ကိုဘဂျမ်း စဉ်းစားတယ် ။
မအေးနု က တော်ပါတယ် ။ ကိုဘဂျမ်း အပေါ် မှာ လဲ ချစ်ခင်ကြင်နာတယ် ။ တဘက် က “ လောကအလင်း ” စာအုပ်ဆိုင် ကို တာဝန် ယူ ထားပေမယ့် သားသမီး တွေ နဲ့ မောင်ငယ် ညီမငယ် တွေ အပေါ် မှာ လဲ တာဝန် မပျက် ထိန်းသိမ်း စောင့်ရှောက် နိုင်တယ် ။ သည် အထဲ က အိမ်မှုကိစ္စ တွေ ကို လဲ စီစဉ် လုပ်ဆောင် နိုင်တယ် ။ အိမ် မှာ အိမ်ဖော် မရှိဘူး ။ အခကြေးငွေ ပေးပြီးတော့ လဲ အိမ်ဖော် မငှားဘူး ။ ဒါပေမယ့် အမေ မရှိတော့ တဲ့ အခါ ချက်ရေး ပြုတ်ရေး က အစ အိမ်ထောင် ထိန်းသိမ်းရေး အဆုံး အလုပ်တွေ အားလုံး ကို မအေးနု တယောက် တည်း သိမ်းကျုံး မလုပ်နိုင် တာ က တော့ အမှန်ပဲ ။ ဆိုင် က လဲ တဘက် ရှိသေးတယ် ။ အချိန်တန် ယင် ဈေး ထွက်ရ ဦးမယ် ။ မောင်ငယ် ညီမငယ် တွေ အတွက် က လဲ တာဝန်တွေ ရှိသေးတယ် ။ ကိုယ် ကိုယ်တိုင် သား နဲ့ သမီး နဲ့ ။ ဘယ်နည်း နဲ့ မှ တယောက် တည်း မနိုင် နိုင်ဘူး ။
သည်တော့ မလိုချင်ဘူး ။ ခင်မောင်လတ် ရဲ့ အောက် မှာ ညီမ နှစ်ယောက် ဆင့်ရက် ရှိတယ် ။ မယဉ်နု နဲ့ မဖြူနု ။ ငယ် တော့ ငယ်ကြသေးတယ် ။ အမေ ဆုံး တော့ မယဉ်နု က ဆယ့် လေး ပဲ ။ မဖြူနု က ဆယ့်နှစ်နှစ် ။ ဒါပေမယ့် ကျောင်း က ထွက် ။
မယဉ်နု နဲ့ မဖြူနု ကို ကျောင်း က နုတ် လိုက်တယ် ။ အိမ် ရဲ့ တာဝန်တွေ ကို ခွဲဝေပြီး ထမ်းဆောင် ခိုင်းတယ် ။ အငယ်ဆုံး လေးယောက် ရှိသေးတယ် ။ အဲသည် အငယ်ဆုံး လေး ယောက် အနက် ကျောင်း ထားလက်စ ဖြစ်တဲ့ ခင်မောင်လေး နဲ့ မထားနု ကို တော့ ထိန်းကြ ။ မီးဖိုချောင် မှာ လဲ ကူကြ ။ အိမ် သန့်ရှင်းရေး မှာ လဲ ကူကြ ။ လျော်ရာ ဖွပ်ရာ မှာ လဲ ကူကြ ။ မအေးနု ကိုယ်တိုင် က ကြီးကြပ်ပြီး ကွပ်ကဲ ပေမယ့် ၊ သည် အငယ် တွေ ကို ပဲ အကြီး လုပ်ခိုင်း ခဲ့တယ် ။
တခု တော့ ရှိတယ် ။ မအေးနု တို့ အမေ ဆုံး ပြီး လို့ တနှစ် လောက် ကြာတော့ ၊ မအေးနု မှာ သမီးကလေး တယောက် နောက်ထပ် ရ လာတယ် ။ မောင်ချမ်းအေး ရဲ့ အောက် ၊ ဒုတိယ မြောက် ဆိုပါတော့ ။ နုနုအေး ။
သိတဲ့ အတိုင်း ကလေး တယောက် မွေးရတယ် ဆိုတာ ကလဲ နည်းတဲ့ ဒုက္ခ မှ မဟုတ်ပဲ ။ ကိုယ်ဝန် ရင့် လာပြီ ဆို ကတည်း က မအေးနု ရဲ့ လုပ်အား က လျော့ လာပြီ ။ သိပ် ပင်ပင်ပန်းပန်း လဲ မလုပ်နိုင်ဘူး ။
သည်တော့ အကြံဉာဏ် ထုတ်ရတယ် ။ ဘာ လုပ်ကြမလဲ ။ ဘယ်လို လုပ်ကြမလဲ ။ ဘယ်ပုံဘယ်နည်း ဆက် လှုပ်ရှားကြမလဲ ။
သည်မှာ ကိုဘဂျမ်း က ပဲ အကြံ တခု ပေးတယ် ။ အခ ကြေးငွေ ပေးပြီး ငှား ရတဲ့ အိမ်ဖော်မျိုး ကို တော့ အိမ် မှာ မထား ချင်ရိုး အမှန်ပဲ ။
သည်တော့ မအေးနု တို့ ရဲ့ဆွေမျိုးတွေ ထဲ က အမေ အရွယ် ၊ အဒေါ် အရွယ် အသက် ကြီးကြီး အမျိုးသမီး တယောက် ကို အရှာ ခိုင်းတယ် ၊ မအေးနု တို့ ရဲ့ အမေ့ ဘက် က ဆွေမျိုး တွေ ရှိတယ် ။ များသောအားဖြင့် ဆင်းရဲကြတယ် ။ တောသူတောင်သား တွေ ပဲ ။
မန္တလေး မေမြို့ ကားလမ်း ဘေး မှာ ထုံးဘို ဆို တဲ့ ရွာ တရွာ ရှိတယ် ။ ထုံးဘိုရွာ ဆိုတာ က မအေးနု တို့ အမေ ရဲ့ ဇာတိ ။ ကိုဘဂျမ်း နဲ့ မအေးနု တို့ အဲသည် ရွာ ကို သွား ကြတယ် ။ စနည်း နာ ကြတယ် ။
ရလာတာပါပဲ ။ မအေးနု တို့ အမေ နဲ့ ညီအစ်မ နှစ်ဝမ်းကွဲ တော်တယ် လို့ ပြောတယ် ။ ဒေါ်ပြည့် တဲ့ ။ အသက် က လဲ မအေးနု တို့ အမေ ရဲ့ အရွယ် ပါ ပဲ ။ ဒါပေမယ့် ဒေါ်ပြည့် က လဲ မုဆိုးမ ။ ခင်မောင်လေး နဲ့ ရွယ်တူ သားကလေး တယောက် လဲ ရှိတယ် ။ ရွာ မှာ တော့ ထုံးဖို တွေ အတွက် ထုံးကျောက် သယ်တဲ့ အလုပ် ကို လုပ်ယင်း နဲ့ ကြံဖန် လုပ်ကိုင် စားသောက်နေကြတာပဲ ။
မအေးနု က သည်လို သည်လို ပဲ လို့ အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်း လိုက်တော့ ၊ ဒေါ်ပြည့် လဲ သိပ် စဉ်းစား မနေပါဘူး ။ ကောက်ကာငင်ကာ လိုက် လာတာပဲ ။
တခုတော့ ရှိတယ်ပေါ့ လေ ။ တယောက် ပဲ လိုချင်ပေ မယ့် ၊ နှစ်ယောက် ခေါ် လာရတာပေါ့ ။ ဒေါ်ပြည့် ရဲ့ သား ကလေး မောင်ချိန် က လဲ မဆိုးပါဘူး ။ ဆယ်နှစ်သား ပဲ ရှိသေးတယ် ဆိုပေမယ့် ထမင်းဟင်း ချက်တတ်တယ် တဲ့ ။ ဟင်းချက်တယ် ဆိုတာ က တော့ တောချက်ပေါ့လေ ။
ကိုဘဂျမ်းတို့ အိမ် မှာ ကတော့ မောင်ချိန် ကို မီးဖိုချောင် မှာ မသုံးပါဘူး ။ အိမ် မှာ လဲ မသုံးပါဘူး ။ “ ချမ်းအေးစာနယ်ဇင်း ” မှာပဲ အကူအညီ ပေးဖို့ ခေါ် ထားတယ် ။ ကိုဘဂျမ်း နဲ့ အတူ မနက် နေထွက် က နေ ညဘက် ရှစ်နာရီ ကိုးနာရီ လောက် အထိ ဆိုင် မှာ ပဲ နေပေါ့ ။ အိပ်ခါနီး မှ ဆိုင် ပိတ်ပြီး အိမ် ပြန် ပေါ့ ။
ဆိုပါတော့ ။ ဒေါ်ပြည့် တို့ သားအမိ ရောက် လာတဲ့ အတွက် အကူအညီ အများကြီး ရလာတယ် ။ မအေးနု အတွက် လဲ အများကြီး အလုပ် သက်သာ လာတယ် ။ ကိုဘဂျမ်း နဲ့ ခင်မောင်ဦး တို့ အတွက် လဲ ဆိုင် မှာ လက်တိုလက်တောင်း အကူအညီ ရလာတယ် ။
မဆိုးပါဘူး ။ နုအေး ကို မွေး ပြီးလို့ နှစ်လ လောက် အကြာ မှာ ပဲ ပုံမှန် ပြန် ဖြစ် လာပါတယ် ။ မအေးနု က လဲ ကျန်းမာရေး ကောင်းပါတယ် ။ အယင် က အတိုင်း သူ့ တာဝန်တွေ ကို သူ ဆက်လက် ထိန်းသိမ်း နိုင်ပါတယ် ။
တခု ပဲ ရှိတယ် ။ ကိုဘဂျမ်း ကိုယ်တိုင် က လဲ မအေးနု ကို မပြောရက်ဘူး ။ မပြောရက် လို့ လဲ မပြောဘူး ။ ဒါပေမယ့် အလုပ် လုပ်ရာမှာ နည်းနည်း အနှောင့်အယှက် ဖြစ်တဲ့ အတွက် နည်းနည်းတော့ စိတ် ထဲ မှာ ညစ်မိ သလိုပဲ ။ မအေးနု ကိုယ်တိုင် ကလဲ သည်ဘက် က မထိန်းသိမ်းနိုင် တဲ့ အတွက် စိတ်ညစ်မိပါတယ် ။ ဒါပေမယ် ဘာ တတ်နိုင်မလဲလေ ။ ရတနာ ရှိရာ ရတနာ စုတယ် တဲ့ ။ သားသမီး နီးလွန်း အားကြီးတယ် ။
သားသမီး နီးတော့ ဘာပဲ ပြောပြော မိဘ ပင်ပန်းတာ ပေါ့ ။ ပြီးတော့ သည် ဒုတိယမြောက် ကလေး နုနုအေး က သားဦး မောင်ချမ်းအေး နဲ့ မတူဘူး ။ ကိုဘဂျမ်း တို့ က အယူ မသည်း ပေမယ့် ၊ စနေ သမီး မို့ လား မပြောတတ်ဘူး ။ မိဘ ကို နည်းနည်း ဒုက္ခ ပေးချင်တယ် ။ မောင်ချမ်းအေး တုန်း က လို အိမ် မှာ အမေ ရှိတဲ့ အခါ အမေ့နို့ ကို တိုက်ပြီး ၊ အမေ ဈေးထွက် နေတဲ့ အချိန် မှာ နို့မှုန့် တိုက် လို့ မရဘူး ။ ဆိုလိုတာ က နို့ နှစ်မျိုး ပြောင်း တိုက်လို့ မရဘူး ။ နို့ နှစ်မျိုး တိုက် ယင် ဝမ်း သွားတယ် ။
ခက်တာက “ လောကအလင်း ” ကို ခင်မောင်လတ် တယောက် တည်း နဲ့ ချည်း ပစ် ထားလို့ မရဘူး ။ ခင်မောင်လတ် လဲ မရောင်းတတ် မဝယ်တတ် ဘူး တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဆိုင် မှာ တယောက် တည်း ဆိုတော့ အိမ်သာ သွားချင်ဦး တော့ ဘယ်သူ စောင့်မလဲ ။
ပြီးတော့ မိတ် ဆိုတာ က ရှိသေးတယ် ။ အရောင်းအဝယ် ဆိုတာ သူ့ မိတ် နဲ့ သူ မှ ဖြစ်တာ ။ ဝယ်သူ ဆိုတာ က လဲ ကိုယ် နဲ့ မျက်မှန်း တန်းမိတဲ့ ဝယ်နေကျ လူ နဲ့ တွေ့ မှ ဝယ်တတ်တာ ။
သည်တော့ ဆိုင် မှာ မအေးနု မထိုင်လို့ မဖြစ်ဘူး ။ နောက် အကျဆုံး မနက် ဆယ့်တနာရီ လောက် မှာ တော့ မအေးနု ဆိုင် ကို ရောက်ဖို့ လိုအပ်တယ် ။ အိမ် မှာ အိမ်မှုကိစ္စ တွေ ကို အကုန် စီစဉ် ဆောင်ရွက်ခဲ့ ။ မနက်စာ ထမင်းစား ။ ဆိုင် နှစ်ဆိုင် အတွက် ထမင်းချိုင့် နှစ်ချိုင့် ထည့် ။ ပြီးတော့ အိမ် က ထွက်ခါနီး မှာ ကလေး ကို နို့ ဝအောင် တိုက် ။ ဒါ လုပ်ရိုးလုပ်စဉ် ပဲ ။ မောင်ချမ်းအေး တုန်း က လဲ သည်လိုပဲ လုပ်တာပဲ ။ အဆင် ပြေခဲ့တယ် ။ အိမ် က နေ ဆယ်နာရီခွဲ လောက် မှာ ထွက်ဘယ် ။ ညနေ လေးနာရီခွဲ လောက် မှာ အိမ် ပြန် ရောက် တယ် ။ တနေ့ မှာ ခြောက်နာရီ လောက် ပဲ ဆိုင် ထွက်တာပဲ ။
သည်လောက် က တော့ ဆိုင် အတွက် မအေးနု အချိန် ပေး ရမယ် ။ အထူးသဖြင့် အရောင်းအဝယ် များ တတ်တဲ့ သည် အချိန် ပိုင်း မှာ မမအေးနု ရှိနေဖို့ လိုအပ်တယ် ။
ကလေး ဆိုတာ က တော့ ဆာ မှာပေါ့ ။ ကြားထဲ မှာ ဘယ် အဆာ ခံ နေနိုင်ပါ့မလဲ ။ သည်တော့ မအေးနု ဆိုင် ထွက် နေချိန်မှာ တကြိမ် တော့ နို့မှုန့် ဖျော် တိုက် ရမှာပေါ့ ။ မောင်ချမ်းအေး တုန်း က လဲ လက်တိုဂျင် နို့မှုန့်ဗူး နဲ့ အစား ထိုး ခဲ့ရတာပဲ ။သည် ကလေး နုနုအေး ကျတော့ လဲ သည် လက်တိုဂျင် ပဲ တိုက်တာပဲ ။ ဒါပေမယ့် နုနုအေး ကျတော့ အဲသည်လို အမေ့ နို့ တလှည့် ၊ နို့မှုန့် တလှည့် ၊ ရော တိုက် လို့ မရဘူး ။
နို့မှုန့် ဖျော်တဲ့ လူ က ပြောင်းသွားတော့ ၊ နို့ဗူးများ မသန့်လို့ လား ၊ ရေ က ပဲ မသန့်လို့လား ဆိုပြီး နို့ဗူး တွေ ကို လဲ မအေးနု ကိုယ်တိုင် ဆေးတယ် ။ ဆေး ရုံ တွင် မကသေးဘူး ။ ဇလုံ တခု ထဲ မှာ ပွက်ပွက်ဆူ နေတဲ့ ရေနွေး နဲ့ စိမ် ထား လိုက်သေး တယ် ။ ပြီး ပွက်ပွက်ဆူ နေတဲ့ ရေနွေး ကို ပဲ နို့ဖျော် ဖို့ အတွက် ဓာတ်ဗူး တလုံး နဲ့ သပ်သပ် ထည့် ထား ပေးခဲ့တယ် ။
ဒါပေမယ့် မရပါဘူး ။ ဝမ်း ပျက်တာ က တော့ ပျက် တာပဲ ။ ဝမ်းပျက် တဲ့ အတွက် ခဏခဏ ဆေးတိုက် ပြရတယ် ။ ဆရာဝန် က တော့ အကြံ ပေးတာပေါ့ ။ အမေ့ နို့ ကိုပဲ တိုက်ပါ တဲ့ ။ နို့မှုန့် မတိုက်ပါနဲ့ တဲ့ ။ ပြီးတော့ မလွှဲမရှောင်သာ လို့ နို့မှုန့် တိုက်ရမယ် ဆိုယင်လဲ နို့မှုန့် ပြောင်းပြီး တိုက် ကြည့်ပါတဲ့ ။ လက်တိုဂျင် ကို မတိုက်ပဲ ကောင်းအင်ဂိတ်တံဆိပ် နို့မှုန့် ကို ပြောင်း တိုက်ကြည့်ပါလားတဲ့ ။
ပြဿနာ က မကြာခဏ ဝမ်း ပျက်တယ် ။ ဝမ်း ပျက်တဲ့ အတွက် ကလေး က အာဟာရဓာတ် ချို့တဲ့ လာတယ် ။ ကြီးထွား သင့် သလောက် မကြီးထွားလာပဲ ပိန်တယ် ။
ဘာ နားလည်တဲ့ အရွယ် မှတ်လို့ ။ သည် နို့စို့ အရွယ် ကလေး ဆိုတာ က တော့ ဆာ တဲ့ အချိန် မှာ လဲ ငို တာပဲ ။ ဝေဒနာ ခံစားရတော့ လဲ ငို တာပဲ ။ တနည်း ပြောရယင်တော့ အီ တာ ပေါ့ ။ ကလေး က အီ တော့ လဲ ထိန်းရ ကျောင်းရ တဲ့ လူတွေ မှာ လက် ပေါ် က မချရတော့ဘူး ။ ကလေး အတွက် လူ တယောက် က အချိန်ပြည့် ထိန်း နေရတယ် ဆိုပါတော့ ။
သည်မှာ ဆရာဝန် ညွှန်ကြား တဲ့ အတိုင်း နို့မှုန့်ဗူး အပြာ က နေ နို့မှုန့်ဗူး အနီ ကို ပြောင်း တိုက်တယ် ။ ပြောင်း တိုက်ခါစ မှာတော့ ဟုတ်တုတ်တုတ် ဖြစ် လာတယ် ။ မအေးနု စိတ်ချမ်းသာ သွားတယ် ၊ အမေ့နို့ ကို ချည်း တိုက်ဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလေ ။ နေ့ခင်း ဘက် တနာရီ လောက် မှာ အိမ် ကို တခေါက် ပြန် ပြေးပြီး နို့ တိုက်ဖို့ ဆိုတာကလဲ မဖြစ် နိုင်ဘူး ။
မအေးနု တို့ နေကြတဲ့ ညောင်စဉ်တန်း ဆိုတာ ( အေ ) လမ်း ရောက်ဖို့ တပြ သာ လိုတော့တာပဲ ။ မအေးနု တို့ ဆိုင် ရှိတဲ့ ဈေးချို ( စီ ) ရုံ ဆိုတာ က နာရီစင် နား ကပ် နေပြီ ။ အိမ် အထိ ရောက်ဖို့ ဆိုတာ ရှစ်ပြ ကျော်ကျော် ရှိတယ် ။ နီးတဲ့ ခရီး မဟုတ်ဘူး ။
ဘာပဲ ပြောပြော ဘုရားကြီး ကို သွား တဲ့ မြင်းလှည်း ကြုံ နဲ့ ပဲ လိုက်ရမှာ ဆိုတော့ အသွား အပြန် နဲ့ ၊ နို့ တိုက်တာ နဲ့ ၊ အနည်းဆုံး တနာရီ လောက် ကြာမယ် ။
ပြီးတော့ အဲသည် အချိန် က လဲ အရောင်းအဝယ် အဖြစ် ဆုံး အချိန် ။ သားသမီး ရဲ့ ကျန်းမာရေး ထက် ၊ စီးပွားရေး က ပိုပြီး အရေးကြီးတယ် လို့တော့ မဆိုလိုပါဘူး ။ ဒါပေမယ့် ကိုယ်ခွဲ မရှိဘူးလေ ။ ကျန်းမာရေး က အရေးကြီး သလို ၊ စီးပွားရေး ကလဲ အရေးကြီး တာပဲ ။
ခက်တာ က “ ချမ်းအေးစာနယ်ဇင်း ” မှာ လဲ လူပို မရှိဘူး ။ ပြီးတော့ “ ချမ်းအေးစာနယ်ဇင်း ” က သည် “ လောကအလင်း ” မှာ ထက် ဆယ်ဆ လောက် အလုပ် ပိုများတယ် ။
ရန်ကုန် က ရောက် လာတဲ့ သတင်းစာထုပ် တွေ ၊ စာစောင်ထုပ် တွေ ၊ စာအုပ်ထုပ် တွေ ကို ဘူတာ မှာ နေ့စဉ် သွား ယူ ရတယ် ။ ဆိုင် ကို ရောက်လာပြန်တော့ လဲ အထုပ်တွေ ကို ဖြေရတယ် ။ အရေအတွက် ကို စစ်ဆေးရတယ် ။ သူ့ အမျိုးစား နဲ့ သူ စာရင်း သွင်း ရတယ် ။ ပြီးတော့ ဆိုင် ပေါ် တင်ရတယ် ။
တဆင့် ရောင်းဖို့ လာ စောင့် နေကြတဲ့ လက်ပွေ့ အရောင်း သမားတွေ က လဲ ရှိသေးတယ် ။ သည် လက်ပွေ့ သမားတွေ ကို လဲ သူ့ ယူနေကျ စာရင်း နဲ့ သူ ရောင်းရတယ် ။ စာရင်း မှတ်ရတယ် ။ ငွေ သိမ်းရတယ် ။ လက်ပွေ့ အရောင်းသမား တွေ ဆိုတာကလဲ အများကြီး ရှိတယ် ။ စာအုပ်ထုပ် တွေ ရောက် လာတဲ့ အချိန်မှာ ဆိုယင် ဆိုင် ထဲ မှာ အဲသည် လက်ပွေ့သမား ဖောက်သည် တွေ နဲ့ ပြည့် နေတာပဲ ။
သည် အထဲ မှာ လက်လီ တအုပ် ချင်း တစောင် ချင်း လာ ဝယ်တဲ့ လူတွေ က လဲ ရှိ သေးတယ် ။ အဲသည် အချိန်မျိုး မှာ ဆိုယင် ကြည့် နေ နိုင် မှ တော်ကာ ကျတယ် ။ နည်းနည်းကလေး မှ အလစ် ပေးလို့ မရဘူး ။ ငွေ ရှင်းပြီးသား လိုလို နဲ့ တပွေ့တပိုက် ကြီး ယူ ထွက် သွားယင် ဘယ့်နှယ် လုပ်မလဲ ။
စားပွဲ မှာ တယောက် က ထိုင် ပြီး တန်ဖိုး တွက် ၊ ငွေသိမ်း ။ နောက် တယောက် က ဖောက်သည်တွေ လိုချင်တဲ့ စာစောင် စာအုပ် အရေအတွက် ကို ရေတွက်ပေး ။ တချိန်တည်း မှာ ပဲ အလစ်သမား တွေ ကို ကျီးကန်းတောင်းမှောက် ကြည့် နေ ရသေးတယ် ။
လူ ဆိုတာကတော့ အမျိုးမျိုး ပဲ ။ မှန်မှန်ကန်ကန် လုပ်တဲ့ လူတွေ ရှိ သလို ၊ မသမာ တဲ့ လူတွေ လဲ ရှိ တာပဲ ။
တချို့ စာအုပ် ဖောက်သည်တွေ က များ ဆိုယင် သူတို့ လက် ထဲ မှာ ပါ လာတဲ့ စာအုပ်တွေ ကို ဆိုင် မှာ ခင်း ထားတဲ့ စာအုပ်တွေ ပေါ် မှာ ခေတ္တ ခဏ ချ လိုက်တယ် ။ ပြီးတော့ သူတို့ ဝယ်မယ့် စာနယ်ဇင်းတွေ ကို လိုက် ရွေးတယ် ။ ငွေ ချေတယ် ။ အဲ .. ပြန် အထွက် မှာ ကျတော့ စောစော က ခေတ္တ ခဏ ချ ထားတဲ့ သူ့ စာအုပ်တွေ ကို အထပ် လိုက် ပြန် ယူသွားတာပဲ ။ အမှတ်တမဲ့ ဆိုတော့ ကြည့် နေတဲ့ အထဲ က ကို မသိလိုက်ဘူး ။ ဒါပေမယ့် ခေတ္တခဏ ချ ထားပြီး ပြန်ယူ လိုက်တဲ့ အခါမှာ ဆိုင် က စာအုပ် သုံးလေးအုပ် လောက် က တော့ အောက်ဆုံး က ရောပြီး ပါသွား တယ် ။ စာအုပ် စာအုပ် ချင်း ထပ်ပြီး ဆိုင် က စာအုပ် ကို ပါ အပို ယူသွားတဲ့ သဘောပဲ ။
ခက်တာက သည်လို စာစောင် တွေ ၊ မဂ္ဂဇင်း တွေ ၊ ဝတ္ထု တွေ ရောင်းတယ် ဆိုတာ က လဲ ကိုယ့် တဆိုင် တည်း မဟုတ်ဘူး ။ တခြား ဆိုင်တွေလဲ ရှိသေးတယ် ။ မန္တလေး ကို တခြား ဆိုင်တွေ နဲ့ အတူ တပြိုင်တည်း ရောက်လာတာ ဆိုတော့ ၊ လက်ပူးလက်ကြပ် မိ တာတောင် တခြား ဆိုင် က ဝယ် လာ တာ လို့ ငြင်းတတ် လေ့ ရှိတယ် ။ ပြဿနာ က တခြား ဆိုင်တွေ နဲ့ အပြိုင် သူ့ ထက် ငါ ဦးအောင် အလုအယက် ရောင်းရတာ ဆိုတော့လဲ ၊ ရောက် လာ သမျှ စာအုပ် တိုင်း ကို ဆိုင်တံဆိပ် မနှိပ်နိုင်ဘူး ။ နှိပ် နေချိန် မရဘူး ။
တခါတရံ လ ကုန်ရက် လ ဆန်းရက် တွေ များ မှာ ဆိုယင် ရန်ကုန် က ပို့ လိုက် တဲ့ စာအုပ် တွေ က တပြိုင်တည်း စုပြုံ ပြီး ရောက် လာ တတ်ကြတယ် ။ သတင်းစာ တွေ ၊ ဂျာနယ် တွေ ကို ဘေးဖယ် ထား လိုက်ဦး ၊ လစဉ်ထုတ် မဂ္ဂဇင်း တွေ နဲ့ ဝတ္ထု တွေ ချည်းပဲ တောင် အရေအတွက် က နှစ်ထောင်မျိုး သုံးထောင်မျိုး ရှိတတ် တယ် ။ မနိုင်ဘူး ။
သည်တော့ “ ချမ်းအေးစာနယ်ဇင်း ” မှာ ကိုဘဂျမ်း တယောက် တည်း နဲ့ မဖြစ်ဘူး ။ ခင်မောင်ဦး ကို ပါ တွဲဖက် တာဝန် ယူ ခိုင်း ထားရတယ် ။ သာမန် အချိန် တွေ ဖြစ်တဲ့ ညနေ ဘက် နဲ့ ညဦး ပိုင်း မှာ တော့ ကိုဘဂျမ်း နှင့် ခင်မောင်ဦး နှစ်ယောက် တည်း နဲ့ နိုင်ပါတယ် ။
အဲသည်လို အရောင်းအဝယ် နည်းနည်း ပါးတဲ့ အချိန် မျိုး မှာ ကျတော့လဲ ခင်မောင်ဦး က စာရင်းအင်း တွေ လုပ် ရ တယ် ။ ကိုဘဂျမ်း က အပြင် လုပ်ငန်း ထွက် လုပ်တယ် ။
အပြင်လုပ်ငန်း ဆိုတာ က အပြင် ပုံနှိပ်စက်တွေ ကို သွားရ တယ် ။ “ လောကအလင်း ” အတွက် ကိုယ်ပိုင်စာအုပ်တွေ ပုံနှိပ် နေတာ ရှိတဲ့ အခါ ရှိတယ် ။ “ ချမ်းအေးစာနယ်ဇင်း ” က ထုတ်ဝေ မယ့် စာအုပ်တွေ ပုံနှိပ် နေတာ ရှိတဲ့ အခါ ရှိမယ် ။ အဲသည် အလုပ်တွေ အတွက် က လဲ ပုံနှိပ်တိုက် တွေ ကို တနေ့ တခေါက် မှန်မှန် ရောက် ရတယ် ။ မအားကြပါဘူး ။
ပြီးတော့ “ ချမ်းအေးစာနယ်ဇင်း ” လို စာအုပ်ဆိုင်မျိုး မှာ က ဧည့်သည်တွေ လာ တတ်တယ် ။ ရံဖန်ရံခါ စာပေဝါသနာ ပါတဲ့ လူငယ် စာပေသမား တွေ လာတယ် ။
ရံဖန်ရံခါ စာရေးဆရာ တွေ ၊ သတင်းစာဆရာ တွေ လာတယ် ။ ရံဖန်ရံခါ ရန်ကုန် က စာအုပ်ထုတ်ဝေသူ တွေ လာတယ် ။ အဲသည်လို လာ ကြတဲ့ ဧည့်သည် တွေ ကိုလဲ ဧည့်ခံရတတ်တယ် ။
ဧည့်ခံတယ် ဆိုတဲ့ နေရာ မှာ လဲ စာအုပ်ဆိုင် မှာ ပဲ ထိုင်ပြီး လက်ဖက်ရည်သောက် ၊ ကိတ်မုန့် လောက် နဲ့ တွင် ပြီးနိုင် တတ်တာ မျိုး ရှိတယ် ။ တချို့ ဧည့်သည် တွေ ကျတော့ ဆိုင် မှာ နဲ့ တွင် မပြီးတော့ဘူး ။ ထမင်း ကျွေး တန် လိုက် ကျွေးရသေးတယ် ။ အရက် တိုက် တန် လိုက် တိုက်ရသေးတယ် ၊ သည်နား တဝိုက် နှစ်ဆယ့်ရှစ်လမ်း နဲ့ နှစ်ဆယ့်ကိုးလမ်း က တရုတ် ထမင်းဆိုင်တွေ မှာ ပါပဲ ။ ဒါပေမယ့် အချိန် ကုန်တယ် ။ ငွေ ကုန်တယ် ။
သူတို့ ဆိုင် မှာ က အရောင်းအဝယ် လဲ ဖြစ်ပါတယ် ။ အကျိုးအမြတ် လဲ ရှိပါတယ် ။ ဒါပေမယ့် ဆိုင်စရိတ် က လဲ ကြီးတယ် ။
“ လောကအလင်း ” နဲ့ တော့ ဘာမှ မဆိုင်ဘူး ။ သဘော ပြောရယင် ... “ လောကအလင်း” က ကုန်ခြောက်ဆိုင် နဲ့ တူပြီး ၊ ‘ ချမ်းအေးစာနယ်ဇင်း ’ က ဟင်းသီးဟင်းရွက် ရောင်း တဲ့ ကုန်စိမ်းဆိုင် နဲ့ တူတယ် ။
စာအုပ် အမျိုးအစား ချင်း က မတူကြ သလို ၊ စာအုပ် တအုပ်ချင်း ရဲ့ တန်ဖိုး က လဲ မတူပါဘူး ။ စာအုပ် ဖတ် တဲ့ ပရိသတ် ချင်း က လဲ မတူပါဘူး ။
ဒါပေမယ် ဘာပဲ ပြောပြော ၊ နေ့စဉ်ရောင်းစာရင်း မှာတော့ “ ချမ်းအေးစာနယ်ဇင်း ” က အများကြီး သာတယ် ။
“ ချမ်းအေးစာနယ်ဇင်း ” က “ လောကအလင်း ” ထက် ပိုပြီး အကျိုးအမြတ် များတာ မှန်ပေမယ့် ၊ “ လောကအလင်း ” ကို လဲ ဖြုတ် ပစ်လို့တော့ မဖြစ်ဘူး ။ ပထမ အချက် က “ လောကအလင်း” စာအုပ်ဆိုင် ဆိုတာ မအေးနု တို့ မိဘ ရဲ့ လက်ငုတ်လက်ရင်း အလုပ် ဖြစ်တယ် ။ ပြီးတော့ ဒုတိယ အချက် အနေ နဲ့ က သည်ဆိုင် က လဲ အကျိုးအမြတ် ဖြစ်ထွန်း နေတုန်းပဲ ။ သည်ဘက် ပိုင်း မှာ ဆိုယင် ကိုယ်ပိုင် စာအုပ်တွေ ပါ ပုံနှိပ်ထုတ်ဝေ နိုင်တဲ့ အတွက် အယင် က ထက် ပို ပြီးတော့ အကျိုး ဖြစ်ထွန်းလာတယ် ။ နောက်ပြီး တော့ တတိယ အချက် အနေနဲ့ က သည် ( စီ ) ရုံ ထဲ မှာ “ လောက အလင်း ” က စာအုပ် အများဆုံး နဲ့ အရောင်းရဆုံး ဆိုင် ဖြစ်နေတယ် ။ သည်တော့ သည် အခြေအနေ မှာ သည် ဆိုင် ကို လဲ ဘယ်နည်း နဲ့မှ ဖျက်သိမ်း မပစ်နိုင်ဘူး ။
ပြီးတော့ စီးပွားပြိုင်ဘက် ချင်း ဆိုတာ က လဲ သိတဲ့ အတိုင်းပဲ ။ ကိုယ့် မှာ က လူ မနိုင်လို့ လုပ်ငန်း အတိုင်းအတာ ကို လျှော့ လိုက်တာ ဖြစ် ပေမယ့် ၊ သွားပုပ်လေလွှင့် အမျိုးမျိုး ပြောကြမယ် ။
စီးပွား ပျက်သွားပြီ လို့ ပြောတဲ့ လူ က ပြောမယ် ။ ဆိုင် ကို တောင် ပြန် ရောင်းဖို့ စီစဉ် နေပြီ လို့ ပြောတဲ့ လူ က ပြောမယ် ။ အကြွေး တွေ မပေးနိုင် တော့ လို့ ထွက်ပြေး သွားကြပြီ လို့ ပြောတဲ့ လူ က ပြောမယ် ။ သည်လို အပြောမျိုး တွေ ကို ဂရုစိုက် နေလို့ တော့ မဟုတ်ပါဘူး ။
ဒါပေမယ့် အခြေ ခိုင်ခိုင် နဲ့ အောင်မြင် နေတဲ့ ဆိုင် တဆိုင် ကို ဘာဖြစ်လို့ ပိတ် ပစ်ရမှာလဲ ။ နောက်ဆုံး ဘယ်လို မှ မတတ် သာတော့ ဘူး ဆိုယင် ဆိုင် ပေါ် မှာ တောင် ပုခက် ဆင်တန် ဆင် ရမယ် ။ ကလေးငယ် ကို ပါ ဆိုင် ကို ခေါ် လာတန် ခေါ်လာ ရမယ် ။ ကိုဘဂျမ်း က တော့ သည် အထိ ဇွဲ ရှိတယ် ။
အဲ ... မအေးနု က တော့ စိတ်ဓာတ် ကျတာပေါ့လေ ။ ကလေး က ကောင်းကောင်း မကျန်းမာ တော့ ညဘက် မှာ ဆိုယင် လဲ အိပ်ရေး ပျက် ရတယ် ။ မနက်ဘက် ကျတော့ လဲ အိမ်မှုကိစ္စ တွေ စီစဉ်ဆောင်ရွက် ရတာနဲ့ အလုပ် က များတယ် ။ တခါ ညနေဘက် ကျတော့ လဲ ဆိုင် ထွက် ရသေးတယ် ဆိုတော့ ပင်ပန်း လာတယ် ။ လူ က လဲ တနေ့တခြား အားနည်း လာတယ် ။ ပိန် လာတယ် ။ ကျ လာတယ် ။
တဘက် မှာ စီးပွား တက်တာ က တော့ မှန်ပါရဲ့ ။ ဒါပေမယ့် ကြာ လာတော့ မအေးနု ရဲ့ ကျန်းမာရေး ကို ပါ ထိခိုက်လာတယ် ။
ကိုဘဂျမ်း က လဲ မအေးနု ကို အရိပ် တကြည့်ကြည့် နဲ့ မှန် လို ကြည့် နေတာပါပဲ ။ မအေးနုရဲ့ အဖြစ် ကို မြင် ရတော့ ကိုဘဂျမ်း စိတ် မကောင်းပါဘူး ။ သနား လဲ သနား မိပါတယ် ။
ဖြစ်နိုင်ယင် မအေးနု ကို အိမ် မှာ ပဲ လုံးဝ အနားယူ ခိုင်း ထားပြီး ၊ သူ့ ကိုယ် ကို နှစ်ကိုယ် ခွဲ လုပ် လိုက်ချင်တယ် ။ ဖြစ်နိုင် ယင် မအေးနု ကို အလှ ကြည့် ပြီးတော့ပဲ ထား ချင်တယ် ။ ဘာ အလုပ် မှ မလုပ်ခိုင်း ချင်ဘူး ။ အိမ် မှာ ဆိုယင်လဲ အိမ်ဖော် တွေ ၊ ကလေးထိန်း တွေ ၊ အခြွေအရံ တွေ နဲ့ ထားချင်တယ် ။ သောက်ရေ သောက် ဖို့ တောင် မအေးနု က လှမ်း တောင်းရုံပဲ တောင်း ။ သောက်ရေ ဖန်ခွက် ကို ပန်းကန်ပြား ပေါ် မှာ တင်ပြီး အနား လာ ပေးတဲ့ လူ က ပေးရမယ် ။ အားယင် အိပ် နေ ။ သည် အထိ ဥ ပြီး ထား ချင်တယ် ။
ဒါပေမယ့် ကိုဘဂျမ်း တွက် ကြည့်တယ် ။ သူတို့ ရဲ့ အခြေအနေ က သိပ်ပြီး ချမ်းသာလှသေးတာ မဟုတ်ဘူး ။ သိန်း ချီပြီး မစုဆောင်း မိသေးဘူး ။ မအေးနု ကို အလှ ကြည့် ထား နိုင်လောက် တဲ့ အဆင့်မျိုး အထိ မရောက်သေးဘူး ။
မှန်ပါတယ် ။ ဆိုင် နှစ်ဆိုင် က ဝင်ငွေ ကောင်းပါတယ် ။ အကျိုးအမြတ် လဲ ရှိတန် သရွှေ့ ရှိပါတယ် ။
ဒါပေမယ့် အိမ် စရိတ် က လဲ များတယ် ။ စားအိုး က လဲ ကြီးတယ် ။ သား နဲ့ သမီး ကို ထည့်မတွက်နဲ့ ဦး ။ စား နိုင်တဲ့ အရွယ်ချည်း ပဲ ကို က ဆယ့်နှစ်ယောက် ရှိတယ် ။ သည် ဆယ့်နှစ် ယောက် ရဲ့ စရိတ် က မနည်းဘူး ။ နေ့စဉ် ကုန်ကျရတဲ့ စားစရိတ် အပြင် အဝတ်အထည်ဖိုး တွေ က လဲ ရှိ သေးတယ် ။ မောင်ငယ် ညီမငယ် တွေ ဆိုပေမယ့် ၊ အကြီးတွေ က အရွယ် ရောက် ကုန်ပြီ ။ လူပျို တွေ ၊ အပျို တွေ ဖြစ် ကုန်ပြီ ။ ဝတ်ချင် စားချင် လှချင် ပချင် တဲ့ အရွယ်တွေ ရောက် ကုန်ပြီ ။ ခက်တာက သည် အငယ် တွေ ကို မဆင် လို့ လဲ မဖြစ် ။ ကျောင်း ထားရတဲ့ ကျောင်း စရိတ် တွေ က လဲ ရှိ သေးတယ် ။ ပညာ သင် မပေးလို့ က လဲ မဖြစ် ။
အမှန်အတိုင်း ပြောရမယ် ဆိုယင် တော့ ကိုဘဂျမ်း တို့ အကြီးပိုင်း လေးယောက် က တက်ညီလက်ညီ နဲ့ ကုန်းရုန်း ရှာဖွေ နိုင်ပါ မှ တော်ကာ ကျမယ် ။ မဟုတ်ယင် သည် အိမ်ထောင် ကြီး ရဲ့ စရိတ် က နည်းတာ မဟုတ်ဘူး ။ ဝင်ငွေ နဲ့ ထွက်ငွေ မမျှပဲ ဒုက္ခ ရောက်နိုင်တယ် ။
ဒါကိုလဲ မအေးနု သဘော ပေါက် ပါတယ် ။ သဘော ပေါက် လို့လဲ ပင်ပန်း နေရတဲ့ ကြား ထဲ က ထပ် အပင်ပန်း ခံပြီး အလုပ် လုပ်တယ် ။ ဆိုင် ထွက် ဖြစ်အောင် ထွက်တယ် ။ လုံးဝ အနား မယူဘူး ။
မအေးနု က လဲ ကိုဘဂျမ်း နဲ့ သူတို့ မောင်နှမ အကြီး သုံးယောက် ကို လူ တယောက် ရဲ့ လက် နှစ်ဘက် နဲ့ ခြေထောက် နှစ်ဘက် လို သဘော ထားတယ် ။ လက် တဘက် ပြုတ် သွားလို့လဲ မဖြစ်ဘူး ။ ခြေထောက် တဘက် ပြုတ် သွားလို့လဲ မဖြစ်ဘူး ။ ပြီးတော့ ဘာပဲ ပြောပြော သူတို့ မောင်နှမ ကိုးယောက် ထဲ မှာ သူ က အကြီးဆုံး ဖြစ် နေတယ် ၊ အကြီးဆုံး က အလုပ် လုပ် ပြရမယ် ။ အသက်သာ ခို ချင်လို့ မဖြစ်ဘူး ။
တကယ်တမ်း ပြောရယင် လင်ယောက်ျား ဆို တာ သူစိမ်း ပဲ ။ သည် သူစိမ်း က တောင် ကိုယ် နဲ့ ကိုယ့် မောင်ငယ် ညီမငယ် တွေ အတွက် ပင်ပင်ပန်းပန်း ရုန်းကန် လှုပ်ရှား နေ နိုင်ယင် ၊ ကိုယ် က ဘာဖြစ်လို့ မရုန်းကန် မလှုပ်ရှား ပဲ နေရမှာလဲ ။
ပြီးတော့ မအေးနု စဉ်းစား ကြည့် မိတယ် ။ ကိုယ့် အပေါ် မှာ ကိုဘဂျမ်း ဘယ်လောက် အထိ ချစ်တယ် ဆိုတာ ကို မအေးနု သဘော ပေါက် တယ် ။ ကိုယ့် ကို ချစ်လို့ သာ ကိုယ် နဲ့ ပတ်သက်တဲ့ သည် အငယ်တွေ အတွက် ကိုဘဂျမ်း တာဝန် ယူ နေ တာပေါ့ ။ ကိုယ့် ကို သာ တကယ်တမ်း နှစ်နှစ်ကာကာ မချစ် ယင် သည်လောက် မောင်နှမ များပုံမျိုး နဲ့ ဆို ကိုဘဂျမ်း ထွက် ပြေး တာ ကြာပြီပေါ့ ။
အခုတော့ ကြည့်စမ်း ။ ကိုယ့် မောင်တွေ ကို လဲ သူ့ ညီကလေးတွေ လိုပဲ အောက်မေ့တယ် ။ ကိုယ့် ညီမတွေ ကို လဲ သူ့ ညီမကလေး တွေ လို ပဲ အောက်မေ့တယ် ။ ဘယ် နေရာ မှာ မှု ၊ ဘယ်သူ့ ကို မှ ခွဲခြားတာ မတွေ့ရဘူး ။ အလွန် စိတ်သဘောထား မြင့်မြတ် တဲ့ လူ ပဲ ။
မအေးနု ကိုဘဂျမ်း ကို ကျေးဇူး တင်ပါတယ် ။ ချစ် လဲ ချစ်ပါတယ် ။ ကြည်ညို လဲ ကြည်ညို ပါတယ် ။ နေ့စဉ် နဲ့ အမျှ လဲ ဦး သုံးကြိမ် ချပြီး ကန်တော့ မိ ပါတယ် ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment