Tuesday, June 4, 2024

မကောင်းကြံ


 

❝ မကောင်းကြံ ❞

တစ်ခါတုန်း က ရွာ တစ်ရွာ မှာ ဆင်းရဲနွမ်းပါးတဲ့ မိန်းမကြီး တစ်ယောက် ရှိ သတဲ့ ။ အဲဒီ မိန်းမကြီးရဲ့ သား လေးယောက် ကတော့ အကြီးဆုံး တစ်ယောက် သာ လူသား ပကတိ ဖြစ်ပြီး ဒုတိယ သားလေး က ကျားလေး ဖြစ်တယ် ။ တတိယ ဖြစ်တဲ့ သား က မိချောင်း ၊ စတုတ္ထ အထွေးဆုံးသားလေး က တော့ ဂျိုးငှက်ကလေး တဲ့ ကွယ် ။

အဲဒီ ညီအစ်ကို လေးယောက် အရွယ် ရောက်လာတဲ့ အခါ ကျတော့ ဇာတိချင်း မတူကြ တဲ့ အတွက် လူသားလေး ဟာ အမေကြီး နဲ့ နေထိုင်ပြီး ကျန်တဲ့ ကျား ၊ မိချောင်း နဲ့ ဂျိုးလေး ဟာ တခြား ကို ထွက်သွားကြ သတဲ့ ။

ကျား က တော့ တော ထဲ မှာ ပျော်မွေ့ကျက်စား နေတယ် ။ မိချောင်း က တော့ ပင်လယ် ထဲ မှာ နေပြီး ဂျိုးလေး က တော့ ကောင်းကင် ထဲ မှာ ပျံသန်းပျော်မြူး နေတာပေါ့ ။

တစ်နေ့ တော့ အစ်ကို ဖြစ်တဲ့ အဲဒီ လူသားလေး က သူ့ ညီ ၊ ကျား တို့ ၊ မိချောင်း တို့ ၊ ဂျိုး ငှက်ကလေး တို့ တစ်တွေ ကို အောက်မေ့ သတိရတာ နဲ့ တစ်ယောက် ထဲ ပင်လယ်ကမ်းခြေ မှာ သွားပြီး တော့ တမ်းတငေးမော နေရှာ သတဲ့ ။ အဲဒီ ပင်လယ်ကမ်းခြေ ဟာ လည်း ကျောက်တောင် တွေ ၊ သဲတောင် တွေ နဲ့ သိပ် လွမ်းဖို့ ကောင်း သတဲ့ ။ ဒီလို ငေးမော တမ်းတ နေပေမယ့် သူ့ ညီတွေ နဲ့ ဟာ အရိပ်ရောင်လေး တောင် မတွေ့ခဲ့ရဘဲ အချိန် ကုန်ခဲ့တာ နဲ့ အိမ် ပြန်မယ်လို့ အပြု မှာ သူ့ နောက် ကျောက်ဆောင်တွေ ဆီ က သီချင်း ဆိုသံ ဟာ တဖြည်းဖြည်း နဲ့ နီး နီးလာပြီး သီချင်း လည်း တိတ် ၊ ခဏလောက် ကြာ တော့ သိပ်ပြီး လှပတဲ့ နတ်သမီးလေးတွေ ကို တွေ့ တော့ နှစ်သက်မြတ်နိုး မိ သတဲ့ ။

ဒီတော့ လူသားလေး က နတ်သမီး ညီမ အထွေးလေး ကို ချစ်တယ် ဆိုတဲ့ အကြောင်း ပြော တော့ အကြီးဆုံး ဖြစ်တဲ့ အမ နတ်သမီး က “ ဒါဖြင့် ဒို့ လေးယောက် လုံး ပုန်းနေမယ် ။ မောင်လေး က လိုက်ပေါ့ ။ မိတဲ့ လူ ကို ကြင်ယာတော် အဖြစ် အသိအမှတ် ပြုပေါ့ ” လို့ ပြောလိုက် တော့ လူသားလေး က လည်း သဘော တူပြီး ကျန်တဲ့ နတ်သမီးလေး သုံးယောက် ကလည်း သဘောတူ ကြ သတဲ့ ။

ဒါနဲ့ နတ်သမီး လေးယောက် ဟာ လူသားလေး ကို သစ္စာ ဆိုပြီး မကြည့်စေဘဲ မျက်စိ မှိတ် ထားစေ သတဲ့ ။ ဒီတော့မှ နတ်သမီးလေးတွေ က တစ်ယောက် တစ်နေရာ စီ ပုန်းနေကြ သတဲ့ ။ တစ်ခဏ လောက် လည်း ကြာ ရော “ တူပြီ ” လို့ ပြိုင်တူ အော် လိုက်တဲ့ နတ်သမီးလေး တွေ ရဲ့ အသံ ကို ကြားတော့ လူသားလေး ဟာ လိုက် ရှာပါရော တဲ့ ။ ဒီလိုနဲ့ လိုက်ရှာ လိုက်တာ တော်တော် လည်းကြာရော ပင်လယ်ကမ်းခြေ နဲ့ မနီးမဝေး က ကျောက်တောင်ခေါင်း ထဲ ကို ရောက်သွား တော့ အထဲ ဝင် ကြည့်တဲ့ အခါမှာ အငယ်ဆုံး အထွေးဆုံး ဖြစ်တဲ့ နတ်သမီးအငယ်လေး ကို သွား တွေ့ သတဲ့ ။ ဒီတော့ လူသားလေး က “ မိပြီ မိပြီ ” လို့ အော်တော့ အမ ဖြစ်တဲ့ နတ်သမီးလေးတွေ ဟာ အနား ကို လာ ကြပြီး သူတို့ညီမ အထွေးဆုံးလေး ကို လူသားလေး ထံ ကြင်ယာ အဖြစ် အပ်နှင်း လိုက် သတဲ့ ။ ဒါနဲ့ လူသားလေး နဲ့ နတ်သမီးလေး တို့ ဟာ သူတို့ အမ ဖြစ်တဲ့ နတ်သမီးများ ကို နှုတ်ဆက် ပြီး လူသားလေး က နတ်သမီးလေး ကို အိမ်ခေါ် သွား သတဲ့ ။ အိမ် လည်း ရောက် ရော လူသားလေး က သူ့ အမေ ကို အကြောင်းစုံ ပြော ပြတော့ အမေကြီး က လည်း အလွန် လှပတဲ့ နတ်သမီးလေး ကို သဘောကျ မြတ်နိုး သတဲ့ ။

ဒီလိုနဲ့ နတ်သမီးလေး ရဲ့ လှပတဲ့ သတင်း ဟာ ရွာနီးချုပ်စပ် ဟိုးဟိုးကျော် သိကုန်ရုံ တင် မကဘဲ ဘုရင်ကြီး ရဲ့နား ကို ပေါက်ကြား သွားတော့ နတ်သမီးလေး ကို အလွန်တရာ မှ လိုချင် တာ နဲ့ သူ့ ရဲ့ ခင်ပွန်း ကို မကောင်းကြံ ပြီး အမိန့် ထုတ်လိုက် သတဲ့ ။ “ မောင်မင်း ... ငါတို့ ပင်လယ် ထဲ ကို ရွှေဖလား တစ်လုံး မျှော လိုက်မယ် ။ အဲဒီလို မျှော ပြီး လို့ မြုပ်သွားတဲ့ အခါ ရေ ထဲ က ရွှေဖလား ကို ပြန် ရအောင် ယူ ပေးရမယ် ။ မယူပေး နိုင်ရင် အသင့် အသက် ကို သတ်စေ ” လို့ ဘုရင်ကြီး က အမိန့် ထုတ် လိုက် သတဲ့ ။ ဒါနဲ့ လူသားလေး ဟာ သူ့ ကြင်ယာတော် နတ်သမီးလေး ကို အိမ် ရောက် လို့ ပြန် ပြောတဲ့ အခါမှာ နတ်သမီးကလေး က “ညီတော် မိချောင်း ရှိတယ် မဟုတ်လား ။ သူ့ ကို ခေါ်ပြီး ယူခိုင်းပေါ့ ” လို့ ပြောတော့ လူသားလေး က သစ္စာ ဆိုပြီး ညီတော် မိချောင်း ကို ခေါ်စေ သတဲ့ ။ ဒီတော့ ညီတော် မိချောင်း ဟာ ပင်လယ်ကမ်းစပ် ကို ဦးတိုက် လာပြီး နောင်တော် ဘာများ အလို ရှိပါသလဲ လို့ ပြောတော့ အစ်ကို ဖြစ်သူ လူသားလေးက ဘုရင် မျှော တဲ့ ရွှေဖလား ပင်လယ် ရေအောက် က နောင်တော့် ဆီ ကို ယူခဲ့စမ်းပါ လို့ သစ္စာ ဆိုပြီး ခိုင်းလိုက် သတဲ့ ။ ဒါနဲ့ပဲ မိချောင်းလေး ဟာ နောင်တော် ဖြစ်တဲ့ လူသားလေး ရဲ့ စကား ကို ကြားသိ ရပြီး ရွှေဖလား ကို သွား ယူပြီး နောင်တော့် ဆီ ကို ပေးလိုက် သတဲ့ ။

လူသားလေး ဟာ လည်း ရွှေဖလားကြီး လည်း ရရော ဘုရင်ကြီး ဆီ ကို သွား ဆက်သ ပေး သတဲ့ ။ ဘုရင် က လည်း ဒီ တစ်နည်း မအောင်မြင်တာ နဲ့ နောက် တစ်နည်း ထပ်မံပြီး ပြုလုပ် ပြန်စေ သတဲ့ ။ အဲဒီ နည်း ကလည်း “ တော ထဲ က ကျားသားပေါက်ကလေး ကို ဖမ်းပြီး လာ ဆက်ရ မယ် ။ မဆက်နိုင် ရင် သတ်စေ ” လို့ အမိန့် ထုတ် လိုက်ပြန်သတဲ့ ။ ဒီတော့ လူသားလေး က လည်း စိတ်ညစ်ညစ် နဲ့ အိမ်ပြန် လာခဲ့ပြီး သူ့ ကြင်ယာတော် ကို ပြောပြန် သတဲ့ ။ အဲဒီ အခါမှာ ကြင်ယာတော် က “ ညီတော် ကျား ရှိသားပဲ ။ သစ္စာ ဆိုပြီး ခေါ်ပါလား ” လို့ ပြောသေး သတဲ့ ။ ဒါနဲ့ လူသားလေး က ညီတော် ဖြစ်တဲ့ ကျား ကို တောစပ် က သစ္စာ ဆိုပြီး ခေါ် သတဲ့ ။ ညီတော် ဖြစ်တဲ့ ကျား က လည်း တောစပ်လည်း ရောက် လာရော လူသားလေး က အကျိုးအကြောင်း ပြော ပြတော့ ညီတော် ဖြစ်တဲ့ ကျား က တော ထဲ ထွက် သွားပြီး ကျားသားပေါက်ကလေး ကို ချီလာ သတဲ့ ။ တောစပ် လည်း ရောက်ရော နောင်တော် လူသား ကို ပေးလိုက် သတဲ့ ။ ဒီတော့ လူသားလေး က ဘုရင့် ထံ ဖမ်းပြီး သွားဆက် သတဲ့ ။ ဘုရင် က လည်း အင်မတန် မှ ယုတ်မာကြမ်းတမ်းစွာ နဲ့ နောက် နည်း တစ်နည်း ကို ထပ်မံပြီး ပြုလုပ်ပြန်သေး သတဲ့ ။ အဲဒီ နည်း ကတော့ လယ်ကွင်း ထဲမှာ နှမ်းတွေ ကို ပြည့် အောင် ကြဲထားပြီး တစ်နေ့ နဲ့ အကုန် အဲဒီနှမ်းတွေ ကို တစ်စေ့ မကျန် ကောက် ပစ်ရမယ် ။ ကျန် ရင် သ,တ်ပစ်မယ် လို့ ပြော ပြန်တော့ လူသားလေး ဟာ အိမ် ကို ပြန်လာ ပြီး သူ့ ကြင်ယာတော် ကို အကူအညီ တောင်းပြန် သတဲ့ ။ဒီတော့ ကြင်ယာတော် နတ်သမီးကလေး က “ ညီတော် ဂျိုးငှက်ကလေး ရှိသားပဲ သစ္စာ ဆိုပြီး ခေါ်ပါလား ” လို့ ပြောတော့ နောင်တော် ဖြစ်တဲ့ လူသားလေးက ဂျိုးငှက်ကလေး ကို သစ္စာ ဆို ခေါ်  လိုက် လို့ ဂျိုးငှက်ကလေး အနား ရောက် လာတာ နဲ့ နောင်တော် လူသားလေး က “ မင်း အဖော် များစွာ နဲ့ အဲဒီ နှမ်းတွေ ကို တစ်စေ့ မကျန် လာပြီး တော့ စားသောက်ပါ ” လို့ ဆိုတော့ ညီတော် ဂျိုးငှက်ကလေး ဟာ မိတ်ဆွေ အဖော် ဂျိုးငှက်တွေ နဲ့ လာပြီး တစ်စေ့ မကျန် တစ်နေ့ ထဲ စား ပစ်ပါလေရော တဲ့ ။ ဒီတော့ ဘုရင် က လည်း အကြံရ ကြပ် ပြီး နောက် တစ်နည်း ကို ထပ် အမိန့် ပေးပြန်သေး သတဲ့ ။ အဲဒီ နည်း က တော့ “ ကြံကြံဖန်ဖန် ကို ယူခဲ့ ။ မယူခဲ့နိုင်ရင် သ,တ်ပစ်ရမယ် ” လို့ အမိန့် ပေးတော့ လူသားလေး က ဒီ တစ်ခါတော့ ငါ့ ကို ကူညီမယ့် ညီတော်တွေ လည်း မရှိတော့ဘူး လို့ ဆိုပြီး စိတ် အညစ်ကြီး ညစ်ပြီး အိမ်ပြန် လာ သတဲ့ ။ အိမ် ကျ တော့ သူ့ ကြင်ယာတော် နတ်သမီး ကို အကူအညီ တောင်း ပြန်တော့ နတ်သမီးကလေး က “ ကဲ ဒီလောက် သစ္စာ မရှိတဲ့ ဘုရင် အတွက် မီးထွန်း ထားတဲ့ ဖယောင်းတိုင် ကို ယူခဲ့ပါ ” လို့ ဆိုတာ နဲ့ ခင်ပွန်းသည် လူသားလေး က ယူ သွားတော့ နတ်သမီးလေး ဟာ အမတော်တွေ ကို တ ပြီး သစ္စာ ဆို သတဲ့ ။ တစ်ခဏ လောက် လည်း ကြာ ရော အဲဒီ မီး ထွန်းထား တဲ့ ဖယောင်းတိုင်လေး ဟာ လှောင်ချိုင့်လေး နဲ့ လှောင် ထားတဲ့ ငှက်ကလေး ဖြစ်သွား သတဲ့ ။ အဲဒီ ငှက်ကလေး ဟာ ပါးစပ် က “ ကြံကြံဖန်ဖန် ” လို့ အော်မြည် နေ သတဲ့ ကွယ် ။

ဒီတော့ လူသားလေး ဟာ ဘုရင့် နန်းတော် မှာ သွားပြီး ဘုရင့် ထံ ကို ပေးစေ သတဲ့ ။ ငှက်ကလေး ဟာ လည်း လှောင်ချိုင့် ထဲ က “ ကြံကြံဖန်ဖန် ” လို့ ထပ်တလဲလဲ အော်မြည် နေ သတဲ့ ။ ဘုရင် က လည်း အံ့အား သင့်ပြီး ငေးမော နေတုန်း မှာ လူသားလေး ဟာ နန်းတော် ထဲ က ထွက် လာသတဲ့ ...  ။ အဲဒီလို လူသားလေး နန်းတော် ထဲ က အပြင် ရောက်ပြီး ခဏ ကြာ တော့ နတ်သမီးလေး ဖန်ဆင်း ထား တဲ့ ငှက်ကလေး ဘဝ က ပျောက်ကွယ် သွားပြီး မီးထွန်း ပြီး သား ဖယောင်းတိုင်လေး က မီးစွဲလောင် တာ နဲ့ ဘုရင့် နန်းတော် ပြဿဒ်ကြီး တစ်ခု လုံး မီးလောင် ပြာ ကျ သွားပါရောတဲ့ ကွယ် ။

◾မောင်ယဉ်ထွေး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment