❝ မိုးကုတ်ဈေး ❞
“ တော်ပြီဟာ ၊ စိန်ပြေးတမ်း မကစားကြစို့နဲ့ ၊ နေပူ လာပြီ ဟာ ”
သုသု ရဲ့ အသံ က အိမ်ရှေ့ ကွက်လပ် မှာ စာစာညံ နေတယ် ။
“ ဟုတ်တယ် ၊ ဒိပြင်ဟာ ပြောင်း ကစားရအောင်ဟယ် ”
သူ့ အစ်မ ဘာပြောပြော ပစ်ခတ် ထောက်ခံ တတ်တာ “ အီးဘောသော ချိုချို ” ရဲ့ အကျင့် ။
“ ဒါဖြင့် ထုပ်တိုးတန်း ကစားရအောင် ”
မိတိုး က အကြံပေး တော့ သုသု က ...
“ မကောင်းပါဘူး ဟယ် ၊ ဘွားဘွား က နေရိပ် ထဲ တင် ကစားကြ လို့ မှာထားတဲ့ ဥစ္စာ ”
သုသု က ကျောင်း ဖွင့်ယင် ဒုတိယတန်း တက် ရတော့မယ့် ကလေး ။ သူတို့ အထဲ မှာ အသက် အကြီးဆုံး ။
“ ဒါဆိုယင် မုန့် ရောင်းတန်း ကစား ရအောင် ၊ ဈေး ရောင်းတမ်း လေ ”
ဒီတခါ မိတိုး ပေးတဲ့ အကြံ ကို သူတို့လေး တွေ ခဏလေး နဲ့ စဉ်းစား ဆုံးဖြတ် လိုက်ကြတယ် ။
“ ဟေး ... ကောင်းတယ် ဟေး ” ၊ “ ကစားကြမယ် ဟေး ” ဆိုတဲ့ အသံ တွေ စီကနဲ ညံ သွားတယ် ။
“ လှေကား အောက် မှာ အိုးပုတ် တွေ ရှိတယ် ၊ မိတိုး သွား ယူချေနော် ”
“ အို ... မမသု လဲ လိုက်ခဲ့ ”
“ ဒါဆိုယင် ချိုချို လိုက် သွားနော် ”
“ ဟင့်အင်း ... မမသု ပါ လိုက်ခဲ့ ”
ကလေး တွေ တယောက် နဲ့ တယောက် တွက်ကပ် နေကြယင်း ၊ နောက်ဆုံး တော့ အားလုံး အတူတူ သွား ယူကြဖို့ သဘောတူ လိုက် ကြတယ် ။
“ ဆူဇီ လဲ ဆူဇီ အိမ် ပြန်ပြီး အိုးပုတ်ကလေးတွေ ယူ ချေနော် ”
ဆူဇီ က သူ့ အကျင့် အတိုင်း နှုတ်ခမ်းကလေး ကို ရှေ့ စူပြီး -
“ ဟုတ်ကဲ့ မမသု ” တဲ့ ။
မိတိုး နဲ့ ရွယ်တူ ဆူဇီ က ခေါင်း တချက် ညိတ်ပြီး အိမ်ဘက် ကို ချာကနဲ ထွက်ပြေး သွားတယ် ။ တို နေတဲ့ ဂါဝန် အောက် က ဘောင်းဘီပြာကလေး က ခြေ တလှမ်း လှမ်း တိုင်း လှစ်ကနဲ လှစ်ကနဲ ပေါ် သွား တာပေါ့ ။ နေပူ ထဲ လျှောက် ပြေးပြီး ကစား ကြတာ ၊ အကြိုအကြား ဝင်ပြီး တူတူပုန်းတမ်း ကစား ကြတာ ထက် အခုလို နေရိပ် ထဲ မှာ ကစား ကြတာ ကို ဘွားဘွားတင် က ပို သဘော ကျတယ် ။ ဒါကြောင့် မြေးကလေး တွေ ကစားဖို့ ဗာဒံပွင့်ကလေး တွေ ၊ စက္ကူပန်းပွင့် ကလေး တွေ ခူး ပေးတယ် ။ ညတိုင် ကျ လင်းနို့ တွေ ချီချီ လာတဲ့ ဗာဒံသီး တွေ စုထား ၊ ကောက်ထား ၊ သိမ်းထား တဲ့ နေရာ က ထုတ်ပေး လိုက်တယ် ။
••••• ••••• •••••
“ အစ်မကြီး က ဘာ ရောင်း တာတုန်း ”
“ မုန့်တီ ခေါက်ဆွဲ ပါ ”
သုသု က အိုးပုတ်ကလေး တွေ ၊ ပလပ်စတစ်ခွက်ကလေး တွေ စီနေယင်း ပြန် ဖြေလိုက်တယ် ။
“ မုန့်တီ က ဘာသား နဲ့ လဲ အမကြီး ”
“ ကြက်သား နဲ့ ပါ ရှင့် ”
“ တိုးတိုး ကို မုန့်တီ ခြောက်ပွဲ ပေးနော် ၊ ဆီ လည်းရွှဲရွှဲ ပဲမှုန့်လည်း မနည်းစေနဲ့ နော် ”
“ ရမယ် ညီမလေး ရေ ... ခဏစောင့်နော် ၊ အခုပဲ ပြင်ပေးမယ် ”
သုသု နဲ့ မိတိုး တို့ လူကြီး တွေ ရဲ့ လေသံ အတိုင်း ပြောလိုက် ကြပြီး မျက်လုံးကလေး တွေ ပြူး ပြီး တယောက် ကို တယောက် ကြည့် ပြီး ရယ် လိုက်ကြတယ် ။ မိတိုး က လျှာကလေး တစ်လစ် နဲ့ ။
ကလေး တွေ ကစား တာ ကြည့် ပြီး ဘွားဘွားတင် တောင် မုန့်တီ စားချင်စိတ် ပေါက် လာတယ် ။ ဆီ တွေ က ရွှဲရွှဲ ၊ ကြက်သား ဖတ် တွေ အပြည့် နဲ့ မုန့်တီပွဲ တွေ ကို မြင်ယောင် နေ မိတယ် ။ သုသု က တော့ ဆီမီးခွက်ကလေး တွေ ၊ ပလပ်စတစ်ခွက်ငယ်
ကလေး တွေ ထဲ က မြက်ပင်ကလေး တွေ နှိုက် လိုက် ၊ ရေနဲ့ ဖျော် ထားတဲ့ ပြာ တွေ ကို ဇွန်း နဲ့ ခပ်ပြီး ဆမ်း လိုက် နဲ့ သူ့ စိတ်ကူး နဲ့ သူ မုန့်တီ ပြင် နေတယ် ။
“ ခြောက်ပွဲ ကို ဘယ်လောက် ပေးရမလဲ အမကြီး ”
“ ခြောက်ပွဲ ခြောက်ကျပ် ပါ ”
“ ပိုက်ဆံ ရှင့် ”
မိတိုး က ခါးကြား ထဲ က ပိုက်ဆံ ထုတ်ဟန် ဆောင် ပြီး သုသု လက်ဝါး ထဲ ထည့်လိုက် တယ် ။ သုသု က လည်း လက်ဝါးလေး ကို ဖြန့် ထားရာက အသာ စုပြီး ပိုက်ဆံ ယူ လိုက်တဲ့ ဟန် နဲ့ ။ တကယ်တော့ မိတိုး ပေးတဲ့ အထဲ လည်း ဘာမှ မပါဘူး ။ သုသု လည်း ဘာမှ မရဘူး ။ လက် ချည်း ပေး ပြီး လက် ချည်း ယူ လိုက်ကြတာ ။
သူ ကြိုက် တဲ့ မုန့်တီ တပွဲ တကျပ် ဆိုပါလား ။ ကြက်သား နဲ့ တဲ့ ။ ကလေး တွေ ကစား နေကြတာ ကို မေ့ ပြီး ဘွားဘွား ရဲ့ လျှာ စို လာတယ် ။
“ မမသု ရေ ... ချိုချို တို့ ဆိုင် ဘက် လည်း လာခဲ့အုံးနော် ”
“ အီးချို ... ညည်း က ဘာ ရောင်းတာတုန်း ”
“ ချိုချို က အအေး ရောင်း တာလေ ”
“ ဟယ် ငါ ရေဆာ နေတာ နဲ့ အတော်ပဲ ၊ ဘာတွေ ရသတုန်း ”
“ ဘိလပ်ရေ တို့ ဖွာလူဒါ တို့ ရေခဲမုန့် တို့ အစုံပေါ့ ”
သုသု က ချိုချို တို့ ဆိုင် က တခွက် ကို ငါးမူး ဆိုတဲ့ ဖွာလူဒါ သုံးခွက် ဆင့် သောက် နေချိန် မှာ ဆူဇီ က လည်း မိတိုး ဆိုင် က ဒံပေါက် ငါးထုပ် , ထုပ်ခိုင်း ပြီးပြီ ။
“ ကြက်သား က ရင်အုပ် ချည်း ထည့်ပေး လိုက်တာ နော် ”
“ ကောင်းတယ် ... ကောင်းတယ် ၊ အိမ် က ကလေး တွေ က ရင်အုပ် မှ ကြိုက်တာ ”
ဆူဇီ တို့ က လည်း လူကြီး လေသံ ဟန်ပန် အပြည့် နဲ့ ။ ဗာဒံရွက် ကို အထုပ်ကလေး တွေ ဖြစ်အောင် ထုပ်ပြီး ခြင်းတောင်း အငယ်လေး ထဲ ထည့် ပေးယင်း ...
“ ဒံပေါက် ငါးထုပ် က ဘယ်လောက် ကျသလဲရှင့် ”
လက် မှာ ပေ နေတဲ့ ပြာမှုန့် တွေ ကို ဂါဝန် အောက်နား မှာ သုတ်ယင်း ...
“ ငါးကျပ် ပါ ဒေါ်ဆူဇီ ”
“ ရော့ နော် ”
မိတိုး နဲ့ ဆူဇီ တို့ လည်း ပိုက်ဆံ ပေးယင်း လက်ချင်း ပဲ ထိ လိုက်ကြတယ် ။ ဒီလို ထိ ပြီး ပေမယ့် ဆူဇီ က မသွားသေးပဲ ရပ် နေတယ် ။
“ ဆူဇီ ကို ပိုက်ဆံ ပြန် အမ်း အုံးလေ မမ ရဲ့ ”
“ အော် ... ဟုတ်သားပဲ ခုနက ပေး လိုက်တာ ဘယ်လောက်တန် လဲ ဆူဇီ ”
“ အစိတ်တန် လေ မမ ”
“ ဒါဆိုယင် ဘယ်လောက် အမ်းရမှာလဲ ”
“ ဟင့်အင်း ... ဆူဇီ မသိဘူး ”
မိတိုး ရော ဆူဇီ ပါ နှစ်ယောက် စလုံး ခေါင်းကလေး တွေ ဘွားဘွားတင် ဘက် ကို
ပြိုင်တူ ချာကနဲ လှည့် လိုက်ကြတယ် ။ ဘွားဘွားတင် က နှစ်ဆယ် အမ်း ရမှာ လို့ တွက် ပြ တော့ မှ မိတိုး က ဂျပ်ဘူးခွံကလေး အောက် ကို လှန် ပြီး ပိုက်ဆံ နှိုက် တဲ့ ဟန် အတိုင်း နှိုက်ယူ ပြီး ဆူဇီ ကို လှမ်း အမ်း လိုက်တယ် ။ ဆူဇီ နဲ့ မိတိုး တို့ လက်ချင်း နောက် တခါ ထပ် ထိကြ ရ ပြန်တာပေါ့ ။
“ နောက်တော့ အစိတ်တန် တွေ ဘာ တွေ မပေးနဲ့ ဟယ် ၊ ရှစ်ကျပ် ကျ ရင် ရှစ်ကျပ် တန် ပေး ၊ ကိုးကျပ် ကျရင် ကိုးကျပ်တန် ပေးနော် ”
“ ဟုတ်ကဲ့ မမ ”
ဆူဇီ က ပြောပြောဆိုဆို နဲ့ ပုခုံးကလေး တွန့် ပြ လိုက်တယ် ။
“ ဒေါ်ဆူဇီ ... ရှင့် ဆိုင်မှာ ကြက်ဥ ရှိသလား ”
“ ရှိပါတယ် ရှင့် ”
“ တစ်လုံး ဘယ်လောက်လဲ ”
“ တလုံး ငါးကျပ် ပါ ”
“ ဟာ ... ငါးကျပ် ဆိုယင် များတာပေါ့ ၊ နည်းနည်း လျော့ပါအုံး ”
“ ဒီလိုဆိုယင် ခြောက်ကျပ် နဲ့ ယူပါ ”
ဘွားဘွား ရော ၊ သုသု ပါ ပြိုင်တူ ရယ် လိုက်ကြတယ် ။ ကိုယ့် ဆိုင် နဲ့ ကိုယ် အလုပ် ရှုပ် နေကြတဲ့ မိတိုး တို့ ၊ အီးချို တို့ က တော့ မကြား လိုက်ကြဘူး ။ ဆူဇီ က ဘာကို ရယ်ကြတယ် ဆိုတာ နားမလည် ပေမယ့် အခုလို ရယ်ကြ တော့ နည်းနည်း တော့ ရှက် သွားပြီး ၊ မျက်နှာကလေး လည်း ရဲ သွားတယ် ။
“ ဟုတ်သေးပါဘူး ဆူဇီ ရယ် ၊ ငါးကျပ် နဲ့ ခြောက်ကျပ် ဆို ယင် ခြောက်ကျပ် က များ တာပေါ့ ”
ဒီနှစ် မှ ကျောင်း နေမယ့် ဆူဇီ ကို သုသု က သင်ပေး နေတယ် ။
“ ဒါဆိုယင် ဘယ်လောက် ပြောရမလဲ ၊ လေးကျပ် တို့ ၊ သုံးကျပ် တို့ လား ”
“ ဟုတ်တော့ ဟုတ်တယ် ၊ ဒါပေမယ့် ဈေး များတာပေါ့ ”
“ ဘယ်လောက် ရောင်းရယင် ကောင်းမလဲ ”
ဆူဇီ က စဉ်းစားပေမယ့် ကြက်ဥ တလုံး ဘယ်ဈေး လို့ မပြောတတ်ဘူး ။ နားထင် တလျှောက် စီး နေတဲ့ ချွေးစီးကြောင်း ကို ဂါဝန် လက်ဖောင်း နဲ့ ပွတ်ပစ် လိုက် တုန်း မှာ ဘွားဘွားတင် က သူ ရောင်းစေချင် တဲ့ ဈေး ကို ဝင် ပြောလိုက်တယ် ။ ဒါကြောင့် ဆူဇီ က လဲ သံယောင် လိုက်ပြီး ...
“ ကြက်ဥ တလုံး တမတ် ပါ ရှင့် ”
ဂျပ်ဘူးလေး ထဲ က ဗာဒံသီးခြောက် တလုံး ကို ကောက်ပေး လိုက်တယ် ။ ဗာဒံသီးခြောက် တွေ က ဆူဇီ ရဲ့ဆိုင် မှာ ကြက်ဥ ဖြစ် နေပေမယ့် အီးချို ရဲ့ ဆိုင် မှာ အုန်းသီး တွေ ပေါ့ ။
“ ကြက်ဥ က မလျှော့တော့ဘူးလား ဆူဇီ ရယ် ”
“ ဒီ မနက် မှ အု တဲ့ ဥစ္စာတွေ ပါ ၊ လတ်လတ်ဆတ်ဆတ် တွေ အစ်မ ရဲ့ ”
“ ဆူဇီ ဆီ မှာ ပဲဆီ ရော ရှိလား ”
“ ပဲဆီ လဲ ရှိပါတယ် ရှင့် ၊ နှမ်းဆီ လဲ ရှိပါတယ် ရှင့် ”
“ တပိဿာ ဘယ်လောက်လဲ ”
“ ပဲဆီ က တပိဿာ တဆယ် ပါ ”
ကြက်ဥ တလုံး လေးကျပ် ဆိုတုန်း က လန့် သွားတဲ့ ဘွားဘွားတင် ရဲ့ မျက်နှာ ဟာ ပဲဆီ တပိဿာ တဆယ် ဆိုတော့ မှ သွေးရောင် ပြန် သန်းလာ တော့တယ် ။ သုသု တို့ ချိုချို တို့ မှာ ဘွားဘွားတင် ရှိသလို ဆူဇီ ဆီ မှာ လည်း ဘွားဘွားတင် နဲ့ အသက်ချင်း မတိမ်းမယိမ်း ဘွားဘွားမေရီ ဆိုတာ ရှိတယ် ။ သုသု တို့ ဘွားဘွားတင် ထက်
ဘွားဘွားမေရီ က ဆံပင် ပို ဖြူတယ် ။ နည်းနည်း လည်း ပို ဝတယ် ။ လမ်း လျှောက် ယင် ဖြည်းဖြည်း ပဲ လျှောက် နိုင်တယ် ။ ဘုရားကျောင်း တောင် မှန်မှန် သွားပြီး ဝတ်မပြု နိုင်ရှာဘူး ။ အခု လည်း ဘွားဘွားမေရီ က ကစား နေတဲ့ ဆူဇီ ကို ထမင်း စား ရအောင် လာခေါ် နေပြီ ။ ဆူဇီ က သူ့ ဘွားဘွား လာ နေတာ မြင် ပေမယ့် မသိချင်ဟန် ဆောင် ပြီး ဆက် ကစား နေတယ် ။ ဘွားဘွားမေရီ လည်း ဘွားဘွားတင် အနား ရောက် လာ ရော -
“ ရှင့် မြေး ဆူဇီ က အဖြစ် ပဲ ၊ ဈေး ရောင်း တတ်တယ် ၊ ဒီ အထဲ မှာ သူ အငယ်ဆုံး ၊ သူ အသွက်ဆုံး ”
“ ဟုတ်တယ် ၊ ဒေါ်တင်တင် ရေ ... သူ က ဒါမျိုး ဝါသနာ ပါတာ ”
ခဏ နေယင် ထမင်း စားဖို့ အိမ် ပြန်ရတော့ မှာ သိပေမယ့် အချိန် ရ သလောက် ဆူဇီ က ဆက် ကစား နေတယ် ။
“ ဆူဇီ ဆန် ရော ... ကောင်းကောင်း ရှိသလား ”
“ ရှိပါတယ် မမတိုး ”
“ ဘာဆန်တုန်း ”
ဆူဇီ ပြန် မဖြေတတ်ဘူး ။ ထုံးစံအတိုင်း ဘွားဘွားတင် ကို မော့ ကြည့် လိုက်တယ် ။
နံဘေး က သူ့ ဘွားဘွား ကို တော့ ပိုးစား နေတဲ့ သူ့ သွားကလေး တွေ ပေါ် အောင် ပြုံး ပြပြီး မျက်နှာချို သွေး လိုက်တယ် ။ ပြီးတော့ မှ ဘွားဘွားတင် သင် ပေးတဲ့ အတိုင်း ...
“ ပေါ်ဆန်းမွှေး တို့ ၊ ရွှေဘိုခွံနီ တို့ အစုံ ရှိတာပေါ့ ”
“ တပြည် ဘယ်ဈေးလဲ ဆူဇီ ”
“ တပြည် သုံးကျပ် ပါ ”
အဘွားကြီး နှစ်ယောက် တိုင်ပင် ထား သလို ပြိုင်တူ ရယ် လိုက်ကြတာ မျက်ရည် တွေ ကို ထွက်လို့ ။
“ ဇဗ္ဗူဒိပ် နမိတ် သာ ဖြစ် လိုက်ပါတော့ ဒေါ်မေရီ ရယ် ”
“ ဟုတ်ပ ... ဟုတ်ပ ... ကျွန်မ လည်း ဒီလိုပဲ အောက်မေ့ပါတယ် ”
“ မုန့်တီ ကြက်သား နဲ့ တပွဲ တကျပ် တဲ့ ၊ ဒံပေါက် လည်း တထုပ် တကျပ် တဲ့ ၊ ဆီ လည်း တပိဿာ တဆယ် တဲ့ ”
“ ကလေး ပါးစပ် ... ဟို ဘာတဲ့ ... နတ် ကပ် သတဲ့ နော် ”
“ ဟုတ်တယ် ၊ ကလေး စကား ၊ သဘင်သည် စကား ၊ အရူး စကား မှန်တတ်တယ် တဲ့ ”
အဘွားကြီး နှစ်ယောက် က တပြုံးပြုံး နဲ့ သဘောကျ နေတုန်း ၊ ကလေး တွေ က ရောင်း လိုက်ကြ ၊ ဝယ် လိုက်ကြ နဲ့ ၊ ကစားရှိန် မပျက်ဘူး ။ လက် , လက် ချင်း ထိ လိုက်ကြ နဲ့ ။ ကလေး တွေ ကို ကြည့် နေယင်း ဘွားဘွားတင် က “ အံမယ်လေး ဘုရား ဘုရား ” လို့ ဘုရား ကို ကောက်ကာ ငင်ကာ တ , တော့ ဒေါ်မေရီ လည်း လန့် သွားတာပေါ့ ။
“ ဒေါ်မေရီ ရယ် ကြည့်ပါအုံး ၊ သုသု တို့ ပိုက်ဆံ လုပ် ကစားစရာ အတွက် ကြွေပန်းကန်စေ့ ကြွေပန်းကန်ကွဲ ဝေး လို့ စက္ကူ အတိုအစလေး တွေ တောင် မရှိဘူး နော် ” ဆို တော့ ...
ခုနက ရယ် နေတဲ့ ဒေါ်မေရီ ပါးစပ် က လည်း “ မိုင်ဂေါ့ဒ် ” တဲ့ ... ။
◾ညီပုလေး
📖 ဒဂုန် မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၈၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment