Friday, June 28, 2024

သက်တူ ရွယ်တူ

❝ သက်တူ ရွယ်တူ ❞

တစ်ခါက ဟိမဝန္တာ တောတန်း ရဲ့ ညောင်ပင်ကြီး တစ်ပင် အောက် မှာ ဆင်ကြီး တစ်ကောင် နေတယ် ။ သစ်ကိုင်း ပေါ် မှာ မျောက် ၊ သစ်ပင် ထိပ်ဖျား မှာ ခါ တို့ နေကြတယ် တဲ့ ။

အဲဒီ သစ်ပင်ကြီး ကို အမှီ ပြုပြီး အတူတကွ နေထိုင်ကြပေမယ့် သူတို့ ချင်း မသင့်မြတ်ကြဘူး ။ ပြော ရရင် တော့ “ မတည့် အတူနေ ” တွေပေါ့ ။ တစ်နေ့ မှာ သူတို့ ရဲ့ သစ်ပင်ကြီး အောက် ဆီ ကို အလွန်လှပ မွှေးမြတဲ့ သစ်သီးတစ်လုံး ပြုတ်ကျ လာတယ် ။ ပိုင်ဆိုင်မှု ဟာ အပြိုင် ဖြစ် နေတယ် ။ အဲဒီတော့ မျောက် က ပြောတယ် ...

“ ဒါ ဆိုရင်လည်း ငါတို့ ထဲ က အသက် အကြီးဆုံး သူ ကို ဦးစားပေးမယ် ကွာ ၊ သူ အရင် စားပြီးမှ သူ့ ထက် ငယ်သူ စား ၊ နောက်ဆုံး ကျ မှ အငယ်ဆုံး က စားပေါ့ကွာ ”

“ ဒါဖြင့် အသက် ကို တွက်ကြည့် ကြရအောင် ”

ရိုးအ လှတဲ့ ဆင်ကြီး က အရင် စ ပြောတယ် ။

“ ငါ ဆင်ပေါက် ငယ်ငယ်လေး တုန်း က ဒီ ညောင်ပင် ဟာ ငါ့ ဗိုက် အောက် ကို တောင် မထိသေးဘူး ”

မျောက် က ပြောတယ် ။

“ ငါ ထိုင်တက်ခါစ အရွယ် မှာပဲ ဒီ ညောင်ပင် ရဲ့ အညွန့်တွေ ကို လှမ်း ဆွဲ ကစားခဲ့တာ ”

ခါ က ပြောတယ် ။

“ ဒီ ညောင်ပင် က ငါ မစင် စွန့် လို့ ပေါက်တဲ့ ညောင်ပင် ကွ ၊ အစ က ဒီမှာ တောင် မရှိဘူး ”

အဲဒီတော့ ခါ က သူတို့ သုံးယောက် ထဲ မှာ အသက် အကြီးဆုံး ဖြစ်သွားတော့ တာပေါ့ ။ မျောက် က အလတ် ၊ ဆင် က အငယ်ဆုံး ။ အဲဒါ အဆုံးအဖြတ် ပဲ ။ ဆင် က အငယ်ဆုံး ဖြစ်နေတော့ သက်ပြင်း ချရင်း ပြောတယ် ။

“ အဲဒါ ဆိုရင်လည်း ဒီ သစ်သီး ကို အစ်ကိုကြီး ခါ က အရင် စားပါ ၊ ဦးဦးဖျားဖျား ဦးချရတာပေါ့ ၊ ပြီး အစ်ကိုလတ် ဖြစ်တဲ့ မျောက် က ဆက် စားပေါ့ ။ ခင်ဗျားတို့ စားပြီး ကျန်တာ ကို မှ အငယ်ဆုံး ဖြစ်တဲ့ ကျွန်တော် က စား ပါ့မယ် ”

ခါ က တဟားဟား ရယ်တယ် ။ မျောက် က လည်း လိုက် ရယ်တယ် ။ ဆင်ကြီး မှာ တော့ မျက်နှာငယ်ကလေး နဲ့ ၊ ရယ်လို့ အားရတဲ့ အဆုံး မှာ ခါ က သစ်သီး ကို စ,စားတယ် ။

“ ဂစ် ”

တစ်ချက် နှစ်ချက် ပဲ မြိုချ ရသေးတယ် ။ ခါ ဟာ တစ်ကိုယ်လုံး ပြာနှမ်း ပြီး ‌ေ သဆုံး သွားတယ် ။ အသက် ကြီးတယ် ဆိုပြီး ဦးဦးဖျားဖျား စား ချင်တဲ့ ခါ က တော့ ( အရပ်စကား နဲ့ ပြောရရင် ) ‘ ကြွ ’ သွားပါပြီ ။ မျောက် မှာ ( နဂို မှ ဂဏှာ မငြိမ်ရတဲ့ ကြား ထဲ ) ထိုင်ရ မလို ထရ မလိုဖြစ်ပြီး

“ ဒါ .. ဒါ အဆိပ်သီးပဲ ကွ ”

“ အင်း ...”

“ ဒါဖြင့်လည်း လွှင့်ပစ် လိုက်ရအောင်ကွာ နော် ၊ ဘာဖြစ်လို့ စား နေတော့ မှာ လဲ ။ မင်း နဲ့ ငါ ကြား မှာ လည်း အကြီးအငယ် မခွဲခြား ပါနဲ့တော့ ။ သက်တူ ရွယ်တူ တွေ လိုပဲ သဘောထား ကြတာပေါ့ကွာ .. နော် ... နော်  ... နော် ”

သစ်ကိုင်း တွေ ကို လေတိုးသံ က ရှဲခနဲ မြည် သွားပါ တော့တယ် ။

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment