Sunday, June 16, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၃ )


 

ဒါပေမယ့် နုနုအေး နှစ်ခါလည် နဲ့ ခြောက်လ အထိ တော့ ကောင်းကောင်း ဒုက္ခ ပေး လိုက်တယ် ။ လှေ လှော်ယင်း တက် ကျိုး ရတယ် ဆိုတာလို အရှိန်အဟုန် ကောင်းကောင်း နဲ့ စီးပွား တက် နေတုန်းမှာ လုပ်ငန်း အခြေအနေ တွေ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ကုန်ပြီး ၊ ကမောက်ကမ တွေ ဖြစ်ကုန်တယ် ။ အခိုး အဝှက်တွေ လဲ ရှိလာတယ် ။ “ အောင်ချမ်းသာ စာနယ်ဇင်း ” ဆိုင် မှာ လဲ တကြိမ် အဖောက်ထွင်း ခံ လိုက် ရတယ် ။ ရန်ကုန် က စာအုပ်တိုက် တွေ ကို အတော်များများ လျော် လိုက်ရတယ် ။

တဘက် က “ လောက အလင်း ” မှာ လဲ ပြဋ္ဌာန်းစာအုပ် အခန့်မှန်း မှားပြီး ကြိုတင် ပုံနှိပ်လိုက်မိတဲ့ အတွက် ငွေရင်း အတော် များများ မြုပ် သွားတယ် ။ စာအုပ် တွေ မရောင်းရ ပဲ ထောင် နဲ့ ချီ ပြီး ပုံ နေတယ် ။ ဆုံးရှုံးတယ် လို့ မဆိုနိုင် ပေမယ့် ၊ ရင်း ထားတဲ့ ငွေ က တော့ ရုတ်တရက် ပြန် မပေါ်နိုင်တော့ဘူး ။ အနည်းဆုံး ဆယ်နှစ် လောက် တဖြည်းဖြည်း ချင်း ပြန် ရောင်း ယူရမယ် ။ အခြေအနေ တော်တော် ယိုင် သွားတယ် ။

အကုသိုလ်ကံ ဆိုတာ သည်လိုပါပဲ ။ အကုသိုလ် လာပြီ ဟေ့ ဆိုယင် အမြဲတမ်း အဖော်အပေါင်း နဲ့ လာ တတ်တယ် မဟုတ်လား ။ ဆိုပါတော့ ၊ နုနုအေး နှစ်ခါလည် နဲ့ ခြောက်လ အရွယ် ရောက် တဲ့ အထိ ။

နှစ်ခါလည် နဲ့ ခြောက်လ လို့ ကိုဘဂျမ်း အတိအကျ မှတ်မိ နေတာ က လဲ အကြောင်း ရှိတယ် ။ နုနုအေး နှစ်ခါလည် နဲ့ ခြောက်လ ပြည့် တဲ့ နေ့ မှာပဲ ၊ သူ့ ထက် အငယ် ယုယုအေး ကို မွေး တယ် ၊ ယုယုအေး က တော့ ဗုဒ္ဓဟူး သမီး ။

အစွဲအလမ်း ကြောင့် ပဲလား တော့ မပြောတတ်ဘူး ။ ယုယုအေး ကို မွေး လာတော့ မှ ပဲ ကိုဘဂျမ်း နဲ့ မအေးနု တို့ ရဲ့ စီးပွားရေး အခြေအနေ လဲ ပြန် ဦးမော့ လာတော့တယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုယင် တော့ နုနုအေး လမ်း လျှောက်စ ပြုပြီ ဆို ကတည်း က စီးပွားရေး အတိမ်းအစောင်း ပြန် တည့် လာပါတယ် ။ ဒါပေမယ့် နုနုအေး က မကျန်းမာ တော့ မတ်တတ် ရပ်တာ ရော ၊ လမ်း လျှောက်တာ ရော နောက်ကျ တယ် ။ နှစ်ခါလည် ပြည့်ခါ နီး တော့ မှ လမ်း လျှောက်တယ် ။ အဲဒါတောင် လမ်း လျှောက်တတ် ရုံ ပဲ ရှိသေးတယ် ။ ခြေ မခိုင် သေးဘူး ။ သူ့ ကိုယ် သူ မနိုင်သေးဘူး ။ ဒယိမ်းဒယိုင် နဲ့ ။ တလံ လောက် လျှောက် ပြီး ဆက် မလျှောက်နိုင်ဘူး ။ လဲ မှာ စိုးတော့ ပြန် ထိုင် ချ လိုက်တယ် ။ တကယ်တမ်း ကောင်းကောင်း လျှောက် နိုင်တာ က တော့ နှစ်ခါလည် ကျော်တော့ မှ ပဲ လျှောက်နိုင် တယ် ။

မအေးနု လဲ အဲသည် နောက်ပိုင်း မှာ ကျတော့ မှ ပဲ ပြန် အားပြည့် လာ တော့တယ် ။ မျက်ခွံကလေးတွေ ပြန် မို့ လာတော့ တယ် ။ ပါးကလေး တွေ ပြန် ဖောင်း လာတော့တယ် ။

ဒါပေမယ့် အဲသည် အချိန် က စပြီး မအေးနု ရဲ့ ကိုယ်ခန္ဓာ က တော့ အယင် က လို ပြန် ဝ မလာတော့ဘူး ။

မအေးနု က အပျိုတုန်း ကတည်း က ခါးတုတ်ကလေး နဲ့ ။  ဝ , တယ် လို့တော့ မဆိုနိုင်ပါဘူးလေ ။ တချိန်တည်း မှာ ပိန်တယ် လို့ လဲ မပြောနိုင်ဘူး ။ ဒါပေမယ့် အရပ်အမောင်း ကောင်း တယ် ။ အရပ်အမောင်း ကောင်းတဲ့ အပြင် ၊ ဗလ က လဲ ကောင်း တော့ အရပ် ရှည် မှန်း သိပ် မသိသာဘူး ။ ကိုဘဂျမ်း နဲ့ ယှဉ် ရပ် လိုက် ယင် အရပ်ချင်း အတူတူ ပဲ ။ မြန်မာအမျိုးသမီး တယောက် အနေ နဲ့ ငါးပေ ခြောက်လက္မ ဆိုတဲ့ အရပ် ဟာ နည်းတဲ့ အမြင့် မဟုတ်ဘူး ။ ဆိုပါတော့ ၊ အရပ်အမောင်း ကောင်းတယ် ။ ခန္ဓာကိုယ် တည်ဆောက်မှု တောင့်တင်း တုတ်ခိုင်တယ် ။

ဒါ့ကြောင့်ပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့ ။ တခါတခါ ကိုဘဂျမ်း က မအေးနု ကို ညိုတုတ် လို့ ခေါ်လေ့ ရှိတယ် ။

ဒါပေမယ့် နုနုအေး ကို မွေးပြီး တဲ့ နောက်ပိုင်း ၊ အခုနေ မြင် ရတဲ့ မအေးနု နဲ့ ကတော့ ဘာမှ မဆိုင်ဘူး ။ တချိန် က ဝခဲ့ဖူး တယ်လို့ ပြောယင် တောင် ယုံကြမှာ မဟုတ်ဘူး ။ ပိန်တယ် ။ ပိန်တာ မှ ယူ ပစ်လိုက် သလို ပိန်သွားတယ် ။

နော့ ... ပင်ပန်းတာ က လဲ ပင်ပန်း ၊ ကလေးတွေ က လဲ မွေးတာကို ။

ပြဿနာ က ကျန်းမာရေး မကောင်းတော့ လဲ မကောင်း လို့ ။ ကောင်းပြန်တော့လဲ မအေးနု တို့ က သူများတကာ ထက် ပို ကဲတယ် ။ ယုယုအေး ခြောက်လ မပြည့်သေးဘူး ၊ ကိုယ်ဝန် ထပ် ရှိ ပြန်တယ် ။ ယုယုအေး တောင် တနှစ် ပြည့် အောင် အမေ့ နို့ မစို့လိုက်ရဘူး ။ ဗိုက် က ရှေ့ တပေ လောက် ထွက် နေပြီ ။

ဘာ ခြားလို့လဲ ။ ယုယုအေး တနှစ် နဲ့ လေးလ မှာ စုစုအေး ကို မွေး ပြန်တယ် ။

သည်တခါ လဲ သမီး ပဲ ။ ရတနာ ရှိရာ ရတနာ စု တယ် ဆိုပေမယ့် ကိုဘဂျမ်း နည်းနည်း တော့ စိတ် ပျက်စ ပြုလာတယ် ။

မွေးလာတဲ့ ထဲ မှာ သမီး က ချည်း သုံးယောက် ဆက်တိုက် ဆိုတော့ လဲ ကိုဘဂျမ်း ရင်မောတယ် ။ သား ယောက်ျားကလေး ဆိုတာ က ဘာမှ သိပ် ပြဿနာ မရှိနိုင်ဘူး ။ ဝါးလုံး နင်းမိ နင်းမိ ၊ ဝါးခြမ်း နင်းမိ နင်းမိ ၊ ကိုယ့် ဘက် က အရှုံး မရှိနိုင်ဘူး ။

သမီး ဆို တာ ကတော့ အရွယ် ရောက်လာတဲ့ အခါ မှာ ထိန်းနိုင် သိမ်းနိုင် မှ တော်ရုံ ကျမယ် ။ သမီး တကောင် နွား တထောင် တဲ့ ။ စကားပုံ တောင် ရှိတယ် မဟုတ်လား ။ အခုတော့ သမီး သုံးကောင် ။ နွား သုံးထောင် ဆိုပါတော့ ။ မိဘ လုပ်တဲ့ လူ တော့ ထိန်းပေ ကျောင်းပေ တော့ ။

ဘာပဲ ပြောပြော ၊ သည် ခေတ် မှာ က သမီး တွေ ကို လဲ ပညာ သင်ပေးရမှာ ပေါ့ ။ ကျောင်း ထားရမှာ ပေါ့ ။

ဒါပေမယ့် သမီး ဆိုတော့ အရွယ် ရောက် လာတာ နဲ့ တပြိုင်နက် ဆင်ရ ပြင်ရ မယ် ။ အရွယ် ရောက်လာ မှ မဟုတ်ပါဘူး လေ ။ သူ့ သဘာဝ ကို က သိတတ်ပြီ ဆိုတာနဲ့ တပြိုင်နက် လှချင် ပချင် လာမယ် ။ ဖြီးချင် လိမ်းချင် လာမယ် ။ ဝတ်ချင် စားချင် လာ မယ် ။ ပြိုင်ချင် ဆိုင်ချင် လာမယ် ။ သူများ တကာတွေ ဘယ်လို ဝတ်တယ် ၊ ဘယ်လို စားတယ် ၊ ဘယ်လို ပြင်တယ် ၊ ဘယ်လို ဆင်တယ် ဆိုတာ ကိုလဲ ကြည့်တတ် မြင်တတ် လာမယ် ။ လိုက် ဝတ်ချင် လာမယ် ။ လိုက် ပြင်ချင် လာမယ် ။ အတုမြင် အတတ်သင် လာမယ် ။

သူတို့ အမေ နဲ့ များ စိတ်ချင်း တထပ်တည်း တူ လာကြ ယင်တော့ ဒုက္ခ ပဲ ။ သူတို့ အမေ ဆိုတာ က တော့ အဆန်း ပေါ် လာပြီ ဆိုတာနဲ့ တပြိုင်နက် သူများ တကာ့ အယင် ခါး ပေါ် တင် ရ မှ ကျေနပ် တတ်တယ် ။ အများတကာ ရဲ့ ခါးမှာ မရောက် ခင် ပေါ်ဦးပေါ်ဖျား ဝတ် လိုက်ရ မှ ပို အရသာ ရှိတယ် တဲ့ ။ ကိုယ့် ခါး က အဝတ် ကို တခြား အမျိုးသမီးတွေ က လိုက် ကြည့်ရတယ် ဆိုယင် ၊ တကြိမ်ပဲ ဝတ်ရ ဝတ်ရ ၊ နှစ်ကြိမ် ပဲ ဝတ်ရ ဝတ်ရ ၊ ဝတ် ရကျိုး ဝယ်ရကျိုး နပ်တယ် ။

လာ ရောင်းတဲ့ လူ ကလဲ ရောင်းတယ်လေ ။ ထုံးစံ အတိုင်း တနေ့ ငါးမူး သွင်း ၊ တကျပ် သွင်း စနစ်နဲ့ ပဲ ပေါ့ ။

ရောင်း တဲ့ လူ ကလဲ ဆန်းယင် ဆန်း သလို ဝယ် တတ်မှန်း သိတော့ ၊ အဆင်ဆန်းတွေ ရောက်လာပြီ ဆိုတာနဲ့ တပြိုင်နက် မအေးနု ဆိုင် ကို အလျင်ဆုံး ပြေး လာတော့တာပဲ ။ မအေးနု က လဲ လက် မလွှတ်ပါဘူး ။ ဆန်းသာ ဆန်းပေ စေ ၊ နည်းနည်းပါးပါး ဈေး ဆစ်ပြီး ဝယ် ပစ်လိုက်တာ ပဲ ။ ဝယ်လိုက်ပြီ ဆိုယင်လဲ သည် ကနေ့ ဝယ် ။ သည် ကနေ့ ချုပ် ။ နောက် တနေ့ ဈေး အထွက် မှာ ချ ဝတ် တော့တာပဲ ။ အဲသည်လို စိတ်မျိုး များ သမီး တွေ မှာ ပါ လာယင် ဒုက္ခ ။

ဒါက အဝတ်အထည် ပဲ ရှိသေးတယ် ။

သိတဲ့အတိုင်း သမီး တွေ ဆိုတာ က အရွယ် ရောက် လာ တာ နဲ့ တပြိုင်နက် မဆင် လို့ က လဲ မဖြစ် ။ ရွှေငွေ ရတနာ ပစ္စည်း ပစ္စယ တွေ ကို လဲ ဆင်ရလိမ့်ဦးမယ် ။ သူတို့ ကိုယ်တိုင် က ငယ်သေး လို့ မဝတ်ချင်သေးဘူး ထား ။ ကျောင်းသူ မို့ မဝတ်ရသေးဘူးထား ။ သေချာတာ က တော့ နား ထွင်းပြီး တာ နဲ့ တပြိုင်နက် ၊ အနည်း ဆုံး နားဆွဲကလေး တရံ ဖြစ်ဖြစ် ၊ နားကပ်ကလေး တရံ ဖြစ်ဖြစ် က တော့ ဆင်ရမယ် ။ ပြီးတော့လဲ သူများ နည်းတူ ရွှေဆွဲကြိုး ကလေး တကုံး လောက် ၊ လက်စွပ်ကလေး တကွင်း လောက် ၊ လက်ကောက်ကလေး တဘက် လောက် ကတော့ ဆင်ရလိမ့်ဦး မယ် ။ အဲ ... ကျောင်းသူ ဆိုတော့လဲ နာရီကလေး တလုံး လောက် က လိုဦးမယ် ။

ပြဿနာ ဖြစ်နိုင်တာ က တယောက် ကို ဆင်ပြန်တော့ လဲ နောက် တယောက် ကို မဆင် လို့ မဖြစ်ပြန်ဘူး ။

သမီး သုံးယောက် က လဲ တယောက် နဲ့ တယောက် က မတိမ်း မယိမ်း ။ ကြီးပြင်း လာ ကြတော့ ရွယ်တူတွေ ဖြစ်မယ် ။ တယောက် အတွက် ဝယ် ပေးယင် နောက် နှစ်ယောက် အတွက် လဲ တပြိုင်တည်း ဝယ် ပေးရမယ် ။

ပြီးတော့လဲ အပြိုင်အဆိုင် တွေ က ရှိဦးမယ် ။ ရွှေ ဆို ရွှေ နဲ့ တွင် ကျေနပ်ကြ မှာလား ။ စိန့် တို့ ၊ ပုလဲ တို့ ၊ နီလာ တို့ ၊ ပတ္တမြား တို့ ၊ မြ တို့ ကို ရော မဝတ်ချင် ပဲ နေမှာလား ။ မပူဆာ ပဲ နေမှာလား ။ တယောက် ကို တမျိုး ပဲ ဆင်နိုင်တယ် ဆိုယင်တော့ ကျေနပ်ကြ မှာလား ။

ဒါကလဲ သာမန် ပဲ ရှိသေးတယ် ။ အမြဲ ဆင်ထားရမယ့် ပစ္စည်း ပဲ ရှိသေးတယ် ။ အဲ ... ပွဲလမ်းသဘင် ရောက်တဲ့ အခါ ဝတ်ဖို့ ဆင်ဖို့ က လိုသေးတယ် ။ သိတဲ့ အတိုင်း မန္တလေး မှာ က မိန်းမပျို မှန် ယင် ရွှေခြေချင်း တရံ က တော့ ရှိရမယ် ။ အပျို မှ မဟုတ်ပါ ဘူးလေ ။ အရွယ် သာ ရှိနေသေး လို့ ကတော့ အအိုတွေ လဲ ရွှေ ခြေချင်း ဝတ် နေကြတာပဲ ။

ကိုဘဂျမ်း ရင် မောတယ် ။ တွေးမိတိုင်း ရင် လေး မိတယ် ။

သမီး တွေ က သိတတ်ယင် တော့ အကြောင်း မဟုတ်ပါ ဘူး ။ မိဘ ရဲ့ စီးပွားရေး အခြေအနေ ကို နားလည်ပြီး ၊ တန်ရာ တန်ရာ ကို သာ ပူဆာမယ် ဆိုယင်တော့ လဲ အကြောင်းမဟုတ် ပါဘူး ။ အဲ ... အလိုက်ကန်းဆိုး မသိ ၊ ဂုဏ်တု ဂုဏ်ပြိုင် စိတ် နဲ့ ၊  ဝ မရှိပဲ ဝိ လုပ်ချင်လာမယ် ဆိုယင်တော့ ခက်မယ် ။

ကိုဘဂျမ်း က အဖေ တယောက် ပါ ။ အဖေရင်း တယောက်ပါ ။ သည် သမီး တွေ ဆိုတာကလဲ ကိုယ့်သွေး ကိုယ့်သား ပါ ။ မအေးနု က ပါ လာတာ မဟုတ်ပါဘူး ။ သည်တော့ အမှန် ပြောရယင် မဆင် ချင် မရှိပါဘူး ။ မဝတ် စေ ချင် မရှိပါဘူး ။

ဒါပေမယ့် ကိုဘဂျမ်း ရဲ့ အယူအဆ က သည်လို စိန် ရွှေ လက်ဝတ်ရတနာတွေ ကို မဝယ်ချင်ဘူး ။ ငွေပို ငွေလျှံ တွေ က သိပ် များနေတယ် ဆိုယင်တော့ လဲ တမျိုးပေါ့ လေ ။ အလုပ် ကို တိုးချဲ့လုပ်ကိုင်ချင် သလောက် မတိုးချဲ့ မလုပ်ကိုင်နိုင် ပဲ အလုပ်အကိုင် အတွက် သတ်မှတ် ထားတဲ့ ရင်းနှီးငွေ ထဲ က ဝယ်ပေးရမယ် ဆိုယင် တော့ ကိုဘဂျမ်း မဝတ်စေချင်တာ အမှန်ပဲ ။

ကိုယ် က ယောက်ျား မို့ ကိုယ်ချင်း မစာမနာ ပြောတာ မဟုတ်ပါဘူး ။ သည် အဖိုးတန် စိန်ရွှေရတနာတွေ ကို မဝတ်ရတော့ ကော ဘာ အရေးလဲ ။ တိုက်ကြီးတာကြီး နဲ့ နေတယ် ။ စာအုပ်ဆိုင်ကြီး တွေ ရှိတယ် ။ သာမန် လှမ်း ကြည့် လိုက်ရုံ နဲ့ ကိုယ့် ရဲ့ စီးပွားရေး အခြေအနေ ကို သိနိုင်ကြတာပဲ ။ သည် ပစ္စည်းတွေ ကို မဝတ်လို့ ဘယ်သူ က အထင် သေးမှာလဲ ၊ ရှိတယ် ၊ ဝတ်တယ် ဆိုတာထက် ၊ ရှိတယ် ၊ မဝတ်ဘူး ဆိုတာ က ပိုပြီးတော့ တောင် မှ ဂုဏ် ရှိလိမ့်ဦးမယ် ထင်တယ် ။

မှန်တာ ပြောရယင် တော့ အဲသည် စိန်ရွှေရတနာ တွေ ဝယ်မယ့် ငွေ ကို ပုံနှိပ်စက် ဝယ်လိုက်ချင်တယ် ။

အခုဆိုယင် ကြည့်လေ ။ ကိုယ့် စာအုပ်ဆိုင် က စာအုပ် တွေ ကို ပုံနှိပ်ထုတ်ဝေ ချင်ပြီ ဆိုယင် ပုံနှိပ် ဖို့ အတွက် သူများ ပုံနှိပ်စက် မှာ သွား အပ် နေရတယ် ။ ကိုယ့်မှာ သာ ကိုယ်ပိုင် ပုံနှိပ်စက် ရှိမယ် ဆိုယင် အလုပ် လဲ ပို တွင်မယ် ။ အကုန်အကျ လဲ ပိုသက်သာမယ် ။ ကိုယ့် မူပိုင် စာအုပ် တွေ ပုံနှိပ်ထုတ်    ဝေ ဖို့ မရှိတဲ့ အခါမှာ ဆိုယင်လဲ တခြား စာအုပ်ဆိုင် တွေ က စာအုပ် တွေ ကို လက်ခံပြီး ပုံနှိပ် ပေးမယ် ။

သည် ပုံနှိပ်စက်လုပ်ငန်း က မခဲယဉ်းပါဘူး ။ နေရာ တနေရာ လိုတယ် ။ ပုံနှိပ်စက် နဲ့ ခဲစာလုံးတွေ ဝယ် ဖို့ ငွေရင်း နှီး လိုဘယ် ။ ဒါပဲ ။ အလုပ်သမား က တော့ ပေါပါ တယ် ။ အလုပ် ကို ကျွမ်းကျင် ဖို့ နဲ့ ပုံနှိပ်စက်လုပ်ငန်း ကို အုပ်ချုပ်ဖို့ အတွက် ကတော့ ယောက်ဖ တယောက် ယောက် ကို တာဝန် ပေး လိုက်ယင် ပြီးတာပဲ ။ အဲ ... စာပြင်ဆရာ တယောက် တော့ ရှာရမယ် ။ ဓမ္မာစရိယ ဖြစ်ဖြစ် ၊ သကျသီဟ ဖြစ်ဖြစ် ၊ အောင်ထားပြီး ဖြစ်တဲ့ လူပြန်တော် တယောက် ဆိုယင် ပို ကောင်းမယ် ။

ဒါပေမယ့် လက်ငင်း အခြေအနေ အရ က တော့ မတတ် နိုင်သေးဘူး ။ တတ် နိုင်အောင် ကြိုးစားဖို့ က ကိုဘဂျမ်း ရဲ့ တာဝန် ပါ ။ တနေ့ နေ့ မှာ ကိုယ်ပိုင် ပုံနှိပ်စက် နဲ့ ဖြစ်လာ ရမယ် လို့ လဲ ကိုဘဂျမ်း ရည်မှန်း ထားပါတယ် ။

သည် ရည်မှန်းချက် ဘယ်တော့ ဖြစ်မြောက် လာ မလဲ ဆိုတာ ကို တော့ မပြောနိုင်ဘူးပေါ့လေ ။ စီးပွားရေး ဆိုတာ ဘာမှ ကြို မပြောနိုင်ဘူး ။ ကုသိုလ်ကံကလေး က လဲ ကောင်း လာမယ် ၊ အခြေအနေ က လဲ ပေးလာမယ် ဆိုယင် သုံး လေး နှစ် စုဆောင်း လိုက်ရုံ နဲ့ လဲ ဖြစ်လာနိုင်တာပဲ ။

အရေးအကြီးဆုံး က ဆန္ဒ ပါ ။ ဆန္ဒ ပြည့်မြောက် ဖို့ အတွက် တက်ညီ လက်ညီ နဲ့ ကြိုးစား လှုပ်ရှား လိုက်ယင် မကြာခင် အောင်မြင် လာနိုင်ပါတယ် ။

ကိုဘဂျမ်း က တော့ အကြံ ကြီးတယ် ။

အဲ .. ဆန္ဒ ပြည့်မြောက် တော့မယ့် အချိန် ၊ အကြံ အောင် တော့မယ့် အချိန် ၊ လိုအပ်တဲ့ ငွေရင်းငွေနှီး ကို စုမိ ဆောင်းမိ ပြီ ဆိုတဲ့ အချိန် မှာ စောစောက ပြောတဲ့ စိန်ရွှေရတနာတွေ ကို သမီး တွေ အတွက် ဝယ်လိုက်ရမယ် ဆိုယင် တော့ ကိုဘဂျမ်း ရင် ကျိုးမယ် ။

စိန်ရွှေရတနာ ဝယ်တယ် ဆိုတာ လက် ထဲ မှာ ရှိတဲ့ ငွေ ကို အသေသတ် လိုက်တဲ့ သဘောပဲ ။ တနည်း ပြောရယင် တော့ ငွေသေ ဖြစ် သွားမယ် ။ တိုးပွား မလာနိုင်တော့ဘူး ။

သမီး တွေ ကို မဆင်ချင် လို့ မဟုတ်ပါဘူး ။ အဖေရင်း တယောက် အနေနဲ့ သမီး တွေ ကို လူတော ထဲ မှာ ဘယ် မျက်နှာ ငယ်ရစေချင်ပါ့ မလဲ ။ သူများ သမီးတွေ နဲ့ တန်းတူရည်တူ တောင် မဟုတ်ဘူး ။ တတ် နိုင်ယင် စိန် တွေ ချည်း ၊ ညွှတ် နေ အောင် ဆင်ပေး ချင်တာပေါ့ ။ စိန် တွေ ချည်း တောင် မဟုတ် ဘူး ။ သမီး တိုင်း မှာ စိန် ချည်း တဆင်စာ ၊ ပုလဲ ချည်း တဆင်စာ ၊ အနီ ချည်း တဆင်စာ ၊ အပြာ ချည်း တဆင်စာ ၊ အစိမ်း ချည်း တဆင်စာ စသည်ဖြင့် အထည် ချင်း မထပ်ရ အောင် လဲ ဝယ်ပေး ထားချင်တာပေါ့ ။

ဒါပေမယ့် ကိုဘဂျမ်း ရဲ့ ယုံကြည်ချက် အရ က တော့ အဲသည် ပစ္စည်း တွေ ဝတ်နိုင် ဆင်နိုင် ဖို့ ထက် လုပ်ငန်းကိုင်ငန်း က ပို အဓိက ကျတယ်လို့ ထင်တယ် ။

လုပ်ငန်းကိုင်ငန်း ကို တိုးချဲ့ နိုင် သလောက် တိုးချဲ့ လုပ်ကိုင်မယ် ဆိုယင် ဝင်ငွေ က လဲ သည့် ထက် သည် ပိုပြီး များလာ မယ် ။ သည်လို နဲ့ ထပ်ပြီး စုမိဆောင်း မိ လို့ ငွေပိုလျှံ တွေ များလာပြန်ပြီ ဆိုယင်လဲ ထပ်ပြီး တိုးချဲ့ လုပ်ကိုင်ရဦးမှာပဲ ။ ကိုဘဂျမ်း မှာ နောက်ထပ် ရည်မှန်းချက် တခုလဲ ရှိသေးတယ် ။ တကယ်လို့များ ချမ်းသာလာမယ် ဆိုယင် အမရပူရ မှာ လုပ်ငန်းသစ် တခု ထပ် လုပ်မယ် ။ တခြားတော့ မဟုတ်ပါဘူး ။ သူ ကျွမ်းကျင်ခဲ့ပြီး ဖြစ်တဲ့ ယက်ကန်းလုပ်ငန်း ပဲ ။

အဲသည် ယက်ကန်းလုပ်ငန်း ဆိုတာ က တော့ တိုးချဲ့လို့ မဆုံးနိုင်တော့ဘူး ။ ငွေရင်းငွေနှီး ထပ် မြှုပ်နှံနိုင်မှု အပေါ် မှာ မူတည်ပြီး ၊ ဆယ်စင် က နေ စင် နှစ်ဆယ် ၊ စင် နှစ်ဆယ် က နေ စင် လေးဆယ် ၊ စင် လေးဆယ် ကနေ စင် ရှစ်ဆယ် ၊ ဆယ်ဂဏန်း ကနေ ရာဂဏန်း အထိ ၊ ရာဂဏန်း က နေ ထောင်ဂဏန်း အထိ ၊ တိုးချဲ့ ချင်တိုင်း တိုးချဲ့စမ်း ။ တိုးချဲ့ လို့ မဆုံးနိုင်ဘူး ။

သည် ရည်မှန်းချက် က တော့ တတိယ နဲ့ နောက်ဆုံး အဆင့် ပေါ့ လေ ။ အချိန်တော့ လိုပါလိမ့်ဦးမယ် ။

အို ... ဘဂျမ်း ရဲ့ အသက် က လဲ အခုမှ ဘာ ရှိသေးတာ မှတ်လို့ ။ သုံးဆယ် တောင် မပြည့်တတ်သေးဘူး ။ ကိုယ့် မှာ လဲ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အထောက်အကူ ဖြစ်မယ့် နောက်ခံ လူအင်အား က လဲ ကောင်းတယ် ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ ။

အခု ဆိုယင်ပဲ ကြည့်လေ ။ ပထမအဆင့် ဖြစ်တဲ့ ကိုယ်ပိုင် စာအုပ်ဆိုင် လုပ်ငန်း ကို လုပ်နိုင်ခဲ့ပြီ ။ အောင်မြင် လဲ အောင်မြင် နေပြီ ။ ဒုတိယ အဆင့် ဖြစ်တဲ့ ပုံနှိပ်စက်လုပ်ငန်း ကို အကောင် အထည် ဖော်နိုင်ဖို့ အတွက် က လဲ စပြီး စုဆောင်း နေပြီ ။ ခေါင်း ထဲ မှာ စီမံကိန်း ဆွဲ နေပြီ ။

အဲ ... တခု တော့ ရှိတယ် ။ ကြား ထဲ မှာ တော့ စုထား ဆောင်းထား တဲ့ ငွေရင်းငွေနှီး ကို ဘယ် ပုံစံ နဲ့ မှ အယိုအဖိတ် မခံနိုင်ဘူး ။ အဲသည် ငွေ ကိုတော့ ကိုဘဂျမ်း ကိုယ်တိုင် လဲ မထိဘူး ။ မအေးနု လဲ မထိ နဲ့ ။ ဘယ်သူ မှ မထိ နဲ့ ။ သမီး တွေ အတွက် လဲ မထိ နဲ့ ။

ပြောတော့ သာ လွယ်တယ် ။ မအေးနု အသုံးအစွဲ လက် လွယ်တာ နဲ့ ပတ်သက်လို့ လဲ ကိုဘဂျမ်း မကြိုက်ပါဘူး ။ ဒါပေမယ် မအေးနု က ကိုယ့် မိန်းမ ဆိုတော့ လဲ အဟန့်ရ ခက် တယ် ။ ကိုယ့် ကိုယ် ကို မသဒ္ဓါတာ ကတော့ အကြောင်း မဟုတ် ဘူး ။ ကိုယ့် မိန်းမ ကို တောင် မသဒ္ဓါချင်ဘူး ဆိုတာ က တော့ လူ ကြားလို့ သိပ် မကောင်းတတ်ဘူး ။

ပြီးတော့လဲ မအေးနု အသုံး ကြမ်းတာက မအေးနု ရဲ့ အကျင့် ဖြစ်နေပြီ ။ သူ့ မိဘ လက်ထက် ငယ် ကတည်း က သုံးစွဲ လာခဲ့ တာ ဆိုတော့ လဲ ကိုဘဂျမ်း မပြောသာဘူး ။ ပြီးတော့လဲ ကိုဘဂျမ်း တို့ မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း မှာ အဓိက အရင်းအနှီး က မအေးနု ပိုင် ။ ကိုဘဂျမ်း က လက်ဖဝါး ခြေဖဝါး နဲ့ ချည်း ရောက်လာတဲ့ လူ ။ နောက်ပိုင်း ‘ ချမ်းအေးစာနယ်ဇင်း ’ လုပ်တော့မယ် ဆို ခါ မှ ငွေကလေး နှစ်ထောင် ပါ လာတာ မဟုတ်လား ။ အဲသည် ငွေကလေး နှစ်ထောင် ဆိုတာ က လဲ ဘာ ကြာလိုက်သလဲ ။ နှစ်နှစ် မပြည့်ခင် မှာ ကန်တော့ တဲ့ အနေနဲ့ ပြန် ဆပ်လိုက်တယ် မဟုတ် လား ။ အတိုး အနေ နဲ့ မဟုတ်ပဲ ၊ ကျေးဇူး တင်တဲ့ အနေ နဲ့ ငွေ ငါးရာ တောင် အပို ဆောင်းပြီး ပေးခဲ့တယ် မဟုတ်လား ။ မကွယ် မဝှက်တမ်း ၊ အမှန်အတိုင်း သေသေချာချာ ပြန် တွေးကြည့်မယ် ဆိုယင် ၊ အဲသည် ‘ ချမ်းအေးစာနယ်ဇင်း ’ ကြီးပွားတိုးတက် လာရာမှာ လဲ မအေးနု တို့ ရဲ့ ငွေရင်းငွေနှီး နဲ့ မကင်းခဲ့ပါဘူး ။ ‘ ချမ်းအေးစာနယ်ဇင်း ’ စာအုပ်ဆိုင် ဖွင့် ဖို့ အတွက် ဆိုင်ခန်း ဝယ် တော့မယ် ဆိုတုန်း က ရော ။ မအေးနု တို့ ရဲ့ ငွေ ကို အကူအညီ ယူခဲ့ရတာပဲ မဟုတ်လား ။ သည်တော့ မအေးနု ရဲ့ အသုံးအစွဲ လက် လွယ်တဲ့ အကျင့် ကို ကိုဘဂျမ်း တားမြစ် ဖို့ ခက်တယ် ။ သူ့ ငွေ နဲ့သူ သုံးစွဲတာ တောင် မသုံးစွဲသင့်ဘူး လို့ ပြောဖို့ ဆိုတာ က တော့ မလွယ်ဘူး ။

ဒါပေမယ့် ကိုဘဂျမ်း က ဖွင့် မပြောပဲတော့ မနေနိုင်ဘူး ။ ပြောဖြစ်အောင် ကို ပြောခဲ့မိ သေးတယ် ။ နှစ်ယောက် တည်း ရှိခိုက် မှာ ဆွေးနွေး ဖြစ်ခဲ့သေးတယ် ဆိုပါတော့ ။

မှန်တယ် ။ မအေးနု က ပြန် ဝေဖန်မယ် ဆိုယင် လဲ ဝေဖန် စရာပဲ ။ ကိုဘဂျမ်း ဆိုတာ က မအေးနု နဲ့ အကြောင်း မပါခင် အထိ ငွေ ဆိုတာ ကို ရာ နဲ့ ချီပြီး တော့ တောင် ကိုင်ခဲ့ရဖူးတာ မှ မဟုတ်ပဲ ။ ထောင်ဂဏန်း ၊ သောင်းဂဏန်း ၊ သိန်းဂဏန်း ဆိုတာ တော့ ဝေးရော့ ။

ဆိုလိုတာ က မကိုင်ဖူး မပိုင်ဖူး တော့ လဲ ရူး နေတာ ပေါ့လေ ။ တခါတခါ တော့ မအေးနု က စိတ်ပေါက်ပေါက် နဲ့ ကိုဘဂျမ်း ကို “ ဥစ္စာရူး ” လို့ ဆို တတ်တယ် ။ သည် စကားလုံး က ကိုဘဂျမ်း ကို တော်တော် အထိ နာ စေတယ် ။

ဒါပေမယ့် မအေးနု က ဒေါသ နဲ့ ပြောတာ မဟုတ်တဲ့ အတွက် ကိုဘဂျမ်း စိတ် မဆိုးပါဘူး ။ ခက်တာ က မအေးနု ကို စိတ် ဆိုးရအောင် က လဲ ၊ ကျန်တဲ့ စီးပွားရေးလုပ်ငန်း ကိစ္စ မှန်သမျှ မှာ ကိုဘဂျမ်း ရဲ့ အဆုံးအဖြတ် ကို အကြွင်းမဲ့ နာယူ နေတယ် ။ ကိုဘဂျမ်း ရဲ့ ခေါင်းဆောင်မှု ကို လဲ အကြွင်းမဲ့ လက်ခံ နေတယ် ။ မအေးနု မှာ ပြောစရာ ဆိုလို့ အဲသည် အသုံးကြမ်း တဲ့ အကျင့် ကလေး တခု ပဲ ရှိတယ် ။

ဘယ် တတ်နိုင်မလဲ ။ ....“ ကျွန်တော့် မိဘ လက်ထက် ကတည်း က သည်လိုပဲ သုံးလာခဲ့တာ ၊ ခင်ဗျားနဲ့ ကျ မှ ပြင်ရမှာ လား ၊ ကျွန်တော့် မိဘ က တောင် ဘာမှ မပြောခဲ့ပဲနဲ့ ၊ သည် တခု တော့ ခင်ဗျား မပြောနဲ့ဗျာ ၊ ခင်ဗျား လုပ်နေတဲ့ အလုပ် ကို မထိခိုက်ယင် ပြီးရော မဟုတ်လား ” ... ဆိုတော့လဲ ၊ ကိုဘဂျမ်း ဘယ့်နှယ်လုပ် ဆက် ပြောတော့မလဲ ။ ခွင့်လွှတ်လိုက်ရတယ် ။

အမှန်ကို ဝန်ခံရယင် ကိုဘဂျမ်း ဘုရား မှာ ဆုတောင်း မိတယ် ။ မအေးနု ရဲ့ သည် အကျင့်မျိုး သမီး တွေ မှာ ပါ မလာ ပါစေနဲ့ ။

ခက်တာ က သမီး တွေ မွေးထားပြီ ဆိုတော့လဲ ၊ ဘာပဲ ပြောပြော အထိုက်အလျောက် က တော့ ဆင်ရ ပြင်ရမယ် ။ သမီး တွေ က နားလည် လိမ်မာပြီး မပူဆာကြနဲ့ ဦးတော့ ။ အဖေ တယောက် အနေ နဲ့ ဝတ္တရား က လဲ ရှိသေးတယ် ။ ပြီးတော့ ပတ်ဝန်းကျင် က လဲ ရှိသေးတယ် ။ သား ယောက်ျားကလေး တယောက် လို လက်ပတ်နာရီကလေး တလုံး လောက် ဆင် ပေး ပြီး ၊ ပစ်ထား လိုက်လို့ မတင့်တယ်ဘူး ။

ပြီးတော့လဲ သည် အိမ် မှာ က သိတဲ့ အတိုင်း မအေးနု ဘက် က ပါ လာတဲ့ ညီငယ် ညီမငယ်တွေ က ရှိ သေးတယ် ။ မအေးနု ရဲ့ အောက် မှာ ညီမငယ် ချည်း ကို က လေးယောက် ရှိတယ် ။ သမီး သုံးယောက် အတွက် သာ စဉ်းစားပြီး ညီမငယ် လေးယောက် အတွက် မစဉ်းစားပဲ ပစ် ထားလို့ ဖြစ်မလား ။ မစဉ်း စားပဲ ထားယင် တရားမျှတ ပါ့ မလား ။

ပြီးတော့ သည် မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း မှာ ကိုဘဂျမ်း က တယောက် တည်း ။ ခေါင်းဆောင် တာ ကတော့ မှန် ပါရဲ့ ။ ဒါပေမယ့် လက်တွေ့အလုပ် လုပ်နေကြတာက မအေးနု တို့ မောင်နှမ တစု ။ မအေးနု ရယ် ၊ ခင်မောင်ဦး ရယ် ၊ ခင်မောင်လတ် ရယ် က တော့ ကိုဘဂျမ်း ရောက် မလာခင် ကတည်း က အလုပ် ထဲ ဝင်နှင့် နေကြတာမို့ ထားပါတော့ ။ ကိုဘဂျမ်း ရောက် လာ မှ ကို ပဲ နောက်ထပ် နှစ်ယောက် ဖြစ်တဲ့ မယဉ်နု နဲ့ မဖြူနု ကို ကျောင်း က နုတ်ပြီး အလုပ် ထဲ ထည့် ခိုင်း နေရတယ် ။ အငယ် လေးယောက် သာ ပညာ သင်ခွင့် ရကြတယ် ။ အကြီး ငါးယောက် က အလုပ် ထဲ မှာ ဝင် လုပ် နေရတယ် ။ မအေးနု တို့ ဘက် က ငါးယောက် ။ ကိုဘဂျမ်း က တယောက် တည်း ။

သည်တော့ တယောက် တလက် ဝိုင်းပြီး လုပ်ကြတဲ့ သည် မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း က ရ လာတဲ့ ဝင်ငွေ ကို ကိုဘဂျမ်း တယောက် တည်း က ခြယ်လှယ် ချင် သလို ခြယ်လှယ် လို့ ဖြစ်မလား ။

အလုပ် လုပ်ရတော့ သူတို့ မောင်နှမ တစု ။ အကျိုး ခံစား ရတော့ သားသမီး တစု ဆိုယင် တရား မျှတ ပါ့ မလား ။

မလွယ်ပါဘူး ။ တယောက် ကို ဆင်ပြီး ၊ တယောက် ကို မဆင်လို့ မဖြစ်နိုင်ပါဘူး ။

အင်း .. ကိုဘဂျမ်း ဆွဲ လာရတဲ့ မီးရထားတွဲကြီး က လဲ ရှည်လျားလှပါဘိ ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment