Tuesday, June 18, 2024

သင်းခွေချပ် ( ပထမပိုင်း )


 

❝ သင်းခွေချပ် ❞

တိရစ္ဆာန် ချစ်တတ်သူ တို့ သည် မိမိ အိမ်ရှိ တိရစ္ဆာန်များ ကို ချစ်စနိုး နာမည်များ ပေးထားတတ် ကြသည် ဖြစ် ပေရာ ကျွန်တော့် အိမ်ရှိ ခွေး ၊ ကြောင် ၊ ကြက် ၊ ဘဲ ၊ ငန်း တို့ ၌ ကျွန်တော့် ဇနီး ပေး ထားသော နာမည်များ အသီးသီး ရှိကြသည့် အနက်မှ ကျွန်တော့် တိုက်ကြက်ဖ တစ်ကောင် နာမည် က “ သင်းခွေ ချပ် ” တဲ့ ။

•••••   •••••   •••••

◾ငါးမွှေတိုး အဆက်

ယင်းသို့ ဆိုလိုက် သဖြင့် ဤ သွေးသောက် မဂ္ဂဇင်း ၁၉၇၈ခု ၊ လွန်ခဲ့ သော ဇူလိုင်လထုတ် က “ ငါးမွှေတိုး ဇာတ်လမ်း ” နှင့် တစ်ဆက်တည်း နေအံ့ ဟု မထင်ပါ နှင့် ၊ ကြက် ချင်း ဘာမျှ မဆိုင်ပါ ။ သို့သော် သူတို့ ချင်း အကူးအပြောင်း အလဲအလှယ် တော့ ရှိနေ၏ ။

ရှိပုံ က ဇူလိုင်လ ထုတ် မဂ္ဂဇင်း မှ ငါးမွှေတိုး ဇာတ်လမ်း အဆုံးသတ် တွင် ငါးမွှေတိုး ရှုံး လာသောအခါ ကိုကံညွန့် က -

“ မအေရိုး - ကြက် တစ်ခါတည်း ရိုက် ချက် စားမယ် ၊ သူ နဲ့ ဖောက်ထား တဲ့ အိမ် က ကြက်ဥတွေလ ည်း အားလုံး ကြော်စား ပစ်မယ် ” ဆိုလေတော့ ကိုပေါက်စီ က ကြက် ကို အတင်း လိုက် လု ယူပြီး ၊

“ မလုပ်နဲ့ဦး ဗျ ၊ တင်ရွှေ စကား ရှိတယ် ၊ သူ့ ကြက် မတော်လို့ မတည့် ရှုံးလို့ ပျက်စီးတောင် မသေရင် သူ့ ပြန်ပေးပါ ဆိုတဲ့ စကား ရှိတယ် ”

ဒီတော့မှ ကိုကံညွန့် က ကြက် ကို ပေး၍ -

“ ဒါဖြင့် ယူသွားကြဗျာ ၊ ဒီ ကြက် ကျွန်တော့် အိမ် မှာ မထားချင် တော့ဘူး ။ ထား လည်း သတ်စားမိမှာပဲ ”

ဤနေရာ ၌ စကား အလျဉ်းသင့် ၍ ပြောရ ဦးမည် ။ ကြက်သမား တို့ သဘော မှာ ကြက် တစ်ကောင် သည် တိုက် လို့ နိုင်နေပြီ ဆိုပါ က ညားခါစ ချစ်ဇနီး အသစ်စက်စက်ကလေး ကဲ့ သို့ ကယုကယင် ရှိ လှလျက် ။ အဲ .... အဲသည် ကြက် ရှုံးလာပြီ ဆိုသော အခါ ထို မယား လင်ငယ် နေတာ ပက်ပင်း မိ သကဲ့သို့ တည်း ။

ကိုပေါက်စီ သည် သူ့ စကား အတိုင်း နောက် တစ်နေ့ တွင် ငါးမွှေတိုး ကို ယူပြီး ကိုတင်ရွှေ နေထိုင်ရာ တာတပေါရွာ သို့ သွား လေသည် ။ ငါးမွှေတိုး တိုက်စဉ် အခါ က ကိုတင်ရွှေ သည် ရန်ကုန် ၌ မရှိချေ ။ အကယ်၍ ရှိပါ က သူ ယုံကြည်သော သူ့ ကြက် ကို သူ လည်း တတ်နိုင် သလောက် လောင်း ပေဦးမည် ။

ကိုပေါက်စီ တာတပေါ က ပြန် လာသောအခါ အမွှေးရောင် မွဲခြောက်ခြောက် နှင့် အမြီး တွေ အတောင် တွေ အလွန် စုတ်ပြတ် နေသော ကြက် တစ်ကောင် ကို ယူလာသည် ။ ဤ ကြက် ကား နောင်တွင် တိုက်တိုင်း နိုင် ၍ “ သင်းခွေချပ် ” ဟု အမည် တွင် မည့် ကျွန်တော် ၏ ကြက် ပေတည်း ။

ဤ ကြက် ကို မြင် လျှင် မြင်ခြင်း ကျွန်တော် က ကိုပေါက်စီ အား ...

“ ဟာ ... ကိုတင်ရွှေ က ဒီ ကြက် ကို ဘာဖြစ်လို့ ပြန် ပေး လိုက်တာ တုန်း ၊ သူ သားဖောက် ဖို့ လိုချင်လှပါတယ် ဆို ပြီး သူ့ ကြက်ဖ နဲ့ လဲ သွားတဲ့ ဟာပဲ ” 

သည်တော့ ကိုပေါက်စီ က ....

“ ဒီလို ဆရာ ရေ့ .. ကျွန်တော် က သူ့ ငါးမွှေတိုး အကြောင်း ပြောပြပြီး ၊ ရော့ - မင်း ကြက် ပြန်ယူ ၊ မင်း စကား အတိုင်း ငွေတစ်ရာ ပြန်ပေး ဆိုတော့ ၊ သူ့ မှာ အခု ငွေ တစ်ရာ မရှိဘူး ၊ ဒီတော့ ဆရာ့ ဆီ မှာ ဒီ ကြက် နဲ့ ( ယခု သူ ပြန် ယူလာသော ကြက် ) ခဏ လဲပြီး ထားပစ်ခဲ့ တဲ့ ၊ သူ့ ကြက်ဝါခပတ် ကို တစ်ရာ နဲ့ ထားပြီး ယူပါ ။ ဆရာ့ ကြက် ကို ပြန်ပေး လိုက်ပါ ဆိုပြီး ဖလှယ် လိုက် တာဗျ ။ ဆရာ့ ကြက်ဖ နဲ့ သူ့ ကြက်မ လည်း ဥ ၁ဝ လုံး ရ နေပြီ တဲ့ ၊ ဒီတော့ အခု ကျွန်တော် တို့ မှာ လိုက် တိုက်ဖို့ ကြက် နှစ်ကောင် ရတာပေါ့ ။ အခု ဆရာ့ ကြက် ကြည့်စမ်း ၊ အနာတွေ လဲ ပျောက် ကုန်ပြီ ၊ အတောင် တွေ လည်း ကျွန်တော် ဆက် လာခဲ့တယ် ” ဆိုပြီး အတောင် တွေ ကို ဖြန့် ပြပါသည် ။

တိုက်ကြက် တို့ တွင် အတောင် ကျိုး စေကာ မူ အငုတ် ရှိ က အခြား ကြက်တောင် နှင့် ဆက်၍ ရသည် ။

သည်တော့ မှ ကျွန်တော့် ကြက် ကို ကျွန်တော် ယူ ၍ ကိုင် ကြည့်မိသည် ။ ဟုတ်ပါရဲ့ ၊ တာတပေါရွာ ယူ သွားတာ ရက် ၂ဝ လောက် ပဲ ကြာသည် ။ ရင်ဘက် က အနာ လည်း ကျက် နေပြီ ။ ဒူးကောက်ကွေး က အနာဖေး တွေ လည်း မရှိတော့ဘူး ၊ ခြေသန်းအဖျား တွေ လည်း မနာတော့ဘူး ။ သူ့ အား တိုက်မည် ဆို လျှင် တိုက်၍ ဖြစ် နေပေပြီ ။ သို့သော် ဒီ ကြက် ခွပ်တာ ကို ကျွန်တော် တို့ တစ်ခါ မျှ မမြင်ရဖူးသေးပေ ။ ကောင်းလှပါတယ် ဆိုပြီး ပခုက္ကူမြို့နယ် မှ ကျွန်တော့် ထံ သို့ အလကား လာ ပို့ ထားသော ကြက် ဖြစ်ပါ၏ ။ သူ့ အကြောင်း ကို စလုံးရေ က စ ရပါသော် .....

◾လက်ဆောင် ကြက်များ

ကျွန်တော် သည် ကျွန်တော့် ကိုယ် ကျွန်တော် အရက်သမား ၊ ကြက်သမား စာရေးဆရာ ဖြစ်ကြောင်း ကြေငြာပြီး သကာလ ကျွန်တော် ကြက်တိုက်ခြင်း နှင့် ကျွန်တော့် တိုက်ကြက်ဖ များ အကြောင်း ကို အပုဒ်ပေါင်း တော်တော် များများ ရေးသားခဲ့ခြင်း ဖြင့် ကျွန်တော့် လို ပဲ ကြက်ဝါသနာ ပါကြသူ တို့ သည် လည်းကောင်း ၊ တိုက်ကြက် နားမလည်ကြ သော်လည်း အဖက်ဖက် က ဗဟုသုတ မြတ်နိုးကြသူ တို့ သည် လည်းကောင်း ကျွန်တော့် စာ ကို မြတ်နိုး နှစ်သက် ကြလျက် စာပေနယ် မှာ တမျိုး တဘာသာ ထူးခြားလာသည် ဟု ကျွန်တော့် ထံ ချီးကျူး မိတ်ဖွဲ့ စာများ ရေးကြသည် ။ အချို့ ကြက်ဝါသနာအိုး များ ဆို လျှင် သူတို့ လို ကြက်သမားတွေ အကြောင်း စာ ထဲ မှာ တခမ်းတနား ရေးသားသည် ကို သဘောကျ လျက် “ ကျွန်တော်တို့ ဆီ လာခဲ့စမ်းပါ ၊ ဆရာ့ အတွက် ကြက်ကောင်း ပေးပါမယ် ” ဟု ဖိတ်ခေါ် ကြသည် ။ အချို့ ဆို လျှင် လူကြုံ နှင့် လည်းကောင်း ၊ ကိုယ်တိုင် သော် လည်းကောင်း လာ၍ ပို့ကြသည် ။ အချို့ ဆို လျှင် တိုက်ကြက် ကို ဘာ မှ နားမလည် သော်လည်း အခြား ကြက်သမား တွေ ဆီ က တိုက်ကြက် ကောင်းကောင်း ရောင်းကြစမ်းပါ ဆိုပြီး ဝယ်ပို့ သူ လည်း ကြုံရပါ သေးသည် ။ အကယ်တန္တိ ကား ကြက်သမား စင်စစ် သည် မိမိ ကြက်ကောင်း ကို ဘယ်တော့မျှ မရောင်းကြပေ ။ နားမလည် သူ ကို လိမ်ပြီး ရောင်းကြမည် သာ ဖြစ်၏ ။ ထို့ကြောင့် မိမိ ကိုယ်တိုင် နားမလည်ပါ ဘဲ နှင့် တိုက်ကြက်ကောင်း ဟု ပြော၍ ရောင်းကြသည် ကို မဝယ်ကြပါနှင့် ။

တစ်ရံရော အခါ က သထုံမြို့နယ်မှ စစ်ဗိုလ်တပ်မှူး ကျွန်တော် ၏ စာဖတ် မိတ်ဆွေ ( ယခု မိတ္ထီလာ အမြောက်တပ် ဗိုလ်မှူးဖေသန်း ) သည် သူ့ နယ် တွင် ထိုစဉ် အခါက ကြက်ပွဲများ ရှိခဲ့၍ သူ့ သြဇာတိက္ကမ နှင့် ကြက်ကောင်းများ ရနိုင်သည် ဟု အကြောင်းကြား စာ ရေး ပြီး နောက် ရဲဘော် တစ်ယောက် နှင့် တိုက်ကြက်ဖ နှစ်ကောင် ကို တတန်တက အပို့ လွှတ် လိုက် သည် ။ ကျွန်တော် က ဘူတာကြီး မှ စောင့်ကြို ယူရသည် ။

သူ ပို့ လိုက်သော ကြက်များ သည် တိုက်ကြက် ကား မှန်ပါ၏ ။ သို့သော် အကောင်းစား ထဲ က မဟုတ် ၊ သာမန်ကာ လျှံကာ မျှ ဖြစ် နေသော ကြောင့် ကျွန်တော် မှာ မြို့အုပ်မင်း ဆောင်မ မှ ထောင် ကျမည့် ကိန်း ဆိုက်ခဲ့ဖူး ပါ၏ ။ သို့သော် သူ့ ဆီ ကို တော့ ပို့ လိုက်သော ကြက်များ ကောင်းကြောင်း ၊ ကျေးဇူး တင်ကြောင်း ရေးလိုက်ရ ပါ၏ ။ ဒါပေမယ့် နောက်ထပ် တော့ မပို့ပါ နှင့် တော့ ၊ ကျွန်တော့် အိမ် မှာ ကြက်တွေ များနေလို့ပါပေါ့ ။

◾အမျိုးသမီး တစ်ဦး ၏ မေတ္တာလက်ဆောင်

ဟော ... ယခုနှစ် ၁၉၇၈ - ခု ၊ ဇန်နဝါရီလ လယ် လောက် တွင် တစ်ခုသော နေ့လယ်ခင်း ၌ ကိုဖေသိန်း အိမ် မှ ကျွန်တော့် ကို ဖုန်း ခေါ်သည် ဆို၍ သွားရသည် ။ ကျွန်တော် ဖုန်း ကို ကောက် ကိုင်လိုက်ကာ ..

“ ဟဲလို.... ကျွန်တော် သော်တာဆွေ ပါ ”

“ ဟုတ်ကဲ့ .... ကျွန်မ ကျွန်မ ” ဆိုပြီး သူ ခေတ္တ စကား မဆက် နိုင် ဖြစ်နေပြီး မှ “ ကျွန်မ ကို ဆရာ က သိ မှာ မဟုတ်ပါဘူး လေ ၊ ဆရာ့ ကို သာ ကျွန်မ က သိ နေတဲ့ ဆရာ ရဲ့ စာဖတ်မိတ်ဆွေ တစ်ယောက်ပါ ” 

“ ဟုတ်ကဲ့ ဝမ်းသာပါတယ် ၊ အခု ဘာကိစ္စ ရှိပါသလဲ ၊ ကျွန်တော် က ဘာများ အကူအညီ ပေးနိုင်ပါသလဲ ”

“ အား ... ဆရာ က အကူအညီ ပေးဖို့ မဟုတ်ပါဘူး ။ ကျွန်မ က ဆရာ့ ကို များ ကူညီနိုင် မလားလို့ပါ ”

သူ့ အသံ သည် သွက်လက် လာသည် ။ အမျိုးသမီး ကြီးကြီး ထဲ က အသံမျိုး မဟုတ် ခပ်ငယ်ငယ် ရွယ်ရွယ် အသံမျိုး ထဲ က ဖြစ်သည် ။

သူ ကျွန်တော့် ကို ဘာများ အကူအညီ ပေးမှာပါ လိမ့် ။

“ ဟုတ်ကဲ့ ပြောပါဦး ”

“ ဒီမှာ ဆရာ ၊ ဆရာ့ စာတွေ ဖတ်ရတော့ ဆရာ ဟာ တကယ်ဘဲ ကြက် တိုက် နေတာနော် ”

“ မှန်တယ် ခင်ဗျာ ၊ ကျွန်တော် ဟာ ဒါမျိုးကို လိမ်ညာ မရေးတတ်ပါဘူး ”

“ ဟုတ်ပြီ .... ဒီတော့ ကျွန်မ တို့ အိမ်မှာ တိုက်ကြက် ကောင်း တွေ နှစ်ကောင် ရှိနေတယ် ဆရာ ”

“ ဟုတ်လား ”

“ ဟုတ်တယ် ဆရာ ၊ အားကြီး ခွပ်တာပဲ အိမ် မှာ ကို နေတယ် မရှိဘူး ၊ အရပ် ထဲ လျှောက် ခွပ် နေတာပဲ ခွပ်တိုင်း လဲ သူတို့ က ချည်း နိုင်တာပဲ ”

အင်း - သည် ပြောပုံထောက် ကတည်း က ကျွန်တော် စဉ်းစားမိပြီ ။

သူတို့ အိမ်သ ည် ကြက်သမား ရဲ့ အိမ် မဟုတ် ၊ သူတို့ အိမ်သား ထဲ မှာ ကြက်သမား ရှိသည် ဖြစ်အံ့ ၊ အဘယ် ကြက်သမား သည် မိမိ ကြက် ကို အရပ် ထဲ လည် ၍ အခြား ကြက်တွေ နှင့် ခွပ် နေစေအံ့နည်း ။ သို့သော် ကြက်သမားအိမ် မဟုတ် သော် လည်း ကြက်ကောင်း မရှိ ဟု မပြောနိုင်သေးပေရကား ...

“ ဟုတ်လား ၊ အဲသည့် ကြက်တွေ က ဘယ်က ရတဲ့ မျိုးလဲ ” 

“ ကျွန်မ တို့ အိမ် က ကြက်မကြီး က ပေါက် တာ ၊ သူတို့ အဖေ က တကယ့် တိုက်ကြက်ကောင်းကြီး ပေါ့ ၊ ကျွန်မတို့ အိမ် နောက်ဖေးတန်း မှာ လေ ကြက်သမား တွေရှိတယ် ”

“ ကျွန်တော် နားလည်ပြီ ”

“ ဟုတ်ပြီ ၊ ဒီတော့ ခင်ဗျားတို့ အိမ် က ကြက်မ က ကော တိုက်ကြက် မျိုး လား ”

“ အဲဒါတာ့ ကျွန်မ မသိဘူး ၊ ဒါပေမယ့် နောက်ဖေးတန်း က ကြက်သမား တွေ ကလေ သူတို့ ကြက်ဖ ရဲ့ သားတွေ မို့ ကျွန်မတို့ ကြက်တွေလဲ ကြက်ကောင်း တွေ ပဲ တဲ့ ”

“ ကောင်းမှန်း သူတို့ က ဘယ်နှယ့် လုပ် သိတာတဲ့လဲ ၊ ခွပ်တာ မြင်ရလို့ တဲ့ လား ”

“ မြင်ရမှာ ပေါ့ ၊ ကျွန်မ တို့ ကြက်တွေ က သူတို့ ကြက်တွေ နဲ့ သွား သွား ခွပ် နေတာပဲ ၊ ဒီတော့ သူတို့ က  ပြောတယ် ၊ ကျွန်မ တို့ ကြက်ဖ တွေ ကို သူတို့ ရောင်း ပါတဲ့ ”

“ တစ်ကောင် ဘယ်လောက် ပေးမတဲ့လဲ ”

“ မသိဘူးလေ ၊ ကျွန်မတို့ က အိမ် မှာ အလှ မွေးထားတာ ၊ မရောင်းဘူးလို့  ပြောလိုက်တာ ကိုး ”

ဤနေရာ ၌ ကျွန်တော် စဉ်းစား ရသည် ။ ကြက်သမား တို့ သည် ဤ ကြက်များ ကောင်းမှန်း သိ၍ တိုက် ဖို့ ပင် ဝယ်လေ သလော ။ သို့မဟုတ် သူတို့ ကြက်ဖများ နှင့် လာ လာ ခွပ်နေ၍ အသားဖိုး မျှ နှင့် ဝယ်ပြီး ဟင်းအိုး ထဲ ထည့်ပစ် လိုက်ဖို့လော ။ ယင်း ပြဿနာ ကား ဒီ ကြက် များ ကျွန်တော့် လက် ထဲ ရောက်မှ သိပေ တော့မည် ။ ထို့ကြောင့် -

“ ကြက် တွေ က ဘယ် အရွယ် ရှိလဲ ” 

“ ကြက်ဖကြီး တွေ ဖြစ်နေပြီပေါ့ ” 

“ အတက် ရှိပြီလား ” 

“ ရှိတာပေါ့ ဆရာ ရဲ့ ” 

“ ဘယ်လောက် ရှည်ပလဲ ”

သူ ခေတ္တ စဉ်းစားပြီး မှ ....

“ လက် - လက် - လက်ဆစ် တစ်ဝက် လောက် ပေါ့ ဆရာရယ် ” 

ဤလို ဆို ကတည်း က သူ့ ကြက်များ ၁ဝ လသား ထက် မငယ်တော့ပြီ ။ ကြက် ကောင်း လျှင် တိုက်နိုင်တဲ့ အရွယ် ဖြစ်ပြီမို့ ။

“ သည်တော့ ဒီ ကြက်တွေ ကို ကျွန်တော် ဘာ လုပ် ပေးစေချင်သလဲ ” 

“ ကျွန်မ က ဆရာ့ ကို မေတ္တာလက်ဆောင် ပေးချင်ပါတယ် ” 

ကျွန်တော် က လှိုက်လှိုက်လှဲလှဲ အသံ ဖြင့် ....

“ ဟာ .... သိပ် ဝမ်းသာတာပေါ့ဗျာ ၊ ကျွန်တော် ဘယ်တော့ ဘယ်မှာ လာယူရမလဲ ”

“ ဆရာ မလာနဲ့ မဖြစ်ဘူး ၊အဲ .... အဲ .... အဲ့လေ ကျွန်မတို့ အိမ် က လာရ ခက်တယ် ကျွန်မ လာ ပို့မယ် ၊ ဆရာ အိမ် မှာ ဘယ်အချိန် ရှိမလဲ ” 
“ လာနိုင်မယ့် အချိန် ပြောပါ ၊ ကျွန်တော် အိမ် ရှေ့ က စောင့် နေမှာပေါ့ ”

“ အဲ - ဟုတ်ပြီ ” ဟု ပြော၍ သူ ခေတ္တ စဉ်းစားပြီးနောက် ....

“ မနက်ဖြန် မနက် လေ ၊ ကျွန်မ ဈေးဝယ် ထွက်ရင်း ၆ နာရီ သာသာ လောက် ရောက်အောင် လာခဲ့မယ် ၊ ဆရာ လည်း ဈေးဝယ် မသွားနဲ့ဦး ပေါ့ ၊ စောင့်နေနော် ”

သူ ကျွန်တော့် စာတွေ တော်တော် ဖတ်ဟန် တူ ပါသည် ။ ကျွန်တော် မနက်တိုင်း ဈေးသွား သည် ကို သိ နေသည် ။

“ ကောင်းပါပြီ ဒါနဲ့ ကျွန်တော့် အိမ် ကို သိရဲ့လား ”

“ မသိဘဲ နေပါ့မလား ဆရာ ရယ် ၊ ရှုမဝ ရော ၊ သွေးသောက် ရော ဆရာ့ ဝတ္ထု အဆုံးသတ် တိုင်း သော်တာဆွေ စာပေသင်တန်း ၊ ၂၅ စွပ်ကျယ်စက်လမ်း ၊ ကမာရွတ် ၊ ရန်ကုန် ဆိုတဲ့ လိပ်စာကြီး အမြဲ တွေ့ နေရတာပဲ ” 

“ အား ... ဒါဆို အိုကေ ”

“ ကဲ .... ဟုတ်ပြီ ၊ ကျွန်မ မနက်ဖြန် မနက် ဆက်ဆက် လာခဲ့မယ် ” ဆိုပြီး သူ ဖုန်းချ သွားလိုက်တော့၏ ။

ယင်း ၌ ကျွန်တော် စဉ်းစားရ တော့သည် ။ သူ့ လိပ်စာ လည်း မပေး ၊ နာမည် မျှ လည်း မပြော ၊ မနက်ဖြန် လာ ပို့မည် ဆိုတော့ ရန်ကုန်ဧရိယာ က တော့ ဖြစ်ရမည် ။ အမျိုးသမီး တစ်ယောက် က ကြက်ဖ နှစ်ကောင် ယူလာမည် ဆိုတော့ သူ ဘယ်ပုံ ဘယ်နည်း လာမည်နည်း ။ သူ့ အသက်အရွယ် က လည်း ဘယ်လောက်နည်း ။ အပျိုပေါက်ကလေး တော့ မဖြစ်နိုင်ရာ ပေ ။ ကျွန်တော် ယခု အချိန် ရေး နေသော စာများ က လည်း မြီးကောင်ပေါက်ကလေးများ အကြိုက် မဟုတ် ။

ဟယ် .... စဉ်းစားနေ အချိန် ကုန်ပါတယ် ၊ နက်ဖြန် မနက် တွေ့ရတော့မှာပဲ ။

ဟုတ်ပ ။ နောက် တစ်နေ့ နံနက် ၆ နာရီခန့် တွင် ကျွန်တော့် အိမ်ရှေ့ မှာ ဖယ်မလီယာ ကားပြာလေး တစ်စင်း ထိုး ရပ်သည် ၊ အမျိုးသမီး တစ်ယောက် တည်း ကိုယ်တိုင် မောင်း လာသည် ။ သူ့ မျက်နှာ သည် ကျနစွာ အလှ ပြင် ထား တော့ ကား ပေါ် ထိုင် နေတုန်း ခဏတစ်ဖြုတ် မြင် ရတာ ၊ သူ့ အသက် ကို ခန့်မှန်းရ ခက်သည် ။ ၃ဝ နှင့် ၄ဝ ကြား လောက် ပဲ ဟု ပြောနိုင်သည် ။

ကျွန်တော် သူ့ အနီး ကပ် သွားတော့ ...

“ ဪ .... ဆရာ က ဆံပင် တောင် ဖြူစ ပြုပြီကိုး ” ဟု ပြုံးရယ် ကာ ပြောပြီး သူ့ ကား နောက် တံခါး တစ်ဖက် ဖွင့် ပေးသည် ။ အထဲ မှာ ခြေထောက် ကြိုး နှင့် ချည် ထားသော ကြက်ဖ နှစ်ကောင် ၊ ကျွန်တော် က နှစ်ကောင်ပြူး ပွေ့ ယူ လိုက်သည် ၌ သူ့ ကား တံခါး သူ ပြန် ပိတ်လိုက်ပြီး ကျွန်တော် ကျေးဇူး တင် စကားလေး မျှ မပြောရမီ သူ က ကားတံခါးပိတ်သံ နှင့် တစ်ဆက်တည်း “ ဂွဒ်လပ်ဖော်ယူး ” ဟု ဆိုကာ ကားမောင်း ထွက် သွား တော့၏ ။ ဂိုယာ ရေမွှေးနံ့ သည် သင်းပျံ့ ၍ ကျန်ခဲ့သေး၏ ။

ထိုမှ စပြီး ကျွန်တော် ဘာမျှ သတိ မရနိုင် တော့ဘဲ ကြက်သမား ပီပီ ကြက်များ ကို သာ အိမ် ထဲ ယူလာပြီး နှစ်ကောင်စလုံး ကို ကြိုးဖြေ လွှတ် ကာ ကြက်သမား မျက်စိ နှင့် ကြည့်သည် ။

အင်း ... တိုက်ကြက်မျိုးစစ် မဟုတ် အစပ်တွေ ပဲ ၊ အကောင် ပုံသဏ္ဌာန် နှင့် အမွေးအတောင် မြင် ကတည်း က သိတာပေါ့ ။ သို့သော် အစပ်များ လည်း တစ်ခါတစ်ရံ ထွန်းပေါက်ပြီး အစစ် ထက်ပ င် ကောင်းတတ် သေးသည် များ လည်း ရှိရကား ၊ ကျွန်တော် သည် သူ့ ကြက် နှစ်ကောင် ကို ခွပ်လက် ချ ကြည့်ပါ သေး၏ ။

သည်လို ကြည့် လိုက် ကတည်း က သိပါပြီ ၊ သူ့ အိမ်နား က ကြက်သမားများ က သူ့ ကြက်များ ကို ကောင်းသည် ဟု ဆို၍ ဝယ်ကြသည် မှာ တိုက်ဖို့ မဟုတ် ၊ သူတို့ အိမ် က တိုက်ကြက်များ ကို လာ လာပြီး အနှောင့်အယှက် ပေး နေသော အန္တရာယ် ကို ရှင်းလင်း ပစ်ဖို့ ဖြစ်ပေ သတည်း ။

ယင်း သည် ကြက်သမား တိုင်း ၏ လုပ်ရိုးလုပ်ထုံး ဖြစ်ရကား ၊ ကျွန်တော် လည်း သူ့ ကြက်များ အား ဤနည်း မှ တစ်ပါး အခြား လမ်း မရှိတော့ပြီ ၊ သူ့ ဆီ ပြန် ပို့ရန် ကလည်း သူ့ နာမည် နှင့် နေရပ် မှ သူ က မပြောခဲ့တော့ ကျွန်တော့် တာဝန် မရှိတော့ပါ ။ သို့သော် သူ သည် သူ့ ကြက်များ အား သံယောဇဉ် တော့ ရှိမှာပါသေးသည် ။ ကျွန်တော့် ဆီ သူ့ ကြက်များ ကို လာ ပို့ပြီး သီတင်း နှစ်ပတ် မျှ အကြာ ၌ ကျွန်တော့် ထံ ဖုန်း ဆက်၍ မေး သေးသည် ။

“ ဆရာ .. ကျွန်မ ကြက် တွေ ဘယ်နှယ့် နေလဲ ၊ ဂွဒ်လပ် လို့ ကျွန်မ ဆုတောင်း ခဲ့တဲ့အတိုင်း ဆရာ ကံကောင်းရဲ့လား ”

“ ကျွန်တော် က တော့ ကံကောင်းပါတယ် ( ဟင်း နှစ်အိုးတောင် စားရတာ ကိုး ) ဒါပေမယ့် ခင်ဗျား ကြက်တွေ က ကံဆိုး ရှာတယ်ဗျာ ” 

“ ဘာဖြစ်လို့လဲ ” 

တစ်နေ့ တော့ ဤသို့ မေးအံ့ ဟု ထင်၍ ကျွန်တော် က ကြိုတင် စိတ်ကူး ရှိထားသည့် အတိုင်း ...

“ ခင်ဗျား ကြက် နှစ်ကောင် စလုံး နာပြီး သေကုန်တယ်ဗျာ ၊ တစ်ကောင် မှ မတိုက် လိုက်ရပါဘူး ”

သူ စုပ်သပ်၍ “ အို .. ဖြစ်မှ ဖြစ်ရလေ ” ဝမ်းနည်း သော ကရုဏာသံ ပါ လှပါသည် ။ ပြီးမှ “ ဒါတော့ ဘယ် တတ်နိုင်မလဲ လေ ၊ ဆရာ နေကောင်း တယ်နော် ” ဆို၍ ကျွန်တော့် စကား မပြန် ရ မီ ဖုန်း ကို ချ လိုက်တော့၏ ။

သူ့ ကြက် နှစ်ကောင် နာ သေသည် ဟု ကျွန်တော် ပြောလိုက်သော စကား မှာ မုသာဝါဒ တော့ မဖြစ်ပါ ။ အဘယ် ကြက် သည် မနာမကျင်ဘဲ နှင့် သေ အံ့နည်း ။ သို့သော် အမြင်အမှန် အတိုင်း ပြောလိုက် ပါ က သူ ရုတ်တရက် ချက်ခြင်း စိတ် မကောင်း ဖြစ်မည် စိုးသောကြောင့် သာ ဤသို့ မလိမ့်တစ်ပတ် ပြော လိုက်ရသည် ။ စင်စစ် မိမိ အပေါ် မေတ္တာစေတနာ ထား သူ အား ယင်းသို့ လှီးလွှဲ လှည့်စား ရသည် ကို ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ။ သူ သည် ကျွန်တော့် စာတွေ ကို အမြဲတမ်း ဖတ်နေသူ ဆိုခြင်းကြောင့် ယခု ဤ စာ ကို ဖတ်မိ က သူ သည် ကြက်သမား တွေ အကြောင်း ဗဟုသုတ လည်း တိုးပွား လျက် ကျွန်တော့် အား ခွင့်လွှတ်လိမ့်မည် ဟုလည်း မျှော်လင့်ရ ပါကြောင်း ။

◾အညာကြက်

ကျွန်တော် တို့ ရန်ကုန်မြို့နယ် က ကြက်သမားများ သည် “ အညာ ကြက် ”  ၊ “ အောက်ကြက် ” ဟူ ၍ နှစ်မျိုးနှစ်စား ခွဲခြား နားလည် ထားကြသည် ။ အညာကြက် ဆိုသည် မှာ အထက်ဗမာပြည် မှ လာသော ကြက်များ ၊ အောက် ကြက် က အောက်ဗမာပြည် မှာ ပေါက်ဖွားသော ကြက်များ ကို ခေါ်ဆိုခြင်း ဖြစ်ပါသည် ။ သူတို့ သည် အညာကြက် ကို အောက်ကြက် ထက် မက်မော ကြသည် ။ တန်ဖိုး ထားကြသည် ။ အညာကြက် သည် အောက်ကြက် ထက် သာသည် ဟု ယူဆကြသည် ။ အကြောင်း မှာ အောက်ကြက် နှင့် အညာကြက် တိုက် ကြ၍ ကြက် အကောင်ချင်း တူညီ နေလျှင် ကြက်သမား အခေါ် ရေ ထဲ မိုး ထဲ ( နောက်ပိုင်း ) တွင် တစ်ကောင် နှင့် တစ်ကောင် အပြိုင်အဆိုင် ကြိတ် ကြရသော အခါ အညာကြက် က မာရည် ကျောရည် ရှိသည် ။ အနာ ခံ နိုင်သည် ။ ဇွဲသတ္တိ ပိုသည်များ ကို တွေ့ကြုံကြရ သောကြောင့် ဖြစ်၏ ။

အညာကြက် နှင့် အောက်ကြက် တိုက်ကြပြီ ဆိုလျှင် ရှေ့ဦးပိုင်း မှာ အောက်ကြက် က အပြတ်အသတ် ခွပ် နိုင် လျှင် ခွပ် ပေရော့ ၊ သို့မဟုတ်ပဲ ကြာရှည်စွာ တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ သူ တင် ကိုယ် တင် ရထား လု ကြိတ်ရပြီ ဆိုလျှင် တော့ ရာခိုင်နှုန်း အများအားဖြင့် အညာကြက် က နိုင်သွား ကြသည် သာ ဖြစ်ကုန်၏ ။ အဘယ်ကြောင့် ဆိုသော် အညာကြက်များ သည် အပူပိုင်းဇုန်ဒေသ တွင် ပေါက်ဖွားကြီးပြင်း ခဲ့ရသည် ဖြစ်သောကြောင့် ဥပမာ အားဖြင့် ကမ္ဘာ့ လက်ဝှေ့ပွဲများ တွင် အာဖရိက နီဂရိုးလူမျိုးများ ကို ဥရောပ နှင့် အမေရိက အအေးပိုင်း တိုင်းပြည်သား လူမျိုးများ က မယှဉ်ပြိုင် နိုင် သကဲ့သို့ ဖြစ်လိမ့်မည် ထင် မိပါ၏ ။

အများအားဖြင့် အညာကြက် နာမည်ကြီး ရာ ဒေသများ မှာ ကျောက်ပန်းတောင်း ၊ ရေနံချောင်း ၊ ချောက် ၊ နတ်မောက် ၊ ပုပ္ပား ၊ ပခုက္ကူ ၊ မုံရွာမြို့နယ် တို့ ဖြစ်ကြ ကုန်၏ ။ ရန်ကုန် က ကြက်သမား တို့ သည် ထို ဒေသ များ သို့ တကူး တက သွား ၍ ဝယ်ယူ ကြသည် ။ မှာယူ ကြသည် ။ အညာ မှ လာရောက်ပြီး ရောင်းချသူ လည်း ရှိကြသည် ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment