Wednesday, June 5, 2024

ပျောက်ဆုံးသွားသော အရုပ်မလေး


 

❝ ပျောက်ဆုံးသွားသော အရုပ်မလေး ❞

၁ ။

မဖြစ်မနေ ကျွေးမွေး ဧည့်ခံရမယ့် ပုဂ္ဂိုလ်တွေ ဆို တော့ ရုံး နဲ့ နီးနီးနားနား ဒီ စားသောက်ဆိုင် ကို ရွေးလိုက်ခါ မှ ကိုယ့် မှာ အခက် တွေ့ ရတော့တယ် ။ လုပ်ငန်း ကိုင်ငန်း ကိစ္စတွေ ၊ ရယ်စရာ မောစရာ ၊ မိတ်ဖြစ် ဆွေဖြစ် စကားတွေ ပြော သာ ပြော နေရတယ် ၊ လက် က လည်း စားစရာ ၊ သောက်စရာ တွေ ထည့်ပေး ၊ စားပေး အလိုက်သင့် သာ လုပ် နေ ရတယ် ၊ အာရုံတွေ က လမ်း တစ်ဘက် ဆီ က ကလေးမ ဆီ မှာ ရောက်နေ တော့တာပဲ ။ ကိုယ့် စိတ် က ရိုးရိုးသားသား ပေမဲ့ မိတ်ဆွေတွေ အမြင် မှာ ဒီ လူ့ နှယ် ဒီ အရွယ်ကြီး မှ မျက်စိ မငြိမ် လိုက် တာ လို့ အထင်သေး ခံရရင် မကောင်း ဘူး လေ ။ ဒီတော့ မနည်းကြီး စိတ် ကို ပြန် ပြန် ဖမ်း နေရတာ က အလုပ် တစ်ခု ။ စိတ် ကျဉ်းကျပ် လိုက်တာ ဆိုတာ မပြော ပါနဲ့ တော့ ။ လမ်း တစ်ဘက် က ကလေးမ က တော့ တွေ့ နေ ၊ မြင် နေ ကျ ပုံစံလေး အတိုင်း သံတိုင်လေး ကို ကိုင် ပြီး ဆွေးဆွေးမြည့်မြည့် ပုံစံ နဲ့ သူ ကြည့် နေကျ နေရာလေး ဆီ ကို ပဲ စူးစူးစိုက်စိုက် ကြည့် နေတော့ တာပဲ ။ ကလေးမ ရဲ့ အကြည့် လမ်းကြောင်း က ကိုယ် တို့ ရုံး ဘက် ဆီ ကို ဦးတည် နေလေရဲ့ ။ ခက်တာပဲ ။ ကိုယ့် စိတ် က လည်း တစ်ခု ခု ကို စိတ်ဝင်စား မိပြီ ဆို တကယ့် ကို အသည်း အသန် ။ စိတ် မဝင်စားဘဲ လည်း ဘယ် နေနိုင်ပါ့မလဲ ။ ကိုယ့် သမီး အငယ် နဲ့ မှ ရွယ်တူ လောက် ရှိမယ့် ဒီ ကလေးမ ကို ဒီ ပုံစံတိုင်း ညနေ သုံးနာရီ ကျော် ပြီ ဆို မြင်မြင် နေ ခဲ့ရတာ သုံးလ စွန်း နေပြီလေ ။ ကလေးမလေး က ဖြူဖြူချောချာ ၊ ရုပ်ရည်သန့်သန့်လေး ။ ဝတ် လိုက် ရင် စကတ်ဖားဖား ရှည်ရှည်ကြီး တွေ ကို ခြေမျက်စိ အုပ် အောင် ဝတ် တတ်တယ် ။ ဒီတော့ ကလေးမ ပုံစံ က အရုပ်မလေး တစ်ရုပ် လို ဖြစ် နေတော့ တာပေါ့ ။ အရုပ် နဲ့ အတူဆုံး က မျက်လုံး တွေပဲ ။ သူ့ မျက်လုံးတွေ မှာ ဘာ မျှော်လင့်ချက် မှ မရှိတော့ တဲ့ ငေးရီ ဖျော့တော့ တဲ့ အကြည့်ဓာတ် ပဲ ရှိတယ် ။ နေ့စဉ်နေ့တိုင်း မျက်လုံး အကြည့်တွေ က တစ် သဘော တည်းပဲ ။ အဲဒီလို ကလေးမ ကို လူ စည်တဲ့ ကိုယ် တို့ ရုံး ရှေ့ က ဘတ်စ်ကားဂိတ် နဲ့ မလှမ်းမကမ်း တစ်နေရာ မှာ အုတ်နံရံ သံတိုင်လေးတွေ ကို ကိုင် ပြီး တစ်စုံတစ်ယောက် ကို စောင့် မျှော် နေတဲ့ ပုံသဏ္ဌာန် နဲ့ တွေ့ တွေ့နေရ တာ ကိုယ် ဘယ်လို လုပ် စိတ် မဝင်စား ဘဲ နေနိုင်မလဲ ။ ပြီးတော့ သူ ကြည့်နေ တဲ့ Direction က ကိုယ် တို့ ရုံး ဘက် ကို ဆိုတော့ ပိုပြီး စိတ်ဝင်စားတာပေါ့ ။ ကလေးမလေး ဘယ်သူ့ ကို စောင့်မျှော် ကြည့် နေတာလဲ ။ သူ စောင့် နေတဲ့ သူ ကို မတွေ့သေးဘူးလား ။ ဘယ်ကလဲ ၊ ဘာလုပ်လဲ ။ ကိုယ့် သမီးအရွယ်လေး ဒီလို လူ စည်ကားတဲ့ နေရာလေး မှာ အဓိပ္ပာယ် မဲ့ ဘာ လာ လုပ် နေတာလဲ ။ မိန်းမကောင်းလေး မှ ဟုတ်ရဲ့ လား ။ ဦးနှောက် ရော ကောင်းရဲ့ လား ။ အိုး .. တစ်နေ့ တစ်နေ့ အဲဒီ ကလေးမ ကို မြင် တိုင်း ကိုယ့် မှာ အဖြေ မရှိတဲ့ ပုစ္ဆာ ကို တွက် နေရ သလိုပဲ ။ အံ့သြစရာ ကောင်း တာ က ဟို တစ်နေ့ က ဖြစ်ရပ်ပဲ ။ အဲဒီ နေ့ က ကိုယ်တို့ ရုံး မှာ ကိုယ် အပါအဝင် လူကြီး ပိုင်းတွေ တော်တော် အလုပ် ရှုပ် ကြတယ် ။ ဒီတော့ ရုံး ဆင်းချိန် သာမန် ထက် နောက်ကျ ပြီး မှောင်ရီပျိုး နေပြီ ။ ဒီလို မှောင်ရီပျိုး တဲ့ အချိန် မှာ တောင် ကလေးမလေး ကို အဲဒီ နေရာ မှာ တွေ့နေ ၊ မြင်နေ ကျ ပုံစံ အတိုင်း မလှုပ်မယှက်လေး နဲ့ တွေ့ လိုက် ရတော့ ရင် ထဲ မှာ မကောင်းလိုက်တာ ။ ဒီ ကလေးမလေး ဘယ်အချိန် ထိ များ ဒီ နေရာ မှာ ရှိ နေမလဲ ဆိုပြီး သူ့ မိဘတွေ အစား ရင်ပူ မိ သေးတော့တယ် ။ ဒီ ကလေးမလေး ရဲ့ မိဘ တွေ ကို လည်း ကိုယ် တကယ် အံ့ဩ ပါတယ် ။ ကိုယ့် သားသမီး ဘာလုပ် နေတယ် ၊ ဘာကိုင် နေတယ် ဆိုတာ လမ်းညွှန်ကြီးကြပ်မှု မရှိဘူး ထင်ရဲ့  ။ အဲဒါကျတော့ အိမ် က အမျိုးသမီး များ သိပ် တော်တယ် ။ သူ့ သမီးတွေ ကို စောင့်ရှောက်တာများ ကြက်သားအုပ်မကြီး ကျ နေတာပဲ ။ လွန် လွန်းလို့ တား တောင် ယူရတယ် ။ သားသမီး မကောင်း မိဘ ခေါင်း ဆိုတဲ့ စကားပုံ တောင် ရှိသေးတာ ပဲ ။ မိဘတွေ မှာ အများကြီး တာဝန် ရှိတယ် ။ ဟင်း ... ။

“ ဟောဗျ ... ဦးမင်းထွန်း .. ဘာတွေ တွေးနေလဲ ” ဆိုပြီး မိတ်ဆွေ တွေ ရယ် နေကြပါ ပေါ့လား ။ ကောင်းရော ကွာ ၊ အလိုက်သင့် ဟေးလားဟားလား ပြန် လုပ်ပြီး ကလေးမ ကို ခေါင်း ထဲ က အတင်း မောင်း ထုတ် လိုက်ရတော့ တယ် ။ မင်း ဆီ အာရုံ ရောက် လို့ အမြတ် မရှိဘူး ကလေးမ ရေ ။ အကျိုးအမြတ် ရှိ မယ့် မိတ်ဆွေကောင်း တွေ လက်လွှတ် ခံ လို့ မဖြစ်ဘူးကွဲ့ ။

“ ကဲ... စားကြဗျာ ။ အားမနာ နဲ့ နော် ။ ကျွန်တော် က ဒီလိုပဲဗျ ။ အတွေး က ခပ် များများ  ၊ စားကြ ၊ စားကြ ”

ဒီလိုနဲ့ ကိုယ် တို့ စားပွဲသောက်ပွဲ က ပြန်ပြီး မြိုင်ဆိုင် သွားပါလေရော ။

•••••   •••••   •••••

၂ ။

“ ရပ်စမ်း မောင်မြိုင် ၊ ကား ခဏ ရပ်စမ်း ”

မနေနိုင်ဘူးဗျို့ ။ ဆင်း ပြီး တော့ ကို မေးတော့မယ် ။ ကလေးမလေး နဲ့ မလှမ်းမကမ်း မှာ ကား ခဏ ရပ်ခိုင်း လိုက်တယ် ။ ကလေးမလေး က တော့ ကျုပ် ကို သတိ ထားမိပုံ တောင် မရဘူး ။ သူ့ အာရုံ ထဲ မှာ လည်း ဘာမှ ရှိ ပုံ မရဘူး ။ မြင်နေ ၊ တွေ့နေ ကျ အတိုင်း ပဲ ။ ငေးရီရီ နဲ့ ကြည့် နေတာပဲ ။ တိုက်ပုံ အင်္ကျီ ကို သေသေသပ်သပ် ဖြစ်အောင် နည်းနည်း ပြင် လိုက်ပြီး ကလေးမ ရှိရာ ကိုယ် လျှောက် လာတယ် ။ လျှောက် လာ ရင်း နဲ့ တွေး မိတာ က အိမ် က မဟေသီကြီး ကို ။ အင်း .. သူ သာ သိရင် ရှင်ကြီး နော် ဆိုပြီး မျက်စောင်းခဲ ဦးမှာ  ။ သူ က ကိုယ့် ကို နာမည် ပေးထားတာ “ ကိုစံ လွဲ ” တဲ့ လေ ။ လုပ်သင့် တဲ့ နေရာ ၊ မလုပ် သင့်တဲ့ နေရာ ၊ ပြောသင့်တဲ့ နေရာ ၊ မပြောသင့်တဲ့ နေရာ ၊ ဝတ်သင့်တဲ့ အဝတ်အစား ၊ မဝတ်သင့်တဲ့ အဝတ်အစား အစစ အရာရာ မှာ တလွဲကြီး ပဲ လုပ် လွန်းလို့ ကိုစံလွဲ လို့ ခေါ် တယ်ဆိုပဲ ။ ခု ကိုယ် က လည်း မဟုတ်တာ ကို စိတ်ဝင်စား မိပြန်ပြီ ထင်ပါရဲ့ ။ ကိုယ့် ရာထူး ၊ ကိုယ့် ဂုဏ် ကို မှ မထောက် ။ ပြော လည်း ခံရမှာ ပဲ ။ ကလေးမ ကို မမေးဘဲ တော့ မနေနိုင်ဘူး ။ မေး ကို မေးရမယ် ။

“ ဒီမှာ သမီး ”

ကိုယ် အသံ ပေး လိုက်တော့ ကလေးမလေး က သူ့ ကို ခေါ်လိုက်တာလား သိပ် မသေချာသလို ၊ ကြောင်တောင်တောင် လေး ကြည့် နေတယ် ။ အေးလေ .. သူ ဒီလို ရပ်နေ တဲ့ အတိုင်းအတာ အတွင်း မှာ ရွယ်တူ သက်တူ ကောင်လေး တွေ မကြားတကြား စတာ ၊ နောက်တာ မျိုး အပြင် ကိုယ် လို အသက်အရွယ် နဲ့ လူ က သူ့ ကို စကား လာ ပြောစရာ အကြောင်း မှ မရှိဘဲ ။

“ သမီး ကို ခေါ်တာပါ ။ ဦး မေးစရာလေး ရှိလို့ကွဲ့ ”

“ ဪ.. ဟုတ်ကဲ့ ၊ မေးပါ ”

ကလေးမလေး က စကား ပြော ယဉ်ကျေး ရှာပါတယ် ။ လူကြီး ကို အရိုအသေ ပေးရမယ့် သဘောလေး လည်း သိ ရှာတယ် ။ သူ့ မျက်လုံးတွေ က “ ဒီမှာ ကလေးမ ရယ် ၊ ဘယ်ကို သွားချင်လို့ ဘာ ကား စီးရမလဲဟင် ”  ဆိုတဲ့ မေးခွန်း မျိုး ကို ဖြေ ဖို့ အဆင်သင့် ဖြစ် နေတဲ့ ပုံနဲ့ ကြည့် နေလေရဲ့ ။ သူ့ကို  ကြည့်ရင်း ကိုယ် တကယ် အားနာ သွားတယ် ။ ကိုယ် က စပ်စုမယ့်သူ ဆိုတော့ အနေ တော့ နည်းနည်း ခက် တာပေါ့ ။ ဒါနဲ့ ပဲ အားတင်း ရင်း ကိုယ် ဆက် ပြောဖြစ် တယ် ။

“ ဦး ကို ဘယ်လိုမှ မထင် နဲ့ နော် သမီး ။ ဦး က .... ရုံး ကပါ ။ ဒီမှာ ဦး ရဲ့ ဝန်ထမ်းကတ်ပြား ။ ဒီလို သမီး ရယ် ။ သမီး ကို ဒီနေရာ မှာ ဒီလို ပုံစံနဲ့ မြင်မြင် နေရတာ ကြာပြီ ။ နောက်ပြီး သမီး ကြည့်နေတာ က လည်း ဦးတို့ ရုံး ဘက် ကို ဆို တော့ သမီး ဘယ်သူ့ များ ရှာ နေသလဲ ၊ ဘယ်သူ့ကို များ စောင့် နေသလဲ ။ ဦး ကူညီနိုင် ရင် ကူညီရအောင်ပါ ။ တစ်မျိုး မထင် နဲ့ နော် သမီး ”

ကလေးမလေး ဟာ အတော်လေး အံ့သြ သွားရှာပုံ ရတယ် ။ မျက်နှာလေး က လည်း ရှက်သွေး စွန်းထင်း သွားပြီး သူ့ အကြောင်း ကို တစ်ယောက် ယောက် သိ နေပါလား ဆိုတဲ့ ပုံစံ နဲ့ ဖြစ်သွားတဲ့ ပုံစံလေး က စိတ် မကောင်းစရာ ။ ငါ့ နှယ် နော် လို့ ကိုယ့် ကိုယ် ကိုယ် အပြစ် တင် ရင်း အဖြေ မသိရ ရင် လည်း နေပါစေ တော့ ဆိုပြီး လှည့် သာ ပြန်ချင်တော့တာ ပဲ ။ မကောင်းဘူး ၊ မကောင်းဘူး ။ သူ တစ်ပါး အကြောင်း စိတ်ဝင်စား မိတာ မကောင်းဘူး ။ ငါ က သမီး ချင်း ကိုယ် ချင်းစာ လို့ ပဲဟာ ။ ဘာဖြစ်လဲ ကွာ ။ ကိုယ့် စိတ် အချင်းချင်း အားတင်း ငြင်းခုံ နေ ချိန်မှာ ပဲ ကလေးမလေး က အပြုံးနွမ်းလေး နဲ့ ပြန် အဖြေ ပေး လာတယ် ။

“ မဟုတ်ပါဘူး ဦး ရယ် ။ ကျွန်မ ဦး တို့ ရုံး ကို ကြည့် တာ မဟုတ်ပါဘူး ။ ဒီ ရုံး မှာ လည်း ကျွန် မအသိ တစ်ယောက် မှ မရှိ ပါဘူး ”  

“ ဪ ”

“ ဟုတ်ပါပြီကွယ် ။ ဒါဆို ဦး သွားမယ် နော် ။ ဦး ကူညီနိုင်မယ့် အပိုင်း ကုန်ပြီ ပေါ့ ။ သွားမယ် သမီး ”

ကိုယ့် စိတ်တွေ က မကျေမနပ် မအီမလည် နဲ့ ပဲ ကား ရှိရာ ပြန် လျှောက် လာ မိတယ် ။ ကိုယ့် အထင်တွေ က တစ်ချက် မှ မမှန်လိုက်တဲ့ အတွက် အနေ ရ ၊ အထိုင် ရ ခက် နေမိတယ် ။ ဒီ ကလေးမလေး နဲ့ ပတ်သက် နေတဲ့ သဲလွန်စ ဟာ ကိုယ်တို့ ရုံး မှာ ပဲ ရှိရမယ် လို့ ထင်ထား တဲ့ အထင် လွဲတယ် ။ ကလေးလေး ဦးနှောက် မှ ကောင်းရဲ့ လား လို့ တွေးတော မိတဲ့ အထင် လွဲတယ် ။ အင်း ဒါကြောင့် လည်း မဟေသီ က ကိုစံလွဲ လို့ ခေါ်တာ ဖြစ်မယ် ထင်ပါရဲ့ ။

•••••   •••••   •••••

၃ ။

အိမ် အပြန် နောက်ကျပါတယ် ဆို မှ ကား က ပျက် နေသေးတယ် ။

“ နေကွာ ၊ ငါ့ ဟာ ငါ တက္ကစီ ငှား ပြန်မယ် ”  

မောင်မြိုင် က အဆူ ခံ ရလို့ မျက်နှာလေး ဆီးရွက်လောက် နဲ့ ကျန်ခဲ့ ချိန် မှာ ကိုယ် က တော့ စိုက်စိုက် စိုက်စိုက် နဲ့ ရုံး ဝင်း ထဲ က ထွက် လာခဲ့တော့တယ် ။ အလုပ် တွေ က လည်း ပေါ်လာပြီ ဆို တကယ့် Important Case တွေ ချည်းပဲ ။ အိမ် အပြန် နောက်ကျ တာ ရယ် ၊ ကိုယ့် ရုံးကား ပျက်နေ တာ ရယ် ၊ ဗိုက်ဆာ နေတာ ရယ် ပေါင်းပြီး လူ က သိပ် မကြည်လင် ချင်တော့ ။ တက္ကစီ က ဒီ ဘက် က ငှား ရင် အဆင်ပြေ မလား ။ ဟိုဘက် က ငှားရင် အဆင်ပြေ မလား ။ အင်း .. ဟာ .. ဟာ .. ဟိုဘက် လမ်း က ရုတ်ရုတ်ရုတ်ရုတ် ဖြစ် နေတာ ကလေးမ ၊ ဟို ကလေးမ ။ ဘေး က ကောင်တွေ မူး နေ ပြီထင်တယ် ။ သေချာတာပေါ့ ။ ဒီ နား မှာ က Restaurant တွေ ချည်းပဲ ဟာ ။ အသောက်အစားသမား တွေ က များ မှ များ  ။ ဒီ ကလေးမ နဲ့ ငါ က လည်း ရေစက် မကုန်သေးဘူး ထင်ပါရဲ့ ။ ငါ မကယ်ရင် ကလေးမ တော့ ရေတိမ် နစ် တော့မှာ ပဲ ။ ဒီ နေရာ ၊ ဒီ အချိန် အဖော် မပါဘဲ တစ်ယောက် တည်း ရပ် နေတာ မိန်းမကောင်း ပါ လို့ မင်း ရှင်းတမ်း ထုတ် ရင်လည်း ဟို သူကောင့်သားတွေ က ယုံ မလား ။ ကလေးမ ရယ် ၊ ဒုက္ခပါ ပဲ ။ ငါ့ အသက်အရွယ်ကြီး နဲ့ သွား ကယ်ရင် လည်း ဟိုကောင်တွေ တစ်ချက် တီး လိုက်ရုံ နဲ့ အီစလံ ဝေ သွားမှာ ပဲ ။ ဟုတ်ပြီ ၊ ဟို ကွေ့နား မှာ ပြည်သူ့ရဲ တွေ စောင့် ကြပ် နေတာ ရှိတယ် ။ သွား သတင်း ပို့ မှ ။

ဝူး..... စိတ်ဆောင် လို့ သာ လူ က အတင်း လိုက် လှုပ်ရှား ရတာ ။ ပြဿနာ အားလုံး ပြေလည် သွားချိန် မှာ လူ က ဟိုက် ကျန်နေခဲ့တာပဲ ။ ကယ်ဆယ် တဲ့ မောင်မင်းကြီးသား တွေ ကို ကျေးဇူးတင် စကား ပြောဆို ၊ ကလေးမ ကို လည်း ချော့မော့ ပြန်လွှတ် ပြီး ချိန် မှာ ကိုယ် က ငေါင်စင်းစင်း နဲ့ ပလက်ဖောင်း မှာ တစ်ယောက် တည်း
ကျန်ခဲ့တယ် ။ ထိတ်လန့် တုန်လှုပ် သွားပုံ ရတဲ့ ကလေးမ က တော့ တချိုး တည်း အိမ်ပြ န်ပြေး တော့မယ် ထင်ပါရဲ့ ၊ ကိုယ် နဲ့ ခပ်လှမ်းလှမ်း တောင် ရောက် နေပြီ ။ လမ်း မီးရောင် အလင်း မှိန်ပျပျ အောက် မှာ တလှုပ်လှုပ် နဲ့ သွား နေ တဲ့ ကလေးမလေး ကျောပြင် ကို ကြည့် ပြီး ကိုယ် စိတ်ကူး တစ်ခု ပေါ် လာတယ် ။ လိုက်မယ် ၊ ငါ လိုက်မယ် ။

ကလေးမလေး က တစ်ကွေ့ ပြီး တစ် ကွေ့ ၊ တစ်လမ်း ပြီး တစ်လမ်း ချိုးကွေ့ သွား လာ နေလိုက်တာ အံ့ဩဖို့ ကောင်း လိုက်တာ ။ ကိုယ် ဒီရုံး မှာ လုပ်တာ ကြာ လှ ပြီပဲ ။ ရုံး ရဲ့ ပတ်ဝန်းကျင် မှာ ဒီ လောက် ကျဉ်းမြောင်းရှုပ်ထွေး တဲ့ ရပ်ကွက်မျိုး ရှိနေလိမ့်မယ် လို့ ထင် ကို ထင်မထားမိဘူး ။ ပိုပြီး အံ့ဩမိတာ က ကလေးမ ရဲ့ ဝတ်ပုံ စားပုံနဲ့ ရုပ်ရည် လေး ကို ကြည့်ပြီး ဒီလို ရပ်ကွက် အဆင့်အတန်းမျိုး မှာ နေမယ့် သူ လို့ ဘယ်လို လုပ် တွေးမိခဲ့ မလဲ ၊ ကလေးမလေး ဝင် သွား တဲ့ လမ်းချိုးတွေ ကို ကိုယ် ပြန် ထွက်တဲ့ အခါ မှတ်မိ ဖို့ ကိုယ် မနည်း ကြိုးစား နေရတယ် ။ ဟော ... ဝင် သွားပြီ ၊ ဝင် သွားပြီ ။ တစ်ရပ်ကွက်လုံး မည်းမှောင် နေတာ က မီး မလာတာလား ၊ မီး မရတာလား ။ ဘာကြောင့် လဲ တော့ မသိ ပါဘူး ။ တချို့အိမ် တွေ မှာ မီးရောင်မှိန် ပျပျ ကို မြင်ရပြီး တချို့ အိမ်တွေ ကျ မီး ရောင် မရှိပြန်ဘူး ။ မီး ရှိတဲ့ အိမ် က သုံးလေးဆယ် လောက် ဆို မီး မရှိတဲ့ အိမ် က ကျန်တဲ့ အိမ်တွေပေါ့ ။ ကလေး လေး ဝင် သွားတဲ့ အိမ် က မီး မရှိဘူး ။ ဒါပေမဲ့ သူတို့ အိမ်ဘေး က အိမ် က မီး ရှိ တော့ အဲဒီ အိမ် က အလင်းရောင်တန်း က ကလေးမလေး သူ တို့ အိမ် ထဲ ဝင် သွားပုံ ကို ပုံရိပ် ပေါ် နေအောင် ဖန်တီး သွား သလိုပဲ ။ မလှမ်းမကမ်း က နေ ကိုယ် ရပ်ပြီး အကဲခတ် တော့ ကလေးမ လေး တံခါး ဖွင့်ပြီး ဝင် သွားတဲ့ အချိန် မှာ အသံ တစ်သံ သံ တော့ ကြားရ လိမ့်မယ် လို့ ကိုယ် မျှော်လင့် နေခဲ့တယ် ။ ဟုတ် တယ်လေ ။ သမီးပျိုလေး တစ်ယောက် ဒီ အချိန် မှာ ပြန် လာ တာ ကို ဆူ တဲ့ အဖေ ၊ အမေ တစ်ယောက် ရဲ့ အသံ ကြား ကို ကြားရ မှာ ပေါ့ ။ မဆူရင် တောင် “ နောက်ကျလိုက်တာ ” ဆိုတဲ့ နှုတ်ဆက်သံ လောက်တော့ ... ကြားသင့်တာပေါ့ ။ ဒါပေမဲ့ ဘာဆို ဘာသံ မှ မကြားရဘူး ။ ဘာ လှုပ်ရှားမှု မှ မတွေ့ရဘူး ။ ကလေးမ မဝင်ခင် ကတည်း က တိတ်ဆိတ် နေပုံ ရ တဲ့ အိမ်ကုပ်ချည့်ချည့်လေး ဟာ ကလေး ဝင် သွားတဲ့ အချိန် မှာ လည်း အပြောင်းအလဲ မရှိဘူး ။ ဘယ်လိုလဲ ။ ကြိုဆိုမယ့် သူ မရှိ ၊ နှုတ်ဆက်မယ့် သူ နတ္ထိ ၊ ပူပန်မယ့် သူ ဝေး နေတဲ့ ဒီ အိမ်လေး မှာ
ကလေးမလေး ဟာ တစ်ယောက် တည်း နေ သတဲ့ လား ။

သက်ပြင်းတွေ မနိုင်မနင်း ချ ရင်း ကိုယ် ခြေဦး ပြန် လှည့် မိတယ် ။ ကိုယ့် အတွက် ကလေးမလေး ရဲ့ အုပ်ထိန်းသူ ဘယ်သူလဲ ဆိုတဲ့ ကိစ္စ က အလွန် အရေးကြီး နေပြန်ပါ လေရော ၊ ရှေ့ မှာ လာ နေ တဲ့ လူ တစ်ယောက် ကို လှမ်း တားပြီး “ ဒီမှာ နောင်ကြီး ၊ ဒီ ရပ်ကွက် မှာ ရပ်ကွက်လူကြီး အိမ် က ဘယ် အိမ် လဲ ခင်ဗျာ ”

“ ရပ်ကွက်လူကြီး က ကျွန်တော့် အဖေ ပဲ ။ ကိစ္စ ရှိလို့ လား ။ ကျွန်တော် နဲ့ တစ်ခါတည်း လိုက်ခဲ့လေ ” 

ကောင်းလေစွ ။ ကိုယ် လည်း ဝမ်းသာ အားရ ပဲ လိုက် တော့တာပဲ ။ လမ်းထိပ် လောက် အရောက် မှာ အိမ် တစ်အိမ် ရှေ့ မှာ ရပ်ပြီး “ အဖေ ၊ အဖေ့ ကို တွေ့ချင်လို့ တဲ့ ဗျို့ ။ ဆင်းခဲ့ပါဦး ” လို့ အော် လိုက် တော့ နှစ်ထပ်အိမ် လှေခါး ပေါ် က လူ တစ်ယောက် သူ့ လှေခါး ရဲ့ အခြေအနေ ကို သူ သဘောပေါက် တဲ့ အနေနဲ့ သတိ ကြီးကြီး ထားပြီး ဆင်း လာတယ် ။ ကိုယ် က လည်း အိမ် ထဲ ရောက်အောင် ခနော်နီ ခနော်နဲ့ ခင်း ထားတဲ့ အတုံးတွေ ၊ အပြားတွေ ကို သတိထား ပြီး ဝင်ရ တယ် ။

“ ဘာကိစ္စလဲ ခင်ဗျ ။ ကျွန်တော် ဦးစံမောင် ပါ ”

သူ က သူ့ ကိုယ် သူ မိတ်ဆက် တဲ့ အချိန် မှာ ကိုယ် က လည်း ကိုယ့် ရာထူး ၊ ကိုယ့် ဂုဏ်ဒြပ် တွေ ကို ထုတ် ပြီး မိတ်ဆက် ရတယ် ။ ဦးစံမောင် က တော့ ကိုယ့် အခြေ အနေ ကို ကြည့်ပြီး ဒီ ရပ်ကွက်နဲ့ ဘယ်လို ပတ်သက်စရာ ရှိပါလိမ့် လို့ တွေး နေပုံ ပါပဲ ။ ပေါက်တဲ့ နဖူး မထူး တော့ဘူးလေ ။ ကိုယ် က ကလေးမ ကို ဘယ်လိုဘယ်ပုံ သတိထားမိကြောင်း က စပြီး ဇာတ်လမ်းကြောင်း ကို ဖြန့် ပြ လိုက်တော့ နောက်ဆုံး ကလေးမ ကို လူရမ်းကားတွေ လက် က ကယ် လိုက်တဲ့ အထိ ပြန် ရတော့တာပေါ့ ။ အဲဒီ အချိန် အထိ ဦးစံမောင် ဟာ စိတ်ဝင်စားစွာ နဲ့ ကို နားထောင် ရှာတယ် ။ ဒါပေမဲ့ သူ့ အတွေးတွေ က မျက်လုံးထဲ မှာ ပေါ်နေ လေရဲ့ ။ ငါ နဲ့ ဘယ်လို ပတ်သက်လို့ ပါ လိမ့်နော် ဆိုတဲ့ အတွေး လေ ၊ ဇာတ်ကြောင်း အဆုံးမှာ တော့ ...

“ အဲဒါ ... အကျဉ်းချုံးရရင် ဗျာ ။ ဒီ ကလေးမ ရဲ့ မိဘတွေ ကိုယ်စား ကျွန်တော် စိတ်ပူမိတယ် ။ သူ့ မိဘတွေ သိရင် ဘယ်လိုများ နေရှာမလဲ ။ သိရင် တော့ တားမှာ ပဲ ၊ သူ အဲဒီ နေရာ မှာ ဘာ အဓိပ္ပာယ် နဲ့ လာ လာ နေသလဲ ။ သူ့ မိဘ တွေ မသိလို့ များ လား ဆိုပြီး ကျွန်တော် တွေးတယ် ။ သူ့ မိဘတွေ ကို ဒီ အကြောင်း ပြောပြချင် လို့ သူ့ နောက် က လိုက်လာတာ ။ အိမ် ကို ကြည့် လိုက် ပြန်တော့လည်း ဘယ်သူ မှ ရှိပုံ မရပြန်ဘူး ။ အဲဒါကြောင့် ရပ်ကွက်လူကြီး ကို စုံစမ်း ကြည့်တော့ ဦးစံမောင် နဲ့  တွေ့ဖို့ ဖြစ်လာ တယ်ဗျာ ။ ဦးစံမောင် က ရပ်ကွက် လူကြီး တစ်ယောက် အနေနဲ့ ကလေးမ ရဲ့ မိဘတွေ ကို ပြောပြ အသိပေးပါ ။ ကလေးမ အတွက် အန္တရာယ် များ ပါတယ် ။ ဒါပါပဲ ။ အကြောင်းပါပဲဗျာ ”

ဦးစံမောင် ရဲ့ မျက်နှာ ဟာ ရှင်းရှင်းလင်းလင်း သဘောပေါက် သွား ပုံပဲ ။ ကိုယ့် စေတနာ ကို လည်း လေးစားတဲ့ သဘော ရှိပါတယ် ။ ဒါပေမဲ့ သူ့ မျက်နှာ မကောင်းဘူး ။ ငေးငေးတွေးတွေး ကြီး လုပ် နေပြီး မှ ကိုယ့် ကို ရှင်းပြတယ် ။

“ ဦးမင်းထွန်း ရဲ့ စေတနာ ကို ကျွန်တော် လေးစားပါတယ် ဗျာ ။ ဒါပေမဲ့ ခက်တယ် ဆရာသမား ရယ် ။ ဒီ ကလေးမ မှာ မိဘ မရှိဘူး ။ ဆုံးရှာပြီ ။ နေတာ က သူ့ အစ်မ နဲ့ ခဲအို နဲ့ နေတာ ၊ အစ်မ နဲ့ ခဲအို က လည်း မိုးလင်း မိုးချုပ် အ လုပ် သွား နေတာ ဆိုတော့ ကလေး က လွတ် နေတာပေါ့ဗျာ ။ အင်း... ပြော ရရင် ဆရာသမား ရေ ... ကလေးမ အဲဒီ နေရာ ကို သွား သွားနေတာ အကြောင်း ရှိတယ်ဗျ ။ အဲဒါ ဆရာသမား တို့ ရုံး ကို ကြည့် နေတာ မဟုတ်ဘူး  ။ ဆရာတို့ ရုံး ဘေး က အိမ်ကြီး တစ်အိမ် ရှိ တယ် လေ ။ အဲဒီအိ မ်ကြီးက သူ့ ခင်ပွန်း ကို သူ မျှော် နေတာဗျ ”

“ ဗျာ... ”

ဟုတ်တယ် ။ ကိုယ် လည်း တစ်ခွန်းတည်းပဲ ဗျာ နိုင် တော့တယ် ။ ကလေးမ ရဲ့ နုနယ်တဲ့ ပုံသဏ္ဌာန် ကို ကြည့်ပြီး အိမ်ထောင်သည် လို့ ထင် မှ မထင် ခဲ့ဘဲဗျာ ။ ကိုယ့် ပုံစံကို ကြည့်ပြီး ဦးစံမောင် က ဆက် ရှင်းပြ ပြန်တယ် ။

“ ဟုတ်တယ် ။ သူ့ ခင်ပွန်း ကို  မျှော် နေ တာ ဆရာသမား ရဲ့ ။ ဆရာသမား လည်း သိမှာ ပါ ။ အဲဒီ အိမ်ကြီး ၊ အဲ ... တိုက်ကြီး ပေါ့ဗျာ ။ တိုက်ကြီး က လူတွေ က စီးပွားရေး လောက မှာ ဂရိတ်တွေ ပဲ ။ သိမှာ ပါ ။ အဲဒီ က လူချမ်းသာတွေ ရဲ့ တစ်ဦးတည်း သော သား နဲ့ ကျွန်တော်တို့ ရပ်ကွက် ထဲ က ကလေးမလေး နဲ့ က လွန်ခဲ့တဲ့ ခြောက်လ လောက် က ခိုးပြေး ကြတယ် ဗျာ ။ ခိုးပြေးကြ တုန်း က တော့ နှစ်ဦး သဘောတူ ပေါ့ ။ ဒါပေမဲ့ အဲဒီ သူဌေးသားလေး က ဘိန်းဖြူ စွဲ နေတာ ဆရာ ရဲ့ ။ ဒီတော့ ကလေးမလေး ကို ခိုး တုန်း ခဏပေါ့ ။ ပိုက်ဆံ ပြတ်တော့ သူ့ တိုက် ပေါ် ပြန် တက် တယ်လေ ။ ကလေး လေး ကို ဒီ ခဏ ပြန် ပို့တယ် ။ ခဏ ဆို ပေမဲ့ ထားခဲ့ပြီး ကတည်း က ပြန်လာ မ ခေါ်တာ ခုချိန်ထိ ပဲ ။ သူတို့ အိမ်ထောင်သက် က ရှိ လှ မှ အလွန်ဆုံး နှစ်လ ပေါ့ ။ ဟို သူငယ် မိဘတွေ က လည်း ဒီအကြောင်း သိကြပေမဲ့ သား ဘိန်းဖြူ စွဲ နေတာ ကို စိတ်ညစ် နေကြတာ ။ မိန်းမ ရခဲ့တာ ကို ဘယ် အရေး ထား လိမ့်မလဲ ။ ဒီဘက် က ကလေးမ ရဲ့ အစ်မ က လည်း ကျွန်တော့် ကို လာ တိုင် တယ် ။ လာ တိုင်လည်း ဆရာသမား ရယ် ... သိတဲ့ အတိုင်းပဲ ” 

ကိုယ် လည်း ရောယောင် ပြီး ခေါင်းညိတ် ပြ လိုက်ရပေမဲ့ သူ့ ရဲ့ သိတဲ့ အတိုင်းပဲ ဆိုတဲ့ စကားလှံသွား ဟာ ရင် ထဲ မှာ စူးခနဲ နင့် သွားစေတယ် ။ ပြီးပြီ ၊ ကိုယ် တို့ ... စကားပွဲ
ပြတ် သွားပြီ ။  ကျေးဇူးတင် စကား တွေ ၊ နှုတ်ဆက် စကား တွေ လောကဝတ် အရ ပြောဆို ပြီး ပြန် လှည့် ထွက်ခဲ့ချိန်မှာ ဖြစ်မှ ဖြစ်ရ လေ ကလေးမ ရယ် ဆိုတဲ့ ပဲ့တင်သံ တစ်ခု ပဲ ကိုယ့် ရင် ထဲ မှာ မြည်ဟည်း နေတယ် ။

•••••   •••••   •••••

၄ ။

ဒီလိုနဲ့ ပဲ ကိုယ် တို့ ရုံး ရှေ့ ပလက်ဖောင်း ပေါ် မှာ အုတ်နံရံ သံတိုင်လေး ကို ကိုင်ပြီး မျှော်ကြည့် နေတတ်တဲ့ ကလေးမလေး ကို ရင်နာနာ နှင့် မျက်လုံး လွှဲ တတ်အောင် ကိုယ် ကြိုးစား ရ တော့တယ် ။ စကတ်ဖားဖားလေး ဝတ်ပြီး ကလေး လို နုနယ် တဲ့ အရုပ်မလေး ကို မြင် တိုင်း ငါ့ သမီးလေး သာ ဖြစ် ခဲ့ရင် ဆိုပြီး ရင် ထဲ မှာ မချိခဲ့ဘူး ။ မင်း မျှော်ကြည့် နေခဲ့ပေမဲ့ မင်း ရဲ့ ခင်ပွန်း က အဲဒီ တိုက်ကြီး ထဲ မှာ ရှိ နေတာ သေချာ လို့ လား ကလေးမ ရယ် ။ တစ်နေရာ ရာ မှာ မူးယစ်ရီဝေ နေတာ မဖြစ်နိုင်ဘူး လား ။ မင်းကို ရော သတိရ နိုင်သေးရဲ့ လား လို့ မေးချင် ပေမဲ့ မဆိုင်ဘူး လေ ။ ကိုယ် က မင်း ရဲ့ မိဘ လည်း မဟုတ် ၊ ဆွေမျိုးသားချင်း လည်း မဟုတ်ဘူး ။

ဒါပေမဲ့ ကိုယ့် ရဲ့ ရင်နာစရာ မြင်ကွင်း လေး ပျောက် သွားအောင် အကြောင်း တစ်ရပ် ဖန် လာခဲ့တယ် ။ တိုက်ကြီး ပေါ် က လူတွေ ဒီ တိုက်ကြီး ထက် ကောင်း တဲ့ တိုက်ကြီး တစ်တိုက် ဝယ်ပြီး ရပ်ကွက် သန့်သန့်လေး တစ်ခု ကို ပြောင်းရွှေ့ သွားခဲ့ကြတယ် ။ ဒီ သတင်း ကို ကိုယ် ကြား သလို ကလေးမလေး လည်း ကြား လိမ့်မယ် ထင်တယ် ။ ဒီမှာ တင် လမ်း ပေါ်က အရုပ်မလေး ပျောက်ကွယ် သွားတော့တာပါပဲ ။

◾ မီမိုး

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၂၁
      ဒီဇင်ဘာလ ၊ ၁၉၉၉ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment