Friday, June 21, 2024

လိပ်ပြာ


 

❝ လိပ်ပြာ ❞

နေရောင်နုနုလေး တောင် မှ ဖြာကျပြီ ။

ည က သူ ကောင်းကောင်း အိပ် မပျော်ဘူး ။ ကြက်အိပ် ကြက်နိုး ပဲ ။ ဒီလို အိပ် မပျော် တဲ့ ည တွေ ၊ ကလေး တစ်ယောက် လို နေ နဲ့ ည နဲ့ မှား ခဲ့တဲ့ ရက် တွေ မနည်းတော့ဘူး ၊ လ နဲ့ ချီ နေပြီ ။

အိပ်ရာ က နိုးနိုး ချင်း ဝေဒနာကြီး ကို ခံစား နေရတာ မို့ မလှုပ်မယှက် ဘဲ အသာ ငြိမ်ငြိမ်လေး နေလိုက် ချင်တယ် ။ ဒါပေမယ့် အိပ်ရာ နဲ့ ထိ နေတဲ့ အသားတွေ က ကျိန်းစပ် ထုံကျဉ် လှပြီ ။ အကြောအခြင် တွေ က ကွန်ကရစ် လောင်း ထား သလို ၊ မာတောင့် ကိုက်ခဲ လှ ပြီ ။ မြေမာမာ ထဲ မှာ တွင်း သေးသေးလေး တူးပြီး ခန္ဓာကိုယ် ကို ဇွတ် ဖိသိပ် မြှုပ်ထည့် ထား သလိုပဲ ။ လက်ရှိ အိပ် နေတဲ့ ပုံစံ က နေ နည်းနည်းလေး စောင်း ဖို့ သူ ကြိုးစား နေ မိတယ် ။

ဖြည်းဖြည်းချင်း မှ တကယ့် ကို ဖြည်းဖြည်းချင်း ဒီလိုလေး ရွေ့နိုင်ဖို့ ဘယ်နှမိနစ် အားစိုက်ရမယ် လို့ သူ မသိဘူး ။ ရွေ့ ကော ရွေ့ရဲ့လား ။ မျက်လုံး က တင် ရွေ့ သွား တာလား ။ ခေါင်း တင် စောင်း သွားတာလား ။ ဝဖိုင့် တဲ့ ခန္ဓာကိုယ် ကို စောင်းဖို့ ကြိုးစားရင်း နဲ့ နဖူး မှာ ချွေး စို့လာတယ် ။

ခြင်ထောင် ထဲ မှာ ဘယ် အချိန် က ဝင် နေမှန်း မသိတဲ့ ခြင် တွေ က သွေး တွေ ဝပြီး မပျံနိုင် ကြဘူး ။ လက်ညှိုးလေး နဲ့ အသာ ဖိလိုက် ၊ လက်ခလယ် နဲ့ အသာ တောက်လိုက် ရုံ နဲ့ ခေါင်း တခြား ဗိုက်တခြား ဖြစ်ပြီး သေသွားမယ့် ခြင်တွေ ကို စိတ် ထဲ က နေ လိုက် သ,တ် နေ မိတယ် ။

ညဦး က တော်တော် အိုက်တယ် ။ ဒါပေမဲ့ အခုလို မနက် စောစော ကျတော့ အေး ပြန် ရော ။ အိမ်သား တွေ က သူ့ နံဘေး က ပြတင်းပေါက် ကို ပိတ် ပစ် ခဲ့ကြတယ် ။ အနောက် ဘက် မျက်နှာပြု ပြတင်း တစ်ချပ် ပဲ ဖွင့် ထားခဲ့တယ် ။ အဲဒီ ပြတင်း က လေ သိပ် ဝင်လေ့ မရှိ ဘူး ။ အအေးမိ မှာ စိုးလို့ ပိတ်ထား ခဲ့တာပါ လို့ ဆိုပေမယ့် သူ့ ကို မပြုစုချင်ကြ လို့ ၊ အပြုစုရ သက်သာအောင် လှောင်ပိတ် ခဲ့တာ လို့ သူ ထင် နေမိတယ် ။ ထင် နေတာ မဟုတ်ပါဘူး ။ သူ သိ ကို သိ နေတာပါ ။

သူ့ မိန်းမ ၊ သူ့ သမီး ၊ သမက် ၊ ယောက်ဖ ၊ တူမ နဲ့ ၊ တူ တွေ ၊ သူ့ အပေါ် တစ်ချိန် က မှီခို နေကြသူ တွေ ၊ သူ့ အရိပ် ထဲ က လူ တွေ ၊ သူ ကြည့်ရှု စောင့်မ ခဲ့တဲ့ သူ ၊ တကယ့် အရေးရယ် အကြောင်းရယ် ကြုံ လာ တော့ ရေရှည် သူ့ အနား မှာ မနေနိုင် ကြတော့ဘူး ။ အရင် စိတ် နဲ့ အရင် ကိုယ် သာ ဆို ရင် ကျေးဇူးကန်း တွေ ၊ ဟဲ့ ကျေးဇူးကန်း တွေ ၊ ကျေးစွပ်တဲ့ ဟာ တွေ လို့ တန်းစီ သတိ ဆွဲပြီး ဆဲမိ ၊ ငေါက်မိ ၊ အော်မိ တော့ မှာပဲ ။ သူတို့ ကျ တော့ ပြတင်းတံခါး တွေ ဖွင့် ပြီး လေ တဖြူးဖြူး နဲ့ စည်းစိမ် ရှိရှိ အိပ်စက် နေကြ မှာ ကို သူ မြင်ယောင် ပြီး မနာလို တဲ့ စိတ် ၊ မကျေနပ် တဲ့ စိတ် ပေါ် လာတယ် ။

မျက်နှာချင်းဆိုင် အိမ် က မှန်ပြတင်း ပေါ် ကို နေရောင် ကျ နေတယ် ။ ဒီ ပြတင်းမှန် က နေ ပြန် လာတဲ့ အလင်းရောင် က ရှားရှားပါးပါး ဖွင့် ထားတဲ့ ပြတင်း က နေ ဝင် လာပြီး သူ့ မျက်စိ ကို စူး စေတယ် ။ ဒီလို ဖြစ် နေတာ ကို မကြိုက်ဘူး ။ လူ မှ နေ မကောင်း လို့ ခံစား နေရတဲ့ အထဲ ဒီ မှန်ပြတင်း က ရောင်ပြန် က တမှောင့် ။ မျက်စိ ကို လာ စူး နေတယ် ။ မျက်စိ ဖွင့်ထား ချင်လို့ မရဘူး ။ ဒါနဲ့ သူ တစ်ဖက် ကို စောင်း ဖို့ ကြိုးစား နေမိပြန်တယ် ။

လင်းထိန် နေတဲ့ အလင်းရောင် ။ စူး နေတဲ့ ပြတင်းမှန် က ရောင်ပြန်ကို သူ မကြည့်ချင်ဘူး ။ မုန်းတယ် ။ ဒီလို မုန်းတီး နေရာ က နေ မျက်နှာချင်းဆိုင် အိမ် က မှန်ပြတင်း ကို ရိုက်ခွဲ ပစ်ချင် လာတယ် ။ တကယ်တော့ သူ မကျေနပ် နေတာ ၊ ဒေါသ ဖြစ် နေတဲ့ အထဲ မှာ မျက်နှာချင်းဆိုင် အိမ် က အိမ်ရှင် လည်း ပါတယ် ။

အမှန်တော့ သူတို့ နှစ်ယောက် ဟာ တစ်ချိန် က နှစ်အိမ့် တစ်အိမ် လို ဝင်ထွက် သွားလာ ဖူးကြတယ် ။ သူ က သိပ် သွားလေ့ မရှိပေမယ့် သူ့ မိန်းမ က အသွား များတယ် ၊ ဆွမ်းကျွေး ရှိတဲ့ အခါ ဘုရားကိုးဆူ ကပ်တဲ့ အခါမျိုး မှာ သူ တစ်ခါတလေ ရောက် တတ်တယ် ။ အလုပ် များ လို့ မသွားနိုင် တဲ့ အခါမျိုး မှာ သံဃာပွဲ ထက် မညံ့ တဲ့ စားစရာ ၊ သောက်စရာ တွေ အိမ် ကို လင်ပန်းကြီးငယ် နဲ့ အပို့ လွှတ် နေကျ ။

“ ဘယ် သွားမလို့လဲ အစ်ကိုကြီး ၊ ဟာ အတော်ပဲ ကျွန်တော် လည်း အဲဒီ ဘက် သွားမလို့ ။ လာပါ ၊ ကား ပေါ် တက်ပါ အစ်ကိုကြီး ရဲ့ ။ နောင် အရေးကြီး လို့ အစ်ကိုကြီး ရဲ့ကား အဆင် မပြေ ရင် ဒီ ကား ကို အချိန်မရွေး ယူ သုံးပါဗျာ ” ဆိုတာ အဲဒီ လူ ရဲ့ ကိုယ်ပိုင်ဓာတ်ပြား ပေါ့ ။

သူ့ မိန်းမ ကိုယ့် မိန်းမ မျက်နှာချင်းဆိုင် နှစ်အိမ် တစ်အိမ် ဝင်ထွက် သွားလာ ရင်း သူ့ မင်တံ ထိပ် ကနေ သူ့ ရဲ့ နာမည် အတိုကောက် တွေ ကို အမြန် ရေးခြစ် ပေးရင်း အဲဒီ လူ ဟာ ပါဝါမီတာ ၊ တယ်လီဖုန်း နဲ့ မြေကွက်တွေ ၊ မော်တော်ကား တွေ ပိုင်ဆိုင် တဲ့ လူ ဖြစ် မှန်း မသိ ဖြစ် လာတယ် ။

အခုတော့ ဒီ လူ ပေါ် မလာတော့ဘူး ။ အဲဒီ လူ ကို ကျေးဇူးကန်း စာရင်း ထဲ ကို ထည့် ရင် သူ့ မိန်းမ က ဘာ ပြောမယ် မသိ ။

တုန်တုန်ယင်ယင် နဲ့ ကြိုးစား ပြီး တစ်ဖက် ကို စောင်း နေ မိတယ် ။ တဖြည်းဖြည်း မှ တကယ့် တဖြည်းဖြည်း ချင်း ။ မနေ့ က သောက် ထား တဲ့ ဆီးဆေး ကြောင့် ဆီး က သွားချင် လှပြီ ။ ကြိုးစား နေရင်း နဲ့ မေးစေ့ က ထိုးထိုးထောင်ထောင် မုတ်ဆိတ်မွေး ဖြူနီကြောင်ကြား တွေ က လက်မောင်းအိုး ကို လာ ထိုး နေ လိုက်သေးတယ် ။ နေ ကောင်း ရင် တော့ အရက် ကောင်းကောင်း ကို ဇိမ် ဆွဲပြီး သောက်ချင် စိတ် က ခေါင်း ထဲ မှာ ဖျတ်ခနဲ ပေါ် လာပြန်တယ် ။

ခြေသံ တရှပ်ရှပ် ကို သူ ကြားတယ် ။ ဒါ ဘယ်သူ့ ခြေသံ ပါလိမ့် ။ သူ့ တူမ ရဲ့ခြေသံ ဖြစ် ဖို့များတယ် ။ အသံ ပြုပြီး ခေါ်လိုက် ချင်တယ် ။ လူ ခေါ် ခေါင်းလောင်း ဘုသီးလေး ရှိရာ ကို လက် က လှမ်း နေတာ ကြာ လှပြီ ။ ခြေသံရှင် က လှေကား အတိုင်း မှန်မှန် တက် လာ နေပြီ ။

သူ့ ဆီ လာ တာ လည်း ဖြစ် နိုင်တယ် ။ ဒါမှမဟုတ် ဘုရား သောက်တော်ရေ လာ လဲ တာ လည်း ဖြစ်နိုင်တယ် ။ သူ နိုး နေတာ တွေ့ ရင် တော့ ခြင်ထောင် ကို ပင့် တင်ပြီး ဆီး သွားဖို့ ကိစ္စ အတွက် လည်ပင်းရှည် ပလတ်စတစ် ဆီးအိုးကလေး ယူပေး လိမ့်မယ် ။ ပြီးတော့ ည က ဘဘ အိပ်ရရဲ့လား လို့ မေး လိမ့်မယ် ။

သူ့ မှာ သမက် ရှိတယ် ။ တူ နှစ်ယောက် ရှိတယ် ။ သူ အလုပ် သွင်း ပေး ထားတဲ့ လူတွေ ပေါ့ ။ သမက် က တော့ သူ့ လို ပဲ အလုပ် သိပ် များတဲ့ လူ ဆိုတော့ ထားပါတော့ ။ တူ နှစ်ယောက် က တော့ ဝေဒနာ ဖြစ်ခါစ က သာ ... အခု တော့ သူ့ အနား သိပ် မကပ်ချင် ကြတော့ဘူး ။

ခုတင် ခေါင်းရင်း ဘုရားစင် ရှေ့  က ခြေသံ လုံအောင် နင်း ပြီး သွား နေတဲ့ ခြေသံရှင် ဟာ သူ့ တူမ ပဲ ။

ဟေ့ - ဘုရားပန်း တို့ ၊ သောက်တော်ရေ တို့ နောက် မှ ကပ်ဟေ့ ။ လာ ဒီကို မြန်မြန် လာ ၊ ငါ နိုး နေပြီ ။ ဒီမှာ ဒုက္ခ ဖြစ်လှပြီ ။ ကျွတ် - ကျွတ် - ကျွတ် ။ သေးအိုး မြန်မြန် ယူလိုက် စမ်း ။

အော် ပြောလို့ ရရင် အကျယ်ကြီး အော် လိုက် ချင်တယ် ။ တကယ်တော့ ရွဲ့ နေတဲ့ သူ့ ပါးစပ် က လေသံ သဲ့သဲ့ တောင် ထွက် မလာဘူး ။ မုတ်ဆိတ်မွေး တွေ က တော့ လက်မောင်းအိုး ကို စူး နေတုန်းပဲ ။

ခြင်ထောင် ထဲ က နေ ကြိုးစား ပြီး သူ့ ရဲ့ ခန္ဓာကိုယ် ကို စောင်း ဖို့ အားထုတ် နေတယ် ။ သူ နည်းနည်းပါးပါး လှုပ်ရှား ပြ နိုင် ရင် တူမ က သတိ ထားမိတန် ကောင်းရဲ့ ။ တူမလေး ဒီဘက် လှည့် ကြည့်ပါစေ ။ သူ့ ကို လှမ်း ကြည့် နေပါစေ ။ လက် ကို ရွှေ့ ဖို့ သူ အားထုတ် နေ တယ် ။

ခါတိုင်း လည်း သူ ဒီအချိန် နိုး နေကျ ။ တူမ က လည်း တစ်ချက် လာ ကြည့် နေကျ ။ ဒီ မနက် ဆီးကြော က တင်းလွန်း မက တင်းလွန်း ပြီး ဆီးအိမ်ကြီး ပေါက်ကွဲ မတတ် ဖြစ်နေ ကာ မှ တူမ က သူ့ ဆီ ရောက် မလာဘူး ။

သူ ဒေါသ ဖြစ်လာတယ် ။

ဝမ်းလည်း နည်း လာတယ် ။

ဒေါသ ဖြစ် ရတာ ၊ ဝမ်းနည်း ရတာ တစ်နေ့ ကို ဘယ်နှကြိမ် မှန်း မသိတော့ဘူး ။ နာရီ နဲ့ အမျှ တောင် မကတော့ဘူး ။ နဖူး မှာ ချွေးတွေ ပို စို့ လာတယ် ။

ဆရာဝန် က စိတ်ညစ်စရာ ၊ စိတ်ဓာတ်ကျစရာ တွေ မတွေးဖို့ ၊ ဒေါသမကြီး ၊ ဝမ်းမနည်း ဖို့ အတန်တန် မှာ ခဲ့တယ် ။ ဒီ အမှာစကား တင် မကဘူး ။ ဆရာဝန် က အားပေးစကား တွေ လည်း ပြော သေးတယ် ။

ဆရာဝန် ကို ကြည့်ရင်း သူ့ စိတ် ထဲ မှာ ဝတ်ကျေဝတ်ကုန် အောက်မေး လှုပ် နေတဲ့ ဘောင်းဘီရှည်ဝတ် တစ်ယောက် ကို မြင် လာတယ် ။ ဆရာဝန် ရဲ့ အားပေးစကား က ရင် ထဲ က လာ တဲ့ စကားတွေ ဟုတ် မဟုတ် သံသယ စိတ် ဝင် နေမိတယ် ။

ပျောက်သွား မှာပါ ၊ သက်သာ လာပြီပဲ ။

ပျောက်သွား မှာပါ ၊ သက်သာ လာပြီပဲ ... တွေ ထပ် နေတယ် ။ အားပေးစကား တွေ ပြောရင်း ဆရာဝန် မှာ စကားလုံး ခေါင်းပါး လာ နေပြီ လို့ သူ တွေး နေမိတယ် ။

အရက် အတူ သောက်ဖော် တစ်ဦး က တော့ တရားမှတ် နေပါလား ။ ဝေဒနာ တစ်ဝက် သက်သာ သွားမယ် လို့ တရား လာ ပြ နေတယ် ။ သူ ရယ် လည်း ရယ် ချင် ၊ ဒေါသ လည်း ဖြစ်တယ် ။ အေး … မင်း ကိုယ်တိုင် ဒီလို ဝေဒနာ ခံစား ရတော့ မှ တရားမှတ် နေလို့ ပြန် ပြောနိုင် ရင် ပြော လိုက် ချင်တယ် ။ အဲဒီ မိတ်ဆွေ က တော့ သူ့ ရဲ့ မျက်လုံးတွေ ကို အဓိပ္ပာယ် အဖွင့် မှား ပြီး ခေါင်း တညိတ်ညိတ် လုပ် နေလေရဲ့ ။ တကယ့် သူတော်စင် ၊ မိတ်ကောင်း ဆွေမွန် တစ်ယောက် ရဲ့ ဟန်ပန် အပြည့် နဲ့ ။ သူ့ စိတ် ထဲ က တော့ အဲဒီ လူ ကို ခွေးငေါက် သလို ငေါက်ပစ် မောင်းထုတ် ပြီးခဲ့ပြီ ။

ခေါင်းရင်း ဆီ က ခြေသံ တရှပ်ရှပ် ကြား နေရ တုန်းပါပဲ ။ တူမ က သူ့ ဆီ ရောက် မလာဘူး ။ အတတ်နိုင်ဆုံး အောင့် ထားရာ က ဆီးအိမ် က တင်းလွန်း မက တင်း ၊ နာလွန်း မက နာ လာပြီး ခြေသံရှင် သူ့ ဆီ လာတယ် အထင် နဲ့ စိတ် အလျှော့ လိုက် မှာ လက်ဆောင် ရ ထား တဲ့ မလေးရှား ပုဆိုး ရော ၊ ဘယ်သူ လာ ကန်တော့ ထားမှန်း မသိတဲ့ ပခုက္ကူစောင် ပါ ရွှဲနစ် သွား တော့တယ် ။ သူ့ ရဲ့ ခါး အောက်ပိုင်း တစ်ပိုင်းလုံး ပူနွေး သွား တယ်လေ ။

တစ်ချိန် ချိန် မှာ တစ်ယောက် ယောက် တော့ တက်ပြီး သူ့ ကို လာ ကြည့် လိမ့်မယ် ။ ဘယ်သူ ဖြစ်မလဲ ၊ မိန်းမ လား ၊ နှမ လား ၊ တူတွေ ဖြစ်မလား ၊ မကြည့်ရက်ဘူး ဆိုတဲ့ စကားလုံး ကို အကာအကွယ် ယူပြီး သူ့ အနား မလာ တာ အတော် ကြာ နေပြီ ။

ဘယ်သူပဲ ဖြစ်ဖြစ် သူ့ အဖို့ တော့ တယ် မထူးလှဘူး ။ ဪ ဘဘ တောင် နိုး နေမှ ကိုး ။ အစ်ကိုကြီး  နိုး နေပြီလား ။ ဘာ စား ချင်သတုံး  ဘကြီး ။ ဒီလို စကား တွေ ပဲ ကြားရမလား ။ ဒါမှမဟုတ် သူ မကြားချင် တဲ့ စကားလုံး တွေ ပဲ ကြားရလေမလား ။ သူ နဲ့ အသက်အရွယ် မတိမ်းမယိမ်း ၊ သူ့ လုပ်ဖော်ကိုင်ဖက် ဘယ်သူ တော့ ဆုံးရှာ သတဲ့ ။ ဦးဘယ်ဝါ တော့ ဆေးရုံ ပေါ် မှာ အခြေအနေက မျှော်လင့်စရာ မရှိတော့ဘူး ။

ဆီးအိမ် တင်း နေတာ က ပေါ့ပါး သွား ပေမယ့် စိတ် ထဲ မှာ ပိုပြီး လေးလံ တင်းကျပ် လာ မိတယ် ။

သေးစို နေတဲ့ အဝတ်တွေ လဲတဲ့ အခါ နဲ့ အောက် က ခင်း တဲ့ ဖျာ တို့ ၊ ဖယောင်းပုဆိုး တို့ ကို လဲ ကြတဲ့ အခါ သူ့ ကို မ,ကြ ၊ ရွှေ့ကြလိမ့်ဦးမယ် ။ အဲဒီ အခါမှာ အိပ်ရာပူ လောင် ထားတဲ့ အနာတွေ ကို ဆွဲဖြဲ သလို ဖြစ်ပြီး နာဦးတော့မှာ ။ ဒီ အနာတွေ က တစ်နေ့တခြား အနာ မကျက်တဲ့ အပြင် အနာဝ တွေ ကျယ်ကျယ် လာ လိုက် တာ ခုံညင်းဒိုး လောက် အရွယ် က အငယ်ဆုံး ပဲ ။

အိပ်ရာပူ အနာတွေ နာ တာ ထက် မ , မချင်ဘဲ မ , ကြ ရတဲ့ အိမ်သား တွေ ၊ မရွှေ့ချင် ရွှေ့ချင် နဲ့ ရွှေ့ ကြမယ့် အိမ်သားတွေ ရဲ့ မျက်နှာ ကို သူ မကြည့်ချင်ဘူး ။ ဆောင့်ဆောင့် အောင့်အောင့် နဲ့ မ , ကြ ၊ ရွှေ့ကြ မှာ လေလား ။ ဘယ်က ရောက် လာမှန်း မသိတဲ့ မျက်ရည် တွေ က ခေါင်းအုံးစွပ် ကို စွန်း သွားတယ် ။

တစ်ချိန် က သူ ကောင်းမှု ပြုခဲ့တဲ့ သူ ပဲ ဖြစ်ဖြစ် ၊ သူ့ သမက် ရဲ့ အရှိန်အစော် ကြောင့် ပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဆွေမကင်း မျိုးမကင်း လို့ ပဲ ဖြစ်ဖြစ် သူ့ ကို လူမမာ လာ လာ မေးကြ တယ် ။ မေးကြလိမ့်ဦးမယ် လို့ ထင်တယ် ။ မေးတဲ့ လူတွေ က တကယ်ကို သနားတဲ့ မျက်လုံး တွေ ရော ၊ တာဝန် အရ ၊ အခြေအနေ အရ ကြင်နာ နေရတဲ့ မျက်လုံးတွေ ရော ပါတယ် ။ အနား မှာ လာ ထိုင် ကြတဲ့ သူ က ထိုင် တော့ ထိုင်မယ် ခဏပဲ ။

မလွှဲမရှောင် သာ လို့ နည်းနည်း ပိုပြီး ကြာကြာ ထိုင်မိတဲ့ လူ က မကြာခင် မှာ လက်ကိုင်ပဝါ နဲ့ နှာခေါင်း ကို ပိတ် လိမ့်မယ် ။ လက်ကိုင်ပဝါ မပါ တဲ့ လူ က လက်ညှိုး လက်ခလယ် တို့ နဲ့ နှာခေါင်းပေါက် ကို ပိတ် ထား ရင်း တစ်ဖက် ကို မျက်နှာ လှည့် နေ လိမ့်မယ် ။ အိပ်ရာပူ လောင် တဲ့ အနာ တွေ က ရော ၊ သူ့ သင်ဖြူးကြီး ရော ၊ ခြင်ထောင်ကြီး က ရော ၊ ထွေးခံ က ရော အမြဲ ထွက် နေတဲ့ အနံ့ ကို ဘယ်သူ့ မှ ကြာကြာ မခံနိုင်ဘူး ။

အဲဒီ အခါ မယောင်မလည် နဲ့ အသာ ထ ပြီး နောက်ကျော ဘက် မှာ ပွင့် နေတဲ့ ပြတင်းပေါက် ဆီ ထ သွား လိမ့်မယ် ။ အောက် ကလမ်း ပေါ် မှာ လူသွား လူလာ ရှင်းမရှင်း ငုံ့ ကြည့် ပြီး ရှင်းတာ နဲ့ တစ်ပြိုင်နက် ပါးစပ် ထဲ မှာ စုထားတဲ့ တံတွေး ကို ပစ်ခနဲ အမြန် ထွေး ပစ် လိုက်လိမ့်မယ် ။ ဆွေမျိုး အရင်းအကျက် ၊ တပည့် အစိမ်းအမှည့် နဲ့ အားနာတတ်မှု အပေါ်  လိုက်ပြီး ပစ် ဆိုတဲ့ အသံ က အတိုးအကျယ် ရှိနေမယ် ။

ပြီးရင် နံရံ တွေ နဲ့ တိုင် တွေ မှာ ချိတ် ထားတဲ့ ဂုဏ်ပြုလွှာ တွေ ၊ မှတ်တမ်း တွေ ၊ ဓာတ်ပုံ တွေ ကို အချိန် ဆွဲပြီး ကြည့် နေ လိမ့်မယ် ။ မလွှဲမရှောင် သာ လို့ အနား ပြန် ထိုင် ရ ရင် တော့ လက်ကိုင်ပဝါ ကိုင် မထားတဲ့ လက် တစ်ဖက် က ခေါင်း ကို ခဏခဏ ကုတ် နေမှာ သေချာတယ် ။

သူ့ နဖူး မှာ ချွေးစ တွေ တော်တော်များများ ရှိနေရာ က ပြန် တိတ်ပြီး ချွေးစေး တွေ လောက် ပဲ ကျန်ရစ်တယ် ။

သူ ဆေးရုံ ကို ပြန် တက် ရရင် ကောင်းမလား ။

ဆေးရုံ မှာ တော့ တာဝန် ကျတဲ့ ဆရာမ က ဆေး ကို အချိန် မှန်မှန် လာ တိုက် ကြတယ် ။ ဆရာဝန် က လည်း လက် တစ်ကမ်း မှာ တင် ရှိ နေတယ် ။ လူမမာ လာ မေးတဲ့ သူတွေ က လည်း သပ်သပ်ရပ်ရပ်လေး ဝတ်စား လာ တတ်ကြတယ် ။ သူ့ အိမ်သူအိမ်သား တွေ ကို ပဲ ဆေးရုံ မှာ နဲ့ အိမ် မှာ ၊ သူ့ အပေါ်ပြုစု ဆက်ဆံကြတာ ချင်း မတူဘူး လို့ သူ ထင် နေ မိတယ် ။ ဆေးရုံ ပေါ် မှာ ပိုပြီး ကြင်နာကြ သလိုပဲ ။ သူ က လည်း ဝေဒနာ ကို ရုတ်တရက် ကောက် ရသလို စပြီး ခံစားရခါ စ အချိန် မဟုတ်လား ။

“ ကိုသန်းနိုင် ရဲ့ ယောက္ခမကြီး တုန်း က လည်း ဒီလိုပဲ ဖြစ်တာ ၊ မြောက်ပြင် က အကြောပြင် ဆရာလေး နဲ့ ကုတာ အခု ဆိုရင် အကောင်း နီးနီး ပဲ ။ အရက် နဲ့ ဝက်သား တော့ လုံးဝ မတို့လေ နဲ့တော့ ”

“ ကြေးနန်းရုံး က ဒေါ်မော်လီ ရဲ့ အမေကြီး တုန်း က တော့ တိုင်းရင်းနည်း ရော ၊ တရုတ် အပ်စိုက် ရော အစုံ လုပ်တာ ဖြစ်ခါစ က ကိုယ့် ဆံပင် ကိုယ် ဘယ် ဖြီး နိုင်လို့လဲ ”

ငှက်ဖျားရောဂါ နဲ့ တက် နေတဲ့ လူနာ က လည်း ကုထုံး တစ်မျိုး ဝေငှ သလို ၊ အသည်းရောင် နေတဲ့ လူ ကို လာ စောင့်တဲ့ လူနာစောင့် က လည်း ကြားဖူးနားဝ ကုထုံး ပေး တတ်တယ် ။

သမီး က တော့ လူမမာ လာ မေး တဲ့ ဧည့်သည် ကို သူ့ ရဲ့ ဝေဒနာ နဲ့ ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ကို မမောနိုင် ၊ မပန်းနိုင် ပြော ပြ တတ်တယ် ။ လူမမာ လာမေး တတ်တဲ့ လူ ရဲ့ ဂုဏ်ရှိန်ဥစ္စာ စည်းစိမ် အပေါ် လိုက် လို့ ဝေဒနာ ဖြစ်စဉ် ကို ပြော ရာ မှာ လိုတိုး ပိုလျှော့ ပြော နေတာ ကို ကြား နိုင်တယ် လေ ။

ဒီလို ပြော နေရင်း သမီး က လေသံ ကို တိုး ပစ် လိုက် တတ်တယ် ။ သူ မကြား ရ အောင် လို့ နံဘေး က ဆေးရုံဝန်ထမ်း တွေ ၊ သူနာပြု တွေ မကြား ရ အောင် လို့လား မသိ ။ သမီး ရဲ့ မျက်လုံး တွေ က သူ့ ကို ကြည့်လိုက် ၊ သူနာပြု တွေ အခန်း ဘက် ကြည့်လိုက် ၊ ဗီရိုအပုလေး ပေါ် ဆေးပုလင်း တွေ ကို လည်း လက်ညှိုး ထိုး ပြလိုက် သေးတယ် ။ ပိုက်ဆံအိတ် ကို လည်း ပုတ်ပြ တတ်ပြီး လက် ငါးချောင်း ကို စုချည် ကားချည် လည်း လုပ်ပြ တတ်တယ် ။

သူ့ ကို ငါးလ ပဲ နေရတော့မယ် လို့ ဆရာဝန် က ပြောလိုက်ပြီ လား ၊ သမားတော်ကြီး ကို ကန်တော့ ရ တဲ့ လက်ငါးချောင်း လား ၊ ဆေးဖိုး ချည်း ပဲ တစ်နေ့ ကုန် တဲ့ စရိတ်လား ။

နေ့စဉ်နေ့တိုင်း ကြားရဖန် များ တော့ မျက်စိ ကို အသာလေး မှေးစင်း ပြီး ဂေါက် ရိုက်ဖော် တွေ အကြောင်း စဉ်းစား နေ လိုက်တယ် ။

တစ်နေ့ တော့ သူ့ ခုတင် နဲ့ တစ်ခုတင် ခြား က လူမမာ ကို စောင် နဲ့ ခြေဆုံးခေါင်းဆုံး လွှမ်း လိုက်တာ ကို သူ မြင် နေရတယ် ။ မိန်းမ တစ်ယောက် က ကျိတ်ပြီး ငို လို့ ။ တော်တော် ကြာ တော့ ခြေသလုံး လောက် အထိ ရှည် တဲ့ ဘောင်းဘီဝတ် ဆေးရုံအလုပ်သမား က ထမ်းစင်ကပ် ပေါ် ကို ခပ်ကြမ်းကြမ်း မ တင်လိုက် တာ ကို လည်း သူ မြင် နေ ရတယ် ။ သူ မျက်စိ မှိတ် ထားဖို့ မေ့ နေတယ်လေ ။

အကြမ်းခံ ပစ္စည်း တစ်ခု ကို ဆိုင် တစ်ဆိုင် က နေ တခြား ဆိုင် တစ်ဆိုင် ကို သွား ပို့ ကြ သလို ဆိုးဆိုးဆတ်ဆတ် မ လိုက်တာ ရော ခုံဖိနပ်သံ တခွပ်ခွပ် မြည်သံ ကို ပါ ကြား လိုက် ရတယ် ။ ဆေးရုံ က သူ အမြန် ဆင်းပြေးချင် စိတ် ပေါက် လာတယ်လေ ။ တရှုပ်ရှုပ် နဲ့ ကျိတ် ငိုရင်း အလုပ်သမား နှစ်ယောက် ရဲ့ နောက် က လိုက် သွားတဲ့ မိန်းမ ရဲ့ အသက် က မနှိုင်းကောင်း နှိုင်းကောင်း သူ့ မိန်းမ ရဲ့ အသက် လောက် ပဲ ရှိလိမ့်ဦးမယ် ။

ဆေးရုံ ပေါ် မှာ နေရတဲ့ ရက်တွေ ရှည်လျား လှပြီ ။ ရောက်စ တုန်း က နဲ့ ဘာမှ မထူးဘူး ။ ပက်လက် ထား ရင် ပက်လက် ပဲ သူ နေ ရတယ် ။ တစ်ယောက် ယောက် က တစ်ဖက် ကို စောင်း ပေးခဲ့ ရင် အဲဒီလို စောင်း လျက် ကြီးပဲ ။ ကြာ လာ တော့ မနက်ပိုင်း ကြမ်းတိုက် လာတဲ့ ဆေးရုံ က အလုပ်သမတွေ ရဲ့ ခုံဖိနပ်သံ နဲ့ ထမ်းစင်ကပ် ကို မ,မလာတဲ့ အလုပ်သမား တွေ ရဲ့ ခုံဖိနပ် တွေကို တောင် သူ ခွဲခြားနိုင်လု နီးနီး ရှိလာပြီ ။

ဒုတိယ ခုံဖိနပ်သံ တွေ ကို ကြား ရတဲ့ အခါတိုင်း သူ ကြောက် နေမိတယ် ။ ကြောက် နေရာ က ရွံ့မုန်း လာ မိတယ် ။ ဒါပေမယ့် သေသေချာချာ စဉ်းစား ကြည့် ရင်း ခုံဖိနပ်သံ တွေ ကြား နေရတာ ကို သူ ကျေနပ် နေတယ် ။ နားဝင် ချို လာတယ် ။ ခုံဖိနပ်သံ တခွပ်ခွပ် က သေ သွား တဲ့ လူ တစ်ယောက် ရဲ့ အလောင်း ကို လာ သယ် ကြတာပဲ ။ ခုံဖိနပ်သံ ကို ကြားနေရ သမျှ သူ့ အလှည့် မဟုတ်သေးဘူး ။ သူ့ အလှည့် မရောက်သေး တာ သေချာတယ် ။

ဆရာဝန် က အိပ်ရာပူ လောင် ထားတဲ့ အနာတွေ ကို လည်း ဂရုစိုက်ဖို့ ပြောသံ ကြား တော့ သူ့ မှာ ထိတ်လန့်စရာ တစ်ခု ပို လာ ပြန်ရော ။ ဒီ အနာတွေ က နေ မေးခိုင်ရောဂါပိုး ဝင် လာ ပြီး တွေးရင်း ကျော ထဲ က စိမ့် တက် လာတယ် ။

ဆေးရုံ ပေါ် မှာ ရက်တွေ သာ ကြာ လာတာ သူ့ အခြေအနေ က ဘာမှ ထူး မလာဘူး ၊ ပက်လက် - ပက်လက် ပဲ ။ အိပ်ရာပူ လောင်တဲ့ အနာ တွေ ဂရုစိုက်ပြီး ဖန်ရည်ဆေး ပေး တာပဲ ရှိတော့တယ် ။ ဆရာဝန်ကြီး က မတည့်တာ မရှိဘူး ။ စားနိုင်လို့ က တော့ ကျွေး  သာ ကျွေးပါလို့ ပြော လိုက်သံကြားရတယ် ။ ဆေးရုံ ရက်တွေ ကြာ လာ တော့ လူနာ လည်း ငြီးငွေ့ နေမယ် ၊ လူနာရှင် တွေ လည်း ပင်ပန်းလှပြီ ။ အိမ် မှာ ပဲ အနား ယူပါစေ ၊ နောက် တစ်လ နေ တော့ တစ်ခေါက် ပြန် ပြလှည့် လို့ ပြော လိုက် သေးတယ် ။

ဆေးရုံ မှာ လ နဲ့ ချီပြီး ရက်ရှည် တက် နေသူ အဖို့ မင်္ဂလာ ရှိတဲ့ စကား တွေ ပေါ့ ။ သူ့ ရဲ့ သားချင်း တွေ က ဆရာဝန်ကြီး ရဲ့ စကား ကို ခေါင်း တညိတ်ညိတ် လုပ် နေကြတဲ့ အချိန် ၊ သူ က ခေါင်းယမ်း နေမိတယ် ။ အားငယ် လာ မိတယ် ။ ကြောက် တာ လည်း ပါတယ် ။ ဆရာဝန်တွေ က လက်လျှော့ လိုက်ကြ တာလား ၊ သူ အရင် က စိတ်ကူး နေတဲ့ ပုစွန် တွေ ၊ ငါးဥ တွေ ၊ ကြက်သား တွေ ပျောက် ကုန်တယ် ။ စိတ် ချမ်းသာ အောင် ပြော လိုက်တဲ့ ဆရာဝန်ကြီး ရဲ့ နှုတ်ဆက် စကား တွေ လို့ သူ ယုံ နေတယ် ။

စာကလေး တစ်ကောင် လှစ်ခနဲ ဝင် လာ ပြီးတော့ ခြေရင်း က စားပွဲ တစ်လုံး ပေါ်မှာ နား နေတယ် ။ ဟိုကြည့် ဒီကြည့် နဲ့ သူ စား လို့ ရတဲ့ အစာ ဘာ ရှိမလဲ လို့ ရှာ နေတယ် ။ စားပွဲ ပေါ် မှာ ရှိတဲ့ ကက်ဆက် ပေါ် ခုန် တက် လိုက်တယ် ။ စာကလေး တွေ ဒီလိုပဲ ဝင် လာ နေကျ ။ တစ်ခါတလေ စာမလေး ပါ အဖော် ခေါ် ခေါ်လာတယ် ။ ပင့်ကူလေး တွေ လို သူတို့ စားစရာ တစ်ခု ခု တွေ့ ရင် ချက်ချင်း စား ပစ် လိုက်ကြတယ် ။

အခု စာကလေး နား နေတဲ့ ကက်ဆက် က လွန်ခဲ့တဲ့ ခုနစ်နှစ် လောက် က ခေတ်စား ခဲ့တဲ့ ပုံစံ ။ အဲဒီ အချိန် ပေါ်ဦးပေါ်ဖျား မှာ ဘယ်သူ လာ ကန်တော့ သွားမှန်း သူ မမှတ်မိတော့ ဘူး ။ သူ့ ဇနီး တော့ မှတ်မိချင် မှတ်မိ လိမ့်မယ် ။ သူတို့ ပဲ အဖွင့် များ ကြတဲ့ ကက်ဆက် ။ အခုတော့ တော်တော် ကို ပွန်းပဲ့ ဟောင်းအို နေပြီ ။ ထွက် လာတဲ့ အသံ တွေ က လည်း ပင်ကိုသံ ပျောက် ပြီး အက်ကွဲ နေတယ် ။

အိမ်သား တွေ က တီဗွီ ရှေ့ မှာ အယ်လ်ခွန်းရီ တို့ ၊ ခိုင်ဝါ တို့ ၊ လဲ့ယဉ်မြင့် တို့ ကို ကြည့်နေ ကြချိန်မှာ သူ က ကြာနီကန် ဆရာတော် ရဲ့ တရားတော် ကို နာချင်သည် ဖြစ်စေ ၊ မနာချင်သည် ဖြစ်စေ နာ နေရတယ် ။ ဒီ တရား ကို နာရပေါင်း များ လှပြီ ။ အလွတ် ရဖို့ တောင် ကောင်း နေပြီ ။ ဒါပေမယ့် သူ့ အဖို့ အမြဲတမ်း အသစ် လိုလို ဖြစ် နေမိတယ် ။

စာကလေး က ခေါင်းလေး ဘယ်ညာ လှည့်ရင်း သူ့ အစာ ကို ရှာ နေတယ် ။ စာကလေး ကိုကြည့်ရင်း လွတ်လွတ်လပ်လပ် ပျံချင် ရာ ပျံနိုင်တဲ့ ဘဝ ကို အားကျ နေမိတယ် ။ စာကလေး မှ မဟုတ်ဘူး ။ သူ့ အနား မှာ ရှိတဲ့ ပင့်ကူလေး ၊ အိမ်မြှောင်လေး တွေ ။ နောက်ဖေးအိုး နား လာ တတ်တဲ့ ပိုးဟပ် တွေ ၊ အကောင် တွေ အားလုံး ကို သူ ကြည့်ပြီး အားကျ နေမိ တယ် ။ တစ်ဆက် တည်း ပဲ သူ သွားချင် ရာ မသွားနိုင်တဲ့ သူ့ အဖြစ်အပျက် ကို တွေးပြီး ဝမ်း နည်း လာတယ် ။ သူ့ ကို အမျိုးအဆွေ တွေ က ဂရု မစိုက်ကြဘူး ။ မစောင့်ရှောက်ကြဘူး လို့ တွေးပြီး ဝမ်းနည်း လာတယ် ။

တရား ကို နာချင်သည် ဖြစ်စေ ၊ မနာချင်သည် ဖြစ်စေ ကက်ဆက် ထဲ ကို တရားခွေ ထည့် ပြီး ဖွင့် ပေးခဲ့တာ သူ့ ကို ဂရုစိုက် စောင့်ရှောက် ကြတာလား ။

ဘကြီး အသက် ထောက် လာပြီ ။ တွင်း နဲ့ နီး လာပြီ ၊ တရားသဘော ကို ရှု လို့ ဆိုချင် ကြတာလား ။

သူ က တော့ နောက်ဆုံး ရ ထား တဲ့ ကျွဲဆည်ကန် က မြေကွက်လေး မှာ နှစ်ထပ်တိုက်ကလေး တစ်လုံး ကိုယ်တိုင် ကြီးကြပ်ပြီး ဆောက် လိုက် ချင် သေးတယ် ။ ဘယ်သူ့ ကို မှ သူ မယုံဘူး ။ ကိုယ်တိုင် ပဲ ကြီးကြပ် ချင်တယ် ။ လက်သမား တွေ က သံတွေ ကို သူတို့ ထမင်းဘူး ထဲ မှာ ထည့် ပြီး အိမ် ကို ပြန်တဲ့ အခါ ယူတတ် သလို ၊ ဘိလပ်မြေအိတ်ခွံ က လည်း ဈေး တော်တော် ရတယ် ။ အဲဒီ တိုက်ကလေး မှာ ဘုရားခန်း နဲ့ အိပ်ခန်း ကို တော့ လေအေး စက် တပ် ထားမယ် ။ နှစ်ထပ်တိုက်ကလေး ဆောက် ပြီး ရင်တော့ တရား အလုပ် ကို ပဲ အားထုတ် တော့မယ် ။ အေးအေးဆေးဆေး သူ နေ ချင်ပြီ ။

သူ့ ဆီ က ငွေ ခုနစ်သိန်း လောက် ခဏ လှည့်ပါ ဆိုတဲ့ နှမ အငယ်ဆုံး က လည်း ပေါ် မလာ ဘူး ။ သူ့ သတင်း မကြား လို့ မလာတာ တော့ မဖြစ်နိုင်ဘူး ။ ငွေ ခုနစ်သိန်း ကို အပိုင် စီးချင် လို့ လား ။ သူ ကျန်းမာ စဉ် က ဒီ အကြောင်း ကို သူ့ မိန်းမ ကို အသိ မပေးခဲ့ ဖြစ်တာ မှား သွားပြီလား ။ အခု ပါးစပ် က မပြောနိုင် လို့ စာ ရေးပြီး ပြချင်ဦးတော့ သူ့ လက် က မလှုပ်နိုင်တော့ဘူး ။ သူ့ နှမ အကြောင်း တွေး မိရင် သူ ဒေါသ ဖြစ် ဖြစ် လာ တတ်တယ် ။

ရွှဲ နေတဲ့ အောက်ပိုင်း ကြောင့် တစိမ့်စိမ့် ချမ်းစ ပြုလာပြီ ။ ခြင်ကျား တွေ က ခြင်ထောင် အပြင် က နေ အထဲ ဝင် ဖို့ တဝီဝီ နဲ့ ကြိုးစား နေကြတယ် ။ ဒီ ခြင် တွေ တော့ သူ မကျေနပ်ဘူး ။ နေ့ခင်း ကြောင်တောင် ပြောင် အနိုင်ကျင့် သွေးစုပ် တတ် တဲ့ ခြင်ကျား တွေ ပျံ နေရင်း လေ ထဲ ပင် မိတ်လိုက် နေလိုက် ကြ သေးတယ် ။

တစ်ယောက် ယောက် တော့ အမြန် လာစေချင်လှပြီ ။ သူ့ ဇနီး ၊ သူ့ တူမ မှ မဟုတ် ၊ နှုတ်စ ၊ လျှာစ ကြမ်းတဲ့ တူ ထဲ က ပဲ ဖြစ်ဖြစ် တစ်ယောက် ယောက် တော့ အမြန် လာစေချင် လှပြီ ။ သူ တစ်ဖက် ကို စောင်းချင် လှပြီ ။ အောက်ပိုင်း က စို နေ တဲ့ ပုဆိုး တွေ ၊ စောင် တွေ ၊ အိပ်ရာခင်း  တွေ ကို လဲ ပစ်ပြီး နွေးနွေးထွေးထွေး နေ ချင်တယ် ။

ည တုန်း က ပါးစပ် က ယိုစီး ပြီး အင်္ကျီကော်လံ တစ်ဝိုက် စိုရွှဲ နေ တဲ့ အာပုပ်ရည် တွေ ကြောင့် လားမသိ ၊ ယင်မည်းမည်း တချို့ လည်း ခြင်ထောင် ပေါ် မှာ လာ နား နေ ကြတယ် ။ အိပ်ရာပူ လောင် ထားတဲ့ အနာ တွေ က ထွက် နေတဲ့ အနံ့ ကြောင့် ယင်ကောင် တွေ လာ တာ လည်း ဖြစ်နိုင်တယ် ။

အိမ်သား တွေ က တော့ အိပ် ပျော် တဲ့ လူ က အိပ် နေကြ တုန်းပဲ ။ သူ က တစ်ယောက် ယောက် အမြန် လာစေချင် နေပြီ ။ နိုး နေတဲ့ တူ တစ်ယောက် က တစ်ဖက် စောင်း ပြီး ဇိမ် နဲ့ ပြန် နှပ် နေ လိမ့်မယ် ။

သူ က တော့ ချမ်းစ ပြု လာပြီ ။ တစ်ယောက် ယောက် အမြန် လာစေချင် လှပြီ ။ သူ့ မိန်းမ က မျက်နှာ သစ်ပြီး တာ နဲ့ ကိုယ်လက် သုတ်သင် ရအောင် ရေအိမ် ဝင် ရင်း အငှားဆိုင် က ငှား ထားတဲ့ မဂ္ဂဇင်း တစ်အုပ် ကို ဖတ် နေတယ် ။ ကြွေကမုတ် ပေါ် မှာ ဇိမ်ကျကျ ထိုင် ဖတ် ရင်း တွင်းရိုး မျိုးဆက် ထဲ က သူဌေးသမီးလေး ဖြစ် ရှာတယ် ။

သူ က တော့ တစ်ဖက် ကို စောင်းချ လိုက်ချင် နေပြီ ။ အကြော တွေ တောင့်တင်း ပြီး တစ်ကိုယ်လုံး နာကျင် လှပြီ ။ တစ်ယောက် ယောက် အမြန် လာစေ ချင်ပြီ ။

တူမ လုပ် သူ ကတော့ မီးဖို ထဲ မှာ တစ်အိမ်လုံး အတွက် မနက်စာ စား ရအောင် စီစဉ် နေ တုန်း ။

သူ က တစ်ယောက် ယောက် လာစေ ချင် လှပြီ ။ သူ့ ရဲ့အိပ်ရာပူ အနာ တွေ လည်း တစစ် စစ် နဲ့ ကိုက် နေပြီ ။ ချမ်း လည်း ချမ်းလှပြီ ။ အိပ်ရာ ခေါင်းရင်း မှာ ရှိတဲ့ လူခေါ် ခေါင်းလောင်း လေးကို နှိပ် ဖို့ သူ့ ခန္ဓာကိုယ် ကို တစ်ဖက် စောင်း ဖို့ ကြိုးစား နေတာ ကြာလှပြီ ။ တစ်ယောက် ယောက် တော့ အမြန် လာစေ ချင်တယ် ။

ဗြုန်း ဆို လှေကားထစ် ဆီ က ခပ်ဖွဖွ ခြေသံ တစ်ချက် ကြား လိုက်ရတယ် ။ ဘယ်သူ ဖြစ်မလဲ ၊ လာတော့ လာ နေပြီ ။ ဘယ်သူ့ ခြေသံလဲ ။

ဒီ ခြေသံ ကို သူ တစ်ခါ မှ မကြားဖူးဘူး ။

သူ့ အနာ တွေ ထဲ မှာ မေးခိုင်ပိုးများ ဝင်ရော့ သလား ။ ဒီ ပိုးမျိုး ဝင် ရင် အနာ တွေ က ဒီလိုပဲ နာ သလား ။

ခြေသံ တစ်ချက် ထပ် ကြား ရတယ် ။ ဒီ ခြေသံမျိုး သူ တစ်ခါ မှ မကြားဖူးဘူး ။

သူ့ အနာ တွေ က နာ ပြီး တစ်ကိုယ်လုံး ချမ်းစ ၊ တောင့်တင်းစ ပြု လာပြီ ။

ခြေသံ နောက် တစ်ချက် ထပ်ကြားရတယ် ...  ။

ဘယ်သူ့ ခြေသံ ပါ လိမ့် .. ။

◾ညီပုလေး

📖 မဟေသီ မဂ္ဂဇင်း
      အမှတ် ၆၆
      ၁၉၉၀ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment