Wednesday, June 19, 2024

မိုးများ ‌မြွေများ


 

❝ မိုးများ ‌မြွေများ ❞

( က )

စာရေးသက် နှစ်ဆယ် ကျော်ခဲ့ ပေမဲ့ စာရေးသူ ဟာ ဒီ အမျိုးသမီး အကြောင်း ကို ဝတ္ထု ဖွဲ့ ဖို့ တော့ ဝန်လေး နေမိတယ် ။ ဒီ အမျိုးသမီး ဟာ လှချင်ရက် စက်စက်ယို နေလို့ ကလောင် မလိုက်နိုင်တာလား ဆိုပြန် ရင် လည်း အဲဒီလို စာဖွဲ့ လောက် အောင် တဖွဲ့တနွဲ့ လှတဲ့ အလှမျိုး မဟုတ်ဘူး ။ သူ့ မှာ သာမန် ရုပ်ရည် ထက် နည်းနည်း ပိုပြီး ကြည့်ပျော် ရှုပျော် ရှိတဲ့ မြန်မာ အမျိုးသမီး တစ်ယောက် လောက် ပါပဲ ။

ပျိုပျိုမျစ်မျစ်လေး မို့ လို့ လား မေးပြန် ရင် လည်း အသက် သုံးဆယ် ကျော် ဆို တာ ပျိုပျိုမျစ်မျစ် ထဲ စာရင်း မဝင် ပြန်ဘူး ။ တကယ်တော့ မအေးသီ ဟာ ခင်ပွန်းသည် ဆုံးပါး သွားလို့ ကလေး တစ်ယောက် နဲ့ ကျန်ရစ်ခဲ့ သူ တစ်ဦး ဖြစ်တယ် ။

စာရေးသူ ဝန်လေး နေတာ စာ အရေးအဖွဲ့ မတော်လို့ ကလောင် တိမ်း သွား ခဲ့ရင် မအေးသီ တို့ မိသားစု ဝမ်းနည်း ကြေကွဲ မှာ ကို စိုးရိမ်မိတာ ကြောင့် လည်း ဖြစ်ပါလိမ့်မယ် ။

အညာကျေးလက် မှာ တော့ မိန်းကလေး တစ်ယောက် အသက် နှစ်ဆယ် ကျော် အစိတ် အပိုင်း မှ အိမ်ထောင်ရက်သား ကျ ရင် အသက် ကြီး မှ အိမ်ထောင် ကျတယ် လို့ ပြောတတ် ကြတယ် ။ မအေးသီ ကိုထွန်းထွန်း နဲ့ လက်ထပ် တော့ အသက် အစိတ် ကို သုံးနှစ် စွန်း ခဲ့ပြီ ။

မိအိုဖအို ကို တစ်သက်လုံး လုပ်ကျွေးမယ့် သမီး အလိမ္မာ အဖြစ် နဲ့ တစ်သက်လုံး နေသွား မှာ လို့ ပိုးပန်းကမ်းလှမ်းသူ တွေ ကြား မှာ ပြောသံ တွေ ကြားခဲ့ကြ ရ ပေမဲ့ ကိုထွန်းထွန်း ရဲ့ ကိုယ်စောင့်နတ် က ပဲ အောင်သွယ် တော် တာလား ၊ မအေးသီ ရဲ့ ကိုယ်စောင့်နတ် က ပဲ လူရွေး တော် လေ သလား မသိ ။ သူတို့ နှစ်ယောက် နဖူးစာ ရွာလည် ပေါင်းဖက် မိ ကြတော့ မုဒိတာ ရှိကြသူ တွေ က နေ နဲ့ လ လို့ ထင်မှတ်ကြတယ် ။ ရွာခံ ကာလသား ခြေအေးဝမ်း ယောင် တွေ က တောင် မှ ပါးစပ် က သာ ထုတ် မပြောကြတာ စိတ် ထဲ ကတော့ ရွှေ နဲ့မြ တဲ့ ။

စာရေးသူ ဟာ အသက်အရွယ်လေး ရလာလို့လားတော့ မသိ ၊ ‌ေ သ ကြောင်း အနိစ္စ ရောက်ကြောင်း တွေ ကို စာသိပ် မဖွဲ့ချင်ဘူး ။ စာရေးသူ ကိုယ်တိုင် တစ်နေ့ ဒီလမ်း သွားရမှာ သိ နေပေမဲ့ ကိုထွန်းထွန်း ကွယ်လွန် ပုံ ကို စာ မဖွဲ့ချင်ဘူး ။ ဒီ ဝတ္ထု ကို မအေးသီ ဖတ် မိရင် သူ့ ခမျာ အဟောင်း တွေ အသစ် ဖြစ် လိမ့်မယ် ။ သူ သိပ် ချစ်တဲ့ သူ့ ခင်ပွန်း ကို ပြန်လည် သတိရမိပြီး နှစ်လွမ်း က သုံးလွမ်း ဖြစ်ရ ရင် မကောင်းဘူး လေ ။ ဒီ ဝတ္ထုတို ကြောင့် မုဆိုးမ တစ်ယောက် မျက်ရည် တွေ ထပ်မကျစေချင်ဘူး ။ ဒါကြောင့် စာကြောင်း တိုတို ပဲ ဖွဲ့မယ် ။

ဇနီးသည် နဲ့ နှစ်နှစ် ကျော် လောက် ပဲ ပေါင်း လိုက် ရတယ် ။ ကိုထွန်းထွန်း ပိုး ထိခဲ့တယ် ။ အိမ်ထောင်သက် ဘာမှ မကြာလိုက် တဲ့ မအေးသီ ခမျာ ဘဝ ကံဇာတာ ရေးသူ ရဲ့ မသနား မညှာတာမှု ကြောင့် မုဆိုးမ ဖြစ်ချိန် စော ခဲ့ရတယ် ။ အဲဒီ အချိန် မှာ သားလေး ဖိုးလမင်း ဖြစ်လာမယ့် ကလေး က မအေးသီ ဝမ်းကြာတိုက် ထဲ မှာ နေ့စေ့ လစေ့ကြီး ။ မအေးသီ တစ်သက် မှာ အသည်းထန်ဆုံး ငိုကြွေး ခဲ့ရပြီ ။

ဖအေ ကို မမြင်ဘူးလိုက်တဲ့ ဖိုးလမင်း ကို မအေးသီ ဟာ သူ့ ဘဝ တစ်သက်တာ မှာ သူ ပဲ မိခင် ၊ သူ ပဲ ဖခင် ပေါ့ ။

မုဆိုးမ တစ်ယောက် ရဲ့ တစ်ဦးတည်း သော သား ပေါ် ကို ချစ် တဲ့ အချစ် တော့ ပမာ ခိုင်း ဖို့ ခက်ပြီ ။ စာရေးသူ တို့ ဝန်းကျင် မှာ မုဆိုးမ တွေ အများကြီး ၊ မအေ တစ်ခု သား တစ်ခု တွေ အများကြီး ။ အဲဒီ သူတွေ ရဲ့ ချစ်ခြင်း ကို ကိုယ်ချင်းစာ ကြည့်ကြဖို့ တိုက်တွန်းရ တော့မှာပါပဲ ။ ဒါပေမဲ့ မုဆိုးမ က အသက် သုံးဆယ်ကျော် အရွယ် လောက် ၊ သား က အနှီး ထဲ  ထွေး ထားရမယ့် အရွယ် ။ မအေ က တောင်သူ တောင်သား ၊ ယာသူမ ၊ လယ်သူမ ။ ယောက်ျား တွေ နဲ့ ဒိုးတူပေါင်ဖက် လုပ်ကိုင် နိုင် တဲ့ ညိုညို တုတ်တုတ် ခိုင်ခိုင် ။

အရွယ်ကောင်းလေး မို့ နောက် တစ်ပင် ထူ လိမ့်မယ် လို့ အများ က ထင်ကြတယ် ။ နဂို ရှိရင်းစွဲ ငယ် ကတည်း က ပိုးပန်းခဲ့ သူ တွေ က လည်း မုဆိုးမ ၊ ကလေး တစ်ယောက်အမေ ပေမဲ့ မအေးသီ ကို ကြည်ဖြူ မြဲ ကြည်ဖြူ သူ တွေ ရှိတယ် ။ မကြည်ဖြူ သူ ဘယ် ရှိလိမ့် မလဲ ။ သူ က လည်း လုပ်ရည်ကိုင်ရည် ကောင်း သူ ၊ အရွယ်လေး ရှိသေးတဲ့ သူ လေ ။ လသာ ည လက်ဖက်ရည်ဝိုင်း တွေ မှာ ပါးစပ် က ထုတ် ပြော သူ ပြော ၊ ဝမ်း ထဲ မှာ ကြိတ်မှိတ် မျိုသိပ် သူ သိပ် ကြတယ် ။

မအေးသီ က တော့ သူ့ ရဲ့ ချစ်ခြင်းမေတ္တာ တွေ သားလေး ဖိုးလမင်း ပေါ် မှာ စုပုံ အော ပြီး ချစ် နေ လိုက်တယ် ။ ဒါကြောင့် မုဆိုးမ တစ်ယောက် နဲ့ တစ်ဦးတည်း သော သားလေး ရဲ့ ချစ်ခြင်း ကို စာ ရေးဖွဲ့ ဖို့ ပမာ ခိုင်းဖို့ ခက်တယ် လို့ ရေးရတာလေ ။

သမ္မာဒေဝါ နတ်ကောင်း နတ်မြတ် တွေ က မွန်မြတ် တဲ့ စေတနာ နဲ့ ဖိုးလမင်း ရဲ့ ရုပ်ရည်လေး ကို သွားလေသူ ကိုထွန်းထွန်း ရဲ့ ဖြောင့်စင်းစင်း နှာတံလေး ၊ နီထွေး ပြီး မထူမပါး ရှိတဲ့ နှုတ်ခမ်းလေး ၊ ထူထဲထဲ မျက်ခုံးလေး ၊ မေးစေ့ ချွန်းချွန်းလေး ကို ဖန်တီးကြတာ ဆိုရင် တော့ သမ္မာဒေဝါ တွေ ကို ပဲ အပြစ် တင်ကြရတော့မှာပဲ ။

ဖိုးလမင်း ဟာ ကိုထွန်းထွန်း ရဲ့ ကိုယ်ပွားလေး ဖြစ်လေ မအေးသီ မှာ အချစ်သည်း အဖြစ်သည်း လေ ပေါ့ ။

လယ်တွေ ယာတွေ က သီးနှံ ဆိုတာ မိုးလေဝသ မှန်ကန်ပါ မှ ၊ ပိုးဖျက် မိုးဖျက် ကင်းစင်ပါ မှ ။ လူ့ အလို နတ် မလိုက်နိုင် ဆိုတဲ့ စကား ဒီနေရာ မှာ လာ မှန်ပြန် ရော ။

မအေးသီ ကလေး ချစ်တဲ့ ဇော နဲ့ လယ်တွေယာတွေ ကို ကျားစီး ဖားစီး လုပ်တယ် ။ ရ သမျှ သားလေး ဖိုးလမင်း ဖို့ ၊ ရှာသမျှ သားတော်မောင် ဖို့ ၊ စိုက်မိ သမျှ သူ့ ဖို့ ၊ သီး သမျှ သူ့ ဖို့ ၊ ချွေ သမျှ သားတော်မောင် ဖို့ ၊ ဖွပ် သမျှ ပြာ သမျှ သူ့ ဖို့ ၊ ကျီ ထဲ ရှိတာ သားတော်မောင် ဖို့ ၊ အိတ် ထဲ ရှိတာ သူ့ ဖို့ ။ အားလုံး အားလုံး ကိုဖိုးလမင်း ဖို့ ချည်း ။

ကလေး ချင်း အတူတူ သူ့ ကလေး ဝမ်းလျားထိုး စောသတဲ့ ။ ကလေး ချင်း အတူတူ သူ့ သား က ဆောင့်ကြောင့် အထိုင် စော သတဲ့ ။ မအေးသီ သည်းနေ ကဲနေ ပုံ ။ မအေ က ဒီလောက် ဖြစ်နေ မှ တော့ အဘိုးအဘွား က ဘယ်လောက် အချစ်ကဲ လိုက်ကြလေမလဲ ။ သူတို့ မြေး ကို ရင်အုပ် မကွာ ကျွေးမွေး ခဲ့ တဲ့ ကလေး ၊ မျက်စိ အောက် က အပျောက် မခံ တဲ့ ဖိုးလမင်း ။

ဒီ ဝတ္ထု မှာ ဖိုးလမင်း တဖြည်းဖြည်း ကြီးပြင်း လာပြီး ကျောင်း နေတဲ့ အရွယ် မှာ စာအံပုံ ၊ ဆွေတွေမျိုး တွေ က စောင့်ရှောက်ကြပုံ ၊ ချစ်ကြပုံ ၊ ရှင်လောင်း ဘဝ စတာတွေ ရေးလိမ့်မယ် လို့ တချို့ စာဖတ်သူ တွေ က မျှော်လင့် နေကြရော့မယ် ။

လယ် ထဲ ယာ ထဲ က မအေးသီ တစ်ယောက် မြို့ ကို မဖြစ်မနေ တက်ရတဲ့ အခါ တွေ ရှိတယ် ။ သီးနှံ ရောင်းချ ဖို့ ၊ မြေဩဇာ ဝယ် ဖို့ ၊ ပိုးသတ်ဆေး ဝယ် ဖို့ ။ ပိုးသတ်ဆေး လို့ ဆိုလိုက်တာ နဲ့ ချက်ကော့ဗ် ရဲ့သေနတ် ကို သတိ ရ ပြီး ဖိုးလမင်း ဒါမှမဟုတ် သူ့ မအေ မအေးသီ တစ်ယောက် ယောက် တော့ ပိုးသတ်ဆေး သောက်တော့ မှာ ပဲလို့ ကွက်ကျော် တွေးချင်သူ တွေးတတ်သူ တွေ ကို စာ ရေးရင်း အမှတ်တမဲ့ သတိ ရ လိုက် သေးတယ် ။

စီးပွားရေး ၊ လူမှုရေး ၊ အလှူအတန်း ကိစ္စ တစ်ခု ခုအတွက် မြို့ကို မအေးသီ တစ်ခါတစ်ရံ သွားရလေ့ ရှိတယ် ။ အဲဒီလို သွားတဲ့ အခါ နွားလှည်း တန် ရင် နွားလှည်း ကို ကိုယ်တိုင် မောင်း သွား တတ်တယ် ။ ဝန်စည်စလယ် မပါရင် တော့ လှည်း နဲ့ မသွား ဘဲ စက်ဘီး နဲ့ သွား လိုက်တယ် ။

ကိုထွန်းထွန်း ရဲ့ ယောက်ျားစီး စက်ဘီးကြီး ကို မမီမကမ်း နင်း သွားတဲ့ အမျိုးသမီး တစ်ယောက် ကို ပထမဆုံး စ မြင်ဖူးသူ တွေ က တော့ အမြင် မတင့်တယ်ဘူး ထင်ရ ပေမဲ့ နမ်း ဖန် များတော့ ပြယ် ၊ မြင် ဖန် များတော့ ရိုး ဆို သလို တစ်ခါတလေ စက်ဘီးလက်ကိုင် ယမ်း သွားတတ် တာ က လွဲပြီး ဘာမှ ထူးဆန်းတဲ့ ကိစ္စ တော့ မဟုတ်ဘူး ။ ယောက်ျားစီး စက်ဘီးကြီး တစ်စီး ပေါ် မှာ ကိုယ်လုံး ခပ်ပြည့်ပြည့် အမျိုးသမီး တစ်ယောက် စက်ဘီး ကို မမီ မကမ်း နင်းရင်း လိုရာ ခရီး ဆက် နေတာပါပဲ ။

မအေးသီ ပိုက်ဆံ စုတယ် ။ ဖိုးလမင်း ရဲ့ အနာဂတ် အတွက် ပေါ့ ။ ကျောင်း ထားရ ဦးမယ် ၊ ရှင် ပြုပေးရ ဦးမယ် ၊ ရှင်ပြု အလှူတော်မင်္ဂလာ မှာ ငို ဖို့ မျက်ရည် တွေ ကြို စုထားတာ ဆိုတာမျိုး မရေးချင်ဘူး ။ ရောင်းရ သမျှ သီးနှံလေး တွေ က မျိုးဖိုး ချန်ပြီး ချွေချွေတာတာ စားရင်း ရတတ်သမျှ စုတယ် ။ တစ်ဦးတည်း သော သား ကို ချစ်တဲ့ စိတ် နဲ့ တောသူ မုဆိုးမ စုတယ် လို့ ဖွဲ့ချင်တော့ တာပါပဲ ။

( ခ )

ကံဆိုးမ သွား ရာ မိုး လိုက် ရွာသတဲ့ ။ ကံဆိုးမ က မုဆိုးမ ကံဆိုးမ ။ မိုး က ပင်လယ်ပြင် မှာ မုန်တိုင်း ရှိ လို့ ရွာ တဲ့ မိုး ။ ဘယ်အငြိုး နဲ့ သည်းတယ် မသိ ။ မုန်တိုင်း က ကပ္ပလီ ပင်လယ်ပြင် ရော တရုတ် ပင်လယ်ပြင် မှာ ပါ ရှိရော့ သလား ။

ဖိုးလမင်း ငုတ်တုတ် သွား ငုတ်တုတ် အရွယ် မှာ ရုတ်တရက် ကောက်ခါ ငင်ခါ နေမကောင်း ဖြစ်ပါလေရော ။

မအေးသီ ပါတဲ့ ဘယ် နေလိမ့်မလဲ ။ ဆရာ မျိုးစုံ နဲ့ ကုတယ် ။ အနီးဆုံး မြို့ငယ်ကလေး မှာ ရှိတဲ့ တော်ပေ့ ဆိုတဲ့ ဆရာဝန် နဲ့ ပြတယ် ။ ဆရာဝန့် စကား နားထောင်မလား ။ မအေးသီ  ဟုတ်ကဲ့ လို့ ပြောမိ သလား ၊ ခေါင်း ညိတ်မိ သလား ၊ ပူထူ နေ လို့ သူ မမှတ်မိတော့ဘူး ။ စာနာ စိတ် ကြင်နာ စိတ် ရှိတဲ့ လူသား တစ်ယောက် အနေနဲ့ ခံစား ကြည့်ကြပါတော့ ။ မိုးရေ ရွှဲရွှဲစို နေတဲ့ ကောက်ရိုးပုံ မှာ မီးစွဲလောင် ဖို့ မလွယ်ပေမဲ့ ကံဆိုးမ ကို မိုးတွေ လိုက် လို့ ရွာ ထား တဲ့ခေါင်း မှာ တော့ မီး က တောက်လောင် နေပြီ ။

မအေးသီ တစ်ခေါက် မှ မရောက်ဘူး တဲ့ မန္တလေး ကို အရဲစွန့်ပြီး တက် လာခဲ့တယ် ။ သား အတွက် ဆိုရင် သူ ဘယ်လို အခက်အခဲ မဆို ရင်ဆိုင် ရဲတယ် ။ ရွာ က နေ စာသင် သွားတဲ့ ဦးဇင်းဇဝန ကို လည်း တွေ့ အောင် ရှာတယ် ။

နေမကောင်း တဲ့ ကလေး ကို ပွေ့ချီ လာတဲ့ မျက်နှာ ညှိုးညှိုးနွမ်းနွမ်း နဲ့ အမျိုးသမီး တစ်ယောက် ကို ဒေသခံ တွေ က မိုးတားကျောင်းတိုက် ထဲ က ဦးဇင်းဦးဇဝန နဲ့ တွေ့ ရအောင် ဆောင်ကြဉ်း ပေးကြတယ် ။

စီး လာခဲ့တဲ့ ဘတ်စ်ကား ပေါ် မှာ လည်း သူ့ ကို နွေးနွေးထွေးထွေး ဆက်ဆံ ကြတယ် ။ သနားစိတ် နဲ့ ကူညီကြတယ် ။ ကားကြီးကွင်း ရောက် တဲ့ အခါ လည်း စိတ် ကောင်း နှလုံး ကောင်း ရှိ တဲ့ ဆိုက်ကားဆရာ နဲ့ ကြုံတွေ့ ရ ပြီး မိုးတားကျောင်းတိုက် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက် သွားတယ် လေ ။

ဦးဇဝန ရဲ့အကူအညီ နဲ့ မအေးသီ တို့ သားအဖ ဆရာဝန် ဆီ ရောက် တော့ သွေးရဲရဲ သံရဲရဲ နဲ့ မော်တော်ဆိုင်ကယ် တိုက်မိတဲ့ လူနာ တစ်ယောက် ကို ဆေးခန်း ထဲ မှာ တွေ့ လိုက်ရတယ် ။

ဆရာဝန် က တစ်ဆင့် သမားတော်ကြီး ကို သွား ပြ ခဲ့ကြတယ် ။ သမားတော်ကြီး က ဦးဇင်းဇဝန နဲ့ လူနာရှင် မိသားစု အခြေအနေ ကို အကဲခတ် ပြီး ဆေးရုံကြီး ကို တင်ဖို့ စာရေး ပေး လိုက်တယ် ။

ဖိုးလမင်း ရဲ့ ကုသိုလ်ကံ ပဲ ။ ဆေးရုံ တက် ရမယ့် မနက် မှာ ပဲ ကွယ်လွန် တယ် ။ ဦးဇင်းဇဝန တင် မက ပါဘူး ၊ ဒိပြင်ဘုန်းကြီး တွေ က ပါ တရား ချ ကြ တယ် ။ သားလေး ဆုံး ရှာတော့ မအေးသီ မြို့ မှာ ကြာကြာ မနေချင်ဘူး ။ မြန်မြန် သင်္ဂြိုဟ် ပြီး ပြန် ချင်ပြီ ။ ဒါကြောင့် ဘုန်းကြီး ဦးဇဝန က ပဲ နာမှု ကူညီရေးအသင်း တစ်ခု ကို အကူအညီ တောင်း တော့ ယာယီကား က သူတို့ သင်္ဂြိုဟ် ချင် တဲ့ အချိန် ရမယ်တဲ့ ။ နေ့လယ် ၁ နာရီ နာမှုကူညီရေးကား လာမယ် တဲ့ ။

ဦးဇင်းတို့ ကျောင်း မှာ တော က ကျောင်း လာ တက်ရင်း အလုပ် လုပ်နေ တဲ့ ကျောင်းသား တစ်ပိုင်း အလုပ်သမား တစ်ပိုင်း ဝေဖြိုး ဆိုတဲ့ လူငယ်လေး ပြော တော့ မှ မအေးသီ ရော ၊ ဦးဇင်းဇဝန တို့ ပါ သတိထား မိကြတယ် ။

နာရေးကူညီရေး ကား က အသုဘရှင် စီးခွင့် မရှိဘူး တဲ့ ။

( ဂ )

အဲဒီ နေ့ က ခါတိုင်း ထက် နေ ပူတယ် ။

သူ့ ဘဝ ကစားကွက် မှာ အံစာ က တစ် နဲ့ နှစ် ချည်း ကျပြီး လှေကား က နည်းနည်း နဲ့ မြွေ တွေ က များ နေရော့ သလား ။

နာရေးကူညီမှုအသင်းကား က ယာယီကား လည်း တစ်ခါ မှ မကြုံစဘူး အတွေ့အကြုံ ထူး နဲ့ ကြုံ လိုက်ရတယ် ။

အဲဒီ နေ့ က ဝေဖြိုး ကျောင်း လည်း ပိတ်တယ် ။ အလုပ် လည်း နားတယ် ။ ဒါကြောင့်မို့ သူ့ စက်ဘီး က အား နေတယ် ။

( ဃ )

ပုဆိုး တစ်ထည် စလွယ်သိုင်း ထား တဲ့ အမျိုးသမီး တစ်ယောက် စက်ဘီး တစ်စင်း ကိုနင်း လို့ ၊ လမ်း နံဘေး က ကွမ်းယာဆိုင် တွေ ၊ ဆိုက်ကားဆရာ တွေ ကို မေး နေတယ် ။

“ တောင်မြင့်သုသာန် ကို ဘယ်လမ်း က နေ သွားရသလဲ ”

စလွယ်သိုင်း ထား တဲ့ ပုဆိုး က တော့ ခင်ပွန်းသည် ကိုထွန်းထွန်း နှစ်သက်တဲ့ ပုဆိုးနက်ပြာလေး ။

အဲဒီ ပုဆိုးနက်ပြာလေး ထဲ မှာ တော့ ...

◾ညီပုလေး

📖 တတိယမြို့တော်သား ရဲ့ အလွမ်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment