◾ဗြာမြီးတို ရောက်လာပြီ
ကြက်သမား တို့ မည်သည် ကြက် အကြောင်း ဆိုလျှင် တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် အင်မတန် ကြားတတ်ကြ ပေရာ ၊ ဖော်ပြပါ ဗြာမြီးတို အကြောင်း ကို ရှေးဦးစွာ ကိုအောင်သိန်း တစ်ယောက် သာ မကတော့ဘဲ ကိုစံမြင့် ၊ ကိုပေါက်စီ ၊ ကိုတင်ရွှေ ၊ ကိုစံလင်း တို့ က ပါ ကြားသိ လာကြသဖြင့် ကျွန်တော့် အား မရ ရအောင် ယူဖို့ တွန်းကြတော့၏ ။
သည်တော့ ကျွန်တော် က “ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲ ဒီ ကြက် တစ်ကိုယ်လုံး အနာတွေ နဲ့ ၊ ရင်ဘတ် မှာ ရော ခြေသန်းတွေ မှာ ရော ၊ ဒူးကောက်ကွေး တွေ မှာ ရော ကဲ တိုက်လို့ ရပါ့မလား ”
“ ဒါတွေ က ကြက် အနား ပေး ထားပြီး ကု ရင် ပျောက်ပါတယ် ဆရာရယ် ”
“ အောင်မလေး ဒါတွေ ကု မရလို့ ဒီနှစ် မတိုက်ရကော ဘာတွေ ဖြစ်သလဲဗျ ၊ သားဖောက် မျိုးယူ ရတာပေါ့ ။ အညာ မှာ ငါးပွဲ တက် လာပြီးသား တဲ့ ၊ ဒီ ကြက်မျိုး က ရခဲဘိခြင်း ”
“ ဆရာ့ ကောင်လေးတွေ ယူ လာတဲ့ အဲဒီ ကြက် သုံးကောင် မှာ အခု ဆရာ့ ဇိမ်းလေး ခွပ်တာ ရော ၊ ဟို ကြက်ဝါလေး ခွပ်တာ ရော ၊ အဲဒီ ဗြာမြီးတို ခွပ် တာ ရော ၊ သုံးကောင်စလုံး မြင်ဖူးတဲ့ အုတ်ကျင်းသားတွေ က ပြောတယ် ၊ ဗြာမြီးတို က အကောင်းဆုံး တဲ့ ကြက်လိမ္မာ ၊ ကြက်ခွပ် သိပ်ပါးတာ ၊ နပ်တာတဲ့ ၊ နို့ပြီး တက်ကျတတ်စူး လည်း သိပ်ကောင်းတာပဲတဲ့ ”
ယင်းသို့ ပြောသား ကောင်းလှကြတော့ ကျွန်တော် က -
“ ကဲ ... ဒီ ဗြာ ကို ကျွန်တော် ရအောင် တော့ ယူပေးမယ် ၊ ဒါပေမယ့် ခု ကျွန်တော့် အိမ် မှာ ဇိမ်းကလေး က ရှိ နေတော့ နှစ်ကောင် ထား လို့ မဖြစ်ဘူး ၊ ဒီတော့ သည် ကြက် ကို ဘယ်သူ့ အိမ် မှာ ထားမလဲ ”
ဤတွင် ကိုကံညွန့် က ကြက်ကောင်း ဆိုလျှင် သူ့ အိမ် မှာ အင်မတန် ထား လိုသည့်အတိုင်း “ ကျွန်တော့် အိမ် မှာ ပဲ ယူ မွေးမယ်ဗျာ ”
“ အေး ... ဒါဖြင့် ကောင်းပြီ ”
ဤ ဗြာမြီးတို ကို ပထမဦးဆုံး တွေ့စဉ်က ကျွန်တော် နည်းနည်းမျှ မလိုချင် ။ ယခု အပေါင်းအသင်းများ က တိုက်တွန်း ကြ သဖြင့် ကျွန်တော် အုတ်ကျင်း သွား ယူတော့မည် ဟု စိတ်ကူးမျှ ထည့်ရုံရှိသေးသည် ။ ကိုယ် နှင့် ထိုက်တန်လေတော့ အလိုလို ဖန်လာပုံ မှာ နောက် တစ်နေ့ ညနေ့ခင်း ၌ မောင်အုန်းကြိုင် နှင့် မောင်ထွန်းအောင် သည် ဗြာမြီးတို ကို ပိုက်လျက် ကျွန်တော့် အိမ် သို့ ရောက်လာကြ တော့သည် ။ သူတို့ သည် မျက်ခွက် မျက်နှာ မကောင်း လှဘဲ မောင်ထွန်းအောင် က -
“ ဦးလေး ၊ ဟို ကြက်ဝါလေး လူ ခိုး သွားပြီဗျ ”
“ ဟေ .. ဟုတ်ရဲ့လား ၊ ည လာ ခိုးတာလား ”
“ ဘယ် ဟုတ်ရမှာလဲဗျာ ၊ နေ့ခင်း မှာ ကျွန်တော်တို့ မရှိတုန်း ကြက် အပြင် ထွက် တော့ ဖမ်း သွားတာ ဖြစ်မှာပဲ ၊ ဒီတော့ အခု ဒီ ဗြာ လည်း အိမ် မှာ မထားရဲတော့ဘူး ၊ ဒါကြောင့် ဦးလေး ဆီ လာ ပို့တာ ”
မောင်အုန်းကြိုင် က လည်း ...
“ ဟုတ်တယ် ဆရာ ၊ ကျွန်တော် လည်း ခရီး ထွက်ရတော့မယ် ၊ ဒီ ကြက် ဆရာ ပဲ ယူထား လိုက်ပါတော့ ”
ယင်းသို့ဖြင့် နောင် တွင် “ သင်းခွေချပ် ” ဟု နာမည် တွင် မည့် ဤ ဗြာမြီးတို သည် ကျွန်တော့် လက် ဝယ် သို့ ရောက်လာခြင်း ပေတည်း ။
ယင်းအချိန် ၌ ဤ ကြက် သည် လွန်ခဲ့သော သီတင်း နှစ်ပတ်ကျော် က ကျွန်တော် ပထမဦးဆုံး အကြိမ် မောင်ထွန်းအောင် အိ မ်၌ တွေ့ရတုန်း က နှင့် မတူတော့ဘဲ အတော် သန့်ပြန့် နေပေပြီ ။ ဒီ နှစ်ဖြင့် မပျောက်တော့ဘူး ထင် ရသော ရင်ဘတ် က သစ်ဆွေးနာကြီး မှာ ( မောင်အုန်းကြိုင် အပြော ) နေ့စဉ် ပျားရည် သုတ်ပေးခြင်း ဖြင့် အနားဖေး ကွာက အသားနု တတ်စ ပြုပြီ ။ ဒူးကောက်ကွေး မနာ တော့ပြီ ။ ကျွန်တော့် တွင် တိုက်ကြက်ဖ ရ လာလျှင် ရောက်သော နေ့ ၊ ခွပ်လက် ချ သော ရက် တိုက်သော အချိန် တို့ ကို မှတ်သားထားလေ့ ရှိသည့် အတိုင်း ထို နေ့ သည် ဖေဖော်ဝါရီလ ၁၂ ရက် ၊ အင်္ဂါနေ့ ဖြစ်သည် ။ ၂၄ ရက် မှာ ယခု ဇူလိုင်လထုတ် သွေးသောက် မဂ္ဂဇင်း တွင် “ ငါးမွှေတိုး ” ဝတ္ထု ၌ ဖော်ပြခဲ့ သည့် အတိုင်း ကျွန်တော်တို့ ထန်းတပင် ကုက္ကိုဝ သို့ ကြက်တိုက် သွား ကြသည် ။
ငါးမွှေတိုး ကို မတိုက်ဖြစ်ဘဲ ကျွန်တော်တို့ ၂၆ ရက် နေ့ တွင် ပြန် ရောက် လာကြသော အခါ ကျွန်တော် နှင့် အတူ ထန်းတပင် ကုက္ကိုဝ သို့ လာခဲ့သော ငါးမွှေတိုး ၏ မူလ ပိုင်ရှင် ကိုတင်ရွှေ က သူ တာလပေါ သို့ ပြန် တော့မည် ။ ကျွန်တော့် ဗြာမြီးတို တို့ ကို သူ ကြက်မများ နှင့် သားဖောက်ရန် ခေတ္တ ငှားလိုက်ပါ ဟု ပြော၏ ။
ကျွန်တော် က “ ဟာ.. ကျွန်တော့် ဗြာ လဲ အခု အနာတွေ အတော် သက်သာ နေပြီ ၊ မကြာမီ တိုက်နိုင်တော့မှာဗျ ”
ကိုတင်ရွှေ က “ အခု ချက်ချင်း တော့ မတိုက်နိုင်သေးပါဘူး ဆရာ ရယ် ၊ ဆယ့်လေးငါးရက် တော့ မွေးပြီး စောင့်ရဦးမှာပါပဲ ၊ ကျွန်တော် မကြာခင် ပြန် ပို့မှာပါ ၊ ဆရာတို့ အခု လက်ငင်း တိုက်မယ်ဆို တိုက်နိုင်တဲ့ ကြက် တစ်ကောင် အစားပေး ခဲ့ပါ့မယ် ” ဆိုပြီး သူ ကြက် တစ်ကောင် ယူ လာပါသည် ။
ထို ကြက် ကား ကျွန်တော် တို့ ကုက္ကိုဝ သို့ သွားခါနီး က တာလပေါ မှ တိုက်ဖို့ ယူလာခဲ့သော ကြက် ။ သို့သော် ၄င်း ကြက် က ကျွန်တော် တို့ ကုက္ကိုဝ သို့ သွားမည့် မနက် မှ ည က စား ထားသော အစာ တွေ ဇလုပ် ထဲ မှာ အပြည့်ကြီး ရှိနေ သဖြင့် ယင်းသို့ မနေ့ က စား ထားသော အခါ အစာ မကြေခြင်း သည် ကြက်နာရောဂါ ဝင်ခြင်း ဖြစ်ရကား ၊ သူ့ အား ကုက္ကိုဝ သို့ ယူ မသွားရတော့ပေ ။ သို့ရာတွင် ကျွန်တော် တို့ ကုက္ကိုဝ မှ ပြန်လာသော အခါ သူ က အကောင်း ပကတိ ပင် ရှိနေ သဖြင့် အကြောင်း ကို စူးစမ်းတော့ လားလား ငတိ က ထို မနက်တွင် အစာမကြေခြင်း မဟုတ် လူတွေ က ယင်း မနက်စောစော သင်္ဘော ဆင်းကြရမှာ မို့ မိုးမလင်း မီ ဓာတ်မီးတွေ ဖွင့်၍ ပြင်ကြဆင်ကြစဉ် ငနဲ က အိမ်ပေါ် တွင် အိပ်သော ကြက်ကလား ။ အိပ်တန်း မှ ဆင်း တဲ့ ပြီး အနီး ရှိ ဆန်အိတ် ကို ဖောက်ပြီး ကြိတ် ထားတာကိုး ။ ကုက္ကိုဝ သို့ မပါထိုက် ၍ လူ ကို တစ်ပတ်ရိုက် သလို ဖြစ်သော ကြက် ပေတည်း ။
သူ့ နာမည် မှာ သူ့ အမွေးရောင် နှင့် အမောက် ပုံသဏ္ဌာန် အရ “ ကြက်ဝါခပတ် ” ဟု ခေါ်သည် ။ ကြက်ခပတ် သည် မနှစ် ကတည်း က ပွဲတက် ပြီးသား ၊ ကြက်ကောင်း ... တစ်ရာ ကျော် ပေး၍မှ မရောင်းသော ကြက်ချော ကြက်လှ ကြီး ဖြစ်ပေရကား ကျွန်တော့် ဗြာမြီးတို နှင့် အပြီးအပိုင် လဲ သွား တောင် မှ ကျွန်တော် က သဘောကျမည် ဖြစ်သော ကြောင့် ၄င်း ကြက် ကျွန်တော့် ဆီ ကျန်ရစ်ခဲ့ ၍ ဗြာမြီးတို တာလပေါ သို့ ပါသွားလေတော့၏ ။
သို့သော် ကျွန်တော် နှင့် ထိုက်သော ကြက် ၊ ကျွန်တော့် ဆီ ပြန် ရောက် ပုံ ကား ဤ စာ အစ ၌ ဖော်ပြခဲ့သည့် အတိုင်း ၁၉၇၈ ခုနှစ် ၊ မတ်လ ၂ ရက် ၊ တောင်သူလယ်သမားနေ့ မှာ ငါးမွှေထိုး ရှုံးသည် ကိုကံညွန့် က ဒေါပွ၍ ရိုက်သတ်မည် လုပ်သည် ။ ကိုပေါက်စီ က “ မလုပ်နဲ့ဦး ” ဟု တားမြစ် ထားပြီး နောက် တစ်နေ့ ၌ ငါးမွှေထိုး ကို ယူ၍ တာလပေါ သို့ ပါသွား၏ ။ သီတင်း တစ်ပတ်မျှ အကြာ မတ်လ ၉ ရက် နေ့ ၌ ပြန်လာသော အခါ ကျွန်တော့် ဗြာမြီးတို ပါလာခြင်း ဖြစ်၏ ။
ဗြာမြီးတို သည် တာလပေါရွာ ၌ ၁၂ ရက် ကြာခဲ့သည် ။ ကြက် မှာ အနာတွေ အားလုံး ပျောက်ကင်း၍ အမွှေးအရောင် သန့်သန့်ပြန့်ပြန့် နှင့် တစ်သွေး တစ်မွေး ဖြစ်ချေပြီ ။ မျက်နှာ လည်း ယခင်တုန်း က လို ဝါတစ်ခါ နီတစ်လှည့် မဟုတ်တော့ဘဲ တသမတ်တည်း ရဲရဲတောက် နေချေပေပြီ ။ ခုန်လိုက် ၊ ပျံ လိုက် ၊ တောင်ပံခတ်သံ တဖျန်းဖျန်း နှင့် တွန် လိုက်တာ က လည်း တကျော် ကျော် ၊ ယင်းသည် တိုက်ဖို့ တော်သော အချိန်တည်း ။
◾ဗြာမြီးတို ပထမပွဲ
မတ်လ ၁၂ ရက် နေ့ မှာ သူ နှင့် တိုက်ဖက် တွေ့လေပြီ ။ ကိုအောင်သိန်း က ဆွယ် လာခြင်း ဖြစ်သည် ။
“ ဟို ကြက် က ကြက်ခွပ်ကြက်ပစ် ပဲ ၊ ဒီ ကြက် ခွပ်လမ်း နဲ့ တိုး လိမ့်မယ် ထင်တာပဲ ”
မှန်းဆချက် ၊ ကြက်သမား တွက် ။
ကြက်သမား တို့ မျက်စိ သည် ကြက် ၏ အပေါက်အဆက် ပုံသဏ္ဌာန် ကို လည်းကောင်း ၊ တိုက်ပွဲ တွင် ထိ ထားသော ဒဏ်ရာဒဏ်ချက် များ ကို လည်းကောင်း ၊ အမွှေးကျွတ် နေသည့် နေရာများ ကို လည်းကောင်း ၊ ကြည့်ရှု ခြင်း အားဖြင့် ထို ကြက် မည်ကဲ့သို့ နည်းလမ်းမျိုး ခွပ်လိမ့်မည် ကို ယေဘုယျ သဘောလောက် တော့ မှန်းဆ နိုင်ကြပေသည် ။
ကျွန်တော့် ဗြာမြီးတို မှာ ပခုက္ကူ မှ ရောက်ခါ စ ကျွန်တော်တို့ မြင်ကြရသည့် အတိုင်း အမြီးတွေ လည်း အားလုံး ကျိုး နေပေသည် ။ ရင်ဘတ် မှာ လည်း ဒဏ်ရာကြီး ရှိသည် ။ ခြေထောက် ဒူးကောက်ကွေး တွေ မှာ လည်း ပွန်းပဲ့ နေသည် ကို ထောက်ချင့်ခြင်း အားဖြင့် မည်သည့် ကြက်သမား မဆို ဧကန္တ ဒီကြက် ဟာ ကြက်ဆုတ်ကြက်လှန် ပဲ ဟု မုချမသွေ ယူဆကြပေမည် ။
“ ကြက်ဆုတ်ကြက်လှန် ” ဆိုသည် မှာ ကြက်ခွပ် အညံ့စား ထဲ က တော့ မဟုတ်ပေ ။ သို့သော် သူ ခွပ်ပုံ မှာ အားရစရာ မကောင်း ၊ သူ က စ၍ တိုက်စစ် မဆင် ၊ သူများက လှမ်း ခွပ် လိုက်လျှင် တစ်ဖက် ကြက် မှန်းဆချက် လွဲသွား အောင် သူ က နောက် ဆုတ်၍ ပေး တတ်သည် ။ သို့အတွက် သူ့ ခေါင်း နှင့် လည်ပင်း အထက်ပိုင်း ကို တော့ မမိ ။ ရင်ဘတ် လောက် သာ ထိပြီး သူ့ မှာ ဒူးထောက် ဖင်ထိုင် ကျ သဖြင့် ဒူးကောက်ကွေး တွေ ပွန်းသည် ။ အမြီး တွေ ကျိုး ကုန်သည် ။ ရင်ဘတ် မှာ ဒဏ်ရာ ရတတ်သည် ။
ဥပမာ အားဖြင့် လွန်ခဲ့သော ကမ္ဘာစစ်ကြီး က မဟာမိတ် တို့ တိုက်ပုံမျိုး တည်း ။ ရန်သူ က တိုက်စစ် လာ ၊ သူတို့ က ဆုတ်စစ် ခံစစ် ဖြင့် နောက်ဆုံး ရန်သူများ သူတို့ ဟာ နှင့်သူ တို့ တိုက်ပန်း ကျသွားသော အခါ မှ အပြတ် ချဲ တော့သည် ။
ကျွန်တော် တို့ ဗြာမြီးတို သည် သူ့ ပုံ သဏ္ဌာန် နှင့် ဒဏ်ရာ တွေ ကြည့်ခြင်း အားဖြင့် ဤသို့လျှင် ပခုက္ကူ မှာ ၅ ပွဲ တိတိ အောင်ပွဲ ခံရသည် ဟု ကျွန်တော် ထင်မိ၏ ။ သို့သော် တကယ် သူ ခွပ်တာ မြင်ရသော အခါ၌ အထင် နှင့် အမြင် ပါစင်အောင် လွဲချေ သတည်း ။
◾ဗြာမြီးတို မည်သို့ ခွပ် သနည်း
ဤပွဲ မှာ ကြေး မများပါ ။ ကျွန်တော် တို့ ကလည်း ကြေးစမ်း ၊ လာ တိုက်သူများ ကလည်း သူတို့ ကြက် ပထမဆုံး ပွဲမို့ ၁၁ဝိ - ထဲ ပါ ။
ကြက် နှစ်ကောင် လွှတ် လိုက်ကြတယ် ဆို ကျွန်တော် တို့ ဗြာမြီးတို က အခြား ကြက် များ လို ဟိတ်ဟန် မထုတ်ပါ ။ လည်ပင်း ကို လည်း ထောင် ၍ မဆန့် ဘဲ ခေါင်းကို ပခုံး နှင့် ကပ်ကာ လည်ပင်း ကွေးကွေးကလေး ပဲ နေသည် ။ သည်တော့ သူ့ မှာ အမြီး က လည်း တိုတိုကလေး ပဲ မို့ ပုပုလုံးလုံးကလေး ထွေးထွေးကလေး ပဲ နေသည် ။ အခြား ကြက် က တော့ အမြီးရှည်ရှည် လည်တံ ဆန့်ဆန့် ကိုယ် ပြန့်ပြန့်ကြီး နဲ့ မို့ အားရစရာ ။ ကျွန်တော့် ဗြာမြီးတို က တော့ ခံ မှ ခွပ်နိုင်ပါ့မလား ဟု ထင်ရသည် ။
ကြက် နှစ်ကောင်သည် လွှတ် , လွှတ်ချင်း စတင် မခွပ်သေး ။ တစ်ကောင် နှင့် တစ်ကောင် အရိပ်အခြေ ကြည့် နေကြ၏ ။ ဟို ကြက် က ခြေလှမ်း ပြင်ကာ ခေါင်း ထောင်၏ ။ ( သူ့ ဆီ လာဖို့ ခေါင်းညိတ် ခေါ်၏ ။ ) ကျုပ် ဗြာမြီးတို က တော့ တုတ်တုတ်မျှမလှုပ် ၊ ငုတ်တုတ် ပဲ ငြိမ်နေ၏ ။
ထိုအခါ မှာ ကြက်စွဲ တို့ ၏ တာဝန် ၊ နောက် က နေ၍ အမြီး ကို မှုတ်ပေး ရရိုး ရှိပေရာ ကျွန်တော်တို့ ကြက်စွဲ က မှုတ် လိုက်တော့ ဗြာမြီးတို က နကမ္ပတိ ၊ ဟိုဘက် က မှုတ် လိုက်သော အခါ၌မူ သူတို့ ကြက် သည် ကြက်နင်း ကြက် ဘက် ဖြစ်ရပေကား တအား ကြုံး၍ ပစ်လိုက်လေရာ ဗြာမြီးတို က အခြား ကြက်များ လို ခေါင်း ငုံ၍ လည်း မရှောင် ။ သို့မဟုတ် အားချင်း ပြိုင်၍ ဆိုင် ပြီး လည်း မခုန် ၊ နောက်သို့ တစ်လှမ်း ဆုတ် ၍ သူ့ ခြေ နှစ်ဖက် က သာသာကလေး မြှောက် လိုက်၏ ။ ထိုအခါ ဟိုကြက် မှာ သူ့ မှန်းဆချက် မရဘဲ အား လွန်၍ ပြန် အကျ လာ၌ ဗြာမြီးတို မြှောက်လိုက်သော ခြေ နှစ်ချောင်း အကြား သို့ သူ့ ခေါင်း ရောက်သွား သဖြင့် လည်ဆစ် တွင် အထိ နာ သွား လေပြီ ။ ဗြာမြီးတို က တော့ သူ ကျရာ နေရာမှာပဲ မလှုပ်မယှက် ။ ဟို ကြက် မှာ သူ့ အသား နာသွား တော့ ဒေါသ ထွက်ပြီး ဒလကြမ်း ထိုး ခွပ်တော့သည် ။ ဤ အခါမှာ ဗြာမြီးတို က ပါးနပ်သော လက်ဝှေ့သမား ကဲ့သို့ အေးဆေးစွာ ပဲ ဟို ကြက် အလာ ကို ဆီးပြီး မ,လိုက်တာ နှင့် အကျ တွင် လှမ်းပြီး ပုတ်လိုက် တာ နှင့် တစ်ဖက်ကြက် မျက်နှာ မှာ သွေးများ စို့ လာတော့၏ ။
“ စင်စစ်တော့ ဗြာမြီးတို သည် ကျွန်တော်တို့ ထင် သကဲ့သို့ ကြက်ဆုတ် ကြက်လှန် မဟုတ် ။ ကျွမ်းကျင်သော သိုင်းသမား ကဲ့သို့ တစ်ဖက်သား လှုပ်ရှားမှု ကို အကွက် ယူပြီး ခွပ် နေခြင်းဖြစ်၏ ။ ‘ ကြက်လိမ္မာ ’ ဟု ခေါ်သည် ။
ဤပွဲ မှာ သိပ်ပြီး မကြာလိုက်ပါ ။ သုံးရေ လောက် ( အင်္ဂလိပ် လက်ဝှေ့ စကား နှင့် ပြောရသော် ( Three Rounds ) နှင့် ပြီး သွား တော့၏ ။ ဗြာမြီးတို မှာ ဖြစ်လောက်သော ဒဏ်ရာ တစ်ချက် မျှ မရလိုက်ပေ ။
••••• ••••• •••••
◾သင်းခွေချပ်
ဤပွဲ အဆုံး မှာ တစ်ဖက် ကြက် သည် မျက်လုံး တစ်လုံး ကန်း ပြီး နောက် ဗြာမြီးတို က စိတ်ကြိုက် လုပ်ရသော အခါ လည်ဆစ် ကို တက်မြုပ်စူး သဖြင့် ဟို ကြက် သည် ဝိုင်း ထဲ မှာ ဦးစိုက် လဲကျ သွား၏ ။ ထိုအခါ၌ ဗြာမြီးတို သည် တစ်ဖက်သား အရေးနိမ့် နေသည်ကို နိုင်ထက်စီးနင်း သွားပြီး ခွပ်ခြင်း ၊ ဆိတ်ခြင်း ၊ ခြေ နှင့် နင်းခြင်း မလုပ် ။ သူ့ နေရာ မှာ ပဲ သူ ငုတ်တုတ် နေ၏ ။
ထိုအခါ တွင် ကြက်စွဲ နှစ်ယောက် တို့သည် လဲ နေသော ကြက်ရှင် က မိမိ ကြက်ကို ထ , လာအောင် လေ ဖြင့် မှုတ် ပေးရ၏ ။ မတ်တပ် ရပ် နေသော ကြက်ရှင် ကလည်း မိမိ ကြက် က ဟို ကြက် ကို သွား ခွပ် အောင် မှုတ် ပေးရ၏ ။ လက် ဖြင့် မ , ပေးခြင်း ၊ တွန်း ပေးခြင်း မပြုရ ။ အို - ဘာနှင့် မျှ လုံးဝ ထိတွေ့ပေး ခြင်း မပြုရ ။ လေပေး ၊ ရေပေး သာ ရှိ၏ ။ ဆိုလိုသည် မှာ လေ နှင့် မှုတ်ပေး နိုင်သည် ။ ရေပက်ပေး ၊ ဖြူးပေး ၊ တောက်ပေး နိုင်သည် ။ ယင်းသို့ လျှင် ကြက်စွဲ နှစ်ယောက် အသီးသီး ကိုယ့် ကြက်ကိုယ် ပြုကြလေရာ ဟို ကြက် လည်း ပြန် မထ,တော့ ။ ကျုပ်တို့ ဗြာမြီးတို က မူ တုတ်တုတ်မျှ မလှုပ်သည့် အပြင် သူ့ ကို ရေ နှင့် တောက် လေ နှင့် မှုတ်ပေး နေသော ကြက်စွဲ အား ပြန်ပြီး ပေရင်း ပေရင်း နှင့် ဆင်ကြည့် ပင် ကြည့် လိုက်သေး၏ ။ ယင်းသို့ သူ နေပုံ ကြည့်ပုံ မှာ ဤ ပွဲသာ မဟုတ် ၊ နောက်ပွဲ များ တွင်လည်း တစ်ဖက် ကြက် အရေးနိမ့် သွားတိုင်း ဒီလိုပဲ ပြုနေကျ ဖြစ်သဖြင့် ကျွန်တော် စဉ်းစားပြီး ယူဆ ရသည် မှာ ကြက်စွဲ အား သူ က ပြန်ပြီး ဆင်ကြည့် ကြည့် ခြင်းသည် “ ကိုယ့်လူ နှယ် ကွာ ဟို ခမျာ မှာ မလှုပ်နိုင် တော့ပြီ ဟာ ကို ငါ က သွားပြီး ထပ် လုပ်လို့ တော်ပါ့မလား ” ဟု ကြက်စွဲ အား ပြော နေဟန် ထင်ပါ၏ ။ ( ဤကား စကားချပ် ။ )
ယင်းသို့ ကြက်ဝိုင်း ထဲ တွင် တစ်ကောင် က လဲ ၊ တစ်ကောင် က မလှုပ် ၊ သို့မဟုတ် နှစ်ကောင် စလုံး ငုတ်တုတ် ၊ မလိုက်ဘဲ မခွပ်ဘဲ နေကြသော အခါ ဝိုင်း ထုံးစံ ဒိုင် လုပ်သူ က ပြောရ၏ ။
“ ကိုင်း... နှစ်ကောင်စလုံး ကောက် ကုပြီး ပြန် လွှတ်ကြ ”
အုတ်ကျင်း တွင် ဤ ဗြာမြီးတို ကို မောင်အုန်းကြိုင် တို့ တိုက်စဉ် က သရေ ကျခဲ့ရသည် ဆိုသည် မှာ ဤကဲ့သို့ ဒိုင် လုပ်သူက မဖြေ မပြောဘဲ ဟိုဘက် ပင်း ပြီး ညစ် လိုက် သောကြောင့် ဖြစ်ရာ၏ ။ ယခု ကျွန်တော့် ဝိုင်းတွင် မူ ကြက် နှစ်ကောင် စိတ်ကြိုက် ကုပြီး ပြန် လွှတ်ကြသောအခါ သူတို့ ကြက် သည် မျက်နှာချင်း မဆိုင်ဝံ့တော့ဘဲ ဝိုင်းပြင် သို့ တစ်လှမ်းချင်း ထွက် သွားတော့ ၏ ။ အခြား ကြက်များ က မူ ဒါမျိုး နောက် က လိုက်ပြီး အတင်း ဖိ ခွပ်ပေါ့ ၊ ကျွန်တော့် ဗြာမြီးတို က မူ သူ့ နေရာ က မလှုပ် ။ အိန္ဒြေရရ ပင် တွေတွေကြီး ရပ် နေ၏ ။
မည်သို့ပင် ဖြစ်လင့်ကစား ဝိုင်း က ပြီးသွားပြီ ။ ဟို ကြက် ရှုံး ၍ ကျွန်တော့် ကြက် နိုင် ပြီ ဖြစ်ရကား ၊ နိုင် တဲ့ ဘက်သားတွေ တဟားဟား အော်ရယ်ကြသည့် အသံတွေ ကြား ထဲ မှာ “ သင်းဂိုကြတ် ဟေ့ - သင်းဂိုကြတ် ကွ ” ဟု လက်ခုပ်လက်ဝါး တီး၍ ကြွေးကြော် လိုက်သော အမျိုးသမီး အသံ ကို ကြား လိုက်ရ၏ ။ သူ ကား ကြက်ဝိုင်း နှင့် ကပ်လျက် ရှိသော ကျွန်တော့် အိမ် ရေကပြင် ပေါ် မှ ကိုယ့် အိမ် က ကြက် နိုင်၍ သြဘာ ပေးလိုက်သော ကျွန်တော့် ဇနီး ပေ တည်း ။
သူ လည်း ကြက်သမား မယား ၊ ကြက်ပွဲ တွေ မြင်ပါ များ၍ ယဉ်ပါး နေ ပေပြီ ။ ကြက် ခွပ်တာ ကြည့်တတ် နေပေပြီ ။
“ မောင် ရေ ... အစဦး ဖြင့် ဟို ကြက် က ချည်း လိုက် လိုက် ခွပ်နေ တာ မြင်ရတော့ သင်းဂိုကြတ် တော့ ရှုံးပြီ ထင်နေတာ ”
“ ကြက်လိမ္မာ နဲ့ ကြက်မိုက် ဆိုတာ ဒီလိုပေါ့ကွ ၊ ကြက်မိုက် လိုက် ခွပ် နေတာ သာ မြင်တယ် ။ ကြက်လိမ္မာ က ဘယ်လို ဆီးပြီး ဆော်လိုက် သလဲ ဆိုတာ ကို ကြက်သမား မျက်စိ မရှိရင် မသိနိုင်ဘူးကွ ။ ဒါနဲ့ မင်း သင်းဂိုကြတ် ဆိုတာက သင်းခွေချပ် အကောင် ကို ပြောတာ မဟုတ်လား ”
“ ဟုတ်မှာပေါ့ ၊ မေ တို့ က တော့ သင်းဂိုကြတ် လို့ ခေါ်ကြတာပဲ ”
“ စာ ထဲ မှာ တော့ ‘ သင်းခွေချပ် ’ လို့ ရေးတယ် ။ ဒါနဲ့ မ င်းက ငါ့ ကြက် ကို အဲဒီ အကောင် နာမည် ပေး ရအောင် ဒီ သတ္တဝါ ကို မင်း မြင်ဖူးလို့လား ”
“ တောင်ကြီး မှာ နေတုန်းက တော ထဲ က ဖမ်း ဖမ်း ယူလာကြတာ မြင်ဖူးတာပေါ့ ၊ သူ့ အရောင် က ဟောဒီ မောင့် ကြက် ခြေထောက် အရောင် လို ဘဲ ၊ စိမ်းပုတ်ပုတ် မည်းနက်နက်ကြီး ။ အကြေးခွံတွေ ကလည်း မောင့် ကြက် ခြေကြေးခွံတွေ လို ဘဲ ၊ မာမာကြမ်းကြမ်းကြီး တွေ ”
ဟုတ်ပြီ ၊ ယခု မှ စကားကြောင်း သင့်၍ ဖော်ပြရမည် ။ ကျွန်တော့် ကြက် ၏ ခြေထောက် နှင့် အတက် မှာ မဟူရာ ကဲ့သို့ မည်းနက်သည် ။ ခြေကြေးများ မှာလည်း အခြား ကြက်တွေ လို နှစ်တန်း လည်း မဟုတ် ၊ သုံးတန်း လည်း မဟုတ် ၊ သုံးတန်းပျက် ဟု လည်း မခေါ်နိုင် ။ စီတန်းခြင်း မရှိဘဲ ဟို တစ်ခု သည် တစ်ကွက် ဖြင့် ကျောက်သား လို ဖုထစ်မာကျော နေသည် ။ တောကြက် ခြေထောက် နှင့် တူနေသည် ။
◾တောကြက် နှင့် တိုက်ကြက်စပ်
အညာသား တစ်ယောက် က ပြောဖူးသည် ။ သူတို့ အညာ က ကြက်သမားများ သည် မိမိတို့ တိုက်ကြက်မျိုး ကို တောကြက်များ နှင့် စပ် တတ် ကြသည် ။ လွယ်ကူသည် တော့ မဟုတ် ၊ တောကြက် တို့ မည်သည် အရှင် ဖမ်း ယူ၍ မရ ။ ညွတ်ကွင်း နှင့် ထောင် ဖမ်း၍ မိလျှင်လည်း လူ့ လက် ထဲ ရောက် သော် အကြောက် လွန်ပြီး အသက် ထွက်၏ ။ ထို့ကြောင့် ကိုယ့် တိုက် ကြက်မမျိုး ကို တောကြက်မ ရှိရာ တော ထဲ သို့ သွား၍ လွှတ် ထားရသည် ။ မျိုးဥ ရ တော့မှ အိမ် သို့ ယူလာပြီး ဝပ်စေ ၊ ပေါက်စေ ရသည် ။ သို့တိုင် ဤ တစ်သား မှာ တိုက်ကြက်ဖ မရသေး ။ တောကြက် တို့ သည် ကြက်တိန်ညင် ကဲ့ သို့ပင် အကောင် သေးငယ် သဖြင့် သူ့ သားသည် တိုက်ကြက် အတန်းအစား ကို မမှီ သေး ။ ထို တောကြက် တစ်ဝက်စပ် ကပြား နှင့် တိုက်ကြက်မျိုး ထွားထွား ကို ဒုတိယ အကြိမ် ၊ တတိယ အကြိမ် စပ်ပါ မှ တန်း မှီသော တိုက်ကြက် အရွယ် ကို ရသည် ။
တောကြက် တို့ မည်သည် ဇွဲသတ္တိ ကောင်းသည် ။ တတော တွင် နှစ်ဗိုလ် မရှိစေရ ၊ ပြိုင်ဘက် ဆိုလျှင် တစ်ကောင် နှင့် တစ်ကောင် အသေ ခွပ်ပစ် သည် ။ အတက် စူးနစ်သည့် ကြက်ခုန် ကြက်ပျံ မြင့်သည် ။
ယခု ကျွန်တော့် ကြက် ( ကျွန်တော့် ဇနီးသည် နာမည် ပေးသည့် အတိုင်း ) သင်းခွေချပ် မှာ တောကြက် ခြေတောက် နှင့် တူသည် ။ ကြက်ခုန် ကြက်ပျံ မြင့်သည် ။ အတတ် တဆုံး စူး တတ်သည် ။ သူ နှင့် တိုက်ဘက် များ သည် သေကြသည် သာ ဖြစ်သည် ။ ထို့ကြောင့် ဒီ ကြက် ဟာ တောကြက်စပ် ဖြစ်ရမယ် ဟု ထို မိတ်ဆွေ က ပြောသည် ။
သင်းခွေချပ် ကို ထို တစ်ပွဲ တိုက် လိုက်သည် နှင့် ပင် ရှား မှ ရှားသော တကယ့် ကြက်ကောင်း မှန်း သိ လေ၍ ကျွန်တော် သည် ကိုကံညွန့် အိမ် ၌ မထားတော့ ဘဲ ကိုယ့် အိမ် သို့ ပြန် ယူပြီး ဇိမ်းကလေး နှင့် တစ်ကောင် တစ်လဲ လွှတ် ၍ မွေးသည် ။ တစ်ကောင် ကို အောက် မှာ လွတ် ထား လျှင် တစ်ကော င်ကို အိမ်ပေါ် မှာ ထားသည် ။ ဇိမ်းကလေး အား မွန်းလွဲပိုင်း လွှတ် ၍ ည မှာ အိမ် အောက် ကြက်စင် မှာ အိပ်စေသည် ။ သင်းခွေချပ် အား နံနက်ပိုင်း လွှတ် ၍ မွန်းလွဲပိုင်း အိမ်ပေါ် တင်ပြီး ည မှာ မီးဖိုခန်း တွင် အိပ် စေသည် ။
သည်နှစ် ၁၉၇၈ ခုနှစ် တွင် ကျွန်တော် သည် ဤ ကြက်ကောင်း နှစ်ကောင် ကို ရ လိုက်၍ စာရေးစားပွဲ ရှေ့ ရှိ ပြက္ခဒိန် တွင် ရေးခြစ်ထား သည် မှာ ...
ဖေဖော်ဝါရီလ ၄ ရက် ၊ ဇိမ်းကလေး ရောက် ။
ဖေဖော်ဝါရီလ ၁၅ ရက် ၊ ဇိမ်းကလေးနိုင် ။
ဖေဖော်ဝါရီလ ၂၁ ရက် ၊ ဗြာမြီးတို ရောက် ။
ဖေဖော်ဝါရီလ ၂၆ ရက် ၊ တာလပေါ သို့ ပါသွားပြီ ။
မတ်လ ၉ ရက် နေ့ တွင် ပြန်ရောက် ။
မတ်လ ၁၂ ရက် နေ့ တိုက် ၊ နိုင် ၊ သင်းခွေချပ် ။
မတ်လ ၂၈ ရက် နေ့ ဇိမ်းလေး နိုင်ပြန် ။
ဧပြီလ ၉ ရက်နေ့ သင်းခွေချပ် နိုင် ။
မေလ ၁၄ ရက် နေ့ သင်းခွေချပ် နိုင်ပြန် ။
ဇွန်လ ၅ ရက် နေ့ ဇိမ်းကလေး သေ ။
အထက်ပါ မှတ်တမ်း ကို ကြည့်ခြင်း အားဖြင့် ဤ ကြက် နှစ်ကောင် တွင် ဇိမ်းကလေး က နှစ်ပွဲ ၊ သင်းခွေချပ် က သုံးပွဲ နိုင် လိုက်၍ လှလှပပကြီး နိုင်လိုက်သည် ချည်းသာ ဖြစ်ပေသည် ။
◾သော်တာဆွေ
📖 ကြက်ဋီကာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment