Sunday, June 16, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၈ )


 

ဖြစ်ပါတယ် ။ လမ်းသွား လမ်းလာ တွေ နဲ့ သည်လောက် စည်ကားတဲ့ နေရာမျိုး မှာ ဘာပဲပြောပြော အနည်း နဲ့ အများ တော့ ရောင်းရ မှာ ပေါ့ ။

လမ်းဘေး ပလက်ဖောင်းဆိုင် ဆို ပေမယ့် ရောင်း ရယင် ပြီးတာပဲ ။ ကိုဘဂျမ်း မရှက်ပါဘူး ။ ဒါ စီးပွားရေး လုပ် တာပဲ ။ သူများ ပစ္စည်း ကို ခိုးစားဝှက်စားတာ မှ မဟုတ်ပဲ ။ မတော်မတရား လုပ်တာမှ လဲ မဟုတ်ပဲ ။ ရိုးရိုးသားသား ရောင်းဝယ်စား တာပဲ ။ ရှက်စရာ မဟုတ်ပါဘူး ။

အဲ ... တခု တော့ ရှိတယ် ။ စောစောက ပြော သလို ရန်ကုန် စာအုပ်တိုက် တွေ က စာအုပ် တွေ လှမ်း ပို့ဖို့ အတွက် ကိုယ့် မှာ ဆိုင်လိပ်စာ တခု တော့ ရှိဖို့လိုတယ် ။ ရန်ကုန် စာအုပ်တိုက် တွေ က အထင် ကြီး ဖို့ ၊ အထင် မကြီး ဖို့ ထက် စာတိုက် က လာ ပို့ ဖို့ အတွက် ကိုယ်ပိုင် လိပ်စာ တော့ ရှိရမယ် ။ သည် လိပ်စာ အတွက် က တော့ မိန်းမ ရဲ့ ( စီ ) ရုံ ထဲ က စာအုပ်ဆိုင် လိပ်စာ ကို ပဲ ပေးမယ် ။ ကိုဘဂျမ်း အဲသည်လို ပဲ စဉ်းစား လို့ ရတယ် ။

သည် စိတ်ကူး အရ ပထမဆုံး သူ သဌေးဦးလေးကျော် ကို ပြောရမယ် ။ ဦးကျော် က လိုအပ်တဲ့ ငွေရင်းနှီး ကို ထုတ် ပေးမယ် လို့ သဘော တူပြီ ဆိုယင် တော့ ၊ ဒုတိယ အဆင့် အနေနဲ့ မအေးနု ကို ဆွေးနွေးရမယ် ။ ဘာပဲပြောပြော မအေးနု တို့ ရဲ့ ဆိုင် ဆိုတာ က လဲ ကိုယ်ပိုင်ဆိုင် မှ မဟုတ်ပဲ ။ မအေးနု တယောက် တည်း ပိုင်တာလဲ မဟုတ်ဘူး မဟုတ်လား ။

မှန်တယ်လေ ။ ကိုဘဂျမ်း ရဲ့ စီးပွားရေးလုပ်ငန်း ဆိုတာ ကလဲ မအေးနု ရဲ့ စီးပွားရေး လုပ်ငန်း ပါပဲ ။ ဒါပေမယ့် ဝတ္တရား အရ ပြောတာ က တော့ ပြောရမယ် ။ ကြိုတင် ခွင့်ပြုချက် တောင်းရမယ် ။

ကိုဘဂျမ်း က လူ တမျိုး ။ နောက်ပိုင်း ကျတော့ မှ ဘာဘာညာညာ ပြောလာ မှာ စိုးတယ် ။ ခု ရှုပ် မှ နောင် ရှင်း မယ် ။ နောက်ပိုင်း ကျ မှ လှေကြီး ပေါ် လှေငယ် တင်တယ် တို့ ၊ သူတို့ ဆိုင် ကို မှီခို ပြီး အလုပ် လုပ်တဲ့ အတွက် သူတို့ အကျိုးစီးပွား နဲ့ ပါ ဆိုင်တယ် တို့ ... စသည်ဖြင့် ပြော လာမှာ စိုးတယ် ။

ဟုတ်တယ် ။ စာနယ်ဇင်း အရောင်းအဝယ်လုပ်ငန်း ဆိုတာ က အဓိက အားဖြင့် ရန်ကုန် က စာအုပ်တိုက်တွေ နဲ့ လှမ်း ဆက်သွယ် ပြီး လုပ်ရတဲ့ အလုပ် ဆိုတော့ အဆက်အသွယ် များမယ် ။ အဝင် အထွက် များမယ် ။

စာအုပ်တွေ ရောက်လာပြီ ဆိုယင်လဲ သည် ဆိုင် ကို ပဲ ရောက်လာကြမှာပဲ ။ သည် ဆိုင် က မှ တဆင့် လမ်းဘေးဆိုင် ကို ပို့ ရမယ် ။ တချို့ စာအုပ်တွေ ဆိုယင်လဲ သည် ဆိုင်မှာ ပဲ သိမ်းဆည်း ထားရမယ် ။ အဲ ... ရေးအကြီးဆုံး က တော့ ဆိုင် ရဲ့ နာမည် ပဲ ။

မအေးနု တို့ ရဲ့ ဆိုင် နာမည် က “ လောကအလင်း ” ဖြစ်တယ် ။ သည် “ လောကအလင်း ” ဆိုတဲ့ နာမည် ကို ကိုဘဂျမ်း မကြိုက်ဘူး ။ နာမည် ကို က ဘာသာရေး ဆန်တယ် ။ အမှန် အတိုင်း ပြောရယင် ကိုဘဂျမ်း ရဲ့ စာနယ်ဇင်း အရောင်းအဝယ် အတွက် နာမည် အသစ် တခု ပေးချင်တယ် ။ မန္တလေး မှာ “ ရဲရင့် စာပေ ” ရှိတယ် ။ “ တင်ဖေ စာနယ်ဇင်း ” ရှိတယ် ။ ကိုဘဂျမ်း ကလဲ “ ချမ်းအေး စာနယ်ဇင်း ” လို့ နာမည် ပေးချပ်တယ် ။ သူ့ နာမည် က တော့ ဘဂျမ်း ပဲ ပေါ့ ။ ဒါပေမယ် “ ဂျမ်း ” ဆိုတာ ကို “ ချမ်း ” လို့ ယူ လိုက်မယ် ။ ပြီးတော့ မအေးနု ရဲ့ နာမည် ထဲ က “ အေး ” ကို ယူ လိုက်မယ် ။ ချမ်းအေး စာနယ်ဇင်း ။ သားကလေး ရဲ့ နာမည် က လဲ မောင်ချမ်းအေး မဟုတ်လား ။

အဲသည် နာမည် ကို ထုံးစံ အတိုင်း သစ်သား ဆိုင်းဘုတ်ကလေး မှာ ခပ်သေးသေး ရေးမယ် ။ ပြီးတော့ ဆိုင့် မျက်နှာစာ မှာ တွဲလောင်းကလေး ချိတ် ထားမယ် ။ နှစ်ဘက် ရေး ထားတဲ့ ဆိုင်းဘုတ် ဆိုပါတော့ ။ ဘယ်ဘက် က လာတဲ့ လူ ဖြစ်ဖြစ် ၊ ဆိုင် ရှေ့ က လမ်း မှာ ဖြတ် လျှောက်မယ် ဆိုယင် မြင်စေရမယ် ။

မူလ “ လောကအလင်း ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ကတော့ ဆိုင့် နောက်ကျော က စာအုပ်ဗီရို ရဲ့ ထိပ် မှာ ခန်းလုံးပြည့် ပါပဲ ။ ဧရာမ ဆိုင်းဘုတ်ကြီး ပါပဲ ၊ ‘ လောကအလင်း ’ ဆိုတဲ့ စာလုံးတွေ က လဲ အကြီးကြီး ပါပဲ ။ ရွှေချ ထားတဲ့ သစ်သားဖောင်းကြွ စာလုံးကြီးတွေ ပါ ပဲ ။ အဲသည် စာလုံးကြီးတွေ နဲ့ စာ လိုက်ယင် တော့ ကိုဘဂျမ်း ရဲ့ “ ချမ်းအေး စာနယ်ဇင်း ” ဆိုတဲ့ ဆိုင်းဘုတ်ကလေး ဟာ မပြောပလောက်ပါဘူး ။ စင်ပြိုင် စာအုပ်ဆိုင် ထူထောင်တယ် လို့ စွပ်စွဲ နိုင်စရာ အကြောင်းလဲ မရှိပါဘူး ။ အသေးအမွှား ပါ ။ ဒါကြောင့်လဲ မအေးနု တို့ မိသားစု အနေ နဲ့ ကန့်ကွက်စရာ အကြောင်း ရှိလိမ့်မယ် လို့ လဲ မထင်ပါဘူး ။

တခု တော့ ရှိတာပေါ့ လေ ။ လုပ်ဖြစ်မယ် ဆိုယင် တော့ ကိုဘဂျမ်း ရဲ့ စာနယ်ဇင်းလုပ်ငန်း က ဘာမှ မဟုတ်ပေမယ် အလုပ် များမယ် ။ လူဝင် လူထွက် များမယ် ။ မျက်စိ နောက်မယ် ။ သည်တော့ ပတ်ဝန်းကျင် မှာ ရော ၊ မအေးနု တို့ ရဲ့ အတွေ့အကြုံ မှာ ရော ၊ ပြောစရာ ၊ ငြိုငြင်စရာ ဖြစ်ကောင်း ဖြစ်လာ နိုင်တယ် ။

သည်တော့ စောစော ကြို ပြောထားတာ ကောင်းတယ် ။ နောင်အခါ မှ ပြဿနာ ဖြစ်လာမယ် ဆိုယင် တစီးပွား တည်း လုပ် နေကြတဲ့ မိသားစု အတွင်း မှာ စိတ်ဝမ်း ကွဲစရာတွေ ဖြစ်လာမယ် ။

ဆိုးတော့ မဆိုးပါဘူး ။ ကိုဘဂျမ်း ဆိုတာ က လဲ တကယ်တမ်း ပြောရယင် တော့ သူစိမ်း သက်သက် မှ မဟုတ်ပဲ ။ အတူ နေထိုင်ပြီး လက်တွဲ လုပ်ကိုင် လာကြတာပဲ ။ တနှစ်ခွဲ ကျော်ခဲ့ပြီပဲ ။

ပြီးတော့ ဦးကျော်စွာ က လဲ အထိုက်အလျောက် အကူ အညီ ပေးပါတယ် ။ ကိုဘဂျမ်း တောင်းတဲ့ ငွေငါးထောင်မျိုး ခြောက်ထောင်မျိုး ကို လုံးကနဲ ခဲကနဲ မပေးလိုက် ပေမယ့် ပထမ ဆုံး ရင်းနှီးဖို့ ဆိုပြီး ငွေနှစ်ထောင် ထုတ် ပေးလိုက်တယ် ။ နောင် လဲ တကယ်တမ်း လိုအပ်ပြီ လို့ ဆိုယင် လိုအပ် သလို လာ ယူဖို့လဲ ပြော လိုက်တယ် ။

ဟုတ်တော့ ဟုတ်တယ် ။ တကယ်တမ်း ကျတော့လဲ ၊ တခါတည်း ငွေငါးထောင် ခြောက်ထောင် မလိုပါဘူး ။ သူ့ စာအုပ် နဲ့ သူ နေ့စဉ် ရောင်းနေရတဲ့ ဝင်ငွေ ကလဲ ရှိနေတော့ တော်ရုံတန်ရုံ အတွက် က လှည့်လို့ ရပါတယ် ။

ကိုဘဂျမ်း ဆိုင် ထွက်တယ် ။ နှစ်ဆယ့်ရှစ်လမ်း ၊ သံဖြူတန်းထိပ် က “ ကျင်ယုံစတိုး ” ဆိုင် ရှေ့မှာ ဆိုင် နေရာ ရတယ် ။ ပလက်ဖောင်း က တော့ သိပ် မကျယ်လှဘူး ။

ဒါပေမယ့် ဆိုင်နံရံ ကို ကပ်ပြီး စာအုပ်စင် ထားခွင့် ရတယ် ဆိုတော့ ၊ ရေမြောင်း ကို ဆင်ခြေလျောခုံ နဲ့ ခွ လိုက်တယ် ။ ရေမြောင်း ကို လဲ သစ်သားအံဖုံး နဲ့ ဖုံး လိုက်တယ် ။ မဆိုးပါ ဘူး ။ နေရာ ကျယ်ပါတယ် ။ စတိုးဆိုင် ပိုင်ရှင် ကိုတင်ဝင်း ဆိုတဲ့ လူ က လဲ သဘောကောင်း ပါတယ် ။ သူ ကိုယ်တိုင် က လဲ စာဖတ် ဝါသနာ ပါတဲ့ လူ တယောက် ဆိုတော့ စကား ပြောတုန်း က သာ မျက်နှာစာ သုံးခွင့် အတွက် တလ ငါးဆယ် ပေးရမယ်လို့ ဆိုပေမယ့် ၊ လက်တွေ့ ကျတော့ တပြား မှ မယူပါဘူး ။ စာအုပ် တွေ အခမဲ့ ဖတ်ရတယ် ဆိုပြီး သူ က တောင် ပြန် ကျေးဇူး တင် နေသေးတယ် ။

ကိုဘဂျမ်း ကုသိုလ် ကံ ကောင်းပါတယ် ။

လက်တွေ့ လုပ်ပြီ ဆိုတဲ့ အခါကျ တော့ မအေးနု က လဲ မနေပါဘူး ။ ငွေရင်းနှီး ဘယ်က ရတယ် ဆိုတာ ကို ကိုဘဂျမ်း က ဖွင့် မပြောလို့ မသိရပေမယ့် ၊ တခြား သူစိမ်း တယောက် ယောက် ရဲ့ အကူအညီ ဖြစ်မှာပဲ လို့တော့ မအေးနု တွက်မိပုံ ရတယ် ။ ဒါ့ကြောင့်လဲ ကိုဘဂျမ်း ကို ဖွင့်ပြောတယ် ။ မျက်နှာငယ် ခံပြီး တခြား က ငွေ ကို မယူပါနဲ့ တဲ့ ။ အတိုး ပေးရမယ် ငွေ မျိုး ဆိုယင်လဲ မချေးပါနဲ့ တဲ့ ။ သူ့ မှာ ကိုယ်ပိုင် လက်ဝတ် လက်စားတွေ ရှိပါတယ် တဲ့ ။ သူ လဲ အိမ်ထောင်သည် တယောက် အနေ နဲ့ သည် လက်ဝတ်လက်စားတွေ ကို မက်မက် မောမော မဝတ်ချင်ပါဘူး တဲ့ ။ ဘာပဲဖြစ်ဖြစ် လိုအပ်တယ် ဆိုယင် ထုခွဲ ရောင်းချပြီး ရင်းနှီးမှာပေါ့ တဲ့ ။ အခုတော့ ကိုဘဂျမ်း လုပ်ပုံ က လင်မယား နဲ့ မတူပဲ သိပ်ပြီး သူစိမ်း ဆန် လွန်းတယ်တဲ့ ။ မျက်ရည်ကလေး ကလည်ကလည် နဲ့ ဝမ်းပန်း တနည်း ပြောတယ် ။ မအေးနု က လဲ ကောင်းရှာပါတယ် ။

ဒါပေမယ့် ကိုဘဂျမ်း ကိုယ်တိုင် က မကောင်းဘူး ဖြစ် သွားတယ် ။ သည်ဘက် မှာ သီးခြားဆိုင် တဆိုင် ဖွင့်တယ် ဆိုတော့ ကိုဘဂျမ်း အနေ နဲ့ ( စီ ) ရုံ က ဆိုင်ဘက် ကို ပြန် လှည့် မကြည့်နိုင်တော့ဘူး ဖြစ်သွားတယ် ။ ခက်တာ က ကိုဘဂျမ်း ရဲ့ ဆိုင်မျိုး က လက် လွှတ်လို့ မရဘူး ။ ပစ် ထားလို့ မရဘူး ။ လူသွား လူလာ လမ်းပေါ် မှာ ဆိုတော့ စာအုပ် တအုပ် ၊ မဂ္ဂဇင်း တစောင် ကောက်ဆွဲ သွားတယ် ဆိုယင်လဲ အရှုံး ပဲ ။ အပေါ့အပါး သွား ချင် လို့ နောက်ဖေး နောက်ဖီ ခေတ္တခဏ ထွက် နေ တုန်းမှာ တစုံတယောက် ကို လွှဲထား ခဲ့ယင်လဲ ၊ အဲသည် တစုံတယောက် က ရိုးသားပါဦး မှ ။ အဲသည် လွှဲ ထားခိုက် ခေတ္တခဏ မှာ ရောင်း လိုက်ရတဲ့ စာအုပ်ဖိုး ငွေ ကို မရိုးမသား နဲ့ သူ့ အိတ် ထဲ သူ ထည့် သွားမယ် ဆိုယင် လဲ ခံရရုံ ပဲ ။

သည်တော့ တကယ်တမ်း ပြောရံယင် ကိုဘဂျမ်း ရဲ့ ဆိုင် မှာလဲ အကူအညီ တယောက် တော့ လိုတယ် ။ ခင်မောင်လတ် ကို တော့ ခေါ်ထားချင် ပါတယ် ။ ဒါပေမယ့် ခင်မောင်လတ် က လဲ ( စီ ) ရုံ က ဆိုင် မှာ မရှိယင် မဖြစ်ပြန်ဘူး ။ မအေးနု ဆို တာ က အယင်က မအေးနု မဟုတ်တော့ဘူး လေ ။ လွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး ။ လွှတ်လွတ်လပ်လပ် ဆိုတာ က အိမ်ထောင် ကျ လို့ ပြောတာ မဟုတ်ဘူး ။ သားသည် အမေ ဖြစ် နေပြီ ။ ကလေး တယောက် ရဲ့ အမေ ဖြစ်နေပြီ ။

ကလေး တယောက် ရဲ့ အမေ ဖြစ်နေပြီ ဆိုတော့ ကလေး ရဲ့ တာဝန်တွေ က လဲ ရှိလာပြီ လေ ။ အယင်က လို စာအုပ်ဆိုင် မှာ ထိုင်ရုံ ထိုင် ရောင်းရတဲ့ ဘဝမျိုး မဟုတ်တော့ဘူး ။ ဆိုင်ထွက် ဖို့ ရာ မှာ တောင် အယင်က လို အချိန် မှန်မှန် ရောက် မလာနိုင်တော့ဘူး ။ အစောဆုံး ဆယ်နာရီခွဲ ၊ ဆယ့်တစ်နာရီ မှ ပဲ ရောက် လာ နိုင်တော့တယ် ။ ကလေး ကို တော့ ဆိုင် ခေါ် မလာပါဘူး ။ နေ့ခင်းဘက် မှာ နို့ဗူး တိုက်ဘယ် ၊ ဒါပေမယ့် မအေးနု က လဲ ကျန်းမာရေး ကောင်းတော့ ကလေး ကို နို့ မတိုက်ပဲ အချိန် ကြာကြာ မနေနိုင်ဘူး ။ နို့ က တင်း လာတယ် ။ ကလေး ဆာချိန် ရောက်ပြီ ဆိုယင် နို့ က အလိုလို သက် လာတယ် ။ နာလာတယ် ။ သည်တော့ ညနေဘက် ဆိုယင်လဲ အိမ် ကို အယင်တုန်း က ထက် စောစော ပြန်ပြေး ရ တတ်တယ် ။ ဆိုင် ကို လဲ သိမ်း မနေနိုင်ဘူး ။ ခင်မောင်လတ် ပဲ ဆိုင် ဖွင့် ။ ခင်မောင်လတ် ပဲ ဆိုင်သိမ်း ။ မအေးနု က စာအုပ် ဝယ် သံဃာတွေ ကြွ လာလေ့ လာထ ရှိတဲ့ မွန်းလွဲပိုင်း အချိန်ကလေး လောက် ပဲ ဆိုင် မှာ ထိုင် နိုင်တော့တာ ပဲ ။ ဆိုပါတော့ ။ ခင်မောင်လတ် လဲ မအားဘူး ။

ခင်မောင်ဦး က လဲ သူ့ အလုပ် နဲ့ သူ လေ ။ ဆိုင် ကို မလာဘူး ။ ဆိုင် မှာ မထိုင်ဘူးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဆိုင် ရဲ့ အပြင် လုပ်ငန်းတွေ က လဲ ရှိသေးတယ် မဟုတ်လား ။ ပြီးတော့ လဲ နှစ်လ တခေါက် ၊ သုံးလ တခေါက် ဆိုတာ လို ရန်ကုန် ကို လဲ သွားရတတ် သေးတယ် မဟုတ်လား ။ သည်တော့ ခင်မောင်ဦး ရဲ့ လုပ်အား ကို လဲ မရနိုင်ဘူး ။

အခုမှ ကိုဘဂျမ်း မှာ ဒုက္ခ ။ ကိုယ့် ဆိုင် ကို လဲ ပစ် ထား လို့ မရ ။ သူစိမ်း တယောက် ယောက်နဲ့ လွှဲ ထားလို့လဲ မရ ။ ဆိုပါတော့ ၊ ဆိုင် က ခွာ လို့ မရ ။ တဘက် မှာ လဲ မအေးနု ကို မကူညီနိုင် ။ ( စီ ) ရုံ က စာအုပ်ဆိုင် ကို ပြန် မကြည့်နိုင် ။ နောက် ကြောင်း ပြန် မလှည့်နိုင် ။ ရုပ်ရှင် ထဲ က လို နှစ်ကိုယ် ခွဲ လို့ လဲ မရ ။

တိုက်ဆိုင်ချင် တော့ မအေးနု တို့ မိသားစု ရဲ့ စီးပွားရေး လုပ်ငန်း မှာ ကိုဘဂျမ်း ရဲ့ လုပ်အား က လဲ လုံးလုံးလျားလျား လျော့ ။ မအေးနု ရဲ့ လုပ်အား က လဲ လျော့ ။ ဟိုဘက် မှာ လဲ မနိုင်မနင်း တွေ ဖြစ် ။ သည်ဘက် မှာလဲ မနိုင်မနင်း တွေ ဖြစ် ။

ပိုပြီး ဆိုးတာက ကိုဘဂျမ်း ရဲ့ စီးပွားရေး လုပ်ငန်း ။ ကိုဘဂျမ်း က သူ့ ဆုံးဖြတ်ချက် နဲ့ သူ ၊ သူ မာန နဲ့ သူ ၊ မိန်းမ ဘက် က အကူအညီ ကို မယူပဲ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ကို သီးခြား ထူထောင် လိုက်တယ် ဆိုတော့ ၊ အားနာစရာ တွေ ၊ မျက်နှာပူစရာ တွေ ဖြစ် ကုန်တော့တာပေါ့ ။ ကိုဘဂျမ်း က သူ နဲ့ သူ့ မိန်းမ အတွက် လုပ်ငန်း တခု ခွဲ လုပ်လိုက်တဲ့ သဘောမျိုး ဖြစ် နေတော့ ခင်မောင်ဦး တို့ အနေနဲ့ ကလဲ အထင် လွဲစရာတွေ ဖြစ်လာတော့ တာပေါ့ ။

ဒါပေမယ့် နေကြတော့ လဲ တအိမ်တည်း မှာ အတူ နေ ကြတယ် ။ စားကြတော့ လဲ တအိုးတည်း စားကြတယ် ။ စီးပွား လဲ မခွဲကြဘူး ။ ဥမကွဲ ၊ သိုက်မပျက် ။

ကိုဘဂျမ်း တွက် ကြည့်တယ် ။ တကယ်တမ်း ပြောရယင် ကိုဘဂျမ်း လုပ်ပုံ က တကိုယ်ကောင်း ဆန် နေတယ် ။ ကိုယ့် လုပ်ငန်း နဲ့ ကိုယ် ၊ ကိုယ့် ဘဝ ကိုယ် တိုးတက်လာအောင် ထူထောင် တာ ဖြစ်ပေမယ့် ၊ လက်တွေ့ ကျ တော့ သည် အိမ် မှာ နေ ၊ သည် အိမ် မှာ အိပ် ၊ သည် အိမ် မှာ စား ပြီး သည် အိမ် ရဲ့ အကျိုးစီးပွား အတွက် တော့ ဘာမှ လုပ် မပေးဘူး လို့ ဖြစ်နေတယ် ။ ဟုတ်တယ်လေ ။ သူ့ စာနယ်ဇင်း ဆိုင် က ငွေ က သူ့ ငွေ ပဲ ။ သူ ကိုယ်တိုင် ကိုင် တယ် ။ သူ ကိုယ်တိုင် သိမ်းတယ် ။ မအေးနု ကို အပ်ပေမယ့် သပ်သပ် ခွဲခြားပြီး ထား ခိုင်းတယ် ။ သူ့ ငွေ နဲ့ သူ ။ သူ့ စာရင်း နဲ့ သူ ။ သည် အထဲ က မတို့ဘူး ။ မထုတ်ဘူး ။ အိမ် အတွက် လဲ သပ်သပ်မှတ်မှတ် မပေးဘူး ။ သည်တော့ ရှင်းရှင်း ပြောရယင် ကိုဘဂျမ်း က သည် အိမ် မှာ အလကား ဝင် စား နေတဲ့ လူပို တယောက် လို ဖြစ်နေတယ် ။ တနည်း ပြောရယင် တကိုယ်ကောင်း ဆန်ရာလဲ ကျတယ် ။ လူလည် လုပ်ရာ လဲ ကျတယ် ။ တာဝန် မဲ့ရာ လဲ ကျတယ် ။

သည်လို စဉ်းစားမိ ပြန်တော့လဲ ကိုဘဂျမ်း စိတ် မကောင်း ဖြစ်ရပြန်တယ် ။

ဒါပေမယ့် တဘက်မှာ ကလဲ သူ့ အလုပ် က လုပ်မိ လက်စ ဖြစ် နေပြီ ။ သူ့ ဆိုင် က အဝေးပြေး ကားဆိပ် တွေ နဲ့ နီး တော့ ရပ်ဝေး က ဖောက်သည်ကလေး တွေ လဲ ရ လာပြီ ။ လုပ်ငန်း က တိုးတက် လာ နေပြီ ။ နောက် ဆုတ် လို့ မရတော့ဘူး  ။ အောင်မြင်လျက်သား နဲ့ နောက် ဆုတ်ဖို့ဆိုတာ က လဲ နှမြောစရာ ကောင်း နေပြီ ။ ဆိုင် ကို ပြန် ဖျက်သိမ်း ပစ် ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ။

ဒါပေမယ့် တဘက် မှာ က ကျ လာတယ် ။ မအေးနု ကိုယ်တိုင် က လဲ အယင်တုန်း ကလို ဖိဖိစီးစီး မလုပ်နိုင်တော့ ၊ အရောင်း ကျလာတယ် ။ ခင်မောင်လတ် ဆိုတာ က တော့ တကယ်တမ်း ပြောရယင် ကလေး ပဲ ။ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ် ဆိုတော့ လဲ အမှန်အတိုင်း ပြောရယင် ဆိုင် တဆိုင် ကို ဦးမစီး နိုင် သေးဘူး ။ စီးပွားရေး သဘော ကို လဲ ကောင်းကောင်း နားမလည် သေးတဲ့ အတွက် စီးပွားရေး အမြင် လဲ သိပ် မရှိသေး ဘူး ။ သိပ် လာဘ် မမြင်သေးဘူး ဆိုပါတော့ ။ စီးပွားရေး လုပ်ငန်း ကို လဲ သိပ် စိတ်ဝင်စားပုံ မရပါဘူးလေ ။ ခင်မောင်လတ် အပြစ် တော့ လဲ မဟုတ်ပါဘူး ။ အသက် ကို က လဲ ငယ် သေး တာကို ။

အမှန် ပြောရယင် ဒါတွေကို ကိုဘဂျမ်း က သာ သိသိ တတ်တတ် နဲ့ စဉ်းစား ဆင်ခြင် နေတာပါ ။ မအေးနု တို့ ဘက် က က တော့ စဉ်းစား ဆင်ခြင်မိပုံ လဲ မရပါဘူး ။ လုပ်ရိုးလုပ်စဉ် လုပ် နေကြတာပဲ ။ ကိုဘဂျမ်း ရောက် မလာခင် ၊ ကိုဘဂျမ်း နဲ့ မအေးနု တို့ အကြောင်း မပါခင် တုန်း က လဲ သည်လိုပဲ မောင်နှမ သုံးယောက် လုပ် လာခဲ့ကြရတာ ဆိုတော့ ၊ သူတို့ အဖို့ က တော့ သိပ် မထူးခြားလှဘူး လို့ ယူဆကြတယ် ထင်ပါရဲ့ ။

ခက်တာ က သူတို့ စာအုပ်လုပ်ငန်း ရဲ့ သဘာဝ ကို ကလဲ အရှုံးအမြတ် ဆိုတာ ကို သိပ် တွက်ချက်လို့ ရတတ်တာမျိုး မှ မဟုတ်ပဲ ။ များသော အားဖြင့် က အရှုံး မရှိတတ်ဘူး ။ အမြတ် ပဲ ရှိတယ် ။ အဲ .. မြတ်တဲ့ နေရာ မှာ အနည်း နဲ့ အများပဲ ရှိမယ် ။ အနှေး နဲ့ အမြန် ပဲ ရှိတယ် ။ အမှန်အတိုင်း ဝေဖန်ရယင် မအေးနု တို့ ၊ ခင်မောင်ဦး တို့ ကိုယ်တိုင် ကလဲ စာရင်းအင်း မတွက်တတ် ပါဘူး ။ သူတို့ မှာ စာရင်းအင်း ထားလေ့ ထားထ လဲ မရှိဘူး ။ သည်လိုပဲ ရရစားစား နဲ့ လုပ် လာခဲ့ကြတော့ ၊ သည်လိုပဲ ပုံမှန် အတိုင်း လုပ် နေ ကြတာပဲ ။ တခုတော့ ရှိတာပေါ့လေ ။ နေ့စဉ် ရောင်းရတဲ့ ဝင်ငွေ မှာ တော့ ကျလာတယ် ဆိုတာကို သူတို့ သတိ ပြုမိ ကြတယ် ။ ဒါပေမယ့် ဘာကြောင့် အဲသည်လို အရောင်းရ ကျလာတယ် ဆိုတာ နဲ့ ပတ်သက်လို့ တော့ သူတို့ မတွက်မိကြဘူး ။ မတွက်တတ်ကြဘူး ။

သည်တော့လဲ သူတို့ ထက် တွက်တတ် တဲ့ ၊ နားလည် တဲ့ အသက်ကြီး တဲ့ လူ တယောက် အနေနဲ့ ကိုဘဂျမ်း က ပဲ ပြန် စဉ်းစား ဆင်ခြင်ရတယ် ။

ကိုဘဂျမ်း တွေး ကြည့် မိ သေးတယ် ။ မအေးနု တို့ မိသားစု ရဲ့ စာအုပ်ဆိုင် လုပ်ငန်း မှာ ကိုဘဂျမ်း က ခေါင်းဆောင် မလုပ် ရတဲ့ အတွက် သီးခြား ခွဲထွက်ပြီး တမင် ထောင်တယ် လို့ များ အောက်မေ့ ယူဆကြ လေ မလား ။ ကိုဘဂျမ်း ရဲ့ အပေါ်မှာ များ အထင် မှားကြလေ မလား ။ ငြိုငြင်ကြလေ မလား ။

အမှန်ကတော့ ကိုဘဂျမ်း မှာ အဲသည့်လို စိတ်ထားမျိုး လဲ မရှိခဲ့ဖူးပါဘူး ။ သူ့ ကိုယ်ပိုင် အလုပ် တခု ခု ကို လုပ်ပြီး ကြီးပွားချမ်းသာချင် တဲ့ ဆန္ဒ ပဲ ရှိပါတယ် ။ မအေးနု တို့ မိသားစု ရဲ့ လုပ်ငန်း ကို ခေါင်းဆောင်ချင် တဲ့ ဆန္ဒ လဲ လုံးဝ မရှိဘူး ။ မအေးနု တို့ မိသားစု ရဲ့လုပ်ငန်း နဲ့ ချဲ့ထွင်ချင်တဲ့ ဆန္ဒ မျိုး လဲ မရှိဘူး ။

အဲ ... မအေးနု တို့ ခင်မောင်ဦး တို့ ဘက် က လဲ ကိုဘဂျမ်း ကို ဘယ်လိုမှ သဘော မထားဘူး ။ ကိုဘဂျမ်း ရဲ့ အလုပ် နဲ့ ပတ်သက်လို့ လဲ ဘယ်လိုမှ မအောက်မေ့ဘူး ။ သူစိမ်း ဆန်တယ် လို့လဲ မဆင်ခြင် မိကြဘူး ။ တကိုယ်ကောင်း ဆန်တယ်လို့လဲ မဝေဖန် မိကြဘူး ။ အံ့ဩစရာ ကောင်း တာ က ကိုဘဂျမ်း အပေါ် မှာ ဘယ်သူ က မှ မေတ္တာ မပျက်ကြဘူး ။ ကိုဘဂျမ်း ရဲ့ ဆန္ဒ က ဘယ်လောက်ပဲ ရိုးသား ရိုးသား ၊ ကိုဘဂျမ်း ရဲ့ လုပ်ရပ်တွေ က သူတို့ မိသားစု အဖို့ ငြိုငြင်စရာ ဖြစ်နေပေမယ့် လဲ ကိုဘဂျမ်း ကို ဘယ်သူ က မှ မငြိုငြင်ကြဘူး ။

ကြည့်လေ ။ သူတို့ မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း မှာ ဝင်ငွေ လျော့လာတာ က လျော့လာတာ တခြား ။ ကိုဘဂျမ်း ရဲ့ ဆိုင် ကိုလဲ ခင်မောင်ဦး အပါအဝင် သူတို့ မိသားစု တစုလုံး က စိတ်ဝင်စား ကြတယ် ။ ကိုဘဂျမ်း ရဲ့ ဆိုင် လုပ်ငန်း တနေ့တခြား တိုးတက် လာနေတာ နဲ့ ပတ်သက်လို့ လဲ သူတို့ မိသားစု အားရ ဝမ်းသာ ရှိကြတယ် ။ ကျောင်း ပိတ်ရက်တွေ မှာ များ ဆိုယင် တချို့ အငယ်တွေ က ပါ ကိုဘဂျမ်း ရဲ့ ဆိုင် ကို ရောက်လာ တတ်ကြတယ် ။ ( စီ ) ရုံ က ဆိုင် ကို ဘယ်တုန်းက မှ သွားလေ့ သွားထ မရှိကြ ပေမယ့် ၊ ကိုဘဂျမ်း ရဲ့ ဆိုင် ကို တော့ ရောက်လာ တတ် ကြတယ် ။ စာအုပ်တွေ ကို ကောက် ဖတ်ကြယင်း နဲ့ ကူညီ တတ် ကြတယ် ။ အဲသည်လို စာအုပ်မျိုးတွေ ကို ဖတ်ရတာ ကို က အငယ်တွေ အဖို့ က တော့ ပျော်စရာပဲ ။

သည်တော့လဲ ကိုဘဂျမ်း ပြန် သုံးသပ်ရ ပြန်တယ် ။

ငါ များ မှား နေပြီလား ။

မြင်ပါတယ် ။ ကိုဘဂျမ်း ရဲ့ ဘဝ အတွေ့အကြုံ က သူစိမ်း အိမ် မှာ နေလာ ခဲ့ရတဲ့ လူပဲ ။ မျက်နှာရိပ် မျက်နှာကဲ တွေ ကို လဲ ကြည့်တတ်ပါတယ် ။ စိတ် ထဲ ဝမ်း ထဲ အထိ လဲ မြင်တတ်ပါတယ် ။ သည် မိသားစု ရဲ့ ရိုးသားတဲ့ စိတ်ရင်း စေတနာ ကို ကိုဘဂျမ်း သိနားလည် လာတယ် ။

မှန်တယ် ။ ကိုဘဂျမ်း ပြင်ရမယ် ။

သည် မိသားစု နဲ့ ငါ နဲ့ က တော့ ဘယ်လို မှ ခွဲလို့ မဖြစ် နိုင်တော့ဘူး ။ သူတို့ ရဲ့ စီးပွားရေး လုပ်ငန်း ကို လဲ ငါ ပဲ ဦးဆောင် လုပ်ကိုင် ရ တော့မယ် ။ သူတို့ မိသားစု တစုလုံး ရဲ့ စားဝတ်နေရေး ကို လဲ ငါ ပဲ တာဝန် ယူရ တော့မယ် ။

ဖြစ်နိုင်ပါတယ် ။ သူတို့ မောင်နှမတ တွေ ထဲ မှာ အကြီးဆုံး ဖြစ်တဲ့ မအေးနု ကိုယ်တိုင် က လဲ ငါ့ အလိုဆန္ဒ ကို လိုက်လျော တယ် ။ ငါ့ လုပ်ငန်း ကို တောင် အကူအညီ ပေးဖို့ ကြိုးစားခဲ့သေး တယ် ။ မအေးနု မှာ ခွဲခြားချင် တဲ့ စိတ် ၊ ခွဲခြားတတ် တဲ့ စိတ် လုံးဝ မရှိဘူး ။ သူတို့ ပစ္စည်း ကို လဲ ငါ့ ပစ္စည်း လို့ ပဲ သဘောထားတယ် ။

နောက် တယောက် ။ ခင်မောင်ဦး ။ ခင်မောင်ဦး ဆိုတာ က လဲ သူတို့ လုပ်ငန်း မှာ တစိတ်တပိုင်း က ခေါင်းဆောင်မှု ပေး နေရတယ် လို့ ဆိုပေမယ့် ငါ့ ကို တော့ လေးစားတယ် ။ လုပ်ငန်းတိုင်း မှာ လဲ ငါ့ ကို တိုင်ပင်တယ် ။ ငါ့ ရဲ့ အကြံဉာဏ်တွေ ကို လဲ လေးလေးစားစား နဲ့ လိုက်နာတယ် ။ ပြီးတော့ မှတ်မိ သမျှ ပြောရ ယင် ငါ နဲ့ တကြိမ်တခါ မှ စကား မများဖူးဘူး ။ အလုပ် နဲ့ ပတ်သက်လို့ လဲ တကြိမ်တခါ မှ အငြင်း မပွားရဖူးဘူး ၊ သည်တော့ ခင်မောင်ဦး လဲ ပဲ ငါ့ စကား ကို နားထောင်မယ် ထင်တယ် ။

ကိုဘဂျမ်း တနေ့ တော့ မအေးနု နဲ့ ဆွေးနွေးတယ် ။ သူတို့ မိသားစု တစု လုံး ရဲ့ စားဝတ်နေရေး ကို ကိုဘဂျမ်း တာဝန် ယူမယ် ။ စီးပွားရေးလုပ်ငန်း တခုလုံး ကို လဲ ကိုဘဂျမ်း က ပဲ ဦးဆောင် ပြီး လုပ်မယ် ။ ကိုဘဂျမ်း ရဲ့ စကား ကို လေးစားကြရ မယ် ။ သဘော တူသလား ။ မတူဘူးလား ။ မအေးနု ကို လဲ မေး ကြည့်တယ် ။ မအေးနု က တဆင့် သူတို့ မိသားစု တစုလုံး ၊ သူ့ အမေ ပါ မကျန် ကို လဲ မေး ကြည့်ဖို့ ပြောပြတယ် ။

အင်း ... အံ့ဩစရာ ကောင်းတာ က တည မှာ မိသားစု တစုလုံး မျက်နှာစုံညီ ထိုင်ကြပြီး ကိုဘဂျမ်း ကို ဦးဆောင်ဦးရွက် လုပ် ဖို့ ဝမ်းသာအားရ ဆန္ဒ ပြု ကြတယ် ။

ကဲ ... ဘာလုပ်မလဲ ။

ကိုဘဂျမ်း ဝမ်းလဲ သာပါရဲ့ ။ တုန်လှုပ် လဲ တုန်လှုပ် မိပါရဲ့ ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment