Sunday, June 23, 2024

သင်ခန်းစာ


 

❝ သင်ခန်းစာ ❞

ငံပြာရည်နံ့ မွှေးမွှေး နှင့် ငါး နဲ့ စပါးလင်နံ့ ရောပြွမ်း သော ဟင်းရည်နံ့ သည် ဆိုင် အဝ ရောက် တာ နှင့် ကျွန်မ ကို ဆီးကြို လိုက်ပါသည် ။ ဇလုံကြီး ထဲ က မုန့်ဖတ် ဖြူဖြူဖွေးဖွေး သေးသေးမျှင်မျှင်လေးများ သည် ပွက်ထ နေသော ဟင်းရည်ပူပူ နှင့် တွေ့ လျှင် ထွေးအိ ကာ လျှာ ပေါ် တင် လိုက်တာ နှင့် ပျော်ဆင်း ၍ သွားမည် ပင် ။ ဘူးသီးကြော် ဖောင်းဖောင်းကြွကြွလေးများ သည် လင်ပန်း ထဲ တွင် စီရီ လျက် ။ အနှစ် ကျ ၍ ပွက်ဆူ နေသော ဟင်းရည်အိုး ထဲ တွင် ငှက်ပျောအူ တစ်လှည့် ၊ ကြက်သွန် ဥနီလေး တွေ တစ်လှည့် ၊ ဟင်းရည် မျက်နှာပြင် ပေါ် ပေါ်  လာလိုက် ၊ ပြန် မြုပ် သွားလိုက် ၊ သူ့ အလှည့် နှင့် သူ ။

“ ဟော .. ဆရာမ တို့ လာတယ် ၊ ဆရာမ လာ ၊ အထဲ မှာ နေရာ ရှိတယ် ”

ယခု ဆရာမ မဟုတ်တော့ သော်လည်း ဆရာမ ဖြစ်ဖူးသော ကျွန်မ ကို ကလေးမလေးများ က ယခု လို ပင် ဆီးကြို ၍ နေရာ ပေးမြဲ ဖြစ်ပါသည် ။

ဆောင်းနံနက် သည် အေးမြလှပေသည် ။ ပါးတွေ အေး ကာ လက်တွေ ပါ ထုံကျဉ် နေ၏ ။ ကျွန်မ တို့ သည် သူတို့ ညွှန်ပြသော ဆိုင် အတွင်းဘက် သို့ မဝင်တော့ဘဲ နေရောင် ရ သော ဆိုင် အပြင် ဘက် က စားပွဲလွတ် မှာ ပဲ ဝင် ထိုင် လိုက်ပါသည် ။ ဟင်းရည်နံ့ သည် ပို၍ ပို၍ပင် မွှေးပျံ့ လာ ကာ ဆိုင်ရှင်ကလေးမလေးများ ကိုယ်စား လာပါ ၊ ဝင်ပါ ၊ သုံးဆောင်လှည့်ပါ ဟု ရောင်းအား မြှင့်တင်ရေး အတွက် ဖိတ်ခေါ်လျက် ရှိ လေသည် ။

“ ဒါက ဆရာမ အတွက် အပျစ် တစ်ပွဲ ၊ အစ်ကို က တော့ ဟင်းရည် များများ ”

မုန့်ဖတ် ဖွေးဖွေးသေးသေးလေးများ ပေါ်  တွင် ဟင်းရည် နည်းနည်း ဆမ်း လျက် အိုးဘဲဥ တစ်လုံး ၊ ဘူးသီးကြော် ၊ ပဲသီးများများ ၊ ဆီချက်များများ အပေါ် မှ နံနံပင်ကလေးများ ဖွဖွ ဖြူး ထားသော မုန့်ပန်းကန် သည် ကျွန်မ ရှေ့ သို့ စားချင့်စဖွယ် ရောက်ရှိ ၍ လာပါသည် ။ ခင်ပွန်း ဖြစ်သူ က တော့ ဟင်းရည် များများ အီကြာကွေး နှင့် ။

ဤ ကလေးမလေးများ သည် ကျွန်မ စာ သင်ခဲ့ဖူး သော ကျွန်မ ၏ တပည့်များ မဖြစ်ခဲ့ဖူးကြပေ ။ သို့ပေသည့် ကျွန်မ ဆရာမ ဆိုတာ သိသည် နှင့် တစ်ကြောင်း ၊ သူတို့ ဆိုင် ကို မကြာခဏ လာရောက် စားသောက်လေ့ ရှိသည် တစ်ကြောင်း တို့ ကြောင့် ကျွန်မ အကြိုက် ကို သိ၍ နေကြသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို ဟင်းရည် ဘောင်ဘင် နှင့် မစားတတ်ပေ ။ ဟင်းရည် ထဲ တွင် ပတ်ချာလည် လျှောက် ပြေး နေသော မုန့်ဖတ်တွေ ကို ဆယ်ယူ စားရမှာ မနှစ်သက် ။ ဟင်းရည် နည်းနည်း နှင့် ခပ်ပျစ်ပျစ်ကလေး ရှိပါ မှ ညှပ် ထားသော အကြော်လေး တွေ နှင့် ရောထွေး ကာ အသုပ်မက အရည်မကျ စားရသည် ကို နှစ်သက် တတ်ပါသည် ။ ဒါကို ရန်ကုန်စား ဟု လည်း ခေါ်ကြ၏ ။ ငါးဖတ်ကလေးများ နှင့် ကြက်သွန်ဖြူ အနှစ်ဖတ် ကလေးများ သည် ဆီသပ် စဉ် ကတည်း က ရောသမ ကာ နူးညံ့ ပြီး မုန့်ဖတ်ကလေး တွေ ပေါ်  တင်၍ နေပုံမှာ ဆန် လှော်မုန့်များများ ထည့် ကြိုပြီး ငါးပိ တွေ ၊ ထန်းလျက် တွေ ထည့် ချက် တတ်သော ဟင်းရည်မျိုး နှင့် ခြားနားခြင်း ကို ဖော်ပြ၍ နေကြပေသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို စားတော့မည် ပြုစဉ် ဂျာကင်အင်္ကျီ ဖားဖား ဝတ် ထားသော လူရွယ် တစ်ယောက် နှင့် သူ့ နောက် မှ ကလေး ကို ပွေ့ချီ ထား သော မိန်းမပျိုလေး တစ်ယောက် တို့ ဆိုင် ထဲ ဝင် အလာ ကို မျက်လုံးချင်း ဆုံ မိပါသည် ။ လူငယ် ၏ မျက်လုံး သည် ကျွန်မ ကို မှတ်မိသည့် သဘော ကို ပြလျက် ဪ ... ဆရာမ ဟု နှုတ် က လည်း အသံ ထွက် ကာ ခေါင်း တစ်ချက် ထိုးပြီး အသိအမှတ် ပြု လိုက်လေသည် ။ ကျွန်မ သည် မျက်နှာ ခပ်ပြဲပြဲ ၊ ကိုယ်ထည်ထွားထွား ၊ မျက်ရစ် မပါ ၊ အသား ခပ်လတ်လတ် ထို လူငယ် မှာ သူ ငါးတန်း မှ ရှစ်တန်း အထိ ကျွန်မ စာ သင်ခဲ့ ရသော ကျွန်မ တပည့် စံရွှေမောင် ဆိုတာ ချက်ချင်း ပင် မှတ်မိ ပါသည် ။ လူ က သာ ထွားကျိုင်းပြီး လူကြီး ဖြစ်လာ ပေမယ့် သူ့ ရုပ်ရည် သည် ငယ်စဉ် ကတည်း က လူကြီး လို ခပ်ရင့်ရင့် ရှိရာ ရုပ် ပြောင်းသည် ပင် မထင်ရပေ ။ သူ့ နောက် မှ ဖြူဖြူဖွေးဖွေး မိန်းကလေး သည် ကလေး ကို ပွေ့ချီ ရင်း က ချော့မြူ ၍ နေလေသည် ။ ကလေး သည် လျှာထိုး ဦးထုပ် ၊ ပင့်ကူလူသားပုံ ပါသော အနွေးထည်လေး နှင့် မို့ … “ သားလေး လား ” ဟု ကျွန်မ နှုတ်ဆက် စကား ဆို လိုက်ပါသည် ။

“ ဟုတ် ”

စံရွှေမောင် သည် လိုရင်း ကို တိုတိုတုတ်တုတ် ဖြေ ကာ ကျွန်မ နှင့် ဘေးချင်းကပ် စားပွဲ တွင် မိသားတစ်စု ဝင် ထိုင် လိုက်ကြ၏ ။

“ အီကြာကွေး တစ်ချောင်း လိုက်ပွဲ အတွက် ချန် ထားပါဦး ” 

ခင်ပွန်းသည် အတွက် အီကြာကွေး မကျန်မည် စိုး ၍ ကြိုတင် မှာ လိုက်စဉ် စံရွှေမောင် တို့ စားပွဲ ကို ကျွန်မ မျက်စိ က ရောက် သွားသည် ။

စံရွှေမောင် က လည်း ကျွန်မ လှမ်း ကြည့်လိုက်သည် ကို သိဟန် ဖြင့် ကျွန်မ တို့ စားပွဲ ဘက် သို့ ပြန်၍ မျက်လုံး တစ်ချက် ဝေ့ ကြည့် လာ၏ ။ ကျွန်မ က သူ တစ်ခု ခု နှုတ်ဆက်စကား ၊ နေကောင်းလား ၊ ဆရာမ ဒီမှာ ရှိနေလား စသည် ဖြင့် ပဋိသန္ဓာရ စကား ဆိုမည် ထင်၍ သူ့ စကား ကို ငံ့လင့်သည့် အလား ၊ သူ  တစ်ခု ခု ပြောမည် ထင်၍ တစ်ချက် ပြန် ကြည့် လိုက်ရာ စံရွှေမောင် သည် ချက်ချင်းပင် မျက်နှာ ကိုလွှဲ ၍ မျက်စိ ကို ဝဲ ပစ် လိုက်လေ သည် ။

သူ က မျက်လုံး အစုံ ကို ဝေ့ဝဲ ၍ ကျွန်မ အကြည့် မှ လွှဲဖယ် သွား သော်လည်း သူ့ မျက်လုံး ထဲ မှ အခိုးအငွေ့ ၊ အရောင်အသွေး တွေ ကို ကျွန်မ သေသေသပ်သပ် စေ့စေ့စပ်စပ် မြင်တွေ့ လိုက်ပါသည် ။ သူ သည် ကျွန်မ နှင့် တစ်စုံတစ်ရာ ပတ်သက်လို ၊ ရင်းနှီးမှု ပြလို ဟန် မတူပေ ။ ဘာသိဘာသာ နှင့် မသိကျိုးကျွံ ပြု လိုက်သော သူ့ မျက်လုံး တွေကို ကျွန်မ ကောင်းစွာ နားလည် လိုက်ပါသည် ။

••••• ••••• •••••

တကယ် တော့ လည်း စားသောက်ဆိုင်များ တွင် အသိမိတ်ဆွေများ ၊ တပည့်တပန်းများ နှင့် တွေ့ လျှင် သည် မျက်လုံးမျိုး ကို ကျွန်မ မြင်တွေ့ဖူး ဖတ်မှတ်နားလည် ဖူးပါသည် ။ ရင်းရင်းနှီးနှီး ခင်မင်သူများ ၊ တချို့လည်း သူ့ ကျေးဇူး ၊ ကိုယ့် ကျေးဇူး မကင်းသူများ ဖြစ်ပါလျှင် ဟိုတယ် လို ဆိုင်ကြီးများ မှ လွဲ၍ ယခုလို မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင်မျိုး မှာတော့ ကျသင့်ငွေ ကို သူ့ ထက် သူ  ဦးအောင် ရှင်းကြ စမြဲ ။ အထူးသဖြင့် အရင် ရောက် နှင့်သူ က အရင် စားပြီး သွားပါ လျှင် နောက်ပိုင်း မှ ကိုယ့် မိတ်ဆွေ အတွက် ရှင်းသွား စမြဲ ၊ “ တို့ ရှင်းခဲ့ပြီနော် ”  ၊ “ ကျွန်တော် ရှင်းခဲ့ပြီ ဆရာ ”  “ အို .. ဘာလို့ ရှင်းခဲ့တာလဲ ”  “ ဟယ် ... အားနာစရာကြီး နေပါစေ ”  “ ဟာ .. ဘာ အားနာစရာရှိလဲ ၊ တစ်ခါတလေ ကြုံလို့ဥစ္စာ ” ဆိုသော ခင်မင်မှု ကို အခြေခံ သည့် လူမှုရေး အသံများ ဝေဆာ ညံစီ သွားမြဲ မှာ လည်း ဒီလိုပင် ။ တစ်ခါတစ်ရံ ကိုယ် က နောက် မှ ရောက်သည့်သူ ဖြစ်လျှင် တောင် ကိုယ့် အသိ ကို ဆိုင်ထဲ တွေ့ပါ လျှင် သူ မရှင်းခင် ကိုယ် က စားပွဲထိုး ကို တိတ်တိတ် ခေါ်ကာ သူ့ ဝိုင်း အတွက် ကြို ရှင်း ထားလိုက်ပါ သေးသည် ။

သိပ် မရင်းနှီးသော သိရုံကျွမ်းရုံ သက်သက်သူမျိုး ဆိုလျှင် တော့ နေကောင်းလား ၊ လက်ဖက်ရည် လာ သောက်သလား ဟု မကင်းရာ မကင်းကြောင်း နှုတ်ဆက်ကြပြီး ဆိုင် ထဲ မှ ပြန် ထွက် သွားလျှင် လည်း သွားဦးမယ်နော် ဆိုတာ လောက် ပြောဆို ကာ သူများ အတွက် ရှင်းပေးစရာ မလိုပေ ။ သို့သော်လည်း ကိုယ့် အတွက် သာ ကိုယ် ပေး သွားပြီး သူ့အတွက် မပေး ခဲ့ခြင်း ကို အားနာ သလိုလို ၊ ဘာလိုလို အမူအရာ တော့ မြင်ဖူး ၊ ဖြစ်ဖူးပါသည် ။

နွမ်းနွမ်းမှိန်မှိန် မိတ်ဆွေများ နှင့် ဆုံတွေ့ ရ လျှင် တော့ အဖြစ်အပျက် က တစ်မျိုး ဖြစ် ပြန်သည် ။ ထို မိတ်ဆွေမျိုး က တော့ ပါ လာသည့် ပိုက်ဆံ နှင့် သူ့ အတွက် တောင် သူ လောက်ရုံ ရှိပါလိမ့် ။ ထိုအခါ သူ့ မျက်နှာ မှာ စိုးရွံ့ခြင်း တစ်မျိုး နှင့် အနေရ ခက် သော မျက်လုံးမျိုး ကို တွေ့ ရ တတ်ပါသည် ။ ထိုအခါ ကိုယ် က အလိုက် သိ စွာ သူ့ အတွက် ပါ ရှင်း လျှင် ရှင်း ၊ မရှင်း လျှင် လည်း သူ က အရင် ဆိုင် ထဲ မှထွက်သွား လျှင် ကိုယ့် အတွက် ရှင်း မသွားတာ ကို နားလည်ကြောင်း ၊ အားနာစရာ မလိုကြောင်း ပြသသည့် သဘော ဖြင့် “ ဖြည်းဖြည်းနော် ”  ၊ “ နေကောင်းတယ် မဟုတ်လား ” ဆိုတာမျိုး နှင့် သူ အနေ မခက်အောင် ဖြေဆေး ကျွေး လိုက်ရပါ၏ ။

တစ်ခါတလေ ကျ တော့ လည်း သူ နှင့် ကိုယ် သည် အထိုက်အလျောက် လည်း ရင်းနှီးခဲ့ပါ၏ ။ အတော် အတန်လည်း ပတ်သက်ခဲ့ပါ၏ ။ သို့ပါသော် လည်း စားသောက်ဆိုင် အတွင်း ဆုံတွေ့ လိုက် လျှင် မျက်လုံး များ သည် အရောင် တစ်မျိုး မှ နောက် တစ်မျိုး သို့ ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလွဲ ၍ သွားပါသည် ။ ပထမ အရောင် တစ်မျိုး က တော့ ဪ ... သူ ကိုး ဆိုသော မိမိတို့ သိကျွမ်းမှု ကို ဦးနှောက် မှ မက်ဆေ့ချ် ပို့ လိုက်သော မူလ သဘာဝ အရောင် တစ်မျိုး ဖြစ်ပါသည် ။ သူ က အော်ရယ်ဂျင်နယ် အတိုင်း ဖြစ်သည် ။ ပြီးမှ “ အင်းလေ သိသားပဲ ။ ဒါပေမဲ့ … ” ဆိုသည့် အော်ရယ်ဂျင်နယ် ကို ဆေးဆိုးလိုက်သော အစစ် မှ အတု ဖြစ် သွားသော မျက်လုံးများ ၊ သည့် နောက် မျက်နှာ ကို ခပ်လွှဲလွှဲ ၊ မျက်လုံး ကို လည်း ပြန် မဝဲ မိအောင် ကြိုးစားရင်း ရှောင်ဖယ်ဖယ် လုပ်ကာ စားသောက် ပြီးပါ လျှင် လည်း ခပ်သုတ်သုတ် ပြန် ကာ နှုတ် ပင် ဆက် မသွားကြချေ ။ သူတို့ ၏ မျက်လုံးများ သည် တစ်ချိန်တစ်ခါ က ပတ်သက်ခဲ့ ဖူးသော ပတ်သက်မှု ၊ သိကျွမ်းမှုများ ကို ပြတ်ပြတ်သားသား ခဝါချ ပစ်လိုက် ကြ၏ ။ တံတား ဖျက် ကာ ၊ စည်းခြား လိုက်ပြီး အုတ်တံတိုင်း ပါ ခတ် လိုက်လေသည် ။ မသိကျိုးကျွံ ၊ သူစိမ်း ဆန်ဆန် မျက်ဝန်းများ ။ တကယ့် အရှိ ကို ပြောင်းလဲ ၍ ဟန်ဆောင် လိုက်သော မျက်ဝန်း အတုများ ။ ခင်မင်မှု နှင့် ငွေကြေး ကို ကန့်သတ် ရှောင်တိမ်း လိုက်သော စိတ် အရောင်များ ။ ဒီတော့ လည်း အေးလေ ၊ လက်ဖက်ရည် တွေ ၊ မုန့် တွေ က လည်း ဈေးကြီး လာသည် ကိုး ဟု ကိုယ့် ဘာသာ ကိုယ် ဖြေဆေး ကျွေးရ ပြန်သည် ။

••••• ••••• •••••

တကယ်တော့ စံရွှေမောင် သည် ကျွန်မ ဆရာမ ဘဝ တွင် သူ့ အား ၅ တန်း မှ ၈ တန်း အထိ သင်္ချာ သင်ကြား ခဲ့ရသော တပည့် တစ်ဦး ဖြစ်ပါသည် ။ အဆော့ သန် ၍ စာ မကျက် သော ကလေး တစ်ယောက် ဖြစ် သလို ၊ တချို့ ကလေး တွေ မှာ ကျက်စာ သာ စိတ်မဝင်စား ပေမယ့် အတွက်အချက် တော့ စိတ်ဝင်စားတတ် သေးရာ စံရွှေမောင် သည် ထို ကလေးမျိုး လည်း မဟုတ်ပေ ။ ထို ကျောင်း တွင် ၅ တန်း နှင့် ၆ တန်း ကို သင်္ချာ ၁ သင် ပြီး ၇ တန်း နှင့် ၈ တန်း တွင် သင်္ချာ ၂ သင် ရ သဖြင့် တပည့် အတော်များများ သည် ကျွန်မ နှင့် လေးနှစ် လေးမိုး ရင်းနှီးခဲ့သူ ချည်း ခပ်များများ ဖြစ်ပေသည် ။ ခပ်ငယ်ငယ် အလယ်တန်းကျောင်း မို့ တပည့်များ ကို မြင် လျှင် ဘယ်သူ ဘယ်ဝါ ဆိုသည် သာ မက သူတို့ မိဘတွေ ကို ပါ နာမည် သာ မမှတ်မိ ပေမယ့် မိဘ တွေ ၏ နောက်ခံ အနေအထား ကို ပါ ထူးခြား လျှင် ထူးခြား သလို မှတ်မိသည် အထိ ရင်းနှီး လှပေသည် ။ တပည့် များနှင့် ပတ်သက် လျှင် သူတို့ ၏ အကျင့်စရိုက်များ ၊ သူတို့ ဘယ် ဘာသာ တွင် ညံ့ ကာ ဘယ် နေရာ တွင် ထူးချွန်သည် ဆိုရုံမက တချို့ဆို လျှင် သူတို့ လက်ရေး တွေ က အစ မှတ်မိ ၍ နေပါသည် ။

စံရွှေမောင် သည် ချို့ချို့ငဲ့ငဲ့ ကျောင်းသားမျိုး မဟုတ်ချေ ။ ကျောင်း ပိတ်ရက်များ တွင် ဈေးလယ်ကောင် က မွေ့ရာ ၊ ဂွမ်းပုံ နှင့် စောင်တွေ ရောင်းသော ဆိုင်တွင် စံရွှေမောင် ကို မွေ့ရာဖုံကြီးတွေ ကြား ဆော့ ကစား နေသည် ကို တွေ့ ရတတ် ပေသည် ။ အကြောင်း ကိစ္စ ရှိ၍ မိဘ ခေါ်လိုက်ပါ လျှင် သူ့ မိဘများ သည် ကျောင်း သို့ ရောက် မလာတတ်ပေ ။ မအားသည် က ခပ်များများ ။ တစ်ခါတလေ လေးငါးလတန် သည် ခရီး ထွက် သွားတတ်ပြန် လျှင် မိဘများ ကိုယ်စား အစ်ကို တွေ ၊ အစ်မ တွေ ကျောင်း သို့ ကိုယ်စား ရောက်လာ တတ်ပေသည် ။ ငွေကြေး ကောက်ခံတာမျိုး ရှိခဲ့လျှင် “ ဆိုင် က လည်း ရောင်း မကောင်းလို့ ၊ အမေ တို့ ပြန် လာတော့ ပေးပါ့မယ် ” ဆိုကာ ကျွန်မ က စိုက်ထား ရတာမျိုး လည်း ရှိခဲ့ပါ သေးသည် ။ သည်လို ထူးခြားချက်များ အပြင် သူ့ နာမည် စံရွှေမောင် ဆိုသည် မှာ ရုပ်ရှင်မင်းသားကြီး အောင်လွင် ၏ ဒါရိုက်တာ နာမည် မဟုတ်လား ၊ ဒီတော့ သူ့ ကို ပို၍ မှတ်မိ နေသည်ပေါ့ ။

တပည့် များစွာ ထဲ က တပည့် တစ်ဦး ပီပီ ၈ တန်း အောင် ၍ အထက်တန်းကျောင်း ပြောင်း သွား သော အခါ စံရွှေမောင် နှင့် မတွေ့ကြတော့ပေ ။ နောက် သုံးလေး နှစ် ကြာသော အခါ ဈေး ထဲ က မွေ့ရာဆိုင် ပေါ် တွင် စံရွှေမောင် အမြိုင့်သား တွေ့ လိုက်ရလေရာ ကျွန်မ အံ့သြ ဝမ်းသာ ဖြစ်မိပါသည် ။ သူ့ မိဘများ ၏ မွေ့ ရာဆိုင် သည် ယခင် လို သေးသေးတာတာ မဟုတ်တော့ပေ ။ ဘေးဆိုင် ကို ပါ ချဲ့ထွင် ကာ နှစ်ခန်းတွဲ ဆိုင်ခန်းကျယ်ကြီး ဖြစ်သွားပြီး နှစ်ယောက်အိပ် မွေ့ရာကြီး တွေ ကို လည်း လေးငါးခု ဆင့် ၍ ထပ်ထား နိုင်ပေပြီ ။ ဖုံတွေ ၊ စောင်တွေ မှာ လည်း အထပ်လိုက် ၊ အပုံလိုက် ။ ပန်းရောင် ၊ အဝါ ရောင် တို့ ကို ဈေးဝယ် လာလျှင် ဖြန့်ဖြန့် ပြနေသည် ကို လည်း တွေ့ရ၏ ။ ဆယ်တန်း အောင် သွားသည် ဟု မကြားမိ သော်လည်း စားပွဲခုံကြီး ဆိုင် ပေါ် တင်ကာ ဂဏန်းပေါင်းစက် တစ်လုံး နှင့် အလုပ်ရှုပ် နေတာ မြင် ရ လျှင် ကျွန်မ သည် ဝမ်းသာ ကျေနပ် မိပါသည် ။

သည်တော့ လည်း ဖိတ်ခြင်း ဖိတ် ကိုယ့် အိတ် ထဲ ဖိတ် ဆိုတာလို  အိမ် ၌ စောင် ၊ ခြင်ထောင် လို လာ လျှင် စံရွှေမောင်ဆိုင် ကို အားပေးရ၏ ။ မိတ်ဆွေ အသိတွေ ဝယ်ချင် လို့ သူ့ ဆိုင် သို့ လိုက် ပို့ရ၏ ။

သူ့ ဆိုင် သို့ ရောက် တိုင်း စံရွှေမောင် သည် ခရီးဦးကြို ပြု၏ ။ “ ဆရာမ နေကောင်းလား ”  ၊ “ အရင် အိမ်မှာပဲလား ” နှင့် ဖွယ်ဖွယ်ရာရာ နှုတ်ခွန်း ဆက်သ ရုံ မက “ လိုတာရှိ ရင် ပြောနော် ” ၊ “ ဝယ်ရတာ စိတ်တိုင်း ကျရဲ့လား ” ၊ “ အဆင်ပြေရဲ့လား ”  ၊ “ နောက်လည်း လာ အားပေးပါနော် ” ၊ “ ဒါ ကျွန်တော်တို့ ဆရာမလေ ” ၊ “ ခု ဆရာမ အလုပ် ထွက်လိုက်ပြီဆို ” ၊ “ ထွက်လိုက်တာပဲ ကောင်းပါတယ် ” စသည်ဖြင့်လည်း ပျူပျူငှာငှာ ဆို တတ်ပါ သေးသည် ။

ဒါ့ကြောင့် ကျောင်းပညာ တွင် မထူးချွန် သော်လည်း ဆယ်တန်း မအောင် ဘဲ အီကို ဘွဲ့ ရသည့် တပည့် တစ်ဦး ပေပဲ ဟု မှတ်ချက် ချ ကာ ဝမ်းမြောက် ရပါသည် ။ သည်တော့ လည်း မိတ်ဆွေ တစ်ဦး တည်းခိုခန်း ဖွင့်စဉ် က တစ်ခါ ၊ နှစ်စဉ် ရပ်ကွက်ကထိန် ၌ ပဒေသာပင် သီးသော အခါ ၊ မင်္ဂလာ အခမ်းအနားများ အတွက် လိုအပ် သည့် အခါ စသည် တွေ မှာ လည်း သူ့ ဆိုင် သို့ အားပေး ရင်း ရောက်ရ ပြန်ပါသည် ။ ထိုစဉ်က စံရွှေမောင် ၏ လှိုက်လှဲသော အပြုံးများ ၊ ရွှင်ပျသည့် ကျေးဇူး စကားများ ၊ နောက်လည်း လာ အားပေးပါဦးနော် ဆိုသည့် ဖိတ်မန္တက ပြုသံများ ၊ သူ တကယ် ကျေးဇူးတင်နေသည် ဆိုတာ ကို သူ့ မျက်လုံး တွေ ထဲ မှာ မြင် နေရပါသည် ။ လက်ကလေး နှစ်ဖက် ယှက်၍ ရှေ့ ကို ချကာ သူ့ ကိုယ် ပြားပြားကြီး ကို ကိုင်း ၍ စကား ပြောနေပုံမှာ ကျွန်မ မျက်စိ ထဲ က မထွက် လူယဉ်ကျေး တို့ ၏ အသွင် လက္ခဏာ သည် ပေါ် လွင် နေ၏ ။ ဈေးသည်ကောင်း တို့ ၏ လက္ခဏာ သည် အထင်အရှား ။ သူ့ မျက်ဝန်း တွေ ရော ၊ ကျွန်မ မျက်လုံး တွေ ပါ အပြုံး တွေ ဝေဆာကာ တဖျပ်ဖျပ် တလက်လက် ကူးလူး ပျံသန်း၍ ရှိခဲ့ကြပေသည် ။

••••• ••••• •••••

ခုတော့ ထို မျက်လုံးများ သည် ဘယ် ရောက် ကုန်ပြီ မသိပေ ။ စံရွှေမောင် သည် မုန့်ဟင်းခါးဆိုင် ကျဉ်းကျဉ်း လေး ထဲ မှာ ကျွန်မ ကို ပတ်ချာလည် ၍ ရှောင် ပြေး နေ လေသည် ။

ကျွန်မ သဘောပေါက် စွာ ပြုံး လိုက်မိ၏ ။ မုန့် ပန်းကန်တွေ လိုက် ချ ပေး နေသော ကလေးမလေး ကို ကျွန်မ မျက်ရိပ် ပြ၍ ခေါ် လိုက်ပါသည် ။ ကျွန်မ တို့ က သုံးပွဲ ၊ သူတို့ က လည်း နှစ်ပွဲ ၊ သုံးပွဲ တော့ ရှိမည်မို့ “ ဟို ဘက်ဝိုင်း အတွက် ပါ ယူထားပါ ။ ပြီးမှ လိုဟာ ပိုတာ ရှင်းမယ် ” ဆိုပြီး ၁၀၀၀ တန် သုံးရွက် ကို ကလေးမလေး လက် ထဲ ထည့် လိုက်ပါသည် ။

ခဏခ အကြာ တွင် စံရွှေမောင် သည် ကလေး ကို ပွေ့ချီ လျက် ဆိုင် ထဲ မှ ထွက်၍ လာလေသည် ။ သူ့ ဇနီးသည် နောက်မှ ကပ် လိုက် သွားစဉ် စံရွှေမောင် က တော့ ကျွန်မ တို့ ဘက် သို့ တစ်ချက် မျှ ပင် စောင်းငဲ့ ၍ မကြည့်ပေ ။ ဆိုင်ရှေ့ အရောက် တွင် ကလေး ကို သူ့ ဇနီး ထံ ပြန် ပေးပြီး ဂျာကင်အိတ် ထဲ မှ ပိုက်ဆံအိတ် ကို ထုတ် လိုက် လေသည် ။ ကျွန်မ နှင့် စံရွှေမောင် သည် မျက်နှာချင်းဆိုင် အနေအထား သို့ ရောက် သွားစဉ် ကျွန်မ သူ့ ကို စူးစူးစိုက်စိုက် လှမ်း ကြည့် နေလိုက်၏ ။ လူ့ သဘာဝ သည် မိမိ ကို တစ်စုံတစ်ယောက် က ကြည့် နေ ပါ လျှင် အလိုလို ပင် သိတောင် သိတတ်သေး သော်လည်း စံရွှေမောင် သည် ထို သဘာဝ ကို ဖုံးကွယ် လိုက်လေ သည် ။ သူ့ မျက်လုံးများ သည် တစ်ချက်မျှ ပင် ကျွန်မ ဘက် သို့ ဝေ့ဝဲ ၍ မလာပေ ။ အတိအကျ ဆိုရပါလျှင် ဝေ့ဝဲ ၍ မသွားရအောင် သူ့ ပင်ကို သိစိတ် ကို နောက် အသိစိတ် တစ်မျိုး နှင့် ထိန်းချုပ် လိုက်ပေသည် ။

တစ်ထောင်တန် နှစ်ရွက် ကို ထုတ်၍ သူ့ နှုတ် မှ …. “ ဘဲဥ ၊ ငါးဖယ် ၊ အကြော်စုံ နဲ့ နှစ်ပွဲ ” ဟု ဆို လိုက်ရာ မိန်းကလေး က ပိုက်ဆံ ကို လှမ်း မယူပေ ။

“ အစ်ကို တို့ က ၁၆ဝဝ ကျတယ် ၊ ဟိုမှာ ဆရာမ ပေးပြီး သွားပြီ ” ဆိုင်ရှင်ကလေးမလေး က ကျွန်မ ဘက် သို့ မေးလေး ဆတ် ကာ ပြောလိုက်၏ ။

စံရွှေမောင် ၏ မျက်နှာ သည် သိသိသာသာ ပျက် ၍ သွား လေသည် ။ အံ့ဩဟန် ပြုလျက် ကျွန်မတို့ ဘက် သို့ ခေါင်း ကို ငဲ့ကာ လှမ်း ကြည့် လိုက်၏ ။ ပြီးတော့ ချက်ချင်း ပင် မျက်နှာ ကိုပြင် ကာ ကျွန်မ ရှိရာ ဘက် သို့ သူ့ ကိုယ်ကြီး ကို လှည့် ၊ သွားတွေ ပေါ် အောင် ပြုံးရယ် ၊ ခေါင်း ကို ပွတ် ၊ ကိုယ် ကို နောက်ဆုတ် ၊ ရှေ့  ပြန်တိုး ၊ ခါး ကို ပြန်ကိုင်း နှင့် ရှုပ်ယှက်ခတ် အောင် လုပ်ကာ “ အို ... ဆရာမ က လည်း နေပါစေ ၊ ရပါတယ် ၊ ကျေးဇူး တင်ပါတယ် ၊ ဟို ... ” ဟု နှုတ် က လည်း ပြော ၊ ကိုယ် ကို ပြန် မတ် ၊ ခေါင်း ကို ညိတ် ၊ ထိပ် ကို ပွတ် နှင့် လုပ်ရင်း “ သွားပါဦးမယ် ခင်ဗျ ” ဆိုကာ သူ့ ကိုယ်ကြီး ကို ဟိုဘက် လှုပ် ၊ ဒီဘက် လှုပ် လုပ် ကာ ဆိုင် ထဲ မှ ထွက် ၍ သွားလေသည် ။

ကျွန်မ သည် ပျောက်ကွယ် သွားသော သူ့ ပုံရိပ် ကို မှန်းဆ ရင်း ပြုံး ၍ သာ နေရ လေသည် ။

သို့သော် သူ့ အပြုံး နှင့် ကျွန်မ အပြုံး သည် မတူကြ ပါပေ ။ သူ ကျွန်မ ရှေ့ မှ ထွက်ခွာ သွား သော်လည်း ကျွန်မ တွေ့ခဲ့ဖူးသော ဖိတ်လက်ရွှန်းစို နေသည့် သူ့ မျက်လုံးများ ၊ သူ့ အသံ ချိုချိုများ သည် ကျွန်မ နံဘေး တွင် ဖိတ်လျှံ အန်ကျ ၍ ကျန်ခဲ့လေသည် ။

ယခုအခါ ကျွန်မ သည် အဖိုးအခ ပေး၍ တစ်ခါ တုန်း က တပည့် ဖြစ်ခဲ့သူ အား သင်ခန်းစာ အသစ် တစ်ရပ် သင်ကြား ပေး လိုက်ပါသည် ။ ထို သင်ခန်းစာ ကို သူ နာယူ တတ်မြောက်သည် ရှိ ၊ မရှိ တော့ အတပ် မပြောနိုင်ပေ ။ ကျွန်မ သည် လည်း အဖိုးအခ ကျခံ၍ တပည့် ဖြစ်သူ ထံ မှ ပြန်လှန် သင်ကြား လိုက်ရပါသည် ။ မတော် လို့ ကျွန်မ က သူ့ ပိုက်ဆံ အရှင်း ကို ငံ့လင့် နေသည် ဟု ထင်ပါ လျှင် မခက်ပါပေလား ။ ကျောင်း တုန်း က သူ့ ကို သင်ကြား ပေး လိုက်သော သင်္ချာဘာသာ ထဲ တွင် ထို သင်ခန်းစာများ ပါ သွားအောင် ကျွန်မ သင် မပေးမိလိုက်တာပဲ ဖြစ်ပါလိမ့် မည် ဟု ကိုယ့် ဘာသာ ပဲ ဆန်းစစ် ကြည့် လိုက်ရပါသည် ။ ယနေ့ စား ရသော မုန့်ဟင်းခါး သည် ဘာ လို နေသည် မသိ ။ ကလေးမလေး တွေ ငါး ခို ပြီး ဟင်းချိုမုန့် တွေ နင်း ထည့် လေသလား ။  ။

◾မခင်လေး

📖 ပန်းအလင်္ကာ
      ၂၀၀၉ ၊ ဇူလိုင်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment