❝ ကိုပီတိ နှင့် ဆုတောင်းသစ် ❞
“ နင် ဟိုတလော က ခံလိုက်ရသဆို ။ ငါ့ မယ် ကြားကြားချင်း ရယ် လိုက်ရတာ ။ ပီတိ နှယ်နော် ၊ ကိုယ် မကျွမ်းကျင်တဲ့ ခွင် ထဲ ကို မှ မဆင် မခြင် ဝင် တိုး ရတယ်လို့ ဆိုပြီးတော့ လေ ... အဟက် ... ဟက် ”
ပါးစုံ့ကြီးတွေ တုန်ပြီး နီရဲ လာ တဲ့ ထိ သွား တစ်ချောင်း မှ မရှိ တော့တဲ့ သွားဖုံး မည်းမည်းကြီးတွေ ပေါ် အောင် အားရပါးရ ရယ် နေတဲ့ အမေနန်း ရဲ့ မျက်နှာဝိုင်းဝိုင်းကြီး ဟာ စာကလေး မွေးခါစ ရေနစ် နေတဲ့ အတိုင်းပဲ ။ ကိုပီတိ ခါတိုင်း လို လိုက်ရယ် ရမယ့် အစား အမေနန်း ကို ကုပ် က ဆွဲပြီး မီးကင် စားချင်စိတ်တွေ ပေါ် နေတယ် ။ စည်ပင်သာယာ ဝန်ထမ်းတွေ ကို ပွဲငှား မှတ်ပြီး ပွဲစား ဝင် လုပ်မိတဲ့ သူ့ အဖြစ် က လည်း သဘင်လောက ရဲ့ နောက်ဆုံး ပေါ် ဟာသ တစ်ခု လို ပြောစမှတ် ဖြစ် နေတာ့တာ ကိုး ။ ခွင့်ပြုချက် မယူပဲ ဆိုင်းဘုတ် တင် မိလို့ ဒဏ်ကြေး ဆောင်လိုက် ရ တဲ့ ဇာတ်ဆရာ ဆို တာ ခုချိန် ထိ သူ့ ကို စကား မပြောတော့ဘူး လေ ။ အမေနန်း အရယ် ရပ် ၊ မျက်နှာ ပိုး သတ်ပြီး ဆက် ပြောတယ် ။
“ ထီးဖြူ ၊ ဖိနပ်ပါး ဆိုပြီး စကားပုံ ရှိပေမယ့် ငါတို့ ပွဲစား လုပ်ငန်း ဟာ ဘယ်လောက် ပညာပါတယ် ဆိုတာ သိပြီ မဟုတ်လား ၊ တော်ရုံ ပညာ နဲ့ မရနိုင်ဘူးကွယ့် ”
“ သင်တန်းလေး ဘာလေး ပေးလိုက်ဦး အမေနန်း ရေ ၊ ခိုးချင် တာ လည်း ပျာ လို့ ၊ လက်နှေး တာ လည်း ချာလို့ ဆိုတာ ဒီ လူစားမျိုး ပေါ့ ”
လက်ဖက်သုတ် ပန်းကန် ကို ချရင်း မဒမ်ပီတိ က ဝင် ချွန် လိုက် တယ် ။ ဟဲ့ ... ကောင်မ ရဲ့ ၊ နင် ဘောလုံး လောင်းချင်လို့ ငါ့ မယ် ကြံမိကြံရာ ဝင် ရော လိုက်ရတာ ဘာ တတ်နိုင်မှာလဲ ဟဲ့ ။ ထွီ ... နင် ဟာ လင်ရတနာ ကို ထင်ရာ ခိုင်း နေတဲ့ အရိုင်းမ ဟဲ့ ... နင် ဟာ စီး တဲ့ ရေ ဆည် တဲ့ ကန်သင်း မဟုတ်ဘူး ။ စီး တဲ့ ရေ သွယ်တဲ့ မြောင်း ဟဲ့ ။ ငါ ရှေ့ က ကုန်းရုန်း ပြီး ရှာ သမျှ နင် နောက် က ပြုံးပြုံးကြီး ခဝါချ ဖြုန်းတီး နေတာ မဟုတ်လား ဟင် ။ နင် စွမ်းစွမ်းတမံ ဘာများ ရှာပေး ဖူးလို့လဲ ။ ပွဲ အက ခိုင်း ၊ စာ ပေါင်းစုံ အရေး ခိုင်း ၊ ငွေ ရမယ် ထင်တဲ့ နေရာ မှန်သမျှ ဇွတ် အသွား ခိုင်း ၊ ရ လာ ရင် တဟီဟီ ၊ မရခဲ့ ရင် တဂျီ ဂျီ လုပ်နေတဲ့ ဟာမ မဟုတ်လား ဟဲ့ ။ ကစားဝိုင်း ပေါင်းစုံ ကို သွား ကစား တော့ လည်း နိုင် လာ ရင် နင် ညွှန်ကြား လို့ ၊ ရှုံးသွားရင် နင် တားရက် နဲ့ ငါ နားမထောင် လို့ နဲ့ ။ နင် ဟာ မိန်းမညွန့် ၊ မိန်းမစီး ၊ မိန်းမလည် ဟဲ့ ၊ ထွမ် ... ။
ကိုပီတိ ရဲ့ မျက်လုံး အကြည့် ဟာ အဲဒီ အဓိပ္ပာယ် အပြည့် ဆောင် ပါတယ် ။ နှုတ် က တော့ တစ်ခွန်း မှ မထွက်ပါဘူး ။ အမေနန်း လက်ဖက်သုပ် တစ်ဇွန်း ကော် စားရင်း ...
“ ပွဲစား ဆိုတာ ပြောင် သုံးပြောင် နဲ့ ညီညွတ်ရတယ် ပီတိ ရဲ့ ”
လွတ်လပ်ရေး ရပြီး ကတည်း က အငြိမ့်စုံ ၊ ဇာတ်စုံ ၊ အိမ်စုံ မြေကွက်စုံ ကို မျက်မှောက်ခေတ် အထိ လူငယ်တွေ နဲ့ အပြိုင် ပွဲစား လုပ် နေတဲ့ သံမဏိရှည် ဝါရင့်ပွဲစား ပီပီ အမေနန်း က အခြေခံ နဲ့ စ လိုက်တယ် ။ ကိုပီတိ ခပ်ယို့ယို့ လေပျော့လေး နဲ့ ...
“ အမိန့်ရှိပါဦး အမေ ခင် ဗျ ၊ ပြောင် သုံးပြောင် ဆိုတာ ... ”
“ အဝတ်အစား ပြောင်လက်ရမယ် ကွယ် ၊ ဒါမှ ကိုယ့် ကို အထင်ကြီး တော့ မှာ ပေါ့ ။ နောက် တစ်ခု က စကားလုံး ပြောင် ရတယ် ။ ဒါမှ ကိုယ့် စကား ကို လေးစားပြီး ကိုယ် ဆွဲရာ ပါမယ်လေ ။ အဲ .. အရေးအကြီးဆုံး အချက် က မျက်နှာ ပြောင် ဖို့ပဲ ၊ မဝံ့မရဲ မလုပ်ရဘူး ၊ အခုမှ တွေ့ဖူး ပေမယ့် ငယ်ပေါင်းတွေ လို အတင်း ဝင် ၊ အတင်း ပြော နိုင်ရမယ် ။ ဒါ ပွဲစား ပညာ ရဲ့ ပထမ ပဲ ”
လက်ဖက်သုတ် ပန်းကန် ကို နှိုက်တယ် ။
“ ပြီးတော့ တစ်ဖက် လူ ကို အပိုင် အကဲခတ် တတ် ရတယ် ”
တစ်ဇွန်း ကော် စာရင်း ပါးစပ် ကို လက်ကိုင်ပုဝါ နဲ့ သုတ်တယ် ။ စကား ဆက် ပြောတယ် ။
“ ဒီ လူဟာ ပွဲငှား အစစ်လား ၊ အင် ပွဲငှားလား ”
ပန်းကန် နှိုက် စကား ဆက် ။
“ အင် ပွဲငှား ဆိုတာ တကယ် ငှားမယ့်သူ က စုံစမ်း ဖို့ လွှတ်လိုက် တဲ့ ကောင်မျိုး ”
တစ်ဇွန်း ထပ် ကော် ၊ ဆက် ပြော ။
“ အဲဒီ ကောင် ရဲ့ စရိုက် က ပွဲရက် မေး ၊ ပွဲဈေး စုံစမ်းမယ် ”
စား ၊ ပါးစပ် သုတ် ၊ ပန်းကန် ချ ။
“ အဲဒီ လူမျိုးကို ပွဲနလင် ” လို့ ခေါ်တယ် ၊ ခပ်လည်လည် ကောင် ဆိုရင် သူ့ အတွက် ပွဲကြေး ထဲ မှာ ထပ် သွင်း ထားတယ် ”
နှိုက် ၊ ကော် ၊ စား ။
“ တချို့ ကတော့ ...”
ပါးစပ် သုတ် ၊ ပြန် နှိုက် ၊ ကော် ၊
“ အဖွဲ့ တကာ ကို စုံစမ်းပြီး သား ... ”
စား ၊ သုတ် ။
“ လွယ်အိတ် ထဲ မှာ ပိုစတာလိပ်တွေ တစ်ပုံကြီး ပါတတ်တယ် ၊ သိပ် အရော မဝင်နဲ့ ၊ ကိုယ့် ဆီ က လက်ဖက်ရည် ကပ် သောက်သွား မယ့် လူမျိုး ၊ အမလေး .. စပ်လိုက်တာ ။ ရေလေး တစ်ခွက် ပေး ကြဦးဟဲ့ ”
ရေသောက် ၊ ထပ် နှိုက် ၊ စား ၊ ပြော ။
“ အရေး အကြီးဆုံး က ထောင်မြင် ရာစွန့်ရဲတဲ့ သတ္တိ ရှိပစေ ၊ ရင်း မှ မြတ် ၊ သင့် မှ ကပ်သတော်ရေ ၊ ကိုင်း ... သွားမယ် အေ ၊ ဒါဆို လုပ်စားလို့ ရပါပြီ ”
လက်ဖက်သုတ် ပန်းကန် ထဲ မှာ ကြက်သွန် တစ်ဖတ် မှ မကျန်တဲ့ ထိ ပို့ချပြီး အမေနန်း ပြန်သွားတယ် ။ ထုံးစံ အတိုင်း မဒမ်ပီတိ က မျက်လုံးပြူးကြီး နဲ့ ကြည့်ပြီး ...
“ ကိုင်း ... ”
စကား အဆက် မခံပါဘူး ၊ ကျာပွတ်သံ ကြား လိုက်ရတဲ့ ဆပ်ကပ် ထဲ က ကျားများ လို ကိုပီတိ ခနဲ ထိုင်ရာ က ထပြီး ပွဲ ပါးခိုက် ပွဲစား တစ်သိုက် ရှိရာ ကို ခြေကုန်သုတ် လာခဲ့ပါတော့တယ် ။
••••• ••••• •••••
“ ရှမ်းပြည်နယ်ပွဲ နှစ်ပွဲ က တစ်သောင်း ၊ မြစ်ကြီးနားပွဲ က ငါးထောင် ဆိုတော့ ဒီလ အတွင်း အတော် ကိုက်တာပဲ ၊ ဒီလိုသာ ပုံမှန် ဝင်မယ် ဆိုရင် ညပိုင်း အငြိမ့် က နေ့ပိုင်း ပွဲစား လုပ် .. ဟီဟိ ညကြေး နဲ့ နေ ကြေး တစ်လ တစ်လ ငါးသောင်း က တော့ အနည်း ဆုံးပေါ့ တော် ”
ဘုရား ... ဘုရား ၊ ရက်စက်လှချည်လား သူငယ်မ ရယ် ။ ငါ့ အသက် ငါးဆယ် ရှိပါပြီ ။ တိုတိုလေး ကျန်တော့ တဲ့ ရှင်သန်ခွင့် လိုင်စင်ကလေး ကို အညှာတာ မဲ့ ခိုင်းပြီး သက်တမ်း လျှော့ မပစ်ပါနဲ့ လား ကွယ် ”
“ ကိုကို့ ကို သနား လည်း သနားပါတယ် ၊ အားလည်း ကိုးပါတယ် ”
သကာ လူး ထားတဲ့ နဖားကြိုး တွေ ပါ လား ။
“ ရှေ့နှစ် ကျရင် အငြိမ့် ထဲ လိုက် မက နဲ့ နော် ၊ နယ်ဝေး တွေ သွား ရတာ ပင်ပန်းလှပါပြီ ”
ဪ ... ဒီလိုတော့ လည်း ကြင်နာတတ်ရှာသားပဲ ။ ကျုပ် မှားတယ် ခလေးမ ရယ် ။ သမီး အရွယ်လေး ကို ယူ ထားပြီး ကလေးတစ် ယောက် လို ပြောချင် ရာ ပြော ၊ နွဲ့ဆိုး ဆိုး နေတာတွေ ကို ဗွေယူ မိတာ ကျုပ် ကို ခွင့်လွှတ်ပါ ။ ကိုပီတိ ရင် ထဲ မှာ ဆို့ဆို့နစ်နစ်ကြီး ဖြစ် လာတယ် ။ ဇရာ ထောင်းစ ပြု နေတဲ့ လင်အိုကြီး ကို အရွယ် ကောင်း နေ သေးတဲ့ မင်းကလေး တစ်လှည့် အလုပ်အကြွေး ပြုဦးမယ် ဆိုပါ တော့ ။ လှိုက်ခနဲ ဝမ်းသာစိတ် အဟုန်ကြောင့် ကိုပီတိ အသံတုန်တုန် ကြီး နဲ့ ...
“ ကိုကို ၊ အငြိမ့် ထဲ မှာ ရှေ့နှစ် ကျရင် လိုက် မကရတော့ဘူး ၊ ဟုတ်လား ”
“ အင်းပေါ့ ၊ ဆိုင်း ထဲ မှာ နောက်ထ လုပ်ဖို့ ကျွန်မ အလုပ် စပ် ထား ပြီးပြီ ”
“ ဟမ်း ... ”
ကိုပီတိ မျက်လုံး ထဲ မှာ မြက်ထုံးတွေ ၊ ကောက်ရိုးထုံး တွေ ကို စီကာ ရီကာ မြင်ယောင် လာပါတော့တယ် ။
••••• ••••• •••••
“ ဘုရားသခင် သည် လောက ကို စိုပြေစေခြင်း ငှာ သဘင်သည် အလွှာ ကို ဖန်ဆင်းအံ့ ဟု ကြံစည်တော် မူနေချိန်တွင် မာရ်နတ် သည် အငြိမ့်ဇာတ်ပွဲများ ကို မွေးဖွားပြီး လေပြီ ”
ဘယ်သူ့ အဆိုအမိန့် မှ မဟုတ်ပါဘူး ။ ကိုပီတိ ရဲ့ ကိုယ်ပိုင်အတွေး အခေါ် သာ ဖြစ်ပါတယ် ။ ဘယ်နှယ့်ဗျာ ... လမ်းပေါ် မှာ တဘက် ခေါင်းပေါင်း ပြီး ပေစောင်းစောင်း နဲ့ လျှောက် လာတဲ့ လူ သိုက်မြင် တာ နဲ့ အတင်း ချဉ်းကပ် ၊ သူတို့ ငှားချင်တဲ့ ဇာတ် ၊ အငြိမ့်တွေ ထက် ကိုယ့် ကို ပွဲခ ပို ပေးတဲ့ အဖွဲ့အစည်း ကို မငှား ငှားအောင် လီဆယ် ဖြားယောင်း နည်းပေါင်းစုံ နဲ့ စည်းရုံး ရတော့တာ ခမျာများ မှာလဲ ပြောဖန် များတော့ နားယောင် ၊ အောင်မြင်တဲ့ အဖွဲ့ ကို ဘေးချိတ် ၊ ဖြစ်ကတတ်ဆန်း ဖြတ်လမ်း က ခါးဖြတ်အဖွဲ့ ကို ငှား သွားကြ ၊ ပွဲ က တဲ့ အချိန်ကျ ရွာ က မကြိုက် ၊ သွား က တဲ့ သူ ကလည်း မျက်နှာ မလှ ၊ ငှားရသူ အတွက် လည်း သက်သာရာ မရ ။ ပွဲစား က တော့ ပွဲခ မတန်တဆ နဲ့ ဇိမ် ကို ကျလို့ ။ ဇာတ်သမားတွေ ရဲ့ ဘဝ ပြဿနာ ကို အရ အမြတ် ရှာ နေရတဲ့ ဘဝ ။
ဒီလိုနဲ့ လူရွှင်တော် ကိုပီတိ ပွဲစား ပင့်ကူမျှင် မှာ ငြိ နေလိုက် တာ မိုးကုန် က ဆောင်းကူး ၊ အောက်တိုဘာ နှင်းပွင့် တွေ မျက်နှာ ရူး တဲ့ ကာလ ကို ရောက်ပါလေ ရော ။ မန္တလေး ဝန်းကျင် က သဘင်သည် တို့ လည်း ရေခဲချောင်းတွန်းလှည်း စွန့် သူ စွန့် ၊ ဆိုက်ကား ကို အုံနာ ပြန် အပ် သူ က အပ် ၊ ကွမ်းယာဆိုင် ကို အငှားပေးသူ ပေး နဲ့ ပေါင် ထားတဲ့ တောင်ရှည်ပုဆိုး တွေ ၊ ဘော်ကြယ်ထိုးထဘီ တွေ ပြန် ရွေး လို့ ဘဝလေး တွေ လိပ်ပြာ လှုပ် လာ ပါရော ။
“ ဒီနှစ် ဆောင်းတွင်း အတော် အေး လိမ့်မယ် ၊ ကိုကို လည်း အသက် ကြီးပြီ ၊ ဂွမ်းကပ် တစ်ထည် တော့ ထပ် ဝယ် လိုက်ဦး ၊ ရှမ်းပြည်နယ်ပွဲ တွေ ဆိုရင် တအား ချမ်း မှာ ၊ လေးထောင်တန် ဆို အတော် နွေးပြီ ”
ငါ သိပါတယ် သာလိကာ ရယ် ။ ပေါင်း လာတဲ့ သက်တမ်း နည်း မှ မနည်းတော့ တာ ။ နင်ဘာ စကား ပြောရင် ဘယ် ရည်ရွယ်ချက် ဆိုတာ သိပြီးသား ။ ငါ့ ကို ဂွမ်းကပ် ဝယ်ဖို့ ပြောမှာ ပေါ့ ၊ နင့် အတွက် တစ်သောင်းကျော် တန် သိုးမွှေး အထည် ဝယ်ပြီး မှကိုး ။ ငါ့ အတွက် သုံးလေးထောင် ဘယ် နှမြောပါ့မလဲ ဟဲ့ ။
“ ရော့ .. ကိုကို ၊ ဈေး မတက်ခင် ကြို ဝယ်ထား လိုက် ၊ သွား ... သွား ”
ငွေ လေးထောင် ကို ယူပြီး ငိုက်စိုက်ငိုက်စိုက် နဲ့ ကိုပီတိ လမ်း ၈ဝ ပေါ် လည်း ရောက်ရော လေ ထဲ မှာ ဝေ့ခနဲ ပါလာတဲ့ အနံ့ တစ်ခု ရ လိုက်တယ် ။ လျင်ပါး နေတဲ့ အာရုံကြောတွေ က အနံ့ ကို ချက်ချင်း သတင်းပို့ ကြ ရော ။
“ ပွဲငှားနံ့ ”
ပတ်ဝန်းကျင် ကို အကဲခတ် လိုက် တော့ ဇာတ်ဆိုင်းဘုတ်တွေ ကို ငေး နေကြတဲ့ လူနှစ်ယောက် ။ ထုံးစံ အတိုင်း ကိုပီတိ ဝင် ရောတယ် ။
“ အဲဒီ အဖွဲ့တွေ ကို ငှားမယ် ဆိုရင် စိတ်လျှော့ ပြီးတော့ ပြန်ကြ တော့ ခင်ဗျ ”
အဲဒီမှာ ခေါင်းတုံးဆံတောက် နဲ့ ခပ်ကြီးကြီး လူ က ...
“ ဘာပြုလို့တုံး ဗျ ၊ ရွာ က သူ့ ဇာတ် အငှား ခိုင်း လိုက်တဲ့ ဥစ္စာ ”
ပွဲငှား တော့ သေချာသွားပြီ ။ ကိုယ် လိုရာ ဆွဲ ဖို့ပဲ ကျန်တော့တယ် ။
“ သူ က မန္တလေး မှာ နာမည်ကြီး ဗျ ၊ သုံးလေးလ ကြို ငှား မှ ရတာ ... ”
လူကြီး ငိုင် သွားတယ် ။ သက်ပြင်း ချတယ် ။ ကိုပီတိ အသာလေး အကဲ ခတ် ရင်း ...
“ နာမည် ကြီး ပေမယ့် အထင် မကြီးပါနဲ့ ဗျာ ၊ နာမည် အရှိန် ယူပြီး အလုပ် ကျ တော့ သိပ် မလုပ်တော့ဘူး ။ ခပ်ခိုခို လုပ်တော့တာ ။ တကယ် အလုပ် လုပ်တဲ့ အဖွဲ့လေးတွေ ကျန်ပါသေးတယ် ။ ကြေး လည်း သူ့ လောက် မများဘူး ။ ကပြီ ဆိုတော့ လည်း အနား ကို မပေးဘူး ။ နာမည် ယူနေတဲ့ အချိန် ဆိုတော့ ဆက်ဆံရေး က အစ ချိုချိုပေါ့ ခင်ဗျာ ”
“ အင်း ..”
အံမယ် အင်းလေးကြီး ပါလား ။ ကိုပီတိ ညှို့ချက် မိ နေတဲ့ လူကြီး ကို တဖြည်းဖြည်းချင်း မျိုစ ပြုတယ် ။
“ ငှားသွား လို့ မမှားစေရဘူး ၊ ကပြ လို့ မကြိုက်ဘူး ဆိုရင် ကျန်ငွေ လုံးဝ မချေနဲ့ဦးလေ ၊ ကျွန်တော့် ကို အပ်ထားတဲ့ အဖွဲ့လေး ရှိတယ် ၊ လိုက်ပြီး ကြည့် စမ်းပါ ”
“ အင်း ... ထမင်း သွား စားလိုက်ဦးမယ် ဗျာ ၊ ပြီးမှ တစ်ပတ် ပြန် လာခဲ့မယ် ”
ဟား ... ဒီလို ဝေ့ ထွက် သွားလို့ ဘယ် ရမလဲ ဘိုးတော် ရာ ၊ ကျုပ် နဲ့ စကား ပြော နေ ကတည်း က အလစ် ဝင်ဆွဲမယ့် တခြား ပွဲစား တွေ က သားကောင် ချောင်း သလို ချောင်း နေကြတာ ။ လက်ဦးဆရာ အမေနန်း ရဲ့ အမှာစကား ကို ဖျတ်ခနဲ သတိရ လိုက်တယ် ။ “ ထောင်မြင် ရင် ရာစွန့် ရဲ ရတယ် ” တဲ့ ။
“ ကိုင်း ... ကျွန်တော် ထမင်း ကျွေးမယ် ၊ စား ပြီးတော့ စိတ်ကြိုက် လျှောက်ငှားပေါ့ ဗျာ ၊ လာပါ ... လာပါ ဦးလေး ရ အဟတ်ဟတ် ... ”
လူကြီး နဲ့ သူ့ လူ တစ်ဦး ကို တစ်ဦး ကြည့်နေကြရင်း လူကြီး က စပ်ဖြီးဖြီး နဲ့ ...
“ အဟဲ ... ဟိုဒင်း ... နေပူခံလေး နည်းနည်း လုပ်ချင်လို့ ... အဟဲ ”
“ လာပါ ဦးလေး ရာ ၊ ကြိုက်တာ သုံးဆောင်ပါ ၊ လာစမ်းပါ ခင်ဗျ ”
“ အင်း ... ”
••••• ••••• •••••
ငွေစက္ကူ အထပ်လိုက် ၊ အထပ်လိုက် တွေ ကို ကိုပီတိ အင်္ကျီအိတ် ထဲ မှာ ဖောင်းကားကျပ်သိပ် နေပြီ ။ ဇာတ်ပိုင်ရှင် မင်းသားလေး က လည်း ရွှင်လို့ ချိုလို့ ၊ သဒ္ဓါတရားတွေ ရေကာတာ ဖွင့်ချ လိုက် သလို ။ တော်ပါပြီ ဆိုတာ ကို ကလေး မုန့်ဖိုး ၊ အစ်မ ဖို့ အင်္ကျီစဖိုး နဲ့ ထပ် ပေး နေတုန်း ။ လူကြီး က လည်း ကူညီ ပေးတဲ့ အတွက် မုန့်ဖိုး ယူပါဦး ၊ ပွဲခ မဟုတ်ပါဘူး ၊ ရော့ပါ ။ တော်ပါပြီ ... ဦးလေး ရဲ့ ။ ဘာပြုလို့ တော်ရမလဲ ၊ ယူ ကို ယူရမယ် ။ အို .. မဟုတ်တာ ခင်ဗျာ ... ဟတ် ဟတ် စေတနာ ကို အသိအမှတ် ပြုရင် တော်ပါပြီ ... ဟတ်ဟတ် ။ ကျုပ် တို့ ရွာ က ကြိုက်ပြီ ဆိုရင် လေးငါးည ဆက် ငှားတာဗျ ။ အို ... ငှားရစေ့မယ် ... ဟတ်ဟတ် ။ အံမယ် ဦးလေး က အမြွှာညီအစ် ကို နှစ်ယောက် လာတာကိုး ၊ ဟ ... ဘယ် နှစ်ယောက် က မလဲ ၊ သုံးယောက် ... သုံးယောက် ။ ဟော ... ခင်ဗျား လူ ကလည်း နှစ်ကိုယ် ခွဲ လား ။ ဟာ ... ဦးလေး ခင်ဗျား ဘာလို့ အငွေ့တွေ ဖြစ် ပြီး မှုန်ဝါးဝါးကြီး ဖြစ် သွားရတာလဲ ။ မပြေးနဲ့ နော် ... ဟားဟား ။ ခင်ဗျားတို့ ကို ကျုပ် အပိုင် ကုပ် ထားတာ ။ အံမာ ... ကျုပ် ကို ဝိုင်းကြီး ပတ်ပတ် ကစား နေကြသပေါ့ ... ဟားဟား ။ လှည့် ... လှည့် ၊ မွှတ် နေ အောင် အမလေး တောဝက်ကြီးဗျ ။ တောဝက်ကြီး ။ ဟုတ် ပေါင် ... နှုတ်ခမ်း နှစ်ခု ကို ချွန်ကော့ နေအောင် စု ထားတဲ့ မဒမ် ပီတိ ၊ လုပ်ကြပါဦး ။ ပက် တော့မယ် ... ပက် တော့မယ် ။ နောက်ကျိ မူးရီ ဝေဒနာ ကို လွင့်ခါ ဖယ်ထုတ် လိုက်တဲ့ မုန်တိုင်းသံ ပေါ်လာတယ် ။
“ ဘယ်မှာလဲ စောင်ဖိုး လေးထောင် ၊ ကုန်ပြီလား ဟင် ”
.
“ ဟိုဒင်း ... ငါ ပွဲငှားတွေ ကို ဧည့်ခံ ... ဟ ... ဟို ပွဲငှားတွေ ရော ဘယ်မှာ ... ”
“ တော့ အဖေတွေ မရှိတော့ဘူး ။ တော် ဒေါင်ချာစိုင်းအောင် မူး နေတုန်း သာလောင် ဆိုတဲ့ အကောင်လေး က လှည့် ထုတ် ခေါ် သွားပြီး တခြား ဇာတ် နဲ့ စပ် ပေး လိုက်တာ ပွဲခ နှစ်သောင်း တောင် ရ သတဲ့ ။ ကျုပ် က ဝေစု ခွဲပေးပါ ဆိုတော့ ကိုယ့် ကံ နဲ့ ကိုယ် ရတာ မပေးနိုင်ဘူး တဲ့ ။ ပြီးရော ၊ ရင်းနှီးရတော့ ကိုယ် ၊ အမြတ် ရ တော့ သူတို့ ။ အဲဒါ ခွေးသောက် နွားသောက် မျိုဦး ဆို့ဦး ၊ ကုန်ပြီ ဘာ စောင်ဖိုး မှ ထပ် ပေးစရာ မရှိတော့ဘူး ။ အိမ် က စောင် က လည်း ကလေးတွေ နဲ့ မျှ မပေးနိုင်ဘူး ။ ဒီ တစ်ဆောင်း တော့ ကိုယ့် ဟာ ကိုယ် ပုဆိုး ခြုံပြီး ရင်ဆိုင် တော့ ။ ခုလည်း အရက်ဆိုင် က ကလေးတွေ ဆိုက္ကား နဲ့ တင်ပို့ လို့ အိမ် ရောက် လာတာ ။ ကျုပ် အလို ဖြင့် လိုက် ခေါ်ဖို့ စိတ် ကို မကူးဘူး ”
ပြောပြီး ဘောက်စု ဘောက်စု နဲ့ အိမ်ပြင် ကို ထွက်သွား တဲ့ ဇနီး ရဲ့ကျောပြင် ကို ကြည့်ရင်း ကိုပီတိ ရင် ထဲ က ကြိတ် ဆုတောင်း လိုက် ရှာတယ် ။
“ တောင်ပေါ် က ပွဲ မှန်သမျှ မတည့်ပါစေ နဲ့ ဘုရား ”
◾ချစ်စရာ
📖 ကိုပီတိ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment