❝ မနုဿ တောမြိုင် ထဲ မှာ ❞
“ လူ တစ်ယောက် အသက် ၄ဝ ပြည့် မှ လူ့ ဘဝ စတင်သည် ” ဆိုတဲ့ အနောက်တိုင်း က လာတဲ့ ဆိုရိုးစကား တစ်ခု ကို ကြားဖူးကြ ၊ ဖတ်ဖူးကြ ပါ လိမ့်မယ် ။ ဘယ်လို ပညာရှိ တစ်ယောက် ယောက် က ဘယ်လို အတွေး ပေါက် ၊ ဘယ်လို တွေ့ရှိ သိမြင် ( ဒါမှ မဟုတ်ရင် ) ဘယ်လို စိတ်ရူး ပေါက် ပြီး ထုတ်ဖော် မိန့်ကြား လိုက်တာများ လဲ လို့ ကျွန်တော် စိတ်ပျက် ပျက် နဲ့ စဉ်းစား မိပါတယ် ။
အဲသည် အဆို အရ တွေး ကြည့်မယ် ဆိုရင် လူ တစ်ယောက် ဟာ ၃၉ နှစ် နဲ့ ၃၆၄ ရက် ကြာရှည်အောင် လူ့ လောကကြီး ထဲ မှာ ရှင်သန် နေထိုင်ပြီးခဲ့ တဲ့ အထိ လူ့ ဘဝ မရောက် သေးဘဲ ' ခြေနှစ်ချောင်း နားရွက်တို ' သတ္တဝါ တစ်ကောင် အဖြစ် လောကကြီး ထဲ မှာ ရပ်တည် နေခဲ့ ရ သလို ဖြစ်နေတယ် ။ ' အိပ် ၊ စား ၊ ကာမ ဤသုံးဝ ' သာ သိတဲ့ တိရစ္ဆာန် ထက် သာရုံကလေး ပဲ ရှိ တော့တယ် မဟုတ်လား ။ တကယ်တော့ အနောက်တိုင်း အတွေးအခေါ် တချို့ ဟာ အူချာလည်စရာ ကြောင်တောင်တောင် တွေ ချည်း လို့ တောင် ကျွန်တော် ထင် မိတယ် ။
ကျွန်တော် အသက် ၄၀ ပြည့် တဲ့ အချိန် မှာ လူ့ လောက နဲ့ လူ့ ဘဝ အကြောင်း တော်တော်ကလေး သုံးသပ်စေ့ငု သိမြင် နားလည် နိုင်နေပြီ ။ ဘွဲ့ရ ပညာတတ် တစ်ယောက် လည်း ဖြစ် နေပြီ ။ အိမ်ထောင် ၂ ဆက် လည်း ကျခဲ့ ပြီးပြီ ။ သားသမီး ၄ ယောက် ရဲ့ ဖခင် ဘဝ လည်း ရောက် နေပြီ ။ လက်နက်ကိုင် ပြီး စ,စ်တိုက်ဖူး ၊ လူသ,တ်ဖူး ၊ ပြစ်မှု တစ်ခု နဲ့ ထောင် လည်း ကျ ဖူးခဲ့ ပြီးပြီ ။ လူမျိုး ၁ဝ၁ ပါး မဟုတ် တောင် အဲသည် တစ်ဝက် လောက် အရေ အတွက် နဲ့ တော့ ကောင်းကောင်းကြီး ပေါင်းသင်းဆက်ဆံခဲ့ ဖူးပြီး ကိုယ် ဆက်ဆံ ခဲ့ ဖူးတဲ့ လူ တစ်စု စု ရဲ့အကြောင်း ချေးခါးအူမ မကျန် အကုန်အစင် သိနေပြီ လို့ တောင် ဆိုနိုင်ပါလိမ့်မယ် ။
လူတွေ နဲ့ လူ့လောကကြီး ရဲ့ အကြောင်း အလုံးစုံ မဟုတ် တောင် အစိတ် အပိုင်း အတော်များများ ကို ပတ်ပတ်နပ်နပ် သိလာတဲ့ အခါ ကျ တော့ ကျွန်တော့် ဘဝ မှာ ခိုင်မာတဲ့ ပေါ်လစီ တစ်ရပ် ချမှတ် ဖို့ လိုအပ် လာပြီ ။ အဲသည် ပေါ်လစီ ဟာ ကိုယ် ကြိုက်တဲ့ ကိုယ်တိုင် ရွေးချယ် တဲ့ ဘယ်သူ့ အကျိုး စီးပွား ကို မှ မထိခိုက် တဲ့ ပေါ်လစီမျိုး ဖြစ်စေရမယ် လို့ ကျွန်တော် ခံယူတယ် ။ “ ငါ့ လှေ ငါ ထိုး ပဲခူး ရောက်ရောက် ” ပေါ်လစီမျိုး က တော့ ပဲခူး မရောက်ဘဲ “ ချောက် ထဲ ကျ သွားတာပဲ များပါတယ် ။
ကျွန်တော် လူ့ ဘဝ ကို စတင် ရရှိ ကတည်း က ထိတွေ့ ဆက်ဆံခဲ့ ရ တဲ့ လူတွေ အနမတဂ္ဂ မရေမတွက် နိုင်အောင် ပါ ပဲ ။ ပထမဆုံး မိဘ နှစ်ပါး ၊ ပြီးတော့ သွေးချင်းသားရင်း ညီအစ်ကို မောင်နှမ ဆွေမျိုး တွေ ၊ နောက် မိတ်သင်္ဂဟ တွေ ၊ ဆရာ တွေ ၊ တပည့် တွေ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် တွေ ၊ ဝါသနာ တူ ပုလင်းတူ ဘူးဆို့ တွေ အစ ရှိသည် အားဖြင့် ( ကုန်ကုန် ပြောရရင် ကျွန်တော် ထောင် ခဏ ကျခဲ့ တုန်း က ထောင် ထဲ မှာ ယာယီ ခင်မင် ခဲ့ ရတဲ့ အကျဉ်းစံ ဘော်ဒါ တွေ ) အများကြီး ၊ အများကြီးပါပဲ ။
အခု လက်ရှိ အသက် ( ၄၀ ) ကျော် အရွယ် မှာ ကျွန်တော် က ရှင်သန် နေဆဲ ဘဝ ကို “ ပုံစံသစ် ” ချမှတ်ရတော့ မှာ ။ ဘယ်လို ပုံစံသစ် လဲ ။ မိမိ နဲ့ အနီးစပ် ဆုံး စိတ်တူ ကိုယ်တူ ဖြစ်နိုင်မယ့် ၊ မိမိ နဲ့ သေတပန်သက်ဆုံး အခင်မင် မပျက် ပေါင်းသင်းဆက်ဆံ လို့ ရမယ့် လက်ရွေးစင် အပေါင်းအသင်း တစ်ယောက် စ ၊ နှစ်ယောက် စ လောက် ထားရှိဖို့ ပဲ ဖြစ်ပါတယ် ။ ကျန်တဲ့ ပေါင်းဟောင်း သင်းဟောင်း တွေ ကို တော့ ‘ စိုတဲ့ လက် မခြောက်စေနဲ့ ’ ဆိုတဲ့ ဆုံးမ ဆိုရိုး အတိုင်း ကိုယ်ပေါင်း စိတ်ခွာ လောကဝတ် မာယာ နဲ့ ထိတွေ့ ဆက်ဆံ နေရမှာ ပဲ ။ ခြွင်းချက်အားဖြင့် တော့ မိဘ တစ်ယောက် အနေနဲ့ ကိုယ့် ကို အသိအမှတ် မပြုချင် ကြတဲ့ သားသမီး ( ၄ ) ယောက် ကို လုံးဝ ‘ ဖြတ် ’ ပစ် လိုက်ရမှာပဲ ။
“ ဇနီးမယား ကို ကော ဘယ်လို လုပ်မတုန်း ” လို့ မေးစရာ ရှိပါတယ် ။ ဘယ်လိုမှ လုပ်စရာ မလိုပါဘူး ။ ကျွန်တော် ထောင် ( ၂ ) နှစ် ကျ သွား ကတည်း က သူ နဲ့ ပြတ်သွား ခဲ့ပါပြီ ။ သူ နဲ့ ၁၇ / ၁၈ နှစ် ကြာအောင် အကြင် လင်မယား အဖြစ် ပေါင်းမိတာ ဟာ လည်း ကျွန်တော့် ဘဝ မှာ ပြင်လို့ မရတဲ့ အကြီးကျယ်ဆုံး အပေါင်းအသင်း မှားခဲ့ခြင်း မျိုး ပါပဲ ။
သွားလေသူ မိခင်ကြီး က ကျွန်တော် လူပျိုပေါက် အရွယ် မှာ ဆုံးမ စကား တစ်ခွန်း ပြောခဲ့ဖူး ပါသည် ။
“ ငါ့ သား ... အပေါင်း ကြောင့် ဂုဏ်တက်၏ တဲ့ ။ အပေါင်း ကြောင့် ဂုဏ်ပျက်၏ တဲ့ ။ ဂုဏ် ပျက်မယ့် အပေါင်းအသင်း ကို ရှောင် ၊ ဂုဏ် တက်မယ့် အပေါင်းအသင်း ကို ဆောင်ပေါ့ကွယ် ” လို့ အဖိုးတန် ဆုံးမစကား တစ်ခွန်း အမွေ ထားခဲ့တယ် လို့ ပဲ ပြောပါရစေတော့ ။
ကျွန်တော့် ရဲ့ ပေါ်လစီသစ် က အမေ့ စကား ကို နာခံ ရွက်ဆောင် တဲ့ အစိတ်အပိုင်း တစ်ခု ပါပဲ ။ ကျွန်တော် က အပေါင်းအသင်း တွေ ကို ရွေးချယ် ပြီး ပေါင်းသင်း ဆက်ဆံရတော့ မှာကို ။ အဲသည်လို ကာ လမှာ ကိုခင်လှ နဲ့ ကျွန်တော် စတင် ဆုံစည်းခဲ့ရတာပါပဲ ။
ကိုခင်လှ နဲ့ စ တွေ့တဲ့ နေရာ က တော့ ကျွန်တော် တို့ မြို့နယ် အတွင်း မှာ ဝါတွင်းကာလ တစ် ခုရဲ့ ဥပုသ်နေ့ တိုင်း မှာ အထူးသီးသန့် ၊ အခမဲ့ သင်ကြား ပို့ချတဲ့ အဘိဓမ္မာ သင်တန်း တစ်ခု မှာ ပါ ။ တစ်ဦးတည်း သော သင်တန်းဆရာ က အိန္ဒိယနိုင်ငံ က နေ M.A မဟာဘွဲ့ ကို ဒဿနိကဗေဒ ပညာရပ် နဲ့ ရယူနိုင်ခဲ့ တဲ့ လူပြန်တော် ပညာရှိကြီး တစ်ဦး ပါပဲ ။ သူ့ ရဲ့ ဘွဲ့နာမ တွေ ၊ ဂုဏ်ပုဒ် တွေ ကိုတော့ မေ့ထား လိုက်ပါ ။ ကျွန်တော် နဲ့ ကိုခင်လှ တို့ ကြား မှာ အဲသည် လူပြန်တော် ပညာရှိကြီး က ဘာမျှ အရေး မပါလှပါဘူး ။ သူ့ ဘဝ က ကျွန်တော် တို့ နဲ့ တခြားစီ ပါ ။ သူ က တိုက် နဲ့ ကား နဲ့ သားမယား က အခြွေအရံတွေ နဲ့ ကြေးရတတ် တပည့်တပန်း တွေ နဲ့ ကိုး ။
ကိုခင်လှ က ထိပ် ပြောင်ပြောင် ၊ ခေါင်း ကြီးကြီး ၊ ပခုံး ကျယ်ကျယ် ၊ ကိုယ်လုံး ကြီးကြီး ၊ ခြေဆံလက်ဆံ ထွားထွား ၊ တင်ပါးကြီး တွေ အကြီးကြီး နဲ့ ဖြစ်တဲ့ အပြင် လမ်း လျှောက်ရင် မသိမသာ ခါး နွဲ့ပြီး လျှောက် တတ်တော့ ‘ ဂန်ဒူးကြီး ’ တစ်ယောက် လမ်းလျှောက်တာမျိုးနဲ့ တူသယောင်ယောင်ပေါ့ လေ ။ ကျားကျားလျားလျား လမ်း မလျှောက်တတ်ရ ကောင်းလား လို့တော့ အပြစ် မတင်ကြ စေချင်ဘူး ။ လူ တစ်ယောက် မှာ မွေးရာ ပါ လမ်း လျှောက်တဲ့ ‘ ကိုယ်ပိုင်ဟန် ’ စတိုင် တစ်မျိုး စီ တော့ ရှိတတ်ကြ တာပဲ ။ သူ့ ဘာသာ သူ ‘ ဘဲသွား ’ သွားချင် သွားမယ် ၊ ကြောင်သွား သွားချင် သွားမယ် ။ ဒါ သူ့ ရဲ့ အခွင့်အရေး ပဲ ဝေဖန်ဖို့ မလိုပါဘူး ။
ကိုခင်လှ ရဲ့ မျက်ခွက် က လည်း ပြဲပြဲကြီး ပါ ပဲ ။ မျက်လုံးကြီး တွေ က လည်း ပြူးပြူးကြီး တွေ ပါပဲ ။ သွားကြီး တွေ က လည်း ဖွေးဖွေးကြီး တွေ ပါ ပဲ ။ စကား ပြောရာ မှာ ကျတော့ မိန်းမသံကလေး နဲ့ သိမ်သိမ်မွေ့မွေ့ ၊ ညင်ညင် သာသာ ၊ ယဉ်ယဉ်ကျေးကျေး ပြောတတ်ပါ လေတယ် ။ အပြောင်အပြက် ၊ အရယ်အရွှမ်း တွေ လည်း မပြောတတ်ပါဘူး ။ အခြား လူ တစ်ယောက် ယောက် ( ဒါမှ မဟုတ် ) အခြား အုပ်စု ၊ အဖွဲ့အစည်း တစ်ခု ခု အပေါ် မှာ လည်း မလိုတမာ မကောင်း သတင်း မပြောတတ် ပါဘူး ။ ကိုခင်လှ က ကျွန်တော့် ထက် ၃ / ၄ နှစ် လောက် တော့ အသက် ပို ကြီး ပါလိမ့်မယ် ။ အသက် အတိ အကျ သိရ အောင် မေး ကြည့် ရင် ရိုင်းရာ ကျမှာ စိုးလို့ ကျွန်တော် မမေးဖြစ် ခဲ့ဘူး ။ အဲသည် ဓလေ့ ဟာ ရိုင်းသလား ၊ မရိုင်းသလား ကျွန်တော် တိတိ ကျကျ မပြောတတ် ပေမဲ့ ကျွန်တော် တို့ ရဲ့ မြို့ပြယဉ်ကျေးမှု အရ ( မိတ်ဆွေ သစ်တွေ အချင်းချင်း ကြား မှာ တစ်ယောက် အသက် တစ်ယောက် မေးမြန်း စပ်စုတာ ဟာ မယဉ်ကျေးတဲ့ လက္ခဏာ လို့ ယူဆ ထားကြတတ် လို့ ) ကျွန်တော် မမေးဖြစ်ခဲ့ဘူး ။ ကျွန်တော့် အသက် က တော့ ( ၄၀ ) ကျော် စ ပြုလာခဲ့ပါပြီ ။
“ ကျွန်တော့် ရဲ့ အတိတ်ဘ ဝနဲ့ အခု အဘိဓမ္မာသင်တန်း လာ တက်တာ နဲ့ ဆက်စပ် ရတော့ ခက်လိမ့်မယ် ။ အရင် က ကျွန်တော် က ရဲ ဗျ ။ နယ်ထိန်းရဲ ဆို ပါတော့ ။ နောက်တော့ တာဝန် မကျေပွန်မှု တစ်ခု ကြောင့် ပြုတ် သွားပြီး အခု ရဲပြုတ် ဖြစ် နေတာ ”
သူ က လောကဓံ ကို စိန် ခေါ်သံမျိုး နဲ့ ရယ်ရ ပြုံးရအောင် ပြော ပေမဲ့ သူ့ မျက်နှာထားကြီး က တည် နေတော့ ကျွန်တော် လည်း မရယ်မပြုံး ဖြစ်တော့ ပါဘူး ။ သူ ပြောတဲ့ ‘ တာဝန် မကျေမှု ’ ဆိုတာ က လည်း ‘ လာဘ်စားမှု ’ တစ်ခု ခု တော့ ဖြစ်နိုင်သေးတာပဲ မဟုတ်လား ။
သူ က ဆက်ပြောတယ် ။
“ ရုတ်တရက် ဆိုရင် လူဆိုး ဖမ်း တဲ့ နယ်ထိန်းရဲ တစ်ယောက် လုပ်လာခဲ့ တဲ့ လူတစ်ယောက် က အခု ဗုဒ္ဓဘုရားရှင် ရဲ့ အဘိဓမ္မာတရားတော် ကို သင်ယူ လေ့လာတဲ့ အလုပ် တစ်ခု လုပ် နေတာ ဟာ အဆက်အစပ် မရှိဘဲ အူကြောင် ကြောင် နိုင်တယ်လို့တော့ ထင်ရတယ် နော် ။ ဒါပေမဲ့ ခင်ဗျား သိကောင်း သိမယ်ဗျ ။ လူစိတ် အကြောင်း ကို အကျယ်ပြန့်ဆုံး ၊ အနက်ရှိုင်းဆုံး ဆစ်ပိုင်း ဝေခွဲ သုံးသပ်ပြီး ကောက်ချက် ဆွဲ ပြနိုင်တာ ကမ္ဘာ ပေါ် မှာ ကျုပ်တို့ ရဲ့ ဗုဒ္ဓ အဘိဓမ္မာတရားတော် ပဲ ရှိတယ် ။ ဗုဒ္ဓ က ကျုပ်တို့ ကို ကိုယ့် စိတ် ကို စောင့် ကြည့် တတ်ဖို့ ၊ သန့်ရှင်း စင်ကြယ် အောင် စောင့်ရှောက်ထိန်းသိမ်း တတ် ဖို့ ဟောကြားတော် မူခဲ့တယ် ။ ကိုယ့် စိတ် အကြောင်း ကိုယ် ကောင်းကောင်း သိ တဲ့ လူ တစ်ယောက် ဟာ တခြား လူ တစ်ယောက်ရဲ့ စိတ် ကို လည်း ကာယကံရှင် သိထား သလောက် နီးနီး သိနိုင်တာပဲ ဗျ ။ ကျုပ် ပြောတာ ခင်ဗျား လက်ခံနိုင် သလား ”
ကျွန်တော် က ခေါင်းညိတ် လိုက်ပါတယ် ။
“ ရဲဝန်ထမ်း ဘဝ မှာ ကျုပ် ပညာတွေ အများကြီး တိုးခဲ့တယ် ”
သူ ဆက် ပြောတာ ကို ပဲ ကျွန်တော် နားထောင် နေ လိုက်တယ် ။
“ ကျုပ်တို့ နယ်ထိန်းရဲ တွေ ဟာ လူစိမ်း တစ်ယောက် ကို ကြည့်ပြီး ဒီ လူ ဟာ လူဆိုး ဖြစ်နိုင်သလား ၊ လူကောင်း ဖြစ်နိုင်သလား ဆိုတာ အကဲခတ် ခွဲခြား နိုင်ရတယ် ဗျ ။ ပုဆိုး ကောင်းကောင်း ၊ ရှပ်အင်္ကျီ ကောင်ကောင်း နဲ့ တိုက်ပုံအင်္ကျီ ဝတ်ထားလို့ ဆိုပြီး အဲဒီ လူ ကို လူကောင်း လို့ တထစ်ချ သတ်မှတ် လို့ မရဘူး ။ အဲဒီ ကောင် က ခါးပိုက်နှိုက် ဝရမ်းပြေး ဖြစ်ချင် ဖြစ်နေ တတ်တာ ။ အဲလို ကောင်မျိုး တွေ ကျုပ် အများကြီး ဖမ်း ဖူးတယ် ”
ဒီ တစ်ခါ တော့ ကျွန်တော် က “ ဟုတ်တာပေါ့ဗျာ ၊ ဝါဝါ မြင်တိုင်း ရွှေ မဟုတ် ဆိုတာမျိုးပဲ ” လို့ ထောက်ခံ လိုက်ပါတယ် ။ သူ က ဆက် ပြောသည် ။
“ ဘုရားရှင်ဗုဒ္ဓ ရဲ့ အဘိဓမ္မာတရား ဆိုတာ လူသား ရဲ့ စိတ် စေတသိက် နဲ့ ရုပ် ကို သဘာဝ အတိုင်း ပေါ်လွင်ထင်ရှား အောင် အမှန်ကန်ဆုံး ဖော်ထုတ် လိုက်တာပဲဗျ ။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာ ကို ကျုပ် ရိုသေမြတ်နိုးစွာ ကိုးကွယ်တယ် ။ ပြီးတော့ အလေးအမြတ် ပြုပြီး လေ့လာဆည်းပူးတယ် ။ လူ့ လောကကြီး ထဲ မယ် လူ တစ်ယောက် အနေ နဲ့ ပဓာန အကျဆုံး သိဖို့ လိုတာ က တော့ လူ့ သဘော ၊ လူ့ သဘာဝ ။ လူ ဖြစ်ပြီး လူ့ အကြောင်း မသိရင် လူ မပီသဘူး ။ ဟင်းအိုး ထဲ မှာ မွှေနှောက်လည်ပတ် နေပြီး ဟင်း အရသာ ကို မသိတဲ့ သစ်သား ယောက်မ တစ်ချောင်း ပဲ ဖြစ်နေမယ် ။ ကျု ပ်ပြောတာ မနုဿဗေဒပညာ ကို သင်ယူရမယ် လို့ ဆိုလိုတာ မဟုတ်ဘူး ။ အဲဒီ ပညာ က လူ နဲ့ လူ့ ယဉ်ကျေးမှု ဆက်စပ်ပုံ ကို လေ့လာတဲ့ ပညာ ”
ဒီ စကား ကြောင့် ကိုခင်လှ ကို ကျွန်တော် အထင်ကြီး သွားမိတာ တော့ အမှန်ပဲ ။ ဒီလူ ဟာ ပညာတတ် ပုံ မပေါက်ပေ မဲ့ ပညာတတ် စကား တွေ ပြော တတ်တာကိုး ။
“ ကျုပ် က သွားရင်း လာရင်း နေရင်း ထိုင်ရင်း သင်ယူခဲ့ တဲ့ လျှပ်စစ် ပညာ နဲ့ အသက်မွေးပါတယ် ။ အိမ်သုံးလျှပ်စစ်ပစ္စည်း တွေ ဖြစ်တဲ့ မီးပူ တို့ ၊ ပန်ကာ တို့ ၊ ရေစုပ်စက်ပန့် တို့ ၊ လျှပ်စစ်ထမင်းပေါင်းအိုး တို့ ၊ လျှပ်စစ်မီးဖို တို့ ပြုပြင်တာပေါ့ဗျာ ။ အဲဒီ ပစ္စည်း တွေ ဟာ လူ့ လောက ကို အကျိုး ပြုတာ တော့ အမှန်ပဲ ။ နို့ပေမဲ့ ကျုပ် စိတ် မဝင်စားဘူး ။ ကျုပ် စိတ်ဝင်စားတာ က တော့ လူ တွေ ရဲ့ စိတ်နေ စိတ်ထား သဘာဝပဲ ။ စိတ်ပညာ ဆိုတာ တက္ကသိုလ် မှာ ဆိုက်ကော်လော်ဂျီ သင်ဖူး မှ တတ်တာ မဟုတ်ဘူးဗျ ။ လူတွေ ကြား ထဲ မှာ နေပြီး လူတွေ ကို စိတ်ရှည် လက်ရှည် လေ့လာရင် လည်း တတ်တာပါပဲ ။ လူ့ လောကကြီး လောက် ဘယ် စိတ်ပညာစာအုပ် က မှ လူ့စိတ် အကြောင်း မပြောနိုင်ဘူး ဆိုတာ ယုံလိုက်စမ်းပါဗျာ ”
ကျွန်တော် က ခေါင်းညိတ် လိုက်တယ် ။ သူ တိုက်တွန်းတဲ့ ( ယုံလိုက် စမ်းပါဗျာ ) ဆိုတဲ့ စကား ကို ထောက်ခံလိုက်တာ တော့ မဟုတ်ဘူး ။ အမှတ် တမဲ့ ခေါင်းညိတ် မိတာပေါ့လေ ။
ဒီလိုနဲ့ သူ နဲ့ ရင်းနှီးသွား ရာက သူ အလည် ခေါ်တာ နဲ့ သူ့ အိမ် သွား လည် မိတယ် ။ သူ က အိမ်ငှား နေရတာပါ ။ နှစ်ထပ်အိမ်ကလေး တစ်လုံး ရဲ့ အောက်ထပ် က အခန်းကလေး မှာ ငှား နေတာ ။ သူ့ အခန်း မျက်နှာစာ တစ်နေရာ မှာ ( လျှပ်စစ်ပစ္စည်း အမျိုးမျိုး ပြုပြင်သည် ) ဆိုတဲ့ သွပ်ပြားဆိုင်း ဘုတ်ကလေး ချိတ် ထားတယ် ။ ထုံးစံအတိုင်း အိမ်ရှေ့ခန်း မှာ တော့ လျှပ်စစ်ပစ္စည်း တိုလီမိုလီ တွေ ၊ ဝိုင်ယာကြိုး တွေ ၊ လက်သုံးကိရိယာ တွေ နဲ့ ရှုပ်ပွ နေတာပဲ ။
“ ကျုပ် မိန်းမ ဈေးသွား ရောင်းတယ် ။ မကြာခင် ပြန်လာတော့မှာ ” လို့ သူ ပြောတဲ့အတိုင်း ကျွန်တော် ရောက်လို့ ၅ မိနစ် လောက် အကြာ မှာ မည်းမည်းသဲသဲ ပိန်ကပ်ကပ် ၊ အသက် ၁၇ / ၁၈ လောက် ကောင်မလေး တစ်ယောက် က ၂ ခါ လည် အရွယ်ပိန်ညှောင်ညှောင် ကလေးငယ် တစ်ယောက် ကို ခါးထစ်ခွင် ချီပြီး အိမ် ထဲ ဝင် လာတယ် ။ ကလေး က မိန်းကလေး နဲ့ တူပါရဲ့ ။ နှပ်ချေးတွဲလောင်း နဲ့ ။ ကလေး က ခေါင်းကြီးကြီး နဲ့ မျက်နှာပေါက် က ကိုခင်လှ အတိုင်းပဲ ။ ကျွန်တော် အံ့သြလွန်း လို့အသက် မရှူ နိုင်ဘူး ။ ဘယ့်နှယ်ဗျာ ကိုခင်လှ က သူ့ သမီး အရွယ် မိန်းကလေး နဲ့ အိမ်ထောင်ကျ နေသကိုး ။
“ ကျုပ် မိန်းမ က ကုန်စိမ်းတွေ ဖောက်သည် ယူပြီး ရပ်ကွက် တွေ ထဲ မှာ လျှောက်ရောင်းတယ် ။ ကုန်စိမ်းတောင်း ကို ရွက်တယ် ။ တစ်ဖက် က သမီး ကို ချီထားတယ် ။ ဒီတော့ လူတွေ က ( ကြည့်စမ်း ဒီ အမျိုးသမီး လုံ့လ ဝီရိယ ကြီးတယ် ၊ ဇွဲကောင်းတယ် ၊ သားသမီး ကို ရင်အုပ်မကွာ စောင့်ရှောက် တယ် ) လို့ ထင်ကြ ၊ ချီးကျူးကြ ပြီး ကျုပ် မိန်းမ ဆီ က ကုန်စိမ်းသီးနှံ တို့စရာ အရွက်အညွန့် တွေ ကို ဝိုင်း ဝယ်ကြတယ် ။ အဲသဟာ ကို ကျုပ်တို့ လူမျိုး ဟာ သနားကရုဏာ ကြီးတတ်တယ် လို့ ခင်ဗျား မပြောနိုင်ဘူးလားဗျာ ”
“ ပြောနိုင်တာပေါ့ဗျာ ” လို့ ကျွန်တော် က ထောက်ခံ လိုက်ပေမဲ့ ကျွန်တော့် စိတ် ထဲ မှာ တော့ ကိုယ့် စကား ကိုယ် မယုံကြည်ပါဘူး ။
“ သနား ကရုဏာစိတ် ကြီးတိုင်း ကောင်းသလား ဗျ ” လို့ သူ က ဆက် မေးတော့ ကျွန်တော် အဖြေရ ကျပ် နေတယ် ။
“ ပြောပါဗျ ၊ သနား ကရုဏာစိတ် ကြီးတိုင်း ကောင်းတယ် ၊ မှန်တယ် ၊ မွန်မြတ်တယ် လို့ ခင်ဗျား ပြောမလား ”
“ သနားကရုဏာ ဆိုတာ ကျွန်တော် တို့ ဗုဒ္ဓဘာသာဝင် တွေ လက်ခံကျင့်သုံး တဲ့ ၊ လိုက်နာကျင့်ဆောင် တဲ့ ဗြဟ္မာစိုရ်တရား တွေ ပဲ မဟုတ်လား ကိုခင်လှ ”
“ တိုက်ရိုက် ပြောပါဗျာ ၊ ကောင်းသလား ၊ မကောင်းဘူးလား ”
“ ကောင်းတာပေါ့ဗျာ ” လို့ ကျွန်တော် က အားမြှင့် ပြောလိုက်တော့ ကိုခင်လှ က မျက်လုံးကြီး တွေ ပြူးပြီး “ နိုး ... မကောင်းဘူး ၊ လုံးဝ မကောင်းဘူး ” လို့ အော်ပါလေ ရော ။ ကျွန်တော် ဖြင့် သူ့ ရှေ့ က ထ ပြေးချင် နေမိလာတယ် ။ အဘိဓမ္မာ သင်တန်း တက် နေတဲ့ လူ တစ်ယောက် ဟာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ်တရား လေးပါး ကို ခါးခါးသီးသီး ဆန့်ကျင် နေတာ တော့ သဘာဝ မကျဘူး ။ အဆန်းတကြယ် ဖောက်ပြန် နေပြီ လို့ ကျွန်တော် ထင်တယ် ။
ကျွန်တော် စိတ် ကျဉ်းကျပ် ပြီး နမူးနထိုင်း နဲ့ ကြောင်အအကြီး ဖြစ် နေ မိတယ် ။
“ ကျုပ်တို့ လူမျိုး ဟာ သနား ကရုဏာစိတ် ကြီးကြတယ် လို့ အချီးကျူး ခံ ရရင် ခင်ဗျား ဂုဏ် မယူနဲ့ ၊ အဲဒါ အချိန်တိုင်း မမှန်ဘူး ။ မှားတဲ့ အခါ မှားတယ် ။ မှားတဲ့ အကြောင်း ကျုပ် သက်သေ ပြနိုင်တယ် ။ ကျုပ် သက်သေ ပြတာ ကို ကျုပ် က ခင်ဗျား ကို လက်တွေ့ မျက်တွေ့ ပြမယ် ၊ ခင်ဗျား ကြည့် ချင်လား ”
“ ခင်ဗျား ... ဘယ် ... ဘယ်လို ပြမှာလဲ ”
ကျွန်တော် တော့ ဟန် မဆောင်နိုင် လောက် အောင် အသံတွေ တုန် နေရ ပြီ ။ ကိုခင်လှ ကို ကျွန်တော် နားမလည် နိုင်တော့ဘူး ။
“ မနက်ဖြန် မနက် ၈ နာရီ ထိုးရင် တံတားကလေး လမ်းဝ က ဘတ်စကား မှတ်တို င်ကို အရောက် လာခဲ့ ကျုပ် ပြမယ် ”
ကျွန်တော့် ကိုယ် ကျွန်တော် လူပေါင်း မှားပြီ လို့ တော့ မထင်မိပါဘူး ။ ဒါပေမဲ့ ကိုခင်လှ နဲ့ ပတ်သက်ပြီး ကျွန်တော့် ဘက် က တစ်ခု ခု တော့ လွဲ နေပြီ လို့တော့ ခံစားရတယ် ။ ကိုခင်လှ မှာ ဘယ်လို တင့်တောင့်တင့်တယ် ဂုဏ်ဒြပ် မှ မရှိပေမဲ့ သူ နဲ့ သိကျွမ်းခင်မင် ရတာ အကျိုး မယုတ်ဘူး လို့ ကျွန် တော် မှတ်ယူ ခဲ့တယ် ။ အဲသလို မှတ်ယူခဲ့တာ ကျွန်တော် မှားခဲ့ပြီလား ။
နောက်နေ့ မနက် ၈ နာရီ ကျ တော့ ကိုခင်လှ ချိန်း လိုက်တဲ့ မြောက်ဥက္ကလာပမြို့ အဝင် ၊ တံတားကလေးလမ်းဝ ဘတ်စ်ကားမှတ်တို င်ကို ကျွန်တော် သွား ခဲ့ပါတယ် ။ မှတ်တိုင် မှာ ခရီးသည် တွေ က လှုပ်လှုပ်ရွရွ နဲ့ ။ ဘတ်စ်ကား တွေ က လည်း ဆိုက်လာ လိုက်ကြ ၊ ထွက်သွား လိုက်ကြ ။ နေ က ပူစ ပြုလာပြီ ။
ကျွန်တော် က လူအုပ် ကြား မှာ ကိုခင်လှ ကို လိုက်ရှာတယ် ။ ၅ မိနစ် လောက် ကြာတဲ့ အထိ ကိုခင်လှ နဲ့ တူ တဲ့ သူ တစ်ယောက် မှ မတွေ့မိဘူး ။ ဒီ လူ ကျွန်တော့် ကို ကျီစယ်တာတော့ မဖြစ်နိုင်ဘူး ။ ချိန်းထား ပြီး မှ အကြောင်း တစ်ခုခု ကြောင့် နောက်ကျ နေတာများလား ။
ကျွန်တော် ဟိုလျှောက် ဒီလျှောက်နဲ့ လူအုပ် နဲ့ မလှမ်းမကမ်း နေပူ ပူ အောက် ၊ သဲပူပူ ပေါ် မှာ ဝပ် ပြီး တစာစာ အော်ဟစ် အလှူခံ နေတဲ့ အလှူခံ တစ်ယောက် ကို သွား တွေ့တယ် ။ ပုဆိုးစုတ်ကြီး ခေါင်းမြီးခြုံ ပြီး ကွေးကွေးကလေး ဝပ် နေတာ ။ ခြေ နှစ်ဖက် ၊ လက် နှစ်ဖက်မှာ ညစ်ပေမည်းတူး နေတဲ့ ပတ်တီး တွေ ပတ်လို့ ။ သူ့ ခေါင်း နား က သဲပြင် ပေါ် မှာတော့ ဒန်ခွက် အစုတ်ကြီး တစ်လုံး ။ ဒန်ခွက် ထဲ မှာ ကျပ် တစ်ရာ တန် ၊ ကျပ် နှစ်ရာ တန် တွေ ။
“ သနားကြပါ ခင်ဗျာ ရောဂါသည် ဒုက္ခိတ ပါ ခင်ဗျ ”
လူမမာသံ အတု နဲ့ ညည်း ပြ နေတဲ့ ကိုခင်လှ ရဲ့ အသံ ဆိုတာ ကျွန်တော် ချက်ချင်း သိ လိုက်ပါတယ် ။ ဖနောင့် နဲ့ သာ ပြေး ပေါက် လိုက်ချင်ပါတော့တယ် ဗျာ ။
ဘာ ပြောပြော သူ့ အယူအဆ မှန်တယ် ဆိုတာ တော့ ကျွန်တော့် ရင်ထဲ က ကျိတ်ပြီး ဝန်ခံ လိုက်မိပါတယ် ။
◾ကြူးနှစ်
📖 ရုပ်ရှင်တေးကဗျာ ရသစုံ မဂ္ဂဇင်း
ဇွန် ၊ ၂ဝ၁၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment