ ။ မောင်ကြွယ်လည်း ဓားချက်နဲ့ ကိုင်းတောထဲမှာ သေနေတာ ။ လင်းတ စားလို့ အရိုးချည်း ဖြူဖွေးနေမှ တွေ့ကြရတော့တာပဲ ”

“ ဒီတော့ ခင်ဗျားဆရာကို ပုလိပ်က မဖမ်းဘူးလား ”

“ ပုလိပ်လည်း ဘာမျှ မသိဘူး ။ ဘယ်သူကမှလည်း အရေးယူပြီး ပုလိပ်ကို တိုင်လား ၊ တမ်းလားလည်း မလုပ်ဘူး ”

ထိုကဲ့သို့ ပြောနေခိုက် ကြမ်းပေါက်က လေဝင်လာပြီး မီးတိုင်ကို ငြိမ်းလိုက်သဖြင့် တစ်အိမ်လုံး မှောင်ကျ၍ သွားလေ၏ ။ အဘိုးကြီးသည် မီးခြစ်ကို ခြစ်ပြီး မီးတိုင်ကို ပြန်၍ ထွန်းလေ၏ ။ ထွန်းပြီးအတ္ထုပ္ပတ္တိကို ဆက်၍ ပြောမည်အပြုတွင် “ ညဉ့်နက်လှပါပကော ။ ထမင်းမစားသေးဘူးလား ” ဟု ပြောလိုက်သော အသံတစ်ခု ကြားရလေ၏ ။

“ အေး ... အေး စားတာပေါ့လေ ။ ဒီ ဧည့်သည်ကိုရော ထမင်း မကျွေးဘူးလား လုပ်လေ မြန်မြန် ” 

မိန်းမ တုတ်တုတ်ဝဝ ခေါင်းဖြူဖြူကြီး တစ်ယောက်ဟာ ကျုပ် အနား ကပ်လာပြီး ကျုပ်ကို ခါးထောက် ကြည့်နေပြီး ပါးစပ်က ဗျစ်တောက် ဗျစ်တောက် နဲ့ တစ်ခုခုကို ပြောပြီး ထွက်သွားတာပါပဲ ။

ထို့နောက် အဘိုးကြီးက “ ဘယ့်နှယ့်လဲ ။ ကျုပ် ပြောတဲ့ အတ္ထုပ္ပတ္တိ နားထောင်လို့ ကောင်းရဲ့လား ” လို့ မေးတယ် ။ ကျုပ်က “ ကောင်းပါရဲ့ ။ နို့ ဒီ ကိုဘိုးကြူးတော့ ဘယ်လို ဖြစ်သွားရှာသလဲ ။ သေသလား ” လို့ ကျုပ်က ပြန်ပြီး မေးတယ် ။

“ ပြောဦးမယ်လေ ။ ခုအထိတော့ နားထောင်လို့ မကောင်းသေးဘူး ။ လွမ်းခန်းမှ မရောက်သေးဘဲကိုး ။ လွမ်းခန်း လာလိမ့်ဦးမယ် ”

“ အဲဒီည ရန်ဖြစ်ပြီးတော့ ကျုပ်ဆရာဟာ အခါတိုင်းနဲ့ မတူဘူး ။ အခါတိုင်းတော့ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး ။ ခုတစ်ခါမှာတော့ကာ ဘယ်လို ဖြစ်သလဲ မသိဘူး ဒီအဖြစ်အပျက်မျိုးကို မဖွား ကြားရင် ငါ့ကို ဘယ်လို ထင်မလဲ ။ ငါ့ကို မုန်းပြီး မယူဘဲနေမလား ။ ကြောက်ပြီး ခွာနေမလားလို့ တွေးပြီး ကြောက်နေတယ် ထင်ပါရဲ့ခင်ဗျာ ။ တစ်မျိုးကို ဖြစ်သွားတာပဲ ”

“ သူ စိုးရိမ်တဲ့ အတိုင်းပဲ ဖြစ်တာပဲ ။ နောက် သုံးရက် လောက်ကြာလို့ ကောင်မလေးဆီ သွားတော့ မရှိဘူး ။ တောထွက်ပြီး ဝတ်ဖြူစည်း ၊ ပုတီးနဲ့ သွားတယ်လို့ ကြားသိရတာပဲ ”

“ ဒီကနေ့က စပြီး သင်းကိုတော့ ငါ ရတော့မှာ မဟုတ်ဘူးလို့ စိတ်ချပြီး အချစ်ဟာ အသည်းနှလုံး ဝင်ပြီး မီးမွေးတာပါပဲ ။ ဒီ ရူပါရုံဟာ အသည်းကို ထုတ်ခြင်းခတ် ပေါက်ပြီး နုတ်လို့ မရအောင် စွဲနေတာပါပဲ ။ ညအခါများမှာ မအိပ်ဘဲ ခေါင်းငိုက်စိုက် ကျပြီး အိမ်ပေါ်မှာ လမ်းချည်း လျှောက်နေတာပဲ ။ လိုချင်ရင် ဘာကိုမှ မရဘဲ မနေခဲ့တဲ့ လူဟာ အခုလို ဖြစ်တော့ သိပ်ပြီး အနာတရ ဖြစ်သွားတာပါပဲ ။ သူ့အသက်ကိုလည်း သူ သ,တ်မသေချင်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကောင်မကလေးက မသေသေးဘဲကိုး ။ ဒီမိန်းမကို မရဘဲနဲ့လည်း အသက်ရှင်ပြီး မနေနိုင် ။ သည်တော့ သူလည်း တစ်လမ်းထွင်တာ ပေါ့ ခင်ဗျာ ။ ဘယ်လို လမ်းထွင်သလဲဆိုတော့ ဒီအိမ်ကို ကျွန်တော့် အပ်ထားပြီး ဒီကောင်မလေး သွားပြီး ဝတ်ဖြူစည်းနေတဲ့ ဟင်္သာတမြို့ကို လိုက်သွားပြီး မယ်သီလရင်ကျောင်းအနီးက ခြံတစ်ခုထဲမှာ ခြံစောင့် လုပ်နေတော့တာပါပဲ ။ ဒီခြံထဲမှာ ဥယျာဉ်မှူးဖြစ်နေတာလားခင်ဗျာ ။ ဒီဥယျာဉ်မှူး အလုပ်ကို အခုအထိ လုပ်တာပဲ ”

ဒီတော့ ကျွန်တော်က “ ခင်ဗျား ပြောတာကို ယုံတောင်မယုံနိုင်အောင် ရှိတာပဲ ” လို့ ပြန်ပြောတော့ အဘိုးကြီးက “ မယုံမကြည် ဖြစ်စရာ ဘာမှမရှိဘူး ။ သည့်အတိုင်း အမှန်ပါပဲ ။ အခု နှစ်ပေါင်း ၂၅ နှစ်ကျော်ကျော် ရှိသွားပြီ ”

သည့်နောက် အဘိုးကြီး၏ မျက်လုံးထဲမှ ကြီးသော မျက်ရည်ပေါက်ကြီးများ ကျလာသဖြင့် ဪ ... သူ့ ဆရာကို ခင်လွန်းလို့ပဲဟု ကျွန်တော် စိတ်ထဲမှာ တွေးပြီး အများကြီး သနားသွားတာပဲ ။ သည့်နောက် အဘိုးကြီးက ဆက်ပြီး “ ဒီသူငယ်မလေး ရှိတဲ့နေရာမှာ နေရရင် သူ အေးတာပဲ ။ အင်မတန် ရုန်းရင်းကြမ်းတမ်းတဲ့ အချစ်ဟာ အင်မတန်မြင့်မြတ်တဲ့ အချစ် ဖြစ်ပြီး မပေါင်းရဘဲ မြင်ရုံနဲ့ တင်းတိမ် နေတာပဲ ”

ကျွန်တော်က မယုံကြည်လို့ မျက်နှာထားနဲ့ သူ့ကို ကြည့်နေမိပါတယ် ။

“ ကောင်မလေးက သူ့ကို မမြင်ဘူးလား ” 

“ နေ့တိုင်း မြင်တာပေါ့ ”

“ ကောင်မကလေးနဲ့ သူနဲ့ စကား မပြောရဘူးလား ” 

“ ဘယ်တော့မှ မပြောရဘူး ။ ယခင် လွန်ပြီးခဲ့တဲ့ အပြစ် မကောင်းမှုတွေနဲ့ မိန်းကလေး ယခု ဖြစ်နေတဲ့ မြင့်မြတ်တဲ့ အခြေအနေဟာ ဖီလာဆန့်ကျင် ဖြစ်ပြီး အခြေအနေ နှစ်ခု စပ်ကြားမှာ ရေသီတာခြားနေသလိုပဲ ။ မိန်းမ ကလည်း သူ့အနားမှာ ကျုပ်ဆရာ ရှိကြောင်း သိဟန် မရှိဘူး ။ သူကလည်း ဖွင့်ပြီး မပြောဘဲ “ မြင်ရုံသာမြင်ရ မကြင်ရ မောင့်ကို ” ဆိုသလို တိတ်တိတ်ကလေး နေရရှာတာပဲ ။ သူ ဖြစ်ကြောင်း ဖော်ပြရင် သူငယ်မက အတွေ့ခံမှာ မဟုတ်ဘူး ။ သို့သော်လည်း နောက်တော့ သူငယ်မက ရိပ်မိသွားတယ် ။ သို့သော်လည်း ဘာမျှ မပြောပါဘူး ။ ဘယ်အတွက် ခုလိုလိုက်ပြီး ဆင်းရဲခံနေတယ် ဆိုတာ ကိုလည်း သိတယ် ထင်ပါရဲ့ ။ သိလည်း သိလောက်တာပါပဲ ။ သူ့ စိတ်မှာတော့ ဒီလိုပဲ နေ့စဉ်နေ့စဉ်တိုင်း မြင်နေရရင် စိတ်ကျေနပ်တာပါပဲ ”

“ အခုလိုချည်းနေတာ နှစ်ပေါင်း အစိတ်မကဘူး ။ သုံးဆယ်လောက် ရှိသွားပြီ ထင်တာပဲ ”

“ ဒီနှစ်ပေါင်း သုံးဆယ်အတွင်း ဒီမိန်းကလေးကို တွေးတွေးပြီး စံပယ် ကြက်ရုန်း ၊ နှင်းဆီပန်းပင်တွေထဲမှာ အချစ်ကို ပန်းရနံ့နှင့် ကျွေးမွေးပျိုးထောင်ပြီး ပန်းပင်တွေကို ပြုစုရင်း သူ့စိတ်ထဲမှာလည်း အချစ်ဆိုတဲ့ ပန်းပင်ကြီးကို စိုက်ပျိုးနေတာပဲ ”

“ ဒီလိုဖြင့် ခင်ဗျားဆရာဟာ မနည်းကြီး အိုရောပေါ့ ။ သူငယ်မလည်း မနည်း ကြီးရော့မယ် ”

“ ဟုတ်တယ် ။ သို့သော်လည်း သူတို့နှစ်ယောက် မျက်စိထဲမှာတော့ အခု အိုနေတာကို မမြင်ရ ။ ဟိုအရင် ပျိုတုန်းက ပုံကိုသာ မြင်ပြီး နေကြတာပဲ ”

“ ဒီလိုချည်း သေသည်တိုင်အောင် နေသွားကြရမှာပါပဲ ။ စကားတစ်ခွန်းကို အချင်းချင်း ပြောမိရင် ဒီအချစ်ပင်ကြီးဟာ ပျက်စီးညစ်နွမ်းဖို့ရှိတာပဲ ။ ဒီအချစ်ဟာ နတ်များ နတ်သြဇာ မီဝဲသလို သိမ်မွေ့ သန့်ရှင်း အပြစ်ကင်းတဲ့ အချစ်ပဲ ။ နောင်ဘယ်လို အဆုံးသတ်မလဲဆိုရင် ဖွားသီလရှင်က အရင်သေမှာပဲ ။ သေတော့လည်း ဒီအချစ် စိတ်နဲ့ပဲ သေမှာပဲ ။ ဖွားသီလ သေလို့ ဂူသွင်း ပြီးတဲ့အခါကျတော့ ကျုပ်ဆရာလည်း ဥယျာဉ်မှူး ကိရိယာ ပေါက်တူး ၊ တူးရွှင်း စသည်တို့ကို ချပြီး ဖွားသီလရင်၏ ဂူနဲ့ မနီးမဝေး နေရာ တစ်ခုမှာ ဂူတစ်ခုနဲ့ မနိုးတဲ့ အိပ်ခြင်းကို အိပ်ရမှာပဲ ။ သူ ဒီဘဝမှာသာ ဒီမိန်းမကို ပိုးမှာ မဟုတ်ဘူး ။ နောင်ဘဝမှာပါ ဆက်ပြီး ဒီလိုပဲ တရစ်ဝဲဝဲ နေမယ့် လက္ခဏာပဲ ”

“ အဲဒါ ဦးဘိုးကြူးရဲ့ အတ္ထုပ္ပတ္တိပဲ ” 

အဘိုးကြီး သည် ထိုအတ္ထုပ္ပတ္တိကို ပြောပြီး ခုံတန်းလျား နောက်မှီကို မှီ၍ လက်ပိုက်ကာ မျက်တောင်မခတ်ဘဲ မှောင်ထဲကို ကြည့်ပြီး ဘာကို တွေးမှန်း မသိ တွေးနေတာပဲ ။

ထိုအခိုက်တွင် ခေါင်းဖြူမ မိန်းမတုတ်တုတ်ကြီးဟာ ဖျာကို လာ၍ ခင်းပြီး ကျွန်တော် စားဖို့ ထမင်းပွဲကို လာချတာနဲ့ ကျွန်တော်လည်း ထပြီး မစားချင်ဘဲလျက် ထိုင်ပြီး စားချင်ယောင် ဆောင်ရတာပဲ ။

“ စား စား ဒီအရပ်မှာ အစားအသောက် ဆင်းရဲတယ် ။ ဘာမှတော့ မရှိဘူး ”

ထမင်းပွဲမှာ ငါးရံ့ခြောက် ၊ ဘူးသီးဟင်းချို တို့စရာ ခရမ်းသီး ၊ ငါးပိရေ ခပ်ကြဲကြဲ ။ ထမင်းမှာ နီကြောင်ကြောင် ထမင်းမို့ ကျွန်တော်မှာ မနည်းကြီး မျိုရတာပဲ ။ မိန်းမကြီးက ဒီနေရာဟာ ပျင်းစရာ မကောင်းဘူးလားလို့ မေးတော့ ကျွန်တော်က တော်တော်ပျင်းစရာ အကောင်းသားပဲလို့ ပြန်ပြောလိုက်ရတယ် ။

အဘိုးကြီးကို ကျွန်တော် လှည့်ကြည့်တော့ ဟောက်ပြီး အိပ်ပျော်နေတာကို တွေ့ရတယ် ။

ကျွန်တော် - ဒီအိမ်မှာ နှစ်ပေါင်း ၃ဝ တောင် သူ စောင့်နေနိုင်တာ အင်မတန် အံ့သြစရာ ကောင်းတာပဲ ။

မိန်းမကြီး - “ ဘာပြုလို့ အံ့ဩရသလဲ ” 

ကျွန်တော် - “ အိမ်စောင့်နေရတဲ့ အလုပ်ထက် ပျင်းစရာ ကောင်းတာ ဘာရှိသေးသလဲ ”

မိန်းမကြီး - “ ဘယ်က အိမ်ကို စောင့်ရမှာလဲ ။ ဒါ သူ့အိမ်ပဲ ”

ကျွန်တော်မှာ အံ့အားသင့်ပြီး မိန်းမကြီးကို ငေးကြည့်နေမိပါသည် ။

မိန်းမကြီးက “ ရှင် သူ့အသိ မဟုတ်လား ” 

ကျွန်တော် – “ ကျွန်တော် သူ့သခင်ကို သိပါတယ် ” 

မိန်းမကြီး - “ သူ ဘယ်မှာ သခင် ရှိရမလဲ ။ သူ့နာမည်ကို ရှင် မသိဘူးလား ”

ကျွန်တော် - “ မသိပေါင် ”

မိန်းမကြီး - “ ကိုဘိုးကြူးရယ်လေ ။ ရှင် ကိုဘိုးကြူးကို တွေ့ဖို့ လာတာ မဟုတ်လား ”

ကျွန်တော်မှာ ထမင်းစား၍ လက်ဆေးရင်း အံ့သြပြီး အဘိုးကြီးနှင့် မိန်းမကြီးကို တစ်လှည့်စီ ကြည့်နေမိပါသည် ။ ထိုအခါ မိန်းမကြီးသည် အားရပါးရ ရယ်ပါသည် ။

မိန်းမကြီး - “ ရှင့်ကို ဘာတွေ သူ ပြောပြနေသလဲ ။ သူစိတ်မကောင်းဘူး ။ ကတောက်ကတက်နဲ့ ထင်တာတွေကို စပ်ဟပ်ပြီး ပြောတတ်တယ် ။ ဒီလို စကားပြောရမယ် ဆိုရင် နေ့တွေသာ ကုန်မယ် ။ သူ့အတ္ထုပ္ပတ္တိတွေ ကုန်မှာ မဟုတ်ဘူး ။ သူ့အကြောင်းကို အမျိုးမျိုး ဇာတ်ခင်းပြီး ပြောနေတာပဲ ”

ကျွန်တော် - “ သူ စိတ်မကောင်းဘူးလား ”

မိန်းမကြီး - “ မကောင်းဘူး ။ ရှင်က အကောင်း မှတ်လို့ နားထောင်နေတာလား ။ မရူးဘဲ နေပါ့မလား ။ ဘယ်အခါတုံးကမှ လူလို မကျင့်ခဲ့ဖူးဘူး ။ ပျော်ပါး ရမ်းကား အားကြီးလို့ စိတ်နောက်သွားတာ ။ သူ ဘာတွေ ပြောသလဲ ”

“ သူ ကြိုက်တဲ့ မယ်ဖွား ဆိုတဲ့ သူငယ်မကလေး တစ်ယောက် ရှိတယ်လို့ ပြောတယ် ”

“ ဟုတ်တယ် ။ ဒါတော့ မှန်တယ် ”

ကျွန်တော်- “ ဒီမိန်းမကလေး မှာလည်း မောင်ကြွယ် ခေါ်တဲ့ သူငယ် တစ်ယောက်နဲ့ ကြိုက်နေတယ်ဆို ”

မိန်းမကြီး - “ ဒါလည်း မှန်တယ် ”

ကျွန်တော် – “ ညတစ်ည ပွဲမှာ အဲဒီ မောင်ကြွယ်နဲ့ သူနဲ့ ရန်ဖြစ်တယ် ဆို ”

မိန်းမကြီး - “ ဟုတ်တယ် ။ ဖြစ်ဖူးတယ် ”

ကျွန်တော် - “ ဒီနောက် မဖွား ဟာ သူ့ကို မယူဘဲ သူတော်ရှင် လုပ်သွားတယ်ဆို ”

မိန်းမကြီး - “ တန်တော့ ဒါ မဟုတ်ဘူး ။ သူ အမြဲ ဒီလိုချည်း ပြောနေတာပဲ ။ ဒါ အလကား စကား ” 

ကျွန်တော် - “ တကယ်ပဲ မဟုတ်ဘူးလား ” 

မိန်းမကြီး - “ မဟုတ်ပါဘူးရှင် ။ ဒီ မဖွား ဆိုတာ တခြား မဟုတ်ဘူး ကျွန်မပဲ ”

ဒီစကားကို ကျွန်တော် ပြောတော့ လွမ်းစရာ ကောင်းတဲ့ ပုံဟာ တစ်ခါတည်း ပျက်သွားတာပါပဲ ခင်ဗျာ ။ ပြီးတော့ မိန်းမကြီးက ဆက်ပြီး

“ ဟုတ်တယ် ။ သူ ကျွန်မကို ယူဖို့ပဲ ။ ဒီရပ်ရွာမှာ ကျုပ်လို မိန်းမကလေး တစ်ယောက်မှ မရှိခဲ့ဘူး ။ သူက ကျုပ်ကိုမှ ရွေးပြီး ကြိုက်တယ် ။ ဒီတော့ ဟို ကျောင်းသား မောင်ကြွယ် ကျုပ် ပယ်လိုက်တယ် ။ ကိုဘိုးကြူးဟာ ဘယ်လိုပဲ ဆိုးဆိုး ကျုပ် သူ့ကို ချစ်တယ် ။ အခု သူ ဒီလို စိတ်နောက်သွားတော့ ဘာယူလို့ ဖြစ်တော့မှာတုန်း ။ ဒီအိမ်ထဲက သူ ဘယ်ကိုမှ မထွက်ဘူး ။ ဒီတော့ ကျုပ်က သနားလို့ လာပြီး ပြုစုချက်ပြုတ် ကျွေးမွေးနေရတာပဲ ။ ကျုပ် စိတ်ကတော့ သူ တစ်နေ့နေ့ ပြန် စိတ်ကောင်းလာလိမ့်မယ် ။ စိတ်ကောင်းရင် ယူမယ်လို့ ကြံနေတာပဲ ။ ကျုပ် မရှက်ပါဘူး ။ အဲ ဟိုညမှာ ရန်ဖြစ်လို့ အခုလိုဖြစ်သွားတာပဲ ။ သို့မဟုတ်လျှင် သည်လို ဖြစ်ဖို့ မရှိပါဘူး ။ ဟို တိရစ္ဆာန် ငကြွယ် ကြောင့် ဖြစ်ရတာ ။ အခုတော့ ပြန်လို့လည်း စိတ်မကောင်းဘူး ။ အိုလေ ရူးလေ ဖြစ်လာတာပဲ ။ ကျုပ်လည်း ငယ်ငယ်က ချောချောလှလှ လူမြင်တိုင်း လိုချင်ရတဲ့ မိန်းမ တစ်ယောက် ။ အခု သူ့ကို စောင့်ရင်း ပျိုရာက အိုပြီး ခေါင်းဖြူနေပြီ ။ ကျွန်မ အင်မတန် ကံဆိုး တာပဲ ။ ဟိုအကောင် လာပြီး မရမ်းကားရင် ဒီလို ဖြစ်ဖို့ မရှိဘူး ။ ဒါကြောင့် ငကြွယ်လည်း ဒုက္ခ ဖြစ်တာပဲ ။ ဒီလို အကောင်မျိုး သေတာပဲ ကောင်းတယ် ။ သို့သော်လည်း ကိုင်းတောထဲမှာ သေတဲ့ လူဟာ ငကြွယ် မဟုတ်ဘူး ။ တခြားလူလို့ ပြောကြတာပဲ ။ ငကြွယ်က ရန်ကုန်မှာလိုလို ပြောကြတယ် ”

ထိုအခိုက်မှာ ကျွန်တော် ထိုင်ရာက ထပြီး မိန်းမကြီး ၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်တော့ မိန်းမကြီးဟာ ကျွန်တော့်မျက်နှာကို မျက်လုံးများ ပြူးကြည့်ပြီး “ အလို .. ကိုကြွယ်ပါလား ။ ရှင်ဘယ်က ပေါ်လာတာလဲ ”  လို့ ထိတ်လန့်အံ့သြပြီး အော်လိုက်လေ၏ ။

ကျွန်တော်လည်း သူ့ကို ခဏလေး ရပ်ကြည့်ပြီး တစ်ခါတည်းထွက်လာခဲ့တာပါပဲ ။ ကျွန်တော့်ကို လှည့်စားသူ နှစ်ယောက် ဘယ်လိုဖြစ်ကြရတယ်ဆိုတာ နှစ်ပေါင်း ၃၀ ကြာတော့ လာတွေ့ရတာပါပဲ ။

ထိုစကားပြောသော သူသည် စကားကို အဆုံးသတ်လိုက်သောအခါ မိုးများလည်း စဲသဖြင့် ၎င်း လူသည် မတ်တတ်ထကာ မိုးကာကို ပခုံးပေါ်၌ တင်ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်၍ သွားလေသတည်း ။

▢  ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
     မတ် ၊ ၁၉၂၇