Monday, June 17, 2024

ကြက်သမားနတ် ( ဒုတိယပိုင်း )


 

◾ရှဖီး ၏ တောက်ပသော နေ့များ

ရှဖီး သည် လောင်းကြေး ( လက်ရင်း - လက်ဖျား ) နှစ်ထောင် ကျော် ရှိသော သည် နှစ် ဤ တတိယပွဲ ကို တက်ပြီးသော အခါ ၌ သူ ၏ ဘဝ မှာ အထွတ်အထိပ် သို့ ရောက်လေသည် ။ ရှဖီး - ရှဖီး ဟု ကြက်သမား တို့ ၏ နှုတ်ဖျား မှာ ရေပန်းစား လေ၏ ။

မူလ သူ ၏ ပိုင်ရှင် ဖြစ်သော ကု,လားလေးရှဖီး သည် ဤအချိန် မှာ ကျွန်တော်တို့ မာလကာခြံ တွင် မရှိတော့ ။ မြောက်ဥက္ကလာပ သို့ ပြောင်းရွှေ့ သွားပြီ ဖြစ်သောကြောင့် ကျုပ် တို့ အရပ် မှာ ရှဖီး ဆိုတာ လူ မဟုတ်တော့ ကြက် - ကြက် ။ ဒီ နှစ် ၃ ပွဲ တက်ပြီး တဲ့ ကိုကံညွန့် တို့ ကြက် ။

ကြက် မွေးမြူသော အိမ်များ မှာ ကြက်ခြံ နှင့် ကြက်အိပ်စင်များ ရှိကြ၍ ကြက် တို့ အား ကြက်ခြံ တွင်း ကြက်အိပ်စင် မှာ သာ အိပ် စေသည် ။ သို့သော် ရှဖီး သည် ဒီ နှစ် ပွဲကြီး တက် ပြီးသော အခါ သာမန် ကြက် မဟုတ် တော့ မူ၍ အခြား ကြက်များ နှင့် အတူ ကြက်ခြံ တွင်း မှာ မအိပ်ရတော့ပြီ ။ ကိုကံညွန့် တို့ အိမ် ပေါ် ထပ် မှာ အထူး ကြက်အိပ်တန်း နှင့် ကြက်ခြင်ထောင် နှင့် အိပ်ရလေ တော့သည် ။ အဘယ်ကြောင့် ဆိုသော် ဒီလောက် အဖိုးတန် နေသော ကြက် ကို အိမ်ပြင် ဘက် ကြက်ခြံ ထဲ မှာ ဆိုတော့ လူများ လာ ခိုး မှာ စိုးရသည် ။ တိုက်ခါ နီး ၌ တစ်ဖက် လူ က ဆေး လာ ခွံ့ မှာ လည်း ကြောက်ရ သည် ။ နို့ပြီး တိုက်ကြက်ကောင်း ကို ည အိပ်ရာ တွင် အဘယ်မှာ လျှင် ခြင်ကိုက် ခံစေ၍ ဖြစ်အံ့နည်း ။ ထိုကြောင့် များစွာသော ကြက်သမား များ တို့ သည် မိမိ တို့ ကြက် ကို ခြင်ထောင် ဖြင့် သာ သိပ်ကြ ကုန်သည် ။

◾ကြက်ခြင်ထောင်

ကြက်ခြင်ထောင် သည် နှစ်တောင် ပတ်လည် မျှ ကျယ် ၍ လေးတောင် လောက် မြင့် ရသည် ။ များသော အားဖြင့် ဂုံနီဖျဉ် အပါးစား ကို သော် လည်း ကောင်း ၊ ပုဆိုးဟောင်းများ ကို သော် လည်းကောင်း ၊ လူခြင်ထောင် အစုတ် အပြဲများ ကို သော် လည်းကောင်း ဖြတ်တောက် စပ်ဖာ ၍ ချုပ်ပေး လေ့ ရှိကြ သည် ။ သို့သော် ရှဖီး အတွက် မူကား သူ ကံ ထသော အခိုက် မှာ သူ့ သခင် များ လည်း ကံ ထ သည် ဖြစ်သောကြောင့် ဒေါ်ရေပေါ အိမ်ထောင်စု ကုန်ထုတ် စာအုပ် က သမဝါယမ မဲနှိုက်ရာ တွင် နိုင်လွန်ဇာခြင်ထောင်ဖျဉ် မဲပေါက် သည် နှင့် ကြုံလေရကား ကိုကံညွန့် တို့ ညီအစ်ကို သည် ညီမတွေ ပူညံပူညံ လုပ်ကြသော် လည်း နိုင်လွန်ဇာဖျဉ် ကို အတင်း ဖြတ်၍ ကြက်ခြင်ထောင် တစ်လုံး ချုပ် ပစ် လိုက်ကြလေ၏ ။ သူတို့ ညီအစ်ကို ကား ကြက် တစ်ကောင် ကို သဘော ကျမိ လျှင် သည်လောက် ၊ မနှစ်ခြိုက်တော့ဘူး ဆိုလျှင် ဖြင့် ချက်ချင်း ဟင်းအိုး ထဲ ရောက် ။

◾ကြက်အိပ်တန်း

တိုက်ကြက်ဖ တစ်ကောင် ၏ အထူး ကြက်အိပ်တန်း မှာ အလျား ၂ ပေ ၊ အနံ ၁ ပေ ၊ အမြင့် ပေ ၊ အမြင့် ၁ ပေ မျှ ရှိသော ထင်းရှူးသေတ္တာမျိုး ကို အလျား နှစ်ဖက် ၏ ခါးလည် မှ တစ်တောင် လောက် ရှည်သော သစ်သား နှစ်ချောင်း ထောင် ရိုက်ပြီး အပေါ် မှ ကျပ်လုံးခန့် ရှိသော တန်း ကို တင်၍ နှစ်ဖက်ချုပ် ရိုက်ထားခြင်း ပင် ။ ဤ တန်း ပေါ် ကြက် ကို တင် သိပ် စေ၍ အပေါ် က ခြင်ထောင် အုပ်ထား လိုက်သည် ။ ဒီတော့ ကြက်မစင် တို့သည် သေတ္တာ ထဲ ကျ ကုန်၏ ။

◾ကြက်ကျန်းမာရေး

ကြက်သမား တို့ သည် မိမိ ကြက် ၏ ကျန်းမာရေး ကို လွန်စွာ ဂရု စိုက်ကြရ ကုန်သည် ။ သူ ခွပ်နိုင် ပါ မှ ကိုယ် နိုင်မည် ။ သူ မခွပ်နိုင် ပါ က ကိုယ် ငွေ ရှံးမည် မဟုတ်ပါလား ။ ထို့ကြောင့်  ...

ကြက် လန်းလန်းဆန်းဆန်း ရှိပါရဲ့လား ၊ အချိန်မှန်မှန် တွန်ပါရဲ့လား ၊ အရိပ် တကြည့် ကြည့် နေရသည် ။ အထူးသဖြင့် ကြက် ၏ မစင် ကို ကြည့် ရ သည် ။ ကြက် ဝမ်းပျော့ လျှင် မကောင်း ။ ကြက်ချေး သည် မာ ပြီးတော့ အဖြူ တစ်ရစ် အညို တစ်ရစ် နှင့် ခရုဖင်ချွန်းလေး လို ထောင် နေလျှင် တကယ် ကျန်းမာရေး ကောင်းသော ကြက် ဖြစ်၏ ။ ကြက် ဝမ်း ပျော့ပြီး တဗျစ်ဗျစ် သွား နေရင်ဖြင့် မတိုက်ပါလေ နှင့် ။

◾ရှဖီး ၏ ကျေးဇူးခံ ကျေးဇူးစားများ

ရှဖီး ခေတ်ကောင်း ခိုက် မှာ ကျွန်တော်တို့ အရပ် က ကြက်သမားများ သည် ရှဖီး ၏ ကျေးဇူးခံ ကျေးဇူးစားများ ဖြစ်ကြ ကုန်၏ ။ သည် နှစ် ရှဖီး ၏ တတိယပွဲ မှာ အသီးသီး ငွေကြေး ရလိုက် သူ တို့ သည် ဤပွဲ အတွက် လည်း ရှဖီး ကို ကျေးဇူး တင်သည် ။ နောက်လာမည့် စတုတ္ထပွဲ အတွက် လည်း ရှဖီး အပေါ် မျှော်လင့်ချက် ထားကြသည် ဖြစ်သောကြောင့် ရှဖီး ကို အရိပ် တကြည့် ကြည့် နေကြ ကုန်သည် ။ သူတို့ အားလပ်တိုင်း ရှဖီး ရှိရာ ကို လာကြသည် ။ သို့အတွက် ကိုကံညွန့် တို့ အိမ် မှာ ကြက်သမားတွေ စည်ကား လေ၍ လက်ဖက်ရည်ကြမ်းအိုး မပြတ် ၊ ကွမ်းဆေး မပြတ် ထား ရသည် ။

ကျွန်တော် သတိထား မိသည် ။ ၇၅ ရာခိုင်နှုန်း သော ကြက်သမား တို့ ကွမ်း စားကြသည် ။ အချို့ ဆို လျှင် ကြက်ဝိုင်း သွားရာ တွင် ကွမ်း ၊ ကွမ်းသီး ၊ ထုံး ဆေး ထည့်၍ ထားသော အထုတ်ကလေးတွေ သူတို့ အိတ် ထဲမှာ မပြတ် ပါကြ ကုန်သည် ။ ကြက်သမား ချင်း သူတို့ ကြက် နှင့် ဟို ဘက် ကြက် တိုက်သင့် မတိုက်သင့် ချိန်ဆသော အခါ၌ ဤ ကွမ်းထုတ်ကလေး ကို အလယ် မှာ ချ၍ အသီးသီး ကွမ်း ယာ ရင်း နဖူးတိုက် ဒူးတိုက် ဆွေးနွေးကြသည် ။

ကြက်သမားများ ကွမ်း စား တတ်သည့် အခြား အကြောင်း တစ်ရပ် လည်း ရှိ၏ ။ ကြက် တိုက်ကြသော အခါဝယ် မိမိ ကြက် ဒဏ်ရာ ရ လေ လျှင် ဝိုင်း ထုံးစံ ကြက်ဝိုင်း အပြင် မှ ဆေးဝါးပတ်တီး စသည် ဖြင့် ကုသခွင့် ၊ စည်းနှောင်ခွင့် မရှိပေ ။ ဝိုင်း ထဲ မှ ရသော ဖုံမှုန့် နှင့် သို့မဟုတ် ကြက်မွေး နှင့် သာ ဒဏ်ရာပေါက် ကို ပိတ်ဆို့ခွင့် ရှိသည် ။ သို့ရာတွင် ကြက်စွဲ ( ကြက်ကုသသူ ) ပါးစပ် မှ ညက်ညက် ဝါး ၍ ထားသော ကွမ်းယာဖတ် နှင့် အမှတ်မဲ့ သူ့ ပါးစပ် ထဲ က ထုတ် ၍ ပိတ်ဆို့သည် ကို ကား မြင်ဖို့ သိဖို့ လည်း ခဲယဉ်း၍ တားမြစ် ပြောဆိုခြင်း မပြုနိုင်ပေ ။ ကြက်သမား ပါးစပ် ထဲ က ဆိုတော့ ဝိုင်း ထဲ က ပစ္စည်း ပင် ။

ထို့အပြင် လည်း ကွမ်းယာ မှာ ကွမ်း ၊ ထုံး ၊ ဆေး ကွမ်းသီး တို့သည် စပ်ပူသော အရာများ သာ ဖြစ်၍ မိမိ ကြက် ခြေထောက် ကို ကွမ်းသွေး ဆွတ် ပေး လိုက်ခြင်းဖြင့် တစ်ဖက် ကြက် မျက်နှာ ကို သွား ထိပါ က ပူစပ်ခြင်း မွန်ခြင်း ကို ဖြစ်စေနိုင်သည် ။ ထို့ကြောင့် ဤအကြော င်းကို သဘောပေါက် သော အချို့သူ တို့ သည် တစ်ဖက် ကြက်စွဲ အား ပါးစပ် ထဲ ကွမ်းငုံ ထားလျှင် ပါးလုတ်ကျင်း ပစ်ရန် ပြော တတ်သည် ။ ပြောပိုင်ခွင့် လည်း ရှိသည် ။ သို့သော် အကြံအဖန် ရှိသော ကြက်စွဲ သည် အဘယ် လျှင် သူ့ ပါးစပ် ကို သူ စင်ကြယ် အောင် ပြုလုပ်ချေအံ့နည်း ။ နို့ပြီး ကွမ်း ကို တစ်ယာ ပြီး တစ်ယာ မပြတ် စား နေသော ပါးစပ် သည် လည်း ဘယ်မျှပင် ပါးလုတ်ကျင်း စေဦးတော့ အဘယ်လျှင် ကွမ်းဆေးဓာတ် ပြယ် အံ့နည်း ။

◾ရှဖီး ၏ စတုတ္ထပွဲ

ကြက်သမား တို့ မည်သည် မိမိ ဘက် က ရှုံး ထားသော ကြက် ကို ဘယ်တော့မှ အခဲ မကျေကြ ။ နောက် တစ်ခါ ပြန် တိုက်ရန် ၊ အခြား ကြက် တစ်ကောင် ထပ် ရှာမြဲပင် ။ သည် ကြက် ၏ ခွပ်လမ်း ကို သိထားပြီး ဖြစ်၍ သူ့ ထက် ခွပ်လမ်း သာ သော သူ့ ခွပ်နည်း ကို နိုင်အောင် ခွပ် နိုင်မည့် ကြက်မျိုး ကို ရှာဖွေကြသည် ။

နိုင်ပြီး သား ကြက် ဖက် မှ လူများ က လည်း ဒင်းတို့ ဘယ်လို ကြက်မျိုး ဖြစ်နေပါစေ ကြက်ချင်း တူ နေပါက မရှောင်ပါဘူး ။ ဒို့ ကြက် က ကော တခြား နည်းလမ်း မခွပ်တတ်တော့ဘူး လို့ ဘယ် ပြောနိုင်မှာလဲ ။ ကြက် တစ်ကောင် တစ်မျိုး ခွပ် ပြလိုက်မှာပေါ့ ။

နိုင် ပြီး သား ကြက် ကို အထင် ကြီးကြမြဲ ။

ကြက် တစ်ကောင် ၏ တိုက်ရက် သည် သီတင်း သုံးပတ် ခြား ရ သည် ။ ကိုယ့် ကြက် ယခင် ပွဲ က သိပ် မပန်းဘူး ဆိုပါက တစ်ပတ် နှစ်ပတ် ခြား နှင့် တိုက်ရသော ကြက်များ လည်း ရှိပါသည် ။

ရှဖီး တိုက်ရက် သုံးပတ် နီးသော အခါ ဟိုဘက် လူ များ က သူတို့ ရှာ ရထားပြီး ဖြစ်သော ကြက် ကို ကျွန်တော်တို့ ဘက် က လူများ အား ခေါ်၍  ပြသည် ။ နားလည်သော သူများ လိုက် သွားကြသည် ။ ပြန်လာကြသော အခါ ...

“ တိုက် နိုင်တယ် ၊ ဒီ ကြက် နှစ်ကောင် တစ်ဖက် နဲ့ တစ်ဖက် ရှောင် စရာမရှိဘူး ။ ဒါပေမယ့် သူတို့ ဘက် က စကား တစ်ခွန်း ပြောတယ် ဗျ ”

လူ ဆယ့်လေးငါးယောက် ရှဖီး ကို အလယ် မှ ထား ကြကာ အားလုံး စိတ်ဝင်စား လျက် ။

“ ဘာ ပြောသလဲ ”

သံပြိုင် လို မေး လိုက် ကြသည် ။

“ အရင် တစ်ပွဲ တုန်း က သူတို့ က ဒီမှာ လာ တိုက် သွားတော့ ခု တစ်ခါ သူတို့ ဆီ မှာ လာတိုက်ပါတဲ့ ” ဆိုပြီး ကျွန်တော့် အား စေ့စေ့ ကြည့် ၍ “ အဲဒီတော့ ဆရာ ဘယ့်နှယ်လဲ ”

ဒီ ဝိုင်း မှာ က ကျွန်တော် က အကောက် ယူတဲ့ ဒိုင်လူကြီး ကိုး ဗျ ။ စင်စစ်တော့ အကောက် စကား ပြောခြင်း ပင် ။ သူတို့ ဆီ သွား တိုက် က သူတို့ ကို အကောက် ပေး ရပေမည် ။ အခု နောက်ထပ် ဖြစ်မှာ က လက်ရင်း ကို ၂၂ဝဝိ လောက် ထွက်မည် ဖြစ်ခြင်းကြောင့် လက်ရင်း အကောက် ကို က ငွေ ၄ဝဝိ ။ လက်ဖျား နဲ့ ဆို ဘယ်ထိ ရမလဲ မပြောနိုင် ။ သို့သော် ကျွန်တော်တို့ ဘက်က ယခင် တစ်ပွဲ တွင် လက်ရင်း လက်ဖျား ၂ဝဝဝိ ကျော် မှ အကောက် ၃ဝဝိ ကျော် ယူ ထားပြီ ဖြစ်၍ ဒီ တစ်ပတ် တော့ သူတို့ အလှည့် ပေးသင့်သည် ဟု ကျွန်တော် သဘော တူ လိုက်သည် ။

“ ဒါပေမယ့် တစ်ခု တော့ ပြောလိုက်ဗျာ ။ ကျွန်တော်တို့ လောင်းကြေး ကို ဝိုင်း ထဲ မှာ သူတို့ ဘက် အပ် မထားနိုင်ဘူး ။ ဝိုင်း ပြီး မှ ရှင်းမယ် လို့ ကျွန်တော် တို့ ငွေ ကို ကိုမြလှိုင် အိမ် မှာ ထား ပစ်ခဲ့မယ် ။ ဘယ့်နှယ်လဲ ကျွန်တော် ပြောတဲ့ သဘော နားလည်လား ။ လူ ဆိုတာ ငွေ များ ရင် စိတ် ချရတာ မဟုတ်ဘူး ။ သူများ အရပ် မှာ ဆိုတော့ ”

“ ဟုတ်ပါတယ် ။ ကျွန်တော် သဘော ပေါက်ပါတယ် ။ ပြောလိုက်မယ် ”

အကြောင်း မှာ ကြက်ဝိုင်း တွင် ကြက်ဒိုင် လုပ်သူ က ညစ် ချင် လျှင် ညစ် နိုင်သည် ။ အသို့ဟူမူ သူတို့ ကြက်ရေး နိမ့် နေပြီ ဆိုပါက ကြက်ဝိုင်း ကို ဖမ်းအောင် လုပ်၍ ( သို့မဟုတ် ) ဖမ်းဟန် ဆောင် ၍ လူများ ကို ထွက်ပြေး စေကြပြီး လက်ရင်း လက်ဖျား ငွေတွေ ပါ ရဲလက် ပါ သွားသည် ဟု လုပ်တတ် ကြသည် ။ ဒါမျိုးက အမြဲတမ်း ချိန်းဝိုင်းကြီးများ လုပ်၍ ကြက် ဒိုင်ခံ စားနေသူများ က မလုပ်တတ်ကြ သော်လည်း တစ်ခါတစ်ရံ ကျိတ်ဝိုင်းကလေး လုပ်သူများ က တစ်နပ်စား ကြံ တတ်ကြသည် ။ ယင်းသို့ဖြင့် ကျွန်တော် တို့ ကမ်းလှမ်းချက် ကို သဘော တူ၍ သူတို့ ဆီ မှာ ပဲ သွားပြီး တိုက်ဖြစ်ကြ တော့သည် ။

◾ဦးမင်းကျော် ပသခြင်း

ကိုကံညွန့် တို့ ညီအစ်ကို သည် ထန်းတစ်ပင် မြို့နယ်သား ။ မူလ က လယ်သမားမျိုးရိုး ဖြစ်ကြ၍ နတ်အမျိုးမျိုး ကို ယုံကြည် ကိုးကွယ်သူများ ဖြစ်ကြသည် ။ ရှဖီး ကို တိုက်ရန် သွားခါ နီး ၌ ကိုကံညွန့် သည် သူ ကိုယ်တိုင် အရက် သောက် တတ်သူ မဟုတ်ပါဘဲ လျက် အရက် တစ်ပုလင်း ကို ဝယ်စေ ကာ သူ့ အိမ် ခေါင်းရင်းခန်း တွင် ပထမ နတ် ကို ပသပြီး နောက် ပါးစပ် က တီးတိုးရေရွတ် လျက် အရက် ကို လက်ဖက်ရည်ကြမ်း ပန်းကန် ထဲ တစ်ဝက် မျှ ထည့်ပြီး အနီး ၌ လွှတ် ထားသော ရှဖီး ရှေ့ ချ ပေးလိုက်ရာ ရှဖီး သည် ( ရေဆာ နေသည် နှင့် အဆင်သင့် ၍ ပဲလား မသိ ) တစ်ငုံ နှစ်ငုံ ကုန်း ၍ သောက် လိုက်ပြီး အတောင် ခတ် ကာ တွန် လေသည် ။ ကိုကံညွန့် က ပြုံးစေ့စေ့ နှင့် “ ဟာ ... နိုင်ပြီ ” ဟု ပြော၏ ။

ဒါကို မြင်ရသူများ လည်း တော်တော် အားရှိ သွား ကြသည် ။ တချို့ ရှိ တာ ပုံ လောင်း လိုက်တော့မည် ဟု အားခဲကြသည် ။

သို့သော် ကြက် နှစ်ကောင် ကို ဝိုင်း ထဲ ယှဉ်ချ လိုက်သည် ၌ ဟို ဘက် ကြက် က ရှဖီး ထက် ကြီးသယောင် ဖြစ်နေ သဖြင့် ကျွန်တော့် ဘက် က လူများ ပွစိပွစိ ဖြစ်ကြသည် ။ ရှေးဦးစွာ ဟိုဘက် ကြက် ကို လိုက် ကြည့်သူများ အား မျက်စိ လွှဲရန်ကော ဟု ဆူ ကြသည် ။ သူတို့ ပြန် ပြောကြသည် ကား ...

“ အကောင် ချင်း ကြည့်တော့ တူ သလိုပဲ ဗျ ။ ဒါပေမယ့် ကိုယ်လုံး ချင်း ကိုင် ကြည့်ပါ ။ ရှဖီး ကိုယ် က မာကျစ် နေတယ် ။ ဟို ကြက် ကိုယ် က ပွ တယ် ”

“ ကဲ ... ခေါင်း တစ်လုံး မြင့် နေတာကကော ဘာ ပြောဦးမလဲ ”

“ ရှဖီး က ကြက်စင်း ဗျ ၊ ဟို ကြက် က ကြက်ထောင် ”

တိုက်လိုသူများ က ဤသို့ ထ ၍ ပြော ကြသည် ။

သို့နှင့် တိုက်သင့် မတိုက်သင့် အကြိတ်အနယ် ဆွေးနွေးကြသေး သည် ။ တချို့က သည်လောက်ကလေး ကွာသည် နှင့် လာမိ မှ ဖြင့် တိုက်မည် ။ နောက်ဆုံး ကြက်ရှင် ကိုကံညွန့် သဘော ကို မေး ကြည့်ကြရာ သူ့ ကြက် က ဦးမင်းကျော် ကို ပသ တိုင်တည်ပြီး တိုက်သော အရက် ကို သောက်ထား သဖြင့် သူ က တော့ ရဲသည် ဆို သဖြင့် တိုက်ဖြစ် သွားကြလေ၏ ။

သို့သော် အချို့ လူများ မှာ သိပ် မရဲကြတော့ သဖြင့် မူလ က ကျွန်တော် တို့ ဘက် မှ လက်ရင်း ၂၂ဝဝိ ဟု ကြွေးကြော်ခဲ့ သော်လည်း ယခု ကြက် လွှတ် ခါနီး ၌  ...

“ ထောင့်တစ်ရာ နဲ့ ငါးရာ့ငါးဆယ် ” ပဲ ဖြစ်သွား လေသည် ။

စင်စစ် ဤ နှစ်ခုပေါင်း သည် ၁၆၅ဝိ ဖြစ်သည် ။ သို့သော် ကြက်သမား တို့ သည် ဤသို့ ခေါ်လေ့ မရှိကြချေ ။ ၁၆၅ိ ကျပ် ကို လည်း ၁၁ဝိ နဲ့ ၅၅ ကျပ် ဟူ၍ ပဲ ခေါ်မည် ။ ရာပွဲဆိုလျှင် ရာ နှင့် ဆယ် နှင့် ခွဲ ၍ ခေါ် သည် ။ ထောင်ပွဲ ဆိုလျှင် ထောင် နှင့် ရာ နှင့် ဆယ် နှင့် ခွဲ၍ ခေါ်သည် ။ ဥပမာ နှစ်ထောင့် နှစ်ရာ ၊ သုံးရာ့သုံးဆယ် နဲ့ လေးဆယ့်လေးကျပ် ၊ လက်ရင်း ကို ဤသို့ ခွဲခြား ခေါ်လေ့ ရှိသည် ။ စင်စစ် ဤသို့ ခေါ်ခြင်း သည် ကြက်သမား တွေ အဖို့ နား ရှင်းသည် ။ အလျော်အစား တွက်ရ ချက်ရ လွယ်သည် ။

သို့နှင့် လက်ရင်း ၁၁ဝဝိ နှင့် ၅၅ဝိ ကြေးပဲ ကြက် နှစ်ကောင် ဝိုင်း ထဲ လွှတ် ဖြစ်ပြီ ။ သူတို့ကြက် က အစီး ဖက် က မို့ ၊ နို့ပြီး လက်ရင်း ကို သူတို့ စိတ် ရှိသလောက် မလောင်းရသည် မို့ ၊ လွှတ်တယ် ဆို သူတို့ ဘက် က စ၍ လက်ဖျား ခေါ်သည် ။ ရုတ်တရက် ကျွန်တော်တို့ ဘက် က မထွက် ရဲသေး ။

သူတို့ ကြက် နာမည် ဟစ် လာ သည် ။ “ မရှင်းဂန်း ” တဲ့ ။ ဤ နာမည် ထောက်ခြင်း အားဖြင့် ကြက်ပစ် ၊ ကြက်ပုတ် သန်မည် ။ သူ ၏ အပစ် အပုတ် ကို ...

ဟုတ်ပြီ ... ရှဖီး က ဖျက်ဆီး နိုင်သည် ။ ကြက်အား ချင်း ပြိုင် နိုင် သည် ။ နှစ်ကောင် ယှဉ် ဆိုင် လိုက်တော့ ရှဖီး ခြေ က ပေါက်သည် ။ ဒီတော့မှ ကျွန်တော် တို့ ဘက် က စတင် ၍ လက်ဖျား ဆို ကြ တော့၏ ။ သို့သော် နှစ်ဆိုင်း သုံးဆိုင်း မျှ ဆွဲပြီး သူတို့ ဘက် က ရပ်သွား တော့သည် ။

“ ကိုယ့် လူတို့ ရေ သိပ် မလုပ်ကြနဲ့တော့ ဟ ၊ ကြက်ခွပ်ပေါက် မတွေ့ဘူး ” ဟု သူတို့ ကြက်စွဲ က သတိပေး စကား ပြော လာသည် ။

သို့နှင့် ခွပ်ရင်း - ခွပ်ရင်း ရှဖီး က သာ လာ လေတော့ ကျွန်တော် တို့ ဘက် က စတင်၍ အလေးကြော ပေးပါလေ ရော ။ တစ်ရာအစိပ် ကဲ ၊ တစ်ဆယ်ရှစ်ကျပ် မှ သည် ရှဖီး က တောက်လျှောက် တက် ခွပ်လာ လိုက်ရာ နောက်ဆုံးမှာ တစ်ရာ နှစ်ဆယ် ရောက်ပြီး သည့် နောက် ၊ ရှဖီး က လှလှပပ ကြီး နိုင်လိုက်ခြင်း ဖြင့် တစ်နာရီ မပြည့် မီ ဝိုင်း ပြီးသွားလေတော့ သတည်း ။

◾ရှဖီး ၏ ဂုဏ်သတင်း

ဤ စတုတ္ထပွဲ ကို နိုင်ပြီးသော အခါ ၌ ရှဖီး ၏ ဂုဏ်သတင်း သည် အထွတ်အထိပ် သို့ ရောက် လေ၏ ။ သူ့ ထက် ကြက်ကောင် ကြီး သော ကြက် ကို ပင် အပြတ်အသတ် နိုင်သည် ။ ဒီနှစ် ( ၁၉၇၆ ခု ) ရှဖီး ခွပ် ခဲ့သော ပွဲတို့ မှာ ဤ ပွဲ သည် အမြန်ဆုံး ၊ ရှဖီး အား ချီးကျူးဖွယ် အကောင်းဆုံး ဟု မှတ်တမ်း တင်ကြ၏ ။ ထိုကြောင့် ကျွန်တော် တို့ အရပ် က ကြက်သမား တို့ သည် ပဉ္စမပွဲ ကို မျှော်ကြ ပြန် လေပြီ ။ ကြက်ချင်း ရွယ်တူတန်းတူ ဆိုရင် ဖြင့် ပို၍ စိတ်ချရပြီ ။ အားရပါးရ လောင်း လိုက်ကြမည် ။ အို ... မတူမတန် ရင် ဖြင့် မတိုက်ဖူးပေါ့ ။

နံနက် မိုးသောက် ပြီ ဆိုလျှင် ရှဖီး နှင့် ငွေ ရလိုက်သော ကြက်သမား တို့ သည် ကိုကံညွန့်တို့ အိမ် သို့ ရောက်လာကြ လေပြီ ။ တစ်ခါတစ်ရံ ရှဖီး အား အိပ်တန်း မှ မချရသေး ။ အိမ် အပေါ်ထပ် ကြည်ပြာရောင် ဇာနိုင်လွန် ခြင်ထောင်လေး ထဲ မှ ရှဖီး က တကြော်ကြော် တွန်တုန်း ။

“ ဟေ့ ... မောင်ကံညွန့် ရ ၊ ရှဖီး ယူခဲ့ပါတော့ကွ ” ဟု ဆိုမှ ကိုကံညွန့် က ခြင်ထောင် ကို မတင်ပြီး ရှဖီး ကို ပိုက်၍ ကြက်အိပ်တန်း ထင်ရှူး သေတ္တာ ဆွဲ ပြီး အောက်သို့ ချ လာသည် ။ ဒီတော့ ကြက်သမား တို့ သည် ပထမ ရှဖီး ၏ မစင် အပျော့ အမာ ကို ကြည့်ကြသည် ။ ရှဖီး ၏ ကျန်းမာရေး အခြေအနေ သည် သူတို့ အတွက် အလွန် အရေးကြီး သည် မဟုတ်လား ။ သူတို့ သားသမီး ဆီးဝမ်း ကို မှ ဤမျှ ဂရုစိုက်ကြမည် မဟုတ်ပေ ။

ထို့နောက် ၌ တိုက်ကြက် တို့ အား အိပ်တန်း ချပြီး နံနက်တိုင်း ပြု ရမြဲ ဖြစ်သော ရေ တစ်ဝ ခွံ့ခြင်း ၊ တစ်ကိုယ်လုံး ကို ဖျစ်ညှစ် ၍ ရေ ကိုင်ခြင်းများ ပြုကြသည် ။ ဤသို့ များများ လုပ်ပေး နိုင်လေ ကြက် ၏ အသားအရေ အကြောအခြင် များ တင်းမာ လေလေ ။ တိုက်ကြက် တို့ ၏ အရေပြားကြီး ထူ ပြီး နီရဲ နေသည် ကို မြင်ကြရ ပေမည် ။

ရှဖီး အား ဤသို့ ပြုစုမည့် သူတွေ အလွန် ပေါ ။ ဘယ်နှယ့် ကိုယ့် ငွေ ပေးခဲ့ ၊ နောက်လဲ ပေးဦးမယ့် ကြက် ကပဲ ။ လူတို့ မည်သည် ခံစား ပြီးသော ကျေးဇူး ကို မေ့တတ်ကြမည် ဖြစ် သော်လည်း နောက်ထပ် ရဦးမည် ဆိုလျှင် ထို ကျေးဇူးရှင် အား အင်မတန် ဂရုစိုက် တတ်ကြသည် ။

ထို့ကြောင့် သူတို့ သည် မနက် အလုပ် မသွားမီ ဤသို့ တစ်ကြိမ် လာပြီး ညနေ အလုပ်ဆင်းသော အခါ တစ်ဖန် လာကြ ပြန်သည် ။ သူတို့ ကြက်သမားချင်း တွေ့ လျှင် မိမိတို့ တွေ့ကြုံခဲ့ ဖူးသော ကြက်ပွဲများ ၊ ကြက်များ အကြောင်း ပြော မဆုံးပေါင် ၊ တော သုံးတောင် ဖြင့် ရှဖီး ကို အရိပ် တကြည့်ကြည့် နေကြသည် ။ ရှဖီး တောင်ပံခတ်ပုံ ၊ တွန်ပုံ ၊ ဟိုမှ သည်မှ ပြေး ၍ မြူးထူးပုံ ( ကြက်တန်း ထိုး ရန် ပြုလုပ်ထားသော ) တန်းပေါ် ခုန်တက်ပုံ စသည့် တို့ ကို ကြည့်ရှု နေရသည် မှာ သူတို့ ပသာဒ တွင် တစ်ခေတ် တစ်ခါ က မယ်ရွေးပွဲ မှာ အလှပျိုကလေး ကိုယ်ဟန် ပြ နေသည် ကို ရှုစား နေကြသော ကာလသားများ ကဲ့သို့ စိတ်ဝင်စား ကြ ကုန်သည် ။

ကိုကံညွန့် တို့ ညီအစ်ကို က လည်း သူတို့ ကြက် အား ဤသို့ လာရောက် ဂရုစိုက် ကြသည် ကို နှစ်သက် လှသည် ။ ရေနွေးအိုး မပြတ် တည်ရင်း လက်ဖက်ရည်ကြမ်း နှင့် ကွမ်းဆေး မပြတ် တည်ခင်းသည် ။ သူတို့ ညီအစ်ကို သည် မိမိ တို့ ကြက် ကောင်း နေ သော်လည်း များများစားစား လောင်းနိုင် ကြသည် မဟုတ်ချေ ။ ငွေ ရဖို့ ထက် သူတို့ ကြက် ကောင်းသည် ဟူသော ဂုဏ်သတင်း ကို မက်မောကြသည် ။ ရှဖီး ကို ထောင် ချီ ၍ တိုက် နေသော် လည်း မသကာ သူတို့ လောင်းနိုင် မှ ၅၅ိ မှ ၁၁ဝိ မျှ သာ ၊ အခြား လူတွေ ငွေ ရှိ၍ လောင်းရဲ ၍ နင့် နေအောင် နိုင်သွားကြ သော် လည်း မနာလို မရှုစိမ့် မဖြစ်တတ်ကြ ။ ထို လူများ အတွက် သူတို့ က ဝမ်း ပင် သာ တတ်ကြသည် ။

◾ရှဖီး ၏ ပဉ္စမပွဲ

ဟိုဘက် အုပ်စု ကို ကျွန်တော် တို့ က လက်ရင်း လက်ဖျား နှစ်ထောင် လောက် စီ နှစ်ချီ နိုင်ပြီး သည် နောက် ကျွန်တော် တို့ မှာ ရှဖီး အတွက် နောက်ထပ် တိုက် ဖို့ ကြက် ကို လိုက် ရှာ နေစရာ မလိုတော့ပေ ။ ထို အရှုံး လူစု သာ လျှင် ကျွန်တော် တို့ အား အခဲ မကျေနိုင်ဘဲ ရှဖီး နှင့် တိုက်ဖက် ကို မနားမနေ ရှာဖွေ နေပေတော့သည် ။

သူတို့ သည် ကြည့်မြင်တိုင် အုပ်စု ဖြစ်ပေရာ သူတို့ ဆီ မှာ ကျွန်တော်တို့ လူ ရှိဘိ သို့ သူတို့ လူ လည်း ကျွန်တော် တို့ မာလကာခြံ မှာ ရှိနေ၏ ။

စတုတ္ထပွဲ တိုက် ပြီး ၍ ဆယ်ရက် မျှ အကြာ ရှဖီး မျက်နှာ သန့်စင် သည် ၌ သူတို့ ပဉ္စမံတပ်သား ၏ အိမ် ၌ ရှဖီး နှင့် နီးစပ်သော ကြက်ဖ တစ်ကောင် ရောက် လာ၏ ။ ရှဖီး ကို ချိန်းမှန်း သိသည် ၌ ကျွန်တော် တို့ ဘက် က သူ့ ကြက် ကို ကြည့် ကြသည် ။

ကြက်ကောင် ချင်း မှာ စတုတ္ထပွဲ တုန်း က သူတို့ ကြက် “ မရှင်းဂန်း ” သည် ရှဖီး ထက် ကြီး သယောင် ရှိ သကဲ့သို့ ယခု မူ ရှဖီး က သူတို့ ကြက် ထက် ကြီး သယောင် ရှိနေ၏ ။ ထို့ကြောင့် ကြက်ကောင် ချင်း မှာ ကျွန်တော် တို့ ကြက် က သာ နေချေပြီ ။ သို့သော် သူတို့ ဘက် က ပြန်၍ ထေသည် မှာ သူတို့ ကြက် အတတ် က နှစ်ဖက်စုံ ရှိသည် ။ ချွန်ထက်သည် ။ ရှဖီး က မူ နဂို ကတည်း က အတက် အောင် သော ကြက် မဟုတ် ။ တစ်ဖက် က ကျိုး နေ၍ အငုတ် မျှ ရှိလျက် တစ်ဖက် က လက်ဆစ်ဝက် မျှ ရှိ သော်လည်း အချွန် မဟုတ် ။ ခပ်တုံးတုံး ပဲ ။ သူ သည် ဤ အတက်ဗု နှင့် ပဲ တစ်ဖက် ကြက် ကို အလဲအကွဲ ထု ခဲ့သည် ။ ဤ အတက် တစ်ဖက်ကလေး နှင့် ပင် အပွဲပွဲ နွှဲ ခဲ့သည် ။

ဒီတော့ ကျွန်တော် တို့ စဉ်းစားရ မှာ က ဟို က အတက် နှစ်ဖက် ချွန်သည် ။ သည် က အတက် တစ်ဖက် ထဲ နှင့် ဗု ဖြစ်သည် ။

အို ... အတက် ဆိုတာ ခံရမှ စူး နိုင်တာပဲ ။ ဒီက ကြက်ကောင် ကြီး ၍ အားသာ နေတာ ၊ သူတို့ ကြက် က ဘယ် စူးလို့ ရမှာနည်း ။ ရှဖီး တိုက်ခဲ့တာ မှာ ဒီလို သူ့ ထက် ကြက်ကောင် ငယ်တာ တစ်ခါမှ မတွေ့ဖူးသေး ဘူး ။ ဟာ ... တိုက်မယ် တိုက်မယ် ၊ ဒီ ကြက်မျိုး မတိုက် ဘယ် ကြက်မျိုး သွား တိုက် မှာတုန်း ။

သို့သော် ရှဖီး ခွပ်ရက် က နု သေးသည် ။ ဒီနေ့ မှ ဆယ့်တစ်ရက် ရှိသေးတာ ။ စောင့်ဦးမှ - စောင့်ဦးမှ ။

ဤတွင် သူတို့ ပဉ္စမံတပ်သား ဘက် က လော လာသည် ။

“ ဒီ ၃ ၊ ၄ ရက် အတွင်း တိုက်ဖြစ် ရင် တိုက်ဖြစ် မတိုက်ဖြစ် ရင် သူတို့ ကြက် တခြား ဝိုင်း သွား ချတော့မယ်တဲ့ ”

အဲသည် အခါ မှ ကျွန်တော် တို့ လူစု စဉ်းစားရ ပြန် တော့သည် ။

ဒီ ကြက်ကလေး လက်လွတ် ခံ မလား ။ ရှဖီး ဟာ အရင် ပွဲ တုန်း က သိပ် မနာခဲ့ ။ အချိန်လည်း တစ်နာရီ မျှ မကြာခဲ့ ။ ဒီတော့ ခွပ်ရက် သုံးပတ် စောင့်စရာ မလိုပါဘူး ။ နှစ်ပတ် လောက် ဆိုရင် ရနိုင်ပါပြီ ။ တချို့က ဆိုလာ ပြန်သည် ။ တချို့က စဉ်းစားကြပါဦး ပြောသည် ။

ဤတွင် ပဉ္စမံတပ်သား ဘက် က သူတို့ ကြက် မှာ ခွပ်ပတ် တွေ ဝေး နေ၍ ဘယ်နေ့ ဘယ်ရက် က ကျော် လျှင် မတိုက်နိုင်တော့ဘူး ။ ကြက် မှာ ခွပ်ပတ် ဝေးလျှင် လည်း ခွပ်တမ်း ပျက် တတ်သည် ။ ယခု ခွပ်ပတ် အဝေး နှင့် အနီး ညှိ နေရသည့် သဘော ။

ထို့ကြောင့် ကျွန်တော် တို့ သည် ရှဖီး ခွပ်ရက် နှစ်ပတ် စေ့သော တနင်္ဂနွေနေ့ တွင် တိုက်ရန် အားလုံး သဘောတူ ရက်ချိန်း ပေး လိုက်တော့ သည် ။

နေရာ က တော့ သည် တစ်ခါ ကျွန်တော့် အိမ် နောက်ဖေး မှာ ကျွန်တော်တို့ ဝိုင်း အချင်း ၁၅ တောင် လောက် ရှိသော စည်း ကို ဝိုင်း လိုက် သည် ။ အလယ် က အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တစ်တောင် လောက် ကြက်ခြေခတ် လိုက်သည် ။ ကြက် လွှတ်ရန် နေရာ ။

လူ စုံ ၍ နှစ်ဖက် ကြေး စပ် ကြသည် ။ အနည်းဆုံး လက်ရင်း ၂၂ဝဝိ ထွက်မည် ဖြစ်ခြင်းကြောင့် ကျွန်တော် တို့ မှာ သည် အကောက်ပဲ တစ်ယောက် လျှင် ၂ဝဝိ ရကြတော့မည် အတွက် “ ကိုကံညွန့် ရေ သည် တစ်ပွဲ ပြီး ရှဖီး ကို နားတော့မှာပဲ ။ ကျွန်တော် ၂၅ဝိ ကစားမယ် ဗျာ ” ဆိုတော့ သူ က လည်း “ ဟုတ်တယ် ... ကျွန်တော် လည်း ၅၅ဝိ ပဲ ” ဆိုသည်နှင့် အားလုံး ကျွန်တော် တို့ ဘက် က ပေါင်း လိုက်တော့ ၂၂ဝဝိ နှင့် ၆၆ဝိ ။ ကျွန်တော်တို့ ဘက် က တော်တော်ပဲ ဖိ အော လိုက်ခြင်း ။

အောင်မယ် ... ဒါတောင် သူတို့ ဘက် က နည်းသေး သတဲ့ ။ ၃၃ဝဝိ ပြည့် အောင် လုပ်ပါတဲ့ ။ သည်တော့ ကျွန်တော့် ဘက် က ၁၁ဝိ ထပ် တိုး ခြင်းဖြင့် ၂၂ဝဝိ နဲ့ ၇၇ဝိ ။ ဟီ - ဟိ ဒီလိုဆို ကျွန်တော် နှင့် ကိုကံညွန့် က လက်ရင်း အကောက် ပဲ တစ်ယောက် ၂၇ဝိ စီ ရ နေပြီမို့ ၅၅ဝိ လောင်း ထား တော့ ရှုံး ရင် ၂၈ဝိ ပဲ ။ နိုင်ရင် ၇၂ဝိ ။ မနိပ်လားကွယ်ရို့ ။ နောက် လက်ဖျား အကောက် လည်း ရဦးမှာ ။

ကဲ ... ကြက် လွှတ်မယ် ။

ဒီ လ နဂါးခေါင်း က အနောက်ဖက် လှည့် တာမို့ တောင် နဲ့ မြောက် လွှတ် ရမယ် ။ ဘယ်သူ ဘယ် က နေချင် သလဲ ။ နတ်နေ လတ်နေ ကို ကြက်စွဲ နှစ်ယောက် လုကြမည် မို့ ခေါင်းပန်းမြှောက် ဟု ပြောကြသည် ။

ကဲ ဆို ... ဘယ်သူက ခေါင်း လဲ ပန်း လဲ ။ ၂၅ ပြားစေ့ ကို မြှောက် လိုက်သည် ။ ဟား ... ကျွန်တော်တို့ ကြက်စွဲ ပြောတဲ့ ခေါင်း ကျ သည် မို့ လတ်နေ နတ်နေ ဘက် ကျွန်တော် တို့ ကြက် က ရပြီ ။ ကိုကံညွှန့် က လည်း သူ့ ကြက် ကို အရက် နဲ့ နတ် ပသ ထားသေးသည် ။

ကြက်စွဲ နှစ်ယောက် သူ့ နေရာ သူ ထိုင်မိကြသည် ၌ ကျွန်တော် က ဒိုင်လူကြီး ဝတ္တရား အတိုင်း စကား ပြောရသည် ။

“ သုံးခါကောက် တစ်ခါက ကြက်သာ ခေါ် ကြက်နာလား ၊ ကြက်လဲ မထူ ၊ ကြက်မွေး မယူ ၊ ရေပေး လေပေး တစ်ဖက်ကြက် မထိစေရ ၊ အတောင်ကျိုး ပေါင်ကျိုး စုံကန်း ၊ ထွက်ပြေး ခွပ်ဖက် မရ ၊ အရှုံး ဒါတွေ ခင်ဗျားတို့ သိပြီးသားပါဗျာ ။ ကဲ ... လွှတ် ”

ကြက် နှစ်ကောင် စ လွှတ် လျှင် လွှတ် ချင်း မူ ကား နောက် မကြာမီ တဆူဆူ တပြဲပြဲ အော် တော့မည့် ကြက်သမား တို့ သည် မီး ကို ရေ နှင့် သ,တ် လိုက်သကဲ့သို့ အပ်ကျသံ ပင် ကြား ရ လောက် အောင် ဆိတ်ငြိမ် နေကြသည် ။ ကြက် နှစ်ကောင် လေးငါးဆယ်ခါ စီ ခုန်ပြီ ဆိုသော အခါ၌ ကား ကျွတ်စီ ကျွတ်စီ စ၍ ညံ လာ တော့သည် ။ ဒါကြောင့် ကျွန်တော့် မှာ “ တိုးတိုးဗျ ...တိုးတိုး ဗျ ၊ ဒါ အမိန့်ရ ဝိုင်းကြီး မဟုတ်ဘူး ” ဟု တဖွဖွ ပြောနေရ၏ ။

ဝိုင်း ထဲ မှာ ၃ မိနစ် မျှ ကြာသော အခါ၌ ကျွန်တော် တို့ ကြက် ရှဖီး ခြေ က ဟို ကြက် ရင်ဘတ် ကို တစ်ချက် ပြင်းပြင်း ဝင် သွားသော အခါ ကျွန်တော် တို့ ကြက်စွဲ ကိုမြလှိုင် က စပြီး “ တစ်ရာ အစိပ် ကဲ ”ဟု အော် လိုက်လေ၏ ။ သူတို့ ဘက် က ချက်ချင်း ထွက် မလာရဲ ။ နောက် ခဏကြာ သူတို့ ကြက် က တစ်ချက် ပြန် ခွပ် လိုက်သောအခါ မှ “ အစိပ်ကဲ လာတော့ ” ဆိုသော အခါ ဒီဘက် က “ ဟာ သူခွပ် ကိုယ်ခွပ် ပဲ လယ်ဗယ် ပဲ ” ဆို၍ ဆတူ နှစ်ဆိုင်း သုံးဆိုင်း လောင်း လိုက်ကြသည် ။

သည်လို သူတင် ငါတင် ကြိတ် နေကြရာ မှ သုံးခါ ကောက် ၍ တစ်ခါ ကု ပြီး အလွှတ် တွင် ရှဖီး ၏ တစ်ဖက်သော အတက်ကလေး မှာ ကျိုးထွက် သွားလေ၏ ။ ကျွန်တော်တို့ ဘက်သားတွေ ဟာကနဲ ဖြစ် သွား ကြကုန်သည် ။ ဟင် ဒီ အတက် ဗုကလေး တစ်ဖက် ရှိတာ ဒါကလေး အရင်း က ကျွတ်ထွက် သွားတော့ လက်နက်မဲ့ ဖြစ်ချေပြီပေါ့ ။ ဟို ကြက် က နှစ်ဖက် ချွန် ၊ သူ တစ်ချက် ကိုယ် တစ်ချက် ခွပ်ရာ မှာ စူး လိုက်တော့ မပြော ပါနှင့် တော့ ။ သူတို့ ကြက် နာမည် က စိန်ဓားမြှောင် တဲ့ ။ နာမည် နဲ့ လိုက်ပါပေ့ ။ နောက် နာရီဝက် မျှ အကြာ တွင် ရှဖီး မျက်လုံး တစ်ဖက် ကန်း သွား ချေပြီ ။ အတိုချုံး ၍ ပြောပါမည် ။ နောက်ဆုံး ၌ ရှဖီး ရှုံး ပါသည် ခင်ဗျာ ... ။

◾စိစစ် ဝေဖန်ကြခြင်း

ကြက်ဝိုင်း တို့ ထုံးစံ အတိုင်း ပွဲ ပြီးသော အခါ နိုင်သူများ က ငွေ ယူ ပြန် သွားကြ ၍ ရှုံးသူများ က ခေါင်းချင်း ဆိုင်ကာ တီးတိုးတီးတိုး နှင့် ကျန်ခဲ့ကြသည် မှာ ဓမ္မတာ တည်း ။ သူတို့ သည် ကြက် ခွပ်ပုံ ခွပ်နည်း ကို တဖျစ်တောက်တောက် ပြောကြသည် ။

“ ရှဖီး ပထမဦးဆုံး ခြေ တစ်ချက် ဝင် လိုက်တော့ ဟို ကြက် တစ်စောင်း ထိုး သွားတာပဲ ။ အဲဒါ ကိုမြလှိုင် က တစ်ရာအစိပ် ကဲ ခေါ်တော့ တာ ရင်အေးရပြီ လို့ အောက်မေ့လိုက်တယ် ”

“ ရှဖီး ဟာ ခါတိုင်း ဆို ဒီလို တစ်ချက် ဝင် ပြီးရင် ဇက်တိုက် ဆက် တော့တာ ။ အခု ဒီလို ဘာကြောင့် မဆက် လဲ မသိဘူး ”

“ အဲဒါ ခွပ်တောက် နီးတာ ဗျ ။ ခွပ်ရက် သုံးပတ် မပြည့်ဘူး ။ နှစ်ပတ် နဲ့ တိုက် တဲ့ အတွက်ပဲ ။ ကြက်ခွပ်သား နု နေတော့ စိတ် သွားတိုင်း ကိုယ် မပါဘူးပေါ့ဗျာ ”

“ နို့ ... အတက် ကျိုးရတာကတော့ ”

“ ကြက် ခွပ်အား ပျက် ပြီး အကျ မကောင်းလို့ပေါ့ ။ မြေကြီး နဲ့ အတက် ထောက်ပြီး ကျိုး ရတာ ”

“ မျက်လုံး ကန်း ရတာကတော့ ”

“ ဒီ က ခွပ်လမ်း ပျက် နေတော့ ဟို က ခွပ်ပေါက် ကောင်းကောင်း ရ သွားတယ် ။ နို့ပြီး ဟို က အတက် နှစ်ဖက်ချွန် ၊ ဒီက ရှိတဲ့ ဗုလေး တောင် ကျိုး သွားတော့ ဓားမြှောင် နဲ့ လက်သီး ထိုးရသလို ခံရတော့တာပေါ့ ဗျာ ”

“ နောက်ဆုံး အချုပ် ပြောရရင် ဗျာ ဟိုကောင် တွေ ဆင် ကွက် ထဲ ကျုပ်တို့ ဝင် သွားတယ် ။ ရှဖီး ခွပ်ပတ် မစေ့ လို့ ခွပ်လမ်း ပျက်တာရယ် ၊ ဟိုက တက်ချွန် နှစ်ဖက် ရှိတာရယ် ၊ ဒါပဲ ။ ကျုပ်တို့ လူတွေ ညံ့ လို့ ခံရတာဗျ ။ ဟွန်း ... တစ်ဖက် ကြက် အထင် သေးပြီး တိုက်ချင် အရင် လိုကြတာကိုး ။ ခံကြပေရော့ ”

ကဲ ... နတ် က ကော ဘာ သဘောလဲ

“ ဒီမယ် ကိုကံညွန့် ခင်ဗျား ကျွန်တော့် ဆီ က အရက် ယူပြီး နတ် ကို ပသသေးတယ် မဟုတ်လား ”

“ ဟုတ်တယ်လေ ကျွန်တော့် ထုံးစံ အတိုင်း လုပ်တာပဲ ”

“ ဒီတော့ ရှဖီး က အရင်တုန်း က လို သောက်ကဲ့လား ”

“ နတ် မြှောက်ပြီး သူ့ ရှေ့ အရက် ပန်းကန် ချ လိုက်တော့ သောက်တာပဲ ”

“ ကဲ ... အရင် တစ်ခါ နတ် တင် တဲ့ အရက် ကြက် သောက်တာ မြင်တော့ ခင်ဗျား က “ နိုင်ပြီ ” လို့ ပြောခဲ့တဲ့ အတိုင်း နိုင်တယ် ။ ခု တစ်ခါ တော့ ကြက် အရက် သောက်ရက် နဲ့ ဘာပြုလို့ ရှုံးရ သလဲ ။ ခင်ဗျားတို့ နတ် က ဘာသဘော တဲ့ လဲ ”

ထိုအခါ၌ ကိုကံညွန့် သည် ခေတ္တမျှ တွေဝေ စဉ်းစား နေပြီး နောက် ခဏ ကြာ မှ သူ့ မျက်နှာ ဝင်းပြောင် လာကာ ...

“ ဟာ ... သိပြီ သိပြီ ။ အရင် တစ်ခါတုန်း က နှုတ်သီး နဲ့ နှစ်ခါ တောင် ပေါက် သောက် တာဗျ ။ အခု တစ်ခါတော့ တစ်ချက် ထဲ ပေါက် သောက် ပြီး မျို မချဘူး ။ ခေါင်းရမ်း ပြီး အရက် ကို ခါထုတ် ပစ်တယ် ။ အောင်မယ်လေး ကြည့်စမ်း ကြည့်စမ်း အဲသည် ကတည်း က ကျွန်တော် တို့ သိဖို့ ကောင်းတာပဲ ။ နတ် က မနိုင်နိုင်ဘူး လို့ ကြက် ကို ပြောခိုင်းတာဗျ ”

ကိုကံညွန့် သူ့ နဖူး လက်ဝါး နှင့် ရိုက်၍ နောင်တ ကြီးစွာ ရပုံ နှင့် ပြောနေ သော်လည်း ကျွန်တော့် မှာ ဘဝင် မကျနိုင် ။

“ နေပါဦး ကိုကံညွန့် ၊ အရင် တစ်ခါ အရက် တုန်း က ခင်ဗျား ဘယ် က ဝယ် တာလဲ ”

“ ဟို ... တိတ်တိတ်ပုန်း ကိုမဲကြီး ဆီ က ပေါ့ ”

“ ဟာ ... ဒါက ရေ ရော ထားတဲ့ တောအရက် ပေါ့ပျက်ပျက် ကြီးတွေပဲ ဗျ ။ ခု မနက် ခင်ဗျား ကျွန်တော့် ဆီ က ယူ တာ က အစိုးရ ဘီအီးဒီစီ ဗျ ။ လူ တောင် ရေ ရော သောက် ရတာ ကို ခင်ဗျား ကြက် ဘယ်မှာ မထုတ်ဘဲ နေနိုင်ပါ့မလဲ ”

စင်စစ် လူ နှင့် လက်ပွန်းတတည်း နေသော ကြက် တို့ သည် မိမိ သခင် ကျွေးသော အစာရေစာ ကို စားသောက် နေကြ ဖြစ်၍ သခင် က သူ့ ရှေ့ တစ်ခု ခု ပေး လိုက် လျှင် စားသောက်မည် သာ ။ ယခု ကျွန်တော့် အိမ် ၌ ရှိသော “ ရွှေဗျိုင်းဖြူ ” ခေါ် တိုက်ကြက်ကြီး သည် ငှက်ပျောသီး အလွန် ကြိုက် လေ ရာ ငှက်ပျောသီး ကို ထောင် ၍ အခွံ နွှာ ပြစမ်းပါ ။ မြင်ရာ နေရာ က ပြေး လာ ပြီး စားပါ သတည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment