❝ ငြိမ်း ( ရွှေလီ ) ❞
အိပ်ရာ ကျောကပ် နှစ် ၅ဝ လောက် နေရမယ် ဆိုရင် ဘယ့်နှယ့် ရှိပါ့ ။
စဉ်းစား ကြည့်ရုံနဲ့ ပဲ ကျောအောက် က အပူတွေ လောင်ပြီး အရိုးအဆစ် တွေ ညောင်းညာကိုက်ခဲ လာလောက် ပါတယ် ။ မခင်ငြိမ်းဆိုတဲ့ အမျိုးသမီး တစ်ယောက် ဟာ ၁၉၆၇ ခုနှစ် ကတည်း က အိပ်ရာ ကျောကပ် နေ လာခဲ့တာ ယနေ့ အထိ ပါပဲ ။
သူ့ ကို စာရေးဆရာမ ငြိမ်း ( ရွှေလီ ) အဖြစ် နဲ့ ကျွန်တော် စတင် ခင်မင် ခဲ့ရ တာပါ ။ စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ မွေးနေ့ပွဲ အခမ်းအနား တွေ ကို သူ့ အစ်မ မခင်ပွား နဲ့ အတူ သူ က ဘီးတပ် ထိုင်ခုံ နဲ့ လာတယ် ။ သူ လာ ရင် လက် ထဲ မှာ နှင်းဆီပန်းစည်း တစ်စည်း ပါ လာပြီး အမေမာ ကို ပေးလေ့ ရှိတယ် ။ ငြိမ်း ( ရွှေလီ ) ရယ် ၊ နှင်းဆီပန်းစည်း ရယ် ၊ လူထုဒေါ်အမာ ရယ် က အစဉ်အမြဲ တွဲ နေတဲ့ ရုပ်ပုံလွှာ ဖြစ်လာပါတယ် ။
ဆရာမ ငြိမ်း ( ရွှေလီ ) က ၁ဝ တန်း အောင်ချိန် အထိ သန်သန်စွမ်းစွမ်း ။ ၁ဝ တန်းအောင် ပြီးမှ ကံ ဆိုးလို့ ကိုယ်အောက်ပိုင်း သေ သွားရတာ ။ ဒါပေမဲ့ လောကဓံ ကို အန်တုပြီး စာရေးဆရာမ တစ်ယောက် ဖြစ် လာအောင် သူ ကြိုးစား တယ် ။ အမေ လူထုဒေါ်အမာ က လည်း သူ့ ကို ချစ်တယ် ။ လက်တွဲ ခေါ်တယ် ။ ဆရာမငြိမ်း ရဲ့အစ်မ မခင်ပွား က ငွေကြေး ပြည့်စုံသူ ဖြစ်တဲ့ အပြင် စာပေလောက သား တွေ ကို တန်ဖိုး ထားသူ လည်း ဖြစ်တယ် ။ ဒါကြောင့်လည်း ဒေါ်ခင်ပွား လူမှုရေးကူညီစောင့်ရှောက်မှု အစီအစဉ် က နှစ်စဉ် ပဲ စာရေးဆရာ တွေ ကို ကူညီ ထောက်ပံ့ တာ ၊ စာပေဆုချီးမြှင့် တာ တွေ လုပ်လေ့ ရှိတယ် ။ ဒါကြောင့်လည်း သူတို့ မိသားစု နဲ့ စာပေလောကသားတွေ ခင်မင် ရင်းနှီးတယ် ။ တစ်ရက် မှာ တော့ ဆရာမ
ငြိမ်း ( ရွှေလီ ) လဲလျောင်းနားနေတဲ့ အိပ်ရာ ခုတင် ဘေး ကို သွား ပြီး ကျွန်တော် စကား စမြည် ပြောပါတယ် ။ သူ မသန်မစွမ်း စ ဖြစ်ရပုံ ကို ကျွန်တော်က မေးတယ် ။
“ ဖြစ်တာ က တော့ ၁၉၆၇ ၊ ၁ဝ တန်း အောင်ပြီး ပေါ့ ၊ ကသာ မှာ လေ ၊ ၁၀ တန်းအောင်ပြီး ကျောင်း မှာ လုပ်အားပေး နေတယ် ၊ နေ့လယ်ခင်း ပြန်ကြားရေး စာကြည့်တိုက် ကို စာအုပ် သွား ငှားတာ ၊ စာကြည့်တိုက်မှူး က ထမင်း ပြန် စား နေလို့ စာကြည့်တိုက် က ပိတ်ထားတယ် ”
မငြိမ်း က လေအေးလေး နဲ့ အေးအေးဆေးဆေး ပြန်ပြောပြ နေပါတယ် ။
“ ဒါနဲ့ ပြန် လာတယ် ၊ ကသာမြို့လယ် ဈေးတန်း မှာ တိုဟူးသုပ် ဝင် စားတယ် ၊ ထိုင် နေတဲ့ ဆိုင် ပေါ် က ကုက္ကိုပင်ကြီး ရဲ့ ဓာတ်ကြိုး နဲ့ မလွတ်တဲ့ သစ်ကိုင်း တွေ ကို အရင် နေ့ က ဖြတ် ပြီး ပြီးအောင် မလုပ်ဘဲ ပစ် ထားတဲ့ သစ်ကိုင်း တစ်ကိုင်း က အပေါ် မှာ ဟပ်ပက်ဟပ်ပက် ဖြစ် နေတယ် ”
ကျွန်တော် က နားထောင် နေရင်း ကျောယား လာတယ် ။ အမှတ်မထင် ကိုယ့် ခေါင်း ပေါ် ကို မော့ ကြည့်မိတယ် ။ တိုက်အိမ်ကြီး ထဲ မှာ ကျွန်တော် လုံလုံခြုံခြုံ ထိုင် နေတာပါ ။
“ လေ တိုက်တော့ ခေါင်း ပေါ် က သစ်ကိုင်းကြီး က ပြုတ်ကျလာ ရော ၊ ကိုယ် က ကြောက်လန့်တကြား နဲ့ ရှောင်လိုက်တာ လဲကျ သွားတယ် ၊ လမ်းဘေး မှာ လမ်း ခင်းဖို့ ပုံ ထားတဲ့ ကျောက်ပုံ ထဲ က ကျောက်ခဲကြီး တစ်ခဲ နဲ့ ခေါင်းနဲ့ ဆောင့်မိ တယ် ၊ နှာခေါင်း နဲ့ ပါးစပ် က သွေးတွေ ထွက် လာပြီး သတိလစ် သွားတယ် ၊ ဆေးရုံ ပို့ လိုက်ကြတာ ၊ ညရောက် မှ သတိရ တယ် ၊ ကိုယ် က လှုပ် လို့ မရတော့ဘူး ”
အိပ်ရာ ခုတင် နဲ့ မလှမ်းမကမ်း နံရံ ပေါ် မှာ ချိတ် ထားတဲ့ ဆရာမ ငြိမ်း ရဲ့ ကိုးတန်းကျောင်းသူ ဘဝ က ဓာတ်ပုံ ကို ကျွန်တော် လှမ်း ကြည့် လိုက် မိတယ် ။ ခေါင်း ထက် မှာ ပန်းတွေ ဝေ နေအောင် ပန်ဆင် ထားပြီး ဆံမြိတ်ချ ထားတယ် ။ လှပတဲ့ အမျိုးသမီး တစ်ယောက် ပါပဲ ။
“ ကသာ ဆေးရုံ မှာ ငါးရက် နေပြီး တော့ မန္တလေး ဆေးရုံ ပို့တယ် ၊ မန္တလေး ဆေးရုံ မှာ ကုတာ ခုနစ်လ ကြာတယ် ”
ဆရာဝန် တွေ က ဘာဖြစ်တယ် ပြောသလဲ လို့ ကျွန်တော် မေးတယ် ။
“ ဓာတ်မှန် ရိုက် ကြည့်တယ် ၊ ဇက်ရိုး ကို ဆောင့် မိပြီး အာရုံကြော ထိခိုက် သွားတာ ”
“ မန္တလေး ဆေးရုံကြီး မှာ ခုနစ်လ တောင် နေပြီး ကု တာ ဘာတိုးတက်လဲ ”
လက်ရှိ မှာ သူ့ အနေအထား က အိပ်ရာ ပေါ် ပက်လက် မို့ ခုနစ်လ လောက် ဆေးရုံကြီး မှာ တက် ကု တာ တောင် မှ မထိရောက်ဘူးလား လို့ ကျွန်တော့် လေသံ က အားမလို အားမရ သံ ပေါက် နေတယ် ။
“ အရင် က သတိ မရ တစ်ချက် ရ တစ်ချက် ဖြစ်နေတာ ၊ သတိ ရလာတယ် ၊ အရိုးပေါ်အရေတင် ပိန်ခြောက် နေတာ စားနိုင် သောက်နိုင် ဖြစ်လာတယ် ၊ လေ့ကျင့်ခန်း လုပ်ရတော့ သွေးကြော လေကြောတော့ ပွင့် တာပေါ့ ၊ အာရုံကြော ထိ တာ ဆိုတော့ ပြန် မကောင်းနိုင်ဘူးပေါ့ ”
ဆရာမ ငြိမ်း ရဲ့ လေသံ က တော့ အေးချမ်းတယ် ။
“ ဆေးရုံ ပေါ် မှာ နေရတာ ကြာတော့ အလုပ် ပျက် အကိုင် ပျက် ပေါ့ ၊ အစ်မငယ် မမပွား က အဲဒီတုန်း က မန္တလေး မှာ သူနာပြု သင်တန်းသူ ၊ ရုံးဝန်ထမ်း ဖြစ်တဲ့ အစ်မကြီး က ရုံးပိတ်ရက် ဆို ကသာ က လိုက် လာပြီး ပြုစုတယ် ၊ အမေ က တော့ အနီးကပ် ပြုစုရတာပေါ့ ၊ ဆေးရုံကြီး သုံးထပ်ဆောင် ရှေ့ က မန်ကျည်းပင်ကြီး အောက် မှာ အိပ် ၊ ဟင်းချက် ၊ တော်တော် ဒုက္ခ ဖြစ်ရှာတယ် ”
ကာလ ကြာရှည် ဝေးရပ်မြေ မှာ ဆေးရုံ လာ တက်ရတာ ငွေကုန် လူပန်း ဖြစ်ကြ မှာ ပဲ လို့ ကျွန်တော် တွေးမိ လိုက်တယ် ။
“ ဆေးရုံ တက်ရတာ ခုနစ်လလောက် ကြာ တော့ ငြီးငွေ့လှပြီ ၊ မငြိမ်း အခြေအနေ က အသက် မသေ နိုင်တော့ ပေမယ့် လက် မသန် ၊ ခြေ ကလည်း မလှုပ်နိုင် ၊ ဆေးရုံ က ဆင်း ပြီး ရွာ ရောက်တယ် ဆိုရင် ... ”
မငြိမ်း တို့ က ကသာ မှာ နေတာ မဟုတ်ဘူးလား လို့ ကျွန်တော် က ဖြတ် မေးတယ် ။
“ မငြိမ်း တို့ နေကြတာ က ဧရာဝတီမြစ် တစ်ဖက်ကမ်း က အင်းရွာ မှာ ၊ ကသာ က အထက်တန်းကျောင်း ရှိလို့ ကျောင်း နေဖို့ အိမ် ငှားပြီး ခဏ သွားနေတာ ၊ ဆေးရုံ က ဆင်း ပြီး ရွာ ပြန် ရောက်တော့ လူနာ လာ မေး သမျှ လူတွေပေး သမျှ အကြံ ကို ယူပြီး ဆေး ကုတော့တာပေါ့ ”
လူနာ မေး လာသူ တိုင်း က ဆေးမြီးတို ပေးလေ့ ရှိတယ် ။ မကျန်းမာသူ တွေ က လည်း ကောက်ရိုး တစ်မျှင် လို ဆွဲကြလေ့ ရှိပါတယ် ။
“ အနှိပ်သည် ၊ တိုင်းရင်းဆေး ၊ ပျောက်စေဆရာ ၊ အင်းအိုင်ခါးလှည့် ၊ ဗေဒင်ယတြာ စုံနေတာပဲ ၊ ဆေးစာ ဖတ်ရာ နားထောင်ပါ ရောဂါ ပျောက်နိုးနိုး ဆိုတဲ့ စကား အတိုင်းပဲ အမှန်အမှား မခွဲခြားနိုင်ဘူး ၊ လာ သမျှ ဆရာ ရောဂါ ပျောက်အောင် ကု ပေး နိုင်မယ်လို့ ထင် ခဲ့တာချည်းပဲ ၊ တစ်ယောက် ကု လို့ မပျောက် ရင် နောက် တစ်ယောက် ၊ အားလျှော့တယ် လို့ မရှိဘူး ၊ ပိုက်ဆံ ကုန် လို့ လည်း ကုန်မှန်း မသိဘူး ”
မငြိမ်း က အိပ်ရာ ပေါ် မှာ လဲလျောင်း နေရင်း လေအေးလေး နဲ့ ပြန် ပြောပြ နေတယ် ။ သူ့ အကြောင်း ပြောတာ မဟုတ်ဘဲ သူများ အကြောင်း ပြောပြ နေ သလို ပါပဲ ။
“ အသားစိမ်း ၊ ငါးစိမ်း တွေ မငြိမ်း ကို ကျွေးဟန် နဲ့ ကျွေး ၊ ရွတ်ဖတ် မန်းမှုတ် ပြီး မြေတွင်း ထဲ မြှုပ် ခိုင်းတယ် ၊ ပြီးတော့ အပေါ် က ဆေးကြိမ်လုံး နဲ့ ရိုက်တယ် ၊ မိုင်းကိုင်စက္ကူပေါ် အင်းကွက် တွေ ရေး ၊ မီးရှို့ ၊ ပြာ ကို ရေ ဖျော်ပြီး မငြိမ်း ကို သောက်ခိုင်း တဲ့ ဆရာ လည်း ရှိတယ် ”
သူ ပြော နေရာ က ညောင်းညာလာပုံ ရတယ် ။ ခေါင်းအုံး ကို ထောင် ၊ ကျော မှီပြီး ခေါင်း ကို နည်းနည်း ထူထောင်ထောင် ပြင်ပြီး နေတယ် ။ ပြီးတော့ ဆက် ပြောတယ် ။
“ ယောဆရာ တစ်ယောက် က တော့ ဆေးပူ တွေ တိုက်တယ် ၊ သူ့ ဆေး တွေ သောက်ပြီး မငြိမ်း မစားနိုင် မသောက်နိုင် ဖြစ် သွားတယ် ၊ ယောဆရာ က သူ့ ဆေး အရည် ဖျော် ပြီး စုတ် နဲ့ ခြေ နှစ်ဖက်လုံး ကို နေရာမလပ် ထိုးတယ် ၊ တစ်လ လောက် ကြာ တော့ မငြိမ်း အရိုးပေါ် အရေတင် ဖြစ်သွားပြီ ၊ ဖြစ်စ က အာရုံကြော ထိသွား တာမို့ နာ မှန်း မသိပေမယ့် ကြေးစုတ် ထိုး ထားတဲ့နေရာ က အနာ ဖြစ်ပြီး ပြည်တွေ တစိုစို နဲ့ ”
“ စုတ်ဆရာ နဲ့ ကုတာဘယ်လောက် ကြာသလဲ ”
“ မန္တလေး မှာ သူနာပြုသင်တန်း တက် နေတဲ့ အစ်မ မမပွား ရောက် လာတော့ မငြိမ်း ရဲ့ ဒဏ်ရာဒဏ်ချက် တွေ မြင် ပြီး ဖက် ငိုတယ် ၊ ကလေးကို သ,တ်နေကြတာလား ၊ ဒါ ဆေး ကုတာ မှ မဟုတ်တာ လို့ ပြော မှ ရပ်သွားတာ ”
ကျွန်တော် သက်ပြင်း လေပူပူကြီး ကို မှုတ်ထုတ် လိုက်မိတယ် ။ သူ့ အိမ် က မိန်းကလေး တစ်ယောက် က ကိုကာကိုလာ အချိုရည်ဘူး ၊ သောက်ရေသန့်ဘူး တွေ လင်ပန်း နဲ့ ယူ လာပြီး ဧည့်ခံပါတယ် ။
“ မငြိမ်း ဘိန်းစား ဖြစ်ခဲ့သေးတယ် ”
သူ က ဆက် မပြောဘဲ ပြုံးနေတယ် ။ ကျွန်တော် က နားစွင့်နေတယ် ။
“ ဆရာ တစ်ယောက် က တော့ ကြက်ဥလုံး လောက် ရှိတဲ့ ဆေးတင်းပုတ်လေး နဲ့ ကုတယ် ၊ မြေအင်တုံလေး ထဲ ဆေး ဖျော် ထည့်ပြီး တင်းပုတ် ကို ဆွတ် ရိုက် တယ် ၊ မငြိမ်း က ထဘီ ကို ခါးတောင်း ကျိုက် ထား ရပြီး ပေါင် က နေ ခြေဖျား အထိ တရစပ် ရိုက် တာပါ ၊ မငြိမ်း က နာမှန်း မသိလေ သူ က ရိုက် ကောင်းလေ ထင်ပါရဲ့ ”
မငြိမ်း က သူ့ အဖြစ် ကို ရယ်တယ် ။
“ သုံးရက် လောက် နေတော့ မြေပဲစေ့ အရွယ် လောက် ဆေးလုံးလေး သုံးလုံး သုံးလုံး နေ့တိုင်း တိုက်တယ် ၊ အစ တော့ အမှတ်တမဲ့ ပဲ ၊ သုံးရက် လောက် နေတော့ နေ့လယ် ၊ နေ့လယ် သိပ် အိပ်ငိုက်တာ သတိထား မိတယ် ၊ ဆေးဆရာ က ဆေး ထဲ ဘိန်း ထည့် ကျွေးတာ ”
သူ က ကျွန်တော့် ကို အချိုရည်အေးအေး သောက်ဖို့ ပြောတယ် ။ ကျွန်တော် မသောက်ချင်ဘူး ။ သူ ပြောပြနေတဲ့ ဘဝဇာတ်ကြောင်း ကို ပဲ စိတ်ဝင်တစား နားထောင် ချင်နေတယ် ။
“ ဆေး ကု နေတုန်းမှာ မိတ်ဆွေသူငယ်ချင်း တွေ က လူမမာ လာ မေးတယ် ၊ ဘာစားချင်လဲ ၊ ဘာလိုလဲ မေးကြတယ် ၊ ဘာမှ မလိုချင်ဘူး ၊ စာအုပ် ပဲ လိုချင်တယ် လို့ ပြော လိုက်တယ် ၊ ရှိတဲ့ စာအုပ် ၊ ရတဲ့ စာအုပ် တွေ ကို နေ့နေ့ညည မနားတမ်း ဖတ်တော့ တာပဲ ၊ ည ဆို ဖယာင်းတိုင် တစ်တိုင် ပြီးတစ်တိုင် မီး ကူးပြီး ဖတ်တယ် ၊ ခေါင်းအုံး ရဲ့ ဘယ်ဘက် က စာအုပ်ပုံ ညာဘက် ရောက် သွား လို့ စာအုပ် ကုန် မှ နားတယ် ”
သူ စာရေးဆရာမ ဖြစ်လာရတာ က ယခု လို စာအုပ် တွေ ဖတ်ခဲ့လို့ ပဲ လို့ ကျွန်တော် က မှတ်ချက် ချ မိတယ် ။
“ တကယ်တော့ မငြိမ်းကိုယ်တိုင် မသိဘဲ ခန္ဓာကိုယ်ကို ဆေး ကု သလို စိတ် ကို ကုနေမိခဲ့တာပဲ ”
“ ဆေးရုံ မှာ စနစ်တကျ ထပ်မကုဖြစ်တော့ဘူးလား ”
“ ၁၉၆၉ မှာ ရန်ကုန် မသန်မစွမ်းဆေးရုံ သွား ၊ ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်းလုပ် ၊ မြောက်ဥက္ကလာဆေးရုံ သွား ပြီး ခြေထောက်တွေ လက်တွေ ဆွဲ ၊ ကုတာ နှစ်နှစ်ကြာတယ် ၊ ခြေထောက်က တော့ ပြန် မကောင်းဘူး ၊ လက် တစ်ဖက် က တော့ ကိုင်လို့ ရ လာတယ် ”
မငြိမ်း က ၁၀ တန်း အောင် တဲ့အထိ သူ လို ကိုယ် လို အမျိုးသမီးလေး ပါ ။ သူ့ မှာလည်း ငယ်အိပ်မက် တွေ ရှိခဲ့မှာပါပဲ ။ သူ ဘာဖြစ်ချင်တာလဲ လို့ ကျွန်တော် က မေးတော့ လေယာဉ်မယ် လုပ်ချင်တာ လို့ ပြောပြီး မငြိမ်း က ရယ်ပါတယ် ။ ကသာမြို့ မှာ နာမည်ကြီး လေယာဉ်မယ်တစ်ယောက် ရှိခဲ့တယ် ။ သူ့အမည် က ပေါက်ပေါက်သန်း တဲ့ ။ ကျွန်တော် နဲ့ လည်း တက္ကသိုလ် တက် ဖက် ၊ အတန်း တူ မို့ ပေါက်ပေါက် ကို သိပါတယ် ။ လေယာဉ်ပျက် ကျ လို့ ပေါက်ပေါက် ကွယ်လွန် ရှာတယ် ။
မငြိမ်း က လေယာဉ်မယ် လုပ်ချင်တယ် ဆိုတော့ ပေါက်ပေါက် အကြောင်း စကား စပ်မိ သွားကြတယ် ။ သူတို့ ချင်း က လည်း အတန်းတူ သူငယ်ချင်း တွေ တဲ့ ။ သင်္ကြန် မှာ ကုန်သွယ်ရေးသင်္ကြန်ကား မှာ အတူတူ လယ်ယာမောင်မယ် ကဇာတ် ကလေး မှာ သရုပ်ဆောင် ကပြခဲ့ကြတဲ့ အကြောင်း ကို ပြောပြ ပါတယ် ။
“ လူ့ ကံကြမ္မာတွေ က ဆန်းတယ်နော် ”
လို့ မငြိမ်း က ပြောပြီး ဆက်မပြောဘဲ ထားတယ် ။ ကျွန်တော် လည်း ဘယ်လို ဆန်းတာ လဲ မမေးတော့ပါဘူး ။ ကိုယ့် ဘာသာ ကိုယ် ပဲ ဆက်တွေး နေလိုက် မိတယ် ။
“ ကိုယ့် ရည်မှန်းချက်တွေ ပျက် သွားရတာ စိတ်ဓာတ် မကျဘူးလား ”
သည် မေးခွန်း ဟာ အိပ်ရာ ပေါ် မှာ ကာလရှည်ကြာ လဲ နေရသူ အတွက် ရက်စက်ရာ ကျပေမယ့် ကျွန်တော် မေးလိုက် ပါတယ် ။
“ ကျတာပေါ့ ၊ ရန်ကုန် က ပြန်လာ ပြီးတော့ စဉ်းစားတယ် ၊ မိသားစု က ကိုယ့် ကို ဂရုစိုက် နေရတာ ပင်ပန်းရှာကြတယ် ပေါ့ ၊ ဒါနဲ့ အရက်ပြန်တွေ သောက် ပစ် လိုက်တာ ”
သူ က ခပ်ဟဟ ရယ်တယ် ။ ရယ်သံ ထဲ မှာ အား တော့ မပါဘူး ။
“ နောက်ပိုင်း ကျ တော့ စာအုပ် နဲ့ ပဲ နေတော့တယ် ၊ စာဖတ် ၊ စာရေး ပေါ့ ”
“ မငြိမ်း က အသက် ၁၇ နှစ်အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံ နေခဲ့ရတာ ၊ လွတ်လွတ်လပ်လပ်နဲ့ ငယ်ဘဝ ကို အိပ်မက် ပြန်မက် တာလဲ ရှိမှာပေါ့ ”
“ ဆေး ကုပြီး ရွာ ပြန် ရောက်တော့ အိပ်မက် ထဲ မှာ လက်ကလေး နှစ်ဖက် ဖြန့်ပြီး ကောင်းကင် မှာ ဝဲ တဲ့ အခါ ဝဲပျံ လို့ ၊ တစ်ခါတလေ ကိုယ်က လမ်းလျှောက် လို့ ၊ ဟယ် ... ကြည့်စမ်း ၊ ငါ လမ်းလျှောက် နိုင်ပြီ ၊ လမ်းသွားနိုင်ပြီ လို့ ဝမ်းသားအားရ ပြောရင်း လန့် နိုးလာတယ် ၊ အဲဒီ အခါကျ မျက်ရည် ကျတာပေါ့ ၊ ဖြစ်တယ်လေ ခဏ ခဏ ဖြစ်တယ် ”
ပြော နေရင်း သူ့ အသံ က တိမ်ဝင် သွားတယ် ။ ကျွန်တော် စကားလမ်းကြောင်း ပြောင်းဖို့ စဉ်းစားတယ် ။ သူ့ ကလေးဘဝ ကို ပဲ ပြန် မေးတယ် ။
“ အဖေ ကို အင်းရွာ မှာ ဖမ်းချုပ် ထားတုန်း အမေ မငြိမ်း ကို ဗိုက်ကြီး ချည်း နဲ့ သွား တွေ့တာ ၊ အဖေ့ ကို ထားတဲ့ အိမ် မှာ ပဲ မငြိမ်း ကို မွေးတာ ၊ အဲဒီ အိမ် က မငြိမ်း ကို မွေးစားတာ ”
သူ့ ဘဝ က မွေး ကတည်း က စိတ်ဝင်စားစရာ ကောင်းတာ မို့ သူ့ ဖခင် ရဲ့ အဖြစ် ကို မေးပါတယ် ။ သူ့ မိဘ တွေ က ထီးချိုင့်မြို့နယ် က ကြက်တစ်ကောင် ရွာ မှာ နေတာ ။ တိုင်းပြည် က မငြိမ်းချမ်းဘူး ။ လူသတ်မှု တစ်ခု မှာ သူ့ ဖခင် စွပ်စွဲ ခံရပြီး စစ်တပ် က ဖမ်းချုပ် ၊ အဓမ္မ ဝန်ခံခိုင်းတယ် ။ ခက်ခက်ခဲခဲ ရင်ဆိုင် မှ အမှု မှန် ပေါ်လာတယ် ။ ကြက်တစ်ကောင် မှာ မနေသင့်တော့ဘူး ထင်ပြီး အင်းရွာ အရှေ့ ဘက် က ကျွန်းတောကုန်း ကို သူတို့ ပြောင်း ခဲ့ကြတာ ကို မငြိမ်း က ပြန် ပြောပြပါတယ် ။ ကျွန်တောကုန်း မှာ ဥယျာဉ်ခြံလုပ်ငန်း လုပ်ပုံ တွေ ကို သူ က ဆက်ပြော တယ် ။ ကျွန်တော် က သူတို့ မန္တလေး ကို ပြောင်းရွှေ့လာခဲ့ကြ တဲ့ အကြောင်း ကို မေးတယ် ။ သူတို့ အမေ လေဖြတ် လို့ ဆေး ကုဖို့ ရှိတာ လေးဧက ကျယ်တဲ့ ဥယျာဉ် ခြံကြီး နဲ့ အိမ်ကြီး ၊ လယ်ယာကျွဲနွား အားလုံး ထုခွဲရောင်းချ ပြီး ၁၉၆၆ ခုနှစ် မှာ မန္တလေး ကို အပြီးတိုင် ပြောင်း လာခဲ့တဲ့ အကြောင်း သူ က ပြောတယ် ။
“ မန္တလေး ရောက်တော့ ဦးအုန်းမြင့်လှိုင် နဲ့ အိမ်ချင်းကပ်လျက် နေတယ် ၊ သူတို့လင်မယား က နှစ်ယောက် လုံး စာရေးဆရာ ၊ ကဗျာဆရာ တွေ ၊ သူတို့ ဆီ က စာအုပ် တွေ ငှား ဖတ်တယ် ၊ ကိုယ်တိုင် လည်း တိုတိုထွာထွာ ကဗျာ တွေ စပ်တယ် ၊ မဂ္ဂဇင်း တွေ ပို့တယ် ”
“ မငြိမ်း ဘဝ မှာ စာ ရေးတာ ၊ စာ ဖတ်တာ ကြောင့် နေသာတယ်လို့ ပြောနိုင်လား ”
“ အာရုံ ပြောင်း သွားတာပေါ့ ၊ အသက် ကြီး လာတော့ ကျန်းမာရေး က ဆုတ် လာတယ် ၊ နေ ကောင်းတဲ့ အခါတော့ ကြိုးစားပြီး စာ ရေးတယ် ”
“ ဘဝ ရှင်သန်မှု အတွက် ပဲ စာ ရေးတာပေါ့ ”
“ အသက်ရှင် နေခိုက်မှာ ကိုယ် လုပ်နိုင်သမျှ တန်ဖိုး ရှိတဲ့ အလုပ် လုပ်နေတဲ့ သဘောပါပဲ ၊ စာ ဖတ်တဲ့ လူတွေ အကျိုးရှိပါစေ လို့ ကောင်းအောင် ကြိုးစား ရေး နေတာ ၊ သေ မှ တော့ ဘာမျှ မဟုတ်တော့ဘူး ”
မငြိမ်း က သူ ရေးထားတဲ့ ကဗျာ နဲ့ ဆောင်းပါး တွေ ကို ဖတ်ဖို့ ပေးတယ် ။ ကျေးလက် က လူတွေ စာ ဖတ် ရအောင် သူ က ကမကထ လုပ်ပြီး စာအုပ် တွေ အလှူ ခံတယ် ။ စာအုပ် တွေ လှူ ပေး နေတယ် ။ အိပ်ရာ ပေါ် မှာ အချိန်ပြည့် နေ နေရ သူ တစ်ယောက် အနေ နဲ့ ဖုန်း တစ်လုံး နဲ့ လူမှုအကျိုးပြု အလုပ် တွေ ကို မငြိမ်း လုပ် နေ တာ တွေ့ နေရတယ် ။ တစ်လ တစ်လ ဖုန်းကတ်ဖိုး ကုန်ကျတာ ကို က မနည်း လှဘူး ။
ကလျာ မဂ္ဂဇင်း မှာ ဖော်ပြခဲ့တဲ့ ခရီးစရိတ် ဆိုတဲ့ ကဗျာ ကို တစ်ပိုင်းတစ်စ ကျွန်တော် ဖတ် နေ မိပါတယ် ။
အေး ငါမရှိတော့ရင်
ငါ့စာအုပ်တွေ
ကျေးလက်ကို လှူလိုက်ကြ ၊ ငွေပိုသေးရင်
ကဗျာစာအုပ်လေး ထုတ်ပေးကြ ၊
ဖိတ်စာမှာ ကဗျာဆရာမ စာရေးဆရာမလို့ ထည့်ရိုက်ကြ ၊
ငါ့စာအုပ်လေး နှစ်ပွင့် ၊ သေတ္တာ ထဲကို ထည့်ဖြစ်အောင် ထည့်လိုက်ကြ ၊
“ ခုဆို ရင်တော့ စာအုပ်ကလေး သုံးပွင့် ဖြစ်သွားပြီးပေါ့ ”
မငြိမ်း က သူ ရေးထုတ်ထားတဲ့ စာအုပ်လေးတွေ ဖြစ်တဲ့ ကန္တာရကြာပွင့်များ ၊ အညာစကားပုံ အညာဆိုရိုးစကားအပြင် တတိယမြောက် စာအုပ် ၊ ဪ ... လူ့ဘုံခန်းဝါစာအုပ် ၊ သုံးအုပ် ရှိပြီးတာ ကို ရည်ညွှန်း ပြီး ပြောပါတယ် ။ သူ ကွယ်လွန် ရင် သူ ရေးတဲ့ စာအုပ်လေး တွေ ကို သူ့ရုပ်ကလာပ် နဲ့ အတူ ခေါင်းတလား ( သေတ္တာ ) ထဲ ထည့်ပေး လိုက်စေချင်တဲ့ သူ့ ဆန္ဒကို လည်း အသိပေး ထားတယ် ။
သူ့ စိတ် ထဲ မှာ သေမင်း ကို ရင်ဆိုင်ဖို့ ပြင်ဆင် နေပြီပဲ ။
“ ခန္ဓာဗေဒ မှာ ကိုယ်ခန္ဓာ လှူ ထားတယ် ၊ သေ တော့ မှ ပန်းပန် မနေကြ ပါနဲ့ လို့ ပြောထားတယ် ”
သူ က ပြောပြီး ရယ်မော နေပါတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment