Wednesday, June 5, 2024

ကေသာ


 

❝ ကေသာ ❞

ညီ ... ညီမများတို့ ရေ ...

ညီ ... ညီမများ အတွက် သင်ခန်းစာပြ ပုံပြင်လေး တစ်ခုကို အစ်ကိုလေး က ရေးသား ဖော်ပြ လိုက်ပါတယ် ကွယ် ။

ပုံပြင် ထဲ က အကြောင်းအရာ က တော့ အများ ကောင်းကျိုး အတွက် ကိုယ့် အသက် ကို ပဓာန မထားဘဲ စွန့်စား ကူညီ ပေး သွားတဲ့ ကေသာ လို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက် ရဲ့ အကြောင်း ပဲ ကွဲ့ ။

ကဲ ... ညီ ... ညီမလေး တို့ နားထောင်ကြ ပေတော့ ။ အစ်ကိုလေး ပြောတော့မယ် နော် ။

ရှေးသရော အခါက ရွာကလေး တစ်ရွာ မှာ ပန်းပုဆရာကြီး ဦးသာယာ နှင့် မိဘမဲ့ မြေးကလေး မလှယဉ် တို့ နေထိုင်ကြ လေ၏ ။ မြေးကလေး မလှယဉ် ၌ အလွန် နက်မှောင်၍ ရှည်လျားလှ စွာသော ဆံပင်များ ရှိ သဖြင့် သူမ အား တစ်ရွာလုံး က ပင် နာမည်ရင်း ဖြစ်သော မလှယဉ် ဟု မခေါ်ကြဘဲ “ ကေသာ ” ဟု သာ ချစ်စနိုး ခေါ်တွင်ကြ လေသည် ။

ကေသာ တို့ ရွာကလေး သည် ရေ အလွန် ရှားပါးလှ၏ ။ ရွာ အနီး ပတ်ဝန်းကျင် တွင် လည်း ရေ နှင့် တူသော အရာမျှ ပင် မတွေ့ရှိရ ဖြစ်လေသည် ။ ရွာ ထဲ တွင် ရေတွင်းများ ကို တူးဖော် စေ သော်လည်း မည်မျှလောက် ပင် နက် စေကာမူ ရေ ၏ အစအန ပင် မတွေ့ရပေ ။ ထို့ကြောင့် ရွာသူရွာသားများ သည် ရေ အခက်အခဲ နှင့် ကြုံတွေ့ နေကြရ ရှာ ကုန်၏ ။

သို့သော် လည်း ထို ရွာ နှင့် အတန်ငယ် ဝေးသော တောင် တစ်တောင် ၏ ခြေရင်း တွင် မူ ရေတွင်းအို ရေတွင်းပျက်ကြီး တစ်ခု ရှိ လေသည် ။ ထို ရေတွင်းအို ရေတွင်းပျက်ကြီး တစ်ခု မှ ရေများ ကို သာ လျှင် တစ်ရွာလုံး ရှိ လူများ သည် ပင်ပန်းစွာ သွားရောက် သယ်ယူ ၍ သောက်သုံး ကြရ ရှာ၏ ။ ထို ရေတွင်းပျက်ကြီး သည် ကေသာ တို့ ရွာသူရွာသားများ ၏ အသက်သခင် ကျေးဇူးရှင် ပင် ဖြစ်လေတော့၏ ။ ရေတွင်းပျက် မှ ရေ ကို တစ်ရွာလုံး သောက်သုံးကြ သော်လည်း တောင် ပေါ် သို့ မူ မည်သူ တစ်ဦး တစ်ယောက် မျှ မတက်ရဲကြပေ ။ ထို တောင် သည် အလွန် နတ်ကြီးသည် ဟု တစ်ရွာလုံး အယူ ရှိကြသော ကြောင့် ဖြစ်၏ ။ ထို တောင်ခြေရင်း ရှိ ရေတွင်းပျက် ၊ ရေတွင်းအိုကြီး သည် ပင် လျှင် တောင်စောင့်နတ် သည် ရွာသူရွာသား တို့ ၏ ဒုက္ခ ကို မကြည့်ရက် နိုင် သဖြင့် ဖန်ဆင်း ပေးထားသည် ဟု ယုံကြည် ထားကြလေသည် ။

တစ်နေ့သော အခါတွင် ကေသာ သည် ရေ ခပ်ရန် အလို့ငှာ ရေအိုး ကို ရွက် ၍ ရေတွင်း ရှိရာ တောင်ခြေရင်း ဘက် သို့ ထွက်လာခဲ့လေ၏ ။ ရေတွင်း နှင့် မနီးမဝေး တောင်ခြေရင်း နား သို့ ရောက်သော အခါတွင် အလွန် ထူးဆန်းအံ့ဩဖွယ် ကောင်းသော မုန်လာဥကြီး တစ်ဥ ကို တွေ့ မြင်ရလေ တော့၏ ။ ထိုအခါ ကေသာ သည် သူ ၏ ဘိုးဘိုး အား နံနက်စာ ချက် ကျွေးရန် အလိုငှာ ထို မုန်လာဥကြီး ကို တအား ဆွဲနှုတ် ယူ လိုက် လေ၏ ။

ဤကဲ့သို့ ကေသာ သည် မုန်လာဥကြီး ကို တအား ဆွဲနှုတ် လိုက်သည် နှင့် တစ်ပြိုင်နက် တည်း ပင် အပေါက် တစ်ပေါက် ပေါ် လာကာ ရေ များ ဒလဟော ထိုးဆင်း ကျလာသည် ကို တွေ့ရ လေတော့၏ ။ ထို အချင်းအရာ ကို ကေသာ မြင်လတ် သော် သူတို့ ၏ ရွာသူရွာသားများ အတွက် အခက်ကြုံ နေရသော ရေ ကို လှိုင်လှိုင်ကြီး ဖောဖောသီသီကြီး နှင့် သုံးရတော့မည် ကို တွေးမိကာ ဝမ်းမြောက်ဝမ်းသာစွာ ခုန်ပေါက် ကခုန် မိလေ၏ ။ ထိုသို့ ပျော်ရွှင်မြူးတူး နေခိုက် မှာ ပင် ကေသာ လက် ထဲ မှ မုန်လာဥကြီး သည် ရုန်းကန် ခုန်ထွက် ကျသွား ကာ ရေထွက် နေသော အပေါက် အား ပိတ်ဆို့ လိုက်သည် ကို အံ့အားသင့်စွာ တွေ့ရှိရ ပြန်၏ ။ အပေါက် ပိတ် သွား၍ ရေများ အထွက် ရပ် သွားသည် နှင့် တစ်ပြိုင်နက် တည်း ပင် လေနီကြမ်းကြီး တစ်ခု ကျ လာကာ ကေသာ့ အား လိုဏ်ဂူကြီး တစ်ခု တွင်း သို့ တိုက်ခတ် သယ်ဆောင် သွား လေတော့၏ ။

ထို လိုဏ်ဂူကြီး ထဲ သို့ ရောက်သည် တွင် အလွန် ခက်ထန်ကြမ်းကြုတ်သော မျက်နှာ ဖြင့် ကြည့် နေသော နတ်ကြီး တစ်ပါး အား ကေသာ တွေ့ရှိရ လေ၏ ။ ထို နတ်ကြီး သည် ကေသာ တို့ တစ်ရွာလုံး မတက်ဝံ့ကြသော တောင်ကြီး ကို စောင့်ရှောက် နေရသော တောင်စောင့် နတ်ဆိုးကြီး ပင် ဖြစ်၏ ။

ထို တောင်စောင့် နတ်ဆိုးကြီး ၏ လျှို့ဝှက်စွာ မုန်လာဥ ဖြင့် ပိတ်ဆို့ ထားသော ရေ ထွက်ပေါက် အား ကေသာ တွေ့ရှိ သဖြင့် ယခု ကဲ့သို့ ခေါ်ဆောင် လာခြင်း ပင် ဖြစ်၏ ။ တောင်စောင့် နတ်ဆိုးကြီး သည် သူ ၏ လျှို့ဝှက် ထားသော ရေထွက်ပေါက် အား ကေသာ တွေ့ရှိ ၍ ဖွင့် သောကြောင့် အပြစ် ပေးရမည် ဟု ပြောကြား လေ၏ ။ ထိုအခါ ကေသာ သည် အလွန် ကြောက်ရွံ့ ထိတ်လန့်စွာ ဖြင့် သူကို အပြစ်ပေးခြင်း မှ ကင်းလွတ် စေရန် ထို ရေထွက်ပေါက် အားမည်သူ့ ကို မျှ မပြောပြပါ ဟု တောင်းပန် အသနား ခံလေ၏ ။

ထိုအခါ တောင်စောင့် နတ်ဆိုးကြီး သည် ကေသာ့ အား အပြစ် မှ ခွင့်လွှတ်စေ ပြီးလျှင် ထို ရေထွက်ပေါက် အား တစ်စုံတစ်ယောက် သော သူ ကို ပြောမိပါ က ရေတွင် နှစ်၍ သ,တ်ပစ်မည် ဟု ခြိမ်းခြောက် ပြောဆိုကာ ထပ်မံ၍ လေနီကြမ်း ကျ လာ ပြီးလျှင် ကေသာ့ အား ရွာ ဆီသို့ တိုက်ခတ် သယ်ဆောင် သွားစေလေ၏ ။

ကေသာ ရွာ သို့ ရောက် လတ်သော် သူ အဖြစ်အပျက် အလုံးစုံကို မည်သူ့အား မျှ မပြော ။ ခပ်ဆိတ်ဆိတ် ပင် နေလေ၏ ။

တစ်နေ့သ၌ ရွာသူရွာသား များ အသက် ရှင်ရေး အတွက် အားကိုးအားထား ပြုနေရ သော တောင်ခြေရင်း ရှိ ရေတွင်းကလေး သည် ရေများ ခန်းခြောက်၍ သွား လေတော့၏ ။ ထိုအခါ ရွာသူရွာသားများ သည် အတိဒုက္ခ ရောက်ကြကုန်၏ ။ ဤသို့သော အဖြစ်ဆိုးများ ကို ကေသာ သည် တာရှည် လေးမြင့်စွာ မကြည့်ရက် နိုင် သဖြင့် ရွာသူရွာသားများ ၏ အသက်ပေါင်း များစွာ ကို မိမိ ၏ အသက် တစ်ချောင်း ဖြင့် လဲ၍ ကယ်ဆယ်တော့မည် ဟု စိတ် ဆုံးဖြတ် လိုက်လေ၏ ။ ထို့နောက် တွင် ကေသာ သည် ရွာသူရွာသားများ အားလုံး အား ရေ ထွက်ရာ အပေါက် ကို ပြောပြ လိုက် လေတော့၏ ။ ရွာသူရွာသားများ လည်း ဝမ်းသာအားရ စွာ ဖြင့် ထို ရေ ထွက်ရာ အပေါက် သို့ သွားရောက်ကြ ကာ မုန်လာဥ ကို ဖယ်၍ ရေများ ကို ခပ်ယူကြ လေတော့၏ ။

ထိုအခိုက် မှာ ပင် လေနီကြမ်းကြီး တစ်ခု ကျ လာ လျက် ကေသာ့ အား လိုဏ်ဂူကြီး ထဲ သို့ တိုက်ခတ် သယ်ဆောင် သွားလေတော့၏ ။ လိုဏ်ဂူကြီး ထဲ တွင် တောင်စောင့် နတ်ဆိုးကြီး သည် ဒေါသ ကြီးစွာ ဖြင့် ကေသာ့ အား စိမ်းစိမ်း ကြည့် လျက် ၎င်း အား ရေ တွင် စိမ် ၍ နှစ်သ,တ် ရမည် ဟု ပြောကြား လေတော့၏ ။

ကေသာ လည်း သူ့ အား နတ်ဆိုးကြီး သ,တ်မည် ဆိုပါလျှင် အသက် အသေခံမည် ဖြစ် သော်လည်း မသေမီ တွင် သူ ၏ ဘိုးဘိုး ပန်းပုဆရာ ဦးသာယာ အား သွားရောက် နှုတ်ဆက် ကန်တော့ခွင့် ပြုပါရန် ခွင့်တောင်း ရှာလေ၏ ။ နတ်ဆိုးကြီး လည်း ကေသာ့ ခွင့်ပန်ချက် ကို ပေးပြီး လျှင် နောက် တစ်နေ့ ည တွင် တောင်ခြေရင်း သို့ လာ ရပ် နေရန် ကေသာ့ အား မှာကြား ၍ လွှတ် လိုက်လေ၏ ။

ကေသာ လည်း ရွာ သို့ ပြန် ရောက် ကာ သူ ၏ ဘိုးဘိုး အား အဖြစ်အပျက် အလုံးစုံ ကို ငိုယို ကာ ပြောကြား လေ တော့၏ ။ ထိုအခါ ပန်းပုဆရာ ဦးသာယာ သည် သူ ၏ မြေးကလေး ကေသာ့ အား မည်သည့် နည်း နှင့် မျှ မသေရ လေအောင် ကြံစည်ပေးမည် ဟု ကေသာ့ အား နှစ်သိမ့် ချော့မော့ နေလေ၏ ။

နောက် တစ်နေ့ နံနက် တွင် ပန်းပုဆရာ ဦးသာယာ ထုလုပ် သော သူ ၏ မြေးကလေး ကေသာ ၏ ရုပ်ထု အား တောင် ခြေရင်း တွင် သွား ချ၍ ထားရန် ရွာသူရွာသားများ နှင့် ပြောကြား နေလေ၏ ။ သို့သော်လည်း ထို ရုပ်ထု မှာ တစ်ကိုယ်လုံး ပြီးစီး နေ သော်လည်း ဆံပင် မှာ မူ မပြီးပြတ်သေးဘဲ ကျန် နေသေး သဖြင့် ကေသာ ၏ ခေါင်း မှ ဆံပင်များ ကို ဖြတ် ကာ ရုပ်ထု တွင် တပ်၍ ထား ပေး ရလေ၏ ။ ထို ည တွင် ပင် ကေသာ တို့ မြေးအဖိုး နှစ်ယောက် နှင့် ရွာသူရွာသားများ သည် ကေသာ ၏ ရုပ်ထု အား သယ်ယူ သွားကြပြီး လျှင် တောင်ခြေရင်း တွင် ချထားကြ လေ၏ ။ များမကြာမီ တောင် ပေါ် မှ ရေများ စီးဆင်းလျက် တောင် အောက်ခြေ တွင် ရှိသော ကေသာ့ ရုပ်ထု အား နစ်မွန်းစေကာ ရေစီး ဖြင့် သယ်ယူ ပါသွားလေတော့၏ ။

ထိုအချိန် မှာ ပင် ကေသာ ၏ ခေါင်း မှ ဆံပင်များ သည် တဖြည်းဖြည်း ရှည် ထွက်လာ ကြကာ ရွှေရောင် ဖြင့် တပြောင်ပြောင် တဝင်းဝင်း နှင့် တောက်ပ ၍ နေသည်ကို တအံ့တဩ တွေ့ရကြလေ၏ ။

ထို နေ့ မှ စ၍ လည်းကေသာ ၏ အသက်စွန့် ကြိုးပမ်းမှု ကြောင့် ကေသာ တို့ တစ်ရွာလုံး ရေ ၏ ဒုက္ခဘေး မှ ကင်းဝေး၍ ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ကြရ လေတော့ သတည်း ။

ကဲ ... ပြီး ... ပြီ ... ညီ ... ညီမလေးတို့ရေ ...

◾အစ်ကိုလေး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment