ကိုဘဂျမ်း ပညာတွေ ရပါရဲ့ ။
ဒါပေမယ့် ရလာတယ် ဆိုတဲ့ ပညာ တွေ ကို ထုတ် ပြစမ်း ဆိုယင်တော့ ထုတ် မပြနိုင်ဘူး ။ သိတဲ့ အတိုင်း ပညာရွှေအိုး လူမခိုး တဲ့ ။ ပညာ ဆိုတာ က ခေါင်း ထဲ မှာ သာ ရှိတဲ့ အမျိုးပဲ ။ အဲ ... တနည်းတော့ ရှိတယ် ။ အဲသည် ပညာတွေ နဲ့ လုပ်ပြစမ်း ဆိုယင် တော့ လုပ်ပြ နိုင်ပါတယ် ။ လုပ်ပြ နိုင်စွမ်းလဲ ရှိပါတယ် ။ ဒါပေမယ့် ငွေ ရင်းနှီးတော့ လိုတယ် ။ ကိုဘဂျမ်း မှာ လက် ချည်း ပဲ ရှိတယ် ။ ကိုဘဂျမ်း မှာ ကိုယ်ပိုင် ပိုက်ဆံ မရှိဘူး ။
လုပ်ပြစမ်းချင်တယ် လို့ မပြောပဲ ၊ စမ်း လုပ်ကြည့်ချင် တယ်လို့ မအေးနု ကို ဆွေးနွေးပြီး ၊ လက်ဖြန့် တောင်းဖို့ က တော့ ကိုဘဂျမ်း ဝါသနာ မပါဘူး ။ အလုပ် ကို ဗန်းပြ ပြီး မိန်းမ အိတ် ထဲ က ပိုက်ဆံ ကို လက်ဖြန့် တောင်းတယ် ဆိုတာ သိပ် အောက်တန်းကျလွန်းတယ် လို့ ကိုဘဂျမ်း ယူဆတယ် ။
ကိုဘဂျမ်း တို့ ( စီ ) ရုံ ထဲ မှာ ဘာသာရေး စာအုပ် တွေ ၊ တရားစာအုပ် တွေ ချည်း ရောင်းတတ်ကြပေမယ့် ရုံ ရဲ့ အရှေ့ ပေါက် က အပြင် ထွက် လိုက်ယင် တော့ ဈေးချို အောက်လိုင်း ဗယ်ညာ တလျှောက် မှာ ကျောင်းသုံးစာအုပ်တွေ ချည်း ရောင်း တဲ့ ဆိုင်တွေ လဲ ရှိတယ် ။ အရှေ့ ဘက် တိုက်တန်းကြီး ပေါ် မှာ ရော ၊ မြောက်ဘက် တိုက်တန်း ပေါ် မှာ ရော ၊ ကျောင်းသုံးစာ အုပ် ဆို ကျောင်းသုံးစာအုပ် ချည်း သီးသန့် ရောင်းကြတဲ့ ဆိုင် တွေ ရှိတယ် ။
ကိုယ် က စာအုပ် ရောင်းတဲ့ လူ ဆိုတော့ စာအုပ် နဲ့ ပတ်သက်ပြီး အဲသည် ကျောင်းသုံး စာအုပ်ဆိုင် တွေ ကို လဲ ကိုဘဂျမ်း စိတ်ဝင်တစား လေ့လာ ကြည့် မိတယ် ။ အမြင် မှာ ကို က ကျောင်းသုံးစာအုပ် နဲ့ စာရေး ကိရိယာဆိုင် တွေ ဆိုတာ က တော့ ကိုဘဂျမ်း တို့ ရဲ့ ဘာသာရေး စာအုပ်ဆိုင် တွေ ထက် ပိုပြီး အရောင်း အဝယ် ဖြစ်တယ် ။ ပိုပြီး အနုတ်အသိမ်း များတယ် ။ တကယ် တမ်း စီးပွား ဖြစ် လုပ်မယ် ဆိုယင် အဲသည် ကျောင်းသုံး စာအုပ် အရောင်းအဝယ် လုပ်ငန်း က ပိုပြီး လုပ်သင့်တယ် လို့ လဲ ကိုဘဂျမ်း မြင်လာတယ် ။
သည် စာအုပ် အမျိုးအစား တွေ တွင် မကသေးဘူး ။ သတင်းစာ တွေ ၊ ဂျာနယ်မဂ္ဂဇင်း တွေ ၊ ဝတ္ထုစာအုပ် တွေ လို့ ဆိုတဲ့ စာနယ်ဇင်း အရောင်းအဝယ် လုပ်ငန်း က လဲ သပ်သပ် ရှိသေး တယ် ။ အဲသည် စာနယ်ဇင်း အရောင်းအဝယ် လုပ်ငန်း က တော့ ကိုဘဂျမ်း တို့ ဘက်ပိုင်း မှာ မရှိဘူး ။ ရုံတော်ကြီး တဝိုက် မှာ ပဲ ရှိတယ် ။
အဲသည် စာနယ်ဇင်း အရာင်းအဝယ် လုပ်ငန်း ကို လဲ ကိုဘဂျမ်း လေ့လာ ကြည့်တယ် ။ သည် လုပ်ငန်း က လဲ နေ့စဉ် အနုတ်အသိမ်း များ တာပဲ ။ သိတဲ့ အတိုင်း သတင်းစာ ဆိုတာ လူတွေ နေ့စဉ် ဖတ်ဖို့ အတွက် နေ့စဉ် ထွက် နေကြတာ ဆိုတော့ နေ့စဉ် အရောင်းအဝယ် ရှိတယ် ။ ဂျာနယ်စာစောင် တွေ ဆိုတာ ကလဲ တပတ် တခါ ထွက်ကြတာ ဆိုတော့ သူ့ နေ့ နဲ့ သူ အပတ် စဉ် အရောင်းအဝယ် ဖြစ်တယ် ၊ မဂ္ဂဇင်းစာအုပ် တွေ ကျ တော့ လဲ တလ တကြိမ် ထွက်ကြတာ ဆိုတော့ ၊ လစဉ် တလ တကြိမ် အလုပ် ဖြစ်တယ် ။ ပြီးတော့ လဆန်းရက် ကို မှန်းပြီး ထုတ်ဝေ ဖြန့်ချီ ကြ တဲ့ လုံးချင်း ဝတ္ထုစာအုပ်တွေ က လဲ ရှိသေးတယ် ။ အဲသည် စာအုပ်တွေ က လဲ သူ့ ပရိသတ် နဲ့ သူ တော့ တွင်တွင် ရောင်း နေရတာပဲ ။
အဲသည် စာနယ်ဇင်း အရောင်းအဝယ် လုပ်ငန်း က နေ့စဉ် အလုပ် ဖြစ်တယ် ။ အပတ်စဉ် အလုပ် ဖြစ်တယ် ။ လစဉ် အလုပ် ဖြစ်တယ် ။ ဆိုပါတော့ ၊ ဆယ့်နှစ်ရာသီ အလုပ် ဖြစ်တယ် ။ အဲ .. ကျောင်းသုံး စာအုပ် ဆိုတာ က တော့ ကျောင်းဖွင့် စ အချိန် ၊ တနှစ် မှ တကြိမ် ပဲ အလုပ် ဖြစ်တတ်တယ် ။ အလုပ် ဖြစ်တဲ့ အချိန် မှာ တော့ နေ့စဉ် ရောင်းရ ငွေ ဆိုတာ ရေတွက်လို့ မနိုင်နိုင်ဘူး ။ သဲ့ ယူ သလို ရတယ် ။ ကျန်တဲ့ အချိန်တွေ မှာ တော့ မှန်မှန်ပဲ ။
ကိုဘဂျမ်း တို့ ရဲ့ ဘာသာရေး စာအုပ် လုပ်ငန်း ဆိုတာ က တော့ အဲသည် စာအုပ် အရောင်းအဝယ် လုပ်ငန်းတွေ မှာ လို ရာသီ မရှိဘူး ။ လက် မလည်အောင် ရောင်းရ တတ်တဲ့ အချိန် အခါမျိုး မရှိဘူး ။ ပြီးတော့လဲ စာသင်သား ရဟန်းသံဃာ တွေ ကို သာ ရောင်း ရတဲ့ စာအုပ်မျိုးဆိုတော့ နယ် ကျဉ်းတယ် ။ အနုတ်အသိမ်း သိပ် နည်းတယ် ။
ရဟန်းသံဃာ စာသင်သား ဆိုတာ ကလဲ အရေအတွက် အားဖြင့် ဘယ်လောက် ရှိမှာလဲ ။ ကျောင်းသူ ကျောင်းသား တွေ ရဲ့ အရေအတွက်မျိုး နဲ့ ယှဉ် လိုက်ယင် အပုံ တရာ ပုံ တပုံ မှ ရှိပါ့မလားပဲ ။
စာအုပ် အရောင်းအဝယ် လုပ်ငန်း သုံးမျိုး ကို ကိုဘဂျမ်း နှိုင်းယှဉ် လေ့လာ ကြည့်တယ် ။ စာနယ်ဇင်း အရောင်းအဝယ် လုပ်ငန်း က အကောင်းဆုံး ပဲ ။ လိုအပ်တဲ့ ငွေရင်းငွေနှီး လဲ အနည်းဆုံးပဲ ။ ဒါပေမယ့် ကျောင်းသုံးစာအုပ် လုပ်ငန်း ထက် ပို ပြီးတော့ ကျယ်ပြန့်တယ် ။ ဝတ္ထုစာနယ်ဇင်း ဆိုတာ က လူ ပရိသတ် နဲ့ သာ ဆိုင်တာ မဟုတ်ဘူး ။ ကျောင်းသူ ကျောင်းသား တွေ နဲ့ လဲ ဆိုင်တာပဲ ။ ရဟန်းသံဃာ တွေ နဲ့ လဲ ဆိုင်တာပဲ ။ ရဟန်းရှင်လူ ကျောင်းသူ ကျောင်းသား အကုန်လုံး ဖတ်ကြတာပဲ ။
ဒါကြောင့်လဲ စာအုပ် အရောင်းအဝယ် လုပ်ငန်း ချင်း အတူတူ တော့ ၊ အဲသည် ဝတ္ထုစာနယ်ဇင်း အရောင်းအဝယ် လုပ်ငန်း ကို ကိုဘဂျမ်း ပို သဘောကျ မိတယ် ။ အဲသည်လို စာအုပ်ဆိုင်မျိုး တဆိုင် လောက် ကိုယ်ပိုင် တည်ထောင် ကြည့် ချင်တဲ့ ဆန္ဒ တွေ လဲ ဖြစ်ပေါ်လာ မိတယ် ။ ကိုဘဂျမ်း စိတ်ကူး ယဉ် ကြည့်မိတယ် ဆိုပါတော့ ။ လက်တွေ့ က တော့ မဖြစ်နိုင် ပါဘူး ။ ဘယ်မှာလဲ ဆိုင် နေရာ ။ ဘယ်မှာလဲ ငွေရင်းငွေနှီး ။
ကိုဘဂျမ်း ရဲ့ ဉာဉ် က သိတဲ့ အတိုင်း သမားရိုးကျ အလုပ် မျိုး ကို သိပ် လုပ်ချင်တတ် တဲ့ လူမျိုး မှ မဟုတ်ပဲ ။
သည်တော့ စာအုပ် အရောင်းအဝယ် လောက တလောက လုံး ကို လေ့လာမိ လေလေ ၊ သူတို့ ကိုယ်ပိုင် ဘာသာရေးစာအုပ် အရောင်းအဝယ် လုပ်ငန်း မှာ ပျင်းလာ လေလေ ဖြစ်လာတယ် ။ ‘ လူ ’ ဖြစ် မလာနိုင်ဘူးလို့ လဲ ယုံကြည် လာတယ် ။ မအေးနု တို့ ခင်မောင်ဦး တို့ ရဲ့ မလည်မဝယ် လုပ်နေပုံမျိုး နဲ့ ဆိုယင် ဘယ်တော့မှ စီးပွား ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ လဲ မြင်လာတယ် ။
အမှန်အတိုင်း ပြောရယင် ကိုဘဂျမ်း တို့ ရဲ့ စာအုပ် လောက မှာ လဲ လည်တဲ့ လူတွေ က တော့ လည် သလို လုပ်စား နေကြတာပဲ ။ စာ တတ် ယင် တတ် သလောက် အညွန့်ခူး စား နေကြတာပဲ ။ ဟို ကျမ်းစာအုပ် ထဲ က ကောက်နုတ်ချက်တွေ ထုတ် ၊ သည် ကျမ်းစာအုပ် ထဲ က ကောက်နုတ်ချက်တွေ ထုတ် နဲ့ ၊ ကောက်ချက်ချက်တွေ ချည်း ပေါင်းစည်း ပြီး နာမည် တမျိုး နဲ့ စာအုပ် တအုပ် ဖြစ်လာအောင် လုပ်တဲ့ လူ ကလဲ လုပ် နေကြတာပဲ ။ ဟို တိုက် ရဲ့ မူပိုင်စာအုပ် က အပိုဒ် တပိုဒ် ကူး ၊ သည် တိုက် ရဲ့ မူပိုင် စာအုပ် က အပိုဒ် တပိုဒ် ကူး နဲ့ ၊ နည်းနည်းပါးပါး ပြုပြင် ပြောင်းလဲ ပြီး ကိုယ့် မူပိုင် စာအုပ် ဖြစ်လာအောင် ခေါင်းပုံဖြတ် တဲ့ လူ က လဲ ခေါင်းပုံဖြတ် နေကြတာပဲ ။
တနည်း ပြောရယင် တော့ စာသင်သား သံဃာပရိသတ် တွေ အတွက် လွယ်ကူ စေမယ့် မှတ်စုမျိုးတွေ ရွေး ထုတ်ပြီး သီးသန့် စာအုပ် တအုပ် လုပ်တဲ့ လူ က လဲ လုပ် နေကြတာပဲ ။ တချို့ စာအုပ်တွေ များ ဆို ယင် လူပြန်တော် ဆိုတဲ့ လူတွေ က ရေးသားတည်းဖြတ် ကြပြီး ၊ ကျမ်းပြုသူ ရဲ့ အမည် ကို ရဟန်းဘွဲ့ နဲ့ ထုတ်ကြလေ့ ရှိတယ် ။ သည် အလုပ်မျိုးတွေ ကို ခင်မောင်ဦး တို့ မအေးနု တို့ သိလဲ မသိဘူး ။ မြင် လဲ မမြင်ဘူး ။ နားလဲ မလည် ဘူး ။ သူတို့ မောင်နှမ တစု က တော့ ရိုးရိုးသားသား ပဲ ။
သည် အဖြစ် ကို မြင် ရတော့ ကိုဘဂျမ်း သနား မိတယ် ။ ကိုယ့် သားမယား ဆိုတော့ မအေးနု ကိုတော့ တခါတရံ ကိုဘဂျမ်း စိတ်လိုလက်ရ ပြောပြမိပါရဲ့ ။ ဒါပေမယ့် မအေးနု က တော့ မတုန်မလှုပ် ပဲ ။ အဲသည် လို သူများတကာ တွေ လုပ်ကြ တဲ့ အလုပ်မျိုး ကို မအေးနု စိတ်ဝင်စားပုံ လဲ မပြဘူး ။ အတု ယူ လုပ်ကိုင်ချင်ပုံ လဲ မရဘူး ။ ဪ .. ဟုတ်လား ၊ သည်လိုလား .. ဆိုရုံနဲ့ ပဲ စကား ပြတ် သွားတာပဲ ။ ဒါကြောင့်လဲ ကိုဘဂျမ်း ဆက် မစည်းရုံးတော့ဘူး ။ မဆွဲဆောင်တော့ဘူး ။ ကျွဲပါး စောင်းတီး ဖြစ်မယ့် အတူတူ တော့ ၊ နောက်ထပ် လဲ ပြော မပြတော့ဘူး ။
ဒါပေမယ့် အလုပ် သာ ဖြစ် မလာတယ် ။ ကိုဘဂျမ်း နဲ့ မအေးနု မှာ တော့ သား တယောက် ရလာတယ် ။
အင်း .... စိတ် ဆိုတာ က လဲ ဆန်းတယ် ။ အိမ်ထောင် ကျတယ်လို့ ဆိုပေမယ့် လူ က အနှောင်အဖွဲ့ ရှိလာတယ် လို့ သိပ် မထင်ဘူး ။ ပြောင်းလဲ လာပေမယ့် ပြောင်းလဲ လာတယ် လို့ သိပ် မထင်ဘူး ။ စိတ် ချမ်းသာ ကိုယ် ချမ်းသာ နဲ့ ပျော်ဖြစ်တာ တွေ က များပြီး ၊ လောကကြီး ကို မေ့နေတယ် ဆိုတာမျိုးများ ဖြစ်နေမလား မပြောတတ်ဘူး ။ ချစ်သူ နဲ့ ပေါင်းဖော် နေရပြီ ဆိုတော့ လဲ အနှောင်အဖွဲ့ ကို အနှောင်အဖွဲ့ လို့ မမြင်တော့ဘူး ထင်ပါရဲ့ ။ အေးလေ ... တရားစာအုပ်တွေ နဲ့ ဘယ်လောက်ပဲ နီးစပ် နီးစပ် ၊ ငယ်ရွယ်သူ တွေ ဆိုတော့ လဲ ဒုက္ခ ကို သုခ လို့ ပဲ ထင်နေမိမှာပေါ့ ။
ဒါပေမယ့် ကိုယ့် ရင် က ဖြစ်တဲ့ ရင်နှစ်သည်းချာ သား တယောက် ရလာပြီလဲ ဆိုရော ၊ သည်အခါ ကျတော့ မှ စိတ် က လဲ ချက်ချင်း ပြောင်းသွား တော့ တာပဲ ။ သံယောဇဉ် ကို လဲ အခုမှ ပဲ အနှောင်အဖွဲ့ မြင်မိ တော့ တာပဲ ။
ဟယ် ... ငါ့ မှာ သား နဲ့ မယား နဲ့ ပါကလား ၊ မလွတ်လပ် တော့ပါကလား ၊ တာဝန် တွေ နဲ့ ပါကလား .. လို့ လဲ အခုမှ သတိ ထား မိတော့ တာပဲ ။ ကိုယ့် ကိုယ် ကို လဲ လူပျို တယောက် မဟုတ် တော့ဘူး ။ လူအို တယောက် ဖြစ်လာပြီ ၊ တာဝန် ရှိတဲ့ အိမ်ထောင်ဦးစီး တယောက် ဖြစ်လာပြီ ဆိုတာ ကို လဲ အခုမှ ဘဝင် ကျ မိ တော့တယ် ။
မှန်တယ်လေ ။ ကိုဘဂျမ်း ရေသာခို နေ လို့ မဖြစ်တော့ဘူး ။ ရောယောင် နောက်လိုက် လုပ်နေလို့ မဖြစ်တော့ဘူး ။ လက်ရှိ နေ နေတဲ့ ဘဝ အတိုင်း ဆက် နေလို့လဲ အများ ရဲ့ အမြင် မှာ မတင့်တယ်တော့ဘူး ။
ဘာပဲဖြစ်ဖြစ် အလုပ် တခု ခု ကိုတော့ ပြတ်ပြတ်သားသား လုပ်မှ ဖြစ်တော့မယ် ။ ကိုယ်ပိုင် ငွေရင်းငွေနှီး မရှိဘူး ဆိုပြီး တော့ ထိုင်ငိုင် လက်မှိုင် ချ နေလို့ မဖြစ်တော့ဘူး ။ ကိုဘဂျမ်း ဆုံးဖြတ် ချက် ချ လိုက်တယ် ။
ည တည မှာ ကိုဘဂျမ်း ကောင်းကင် ကို မော့ ကြည့် လိုက် တယ် ။ သက်သက်မယ့် မော့ ကြည့်တာ တော့ မဟုတ်ပါဘူး ။ အိမ်ရှေ့ ကွပ်ပျစ် မှာ ပက်လက် လှန် ခါး ဆန့် လိုက်တယ် ။ နဖူး ပေါ် လက်တင် စဉ်းစား လိုက်တယ် ။ မျက်နှာမူရာ ကောင်းကင် မှာ ထိန်ထိန်သာ နေတဲ့ လပြည့် လ ကို မြင်တယ် ။ ဟုတ်တယ် ။ ကောင်းကင် မှာ လ တစင်း ပဲ ရှိပါတယ် ။
ကိုဘဂျမ်း ဘဝ မှာ လဲ အားကိုးစရာရယ် လို့ ဘယ်သူ ရှိသလဲ ။ ငွေရေးကြေးရေး နဲ့ ပတ်သက် လာတဲ့ အခါမှာ သူ ဘယ်သူ့ ကို အကူအညီ တောင်းရမလဲ ။ လူ တယောက် ပဲ ရှိပါတယ် ။ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ တဲ့ ၊ မိဘ ဆိုယင် လဲ ဟုတ်တဲ့ ၊ အလုပ်ရှင် ဆိုယင် လဲ မှန်တဲ့ သဌေး ဦးလေးကျော်စွာ တယောက် ပဲ ရှိတာပဲ ။ ဦးလေးကျော် က လွဲ လို့ သူ့ ကို ဘယ်သူ က မှ ကူညီမှာ မဟုတ်ဘူး ဆိုတာကို လဲ နားလည်တယ် ။ သူ့ အနေနဲ့ လဲ သည် ပြဿနာမျိုး ကို ရှင်းရင်းနှီးနှီး ဖွင့်ပြောပြ စရာ ဆိုလို့ ဦးလေးကျော် တယောက် သာ ရှိတာပဲ ။
သည်တော့ ဆုံးဖြတ် လိုက်တယ် ။ ဦးလေးကျော် ကို အကျိုးအကြောင်း ပြောပြမယ် ။ အကူအညီ တောင်းမယ် ။
အမှန်ကို ဝန်ခံရမယ် ဆိုယင် တော့ သည် တယောက် တည်း ပဲ ရှိတယ် ဆိုတဲ့ ဦးလေးကျော် ကို လဲ ကိုဘဂျမ်း ဖွင့် မပြော ချင်ဘူး ။ ပြော လဲ မပြောချင်ဘူး ။ ပြော လဲ မပြောရဲဘူး ။ အားနာတာ လဲ မဟုတ်ဘူး ။ ကြောက်တာ လဲ မဟုတ်ဘူး ။
ဒါပေမယ့် လိုအပ်တဲ့ အကူအညီ က ငွေရေးကြေးရေး ။ ပြီးတော့ လဲ လူ ။
လူ ဆိုတာ က လဲ သိတဲ့ အတိုင်း ငွေရေးကြေးရေး နဲ့ ပတ်သက်လာယင် များသောအားဖြင့် စေတနာ နည်း တတ် ကြတယ် မဟုတ်လား ။ သည်တော့ မလွှဲမရှောင် သာ လို့ သာ ပြောရမယ် ။ မသိတတ်ရာ ကျမှာလဲ စိုးတယ် ။
ဘဂျမ်း ဆိုတဲ့ အကောင် မှာ ပိုက်ဆံ မရှိဘူး ။ အရင်းအနှီး မရှိဘူး ။ ဆင်းရဲငတ်ပြတ် နေတယ်လို့ ပြောချင်တဲ့ လူ က ပြော ။ ကိုဘဂျမ်း ခံနိုင်တယ် ။ ဒါပေမယ့် သည် အကောင်
ဦးနှောက် မရှိဘူး ။ မသိတတ်ဘူး လို့ တော့ အပြော မခံချင်ဘူး ။ အပြော မခံနိုင်ဘူး ။
ဒါပေမယ့် ကောင်းကင် မှာ လ နှစ်စင်း မရှိဘူးလေ ။ ကိုဘဂျမ်း တို့ လို မိဘမဲ့ မျက်နှာမွဲ အဖို့ရာ မှာ က လမင်းတရာ ဆို တာ မျိုးလဲ မမြင်ရနိုင်ဘူး ။ ပြီးတော့လဲ ဦးလေးကျော် ကို တော့ ကိုဘဂျမ်း ပြောရမယ် ။ မိဘ လို နေခဲ့ရတဲ့ အတွက် မိဘ လိုပဲ သဘော ထားပြီး ပြောရတော့မှာပဲ ။
နောက် တကြောင်း က လဲ ကိုယ့် မှာ မရှိလို့ မုန့်ဖိုး တောင်းတဲ့ ကိစ္စ မှ မဟုတ်ပဲ ။ အလုပ် လုပ်ဖို့ အတွက် အရင်း အနှီး တောင်း တာပဲ ။ တောင်းတယ် ဆိုပေမယ့် အပိုင် တောင်း မှာတော့ မဟုတ်ပါဘူးလေ ။ တဖြည်းဖြည်း နဲ့ ပြန်ပြီး ပေး မှာ ပါ ။ အလုပ် ဖြစ်လာတဲ့ တနေ့ ကျတော့လဲ ပြန် ကျေးဇူး သိတတ် မှာပါ ။ ယာယီ ချေး တဲ့ သဘော ဆိုပါတော့ ။
ဒါပေမယ့် လက်တွေ့ ကျ တော့ သိပ် မလွယ်လှပါဘူး ။ လုပ်ငန်း မှာ ကျွမ်းကျင်တယ် ဆိုပေမယ့် ၊ အရေးအကြီးဆုံး က ဆိုင် ရှိဖို့ လိုတယ် ။ စာနယ်ဇင်းဆိုင် တွေ ရှိတတ်ကြတဲ့ ရုံတော်ကြီး တဝိုက် မှာ နေရာ တနေရာ ရဖို့ ဆိုတာ က ပိုပြီး တော့ ခက်တယ် ။ ကိုယ်ပိုင် ငွေ နဲ့ ပေး ဝယ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး ။ အရင်းအနှီး များမယ် ။
လုပ်ငန်း ကျွမ်းကျင်ပြီ ဆိုတာ က လဲ တကယ်တမ်း ပြောရ ယင် တော့ ဘာမှ လက်တွေ့ ရှိသေးတာ မဟုတ်ဘူး ။ ရန်ကုန် က သတင်းစာတိုက် တွေ ၊ ဂျာနယ်မဂ္ဂဇင်းတိုက် တွေ ၊ ဝတ္ထု တွေ ထုတ် တဲ့ စာအုပ်တိုက် တွေ နဲ့ လဲ ဘာမှ အဆက်အသွယ် ရှိသေးတာ မဟုတ်ဘူး ။ သည်က နေ လှမ်း ပြီး စာ နဲ့ ဆက်သွယ်ရ အောင် က လဲ လိပ်စာ တွေ ကို သိတာ မဟုတ်ဘူး ။ ကိုဘဂျမ်း ကို သည် စာနယ်ဇင်း ဖြန့်ချီရေးလုပ်ငန်း အကြောင်း ပြောပြလေ့ ရှိတဲ့ လက်ရှိ စာအုပ်ဆိုင်တွေ က လဲ တကယ်တမ်း စီးပွားပြိုင်ဘက် လို လုပ် လာမယ့် အခါကျတော့ ဘယ် ပေးပါ့မလဲ ။ လိပ်စာတွေ ကို လျှို့ဝှက် ထားမှာပေါ့ ။ သည်လောက် အထိ တော့ သဘောထား ကြီးကြီး နဲ့ ဘယ် ကူညီပါ့မလဲ ။ ကိုဘဂျမ်း နားလည်ပါတယ် ။ ဒါဟာ စီးပွားရေး လျှို့ဝှက်ချက် ပဲ ။
သည်တော့ ကိုဘဂျမ်း အနေ နဲ့ က သတင်းစာ ဆိုယင် လဲ သတင်းစာ တစောင် ချင်း ၊ ဂျာနယ်မဂ္ဂဇင်း ဆိုယင်လဲ ဂျာနယ် မဂ္ဂဇင်း တစောင် ချင်း ၊ စာအုပ်တိုက် တွေ ဆိုယင်လဲ သူတို့ ထုတ် လိုက်တဲ့ ဝတ္ထုစာအုပ် တွေ တအုပ် ချင်း ကို လိုက် ဖတ်ကြည့် ရ မယ် ။ စာအုပ် တိုင်း မဂ္ဂဇင်း တိုင်း မှာ ပုံနှိပ် ဖော်ပြလေ့ ရှိတဲ့ ထုတ်ဝေသူ တွေ ရဲ့ လိပ်စာ တွေ ကို ကူးရ မှတ်ရမယ် ။ လိုရမည်ရ ဆိုပြီး စောစော ကတည်း က ကူးမှတ် ထားတာတွေ တော့ ရှိပါ တယ် ။ အဲသည် စာစောင်တိုက် စာအုပ်တိုက် တွေ ကို သည် က နေ လှမ်း ဆက်သွယ်ရမယ် ။ မန္တလေး မှာ ဆိုင်သစ် တဆိုင် ဖွင့်တဲ့ အကြောင်း စာအုပ် တွေ ၊ စာစောင် တွေ ထုတ်ဝေ ဖြန့်ချီတဲ့ အခါ မှာ တခြား ဆိုင်တွေ ရဲ့ နည်းတူ သည် စာအုပ်ဆိုင်သစ် ကိုလဲ စာအုပ် တွေ ပို့ဖို့ အကြောင်း ကျသင့်ငွေ ကို လဲ တခြား ဆိုင်တွေ ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ရှင်းပေး မှာ ဖြစ်တဲ့ အကြောင်း ၊ စာ လှမ်း ရေးရမယ် ။ ဆက်သွယ်ရမယ် ။
ဒါက ကိုယ့် မှာ ဆိုင် နဲ့ ကနား နဲ့ ရှိပါ မှ ။ ဆိုင် မရှိပဲ နဲ့ တော့ ၊ တနည်းအားဖြင့် ပြောရယင် ကိုယ့် မှာ ကိုယ်ပိုင် လိပ်စာ မရှိပဲနဲ့ တော့ ရန်ကုန် စာအုပ်တိုက် တွေ က သူတို့ စာအုပ် တွေ ကို ဘယ့်နှယ် လုပ် ပိုမလဲ ။ ဆိုင် ဆိုတဲ့ နေရာမှာ လဲ ဘာပဲ ပြောပြော လက်ရှိ တခြား စာအုပ်ဆိုင် တွေ လို လိပ်စာ အတိအကျ တော့ ရှိရမှာပေါ့ ။ ဆိုင် နာမည် လဲ မရှိပဲ ၊ လိပ်စာ အတိအကျ လဲ မရှိပဲနဲ့ ကြုံရာ မှာ ချ ရောင်းတဲ့ လမ်းဘေး ဆိုင်မျိုး ဆိုယင်တော့ လဲ ရန်ကုန် စာအုပ်တိုက် တွေ က ဘယ် အထင် ကြီး လိမ့်မလဲ ။ ငွေ ကြိုတင် မပို့ ပဲ နဲ့ သူတို့ ရဲ့ စာအုပ် တွေ ကို ယုံယုံကြည်ကြည် နဲ့ ဘယ် ပို့ ပေးလိမ့် မလဲ ။
ဒါပေမယ့် ပြောပြီ ကော ။ ဆိုင် တဆိုင် ဝယ်နိုင်ဖို့ ဆိုတာ နည်းတဲ့ အရင်းအနှီး မှ မဟုတ်ပဲ ။ သည်လောက် အထိတော့ ဦးလေးကျော်စွာ က လဲ စွန့်စွန့်စားစား ဘယ် ကူညီလိမ့်မလဲ ။ စီးပွားရေးလုပ်ငန်း အသစ် တခု လုပ်တယ် ဆိုတာ မြေစမ်း ပြီး ခရမ်း ပျိုးတဲ့ အလုပ် မျိုး ပဲ ။ ဖြစ်ထွန်းအောင်မြင်မယ် လို့ တထစ် ချ ဘယ် ပြောနိုင် မလဲ ။ အဲသည်လို မသေချာ မရေရာတဲ့ စီးပွား ရေးလုပ်ငန်း အသစ် တခု အတွက် ငွေရှင်းငွေနှီး များများ စိုက်ထုတ်ဖို့ ဆိုတာ တော်ရုံတန်ရုံ စီးပွားရေးသမား က ဘယ် လုပ် ပါ့မလဲ ။ ဘယ် စွန့်စားပါ့မလဲ ။
ပြီးတော့ ကိုယ် ကိုယ်တိုင် နားလည် ကျွမ်းကျင် တဲ့ အလုပ် မျိုး လဲ မဟုတ် ။ ကိုယ် ကိုယ်တိုင် ဦးစီး လုပ်ကိုင်ရမယ့် စီးပွားရေး လုပ်ငန်းမျိုး လဲ မဟုတ် ။ သားတပည့် အလုပ်သမား ဖြစ်ခဲ့ဖူး တဲ့ ကိုဘဂျမ်း ကို ကူညီရမယ့် ကိစ္စ ။ သဌေး ဦးကျော်စွာ က လဲ သည် လောက် အထိ တော့ ဘယ် ကူညီပါ့မလဲ ။ ကိုဘဂျမ်း မမျှော်လင့် ပါဘူး ။
ဒါပေမယ့် ဆိုင်ခန်း တနေရာ ဝယ်တာ နဲ့ ပတ်သက်လို့ က တော့ ရှင်းပါတယ် ။ ငွေပိုငွေလျှံ လဲ ရှိနေမယ် ။ တကယ်လဲ ကူညီချင်တယ် ဆိုယင် တော့ ဆိုင်ခန်း တခန်း ဝယ်မယ် ဆိုယင် ဝယ် နိုင်ပါတယ် ။ သိပ် အခက်အခဲ မရှိပါဘူး ။ ရောင်းမယ့် ဆိုင်ခန်း ရှိ မရှိ စုံစမ်းပြီး ဈေးစကား ပြောရုံပဲ ။ အခက်အခဲ မရှိဘူး ဆိုတာက ကိုယ့် ငွေရင်းငွေနှီး မဆုံးရှုံးရ အောင် ကိုယ့် နာမည် နဲ့ ပဲ ဝယ်မှာပေါ့ ။ ဦးကျော်စွာ ရဲ့ နာမည် နဲ့ ပဲ ဝယ်မှာပေါ့ ။ ဒါမှမဟုတ် သူ့ မိသားစု ထဲ က တယောက် ယောက် ရဲ့ နာမည် နဲ့ ပဲ ဝယ်မှာပေါ့ ။ ကိုဘဂျမ်း ရဲ့ နာမည် နဲ့ မဝယ်ဘူး ပေါ့ ။ ကိုဘဂျမ်း အပိုင် မဟုတ်ဘူး ပေါ့ ၊ ရှင်းရှင်းကလေး ပဲ ။ ဦးကျော်စွာ ပိုင် တဲ့ ဆိုင်ခန်း မှာ ကိုဘဂျမ်း က အခန်း ငှား ပြီး ဆိုင် ဖွင့်တယ်ပေါ့ ။ စီးပွားရေး သဘောတရား အရ ကိုဘဂျမ်း က လဲ ဆိုင်ခန်းငှားခ ပေးရမယ် ပေါ့ ။
ကူညီချင်ယင် တော့ လွယ်ပါတယ် ။ အဲသည် နည်း နဲ့ လဲ ကူညီ နိုင်တာပဲ ။
ဒါပေမယ့် အဲသည်လောက် အထိ ကိုဘဂျမ်း မမျှော် လင့်ပါဘူး ။ ဘာပဲ ပြောပြော ၊ လုပ်ငန်း အတွက် အရင်းအနှီး က လဲ လိုသေးတယ် မဟုတ်လား ။ အနည်းဆုံး ရောက် လာမယ့် စာအုပ်တွေ အတွက် သက်ဆိုင်ရာ စာအုပ်တိုက် တွေ ကို ငွေ ချေရ မယ် မဟုတ်လား ။ သိတဲ့ အတိုင်း တချို့ အရောင်းရ တွင်ကျယ်တဲ့ စာနယ်ဇင်း တွေ အတွက် က ငွေ ကို ကြိုတင် ပို့ ရတယ် ။ တချို့ စာအုပ် တွေ ကျတော့ လဲ ရန်ကုန် က တန်ဖိုးပေး စနစ် နဲ့ ပို့လိုက် တဲ့ အတွက် စာအုပ်ဖိုး ကျသင့်ငွေ ကို စာတိုက် က တဆင့် ရောက် လာတာ နဲ့ တပြိုင်နက် ငွေ ချေ ရတတ်တယ် ။
မှန်ပါတယ် ။ တချို့ စာအုပ် တွေ ကျ တော့ တင်ရောင်း စနစ် နဲ့ ပို့ လိုက်လိမ့်မယ် ။ ပို့ လိုက်တဲ့ စာအုပ်တွေ ကို ဆိုင် ပေါ် မှာ တင်ပြီး ရောင်း ပေးရမယ် ။ လ ကြာတော့ မှ စာရင်း ရှင်းရ မယ် ။ ရောင်း ရတဲ့ စာအုပ် တွေ အတွက် စာအုပ်ဖိုး တွေ ကို ပြန် ပို့ ပေးရမယ် ။ မရောင်းရ တဲ့ လက်ကျန်စာအုပ် တွေ ကို လဲ ပြန် ပို့ ပေးရမယ် ။ အဲသည် ရောင်းရတဲ့ စာအုပ်ဖိုးငွေ တွေ ထဲ က မှ ကိုယ့် အတွက် ရောင်းပေးခ ကော်မရှင် ရမယ် ။
လုပ်ငန်းသဘာဝ က တော့ မဆိုးပါဘူး ။ စာအုပ် အတော် များများ ဟာ အဲသည်လို ကော်မရှင်စား တင်ရောင်းစနစ် နဲ့ ရောင်းပေးရလေ့ ရှိပါတယ် ။ အထူးသဖြင့် လစဉ် ထုတ် မဂ္ဂဇင်း တွေ နဲ့ နာမည်ကြီး စာရေးဆရာ တွေ ရဲ့ ဝတ္ထုစာအုပ် တွေ လောက်ပဲ လက်ငင်း ရှင်းရလေ့ ရှိပါတယ် ။
ပြီးတော့ ကိုယ့် ဘက် က တွင်ကျယ် အောင် ရောင်း ပေး ပြီး ၊ ရောင်းရငွေ ကို မှန်မှန်ကန်ကန် ပို့ပေး နေသမျှ ကာလ ပတ်လုံး ရန်ကုန်စာအုပ်တိုက် တွေ က လဲ သူများ နည်းတူ စာအုပ် တွေ ကို ပို့ ပေးလေ့ ရှိပါတယ် ။
သည်တော့ ငွေရင်းငွေနှီး က သိပ်တော့ မလိုပါဘူး ။ ကိုယ် က အခုမှ စ လုပ်မယ့် လူ ဆိုတော့ လောဘ ကြီးပြီး စာအုပ် တွေ ကို အများကြီး မှာယူ မှာ မှ မဟုတ်ပဲ ။ နည်းနည်းပါးပါး ပဲ မှာယူမှာပဲ ။ ထောင်ဂဏန်း လောက် နဲ့ တွင် ဖြစ်နိုင်ပါတယ် ။ သောင်းဂဏန်း အထိ မလိုပါဘူး ။ ဆိုပါတော့ ၊ လေးငါး ခြောက်ထောင် နဲ့ ရှင်းယင် ကို ရနိုင်ပါတယ် ။ သည် လေးငါး ခြောက်ထောင် ပဲ ကိုဘဂျမ်း လိုချင်ပါတယ် ။ သူ့ ဦးလေးကျော်စွာ ဆီ ကလဲ သည်လောက်ပဲ လိုချင်ပါတယ် ။ သူ့ ဦးလေး ကျော်စွာ က လဲ သည်လောက် ငွေ ကို တော့ ထုတ်ပေးလိမ့်မယ် လို့ ကိုဘဂျမ်း မျှော်လင့် မိတယ် ။
ကိုဘဂျမ်း ရဲ့ စိတ်ကူး က တော့ ပြတ်တယ် ။ သည် စာနယ်ဇင်း လုပ်ငန်း ဆိုတာ က ရုံတော်ကြီး တဝိုက် မှာ ပဲ လုပ်လေ့ လုပ်ထ ရှိကြတဲ့ အတွက် သူ လဲ ရုံတော်ကြီး တဝိုက် မှာ ပဲ လုပ်မယ် ။
ကိုယ်ပိုင် ဆိုင် မရှိသေးယင် လဲ ကိစ္စ မရှိပါဘူး ။ ဆိုင် တဆိုင် ဆိုင် ကို အမှီ ပြုပြီး ၊ အဲသည်ဆိုင် ရှေ့ ပလက်ဖောင်း ပေါ် မှာ စာအုပ် တွေ ကို ချ ခင်းပြီး ရောင်းမယ် ။ နောက် နား မှာ စာအုပ်စင်ကလေး တခု လုပ်မယ် ။ ဝတ္ထုစာအုပ်တွေ ကို အဲသည် စင်ပေါ် မှာ တင်ပြီး ခင်းထားမယ် ။ အဲသည် စာအုပ် စင် ရဲ့ ရှေ့မှာ ဆင်ခြေလျှော ခုံကလေး တခု ခင်း ထားမယ် ။ အဲသည် ခုံပေါ် မှာ ဂျာနယ်မဂ္ဂဇင်း တွေ ၊ စာစောင် တွေ ဖြန့် ခင်း ထားမယ် ။ နေပူ မိုးရွာ လို့ လိုအပ်လာတယ် ဆိုယင် လဲ အဲသည် တလံ လာက် နေရာကလေး ကို ရွက်ဖျင်လိပ်ကလေး နဲ့ ယာယီ မိုးထားမယ် ။ ဒါဆိုယင် ပြီးတာပဲ ။ နောက် က စာအုပ်စင် မှာ က တော့ တတောင်လောက် ရှိတဲ့ သစ်သားပြားကလေး တခု နဲ့ စာအုပ်ဆိုင် နာမည် ကို ဆိုင်းဘုတ်ကလေး ရေး ပြီး ချိတ် ထား မှာပေါ့ ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment