Sunday, June 16, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၂ )


 

ဒါပေမယ့် သမီးကလေး နုနုအေး က ချူချာတယ် ။ ချူချာ တဲ့ အတွက် ဆေးဖိုးဝါးခ က လဲ အပို ထွက်တယ် ။ တချိန်တည်း မှာ မအေးနု ရဲ့ ကျန်းမာရေး ကို လဲ ထိခိုက် လာတယ် ။ မအေးနု လဲ ဆေးတွေ ဝါးတွေ မှီဝဲ လာရတယ် ။ အထူးသဖြင့် အားဆေးတွေ နဲ့ အားရှိစေတတ်တဲ့ အစားအစာတွေ ကို စားသောက် နေရတယ် ။ သည့် အတွက် လဲ ငွေ အပို ကုန်တယ် ။

ကိုဘဂျမ်း က တော့ အယုံအကြည် မရှိပါဘူး ။ ဒါပေမယ့် မိန်းမ ဆိုတာ က တော့ မိန်းမ ပဲ ။ မအေးနု က ဗေဒင် တွေ နတ် တွေ သွား မေးတယ် ။

ပြောတော့ ပြောကြတာပေါ့ လေ ။ စနေ သား စနေ သမီး ဆိုတာ အနည်း နဲ့ အများ တော့ မိဘ ကို ဒုက္ခ ပေးတတ် တယ် တဲ့ ။ နုနုအေး က စနေသမီးကလေး မဟုတ်လား ။

ဒါပေမယ့် နုနုအေး က သားဦး မှ မဟုတ်ပဲ ။ ‘ သားဦး စနေ မီး လို မွှေ ’ သာ ကြားဖူးပါတယ် ။ အခုတော့ ဘာ ဆိုင်လို့တုန်း ။

ဆိုင်တာ မဆိုင်တာ အပထား ။ မအေးနု က တော့ အယူ သည်းတယ် ။ သည် သမီး က မိဘ ကို ဒုက္ခ ပေးမယ့် သမီး တဲ့ ။ ဘယ် ဗေဒင်ဆရာ က ဘယ်လို တွက်ချက် ပေးလိုက်သလဲ မပြော တတ်ဘူး ။

ဟုတ်တော့ လဲ ဟုတ်တယ် ။ သည် အဖေ နဲ့ သည် အမေ မွေးထုတ် လိုက်တဲ့ သားသမီး ချင်း တူပေမယ့် ၊ အကျိုးပေး တဲ့ သားသမီး က အကျိုး ပေးတယ် ။ အကျိုး မပေးတဲ့သားသမီး က အကျိုး မပေးဘူး ။

အကျိုး ပေးတယ် မပေးဘူး ဆိုတဲ့ နေရာ မှာ လဲ ကွဲ သေးတယ် ။ စီးပွားရေး ဘက် မှာ အကျိုး ပေးပြီး ၊ အိမ်ထောင်ရေး ဘက် မှာ အကျိုး မပေးတာ ရှိတယ် ။

တချို့ဆို ယင် အိမ်ထောင်ရေး ရော ၊ စီးပွားရေး ရော အကျိုး ပေးပြီး ကျန်းမာရေး မှာ အကျိုး မပေးတာ ရှိတယ် ။ အမျိုးမျိုး ပေါ့ လေ ။

ကောင်းပါပြီ ။ သည် သမီး နုနုအေး က ဘယ် ဘက် မှာ အကျိုး ပေးပြီး ၊ ဘယ် ဘက် မှာ အကျိုး မပေးမှာလဲ ။ မိဘ ကို ဘယ်တော့ ဘယ်ခါ မှာ ဘယ်လို ဒုက္ခ ပေးမှာလဲ ။

အခု ကြည့်ရ သမျှ ကတော့ မိဘ ရဲ့ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ ကျန်းမာရေး ၊ ဘယ်ဘက် မှာ မှ ဒုက္ခ ပေးတာ မရှိသေး ပါဘူး ။ သူ့ ကိုယ် သူ ပဲ မအိပ်နိုင် မစားနိုင် နဲ့ ဒုက္ခ ပေးနေတယ် လို့ ပြောရမှာပဲ ။ မိဘ ဇာတာ က သိပ် ကောင်းနေတုန်း မို့ သူ့ ဒဏ် သူ ပြန်ခံ နေရသလား မှ မပြောတတ်ပဲ တဲ့ ။ မအေးနု က မှတ်ချက် ချတယ် ။

ဒါပေမယ့် သေချာတာ က တော့ သေချာတယ် ။ မောင်ချမ်းအေး တုန်း က သားဦး ဖြစ်ပေမယ့် မိဘ သိပ် မပင် ပန်းခဲ့ရဘူး ။ အမှန် ပြောရယင် သားဦး ဆိုတာ အတွေ့အကြုံ လုံးဝ မရှိသေး တဲ့ မိဘ နှစ်ပါး အဖို့ မထိန်းတတ် ၊ မမွေးတတ် ၊ မပြုစုတတ် နဲ့ များသောအားဖြင့် ပင်ပန်းရတတ်တယ် မဟုတ်လား ။

ကလေး နေမကောင်း ပြန်ဘူး ဆိုယင်လဲ မပူပန်သင့် ပဲ ပူပန် မိ လို ပူပန်မိ ။ ပူပန်သင့် လျက် နဲ့ လဲ မပူပန် မိ လို မပူပန်မိ ။

ဘယ် အရွယ် မှာ ဘာ လုပ်ရမယ် ၊ ဘာ ကျွေးရမယ် ဆိုတာ လဲ မသိ ။ ပက်လက်ကလေး နေရာ က မှောက်တတ်စ ပြုလာလို့ ဝမ်း မမှန်တာ ကို လဲ မပူပန်သင့် ပဲ ပူပန် လို့ ပူပန် ။ မှောက်တတ် လာ ပေမယ့် ကြာရှည် ခေါင်း ထောင် မထား နိုင်သေးတဲ့ အတွက် မျက်နှာ နဲ့ ခေါင်းအုံး အပ် မိပြီး အသက်ရှူ လမ်းကြောင်း ပိတ်မှာ ကို တော့ ပူပန်သင့် လျက် နဲ့ မပူပန် ။

အဲ ... နည်းနည်း သိတတ်စ ပြုလာတဲ့ အခါမှာ သေး စို လို့ ငိုတာ ကို လဲ နို့ ဆာ လို့ ငိုတယ် အောက်မေ့ပြီး အချိန် မရောက် သေးပဲ နို့ တိုက် လို တိုက် ။ နို့ ကို လဲ မွေးကင်းစ ဆေးရုံ မှာ တုန်း က လို သူ့ အချိန် နဲ့ သူ မဟုတ်ပဲ စည်းကမ်း မရှိ တိုက် လို တိုက် ။ လူကြီး က စည်းကမ်း မရှိတော့ ကလေး က ပါ စည်းကမ်း ပျက် ပြီး နို့ ကို အချိန် မရွေး စို့ ။ သည်တော့ အစာ များ ပြီး ခဏခဏ ဝမ်းသွား ။ အဲသည်လို ဝမ်း သွား တာ ကို ပဲ ရောဂါ တခု လို့ အောက် မေ့ပြီး ဆေး ကု လို ကု ။

ဒါပေမယ့် မောင်ချမ်းအေး တုန်း က တော့ မကျန်းမမာ သိပ် မဖြစ်လှပါဘူး ။ မှတ်မိသလောက် ပြောရယင် လမ်း လျှောက်တတ် စ အခါလည် နဲ့ လေးလသား အထိ ဆရာဝန် ကို တကြိမ် ပဲ ပြရဖူးပါတယ် ။ အဲသည် တကြိမ် ဆိုတာ က လဲ စောစောက ပြော သလို တကယ်တမ်း နာမကျန်း ဖြစ်လို့ ပြ ရတာ ဟုတ်မယ် မထင်ဘူး ။ စိတ် ပူပြီးတော့ သာ ပြကြတာ ဖြစ်မယ် ။ ကျန်တဲ့ ချွဲ ထ တာ လောက်တို့ ၊ ကျောပူ ခေါင်းပူ ထ တာ လောက် တို့ က တော့ “ ပွဲကတော် ” အုပ်ဆေး လောက် နဲ့ ပြီး ပျောက်သွားတာပဲ ။

မှန်ပါတယ် ။ ကလေး တယောက် ကို မွေးရတယ် ဆိုတာ လွယ် တဲ့ အလုပ် တော့ မဟုတ်ပါဘူး ။

မိခင် တယောက် အနေ နဲ့ ဆိုယင် ကိုးလ ဆယ်လ လွယ် ပြီး မွေးရတယ် ဆိုတာ လဲ အသက် နဲ့ ရင်း ရတဲ့ အလုပ် ပါ ပဲ ။ ကိုယ် ဝန်ဆောင် ဆိုတာ သင်္ချိုင်း ကို တနေ့ မျက်စောင်း သုံးကြိမ် ထိုးတယ် တဲ့ ။ ရှေး လူကြီးတွေ ပြောစမှတ် ပြုကြတယ် ။ ယောက်ျား ဖောင်စီး မိန်းမ မီးနေ .... ဆိုတဲ့ စကားပုံ လဲ ရှိတယ် မဟုတ်လား ။

အမိ ဝမ်း က ကျွတ်ပြီ ၊ မွေး ပြီးပြီ ဆိုတော့လဲ အဲသည် ကလေး ကို မတ်တတ်ပြေး အရွယ် အထိ ကြီးပြင်း လာ အောင် ကျွေးမွေး ပြုစု ထိန်းသိမ်း စောင့်ရှောက် ဖို့ ဆိုတာ ကလဲ နည်းတဲ့ အလုပ် မဟုတ်ဘူး ။

သည့်နောက် ကျောင်း ထားတဲ့ အရွယ် ရောက် အောင် ၊ ပညာ ဆုံးခန်းတိုင် တဲ့ အထိ သင်ကြား တတ်မြောက် အောင် ထိန်းသိမ်း စောင့်ရှောက် ဆုံးမ သွန်သင် ဖို့ ဆိုတာ က လဲ နည်း တဲ့ တာဝန် မဟုတ်ဘူး ။

ပထမ ... သားသမီး ကျန်းမာ အောင် ၊ ဒုတိယ ... သားသမီး လူလားမြောက် အောင် ၊ တတိယ ... သားသမီး ပညာ တတ် အောင် ၊ စတုတ္ထ .... သားသမီး မပင်ပန်း မဆင်းရဲ ရ အောင် ဆောင်ရွက် ရ တဲ့ မိဘ ရဲ့ ဝတ္တရား ဆိုတာ က လဲ နည်းတာ မဟုတ်ဘူး ။

ဒါ့ကြောင့်လဲ ကိုဘဂျမ်း တို့ ယုံကြည်ကိုးကွယ် တဲ့ ဗုဒ္ဓ ဘာသာ ရဲ့အလို အရ မိဘ ကို ဘုရား နဲ့ တဂိုဏ်း တည်း ထား တာ ပေါ့ ။ အနန္တော အနန္တ ကျေးဇူးရှင် အဖြစ် သဘောထားတာပေါ့ ။

ကိုဘဂျမ်း နားလည်တယ် လေ ။ ခေတ် စကား နဲ့ ပြောရယင် လဲ အရေး အကြီးဆုံး က တော့ ကိုယ့် သား ကိုယ့် သမီး ကျန်းမာပြီး အသက်ရှည် နေဖို့ လိုတယ် ။ ဉာဏ် ပညာ ထက်မြက်တယ် ။ ဦးနှောက် ကောင်းတယ် ဆိုတာ လဲ တကယ်တော့ ကျန်းမာရေး နဲ့ က ဆက်စပ် နေတယ် ။ အဟာရဓာတ် ပြည့်ဝမှု နဲ့ လဲ ဆက်စပ် နေတယ် ။ အစားအသောက် က ကောင်း မှ လဲ အားအင် ပြည့်ဖြိုး မယ် ။ အားအင် ပြည့်ဖြိုး မှ လဲ ဦးနှောက် အပါအဝင် ဖြစ်တဲ့ ကိုယ် ခန္ဓာ ဖွဲ့စည်းမှု ကောင်းမယ် ။ ကိုယ်န္ဓာ ဖွဲ့စည်းမှု ကောင်း မှ လဲ ပြင်ပ ရောဂါ အမျိုးမျိုး ရဲ့ ထိုးဖောက် ဝင်ရောက်မှု ကို ခံနိုင်ရည် ရှိ မယ် ။ တနည်း ပြောရယင် ကိုယ်ခံ အား ကောင်း မှ ကျန်းမာ မယ် ။ ကျန်းမာ မှ ဉာဏ် လဲ ကောင်းမယ် ။ လူ လဲ ထွား မယ် ။

မောင်ချမ်းအေး က တော့ ကျန်းမာရေး လဲ ကောင်း တယ် ။ ဝ လဲ ဝဖြိုးတယ် ။ မွေးတုန်း က ခြောက်ပေါင် ပဲ ရှိ ပေမယ့် ၊ အခါလည် သား မှာ ဆယ့်ငါးပေါင် ရှိ နေပြီ ။ ကျန်းမာ ရေး ကောင်းခဲ့တဲ့ အတွက် သည် အကောင် မှတ်ဉာဏ် လဲ ကောင်း တယ် ။ အိမ် မှာ က လူတွေ များ လို့ လား တော့ မပြောတတ်ဘူး ။ အခါလည် မတိုင်မီ ဆယ့်တလသား ကတည်း က သူ့ အမေ ကို “ မေ ” လို့ ခေါ်တတ် နေပြီ ။ အဒေါ် တွေ ကို လဲ “ မမ ” လို့ ခေါ် တတ် နေပြီ ။

ဒါပေမယ့် နုနုအေး ကျ တော့ မွေးစတုန်း က သာ ခုနစ်ပေါင် နဲ့ တအောင်စ ရှိတယ် ။ အခါလည် တော့ ဆယ့်နှစ်ပေါင် ပဲ ရှိတယ် ။ သူ့ အစ်ကို လို မဖွံ့ဖြိုးဘူး ။ ဆေးတိုက် ပြေးရ ၊ ဆရာဝန် ပြရ ဆိုတာလဲ အကြိမ်ပေါင်း မရေတွက် နိုင်တော့ဘူး ။

သူ့ အမေ မအေးနု မပြောပါနဲ့ လေ ။ သူ့ မွေးပြီး ကတည်း က နှစ်ယောက်အိပ် ခုတင် မှာ နေရာ မဆန့်တော့ လို့ တယောက်အိပ် ခုတင် နဲ့ သပ်သပ် ခွဲ အိပ်ခဲ့ရတဲ့ ကိုဘဂျမ်း တောင် ခဏခဏ အိပ်ရေး ပျက် ခဲ့ရတယ် ။

စားပွဲ နဲ့ ကု,လားထိုင် နဲ့ ထိုင် ပြီး အလုပ် လုပ်ရတဲ့ လူတွေ တော့ မပြောတတ်ဘူး ။ ကိုဘဂျမ်း တို့ လို သွားရ လာရ ၊ ပြေးရ လွှားရ ၊ သယ်ရ ပိုးရ ၊ ရောင်းရ ဝယ်ရ နဲ့ အလုပ် နဲ့ လက် မပြတ် ရ တဲ့ လူတွေ အဖို့ မှာ တော့ သာမန် ဆိုယင် ကို ပင်ပန်းတယ် ။

အလုပ် လုပ် ရတဲ့ အချိန် က လဲ ကြည့်ဦး လေ ။ ဈေးချို ထဲ က “ လောကအလင်း ” စာအုပ်ဆိုင် လို မဟုတ်ဘူး ။ ခုနစ်နာရီ ဆို ယင် ဆိုင် ဖွင့် ပြီးရမယ် ။ ဆိုင် ခင်းပြီးသား ဖြစ်ရမယ် ။ မနက်ပိုင်း ရထား ဆိုက် ချိန် အမီ ခုနစ်နာရီခွဲ ၊ ရှစ်နာရီ အရောက် ဘူတာ ကို ပြေးရမယ် ။ ဆယ်နာရီခွဲ ၊ ဆယ့်တနာရီ အရောက် လေယာဉ်ရုံး ကို ပြေးရမယ် ။ ဆိုင် အတွက် ရောက် လာမယ့် သတင်းစာ တွေ စာအုပ် တွေ ကို ရွေး ထုတ်ရမယ် ။ သူ့ ထက် ငါဦးအောင် ရောင်းနိုင်ဖို့ အတွက် ဆိုင် ကို အရောက် အမြန် ပြန် သယ်ရမယ် ။ စာအုပ် ထုပ်တွေကို ဖြေရ ဖွင့်ရ မယ် ။ အဲသည် အချိန် က စပြီး မနားရတော့ဘူး ။

သည်တော့ အိမ် က ခြောက်နာရီ လောက် ကတည်း က ထွက်ရလေ့ ရှိတယ် ။ ဆိုင် မရောက်ခင် တနေရာ ရာ မှာ လက်ဖက်ရည် သောက် ရတယ် ။ ကိုယ့် ဝမ်း ကိုယ် ဖြည့်ထားရတယ် ။

ညဘက် ကျတော့ လဲ ရှစ်နာရီ ၊ ရှစ်နာရီခွဲ ကျတော့ မှ ဆိုင် သိမ်း ရတယ် ။ အိမ် ကို ကိုးနာရီ လောက် ကျ မှ ပြန် ရောက် တယ် ။ ပြန်ရောက် မှ ညနေစာ စား ရတယ် ။ ထမင်းစား ပြီး ယင် လူ က မလှုပ်ချင် တော့ဘူး ။ တနေကုန် ပင်ပန်း ထားရတဲ့ ဒဏ် တွေ ကြောင့် အနား ယူချင် လာတယ် ။ မျက်လုံး က လဲ စင်း လာ တယ် ။ အိပ်ချင် လာတယ် ။

အဲ ... ညဘက် မှာ များ အိပ်ရေး ပျက်ရပြီ ဆိုယင် တော့ နောက် တနေ့ မှာ အား မရှိတော့ဘူး ။ သိပ် မလှုပ်ရှား နိုင် တော့ ဘူး ။ ပို ပြီးတော့လဲ ပင်ပန်း လာတယ် ။ အလုပ် လုပ်ယင်း နဲ့ လဲ အိပ်ငိုက် လာတယ် ။ အိပ်ငိုက် လာ တော့ ဦးနှောက် က လဲ သိပ် မရွှင် လန်းတော့ဘူး ။ တွက်ရ ချက်ရ တဲ့ နေရာမှာ အမှားမှား အယွင်းယွင်း တွေ ဖြစ် ကုန်တယ် ။ ဆိုပါတော့ ၊ စီးပွားရေး လုပ်ငန်း မှာ လာ ထိခိုက်တယ် ။

ပြောမယ် ဆိုယင်တော့ ပြောလို့ ရပါတယ် ။ မောင်ချမ်းအေး တုန်း က လဲ သူ့ အဘွား ၊ မအေးနု တို့ အမေ ရုတ်တရက် ဆုံး ခဲ့ရတာပဲ ။ ထိခိုက်တယ် လို့ ဆိုနိုင်တာပဲ ။ တခု တော့ ရှိတယ် ပေါ့လေ ။ မိဘ နှစ်ပါး ဖြစ်တဲ့ ကိုဘဂျမ်း နဲ့ မအေးနု တို့ ကို တော့ တည့်တည့် မထိခိုက်ဘူးပေါ့ ။ အမေ့ ရဲ့ အမေ ဆိုတော့ တဆင့်ခံ ဖြစ် သွားတဲ့ အတွက် သွေး ဝေး သွားပြီပေါ့ ။

အဲ .. သည် သမီး နုနုအေး က တော့ အမေ မအေးနု ရဲ့ ကျန်းမာရေး ကို လဲ ထိခိုက် စေတယ် ။ အဖေ ကိုဘဂျမ်း ရဲ့ ကျန်းမာရေး ကို လဲ တခါတရံ ထိခိုက် စေတယ် ။ ထိခိုက်တယ် ဆိုတာ ပြင်းပြင်းထန်ထန် တော့ လဲ မဟုတ်ဘူးပေါ့ လေ ။ အိပ်ရာ ထဲ လဲ ရ လောက်တဲ့ အထိ တော့ လဲ မထိခိုက်ဘူး ပေါ့ ။ ဒါပေမယ့် အဲသည်လို မိဘ ကျန်းမာရေး မှာ နည်းနည်းပါးပါး ထိခိုက် လာ တဲ့ အတွက် စီးပွားရေးလုပ်ငန်း မှာ ပါ ထိခိုက် လာတယ် ။

သိသာတာ က တော့ သည်နှစ် မှာ မနှစ် က လောက် အရောင်းအဝယ် မကောင်း တာ အမှန်ပဲ ။ အရောင်းအဝယ် ထိုင်း တယ်လို့ ဆို နိုင်တယ် ။

စီးပွားရေး သိပ် မကောင်းကြ တာ က တော့ တခြား အရောင်းအဝယ် လုပ်ငန်းတွေ မှာ လဲ အတူတူ ပဲ ထင်ပါရဲ့ ။ ကိုဘဂျမ်း သိသမျှ သူ့ မိတ်ဆွေ ယက်ကန်းလုပ်ငန်း ပိုင်ရှင် တွေ က လဲ ညည်း ကြတယ် ။ ( အိုင် ) ရုံ တို့ ၊ ( အက်ဖ် ) ရုံ တို့ ထဲ က အထည်အလိပ် အရောင်းအဝယ်သမား တွေ လဲ ညည်း ကြတယ် ။

တိုင်းပြည် ရဲ့ အခြေအနေ က လဲ မကောင်းဘူးလေ ။ လွတ်လပ်ရေး ရပြီ ဆိုပေမယ့် ၊ ပြည်တွင်း သောင်းကျန်းမှု က ဖြစ် နေတယ် ။

ဖြစ်နေတော့ ၊ လမ်းပန်းခရီး အဆက်အသွယ်တွေ က လဲ မချောမွေ့တော့ဘူး ။ ကုန်စည် ကူးသန်းရောင်းဝယ်မှု နယ်ပယ် အတော်များများ မှာ သွက်ချာပါဒ ဖမ်း နေတယ် ။ မမှန်တော့ ဘူး ။ ကောင်းတဲ့ အခါ မှာ ကောင်းလိုက် ၊ မကောင်းတဲ့ အခါ မှာ မကောင်းလိုက် နဲ့ ဖောက်ဖောက်ပြန်ပြန် တွေ ဖြစ် နေတယ် ။

လူတွေ မှာ စီးပွားရေး သိပ် အဆင် မပြေကြဘူး ဆိုယင် မန္တလေး က တခြား မြို့တွေ ထက် ပိုပြီး သိသာတယ် ။

အထူးသဖြင့် သီတင်းကျွတ် ၊ တန်ဆောင်မုန်း မှာ အလှူအတန်း တွေ ၊ ပွဲလမ်းသဘင် တွေ လျော့ သွားလေ့ ရှိတယ် ။ ကထိန် တွေ က ပဒေသာပင် တွေ ကို အကဲခတ် ကြည့် လိုက်ရုံနဲ့ လဲ သိ နိုင်တယ် ။ ဘာသာရေး ပွဲလမ်းသဘင် တွေ နဲ့ လူမှုရေး ဧည့်ခံပွဲ တွေ မှာ ကပြ လေ့ ရှိကြတဲ့ အငြိမ့်ပွဲ အရေအတွက် ကို လေ့လာရုံ နဲ့ လဲ သိ နိုင်တယ် ။

မန္တလေး ရဲ့ ဘယ် ရပ်ကွက် မှာ ပဲ နေနေ ၊ ညစဉ် ညတိုင်း ဆိုင်းသံ ဗုံသံ ကြား နေရတတ် တဲ့ ဆောင်းဦးကာလ အချိန် မျိုး မှာ ၊ ကြားရနေကျ အတိုင်း မကြားရတော့ဘူး ဆိုယင် စီးပွားရေး သိပ် မကောင်းကြဘူး ဆိုတာ သေချာတယ် ။

ပြီးတော့ သင်္ကြန် ရှိ သေးတယ် ။ သင်္ကြန် ရက် နား နီးပြီ ဆိုယင် လဲ ၊ တလ လောက် အလို ကတည်း က အကတွေ တိုက်ကြ ၊ သီချင်းတွေ တိုက်ကြ နဲ့ ညဦးပိုင်း ဆိုယင် ဆိုင်းသံဗုံသံ ညံ နေလေ့ ရှိတယ် ။

စီးပွားရေး ပြေလည်ကြတဲ့ နှစ် ဆိုယင် သင်္ကြန် အဖွဲ့ တွေ လဲ ပို များတယ် ။ သင်္ကြန်မဏ္ဍပ် တွေ လဲ ပို များတယ် ။ သင်္ကြန် ရက် တွေ မှာ လဲ ပိုပြီး စည်ကားတယ် ။ သင်္ကြန် မတိုင်ခင် မှာ လဲ တမြို့လုံး တီးသံ မှုတ်သံ တွေ နဲ့ ညံ နေလေ့ ရှိတယ် ။

အဲ ... စီးပွားရေး သိပ် မပြေလည်ကြဘူး ဆိုယင် တော့ အသင်းအဖွဲ့ တွေ လဲ အလိုအလျောက် နည်း သွားတယ် ။ အသံ တွေ လဲ ကျဲ သွားတယ် ။

အင်မတန် အပျော်အပါး ပွဲလမ်းသဘင် ကြိုက် တဲ့ မြို့ ။ အင်မတန် သိသာတဲ့ မြို့ ။ မြို့ ရဲ့ စီးပွားရေး အခြေအနေ ကို အင်မတန် အကဲခတ် ရ လွယ် တဲ့ မြို့ ။

သည် နှစ် မှာ လဲ သိသာပါတယ် ။ အပျော်အပါး တွေ နည်း သွားတယ် ။ ပွဲလမ်းသဘင် တွေ လျော့ သွားတယ် ။ အများအားဖြင့် စီးပွားရေး သိပ် မကောင်းကြဘူး လို့ ဆိုနိုင်ပါတယ် ။

ကိုဘဂျမ်း တို့ ရဲ့ စာအုပ် အရောင်းအဝယ် လုပ်ငန်း ဆိုတာကလဲ အမှန်တော့ ရေ မြင့်မှ ကြာ တင့် နိုင်တဲ့ အလုပ် ပဲ ။ အများ နဲ့ အတူ ရုတ်လျော့ ကျဆင်း လာတယ် ။

အေးလေ .. သည်စီးပွားရေး ကျဆင်းရမှု ဟာ သမီး နုနုအေး နဲ့ ပတ်သက်တယ် လို့ အဖေ တယောက် အနေနဲ့ ကိုဘဂျမ်း မယူဆချင်ပါဘူး ။ ပြီးတော့ သမီး နုနုအေး ရဲ့ အရွယ်ဆိုတာ က လောဘ ၊ ဒေါသ ၊ မာန်မာန အစ ရှိ တဲ့ အဝိဇ္ဇာတရား တွေ ဘာမှ မကပ်ငြိ မဖုံးလွှမ်း သေး တဲ့ အရွယ် ။ လုံးဝ အပြစ် ကင်းစင်တဲ့ အရွယ် ။

ကိုဘဂျမ်း ခွင့်လွှတ်ပါတယ် ။

ကိုဘဂျမ်း အယူ မသည်း ပါဘူး ။ မဥပါဒ်ချင် ပါဘူး ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment