ဒါပေမယ့် အဖိတ်အစဉ် အလေအလွင့် တွေ က တော့ များတယ် ။ သူတို့ ပို ရှာတယ် ဆိုတာ က သူတို့ ပို သုံးဖို့ အတွက် လိုလို ဖြစ် နေတယ် ။ မိန်းမပျိုကလေး တွေ ဆိုတော့ လဲ ကိုဘဂျမ်း အနေ နဲ့ ပြောဖို့ ရာ ခက်တယ် ။ ခက်တာ က ယောက်ျားကလေး တွေ လို မဟုတ်ဘူး ။ အလှ ပြင်ဖို့ က လို သေးတယ် ။ နှုတ်ခမ်းနီ ဆိုးဆေးဖိုး ၊ သနပ်ခါးမိတ်ကပ်ဖိုး က လိုသေးတယ် ။
ပြီးတော့ အဲသည် ခေတ် ဈေးချိုသူ ဆိုတာ က နံ့သာဖြူ ကရမက် ကို ခြေဆုံး ခေါင်းဆုံး လိမ်းကြလေ့ ရှိတယ် ။ မျက်နှာ မှာ သာ သနပ်ခါး ပါးပါး လိမ်းပြီး ကရင်ပတ် နဲ့ ဖိကြတယ် ။ အခု ခေတ် လို တော့ ဆံပင်တွေ ကို ဖြတ်တာ တွေ ၊ ကောက်တာ တွေ မလုပ်ကြဘူး ။ မျက်တောင်တု တွေ ၊ မျက်ခွံဆိုးဆေး တွေ မသုံးကြဘူး ။
ဒါပေမယ့် လက်ဝတ်ရတနာ တွေ က တော့ အပြည့်အစုံ ဝတ် ကြတယ် ။ နားကပ် ရှိရမယ် ။ ဆွဲကြိုး ရှိရမယ် ။ လက်စွပ် ရှိရမယ် ။ ကြယ်သီး ရှိရမယ် ။ အဲ ... အရေးအကြီးဆုံး က တော့ ခြေချင်း ရှိရမယ် ။ နံ့သာဖြူ ၊ ကရှမက် ညီ နေအောင် လိမ်း ထားတဲ့ ခြေထောက်ဖျား မှာ လက်မ လောက် တုတ် တဲ့ ရွှေခြေချင်း ကို များ ဝတ် ထား လိုက်နိုင်ယင် ပီဘိ အလှအပ ပဲ ။
ပြီးတော့ အဲသည် ခေတ် တုန်း က ညီမ အချင်းချင်း ပဲ ဖြစ် ဖြစ် ၊ ရင်းနှီး တဲ့ သူငယ်ချင်း အချင်းချင်း ပဲ ဖြစ်ဖြစ် ၊ အပြင်ဘက် ကို ထွက် ကြယင် ထဘီအင်္ကျီ ဆင်တူ ဝတ်ကြလေ့ ရှိတယ် ။
စဉ်းစား ကြည့်ပေါ့လေ ။ အယင်တုန်း က ဆိုယင် မအေးနု တယောက် တည်း ။ အခု သုံးယောက် ။ တယောက် တည်း ဆိုင် ထွက် တော့ တယောက် တည်း အတွက် ပဲ အဝတ်အစား ဖိုး ကုန် တယ် ။ သုံးယောက် ဆိုင် ထွက် တော့ သုံးယောက် အတွက် ကုန်တယ် ။
အခက်သားပဲ ။ ကိုဘဂျမ်း အနေနဲ့ ဘယ်လို လုပ် ပြောမလဲ ။ ကိုယ့် မိန်းမ ဖြစ်တဲ့ မအေးနု ကို တောင် ပြောလို့ မနိုင်တဲ့ ကိစ္စ ။ ခယ်မ တွေ ကို ဘယ်လို လုပ် ပြောရမလဲ ။ ပြီးတော့ လဲ သည် အရွယ် မိန်းမပျိုကလေး တွေ ဆိုတာ က လှချင် ပချင် တယ် ။ ဝတ်ချင် စားချင် တယ် ။ ကိုဘဂျမ်း နှမသားချင်း လဲ စာ ပါတယ် ။ မပြော ရက်ပါဘူး ။
မပြောရက်တာ ၊ ပြောရက်တာ အပထား ။ သည် ကိစ္စ မှာ လဲ ခေါင်းဆောင် တော့ မအေးနု ။ မအေးနု ကိုယ်တိုင် က မှ ကလေး ခြောက်ယောက် အမေ ဖြစ်နေပါ လျက် ကယ် နဲ့ လှချင်ပချင် ဝတ်ချင်စားချင် နေသေးယင် ၊ အပျိုကလေးတွေ ကို ဘာ ဝေဖန် နေစရာ လိုတော့သလဲ ။
မအေးနု က တော့ မပြောနဲ့ ။ ကိုဘဂျမ်း ကိုယ်တိုင် လက်မြှောက် အရှုံးပေး ထားရတဲ့ မိန်းမ ။ အသုံးအစွဲ နဲ့ ပတ်သက် လို့ ကတော့ လုံးဝ ခြိုးခြံ မဆင်ခြင်ဘူး ။ အစား လဲ အစား မှာ မို့လို့ ၊ အဝတ် လဲ အဝတ် မှာ မို့လို့ ၊ ဘယ်တော့ မှ အနှမြော မရှိဘူး ။ အခြေအနေ က လဲ ချင့်ချိန်စဉ်းစား နေဖို့ မလိုတော့ ၊ တွက် လဲ လုံးဝ မတွက်ဘူး ။ ဝယ်ချင် ယင် ဝယ် ပစ် လိုက်တာပဲ ။ စားချင် ယင် စား ပစ် လိုက်တာပဲ ။
အမှန် ပြောရမယ် ဆိုယင် မယဉ်နု နဲ့ မဖြူနု တို့ က သိပ် မဆိုးလှပါဘူး ။ သူတို့ အစ်မ မအေးနု လောက် လဲ လက် မဖွာဘူး ။ သူတို့ သဘော နဲ့ သူတို့ လဲ သိပ် မသုံးရဲဘူး ။ နည်းနည်းလဲ ငယ်ကြ သေး တော့ အဆိုအပြော ခံရမှာလဲ ကြောက်ကြတယ် ထင်ပါရဲ့ ။ ဒါပေမယ့် သူတို့ အစ်မ မအေးနု လာတဲ့ အခါ မှာ ဝယ်လိမ့်မယ် ဆိုတာ ကို သူတို့ သိကြတယ် ။ သိကြတဲ့ အတွက် လဲ အထည် တွေ လာ ပြလေ့ ပြထ ရှိတဲ့ ဘောက်စ်ဝါးလား တွေ ကို မအေးနု လာချိန် မှာ ချိန်း ကြတယ် ။ မအေးနု က လဲ လာ ရောင်း တဲ့ အထဲ မှာ အဆင်ကောင်း အဆင်ဆန်းကလေး တွေ သာ ပါလို့ က တော့ ဝယ် ပစ် လိုက်တာပဲ ။ သုံးစ ၊ သုံးထည် ၊ သုံးယောက် အတွက် ။
သည်မှာ လဲ ကိုဘဂျမ်း စိတ် ကို လျှော့ လိုက်တယ် ။ သူ့ ဆိုင် နဲ့ သူ ဝင်ငွေ ကောင်း နေယင် ၊ အကျိုး ဖြစ်နေယင် ပြီး တာပဲ ။ မကန့်ကွက် တော့ပါဘူး ။ နေရာတကာ လိုက် ပြော ၊ နေရာတကာ လိုက် နှမြော နေတဲ့ ကပ်စေးနှဲ ကော်တရာကြီး ရဲ့ အဖြစ် ကို လဲ အဖြစ် မခံတော့ပါဘူး ။
အင်း ... မအေးနု ရဲ့ ဆိုင် နဲ့ ခင်မောင်လတ် ရဲ့ ပုံနှိပ်စက် ကို မပြောပါ နဲ့ ။ ကိုယ်တိုင် ကြီးကြပ် လုပ်ကိုင်တဲ့ “ ချမ်းအေး စာနယ်ဇင်း ” မှာ ပဲ ကြည့်ပါဦး ။ အလေအလွင့် အဖိတ်အစဉ် လုံးဝ မရှိဘူး လို့ အသေအချာ ပြောနိုင်ရဲ့လား ။ မပြောနိုင်ပါဘူး ။ သူ့ ဆိုင် မှာ လဲ အပျောက်အဆုံး တွေ က တော့ ရှိတာပဲ ။
ဆိုင် မှာ သူ ကိုယ်တိုင် အမြဲတမ်း ထိုင်တယ် ။ ဂရုတစိုက် ကြည့် တယ် ။ အလုပ်ကိစ္စ တခု ခု နဲ့ အပြင် ထွက် နေရလို့ သူ မရှိတဲ့ အခါ မှာ ဆိုယင် လဲ ခင်မောင်ဦး ရှိတယ် ။ ခင်မောင်ဦး ကိုယ်တိုင် က လဲ သည် စာနယ်ဇင်း ရောင်းဝယ် ဖြန့်ချီရေး လုပ်ငန်း မှာ ကျွမ်းကျင် နေပါပြီ ။ လက်ပွေ့ အရောင်းသမား နဲ့ တဆင့်ခံ ဖောက်သည် တွေ ကိုလဲ တယောက် မကျန် သူ မှတ်မိ နေပါပြီ ။ စာရင်းဇယား ကို လဲ နိုင်ပါတယ် ။ အမှားအယွင်း မရှိပါဘူး ။
ဒါပေမယ့် ရန်ကုန် ထုတ်ဝေသူ တွေ ကို စာအုပ် လှမ်း မှာ တဲ့ အခါ မှာ ၊ စာအုပ် တိုင်း တော့ လဲ အခန့်မှန်း အတွက်ချက် မမှန်ကန် နိုင်ဘူး ။
စာရေးဆရာ တယောက် ရဲ့ စာအုပ် ဆိုပါတော့ ။ စာအုပ် က အုပ်ရေ ငါးဆယ် တော့ ကုန်နေကျ ပဲ ဆိုပြီး ငါးဆယ် မှာ လိုက်တယ် ။ ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် ငါးဆယ် မကုန်ဘူး ။ လေးဆယ် ပဲ ကုန်တယ် ။ ဆိုပါတော့ ။ ဆိုင် ပေါ် မှာ ဆယ်အုပ် ကျန် နေရစ် ခဲ့တယ် ။ တပုံ့ ပုံ့ နဲ့ ။ တော်တော် နဲ့ ရောင်း လို့ မကုန်တော့ဘူး ။ ဆယ်အုပ် အတွက် ငွေရင်းမြုပ် ကျန် ရစ်ခဲ့တယ် ။
ခက်တာ က မြန်မာပြည် မှာ စာအုပ် ရောင်းရတာ က ရာသီ လဲ ရှိတယ် ။ မိုး ရာသီ မှာ ဆိုယင် တခြား ရာသီတွေ မှာ ထက် ပိုပြီး ရောင်း ရတယ် ။ လူတွေ က မိုး ကြောင့် အိမ် ထဲ က အိမ့် ပြင် မထွက်တော့ပဲ စာ ဖတ်ကြ လို့ ထင်ပါရဲ့ ။
အဲ ... မိုး ကုန်လို့ ဆောင်းရာသီ ကို ရောက်ပြီ ဆိုယင် တော့ စာအုပ် အရောင်းရ ထိုင်း သွားတယ် ။ သည်ရာသီ မှာ က ပွဲလမ်း သဘင် တွေ လဲ များတယ် ။ နေ့တာ က လဲ တိုတယ် ။ ကျောင်းသူကျောင်းသား တွေ အတွက်လဲ စာမေးပွဲကြီး နဲ့ နီးလာပြီ ။ စာကျက် ကြ ရပြီ ။ သည်တော့ စာ ဖတ်ချိန် သိပ် မရှိတော့ဘူး ။ စာအုပ် တွေ လဲ မရောင်းရတော့ဘူး ။
နောက် တကြောင်း က စာအုပ် မျက်နှာဖုံး ကောင်းဖို့ ၊ လှဖို့ က လဲ လို သေးတယ် ။ သည် စာရေးဆရာ တယောက် တည်း ရဲ့ စာအုပ် မှာ ပဲ မျက်နှာဖုံး လှ တဲ့ စာအုပ် နဲ့ မျက်နှာဖုံး ညံ့ တဲ့ စာအုပ် ၊ မျက်နှာဖုံး လှ တဲ့ စာအုပ် က ဘာပဲ ပြောပြော ပိုပြီး ရောင်းရတယ် ။
တချို့ စာဖတ် ပရိသတ် က တော့ စာအုပ် အထူအပါး ကို လဲ ကြည့် တတ်ကြတယ် ။ စာအုပ် ထူယင် တန်တယ် လို့ ထင်ကြ တယ် ။ စာအုပ် ပါးယင် မတန်ဘူး ထင်ကြတယ် ။ တန် မှ ဝယ် ကြတယ် ။
မှန်တာ ပေါ့ ။ စာရေးဆရာ တယောက် တည်း က ရေး ထုတ် လိုက်တာ ဖြစ်ပေမယ့် သူ့ ဇာတ်လမ်း အရ ရှည် တဲ့ အခါ ရှည်မယ် ။ တို တဲ့ အခါ တိုမယ် ။ ဇာတ်လမ်း ဇာတ်အိမ် က လဲ ကောင်း တဲ့ အခါ ကောင်းမယ် ။ ညံ့ တဲ့ အခါ ညံ့မယ် ။ ဇာတ်လမ်း အကောင်း အညံ့ ပေါ် မှာ မူတည်ပြီး တစိမ့်စိမ့် နဲ့ ရောင်း ရတဲ့ အတွက် နောက် တကြိမ် ထပ် မှာပြီး ရောင်းရတတ် တဲ့ စာအုပ်မျိုး လဲ ရှိတယ် ။ စောစော က ပြော သလို မူလ မှာ ထား တဲ့ စာအုပ် ကို ပဲ မကုန်ပဲ - ပုံ ကျန်ရစ် ခဲ့တာမျိုး လဲ ရှိတယ် ။ အမျိုးမျိုး ပေါ့လေ ။
ခက်တာ က ရာသီ ကို တွက်ပြီး စာအုပ် အမှာစာ မှာ အတိုး အလျှော့ လုပ်တာ က တော့ လွယ်ပါရဲ့ ။ ဒါပေမယ့် စာအုပ် ထူတယ် ပါးတယ် ၊ စာအုပ် မျက်နှာဖုံး ကောင်းတယ် ညံ့တယ် ဆိုတာ က တော့ များသော အားဖြင့် ကြို မသိနိုင်ဘူး ။ ဇာတ်လမ်း ဇာတ်အိမ် ကောင်းတယ် ညံ့တယ် ဆိုတာ က လဲ ဘယ်လို လုပ် ကြို သိ နိုင်မှာလဲ ။
အတွက်ချက် ရ အခန့်မှန်း ရ ခက်တယ် ။
ကိုဘဂျမ်း ကိုယ်တိုင် လဲ ပို သွား တဲ့ အခါ ပို တာပဲ ။ လို သွား တဲ့ အခါ လို တာပဲ ။ သည် စာအုပ် မှာယူတဲ့ အလုပ် ဆိုတာ က ကြုံ တဲ့ လူ က ကြုံသလို လုပ်ကြတာ ဆို တော့ ခင်မောင်ဦး မှာ လိုက် တဲ့ အခါမှာ လဲ ပို တဲ့ အခါ ပိုတာပဲ ။ လို တဲ့ အခါ လိုတာပဲ ။ ဘယ်သူပဲ မှာ မှာပါ ။ ဘယ်နည်း နဲ့ မှ တော့ ကွက်တိ မဖြစ်နိုင် ပါဘူး ။ များများ ပိုတာ လိုတာ နဲ့ ၊ နည်းနည်း ပိုတာ လိုတာ ပဲ ခြားနားပါတယ် ။ လိုတာ ပိုတာ အရေအတွက် မများ ဖို့ ပဲ အရေးကြီး ပါတယ် ။
သည် ပြဿနာ က တော့ ထားပါတော့ ။ ကိုယ့် အမှား နဲ့ ကိုယ် ဆိုတော့ ခွင့်လွှတ် နိုင်ပါတယ် ။
ဒါပေမယ့် တင်ရောင်း စနစ် နဲ့ ပို့ လိုက်တဲ့ စာအုပ်တွေ ကို မကုန်လို့ ပြန် ပို့ဖို့ စာရင်း ရှင်းလိုက်တဲ့ အခါ မှာ ရောင်းရတဲ့ စာရင်း ထဲမှာ က အုပ် လေးဆယ် ၊ လက်ကျန် စာအုပ် တွေ ကို လိုက် စု လိုက်တဲ့ အခါမှာ အုပ် ငါးဆယ် ၊ ဥပမာ .... အုပ် တရာ မှာ ထားတာ ဆိုတော့ ဆယ်အုပ် က ပျောက် နေရော ။ သည် ဆယ်အုပ် ဘယ် ရောက် သွားသလဲ ။ စာအုပ်သမား တွေ က ပဲ ခိုးသွား ကြ တာလား ။ ဒါမှမဟုတ် မောင်ချိန် တို့ လို အလုပ်သမား က ပဲ ရောင်း လိုက်ပြီး ၊ ရောင်းရငွေ ကို အစ ဖျောက် လိုက်တာလား ။ ဒါမှမဟုတ် ကိုယ်တိုင် ပဲ ရောင်းလိုက်ပြီး ၊ အရောင်းစာရင်း ထဲ မှာ မထည့် မိ တာလား ။ ဘာပဲ ပြောပြော စာအုပ် ငါးဆယ် ပဲ ပြန့် အပ်နိုင်တယ် ဆိုယင် ကျန်တဲ့ စာအုပ် ငါးဆယ် ကို ရောင်းရတယ် လို့ ပဲ တွက် ရမှာပေါ့ ။ ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ သည် စာအုပ် ငါးဆယ်ဖိုး အတွက် က တော့ ငွေ ရှင်းပေးရမှာပေါ့ ။
ပြီးတော့ စာအုပ် ရောင်း တဲ့ ဆိုင် ဆိုပေမယ့် ခင် ရာ ခင်ကြောင်း ၊ ပတ်သက် ရာ ပတ်သက်ကြောင်း တွေ ကို ငြင်း မကွယ်သာ ငှားရ ရမ်းရတာ တွေ ကလဲ ရှိသေးတယ် ။ မလွှဲ မရှောင်သာ မေတ္တာ လက်ဆောင် ပေးရတာတွေ က လဲ ရှိသေးတယ် ။
တချို့ က လဲ အလိုက် မသိကြဘူးလေ ။ ဖတ်ချင်တယ် ဆိုပြီး ခပ်တည်တည် ကောက် ယူ သွားတာပဲ ။ သားတို့ သမီး တို့ ရဲ့ ဆရာမ တယောက် က ဆိုယင် ရှုမဝ နဲ့ မြဝတီ မဂ္ဂဇင်း နှစ်စောင် ကို လစဉ် မှန်မှန် ဖတ်ချင်တယ် ဆိုလို့ ရောက်တာ နဲ့ တပြိုင်နက် ကလေး တွေ ရဲ့ လွယ်အိတ် ထဲ ထည့် ပေး လိုက်ရတယ် ။
အဲသည်လို အပျောက် အဆုံး ၊ အလေအလွင့် ၊ အဖိတ် အစဉ် တွေ လဲ ရှိတယ် ။
ပြီးတော့ ရန်ကုန် က စာအုပ် ထုတ်ဝေသူ တွေ နဲ့ စာရင်း ရှင်း ဖို့ အတွက် ရန်ကုန် ကို တလ တခေါက် သွားရတယ် ။ ပထမ ပိုင်း တုန်း ကတော့ လေးငါးဆယ်နှစ် ကိုဘဂျမ်း ကိုယ်တိုင် ပဲ သွားခဲ့တယ် ။ နောက်တော့ မန္တလေး က တခြား စာအုပ် ကိုယ်စားလှယ် တွေ နဲ့ အတူ ခင်မောင်ဦး ကို ထည့် လိုက်တယ် ။
ခင်မောင်ဦး က လဲ လည် ပါတယ် ၊ စာရင်း ရှင်းတန် တာ တွေ ရှင်း ပေး ပြီးလို့ ၊ လက် ထဲ မှာ ငွေ ပို နေသေးတယ် ဆိုယင် သေချာပေါက် အရောင်းရ တွင်ကျယ် နိုင်မယ့် စာအုပ် တွေ အတွက် ကြိုတင်ငွေ ပေးခဲ့တယ် ။ တခေါက် က နှစ်ခေါက် ၊ နှစ်ခေါက် က သုံးခေါက် ၊ ရောက်ဖူးပြီ ဆိုယင်ပဲ အထစ်အငေါ့ မရှိတော့ပါဘူး ။
ဘာပဲ ပြောပြော မန္တလေး နဲ့ ရန်ကုန် အသွားအပြန် စရိတ် ရှိတယ် ။ ရန်ကုန် ရောက် တော့လဲ တည်းခိုစရိတ် ရှိတယ် ။ ရန်ကုန် က ထုတ်ဝေသူ တွေ နဲ့ လဲ အပြန်အလှန် ဧည့်ခံကျွေး မွေးရတာ မျိုး ရှိတယ် ။ ပေါင်း လိုက် ယင် လေးငါးခြောက် ရက် ပဲ ကြာပေမယ့် ကုန်ကျစရိတ် များတယ် ။ ဒါတောင် အပြန် အလှန် လက်ဆောင် ပေးတာ မျိုး ကို အကျင့် လုပ်ထား တာ မဟုတ်ဘူး ။ သူများ က ပေးတဲ့ လက်ဆောင် ကို လဲ မယူဘူး ။ ကိုယ် က လဲ တပြားဖိုး မှ လက်ဆောင် မပေးဘူး ။
ဒါပေမယ့် ခင်မောင်ဦး ကို ရန်ကုန် လွှတ် မိတာ နဲ့ ပတ်သက် လို့ နောက်ပိုင်း ကျတော့ ကိုဘဂျမ်း မှားမှန်း သိလာတယ် ။
နောက်ပိုင်း ကျတော့ အကြောင်း အမျိုးမျိုး ပြပြီး ရန်ကုန် မှာ ကြာသင့် တာ ထက် ပို ကြာ လာတယ် ။ ပို ကြာလာတဲ့ အတွက် ကုန်ကျစရိတ် လဲ ပို များ လာတယ် ။
အစတုန်း က တော့ ကိုဘဂျမ်း လဲ မသိဘူး ။ လုံးဝ မရိပ်မိဘူး ။ ထင် လဲ မထင်ဘူးလေ ။
ဒါပေမယ့် ရန်ကုန် က ထုတ်ဝေသူ တချို့ မန္တလေး ကို တက်လာကြတဲ့ အခါမှာ တော့ ကိုဘဂျမ်း သတင်း အစအန ကြား ရတယ် ။ သူတို့ ချင်း နောက်ကြ ပြောင်ကြ ရာ က အစ ၊ ခင်မောင်ဦး အတွက် သံယောဇဉ် ငြိစရာ ရန်ကုန် မှာ ရှိ နေပြီ ဆို တာ ကို ကိုဘဂျမ်း သိ လာခဲ့ရတယ် ။
ဘယ်သူ ဘယ်ဝါ ဆိုတာ တော့ ကိုဘဂျမ်း မသိပါဘူး ။ ကိုယ် နဲ့ လဲ မဆိုင်ဘူး မဟုတ်လား ။ စပ်စုတယ် လို့ အထင် ခံရမှာ စိုးရသေးတယ် မဟုတ်လား ။ သည်တော့ ကိုဘဂျမ်း မေး မနေ ပါဘူး ။ အချိန် တန် လာယင် ခင်မောင်ဦး ကလဲ ဖွင့် မပြောပဲ နေမှာ မဟုတ်ပါဘူး ။
ဘာမှ တော့ မဟုတ်ဘူး ။ ခင်မောင်ဦး ဆိုတာ ကိုယ့် ညီ အရင်း လဲ မဟုတ်ဘူး ။ ကိုယ့် သား အရင်း လဲ မဟုတ်ဘူး ။ မအေးနု နဲ့ ပတ်သက် မှ တော် ရတဲ့ ယောက်ဖ ၊ ဒါပေမယ့် ကိုဘဂျမ်း တုန်လှုပ်မိတယ် ။
ခင်မောင်ဦး တော်တယ် ဆိုတာ ကို ကိုဘဂျမ်း သိတယ် ။ စီးပွားရေး မှာ လာဘ် မြင်တတ်တယ် ဆိုတာ ကို လဲ ကိုဘဂျမ်း နားလည်တယ် ။ စည်းကမ်းစနစ် ကောင်းတယ် ဆိုတာ ကိုလဲ ကိုဘဂျမ်း မြင်တယ် ။ ပြီးတော့ ကိုဘဂျမ်း ရဲ့ လက်ရှိ လုပ်ငန်း တွေ မှာ လဲ ခင်မောင်ဦး မရှိလို့ မဖြစ်ဘူး ။ နောင် တိုးချဲ့ လုပ်ကိုင်ဖို့ စီမံကိန်း ရေးဆွဲ ထားတဲ့ ယက်ကန်းလုပ်ငန်း မှာလဲ ခင်မောင်ဦး ကို အအုပ်ချုပ် ခိုင်းဖို့ လျာထားတယ် ။ သည်တော့ ခင်မောင်ဦး ရဲ့လုပ်အား လျော့ သွားမှာ စိုးတယ် ။ ခင်မောင်ဦး ကို လက်လွှတ် ဆုံးရှုံး လိုက်ရ မှာ ကြောက်တယ် ။
အမှန် က တော့ ခင်မောင်ဦး ရဲ့ အလွန် မဟုတ်ပါဘူး ။ ခင်မောင်ဦး မှာ အမှား လဲ မရှိပါဘူး ။ ကိုဘဂျမ်း ကိုယ်ချင်းစာ ပါတယ် ။
ကြည့်လေ ။ ခင်မောင်ဦး ရဲ့ အသက် သုံးဆယ် ကျော်စ ပြု နေပြီ ။ သဘာဝတရား အတိုင်း ပြောရယင် အိမ်ထောင် ပြု ချိန် တောင် လွန် လာပြီ ။ နောက်တောင် ကျ နေပြီ ။ သည် အချိန် အထိ အိမ်ထောင် မပြုပဲ အစ်ကို ကိုဘဂျမ်း နဲ့ အစ်မ မအေးနု တို့ ကျေနပ်အောင် အလုပ် ထဲ မှာ နစ် နေခဲ့ဘာပဲ လွန်လှပြီ ။ မိဘ မရှိတော့တဲ့ ညီငယ် ညီမငယ် တွေ အတွက် သည်လောက် အထိ အနစ်နာ ခံပြီး နေလာနိုင် ခဲ့တာ လဲ တော်လှပြီ ။
သဘာဝတရား အရ ပဲ ပြော ပြော ၊ လူမှုရေး အရ ပဲ ပြော ပြော ၊ ကိုဘဂျမ်း အနေနဲ့ ဘာမှ ကန့်ကွက်စရာ အကြောင်း မရှိဘူး ။ မရှိနိုင်ဘူး ။
ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရမယ် ဆိုယင် ကိုဘဂျမ်း နှမြော မိတယ် ။ ဘယ်သူ့ ကို မှ မပေးချင်ဘူး ။ ဘယ်သူ လက် ထဲ မှ အရောက် မခံချင်ဘူး ။ ကန့်ကွက်မယ် ဆိုယင် လူစိတ် မရှိရာ ရောက် မှာ စိုးလို့ သာ မကန့်ကွက်ပဲ နေတန် နေရမယ် ။ သိပ်တော့ မကြည်ဖြူချင် လှဘူး ။ မကျေနပ်ချင် လှဘူး ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment