Tuesday, June 18, 2024

ငါးမွှေတိုး


 

❝ ငါးမွှေတိုး ❞

ထိုနေ့ ညနေခင်း အရိပ် ကောင်းလှသော ပိန္နဲပင်ကြီး အောက် ခုံရှည်များ နှင့် လူ ၆ ယောက် ဝိုင်းရံ ထိုင် နေကြသည့် ၄ ပေ x ၃ ပေ ရှိ သစ်သားကြမ်းစားပွဲကြီး ပေါ် တွင် ကွမ်းအစ် ၊ ဆေးလိပ်ခွက် ၊ လက်ဖက်ရည်အိုး ၊ လက်ဖက်ရည်ကြမ်း ပန်းကန် တို့ ကြားဝယ် ငါးမွှေတိုး သည် တင့်တယ်စွာ စမ္ပါယ် လျက် ရှိလေ၏ ။

ထိုင် နေကြသော လူ ၆ ယောက် မှာ ဦးစံလင်း ၊ ဦးစံမြင့် ၊ ကိုပေါက်စီ ၊ ကိုအောင်သိန်း ၊ ကိုကံညွန့် နှင့် ဤ စာ ရေးသူ သော်တာဆွေ တို့ ဖြစ်ကြပါ၏ ။ သူတို့ သည် သမ္မာအာဇီဝ ဖြင့် အသက်မွေး ကြသော လူကောင်းများ ဖြစ်ကြ သော် လည်း သူတော်ကောင်းများ မဟုတ်သည့် ကြက်သမားတွေ ဖြစ်ကုန် ကြ၏ ။

ငါးမွှေတိုး သည် သူတို့ တိုက်ကြက်ဖ ၏ နာမည် ဖြစ်၏ ။ ငါးမွှေတိုး ၏ ဇာတိ မှာ တွံတေးမြို့နယ် တာလပေါရွာ မှ ဖြစ်၏ ။ ငါးမွှေတိုး သည် နှစ်ခါလယ် ကျော် တစ်မွှေး တိုး တက်ရိုး အလုံး ထွာဆိုင် ဒေါက် ဆယ့်တစ်ပြား ခန့် ရှိသော ကြက် အကြီးစား ဖြစ်၏ ။ သူ့ အမွှေးအရောင် က ဖေါင်းခရမ်း ။ မနှစ် တုန်း က ကြက်ပေါက် တွင် ၅ ပွဲ တက် ခဲ့သည် ။ တွံတေးမြို့နယ် မှာ “ ငါးမွှေတိုး ” ဟု နာမည် ကြီး ခဲ့သည် ။ ဒီနှစ် တစ်မွှေးတိုး မှာ ခွပ်လက်ကျ ပြီးသည် နောက် တွံတေး ဘက် တွင် တိုက်ဖက် မရှိတော့ ၍ ရန်ကုန် ယူ လာခဲ့သည် ။ ငါးမွှေတိုး ၏ ဖခင် ကိုတင်ရွှေ သည် ပန်းတနော်နယ် မှ ကြက်သမား နွားပွဲစား ကိုပေါက်စီ နှင့် အတူ ရောက်လာကြ ကာ ကမာရွတ် ရှမ်းစုတဲ ရှိ ကြက်သမား နွားကုန်သည် ကိုအောင်သိန်း အိမ် ၌ တည်း ကြသည် ။ ကိုပေါက်စီ နှင့် ကိုအောင်သိန်း က မယား ညီအစ်ကို သူငယ်ချင်းများ ဖြစ်ကြသည် ။

ငါးမွှေတိုး သခင် ကိုတင်ရွှေ သည် တွံတေး ဘက် ၌ တိုက်ဖက် မရှိတော့ သော သူ့  ကြက် ကို ရန်ကုန် တွင် တစ်ပွဲ တိုက် ပြကာ ဈေးကောင်း ကောင်း နှင့် ရောင်းခဲ့မည် ။ သည် က ကြက်သမား အုပ်စု က လည်း တိုက်ပွဲ နိုင်၍ ခွပ်လမ်း ခွပ်ပုံ ကြိုက်လောက်သည် ဆိုပါက သင့်လျော်သော ဈေး ကို ပေးမည် ။

သို့ဖြင့် စံပယ်ခြံ ဇီးကွက်ကန်ဝိုင်း ၌ ဗန်တို မည်သော စံပယ်ခြံ ကြက်ကြီး နှင့် လက်ရင်းလက်ဖျား ၆ဝဝိ ကျော်ကျော် တိုက် ဖြစ်လေရာ ငါးမွှေတိုး က လှလှပပကြီး နိုင်လိုက်ခြင်း ဖြင့် ငါးမွှေတိုး သည် အဖိုးတန် ကြက် ဖြစ် သွားလေ၏ ။ ကြက်သမား တို့ ပါးစပ် ဖျား ၌ ငါးမွှေတိုး နာမည် ရ သွားသည် နောက် ကြိုက်ဈေး ရ လျှင် ရောင်းမည် ဟု သတင်း လွှင့် ၍ ဝယ်လိုသူများ က လည်း မေးမြန်း စုံစမ်းကြလေပြီ ။ နောက်ဆုံးတွင် ကြည့်မြင်တိုင် မှ “ ရခိုင် ” ဆိုသူ က ၅ဝဝ ကျပ် နှင့် ဝယ်လိုသည် ဟု အသံ ထွက်လာသော အခါ ကျွန်တော် တို့ မာလကာခြံသားများ တိုင်ပင် ကြသည် ။

“ ကျုပ်တို့ လက် ထဲ မှာ ဒီနှစ် အားကိုး ခွန်ကိုး တိုက် ကောင်းတဲ့ ကြက် မရှိသေးဘူး ၊ သည်တော့ ဒီ ကြက် ကို လက်လွတ် ခံလို့ မဖြစ်ဘူး ၊ စုပြီး ဝယ်လိုက် ကြရအောင် ” ဟု ဆိုပြီး ကြက်ရှင် ကိုတင်ရွှေ အား အိမ်ရှင် ကိုအောင်သိန်း က နား ချသည် ။

“ မင်း ၅ဝဝိ နဲ့ ရောင်း လိုက်ရင် တော့ ဒီ ကြက် ဒို့ လက် ထဲ က လွတ် သွားမှာပဲ ၊ မင်း လည်း ထည့် တိုက်လို့ ရမှာ မဟုတ်ဘူး ၊ ဒို့ လက်ထဲ မှာ ဆိုရင် မင်း လည်း .... ထည့် တိုက် နိုင်မှာပဲ ၊ ဒီတော့ ဒို့ ကို ဟို တစိမ်းတွေ ပေးတဲ့ ဈေး ၅ဝဝိ ကြီး လည်း မလုပ်နဲ့ ကွာ ”

ထိုအခါ ကိုတင်ရွှေ က “ ကောင်းပြီလေ ၊ ကျွန်တော် လည်း ကိုယ့် ကြက်မျိုး ကို တခြား လူ တွေ လက်ထဲ မရောက်စေချင်ပါဘူး ၊ ဒီတော့ ခင်ဗျား တို့ ကို ၁ဝဝိ လျှော့ ပေးမယ် ၊ ၄ဝဝိ နဲ့ ယူပါ ။ ကျွန်တော် ဒီမှာ မရှိတုန်း တိုက် ဖြစ်ရင် ကျွန်တော့် အတွက် ၁ဝဝိ ထည့် ပြီး တိုက် ပေးပါ ”

ယင်းသို့ဖြင့် ဤ ကြက်ဖိုး ၄ဝဝိ ကို ကိုပေါက်စီ က ၁၃၅ ကျပ် ၊ ကိုစံမြင့် က ၁၃၅ိ ၊ ကိုညွန့် က ၁၃၅ိ သုံးဦး စပ်တူ ဝယ်ယူ ကာ ၊ ကိုညွန့် က ဒီ ကြက် ကို သူ့ အိမ် တွင် ထား ၍ ကြည့်ရှုပြုစု ကြမည် ။ ထို့ကြောင့် ယင်း ညနေ ကိုတင်ရွှေ အား ကြက်ဖိုးငွေ ချေပြီး ကြက် ကို ကိုကံညွန့် အိမ် သို့ ယူ လာခဲ့ကြ ကာ သူတို့ အိမ်ရှေ့ က ပိန္နဲပင်ကြီး အောက် ၌ အစ တွင် ဖော်ပြခဲ့ သည့်အ တိုင်း ငါးမွှေတိုး အား စားပွဲ ပေါ် တင်၍ မျက်ရှူကြေးမုံ ဝိုင်းအုံ ဂုဏ်တင် နေကြခြင်း ဖြစ်ပါ၏ ။

ကြက်သမား တို့ မျက်စေ့ မှာ ကြက် တစ်ကောင် ကို သဘော ကျ မိပြီ ဆို လျှင် ကြည့်ရှု၍ အား မရနိုင် လောက်အောင် ရှိကြပေသည် ။ ကျွန်တော် တို့ လူပျိုရွယ် က ကိုယ့် ချစ်သူ ကို ကြည့်လို မြင်လို သည် နှင့် နှိုင်းသော် လွန်သည် ဟု မထင်ကြပါ နှင့် ။

အထူးသဖြင့် ငွေကြေး များများ မလောင်းနိုင် သော်လည်း ကြက်ကောင်း ကို လက် ကိုင် ထားရလျှင် လွန်စွာ ပီတိ ဖြစ်နေသော ကိုကံညွန့် မှာ သူ့ မျက်နှာ တစ်ပြုံးပြုံး တစ်ဖြဲဖြဲ နှင့် ဧည့်သည်များ အတွက် ကွမ်း ဝယ် ခိုင်း လိုက်ရ တာ နှင့် ၊ ဆေးလိပ် မှာ လိုက်ရ တာ နှင့် ၊ ရေနွေးကြမ်းအိုး မီးထိုး လိုက်ရ တာ နှင့် ပျာယာခတ် နေတော့၏ ။

ဤ လူ ၆ ယောက် အနက် ငါးမွှေတိုး ဇီးကွက်ကန်ဝိုင်း မှာ ဗန်တို နှင့် တိုက် တုန်း က ခွပ်တာ မမြင်ရသူ မှာ ကျွန်တော် တစ်ယောက် သာ ရှိသည် ။ သူတို့ ငါးယောက် စလုံး ထို ဝိုင်းသို့ ပါ သွား ကြ၍ ငွေ အချို့ စီ လည်း နိုင် လိုက်ကြသည် ဖြစ်ရာ သူတို့ ကို ငွေ ပေးသော ငါးမွှေတိုး အား ချီးမွမ်းခန်း ဖွင့်နေကြလေ၏ ။

ကိုကံညွန့် က ကျွန်တော့် အား ...

“ ဦးဆွေ ၊ ဒီ ကြက် ဝင်တယ် ဆိုတာ ယုံ မလား ”

ကြက်ဝင် ဆိုသည် မှာ တစ်ဖက် ကြက် အောက် ကို ဝင်ပြီး ခွပ်တတ် သော ကြောင့် တစ်ဖက် ကြက် က ဆွဲဆိတ်ခြင်း ဖြင့် ခေါင်းမွှေး ၊ လည်ဆံမွှေးများ ပြောင် နေ တတ်သည် ။ ငါးမွှေတိုး မူ ခေါင်းမွှေး ၊ လည်မွှေး တစ်ပင်မျှ ကျွတ် ခြင်း မရှိသောကြောင့် ကိုကံညွန့် က ဤသို့ မေးခြင်း ဖြစ်သည် ။ ဒီတော့ ကျွန်တော် က ..

“ သိဘူးလေ ဗျာ ၊ ခင်ဗျား ကြက် ဝင် မဝင် ။ ကြက် ဝင် ဆိုရင် တော့ ကျွန်တော် သိပ် မကြိုက်ဘူးဗျ ”

“ ဟာ ... ဒီ ကြက် ဝင်တာ က ခေါင်း လွတ်တယ် ။ ခေါင်းဖမ်း မခံဘူး ၊ ဝင်ပြီး ထွက် အပ်လိုက် ရ ရင် တစ်ချက် ထဲ နဲ့ အပြီး ဘဲ ”

ငါးမွှေတိုး အတက် မှာ လက် နှစ်ဆစ် လောက် ရှည်၍ ဂေါ်ရခါးဓား လို အပေါ်ဘက် ကောက်ကောက်ကြီး ချွန် နေ သဖြင့် ..

“ ဒီ အတက်မျိုးကြီး နဲ့ စူး လိုက် ရင်ဖြင့် တစ်ချက်တည်း နဲ့ ပြီး မှာ ပေါ့ဗျာ ၊ ဒါပေမယ့် ကြက်ဝင် ခွပ် ကောင်းတဲ့ ကြက် နဲ့ တွေ့ရင် ကိစ္စ မြန်မြန် ပြတ် တတ်တယ် ။ ကျွန်တော် တစ်ခါ အဲလို ကြက်ဝင် ကောင်း တစ်ကောင် ရဖူး တယ်ဗျ ။ ၁၉၅၈ ခုနှစ်လောက် ရွာတန်းရှည် မှာ နေတုန်း က ပေါ့ ။ ကျွန်တော့် ကြက် က အောက်ဝင် တောင်ပံလိမ် တက်ပြီး လည်စ ဆွဲ ခွပ် လိုက် ရရင် ဝမ်းလျားမှောက် လဲ အောင် ခွပ် နိုင်တဲ့ ကြက် ဗျ ။ ကျွန်တော့် လက် ထဲ မှာ ပွဲတော် တော်များများ တက် ခဲ့တယ် ။ အဲ .... နောက်ဆုံးပွဲ က တော့ ဒညင်းကုန်း ချိန်းဝိုင်းကြီး မှာ အဲဒီမှာ ကျ လာတဲ့ ကြက်တွေ ထဲ ကျွန်တော့် ကြက် က အကြီးဆုံး ဖြစ် နေတယ် ။ နည်းနည်း နီးစပ်တာ က ဗြာမဝဲ တစ်ကောင် ဗျ ၊ ဒါပေမယ့် ကျွန်တော့် ကြက် က ပတ်လည် စီး နေတော့ သူတို့ ကြက်ချင်း မကပ်ဝံ့ ကြဘူး ။ ကျွန်တော် တို့ ဘက် ကလည်း စပြီး မဆွယ်ထိုက် ဘူး ဗျ ။ ဒီလိုနဲ့ တစ်နေ့ခင်း လုံး ဒီပြင် ကြက် တွေ တိုက် ကြ လို့ နောက်ဆုံး ညနေစောင်း မှာ ရွယ်တူ တိုက်စရာ ကြက် ကုန် ကြတော့ သူတို့ ဘက် က လူ တစ်ယောက် က ကျွန်တော့် ကြက် ပုံသဏ္ဌာန် ကို သေသေချာချာ ကြည့် ပြီး မေးသဗျ ။ ( ခင်ဗျားတို့ ကြက်ဝင် သလား ) တဲ့ ။ ကျွန်တော့် ကြက် က လည်း ကြက်ဝင်ပုံ ၊ ထိပ်ပြောင် ခေါင်းပြောင် ကြီး ကိုးဗျ ။ ဒီတော့ ကျွန်တော် က ( ဝင်တယ် ၊ ကျုပ် ကြက် က မဝင်ဘူး ဆိုရင် နိုင်တောင် ခင်ဗျား တို့ ဆီ က တစ်ပြား မှ မယူဘူး ) လို့ ကိုယ့် ကြက် ဝင်ကြောင်း အာမခံ လိုက် တော့ သူတို့ က ( ဒါဖြင့် ကျုပ်တို့ ကြက် နဲ့ နည်းနည်းပါးပါး စမ်းမယ်ဗျာ ) ဆိုပြီး ကြက်ချင်း တိုက်ဖို့ ပြင် ကြတယ် ။ သူတို့ ဘက် က ထွက် သလောက် ကြေး ကျွန်တော် တို့ က တိုက်မယ် ။ အလုံး ရော ဒေါက် ရော အလျား ရော ကျွန်တော့် ကြက် က ပတ်လည် စီး နေတော့ ကျွန်တော့် ကြက် ဘက် က ဝိုင်း ထည့် လိုက်တာဗျာ တစ်ထောင်ကျော် နေရော ။ ဒါပေမယ့် သူတို့ ဘက် က ၃၃ဝိ ထဲ ဖြစ် နေတယ် ။ နည်းလို့ မတိုက်ချင် လည်း နေ ၊ လက်ရင်း တော့ ဒါပဲ ။ လက်ဖျား တော့ ခွပ်တာ ကြည့် လောင်းပါမယ် ။ ကြက် ချင်း က သိပ် ကွာ နေလို့ပါ ဆိုတော့ ကျွန်တော် တို့ မှာ ဂျစ်ကား တစ်စီး ငှား လာ ရတာ ဖြစ်လေတော့ ကားခ နဲ့ စားစရိတ် သောက်စရိတ် ပဲ ရစေတော့ ဆိုပြီး ဝိုင်း ထည့်ကြတဲ့ တစိမ်းလူတွေ ငွေစာရင်း ပယ်ပြီး ကိုယ့် လူရင်းတွေ ကို ၁၁ဝိ မျှ ပါ ခိုင်းပြီး ကျွန်တော် က ၂၂ဝိ နဲ့ ၃၃ဝိ ကြေး လွှတ် လိုက်ကရော ဗျ ။ လွှတ်တယ် ဆို ကျွန်တော့် ကြက် က ၃ - ၄ ချက် လောက် ဆောင့် ပစ်ပြီး သူ့ ထုံးစံအတိုင်း ဟို ကြက် ဗိုက်အောက် သူ့ ခေါင်း ဝင်ပါရော ။ ကျွန်တော့် ကြက် ခေါင်းသန်းတယ် ဆိုပဲ ။ သူတို့ ဘက် ကလူတွေ က လက်ဖျား လက်ဖျား နဲ့ အော်ကြတော့ ကျွန်တော် က လည်း ရသမျှ ဆွဲနေ လိုက်တာလေ ကြက်ခွပ် တာ တောင် မကြည့်အားဘူး ။ ငွေ ၃ဝဝိ ဖိုး လောက်လည်း ဆွဲ မိရော ( ဆရာ တော်တော့ဗျ ၊ တော်တော့ဗျ ) နဲ့ ကျွန်တော့် ကြက်စွဲ က အော်သံ ကြား လို့ လှည့် ကြည့် လိုက်တော့လား .... လား ကျွန်တော့် ကြက် ဟာ ဝိုင်း ထဲ မှာ နှုတ်သီးမြေစိုက် ပြီး ဖင်ပူးတောင်းကြီး ထောင် လဲ နေတယ်ဗျ ”

သူတို့ အံအားသင့် သွားကြကာ ....

“ ဟင် ... ဟို ကြက် က ဘယ်လိုများ ခွပ်လိုက်လို့ တုန်း ” 

“ ကျွန်တော် မမြင်ရပါဘူး ဗျ ၊ လက်ဖျား မဲ ဆွဲ နေရတာနဲ့ ကျွန်တော့် ကြက်စွဲ က ပြောတာ ။ ဟို ကြက် က သူ့ စလုပ် အောက် ခေါင်း ရောက် မခံဘူး တဲ့ ဗျ ။ နောက်ဆုတ် ဆုတ်ပြီး အတက် နှစ်ဖက် နဲ့ စုံခုတ် သွားတာ ကျွန်တော့် ကြက် ဟာ ဦးနှောက် တွေ ထွက်ပြီး ဝိုင်း ထဲ တွင် သေပါရော့ ဗျ ” 

ကိုကံညွန့် က “ ဟင် ဒီတော့ ကြက်ပါ ပေးခဲ့ရရော့လား ” 

“ ကြက်ဝိုင်း ထုံးစံ အတိုင်း ပေးခဲ့ရတာပေါ့ ဗျာ ။ အဲဒီကထဲ က စပြီး ကြက်ဝင် ဆိုရင် ကျွန်တော် ဆလံမာလေးကိုး တော့ တာပဲ ဗျ ”

ထိုအခါ ကိုအောင်သိန်း က “ ကြက်ဝင် ဆိုတာ ဝင်ပုံ ဝင်နည်း အမျိုးမျိုး ရှိသေးတာပဲ ။ ဟောဒီ ငါးမွှေတိုး က ဆရာ့ ကြက် လို ဗိုက်အောက် ရောက် အောင် ဝင်ပြီး တောင်လိမ်တက် နေတာ မဟုတ်ဘူး ။ မဝင်ဘဲ နဲ့ လဲ ခွာပြီး ခွပ် နေ တတ်ပါတယ် ။ ကြက်ဝင်ခွပ် သက်သက် မဟုတ်ပါဘူး ။ အဲ ... သူ ဝင် တာက ကြက် နှစ်ကောင် ဖျတ်ကနဲ ပူး လိုက်ရင် လှစ်ကနဲ ဝင် လိုက်ပြီး ဟို ကြက် က သူ့ ခေါင်း ဆိတ် ဖို့ အငုံ့ မှာ ဇတ်ကနဲ ထွက်ပြီး အတက် နဲ့ အပ် လိုက်တာပဲဗျာ ။ သူများ ဗိုက် အောက် မှာ အကြာကြီး ဝင် နေတာ မဟုတ်ပါဘူး ”

ဤတွင် ဒီ ကြက် အကြောင်း ကျန် လူတွေ ထက် ပို သိ နေသော ကိုပေါက်စီ က “ အမယ် အကြာကြီး မဝင်ဘူးလည်း မပြောနဲ့ ကွ ၊ အဝင် ခံတဲ့ ကြက် ဆိုရင် ဒူးဆစ် ကို သွေးချင်းချင်း နီအောင် ဆိတ် နေတတ်သဗျ ”

“ သူ့ သခင် ကိုတင်ရွှေ ပြောပြတာ ဖြင့် သူ့ ကြက် ဟာ လမ်း မျိုးစုံ ခွပ်တတ်သတဲ့ ဗျာ ။ ဘယ်လို ခွပ်လမ်းမျိုး ကို မှ မကြောက်ဘူးတဲ့ ဗျ ။ အဲ ... စူး လိုက် လည်း တစ်ချက် နှစ်ချက် နဲ့ ပြီးရောတဲ့ ” ဟု ကိုကံညွန့် က ဝမ်းသာ အားရ ပြော နေစဉ် ငါးမွှေတိုး သည် စားပွဲ ပေါ် ၌ ချေး ကို ဗျစ်ကနဲ ယို ချ လိုက်လေ၏ ။ ဒီလို စားတဲ့ သောက်တဲ့ စားပွဲ ပေါ် တွင် အနှီလို ကြက် က ချေး ယိုချ လိုက်သော် အခြား လူများ ဆိုလျှင် မည်သို့ ဖြစ်သွားကြ မည်နည်း ။ သို့သော် ကျွန်တော် တို့ ကြက်သမား များ ကား ကြက် ၏ မစင်တုံး ကို ကြည့်၍ အားလုံး ဝမ်းသာအားရ ဖြစ် သွားကြကာ သံပြိုင်လို ပင် ။

“ ဟာ ... ဝမ်း ကောင်းတယ်ဟေ့ ။ ချိုးချေး ၊ ခိုချေး ကျနေတာပဲ ။ ကြက်သန့် နေပြီဟေ့ ။ နောက် တစ်ပတ် ဆိုရင် တိုက် နိုင်ပြီ ။ ကဲ .... ငွေသာ ရှာ ထားကြပေတော့ ”

ကြက်သမား တို့ မည်သည် မှာ မိမိ ကြက် ကျန်းမာရေး အတွက် ဝမ်း ကို အမြဲတမ်း ကြည့်ရှု အကဲခတ် နေရသည် ။ ည တွင် အချိန် မှန်မှန် အိပ် ရဲ့လား ။ အစဉ်သဖြင့် နားစွင့် နေရသည် ။ အချိန် မှန်မှန် မတွန်ဘူး ။ ဝမ်း မကောင်းဘူး ဆို လျှင် ကြက် ကျန်းမာရေး မကောင်းသည် မို့ မတိုက်ဝံ့ ကြပေ ။ ကြက်သမား တို့ သည် မိမိ ကြက် ကို သားမယား ထက် ပို၍ ဂရုစိုက် ကြသည် ။ ယခု ကြက်သမား လူစု ကို ကြည့်ပါ ။ လက်လုပ်လက်စား တွေ အိပ်ရာခြင်ထောင် ကောင်းကောင်း နှင့် အိပ် နိုင်သော လူတန်းစား တွေ မဟုတ်ပါ ။ သို့သော် သူတို့ ကြက် အိပ်ဖို့ မူ နိုင်လွန်ခြင်ထောင်လေး တွေ ရှိ ကြသည် ။ နှစ်တောင် ပတ်လည် လောက် ရှိ ၍ ခါးစောင်း လောက် မြင့်သော ကြက်အိပ်ခြင်ထောင်လေး တွေ တစ်လုံး နှစ်ဆယ် အစိတ် ခန့် ပေးရသည် ။ အော်ဒါ ပေး ၍ ချုပ် ကြသည် ။ ကြက်သမား တို့ မည်သည် မိမိ အိပ်ပျက် ခံချင် ခံမည် ။ ကြက် ကို တော့ အိပ်ပျက် မခံကြပေ ။ ကြည့်ပါ ၊ ယခု ကြက်သမား လူစု သည် ကြက် ကို ဝယ် လာပြီး ဝမ်းသာအားရ စကား ပြော နေလိုက်ကြတာ ညနေစောင်း မှ သည် မိုးချုပ် လာပြီ ။ သူတို့ စကားစ မပြတ်သေး ။ လူစု မခွဲကြသေး ။ ကြက် ကို မူ မှောင်စကလေး ပျိုးလာသည် နှင့် တစ်ပြိုင်နက် ကိုကံညွန့် က သူ့ အိမ် အပေါ်ထ ပ်ရှိ ကြက်အိပ်တန်း နှင့် ခြင်ထောင် ထဲ သို့ သွား ၍ ထည့် ထား လိုက်လေပြီ ။

◾တိုက်ဖက် ရှာပြီ

ငါးမွှေတိုး သည် ဤ လူအုပ်စု ထဲ ရောက် လာသော အခါ၌ အနည်းဆုံး ၂၂ဝဝိ အောက်ထစ် တိုက်မည် ။ ၃၃ဝဝိ မှ ၅၅ဝဝိ အထိ လည်း ဖြစ်နိုင်သည် ဟူသော အသံထွက် လာ၏ ။ ဤ လူစု သည် တစ်ယောက် တည်း ထောင်ကိုး ရာ ကစား နိုင်သည် မဟုတ် သော်လည်း အခြား ကြက်သမား အပေါင်းအသင်း တွေ က ဝိုင်း ထည့်ကြပေဦးမည် ။ ထို့ကြောင့် ဒီလို ကြေးများများ ထွက်မဲ့ တိုက်ဖက် ကို ရှာ ကြစမ်း ။

ကြက်သမား တို့ သည် မိမိ ကြက် ကောင်းပြီ ဟု ယုံကြည်သော အခါ ရှိတာ ကို ပုံအော တတ်ကြသည် ။ လွန်ခဲ့သော ၁၉၇ဝ ခုနှစ် ခန့် က ထင်ပါသည် ။ ပုတီးကုန်း မှ ကျွန်တော့် ကြက်သမား မိတ်ဆွေ ကိုဟန်ထွန်း သည် သူ့ ကြက်ဖ တစ်ကောင် အဖော် တစ်ယောက် နှင့် ကျွန်တော့် အိမ် ရောက် လာသည် ။ သူ့ ကြက် သည် မူလ က ကျောက်ပန်းတောင်း ကြက် ။ ပြည်မြို့ တစ်ဖက်ကမ်း က ဆင်တဲ ဝိုင်း တွင် အလွန် ကောင်းလှသည့် သူတို့ ဘက် မှ နတ်ပတီးကြက် ကို နိုင် သွား သည် ။ ကိုဟန်ထွန်း က ဒီလောက် ကောင်း တဲ့ ကြက် သူ့ တစ်သက် တာ တွင် မတွေ့ဘူးသေး ။ ထို့ကြောင့် ဤ ကြက် ကို မရမက ငါးရာ နှင့် အစိတ် ပေး၍ နတ်တလင်း ကိုဖိုးမှန် နှင့် နှစ်ယောက် စပ် ဝယ်ခဲ့သည် ။

ယခု ရန်ကုန် မှာ ကြေးကောင်း တိုက်ရန် လာခဲ့ခြင်း ဖြစ်သည် ။ ကိုဟန်ထွန်း သည် ဒီ ကြက် ကို ယုံ ၍ မည်မျှလောက် ပုံအော လိုက်ပါမည်နည်း ဟူမူ သူ့ တွင် နွားတရှဉ်း နှင့် မြေယာဝေခြမ်းရေး မှ ရ ထားသော လယ် အချို့ ရှိ လေရာ ယခု ထို လယ်များ ကို ငွေ ၃ဝဝဝိ နှင့် ပေါင် ၍ လာခဲ့သည် ။ ဒီ ကြက် နိုင်ခဲ့ သော် သည်နှစ် သူ ကိုယ်တိုင် လယ် မထွန်တော့ ။ သူရင်းငှား နှင့် လုပ်မည် ။ အကယ်၍ ရှုံး ခဲ့သော် သူ လယ်ပေါင် ထားသော လူ ၏ အိမ် မှာ နွား ရော သူ ရော သူရင်းငှား လုပ်ရမည် ။ သူဌေး ဖြစ် ခွေး ဖြစ် ပဲ ။

ယခု ကျွန်တော့် မိတ်ဆွေ များ လည်း သူတို့ ကြက် ငါးမွှေတိုး တွင် ဤသို့လျှင် သူတို့ ရှိသမျှ အင်အား ကို စွန့်စားကြတော့မည် ဟု မောင်းတင် ထား ကြကုန်၏ ။

သို့သော် ငါးမွှေတိုး မှာ ရန်ကုန်နယ်မြေ တွင် တော်တော် နှင့် တိုက်ဖက် မတွေ့ ။ ငါးမွှေတိုး နာမည် က လည်း ဟိန်း နေသည် ။ ကြေး က လည်း များ နေသည် ။

သို့ရှိစဉ် ဖေဖော်ဝါရီလ လယ် လောက် တွင် ကိုကံညွန့် တို့ ၏ ဇာတိ ထန်းတပင်မြို့နယ် မှ ကြက်ဝါသနာအိုးများ ဖြစ်ကြသော ကိုအိလုံ ၊ ကိုချစ်ခွေး နှင့် အာကျယ်လေး တို့ လူသိုက် ကိုကံညွန့် တို့ အိမ် သို့ ခရီးကြုံ ရောက်လာကြ လေရာ ငါမွှေတိုး ကို တွေ့မြင်ရသည် ၌  သူတို့ သည် ဝမ်းသာအားရ ...

“ ဟာ ... အဆင်သင့် ပဲ ၊ လွန်ခဲ့တဲ့ အပတ် က အာကျယ်လေးကြက် ကို နိုင် သွားသတဲ့ ။ ကုက္ကိုဝကြက် နဲ့ တန်း တိုးနေတာပဲ ” 

“ သူတို့ ကြေး ဘယ်လောက် ထွက်မလဲ ”

ဒီက လူများ က မေးကြ၏ ။

အာကျယ်လေး က သူ ၏ ကျယ် လောင်လှသော အသံ ဖြင့် “ ဟာ ... ကျွန်တော့် ကြက် နဲ့ တုန်းက လက်ရင်း ၃၃ဝဝိ ချ သွားတာ ။ အခု ဆိုရင် ၅ဝဝိ အောက် မတိုက်ဘူးတဲ့ ဗျ ။ သူတို့ ကြက် က ဘာမှ သိပ် ကောင်းတဲ့ ကြက် မဟုတ်ဖူးဗျာ ”

“ ကဲ .... ဒါဖြင့်တော့ ဟုတ်ပြီ ၊ ဒီတော့ သူတို့ ကြက် က ဒီကို လာမယ်လား ”

“ ဟာ ... ဒီကိုတော့ မလာဘူး ။ ဒီလ ၂၅ ရက် နေ့ မှာ ကုက္ကိုဝ မှာ ချိန်းဝိုင်း ရှိတယ် ။ ဒါကို ပြောရင်း နဲ့ ကျွန်တော် တို့ ဒီကို လာခဲ့တာ ၊ ဟို က ဝိုင်း မှာ စိတ်လဲ ချရတယ် ။ ကြေး လည်း ကောင်းမယ် ။ ကြက် တွေ လည်း တော်တော် များများ လာကြလိမ့်မယ် ။ ဒီက ကြက် ဘယ်နှစ်ဖ ရှိရှိ ယူခဲ့ကြ ဗျာ ။ ဒီ နှစ်တော့ ကျွန်တော့် မှာ ကြက်ကောင်း တစ်ကောင် မှ မရဘူး ။ ခင်ဗျားတို့ ကြက်တွေ ပဲ အားကိုး ရမှာပဲ ။ အစစအရာရာ ကျွန်တော် တာဝန် ယူတယ်ဗျာ ။ လာခဲ့ကြပါ ”

ကိုအိလုံ က အားရပါးရ ဖိတ်ခေါ်သည် ၌ ဒီ က လူသိုက် လည်း ကုက္ကိုဝဝိုင်း သွားကြမည် ဟု ဆုံးဖြတ် လိုက်ကြလေ၏ ။

ထိုအခါ ကိုအိလုံ က ကျွန်တော့် အား ...

“ ဆရာ ကော လိုက်မယ် မဟုတ်လား ။ ကျွန်တော် တော့ လိုက်စေချင်တယ် ဗျာ ”

“ ကဲ ... လိုက်တာတော့ ဟုတ်ပါပြီ ၊ ခင်ဗျား တို့ ထန်းတပင် နဲ့ ကုက္ကိုဝ ဆိုတာ ကျွန်တော် က ကြား သာ ကြားဖူးတာ ။ ဘယ်လို က ဘယ်လို သွားသတုန်း ”

“ ဆရာ လိုက်မယ် ဆိုရင် သက်တောင့်သက်သာ ရှိအောင် ဧရာဝတီ သင်္ဘော သာ စီးခဲ့ကြ ။ ကျွန်တော် ထန်းတပင်ဆိပ်ကမ်း က ကြို နေမယ် ။ ၁၁ နာရီ မထိုး ခင် ရောက်မှပဲ ။ မနက်စာ ကျွန်တော့် အိမ် မှာ စား ။ ညနေခင်း မှာ ကြက်ဒိုင် လုပ်တဲ့ ချာတိတ် က စက်လှေ နဲ့ ကုက္ကိုဝ ကို ခေါ် သွား လိမ့်မယ် ”

ဧရာဝတီသင်္ဘော ဆိုသည် ကား လှိုင်မြစ် တွင် ရန်ကုန် နှင့် ညောင်တုန်း ကို ပြေးဆွဲ နေသော နှစ်ထပ်သင်္ဘော ဖြစ်၏ ။ ပုဂ္ဂလိကပိုင် မဟုတ် ။ ပြည်သူပိုင် ခေါ် အစိုးရသင်္ဘော ဖြစ်လေရာ နံနက် ၆ နာရီ ခန့် တွင် ကြည့်မြင်တိုင် ဘောတံတား မှ ကျွန်တော်တို့ လူစု သင်္ဘော ပေါ် ရောက်၍ အောက်ထပ် ၌ ထိုင်မိကြ လျှင် ပင် အသားညိုညို ဂင်တိုတို လူ တယောက် သည် ကျွန်တော် တို့ အနီး ရောက် လာပြီး ...

“ ခင်ဗျားတို့ ဘယ် သွားကြမှာလဲဗျ ။ လက်မှတ် မယူဘဲလဲ ရပါတယ် ” ဟု ပြောပါသည် ။ လက်စသတ် တော့ ကိုယ့် လူ က ဒီ သင်္ဘော မှာ လက်မှတ် ရောင်း တာ ။ လက်မှတ်စစ် တာ သူ ကိုး ဗျ ။ ဟား ဟား ၊ ဒီတော့ ၁၉၄၆ - ၄၇ ခုနှစ် က ကျွန်တော် သည် ကသာ ၊ မြစ်ကြီးနား မီးရထား တွင် ကျင်လည် ခဲ့ရပုံ ကို ပြန်၍ သတိရ မိသည် ။ ကျွန်တော့် မိတ်ဆွေ ကိုလှငွေ နှင့် ကိုအောင်ကြီး သည် မီးရထား လက်မှတ်စစ်များ ဖြစ်ကြလေရာ နံနက်ခင်း ရထား မထွက်မီ ဘူတာ သို့ ရောက်လာကြသော ခရီးသည်များ အား သည်လိုပဲ လက်မှတ် မယူကြရန် လိုက် နှိုးဆော် ကြသည် ။ ရထား ထွက် သွားတော့ မှ လက်မှတ် မပါသူ အား ဘယ်သွားမလဲ မေးပြီး “ ဒီ ခရီး နဲ့ ဒီ ခရီး ဟာ ၃ိ ကျတယ် ။ ဒီတော့ ဒီ ငွေ ဟာ မီးရထားပိုင် ငွေ ၊ ဒါကို ခင်ဗျား နဲ့ ကျွန်တော် တို့ တစ်ယောက် တစ်ဝက် ယူ ကြရအောင် ” ဆိုပြီး တစ်ကျပ်ခွဲ တောင်းယူ၏ ။ ဒီ သင်္ဘော ဆရာ တော့ ဘယ်လိုနှုန်း များ ခွဲဝေမည် မသိပါ ။

ကျွန်တော်တို့ လူစု မှာ ငါးမွှေတိုး မူလ ပိုင်ရှင် ကိုတင်ရွှေ ၊ ကိုအောင်သိန်း ၊ ကိုပေါက်စီ ၊ ကိုကံညွန့် ၊ ကိုစံမြင့် ၊ ကိုမြအောင် နှင့် ကျွန်တော် ပေါင်း ၇ ယောက် ၊ ကြက် မှာ ငါးမွှေတိုး နှင့် ကိုမြအောင် ၏ မြီးတို ခေါ် ကြက်ဝါ တစ်ကောင် ၊ နှစ်ကောင် တည်း သာဖြစ်၏ ။ ကျွန်တော် တို့ အာသီသ အထားဆုံး က တော့ ငါးမွှေတိုး ။ ကိုမြအောင် က သူ့ ကြက် က စိတ်ချရ ပါတယ် ။ ၁၉၇၅ - ခုနှစ် က ကျွန်တော် တို့ ရှဖီးမျိုး ၊ ရှဖီးသား ဟု ပြောပါသည် ။

တစ်ယောက် တစ်ယောက် ငွေ ဘယ်လောက် ပါ သနည်း ။ စစ် ပေါက် လိုက်တော့ စုစုပေါင်း ၇ ယောက် မှ နှစ်ထောင် ကျော်ကျော် ၊ သုံးထောင် ပျော့ပျော့ ဖြစ် နေရာ ထန်းတပင် က ကျုပ်တို့ မိတ်ဆွေများ ကို မသိသေးသော ကိုမြအောင် က ...

“ ဟွန်း ... ခင်ဗျားတို့ ပြောတော့ ကုက္ကိုဝ ကြက် က ငါးထောင် ကျော် လောက် ထွက်မယ် ဆိုတော့ ကျုပ်တို့ ရန်ကုန် က လာပြီး ကြေးမမီ ဖြစ် နေရင် ရှက်စရာကြီး ”

ကိုကံညွန့် က “ အောင်မယ်လေး ဒါအတွက် မပူပါနဲ့ဗျ ။ ဟိုမှာ ထန်းတပင် က ကိုအိလုံ နဲ့ ကိုပါကြီး တို့ ရှိပါတယ် ။ သောင်း တစ်ထောင် ဖြစ်ပါစေ ။ ကျွန်တော်တို့ လိုသမျှ သူတို့ က ဖြည့် တိုက်ကြမှာဗျ ” 

“ ဒါဆို ကောင်းဗျာ ”

ကျွန်တော် တို့ သည် ရွှင်လန်းချမ်းမြေ့စွာ နှင့် သင်္ဘော ပေါ် တွင် ပါခဲ့ ကြ၏ ။ မြစ်ပြင်က လေ ကို ရှူရသည် မှာ အရသာ ရှိလှသည် ။ ကမ်း နှစ်ဖက် က ရှုမျှော်ခင်း က လည်း သာယာလှပါဘိ ။ ဝမ်းရေး အတွက် ကူးခတ် နေကြသော ကူးတို့လှေ ၊ ကုန်တင်လှေ ၊ တံငါလှေ ၊ ခရီးသွားစက်လှေ ၊ မော်တော် တို့ အား တစ်ခု ပြီး တစ်ခု တွေ့ဆုံဖြတ်သန်း ခဲ့ရသည်မှာ လည်း ကြည်နူးဖွယ် ကောင်းလှ ပါဘိ ။

ကြည့်မြင်တိုင် မှ ထွက် ခဲ့သော ကျွန်တော် တို့ သင်္ဘော သည် ကမာရွတ် မှာ ခေတ္တ တန့်၏ ။ ကမ်း ကို တော့ မကပ်နိုင်ချေ ။ ခရီးသွား များ က သမ္ဗာန်များ နှင့် လာ တတ်၍ တက် ကြ၏ ။ အင်းစိန် မှာ လည်း ထိုနည်း လည်းကောင်းပင် ။

နောက် တက် လာသော ခရီးသည် လူစု ထဲ တွင် အလျား တစ်လံ ၊ အနံ နှစ်ပေ လောက် ရှိသော ဆေးရောင်ချယ် သံပြား ၊ သစ်သားဘောင် သွင်းထားသည့် ဆိုင်းဘုတ် တွင် တလိုင်းစိန် မည် သော စာလုံးကြီး ကို ဖတ် လိုက်ရ၍ ဆံကေသာ သျှောင်ထုံး နှင့် အရပ်သွယ်သွယ် ရွှေသွား တစ်လက်လက် နှင့် လူ တစ်ယောက် ကို လည်း သင်္ဘော အပေါ်ထပ် တက် သွားတာ မြင်လိုက် ရ သဖြင့် ကျွန်တော့် စိတ် ထဲ “ အင်း ဒို့ သင်္ဘောအပေါ် ဇာတ်အဖွဲ့ တစ်ခု လည်း ပါလာ သကိုး ” ဟု အောက်မေ့ မိကာ တော်တော် ကြာ ၌ ကျွန်တော် သင်္ဘော အပေါ် ထပ် တက် ကြည့် မိသော အခါ ထို ဆိုင်းဘုတ် မှာ တလိုင်းစိန် ရှေ့ က စာလုံးငယ်ငယ် ဖြင့် ( တောင်ပြုံးပြန် ) ဆိုတာ တွေ့ရတော့ မှ “ ကျွန်တော် ဟယ်ကနဲ ဖြစ်သွား၏ ။ အင်း ... ဇာတ်အဖွဲ့ မဟုတ် ၊ နတ်အဖွဲ့ ပေကိုး ။ ကျွန်တော် ခုန ဇာတ်မင်းသား ဟု ထင် မိသော နတ်ကတော် မာမီရှိန်း သည် သူ တောင်ပြုံး သို့ ရောက်ဖူးပေ လိမ့်မည် ။ ထို့ကြောင့် ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း ၊ ယိုးဒယားပြန် အမာစိန် ဆိုဘိသို့ သူ က လည်း တောင်ပြုံးပြန် တလိုင်းစိန် ၊ ဟုတ်ပေ့ ။ “ ဗိလပ်ပြန်သန်း ” ခေါ်တဲ့ အဆိုတော် လည်း ကျွန်တော် တို့ မြန်မာပြည် မှာ ရှိခဲ့ဖူးသေးသည် ။

ကျွန်တော် တို့ သင်္ဘော အပေါ်ထပ် တွင် သံတန်းပေါ် လက် တင်၍ ဟိုတွေး သည်ငေး ဖြင့် မြစ်ပြင် ကို ကြည့်ခဲ့ရာ ဒီရေ အကျ မို့ မကြာခဏ သင်္ဘော နှင့် မျက်နှာချင်းဆိုင် လာပြီး ရိပ်ခနဲ ဖြတ်ဖြတ် သွားကြသည်များ က တော့ ဗေဒါပင် အစုအအုံတွေ ၊ သည်တော့ ကျွန်တော့် စိတ် ထဲ တွင် ဆရာဇော်ဂျီ ၏ “ ဗေဒါ လမ်း ” ကဗျာများ ကို ရွတ်ဆို မိ ပြန်တော့သည် ။ ဆရာဇော်ဂျီ သည် မြစ်ဝကျွန်းပေါ်သား မို့ သူ ငယ်စဉ်တောင်ကျေး က ပင် ကျွမ်းကျင် ခဲ့သော ဗေဒါပင် တို့ ၏ သဘော ကို သုံးသပ်၍ ယင်း ကဗျာများ ကို ရေးစပ်သည် ဟု ဆိုသင့်သည် ။

အိမ်း .... ဗေဒါ ဆိုတာ လည်း ရေစီး ၊ ရေတက် ၊ ရေကျ ရှိသော မြစ်ဝကျွန်းပေါ်ဒေသ ပေမို့ သူတို့ အစုအအုံလေး တွေ စုန်ဆန် မျော နေတာ ကြည့်ရ တော့ စိတ်ဝင်စားစရာ ၊ ချစ်စရာ ၊ နှစ်သက်စရာ ၊ သူတို့ ဘဝ ကို သုံးသပ်စရာ ။ အဲ - ရေသေ ၊ ရေအိုင် ၊ ရေကန်များ မှာ ဗေဒါ ကြီးစိုးပြီ ဆိုရင်တော့ အော့ကျော ကို လန် ရောဗျို့ ။ ဗေဒါတွေ ဟာ ရေသေ မှာ ဆိုရင် သ ,တ်လို့ မနိုင် ၊ ဖယ်လို့ မရ ။ ဒုက္ခကြီး လှလှ တွေ့ပြီသာမှတ် ။ ဥပမာ ရှမ်းပြည် ၊ အင်းလေးကန် ၊ ရွှေညောင် ကမ်းစပ် ကို ကြည့်စမ်းပါ ။ ဘယ်လောက် ရေကြောင်းယာဉ်တွေ ကို ဒုက္ခ ပေးပါ သနည်း ။ ဆရာဇော်ဂျီ သာ ဤအရပ်ဖွား ဖြစ်၍ ကဗျာ စပ်မည် ဆိုလျှင် ( ဘဲအုပ် က တရာ နှစ်ရာ ၊ ဗေဒါ က တပွင့် ထဲ ၊ ဗေဒါမာန် အံကိုခဲ ပန်းပန်လျက်ဘဲ ) အစား  ( ဘဲအုပ် ဖြင့် မနေသာ ၊ ဗေဒါ က ပြွပ်သိပ်ခဲ ၊ မြင်ရသူ ရှုမရဲ ၊ ဝေးရာ သို့ ဖဲ ) ဖြစ်သွား ပေလိမ့်မည် ဟု ယူသော် ရ၏ ။

ကျွန်တော်တို့ သင်္ဘော သည် ဒီရေ အကျ ကို ဆန်၍ ခုတ်ရသည် ဖြစ်သော ကြောင့် မြစ်ရေပြင် ကို ငုံ့ကြည့် နေမည် ဆိုလျှင် ရေ အကျ နှင့် မျော လာကြသော ဗေဒါ တွေ ၊ အမှိုက်သရိုက် တွေ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်သွားတာ မြင်ရခြင်း အားဖြင့် သင်္ဘော သည် အလွန် မြန်သည် ဟု ထင်ရသော် လည်း မြစ်ကမ်း လှမ်း ကြည့် လိုက်တော့ သင်္ဘောသည် အလွန် နှေး၏ ။ စင်စစ် တစ်နာရီ ကို ရေမိုင် ၃ - ၄ မိုင် မျှ သာ ။

မည်သို့ပင် ဖြစ်လင့် ကစား နံနက် ၁၁ နာရီ ခန့် တွင် ထန်းတပင် သင်္ဘောဆိပ် ကို ဆိုက်ကပ် လေ၏ ။ ဆိပ်ကမ်း က လည်း ဗျာ မကြီးကျယ် လိုက် တာ ။ တဲအိမ်လေး တစ်လုံး နှင့် အကြော်ဖို တစ်ခု သာ ရှိ၏ ။ ကိုအိလုံ သည် ကျွန်တော် တို့ အား လာ ကြို နေ၏ ။ ဆိပ်ကမ်း နှင့် မြို့ သည် တော်တော်လေး ကွာ သေး၏ ။ ဆိုက်ကား စီး သွားရ၍ တစ်ယောက် ကို ၇၅ ပြား ပေးရ၏ ။ လမ်း က လည်း ကြမ်း ၊ မြေနီလမ်း ၊ ဖုံ က လည်း ထူပါဘိ ။ မိုးတွင်း မှာ တော့ အချို့ နေရာတွေ ရေ ဝပ်၍ ရွှံ့ထဲ ရေထဲ ၌  နေရပေမည် ။ အတော်ပင် မသာမယာ သော အရပ်ဒေသ ပေ တကား ။ သစ်ပင်အရိပ် အာဝါသ က လည်း နည်း လှ၍ နွေရာသီ ၌ အလွန် ပူပြင်းလှသည် ။ သို့သော် လယ်သမားရေး အရေးတော်ပုံ နှင့် လွတ်လပ်ရေး သမိုင်းဝင် မြို့ ဖြစ်၏ ။ လယ်သမား အရေးတော်ပုံ တွင် ကျဆုံးသော ဦးစံအေး ၏ ကျောက်တိုင် ရှိသည် ။

ကိုအိလုံ ၏ အိမ် သို့ ရောက်ကြပြီး မကြာမီ တွင် နံနက်စာ ကျွေးသည် ။ ဟင်း က တော့ ကောင်းလှပါဘိ ။ ကျွန်တော့် စိတ်ကြိုက် ပင် ။ ကိုအိလုံ သည် ကျွန်တော် တို့ လာမည့် ရက် ကို အချိန် ကိုက် ၍ မနေ့ ညနေ က သူ့ အိမ် က ဝက် တစ်ကောင် ကို ပေါ်သည် ။ အချိန် ၈၀ ကျော် ထွက်သည် ။ တစ်ပိဿာ ကို ၁၅ိ ကျပ်ဈေး နှင့် ဖောက်သည် ပေး ပစ် လိုက်သည် ။ ယခု ကျွန်တော် တို့ စားရသည် မှာ ဝက် ဝမ်းတွင်းသား အူစုံအသဲစုံဟင်း နှင့် ဝက်ရိုး ဟင်းချို ၊ စား လို့ မြိန်လိုက်ပါဘိ ။ သို့သော် တစ်ခု ခက်သည် က ကျွန်တော် တို့ မြန်မာပြည် ပူအိုက်သော ရာသီဥတု တွင် ထမင်း စား ကောင်းလေ ဗိုက် တင်းလေ ပို၍ ပူအိုက်လေ ဖြစ်ရကား ကျွန်တော် တို့ မှာ ထမင်း စား ပြီးသော အခါ၌ လှလှကြီး ဒုက္ခ ခံ ရ တော့၏ ။ ကိုအိလုံ ဂေဟာ က လည်း မျက်နှာကျက် မရှိသော သွပ်မိုး တထပ်အိမ် ၊ လေ တိုက်ပြန် ပါ လျှင် လည်း ဖုန်မှုန့် တွေ ဝေ နေသော လေပူကြီး ။ ကိုယ့် အိမ် ကိုယ့် ယာ လို လည်း ခြေပစ်လက်ပစ် မနေနိုင် ။ ဧည့်ခန်း က စားပွဲ ကု,လားထိုင် တွင် ထိုင်ကာ လက်ဖက်ရည်ကြမ်း ဖြင့် ကိုယ် ထဲ ကအပူတွေ ကို ချွေး လုပ်၍ ထုတ်ပစ် နေရ၏ ။

ကျွန်တော် တို့ သည် ဤ ဒဏ် ကို ညနေ ၄ နာရီ ခန့် တွင် ထန်းတပင် ဆိပ်ကမ်း မှ ကုက္ကိုဝ သို့ ထွက်သော စက်လှေ ပေါ် ရောက် မှ လွတ်ငြိမ်းချမ်းသာ ခွင့် ရ တော့၏ ။ မြစ် ထဲ မှာ တော့ လေ က လည်း အေး ရေ က လည်း အေး ၊ စက်လှေငယ် တွင် လူအပြည့် ထိုင် ထားတော့ လှေ နံရံ မှာ ရေ ပေါ် တွင် လက် တစ်ဝါး လောက် သာ ပေါ်တော့၍ ရေလှိုင်း မှ ရေပန်းပွား တို့ တဖွဲဖွဲ ပက်ဖျန်းခြင်း က လည်း ခံရ၏ ။

ကျွန်တော်တို့ ယခု ခရီးမှာ တက်ရေ နှင့် ရေစုံ ဖြစ်နေ၍ စက်လှေကလေး သည် မြန်လှ၏ ။ မနက်ခင်း သင်္ဘောကြီး နှင့် လာခဲ့စဉ် က ကျရေ နှင့် ရေဆန် ဖြစ်နေ၍ မြစ်ပြင် ကို ငုံ့ ကြည့်သော် ရိပ်ခနဲ ရိပ်ခနဲ ဖြစ် သွားကြ သော အမှိုက်သရိုက် ဒိုက်ပုံ နှင့် ဗေဒါအ စုအအုံ တွေ ကြည့်၍ သင်္ဘော သည် မြန်လှသည် ဟု ထင်ရ၏ ။ သို့သော် မြစ်ကမ်း လှည့် ကြည့်တော့ နှေး နေ၏ ။ ယခုတော့ ဆန့်ကျင်ဘက် ။ မြစ်ပြင် ကြည့်တော့ နှေးသည် ဟု ထင်ရပြီး ကမ်း လှမ်း ကြည့်မှ မြန် ကြောင်း သိရ၏ ။ လမ်း တစ်လျှောက် ဝယ် ငါးသလောက် ပိုက်တန်းများ ဒမင်းလှေများ ဖြင့် လူတံငါ တို့ က ငါးတွေ ဖမ်း ကြ၍ ငှက်တံငါများ ဖြစ်ကြသော ဒင်ကျည်း မဲနက်နက် တို့သည် ရေ ပေါ် ထိုင် လျက် လည်းကောင်း ၊ အမွှေးအတောင် သုံးရောင်ချယ် သော အောက်ချင်း နှင့် ပုစဉ်းထိုးငှက် တို့ သည် ရေပေါ် ပျံဝဲလျက် လည်းကောင်း ၊ ငွေဗျိုင်းဖြူ နှင့် မွဲခြောက်ခြောက် ဗျိုင်းအောက် တို့ က ကမ်းစပ် တွင် ငူငူကြီး ရပ်လျက် လည်းကောင်း ၊ အစာအဟာရ ကို ရှာဖွေ နေကြ၏ ။

ကျွန်တော်တို့ စက်လှေ မှာ လူ ၁၇ ယောက် ၊ ကြက်ဖ ၃ကောင် ၊ ကျွန်တော် တို့ ကြက်နှစ်ဖ အပြင် ထန်းတပင် မှ အာကျယ်လေး ၏ ကြက် တစ်ဖ ။ ညနေစောင်း တွင် ကုက္ကိုဝ သို့ ဆိုက်ရောက် ကြသည် ။ ကျွန်တော် တို့ လည်း တည်းခိုရသည် မှာ ရွာမကြီး တွင် မဟုတ် ၊ အရှေ့ဘက်ကမ်း တွင် ရှိသော သုံးလေးအိမ်စု ။

ထို နေရာ သည် သာတောင့်သာယာ ရှိပါ၏ ။ သည် နေရာ က လူတွေ က တံငါ ရော လယ်သမား ရော ဖြစ်ပါလိမ့်မည် ။ သူတို့ ၏ အိမ်များ တွင် ငါးဖမ်း ကိရိယာများ ကိုလည်း မြင်ရ၏ ။ နွားတင်းကုပ် နှင့် ကောက်ရိုးပုံများ လည်း ရှိသည် ။

ပတ်ဝန်းကျင် ကို မျှော် ကြည့် လိုက်သော် ရိုးဖြတ် လယ်တောကြီး ။ ကျွန်တော် သည် လေညှင်းခံရင်း လယ်ကွင်း ထဲ သို့ လျှောက် ခဲ့ရာ မကြာမီ၌ လူ ခါးစောင်းလောက် မြင့်သော ငှက်ခြေတံရှည်ကြီး နှစ်ကောင် ကို တွေ့ရ သဖြင့် ကျွန်တော် အံ့သြ ၍ ဝမ်းသာ သွားသည် ။ ကျွန်တော့် ကို မြင်သော် သူတို့ လန့်ပြီး ထပျံ ပြေး မှာ စိုး သဖြင့် အသာ ရပ်၍ ကြည့် နေ၏ ။ သူတို့ ကား ကျွန်တော့် ကို လုံးဝ ဂရုမစိုက် ၊ မြေကြီး တွင် ခေါင်း ငုံ့၍ အစာ ရှာဖွေရင်း လမ်းလျှောက် နေကြသည် ။ ဒါနှင့် ကျွန်တော် သူတို့ အနား သို့ ခြေ ဖေါ့ နင်း၍ ချောင်းမြောင်း ကာ တဖြည်းဖြည်း တိုး သွားရာ သူတို့ အနီး ၁၀ ပေ လောက် ရောက်သည် တိုင်အောင် မှ ဒင်းတို့ က ထ ပျံခြင်း မပြုသေးတော့ ကျွန်တော် ပြေး၍ ဖမ်းလိုက်ရာ တစ်ကောင် ကို မိလေ၏ ။ သို့သော် ကျွန်တော့် မှာ ဝမ်း မသာနိုင်ပဲ ရှက် ၍ သွားရတော့၏ ။ အကြောင်းမှာ ကျန် တစ်ကောင် က လည်း ထွက်ပြေးခြင်း ထပျံခြင်း မရှိ ။ အိန္ဒြေ မပျက် ကျွန်တော့် လက် ထဲ က တစ်ကောင် က လည်း ရုန်းကန်ခြင်း အော်မြည် ခြင်း မပြု ။ ထိုခဏ ၌ လူ တယောက် ၏ ရယ်မောသံ ကို ကြားရ သဖြင့် ငှက်ကြီး ကို လွှတ်ပစ် လိုက် မိလေ၏ ။

ထို လူ ကား နွားကျောင်းသား ။ ကျွန်တော့် အနီး သို့ ရောက် လာပြီး သူ က စကား စ ပြော၏ ။

“ ကျုပ် တို့ အိမ် မှာ မွေး ထားတာ လူ ယဉ် နေတဲ့ အကောင်တွေ ဗျ ” 

“ အေးဗျာ ကျွန်တော် သေနတ် မပါလို့ ပါရင် ပစ်မိမှာ ” 

“ ဘယ် ရမလဲ ၊ ကျွန်တော် က ဟို သစ်ပင် အောက် က နေ ခင်ဗျား အရိပ်အခြေ ကြည့် နေတာဘဲ ”

“ ဘာ ငှက်ကြီးတွေလဲ ဗျ ”

“ ကြိုးကြာ ”

“ ဟင် .... ကြိုးကြာ က ဒီလောက် တောင် ကြီးတယ် ကို ၊ သူတို့ မပျံနိုင်ဘူးလား ”

“ အတောင်တွေ ဖြတ် ထားတယ် ” 

“ ဘယ် က ရတာလဲ ”

“ မပျံတတ် ခင် အသိုက် ထဲ က ယူခဲ့တာဗျ ” 

ကျွန်တော် က စာတွေ ထဲ ဖတ်ရသည့် အတိုင်း ။

“ ကရဝိတ်သံ ၊ ကြိုးကြားသံများ သာယာလှတယ် လို့ ဆိုတယ် ၊ သူတို့ မြည်တော့ သာယာရဲ့ လား ”

“ ကျုပ် စိတ်ထဲ  ကတော့ ထူးလှတယ် မဟုတ်ပါဘူးဗျာ ။ ငှက် အော်သံပါပဲ ”

အင်း .... နွားကျောင်းသား နှင့် စာဆိုပညာရှင် တို့ နား သောတ , ချင်း တူကြမည် မထင်ပေ ။ စာဆိုပညာရှင် တို့ သည် နွားကျောင်းသား တို့ ၏ ပုလွေသံ ကို လည်း ချီးမွမ်းကြသည် ဖြစ်ရာ နွားကျောင်းသား က မူ ကြိုးကြာသံ ကို ချီးမွမ်း လိုဟန် မတူချေ ။ ကြားနေ မြင်နေ ကျ မို့ ရိုး နေပေမည် ။ တစ်ခါတစ်ရံ အင်းအိုင်ဒေသ သို့ ရောက်သော စာဆိုပညာရှင် တို့ နား တွင် သာ ချို နေဟန် တူပေသည် ။ ကျွန်တော် လည်း ယင်းသို့သော စာဆိုပညာရှင် ဟု ကိုယ့် ကိုယ် ကို ထင်မိ၍ ၄င်း ကြိုးကြာသံ ကို ကြားကြည့်ချင်စမ်းပါဘိ ။ ထို့ကြောင့် ထို နွားကျောင်းသား အား ...

“ ခင်ဗျား ကြိုးကြာတွေ က ဘယ်အခါ မှ အော်မြည်တတ်သလဲဗျ ” 

“ သူတို့ အော်ချင် တဲ့ အခါ မှာ အော်တာပဲ ဗျာ ”

“ ကျုပ် တစ်ခါမှ မလုပ်ဖူးဘူးဗျ ”

အင်းပေါ့လေ ၊ သူ့ ဘာသာဘာဝ အော်မြည် မှ လည်း ကောင်းမှာ ပေါ့ ဟု ကျွန်တော့် စိတ် ထဲ မှတ်ချက် ချ လိုက်ပါ၏ ။

ထိုအချိန်၌ အနောက်ဂေါယ ၊ ငမောဟ သည် လောကရောင်ဝါ ထွန်းလင်းဖြာသည့် ရာဇာဘာနု ဝါလုလု ကို ကြက်ဥနှစ်လို စုတ်မျိုလိုက်ပြီ ဖြစ်ရာကား ကျွန်တော် နှင့် ထို နွားကျောင်းသား သည် သူ့  နွားများ နှင့် ငှက်ကြီး တစ်ရှဉ်း ကို မောင်းနှင် ကာ တဲအိမ်များ ဆီ သို့ ပြန် ခဲ့ကြလေ၏ ။

နွားတင်းကုပ် က သူ့ အိမ် မြောက်ဖက် ဂမူကုန်းမြင့် ပေါ် မှာ ။ ငှက် တင်းကုပ် က သူ့ အိမ် ခေါင်းရင်းဘက် ကပ် ၍ ခြံကလေး လုပ် ထားသည် ။ မောင်နှမ လော ၊ ညီအစ်မ လော ၊ ညီအစ်ကို လော ကျွန်တော် ( မမေးမိ ခဲ့၍ ) မသိရသော ငှက်ကြီး တစ်ရှဉ်း သည် သူတို့ တင်းကုပ် ထဲ သို့ အေးဆေးစွာ ဝင် သွား ပြီး သူတို့ စားခွက် မှာ ရှိသော စပါးများ ကို စား၍ နေကြကုန်၏ ။

ယခု ည ကျွန်တော် တို့ အိပ်ရ မည် မှာ မြို့ ပေါ် က အိမ်ကြီးအိမ်ကောင်း များ ထက် ပင် ကျွန်တော် ကြိုက်နှစ်သက် လှပါသည် ။ အမိုး နှင့် အခင်း သာ ရှိပြီး အကာ မကာရ သေးသော တဲတန်းလျားရှည် တစ်ခု ၊ သံဃာစင် နှင့် ပင် တူ သေးတော့ ။ မြစ်ကမ်းဘေး တွင် လေ တဖြူးဖြူး နှင့် ခြင် မရှိ ခြင်ထောင် မလို ၊ စောင် မလို ၊ ပူ လဲ မပူ ၊ ချမ်း လဲ မချမ်း လူနေ ကောင်းရုံလေး အေးမြမြ ရှိသော ကြောင့် သင်ဖြူး ပေါ်တွင် ခေါင်းအုံး တစ်လုံး စီ နှင့် ကိစ္စ ပြီး၏ ။

သင်ဖြူးဖျာ နှင့် ခေါင်းအုံးများ ကို ကြက်ဒို င်လုပ်သူ က ရွာမကြီး သို့ သွား ၍ ငှားပေးသည် ။ သူ့ တာဝန် က မသေးလှ ။ သူ မှန်းသလောက် ကြက်ဝိုင်း က အကောက် ရပါ့မလား မသိ ။ လူနှစ်ဆယ် ကျော် ကို ကျွေးမွေး ရသည် ။ အရက် လည်း ပေးသည် ။

ထို ညစာ မှာ ကျေးတောရွာ ဗမာ တို့ ထမင်းဝိုင်း တွင် မပါလျှင် မပြီး သော ငါးပိရည် တို့စရာ နှင့် ငါးသလောက် ဟင်း ။ ဒီ ငါးသလောက် ချက်နည်း ကို ကျွန်တော် တစ်ခါမျှ မစားဘူးသေး ။ ကျွန်တော် တို့ ရွှေမြို့တော်သားများ သည် ငါးသလောက် ကို ဆီပြန် သို့မဟုတ် အရိုးမြေ့ အောင် ပေါင်းခြင်း ၊ ယခု ဟင်း ကား ငါးသလောက် ဟင်းရည်သောက် မန်းကျည်းသီး နှင့် ချဉ် စပ်စပ်ကလေး ချက် ထားသည် ။ တံငါချက် ဟု ခေါ်မည် ။ မြစ် ထဲ က ပိုက်တန်း မှ ယခု ဖမ်း ယခု ချက် ဖြစ်၍ အင်မတန် လတ်ဆတ်ပြီး စား လို့ အလွန် ကောင်းလှသည် ။ အရည် သောက်လိုက် အဖတ် စားလိုက် နှင့် ငါးသလောက် ကို များများ စားနိုင် အောင် ငါးပေါပေါ နှင့် ဖောခြင်းသောခြင်း ချက်ထားသော တစ်ပင်တိုင် ဟင်း ပေတည်း ။ သူတို့ ရွာ ထွက် ထန်းလျက်အရက် နှင့် ကျွန်တော် မှာ ထမင်း မြိန်လှ၍ စား ပြီးတယ် ဆို မျက်တောင် စင်း ကာ အိပ်ယာ မှာ လဲလျောင်း လိုက် ရ လေ၏ ။

ကျွန်တော် တို့ သည် များသော အားဖြင့် ငါးသလောက်ဟင်း ကို တစ်နပ် မှ နှစ်နပ် မစားချင်တတ်ပေ ။ သို့သော် သည် တံငါတဲ က တံငါချက် ချက်ထားသော သည် ငါးသလောက်ဟင်း ကို ကား ကျွန်တော် နောက် တစ်နပ် စားလိုသေးသည် ။ သို့သော် နောက် တစ်နေ့ မနက်စာ မှာ ငါးသလောက် ကို နှစ်နပ်ဆက် မကျွေးချင်သော သူတို့ စေတနာ ကြောင့် ထင် ပါသည် ။ ငါးသလောက် တွေ ပေါလျက်သား နှင့် ကြက်သား နှင့် ဗူးသီးဟင်း ဖြစ်သွားတော့၏ ။ ကျွန်တော် တယ်ပြီး မမြိန် တော့ ။ စားရတဲ့ အချိန် က လည်း စောတယ်လေ ။ မနက် ၉ နာရီ လောက် ရှိသေးတာ ၊ စား ပြီးကြတယ် ဆို တယ် မကြာဘူး ။ ကြက်ဝိုင်း လုပ်မည့် နေရာ ကို သွားကြရသည် ။

ထို ကြက်ဝိုင်း နေရာ ကား မြစ် ၏ အနောက်ဘက်ကမ်း ကို ကူးပြီး အနောက်စူးစူး သို့ တစ်မိုင် လောက် ခြေလျင် လျှောက်ရ သေးသည် ။ လယ်တဲ အိမ် တစ်လုံး ရှေ့ ၌ ဗူးစင်ကြီး အောက် အရိပ်အာဝါသ လည်း ကောင်းလှပါ သည် ။

ကျွန်တော် တို့ ရောက်သော အချိန် ၌ အခြား ကြက်သမားများ တစ်ကောင် တမြီး မှ မရောက်ကြသေးပေ ။ ကျွန်တော်တို့ ရန်ကုန် မှာ က ကြက်ချိန်းဝိုင်း ဆိုလျှင် နံနက် ၈ နာရီလောက် ကတည်း က စတင် တတ်သည် ။ သူတို့ ဆီ က တော့ ....

“ ကျုပ်တို့ တောသားတွေ က တော့ မနက် ထမင်း စားပြီး မှ ပဲ လာ တတ်ကြတယ်ဗျ ။ အခု ဆွမ်းခံပြန်ချိန် လောက် ရှိပြီပဲ ၊ မကြာပါဘူးလေ ရောက် ကြတော့မှာပေါ့ ”

ဟုတ်ကဲ့ .... တဖြည်းဖြည်း သုံးလေးယောက် တစ်တွဲ ၊ လေးငါး ခြောက်ယောက် တစ်တွဲ တစ်သုတ် စီ ရောက်လာကြ လေ ရာ မွန်းတည့် လောက် မှ လူ ၃ဝ လောက် နှင့် ကြက် ၆ ကောင် လောက် ရောက်လာ ကြ၏ ။

မှန်းချက် နှင့် နှမ်းထွက် ကွာလှပလေ ။ ကျုပ် တို့ ရန်ကုန် မှာ ဒီလို ကြက်ချိန်းဝိုင်း ဆိုလျှင် လူ သုံးလေးရာ နှင့် ကြက် အကောင်သုံးလေးဆယ် တော့ ရောက်နေပြီ ။ နို့ပြီး စားသောက်ဖွယ်ဆိုင် တွေ ကလည်း အစုံအလင် ၊ ယခုတော့ မုန့်ဟင်းခါးသည်လေး တစ်ယောက် နှင့် ချက်အရက်ဂါလံပုံးလေး တစ်ပုံး တည်း ရယ် ၊ ဪ ..... သူ့ အိုး နှင့် သူ့ ဆန် ပေါ့လေ ။

အိုး ..... ဒါတွေဟာ အရေး မကြီးပါဘူး ။ ကျုပ်တို့ ကြက်ကြီး ငါးမွှေတိုး ၊ ကြေးကောင်းကောင်း နှင့် တိုက်ရ ဖို့ သာ ပဓာန မဟုတ်လား ။ သို့သော် မှန်းမျှော် သမျှ လမ်းချော်ကြ ကုန်သည် ။ လွန်ခဲ့သော ဝိုင်း တုန်း က အာကျယ်လေးကြက် ကို သုံးလေးထောင် နိုင်သွားခဲ့၍ ယခု အပတ် မှာ အနည်းဆုံး ၅၅ဝဝိ ကစားမည် ဆိုသော ကြက် က ရောက်မလာ ။ ဒိုင် လုပ်သူ က လည်း ဒီ ကြက် နှင့် ငါးမွှေတိုး တွေ့ဖို့ ကို အာသီသ အထားဆုံး ဖြစ်၍ ထို ကြက် ရှိရာ ရွာ သို့ လူ လွှတ်ပြီး ထို လူ ပြန် လာသော အခါ၌ သူတို့ ကြက် မကျန်းမာ ၍ မတိုက်နိုင်ကြောင်း စကားပြန် ပါသည် ၌ ဟိုက်ကနဲ ဖြစ်သွားကြကုန် သတည်း ။

စင်စစ်ကား ငါးမွှေတိုး သတင်း သည် အာကျယ်လေး ကိုချစ်ခွေး တို့ နှင့် ထန်းတပင် ရောက် ထို မှ တဆင့် ကုက္ကိုဝရွာ တဝိုက် ပြန့်နှံ့ သွားရကား ထို ရွာသားများ က ရှောင်ကြပြီပေါ့ ။ ငါးမွှေတိုး သာ မက ရန်ကုန် ကြက်သမား များ နှင့် ရန်ကုန်ကြက်တွေ နာမည်ကြီး လေရာ ကျွန်တော် တို့ နှင့်အတူ ပါခဲ့ သော ကိုမြအောင်ကြက် “  မြီးတို ” လည်း မတိုက်ခဲ့ရပေ ။ ကျုပ်တို့ မှာ နာမည် ကြီး ထမင်းငတ် ဖြစ်ကြကုန် လေ၏ ။ သို့သော် တော်ပါသေး၏ ။ သူတို့ အရပ်ကြက်ချင်း သုံးပွဲ ဖြစ်လေရာ ကျွန်တော် တို့ က နိုင်မည် ဟု ခန့်မှန်း၍ ရသော ကြက် ဖက်က ဝင် လောင်းကြခြင်း ဖြင့် ရန်ကုန် က လာခဲ့သူတွေ နှင့် ထန်းတပင် က ပါခဲ့သော ကိုအိလုံ ကိုပါကြီး တို့ ပါ နိုင်ကြသည် ။ ကျွန်တော် ၁၅ဝိ ကျော်ကျော် ၂ဝဝိ ပျော့ပျော့ လောက် နိုင်ခဲ့သည် ။

နောက်ဆုံး ကြက်ပွဲ က နေဝင် မိုးချုပ် ခါ နီး မှ ပြီးသည် ။ ကျွန်တော်တို့ ရန်ကုန် မှ လာစဉ်က မူလ ကြားသိ ထားသော အစီအစဉ် မှာ ကြက်ပွဲ ပြီး လျှင် ထို ည ပင် ဒိုင် လုပ်သူ က ကျွန်တော် တို့ အား စက်လှေ ဖြင့် ကမာရွတ် သို့ ၊ အရောက် ပြန်ပို့မည် ဖြစ်သော်လည်း ယင်းသည် ငါးမွှေတိုး ၏ အပေါ်၌ တည်သည် ။ အသို့ဟူ မူ ငါးမွှေတိုး တိုက်ဖြစ်ပါ က အနည်းဆုံး လက်ရင်း ၅ဝဝဝိ မို့ ဒိုင် သည် အကောက် တစ်ထောင် ရချေပြီ ။ ဒီတော့ ကုက္ကိုဝ နှင့် ကမာရွတ် ကို စက်လှေခ တစ်ရာ ပဲ ဖြစ်စေဦးတော့ သူ ပို့ နိုင်သည် ။ ယခု တော့ ငါးမွှေတိုး မတိုက်ဖြစ် ။ တိုက် ဖြစ်သော ၃ ပွဲ မှာ လည်း လက်ရင်း ၅၅ဝိ ပတ်ဝန်းကျင် မျှ ရှိ၍ သူ့ ခမျာ ရသော အကောက်ငွေ က ကျွန်တာ် တို့ အား ကျွေးမွေးရသည် မှ ကာမိပါ့မလား ။ ထို့ကြောင့် ကျွန်တော် တို့ အား သူ ငှား ထားသော စက်လှေ ဖြင့် ထန်းတပင် အရောက် သာ ပို့ နိုင်၍ ကျွန်တော်တို့ ကိုအိလုံ အိမ် မှာပင် ထို ည အိပ် ရသည် ။ နောက် တစ်နေ့ နံနက် တွင် ကျွန်တော် တို့ သည် အလာ တုန်း က ရေကြောင်း ၊ အပြန် တွင် ထန်းတပင် မှ ရွှေလှေကြီး သို့ မော်တော် နှင့် ကူးပြီး ရွှေလှေကြီး မှ မှော်ဘီ သို့ မြင်းလှည်းစီး မှော်ဘီ နှင့် ရန်ကုန် ကို ဘတ်စ်ကား နှင့် ပြန်ခဲ့ရပါ သတည်း ။

ယင်းသို့ဖြင့် ကျွန်တော် တို့ ၏ ငါးမွှေတိုး သည် မတိုက်ဖြစ် ၊ နာမည်ကြီး ထမင်းငတ် ။

တိုက်ကြက် တစ်ကောင် ၏ ခွပ်ပတ်သည် သီတင်း သုံးပတ် ၏ ပတ်ဝန်းကျင် တွင် ဖြစ်၏ ။ ထို ရက် ရောက် ၍ မှ မတိုက်ဖြစ် ပါ က ကြက် တစ်ကောင် ကောင် နှင့် ခွပ်လက် ချ ပစ် လိုက်ရသည် ။ ထို့ကြောင့် ငါးမွှေတိုး အတွက် သူ နှင့် အင်အားချင်း မျှသော ကြက်ကြီး တစ်ကောင် ကို ငွေ ၃ဝိ ပေး ဝယ်ပြီး ခွပ်ခိုင်း လိုက်ရသည် ။ ပြီးလျှင် ထို ကြက်ကြီး ကို ချက်စား ပစ် လိုက်ကြ၏ ။ ထိုမှ သီတင်း တစ်ပတ် နှစ်ပတ် အတွင်း ငါးမွှေတိုး အတွက် တိုက်ဖက် ရှာ ရ သည် ။ သို့သော် တော်တော် နှင့် မတွေ့ဖြစ် လေရာ ကိုကံညွန့် သည် ငါးမွှေတိုး တော့ ဒီနှစ် တိုက်ဖြစ် ချင် မှ တိုက်ဖြစ် တော့မည် ။ သည်တော့ သူ့ မျိုး ရအောင် ဟု ကြက်မ တွေ ရှာ ၍ သားဖောက် လေ၏ ။

ထို မှ ဖေဖော်ဝါရီလ ကုန်၍ မတ်လ ထဲ သို့ ရောက်ခဲ့လေပြီ ။ ငါးမွှေတိုး အတွက် တိုက်ဖက် ရှာတုန်း ... ။ သို့သော် ကြက် က လည်း နာမည်ကြီး ၊ ကြေး က လည်း နှစ်ထောင့်နှစ်ရာ ထက် မအောက် သဖြင့် မတွေ့နိုင်သေး ။ အဲ ... တွေ့မယ့် တွေ့တော့ မှတ်မှတ်ရရ ခင်ဗျာ ၊ ၁၉၇၈ ခုနှစ် ၊ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ နံနက် ၇ နာရီ ခန့် ကျွန်တော် ဈေး မှ ပြန်လာသောအခါ လမ်းခုလပ် တွင် ကိုကံညွန့် နှင့် ကိုအောင်ချစ် တို့ ညီအစ်ကို ငါးမွှေတိုး ပိုက် လာသည် ကို တွေ့ရပြီး ကိုအောင်ချစ် က ထီပေါက်တော့မည့် မျက်နှာကြီး နှင့် ...

“ ဦးဆွေ ... ငါးမွှေတိုး တိုက်ဖြစ်ပြီဗျ ”

“ ဘယ်မှာလဲဗျ ”

“ သမိုင်း ၊ ဦးဆွေ လိုက် နိုင်ရင် ကိုအောင်သိန်း အိမ် လာခဲ့ ၊ ကျွန်တော်တို့ စောင့် နေမယ် ” 

တောက် .... ဒီနေ့ ဟာ ကျွန်တော့် အဖို့ ရက်ကြပ်ကြီး ပဲ ။ မတ်လ ၂၅ ရက် နေ့ ဂျူဗလီဟော တွင် ကျွန်တော် တက်ရမည့် “ ကျွန်တော် ဝတ္ထုတိုသမား ”  စာတမ်း ကို သဘက်ခါ မတ်လ ၄ ရက် စနေနေ့ တွင် စာပေဗိမာန် သို့ ပို့ ရမည် ။ ယင်း စာတမ်း ကို ကျွန်တော် ရေး နေဆဲ ထို့ကြောင့် “ ကျွန်တော် မလိုက်နိုင်ဘူးဗျာ ”

“ ဒါဖြင့် လောင်းဖို့ ငွေ ကော ပေးလိုက်ဦးမလား ”

တော်ပါသေး ရဲ့ ၊ ကျွန်တော့် အိတ် ထဲ ငွေတစ်ရာ ကျော် ပါလာသည် နှင့် ငွေတစ်ရာ့တစ်ဆယ် ထုတ်ပေး လိုက်သည် ။

ဒါပဲ အိတ် ထဲ ပါတယ် ခင်ဗျာ ၊ ကျွန်တော် ကိုယ်တိုင် လိုက်နိုင်ရင် ဖြင့် တော်တော်များများ လောင်းလိုက်ချင်ပါရဲ့ ။

ကျွန်တော် သည် အိမ် သို့ ပြန်ခဲ့ပြီး စားပွဲ တွင် စာ ထိုင် ရေး နေရသော် လည်း စိတ် က တယ် မဖြောင့်လှပေ ။ ကိုယ် လောင်း လိုက်ရသော ငွေ က လည်း နည်း နေသည် ။ ငါးမွှေတိုး ခွပ်တာ လည်း ကျွန်တော် မြင်ချင်လှသည် နဲ့ တောက်- ဒီ ရက် မှာ စာပေဗိမာန်ရဲ့ ကိစ္စ က တိုက်ဆိုင် နေတယ်ကွာ ၊ ဒီနေ့ မှ မပြီး လည်း မဖြစ် ။ ၁၁ နာရီ ခန့်တွင် ကျွန်တော့် မိတ်ဆွေ ကြက်သမား တစ်သိုက် ပြန် လာ ကြသည် ။ ကိုအောင်ချစ် က ငါးမွှေတိုး ကို ပိုက်လျက် ငါးမွှေတိုး က တွန် လိုက်သည် ။ သူ့ မျက်နှာ က တိုက်ပြီး ကြက် နှင့် မတူ ၊ လန်းလန်းဆန်းဆန်းကြီး ပဲ ။ သည်တော့ ကျွန်တော် က တိုက် ဖြစ်ရင် ဖြင့် ဧကန္တ နိုင်ခဲ့ပြီ ဟု သူတို့ ဆီ အသွား မျက်နှာစူ ပုပ်နေသော ကိုကံညွန့် က မျက်နှာ ရှုံ့မဲ့ နေသော ကိုအောင်ချစ် လက် ထဲ က ငါးမွှေတိုး ကို ဒေါသတကြီး ဆွဲ ယူပြီး ...

“ မအေရိုးကြက် တစ်ခါတည်း ရိုက်ချက် စားပစ်မယ် ၊ သူ့ ရဲ့ ဖောက် ထားတဲ့ အိမ် က ကြက်ဥတွေ လည်း အားလုံး ကြော် စား ပစ်မယ် ” ဆိုလေတော့ ကိုပေါက်စီ က ကြက်ကို အတင်း လိုက် လုယူပြီး ....

“ မလုပ်နဲ့ဦး ဗျ ၊ ဦးတင်ရွှေ စကား ရှိတယ် ၊ သူ့ ကြက် ကို မတော်မတည့် ရှုံးလို့ပျ က်စီး တောင် မသေရင် သူ့ ပြန်ပေးပါ ။ ငွေ တစ်ရာ ပြန် ပေးပါ့ မယ်ဆိုတဲ့ စကား ရှိတယ် ”

ဒီတော့ မှ ကိုကံညွန့် က ကြက် ကို ပေး၍ ....

“ ဒါဖြင့် ယူသွားကြ ဗျာ ၊ ဒီ ကြက် ကျွန်တော့် အိမ် မှာ မထားချင်တော့ဘူး ။ ထား လည်း သ,တ်ပစ်မိမှာပဲ ”

ထိုအခါ၌ ကျွန်တော် က “ ဘယ်လို ဖြစ်ခဲ့ကြတာတုန်း ကြက် က အခု လန်းလန်းဆန်းဆန်းကြီး နဲ့ ရှုံးခဲ့သလား ”

ကိုကံညွန့် က “ အေးပေါ့ ဗျ ၊ ဒီ ပုံသဏ္ဌာန်ကြီး နဲ့ ထွက်ပြေးတယ် ဗျာ ။ ဟို ကြက် က သူ့ ထက် နာတယ် ။ သူ့ တော့ ဟိုက တစ်ချက် ထဲ ခွပ်လိုက်တာ နဲ့ ကရောက် .....အော်ပြီး ထွက်ပြေး သဗျ ”

“ နားတွင်း ထိုးလိုက်တာကိုး ဗျ ၊ လန့် အော် ပြေး တာပေါ့ဗျ ” ဟု ကိုအောင်သိန်း က ပြောသည် ။ ကိုကံညွန့် က ဆက်လက်၍

“ အလကား မျိုး မစစ်တဲ့ ကြက် ဗျာ ၊ တောက် ..... ထန်းတပင်တုန်း က မတိုက်ဖြစ်တာ ကောင်းတယ်ဗျို့ .... ဟိုမှာ ဆိုရင် ကိုအိလုံ တို့ ကိုပါကြီး တို့ ပါ အဆစ် ပါကုန်ကြဦးမှာ ။ အချင်းချင်း သွားပြီး ညှင်းဆဲ သလို ဖြစ်နေမှာ ”

“ အခု ကော ခင်ဗျား တို့ လက်ရင်း လက်ဖျား ငွေ ဘယ်လောက် ချောခဲ့ကြလဲ ”

“ ငွေ နည်းမလား ၊ စုစုပေါင်း သုံးထောင် ကျော်တယ် ဗျ ”

သည်နည်း သည်ပုံ ဖြင့် ယခု ကျွန်တော့် မိတ်ဆွေ ကြက်သမား တစ်စု မှာ ငါးမွှေတိုး ဒဏ် မရှုမလှ ခံနေကြရပါ၏ ။ မယား ရွှေ ပေါင်ထားသည့် လူ နှင့် ဘိုင်စကယ် ရောင်းလိုက်ရ သည့် လူ နှင့် အပေါင်လွတ် တစ်ရာ တစ်ဆယ်တိုး ချေးထားရသည့် လူ နှင့် ငါးမွှေတိုး သည် သူတို့ အား ဂြိုဟ်မွှေ သွားချေ သတည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment