❝ တဲ့ ... တောက် ❞
ကိုတောက်ထိန် စင်မြင့် ပေါ် သို့ တက် လာသည့် ဟန်ပန် အမူအရာ ကို ပရိသတ်များ က ရင် ထဲ မှာ ကျိတ်၍ ခိုက် နေကြသည် ။ ကိုတောက်ထိန် စကား တစ်ခွန်း မှ မပြောရ သေးဘူး ၊ အမူအရာ နှင့် ပင် ခန်းမ တစ်ခုလုံး ကို လွှမ်းမိုး ထားသည် ။
“ ဖြောင်း ဖြောင်း ဖြောင်း ”
လက်ခုပ်သံများ ကြားသည် နှင့် ကိုတောက်ထိန် ဒေါသ ရိပ် သန်း လာသည် ။ မျက်နှာ တစ်ပြင်လုံး နီရဲလျက် ပတ်ဝန်းကျင် ကို ဖျတ်ခနဲ အကဲခတ် လိုက်သည် ။
“ ခင်ဗျားတို့ သတိလက်လွတ် အရမ်း လုပ်တယ် ... ခု အချိန်ဟာ ဘယ်အချိန် ဆိုတာ ခင်ဗျား တို့ သတိ ထားဖို့ တော့ လိုတယ် ... ရန်သူတွေ ပတ်လည် ဝိုင်း နေတဲ့ အချိန် မှာ ခင်ဗျား တို့ လက်ခုပ်သံ ဟာ ရန်သူ ကို လမ်းပြ ပေးသလို ဖြစ်နေတယ် ”
ပရိသတ်များ ငြိမ်သက် သွားကြသည် ။ အပ် ကျသံ ပင် မ ကြားရတော့ ။ တက်တက်ကြွ ကြွ လက်ခုပ် တီးမိသည့် ကိုတောက်ဝင်း က သူ့ ဇနီး ဖြစ်သူ အား တိုးတိုးလေး ပြောလိုက်သည် ။
“ သူများ တွေ လက်ခုပ် တီး ရင် မှို ရတဲ့ မျက်နှာ နဲ့ ... သူ့ ကျတော့ တစ်မျိုးပါလား ”
“ လူကြီး ပီသ တာ နေမှာ ပေါ့ ယောက်ျား ရယ် ”
အောင်မြင်ခံ့ညား သော ကို တောက်ထိန် ၏ အသံ ထွက်လာသည် ။
“ ကျုပ်တို့ မျိုးနွယ်စု ဟာ မဟာ အင်အားကြီး မျိုးနွယ် က ဆင်းသက် လာကြသူတွေဖြစ် ပါ တယ် ... အသင်းအဖွဲ့ လိုက် စည်းလုံးညီညွတ်စွာ နဲ့ .. ”
ကိုတောက်ထိန် သူ့ စကား ကို ထောက်ခံ ၊ မထောက်ခံ အကဲခတ် လိုက်သည် ။
“ နှစ်ပေါင်း သန်းချီတယ် ဆို တာ ဟုတ်ပါ့မလား ... တို့ တွေကို အတည်ပေါက် နဲ့ ဖြီး နေတာ များ လား ”
“ လူကြီးစကား ကို သုံး နဲ့ စားလို့ အဖေ မသေမီ က ပြောသွား ဖူးတယ် ”
ပရိသတ် ထဲ မှ တီးတိုး အသံ ။
ကိုတောက်ထိန် သူ့ စကား ကို သူ အားပေးလျက် ဆက် ပြောသည် ။
“ ဘာကြောင့် ကျုပ်တို့ မျိုးနွယ်စုတွေ သေးကွေး ပိန်လှီ သွားသလဲ ခင်ဗျားတို့ သိလား ... အဓိက က ကျုပ်တို့ မျိုးနွယ် စုတွေ လူတော မတိုးတာပဲ ... ချောင် တစ်ချောင် မှာ ငိုက်မျဉ်းမယ် ... ကိုယ် ဘာကောင် ဖြစ်တယ် ဆိုတာကို ချောင် တစ်ချောင် ထဲ က နေ အော်ဟစ် ပြမယ် ... ဝါကြွားမယ် ... အဲဒါကြောင့် ဆန့်ကျင်ဘက် မျိုးနွယ်စု တွေ က မသိကျိုးကျွန် ပြုခြင်း ကို ခံ ရတာပဲ ... ဘယ် အမျိုးအနွယ် မှ ကိုယ် ဘာကောင် ဖြစ်တယ် ဆိုတာ ကို မအော် ဘူး ... ဘယ်လောက် ရှက်စရာ ကောင်းလဲ ”
ကိုတောက်ထိန် ၏ စကား ကို ထောက်ခံသူ အချို့ ၏ စကားသံ အနည်းငယ် ထွက်လာသည် ။
“ စကားလုံးတွေ က ဝါးပိုးလုံး ကို ဝက်ဆီ သုတ် ထား သလို ပြောင် နေတာပဲ ”
“ စကားလုံး ပြောင်ဖို့ က အဓိက မကျဘူးကွ ... ရည်ရွယ်ချက် ကောင်းဖို့ ပဲ လိုတယ် ”
ကိုတောက်ထိန် ချောင်း တစ်ချက် ဟန့်ပြီး ဆက် ပြောသည် ။
“ ခု အချိန်ဟာ ဘေးကျပ်နံကျပ် အချိန် စည်းစည်းလုံးလုံး နဲ့ အဖြေ တစ်ခု ပဲ ရှာဖို့ လိုတယ် ... ကျုပ်တို့ မြို့နံ့ မရတာ ကြာပြီ ... တိုက်တာ အဆောက်အအုံတွေ များ လာ လေ ကျုပ်တို့ ၊ ခင်ဗျား တို့ နေစရာ ကျပ် လာ လေပဲ ... မြို့ပြင် မှာ စုပေါင်း နေထိုင် တော့ လည်း ခု ပြဿနာ က တက် လာပြီ ... အဲဒီ ပြဿနာ ကို ခင်ဗျားတို့ သိလား ... ငယ်ရွယ်နုပျိုသူ တွေ ခု အချိန်မှာ အန္တရာယ် မရှိ ဘူး ၊ သက်ကြီးရွယ်အို တွေ အန္တရာယ် ကျရောက် လာပြီ ”
“ ဘာ အန္တရာယ်လဲ ... မောင်တောက်ထိန် ”
ကိုတောက်ထိန် ဒေါသသံ ကို အရှိန် မြှင့် လိုက်သည် ။
“ ဘာ အန္တရာယ် လဲ .. ဟုတ်လား ... ခင်ဗျားတို့ အသက်တွေ သာ ကြီးသွားတာ ဉာဏ်ရည် တွေ က ကြီးထွား မလာဘူး ... ခင်ဗျား တို့ လက် တစ်ကမ်း မှာ ကြီးမားသော အန္တရာယ် က လက်ယပ် လှမ်း ခေါ်နေပြီ ... ခင်ဗျားတို့ အသက်တွေ ကို ငွေကြေး နဲ့ တိုင်းတာပြီး သ,တ်ကြတော့မယ် ... ကျုပ်တို့ မျိုးနွယ်စုတွေ ကွယ်ပျောက် တော့မယ် ”
“ အဲဒီ အန္တရာယ် က ဘာလဲ ... အဲဒါပဲ သိချင်တယ် ”
လူငယ်များ ၏ တစ်ပြိုင်တည်း ထွက်လာသော အသံ ။
“ ပြောမယ် ... အဲဒီ အန္တရာယ် ကို ပြောမယ် ... ကိုယ့် ကိုယ် ကိုယ် နှစ်ဆယ့်ငါးကျပ်သား နဲ့ သုံးဆယ်သား ရှိမယ် ဆိုရင် ရှေ့ ကို ထွက် ”
ကိုယ်ခန္ဓာ ကို ကိုယ့် ဘာသာ ကိုယ် ချိန်ဆ ပြီး ရှေ့သို့ အလျှိုလျှို ထွက် လာကြတဲ့ မျက်နှာများ ကား မကောင်း ။ ကိုတောက်ထိန် ၏ အန္တရာယ် အဖြေ ကို သာ ရင် တမမနှင့် နားစွင့် နေကြ၏ ။ အောင်မြင်ပြတ်သား သော ကိုတောက်ထိန် ၏ အသံ ။
“ အစိတ်သား ရှိရင် သုံးသိန်း ... သုံးဆယ်သား ရှိရင် ငါးသိန်း ... လူတွေ က ခင်ဗျားတို့ ကို လိုက် ဖမ်း နေကြပြီ ... သူတို့ ခေါင်းစဉ် က တော့ ဆေး ဖော်မှာ တဲ့ ... အဲဒါ ကျုပ် ပြောမယ့် အန္တရာယ်ပဲ ”
“ တို့ တွေ က ခုမှ အရေးပေါ် ဆေးဖက် ဝင်ရလားကွ ... အစဉ်အဆက် ဘာ ဆေးဖက်မှ မဝင်ခဲ့ ဘဲနဲ့ ”
တစ်ယောက် တစ်ပေါက် ပြောကြ ကုန်၏ ။
“ တစ်ယောက် တစ်ပေါက် ပြော မနေကြနဲ့ ... အချိန် မရှိဘူး ၊ ကျုပ်တို့ ဘိုးဘေးဘီဘင် လက်ထက် က သမားရိုးကျ အော် လာခဲ့တဲ့ အသံ က ဘာလဲ ”
အားလုံး ပြိုင်တူ ထ အော် လိုက်ကြ၏ ။
“ တောက်တဲ့ .. တောက်တဲ့ ... တောက်တဲ့ ”
ခန်းမ တစ်ခုလုံး ဟိန်းထွက်သွား၏ ။
“ အေး ... အဲဒီ အသံ ကို ဒီနေ့ ဒီ နေရာ မှာ တင် မြေမြှုပ် သင်္ဂြိုဟ် လိုက်တော့ ”
ဦးဖိုးတောက် ရဲရဲဝံ့ဝံ့ ထ ရပ်လိုက်သည် ။ အားလုံး အံ့အား သင့် သွားကြသည် ။
“ ဒီမှာ မောင်တောက်ထိန် ... တို့ ငယ်ရွယ်စဉ် ကတည်း က ဒီနေ့ အရွယ် ထိ တို့ အော်တဲ့ အသံ ဟာ မိရိုးဖလာ အသံကွ .. မြေမြှုပ် ပစ်ရင် တို့ မှာ အော်စရာ အသံ မရှိတော့ဘူး .. တို့ ဂုဏ်သိက္ခာ ၊ မာန်မာန တွေ ကို ခဝါ ချပြီး တို့ မူရင်း အသံ ကို ပြောင်း မအော်နိုင် ဘူး ... အသေခံမယ် ”
“ ခင်ဗျားတို့ ... အဲဒီ အသံ နဲ့ အော် ရင် လူတွေ ခြေရာခံ မိမှာ မို့ လို့ ပြော နေတာ ... ကျုပ် လူကြီး တစ်ယော က်အနေ နဲ့ တာဝန် ကြီး လို့ ပြောနေတာ ”
ဦးဖိုးတောက် စိတ် မရှည်ဟန် ဖြင့် ...
“ ဒါဖြင့် ..တို့ ဘယ်လို အော် ရမလဲ ... ပြောကွာ ”
“ မိရိုးဖလာ အသံ လည်း မတိမ်ကော အောင် ... ဒီနေ့ က စပြီး ‘ တဲ့ တောက် တဲ့တောက် ... ’ လို့ အော်ရင် လူ တွေ ဘယ်လိုမှ ခြေရာခံ မိမှာ မဟုတ်ဘူး ”
“ ဟုတ်တယ် ... ဟုတ်တယ် ... တို့ လူကြီး ဦးတောက်ထိန် အိုင်ကျူ မြင့်တယ် ...ကျုပ် တိုင် ပေးမယ် ... ခင်ဗျားတို့ လိုက် အော် ”
“ တဲ့ တောက် ”
“ တဲ့ တောက် ”
“ တဲ့ တောက် ”
“ တဲ့ တောက် ”
◾ဗေလုဝ
📖 8 days ဂျာနယ်
ဇွန် ၊ ၂၀၁၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment