Friday, June 7, 2024

ဘာသာပြန် ဟင်းတစ်ခွက်


 

❝ ဘာသာပြန် ဟင်းတစ်ခွက် ❞

၁ ။

အပြင်ဘက် တွင် ခပ်မှေးမှေး သာ နေသော လရောင် သည် ဒီ နေရာ ကို မည်သို့ မှ ထိုးဖောက် လွှမ်းမိုးနိုင်မည် မထင် ။ လရောင် အတု ဖြစ်သော Moon Light ဖန်ချောင်းများ ထိန်လင်းအောင် ထွန်း ထားသည့် လေသာဆောင် ၏ အပြင်အဆင် သည် ရုတ်တရက် တော့ သာတောင့်သာယာ ရှိ နေသည် ။

လေသာဆောင် သည် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ၊ စားပွဲဝိုင်း တော်တော် များများ ကိုလည်း သပ်ရပ်စွာ ခင်းကျင်း ထားသည် ။ စားပွဲဝိုင်းများ ပေါ် တွင် လက်ဖက်ပြင် ပန်းကန် သာသာ ပန်းကန်ပြားများ ၊ အရွယ် ခပ်လတ်လတ် မှောက်လျက်သား ပန်းကန်လုံးများ ပလတ်စတစ်အိတ်ပါးပါး ဖြင့် စွပ် ထားသော တူများ ၊ သုံးမြောင့် ပုံစံ စန စ်ကျကျ ခေါက် ထားသော တစ်ရှူးပေပါများ အားလုံး သည် စားပွဲခုံ တိုင်း တွင် ခမ်းနားစွာ ရှိ နေကြသည် ။

အဖြူရောင် ရှပ်အင်္ကျီ ၊ လည်စည်း စိမ်းစိမ်း ၊ ဘောင်းဘီရှည် နက်ပြာရောင် ဝတ်လျက် ရှူးဖိနပ် စီး ထားသော ခပ်ငယ်ငယ် ယောက်ျားလေးများ ပျားပန်းခပ် လှုပ်ရှား နေသည်  ။ စားပွဲဝိုင်းများ နှင့် ခပ် လှမ်းလှမ်း တွင် တစ်တောင့်ထွာခန့် အမြင့် ရှိ စတေ့ချ်စင် တစ်ခု ၊ စင်ပေါ် တွင် အနောက်တိုင်း တေးဂီတ ဝိုင်း တစ်ဝိုင်း ၊ နောက်ခံ ပိတ်သားဖြူဖြူ ပေါ်တွင် ဆလိုက်ထိုး ထားသော အလင်းရောင်စက်ဝိုင်း သည် ညင်သာစွာ ရွေ့လျား နေသည် ။ ဖြူ ၊ နီ ၊ ပြာ ၊ ဝါ အရောင်အသွေး အစက်အပြောက် တို့ လည်း ဖျိုးဖျိုး ဖျပ်ဖျပ် ။

တိုနံ့နံ့ ဝါယာကြိုး တစ်ချောင်း သာ ပါသော မိုက်ခရိုဖုန်း ကို အမျိုးသမီး တစ်ယောက် ကိုင် ထားသည် ။ လှလိုက်သည့် ကောင်မလေး ။ ဒီ စားသောက်ဆိုင် ၏ လှေကားပေါ် သို့ တက်ခါစ သူ ရင် တစ်ချက် ခုန်လိုက် သေးသည် ။ ညဉ့်ပြေပြေ နှင့် အလွန်လိုက်ဖက်သော အရောင် ကို ရွေးချယ် ဝတ်ဆင်ထားသော ဧည့်ကြိုကောင်မလေး ကြောင့် ဖြစ်သည် ။

“ မင်္ဂလာညချမ်းပါရှင် ”

ဒူး နှစ်ဖက် ကို ညွှတ် ၍ ပြော လိုက်သော နှုတ်ဆက်စကား သည် ရင် ထဲ သို့ အေးစိမ့်စွာ ပြေး ဆောင့်သည် ။ ဘာ ပြန် ပြောရမှန်း မသိအောင် ကြောင်ကြည့် နေမိစဉ် သူ့ အုပ်စုအတွင်း မှ တစ်ယောက် ယောက် က “ မင်္ဂလာပါ ”  ပြောမှ အသက်ရှူချောင်သွားသည် ။ အခိုက်အတန့် တော့ သူ့ ခြေလှမ်းတွေ ဆွံ့ သွားသည် ။ ကောင်မလေးမျက်လုံး က အပြုံး ဖြင့် ဧည့်ဝတ် ခြွေသည် ။ အင်း ... တော်သေးရဲ့ ။ သူ ရင်ခုန်သွားတာ ကောင်မလေး ရိပ်မိမည် မထင် ။

သူတို့ ငါးယောက် အုပ်စု လှေကား မှ ခပ်ဖြည်းဖြည်း တက် လာသည် ။ ကတ္တီပါ လို နူးညံ့သည့် အထည်စ ကို လှေကား အဆုံး ခင်း ထားသည် ။ ပန်းရောင်နုနု ၊ နင်းရက်စရာ ပင် မရှိ ။ နူးအိသော ခြေထောက် ၏ အာရုံခံစားမှု သည် စွဲမက်စရာ ။ ရောက်ပြီ ၊ အပေါ် ထပ် ...

“ မင်္ဂလာပါရှင် ”

ဟင် ... လှေကား ထိပ် မှာ နောက် တစ်ယောက် ။

“ ဟုတ်ကဲ့ ၊ မင်္ဂလာပါ ”

ဒီ တစ်ခါ ပြန်လည် နှုတ်ဆက်သံ သည် သူ့ နှုတ်ခမ်း မှ အား မကူဘဲ ထွက်ကျလာသည် ။ သူ့ အဖွဲ့ ထဲ က တစ်ယောက် က သူ့ ကို နောက်ပြန် လှည့် ကြည့်ကာ ခပ်ဖွဖွ ပြုံးသည်  ။ တယ် သွက်ပါလား ဆိုသည့် သဘော ။ သူ မရှက်ပါ ။ သို့ရာတွင် ဒုတိယ အကြိမ် တော့ ရင်ခုန် သွားသေးသည် ။

သူတို့ အဖွဲ့ ဒီ စားပွဲ ကို ထိုင် လိုက်သည် နှင့် တူညီဝတ်စုံ ဝတ် လူငယ် နှစ်ယောက် ရောက်လာသည် ။

“ ယမကာ ထဲ က ဘာ သုံးဆောင်မလဲ ခင်ဗျာ ”

“ ဝီစကီ ပဲ လုပ်ပါ ၊ ဂျော်နီလမ်းလျှောက် ပေါ့ ” 

သူ့ အဖွဲ့ ခေါင်းဆောင် ကုမ္ပဏီပိုင်ရှင် ၏ အသံ ။ မကြာမီ သူတို့ စားပွဲ အနီး သို့ လက်တွန်းလှည်းကလေး ရောက် လာသည် ။ ဖန်ခွက် ၊ ဆော်ဒါ ၊ အရက် ၊ ဘူးဘီယာ ၊ ရေသန့် ၊ ရေခဲတုံး ၊ ပန်းကန်များ ဖြင့် ။ သူက ပတ်ဝန်းကျင် ကို ဝေ့ ကြည့်သည် ။ ခပ်လှမ်းလှမ်း စားပွဲ တွင် အသက် ငါးဆယ်ကျော် အရွယ် သုံးယောက် ထိုင်ရက်သား ။ အမြည်းပန်းကန် တချို့ ၊ ယမကာခွက် တချို့ ။

ဧည့်ဝတ်ပြု ကောင်လေး နှစ်ယောက် သည် လက် ကို နောက် ပစ်ကာ သူတို့ ပြောမည့် စကား ကို အလေးအနက် ထား ဆောင်ရွက်ပေးမည့် ဟန် ဖြင့် ရပ် နေကြသည် ။ ထို သုံးယောက် ထဲ မှ ကတုံး နှင့် လူ တစ်ယောက် သည် ကောင်လေး ကို တစ်စုံတစ်ရာ တိုးတိုး ပြော လိုက်သည် ။ ကောင်လေး က ခါး ကို ကိုင်းညွှတ် ၍ ခေါင်း တစ်ချက် ညိတ် ကာ စတေ့ချ်စင် နံဘေး ရှိ ကောင်တာ သို့ ထွက် သွားသည် ။ ကတုံး နှင့် ကျန်နှစ်ယောက် တို့ ၏ မျက်လုံး ခြောက်လုံး သည် အရောင် တစ်မျိုး ဆိုး ၍ ပြုံး နေကြသည်  ။

မကြာမီ လူငယ် ပြန် ရောက်လာသည် ။ လက် ထဲ တွင် အရောင် တလက်လက်တောက် နေသည့် ပန်းကုံး တစ်ကုံး ၊ ဖိုးကတိုး က ဆွဲ ယူ ၍ သူ့ လည်ပင်း တွင် စွပ် လိုက်သည် ။ ပြီးတော့ စတေ့ချ်စင် ဘက် သို့ ပြုံး ၍ ကြည့် လိုက် ပြန်သည် ။ လည်ပင်း မှ ပန်းကုံး ကို လှုပ်ခါ ၍ တစ်စုံတစ်ဦး အား ခေါင်းညိတ် ခေါ် နေသည် ။

ဖိုးကတုံး ၏ အကြည့် လားရာ ကို သူ လိုက် ကြည့်ဖြစ်သည် ။ ကောင်မလေး တစ်ယောက် ပါးလွှာသည့် ကြား ထဲ က ပိုက်ကွန် အကွက် ကို ဖော် ထားသော အပေါ်ရုံအင်္ကျီ ၏ အောက် တွင် အတွင်းခံ အဝတ် သည် အတိုင်းသား ၊ ဆင်စွယ်ရောင် အသားစိုင် တို့ သည် ရုန်းကြွထွက်တော့ မလို ၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ် တို့ ဖြင့် ဖွဲ့စည်းတည်ရှိအပ်သော သူမ ကို ဖိုးကတုံး သည် တပ်မက်မှု အရည်ကြည် တို့ ဖြင့် စိုစွတ်ကာ သိမ်းငှက် တစ်ကောင် ၏ အစာရှာ မျက်လုံး လို ချာလည် လှည့် ခံစား နေသည်  ။ သနပ်ခါး နှင့် မိတ်ကပ် ရော လိမ်း ထားကာ မီးရောင်ပြာ ဆမ်း ထားသော အလှ ကို ခဏလေး ဖြစ်ဖြစ် ပိုင်ဆိုင်လို စိတ် ဖြင့် စိတ်ကူးယဉ် နေပုံ ရသည် ။

ဂီတ သည် လည်း ဖိုးကတုံး ၏ ရမ္မက် ကို ညင်သာစွာ ဖြားယောင်း နေ သည် ။ ဂီတ နောက်သို့ ရမ္မက် သည် အမီ လိုက် နေ သလိုပင် ။ ထို့ကြောင့် ဂီတသံစဉ် သည် သွက်လက်စွာ နှင့် ညစ်ထေး နေသည် ။

ကောင်မလေး သည် မိုက်ကရိုဖုန်း ကိုင်ကာ သီချင်း ဆိုရင်း ဖိုးကတုံး ထံ သို့ ညင်သာစွာ လျှောက် လာနေသည်  ။ ဪ .. ဪ .. စောစော က ခေါင်းညိတ် ခေါ်နေတာ သူမ ကို ပဲ ။ အနား သို့ တိုး ကပ် ၊ ဒူးခေါ င်းကို ညွှတ်ကွေး ၊ ခါး ကို ကိုင်းပေး လိုက်သည့် အခိုက် ဖိုးကတုံး က ကောင်မလေး ကို ပန်းကုံး စွပ် ပေးလိုက်သည် ။ ပတ်ဝန်းကျင် စားပွဲများ မှ အားနာပါးနာ လက်ခုပ်သံ တို့ သည် ကျွဲချေး ပါ သလို တဖြောက်ဖြောက် ထွက်ပေါ် လာကြသည် ။ မည်သို့ဆိုစေ ကောင်မလေး ကို တော့ တစ်ထောင် ထက် မနည်းသော အသပြာပန်းကုံး ကို လက်ဆောင် ပေး လိုက်ရပြီ ။

ကောင်မလေး မျက်လုံး အဝင့် ၊ အပြုံးတု တစ်ခု တွင် ဖိုးကတုံး ၏ သွား ဖုံးရင်းပေါ် အောင် ပြုံးတတ်ထသော အားပါးတရ အပြုံး ကို အသပြာ ဖြင့် ဖလှယ် လိုက်ပြီ ။ ကောင်မလေး လှည့်ထွက် မသွား ခင် အဆီ အထပ်ထပ် ၊ အခေါက် ထူထူ တို့ ဖြင့် တွဲစပ်ပုံ ဖော်ထားသော ဗိုက်ပတ်လည် ခါးတုတ်တုတ်ကြီး ကို လှုပ်ခါ ၍ မျက်နှာချင်းဆိုင် ကာ ရော့အင်ရိုး လုပ် လိုက် သေး သည် ။

သူက ဖိုးကတုံး တို့ ဝိုင်းဘက် သို့ ငေးကြည့် နေသည် ။ ဤသို့သော ပွဲ မျိုး ကို မကြုံဖူးသေး ။ ဝတ္ထု ထဲ တွင် တော့ ဖတ်ဖူးသည် ။ နေရာ စိမ်း ဖြစ် သဖြင့် မြင်ကွင်း အားလုံး သည် အသစ်အဆန်း ။ ကောင်မလေး သည် ပန်းကုံး အစွပ် ခံပြီး နောက် အခြား ဝိုင်းကြားများ သို့ နောက်ထပ် ပန်းကုံး တစ်ခု ကို မျှော်လင့်ရင်း သီချင်း လျှောက် ဆိုကာ ဧည့်ခံ နေသည် ။

သူ့ အကြည့် သည် ကောင်မလေး ၏ ကျောဘက် သို့ ပီကေ ဝါးပြီး ဆွဲဆန့် သလို အမျှင်မပြတ် ကပ်ပါ သွားသည် ။ သီချင်းသံ တိတ် သွားပြီး စတေ့ချ်စင် ဘက် သို့ ကောင်မလေး ရောက် သွား မှ အသိ ပြန် ဝင်လာသည် ။  မင်လည်ပြန် အချိန် အတော်ကြာ ကြည့် လိုက်၍ လည်ပင်း ညောင်း နေမှန်း အခုမှ သတိရ လာသည် ။

ကောင်လေးတွေ ထည့် ထားသော ဆော်ဒါစပ် အရက်ဖျော်ရည် ကို တတိယခွက် အဖြစ် သောက် ချ လိုက်သည် ။ စောစောက သောက် ချလိုက် သော ဂျော်နီ သည် အာခံတွင်း မှ ဆင်း သွား၍ အူမကြီး နှင့် အစာအိမ်သွေးကြောများ အထိ တုတ်ကောက် ဖြင့် လမ်းလျှောက်စ ပြုနေပြီ ။ သိမ်ငယ် စိတ် ၊ ကြောက်ရွံ့စိတ်များ ကို ဂျော်နီလမ်းလျှောက် က တုတ်ကောက် ဖြင့် မောင်းထုတ် နေပြီ ။

ဟင်း ပန်းကန် နှစ်ချပ် ရောက် လာပြီ ။ ဝက်ရုပ်လေး နှင့် တစ်ပွဲ ၊ သူ က ဝက်ရုပ်ကလေး ကို သေချာစွာ ကောက် ကိုင် ကြည့်လိုက်သည် ။ ဪ ... ဂေါ်ရခါးသီး ကို ဝက်ရုပ်ကလေး လုပ် ထားတာ ကိုး ။ ဝက်သား မှန်း သိ အောင် လို့ ပိုင်ပါ့ ကွာ ။ နောက် တစ်ပွဲ ၏ အရုပ်ကလေး က ဘဲငန်းရုပ် ကလေး ။

“ ကိုင်း ... စားကြဦး ၊ လိုအပ်တာ လည်း ထပ်မှာ  ။ အားမနာကြနဲ့ နော် ”

ကုမ္ပဏီပိုင်ရှင်၏ စကား ။

“ စောအာသာ ... စားဗျ ။ ခင်ဗျားတို့ တော ထဲ တောင် ထဲ မှာ စားရခဲတယ် ”

မန်နေဂျာ လုပ်သူ က ထပ် ပြောသည် ။ ဤ မန်နေဂျာ က သူ အလုပ် လုပ်ရာ သစ်ကွက် ရှိ ဆင်တဲ အထိ လာရောက် ကာ သစ် ဝယ်သူ ဖြစ်သည် ။ ကွင်းဆင်း မန်နေဂျာ ( Field Manager ) ဆိုပါတော့ ။ တောတောင် အတွင်း တစ်လ ကျော်ကျော် အတူ နေခဲ့ဖူး ကာ ရင်းနှီး သွားသူ ဖြစ်သည် ။

ကုမ္ပဏီ က ဝယ်ထား ပြီး သစ်လုံးများ ရန်ကုန် သို့ ပို့သော နောက်ဆုံး အခေါက် သစ်တိုက် ကား ဖြင့် သူ ရောက်လာခြင်း ဖြစ်သည် ။

“ အားလပ်တဲ့ အချိန် မို့ လို့ လိုက် လည်စေချင်တယ် ဗျာ ။ ကုမ္ပဏီပိုင်ရှင် နဲ့ လည်း တွေ့ ပေးချင် လို့ ” 

အထပ်ထပ် ခေါ် သဖြင့် အားနာပါးနာ လိုက် ဖြစ်ခဲ့သည် ။ လုပ်ငန်း သည် လည်း ထင်တာ ထက် အချိန် စောစွာ ပြီးစီးပြီး သူတို့ နှင့် နိုင်ငံခြားကုမ္ပဏီ စာချုပ်ရက် အတွင်း အဆုံးသတ် အောင်မြင်ခဲ့ သဖြင့် ဂုဏ်ပြုချင်သည် ဟု လည်း ဆိုသည် ။ မိမိ ဆင်တွေ ကို လည်း အနား ပေးသည့် အချိန်လည်း ရောက်ပြီ ။ ထို့ကြောင့် ရန်ကုန် သို့ ရောက် လာရတော့သည် ။ ယခု ပွဲ သည် သူ့ ကို ကုမ္ပဏီ က ဧည့်ခံသည့် ပွဲ ။

ဒီ ပွဲ တွင် ငယ်သူငယ်ချင်း ကျော်ထိုက် တစ်ယောက် တော့ အပို ပါ လာသည် ။ ရန်ကုန် ရောက်ခါ စ က ကုမ္ပဏီပိုင်ရှင် နှင့် မန်နေဂျာ တို့ က ကုမ္ပဏီရုံးခန်း တွင် တည်းခိုရန် ပြော သော်လည်း သူ လက်မခံ ခဲ့ ။ နှစ်ပေါင်း များ စွာ ကွဲကွာခဲ့သည့် ရန်ကုန် ရှိ သူငယ်ချင်း အိမ် တွင် ရှေးဟောင်းနှောင်းဖြစ် ပြောရင်း တည်းခိုချင်သည် ပြော ၍ သူတို့ လက်ခံခဲ့သည် ။ သူငယ်ချင်း ၏ စီးပွားရေး က လည်း ကျပ်တည်းလိုက် သ မှ ဝီ ခေါ်နေသည် ။ မနက်စာ ခြောက်ချက် ၊ ညစာ ခုနစ်ချက် ဆိုသည့် အမျိုးအစား ။ ဗာဟီရ အလုပ် ဖြင့် မိသားစု ထမင်းလုတ် ကို ဖြည့်တင်း နေရသူ ။ တစ်သက် နှင့် တစ်ကို ယ် ဤမျှ ခမ်းနားသော နေရာ ကို သူ လည်း မရောက်ဖူး ၊ ကျော်ထိုက် လည်း မရောက်ဖူးချေ ။

ရန်ကုန် ရောက်သည့် ရက် အတောအတွင်း သူ သွားချင်သည့် နေရာ တို့ ကို ကွင်းမန်နေဂျာ က လိုက် ပို့ပေးသည် ။ သွားရင်း လာရင်း နောက်ကြောင်း က အလုပ်တွေကို တွေး ကာ စိတ် မဖြောင့် ။ ဆင် တွေ ဆင်ကျောင်းစခန်း ရောက်ပြီလား ။ ဆင် ဘယ်နှကောင် ‘ မုန် ’ ဆင်း နေပြီလဲ ။ ဆင်ဦးစီး ထဲ က ဘယ်သူတွေ ပြောင်းကြဦးမလဲ ။ ဆင်ပဲ့ချိတ်တွေ က ကော နောင်နှစ် အတွက် သစ်ကွက်ငုတ်ထုတ် အလုပ် အပ်မယ့် သူ လာ လက်ကမ်းလှမ်းသေးလား စသည် ဖြင့် အတွေး က မပြတ် လေးလံ နေခဲ့သည် ။

ယခု ဤနေရာ ရောက်မှ စိတ် သည် အလွန် ပေါ့ပါးလန်း ဆန်းသွားသည် ။ မိန်းမ ဖြစ်သူ နော်အယ်မူး ကို မေ့ချင်တင်တင် ဖြစ်လာသည် ။ ညဉ့် ၏ လှည့်စားမှု ၊ ဂီတ ညှို့ငင်မှု ၊ ပတ်ဝန်းကျင် ၏ လော်လည်မှု အောက် တွင် သတိ သည် ပူးတုံခွာတုံ ဖြင့် ကြည်နူးနေသည် ။

မျက်နှာ တွင် သနပ်ခါး မရှိဘဲ အသား ဖြူသော်လည်း ချွေးစေး ဖြင့် အဆီပြန် နေတတ်သော ၊ တောင်ကျချောင်း နှုတ်ခမ်း တွင် ခရုဖင်လိမ်လေးများ ကို ကောက်၍ ဟင်းရွက်မျိုးစုံ ဖြင့် ရောနှော ကာ ‘ တာလပေါ ’ ဟင်း ချက်ကျွေး တတ်သော ၊ တစ်ရံရော အခါ က “ ယာအယ်နာ အားချီးလော် ” ( နင့် ကို ငါ သိပ်ချစ်တယ် ) ဆိုသည့် စကား ကို ပြောခဲ့ခြင်း ခံရဖူးသော ကရင်တောင်တန်း ပေါ် ရှိ နော်အယ်မူး ကို လွမ်းစိတ် လျော့ပါးချင် လာသည် ။

ဟော ... ဟော ... တွေးနေရင်း က သူ့ စားပွဲနား ကို ငွေဆည်းလည်း သံစဉ် တစ်ခု သည် တရွေ့ရွေ့ တိုးကပ် ထိစပ် လာနေပြီ ။ သူ နှင့် တစ်လံကွာ လောက် သို့ပင် ရောက် နေပြီ ။ ဆတ်ခနဲ လှည့် ကြည့် လိုက် သော သူ့ ကို ကောင်မလေး သည် သီချင်း ဆိုရင်းနှင့် နှုတ်ခမ်း ပေါ်တွင် အပြုံး ခပ်ပါးပါး ကို ဆွတ်တင် လိုက်သည် ။ ကောင်မလေး ၏ ဆေးဆိုးပန်းရိုက် မျက်နှာ အလှ ၊ နှာခေါင်းဝ တည့်တည့် ကို ရိသဲ့သဲ့ လုပ်နေသော အကောင်းစား ရေမွှေးနံ့ ၊ သူ့ နေရာ နှင့် သူ အပိုအလို မရှိ နေရာယူ ပုံသွင်း ထုဆစ် ထားသည့် အသားစိုင် အသားခဲများ ၊ သူ့ အနား သို့ လာ ရပ်စဉ် မျက်နှာပြင် သို့ ရိုက်ထိ လာသော ဆံနွယ် မွှေးမွှေး ၏ အငွေ့အသက်များ ၊ ရုတ်တရက် သူ့ ကိုယ် သူ အသက်ရှူ မိ သလားပင် မသိနိုင်တော့ ။

ဆင် တစ်ကောင် ၏ အရေပြား တို့ မှ ညှဉ်းသိုးသိုး ထွက် လာသည့် အနံ့ များ ၊နော်အယ်မူး ၏ ချွေး နံ့ ပြွတ်သိပ် နေသည့် သင်တိုင်းနံ့ များ ၊ လျှိုမြောင် အတွင်း သစ်ရွက်ပုပ်များ နှင့် ဆင်ချေးများ ရော နှော နေရာ မှ ထွက် လာသည့် အနံ့ များ  ၊ ဖြုတ်တသောသော ဖြစ် နေသော နွံအိုင် တို့ ၏ အနံ့ များ ၊ တောမီး လောင်ရာ မှ ထွက်လာသည့် မွှန်စည်စည် မီးခိုးနံ့ များ ၊ ဒီ အနံ့အသက် တွေ နှင့် ဆန့်ကျင်ဘက် သူ့ စိတ် တို့ သည် ငါးမျှားချိတ် တွင် တွဲလောင်းချိတ် ပါ လာသော ငါး အရှင် တစ်ကောင် လို ဖျပ်ဖျပ် လူး ။

ပဉ္စလက် တို့ ဖြင့် ပြီးသော ကောင်မလေး သည် သူ့ ကို နှစ်လှမ်းစာ မျှ ကျော်တက် လိုက်သည် ။ ပြီးတော့ ဒူး ကို ညွှတ်ချ ၊ ဦးခေါင်း ကို ညွှတ်ချိုး လိုက်သည် ။ ဒီနောက် ပန်းကုံး တစ်ကုံး သည် သူ မ၏ လည်ကုပ် တွင် အရောင် တလက်လက် ဖြင့် နေရာယူ သွားသည် ။ စွပ်လိုက်သူ က သူ့ စားပွဲမှ ကုမ္ပဏီ ပိုင်ရှင် ။ အားနာပါးနာ ၊ နာလိုခံခက် လူ လက်ခုပ် နှစ်ဖက် ကို လေးငါးချက် မျှ ရိုက်ခတ် ပေး လိုက်သည် ။

ပွဲရှိန် တဖြည်းဖြည်း မြင့် လာပြီး စားသောက်သူ တို့ လည်း အဖွဲ့လိုက် ရောက် ရောက်လာသည် ။ လက်ခုပ်သံ တို့ သည် လည်းကောင်း ၊ ပန်းကုံး အရောင်းအဝယ် တို့ သည် လည်းကောင်း ပိုမို စည်ဝေ လာသည် ။ ပရိသတ် ထဲ မှ မူးကြောင်ကြောင် တစ်ယောက် စ ၊ နှစ်ယောက် စ တို့ သည် စင်ပေါ် တက်၍ သီချင်း ဟစ် နေကြ သေးသည် ။

ဆင်သမား သက်တမ်း တစ်လျှောက် ချက်အရက် ဖြင့် သာ နှစ်ပါး သွား ခဲ့သော သူ သည် ဂျော်နီ လမ်းလျှောက် အနံ့ ကို သိပ် မကြိုက်လှ ။ ပိုးဟပ် ချေးစော် လိုလို မွန်စည်စည် ဖြစ်နေသည် ။ သို့ရာတွင် မြို ချလိုက် လျှင် ရှ တတ ချို မြမြ အရသာ ကို နှစ်သက်လက်ခံ လာသည် ။ သောက်ပြီးသည် နှင့် နှုတ်ခမ်း တွင် ပေကျန်စိုစွတ် နေသော ယမကာစက် တို့ ကို လျှာဖြင့် သိမ်းကာ တပျပ်ပျပ် အရသာ ခံ နေသေး တော့ ။ အမြည်းပန်းကန် တို့ သည် လည်း စားပွဲ ပေါ်တွင် တစ်စတစ်စ များပြား ပြန့်ကျဲ လာနေပြီ ။ အမြည်း
တို့ ၏ ကိုယ်စားပြု ကြက်ရုပ် ၊ ဝက်ရုပ် ၊ ငန်းရုပ် တို့ ပုံသဏ္ဌာန် ဂေါ်ရခါးသီး တို့ သည် ဂီတသံ နှင့် အတူ ယိမ်းထိုး က နေ သယောင် ၊ သင်္ဘောပုံသဏ္ဌာန် ပန်းကန်ရှည်မျောမျော ထဲ တွင် အကောင် မပျက် ပေါင်း ထားသော ငါး သည် အသား တစ်ခြမ်း သာ ကျန်တော့ပြီ ။ ဂျော်နီလမ်းလျှောက် သည် သူ့ အစာအိမ် ထဲ တွင် ကျွမ်းထိုးမှောက်ခုံ သောင်းကျန်း နေပြီ ၊ ခြေဖျားလက်ဖျား ရှိ သွေးကြောမျှင်မျှင်လေးများ အထိ သူ့ ဩဇာ လွှမ်းမိုး နေပြီ ။ သူ့ မျက်လုံး တို့ တစ်စတစ်စ မှေးစင်းစ ပြု လာပြီ ။ အာရုံ ခံစားမှု တို့ သည် နီးလိုက် ဝေးလိုက် ၊ ပြေးလှည့် ၊ လာလှည့် ... ။

“ ကဲ ... ဘာ လိုသေးလဲ လိုရင် ထပ် မှာ နော် စောအာသာ ”

ကုမ္ပဏီပိုင်ရှင် ၏ စကား သူ ခေါင်းယမ်း လိုက်သည် ။ မလိုအပ်တော့ ပါဘူး ဆိုသည့်သဘော ။

“ ပျော်သလား ... ဖားထီ ”

သူ ခေါင်းညိတ် ပြသည် ။ ကျော်ထိုက် ကို လှမ်း အကြည့် ခေါင်းငိုက်စိုက် ကျနေသည် ကို မြင် လိုက်သည် ။ ပြန်ချိန် တန်ပြီ ။

“ ကိုင်း ... ဒါဆို ပြန်ကြရအောင် ၊ ဘီလ် ပေးကွာ ”

ကုမ္ပဏီပိုင်ရှင် ၏ စကား အဆုံး ဝတ်စုံပြည့် ဝတ် ကောင်မလေး က လျင်မြန်စွာ လှုပ်ရှားလိုက်သည် ။ မကြာမီ စာရင်းစာရွက် ကိုင် ကာ ပြန် ရောက် လာသည် ။ ကုမ္ပဏီပိုင်ရှင် က ငွေစက္ကူ အချို့ ကို ရေတွက် ၍ ကောင်ကလေး လက် ထဲ ထည့်သည် ။ ယမကာဖိုး ၊ အစားအသောက်ဖိုး ၊ ပန်းကုံးဖိုး အထွေထွေ နှစ်သောင်း ကျော် ။

အားလုံး ပြန်ကြရန် ထ ရပ်လိုက်သည် ။ ကျော်ထိုက် ၏ မျက်လုံးအစုံ သည် ကြက် ၊ ဝက် ၊ ငန်း စသည့် အသားစုံ တို့ မှ ကျန် နေသော ဟင်းတို့ ကို နှမြောစွာ ကြည့်နေသည် ။ တောင်ဆုပ် နီးပါး ရှိသော ငါး ၏ ခန္ဓာကိုယ် မှ တစ်ခြမ်း တိတိ ကျန်သေးသော အသား တို့ ကို ငေး ကြည့်ကာ အိမ်သူသက်ထား ဖြစ်သူ မတူး ၏ ဖြစ်သလို စားနေရသော “ လျှာ ” ကို သနား လာသည် ။ ယခုအချိန် ဆိုလျှင် ညစာ စား ပြီး လောက်ပြီ ။ အကောင် မပျက် ပေါင်း ထားသော ငါး ၏ မျက်လုံး သည် လည်းကောင်း ၊ ဟင်းပန်း ကန် နှုတ်ခမ်း ပေါ် မှ တန်းစီ နေသော အကွင်းလိုက် လှီး ထားသည့် မမှည့်တမှ ည့် ခရမ်းချဉ်သီးဖတ် တို့ သည် လည်းကောင်း လှောင်ပြုံး ပြုံး ကြည့်နေ သယောင် ။ လက်ကျန် ဟင်းဖတ်များ ကို ကြွပ်ကြွပ်အိတ် နှင့် ထည့်သွား လိုက်ချင်ပါဘိတော့ ။

ကျော်ထိုက် က ကြက်ရုပ် ၊ ငန်းရုပ် ၊ ဝက်ရုပ် တို့ ကို ကောက် ကိုင်သည် ။ အထူးအဆန်း အဖြစ် အိမ်သူသက်ထား ကို ပြလိုက်ချင်သည် ။ လွယ်အိတ် ကို ဟ ကာ အရုပ်တွေ ကို ထည့် လိုက်သည် ။ စောအာသာ ပြုံး ၍ ကြည့် နေပြီး မှ -

“ ဟေ့ကောင် ၊ ဒါက ဘာလုပ်တာလဲ ” 

“ အမှတ်တရ လေကွာ ၊ မင်း ရယ် ၊ ငါ ရယ် ဟိုတယ် မှာ စားခဲ့တယ် ဆိုတဲ့ အထိမ်းအမှတ် ”

“ ကဲ - သွားရအောင် ”

မန်နေဂျာ စကား ကြောင့် သူတို့ အပေါ်ထပ် မှ ဆင်း ရန် ရွေ့လျား လိုက်ကြသည် ။ ပြန် အဆင်း တွင် လှေကားရင်း ထိပ် မှ ကောင်မလေး က ဒူး ကို ညွတ် ၍ အပြုံးပါးပါး ဖြင့် နုတ်ဆက်သည် ။

“ ကျေးဇူးတင်ပါတယ်ရှင် ၊ နောက်လည်း လာခဲ့ကြပါဦးနော် ”

“ အိုကေ ... ဆီးယူ အဂဲင်း တူမောရိုး ” 

တောသား ရဲ ဆွဲထုတ် ၊ ဧည့်ကြိုကောင်မလေး ၏ လက်နုဖပ်ဖပ် ကို ဆွဲ ၍ နုတ်ဆက်လိုက်သည် ။ ကိုးတန်း အောင် တောင်ပေါ် နေ သစ်ထုတ် နေသော သူ က မနက်ဖြန် တွင် ဆုံဦးမတဲ့ လား ။ တတ်သမျှ မှတ်သမျှ လေး နှင့် အင်္ဂလိပ် လို နှုတ်ဆက်သည် ပေါ့ ။ ဩော် - လှပသော ည ၊ သာယာလှသော ည ၊ စိတ်ကူးယဉ်စရာ ကောင်းသော အနက်ထည်စစ်  ည ... ည ။

မှတ်မှတ်ရရ ထို ည က သူယောင်မယ်ကလေးများ အိပ်မက် ထဲ အထိ အလည် ရောက် လာ သေးသည် ။

  •••••   •••••   •••••

၂ ။

“ ကျော်ထိုက် ဘယ်သွားသလဲ မတူး ”

စောအာသာ အိပ်ရာ မှ နိုးနိုးချင်း ကျော်ထိုက် ကို မေးသည် ။ အင်း ... မနက် ကိုးနာရီ တောင် ထိုးပြီးပါပေါ့လား ။

“ သူ့ မိတ်ဆွေ တစ်ယောက် လာ ခေါ်သွားတယ် ။ အလုပ် တစ်ခု လုပ်ဖို့ ဆွေးနွေးရအောင်လို့ တဲ့ ။ လမ်းထိပ် လက်ဖက်ရည်ဆိုင် တင် နေမှာ ပါ ”

သူ ဆက် မမေးတော့ ။ သွားတိုက် ၊ မျက်နှာ သစ်ပြီး ကရင် ပီပီ ကွမ်းတစ်မြုံ့ ဝါး လိုက်သည် ။ ည က အရက်မူး ထားသော်လည်း ခေါင်း မကိုက် ။ ဂျော်နီလမ်းလျှောက် က ဒါတွေ နာမည်ကြီး တာ ထင်ပါရဲ့ ။

သူ က လမ်းမ ဘက် သို့ လှမ်း ကြည့် ရင်း ည က ဖြစ်စဉ်တွေ ကို ပြန်လည် စဉ်းစားနေသည် ။ အလုပ် ရှိ ရာ တောင်ပေါ် ဆင်ဝိုင်း သို့ သတိ မရသေး ။ ည အမှောင် တုန်း က သူယောင်မယ်ကလေး များ နေရောင် အတွင်း ကိုယ်ထင် ပြ နေ သေးသည် ။ ငေးနေသော သူ့ အကြည့် သည် လမ်းမ ဆီ သို့ မရောက် ။ စိတ် ကို ည က ဟိုတယ် ပေါ်မှ ဆွဲချ ၍ မရသေး ။

ချွတ်ခနဲ အသံ ကြား မှ သတိ ပြန် ဝင် လာသည် ။ ကျော်ထိုက် ။

“ ဟေ့ကောင် ငေးလှချေလား ။ အော်မေဝီလီး လုပ်ကြရအောင် ”  

ထမင်း စား ရအောင် ခေါ် မှ အရှက်ပြေ ပြုံး ရင်း ထ ရပ်လိုက်သည် ။ ဒီ ကောင် ဘယ်အချိန် အိမ် ပေါ် တက် လာသည် ကို ပင် သတိ မထားမိ ။ အင်း ... တောင်ပေါ် မှာ ဆိုရင် ဒီ အချိန် ထမင်း အဝ စား ပြီး အလုပ်ခွင် ထဲ ရောက်နေပြီပေါ့လေ ။

“ မင်း အိပ် နေလို့ မနှိုးဘဲ လက်ဖက်ရည်ဆိုင် ဘက် ထွက် သွားတာ ။ အလုပ် အတွက် စကား ပြောရင်း ”

လက်ဆေးဇလုံ ကို ထိုး ပေးရင်း ကျော်ထိုက် စကား စ လိုက်သည် ။

“ ရပါတယ်ကွာ ၊ သူငယ်ချင်းတွေ ပဲ ၊ အားနာစရာ မှတ်လို့ ”

သူ က ဟင်းပန်းကန်များ ဆီ သို့ မျက်လုံး ကို ဝေ့ ကြည့်လိုက်သည် ။ ကရင် အကြိုက် ငါးပိရည် ၊ အတို့ အမြုပ် ၊ ဆိုင်မှ ဝယ်လာသည် ထင် ရ သော အမဲကြော်လေးငါးဖတ် ပြီးတော့ ... ပြီးတော့ ...

သူ့ အကြည့် သည် ညပိုင်း က ခေါင်းရင်း ထရံ တွင် ကျော်ထိုက် ချိတ် ထား ခဲ့သော လွယ်အိတ် ဆီ သို့ ရောက်သွားသည် ။ ည က ကြက်ရုပ် ၊ ဝက်ရုပ် ၊ ငန်းရုပ် တို့ ဖြင့် ဖောင်းကား နေသော လွယ်အိတ် သည် ယခု ပြားချပ် နေသည် ။

လွယ်အိတ် သည် ကျော်ထိုက် ၏ ဘဝ ကို ဖတ်ပြ နေသည် ။ သူ့ ဘဝမှန် ကို လက်ညှိုး ထိုး ပြနေ သည် ။ သူ့ မျက်လုံးများ ကို ဟင်းခွက် ဆီ သို့ ပြန်လည် ရွှေ့ ယူလိုက်သည် ။ သေချာ ၊ မသေချာ ။ သူ ဘယ်ဘက် လက် ဖြင့် ဇွန်း အမြီး ကို ကိုင်ကာ ဟင်းဖတ်တွေ ကို ခပ်ယူ လိုက်သည် ။ သေချာ သွားပြီ ။

ပါလေ ကာ ဆီ ဝေ့ နေသော ဟင်းခွက် မှ ဟင်း တစ်ဖတ် ကို မြည်း ရင်း ကျော်ထိုက် ကို လှမ်း အကြည့် ၊ ကျော်ထိုက် ၏ မလုံမလဲ မျက်လုံး ကို ဘာသာပြန် မိသည် ။ ထမင်းလုတ် နှင့် အတူ ကြိတ်ဝါး နေသော ဂေါ်ရခါးသီး ၏ အရသာ သည် ဖန် သလား ၊ ချို သလား ဆိမ့် နေ သလား မသိ ။

သို့သော် ဆုံးဖြတ်ချက် တစ်ခု တော့ သူ့ ခေါင်း ထဲ တွင် အလိုလို ချလိုက် ပြီး ဖြစ်သည် ။

အင်း ... မနက်ဖြန် သူ လည်း ပဲ တောင်ပေါ် သို့ ပြန် မှ ဖြစ်တော့မည် ။

◾မောင်ယဉ်နောင် ( သာဂရ )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၃၇
      ဧပြီလ ၊ ၂၀၀၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment