❝ ဇော်လတ် ဖိနပ် ပြတ် တော့မယ် ❞
( ၁ )
ခေါင်ညွှန့် ကို အလျင် ချိုး လိုက်သည် ။
ထို့နောက် အရွက်ကြမ်းများ ကို အညှာ မပါအောင် ဆိတ် လိုက်၏ ။ ပြီးမှ ရိုးတံ တွင် ကပ် နေသော ရွက်နုမှုန်မှုန်လေးများ ကို ကောက်သင်းကောက် ခြွေချ လိုက်သည် ။ ထိုစဉ် မမမြင့် ၏ လက်တစ်ဖက် ချဉ်ပေါင်ဗန်း ပေါ် ဝဲ လာသည် ကို မြင်ရသဖြင့် “ မမမြင့် က လည်း ဧည့်သည် လို နေစမ်းပါ ၊ ကျွန်မ သင်လိုက်ပါမယ် ” ဟု ပြော ရ သေး၏ ။
“ ဘာမှ မလုပ်ဘဲ မနေတတ်ပါဘူးကွယ် ၊ ပျင်းစရာကြီး ”
မမမြင့် က နှင်းရီ အနီး သို့ တိုး ထိုင်သည် ။
“ မမမြင့် ဒီ တစ်ခေါက် ကြာကြာ နေရမယ် နော် ၊ ဆောင်း ကုန် မှ ပြန်ရမယ် ၊ ကိုအောင် က သူ့ အစ်မ မလာ ၊ မလာ နဲ့ မျှော် နေတာ ၊ လာပြန်တော့လည်း တစ်အောင့် တစ်နားပဲ နေလို့ မဖြစ်သေး ဘူး ”
“ ကြည့်သေးတာပေါ့ ကွယ် ၊ အညာ မှာ စပါး သိမ်းဖို့ ကိစ္စလေးတွေ က လည်း ရှိသေးတယ် ”
မမမြင့် က လမ်း ဟိုဘက် ရှိ ဗာဒံပင်ကြီး ပေါ် မှ နီစွေးစွေး သစ်ရွက်များ ကို ငေးကြည့် နေ၏ ။
“ ည က မီးပျက်တော့ လေ မောင်ဇော်လတ် က ဖယောင်းတိုင်မီး နဲ့ စာ မကျက်ချင်ပါဘူး ဆိုပြီး ဂျီး ( ကြေး ) ရှုပ် နေသေးတယ် ”
“ အဲဒါ မမမြင့် လာ လို့ ချွဲတာ ၊ ခါတိုင်း ဒီကောင် ဂျီး ( ကြေး ) မများဝံ့ဘူး ”
“ ဒါနဲ့ ပြောရတယ် ၊ မင်းတို့ ဆီ က တစ်ည တစ်လေ မီးပျက်တာပါ ကွယ် ၊ ညည်း မနေပါနဲ့ ၊ မေမေမြင့် တို့ မြို့ မှာ ဆို မီး က နေ့တိုင်း လိုလို ပျက် နေတာ ၊ ဖယောင်းတိုင် တို့ ၊ မှန်အိမ် တို့ နဲ့ ပဲ ကျောင်းသားတွေ စာကျက် နေကြရတာ ၊ ဒီထဲ က ပဲ ဂုဏ်ထူးတွေ ရနေကြတာပဲ လို့ ပြောပြရတယ် ”
“ မမမြင့် ပဲ စိတ်ရှည်တယ် ၊ ကျွန်မ တော့ ဒီကောင် ကို စိတ် ကို မရှည်ဘူး ”
“ ဒီလိုလည်း ဘယ် ဟုတ်ပါ့မလဲကွယ် ”
“ ဟုတ်တယ် မမမြင့် ရဲ့ ၊ ဒီကောင် က ကဲ ကို ကဲ တယ် ၊ မင်းဦး နဲ့ ကို မတူဘူး ၊ မင်းဦး ကတော့ လေ သူ့ ကို ရိုက်မယ်လို့ တုတ် ကိုင်ပြီး သွားတာ ကိုပဲ သား မှားပါတယ် မေမေ ရယ် ၊ နောက် မလုပ်တော့ပါဘူး နော် ၊ ဒီ တစ်ခါတော့ မရိုက်ပါနဲ့ ၊ နောက် တစ်ခါကျ မှ ရိုက်ပါနော် လို့ ပြောတာနဲ့ မရိုက်ရက် ဘဲ ပြန် လှည့် လာ ရတယ် ။ ဇော်လတ်ကတော့ မဟုတ်ပေါင် ၊ နောက်မလုပ်ပါဘူး လို့ပြော ၊ ပြောရင် မရိုက်ဘူးလို့ ချော့ ပြော နေတာကို ပဲ ဘာမှ ပြန် မပြောဘဲ လူ ကို မျက်လုံးပြူးကြီး နဲ့ ပြန် စိုက်ကြည့် နေတယ် ။ ဒါနဲ့ ဒေါပွ လာပြီး ရိုက်ပစ် လိုက်ရရော ၊ ကျွန်မ ဖြင့် လေ သူ အဲသလို မျက်လုံးပြူးကြီး နဲ့ ပြန် စိုက် ကြည့်နေတာကို သိပ် အသည်းယား တာပဲ ”
“ ဇော်လတ် က စကား လည်း နည်း တယ်လေ ၊ လျှာခင် က တွဲ နေတော့ စကား က လည်း မပီဘူး မဟုတ်လား ၊ အဲဒါကို ရှက်တဲ့ အငုံ့စိတ် က လည်း ရှိတာကိုး ၊ ဒါကြောင့် ထွေလာကေလာ မပြောတတ် တာပါ ”
“ မမမြင့် က တော့ လေ သူ့ ဇော်လတ် ဆိုရင် ကြံဖန် ခွင့်လွှတ် နေ တော့တာပဲ ”
ငါးမြစ်ချင်း ခေါင်း နှင့် အမြီးများ ကို ချဉ်ပေါင်ရွက် နှင့် ကျိုမည် ။ ငါး အလယ်ပိုင်း များ ကို ပင်စိမ်းရွက် အုပ် ၍ အိုးကပ် ချက်မည် ။ သရက်ကင်း တို့စရာ နှင့် ငါးပိရည် တစ်ခွက် ပါမည် ။ ဒါဆို မမ ဖြင့် စားနိုင်ကောင်းပါရဲ့ ။ ဘဲဥလေး တစ်လုံး လောက် ကြက်သွန်နီ နဲ့ ခေါက်ပြီး ကြော်ဦး မှ ထင်ပါရဲ့ ။ ဟင်းစပ် စိတ်ကူး နေခိုက် မီးဖိုခန်း ထဲ မှ ငါးပိရည်အိုး ဝေကျသည့် အနံ့ ထွက်လာ သဖြင့် ငါးပိရည်အိုး ကို ပြေး ချပြီး ချဉ်ရည်အိုး ကို ကမန်းကတန် တည် ရ၏ လေးနာရီခွဲ ဆိုတော့ ကလေးတွေ ကျောင်း က ပြန်ချိန် နီးကပ် လာ ချေပြီ ။
“ မမမြင့် ဖို့ ဟင်း သပ်သပ် မချက်နဲ့ နော် ၊ မမမြင့် က ဘာဟင်း နဲ့ မဆို စား နိုင်တယ် ”
မမမြင့် က မီးဖိုခန်း ထဲ သို့ လိုက် လာပြီး ပြော၏ ။ ငါးဟင်းအိုး တည် တော့ မမမြင့် က “ ခရမ်းချဉ်သီး မခတ်တော့ဘူး လား ” ဟု မေး သဖြင့် ခရမ်ချဉ်သီး နှစ်လုံး လောက် လှီးပြီး ထည့် လိုက်ရ၏ ။
“ မမမြင့် တို့ အညာ မှာ ဟင်းတိုင်း ကို ခရမ်းချဉ်သီး ခတ် ချက်တယ် ဆို ” ဟု မေးရာ မမမြင့် က -
“ အေးကွဲ့ ၊ အရီ တို့ ဆီမှာ မခတ်ဘူးလား ”
ဟုပြန်မေးသည် ။
“ ဒီမှာတော့ ချဉ်ရည်ဟင်း နဲ့ ငါးသလောက် ဟင်း လောက်ပဲ ခရမ်းချဉ်သီး ခတ် ချက်တယ် ၊ ကျန်တဲ့ ဟင်းတွေမှာ ခတ်လေ့ မရှိဘူး ” ဟု ပြန်ပြောသည် ။
ခဏအကြာ တွင် ကလေးတွေ ကျောင်း မှ ပြန်လာ သဖြင့် ပြေး ကြိုရ၏ ။
“ ကဲ .. ကဲ .. အဝတ်တွေ ချွတ်ပြီး ရေချိုးကြ ၊ အကြီး နှစ်ကောင် က ရေ နည်း နေရင် အိမ်ရှေ့ ကန် မှာ ရေသွား ဆွဲ လိုက်ကြဦးနော် ၊ ဖေဖေ ရုံး က ပြန် လာရင် ချိုးဖို့ ရေ မရှိဘဲ ဖြစ်နေမယ် ”
ဇော်လတ် ၏ မျက်လုံးပြူးကြီး တစ်ချက် ဝေ့လာ သဖြင့် အောက်နှုတ်ခမ်း ကို အပေါ် သွား ဖြင့် ကိုက်ရင်း “ သွား ... သွား ” ဟု စိတ် မရှည် စွာ ပြော လိုက်ရ၏ ။
နေနှင့်ဦး ၊ နင့် မေမေမြင့် ရှိ တုန်းတော့ ကဲ နှင့်ဦး ဟု တေး ထား လိုက်ရသည် ။
••••• ••••• •••••
( ၂ )
မျက်လုံး အားလုံး သူ ၏ ရုံးအိတ် ပေါ် မှာ စုဝေး ဆိုက်ရောက် နေကြ၏ ။
သိပ်တော့ အဆန်းလှပါ ။ ရုံး မှ အပြန် အိမ် ထဲ သို့ ဝင် လာ လာချင်း -
“ ကလေးတွေ အားလုံး နားထောင် ၊ ဟောဒီ အိတ် ထဲ မှာ ဘာတွေ ရှိတယ် ဆိုတာ သိကြလား ၊ သိချင်တဲ့ ကလေးတွေ ဖေဖေ့ရှေ့မှာ လာထိုင်ကြပါ ” ဟု ဂရိတ်ပီကိုလာ စတိုင်ဖြင့် ကြေညာ လိုက် ကတည်း က ကလေးသုံးယောက် ၏ မျက်လုံး လက်လက်ကလေး များသည် သင်းအောင် ၏ ရုံးအိတ် နက်နက်ပေါ် မှာ တက်တိုင်း နေကြပြီးသား ဖြစ်သည် ။
ဇစ် ကို တဖြည်းဖြည်း ချင်း ဆွဲ ဖွင့်၏ ။ ထို့နောက် အိတ် ထဲ သို့ လက် ကို လျှိုသွင်း လိုက်သည် ။ ကလေး အားလုံး မျက်တောင် မခတ်ဝံ့ ဘဲ သူ့ လက် ကို စိုက်ကြည့်နေကြ၏ ။
“ ဟင် ... သော့တွဲကြီး ၊ ဒါက ဖေဖေ့ ရုံးသော့ တွေ ဥစ္စာ ၊ သမီးတို့ နဲ့ လည်း မဆိုင်ဘဲနဲ့ ”
အငယ်ဆုံး ဖြစ်သော သမီး ရီထွေး ၏ စိတ်ပျက်ညည်းညူသံ ဖြစ်သည် ။ သင်းအောင် က အိတ် ကို ကြမ်းပေါ် သို့ ချ လိုက်ပြီး ကိုယ်ကိုလှည့်၍ အညောင်းဆန့်သည် ။ ထတော့ မည့် ဟန် ပြင်လိုက်ရင်း “ ရေ ချိုးဦး မှ ထင်ပါရဲ့ ” ဟု ပြောသည် ။
“ ဟင့်အင်း ...ချိုးရဘူး ၊ ချိုးရဘူး ၊ မျက်လှည့်ပြ ပြီး မှချိုး ”
ရီထွေး က မူနွဲ့ ၍ တား၏ ။
အိတ် ကို ပြန်ကောက်ပြီး လက်နှိုက် ရ ပြန်၏ ။ ဆွဲထုတ် လိုက်သော လက် ထဲ တွင် ပစ္စည်း တစ်ခု ပါ လာသည် ။ လွယ်အိတ် တစ်လုံး ။
“ ဟောဒါ မင်းဦး ဖို့ ” ဟု သူ က ပြောသည် ။
“ ဟာ .. ဟန်ကျတာပဲ ၊ ဟန်ကျတာပဲ“ အနီအဝါ စင်းများ ပါသော လွယ်အိတ်ကလေး ကို တယုတယ ကိုင်ရင်း မင်းဦး ဆွေ့ဆွေ့ ခုန်နေသည် ။
ဆိုင် မှာ ချိတ်ထားသော သိုးမွေးပန်းပွားတွေ နဲ့ လွယ်အိတ်ကလေး ကို ပြန်လည် မြင်ယောင်မိ ရင်း အဲဒီ လွယ်အိတ်မျိုးလေး သာ ဝယ် လာရင် သူ ဘယ်လောက်များ ပျော်လိုက်မလဲ ဟု တွေးနေမိ၏ ။
အိုး ... ဘယ် တတ်နိုင်ပါ့မလဲ ။ ဈေး က နှစ်ဆ တောင် ကွာတဲ့ ဥစ္စာ ။ ဒီ လွယ်အိတ် က လည်း အရောင်လွင့် ချုပ်ရိုးပြဲ နေ တဲ့ သူ့ လက်ရှိ လွယ်အိတ် ထက် တော့ အများကြီး ပို ကောင်းပါတယ် ဟု မိမိ စိတ် ကို ဖျောင်းဖျ ရသည် ။
နောက် တစ်ကြိမ် အိတ် ထဲ သို့ လက် နှိုက် လိုက်ပြန်၏ ။ ရှပ် အင်္ကျီ အဖြူလေး တစ်ထည် ပါ လာသည် ။
“ ဟောဒါက ဇော်လတ် ဖို့ ”
“ ဟယ် ... ဟန်ကျလိုက်တာ ၊ ဇော်လတ် အင်္ကျီ က ကော်လာတွေ ဖွာ နေတာနဲ့ အတော်ပဲ ”
နှင်းရီ ၏ အသံ ပေါ်ထွက်လာသည် ။ သင်းအောင် က ဇော်လတ် အား မပေးသေး ဘဲ
အင်္ကျီ ကို ဖြန့်ပြ လိုက်၏ ။ ပခုံး နှစ်ဖက် မှာ ကျောင်းတံဆိပ် ကပ်ပြီး သား အသင့် ။ ရင်ဘတ်အိတ်ထောင် ပေါ် မှာ ဇော်လတ် ၏ အမည် ကပ်ပြီး သား အသင့် ။
“ တယ်ပြီး စေ့စပ်သေချာလိုက်ပါလားဟေ့ ၊ နက်ဖြန် ကျောင်း ကို တစ်ခါတည်း ဝတ်သွားရုံ ပဲ ”
နှင်းရီ ၏ အသံ ၌ အံ့သြသံ တစ်ဝက် ၊ ချီးမွမ်းသံ တစ်ဝက် ရောယှက် နေသည် ။ သည်လို ဆိုပြန်တော့လည်း ငွေ အပို ကုန်ရကျိုး ၊ အပ်ချုပ်တန်း ကို သီးသန့် သွားရကျိုး အနပ်သား ဟု သင်းအောင် တွေး နေသည် ။
“ ကဲ ... ပထမပိုင်း ပြီးပြီ ၊ ဆယ့်ငါးမိနစ် နားမယ် ၊ ဖေဖေ ရေချိုးမယ် ၊ ပြီးမှ ဒုတိယပိုင်း ကို ဆက် ကစားမယ် ”
သင်းအောင် က အိတ် ကို ပိတ်မည် ပြု လိုက်၏ ။
“ ဟင့်အင်း ... ဟင့်အင်း .. သမီး အလှည့် ရောက် မှ မနားရဘူး ၊ ဒါ သက်သက် ညစ် တာ ၊ ဆက် ကစားရမယ် ၊ ခုဆက် ကန် ခု ဆက် ကန် ”
ရီထွေး က ဝစီ ကို အတင်း မှုတ် နေသည် ။ အိတ် ထဲ သို့ အတင်း နှိုက် နေသဖြင့် သူ မမီအောင် အိတ် ကို မြှောက် ထားရ၏ ။
ထို့နောက် အလျှော့ပေး လိုက် ဟန်ဖြင့် အိတ် ထဲ မှ ပစ္စည်း တစ်ခု ကို ဆွဲ ထုတ်သည် ။
မမမြင့် က “ စိတ်ရှည် လိုက်တာနော် ” ဟု ချီးမွမ်း သည် ။
သည်တစ်ခါ တော့ သင်းအောင် ၏ လက် ထဲ တွင် ကျောင်းစိမ်း ဂါဝန် လှလှလေး တစ်ထည် ကို တွေ့ကြ ရသည် ။
“ ဟောဒါက ရီထွေး ဖို့ ”
ရီထွေး ၏ မျက်နှာ ကို အုပ်မိ သွားအောင် ဂါဝန် ကို ပစ်တင် လိုက်သည် ။ ရီထွေး က ခေါင်း ပေါ် မှ ဂါဝန် ကို ဆွဲယူ လိုက်ပြီး ကိုယ် မှာ ကပ် လိုက်၏ ။
ထိုနောက် ဂါဝန်လေး နှင့် လှည့်ပတ် က နေသည် ။ ရီထွေး ကို ကြည့်ရင်း အားလုံး ရယ် ကြသည် ။ ထို့နောက် စည်းချက် ကျကျ လက်ခုပ်တီး ပေးကြ၏ ။
ရီထွေး က တစ်စုံတစ်ရာ စဉ်းစားမိဟန် ဖြင့် အက ရပ် လိုက်သည် ။
“ ဟင် မေမေ့ ဖို့ လည်း ဘာမှ မပါပါလား ”
ရီထွေး စကားကြောင့် အားလုံး ရယ်ကြ ပြန်သည် ။ အများ နှင့် ရော ရယ် လိုက်ရ သော်လည်း သင်းအောင် ၏ ရင် ထဲ က မသက်သာလှ ။ ဝယ်ပေးချင်တာ ပေါ့ သမီး ရယ် ။ ဒါပေမယ့် ဒီနေ့ ဖေဖေ ထုတ် ခဲ့တဲ့ ခရီးစရိတ် က ဒီလောက်ပဲ ဝယ်နိုင်တာ ကိုး ။
ဖေဖေ့ မျက်မှန် ပါဝါ တိုး ချင်တာတောင် မတိုးဘဲ သမီး တို့ အတွက်ပဲ ဝယ်ခဲ့တာပါ သမီးတို့ ရယ် ။ ရင် ထဲ မှာ စကားတွေ အများကြီး ပြော နေ မိသည် ။
“ မမမြင့် နဲ့ မရီ တို့ အတွက် ကြိုးကြီးချိတ် တစ်ထည်စီ တော့ ဝယ်ခဲ့ချင် သားကွ ၊ ဒါပေမယ့်
ငါးသောင်းတန် ခပ်ညံ့ညံ့တွေ ပဲ ရှိလို့ မကြိုက်သေးတာနဲ့ မဝယ်ခဲ့တာ ”
နှင်းရီ နှင့် မမမြင့် တို့ က ရယ်မောရင်း ထမင်းပွဲ ပြင်ရန် အတွက် မီးဖိုခန်း အတွင်း သို့
ဝင်သွားကြ၏ ။ သင်းအောင် က ပြုံးစေ့စေ့ ဖြင့် ရေ ချိုးရန် ထိုင်ရာ မှ ထသည် ။
သည်တော့ မှ သတိ ပြု မိ၏ ။ ကိုရွှေဇော်လတ် တစ်ယောက် သူ့ အတွက် ဝယ် လာသော အင်္ကျီ ကို မယူသေးဘဲ ကြမ်းပြင်ပေါ်မှာ ချထားပါလား ။ ဇော်လတ် က ကြမ်းပေါ် မှာ ဆောင့်ကြောင့် ထိုင် နေသည် ။ ထို့နောက် သူ ၏ ကမ္ဘာကျော် မျက်လုံးပြူးကြီး များ ဖြင့် အဖေ ကို စိုက် ကြည့်နေ၏ ။ ပြီးမှ တစ်လုံးချင်း ပြောသည် ။
“ ဖေဖေ သား က အင်္ကျီ မလိုချင်ဘူး ၊ ဖိနပ် လိုချင်တာ ”
စိတ် ထဲ တွင် ထောင်းခနဲ ဖြစ် သွားသည် ။ စောစောက ကြည်နူး နေတာလေးတွေ အားလုံး ကြက်ပျောက် ၊ ငှက်ပျောက် ပျောက်သွား၏ ။
“ သား ကလည်း ကွာ ၊ သား ရဲ့ ကျောင်းအင်္ကျီ က ကော်လာ စုတ်နေပြီကွ ၊ ကြည့် မကောင်း တော့ဘူး ၊ ဒါကြောင့် ဖေဖေ က အင်္ကျီ ဝယ် လာတာ ၊ သား ဖို့ ဝယ်တဲ့ အင်္ကျီ က ဈေး အကြီးဆုံးပဲ ၊ ကိုကို လွယ်အိတ် ထက် ရော ၊ ညီမလေး ဂါဝန် ထက် ရော ဈေး ပို ပေးရတယ် ၊သိလား ”
သားအဖ နှစ်ယောက် အသံ ကြား သဖြင့် နှင်းရီ မီးဖိုခန်း ထဲ မှ ပြန် ထွက်လာသည် ။
“ ဘာလဲ ၊ ဒီကောင် ဂျီး ( ကြေး ) ရှုပ် နေ ပြန်ပြီးလား ၊ ဟဲ့ ... အင်္ကျီ စုတ် တာက လူ မြင်တယ်ဟဲ့ ၊ နင့် ဖိနပ် က ခြေထောက် အောက်မှာ ပျောက် နေတာ ၊ ဘယ်သူ မှ မမြင်ဘူး ”
နှင်းရီ က ဝင် ပြော၏ ။
“ ဖိနပ် သာ ဝယ်ရင် ပိုက်ဆံ ကုန်တောင် သက်သာသေးတယ် ၊ အင်္ကျီ က ပိုဈေးကြီးတယ် ၊ သား အတွက် အင်္ကျီ က ပို အရေးကြီးလို့ ဖေဖေ က ဝယ်လာတာပါ သား ရယ် ”
သင်းအောင် က ချော့ ပြောသည် ။ ဇော်လတ် က ငူငူကြီး ထိုင် နေ၏ ။ ခေါင်း ကို ငုံ့ထားသည် ။ ပါးစပ် က တတွက်တွက် ရွတ် နေ ပြန်၏ ။
“ သား က ဖိနပ် ပဲ လိုချင်တယ် ၊ ဖိနပ် ပဲ ”
သင်းအောင် ဆံပင်တွေ ထောင် ထ လာ၏ ။ နားထင် နားရင်းတွေ ပူ လာသည် ။ မေးကြောတွေ တင်း လာ၏ ။
“ ဟေ့ ... မင်း သား ကို ခေါ်သွားစမ်း ကွာ ၊ ငါ ရိုက်မိလိမ့်မယ် ၊ ပေးစမ်း ... ပေးစမ်း အဲဒီ အင်္ကျီ ၊ ငါ ဆုတ်ဖြဲပစ်လိုက်မယ် ”
မမမြင့် က အင်္ကျီ ကို လုယူပြီး သူ့ ချိုင်း အောက် မှာ ညှပ်ထား လိုက်၏ ။ ဇော်လတ် ကို ဆွဲခေါ် သွားသည် ။
“ သား ကလည်း ကွယ် ဖေဖေကြီး က သား ကို ဘာမဆို ဝယ်ပေး ချင်တာပေါ့ ၊ အင်္ကျီ က အရေးကြီး နေလို့ အင်္ကျီ အရင် ဝယ်ပေးရတာ လေ ၊ သား က နားလည်မှပေါ့ ၊ မဟုတ်ဘူးလား ”
မမမြင့် ၏ ဖျောင်းဖျ ပြောဆို နေသံ ကို ကြားရ၏ ။ မမမြင့် ခေါ်ရာ သို့ ဆုတ်ကန်ကန် နှင့်
ဇော်လတ် လိုက်သွားသည် ။ ဇော်လတ် ပြော လိုက်သော စကားသံကြောင့် နောက် က နေ ပြေး ရိုက်ချင်စိတ် ပေါ်လာမိသည် ။
••••• ••••• •••••
( ၃ )
သူ မလာချင်ဆုံးသော နေရာ သို့ ရောက်ရ ပြန်လေပြီ ။
အုတ်ခုံရှေ့ တွင် ဇော်လတ် တွေတွေကြီး ရပ် နေ မိ၏ ။
“ ကျောင်း ကြမ်းခင်းတွေက ကျဲပြီး အောက်ထပ် မှာ ဆရာတွေ ရော ၊ ကျောင်းသားတွေ ပါ ထိုင် နေလို့ အပေါ်ထပ် သို့ ဖိနပ် စီးပြီး မတက်ပါနဲ့ လို့ ပြော ထားတာ မသိဘူးလား နောက် စီး ဦးမလား ပြောစမ်း ၊ ကဲဟယ် ... ကဲဟယ် ”
ကျောင်းသား တစ်ယောက် ၏ တင်ပါး ပေါ် သို့ တဖျန်းဖျန်း ကျ ရောက် လာသော
အတန်းပိုင် ဆရာ ၏ ကြိမ်တံ ကို မြင်ယောင် လာ မိသည် ။လှေကား ပေါ် သို့ မျှော်ကြည့် လိုက်သည့် အခါ တွင် တော့ ဖိနပ်လေးများ ကို လက်ဝယ် ကိုယ်စီ ကိုင်းရင်း ရှေ့နောက် တန်းစီ ၍ တက် သွား နေကြသော ကျောင်းသူ ကျောင်းသားများ ကို တမျှော်တခေါ်ကြီး မြင်တွေ့ နေရသည် ။
ကျောင်းတက် ပထမ ခေါင်းလောင်း ထိုးသံ ကို ကြားရ၏ ။
“ ဟေ့ကောင် .. ရှေ့ က ဖယ်စမ်းကွာ ၊ လမ်းပိတ် ရပ်မနေနဲ့ ”
နောက် မှ ကျောင်းသားများ ၏ အော်သံ ကို ကြား လိုက်ရသည် ။ တုံ့ဆိုင်း ၍ မနေသာတော့ ပေ ။ မိမိ မလုပ်ချင်ဆုံး သော အလုပ် ကို လုပ်ရပေတော့မည် ။ ကိုယ် ကို ရှေ့သို့ ကုန်းပြီး ခြေထောက် မှ ဖိနပ် အစုံ ကို ချွတ် ကိုင် လိုက်၏ ။ ထုံးစံ အတိုင်းပင် ။ ထုံးစံ အတိုင်းပင် ။ ထုံးစံအတိုင်း သရော်သံ ၊ နောက်သံ ၊ ပြောင်သံ ၊ ပြောင်လှောင် အော်ဟစ်သံ တွေ ညိုးညိုးညံညံ ပေါ်ထွက်လာခဲ့၏ ။
“ ခေါင်စုတ်ကြီး ဟေ့ ”
“ အမြီးပါး ဟေ့ ”
“ အမီးဘားကွ ၊ ဘက်တီးရီးယား မဟုတ်ဘူး ”
“ ဖိနပ်စုတ်ကြီး ဟေ့“
“ သိန်းကျော်တန် ဖိနပ်ကြီး ကွ ”
“ အမှိုက်ပုံး ပြန် ဖိနပ်ကြီးပါ ဗျို့ ”
ဇော်လတ် ခေါင်း ကို ငုံ့ လိုက်၏ ။
ထိန်း ထားသည့် ကြား ထဲ က မျက်ရည် တစ်စ ပြုတ်ကျ သွား ရာ အရေခွံ ပေါက်ပြဲ
နေသော ဖိနပ်သဲကြိုး ထဲ က တိုးထွက် နေသည့် ဂုန်နီစလေး မှာ စွတ်စို ၍ သွား လေသည် ။
◾မြတ်သင်း
📖 မုသားပျားရည် နှစ်စက်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment