Monday, June 17, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၈ )


 

အပိုင်း ( ၃ )

ကိုဘဂျမ်း နေသွား တဲ့ အသက် ခြောက်ဆယ် ကျော် ကို သုံးပိုင်း ပိုင်း လိုက်ယင် ပထမပိုင်း နှစ်ဆယ် မှာ ကုသိုလ်ကံ မကောင်း ဘူး ။ ဒုတိယပိုင်း နှစ်ဆယ် မှာ ကုသိုလ်ကံ ကောင်းတယ် ။ တတိယပိုင်း နှစ်ဆယ် မှာ ကုသိုလ်ကံ တကျော့ပြန် ညံ့ လာတယ် ။

ပထမပိုင်း နှစ်ဆယ် မှာ ကုသိုလ်ကံ မကောင်းဘူး လို့ ဘာကြောင့် ပြောရတာလဲ ဆိုတာ ကို တော့ နားလည်ပါ လိမ့်မယ် ထင်ပါရဲ့ ။ ကိုဘဂျမ်း ရဲ့ အဖေ က နောက် မိန်းမ ယူ သွားတယ် ။ အမေ က  ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နဲ့ အလုပ် လု ပ်ရတယ် ။ ပြီးတော့ အမေ သေ သွားတယ် ။ ပညာ သင် ပျက်ခဲ့ရတယ် ။ သူများ အိမ် မှာ ခိုကပ် နေခဲ့ရတယ် ။ ဒါပေမယ့် ပထမပိုင်း နှစ်ဆယ် မှာ အဲသည်လို ကုသိုလ် ကံ ဆိုး လာတာ တွေ ကို က ဒုတိယပိုင်း နှစ်ဆယ် မှာ ကုသိုလ် ကံ ကောင်း လာ ဖို့ ဖန် လာတာ ဖြစ်တယ် ။

ကြည့် ။ ကိုဘဂျမ်း အလုပ် ရ လာတယ် ။ အလုပ် မှာ တီထွင် ကြည့်တယ် ။ အောင်မြင်တယ် ။ သဌေး က အရေး ပေး ခံ ရတယ် ။

ပြီးတော့ မအေးနု နဲ့ အကြောင်း ပါတယ် ။ သည်မှာ လဲ စီးပွားရေး လုပ်ငန်း ခေါင်းဆောင် ဖြစ်ချင် လာ တော့ မအေးနု တို့ မိသားစု မှာ အဖေ က လဲ ဆုံး ပေး ထားရတယ် ။ အမေ က လဲ ထပ် ဆုံး ပေး ရတယ် ။ ကျန်ရစ် ခဲ့တဲ့ မောင်နှမ ကိုးယောက် ထဲ မှာ လဲ မအေးနု က အကြီးဆုံး ဖြစ်နေတယ် ။

သည် ဒုတိယပိုင်း နှစ်ဆယ် မှာ ကိုဘဂျမ်း သိပ် တိုးတက် အောင်မြင်တယ် ။ ကိုဘဂျမ်း စိတ်ကူး ယဉ် တာ ၊ လုပ်ချင် တာ တွေ အကုန် ဖြစ်တယ် ။ စီးပွား ဖြစ်တဲ့ ဘက် မှာ တော့ အံ့ဩ ယူရ လောက်အောင် ကို ကောင်းတယ် ။ ပထမဆုံး လမ်းဘေး မှာ “ ချမ်းအေး စာနယ်ဇင်း ” ဖွင့်တယ် ။ နောက် ဆိုင် နဲ့ ကနား နဲ့ ဖြစ် လာတယ် ။ နောက် “ ချမ်းအေး ပုံနှိပ်တိုက် ” တည်ထောင်တယ် ။ လုပ်ငန်း အောင်မြင်တယ် ။ နောက်တခါ အမရပူရ မှာ “ ချမ်းအေး ယက်ကန်း လုပ်ငန်း ” တည်ထောင် ပြန်တယ် ။ စပြီး တည်ထောင် ကတည်း ကို က စက်ယက်ကန်းစင် နှစ်ဆယ် နဲ့ အလုပ် စတယ် ၊ သည် အလုပ် က တော့ ကိုဘဂျမ်း ကိုယ်တိုင် ကျွမ်းကျင် တဲ့ လုပ်ငန်းမို့ တခြား လုပ်ငန်း တွေ ထက် ပိုပြီး တော့ အောင်မြင်တယ် ။ တနှစ် မပြည့် ခင် မှာ “ ချမ်းအေး ” စင်ထွက် မာစရိုက်လုံချည်တွေ က နာမည် ရ စ ပြုလာတယ် ။

သည်တော့ ကိုဘဂျမ်း အနေ နဲ့ က သည် ယက်ကန်း လုပ်ငန်း ကို ထပ် တိုးချဲ့ ချင်တယ် ။ ယက်ကန်း လုပ်ငန်း မှာ က သူ ကိုယ်တိုင် အုပ်ချုပ် လုပ်ကိုင် တာ ဆိုတော့ ၊ လက်ရှိ အနေ အထား ထက် နှစ်ဆ သုံးဆ ကြီးထွား လာ လဲ ပဲ သူ နိုင်တယ် ။

ယက်ကန်းလုပ်ငန်း မှာ က စင် အရေအတွက် နည်းခြင်း များခြင်း နဲ့ အုပ်ချုပ်တဲ့ အပိုင်း နဲ့ ဘာမှ မဆိုင်ဘူး ။ ကုန်ကြမ်း ရမှု မရမှု က သာ အရေးကြီးတယ် ။ ဓာတုဗေဒ ဆိုးဆေး ရမှု မရမှု က သာ အရေးကြီးတယ် ။ လိုချင် တဲ့ ချည်ခင် ၊ လိုချင် တဲ့ အရောင် နဲ့ ရှိ နေတဲ့ စင် အပြည့် နှပ်ကောက်ပြီး အဆင်သင့် ဆင် ထားနိုင် ယင် ပြီးတာပဲ ။ ဒါက တပိုင်း ။

နောက် တပိုင်း က တော့ လျှပ်စစ် နဲ့ စက်ကိရိယာပိုင်း ဖြစ်တယ် ။ စင် အပြည့် ၊ အင်အား အပြည့် ပုံမှန် လည်ပတ် နိုင် နေအောင် ဆောင်ရွက် ရမယ် ။

နောက်ဆုံး အပိုင်း က တော့ ငွေ ပြန် ဖော်တဲ့ အပိုင်း ။ ထွက် လာတဲ့ အထည်တွေ ကို ဈေးကွက် ရောက်အောင် အမြန် ဆုံး ပို့ ရမယ် ။

သူ့ နေရာ နဲ့ သူ ကျွမ်းကျင် တဲ့ လူတွေ နဲ့ လုပ် နေတယ် ။ အလုပ် လဲ ဖြစ်နေတယ် ။
သည် ယက်ကန်းလုပ်ငန်း ကို ကိုဘဂျမ်း လုပ်မယ် ဆို တော့ သူ့ ရဲ့ ကျေးဇူးရှင် ဖြစ်ခဲ့ဖူး တဲ့ သူ့ သဌေးဟောင်း ဦးကျော်စွာ နဲ့ တိုင်ပင်တယ် ။ ဘာပဲ ပြောပြော လုပ်သက်ရင့် နေပြီ ဖြစ်တဲ့ သူ့ သဌေး ရဲ့ အကူအညီ ကို လဲ ယူခဲ့ ရတယ် ။ အကူအညီ ဆိုတဲ့ နေရာမှာ သည်တခါ ကတော့ ငွေရေး ကြေးရေး မဟုတ်တော့ဘူး ။ လုပ်ငန်း နဲ့ ပတ်သက်တဲ့ အတတ် ပညာသမား တို့ ၊ ကျွမ်းကျင် အလုပ်သမား တို့ ကို ပဲ ခွဲ ပေးဖို့ မေတ္တာရပ်ခံ ရတယ် ။ သူ့ သဌေး က လဲ သူ့ အပေါ် မှာ သံယောဇဉ် ရှိရင်းစွဲ မို့ အစခပ်သိမ်း ကူညီ ခဲ့တယ် ။ ကုန်ကြမ်း လိုယင် ကုန်ကြမ်း ။ လုပ်အား လိုယင် လုပ်အား ။ စက်ပစ္စည်း လိုယင် စက်ပစ္စည်း ။ နည်းနာနိဿယ လိုယင် နည်း နာနိဿယ ။ ကိုဘဂျမ်း ရဲ့ လုပ်ငန်း မှာ ပို ပြေလည် ချောမွေ့ လာခဲ့တယ် ။

သည်တော့ မလိုဘူး ။ ဘာမှ စိုးရိမ် ကြောင့်ကြစရာ မလိုဘူး ။

လုပ်ငန်း ကို ကိုဘဂျမ်း ရဲ့ ရည်ရွယ်ချက် အတိုင်း စင် ငါးဆယ် အထိ တိုးချဲ့ လုပ်ကိုင်မယ် ဆိုတော့ ၊ မသကာ လုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံ ငွေ သာ နည်းနည်းပါးပါး လိုကောင်း လို နိုင်တယ် ။ သည့် အပြင် ဘာမှ မလိုဘူး ။ လိုစရာ အကြောင်း မရှိဘူး ။

လုပ်အား ရဖို့ ၊ ကျွမ်းကျင် အလုပ်သမား တွေ ရနိုင်ဖို့ ဆို တာ က လဲ ကိုဘဂျမ်း နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အပေါင်း အသင်း တွေ အများကြီး ရှိတယ် ။ ဘယ့်နှယ် .... ကိုဘဂျမ်း ကိုယ်တိုင် က အမရပူရ မှာ မွေးပြီး အမရပူရ မှာ ကြီးသွား တဲ့ အကောင် ပဲ ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း တွေ လဲ ရှိတယ် ။ ပတ်သက်ရာ ပတ်သက်ကြောင်း ယက်ကန်းသမား တွေ လဲ ရှိတယ် ။

အုပ်ချုပ်ဖို့ ၊ ကြီးကြပ် ကွပ်ကဲဖို့ ၊ အဆင်အသွေး ရွေးချယ် စီစဉ်ပေးဖို့ ဆိုတာ က လဲ ကိုဘဂျမ်း ကိုယ်တိုင် ရှိနေပြီ ။ လက်ထောက် အဖြစ် နဲ့ လဲ မောင်ကောင်းမြင့် ရှိ နေပြီ ။ စာရင်းဇယား တွေ နဲ့ ကိန်းဂဏန်း တွေ ကို မှန်မှန်ကန်ကန် စနစ်တကျ ရှိနေဖို့ အတွက် က လဲ ဝါဏိဇ္ဇဝိဇ္ဇာဘွဲ့ရ စာရင်းကိုင် ဦးဗိုလ်မောင် ရှိနေပြီ ။ နောင် အလုပ် များ လာလို့ နောက်ထပ် လူ လိုမယ် ဆိုယင် လဲ သည်ဘက်ပိုင်း မှာ တယောက် နှစ်ယောက် ထပ် ခန့် လိုက်ရုံပဲပေါ့ ။

မောင်ကောင်းမြင့် ဆိုတာ က လဲ အားလုံး သိပါတယ် ။ သူစိမ်း မှ မဟုတ်ပဲ ။ သူစိမ်းမဟုတ်ဘူး ဆိုပေမယ့် ဆွေမျိုးတော့ လဲ မဟုတ်ဘူးပေါ့လေ ။ သည် ယက်ကန်းလုပ်ငန်း မစ ခင် လွန်ခဲ့ တဲ့ ခြောက်နှစ် လောက် ကတည်း က ကိုဘဂျမ်း ရဲ့ လက်ထဲ ကို ရောက် လာ တဲ့ သူငယ် ။ ဉာတကာနဉ္စ သင်္ဂဟော .. အဆွေအမျိုး တို့ ကို သင်္ဂြိုဟ် ထောက်ပံ့ ရခြင်းသည် လည်း မင်္ဂလာ မည်၏ ဆိုသလို .. ကိုဘဂျမ်း နဲ့ ကျောင်း နေဘက် ငယ်သူငယ်ချင်း ထွန်းရှိန် လာ အပ်ထားတဲ့ သူငယ် ။ သည် သူငယ် မောင်ကောင်းမြင့် ကို ခိုင်းချင် ရာ ခိုင်းပါတဲ့ ။ သုံးချင်တဲ့ နေရာ မှာ သုံးပါတဲ့ ။ သူငယ်ချင်း ရဲ့ ဘဝ ကို ကြည့်ပြီး ချီးမွမ်း အားကျမိတဲ့ အတွက် သူငယ်ချင်း လို ဖြစ် လာအောင် သင်ကြား ပေးပါတဲ့ ။ မကျိုးမကန်း ယင် ပြီးရော ၊ ဆိုပါ ဆဲပါ ရိုက်ပါ နှက်ပါ တဲ့ ။ ပြီးတော့ အိမ် ကို လဲ သူငယ်ချင်း ပြန် လွှတ်ချင် တဲ့ နေ့ ကျ မှ သာ ပြန်လွှတ်ပါတဲ့ ။ အပြီး အပိုင် အပ် ထားတဲ့ သူငယ် ။

သည် သူငယ် မောင်ကောင်းမြင့် ရဲ့ဘဝ က လဲ အကျိုး ပေး တမျိုး ။ အမေ လုပ်တဲ့ လူ က ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားပွဲ မှာ ဈေးလိုက် ထွက် ယင်း နဲ့ ဘယ် အရပ်ဇာတိ က မှန်း မသိ တဲ့ ယောက်ျား တယောက် ရဲ့ နောက် ကို ကောက်ကောက်ပါ လိုက် သွားတယ် လို့ ဆိုတယ် ။ သား ကို လဲ ပစ် သွားတယ် ။ လင် ကို လဲ ပစ် သွားတယ် ။

အဖေ က တော့ ရှမ်းကလေးကျွန်း ရွာသား ။ ဗာဂျီးနီးယားဆေး စိုက်တဲ့ ယာသမား ။ ကိုဘဂျမ်း နဲ့ က ကိုဘဂျမ်း ကျောင်း ထွက် ခဲ့ရတဲ့ အချိန် အထိ တတန်း တည်း အတူ နေခဲ့ရတဲ့ သူငယ်ချင်း ။ သည် သူငယ်ချင်း က တနေ့ တော့ ကိုဘဂျမ်း ကို လာ တွေ့ တယ် ။ အကျိုးအကြောင်း ကို ပြော ပြတယ် ။ သူ့ သား ကို ထိုးအပ်တယ် ။

အဲသည် ကတည်း က မောင်ကောင်းမြင့် လဲ ကိုဘဂျမ်း တို့ နဲ့ အတူ “ ချမ်းအေးစာနယ်ဇင်း ” မှာ လုပ် လာခဲ့တာပဲ ။ စား တော့ လဲ ခင်မောင်ဦး နဲ့ အတူ စားတာပဲ ။ အိပ် တော့လဲ ပုံနှိပ်စက် အပေါ်ထပ် မှာ ခင်မောင်လတ် နဲ့ အတူ အိပ်တာပဲ ။ အေး .. ဆွေမျိုး မဟုတ်သလို ၊ သူစိမ်း တော့ လဲ မဟုတ်ဘူး ။

ဒါပေမယ့် မောင်ကောင်းမြင့် က တော်တယ် ။ သိလဲ သိတတ်တယ် ။ ရောက်လာခါ စ တုန်း ကတည်း ကို က လူကြီးကလေး တယောက် လို လူရိပ်လူကဲ လဲ နားလည်တယ် ။ အလုပ် နဲ့ ပတ်သက် လို့ လဲ သင်လိုက် ပြလိုက် ယင် တတ် လွယ်တယ် ။ အရွယ် က ငယ်သေးတယ် ။ သား မောင်ချမ်းအေး ထက် တနှစ် တည်း ပဲ ကြီး တာပဲ ။ ဒါပေမယ့် ရောက်လာ ကတည်း က အလုပ် လုပ်ချင် စိတ် ရှိတယ် ။ ကြိုးစား လဲ ကြိုးစားတယ် ။

အမှန်တော့ မောင်ကောင်းမြင့် ကို တက္ကသိုလ် မှာ ပညာ ဆက်လက် သင်ကြားပေးဖို့ ကောင်းတယ် ။ သည့် အတွက် အခက် အခဲ ရှိလို့ အကူအညီ ပေးပါ ဆိုယင်လဲ ၊ ကိုဘဂျမ်း က တော့ ကူညီ မှာ ပါပဲ ။ ဘယ့်နှယ် ပြောပါလိမ့် ။ မောင်ကောင်းမြင့် က ဉာဏ် ထက်တယ် ။ သား မောင်ချမ်းအေး သုံးနှစ် ဖြေ မှ အောင် ခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ကို မောင်ကောင်းမြင့် က နှစ်ချင်း ပေါက် အောင် ခဲ့တယ်လို့ ဆိုတယ် ။

ဒါပေမယ့် သူ့ အဖေ က သူ့ အတွေးအခေါ် နဲ့ သူ ဆုံး ဖြတ်တယ် ။ နောက်ထပ် လေးနှစ် ကျောင်း မထားနိုင် တော့ဘူး ။ မတတ်နိုင် တော့ဘူး ။ မောပြီ ။ သည် အရည်အချင်း နဲ့ ပဲ တော် လောက်ပြီ ။

ဒါပေမယ့် သည် အရည်အချင်း လောက် နဲ့ အစိုးရ အလုပ် ကို တော့ မလုပ်စေချင်ဘူး ။ လုပ်မယ် ဆိုယင်လဲ သူများ လက် အောက် မှာ ပဲ လုပ်ရမယ် ။ သူများ အထက် က အရာရှိ မဖြစ်နိုင် ဘူး ။ နောက် တကြောင်း က အစိုးရ အလုပ် ကို လုပ်မယ် ဆိုယင် ဘယ်ဌာန မှာ ပဲ လုပ်လုပ် တနေ့ မဟုတ် တနေ့ မြို့နယ် ပြောင်းရ မယ် ။ အဲသည်လို လဲ သူ့ သား နဲ့ သူ ဝေးဝေး မနေနိုင်ဘူး ။ သိတဲ့ အတိုင်း ရွာသမား ယာသမား ဆိုတာ ကလဲ ရွာမြေ ယာမြေ ကို စွန့်ခွာ လို့ ရတာ မဟုတ်ဘူး ။ သည်တော့ အဖေ တခု သား တခု မှာ သား နဲ့ လဲ လိုက် မနေနိုင်ဘူး ။ ကိုဘဂျမ်း ရဲ့ လက် မှာ အပ်ထားတယ် ဆိုတာ က တော့ ၊ သား က အဖေ ကို တွေ့ချင်တယ် ဆိုယင်လဲ အချိန်မရွေး လာ တွေ့လို့ ရတယ် ။ အဖေ က သား ကို တွေ့ချင် တယ် ဆိုယင်လဲ အချိန်မရွေး သွား တွေ့လို့ ရတယ် ။ မြို့ ထဲ နဲ့ မြို့စွန် ခရီး ။ ဘတ်စ်ကား စီး လို့ လဲ ရတယ် ။ စက်ဘီး နဲ့ လဲ ရောက် နိုင်တယ် ။

သည် မောင်ကောင်းမြင့် ကို ကိုဘဂျမ်း လေ့လာ အကဲခတ် ခဲ့တယ် ။ သူ့ မှာ ကိုဘဂျမ်း ငယ်ငယ်တုန်း က လို ကြီးပွားချင် စိတ် က သိပ် ပြင်းပြ ထက်သန်တယ် ။

သေချာတာ က တော့ အလုပ် လုပ် တဲ့ နေရာ မှာ သွက်သွက်လက်လက် ရှိတယ် ။ လက် ဦးအောင် လု လုပ်ချင် တဲ့ အကျင့် လဲ ရှိတယ် ။ ခင်မောင်ဦး နဲ့ သာ ဆိုင် တဲ့ အလုပ် ပဲ ။ မောင်ချိန် လုပ်ရမယ့် အလုပ်မျိုး ပဲ .. ဆို ပြီးတော့လဲ ၊ အလုပ် လုပ် ရာမှာ တွက်ကပ် ချင်တဲ့ သဘော ရေသာခို ချင်တဲ့ သဘော မျိုး ဘယ်တော့ မှ မတွေ့ရဘူး ။

သူ့ ကို ကြည့် လိုက်ယင် ဘယ်တော့ မဆို အလုပ် တခု မဟုတ် တခု ကို တော့ လုပ် နေတာ တွေ့ရ တတ်တယ် ။ အရေးကြီး တဲ့ အလုပ် တွေ မရှိယင် အနည်းဆုံး စာအုပ် တွေ ကို ဖြစ်ဖြစ် တော့ ဖုန် ခါ နေမယ် ။ ဂုန်နီကြိုးထုံး တွေ ကို ဖြစ်ဖြစ် တော့ ပြန် ဖြေ နေမယ် ။ ပြန် ဆက် နေမယ် ။ ပြန် သုံး နိုင်အောင် လုပ်နေ မယ် ။

ပြီးတော့ ကိုဘဂျမ်း ကြိုက်တာ က အသုံးအစွဲ ကျစ်လျစ် တယ် ။ ကိုဘဂျမ်း ရဲ့ အမြင် အရ တော့ တပြား မှ သုံးတာ စွဲ တာ မတွေ့ရဘူး ။ သူ့ လက် ထဲ မှာ သုံးစရာ စွဲစရာ ပိုက်ဆံ ရှိပါတယ် ။ မုန့်ဖိုး အနေ နဲ့ ကိုဘဂျမ်း ကိုယ်တိုင် တရက် နှစ်ကျပ် လောက် အထိ က တော့ ပေးတာပဲ ။

ဒါပေမယ့် သည် သူငယ် က သူ ရ သမျှ ကို ခါးကြား မှာ ကျစ်ကျစ် ပါအောင် လိမ် ထားတယ် ။ စု ထားတယ် ။ ပြန် မထုတ် တော့ဘူး ။ ကွမ်း လဲ ဝယ် မစားဘူး ။ ဆေးလိပ် လဲ ဝယ် မသောက် ဘူး ။ လက်ဖက်ရည် ကော်ဖီ လဲ ဝယ် မသောက်ဘူး ။ ဘာဆို ဘာမှ ဝယ် မစား ၊ ဝယ် မသောက်ဘူး ။

အဲ ... တခါတလေ ဧည့်သည် က မသောက် လို့ ပို နေတဲ့ လက်ဖက်ရည်ခွက်မျိုး ကို အလကား ဖြစ်ကုန်မှာ စိုးလို့ သောက် ပစ်လိုက် ဟဲ့ ပြောတာ တောင် မသောက်ဘူး ။ အကြောက်အကန် ငြင်းတယ် ။ အကျင့် မလုပ်ချင်ဘူး တဲ့ ။ ထမင်း နဲ့ လက်ဖက်ရည်ကြမ်း က လွဲယင် ဘာမှ အကျင့် လုပ် ပြီး ပါးစပ် ထဲ မသွင်းဘူး တဲ့ ။

ဟုတ်တယ် ။ ကိုဘဂျမ်း က အကြော် ကြိုက်တယ် ။ မွန်းလွဲ ပိုင်း ၊ ညနေပိုင်း ဆိုယင် ပဲကြော် တို့ ၊ ဗယာကြော် တို့ ၊ ဗူးသီးကြော် တို့ ၊ ဂေါ်ရခါးသီးကြော် တို့ စ သဖြင့် အကြော်စုံ ဝယ် ခိုင်း တတ်တယ် ။ နော့ ... ညနေစာ ထမင်း က အိမ်ပြန် ရောက် လို့ မိုးကြီး ချုပ် မှ စားကြရ မှာ ကို ။ သည်အချိန် မှာ ဗိုက် ထဲ တော့ နည်းနည်းပါးပါး ထည့် ထားဦးမှပေါ့ ။

ဒါပေမယ့် အဲသည် လို အကြော်ကလေး တခု လောက် က အစ အမျိုးမျိုး ပြောပြီး ကျွေး ။ မောင်ကောင်းမြင့် မစား ဘူး ။ အကြော် ကို သူ လဲ ကြိုက်ပါတယ် တဲ့ ။ သူ့ကို  ပေးတဲ့ သူ့ ဝေစု ကို လဲ ယူပါတယ် ။ ဒါပေမယ့် ချက်ချင်း စား မပစ် ဘူး ။ ထမင်း နဲ့ ကျ မှ စားဖို့ ဆိုပြီး သိမ်း ထားတယ် ။ ထမင်းစား တော့ မှ ပဲ ပေါင်း စားတယ် ။

သည် အကျင့် ကို လဲ ကိုဘဂျမ်း သဘောကျတယ် ။

ပြီးတော့ မောင်ကောင်းမြင့် က ကိုဘဂျမ်း ကို လဲ စောင့် ရှောက်တယ် ။ ရုတ်တရက် ခိုင်း ချင် ယင် ခိုင်းလို့ ရ အောင် ဆိုပြီး ကိုဘဂျမ်း ရဲ့ အနား မှာ ပဲ နေတယ် ။ ကိုဘဂျမ်း မြင်သာတဲ့ နေရာ မှာ ပဲ နေတယ် ။

ခင်မောင်ဦး တို့ ခင်မောင်လတ် တို့ ကတော့ သည်နောက် ပိုင်း မှာ နည်းနည်း စရိုက် ပျက် ချင် လာတယ် ။ ခင်မောင်ဦး ဆိုယင် ရန်ကုန် ကို တလ တခေါက် ဆင်း ရတယ် ။ ရန်ကုန် က ထုတ်ဝေသူ ဧည့်သည် တွေ လာ ယင် ဧည့်ခံ ရတယ် ။ ပြီးတော့ “ ချမ်းအေး စာနယ်ဇင်း ” မှာ သူ ဘုရင် ။

ကိုဘဂျမ်း က အမရပူရ မှာ အချိန် အတော်များများ ယူ နေရ တော့ ၊ ပုံနှိပ်စက် နဲ့ ဆိုင် နှစ်ဆိုင် ဘက် ကို တနေ့ တခေါက် ရောက်တယ် ဆိုရုံပဲ ရောက်နိုင် တော့တယ် ။ သည်တော့ ညနေ ဘက်ပိုင်း ဆိုယင် သည် အနီးအနား က “ လျှမ်းစိန့် ဟိုတယ် ” တို့ ၊ “ ဘီကျင် စားပွဲရုံ ” တို့နဲ့ အပေါင်းအသင်း လုပ် ထားပြီး ၊ တခွက် တဖလား တော့ အပြေးအလွှား ဝင် မော့ နေတတ်ပြီ လို့ သတင်း ကြား ရတယ် ။ အရက် ကြိုက်တတ် နေပြီ တဲ့ ။

ဟို တယောက် ခင်မောင်လတ် က တော့ ပြော မနေနဲ့ တော့ ။ သူ့ ပုံနှိပ်စက် နဲ့ သူ ၊ သူ့ တပည့် တွေ နဲ့ သူ ၊ တထီးတနန်း လွတ်လွတ်လပ်လပ် စံမြန်း နေတဲ့ လူ ဆိုတော့ ၊ သူ လုပ်ချင် ရာ လုပ်ပိုင်ခွင့် ရှိ နေတာပဲ ။ လုပ် လဲ လုပ် နေတာပဲ ။ ကိုဘဂျမ်း လဲ ပြော လို့ နိုင် မှာ မဟုတ်တော့ မပြောတာ့ဘူး ။ အလုပ် နဲ့ ဝင်ငွေ မှာ မထိခိုက် ယင် ပြီးတာပဲ လို့ သာ သဘော ထားပြီး ၊ လွှတ်ပေး ထားရတယ် ။

ဆေးလိပ် လက် ကြား က မချ တဲ့ ကိစ္စ ၊ အရက် သောက် တဲ့ ကိစ္စ နဲ့ ပတ်သက်လို့ ကိုဘဂျမ်း ဘာမှ သိပ် မပြောတော့ဘူး ။ ကိုဘဂျမ်း ကိုယ်တိုင် က လဲ မသောက်ဘူး ၊ သောက် တာ ကို လဲ မကြိုက်ဘူး ဆိုတာ သူတို့ တမိသားစုလုံး သိ နေကြတာပဲ ။ ဘာဖြစ်လို့ ထပ်ခါ တလဲလဲ ပြော နေစရာ လိုသလဲ ။

ပြီးတော့ ခင်မောင်ဦး တို့ ခင်မောင်လတ် တို့ ဆိုတာ တွေ က နည်းတဲ့ အသက် တွေ လား ။ မလိမ်မိုး မလိမ္မာ ဆယ်ကျော်သက် တွေ မဟုတ်ကြတော့ဘူး ။ သွန်သင်ဆုံးမ နေ ရမယ့် အရွယ် တွေ မဟုတ်ကြ တော့ဘူး ။ ပြီးတော လဲ ဆိုင်ရာ ကိုယ်ပိုင် စီးပွား ရေး လုပ်ငန်း တွေ ကို ကိုယ်တိုင် ဦးဆောင် လုပ်ကိုင် နေကြပြီ ။ လူကြီး တွေ ဖြစ် ကုန်ပြီ ။

တခု တော့ ရှိတယ်ပေါ့လေ ။ အစ်မ နဲ့ ပတ်သက်လို့ သာ တော် ရတဲ့ ယောက်ဖ ဆိုပေမယ့် ၊ သားချင်းရင်းချာ ထဲ က အကြီးအကဲ တယောက် လို ကိုဘဂျမ်း ကို တော့ ချစ်ကြောက် ရိုသေ ကြပါတယ် ။ ဘယ်လို အ ကြောင်းပြချက် နဲ့ မှ ကိုဘဂျမ်း ရဲ့ မျက်မှောက် မှာ ပြောင် မသောက်ရဲ ကြပါဘူး ။

ကိုဘဂျမ်း မသိအောင် ကွယ်ရာ မှာ ခိုးဝှက် သောက်ကြ ရ ရုံ တွင် မဟုတ်သေးဘူး ။ ကိုဘဂျမ်း မရိပ်မိ အောင် လဲ သောက် ထားတာ နဲ့ တပြိုင်နက် ကိုဘဂျမ်း နဲ့ မျက်နှာချင်း မဆိုင်ဖြစ် အောင် တတ်နိုင် သမျှ ရှောင် နေတတ်ကြ ပါတယ် ။

သည်တော့ မကြိုက် တာ က မကြိုက် တာ တခြား ၊ မကျေနပ် တာ က မကျေနပ် တာ တပိုင်း ၊ ကိုဘဂျမ်း အနေ နဲ့ က တော့ ခင်မောင်ဦး တို့ ခင်မောင်လတ် တို့ ကို သူ ကိုယ်တိုင် သိပ် မပြောတော့ဘူး ။ ပြောစရာ ရှိလာယင် မအေးနု က တဆင့်ပဲ ပြောတော့တယ် ။

ပိုပြီး ဆိုး တာ က အမရပူရ မှာ ယက်ကန်းလုပ်ငန်း လုပ်မယ် လို့ ကိုဘဂျမ်း က ဆုံးဖြတ်တော့ ၊ မိသားစု ထဲ မှာ ပထမဆုံး အကြိမ် အဖြစ် စိတ်ဝမ်း ကွဲခဲ့ကြရတယ် ။

ဟုတ်တယ်လေ ။ ယက်ကန်းလုပ်ငန်း ဆိုတာ က မအေးနု တို့ ရဲ့ နယ်ပယ် မဟုတ်ဘူး ။ မအေးနု တို့ မိဘ ရဲ့ လက်ငုတ်လက်ရင်း အလုပ်အကိုင် မဟုတ် သလို ၊ မအေးနု တို့ မောင်နှမ တတွေ ကျွမ်းကျင် နားလည် တဲ့ လုပ်ငန်း လဲ မဟုတ်ဘူး ။ ကိုဘဂျမ်း တယောက် တည်း နားလည် တဲ့ လုပ်ငန်း ။ ကိုဘဂျမ်း နဲ့ သာ ကျွမ်းဝင် တဲ့ လုပ်ငန်း ၊ သည်တော့ သိပ် စိတ် မပါကြဘူး ဆိုပါတော့ ။

နောက် တချက် က ယက်ကန်းလုပ်ငန်း အတွက် လိုအပ်တဲ့ အရင်းအနှီး က လဲ ကြီးပါဘိသနဲ့ ။ ကိုယ့် လက် ထဲ မှာ စုထား ဆောင်းထား ငွေ မရှိဘူး တော့ မဟုတ်ပါဘူး ။ ရှိတန် သရွှေ့ ရှိပါတယ် ။

ဒါပေမယ့် စက်ယက်ကန်း စင် နှစ်ဆယ် ဝယ်မယ် ဆိုတဲ့ ငွေ က ချည်း ဘယ်လောက် ရှိမလဲ ။ နေရာ က ကော ဘယ်မှာလဲ ။ ယက်ကန်းရုံ ကလဲ ဆောက်ရဦးမယ် မဟုတ်လား ။

စင် ဆိုတာ က တော့ ယက်ကန်းကျောင်း က ပြန် လေလံ ပစ် တဲ့ စင်ဟောင်း တွေ ပါပဲ ။ အစိုးရ အနေ နဲ့ ခေတ် မမီတော့ဘူး ဆိုပေမယ့် ၊ အပြင် မှာ က တော့ ခေတ်မီ ပါတယ် ။

နော့ ... သွင်းခွင့် လိုင်စင် က လဲ ရနိုင်တာ မှ မဟုတ်ပဲ ။ အဟောင်း တွေ ကို ပဲ ပြန် ပြင် လိုက်ယင် ပြင်သစ် ဖြစ်လာ နိုင်ပါတယ် ။ အထွက် ကောင်းနိုင်ပါတယ် ။ ပိုးခေတ် မဟုတ်တော့ ဘူးလေ ။ မာစရိုက်ခေတ် မှာ မာစရိုက် ယက် မှာ ဆိုတော့ ၊ အသုံးတည့် ပါတယ် ။ ရှင်းရမယ့် ငွေ က လဲ သိပ် များမယ် မထင် ပါဘူး ။

ဒါပေမယ့် ကိုယ့် မှာ နေရာ ရှိတာ မဟုတ်ဘူး ။ ရုံ ရှိတာ မဟုတ်ဘူး ။ အစ က နေ စ ရမယ့် ကိစ္စ ။

လုပ်ငန်း က ဘယ်လို အခြေအနေ နဲ့ ရင်ဆိုင်ရ ဦးမယ် ဆိုတာ မပြောတတ်ဘူး ။ ရေရာ သေချာသေးတာ မဟုတ်ဘူး ။

သည် အလုပ်မျိုး ကို အရင်းအနှီး များများ နဲ့ ရင်းပြီး လုပ်သင့် မလုပ်သင့် သေသေချာချာ စဉ်းစား သင့်ပါတယ် ။ တိုင်းပြည့် အခြေအနေ ကလဲ သိပ် ကောင်းတာ မဟုတ်ဘူး ။

ပြီးတော့ မအေးနု ရဲ့ သဘော က သိပ် ခြေလှမ်း မကျယ်ချင်ဘူး ။

အခုဆို ယင် ပဲ ကြည့်လေ ။ မူလ က ‘ လောက အလင်း ’ တဆိုင် တည်း ရှိခဲ့တာ မဟုတ်လား ။ အခု ‘ ချမ်းအေးစာနယ် ဇင်း ’ က လဲ တဘက် ။ ‘ ချမ်းအေးပုံနှိပ်စက် ’ ကလဲ တဘက် ။ လုပ်ငန်း တိုးချဲ့ ထားတာ တွေ ကို ပဲ ထိန်း နိုင်အောင် ထိန်းစမ်း ပါဦး ။

မှန်တာ ပြောရယင် မအေးနု စိတ် မညစ်ချင်ဘူး ။ ကိုဘဂျမ်း ရဲ့ အရည်အချင်း နဲ့ ကိုဘဂျမ်း ရဲ့ ခေါင်းဆောင်မှု ကြောင့် ကြီးပွားတိုးတက် လာတာ မှန်ပါတယ် ။ ရှေး က ထက် ပို ချမ်းသာ လာတာ ကို လဲ ငြင်း မရပါဘူး ။ သည့် အတွက် ကျေးဇူး လဲ တင်ပါတယ် ။ အား လဲ ကိုး ပါတယ် ။

ဒါပေမယ့် အလုပ် တွေ က များ တော့ မအေးနု စိတ် ညစ်တယ် ။ ပြီးတော့ ကိုဘဂျမ်း တယောက် တည်း လဲ နိုင်တာ မဟုတ်ဘူး ။ ဘာပဲ ပြောပြော ၊ သူ့ မောင် တွေ လဲ နား မနေ ကြရဘူး ။ သူ့ ညီမ တွေ လဲ နား မနေကြရဘူး ။ သူ ကိုယ်တိုင် လဲ နား မနေရဘူး ။

သည် အထဲ က ကိုဘဂျမ်း က ဗျစ်တောက် ဗျစ်တောက် လုပ် သေးတယ် ။ သူ့ မောင်တွေ ၊ သူ့ ညီမတွေ ကို ကိုဘဂျမ်း စိတ် နဲ့ မတွေ့ယင် မအေးနု ရဲ့ ခေါင်း ပဲ လာ ဆောင့်တယ် ။ ညီမ တွေ အပျော်အပါး များပြန်ယင်လဲ မအေးနု ကို ပဲ ဆူတာပဲ ။ မောင် တွေ သောက်ပြန်ပြီ ဆိုယင်လဲ မအေးနု ကို ပဲ ပြောတာပဲ ။ ကြာတော့ နားငြီးတယ် ။

လုပ်ရတဲ့ လူငယ် တွေ ပဲ ။ လုပ် လဲ လုပ်ကြပေါ့ ။ ပျော်  လဲ ပျော်ကြပေါ့ ။ အခုတော့ အဲသည်လို လဲ လွတ်လပ်ခွင့် မပေးချင်ဘူး ။ နေရာတကာ သူ့ လို ချည်း နေစေ့ ချင်တယ် ။ သည်လို တော့ လဲ ဘယ် ဖြစ်နိုင်မလဲ ။ တပုံစံ တည်း တော့ လဲ ဘယ် ထွက် လာ နိုင်မလဲ ။

ဟို အငယ်ကောင် ခင်မောင်လတ် က လဲ ခင်မောင်လတ် ပဲ ။ သူ့ ပုံနှိပ်စက် စာရင်း က သိပ် အနှုတ်အသိမ်း များ တယ် ။ ပြီးတော့ စာရင်း ပြစမ်း ဆိုယင်လဲ ဘယ်တော့မှ အဆင်သင့် မရှိဘူး ။ အကြံအဖန် များချင်တယ် ။

ကဲ ... သည် အခြေအနေ မှာ လုပ်ငန်းသစ် တခု ကို ဘယ် လို လုပ် ထူထောင်မှာလဲ ။ ဘယ်သူ့ အားကိုး နဲ့ ထူထောင် မှာလဲ ။ ဘယ်သူ က လုပ်မှာလဲ ။

သူ ကိုယ်တိုင် လုပ်မယ် တဲ့ ။ သူ နဲ့ မောင်ကောင်းမြင့် ရဲ့ လုပ်အား ကို “ ချမ်းအေး စာနယ်ဇင်း ” ကနေ ဖဲ့မယ်တဲ့ ။ လုံးဝ တော့ လဲ မဟုတ်ဘူးပေါ့လေ ။ ညနေပိုင်း မှာ “ ချမ်းအေး စာနယ်ဇင်း ” ကို ပြန် လှည့် ဝင်မယ် တဲ့ ။

ဆိုလိုတာ က “ ချမ်းအေးစာနယ်ဇင်း ” ဆိုင် ကို ခင်မောင်ဦး က လုံးဝ တာဝန် ယူရမယ် ။ သူ က ညနေပိုင်း ကျ မှ ကြည့်ကြပ်တဲ့ သဘော လောက် ပဲ လုပ်တော့မယ် ။

ဖြစ်ပါ့မလား ။ နိုင်ပါ့မလား ။

ဖြစ်ရမယ် ။ နိုင်ရမယ် ။ မနိုင်ယင် ခင်မောင်လေး ရှိတယ် ။ ခင်မောင်ထွေး ရှိတယ် ။ ပညာရေး ဘက် မှာ မဖြစ် မြောက်ဘူး ။ သည်တော့ အလုပ် ထဲ သွင်း ။ လိုအပ်ယင် သား မောင်ချမ်းအေး လဲ ရှိ သေးတယ် ။ အဲ ... မောင်ချမ်းအေး က တော့ တက္ကသိုလ် ရောက် နေပြီ ။ သူ့ လဲ ကြည့်နေ ။ ပညာရေး မှာ ဟုတ်မယ့် ပုံ မပေါ်ယင် ကျောင်း က နုတ် ။ အလုပ် ထဲ ထည့် ။ ခိုင်းရမယ် ။

ကိုဘဂျမ်း ရဲ့ အပြော က တော့ နည်းတဲ့ လူတွေ လား ။ နည်းတဲ့ လုပ်အားတွေ လား ။ သည် လူတွေ ၊ သည် လုပ်အား တွေ ကို ဘာ လုပ်ဖို့ အလကား ထားမှာလဲ ။ လိုအပ်ယင် အသုံး ပြုရမယ် ။ ခိုင်းရမယ် ။

ဘယ်လို လူလဲ မသိဘူး ။

သဌေး ဖြစ် နောက်ကျ မှာ စိုးတယ်နဲ့ တူပါရဲ့ ။ လောဘ က လဲ မတရား ။ သူ့ မှာ အလုပ်တွေ ကို ပဲ တခု ပြီး တခု တိုးချဲ့ လုပ်ချင်စိတ် ရှိတယ် ။ အထိုင် ကျပြီလား ၊ မကျသေးဘူးလား မစဉ်းစားဘူး ။ ရှေ့ က ပဲ လုပ် သွားတယ် ။ နောက်ပြန် လှည့် မကြည့်ဘူး ။

စိတ်ဝမ်း ကွဲကြတယ် ဆိုတာ က လဲ သည်လို ပါ ။

ကိုဘဂျမ်း ရဲ့ ဆန္ဒ ကို ဘယ်သူ က မှ မဆန့်ကျင်ကြပါဘူး ။ မဆန့်ကျင်ရဲကြပါဘူး ။ ဒါပေမယ့် မနိုင်မှာ စိုးလို့သာ ကန့်ကွက် တဲ့ သဘော ပြောမိကြတာပါ ။

တခုတော့ ရှိတယ်ပေါ့လေ ။

သူစိမ်း ကို တော့ အခု လောက် အရေး မပေးစေ ချင်ဘူး ။ မောင်ကောင်းမြင့် ကို နေရာ မပေးစေချင်ဘူး ။

ယောက်ဖ တွေ ရှိပါ သေးတယ် ။ ယောက်ဖ ဆိုတာ တွေ ကလဲ ညီတွေ ပဲ ။ ကိုဘဂျမ်း ခိုင်းချင် တာ ခိုင်း ။ ခိုင်းချင် သလို ခိုင်း ။ ထားချင် တဲ့ နေရာ မှာ ထား ။ မလုပ်ချင်ဘူး ပြန်ပြော ရဲ တဲ့ ယောက်ဖ ဘယ်သူ ရှိ သလဲ ။ ရှိယင် ကိုဘဂျမ်း ကိုယ်တိုင် ဘာမှ မလုပ်နဲ့ ။ သူတို့ ညီအစ်ကို မောင်နှမ အချင်းချင်း အဲသည် စကား နားမထောင်တဲ့ အကောင် ကို အိမ်ပေါ် က နေ နှင် ချမယ် ။ အမွေပြတ် စွန့်လွှတ်မယ် ။ အရေးယူမယ် ။ ပြတ် ပြတ် သားသား ဆုံးမမယ် ။

ဒါမှမဟုတ် ၊ သား အရင်း တွေ လဲ ရှိနေသေးတာပဲ ။

မောင်ချမ်းအေး လဲ အရွယ် ရောက် နေပါပြီ ။ မောင်ကောင်းမြင့် နဲ့ မောင်ချမ်းအေး ၊ အသက်အရွယ် ချင်း ဘာ ကွာ တာ မှတ်လို့ပဲ ။

ဒါပေမယ့် ကိုဘဂျမ်း က လဲ တယူသန် ။

မောင်ကောင်းမြင့် မှ မောင်ကောင်းမြင့် ဖြစ် နေတယ် ။

မောင်ကောင်းမြင့် က လဲ အမရပူရ က ဆိုတော့ ၊ အမရပူရ မှာ တည်ထောင် တဲ့ လုပ်ငန်း ကို မောင်ကောင်းမြင့် အုပ်ချုပ် တာ က ပို သင့်လျော်တယ် လို့ ဆိုတယ် ။ မှန်ကောင်း မှန်ပါ လိမ့်မယ် ။

အဲ ... အဲသည် မှာ စိတ်ဝမ်း ကွဲ ကြတယ် ။

အမှန် က တော့ မအေးနု က လဲ မအေးနု ပဲ ။ ကိုဘဂျမ်း ရဲ့ အကြောင်း ၊ ကိုဘဂျမ်း ရဲ့ စိတ်ဓာတ် ကို မသိတာလဲ မဟုတ် ဘူး ။ ပေါင်း လာခဲ့တာ ပဲ အနှစ် နှစ်ဆယ် ကျော် လာပြီ ။

ပြီးတော့ သည် ငွေတွေ နဲ့ သည် အခြေအနေ ကို ဘယ်သူ တည်ဆောက် ခဲ့တာလဲ ။ ဘယ်သူ ရှာဖွေ ခဲ့တာလဲ ။ သည် စိန်ရွှေ လက်ဝတ်ရတနာ တွေ က ကော ၊ လက်ထက် ပွား တွေ ပဲ မဟုတ်လား ။ ကိုဘဂျမ်း ရှာဖွေ ပေးထားတာ ပဲ မဟုတ်လား ။

အခု ကိစ္စ က လဲ မယားငယ် ယူ တဲ့ ကိစ္စ မှ မဟုတ်ပဲ ။ မယားငယ် အတွက် လုပ်ငန်းသစ် တခု တည်ထောင် ပေးတာ မှ မဟုတ်ပဲ ။

အယင် “ ချမ်းအေး စာနယ်ဇင်း ” စာအုပ်ဆိုင်သစ် ဖွင့်ခဲ့ သလို ၊ “ ချမ်းအေး ပုံနှိပ်တိုက် ” ထူထောင်ခဲ့ သလို ၊ လုပ်ငန်းသစ် တခု တိုးချဲ့ လုပ်ကိုင်တာပဲ ။ နာမည် ကို က လဲ “ ချမ်းအေး ယက်ကန်းလုပ်ငန်း ” ။ ဘာ ပြော နေစရာ လိုသလဲ ။

အယင် လုပ်ငန်းသစ် တွေ တိုးချဲ့ခဲ့ တုန်း က လဲ သူ့ သဘော နဲ့ သူ တိုးချဲ့ခဲ့တယ် ။ အခုလဲ သူ့ သဘော နဲ့ သူ တိုးချဲ့တယ် ။ ဘာ ကန့်ကွက်စရာ လိုသလဲ ။

ထုခွဲစရာ လိုယင် ထုခွဲရ မှာပေါ့ ။ လိုအပ်လို့ တောင်း ယင် ထုတ် ပေးရမှာပေါ့ ။ ရွှေ တွေ စိန် တွေ က ဘာ လုပ်မှာလဲ ။ အလုပ် လုပ်ဖို့ပဲ ။ နောင် အလုပ် က အောင်မြင် လာတော့လဲ ပြန် ဝယ် နိုင်တာပဲ ။

ဒါပေမယ့် သည် တခါတော့ မအေးနု က လဲ ဘယ်လို ဖြစ်တယ် မပြောတတ်ဘူး ။ ဘယ်သူ တွေ ရဲ့ စကား တွေ ကို နားယောင်တယ် မဆိုနိုင်ဘူး ။ ပစ္စည်း တွေ ကို ထုတ် မပေးဘူး ။ အထုခွဲ မခံဘူး ။

ဟုတ်တယ် ။ မအေးနု က လဲ အသက်အရွယ်ကလေး ရ လာ မှ လှချင် ပချင် နေ ပြန်တယ် ။ ဝတ်ချင် စားချင် နေ ပြန်တယ် ။

ကြီး လာ ကာ မှ ကြည့်ရတာ ကို တယ် ထောင့် မကျိုးချင် ဘူး ။ ကိုဘဂျမ်း ရဲ့ မျက်စိ ထဲ မှာ ထော်လော်ကန့်လန့်ကြီး ဖြစ် နေတယ် ။ အိမ် နေရင်း မှာ လဲ ပွဲနေပွဲထိုင် မှာ ဝတ် သလို ဝတ် လို ဝတ် ။ စိန်နားကပ်ကြီး တဖျပ်ဖျပ် နဲ့ ။ စိန်ဆွဲကြိုးကြီး တတွဲတွဲ နဲ့ ။ ပြီးတော့ ဝတ် လိုက် မှ ဖြင့် လဲ ပါးပေ့ လှပ်ပေ့ ဆိုတဲ့ နိုင်လွန် တို့ ၊ တယ်ရီလင်း တို့ ။ အဲသည်လို ပျော့ဖပ် နေတဲ့ အင်္ကျီ တွေ ကို စိန်ကြယ်သီးကြီး တွေ တပ် သေးတယ် ။ တကိုယ်လုံး စိန်ပင်ကြီး က စိန် တွေ သီး နေသလား အောက်မေ့ ရတယ် ။

အိမ် အို လို့ ကျားကန် ၊ လူ အို လို့ ပန်းပန် ... ဆိုသလို ၊ ကြီး လာခါ မှ ပြင်ဆင် နေတဲ့ ကိစ္စ ။ ရူး များ ရူး နေ သလား မပြောတတ်ဘူး ။

အမယ် .... ဒါပေမယ့်  စိပ် လိုက်တဲ့ စိပ်ပုတီး က တော့ လက် က ကို ချတယ် လို့ မရှိဘူး ။ ဘာတွေ စိပ်တယ်ရယ် လို့ တော့ မပြောတတ်ဘူး ။

ပြီးတော့လဲ လှူ လိုက် တဲ့ အလှူ ။ ပြု လိုက် တဲ့ ဒါန ။

ကျောင်းအစ်မကြီး က ဘယ့်နှယ် ဘာညာ ဆိုပြီး မြှောက် သာ ပြော ။ မြောက် ပြော ပြီးတော့ သာ အလှူခံ ။ ထောင်ဂဏန်း နဲ့ ချီပြီး လှူတယ် ။ ဘုရား အတွက် မှ မဟုတ်ဘူး ။ ကျောင်း ဆောက် ဖို့ လဲ လှူတာပဲ ။ ရဟန်းခံ ရှင်ပြုတွေ အတွက် လဲ လှူတာပဲ ။ ကထိန်တွေ အတွက် လဲ လှူတာပဲ ။

လှူတာ က လဲ အပြိုင်အဆိုင် လေ ။ သူများ လိုက် မပြိုင်နိုင် အောင် လှူတယ် ။

ကိုဘဂျမ်း က လဲ ဗုဒ္ဓဘာသာ ပါ ။ လှူတန် သရွေ့ လှူ ပါတယ် ။ သဒ္ဓါ ပါတယ် ။ ကြည်ဖြူ ပါတယ် ။

ဒါပေမယ့် မအေးနု လို တော့ ဥပုသ်နေ့ တိုင်း ဥပုသ် မစောင့်ဘူး ။ ယောဂီအဝတ် မဝတ်ဘူး ။ ပုတီး မစိပ်ဘူး ။ တရား မထိုင်ဘူး ။

တချိန်တည်း မှာ စိန် တွေ ရွှေ တွေ လဲ မဝတ်ဘူး ။

အိမ် မှာ လဲ ဓမ္မမိတ်ဆွေတွေ ကို မဖိတ်ဘူး ။ မကြွားမဝါဘူး ။

တချိန်တည်း မှာ နတ်အုန်း လဲ မဆွဲဘူး ။ ရိုးရာပွဲ တွေ လဲ မပ , သဘူး ။

ကိုဘဂျမ်း အေးအေးပဲ နေတယ် ။

ဒါပေမယ့် သည် ယက်ကန်းလုပ်ငန်း တိုးချဲ့ လုပ်တော့ မယ် ဆိုမှ လိုအပ်တဲ့ အရင်းအနှီး အတွက် ငွေ ထုတ် မပေးဘူး ဆို တော့ ၊ ကိုဘဂျမ်း ဝမ်းနည်းတယ် ။

ကိုဘဂျမ်း စိတ် မဆိုးပါဘူး ။ ဒေါသ လဲ မဖြစ်ပါဘူး ။ ဒါပေမယ့် ယူကျုံး မရတော့ ဖြစ်မိတယ် ။

ဪ .... ယက်ကန်းလုပ်ငန်း က သူတို့ မိရိုးဖလာ လုပ်တာ တဲ့ စာအုပ်လုပ်ငန်း မှ မဟုတ်ပဲ ကို ။

စာအုပ်လုပ်ငန်း အတွက် လုပ်ငန်းသစ် တွေ တိုးချဲ့ လုပ်ကိုင် ခဲ့ တုန်း က ဘာ ပြောခဲ့ကြ သလဲ ။ ဘယ်သူ ကန့်ကွက်ခဲ့ကြ သလဲ ။

အခုတော့ .....

ကိုဘဂျမ်း စိတ် မကောင်းဘူး ။

အမှန်အတိုင်း ဝန်ခံ ရ ယင် ကိုဘဂျမ်း မျက်ရည် လည် မိတယ် ။

ကိုဘဂျမ်း ပင့်သက် ချ လိုက်တယ် ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment