Tuesday, June 11, 2024

ပျံကျနမ်းထုပ်


 ❝ ပျံကျနမ်းထုပ် ❞


ဒီရေ တက် လို့ ရှိ ရင် မြစ်ရေ လည်း လိုက် တက်တယ် ။ သူများ တွေ အဖို့ ဒီရေ တိုးတာ မြစ်ရေ တက် တာ ဟာ ဘာမှ မထူးဆန်း ဘယ်လို မှ မခံစားကြရ ပေမယ့် ကျော်ကြီး အတွက် တော့ ခံစားချက်တွေ တော်တော်များများ ကို ဖြစ်စေတတ်တယ် ။ အဲဒီ အထဲ က အဓိက တစ်ခု က တော့ ဇီးကွက်မ ကို သတိရ တာပါပဲ ။


ဇီးကွက်မ ဆိုတာ ကျော်ကြီး နဲ့ ဘာမှ မတော်စပ်ပါဘူး ။ သမီးရည်းစား လည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ဇီးကွက်မ ကို ကျော်ကြီး  က အများကြီး ကူညီ ခဲ့တယ် ။ ဟောဒီ ကမ်းနား တစ်လျှောက် မှာ တော့ ဇီးကွက်မ ကို မသိတဲ့ လူ မရှိအောင် သူ က လည်း ကျော်ကြားတယ် လေ ။ ဒီ ကောင်မလေး က ဘာလို့ ဒီလို ကျော်ကြား နေရတာလဲ ။ သူ ရဲ့ ရုပ်ရည် ကြောင့် လား ။ ခန္ဓာကိုယ် အချိုးအစား လှ လို့လား ။ ပညာတော် စာတော် လို့လား ။ ဝတ်တတ် စားတတ် လို့လား ။ နေတတ် ထိုင်တတ် တဲ့ ဗိုင်းကောင်း ကျောက်ဖိမလေး လား ။


••••• ••••• •••••


ဆိပ်ကမ်း မှာ သင်္ဘော တွေ မော်တော် တွေ ဘုတ်ချပ် တွေအများကြီး ဝင်ထွက် နေတာ ပါ ။ ခရီးသည် တွေ ရဲ့ ဝန်စည်စလည် တွေ နဲ့ တခြား ကုန်ပစ္စည်း တွေ ကို ဆိပ်ကမ်းမှာ ရှိတဲ့ အလုပ်သမား တွေ က တင်ချ ပေးရ ၊ ထမ်းပိုး သယ်ဆောင် ပေး ရတယ် ။ ကျော်ကြီး တို့ က မနက် ဆိုရင် အလံတိုင် နား မှာ တန်းစီ ပြီး ကြီးကြပ်ရေးမှူး က ပြောဆို မှာကြား စရာတွေ ကုန် မှ တန်းဖြုတ် ဆို မှ တန်းဖြုတ် ရတဲ့ လုပ်သား တွေ ။ ဇီးကွက်မ က တော့ အေးအေးသန်း ၊ ကြူကြူမေ တို့ ၊ အော်ကုလား ၊ ပိုးပိန် တို့ လို ပျံကျလေး တွေ ၊ ဒီလို ကလေး တွေ ကြောင့် ကျော်ကြီး တို့ လို လူတွေ အတွက် အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်လှ ပါဘူး ။ သမုဒ္ဒရာကြီး တစ်ယောက် တည်း သောက်လို့ မကုန် တဲ့ စကား လို ပေါ့ ။ ဒါပေမဲ့ တချို့ ခြေဆော့ လက်ဆော့ ရှိတဲ့ ကလေးတွေကြောင့် ဆိပ်ကမ်း က လူတွေ အားလုံး ရောပြီး နာမည် ပျက်တာတွေ ရှိတတ်တယ် ။


အခု လည်း ... ။


ဇီးကွက်မ က ဘယ် ဇာတိ လို့ မပြောတတ် ရှာဘူး ။ ဟို အထက် အညာ က လို့ ပဲ သူ ပြော တယ် ။ ညာ နေတာ ၊ မပြောချင်တာ မဟုတ်ဘူး ။ သူ့ ကိုယ် သူ ဘယ်မှာ မွေးခဲ့တယ် ဆိုတာ မသိရှာသူကလေး ။ အဖေ နာမည် တော့ ဦးဖွေး လို့ သူ ပြောလို့မ်မယ် ။ ဒါက လည်း သူ့ အမေ သင် ထားတာ ။ သူ့ အဖေ ကို သူ မမြင်ဖူးရှာဘူး ။ အမေ နာမည် မေးရင် မသန်းကြွယ် လို့ သူ ပြောမယ် ။ အမေ ကို တော့ သူ ရေးတေးတေး မှတ်မိ သတဲ့ ။ ဒါပေမဲ့ သူ့ အမေ နဲ့ သူ ကွဲ သွားတာ ကြာလှပြီ ။ လေးငါးနှစ် ရှိပြီ လို့ ပြောတာပဲ ။ စာ မှ ကောင်းကောင်း မတတ်တဲ့ ဇီးကွက်မ ရဲ့ လေးငါးနှစ် ဆိုတာ လည်း ဝေဝေဝါးဝါး ရယ် ။ သူ မှတ်မိတာ တော့ သူတို့ ရွာကြီး တစ်ရွာ မှာ ဇာတ် ကြည့် နေရင်း အိပ်ပျော် သွားတယ် ၊ သူ အိပ်ရာ က နိုးတော့ အနား မှာ သူ့ အမေ မရှိတော့ဘူး တဲ့ ။


ဒီ အကြောင်း သိကြတဲ့ သူတွေ က အဲဒီ တော့ နင် မငိုဘူးလား လို့ စာနာစိတ် နဲ့ မေးတဲ့အခါ အရူးအပေါလေး က မငိုပါဘူး တဲ့ ။ မည်းမည်းရဲရဲ သွားလေး တွေ ပေါ် အောင် ရယ် ရင်း ဖြေ တတ်တယ် ။


နင့် အမေ က နင့် ကို ထား ခဲ့တာ နေမှာ လို့ မကျေနပ်သံ ၊ ကရုဏာသံ နဲ့ ပြောရင် ဟုတ်ချင် ဟုတ်မယ် ။ ဟုတ်မယ် လည်း မထင်ပါဘူး ။ အမေ ကို ချစ်တတ်ပုံ ရတဲ့ ဇီးကွက်မ က မရေ မရာ ပြောတယ် ။ သူ့ ဘဝ ဖြတ်သန်းခဲ့ရပုံ ဘာမှ မရေရာ သလို သူ ပြောတာတွေ က လည်း ဘာမှ ရေရာမှု မရှိဘူး ။


တကယ်ပဲ သူ့ အမေ ထားပစ်ခဲ့တာလား ။ ဘယ်သူမှ မပြောနိုင်ဘူး ။ ပွဲခင်းကြီး က ကြီး လို့ အပေါ့အပါး ထ သွား ရာ က လူချင်း ကွဲ သွားကြတာလား ။ ဒါလည်း မပြောနိုင်ဘူး ။ ကိုယ့် ဝမ်း ကိုယ် မှ အနိုင်နိုင် ကျောင်း နေရှာတဲ့ သူ ။ ဖအေ မရှိတော့ တာ လား ။ ဖအေ မဖော်နိုင် တာလား ။ မသိတဲ့ ကလေးမလေး ကို သူ့ အမေ မသန်းကြွယ် က ထားရက်လေခြင်း လို့ အပြစ် တင်မယ့် သူ လည်း မရှိဘူး ။ ကုန် ထမ်း တဲ့ ဦးသာစန်း တို့ ခင်မောင်စိန် တို့ ဘိုဖြူ တို့ က တော့ နားကြ တဲ့အခါ ဇီးကွက်မ နင့် အမေ အခု ရှိရင် အသက် ဘယ်နှစ်နှစ် လောက် ရှိပြီ လဲ ဟင် သမီး ။ နင့် အမေ က အရပ် ရှည်လား ။ အသား ဖြူလား မေးရင် ရယ်ရင်း ရယ်ကျဲကျဲ နဲ့ ဒူး နန့် နေတတ်ကြတယ် ။


ဇီးကွက်မ က လည်း ခပ် အအ ရယ် ။ စကား အကောင်း မှတ်လို့ သူ သိသလောက် မှတ်မိ သလောက် ပြောနေ ဖြေနေ တတ်တယ် လေ ။ အဲဒီ အချိန် ဆိုရင် ကွမ်းသွေး တပျစ်ပျစ် နဲ့ ဦးတုတ်တိုကြီး က လည်း ရောက် လာတယ် ။ ရော့ ဇီးကွက်မ ဆိုပြီး ဂျမ်း ( ကြမ်း ) တစ်ယာ လှမ်း ပေးတယ် ။ ဇီးကွက်မ က လည်း ကွမ်းယာ ကို ဖြေ မကြည့်ဘဲ ပါးစပ် ထဲ ပဲလှော် ထည့် သလို ထည့် လိုက်တယ် ။ ပြီးရင် တဖြုတ်ဖြုတ် ဝါး ပြီး ခေတ်စကား ကာလသားစကား တွေ ပြောရင်း ရယ်ကြ မောကြ နဲ့ ။ ဒါ သူတို့ အမောဖြေ ကြပုံပါ ။ ကြာတော့ ဇီးကွက်မ လည်း ဆေးရွက်ကြီး မမူးတော့ဘူး ။


ဇီးကွက်မ က သူ့ ကုပ်လေး က တိုတိုလေး ပေမယ့် ရုပ်ရှင်မင်းသား ဇော်ဝမ်း ဆိုရင် အသည်းစွဲ ။ လူတွေ ဟာ ကိုယ့် ဆီ မှာ မရှိတဲ့ အရာ ကို ပိုပြီး လိုချင် တပ်မက် ကြတယ် ။ အသား မည်း တဲ့ သူ က အသား ဖြူ တဲ့ သူ ကိုစိတ်ဝင်စားမယ် ။ အရပ် ပု တဲ့သူ က အရပ် မြင့် တဲ့ သူ ကို စိတ်ဝင်စားမယ် ဆိုပေမယ့် ဇီးကွက်မ က စေလိုရာစေ က အစ နေထွက်သောည အလယ် ၊ သင်္ကြန်မိုး အထိ သူ ခေါ်တဲ့ အစ်ကိုဝမ်း ဇာတ်ကား တွေ အကုန် ကြည့်ပြီး သား ။


ဇော်ဝမ်း ကား ရှေ့ဆုံး ငါးမူးတန်း မှာ ဇီးကွက်မ ရှိ နေတယ် ။ အဖော် က တော့ တင်တင်မြ ဖြစ်ချင် ဖြစ်မည် ၊ အော်ကုလား ဖြစ်ချင် လည်း ဖြစ်မယ် ။ အများအားဖြင့် တော့ သူ တစ်ယောက် တည်း ပဲ ။ တစ်ခါတလေ နှစ်ပွဲ တောင် ဆက်တိုက် ကြည့် ချင် ကြည့်ပစ် လိုက်တာ ။ တစ်မနက် မှာ ကျော်ကြီး ခေါင်းနားပန်း ကြီးသွား ရတယ် ။ စကားဝိုင်း မှာ လူတွေ စုပြီး ဇီးကွက်မ အပျို ဖြစ် ၊ မဖြစ် ငြင်းခုံ နေကြတဲ့ အကြောင်း ကြားလိုက်ရ လို့ပါပဲ ။


ဇီးကွက်မ ဆိုတာ နှုတ်ခမ်း ထော်ထော် ၊ ပါးစပ် ပြဲပြဲ ၊ ရယ် ရင် သွားဖုံးတွေ ပေါ် လာတတ် ပြီး ဆံပင် က နီကြောင်ကြောင် နဲ့ ။ မျက်ခုံးမွေး က ထူထူ ၊ မျက်လုံး က လည်စေ့ အတင်း ညှစ် ခံနေရတဲ့ လူ တစ်ယောက် မျက်လုံး တွေ ပြူး နေ သလို တော်တော် ကို ပြူးတဲ့ မျက်လုံး ။ မျက်နှာ က လုံးဝိုင်းဝိုင်း နှာခေါင်း က မဆိုသလောက်ကလေး ပြား တယ် ။ သွား တွေ က တော့ မလှရှာဘူး ။ ကြီးကြီးကျဲကျဲ တွေ ။ အရပ် က လည်း ပု လိုက်သေးတယ် ။


••••• ••••• •••••


တစ်ခါတလေ ဇီးကွက်မ တို့ အော်ကုလား တို့ လို လူတွေ ဝင်ပြီး မထမ်းရတဲ့ ကုန် ပစ္စည်း တွေ ရှိတယ် ။ နိုင်ငံပိုင်ပစ္စည်းတွေ ပေါ့ ။ ဥပမာ - ဘိလပ်မြေအိတ် မျိုး ။ အဲဒီလို အခါမှ ဇီးကွက်မ တို့ က ကျော်ကြီး တို့ အဖွဲ့ ပိုးသယ် သွားတဲ့ ဘိလပ်မြေအိတ် တွေ ကို တံ မြက်စည်းသေးသေးလေး တွေ ၊ ဝက်မှင်ဘီးလေး တွေ နဲ့ နောက် က နေ လိုက်ပြီး လှည်း ကြ တယ် ။ ရတဲ့ ဘိလပ်မြေလေးတွေ ကို ကြွပ်ကြွပ်အိတ်လေး ထဲ စုပြီး ထည့် ထားကြတယ် ။ သင်္ဘော ပေါ် မှာ ဘိလပ်မြေအိတ် ပေါက်ပြီး ကျကျန်ရစ်တာလေး တွေ လည်း ဒီလိုပဲ တက် ပြီး ကျုံးကြ ၊ လှည်းကြ ပြီး စု ထားပြီး နို့ဆီဘူးချင် နဲ့ ပြန် ရောင်းကြတယ်လေ ။ သူတို့ ကလေးတွေ ခမျာ သင်္ဘော ပေါ် တက် ကျုံးခွင့် ရဖို့တော့ မျက်နှာချို သွေး ရပြီး ၊ တောက်တိုမည်ရ ခိုင်း တာလေး တွေ လုပ် ပေးရတယ် ။


အလုပ် ပါးကြတဲ့ တစ်နေ့ တော့ ဇီးကွက်မ က မြစ်ကမ်းနံဘေး ကုက္ကိုပင်ကြီး ရဲ့ အရိပ် အောက် မှာ တစ်ယောက် တည်း အလုပ် တွေ ရှုပ် နေတယ် ။ ကုန်လိုက် မထမ်းဘူး ။ အမှန် တော့ သူ ဘယ်အချိန် က စုဆောင်း ထားမှန်း မသိတဲ့ သစ်တိုဝါးစတွေ နဲ့ တဲ တစ်လုံး ထိုး နေ တာပါ ။ ပြီးတော့ ပလတ်စတစ် တွေ စ မိုး ၊ ဘိလပ်မြေအိတ်ခွံ တွေ နဲ့ ကာရံ လို့ ။ ပြတင်း ပေါက် မပါ အဝင် တံခါး တစ်ချပ် ပဲ ရှိတဲ့ ကိုးပေ ပတ်လည် လောက် ၊ အမြင့် က သူ့ အရပ် လွတ်ရုံ လောက် တဲလေး တစ်လုံး ပေါ် လာတယ် ။ အဲဒီတော့ မှ ဇီးကွက်မ အရင်တုန်း က ဘယ်မှာ အိပ်တာတုံး ဆိုတာ ကို လူတွေ က သိချင် လာကြတယ် ။ သူ့ ဆီ က မရေမရာ အဖြေ ပဲ ရ သွားကြတယ် ။ သူ ဆောက် ထားတဲ့ တဲကလေး က ဒီ အတက် ကြမ်း လို့ မြစ်ရေ တကယ် တိုး ရင် မလွတ်နိုင် တဲ့ နေရာလေး ။ အဲဒီအခါ ဇီးကွက်မ က တော်ရာရော်ရာ နေရာ တစ်ခု ခု ကို ခဏ ရွှေ့နေမှာ တဲ့ ။


ထမင်း အဝစား လေးကျပ် ၊ ဆေး တစ်ခါ ထိုး ငါးကျပ် ခြောက်ကျပ် ၊ ရုပ်ရှင် က ငါးမူး ၊ တစ်ကျပ် ၊ အဝတ်အစား က လည်း လူပေး သူပေး ၊ ဝယ် ဝတ်မယ် ဆိုရင် လည်း ခပ်ပေါပေါ လေးတွေ ၊ သူခိုးဈေး က လည်း ဇီးကွက်မ တို့ အတွက် ဈေး အများကြီး မဆိုကြဘူး ။ ဇီးကွက်မ ကုန် ထမ်းရင်း သူ့ ဝမ်း သူ့ ခါး တော့ ဘဝတူ တွေ လို ဝအောင် လှအောင် ဆင်နိုင် ပါတယ် ။ တစ်နေ့ ဘိလပ်မြေတွေ များများ ကျုံးမိတဲ့ နေ့ က အပေါစား နှုတ်ခမ်းဆိုးဆေး ရဲရဲလေး တောင် သူ ဝယ်လိုက် သေးတယ် ။


သူ မကြာခင် က ဆောက် ခဲ့တဲ့ တဲကလေး ကပဲ ဒုက္ခ ကို လက်ယပ် ခေါ်သလား ၊ နှုတ်ခမ်း ဆိုးဆေးရဲရဲလေး နဲ့ အတူ ဂြိုဟ်ဆိုး က ကပ်ပါ လာသလား ၊ ဘယ်သူမှ အတပ် မပြောနိုင်ဘူး ။


တစ်မနက် မှာ ဇီးကွက်မ မရိုးမသား အန် နေရှာတယ် ။ ကျော်ကြီး နဲ့ သူ့ ဆရာ ဦးမြင့် ဝင်း တို့ ဆီ ဒီ သတင်းရောက် လာတော့ လူကြီး နှစ်ယောက် တိုင်ပင် ရတော့တာပေါ့ ။ ဦးမြင့်ဝင်း က ကျော်ကြီး ကို စနည်းနာ ခိုင်းတယ် ။ ဘယ်သူ့ လက်ချက် လဲ ။ စောင့် ကြည့်ပြီး သူ စနည်း နာတယ် ။


ဇီးကွက်မ က တော့ တစ်မနက်လုံး ခဏခဏ အန် နေတော့တာပဲ ။ ကျော်ကြီး တို့ စုံစမ်း ကြတာ ဘယ်သူ နဲ့ ရယ်လို့ အတိအကျ မသိရဘူး ။ ဇီးကွက်မ ကို ထိပ်ပုတ်ခေါင်းပုတ် စ နေကြသူ တွေ က အများကြီး ။ ကွမ်းယာ ကျွေး ၊ မုန့် ကျွေးပြီး စကားရော ဖောရော လုပ်ကြ သူ က လည်း တစ်သိုက်ကြီး ။ နောက်ကြော တက် လို့ ၊ ဇက်ကြော တက် လို့ လက်ပြင် ငုပ် တာ ကို အနှိပ်ခိုင်း အဖော်ခိုင်း တဲ့ လူတွေ က လည်း ဇီးကွက်မ ကို ခြေကဖွား လို့ မြှောက်ပင့် ခိုင်းတတ် ကြတယ် ။ ဒီ လူတွေ ကို လည်း ကျော်ကြီး တို့ ထည့် စဉ်းစား ရ သေးတယ် ။


ဆေးလိပ်မီး အညှိ ခိုင်း ၊ ကွမ်းယာ အဝယ်ဘခိုင်း ၊ အင်္ကျီ ကို တိုင်မှာ သွား အချိတ် ခိုင်း တတ် တဲ့ လူတွေလည်း လျှော့ တွက် လို့ မရဘူး ။ ညနေ အလုပ် သိမ်း ရင် အရက်ဝိုင်း ဖွဲ့ပြီး သောက် ကြပြီး အချိန် အတော် လင့် မှ ပြန်ကြတဲ့ အုပ်စုတွေ က လည်း ရှိသေးတယ် ။ ကျော်ကြီး က တော့ ခေါင်း ကို သာ တွင်တွင် ကုပ် နေ မိကြတော့တာပါပဲ ။


ရက် ကို လ စား သွားပါပြီ ။ ဇီးကွက်မ ရဲ့ အရှေ့အလယ်ပိုင်း မှာ လည်း ရုပ်လုံး ပေါ်စ ပြု နေပြီ လို့ တင်တင်မြ တို့ ကြူကြူမေ တို့ ဆီ က အသံ တွေ ထွက် လာတယ် ။ ဒါကြောင့် ဘယ်လိုမှ စုံစမ်း မဖော်ထုတ်နိုင်တဲ့ အဆုံး ။ ဇီးကွက်မ ကို ကျော်ကြီး နဲ့ ဦးမြင့်ဝင်း တို့ အသာ တိတ်တိတ်ခေါ် မေးရတော့ တာပဲ ။ ဇီးကွက်မ က ဒီ ကိစ္စ မှာ တောင် ဘယ်သူ ဘယ်ဝါ လို့ ရေရေရာရာ မပြောနိုင်ရှာဘူး ။ သွားဖုံးမည်းမည်း ရဲရဲလေးတွေ ပေါ်အောင် ရယ်နေ ရှက် ရယ် ရယ် နေတော့တာပဲ ။ ချော့ မေးလို့ မရလို့ ခြောက်ပြန် တော့ လည်း မျက်လုံးပြူးကြီး မှာ မျက်ရည်တွေ လည် နေ ၊ တို နေတဲ့ ကုပ်လေး ကို ပိုပု ဝင် သွားပြီး ဘယ်သူ့ နာမည် မှ ထုတ် မပြောတတ်ဘူး ။


ဒီလို ကျော်ကြီး နဲ့  ဦးမြင့်ဝင်း တို့ ကြိတ် မေးနေ စစ် နေတာ ကို ပဲ လူတွေ က သူတို့ နှစ်ယောက် ကို အထင် လွဲတာ ခံခဲ့ရတယ် ။ နောက်ဆုံးတော့ ဒီကိစ္စ အရေး ကြီးတယ် ။ ဦးလေး တို့ ရှိတယ် ငါ့ တူမ ။ ဘယ်သူ မှ မကြောက် နဲ့ ။ ကလေး အဖေ ဘယ်သူ ဆိုတာ ပါးစပ် က မပြောနဲ့ လက်ညှိုး သာ ထိုးပြ ။ ရှေ့တည့်တည့် က မထိုးရဲ ရင် နောက်ကျော က နေ ပြ ဆိုပြီး -


လုပ်သား ဆယ်ယောက် ကို တန်းစီ ခိုင်း ပြီး ဇီးကွက်မ ကို သေသေချာချာ အကြည့် ခိုင်းတယ် ။


တန်းစီ ရတဲ့ လူတွေ က လည်း တချို့က ခပ်တည်တည် ၊ တချို့ က လည်း စပ်ဖြဲဖြဲ တချို့ ကျ တော့ လည်း ဒီလို လုပ်ရ ကောင်းလား လို့ မကျေနပ် တဲ့ မျက်နှာ နဲ့ ။ တချို့ က တော့ ဘာမှ မသိဘဲ တန်းစီ ဆိုလို့ စီ ကြရတာ ဆိုတဲ့ မျက်နှာထား နဲ့ ။


ဇီးကွက်မ က တစ်လှမ်းချင်း လျှောက် လာ နေတယ် ။ တန်းစီ နေရတဲ့ လူတွေ ရဲ့ ရင် ထဲ မှာတော့ ရထား ခုတ် သူ ခုတ် ၊ ဘင်ခရာ တီးဝိုင်း လှည့် သူ က လှည့် နဲ့ ။ ပင်လယ်ကူး သင်္ဘော တစ်စင်း ရဲ့ အင်ဂျင်ခုတ်သံ လို မြည် တဲ့ လူ က မြည် နေတယ် ။ ကျော်ကြီး က မျက်နှာ တွေ လိုက် အကြည့် ခိုင်း ပြီး လက်ညှိုး ထိုး ပြရအောင် နောက်ကျော ဘက် ကို ခေါ် သွားတယ် ။ ဦးမြင့်ဝင်း က တော့ မလှမ်းမကမ်း က နေ အကဲ ခတ်တယ် ။ တန်းစီ နေသူ တွေ ရော ၊ နောက်  တန်းစီ ရမယ့် သူတွေ ကို ပါ သူ အကဲ ခတ် နေတာပါ ။


ဇီးကွက်မ က တန်းစီ နေသူ တွေ ကို တစ်ပတ် ပတ်မိ ပြီးတော့ ဒီ အထဲ မှာ မပါဘူး လို့ ပြော လို့ နောက်ထပ် လုပ်သား ဆယ်ယောက် ထပ်ပြီး တန်းစီ ရတယ် ။


ဒီတစ်ခါ တော့ ဇီးကွက်မ က ရုပ် က စပ်ဖြီးဖြီး နဲ့ ။ တန်းစီ နေတဲ့ သူတွေ ကို တစ်ယောက် စီ လိုက် ကြည့်တယ် ။ ဦးမြင့်ဝင်း နဲ့ ကျော်ကြီး တို့ ရင်တွေ ပို ခုန်နေတယ် ။ တစ်ပတ် ပတ်မိ တော့ ဇီးကွက်မ က မပါဘူးတဲ့ ။


နောက်ဆုံး ( ၁၀ ) ယောက် ကို ခေါ်ပြီး ခုနက လိုပဲ တန်းစီ ရပ်ခိုင်း ထားတယ် ။ ကျော် ကြီး က ဒီနေ့ အလုပ်ဆင်း ဇယား ကို ကြည့်ပြီး သား ပျက်ကွက်တဲ့ သူ မရှိဘူး ။ ဒီ ဆယ်ယောက် ထဲ မှာ ဘသားချော ပါ ကို ပါရမယ် လို့ ကျော်ကြီး က အပိုင် တွက် ထားတယ် ။


ဇီးကွက်မ က မျက်နှာ ခပ်တည်တည် နဲ့ ဖော်ထုတ်မယ့် ပုံစံမျိုး ။ တန်းစီ နေတဲ့ သူတွေ ကို တစ်ပတ် ပတ် မိတော့ ဇီးကွက်မ က လက်ဝါး ခါ ပြပြီး မပါဘူး လို့ ပြောတယ် ။


ဒါနဲ့ အားလုံး ကို တန်းဖြုတ် ပြီး ကျော်ကြီး က ဦးမြင့်ဝင်း ဆီ သွားပြီး ပြောရတယ် ။ ဇီးကွက်မ လုပ်လိုက်တာ ကလေး အဖေ က ခင်ဗျား မဟုတ် ရင် ကျွန်တော် ပဲ ဆိုတဲ့ ပုံစံ ဖြစ် နေပြီ တဲ့ ။ ဦးမြင့်ဝင်း ခမျာ လည်လိမ် ထားတဲ့ ကြက်ဖကြီး လို ဖြစ် နေတော့တယ် ။


နောက် တစ်နေ့ မနက် တန်းစီ ကြတော့ ဦးမြင့်ဝင်း မိန့်ခွန်းရှည်ကြီး ခြွေ ရ တော့တယ် ။ သူ့ လူတွေ ဒီလိုမျိုး မလုပ်ကောင်း တဲ့ အကြောင်း နဲ့ ရှေ့ဆက် မတိုးကြ ဖို့ ဆုံးမစကား ပြော ရတာပါ ။ ကာယကံရှင် တစ်ယောက် လား ၊ တစ်ယောက် ထက် ပိုသလား လည်း မသိ နိုင်တဲ့ကိစ္စ ဖြစ် နေတယ် ။ လူသားချင်း ထောက်ထားတဲ့ အနေ နဲ့ နှမချင်း စာနာတဲ့ အနေနဲ့ ဇီးကွက်မ မီး မဖွားမချင်း လူ တစ်ယောက် ရန်ပုံငွေ တစ်ကျပ် နေ့စဉ် ထည့်သွင်း ဖို့ ပြောသွား ပါတယ် ။


ဒီလို ပြောဆိုမှု အပေါ် မှာ ထင်မြင်ချက် တွေ ၊ ဝေဖန်သံ တွေ အစုံပါပဲ ။ လူကြီး ဆုံး ဖြတ်ချက် မို့ သာ အသာ ခေါင်းငုံ့ နေကြရတာ လို့ ပြောတဲ့ လူတွေ ပြော ၊ သတ္တိ မရှိဘူးလား ကွ ၊ ယောက်ျား မဟုတ်ဘူးလား ကွ ၊ ငါ မသိလို့ သိရင် ဘယ်သူ့ မျက်နှာ မှ မထောက်ဘူး ။ နှုတ် လုံတဲ့ လူကလည်း လုံ ၊ ပိရိ တဲ့ သူတွေ က လည်း ပိပိရိရိ နဲ့  ။


စီစဉ်တဲ့ သူတွေ က စေတနာ နဲ့ စီစဉ်တာပါ ။ ဒါပေမဲ့ ကျော်ကြီး တို့ နား မှာ ဘာ ပြန် ကြားရသလဲ ဆိုတော့ အတူ မနေရဘဲ နဲ့ တစ်နေ့ တစ်ကျပ် ပေးနေရတာ မထူးပါဘူးကွာ တစ်ကျပ် တန်အောင် လို့ တဲ့ ။


ဇီးကွက်မ က တော့ သူ့ ဝမ်းကြာတိုက် ထဲ မှာ ရတနာလေး တစ်ခု ရှိနေတာ ကို သိပ် မမှု ပါဘူး ။ ကုန် ထမ်း မြဲ ထမ်း ၊ ဘိလပ်မြေမှုန့် တွေ လိုက်ပြီး လှည်းကျင်း မြဲ လှည်း လို့ ။ ပေါ့ပေါ့ ပါးပါး ပဲ ။


လ တော်တော် ရင့် လာတော့ ဦးမြင့်ဝင်း ကို အမြင် မတော်တော့ဘူး ၊ ကောင်မလေး ကို အလုပ် မလုပ်စေနဲ့ တော့ ၊ တော်ကြာ မဖြစ်သင့်တာ တွေ ဖြစ်ကုန်လိမ့်မယ် လို့ လာ ပြော ကြတယ် ။ ဦးမြင့်ဝင်း က လည်း သဘောတူ ပါတယ် ။ ဒါကြောင့် ဇီးကွက်မ ကို ခေါ်ပြော ရတယ် ။ အလုပ်ကြမ်း တွေ မလုပ်ဖို့ ၊ အလေးအပင် တွေ မ,မ ဖို့ မထမ်း မပိုး ဖို့ ။ သူ့ အတွက် လက်ဖက်ရည်ဖိုး ၊ ထမင်း နှစ်နပ်ဖိုး နေ့တိုင်း လာ ထုတ်ဖို့ ပြောရတယ် ။ ဒီလို ပြောထား တဲ့ ကြား က ကုန်တွေ ထမ်းနေ ပိုးနေ ဦးမယ် ဆိုရင် တော့ ထောက်ပံ့ငွေ ကို မပေးတော့ဘူး လို့ လည်း ခြောက်လှန့် ထားရ သေးတယ် ။


••••• ••••• •••••


ဦးမြင့်ဝင်း က ကျော်ကြီး ကို ပဲ ဒေသန္တရဆေးခန်း လိုက် ပြီး ဇီးကွက်မ ဗိုက် အပ် ပေးဖို့ ပြောလို့ ကျော်ကြီး က ပဲ ဆိုက်ကား တစ်စင်း ငှားပြီး ဒေသန္တရဆေးခန်း ကို ထွက်လာ ခဲ့ကြ တယ် ။


ဆိုက်ကား ပေါ် မှာ ကျော်ကြီး က ရှေ့ က စီးပြီး ဇီးကွက်မ က နောက် က စီး လာကြ တယ် ။ ကျော်ကြီး က နင့် အဝတ်ကောင်း အစားကောင်း လေး ဝတ်ခဲ့ ဆိုလို့ ဇီးကွက်မ က ရုပ်ရှင် ကြည့် သွား ရင် ဝတ်တဲ့ အင်္ကျီ နဲ့ ထမီလေး ဝတ်လာ ခဲ့တယ် ။


တကယ်တော့ ကိုယ်ဝန်ဆောင် အင်္ကျီ ဝတ် ရမယ့် အနေအထား ပါ ။ ဘယ်လိုမှ အမြင် မတော် လို့ မီးဖွား ဖို့ စုထားတဲ့ အထဲ က ကိုယ်ဝန်ဆောင် အင်္ကျီ တစ်ထည် ဝင် ဝယ်သွား လို့ ဦးမြင့်ဝင်း က မှာ လိုက် ရတယ် ။ ကောက်ညှင်းထုပ်လေး လို ဖြစ် နေတဲ့ ဇီးကွက်မ က သူ့ မိတ်ဆွေ တွေ ကို အော်အော်ပြီး နှုတ်ဆက် နေတယ် ။ ကျော်ကြီး က ရှက်လို့ တားပေမယ့် ဘယ်လိုမှ တား မရဘူး ။ နှုတ်ခမ်း ကို လည်း မင်္ဂလာဆောင် တစ်ခု သွားတဲ့ အပျိုမလေး လို ရဲ နေအောင် ဆိုးခဲ့ သေးတယ် ။


ဒေသန္တရဆေးခန်း ရောက် တော့ စာရင်း သွင်းတဲ့ အခါ ဆရာမ က ကျော်ကြီး ကို ရှင့်

နာမည် လို့ မေး တော့ ကျော်ကြီး က ရိုးရိုး မေးတယ် ထင်ပြီး ကျော်ကြီး လို့ ပဲ ဖြေခဲ့တယ် ။ ဇီးကွက်မ ရဲ့ ခင်ပွန်း ၊ ကလေး ရဲ့ ဖခင် နေရာ မှာ ကျော်ကြီး ရဲ့ နာမည် ဖြည့်ပြီးသား ဖြစ် နေ ပါပြီ ။


ဆရာမ က တချို့ ရက်စွဲ တွေ ကို အတိအကျ မေးတဲ့ အခါ ဇီးကွက်မ က မဖြေနိုင်ရှာပါဘူး ။


••••• ••••• •••••


ဒီရေ တိုးရင် မြစ်ရေ ပါ တိုး တတ်တယ် ။ မြစ်ရေ သိပ် တိုး ရင် ကုက္ကိုပင်ကြီး ကို တောင် ရေတွေ က ကျော် သွား တတ်ပါတယ် ။


ပလတ်စတစ် တွေ မိုး ၊ ဘိလပ်မြေစက္ကူ တွေ ကာ ထား တဲ့ ဇီးကွက်မ ရဲ့ တဲ ထဲ က မကြာခင် မှာ ကလေး ငိုသံလေး ကြားရပါ တော့မယ် ။  ။


◾ညီပုလေး


📖 ရနံ့သစ် မဂ္ဂဇင်း 

      ၂၀၀၂ ၊ ဇူလိုင်


#ကိုအောင်နိုင်ဦး


No comments:

Post a Comment