❝ ပင်လယ်လှိုင်း လို ဘဝ ❞
[ မန္တလေးမြို့ မှာ ကျောက်စိမ်းသူဌေးတွေ အများကြီး ရှိပါတယ် ။ ဦးမောင်မောင် ( ၆၁ နှစ် ) ဟာ ပုဏ္ဏားမောင်မောင် ဆိုတဲ့ အမည် နဲ့ ကျောက်လောက မှာ လူသိ များ ခဲ့တယ် ။ သူ့ အမည် က ထိုင်းနိုင်ငံ ကျောက်လောက အထိ ထင်ရှားခဲ့ ပါတယ် ။
ကျောက်စိမ်းတုံး တစ်တုံး ကို မခွဲစိပ် မဖြတ်တောက်သေး ဘဲ အပြင် က ကြည့်ပြီး အတွင်း က ကျောက် အရည်အသွေး ကို ခန့်မှန်း တာ တော်တယ် လို့ အသိအမှတ် ပြု ခံရတယ် ။ ဦးမောင်မောင် ဟာ ကျောက်လုပ်ငန်း နဲ့ ချမ်းသာတယ် ။ မန္တလေးမြို့လယ် ၈၄ လမ်းမကြီး ပေါ် မှာ ကိုယ်ပိုင်တိုက် ဝယ် နိုင်တယ် ။
မြန်မာ့ဆိုရှယ်လစ် စီးပွားရေးခေတ် မှာ ကျောက် လုပ်ငန်းကြောင့် ဦးမောင်မောင် အကြိမ်ကြိမ် အဖမ်းအဆီး အမေးအမြန်း ခံရတယ် ။ သူ့ မိခင် ဒေါ်စိန်ညွန့် က သူ့ သား ကို ကျောက် မလုပ်ဖို့ မေတ္တာရပ်ခံ သတဲ့ ။ အဲသည် အချိန် က စပြီး ကျောက် ကို လုံးဝ လှည့် မကြည့်တော့ တဲ့ အထိ မိခင် စကား ကို ဦးမောင်မောင် နားထောင် တယ် ။
ဦးမောင်မောင် ရဲ့ တိုက် ကို သွားပြီး သူ့ ရဲ့ ကျောက်သမား ဘဝ အတွေ့ အကြုံ ကို ကျွန်တော် မေး ပါတယ် ။ ]
••••• ••••• ••••• •••••
ကျွန်တော့် ကို မွေး တာ က မန္တလေး ၊ တောင်ကြယ်ခတ်ဝင်း မှာ ။ အဖေ က ကျောက်ကုန်သည် ။ စစ် အတွင်း မှာ ကျောက်ကုန်သည် အတွက် ဘာ အလုပ် မှ မရှိဘူး ။ မန္တလေး က လူတွေ စစ်ပြေးကြတော့ စစ်ကိုင်းတောင်ရိုး ကို ပြေး ကြတယ် ။ စစ်ကိုင်း မှာ လည်း လူ တွေ က ပြည့် နေပြီ ။ ဒါနဲ့ အမရပူရနယ် ဟင်္သာရွာ ကို ပြေးခဲ့ကြတယ် ။ အဲသည်တုန်း က ကျွန်တော် က အသက် ခုနစ်နှစ် လောက် ရှိပြီ ။
ဟင်္သာရွာ မှာ အမေ က အကြော် ကြော် ရောင်းတယ် ။ ညှော် မိဖန် များ လို့ ခါးနည်းနည်း ကုန်း လာ တော့ မုန့်ပျားသလက် လုပ် ရောင်းတယ် ။ ဂျပန်ခေတ် ဂျပန်စက္ကူ နဲ့ ရောင်း ရတာ ။ စ ရောင်း တုန်း က မုန့် တစ်ခု ကို နှစ်ကျပ် သုံးကျပ် ။ နောက်ဆုံး ကျ တော့ မုန့်ပျားသလက် အဖြူ က ၁၅ဝ ၊ အနီ က ၂၀၀ ဖြစ်တာ ။
ဂျပန် ပြေးမယ် ဆို တော့ အမရပူရ က စစ်လမ်းကြောင်း ကျသတဲ့ ။ ဒါနဲ့ နေရာ ပြောင်း ရတယ် ။ ကျောက်ဆည်နယ် က ဂင်ဂါ ကို ရွှေ့ကြတယ် ။ တောရွာလေး ပေါ့ ။ ကျောက်ဆည် ကနေ အနောက် ထဲ လှည်း နဲ့ ၁၂ မိုင် လောက် သွားရတယ် ။ နောက်တော့ သတင်း က ရောက် လာ ပြန်ရော ၊ ဂျပန် ပြေး ရင် အဲသည် ရွာ ကို ဖြတ် ပြေး မှာ တဲ့ ။ ဒါနဲ့ လယ်ကွင်း ထဲ ပြောင်းပြီး တဲထိုး နေရတာပေါ့ ။ ဂျပန် တွေ စစ်ပြေး တော့ တကယ် ရောက်လာတာပါပဲ ။
မန္တလေး မှာ အေးချမ်းပြီ ဆိုတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကို ပြန်ခဲ့တယ် ။ ပြန် ရောက် တော့ ကျွန်တော်တို့ နေခဲ့ တဲ့ အိမ် က ဗုံးကျ လို့ မီး လောင် သွားပြီ ။ ဒါနဲ့ မြေငှား ပြီး အိမ်ဆောက် နေကြတယ် ။ မြေငှားခ က တစ်လ ကို သုံးကျပ် ပေး ရတယ် ။
ကျွန်တော်တို့ သား အဖ နှစ်ယောက် ဖန်ကြယ်သီး သွေး ကြတယ် ။ အဖေ က ငါ့ သား သည် အလုပ် က ရေရှည် မခံဘူး ။ ဖန် ကို လူတွေ မသုံးတော့ဘူး ၊ ပြင်သစ် က ကျောက်သွေး တဲ့ ပညာ ပြောင်း သင် တဲ့ ။
ကျွန်တော် ၁၃ နှစ် သား ရှိပြီ ။ တစ်နှစ် လောက် သင် တော့ ပြင်သစ် ချက်ကျောက်ကလေးတွေ ကို အကွက်ဖော် သွေးတတ် လာတယ် ။ တစ်နေ့ သုံးကျပ် ရတယ် ။ ကြိုးစားတော့ နောက်ကျ တစ်နေ့ လေးကျပ်ခွဲ ရတယ် ။ နောက်ကျ တစ်လ တစ်ရာ့ရှစ်ဆယ် လောက် ရ လာတယ် ။ အဲသည် ဝင်ငွေ က နေ့တိုင်း ကြက်သားဟင်း ချက်စား လို့ ရတယ် ။
အသက် က ၁၇ နှစ် သား ရောက် လာပြီ ။ အရင် က ပိုက်ဆံ မရှိလို့ ရှင် မပြုနိုင်ဘူး ။ ၁၇ နှစ် သား မှာ ကျွန်တော် ရှင် ပြုရတယ် ။ အသက် ၂၀ လောက် ရောက် တော့ ကျောက်သွေးဆရာကြီး ဦးလှဘော် နဲ့ တွေ့တယ် ။ မင်း တစ်လ ငွေ ဘယ်လောက် ရ သလဲ တဲ့ ။ တစ်ရာ့ငါးဆယ် လောက် ရပါတယ် ပေါ့ ။ လျှော့ ပြောတာ ။ အင်္ဂလိပ်စာ တတ် သလား တဲ့ ။ မတတ်ပါဘူးလို့ ။ ကျွန်တော် က တန်းကျောင်း မှ မနေဖူးတာ ။ သင်ပေါ့ တဲ့ ။ သင် တော့ သင်ချင်ပါတယ် ။ ကျွန်တော် က အမေ နဲ့ အဖေ ကို ရှာ ကျွေးနေရတာ ဆိုတော့ မင့် တစ်ရာ့ငါးဆယ် ငါ ပေးမယ် ။ ကျောင်း သွား တက် တဲ့ ။ သက်ကြီး ညကျောင်း တက်တယ် ။ ကျွန်တော် ခုနစ်တန်း ဝင် ဖြေတာ အောင် သွားတယ် ။ ဆယ်တန်း ရောက်တော့ စာမေးပွဲ မှာ မြန်မာစာ က ပါဠိ ကို ဘာသာပြန် ခိုင်းတာ မဖြေနိုင်ဘူး ။ စာမေးပွဲ ကျရော ။
ဒါနဲ့ ဦးလေးဦးလှသောင်း က ကျောက်အရောင်း သင် ပေးတယ် ။ ပွဲစားပညာ သင်တယ် ။ ပွဲစားပညာ မှာ ကုန်သည်တွေ ကို သင့်မြတ်အောင် ပေါင်းဖို့ သူတို့ လိုချင်တဲ့ ပစ္စည်း ဘယ်သူ့ လက် ထဲ မှာ ရှိတယ် ဆိုတာ သိဖို့ လိုတယ် ။ လိုချင်တာ ရအောင် ရှာနိုင် ရမယ် ။ ဈေးနှုန်း လည်း မှန်မှန်ကန်ကန် ရှိရတယ် ။ အရောင်း အဝယ် မှာ ပွဲညွန့် ဆိုတာ ရှိတယ် ။ ပစ္စည်း ပိုင်ရှင် က ၅ဝဝဝ နဲ့ ရောင်းမယ် ဆိုတာ ကိုယ် က ၆ဝဝဝ ရ အောင် ရောင်းပြီး ပိုင်ရှင် ကို ၄ဝဝဝ ပြန် ဆစ် ၊ ကြား က ၂ဝဝဝ စား ။ ဒါတွေလည်း မလုပ်ရဘူး ။ ရိုးရိုးသားသား လုပ် ရင် ဘယ်တော့မှ မဆင်းရဲဘူး တဲ့ ။
ကျွန်တော့် ကို ဦးဘိုကေ က ကျောက်စိမ်းပညာ သင် ပေးတယ် ။ ကျောက်စိမ်း ရောင်း ရာ မှာ ရန်ကုန် က ပို ရတယ်လို့ ညွှန်ပြတယ် ။ သူ က ရန်ကုန် ခေါ် သွားပြီး ကျောက်ကုန်သည် တွေ နဲ့ မိတ်ဆက် ပေးတယ် ။ ကျွန်တော့် ကျောက် ကို စိတ်ချပါ ။ ခိုးရာပါ ပစ္စည်း မပါဘူး ။ အတု မပါဘူး ။ ရဲရဲ ဝယ်ပါ လို့ အာမခံ ပေးတယ် ။ မန္တလေး က ကုန်သည် တွေ က လည်း မောင်မောင် မင်း ပွဲခ ယူပါ ပေးပြီး ရန်ကုန် လွှတ် ကြတာ ။ တစ်လ နှစ်ခေါက် လောက် သွားရတယ် ။ ပွဲခ ရတာ ကို မနည်းဘူး ။
ရန်ကုန် သွားတဲ့ အခါ ရုပ်ရှင်မင်းသားကြီး ဦးဇေယျ အိမ် မှာ တည်းတယ် ။ နောက်တော့ သူ့ သမီး မမြမြအေး နဲ့ နီးစပ် သွားကြတယ် ။ မိဘတွေ က လည်း သဘော တူ ကြပါတယ် ။
မင်္ဂလာဆောင် ဖို့ အတွက် စထရင်းဟိုတယ် မှာ ဧည့်ခံပွဲ လုပ်မယ် စီစဉ်တယ် ။ စီစဉ်ဆဲ မှာ ပဲ ကျွန်တော့် ကျောက် အလိမ် ခံရတယ် ။ ခုနစ်သိန်း ဖိုး ။ အဲဒါ မင်္ဂလာဆောင် ဧည့်ခံပွဲ မလုပ်နိုင်တော့ဘူး ။ ဦးဇေယျ က လည်း ငါ ကြိုက်တာတော့ နှစ်ဖက် မိဘ ကို ကန်တော့မယ် ကွာ ဧည့်ခံပွဲတွေ မလုပ်နဲ့ တဲ့ ။
ကြည့်မြင်တိုင် ဒေါ်ပို ဆိုတာ ရှိတယ် ။ မောင်နှမတွေ လို နေကြတာ ။ သူ့ ဆီက ပိုက်ဆံ နှစ်ကျပ် သွား ချေးတယ် ။ မင်း ဘာလုပ်ဖို့လဲ တဲ့ ။ မင်္ဂလာဆောင်ဖို့ ။ မင်္ဂလာဆောင် တာ နှစ်ကျပ် နဲ့ ရမလားကွာ တဲ့ ။ ဘုန်းကြီး ဆွမ်းကပ်မယ် ၊ လာတဲ့ ပုဂ္ဂိုလ်တွေ ကို လုံချည် တစ်ထည် စီ ကန်တော့မယ် ၊ လုံချည် တစ်ထည် က လည်း အဲသည်တုန်း က ခုနှစ်ကျပ် ဗျ ။ ဘယ်တော့မှ ဆပ်ဆပ် ဆိုပြီး ဒေါ်ပို က ငွေ နှစ်ထောင် ပေးတယ် ။
မင်္ဂလာပွဲ ကို အေဝမ်းဦးတင်မောင် တို့ ၊ ဦးသုခ တို့ ၊ ဦးသာဂေါင်ကြီး တို့ ၊ သန်းနွဲ့ တို့ လာကြတယ် ။ ထမင်း ကျွေးပြီး လုံချည် တစ်ထည် စီ ကန်တော့တယ် ။ ဦးသုခ က ဆုပေးကောင်း ဗျ ။ သူ့ ရှေ့ ထိုင် လည်း ကန်တော့ ရော ကြယ်ကလေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ ... သီချင်း အားရပါးရ ဆိုတာ ။ တွေ့လား ၊ ကြယ်ကလေးတွေ ကို ပြုံးရင်း တစ်လုံးချင်း ကြည့် နေရင် ကြယ်ကလေးတွေ က လည်း ကိုယ့် ကို ပြန်ပြီး အပြုံး နဲ့ တုံ့ပြန် ကြည့်မှာ ။ မင်း တို့ လင်မယား လည်း အိုအောင်မင်းအောင် ပေါင်းရပါစေ ဆိုတာ နဲ့ မလုံလောက်ဘူး ။ ရန် မဖြစ်ကြနဲ့ ။ တစ်ယောက် ကို တစ်ယောက် အပြုံး နဲ့ ကြည့် မှ တစ်သက်လုံး စိတ်ချမ်းသာ မှာ တဲ့ ။
ကျွန်တော် ကျောက် အရောင်းအဝယ် လုပ်တာ ပိုက်ဆံ နည်းနည်း များ လာတော့ တော်ဝင်ရုပ်ရှင်ရုံ ရှေ့ က ရွှေလက်ဝါးတိုက် ကို ရောင်းမယ် ဆိုတာ နဲ့ တစ်သိန်းသုံးသောင်း နဲ့ ဝယ်ပြီး ပြောင်း နေ ကြတယ် ။
နောက် တော်လှန်ရေးအစိုးရ တက် လာပြီး ကျောက်စိမ်း လုပ်တဲ့ သူ တွေ ကို ဖမ်းတယ် ။ ဖမ်း ထားတဲ့ လူ ကို ဘယ်က ဝယ်တာလဲ မေးတော့ ပုဏ္ဏားမောင်မောင် ဆီ က ဝယ်တာပါ လို့ ဆိုတယ် ။ ဒါနဲ့ အိမ် လာ ရှာတော့ ကျောက် တွေ ရွှေချောင်း တွေ တွေ့ တယ် ။ အဲသည် အချိန်က ထိုင်းနယ်စပ် ဒေါ်လမ်း ၊ မြဝတီ ၊ ကော့ကရိတ် ၊ ကျုံဒိုး က ကျောက် လာ ဝယ်တဲ့ သူတွေ က ငွေ မပါဘူး ။ ရွှေချောင်း တွေ ယူ လာတာ ။ ကျွန်တော့် မှာ ရွှေချောင်း တွေ ရှိတယ် ။
ကျွန်တော့် ကို ဖမ်း သွားတာ လေးလ လောက် ကြာတယ် ။ သက်ဆိုင်ရာ က ကျွန်တော့် မှာ အပြစ် တော့ ရှာ မတွေ့ဘူး ၊ ဖမ်း မိတဲ့ ကျောက် တွေ ရွှေချောင်း တွေ အစိုးရ ကို လှူ မလား ၊ လှူ ရင် လွတ် မယ်ပေါ့ ။ လွတ် ရင် လှူ မှာ ပါ့ ။ လွတ် ရင် ဘာ လုပ်စားမှာလဲ မေးတော့ ကျွန်တော် က ဒါပဲ လုပ်တတ်တာ ၊ ကျောက် ဆက် လုပ်ရမှာ ပဲ ပြောတော့ သူတို့ က ရယ်တယ် ။ အဲဒါ အသက် ၃ဝ ။
လွတ် လာတော့ ကျောက် လုပ်ငန်း ပဲ ဆက် လုပ်တယ် ။ ၃၁ နှစ် ရောက် တော့ ပါ သွားပြန် ရော ။ ကျော်ကြားမှု တဲ့ ။ အဲဒါ တစ်နှစ် လောက် ကြာတယ် ။ နောက်တော့ ပြန် လွတ် လာတယ် ။ ကျောက် ပြန် လုပ်တယ် ။ ဖမ်း ပြန်တယ် ။
တတိယအကြိမ် မြောက် အဖမ်း ခံ ရတာ က တစ်လ လောက် ကြာတယ် ။ ပြန် လွတ် လာတော့ ကျွန်တော့် အမေ က ငါ့ သား မင်း နောက် တစ်ခါ အဖမ်း ခံရရင် အမေ ေ သတာတောင် မင်း တွေ့ ရမှာ မဟုတ်ဘူး ။ ကျောက် မလုပ်ပါနဲ့ တော့ ငါ တို့ မိဘ အစဉ်အဆက် ဆေးဆရာ လုပ်စား ခဲ့တာပါ ။ မင်း လည်း ဆေးဆရာ ပဲ လုပ်ပါတော့ လို့ မေတ္တာရပ်ခံတယ် ။
ကျွန်တော့် အဖိုး က ဘုရင့်လက်ထက် က ဆေးဆရာ ။ အဖိုး ရဲ့ အမွေ ဆေးနည်း တွေ က လည်း ကျွန်တော့် လက် တစ်ကမ်း မှာ ပဲ ရှိတယ် ။ အမေ့ ဆန္ဒ အရ ကျောက်သမား ဘဝ ကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဆေးဆရာ ဘဝ ကို ခံယူ လိုက်တယ် ။
ကျောက်သမား ဘဝ က တော့ ပင်လယ်လှိုင်း စီးရ သလိုပဲ ။ လှိုင်းထိပ် အမြင့်ကြီး ရောက်တဲ့ အခါ လည်း ရောက် ရဲ့ ၊ လှိုင်းခွဲ ထဲ ကျပြီ ဆိုရင်တော့ လည်း အသူတစ်ရာ ချောက် ထဲ ကျ သလို ပါ ပဲ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment