❝ ဘာကြောင့် ချစ်မှန်းမသိ အချစ် ❞
◾နိဒါန်း
ဝတ္ထု မစမီ ဤ “ နိဒါန်း ” မည်သော စာလုံး ကို ပထမဦးဆုံး ရေး လိုက်မိ သည် ။ ဝတ္ထု နာမည် မှာ လည်း ခေါင်းစဉ် မတပ်ရသေးပါ ။ အဘယ်ကြောင့် ဆိုသော် ရေးစရာ ဇာတ်လမ်း သည် ကျွန်တော့် စိတ် ထဲ ရောက် နေပြီ ဖြစ်သော် လည်း ဆီလျော်သော ဝတ္ထု နာမည် ကို အပြတ် မစဉ်းစားရ သေးသောကြောင့် ဖြစ်ပါသည် ။ ကျွန်တော် ဝတ္ထု တွေ ရေးခဲ့ ရာ တွင် အများအားဖြင့် ဝတ္ထု နာမည် ကို ရှေးဦးစွာ စားလုံးကြီးကြီး နှင့် စ ခဲ့ လေ့ ရှိသော်လည်း တစ်ခါတစ်ရံ ၌ မူ အချို့ ဝတ္ထု များ ကို ယခုလို ပဲ အမည် မတပ်ရသေးပဲ ရေး ခဲ့ပြီး တစ်စိတ်တစ်ဝက် ရောက် မှ သော် လည်းကောင်း ၊ ပြီးဆုံး မှ သော် လည်းကောင်း နာမည် ကို အပြတ် စဉ်းစား ဆုံးဖြတ် ၍ ရတတ်ပါသည် ။
ဝတ္ထု တစ်ပုဒ် ကို နာမည် တပ် ရာ ၌ အရေးကြီးသော အချက် တစ်ရပ် ဖြစ်ပါသည် ။ မိမိ ဝတ္ထု ကို အလှည့် Twist နှင့် ရေး လျှင် ထို လျှို့ဝှက်ချက်ကလေး ကို မပေါ်ရန် လည်း အရေးကြီး လှသည် ။ ဝတ္ထု နာမည် က စာဖတ်သူ အား ဆွဲဆောင်မှု ရှိရန် လည်း လိုအပ်ပါသည် ။ ယဉ်ကျေးသိမ်မွေ့သော သို့မဟုတ် ဆန်းပြားသော ၊ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော သို့မဟုတ် ရင်မောဖွယ်သော ၊ လွမ်းဆွေးဖွယ်သော စသည် စသည် ဖြင့် မိမိ ဝတ္ထု ၏ ရသ နှင့် ဆီလျော် ကိုက်ညီအောင် အမည် ပေး ရပါသည် ။
ယခု ဤ နိဒါန်း ကို ရေး နေသည့် အကြောင်း တစ်ရပ် က လည်း ရှိပါသည် ။ လွန်ခဲ့သော ဇူလိုင်လ က ဤ သွေးသောက် မဂ္ဂဇင်း တွင် ပါခဲ့သော ‘ ငါးမွှေတိုး ’ စာမူ ကို သွေးသောက်တိုက် သို့ သွားရောက် ပေးစဉ်က ယခု သုံးလေးနှစ် အတွင်း ဘယ် မဂ္ဂဇင်း မှာ ပဲ ဖြစ်ဖြစ် ကျွန်တော် ဝတ္ထု အဆုံးသတ် တွင် ပါလေ့ ရှိသော ( သော်တာဆွေ စာပေသင်တန်း ) ကြော်ငြာ နှင့် ပတ်သက်၍ ကိုပြည့်စုံ က ကျွန်တော့် ကို မေး ပါသည် ။
“ ကိုဆွေ့ သင်တန်းကြော်ငြာ မှာ တံဆိပ်ခေါင်းပြား ၃ဝ ဖိုး ထည့်၍ ညွန်ကြားလွှာ တောင်းယူပါ ဆိုတာက အလကား မပေးနိုင်လို့လား ”
“ အိမ် လာ တောင်း ရင် ညွှန်ကြားလွှာ ကို အလကား ပေးနိုင်ပါသဗျ ၊ ဒါပေမယ့် အလကား ပို့ လို့မှ မဖြစ်တာဘဲ ဗျာ ၊ တံဆိပ်ခေါင်းဖိုး နဲ့ စာအိတ်ဖိုး က ရှိသေးတယ် မဟုတ်လားဗျ ”
“ အော့ - ဟုတ်သားပဲ ၊ ကဲ - ကိုဆွေ့ ညွှန်ကြားလွှာ က ဘယ်လိုလဲ ”
“ တိုတိုလေးပါဗျာ ၊ ( သင်တန်း ယူလိုသူ သည် စာပေရေးသား လေ့ကျင့် ရမည် ။ ဇွဲသတ္တိ ရှိရမည် ။ ဤသို့ ဇွဲသတ္တိ နှင့် ကြိုးစားနိုင်မည် ဆိုပါက ပထမငွေ ၁ဝိ ပို့၍ သင်တန်းသား စာရင်း သွင်းပါ ၊ သင်တန်းသား ဖြစ်သွားသော အခါ ရှေးဦးစွာ ကိုယ် တတ်စွမ်းသရွေ့ ဝတ္ထုတို တစ်ပုဒ် ( သို့မဟုတ် ) သင် ရေးလို သော စာမူ တပုဒ် ရေးပို့ပါ ၊ ၄င်း ကို ကြည့် ၍ တပည့် ၏ အခြေခံ အရည်အချင်း ကို အကဲခတ် ပြီးမှ တပည့် နှင့် သင့်လျော်အောင် ဝေဖန် ညွှန်ကြားသွားရမည် ) ဒါပါပဲ ”
“ အင်း .. မဆိုးပါဘူး ၊ ဒီတော့ ညွှန်ကြားလွှာတွေ တောင်းကြရဲ့လား ”
“ တောင်းကြပါသဗျာ ၊ တစ်လ တစ်လ မှာ လေးငါးခြောက်ဆယ် လောက် ပို့ရပါသဗျ ”
“ ဒါဖြင့် ကိုဆွေ့ ဟာ တော်တော် ဟန်တာပဲ ”
“ ဘာလဲ ညွန်ကြားလွှာ တောင်းတိုင်း ငွေ ၁ဝိ ပို့ပြီး သင်တန်း စာရင်း သွင်းတယ် အောက်မေ့လို့လား ”
“ တဝက်လောက် တော့ လာမှာပေါ့ ”
“ အယ် ... တဝက် လောက် မပြောနဲ့ ၊ လေးပုံ တစ်ပုံ တောင် မလာကြဘူးဗျ ”
“ ဟင် ... ဘာလို့ပါလိမ့် ”
“ ဘာလို့ပါလိမ့် ဆိုတာ ကျွန်တော် စဉ်းစား ကြည့် တော့ ညွှန်ကြားလွှာ တောင်းသူ တွေ များတာ ကို ထောက်ခြင်း အားဖြင့် စာပေ ဝါသနာ ပါတယ် ၊ စာရေးဆရာ ဖြစ်ချင်တယ် ဆိုတဲ့ လူတွေ များပါလျက် ကယ် နဲ့ သူတို့ မှာ ( ၁ ) ငွေ တစ်ဆယ် ပို့ဖို့ ခဲယဉ်းလိမ့်မယ် ၊ ( ၂ ) ဝတ္ထုတို ( သို့မဟုတ် ) စာမူ တစ်ပုဒ် ပို့ ဖို့ ရေးနိုင်စွမ်းအား မရှိဘူး ထင်တယ် ။ ဘာလို့လဲ ဆိုတော့ တချို့ဟာ ငွေ ၁ဝိ ပို့ ၊ သင်တန်းသား စာရင်း သွင်းပြီးတော့ စာမူ တစ်ပုဒ် မှ မပို့နိုင်ကြဘူးဗျ ၊ ဆရာ ... ကျွန်တော် ကျွန်မ ဘယ်လို ကဘယ်လို စပြီး ရေးရမှန်း မသိဘူး ။ ဆရာ သင်ကြား ပေးစမ်းပါ ဆိုတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူးဗျ ၊ စာ များများ ဖတ် ၊ များများ အရေးကျင့် ပဲ ညွန်ကြား နိုင်တယ် ။ ဒါကလည်း တစ်နည်းအားဖြင့် ဘိုင်စကယ် စီး သင် သလို ၊ ရေကူး သင် သလိုပဲဗျ ၊ နည်းတွေ ညွှန်ကြားချက် ခံယူရုံ နဲ့ မပြီးဘူး ။ ကိုယ်တိုင် ဘိုင်စကယ် တက် စီး ၊ ရေ ထဲ ဆင်း ကူးတတ်မှပဲ ၊ အဲ - စာရေး လေ့ကျင့်ရာ မှာ တော်ရုံတန်ရုံ ဇွဲ နဲ့ တော့ မရဘူးဗျ ၊ ခင်ဗျား လည်း ကြိုးစား လာရတဲ့ လူ ပဲ ၊ စာရေးဆရာ ဖြစ်ပြီ ဆိုပြန် တော့ လည်း ဒီလို ဖြစ်ပြီးတာလေး ကို အဆက်မပြတ် ဖြစ် နေအောင် တစ်ပုဒ်ပြီး တစ်ပုဒ် မပြတ် ရေး နေရတာပဲ မဟုတ်လား ၊ ဘီအေ - အမ်အေ ဆိုတာတွေ လို တစ်ခါ အောင် လိုက်ရုံနဲ့ တစ်သက်လုံး တွက် ပြီး သွားတာ မှ မဟုတ်ဘဲ ။ နို့ပြီး ဘာသာပြန် မယ် မှီးရေး မယ် ဆိုရင် အိမ် ထိုင်ပြီး နိုင်ငံခြားစာပေတွေ ဖတ် နေရုံနဲ့ ပြီးသဗျ ။ ပင်ကိုယ်ဉာဏ် ၊ ပင်ကိုယ်ဝတ္ထု ရေးမယ် ဆိုတော့ ဒီလို သူများ နှာခေါင်းပေါက် နဲ့ အသက် ရှူ လို့ မရဘူး ၊ ကိုယ်တိုင် တွေ့ကြုံမှု ၊ ခံစားမှုတွေ ရအောင် ပြုရပြန် သဗျ ”
“ အဲသည်တော့ ကိုဆွေ့ သင်တန်းသားတွေ ကို ဘယ်လို ကိုယ်တွေ့ ကြုံ တော့ ဘယ်လို ခံစားမှုနဲ့ ဝတ္ထု ရေးတယ် ဆိုတာတွေ ကို ပြောပြပါလား ”
“ တချို့ဝတ္ထုတွေ မှာ ပြောပြနိုင်တာတွေ ရှိပါတယ်ဗျာ ။ ဒါပေမယ့် ကျောင်းသင်ခန်းထဲ မှာ လို ဆရာ နဲ့ တပည့်တွေ တစ်စု တစ်ပြုံ ထဲ ရှိနေကြတာ မှ မဟုတ်ဘဲ ။ ဘယ်နှယ့် လုပ် ပြောမလဲ ”
“ ပုံနှိပ် ပြီးတော့ စက္ကူဘိုး ပုံနှိပ်ခ လဲ ရအောင် ဗွီ - ပီ - ပီ နဲ့ ပို့ပေါ့ဗျာ ”
“ အောင်မယ်လေး .... မလွယ်တဲ့ ကိစ္စကြီးဗျာ ၊ စက္ကူ က ဘယ် က ရဦးမှာလဲ ။ နို့ပြီး ကိုယ့် တပည့် တွေ က လည်း ငွေ နဲ့ ရွေးနိုင်ဦးမှ ။ ကျွန်တော့် မှာ ဟိုတုန်းက “ အဟိ ” လို ကိုယ်ပိုင် မဂ္ဂဇင်း ရှိနေရင် လည်း အကောင်းသားဗျ ”
ယင်းသို့ဖြင့် ကိုပြည့်စုံ နှင့် ကျွန်တော် စကားပြတ် သွား ကြသည် ။ သူ သည် ကျွန်တော့် သင်တန်း ကို တော်တော် စိတ်ဝင်စား၍ အကူအညီ ပေးချင် ပါပေသည် ။ ကျွန်တော့် သင်တန်းကြော်ငြာ ကို ဘလောက် လုပ်ပေးထားပါ ။ သွေးသောက် မှာ ကျွန်တော့် ဝတ္ထု မပါသော် လည်း ကြော်ငြာ ကို မပြတ် ထည့်ပေး ပါမည် ဟု ပြောသည် ။ ကျေးဇူး တင်လှပါ၏ ။
ယင်းသို့ကြောင့် ယခု ဤ ဝတ္ထု ရေးမည် ပြုသော အခါ ကိုပြည့်စုံ ၏ စကား ကို သတိရ လာသည် ။ “ ဘယ်လို ကိုယ်တွေ့ ကြုံတော့ ဘယ်လို ခံစားမှု နဲ့ ဝတ္ထု ရေးတယ်ဆိုတာ ” ပြောပြပါလား ။
ဟုတ်ပြီ ၊ သည် ဝတ္ထု မှာ ပြောပြစရာ အကြောင်း က ရှိ နေသည် ။ ထို့ကြောင့် ဤ နိဒါန်း ကို ရေးခြင်း ဖြစ်ပါ၏ ။
◾ကျွန်တော့် ခေါင်း ထဲ ဤ ဝတ္ထု ရောက်လာပုံ
ဇူလိုင်လ က ဤ သွေးသောက် မဂ္ဂဇင်း ၌ ပါခဲ့သည့် “ ငါးမွှေတိုး ” နှင့် ဆက်နွယ် နေ ပေသည် ။ “ ငါးမွှေတိုး ” သည် စင်စစ် ဝတ္ထု သက်သက် မဟုတ်ပေ ။ ဆောင်းပါး နှင့် ဝတ္ထု ပုံသဏ္ဌာန် တွဲ ရေးထားခြင်း ဖြစ်၍ “ ဆောင်းပါး ဝတ္ထု ” ဟု ခေါ်ရမည် ။ အင်္ဂလိပ် လို တော့ Sketch စကက်ချ် ဟု ဆိုပေလိမ့်မည် ။
ငါးမွှေတိုး ဇာတ်လမ်း တစ်နေရာ ၌ ကျွန်တော် ဖော်ပြခဲ့သည် ။ ကုက္ကိုဝရွာ တွင် ယခု ည ကျွန်တော် တို့ အိပ်ရသည် မှာ မြို့ပေါ် က အိမ်ကြီး အိမ်ကောင်းများ ထက်ပင် ကျွန်တော် နှစ်သက်လှပါသည် ။ အမိုး နှင့် အခင်း သာ ရှိပြီး အကာ မကာရ သေးသော တဲတန်းလျားရှည် တစ်ခု ၊ သံဃာစင် နှင့် ပင် တူသေးတော့ မြစ်ကမ်းဘေး တွင် လေ တဖြူးဖြူး နှင့် ခြင် က မရှိ မို့ ခြင်ထောင် မလို ။ ထို အပေါ်ဝယ် လူ ဆယ့်လေးငါးယောက်မျှ တန်းစီ အိပ်ကြရာ အိပ် မပျော်မီတွင် လူတို့ ၏ ဓလေ့ အတိုင်း စကားစမြည် ပြောဆို နေကြသည် ။ ဤ လူအုပ် တွင် ကျွန်တော် တို့ လူစု ချည်း မဟုတ် ။ အခြား ရွာများ မှ ကျွန်တော် တို့ ကဲ့သို့ ကြက်တိုက် လာခဲ့ သူများ လည်း ပါလေရာ ကျွန်တော့် အနီး မှ လူ နှစ်ယောက် သည် သူတို့ ရွာ က ကြက်ဝိုင်း အကြောင်း မှ စပြီး နွား တစ်ကောင် နှင့် ခွေး တစ်ကောင် အကြောင်း ကို ပြောပြ နေပါသည် ။
“ မောင်မြကြီး ကြက်နီလေး ရှုံး တုန်း က သူ့ ဝမ်းစာ စပါးဖိုးလေး ပါ ပြုတ် သွားတာလားကွ ။ ဒီတော့ သူ့ ရှိတဲ့ နွားလေး တစ်ကောင် ဖဲ့ ရောင်း လိုက်ရရော ”
“ ဟို နွားပြာညိုလေး လား ”
“ အေးပေါ့ကွ ၊ မနှစ်က ဟို တစ်ကောင် ပိုး ထိပြီး ကတည်းက ဒီ နွားပြာညိုလေး ဘဲ ကျန်တော့တာ ။ သူ့ ကြက်နီလေး နိုင် ရင်ဖြင့် နောက် တစ်ကောင် ဖြည့် ဝယ်မယ် ဆိုပြီး အော လိုက်တာကွာ ။ လွှတ် ကတည်း က နိုင်ခြေ ရောက် နေပြီး ဟို ကြက် က နောက်ဆုံး တစ်ချက်တည်း ခွပ် လိုက်တာ ၊ ဟာ ... မောင်မြကြီး လူ့ ကို အရုပ်ကြိုးပြတ် ဖြစ် သွားတာပဲ ”
“ မြကြီး တော့ သနားစရာပဲ ”
“ ဟာ .. သူ့ ထက် သနားစရာ ကောင်းတာ က သူ့ အိမ် က ခွေး မျောက်ညို ကွ ”
“ ဘယ်လိုကြောင့် လဲ ”
“ မင်း တွေ့ဖူးလား ၊ နွား နဲ့ ခွေး တိရစ္ဆာန်ချင်း တစ်ကောင် နဲ့ တစ်ကောင် အလွန် ချစ်ကြတာကို ”
“ ဟေ့အေး .. ငါ ကြားတော့ ကြားဖူးတယ် ”
“ အာ ... ခု မြကြီး ရဲ့ ခွေး နဲ့ နွား က တော့ စံပါပဲကွာ ။ တကယ်တော့ နွား က ချစ်တာ ထက် ခွေး က ချစ်တာ ကွ ။ ခွေး က နွား နဲ့ မခွဲမခွာ နေတာကွ ။ ည အိပ်တော့ လည်း တင်းကုပ် ထဲ မှာ နွား နဲ့ အတူ ၊ မိုးတွင်း လယ် လုပ်တော့ လည်း ခွေး က ကန်သင်း ပေါ် က ထိုင် ကြည့် နေတယ် ။ နွေရာသီ မှာ နွားလှည်း တပ်ပြီ ဆို လည်း လှည်း နဲ့ တကောက်ကောက် လျှောက် လိုက်တာပဲ ။ နွား စားကျက် ထဲ လွှတ် ထားတဲ့ အခါမှာ ဆိုရင်တော့ မပြောနဲ့တော့ ၊ သည့် ပြင် နွား နဲ့ ဝှေ့ ရင် သူ က တစ်ဖက် နွား ဒူးကောက် ဝင် ခဲ တာပဲ ။ ဟိုဘက် နွား က ပိတ် ကန်လိုက် လို့ သူ နှစ်လှိမ့် သုံးလှိမ့် လိမ့် ထွက် သွားတာ တောင် နာ ရမှန်း မသိဘူးကွ ။ တခါ ပြန် လာပြီး ကူ ပြန်တာပဲ ။ အံ့ရော ။ ဒီ ခွေး နဲ့ နွား ကတော့ ဘယ်လို ဘဝ ပါရမီ အထုံရေစက် ပါကြတယ် မသိဘူး ။ အဲဒါနဲ့ အခု မောင်မြကြီး က သူ့ နွား ကို ရောင်း ပစ် လိုက်ရတော့ ဒီ ခွေး ဒုက္ခ ရောက်ရတော့ တာပဲ ”
“ ဘယ်လိုကြောင့် ရောက်ရတာလဲကွ ။ ဒီ နွား နဲ့ ခွဲ မနေနိုင်ရင် ဝယ် သွားတဲ့ လူ အိမ် ကို နွား နဲ့ အတူ လိုက်နေရုံပေါ့ ”
“ အဲလို လိုက် နေလို့ မဖြစ်လို့ပေါ့ ကွ ”
“ ဘာကြောင့်လဲ ၊ မောင်မြကြီး က သူ့ ခွေး ကြိုး နဲ့ ချည်ထားလို့လား ၊ ဒါမှမဟုတ် ဒီ နွား ဝယ်သွားတဲ့ လူ က ဒီ ခွေး သူ့ အိမ် လာတာ လက်မခံ လို့လား ”
“ မင်း ပြောတာတွေ တစ်ခု မှ မဟုတ်ဘူး ။ လူ့ ပယောဂ ဘာမှ မပါဘူး ။ အဲဒီ နွား ဝယ် သွားတဲ့ လူ အိမ် က ခွေးကြီး နှစ်ကောင် က သူ့ ကို ကိုက်ကိုက် လွှတ် လို့ကွ ။ သူ့ ထက် လည်း အား ကြီးတယ်ကွ ၊ နှစ်ကောင် လည်း ဖြစ်နေ တယ် ကွ ။ သူ အကိုက် ခံရလို့ အော်သံ ကြားရပြီ ဆိုလေ တင်းကုပ် ထဲ က သူ့ ချစ်ဆွေ နွား ကလည်း တဗိဗိ နဲ့ အော်သံ ပေးတယ်ကွ ။ အို ဒီ ခွေး နဲ့ နွား အဖြစ် က တော့ သနားစရာပါ ကွာ ”
ထို့နောက် ၌ သူတို့ နှစ်ယောက် စကားသံ က ပြတ် သွားလေသည် ။ သို့သော် ကျွန်တော့် စိတ် ထဲ မှာကား သူတို့ ပြောခဲ့သော ခွေး နှင့် နွား အကြောင်း က တနုံ့နုံ့ ခံစား နေရ ပါတော့သည် ။ သတ္တဝါ တို့ ၏ ချစ်ခြင်းမေတ္တာ ကြောင့် သူတို့ ၌ ဖြစ်ပေါ်ရသော ဒုက္ခ ကို ကျွန်တော် သည် တွေး၍ တွေး၍ သနား နေ တော့၏ ။ ကျွန်တော် ကိုယ်တိုင် ပင် သည်လို နွား နှင့် ခွေး ချစ်ကြပုံ ကို ငယ်စဉ်တောင်ကျေး ကလေး ဘဝ က တွေ့ကြုံ ခဲ့ရဖူးပါသည် ။ ကျွန်တော် အမှတ်သညာ စတင် ထားတတ်သည့် အရွယ် မှာ ကျွန်တော် တို့ အိမ် တွင် စံပယ် ၊ လှဝါ မည် သော နွားကြီး တရှဉ်း နှင့် “ ဗိုလ်ဝ ” ဟူသော ခွေး တစ်ကောင် ရှိခဲ့၏ ။ ဗိုလ်ဝ သည် အခုန ဟို လူ ပြောသကဲ့ သို့ ပင် အိမ် က နွားတွေ ကို အလွန် ချစ်၏ ။ ထို့ကြောင့် ကျွန်တော့် စိတ်အာရုံ ထဲ မှာ စံပယ် ၊ လှဝါ ၊ ဗိုလ်ဝ တို့ နှင့် အခုန ဟိုလူ ပြောခဲ့ သော နွား နှင့် ခွေး တို့သည် ရောထွေး ၍ ပေါ်လာ၏ ။ အတွေးမျှင် တို့ သည် အစဉ် မပြတ်တော့ပြီ ။
မီးခွက် မှိတ်၍ လူခြေ တိတ် ခဲ့ပြီ ၊ အချို့ လူများ အိပ်၍ ဟောက်သံ ပင် ကြားရပြီ ။ ကျွန်တော် ကား အိပ် မပျော်နိုင် တော့ပြီ ။
အခုန ဟိုလူ ပြောခဲ့သော ခွေး နှင့် နွား ကို သနားသည့် စိတ် က ကျွန်တော့် အား ချုပ်ကိုင် ထားတော့သည် ။ ဒီတော့ ကျွန်တော် ရုန်းထွက် ရပြီ ။ ဘယ်လို ရုန်းထွက်ပါ သနည်း ။ ကျွန်တော် ကား စာရေးဆရာ ဝတ္ထုရေး သမား ။ ဒီ နွား နှင့် ခွေး အတွက် သက်သာရာ ထွက်ပေါက် ကို စဉ်းစား ရသည် ။ ဦးတည်ချက် မှာ သူတို့ နှစ်ကောင် ချစ်ကြည်စွာ ပြန်လည် ပူးပေါင်း၍ အတူတကွ နေနိုင်ရေး ။
အေး ... စဉ်းစားစမ်း - စဉ်းစားစမ်း ၊ ဝတ္ထု ဇာတ်လမ်း တစ်ခု ၊ အကူ ဇာတ်ကောင် ရှာ ကွယ် ။
ထိုစဉ် အတွင်း မှာ ညနေခင်း က ထမီစိုစို ရင်လျား နှင့် ရေအိုး ရွက်၍ မြစ်ဆိပ် မှ တက်လာသော မိန်းမပျို အသားညိုချော သည် ကျွန်တော့် မျက်စိ ထဲ ရောက်လာ၏ ။
အေး ... ဟုတ်ပြီ ။
နောက်ထပ် ကောင်လေး တစ်ကောင် ဖန်တီးလိုက် ။
ဟာ .... ဝတ္ထု တစ်ပုဒ် ဖြစ် သွားပြီ ။ ဟို ခွေး နဲ့ နွား လည်း ပြန် ပေါင်းမိ သွားပြီ ။ သည်တော့ မှ ကျွန်တော် စိတ် သက်သာရာ ရ ကာ စိတ်ကြည်စွာ နှင့် မကြာမီ ပင် အိပ်ပျော် သွား လေတော့၏ ။
စာဖတ်သူများ ခင်ဗျား ၊ အောက်ပါ ဝတ္ထု သည် ဖော်ပြခဲ့သော တွေ့ကြုံ ခံစားမှု ဖြင့် ကျွန်တော် ဖန်တီး ရေးသား လိုက်ခြင်း ဖြစ်ပါ၏ ။
••••• ••••• •••••
❝ ဘာကြောင့် ချစ်မှန်း မသိသော အချစ် ❞
( ၁ )
ကျေးတောရွာ ဒေသ တို့ တွင် ညနေခင်း နေဝင်ရီတရော ကို “ နွားရိုင်း သွင်းချိန် ” ဟု ခေါ်ကြသည် ။ ဘယ်က နွားရိုင်းတွေ တုန်း ၊ အိမ် မှာ မွေးထားပြီး လယ် လုပ်ကြတဲ့ ခိုင်းနွားတွေ ပဲ မဟုတ်လား ။ မှန်ပါသည် ။ ဒါပေမယ့် ဒီ နွားတွေ ဟာ ဒီ အချိန် မှာ အိမ်တွေ က လွှတ် လိုက်တုန်းက နှင့် မတူဘူး ။ စားကျက် ထဲ မှာ တစ်နေ့ခင်းလုံး လွတ်လပ်စွာ နေရပြီး အစာရေစာ ဝဖြိုး လာတော့ အပြန် မှာ မြူးတူး ပျော်ပါး လာကြတယ် ။ လေးငါးခြောက်ဆယ် လောက် ရှိ တဲ့ နွားအုပ်ကြီး ဟာ ရွာပေါက် ရောက် တော့ အဝင်ဝ က ကျဉ်း သွားသည် မို့ တစ်ကောင် နဲ့ တစ်ကောင် တိုးကြ လျှိုးကြတယ် ။ နိုင်ကောင် က ကြောက်ကောင် ကို တစ်ဆင့် တစ်ဆင့် ဝှေ့ကြ ခတ်ကြ တယ် ။ ဒီတော့ ကြောက်ကောင် က အပြေး ၊ နိုင်ကောင် က အလိုက် ။ ရွာရိုး တလျှောက် မှာ ဖုံ တထောင်း ထောင်း နှင့် ကဆုန်ပေါက်ကြ လေတော့ နွားရိုင်းတွေ ဖြစ်ကုန်ကြလေ သမို့ ... ။
“ ဟေ့ .... နွားတွေ သွင်းလာပဟေ့ ၊ ကလေးတွေ အိမ် ထဲ ဝင်နေ ” အော်ဟစ်ပြီး သကာလ ရွာရိုး လမ်းလျှောက် လာတဲ့ သူတွေ လည်း ခြံစည်း ဘေး ကပ်တဲ့ ပြီး ကိုယ့် ကို နွား ဝင် မတိုးအောင် တုတ်တိုတုတ်စ နှင့် သို့မဟုတ် လက် နှင့် ရိုက်ဟန် ပြပြီး ခြောက်လှန့် ကြရတယ် ။
သည် အထဲ မှာ မိတ်ထ တဲ့ နွား မရှိ လို့ မြိုင်ကျ လာပြီ ဆိုရင်တော့ နွားမ ရဲ့ အိမ် မရောက် မချင်း တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ် ကုန်ကြတာပဲ ။ ဒါမျိုးမှာ နွားပျို နွားပေါက်ကလေး တွေ သာ မဟုတ်ဘူး နွားအိုကြီးများ က ပါ မစားရ ညှော်ခံ ရောယောင် လိုက်တတ်ကြ သမို့ ကိုယ့် နွား ကိုယ့် အိမ် ထဲ ဝင်အောင် အိမ်ပေါက်ဝ က နေပြီး ဆီး ၍ မောင်းသွင်း နေကြရတယ် ။
မောင်ခင်ကြီး တို့ အိမ် က နွားပြာမ မြိုင် ကျလာတဲ့ နေ့ ကပေါ့ ၊ ကိုမြချော အိမ် က နွား တစ်ကောင် ပြန် ရောက် မလာဘူး ၊ ဒါနှင့် ကိုမြချော ဟာ မောင်ခင်ကြီး တို့ အိမ် လိုက် လာပြီး သူ့ နွား ကို ရှာတယ် ၊ မတွေ့ဘူး ၊ နွားမ နောက် လိုက်လာ ပြီး မောင်ခင်ကြီး တို့ အိမ် အောက် က နွားခြံ ထဲ မှာ တရုန်းရုန်း လုပ် နေကြတဲ့ နွားပေါက်ကလေးတွေ ကို သာ သူ့ သခင် အသီးသီး က ဆွဲလွဲ ရိုက်နှက် မောင်းနှင် သွားကြတယ် ၊ ကိုမြချော က တော့ မျက်ကလဲဆံပြာ နှင့် အိမ် ပြန်လာခဲ့ပြီး သူ့ ဇနီး အား ...
“ ဟေ့ ... ဖွားတင် ရေ ၊ စာဥ အိမ် ပြန်မရောက်ဘူးကွ ၊ ညိုကြီး တစ်ကောင်တည်း လာတယ် ”
ထိုအခါ သူတို့ သမီးပျို ၊ ချောတင် က ...
“ အဖေ ရေ ... မျောက်ညို လည်း ပြန် မလာဖူးတော့ ”
“ ဟုတ်လား ဒီ ခွေး ခေါ်ကြည့် စမ်းပါဦး ၊ ဟေး ... မျောက်ညို မျောက်ညို အို အို.... ”
ခွေး ၏ အရိပ်အယောင် ကို မျှ မမြင်ရပေ ၊ သည် ခွေး နှင့် နွား တစ်ကောင် ပြန် မလာခြင်းသည် ဧကန္တ တော့ ဧကန္တ ပဲ ဟေ့ ၊ ဘာ ဧကန္တ မှန်းသာ မသိသေးတယ် ... ဟု သားအမိ သားအဖ သုံးယောက် စလုံး စိတ် ထဲ တွင် ပူထူ သွားကြပေပြီ ။
သူတို့ အိမ် တွင် စာဥ ၊ ညိုကြီး မည်သော နွား တစ်ရှဉ်း နှင့် မျောက်ညို ခေါ်သော ခွေး တစ်ကောင် ရှိသည် ။ မျောက်ညို သည် နွား နှစ်ကောင် ကို အင်မတန် ချစ်ခင်သည် ။ ည အိပ်လျှင် နွားများ နှင့် အတူ တင်းကုပ် ထဲ မှာ အိပ်သည် ။ မိုးတွင်းကာလ လယ် ထွန်လျှင် သူ သည် လယ် ထဲ လိုက်သွားပြီး ကန်သင်း ပေါ် က ထိုင် ကြည့်နေသည် ။ ထွန် ဖြုတ် မှ နွားများ နှင့် အတူ အိမ် ပြန် လာသည် ။ နွေရာသီ အခါ နွားများ ကို လှည်းတပ် မောင်းနှင် သွားပါ လျှင် လှည်း အောက် က လိုက်သွားသည် ။ ခရီး ဝေးသည် ဖြစ်စေ ၊ နီးသည် ဖြစ်စေ ညဉ့်အိပ် ညဉ့်နေ သွားသည် ဖြစ်စေ ၊ နွားများ နှင့် မခွဲမခွာ လိုက် သွားသည် ။ သည်လို နွားများ ကို လယ်ကွင်း ထဲ လွှတ် ကျောင်းသော အခါများ မှာ လည်း မျောက်ညို သည် ညိုကြီး နှင့် စာဥ တို့ အနီး မှာ မခွာပေ ။ နွား ကျောင်း နေသော ခွေး ပေ ပေါ့ ၊ သူ့ နွားတွေ အခြား နွား နှင့် ဝှေ့လျှင် သူ့ နွား ဘက် က ကူ တတ် သည် ။ အခြား နွား ၏ ဒူးကောက်ကွေး ကို ဝင် ကိုက်၏ ။ ထို နွား က သူ့ ကန် လိုက်၍ ဒလိပ်ကောက်ကွေး ဖြစ်သွားစေ ဦးတော့ ၊ နာကျင်လျက် နှင့် တဂိန်ဂိန် အော်ပြီးတော့ လာ ပြန်၍ ကူ ပြန်သည် ။
သည်လောက် နွား ချစ် တဲ့ ခွေး ၊ အံ့ရော .... ဟု တစ်ရွာလုံး က ပြောစမှတ် ပြုကြသည် ။
ယခု ဆို လျှင် မျောက်ညို အသက် က ၅ နှစ် သား ရှိပြီ ၊ လွန်ခဲ့သော ၃ နှစ် က မျောက်ညို ကို သြဘာ ပြု ရသော အရေးအခင်း တစ်ခု ရှိခဲ့သည် ။
ထိုနေ့ က နွားကျောင်းသားများ ဇီးပင်ရိပ် ၌ ကျားထိုး နေကြစဉ် ၊ ဆယ်ပုလင်းဝင် လောက်ရှိသော ထန်းရည်ကျည်တောက်ကြီး အပြည့် နှင့် လူ နှစ်ယောက် ရောက်လာသည် ။ သူတို့ သည် ထို ဇီးပင်ရိပ် ၌ ခေတ္တ နားဟန် ၊ ထန်းရည်ကျည်တောက် ချ ပြီး နွားကျောင်းသား တွေ ကျားထိုး နေတာ ကြည့် နေ ရာမှ တစ်ပွဲ ပြီး လတ်သော် တစ်ယောက်သော သူ က “ မင်းတို့ ကျား ထိုး တာ လောက်တော့ အပျော့ ပေါ့ ၊ မင်းတို့ ထဲ က အတော်ဆုံး လူ နဲ့ ငါ နဲ့ ထိုးမယ် ။ ငါ့ ကို နိုင်ရင် ဒီ ထန်းရည်တွေ အကုန် တိုက်မယ် ” ဟု ဆိုစကား ပြုလာ၏ ။ ဒီတော့ နွားကျောင်းသား ခေါင်းဆောင် မောင်မဲကြီး က “ လာလေ စိန်လိုက် ကျုပ်တို့ က ရှုံး ရင် တော့ ခင်ဗျားတို့ ကို ဘာမှ ကျွေးစရာ မရှိ တိုက်စရာ မရှိဘူး နော် ”
“ အေးပါကွာ ဒို့ က အပျော် သဘောပါ ၊ မင်း တို့ ရှုံး လည်း သောက် ၊ နိုင် လည်း သောက် ၊ ဒီတော့ .... အခု ကျား ကစား ရင်း ပဲ သောက်ကြတာ ပေါ့ ” ဆိုပြီး သကာလ သူတို့ တွင် ပါလာသော အုန်းမှုန်းခွက် နှင့် တစိမ့်စိမ့် နှက် ကြရင်း ကျားကစား ကြလေသည် ။
ညနေ ညို သည် အထိ တစ်နေ့ခင်းလုံး ကစားကြ လေရာ ၊ နွားကျောင်းသား ခေါင်းဆောင် မောင်မဲကြီး က အနိုင် များပါ၏ ။ သို့သော် နေဝင်ခါ နီး ၌ နွား သွင်းကြတော့ ၍ နွားအုပ် ထဲ တွင် အရွယ် အကောင်းဆုံး နှင့် အချောဆုံး ဖြစ်သော ကိုမြချော ၏ နွား တစ်ရှဉ်း စာဥ နှင့် ညိုကြီး တို့ မရှိကြတော့ပေ ။
စင်စစ်တော့ နွားခိုး တို့ သည် လူသား အချင်းချင်း ဖြစ်သော နွားကျောင်းသားများ ကို သာ လှည့်စား ၍ ရသည် ။ ခွေး မျောက်ညို ၏အ ကြောင်း ကို တော့ သူတို့ မသိကြပေပဲကိုး ။
နွားများ နှင့် အတူ ပြန် မလာခဲ့သော မျောက်ညို သည် ထို နေ့ မိုးချုပ် တော့ မှ အိမ်ပြန် ရောက် လာပြီး ပါးစပ် က တအိုင့်အိုင့် မြည်လျက် ကိုမြချော ၏ ပုဆိုးစ ကို ပါးစပ်နှင့် ခဲ၍ ဆွဲခေါ်သည် ။ သည်တော့ မှ နွား ပျောက်၍ ဒေါင်း တောက်အောင် ရှာနေသော ကိုမြချော က ရိပ်စားမိ ၍ လူ အချို့ ကို အဖော် ခေါ်ကာ မျောက်ညို နောက် သို့ လိုက် သွားကြလေသည် ။
စင်စစ် မျောက်ညို သည် သူ့ ချစ်ဆွေ နွားများ ကို နွားခိုးများ က မ သွား သောအခါ သူ က နောက်ယောင်ခံ ၍ လိုက် သွားခဲ့၏ ။ လုံခြုံသော နေရာ အရောက် ၌ နွားများ ကို မရုန်းမအော် နိုင်အောင် ပြုလုပ်ကြသော အခါ မျောက်ညို က ချောင်းမြောင်း ၍ ခေတ္တ ကြည့်နေပြီးနောက် “ ဒီ ည တော့ ဒီ နွားတွေ ဒီ နေရာ မှာ ဒီလို အတိုင်း ထားတော့မှာ ” ဟု သိသည့် အလား သူ သည် ရွာ သို့ သုတ်ခြေ တင် ၍ပြန် လာခဲ့ပြီး သူ့ သခင် ကို ခေါ်ခြင်း ဖြစ်ပေသည် ။
နွားခိုးများ လက်ချက် ပဲ ဟု ရိပ်စား မိ သော ကိုမြချော တို့ လူသိုက် သည် တုတ် ၊ ဓား လက်နက်များ ကို ကိုင်စွဲလျက် မျောက်ညို နောက် သို့ လိုက်သွား ကြ လေရာ တစ်တိုင် ခရီး လောက် အရောက် တွင် နွေရာသီ မှာ ရေ ခန်းခြောက် နေသည့် ကြာအင်းကြီး ၏ ချိုင့်ခွက် အနိမ့် ထဲ၌ နွားများ ကို တွေ့ရလေသည် ။ မြေကြီး တွင် ငုတ်တိုင် စိုက်ပြီး နွား ၏ နှစ်ဖားကြိုး ကို မြေကြီး နှင့် ကပ်ချည် ထား သဖြင့် နွားများ မှာ ဒူးထောက် ဝပ်နေ ရ လျက် တရှူးရှူး တအင်းအင်း နှင့် မချိမဆန့်သော ဝေဒနာ ကို ခံစား နေကြရရှာသည် ။
ထိုအချိန် ၌ နွားခိုးစောင့် သည် မနီးမဝေး ၌ ချောင်းမြောင်း ကြည့်ရှု နေပေမည် ။ သို့သော် နွားရှင် လူအုပ်စု ကို သူ ရင်မဆိုင် ရဲပေ ။
ဤသို့ ဆို လျှင် နွားများ ကို ပြန်လည် ရရှိ၍ မျောက်ညို ၏ ဂုဏ်သတင်း သည် ဝေးနီးရှစ်ရပ် သို့ ပျံ့နှံ့ သွားခဲ့ပေ သတည်း ။
( ၂ )
ဟော ... အခုလည်း တစ်ဖန် ၊ ဒီ တစ်ခါ တော့ နွား တစ်ရှဉ်း လုံး မဟုတ် ၊ စာဥကြီး တစ်ကောင် တည်း ။ နွားခိုး တို့ သည် လွန်ခဲ့သော ၃ နှစ် က အဖြစ် သတိရ မိ ၍ နွားတစ်ကောင်တည်း ဆိုသော် ကျန်သော တစ်ကောင် နှင့် ခွေးသည် သူ့ အိမ် သို့ သူ ပြန်ကောင်း ရဲ့ ဟု တွက်ဆလေ သလော ... ၊ သို့မဟုတ် တစ်ကောင် တည်း ပဲ လစ်ထွက် ရ ၍ လော ၊
သို့လော ... သို့လော တွေးလျက် ကိုမြချော သည် နွားကျောင်းသား ခေါင်းဆောင် မောင်မဲကြီး အိမ် သို့ လိုက် သွားကာ ....
“ ဟေ့ မောင်မဲကြီး ၊ ဒီနေ့ မင်းတို့ နွားကျောင်း ရာ မှာ ထန်းရည်ကျည်တောက် နဲ့ ကျားထိုးမဲ့လူတွေများ လာသေးသလားကွ ”
“ မလာပါဘူးဗျ ၊ ဘာဖြစ်လို့လဲ ကိုမြချော ရ ”
“ ငါ့ နွား စာဥ ပြန် မလာဘူးကွ ”
“ ဟာ ... စာဥ ညနေခင်း က နွား သွင်းခါနီး အထိ ကျွန်တော် မြင်နေ ပါသေးတယ်ဗျ ”
“ အေး ..... အခု အိမ်ပြန် ရောက်မလာဘူး ”
“ ညိုကြီး ကော ... ”
“ သူ တစ်ကောင် တည်း ပြန် လာတယ် ”
“ နို့ ခင်ဗျား ခွေး မျောက်ညို ကော ... ”
“ မျောက်ညို လည်း ပြန် မရောက်သေးဘူး ”
သည်တော့မှ မောင်မဲကြီး လည်း မျက်လုံး ပြူး ကာ ...
“ ဒီလိုဆို တခု ခု တော့ ဖြစ်ပြီ ထင်တယ်ဗျို့ ကဲ .... မျောက်ညို ကို
စောင့်ဦးဗျာ ... ”
ခွေး ပါ ပြန် မလာရင်တော့ နွားခိုး တွေ .... အရင် က အဖြစ် သတိ ရ ပြီး ခွေး ပါ သုတ်သင်လိုက်လေ မလား ။
ဤအတွေး သည် ကိုမြချော နှင့် မောင်မဲကြီး တို့ နှစ်ယောက် စလုံး ၏ စိတ် ထဲ မှာ ဖြစ်ပေါ် မိကြ သော်လည်း ထုတ်ဖော် မပြောဝံ့ကြချင်း အတူတူ ပိုင်ရှင် ကိုမြချော ၏ ရင် ထဲ မှာ တဒိတ်ဒိတ် ခုန် နေလေသည် ။
သို့သော် တော်ပါသေး၏ ။ ထိုစဉ်တွင် ကိုမြချော သမီး ချောတင် သည် ဖအေ ဆီ သို့ အပြေး လိုက်လာ ကာ ...
“ အဖေ ရေ မျောက်ညို ပြန် လာပြီး တအင်းအင်း အော် လို့ အဖေ့ ကို မှာနေတယ် ထင် ရတယ် ”
ကိုမြချော သည် ခပ်သုတ်သုတ် အိမ် သို့ ပြန်ရောက် သွားသော အခါ ဟုတ်ပါ၏ ။ မျောက်ညို သည် ယခင်တုန်း က လို ပင် ကိုမြချော ပုဆိုး စ ကို ဆွဲခေါ် လေသည် ။
ထို့ကြောင့် ကိုမြချော သည် ယခင်တုန်း က လို ပဲ အဖော် တွေ ခေါ် ၊ နေဝင်မိုးချုပ် နေပြီ မို့ မီးခွက်မီးတုတ်များ နှင့် တုတ်ဓား ကိုင်ဆောင် ကြကာ မျောက်ညို နောက် သို့ လိုက်သွားကြ လေသည် ။
သို့သော် ဒီ တစ်ခါ တော့ ခရီး နှစ်မိုင် လောက် ဝေးသော ကြာအင်းကြီး သို့ မရောက် ၊ ရွာ နှင့် တခေါ် လောက် သာ ကွာ သော တောအုပ် ထဲ မှာ စာဥ အား တုံးလုံး လဲ ၍ သေပွဲ ဝင် နေသည် ကို တွေ့ရသည် ။ ၄င်း နွားသေ အနီးမှာ ခွေးကိုက် ရာ တွေ ဗလပွ နှင့် စိစိညက်ညက် ကျေ နေသော မြွေပွေးကြီး တစ်ကောင် ၊ ဖြစ်ပုံမှာ နွားအုပ် ကို ပြန်မောင်း ခဲ့၍ ထို တော ထဲ အရောက်တွ င် စာဥ က မြွေပွေး ကို တက် နင်းမိ၍ မြွေကိုက် ခံရပြီး တုံးလုံးလဲ သွားပေမည် ။ ဒါကို လှည်းလမ်းကြောင်း မှ လာ ကြသော နွားကျောင်းသားများ က မမြင် ၊ အခြား နွားများ က တော့ မြင်ကြပေလိမ့်မည် ။ သို့သော် နွားများ ၌ အသိဉာဏ် မရှိ ၊ စာဥ ၏ အချစ်တော် မျောက်ညို ကား လူ လောက် နီးနီး အသိဉာဏ် ရှိရကား ရန်သူ မြွေပွေး ကို ကိုက် သတ်သည် ။ အချို့ခွေး များမှာ လျှာ တွင် “ စက် ” ခေါ် အနက်ကွင်းများ ရှိ၍ မြွေဆိပ် ပြီးသည် ။ မျောက်ညို မှာ ဤသို့ “ စက် ” များ ရှိကောင်း ရှိမည် ။ သို့မဟုတ် မြွေ က သူ့ ကို မကိုက်နိုင် အောင် ဇက် ကို တစ်ချက် တည်း အပြီး ခဲလိုက်သည် လည်း ဖြစ်နိုင်သည် ။ ထိုမြွေ သေ သွားသော အခါ မြွေဆိပ် တက်၍ အကြောဆွဲ နေသော စာဥ ကို ပြန် ထ လာနိုး နှင့် ထိုင် ကြည့် နေ လိမ့်မည် ။ နွား အသက် ထွက်၍ ငြိမ်သွား သော အခါ မှ သေပြီ ဆိုသည် ကို သိ ကာ သူ့ အိမ် သို့ ပြန် လာပြီး သခင် ကို ခေါ်ခြင်း ဖြစ်ရာ၏ ။
( ၃ )
ကိုမြချော နှင့် မဖွားတင် တို့ မှာ မြေယာဝေခြမ်းရေး မှ ရ ထားသော လယ် ၅ ဧက နှင့် နွား တစ်ရှဉ်း ရှိသည် ။ လယ် ၅ ဧက သည် နွား တစ်ရှဉ်း မလုပ်လောက် ။ ၁ဝ ဧက ၁၂ ဧက မှ နွား တစ်ရှဉ်း လုပ်စာ ဖြစ် လေရာ ၊ လိုသော လယ် ကို ဝေခြမ်းရေး မှ လယ်ရပြီး နွား မရှိ သဖြင့် ကိုယ်တိုင် မလုပ် နိုင်သော လူ ထံ မှ လယ်ထောက်ခ နှင့် ယူ လုပ်ရသည် ဖြစ်လေ၏ ။ သူတို့ ၏ တစ်မိုးတွင်း လုပ်စာ သည် တစ်နှစ် အတွက် ဝမ်းရေး မဖူလုံရ ကား သည် နွား တစ်ရှဉ်း အားကိုး နှင့် နွေရာသီ မှာ ထင်းတော ၊ ဝါးတော တက်၍ ထင်းများ ဝါးများ ရောင်းရသည် ။ ယခု နွား တစ်ကောင် သေဆုံး လေရာ လက်ရုံး တစ်ဖက် ပြုတ်ခြင်း ဖြစ်ရကား သည် နှစ် နွေရာသီ မှာ ဝင်ငွေ ရဖို့ အတွက် လင်မယား နှစ်ယောက် ခေါင်းချင်း ဆိုင် ၍ တိုင်ပင်ကြ လေသည် ။
ထွက် လာသော အဖြေ မှာ ကျန်သော နွား တစ်ကောင် ကို ရောင်း ၍ စာဥ အမဲသားဖိုး နှင့် ပေါင်းပြီး အကြောင်းသင့်ရာ ကုန်ပစ္စည်းများ ကို အရောင်း အဝယ် လုပ်မည် ။ တွက်သား ကိုက် ခဲ့သော် မိုးဦး ကျ မှာ နွား တစ်ရှဉ်း ပြန် ဝယ် နိုင်မည် ။
“ ဟုတ်သလေ ၊ သည် နွား တစ်ကောင် တည်း အိမ် မှာ ထား အလကား ပေါ့ ၊ နွားဆိုတာ တစ်ကောင် တည်း အသုံးချ လို့ မှ မရတာ ၊ မြချော နဲ့ ဖွားတင် တို့ ရေ နင်တို့ အကြံ မဆိုးဘူး ဟ ”
မိတ်ဆွေသင်္ဂဟများ ကလ ည်း အားပေးကြ ။ သို့ဖြင့် ညိုကြီး ကို ရောင်းဖြစ် သွားလေသည် ။
သမီးပျိုလေး ချောတင် နှင့် သားလေး မောင်ထွေး တို့ သည် စာဥ သေတုန်း က လည်း ငိုကြ ။ ညိုကြီး ကို ရောင်း ပစ်လိုက်တော့ လည်း ငိုကြ၏ ။ လူတို့ သည် မျက်ရည် ထွက် ၍ ငိုခြင်း ရှိုက်ငင်ခြင်း ဖြင့် သူတို့ ၏ သောကပရိဒေဝ ကို ဖော်ပြကြ၏ ။ သို့သော် ချောတင် နှင့် မောင်ထွေး တို့ ထက် စာဥ နှင့် ညိုကြီး ကို အချစ် ကြီးသော ခွေး မျောက်ညို ကား လူ လို မျက်ရည် ထွက်ကာ ရှိုက်ငင်ပြီး မငိုနိုင် ရှာ ။ လူတွေ က နွား တစ်ကောင် ကို ငွေကြေး ဖြင့် အပြီးအပိုင် အရောင်းအဝယ် ပြုကြသည် ကို လည်း သိမည် မဟုတ် ။
ထိုနေ့ ညနေ ဝယ်သူ က ညိုကြီး အား မောင်းနှင် သွားသော အခါ မျောက်ညို ၏ စိတ် ထဲ မှာ မည်သို့မျှ နား မလည်နိုင်ဘဲ ညိုကြီး နောက် က ကောက်ကောက် ပါ အောင် လိုက် သွား လေသည် ။
မျောက်ညို တို့ ရွာ ကျေးပင်သာ နှင့် နွား ဝယ်သူ ၏ ဂါမဥသျှစ်လှ သည် ရှေးမြန်မာ အခေါ် ခရီး တစ်တိုင် ၊ ခုခေတ် အခေါ် နှစ်မိုင် လောက် ဝေး၏ ။
စင်စစ် မျောက်ညို သည် သူ ချစ်ခင်သော နွား နှစ်ကောင် ရှိသည့် အနက် မှ ယခု တစ်ကောင် တည်း ကျန်တော့သည့် တစ်ကော င်ကို မျက်စိ အောက် က အပျောက် မခံနိုင် ၊ သူ သည် ကိုမြချော တို့ အိမ် နှင့် ထို အိမ် က လူတွေ ထက် နွားများ ကို ပို ချစ်သည် ဖြစ်သောကြောင့် ယခု ညိုကြီး ရောက် ရာ အိမ် ၌ ညိုကြီး နှင့် အတူ နေပေလိမ့်မည် ။ ကိုမြချော တို့ က လည်း သူ့ အား လိုက် ခေါ်လိမ့်မည် မဟုတ်ပေ ။ ညိုကြီး အား ဝယ် သွားသော သူများ က လည်း ယခု သူ လိုက်လာမှန်း သိပါလျက် မောင်းနှင်ခြင်း မပြုကြပါ ။
သို့သော် မျောက်ညို အတွက် ကြေကွဲ ဝမ်းနည်းဖွယ် ဖြစ်ရသည် ကား ထို အိမ် က ခွေးနှစ်ကောင် ညိုကြီး အား နောက် ပိုင်ရှင် က သူ ခြံဝင်း ထဲ မောင်း သွင်း သွား၍ မျောက်ညို က ပါ ဝင် လိုက်မိသည် နှင့် တစ်ကောင် ချင်း ပင် နိုင်မည် မဟုတ်သော မျောက်ညို ထက် အလွန် ကြီးမားသည့် ခွေးကြီး နှစ်ကောင် က ဆီး ၍ ကိုက်လေတော့သည် ။
ညိုကြီး တို့ စာဥ တို့ အခြား နွားများ နှင့် တွေ့ကြ လျှင် မျောက်ညို က ဝင်၍ ကူစမြဲ ။ ယခု မျောက်ညို တစ်ကောင် တည်း ကို အိမ်ခံ ခွေး နှစ်ကောင် က ဝိုင်း ကိုက်နေကြသည် ကို တော့ ညိုကြီး မှာ ပြန်၍ မှ လှည့် မကြည့်နိုင်ရှာ ။ လူ မောင်း ရာ သာ ပါသွားရ ပေ တော့သည် ။
ကျွန်တော် တို့ မြန်မာလူမျိုး တို့ ထုံးစံ ၊ အသစ် ဝယ် လာသော ကျွဲ ၊ နွား ၊ မြင်း ကဲ့သို့ စီးပွားဘက် တိရစ္ဆာန် တို့ အား သိဒ္ဓိ တင်လေ့ ရှိကြသည့်အတိုင်း လက်စွပ် ၊ ဆွဲကြိုး ၊ ကြယ်သီး စသည့် ရွှေထည်ပစ္စည်းများ ကို ရေခွက် ထဲ ထည့် ၍ ထို ရေ နှင့် ညိုကြီး ၏ ဦးခေါင်း ကို လောင်း ကာ မိမိ တို့ စီးပွား တက်စေ ကြောင်း ဆုမွန် တောင်း နေချိန်ဝယ် မျောက်ညို သည် ပြင်းထန်သော ဒဏ်ရာ တို့ နှင့် ကျေးပင်သာရွာ သို့ ပြန်ခဲ့ရလေ၏ ။
အလာ တုန်း ကတော့ ညိုကြီး နောက် မှ ကျော့ကျော့မော့မော့ ပေါ့ ။ ယခု အပြန် တော့ ရှေ့ လက် တစ်ဖက် က ထော့နဲ့ ထော့နဲ့ နားအုံနာရင်းများ မှာ လည်း ယောင်ကိုင်း နေသည် ။ နှာခေါင်း မှာ လည်း သွေးများ ထွက်နေသည် ။
မျောက်ညို ၏ ဖြစ်လာပုံ ကို အိမ်သူအိမ်သားများ မြင်ကြတော့ ရင်ထု မနာ ပေါ့ ၊ ညိုကြီး ကို ရောင်း ပစ်လိုက်ရ ၍ နဂို က ပင် စိတ် မကောင်း ဖြစ်နေကြ သော ချောတင် တို့ မောင်နှမ သည် မျက်ရည်စို့စို့ နှင့် မျောက်ညို ကို တယုတယ ပြုစုကြကာ မောင်ထွေး က ။
“ ဒါ ... ညိုကြီး နောက် လိုက် သွားလို့ ညိုကြီး ကို ဝယ် သွားတဲ့ အိမ် က ခွေးတွေ က ကိုက် လွှတ်လိုက်တာ ဖြစ်မှာပဲ ။ ညိုကြီး ကို ဝယ်သွားတဲ့ ဥသျှစ်လှရွာ က ဦးစံမြ က တောသူဌေး ဗျ ။ သူ့ အိမ် မှာ ဧရာမ အင်းခွေးကြီး တွေ ရှိတယ် ။ မမ မျောက်ညို ကို မလွှတ်နဲ့ ၊ ကြိုး နဲ့ ချည်ထားတော့ ။ လွှတ် ထားရင် သူ နောက် တစ်ခါ ညိုကြီး ဆီ လိုက်သွားဦးမှာ ပဲ ။ လိုက် သွားရင် ဟို အိမ် က အင်းခွေးကြီးတွေ က ဆီး ကိုက်ဦးမှာပဲ ”
ထို ည မျောက်ညို အား သူ ခါတိုင်း အိပ်နေကျ နွားတင်းကုပ် ထဲ မှာ ချည် ထားလိုက်ကြသည် ။ ခါတိုင်း တော့ နွား အဖော် နှင့် ၊ ယခု တော့ သူ တစ်ကောင်တည်း ဖြစ်နေတော့ ခွေး သည် လူ ကဲ့သို့ မျက်ရည် ထွက် ကာ ငိုမရှိုက် နိုင် သော်လည်း သူ ၏ လွမ်းလွမ်းဆွေးဆွေး အူ လိုက်သော အသံ ကား သူ့ အဖြစ် သိနေကြရ သူ တို့ မှာ ကြေကွဲဝမ်းနည်းကြရသည် ။ ထို ည တွင် ချောတင် နှင့် ဖိုးထွေး တို့ မောင်နှမ မှာ တင်းကုပ် ထဲ မှ မျောက်ညို ၏ အူသံ ကို ကြား ရတိုင်း ရင် ထဲ မှာ တနုံ့နုံ့ ခံစားကြ ရသည် ။
( ၄ )
မြန်မာပြည် နွေရာသီ နေ့လယ်ခင်းများ က ပူအိုက်လှ ချေသည် ။ ထိုနေ့ က နာရီပြန်တစ်ချက် ခန့် ၌ ချောတင် သည် သူတို့ အိမ်ခြေရင်း ဘက် ရေစည်ပိုင်း အနီး တွင် တစ်ယောက် တည်း ရေ ချိုးရင်း စိမ်ပြေနပြေ အဝတ်များ ကို လျှော် လျက် ရှိလေသည် ။ ကျေးတောသူမ တို့ ၏ ဖွံ့ဖြိုးသော အလှ သည် ဒီလို ထမီရင်လျား နှင့် နေစဉ်မှာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင် လှသည် ။
ထိုစဉ် အိမ်ရှေ့ ဝင်ပေါက် မှာ ပခုံးကျယ်ကျယ် ရင်အုပ်ကားကား ၊ ခါးကျင်ကျင် နှင့် အရပ်အမောင်း ကောင်းလှသော လုလင်ပျို တစ်ယောက် ဝင် လာကာ ( ပုဆိုး တိုတို စွပ်ကျယ်လက်ပြတ် နှင့် ဝါးဖတ်ဦးထုပ် ဆောင်း ထားသည် ။ )
“ ဒီ အိမ် ကိုမြချော မဖွားတင် တို့ အိမ် ဟုတ်ပါရဲ့ နော် ”
ချောတင် သည် အိမ်ရှေ့ ဘက် ကျောခိုင်း ၍ ထိုင် နေရာမှ အသံ ကြား ရာ ဘက် သို့လှည့် ၍ ထ , လိုက်ကာ သူစိမ်း ယောကျာ်းပျို မြင်ရတော့ မှ ခေါင်း တွင် ပတ် ထားသော သန်ဘက် ကို ဖြေ ၍ ပုခုံး ပေါ် တင် ရင်အုံ ကို ဖုံးလွှမ်း လိုက်ရကာ ....
“ ဟုတ်ပါတယ် ရှင် ... အဖေ တို့ အမေ တို့ တော့ မရှိကြဘူး ၊ ဘာ ကိစ္စ ရှိလို့ပါလဲ ”
“ ဒီ အိမ် က နွား ကို ဝယ် သွား တာ ကျွန်တော် တို့ အဖေ ပါ ခင်ဗျာ ၊ အခု အဲဒီ နွား လွတ်ထွက် သွားတာ စားကျက် ထဲ ရှာ မတွေ့ဘူး ၊ ဒီ အိမ်များ ပြန် လာ သလားလို့ ”
တစ်ရွာ နှင့် တစ်ရွာ နှစ်မိုင် သုံးမိုင် ကွာ လောက် ဆိုလျှင် နွားတို့ သည် နောက် ရောက်သည့် အိမ်သစ် မှာ အထာ မကျမီ မူလ အိမ် သို့ ပြန် လာလေ့ ရှိကြသည်မို့ ချောတင် က ...
“ ကျွန်မ တော့ မသိဘူး ၊ သူ ပြန် လာရင် နွားတင်းကုပ် ထဲ ရောက်နေ မှာပေါ့ ” ဟု ပြောပြီး မှ ....
“ လာပါ ၊ တင်းကုပ် ထဲ သွား ကြည့်ရအောင် ” ဆို၍ ယောက်ျားပျို အား ရှေ့ဆောင် ခေါ်သွားသည် ။ သူတို့ နွားတင်းကုပ် သည် အိမ် ၏ အနောက်ဘက် မှ တလင်းပေါက် နှင့် ဆက်လျက် ရှိသည် ။
ဟုတ်သပေါ့ ၊ ညိုကြီး သည် တင်းကုပ် ထဲ ရောက် နေကာ မျောက်ညို နှင့် အချစ် နလန်ထ လျက် ရှိကြသည် ။ တစ်ကောင် နှင့် တစ်ကောင် နမ်းသည် ။ လျှာ နှင့် လျက် ကြသည် ။ သူတို့ စိတ် တွင် ဟိုတုန်း က လို အတူတကွ ပြန် နေရ တော့မည် ထင် ပေမည် ။
ချောတင် မှာ သူတို့ နှစ်ကောင် ကို ကြည့်ပြီး စိတ် မကောင်း ဖြစ်သွားသည် ။ နွားပျောက် ရှာသူ ကား ဝမ်းသာ သွား လျက် ....
“ အောင်မယ်လေး.. ကျွန်တော် အခုမှ စိတ်အေး သွားရတော့ တယ် ဗျာ ။ နေ ပူပူကြီး ထဲ လိုက် လာရ ၊ ပင်ပန်း လိုက်တာ ။ ရေလေး တစ်ခွက် လောက် သောက် ပါရစေ ”
“ ဒါဖြင့် လာပါ ရှင် ၊ အိမ် ပေါ် မှာ တက်ပြီး ခဏ နားပါဦးတော့ ”
ယောက်ျားပျို သည် အိမ်ရှေ့ ကပြင် ပေါ် တက် လိုက်လာတော့ ချောတင် သည် အိမ် ထဲ ဝင် သွားပြီး ကြေးဖလား နှင့် အပြည့် ရေ တစ်ခွက် ခပ်ပေး၏ ။
ယောက်ျားပျို သည် အားရပါးရ သောက် ချ လိုက်ပြီး ...
“ ကျေးဇူး တင်လိုက်တာဗျာ ၊ ရေအကျိုး ဆယ်ပါး နဲ့ ပြည့်ပါစေ ”
“ တော်ပြီလား ရှင် ၊ နောက်ထပ် ယူဦးမလား ”
“ တော်ပါပြီ ၊ ဝ ပါပြီ ခင်ဗျာ ” ဟု ကြေးဖလား ကို ပြန် ပေး ၊ ချောတင် သည် ရေခွက် ယူ ၍ အိမ် ထဲ ဝင် သွားပြီး ကွမ်းအစ် နှင့် ပြန် ထွက်လာကာ ...
“ ကွမ်း သုံးဆောင်ပါအုံး မောင်ကြီး ရှင့် ”
“ ကျေးဇူး တင်လိုက်တာဗျာ ၊ ဪ - ကျွန်တော့် နာမည် ဘအေး ခေါ် ပါတယ် ၊ ညီမ နာမည် ကော ”
“ ကျွန်မ နာမည် က ချောတင် ခေါ်ပါတယ် ”
ထို့နောက် မောင်ဘအေး က ကွမ်း ကို ယာ စားနေ၍ ခေတ္တ စကားပြတ် နေပြီး မှ
“ ညီမ အခု အိမ် မှာ တစ်ယောက်တည်း ထင်ပါ ရဲ့ ”
“ ဟုတ်ပါတယ် ရှင် ၊ အဖေ နဲ့ အမေ က မြို့ ကို သွား ကြပါတယ် ။ မောင်လေး က တော့ ကျောင်း သွားလေရဲ့ ”
ထိုအခါ မောင်ဘအေး စိတ် ထဲ မှာ မိန်းမပျိုလေး တစ်ယောက် တည်း ရှိသော အိမ် မှာ သူစိမ်း ယောက်ျားပျို သည် ကြာကြာ မနေသင့် ဟု တွက်ဆ ကာ “ ကဲ ကျွန်တော် ပြန်ဦးမယ်နော် ” ဟု ဆိုကာ ထိုင်ရာ မှ ထ , အသွား ချောတင် က လည်း “ ဟုတ်ကဲ့ရှင့် ” ဆိုပြီး တင်းကုပ် ထဲ လိုက်ခဲ့ကာ မောင်ဘအေး က သူ့ တွင် ပါလာခဲ့သော ကြိုး နှင့် ညိုကြီး ကို ချီသော အခါ ချောတင် က လည်း မျောက်ညို လည်ပင်း ကို သံကြိုး နှင့် ချီ တော့သည် ။ ထိုအခါ မောင်ဘအေး က ....
“ ဘာဖြစ်လို့ ချီတာလဲ ၊ လူ ကိုက်တတ်လို့လား ”
“ မကိုက်တတ်ပါဘူး ရှင် ၊ သူ့ ချီရတာ ဒီ ခွေး ဟာ ဒီ နွား နဲ့ သိပ်ပြီး ချစ်ခင်ကြပါတယ် ” ဟု အစချီ ပြီး ညိုကြီး ရောင်း လိုက်သော နေ့ က မျောက်ညို ၏ ဖြစ်အင် ကို ပြောပြတော့ မောင်ဘအေး မှာ စုပ်သပ် လျက်....
“ အို ... ဖြစ်မှ ဖြစ်ရလေ ဗျာ ၊ အဲဒီ နေ့ က ဝင်းပြင် မှာ ခွေးချင်း ကိုက်သံ တော့ ကြား လိုက်ပါရဲ့ ”
“ မောင်ကြီး တို့ အိမ် က ခွေးကြီးတွေ က အကြီးကြီးတွေ ပဲ ဆို ”
“ ဟုတ်တယ် ညီမ ရဲ့ ၊ အင်းခွေးကြီး တွေ ”
“ ဒါကြောင့်ပေါ့ ၊ ကြည့်ပါလား အခု တောင် သူ့ မျက်နှာမှာ ဒဏ်ရာတွေ မပျောက်သေးဘူး ၊ လက် လည်း နာတုန်းပဲ ”
“ အို ... ဟုတ်ပါရဲ့ ၊ ကျုပ် ဒီ နွား တောင် ယူသွားရ ခက် နေပါပြီ ၊ ဒုက္ခပါ ပဲ ”
“ အို ... ဘယ် တတ်နိုင်မလဲလေ ၊ သတ္တဝါ တွေ ကုသိုလ် ပဲ ပေါ့ ”
“ သူတို့ ချစ်ခြင်း ခွဲတာ ကျွန်တော် တို့ တော့ ငရဲ ကြီးတော့မှာ ပဲ ထင်ရဲ့ ”
“ မောင်ကြီး ရယ် ညိုကြီး ကို အခု ယူသွား ပြီးရင်လေ နောက်ထပ် ဒီကို ပြန် မလာပါစေနဲ့တော့ ၊ သူတို့ ချင်း မတွေ့ရတာ ကြာလို့ ရှိရင် မေ့ပျောက် သွားမှာပါပဲ ”
ဒါကိုတော့ မောင်ဘအေး သည် ဘာမျှ စကားပြန် မပေးခဲ့တော့ချေ ။ အကြောင်း မှာ မျောက်ညို သည် ညိုကြီး အား ချစ်ခင် သလို သူ လည်း ချောတင် ကို အချစ်ဝင် နေမိပြီ ကိုး ။ ထို့ကြောင့် ညိုကြီး သည် ချောတင် တို့ အိမ် သို့ ခဏခဏ ပြန် လာလျက် ထို ခဏခဏ ပြန် လာတိုင်း လာတိုင်း မောင်ဘအေး က လိုက် လာရခြင်း ဖြင့် မကြာမီ ပင် မောင်ဘအေး နှင့် ချောတင် တို့ ချစ်ကြိုက် သွားကာ ထို နှစ် ဝါ မဆို မီ ပင် သူတို့ မင်္ဂလာ ဆောင် လိုက်ကြလေ သတည်း ။
ထို လက်ထပ်ပွဲ ၌ နှစ်ဖက် မိဘ တို့ သဘော တူကြသည် မှာ သတို့သား သည် သတို့သမီး အိမ် မှာ လိုက် နေရလျက် ယောက်ျားလေး ဘက် က လယ် ၇ ဧက နှင့် နွားတစ်ရှဉ်း လက်ဖွဲ့ လေရာ တစ်ကောင် သော နွား မှာ ညိုကြီး ပင် ဖြစ်ပါကြောင်း ။
စင်စစ် မောင်ဘအေး နှင့် ချောတင် တို့ ညား ကြခြင်းသည် မျောက်ညို နှင့် ညိုကြီး တို့ ကြောင့် ဖြစ်ပေရာ သူတို့ နှစ်ကောင် လည်း ထို လူသား နှစ်ဦး လက်ထပ်သော နေ့ မှာ ပဲ မခွဲနိုင်သော အသည်း နှစ်ခိုင် တို့ ပြန်လည် ပေါင်းဆုံ ကြလေသည် ။
ထို မင်္ဂလာဦးည မှာ ညားကာ စ ဇနီးမောင်နှံ တို့ ကြည်နူး နေချိန်ဝယ် တင်းကုပ် ထဲတွင် ညိုကြီး သည် တုံးလုံးလှဲ ကာ စားမြုံ့ တခတ်ခတ် နေစဉ် မျောက်ညို က ညိုကြီး မေးစေ့ အောက် မှာ ဝပ်စင်း၍ အိပ်စက်လျက် ရှိလေ၏ ။
ကျွန်ုပ်တို့ လူသားချင်း အချစ် သည် တစ်ဦး နှင့် တစ်ဦး ဘာကြောင့် ဘယ် ဆန္ဒ နှင့် ချစ်ကြသည် ကို မိမိ ကိုယ် ကို မိမိ သိ ကြသည် ။ ခင်ဗျား တို့ ကျွန်တော် တို့ အားလုံး သိ ကြသည် ။ သို့သော် ခွေးတိရစ္ဆာန် ဖြစ်သော မျောက်ညို နှင့် နွားတိရစ္ဆာန် ဖြစ်သော ညိုကြီး တို့ အချစ် ကား အဘယ်ကြောင့် ချစ်ကြသည် ဟု သူတို့ ဟာ သူတို့ လည်း သိကြမည် မဟုတ် ။ ကျွန်ုပ် တို့ လည်း တွက်ဆ လို့ မရပေ ။ သူတို့ သည် တစ်ဦး ထံ မှ တစ်ဦး ဘာ အကျိုးအာနိသင် မှ လည်း မျှော်လင့်ချက် မရှိကြ ။ စင်စစ် လူသား တို့ က မွန်မြတ်သည် ဆို ကြ သော ၅၂၈ အချစ် ထက် ပင် သူတို့ အချ စ်က သန့်စင် မွန်မြတ် လှပေသည် ။
◾နိဂုံး ။ ။ ကျွန်တော် သည် ဤ ဝတ္ထု ကို ရေး သာ ရေးခဲ့ရ၏ ။ ပြီးသည် အထိ ဘယ်လို နာမည် ပေးရမည်မ သိ ဖြစ်နေရာ ဝတ္ထုတို့ မည်သည် နာမည် မပေးလို့ လည်း မဖြစ်ရပေကား နောက်ဆုံးတော့ ဤသို့ စီစဉ်မိ၏ ။ အကယ်၍ မျောက်ညို နှင့် ညိုကြီး သည် လူစကား နားလည် ၍ ပြန် ပြောတတ်မည်ဆို ပါက ...
“ မင်းတို့ ချင်း ဘာကြောင့် ဒီလောက် ချစ်ကြတာလဲ ” ဟု ကျွန်တော် က မေးသော် ....
“ ဘာကြောင့်မှန်း မသိပါဘူး ဗျာ ” ဟု ပြန်ပြောမည် ထင်ပါသော ကြောင့် “ ဘာကြောင့် ချစ်မှန်း မသိသော အချစ် ” ဟူသော နာမည် ကို ပေးလိုက်ပါ သတည်း ။
◾သော်တာဆွေ
📖 ကြက်ဋီကာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment