Saturday, June 15, 2024

ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ... ( ၁ )


 

❝ ကျောက်စရစ်တော မာခေါင်ခေါင်မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့ ... ❞

အမှန်တော့ ကိုဘဂျမ်း မသေထိုက်သေးဘူး ။ ခြောက်ဆယ် ကျော် ဆိုတော့ နေမယ် ဆိုယင် အများကြီး နေပျော် သေးတယ် ။ အနည်းဆုံး ဆယ်နှစ် ဆယ့်ငါးနှစ် တော့ နေမယ် ဆိုယင် နေနိုင် သေးတယ် ။ ဘာပဲ ပြောပြော အသေ စောတယ် လို့ ပဲ ခေါ်ရမှာပဲ ။ အေးလေ ... တရားသဘော နဲ့ ပြော ယင် တော့ သူ့ သီလ နဲ့ သူ သူ့ ကံကြမ္မာ နဲ့ သူ ဖြစ်လာတာ ၊ ဘယ်သူ တတ်နိုင်မှာလဲ ။

ကျုပ် က တော့ အဲသည်လို မထင်ချင်ဘူး ။ တရား မရှိလို့ တော့ မဟုတ်ပါဘူး ။ ကျုပ် ကိုယ်တိုင် လဲ သေချင် တဲ့ အရွယ် မှာ သေမှာ ပဲ ။ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကိုဘဂျမ်း သေတာ က တော့ မသေသင့်ပဲ သေရတယ် လို့ ကို ကျုပ် ယူဆချင်တယ် ။

တခုတော့ ရှိတာပေါ့လေ ။ စိတ် က လဲ ထောင်း လိုက်တယ် ထင်ပါရဲ့ ။ သည် နောက်ပိုင်း မှာ ကိုဘဂျမ်း စိတ်ချမ်းသာမှု မရ ရှာဘူး ။ အလုပ်အကိုင်တွေ နဲ့ ပတ်သက်လို့ လဲ သူ့ စိတ်တိုင်းကျ သိပ် ဖြစ်မလာဘူး ။ သားသမီးတွေ နဲ့ ပတ်သက်လို့ လဲ တယောက် ကို မှ သူ အားမရဘူး ။ ကျုပ် နဲ့ တွေ့တဲ့ အခါ ကျယင် တော့ သူ့ ပြဿနာတွေ ကို ပြော ပြောပြီး ညည်းတတ်လေ့ ရှိတယ် ။

ဟုတ်တယ် ။ ညည်းမယ် ဆိုလဲ ညည်းလောက် စရာပဲ ။ သူ့ မှာ သား နှစ်ယောက် နဲ့ သမီး လေးယောက် ရှိတယ် ။ တယောက် မှ အဖေ့ ခြေရာ မနင်းနိုင်ကြဘူး ။ အဖေ့ ဇွဲမျိုး ၊ အဖေ ကြိုးစားမှုမျိုး ၊ အဖေ့ အရည်အချင်းမျိုး ၊ တယောက် မှာ မှ ပါ မလာကြဘူး ။ ထုံးစံ အတိုင်း ပညာရေး နဲ့ ပတ်သက်လို့ က တော့ သုံးယောက် လောက် က အသင့်အတင့် အောင်မြင်ကြပါ ရဲ့ ။ ဒါပေမယ့် တယောက် မှ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာဘူး ။

  •••••   •••••   •••••

ကိုဘဂျမ်း ရဲ့ ကုသိုလ်ကံ က လဲ ဆိုးရှာပါတယ် ။ ငယ် ကတည်း က ကောင်းကောင်း ပညာ မသင်ခဲ့ရဘူး ။ ခုနစ်တန်း ရှစ်တန်း လောက် အထိပဲ ကျောင်း နေခဲ့ရတယ် လို့ ပြောဖူးတယ် ။ ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် တခေတ် က ပေါ့လေ ။ ဒါပေမယ့် ဘာ တတ် နိုင်မှာလဲ ။ နေရတာ ကလဲ သာသနာပြု ကျောင်းတွေ မှာ မဟုတ် ဘူး ။ ဗုဒ္ဓသာသနနုဂ္ဂဟကျောင်း ။ အင်္ဂလိပ်စာ လုံးဝ မသင်ဘူး တော့ မဟုတ်ဘူး ။ ဒါပေမယ့် အမျိုးသား ကျောင်း တွေ မှာ လောက် တောင် အင်္ဂလိပ်စာ ကို အရေး ပေး မသင်ဘူး ။ သည်တော့ ဆိုလိုတာ က ကိုဘဂျမ်း အင်္ဂလိပ်စာ မတတ်ဘူး ။

အင်္ဂလိပ်စာ တတ်တာ မတတ်တာ က တပိုင်း ။ ခုနစ်တန်း အောင် လို့ ရှစ်တန်း အရောက် မှာ ကိုဘဂျမ်း ကျောင်း ထွက် လိုက် ရတယ် ။ အဲသည်နှစ် မှာ ကိုဘဂျမ်း အမေ ဆုံး သွားတယ် ။ ကိုဘဂျမ်း မှာ နို့စို့ အရွယ် ကတည်း ကို က အဖေ မရှိခဲ့ဘူး ။ အဖေ က နောက် အိမ်ထောင် ပြု သွားတယ် ။ ကိုဘဂျမ်း နဲ့ ကိုဘဂျမ်း အမေ ကို ပစ် သွားတယ် ။ ကိုဘဂျမ်း က တယောက် တည်း သော သား ပါပဲ ။ ဒါပေမယ့် သူ့ အဖေ က သူတို့ သား အမိ ကို လုံးဝ ပြန် လှည့် မကြည့်တော့ဘူး ။ နောက် မိန်းမ နဲ့ အတူ မန္တလေး က နေ ထွက်သွား လိုက်ကြတာ ဘယ်မြို့ ဘယ်ဒေသ ရောက် သွားသလဲ ဆိုတာလဲ မပြောတတ်တော့ဘူး ။ ကိုဘဂျမ်း အမေ က လဲ ပြတ်တယ် ။ ဂျင်းစိမ်း နဲ့ မိဿလင် ပဲ ။ စုံစမ်းလဲ လုံးဝ မစုံစမ်းဘူး ။ မျှော်လင့်လဲ လုံးဝ မမျှော်လင့်ဘူး ။

ကိုဘဂျမ်း အမေ က တောင်မြို့သူ ။ ယက်ကန်းသမ ။ သူ တတ် တဲ့ ယက်ကန်းပညာ နဲ့ ပဲ သား ကို ပြုစုစောင့်ရှောက် ကျွေး မွေး လာခဲ့တယ် ။

ဒါပေမယ့် ကိုဘဂျမ်း အမေ လဲ သက်ဆိုး သိပ် မရှည်ဘူး ။ လေးဆယ် ကျော် မှာ တင် ဆုံးသွားတယ် ။ သား ရဲ့ လုပ်စာ ကို တလှည့် ပြန် စား မသွားရရှာဘူး ။

အဲသည်တုန်း က ကိုဘဂျမ်း ရဲ့ အသက် က ဆယ့်ငါးနှစ် ပဲ ရှိသေးတယ် ။ အဖေ တူ လို့ ပတ်ဝန်းကျင် က တော့ ပြောကြ တာပဲ ။ အသားကလေး က လဲ ဖြူ တယ် ။ ရုပ်ရည်ကလေး က လဲ သန့်တယ် ။ အပြောအဆိုကလေး က လဲ ယဉ်ကျေးသိမ်မွေ့ တယ် ။ သူ့ အမေ က တော့ သည်လို ပြောတာ ကို လုံးဝ လက်မခံဘူး ။ အဖေ နဲ့ တူတယ် လို့ ပြောတာ ကို အပြော မခံဘူး ။ မကြိုက်ဘူး ။

ဆိုလိုတာ က ရုပ်ရည်ကလေး သန့်ပြန့်တာ နဲ့ အပြော အဆို အနေအထိုင်ကလေး ယဉ်ကျေး သိမ်မွေ့တာ ကြောင့် ကိုဘဂျမ်း ကို အများ က သနား ချစ်ခင်ကြတယ် ။ တောင်မြို့ မှာ ရှိတဲ့ ယက်ကန်း လုပ်ငန်းပိုင်ရှင် နဲ့ ဆွေမျိုးတွေ ထဲ က တတ်နိုင်တဲ့ လူ တချို့ က ကိုဘဂျမ်း ကို အိမ် မှာ ခေါ်ထား မွေးစား ချင်ကြ တယ် ။ ပညာသင် မပျက် အောင် လဲ ကျောင်း ဆက် ထားပေးမယ် အားပေး နှစ်သိမ့်ကြတယ် ။ ကုသိုလ်ကံ အကျိုးပေး မကောင်း လို့ ငယ်ငယ်ရွယ်ရွယ် နဲ့ မိဘမဲ့ ဖြစ်ရပေမယ့် ကျွေးမယ့် မွေးမယ့် ပညာ သင်ပေးမယ့် လူတွေ ကတော့ လေးငါး ဆယ်ဦး ထက် မနည်း ပေါ် လာတယ် ။ ကံ မကောင်းပေမယ် သိပ် ကံ မဆိုးပါဘူး ။

ဒါပေမယ့် ကိုဘဂျမ်း ကိုယ်တိုင် ကို က စာ ကို ဆက် မသင် ချင်တော့ဘူး ။ ကျောင်း ဆက် မနေချင်တော့ဘူး ။ အလုပ် ပဲ ထွက် လုပ်တော့မယ် ဆိုပြီး သူ့ သဘော နဲ့ သူ ကျောင်း က ထွက် လိုက်တယ် ။ သူ့ အမေ ရဲ့ အလုပ်ရှင့် အိမ် မှာ ပြောင်း နေ လိုက်တယ် ။ အဲသည် ယက်ကန်း လုပ်ငန်းပိုင်ရှင် ဦးလေးကျော်စွာ ရဲ့ အလုပ် ထဲ မှာ ပဲ အလုပ် ဝင် လိုက်တယ် ။

ဦးလေးကျော် က လဲ မဆိုးပါဘူး ။ သား တယောက် လိုပဲ သဘော ထားပြီး သူ့ တိုက် မှာ နေ စေတယ် ။ အရွယ် က ငယ် သေးတော့ ၊ အလုပ် လုပ်တယ် ဆိုပေမယ့် မည်မည်ရရ မလုပ်ရ ပါဘူး ။ အနား မှာ ထားပြီး လက်တို လက်ရှည် ခိုင်းတဲ့ သဘော ပါပဲ ။ အတွက်အချက် ကလေးတွေ ရဲ့ သဘော နဲ့ ပိုးထည် ယက်က န်းသဘော ကိုတော့ လက်ထပ် သင်ကြားပေးတယ် ဆိုပါ တော့ ။ သည်လိုနဲ့ ကြီးပြင်း လာခဲ့ရတာပဲ ။

ကိုဘဂျမ်း မှာ ကောင်းတဲ့ အကျင့် တခု က သူ့ ကိုယ် သူ သန့်သန့်ပြန့်ပြန့် နေ တတ်တယ် ။ အဝတ်အစား ဆိုယင်လဲ ရေချိုး တိုင်း ကိုယ်တိုင် လျှော်တယ် ။ ကိုယ်တိုင် မီးပူ တိုက်တယ် ။ မီးပူ တိုက်ပြီး သန့်ပြန့် နေတဲ့ အဝတ် ကို မှ ဝတ် တတ်တယ် ။ ကိုဘဂျမ်း ကို ကြည့်ချင် တဲ့ အချိန် မှာ ကြည့် ။ အဝတ်အစား ဘယ်တော့ မှ မနွမ်းဘူး ။ မနက် က ဝတ်ထားတဲ့ လုံချည်ပေမယ့် ညနေ အထိ မကြေစေရဘူး ။ အင်္ကျီ ဆို ယင် လဲ ရင်ဘတ် မှာ ကြယ်သီး အစေ့ တပ် ထားတယ် ။ လည်ကတုံး အင်္ကျီ မှာ လည်ပင်း ကြယ်သီး ပါ အမြဲ တပ် ထားလေ့ ရှိတယ် ။ အင်္ကျီလက်ရှည် ဆိုယင် လဲ ထမင်း စားချိန်မှာ ခဏ ခေါက် တင် ထားတာ က လွဲ လို့ ဘယ် တော့ မှ လက် ကို လိပ် တင် မထားဘူး ။ ကြည့် လိုက်ယင် အမြဲ တမ်း သန့်ပြန့် နေတယ် ။

သူ့ သဌေး ဦးလေးကျော် မှာ လဲ သား သုံးယောက် ရှိတယ် ။ အငယ်ဆုံး သား ထွန်းထွန်း နဲ့ မှ ကိုဘဂျမ်း က ရွယ်တူ ပဲ ။ ဒါပေမယ့် ကိုဘဂျမ်း က သဌေးသား ကျောင်းသား တွေ ထက် ပိုပြီးတော့ သန့်ပြန့် နေ တတ်တယ် ။ ပုဆိုး ဝတ်တာ ကို ကလဲ မင်းသား လို ဝတ် တယ် ။ ခါးပုံစ နဲ့ ။ ဆံပင် ဆိုတာ လဲ အဲသည်ခေတ် က ရုပ်ရှင် မင်းသား တွေ လို အလယ်ခွဲ နဲ့ ။ ပိပြား နေအောင် ဖိထား လေ့ ရှိတယ် ။ ဆံပင် တပင် ဖွာ ထွက် မနေဘူး ။

အဲသည် အရည်အချင်းတွေ ကြောင့် ပဲ ဆိုပါတော့ ။ သဌေး ဦးလေးကျော် က ကိုဘဂျမ်း ကို ဆိုင် ပို့ ထား လိုက်တယ် ။ မန္တလေး ဈေးချို အောက်လိုင်း မှာ ဦးလေးကျော် တို့ ရဲ့ နှစ်ခန်းတွဲ ပိုးထည် ဆိုင်ကြီး တဆိုင် ရှိတယ် ။ မြောက် မလွယ်ပေါက် နဲ့ ဈေးချို အလယ်ပေါက် ရဲ့ ကြားထဲ မှာ “ ကျော် ပိုးထည်တိုက် ” ဆိုယင် အဲသည်ခေတ် က လူတိုင်း သိတယ် ။ ထင်ရှားတယ် ။ ဆိုင် ကို အုပ်ချုပ်တဲ့ သူ ကတော့ ဦးလေးကျော် ရဲ့ မိန်းမ ဒေါ်ဒေါ်ခင် နဲ့ ဦးလေးကျော် ရဲ့ ခယ်မ ဒေါ်ဒေါ်တင် တို့ ကိုယ်တိုင် ပဲ ။ ဒါပေမယ့် သူတို့ က မနက် ဆယ်နာခွဲ ဆယ့်တစ်နာရီ လောက် ကျ မှ ရောက်ကြ တာပါ ။ ဆိုင် ကို မနက် ခုနစ်နာရီ အမီ အရောက် သွား ပြီး ဆိုင် ဖွင့် ရတဲ့ အမျိုးသမီး တယောက် ရှိ သေးတယ် ။ ဦးလေးကျော် ဘက် က တူမ တဝမ်းကွဲ တော်တယ် လို့ ဆိုတယ် ။ နာမည် က မခင်မမ တဲ့ ။ ကိုဘဂျမ်း က တော့ သူ့ ထက် လဲ လေးငါးနှစ် ကြီး တဲ့ အတွက် မမ လို့ ပဲ ခေါ်တယ် ။

မခင်မမ က မန္တလေး မျက်ပါးရပ် ထဲ မှာ နေတယ် ။ ဒါကြောင့်လဲ ဆိုင် ကို စော ရောက်လေ့ ရှိတယ် ။ နွေဘက် မှာ တော့ အကြောင်း မဟုတ်ပါဘူး ။ ကိုဘဂျမ်း လဲ ဆိုင် ကို ခုနစ် နာရီ အရောက် သွား နိုင် ပါတယ် ။ အမရပူရ နဲ့ မန္တလေး ဘုတ်စ် ကား စီး ရတာ နာရီဝက် လောက် ကြာတယ် ။ ဒါပေမယ့် နွေဘက် မှာ ကတော့ ခြောက်နာရီ ဆို ယင် မိုးလင်း နေပြီပဲ ။ အဲ ... ဆောင်းတွင်း မှာ ကျ တော့ ခုနစ်နာရီ မှာ တောင် တခါတခါ မိုး က ကောင်းကောင်း မလင်း ချင်သေးဘူး ။ သည်တော့ ဆောင်း တွင်း ဘက် မှာ ဆိုယင် ကိုဘဂျမ်း က မခင်မမ ထက် နောက်ကျ ပြီး မှ ရောက် တတ်တယ် ။

ဆိုင် ဖွင့် ခင်းရတယ် ဆိုတာ တကယ်တော့ ဘာမှ ပင်ပန်း တဲ့ အလုပ် မဟုတ်ပါဘူး ။ သော့ ဖွင့် ၊ တံခါးတွေ ဖွင့် ၊ မီးတွေ ဖွင့် ပြီး နည်းနည်း ပါးပါး သန့်ရှင်းရေး လုပ် ရုံပဲ ။ သန့်ရှင်းရေး လုပ်တယ် ဆိုတာ ကလဲ တံမြက်စည်း လှည်း ၊ မှန် တွေ ဖုန်သုတ် ၊ ဆေးလိပ်ပြာခွက်ကလေး ၊ ထွေးခံကလေး ဆေးကြော သုတ်သင်လိုက်ရုံပဲ ။ မခင်မမ တယောက် တည်း တုန်း က လဲ ဒါပဲ လုပ်တာပဲ ။ ကိုဘဂျမ်း ရောက် လာတော့ လဲ သည် အလုပ် ကို ပဲ ဝိုင်းကူ လုပ်ပေးရ တာပဲ ။

နှစ်ခန်းတွဲ ဆိုင်ကြီး ဆိုပေမယ် အကျယ်အဝန်း က ဘာ ရှိ တာ မှတ်လို့ ။ အလျား ပေ နှစ်ဆယ် နဲ့ အနံ ဆယ်ပေ ပဲ ရှိတာပဲ ။ မပင်ပန်းပါဘူး ။ အမှိုက် သရိုက် ဆိုတာ လဲ ဘာမှ ရှိတာ မဟုတ်တော့ နေ့တိုင်း တံမြက်စည်း လှဲဖို့ ဆိုတာ တောင် မလိုအပ်ပါဘူး ။

တကယ်တမ်း ပြောရယင် ကိုဘဂျမ်း လာ ဖို့ လဲ မလိုအပ် ပါဘူး ။ ပင်ပင်ပန်းပန်း လုပ်စရာ အလုပ် လဲ မရှိ ၊ ကိုဘဂျမ်း မျက်နှာ နဲ့ ရောင်းရစရာ လဲ မရှိပါပဲ နဲ့ မနက် ခုနစ်နာရီ အရောက် ကိုဘဂျမ်း လာဖို့ ဆိုတာ မလိုအပ်ပါဘူး ။ မခင်မမ တယောက် တည်း နဲ့ ပြီး နိုင်ပါတယ် ။ ပြီးလဲ ပြီးနေကျ ၊ လုပ်လဲ လုပ်နေကျ ပဲ ။ မခင်မမ တယောက် တည်း လုပ်ရလို့ လဲ မပင်ပန်းပါဘူး ။

ပြီးတော့ မခင်မမ ကို စိတ် မချရလို့ ၊ မယုံကြည် လို့ သူ့ ကို လွှတ်တယ်လို့ တွေးရအောင် က လဲ ကိုဘဂျမ်း က သူစိမ်း ။ မခင်မမ က တူမ အရင်း ခေါက်ခေါက် ။ သည်လို သဘော နဲ့ စောစော လွှတ်တာလဲ မဖြစ်နိုဘူး ။ ကိုဘဂျမ်း တွေး ကြည့် တယ် ။ တွေးလို့ မရဘူး ။

အမှန်တော့ လူပို ပဲ ။ အလုပ် လဲ မရှိဘူး ။ စောစောပိုင်း ဆိုတာမျိုး က အရောင်းအဝယ် လဲ မရှိတတ်ပါဘူး ။

ဒါပေမယ့် ခက်တာ က ကိုဘဂျမ်း က အလကား မနေ တတ်ဘူး ။ မခင်မမ မုန့် ထွက် စားတဲ့ အချိန် မှာ ဆိုင် စောင့် ပေးတယ် ။ ဆိုင် စောင့်ပေးရုံ သက်သက် နဲ့ တော့ လဲ အချိန်ကုန် မခံ ချင်ဘူး ။ သည်တော့ အလကား နေ အလကား ဆိုသလို ပိုးထည်အုပ်တွေ ကို တအုပ်ချင်း ပြန် ဖြန့် ပြီး ပြန် ခေါက်တယ် ။ သိတဲ့ အတိုင်း ပိုးထည် ဆိုတာက ခေါက်ထား တာ ကြာ သွား ယင် ခေါက်ရိုး ကျိုး သွား တတ်တယ် ။ သည်တော့ ခေါက်ရိုးတွေ ကို ပြောင်းပြန် လှန် ခေါက်တယ် ။ သည်လို လုပ်လိုက်ခြင်း အားဖြင့် ယက်ကန်းစင် ပေါ် က ဆင်းလာခါ စ, ပိုးထည်အုပ် အသစ်တွေ လို့ လဲ ဝယ်သူ က ထင် နိုင်တယ် ။

အဲသည် ခေတ် တုန်း က အခု ခေတ် လို မဟုတ်ဘူး ။ ယောက်ျား ၊ မိန်းမ ၊ လူငယ် ၊ လူကြီး ၊ လူတိုင်း ပိုးလုံချည် ဝတ်ကြတယ် ။ အခမ်းအနား ပွဲနေပွဲထိုင် မှ မဟုတ်ဘူး ။ ဟိုနား သည်နား ထသွား ထလာ လဲ ပိုးလုံချည် ကို ပဲ ဝတ်ကြ တာပဲ ။ တချို့များ ဆိုယင် ပိုးလုံချည် ကို ခါးပေါ် က မချဘူး ။ ဒါကြောင့် ရောင်းရတယ် ။

ကိုဘဂျမ်း တို့ ရဲ့ ပိုးထည်ဆို င်မှာ က လဲ ပိုးထည်အုပ်တွေ ထောင် နဲ့ သောင်း နဲ့ ချီ ရှိတယ် ။ သုံးဘက် သုံးတန် နံရံကပ်ဗီရို တွေ နဲ့ လဲ အပြည့်ပဲ ။ အလယ်ကောင် မှာ လဲ ... ခါး တရပ် လောက် မြင့် တဲ့ မှန်ဗီရိုကြီးတွေ နဲ့ အပြည့် ရှိသေးတယ် ။ သည်တော့ လုပ်ပါလေ့ ။ လူနှစ်ယောက် တည်း နဲ့ စစ်ကိုင်းတံတားကြီး ကို ဆေးသုတ် သလို ၊ အင်းဝ ဘက် ကနေ ဆေးသုတ် လိုက်တာ စစ်ကိုင်း ဘက် လဲ ရောက် ရော ၊ အင်းဝ ဘက် က နေ ပြန် သုတ် ရ ပြန်ရော ။ ကိုဘဂျမ်း လဲ ပိုးထည်အုပ်တွေ ကို ပြင် ခေါက် လို့ မဆုံးနိုင်တော့ဘူး ။

ဆိုလိုတာက ကိုဘဂျမ်း အနား မနေဘူး ။ တခု မဟုတ် တခု တော့ အလုပ် နဲ့ လက် မပြတ် အောင် လုပ်နေတတ်တဲ့ အကျင့် ရှိတယ် ။ သည် အလုပ် ဆိုတာ ကလဲ  လုပ်ရကောင်းမှန်း သိပေမယ့် မခင်မမ ကိုယ်တိုင် လဲ မလုပ်ခဲ့ဘူး ။ တခါတရံ ဝယ်သူ လာလို့ အုပ် ကို ဖြေ ပြပြီး ပြန် ခေါက် သိမ်းတော့ မှ သာ သည်လို ပြောင်း ပြန် လှန် ခေါက်လေ့ ရှိတယ် ။ ကိုဘဂျမ်း က တော့ သူ့ အသိတရား နဲ့ သူ လုပ်တာပဲ ။ ဘယ်သူ ခိုင်းလို့ မှ မဟုတ်ဘူး ။ သည်လို လုပ်တာ ကို ဆိုင်ရှင်တွေ ဖြစ်ကြတဲ့ ဒေါ်ဒေါ်ခင် နဲ့ ဒေါ်ဒေါ်တင် တို့ ကတော့ သာမန် ပဲ ။ သဘော မကျပဲ တော့ မရှိပါဘူး ။ ကျေနပ်တာပေါ့ ၊ ဒါပေမယ့် တပတ် မှာ တကြိမ် နှစ်ကြိမ် လောက်တော့ ၊ ရောက်လာ ကြည့်တတ်တဲ့ သဌေး ဦးကျော်စွာ က တော့ သိပ် သဘောကျ သွားတယ် ။ သည် အကောင် မောင်ဘဂျမ်း အမြော်အမြင် ကြီးမားတယ် ၊ တနေ့ ကြီးပွားနိုင်တယ် လို့ လဲ စိတ် ထဲ က မှတ်ချက် ချ လိုက်တယ် ။

ပိုပြီး အထင်ကြီးချင်စရာ ၊ အားကိုးချင်စရာ ဖြစ်လာတဲ့ အကြောင်း တကြောင်း လဲ ရှိသေးတယ် ၊ ဘာလဲ ဆိုတော့ အဲသည် ခေတ် တုန်းက လဲ တဆိုင် နဲ့ တဆိုင် အပြိုင် ရောင်း ကြတာပဲ ။ သည် ဈေးချို အောက်လိုင်း မှာ ကို ပဲ “ အောင်ကုမ္ပဏီ ” တို့ ၊ “ ရှုတိုင်းယဉ် ” တို့ ၊ “ ဂုဏ် ” တို့ ၊ “ မြားနတ်မောင်” တို့ ဆိုတဲ့ နာမည်ကျော် ပိုးထည် ဆိုင်ကြီး တွေ ရှိသေးတယ် ။

“ အောင်ကုမ္ပဏီ ” ဆိုယင် ပိုင်ရှင်သဌေး က သူ့ သမီး အချော အလှ နှစ်ယောက် ကို ကိုယ်တိုင် ထိုင် အရောင်း ခိုင်း တဲ့ အတွက် သိပ် အရောင်းရ တွင်ကျယ်တယ် ။ နာမည် လဲ သိပ်ကြီးတယ် ။

“ ကျော် ပိုးထည်တိုက် ” ဆိုတာ ကတော့ သာမန် ပဲ ။ ပိုးထည် အရည်အသွေးချင်း ပြိုင်ရ မလား ။ ပြိုင်နိုင် ပါတယ် ။ အရင်းအနှီး ငွေကြေး အင်အားချင်း ပြိုင်ရ မလား ။ ပြိုင်နိုင် ပါတယ် ။ အဆင် စုံတာချင်း ၊ အသွေး လှတာချင်း ၊ အသား ကောင်းတာချင်း ၊ အမျိုး မှန်တာချင်း ပြိုင်ဦး မလား ။ ပြိုင်နိုင် ပါတယ် ။ ပြိုင်ဝံ့ ပါတယ် ။ ဒါပေမယ့် ခက်တာက ကိုဘဂျမ်း တို့ ဆိုင် မှာ စိန်တွေ တဝင်းဝင်း နဲ့ အမြိုင့်သား ထိုင် ရောင်း နေကြတာ က လေးဆယ် ကျော် မိန်းမကြီး တွေ ။ ခင်မမ ဆို တာ ကလဲ ဆပ်ပြာ သည် လင်ပျောက် သလို ပလတ် ပလတ် နဲ့ ဖျတ်လတ်မှု တော့ ရှိပါရဲ့ ။ အပြောအဆို ဘက် မှာ လဲ အညုကလေးတွေ ၊ အခရာ လေးတွေ နဲ့ စွဲဆောင်မှု တော့ ရှိပါရဲ့ ။ ဒါပေမယ့် ရုပ်ရည် က မကြည်အောင် ရဲ့ ကျွဲမ သီချင်း ထဲ ကလို .. “ ဘိုကေ တထောင်မှာ တယောက် လောက် ကတော့ ။ စွဲ လောက်ပါရဲ့” ဆိုတာမျိုး ဖြစ် နေတယ် ။

ဘယ် ပြိုင်နိုင်လိမ့် မှာတုန်း ။ “ အောင်ကုမ္ပဏီ ” က ညီအစ်မ နှစ်ယောက် ဆိုတာ က ဆယ်ကျော်သက် တွေ ၊ အဲသည်တုန်း က အစ်ကြီးမ က မှ ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ် လောက် ရှိဦးမယ် ။ ငေး ကြည့်ရ လောက် အောင် လှတဲ့ အငယ်မ က ဆိုယင် ဆယ့်လေး ငါးနှစ် လောက် ပဲ ရှိဦးမယ် ။ သည် ညီအစ်မ နှစ်ယောက် ကို ကြည့်ချင် မြင်ချင် လို့ ဆိုင် ရှေ့ က သက်သက်မယ့် ဖြတ် လျှောက် တဲ့ လူငယ်လူရွယ် တွေ ကို က တနေ့ တနေ့ တထောင်ကျော် လောက် တောင် ရှိ မလား မပြောတတ်ဘူး ။

ခက်တာ က သည် ကိစ္စ နဲ့ ပတ်သက်လို့ အားကျ မခံ လိုက် ပြိုင်ချင်ပေမယ့် သူ့ သဌေးဦးလေးကျော် ကို ကိုဘဂျမ်း အကြံ ဉာဏ် မပေးရဲဘူး ။ သူ့ အသက်အရွယ် နဲ့ ဆိုတော့ မိန်းမငယ် ချောချောလှလှကလေးတွေ နဲ့ အတူ တူ ဆိုင် ထိုင်ပြီး ပရောပရည် လုပ်ချင်လို့ ပြောတာပဲ အထင် ခံရမယ် ။ ပြီးတော့လဲ လက်ရှိ အမျိုးသမီးတွေ ကို ဖယ် ပစ်ဖို့ ဆိုတာ ကလဲ မဖြစ်နိုင်ဘူး ။ မခင်မမ ဆိုတာ က လဲ ဆွေမျိုး ။

ဒါမျိုး ဆိုတာ က မျိုးရင်းဆွေရင်း ထဲ မှာ ကို ချောချောလှလှ ငယ်ငယ် ရွယ်ရွယ်ကလေးတွေ ရှိ နေ မှ ။ အပြင် က သူစိမ်း ကို ခေါ်ခိုင်းဖို့ ဖြစ်နိုင်တာမျိုး မဟုတ်ဘူး ။ အရောင်းအဝယ် က လဲ တတ်ပါဦး မှ ။ အရောင်းအဝယ် လုပ်ငန်း မှာ လဲ စိတ်ပါ ဝင်စားပါဦး မှ ။ ငွေရေးကြေးရေး နဲ့ ပတ်သက် လို့ ကလဲ စိတ်ချ ရပါဦး မှ ။ အပြောအဆို က လဲ လိမ္မာသိမ်မွေ့ပါဦး မှ ။

လွယ်ပါဘူး ။ ကိုဘဂျမ်း လက်လျှော့ လိုက်တယ် ။ သူ့ သဌေး ဦးလေးကျော်စွာ ကို အကြံဉာဏ် မပေးတော့ဘူး ။

သည်တော့ ကိုဘဂျမ်း က နည်းလမ်းသစ် ရှာတယ် ။ ငယ်တဲ့ အရွယ် ဆိုတော့လဲ အပြိုင်အဆိုင် လုပ်ချင်တဲ့ စိတ်ဓာတ် က ပြင်းထန်တယ် ဆိုပါတော့ ။ မဟုတ်မှ လွဲရော ။ “ အောင် ” က  အငယ်မ ကို ကိုဘဂျမ်း မျက်စိ များ ကျနေပြီလား ။

ဘာ့ကြောင့်ရယ် တော့ မသိဘူး ။ ကိုဘဂျမ်း ရဲ့ စိတ် ထဲ မှာ အောင်ကုမ္ပဏီ ကို ပြိုင်ဆိုင် ချင်နေတယ် ။ “ အောင်ကုမ္ပဏီ ” ထက် ပိုပြီး ရောင်းရ အောင် ၊ ပိုပြီး လူစည် အောင် လုပ်ချင်တဲ့ ဆန္ဒ က သိပ် ပြင်းပြနေတယ် ။ တနည်း ပြောရယင် ‘ အောင် ’ က ညီအစ်မ နှစ်ယောက် မခံချင်စိတ် ဖြစ်လာအောင် ‘ ကျော်ပိုးထည်တိုက် ’ က လုပ်ပြ ချင်တယ် ။

သည်မှာ အကြံ တခု ရ လာတယ် ။ အဲသည် ခေတ် တုန်း က အခု ခေတ် လို ပလတ်စတစ် အိတ်တွေ မပေါ်သေးဘူး ။ နိုင်ငံခြား က လာတဲ့ ကုန်ထုပ်စက္ကူ ၊ အညိုရောင်တွေ ကို ပဲ အိတ် လုပ်ပြီး ထည့် ပေးရတယ် ။ အဲသည် အိတ် ကို လဲ အသေအချာ မှာပြီး ပုံနှိပ်စက် မှာ အပ်ရတယ် ။ ဆိုင်နာမည် တို့ ၊ ဆိုင်အမှတ် တို့ ၊ ပင်ရင်း ဌာန တို့ ၊ ပြီးတော့ “ ကျော် ပိုးထည်တိုက် ” ရဲ့ ကုန်အမှတ်တံဆိပ် ဖြစ်တဲ့ ဇီးကွက်ရုပ် တို့ ကို ပန်းချီဆရာ နဲ့ အရေး ခိုင်း ပြီး ဘလောက် လုပ်ရတယ် ။ အဲသည် ဘလောက် နဲ့ မှ ပုံနှိပ်စက် မှာ ပုံနှိပ် ခိုင်းရ တယ် ... စက္ကူ က တော့ နိုင်ငံခြား က လာတဲ့ တဘက်ချော အကောင်းစား စက္ကူတွေ ပါ ပဲ ။ ခိုင်လဲ  ခိုင်တယ် ။ ဒါပေမယ့် အရောင် က အညိုရောင် ဖြစ်နေတယ် ။ အညိုရောင် ဆိုတော့ အပေါ် က မင်အပြာ နဲ့ ပဲ ရိုက်ရိုက် ၊ မင်အနီ နဲ့ ရိုက်ရိုက် သိပ် အကြောင်း မထူးဘူး ။

ကိုဘဂျမ်း ရဲ့ စိတ်ကူး က သည် စက္ကူမျိုး ပဲ အဖြူရောင် လိုချင်တယ် ။ အဖြူရောင် ပေါ် မှာ ရောင်စုံ နဲ့ ပုံနှိပ် ချင်တယ် ။ စာလုံးတွေ အရုပ်တွေ ရေးဆွဲ ဖို့ နဲ့ ပတ်သက်လို့လဲ ရန်ကုန် က နိုင်ငံ ကျော် ပန်းချီဆရာ တယောက် ယောက် ဆီ မှာ အပ် ချင်တယ် ။ ဘလောက်တွေ ကို လဲ ရန်ကုန် မှာ ပဲ လုပ် ခိုင်းပြီး မန္တလေး က လူတွေ လုံးဝ မသိအောင် ရန်ကုန် မှာ ပဲ ပုံနှိပ် ခိုင်းချင်တယ် ။ အကုန်အကျ တော့ သိပ် များမှာ သေချာတယ် ။

အထည် ကို ကြိုက်လို့ ဝယ်ပြီ ဆိုမှ တော့ ဘယ် စက္ကူအိတ် နဲ့ ပဲ ထည့်ပေး ထည့်ပေး မထူးပါဘူး လို့ တော့ တွေးစရာ ရှိတယ် ။ အပို ကုန် ရမယ့် သဘော အလုပ်လို့ လဲ အထင် ခံရနိုင်စရာ ရှိတယ် ။ ဒါပေမယ့် ကိုဘဂျမ်း ရဲ့ အတွေး က တော့ ကြော်ငြာ တဲ့ သဘော နဲ့ လုပ်အပ်တယ် လို့ ယူဆတယ် ။ ထိလဲ ထိရောက်လိမ့်မယ် လို့ မျှော်လင့် နေသေးတယ် ။

အမှန် ပြောရယင် တော့ ကိုဘဂျမ်း ရဲ့ စိတ်ကူး က သည် စက္ကူအိတ်ကလေး လောက် နဲ့ တွင် မပြီးချင်သေးဘူး ။ အဲသည် ထည့် ထားတဲ့ သည် စက္ကူအိတ် ကို ပဲ ဂျပ်ဗူး ထဲ ထည့် လိုက်ချင်သေး တယ် ။ နိုင်ငံခြား က လာတဲ့ ပစ္စည်းတွေ အတော်များများ ဟာ ဂျပ်ဗူးတွေ နဲ့ လာတာပဲ ။ အဲသည်လို ပိုးထည် တထည်စာ ဂျပ်ဗူး ပါးပါးကလေး တွေ လုပ် ချင်တယ် ။ အဲ့သည် ဂျပ်ဗူးတွေ ပေါ် မှာ လဲ စက္ကူအိတ် မှာ ပုံနှိပ် သလို ပန်းချီ ဒီဇိုင်း နဲ့ အရောင်စုံ ပုံနှိပ် ချင်တယ် ။ ဘယ်လောက် အထိ အဆင်ပြေမလဲ ဆိုယင် ဝယ် သွားတဲ့ လူ အတွက် ဂျပ်ဗူးကလေး ကို အလွယ်တကူ ကိုင် သွား လိုက် ရုံပဲ ။ အထဲ မှာ ပါတဲ့ ပိုးထည် အတွက် တွန့်စရာ ကြေစရာ အကြောင်း မရှိတော့ ဘူး ။ ပြီးတော့ သည် ဂျပ်ဗူး ကို ဘယ်နေရာ ချ ထားထား ၊ ကိုယ့် ဆိုင် အတွက် ကြော်ငြာ ပြီး သား ဖြစ်နိုင်တယ် ။

စက္ကူအိတ် ဆိုတာ က မှ အလွယ်တကူ စုတ် သွား နိုင်သေး တယ် ။ လွှင့် ပစ် ချင် လွှင့်ပစ်ဦးမည် ။ ဂျပ်ဗူး ဆိုတော့ အလွယ် တကူလဲ မပျက်စီးနိုင်ဘူး ။ဘယ်သူ က မှ လဲ လွှင့်ပစ် မှာ မဟုတ်ဘူး ။ သည်တော့ ဂျပ်ဗူးတွေ ပျံ့နှံ့သည် ထက် ပျံ့နှံ့သွားရန် သတင်းစာ ထဲ မှာ ကြော်ငြာ တာ ထက် တောင် မှ ပိုပြီးတော့ လူသိများ လာနိုင်တယ် ။ သတင်းစာတွေ ၊ စာစောင်တွေ ထဲ မှာ ကြော်ငြာတယ် ဆိုတာ က ပစ္စည်း ကို ဝယ်ချင် လာ အောင် ကြော်ငြာ တာ ။ လက်တွေ့ က မဝယ်ရသေးဘူး ။ သည် စက္ကူ ဂျပ်ဗူးကလေး တွေ ဟိုအိမ် သည်အိမ် မှာ ရောက် နေတယ် ဆိုတာ က ပစ္စည်း ကို ဝယ် ပြီး နေပြီ ၊ တွင်ကျယ် နေပြီ ဆိုတဲ့ သဘော ။ လူသုံး များ နေပြီ ဆိုတဲ့ သဘော ။

ရုတ်တရက် တော့ ကိုဘဂျမ်း လဲ ဖွင့် မပြောရဲဘူး ။

သူ့ စိတ်ကူး နဲ့ သူ ကတော့ ဖြောင့် လို့ပဲ ။ နောက် တချက် က စိတ်ကူး ရှိတာ သာ ရှိတာ ။ သဌေး ဦးလေးကျော် က .... ကောင်းပြီ ၊ မင်း စိတ်တိုင်းကျ လုပ်ပေတော့ လို့ ဖွင့် ပေး လိုက်ယင် တောင် မှ ဘယ်လို လုပ်ရမယ် ဆိုတာ ကို ကိုဂျမ်း သိတာ မဟုတ်ဘူး ။ နား လဲ မလည်ဘူး ။ လုပ်ဖူး လက်စ အတွေ့အကြုံ လဲ မရှိဘူး ။ ရန်ကုန် ကို သွားစမ်း ဆိုယင် တောင် ဘယ်လို သွားရမယ် မှန်း သိတာ မဟုတ်ဘူး ။ နိုင်ငံခြား က လာတဲ့ စက္ကူဗူးလှလှ ကလေးတွေ ကို ကြည့်ပြီး တော့ သာ စိတ်ကူး ယဉ် နေတာ ။

ဒါပေမယ် ကြုံကြိုက်ချင် တော့ ၊ တနေ့ မှာ သူ့ သဌေး ဦးလေးကျော် ရန်ကုန် သွားဖို့ ကိစ္စ တခု ပေါ်လာတယ် ။ ကံကောင်းချင်တော့ ကိုဘဂျမ်း ကို ပါ အဖော် လိုက်ခဲ့ဖို့ ခေါ် တယ် ။ သည်အချိန် မှာ ကိုဘဂျမ်း က လဲ အခွင့်ကောင်း ရပြီ ဆိုပြီး သူ့ စိတ်ကူး ကို တင်ပြ ဖြစ်လိုက်တယ် ။ သူ ကိုယ်တိုင် သိမ်း ထားတဲ့ နိုင်ငံခြားစက္ကူ ဂျပ်ဗူးလေး ကို လဲ နမူနာ အဖြစ် ပြ လိုက်တယ် ။

သည်မှာ သူ့ သဌေး ဦးလေးကျော် က သူ့ ကုပ်ပိုး ကို လက်ဝါး နဲ့ တချက် ပိတ် ရိုက် လိုက်တယ် ။ ရုတ်တရက် တော့ ကိုဘဂျမ်း လဲ လန့်ဖျပ် သွားတာပေါ့ ။ ဒါပေမယ့် သဘော က နာစေ လို လို့ ရိုက်တာ မဟုတ်ဘူး ။ အားရ ကျေနပ်လို့ ရိုက်တဲ့ သဘော ။

တိုတို ဆိုကြပါစို့  ။ ကိုဘဂျမ်း ရဲ့ အကြံဉာဏ် ကို ခြွင်းချက် မရှိ လက်ခံ လိုက်တယ် ။ ရန်ကုန် ရောက်တဲ့ အခါမှာ သည် အလုပ် ကို ပါ တခါတည်း လုပ်ခဲ့ကြမယ်လို့ ဆုံးဖြတ်တယ် ။

သိတယ် မဟုတ်လား ။ လူတွေ ဆိုတာ ကလဲ လူတွေ ပဲ ။ အထဲ က ပစ္စည်း ရဲ့ အမျိုးမှန်မှု နဲ့ ကောင်းမွန်မှု က အရေးကြီး ပေမယ့် ၊ အပေါ်ယံ အခွံ က လဲ စွဲမက်စရာ ကောင်းဖို့ လိုသေး တယ် မဟုတ်လား ။ ရောဂါဝေဒနာ ပျောက်ဖို့ မှီဝဲရမယ် ဆေး မှာ တောင် သကြား အုပ် ပေးရသေးတယ် မဟုတ်လား ။ ဘယ် ရလိမ့်မလဲ ။သိပ် ထိရောက်တာပေါ့ ။သိပ် အောင်မြင်တာပေါ့ ။

ကြုံ က လဲ ကြုံကြိုက် ချင်တော့ သည် အိတ်တွေ သည် ဗူးတွေ မန္တလေး ရောက် လာတဲ့ အချိန် ဟာ သီတင်းကျွတ် ၊ တန်ဆောင်မုန်း ။ အရောင်းအဝယ် အကောင်းဆုံး အချိန် ။ ပြီးတော့လဲ သည် ပိုးထည် လောက မှာ ပထမဆုံး တီထွင် လိုက်တယ် ဆိုတော့ သိပ် ကျော်ကြား သွား တာပေါ့ ။ သိသာပါတယ်လေ ။ ရောင်း ကြေး က လဲ လေးငါးဆ အထိ တက် လာတယ် ။ ကိုယ်ပိုင် စင် ရှစ်ဆယ် နဲ့ မနိုင်တော့ လို့ တောင် တခြား မိတ်ဆွေတွေ ရဲ့ စင် တွေ မှာ ခဲ့ပြီး အယက် ခိုင်းရ သေးတာပဲ ။

ကိုဘဂျမ်း တို့ လဲ သိပ် မျက်နှာ ပွင့်တာပေါ့ ။ သူ့ သဌေး ဦးလေးကျော် က ရွှေရောင် နာရီ တလုံး လဲ ဝယ် ပေးတယ် ။ ပိုးထည်ဆိုင် မှာ ထိုင် တဲ့ လူ ၊ ချည်လုံချည် ဝတ် ထားတာ အမြင် မတော်ပါဘူးကွာ .... ဆိုပြီးတော့ လဲ ပိုးလုံချည်တွေ ကို ပဲ ဝတ် စေ တယ် ။ မင်း ကြိုက်တဲ့ အဆင် တွေ့ ယင် မင်း ဘာသာ ယူ ပြီး ချုပ် ဝတ်ကွာ .. လို့ တောင် မှ အကန့်အသတ် မရှိ ခွင့်ပြု လိုက်လျော ပစ် လိုက်တယ် ။

ငယ်တော့ လဲ ငယ်တဲ့ အလျောက် ပဲ ပေါ့ ။ နု တော့ လဲ နု တဲ့ အလျောက် ပဲ ပေါ့ ။ ကိုဘဂျမ်း မိုးမမြင် လေမမြင် ဖြစ်လာတယ် ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment