Tuesday, June 4, 2024

ချွေးထုတ်တေး


 

❝ ချွေးထုတ်တေး ❞

“ မောင်တို့လေ ”

“ ဟိတ်ကေ့ ”

“ မောင်တို့လေ ”

“ ဟိတ်ကေ့ ”

“ ကျိတ်ပေးလိပ် ”

“ လယ်လယ်ဝင် ”

“ ကျိတ်ပေးလိပ် ”

“ လယ်လယ်ဝင် ”

“ ဇွဲ နဲ့ ကျိတ်ရင် ခံနိုင်ရိုးလား ”

“ ဟေ … ဟေ … ဟိတ် ”

ဟော ... မြောက်သွားပါပြီ ။ အလွန် ကြီးမားသော စည်ပတ်သံပြား ပတ် ထား သည့် အထည်ထုပ်ကြီး သည် ဟေ ... တစ်လုံး တွင် လက် ထဲ သို့ ရောက်ရှိ လာပြီး နောက် ဟေ ... တစ်လုံး တွင် ပခုံး နှင့် အညီ သို့ ရောက်ရှိ လာ လျက် နောက်ဆုံး ဟိတ် တွင် မူကား လက် ကို အပေါ် ဘက် သို့ အကုန် ဆန့် ကာ ခေါင်း အထက် သို့ ရောက် သွားပါပြီ ။ ယောက်ျား တစ်ယောက် သည် အထည်ထုပ်ကြီး ၏ အောက် သို့ ဝင် ကာ ကုန်း နေသည့် တိုင်အောင် ထမ်း ၍ ထွက် သွားသည် ။ ယောက်ျားကြီး များ ကုန်း နေ သလောက် မိန်းမတွေ က ပြုံး နေကြသည် ။

ဤရှုခင်း ကား ကလေးဝ ၌ ဖြစ်၏ ။ မန္တလေး ၊ ဟုမ္မလင်း သွား သင်္ဘော သည် မန္တလေး မှ ထွက်၍ လေးရက် လွန်မြောက် ပြီးသော တစ်ညနေ ၌ ကလေးဝ သို့ ဆိုက်ကပ် သော အခါ ဤ ရှုခင်း ကို မြင်ရသည် ။

မြစ် သည် ကျဉ်း၏ ၊ ကမ်း သည် မတ်စောက်၏ ၊ အသံရှင် တို့ အလုပ် လုပ် နေ ကြသော သောင်ပြန့် ပင် လျှင် သင်္ဘော ၏ ခေါင်မိုး ပေါ် မှ ဖြစ်၏ ။ သောင်ပြန့် ၏ အထက် ၌ ကမ်းပါး ကုန်းမြင့်ကလေး က ကာဆီး ထားပြန်၏ ။ ကုန်း ၏ အမြင့်ဆုံး အစွန် ၌ တောင်ကမူကလေး ရှိ၏ ။ ထို တောင်ကမူ ပေါ် တွင် ဖြူသော စေတီငယ် ရှိသည် ။

ဖြူသော စေတီငယ် သည် အဝေး ရှိ ညို့မှိုင်း မြင့်မားသော တောင်တန်းကြီး ကို နောက်ခံ ပြု၏ ။ တစ်ဖက်ကမ်း ၌ ရှည်လျားသော ကမ်းစောက် တွင် မြင့်မားသော သစ်တောကြီး အုပ်ဆိုင်း ထား၏ ။ ထိုထို ညို့မှိုင်း မြင့်မားသော သစ်ရိပ် တောင်ရိပ် တို့ ၏ အကြားဝယ် ချင်းတွင်းမြစ်ငယ် သည် လေတိုက် ခံရသော ငွေချည်မျှင် ကဲ့သို့ လူးလွန့် လျက် စီးသည် ။

ကျောက်ဆောင် ၊ ကျောက်တုံး နှင့် သောင်ဦး တို့ ကို တိုက်ခိုက်၍ ဖြစ်ပေါ် လာသော ရေစီးသံ သည် ချင်းတွင်းမြစ် ၏ တေး ဖြစ်၏ ။ ဘုရားတောင် ၏ ဘေး မှ ခွေပတ် ခေါင်းပြူ ထွက် လာသော ကလေးချောင်း သည် ချင်းတွင်းမြစ် နှင့် တေးအပြိုင် ဆိုသည် ။ ထို တေးသံ တို့ ကို သောင်ပြန့် ပေါ် မှ သူကလေး တို့ ၏ “ ချွေးထုတ်တေး ” များ က နယ်ကုန် ပယ်ကုန် မင်းမူ လိုက်သည် ။

သူကလေး တို့ သည် ညီညာသော အသံများ ဖြင့် အတိုင်အဖောက် ပြု ကာ အလွန် ကြီးမားသော အထုပ်အပိုးကြီးများ ၊ သေတ္တာကြီးများ တို့ ကို မြောက်ခနဲ မြောက်ခနဲ နေ အောင် မ, နေကြသည် ။

အသက်အရွယ် ကြီးဟန် ရှိသော မိန်းမများ သည် အပေါ် အင်္ကျီ မပါ ဘဲ ချွေးခံ အင်္ကျီ တစ်ထပ် တည်း ဝတ်လျက် ချွေးခံ အင်္ကျီ ပေါ် မှ ထဘီ ကို ထပ် ၍ ရင်ရှားသည် ။ အသက်အရွယ် ငယ်သော မိန်းမများ သည် အချို့ ရိုးရိုး ဖျင်ကြမ်းအင်္ကျီ ခပ်ထူထူများ ကို ဝတ်ကြလျက် အချို့ ဆွယ်တာအင်္ကျီ ကို လက်ပင့် ဝတ် ထားကြသည် ။

သူတို့ အားလုံး ထဘီတိုတို ဝတ်ထား ကြသောကြောင့် ပြည့်တင်းသော ခြေသလုံးသားကလေး များ သည် သူတို့ ဘယ့်လောက် တောင့် ကြောင်း ကို ဖော်ပြ နေကြသည် ။ အထုပ်အပိုးကြီးများ ကို တညီတညာ တည်း ကုန်းလျက် ကုန်းလျက် မ, လိုက်ကြသော အခါ -

“ တိုထဘီငယ် … ဟိုဆီ ဖုံးရုံ ၊ အလုံးခြုံလို့ ၊ ကုန်းပုံက ညီ ” ဟူသော ဦးစံသူ ၏ ကောက်စိုက်သမဘွဲ့  လွမ်းချင်း ကို သတိရချင်စရာ ဖြစ်သည် ။

“ တွယ်ချင်တယ် … ”

“ ဟိတ် ...  တွယ်ချင်တယ် … ”

“ အား နဲ့ ကျိတ်ရင် ခံနိုင်ရိုးလား ”

“ ဟေ ... ဟေ ဟိတ်  ”

သူတို့ ၏ အားတက်သရော သီဆို လိုက်ကြသော အသံများ သည် အားစိုက်ခွန်စိုက် အလုပ် လုပ် နေကြရင်း သီဆို ကြရ သည် ဖြစ်သောကြောင့် ညှစ်သံ အစ်သံများ ၊ အံကြိတ်သံကလေးများ ပေါ် နေသည် ။

ထို အံကြိတ်သံကလေးများ နှင့် “ တွယ်ချင်တယ် .. ဟိတ် တွယ်ချင်တယ် ” ဟု ဆိုလိုက် ကြသော အခါ အမှတ်မထင် ကြားလိုက် ကြရသော ယောက်ျားသားကြီး များ သည် အသံ လာရာ ဆီ သို့ လန့်ဖျပ် ကြည့်ရှုမိကြရင်း ရင်တုန်ပန်းတုန် ဖြစ်သွား တတ်ကြရသည် ။

သူတို့ သံချပ် နှင့် သူတို့ အသံ ကို ကြားရခြင်း သည် သာ လျှင် ရင်တုန်ပန်းတုန် ဖြစ်ကြရသည် မဟုတ် ၊ သူတို့ ၏ ရုပ်ဆင်းကြန်အင် တို့ကို မြင်ကြရခြင်း သည် လည်း ပို၍ ပို၍ ပို၍ ရင်တုန်ပန်းတုန် ဖြစ်စရာ အသည်း ယားစရာ ကောင်း လှသည် ။

တစ်ခါတစ်ရံ ပြပွဲများ ၊ မောင်မယ်ရွေးပွဲများ ၌ အချို့ အလေးမ သော ယောကျ်ားသား များ ၏ မောက်ကြွ ကြီးကားသော ရင်အုပ်ကြီးများ ကို မြင်ကြ ရသော ယောက်ျား အချင်းချင်း ပင် လျှင် ရင်တုန်ပန်းတုန် ဖြစ်စရာ ကောင်းသည် ဟု ဆိုကြသည် ။

ယခု လည်း သူကလေး တို့ သည် လေးလံသော အထုပ်အပိုးကြီးများ ကို ၂ ဆင့် အလေးမနည်း ဆင်ဆင်မျိုး ဖြင့် အချိန် မှန်မှန် အမြဲတစေ မ, နေကြရသူများ ဖြစ်သောကြောင့် အလေးမမောင် တို့ ကဲ့ သို့ မောက်ကြွကြီးကား သော ရင်အုပ် ၊ တောင့်တင်း တုတ်ခိုင်သော ပေါင်တံကြီး များ ဖြင့် ရင်တုန်ပန်းတုန် ဖြစ်စရာ အသည်းယားစရာ ကောင်း နေတော့သည် ။

“ ဟေ...  ဟေ...  ဟိတ် ” ဟူသော အသံ နှင့် အတူ အထုပ်အပိုးကြီးများ ကို မ, လိုက်သော အခါ တွင် သူကလေး တို့ ၏ ပြည့်တင်း ဖောင်းကြွလာသော လက်မောင်းသားကြီးများ သည် ဖျစ်ဖျစ် မြည်သံ ကြား လာရဘိ သို့ အင်္ကျီပိတ်စ ကို ပွင့်ကွဲ လာစေ လျက် အပြင် သို့ ပေါ်ထွက် လာလေမလား ၊ လာလေမလား ဟု အသည်း တယားယား တထိတ်ထိတ် ကြည့် နေကြရသည် ။

ထို့အတူ ထိုထို့အတူ သူကလေးတို့ တစ်ကိုယ်လုံး ကို လည်း တင်းတင်းရင်းရင်း နှင့် အင်္ကျီပိတ်စကြီး ပါ ပွင့်ကွဲ လျက် မကြည့်ရဲ မရှုရဲ လောက် အောင် အပြင်သို့ ပေါ်ထွက် လာလေမလား ၊ လာလေမလား ဟု အသည်းတယားယား တထိတ်ထိတ် ကြည့် နေ ကြရသည် ။

သို့ရာတွင် သူကလေးတို့ ၏ မျက်နှာမှာ မူ ကား ဖောင်းပွ ဘုတ်ထိုင်းကြီးမျိုး မဟုတ်လေ ။ နီသော ပါးအို့ အောက် တွင် ပေါ်လွင် သော ပါးရိုး နှင့် ပြတ်သားသော မေးရိုးတို့ ရှိနေကြသည် ။

တောင့်သည့် ကိုယ် သည် ပုပျပ်သယောင်ယောင် ရှိ သော်လည်း သန်မာလှပသော လည်တိုင်ကြီး များကြောင့် ခပ်ကြွားကြွား ကိုယ်ဟန် ရှိသည် ထင်ရသည် ။

သူကလေး တို့ သည် အစုလိုက် ၊ အအုပ်လိုက် သင်္ဘော ပေါ် သို့ ဆင်း လာ ကြကုန်၏ ။ အောက်ပြည် ၊ အောက်ရွာ မှ လိုက်ပါလာကြသူ တို့ သည် သူကလေး တို့ ၏ အားတက်သရော အလုပ် လုပ် နေကြပုံ ကို စိတ်ဝင်စားစွာ အဝေး မှ ကြည့်နေကြရာ က အနီးကပ် လျက် အသေအချာ ကြည့်ကြ ရ ပြန်သည် ။

သူကလေးတို့ ၏ ခြေသလုံးသား ၊ လက်မောင်းသားကြီးများ နှင့် အတုံးအရုံး ပေါ် လွင် လျက် ရှိသော ကိုယ်အလုံး တို့ သည် နဂို အတိုင်း ရှိသော အခါ တုန်တုန် တုန်တုန် အိပက် အိပက် နှင့် တလှုပ်လှုပ် တွဲကျ နေသည် ။ တစ်စုံတစ်ခု လှုပ်ရှား လုပ်ကိုင် လိုက်သော အခါ တောင့်ခနဲ တင်းခနဲ ထိုးထိုးထောင်ထောင် ဖုဖောင်း မောက်ကြွ ၍ လာသည် ။

သင်္ဘော အလုပ်သမား ကု,လား တစ်ယောက် သည် မရိုးသားသော မျက်နှာ ဖြင့် မိန်းမပျိုငယ် တစ်ယောက် ရှေ့မှ ကန့်လန့် ကန့်လန့် လုပ် နေသည် ။

“ အရာကြီး ၊ ဖယ်စမ်းပါ ”

ဘာမျှ မသိသော မိန်းကလေး သည် ရိုးသားစွာဖြင့် ကု,လား ကို ခပ်ဖြည်းဖြည်း ဖယ် သွားသည် ။

ကု,လား သည် ကုန်းပေါင် ပေါ် မှ ဘေးဆီ သို့ နှစ်လှမ်း မျှ ယိုင်သွား ပြီး နောက် သင်္ဘောဘေး တွင် ကာရံ ထားသော သံတိုင်များ ဖြင့် အရှိန် ပြင်းစွာ ရိုက်ခတ်ခြင်း ခံရသည် ။ သံတိုင် ကို ဖမ်းဆွဲ ထားသော ကြောင့် သာ ရေ ထဲ သို့ မကျလေ ။

မိန်းကလေး ကား သိမျှ မသိ ၊ သူ သွား လိုရာသို့ သာ အတင်း ပြေးတက် သွားသည် ။ အနီး မှ ဝိုင်းဝန်း ကြည့် နေကြသည့် ခရီးသည် တို့ ကား အားရ ကျေနပ်စွာဖြင့် ပြုံး လိုက် ကြ ကုန်သည် ။

ဤရှုခင်း ကို မြင်လိုက် ကြရသော ခရီးသည် အချို့ နှင့် ကိုလူပျို ပေါက်စကလေး တို့ သည် သူကလေး တို့ နှင့် ခပ်ဝေးဝေး မှ ကွင်းရှောင် ကြည့် နေကြသည် ။ သူကလေး တို့ အနီး သို့ အမှတ်မထင် ရောက် လာ လျှင် ပင် ပျာယီးပျာယာ နှင့် ဆုတ်ဖယ် ပေးကြကုန်သည် ။ ထိုအခါ ကြည့်နေသူများ က ပြုံးကြ ရ ပြန်သည် ။

ချက်ချင်း လို ပင် သူကလေး တို့ သည် နေရာ ယူလိုက် ကြကာ အလုပ် စ လေသည် ။ သူကလေးတို့ ၏ အလုပ်ခွင် ဝင်ပုံ သည် တာစူ နေသော ပြိုင်မြင်းများ ကဲ့သို့ လည်းကောင်း ၊ ဇာတ်ခုံ ပေါ်သို့ တက် လာကြသော မင်းသမီး မင်းသားများ ကဲ့သို့ လည်းကောင်း ရွှင်သော မျက်နှာ ရှိကြ ကုန်သည် ။ သူကလေး တို့ နှင့် အတူ ရောနှော လုပ်ကိုင် နေကြ ကုန်သော ယောက်ျားကြီးငယ် တို့ က လည်း အားတက်သရော အားကျ မခံ ရှိလှသည် ။

အောက်ရပ် အောက်ရွာ မှ ခရီးသည် တို့ သည် သူကလေး တို့ ၏ အလုပ် လုပ်ပုံ ကို ပွဲ တစ်ခု ပမာ ဝိုင်းဝန်း ကြည့်ရှု ကြရင်း သူကလေးတို့ ဆီ မှ လျှံထွက် လာသော အပြုံး ကို မျှဝေ ဆင်မြန်းကြကုန်သည် ။

“ ကျိတ်ခါတွယ် ”

“ ဟေ့ ...  ဘ ၊ ကျိတ်ခါတွယ် ”

ဦးကြီး ပိန်ပိန် တစ်ယောက် သည် အားမာန် တင်း လိုက်သော မျက်နှာ ဖြင့် သူကလေး တို့ မ, ပေး သော သေတ္တာကြီး တစ်လုံး ကို ထမ်း ၍ အပြေး ဆင်း သွားသည် ။

“ ကျိတ်ခါဝင် ”

ထင်းရှူးသေတ္တာကြီး တစ်လုံး သည် သူကလေး တို့ ၏ လက် ထဲ သို့ မြောက်ခနဲ ရောက်ရှိ သွား ပြန်သည် ။

“ ဟေ့ .. ဘ ၊ ကျိတ်ခါဝင် ”

သူကလေး တို့ က သေတ္တာကြီး ကို မြှောက် လိုက်လေပြီ ။ အခြား ယောက်ျားကြီး တစ်ယောက် သည် အလွယ်တကူ အောက် မှ ဝင်လျက် ထမ်းယူ သွားသည် ။

“ မောင်တို့လေ … ”

“ ဟိတ်ကေ့ .. ”

“ မောင်တို့လေ … ”

“ ဟိတ်ကေ့ ...  ”

သူကလေး တို့ သည် အခြား ပစ္စည်းများ ကို ရွှေ့ပုံ နေကြ ပြန်၏ ။ လုံချည် တစ်ထည် ကို စလွယ်သိုင်း ချည် လျက် ကုန်းပေါင် ပေါ် သို့ တက်ရောက် လာသော လူငယ် တစ်ယောက် ကို တွေ့ ရသည် ။ မိန်းမပျိုကလေး တစ်ယောက် သည် ချွေးစို့ နေသော မျက်နှာကလေး ဖြင့် ကုန်သေတ္တာကြီး ကို မ, လိုက်သည် ။

“ ပျိုတို့မောင် ”

“ လာပြန်ပြီ ”

မိန်းမပျိုကလေး သည် အား နှင့် ညှစ် ၍ “ ပျိုတို့မောင် ” ဟု မ, ရင်း တိုင် လိုက်သောအခါ အဖော်များ က “ လာပြန်ပြီ ” ဟု အားရပါးရ ဝိုင်း လိုက်ရင်း ရွှေ့လိုက်သည် ။

“ ဘ - ပျိုတို့မောင် ”

“ လာပြန်ပြီ ”

နောက်ထပ် သေတ္တာကြီး တစ်လုံးကို မြှောက် လိုက်ကြ ပြန်သည် ။ ဝင် လာသော လူငယ် သည် အသံ တိုင် သော မိန်းမပျိုကလေး ၏ မျက်နှာ ကို တစ်ချက် ကြည့်လိုက် ရာ မှ အားတက်စွာ ဖြင့် ထမ်း လိုက်သည် ။ သေတ္တာကြီး သည် မြောက်ခနဲ ပါ သွား၏ ။ လူငယ် က ကုန်းပေါင် ပေါ် မှ အပြေး ဆင်း သွားသည် ။ အခြား လူငယ် တစ်ယောက် တက် လာပြန်၏ ။

အုပ်လုံး နှင့် မိန်းမပျို ခပ်ပုပု က တိုင် လိုက်သည် ။

“ ဆတောက်လင် … ”

“ လာပြန်ပြီ ”

တညီတညာ တည်း ဝိုင်း လိုက်ရင်း မ, လိုက်ကြ၏ ။ အသံ တိုင် သူ ၏ ဘေးမှ ဆံတောက် နှင့် မိန်းမပျိုကလေး က အသံ တိုင် သူ ကို မျက်စောင်းထေ့ လိုက်သည် ။ ထိုအခါ မျက်စောင်း အထေ့ ခံရ သူ က ပို၍ အားတက်သရော ရှိသော အသံဖြင့် ...

“ ဟိတ် .. ဆတောက်လင်ကေ့ …”

သေတ္တာကြီး သည် ပခုံး နှင့် အညီ သို့ ရောက်ရှိ လာသည် ။ အဖော်များ သည် အားရှိ ပါးရှိ “ လာပြန်ပြီ ” ဟု လိုက်ရင်း ခေါင်းပေါ် သို့ ကျော်လွန် အောင် မြှောက် လိုက်ကြ၏ ။

ဝင် လာသော လူငယ် သည် ဆံတောက် နှင့် မိန်းမပျို ၏ မျက်နှာ ကို ရွှန်းရွှန်းစားစား ကြည့် လိုက်သည် ။ ဆံတောက် နှင့် မိန်းမပျို က လည်း ပြုံး လျက် ကြည့် နေရာ မှ မျက်လုံး ကို တစ်ဖက် သို့ လွှဲ လိုက် ပြီးလျှင် ကုန်သေတ္တာ ကို လွှတ်ချ လိုက်သည် ။ ယောက်ျားပျို သည် “ အို ...  ဘာတုံး ” ဟု မိမိ ကိုယ် မိမိ အားပေးရင်း မြောက်ခနဲ ထမ်းယူ လိုက်ပြီး ကုန်းပေါင် ပေါ် မှ အပြေး ဆင်း သွားသည် ။

“ အပျို့လင် …. ဟ ...  ”

“ လာပြန်ပြီ ”

“ ဘ … အပျို့လင် ”

“ လာပြန်ပြီ ”

ကုန်စည်သေတ္တာကြီး တို့သည် မြောက်ခနဲ မြောက်ခနဲ တစ်ခု ပြီး တစ်ခု မြင့်ကြွတက်သွား၏ ။ ယောက်ျားကြီးငယ် တို့ သည် ပခုံး လျှိုလျက် လျှိုလျက် ဝင် ကြရင်း ကုန်းပေါင် ပေါ် မှ အပြေး ဆင်းဆင်း သွားကြ၏ ။

အသံများ သည် တစ်စ တစ်စ ပို၍ ပို၍ သွက်လာ၏ ။ အသက် အောင့်၍ ၊ အံကြိတ်၍ အော် လိုက်သော အတိုင်အဖောက် သံများ ဖြစ်၏ ။

ယောက်ျား ကြီးငယ် တို့ သည် ချွေး ယိုစီးသော ကိုယ်လုံးကြီးများ ဖြင့် လေးသော ဝန်များ ကို အပြိုင်အဆိုင် သယ်ယူ ပြေးနေကြ၏ ။

အရပ် ခပ်ရှည်ရှည် ၊ ခပ်ပိန်ပိန် ၊ ခပ်နွဲ့နွဲ့ ၊ ပါးရိုးချွန်ချွန် ၊ မေးချွန်ချွန် နှင့် လူငယ် တစ်ယောက် ကား အခြားသူ တို့ ကဲ့သို့ အပြေးအလွှား မသွားနိုင်တော့ပေ ။ သူ သည် ကုန်းပေါင် ပေါ် သို့ ခပ်မှန်မှန် လျှောက် လာခဲ့သည် ။

ကြည့် နေကြသော သူကလေး တို့ တစ်စု သည် အချင်းချင်း ပြုံး၍ ကြည့်ကြပြီး နောက် အတော် ကြီးမား လေးပင်ပုံ ရသော သေတ္တာကြီး ကို ရွေးချယ် ၍ မ လိုက်သည် ။

“ ပလင်းမောင် ”

“ လာပါမောင် ”

“ ဘ … ပလင်းမောင် ”

“ လာပါမောင် ”

“ ဟေ ...  ဟေ ... ဟိတ် ”

သေတ္တာကြီး သည် အပေါ် သို့ မြောက် နေ၏ ။ ပိန်သော လူငယ်သည် သူကလေးတို့ မျက်နှာ ကို တစ်ချက် စူးစိုက် ကြည့် နေရာ မှ ပေါ့ပေါ့ကလေး ကဲ့သို့ ပခုံး လျှို ၍ ထမ်း၏ ။

ထို့နောက် ခပ်တောင့်တောင့် ရပ်လျက် သူကလေး တို့ ဘက်သို့ လှည့် ကာ “ အေ့ - ဟေ့ ” ဟု လေတက် ပြလိုက် ပြီး မှ ဆင်း သွားသည် ။

သူကလေး တို့ ကား ပုလင်းမောင် ကို ကြည့်၍ ရယ်ကြ ၊ ပျော်ကြ ၊ အားတက် ကြသည် ။ သူကလေး တို့ ၏ နဖူးဆံစ တို့ ၌ ချွေးဥကလေးများ သီး နေကြ၏ ။

နားထင်ဆံစ မှ ဆံနုကလေး သည် ချွေးစီးကြောင်း ဖြင့် ကပ်နေ၏ ။ ထို ချွေးစီးကြောင်း မှ အသွယ်သွယ် စီးဆင်း လာ သော ချွေးပေါက် တို့ သည် မေးဖျား တွင် တွဲရရွဲ ခို နေကြရာ မှ တောက်တောက် ကျ၏ ။

ပူအိုက်သော သင်္ဘော ပေါ် ၌ ဤမျှ မနားမနေ ၊ မညည်းမညူ ၊ အပြုံးအရယ် မပျက်ဘဲ အလုပ် လုပ် နေကြသည် မှာ ရပ်ကြည့် နေကြသော ခရီးသည်များ ပင် ညောင်း လာကြ၏ ။ နေ လည်း အတော် ညို လေပြီ ။ ကုန်း ပေါ် သို့ အလည်အပတ် တက် ကြသော ခရီးသည် အချို့ပင် ပြန် လာကြလေပြီ ။

ဖြူဖြူခန့်ခန့် မိန်းမကြီး တစ်ဦး နှင့် မြို့ကြီး ကျောင်းတော်သူ ဟန်ပန် ရှိကြသော သမီးပျို နှစ်ဦး တို့ သည် ကုန်းပေါင် ပေါ် သို့ တနွဲ့နွဲ့ နှင့် ယဲ့ယဲ့ကလေး လှမ်း လာကြသည် ။ ကုန်စည် သယ်မည့် အလုပ်သမား တို့ သည် သူတို့ ၏ နောက် မှ စောင့်စား လျက် လိုက်ပါ လာကြသည် ။

ကုန်းပေါင် ပေါ် မှ သင်္ဘော ပေါ် သို့ အကူး တွင် အလုပ်သမားများ က ရှေ့မှ ဖြတ် ၍ တက်လာကြ၏ ။

“ ပုသိမ်ထီး နဲ့ အစ်မ ရေ … ”

“ ကြည့်လိပ်ကြပါ တော်တို့ သမက် .. ”

“ ဟေ ဟေ ... ဟိတ် ...  ”

မြောက် သွားသော သေတ္တာကြီး သည် လူငယ် ၏ ကျော ပေါ်သို့ ရောက်ရှိ လာ၏ ။ လူငယ် သည် သူကလေး တို့ ၏ ပြုံးသော မျက်နှာ မှ နေ၍ တက်လာသော အဒေါ်ကြီး နှင့် သမီးပျိုများ ရှိ ရာ သို့ တစ်ချက် ကြည့် လိုက်ပြီး လျှင် ကုန်းပေါင် ပေါ် မှ အပြေး ဆင်း သွားသည် ။ ဘေး မှ ဝိုင်း ကြည့် နေကြသော ခရီးသည် တို့ သည် အဓိပ္ပာယ် ပေါက် ကာ အဒေါ်ကြီး သားအမိ ကို ကြည့်လျက် ပြုံးကြရ ကုန်၏ ။ အဒေါ်ကြီး တို့ သားအမိ ကား ဘာမျှ မရိပ်မိရှာလေ …. ။

စည်ပတ်သံများ ဖြင့် ပတ် ထားသော အလွန် ကြီးမားသည့် အထုပ်ကြီး တစ်ခု ကို သင်္ဘော ဝမ်း ထဲ မှ ကုန်းပတ် ပေါ် သို့ တင် လိုက်ကြသည် ။ ထို အထုပ်ကြီး သည် ထမ်း သွား၍ ရယူနိုင် ဖွယ် မရှိ ။ ထို့ကြောင့် သူကလေး တို့ ကိုယ်တိုင် လှိမ့် ယူ သွားကြကုန်သည် ။ အလွန် လျင်မြန် ကြ၏ ။

“ မောင်တို့လေ ”

“ ဟိတ် .. ကေ့ ”

“ တွယ်လိပ်စို့ ”

“ ဘ - တွယ်လိပ်စို့ ”

“ ကျိတ်ကာတွယ် ”

“ ဘ - ကျိတ်ကာတွယ် ”

“ တွယ်ကာယူ ”

“ ဘ - တွယ်ကာယူ ”

“ မိုးဟေ့ ...  ဆော် ...  ”

“ လေ ဟေ့ ...  ဆော် ...  ”

“ အား နဲ့ ကျိတ်ရင် - ခံနိုင်ရိုးလား ”

“ အား နဲ့ ကျိတ်ရင် - ခံနိုင်ရိုးလား ”

“ ဇွဲ နဲ့ ကျိတ်ရင် - ခံနိုင်ရိုးလား ”

“ ဇွဲ နဲ့ ကျိတ်ရင် - ခံနိုင်ရိုးလား...  ”

ဟုတ်ပါသည် ။ သူကလေး တို့ ၏ တိုင်သံ အတိုင်းပင် ဖြစ် ပါသည် ။ သူကလေး တို့ ၏ လုပ်အား ၊ သူကလေး တို့ ၏ ဇွဲသည် ဤမျှ ကြီးမားလှသော အထုပ်ကြီး ကို စည်းဝါးကျကျ မြောက်ခနဲ မြောက်ခနဲ ရွေ့ ပါ စေလျက် ကမ်း ပေါ် သို့ ရောက်ရှိ သွားရလေပြီ ။

သူကလေး တို့ သည် အနား မယူကြ ။ ချက်ချင်း ပြေးဆင်း လာကြ ပြန်၏ ။

“ ကုန်ခါနီးပဟေ့ ... ကျိတ်လိပ်ကြဦးစို့  ”

သူကလေး တို့ သည် အော်ဟစ် အားပေးကြရင်း အားတက်သရော လုပ် နေကြ၏ ။ သူကလေး တို့ ၏ လူအုပ် ထဲ ၌ “ ပုလင်းမောင် ” သည် အတော် အခြေအနေ ဆိုး နေပုံ ရသည် ။ သူ သည် တအော့အော့ နှင့် ဖြစ်နေရုံ မျှ မက သူ ၏ လက်များ မှာ တစ်စုံတစ်ခု မထိ မကိုင်ရ သေးမီ တုန် နေ၏ ။

ထို့ကြောင့် သူကလေး တို့ ကလည်း ပုလင်းမောင် ကို မှ ပို၍ လေးပင် သော အရာများ ကို ပင့်တင် ပေးသည် ။

နှာခေါင်း ချွန်ချွန် ၊ ပါးရိုး ချွန်ချွန် ၊ မေးစေ့ ချွန်ချွန် နှင့် ပုလင်းမောင် က လည်း ခေသူ မဟုတ် ၊ အလျှော့ ပေးရမည် ကို ထမ်းပိုးရခြင်း ထက် ဝန်လေး ဟန် ရှိသော မျက်နှာထား နှင့် မကျေမချမ်း ကြည့် ကာ သယ်ပိုး သွားခဲ့သည် ချည်း သာ ဖြစ်သည် ။

ဒါကိုပင် သူကလေးတို့ က လည်း သဘော တွေ့  ကာ ပျော် တပြုံးပြုံး ဖြင့် ရွှင်နေကြသည် ။

“ တစ်လုံးတယ်မို့ မလိမ်ဘောင် ... ”

“ တီ .. စိန်အောင်ကြည် နဲ့ သိမ်းလိပ်ကြစို့ ”

မြောက်ခနဲ ကုန်ထုပ် တစ်ခု ပါ သွားသည် ။ နောက် ၃ ခု ခန့် ကျန် သေး၏ ။

“ အသာနေ ၊ အသာနေ ” ဟု ပြောရင်း အလေးဆုံး ကို ရွေးချယ် ထား၏ ။

“ တစ်လုံးတယ်မို့ မလိမ်ဘောင် …. ”

“ ဘ ၊ ပုလင်းမောင် နဲ့ သိမ်းလိပ်ကြစို့ ”

ပုလင်းမောင် သည် သူကလေးများ ကို မျက်စောင်း ထိုးပြီးနောက် ခပ်တောင့်တောင့် ထမ်းကာ ကုန်းပေါင် ပေါ် မှ အပြေး ဆင်းသွား၏ ။

“ ဟယ် …. ” ဟူသော အသံ နှင့် အတူ ကိုပုလင်းမောင် သည် ကုန်းပေါင် ပေါ် မှ တလိမ့်ခေါက်ကွေး ကျ သွားသည် ။

ကြည့်နေသူများ သည် အပြေးအလွှား ကုန်းပေါင်ထိပ် ရှိရာ သို့ ရပ် လိုက်ကြသည် ။

မိန်းမပျိုငယ် ၃ - ၄ ယောက် တို့ သည် ရေ ထဲ သို့ ခုန် ဆင်း လိုက်ကြ၏ ။

မိန်းမပျို ၃ ယောက် တို့ သည် ကုန်ပစ္စည်း ကို ဆွဲတင် နေသော အချိန်၌ မိန်းမပျို တစ်ယောက် သည် ပုလင်းမောင် ကို ပွေ့၍ လာသည် ။

မိန်းမပျို ပုလင်းမောင် ကို ပွေ့ ၍ တက် လာပုံ မှာ ရှေးခေတ် ပဉ္စမတန်း ဖတ်စာအုပ် ထဲ ၌ ဆရာကြီး ဦးဘအုန်း ရေးဆွဲ သွားသော မေခလာ နတ်သမီး ဇနကမင်းသား အား ပွေ့လာဘိ သို့ တောင့်တင်းသော အသွင်အပြင် ရှိ လှသည် ။

မိန်းမပျို ၏ မျက်နှာ ၌ စိုးရိမ်စိတ် လွှမ်းမိုး နေ၏ ။

လက် ထဲ တွင် မလှုပ်မယှက် ပါ လာသော ပုယင်းမောင် ကို ငုံ့ ကြည့် ရင်း နှုတ်ခမ်းကလေးများ တဆတ်ဆတ် တုန် နေ၏ ။

“ ဟဲ့ .. ဘယ် ထိသွားလဲဟဲ့ ” ဟု ဝိုင်း မေးကြသော အခါ စကားတစ်ခွန်းမျှ ပြန် မပြောနိုင်ဘဲ မေးကြသူများ ကို သာ မျက်လုံးကြီး အကြောင်သား နှင့် ကြည့် နေ၏ ။

ထို့နောက် ကမ်းစပ် တစ်နေရာ တွင် ချ ပြီး လျှင် အဖော် ယောက်ျား မိန်းမများ က တစ်ကိုယ်လုံး ကို လှန်လှော လျက် ဒဏ်ရာရှာ ကြ၏ ။

“ ဟဲ့ … ဘယ်မှ မထိပါဘူး ၊ ချိုစောင်း မှာ နည်းနည်း ဖု လာတာပါပဲ ၊ ကိစ္စ မရှိပါဘူးဟဲ့ … ”

အတူ အလုပ် လုပ်ဖော် ယောက်ျားကြီး တစ်ယောက် က ပြော လိုက်သည် ။

ထိုအတွင်း သူကလေး တို့သည် ရှဲခနဲ ဖယ်ပေး လိုက်ကြ၏ ။

မိန်းမကြီး တစ်ယောက် အနား သို့ လာ ရပ်သည် ။

“ ဘာဖြစ်ကြတာတုံး ”

“ လိပ်ကျလို့ဆင့် ”

“ ကုန်တွေကော … ”

“ ကျွန်မတို့ ချက်ချင်း လိုက်ဆယ်ဒယ်ဆင့် ၊ ရေတောင် ကောင်းကောင်း မစိုပါဘူး ”

“ အေး … သူ သေဒါ ကိစ္စ မရှိဘူး ၊ ကုန်တွေ ရေစိုရင် လျော်ရမှာ ၊ အခု ဘာပြု သွားလဲ ”

“ ဒဏ်ရာ တော့ မဆိဘူးဆင့် ၊ သတိ မရတာ တစ်ခုပဲ ”

“ အေး .. သူ့လဲ သတိရ အောင် လုပ် ၊ ကျန်တဲ့ ကုန်တွေ လဲ ပြီးအောင် ချ ...  ”

မိန်းမကြီး ထွက် သွားသည် ။ သူကလေး တို့ ငြိမ် နေကြ၏ ။ တုတ်တုတ်မျှ မလှုပ်ကြ ။

ထို့နောက် အလျှိုအလျှို ထ သွားကြ၏ ။ မိန်းကလေး ၃ ယောက်ခန့် သာ ကျန်ရစ် ခဲ့ကြသည် ။ မိန်းကလေး တစ်ယောက် သည် ချွန်သော ပါးရိုး ပေါ် တွင် အနည်းငယ် ပွန်းသွားဟန် ရှိသော လူနာ ၏ မျက်နှာ ကို ကြည့် ရင်း ပြောသည် ။

“ သူ့ ခမျာ မသောက်ရ လို့ တုန် နေပြီ ၊ တို့ က ပုလင်း ဖွက် ထားလို့ ဒီလို ဖြစ်ရတာ ၊ ပြီးတော့ လည်း သူ့ ကို မှ အလေးကြီး … အလေးကြီး ”

ပွေ့ ထားသော မိန်းကလေး သည် မျက်ရည် ရစ်ဝဲသော မျက်လုံး ဖြင့် ငုံ့ ကြည့် လိုက် ပြန်သည် ။

“ အေး - အေ … သူ့ ပုလင်း ယူခဲ့ပါ ၊ ငါ အဲဟို ဆိုင် ထဲ ကို သွားမယ် ”

မိန်းမပျို သည် ပုလင်းမောင် အား ပွေ့လျက် လက်ဖက်ရည် ထမင်းများ ရောင်းသော ကနားဖျင်း တဲကလေး တစ်ခု ဆီ သို့ သွားသည် ။

ထို့နောက် အဖော် ဖြစ်သူ ယူ လာ သော ပုလင်း ထဲမှ အရက်များ ကို ပါးစပ် ထဲ သို့ တဖြည်းဖြည်း လောင်း ထည့် သည် ။

ပုလင်းမောင် သည် သတိ မရသေး ။ သို့သော် လောင်းထည့် လိုက်သမျှ အရက်များ ကို မူကား မျိုချ လျက် ရှိသည် ။ ဤတွင် ဘေး မှ အဖော် က ပြော လိုက်၏ ။

“ ဟဲ့ .. နင့် လူ က သတိ သာ မရသေးတယ် ၊ အရက် တော့ မျိုချ နေပါလားဟဲ့ ”

ပုလင်းမောင် သည် ပြုံး၍ လာလေပြီ ။

“ ကာလနာ … သေနာကျ ၊ သူများ ဖြင့် အဟုတ် အောက်မေ့လို့ ကဲ …”

ပွေ့ ထားသော မိန်းမပျို သည် ပုလင်းမောင် ၏ ရင်ဘတ် ကို အုန်းခနဲ မြည်အောင် ထု ရင်း အပြင်ဘက် သို့ ထွက်သွား ပါလေသည် ။

သူတို့ နှစ်ယောက် ကား သွေးသား မတော်စပ် ကြသေးသည့် အပျို ၊ လူပျိုများ သာ တည်း ။

◾ရန်ကုန်ဘဆွေ
    ( စံနက်ကျော် အမည် ဖြင့် )

📖 မြဝတီ ၊ ၆ / ၇
      မေလ ၊ ၁၉၅၈ - ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment