❝ ဝမ်းမီး စွမ်းအင် ❞
ကီလိုမီတာ ၁၀၀ တာဝေး ပြိုင်ပွဲ မှာ ခါတိုင်း ဗိုလ်စွဲ နေကျ ပြိုင်ဘက် တွေ ကို ကျော်ဖြတ်ပြီး သူ ရွှေတံဆိပ် ရယူ ခဲ့တယ် ။ ညွန့်ဝေ ရဲ့ စံချိန် က မြန်မာ့ စံချိန် နီးနီး ကောင်းတယ် ။
အခုလည်း လက်ရှိ ချန်ပီယံဆု ကို ဆက်လက် ထိန်းသိမ်း ဖို့ သူ အချိန် မှန် လေ့ကျင့် နေတယ် ။ ရက်သတ္တပတ် တစ်ပတ် မှာ ဘယ်နှကီလိုမီတာ နင်း ရမယ် ၊ ဘယ်နေ့ အနား ယူမယ် ၊ တာဝေး ခရီး ဘယ်နေ့ ထွက်ရမယ် ဆိုတဲ့ လေ့ကျင့်ရေးဇယား သူ့ မှာ ရှိပြီးသား ။ သူ ရှေ့လျှောက် ကြုံတွေ့ ရမယ့် ပြိုင်ပွဲတွေ မှာ အနိုင် ရဖို့ လေ့ကျင့်ရေးဇယား ဟာ သူ့ အသက် လို အရေးကြီး မှန်း သိ နေပြီ ။ ပြိုင်ပွဲ ဝေးတဲ့ ကာလ လေ့ကျင့်ပုံ ၊ ပြိုင်ပွဲ နီးရင် လေ့ကျင့်နည်း တွေ သူ့ ဆရာ က သူ့ ကို လေ့ကျင့်ပုံဇယား တိတိကျကျ ဆွဲပေး ထားတယ် လေ ။
စောင်းသမားများ စောင်း ၇ ရက် မတီး ရင် လက် ပျက်တယ် ဆို သလိုမျိုး ညွန့်ဝေ တို့ လို ရည်ရွယ်ချက် ကြီး တဲ့ စက်ဘီးသမား တွေ လည်း စက်ဘီး နဲ့ ခြေထောက် နဲ့ ကြာကြာ ဝေး နေလို့ မဖြစ်ဘူး ။
တခြား ပြိုင်ဘက် တွေ ထက် ညွန့်ဝေ ရဲ့ အားသာချက် က တော့ အပျော်အပါး ၊ အသောက်အစား ကင်းတယ် ။ အာဟာရ ပြည့်ဝတဲ့ စားဖွယ် သောက်ဖွယ် တွေ မှီဝဲ နိုင်တဲ့ အခြေအနေ ရှိသူ တစ်ယောက် ပဲ ။ အဖိုးတန် စက်ဘီးပစ္စည်း
တွေ တပ်ဆင် ထားတဲ့ စက်ဘီး ချင်း အတူတူ ခွန်အား ရှိ မှ ၊ သက်လုံ ကောင်း မှ အားကစားသမား ကောင်း စိတ်ဓာတ် ရှိ မှ ပြိုင်ပွဲ မှာ အနိုင် ရတာ ဟုတ်လား ။ ညွန့်ဝေ ဟာ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ရှိတဲ့ စက်ဘီးသမား ကောင်း ရဲ့ အရည်အချင်း နဲ့ ပြည့်စုံတယ် ။
အညာနွေ ပူပူ ကို လည်း ညွန့်ဝေ မမှုခဲ့ဘူး ။ မိုးစက်မိုးမှုန် တွေ လည်း မရှောင်ဘူး ။ လမ်း ပေါ် မှာ အိုင်ထွန်း နေ အောင် မိုးတွေ ရွာ ထား ရင် တော့ လေ့ကျင့်မှု ကို မနားချင် ဘဲ နား လိုက်ရတယ် ။
ဇွန်လလယ် အညာ မနက်ခင်း ဟာ သာယာလှတယ် ။ နေမင်း ဟာ အရှေ့ဘက် ဆီ က တောင်တန်း တွေ ကို ကျော်ဖို့ လုံးပန်း နေချိန် တိမ်တွေ ရဲ့ အပြာနုရောင် ဝတ်စုံ မှာ လိမ္မော်ရောင် တွေ စွန်းပေ ကုန်ကြတယ် ။ တောင် ဘက် က လေပြေလေညင်း က တသုန်သုန် တိုက် နေ တာ ကြောင့် ညွန့်ဝေ ရဲ့ နား မှာ လေတိုးသံ တွေ ကြား နေရတယ် ။
ဒီ မနက် တော့ ညွန့်ဝေ နဲ့ အတူ နင်းဖော် နင်းဖက် သူငယ်ချင်း နှစ်ယောက် အတူ လာ လေ့ကျင့် ကြတယ် ။ ညွန့်ဝေ လို ပဲ တိုင်း လက်ရွေးစင် အဆင့် ရှိတဲ့ စက်ဘီးသမားလေး တွေ ဖြစ်ကြတဲ့ အောင်ကျော်မိုး နဲ့ ဇော်ဇော်ထွန်း တဲ့ ။ ဒီ လူငယ် တွေ က ညွန့်ဝေ လောက် တော့ လေ့ကျင့်ရက် မမှန်ကြဘူး ။ လုံ့လ မရှိကြဘူး ။ အိမ် က နေ တာလမ်း ပေါ် စက်ဘီး စီး ၊ ထွက် တစ်ရက် မထွက် နှစ်ရက် ဆိုတဲ့ လူငယ်လေး တွေ ။ ဒါပေမဲ့ ညွန့်ဝေ နဲ့ အတူတူ တွဲပြီး လေ့ကျင့် ရင် သူတို့ အတွက် အကျိုး ရှိမှန်း တော့ သိကြတယ် ။
ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်းမကြီး ပေါ် မှာ စက်ဘီး သုံးစင်း ဟာ လေ ကိုဆန်ပြီး နင်း နေကြတယ် ။ ချမ်းမြသာစည် က နေ ကျွဲဆည်ကန် အထိ ဇော်ဇော်ထွန်း က ဦးဆောင် ပြီး နင်းတယ် ။ ကျွဲဆည်ကန် တံခွန်တိုင် အထိ အောင်ကျော်မိုး ဦးဆောင်တယ် ။ ခြေညီ လက်ညီ ရှိလှတဲ့ စက်ဘီးသမား သုံးယောက် ရှေ့နောက် တန်းစီ ပြီး ခပ်သွက်သွက် နင်း လာ လိုက်ကြတာ ရထားစက်ခေါင်း တစ်လုံး အရှိန် နဲ့ ခုတ်မောင်း လာတာ နဲ့ တောင် တူ နေသေး တယ် ။ ရောင်စုံအင်္ကျီ အကျားလေး တွေ မြင် ရတာ နံနက်ခင်း နေခြည်နုနု ထဲ မှာ
ဝင်းပသွက်လက် နေကြတယ် ။
အောင်ကျော်မိုး ရှေ့ဆုံး က ဦးဆောင် နင်း နေတုန်း မှာ ကျောက်ဆည် ကား တစ်စင်း သူတို့ အနား က ပွတ်ကပ်ပြီး ကျော်တက် သွားတယ် ။ စက်ဘီးသမား တွေ နာစေရော့ ဆိုပြီး ရည်ရွယ်ချက် နဲ့ တမင် သက်သက် ပွတ်ကပ်ပြီး ဆွဲတာ တော့ ဟုတ်ဟန် မတူဘူး ။ ကားလမ်း ရဲ့ အလယ် မှာ တစ်ထွာ နီးနီး ခွက် နေပြီး တစ်လံ လောက် ကျယ်တဲ့ ချိုင့်ခွက် ကို ရှောင် ရင်း မတော်တဆ ဖြစ်သွား တာ ထင်ပါရဲ့ ။ ဒီ သုံးယောက် က လည်း မတုန်လှုပ်ကြဘူး ။ ဒါမျိုး ကြုံဖူးလှပြီလေ ။
တံခွန်တိုင် ကျော် တော့ ညွန့်ဝေ က ဦးဆောင်ပြီး နင်းတယ် ။ ကျန်တဲ့ သူငယ်ချင်း နှစ်ယောက် က ထုံးစံ အတိုင်း ညွန့်ဝေ စက်ဘီး နောက် က ကပ်လျက် လိုက်သွား ကြတယ် ။ ရှေ့က ဦးဆောင် တဲ့ သူ က တိုး နေ တဲ့ လေ ကို ခွဲ ပစ်တာ ကို နောက်လူ တွေ က အခွင့်ကောင်း ယူပြီး နင်း ကြတာ ။ ဒီလို နင်း တော့ လူ အပင်ပန်း နည်းနည်း သက်သာတယ် ဟုတ်လား ။
ညွန့်ဝေ ဦးဆောင် နင်း လို့ နှစ်ဖာလုံ လောက် အရောက် မှာ သူတို့ စက်ဘီး အုပ်စု နောက် က တစ်ဦး တစ်ယောက် တော့ ကပ်ပြီး လိုက်လာ နေသံ အရင်ဆုံး ကြား ရတယ် ။ ပိုသေချာ အောင် လို့ စက်ဘီး လက်ကိုင် ထား တဲ့ လက် ရဲ့ ချိုင်း ကြား ထဲ က လျှိုပြီး အသာ ကြည့် လိုက်တဲ့ အခါ ရိုးရိုး ၂၈ လက်မ စက်ဘီး ကြီးနဲ့ ချာတိတ် တစ်ယောက် အတင်း နင်း လိုက်လာတယ် ။ ညွန့်ဝေ မထီတရီ ပြုံး မိတယ် ။
ညွန့်ဝေ တို့ အောင်ကျော်မိုး တို့ တစ်တွေ ဒီလို အဖြစ်မျိုး ကြုံဖူးလှပြီ ။ နွားနို့ ပို့တဲ့ ကု,လား တွေ နို့ပုံး တွေ ချိတ်ပြီး သူတို့ နဲ့ လိုက် ယှဉ်နင်း တတ်တယ် ။ လမ်း မညီ တိုင်း နို့ပုံး မြည်သံ တဂျိုင်းဂျိုင်း နဲ့ ဆူညံ နေတော့တာပေါ့ ။ ဒီလို မြင်ကွင်း ကို မြင်မြင် သမျှ ပရိသတ် တွေ က စိတ်ဝင်စားကြတယ်လေ ။
အဲဒီလိုပဲ ... တစ်ခါတလေ ရွာ ထဲ မှာ ဘက်ထရီအိုး တွေ လိုက် ဖြန့်တဲ့ သူတွေ လည်း သူတို့ ကို လိုက်ပြီး ယှဉ် တတ်တာပဲ ။ ရွာတကာ လှည့်ပြီး ဟင်းစားကြက် လိုက် ဝယ်တဲ့ သူ တွေ လိုက်ပြီး ယှဉ် ရင် ပိုပြီး ရယ်စရာ ကောင်း တယ် ။ နို့ ပို့ တဲ့ ကု,လား တွေ လို နို့ပုံးသံ တဂျိုင်းဂျိုင်း တော့ မမြည်ပေမဲ့
ကြက်သမား တွေ ဖမ်း လာတဲ့ ကြက် တွေ ထဲ က ကြက်ဖ က ထ တွန် ချင် တွန်လိုက်သေးတာ ။
အခု လိုက် လာတဲ့ ကောင်လေး က တော့ နောက်ဆုံး က အောင်ကျော်မိုး ကို ကျော်တက် ရုံ တင် မကဘူး ၊ ဇော်ဇော်ထွန်း ကို ပခုံးချင်း ယှဉ်တယ် ။ သူတို့ တစ်တွေ လည်း နင်း အား ကို မသိမသာ မြှင့် ရတာပေါ့ ။ ဒီလို မြှင့် တာ ကို ပြိုင်စက်ဘီးသမား အချင်းချင်း နားလည်ကြတယ် ။ နောက် က လိုက်လာတဲ့ ကောင်လေး က ၂၈ လက်မခွေ စက်ဘီးကြီး ရဲ့ နောက် ကယ်ရီယာ မှာ နို့အေးချောင်း ထည့် တဲ့ ပုံး တစ်ပုံး တင်လာ သေးတယ် ။ သတ္တုပုံး ဆိုတော့ နည်းနည်း မြည် တာပေါ့ ။
ကောင်လေး က ဇော်ဇော်ထွန်း ကို ကျော်ပြီး ရှေ့ဆုံး က ညွန့်ဝေ နဲ့ ယှဉ် နင်း လာတယ် ။ ညွန့်ဝေ က စက်ဘီး ကို ခပ်သွက်သွက် နင်း ရင်း နို့အေးချောင်း ကောင်လေး ကို တစ်ချက် အကဲခတ် လိုက်တယ် ။ သူ့ ညီ အရွယ် လောက် ကလေး ပဲ ။ ကောင်လေး က လည်း ခပ်သွက်သွက် နင်း ရာ က သူ့ ကို လှမ်း ပြုံး ပြတယ် ။ သဘောရိုး နဲ့ ပြုံးတာ လည်း ဖြစ်နိုင် သလို အစ်ကို တို့ လောက် တော့ ကျွန်တော် လည်း နင်းနိုင်ပါတယ် ဆိုတဲ့ အပြုံး လည်း ဖြစ်နိုင် တယ် ။
နေ လောင် ထား လို့ အသားလေး တွေ ညို နေရှာ တဲ့ ချာတိတ် ရဲ့ ပါး မှာ တင်းတိပ်ကွက်လေး တွေ စွဲ နေ လိုက်သေးတယ် ။ နှုတ်ခမ်း အထက် ဆီ မှာ ချွေးဥလေး တွေ စီ နေပြီး နားထင် တစ်လျှောက် မှာ ချွေးစီးကြောင်း က ထင်ထင်ရှားရှားကြီး ။
ဒီ လမ်း တစ်လျှောက် က ညွန့်ဝေ တို့ နောကျေ နေတဲ့ လမ်း ။ တံခွန်တိုင် အထွက် တောင်မြင့် မရောက် ခင် မှာ ကုန်းအတက် လေး ရှိတယ် ။ အဲဒီ ကုန်း က အတက်လေး မှာ အရှိန် ပြင်းပြင်း နဲ့ အားစိုက် နင်း လိုက် ရင် ဒီ ကောင်လေး ပြတ် ကျန်ရစ်မှာပဲ ။ နောက် က အတူ နင်းနေကျ ပြိုင်စက်ဘီးသမား တွေ ကို ဘာမှ ပြောနေစရာ အချက်ပြ နေစရာ မလိုဘူး ။ ဒီလို ကြုံလာရင် အသာလေး မျှဉ်း ပြီး မသိမသာ တွဲ ခေါ်လာခဲ့ ။ တောင်မြင့် အတက် ကျရင် ခြေကုန်သုတ် လိုက် ရင် ပွဲသိမ်း ရော ။
ညွန့်ဝေ နင်း အား ကို တဖြည်းဖြည်းချင်း တင်ရာ က ကုန်း အတက် မှာ အားကုန်သုတ် တော့တာပဲ ။ တကယ် လက်တွေ့ မှာ တွေးထင်ထားတဲ့ အတိုင်း ပဲ နို့အေးချောင်းသည်ကလေး ခမျာ ကျန် နေရစ် ရှာတယ် ။ သူ့ ခမျာ နို့အေးချောင်းပုံးကြီး က လည်း ပါ သေးတယ် ။ ဒါပေမဲ့ သူ လည်း နင်း နိုင် သလောက် တော့ ကြိုးစား နင်း ရှာသေးတယ် ။ ဒါပေမဲ့ ဘယ် ယှဉ် နိုင်မလဲ ။
ညွန့်ဝေ ရဲ့နောက် ခပ်လှမ်းလှမ်း က အောင်ကျော်မိုး ၊ ခဏ နေ မှ ဇော်ဇော်ထွန်း မီ လာတယ် ။ အသက်ရှူသံ ပြင်းပြင်း ၊ စက်ဘီးတာယာ နဲ့ ကတ္တရာလမ်း ပွတ်ကြိတ်သံ ၊ ချိန်းကြိုး နဲ့ ခွေးသွားစိပ် ထိခတ်သံ တွေ ကြား မှာ ကိုယ့် နှလုံးခုန်သံ ပြင်းပြင်း ကို ပြန် ကြားရတာ ဟစ်ဟော့ တစ်ပုဒ် ရဲ့ တေးသွား လိုပဲ ။
ညွန့်ဝေ က သူ့ မေးစေ့ မှာ တွဲလွဲ လာ ခိုတဲ့ ချွေးစက် တွေကို ဂျာစီပခုံးစွန်း နဲ့ သုတ် လိုက်တယ် ။ အောင်ကျော်မိုး တို့ က ဂျာစီလက်မောင်း နဲ့ နားထင် တွေ ပွတ်သုတ် ကြတယ် ။ တစ်ခါ သုတ် လို့ မပြောင် တဲ့ အခါ နောက် တစ်ကြိမ် သုတ် ရတယ်လေ ။ ဇော်ဇော်ထွန်း က လည်ချောင်း ထဲ မှာ တက် လာတဲ့ သလိပ် ကို ခပ်ပြီး ထွေးထုတ် လိုက်တယ် ။
ခုန က လောက် တော့ မမြန်ကြတော့ ပေမဲ့ ပြိုင်စက်ဘီး တွေ က ခပ်သွက်သွက် ပြေး နေကြတုန်းပဲ ။ စက်ဘီး သုံးစင်း နဲ့ ပြိုင်ဘီးသမား သုံးဦး ရဲ့ အရိပ် တွေ ဟာ ကားလမ်းဘေး က စိမ်းမြမြ ပျိုးခင်း ထဲမှာ တရိပ်ရိပ် နဲ့ ။ သူတို့ စက်ဘီး နင်းရင်း အမော ကို ဖြေ နေကြရ တာလေ ။
မကြာပါဘူး ၊ နို့အေးချောင်း ချာတိတ် သူတို့ နောက် ကို ရောက် လာ တယ် ။ သူတို့ လည်း စက်ဘီး နင်း အား မသိမသာ ပြန် တင် ရတာပေါ့ ။
တစ်လှည့် စီ ရှေ့ က ဦးဆောင်ကြကြေး ဆိုရင် တော့ ဇော်ဇော်ထွန်း အလှည့် ပြန် ရောက်ပြီ ။ ဒါပေမဲ့ ဇော်ဇော်ထွန်း သာ ရှေ့က ဆိုရင် နို့အေးချောင်း ကောင်လေး ကို လွတ် အောင် နင်းနိုင်ချင် မှ နင်း နိုင်မယ် ။ အောင်ကျော်မိုး ကို ရှေ့က ဦးအဆောင် ခိုင်း ရင် လည်း ဒီ ချာတိတ် နဲ့ လွတ်အောင် နင်း နိုင်မှာ မဟုတ်ဘူး ။ အောင်ကျော်မိုး က သူတို့ အထဲ မှာ ဝါ အနုဆုံး ၊ ခန္ဓာကိုယ် အလှီဆုံး ။ ဒီတော့ ရွှေတံဆိပ်ဆုရှင် ပူပူနွေးနွေး ဆိုတော့ ထပ်ပြီး ဦးဆောင် ရ ပြီပေါ့ ။ နို့အေးချောင်း ကောင်လေး ရဲ့ ခန္ဓာကိုယ် သေးသေးလေး ဟာ ချွေး တွေ နဲ့ စိုကပ် နေတဲ့ စပို့ရှပ်လေး ကြောင့် ပိုပြီး ပိန်လှီ သွား သလို ။
ညွန့်ဝေ တို့ အရှိန် ကို မသိမသာ တဖြည်းဖြည်း ချင်း ပြန် မြှင့်ကြ ပြန် ရော ။ နို့အေးချောင်း ကောင်လေး အံ ကြိတ်ပြီး လိုက် လာတာ လှစ်ခနဲ မြင် လိုက် ရတယ် ။ ဘယ်ရမလဲ ရှေ့နား မှာ နတ်ရေကန်ကုန်းတက် ရှိတယ် ။ ဒီ အတက် က မသိမသာ တက် ရတဲ့ ကုန်းတက် အရှည်မျိုး ၊ ဒီလို အတက်မျိုး တော့ ပြိုင်ဘီး သမားချင်း တောင် အလေ့အကျင့် မရှိရင် ကျန်ခဲ့တဲ့ ကုန်းတက်
လေ ။
နွားနို့ကု,လား တွေ ၊ ကြက်သမား တွေ လိုက် ယှဉ် မှ မဟုတ်ပါဘူး ၊ နို့အေးချောင်း ကောင်လေး လိုက် ယှဉ် တာ လည်း ကြည့်ချင်ပွဲ တစ်ခု လိုပဲ ။ အနား ဝန်းကျင် မှာ ရှိတဲ့ လူတွေ စိတ်ဝင်စားကြတယ် ။ မျက်နှာချင်းဆိုင် အရပ် က ဆွမ်းခံ ကြွ လာတဲ့ ကိုရင် တွေ သပိတ် ကို နာနာ ပိုက်ထားကြပြီး သမင်လည်ပြန် လိုက်ကြည့် ကြတယ် ။
ဒီ တစ်ခါ တော့ ပွဲသိမ်း သဘောမျိုး ညွန့်ဝေ အားကုန်ညှစ် ရုန်းလိုက် တယ် ။ စက်ဘီး အမျိုးအစား ချင်း လည်း ကွာ သလို စက်ဘီး တန်ဖိုးချင်း လည်း ဘယ် ချိန်စက် လို့ ရမလဲ ။ ခန္ဓာကိုယ် ကာယဗလချင်း လည်း တခြားစီ ဟုတ်လား ။ ညွန့်ဝေ တို့ ကို နို့အေးချောင်း ကောင်လေး မယှဉ်နိုင်ဘူး ။
ဟိုဘက် ကုန်း အဆင်း မှာ လည်း ညွန့်ဝေ ရဲ့ ခြေထောက်တွေ ဟာ
စက်တပ် ထား သလိုပဲ ။ မော တာ လည်း အတော် မော နေ ကြပြီ ။ ဒါပေမဲ့ စိတ်နှလုံး တုံးတုံးချပြီး လျှော့ ပစ် လိုက်လို့ မဖြစ်ဘူး ။ ပြတ်လက်စ နဲ့ ပြတ် နေအောင် နင်း ထား မှ ၊ ညွန့်ဝေ သူ့ အတွေ့ အကြုံ အရ ခပ်သွက်သွက် နင်း တယ် ။ ဒီလို နင်းလိုက် ပြန် တော့ လည်း ဇော်ဇော်ထွန်း တို့ အောင်ကျော်မိုး တို့ ပါ ကျန်ရစ်ခဲ့ကြ ရော ။ မတတ်နိုင်ဘူး နေပစေ ။ ခြေစွမ်း မရှိတဲ့လူ ကျန်ခဲ့ပစေ ။
တော်တော် ကြာ တဲ့ အထိ သူ့ အနား ကို ဘယ်သူ မှ မီအောင် မနင်းနိုင်ကြ တော့ဘူး ။ သမားစဉ် အရ ၊ သမ္ဘာ အရ တော့ ဇော်ဇော်ထွန်း က အရင် ရောက် ၊ ဝါ နုတဲ့ အောင်ကျော်မိုး က နောက် မှာ ပဲ လို့ ညွန့်ဝေ တွေး ထားပြီးသား ။
အသက် ကို ပြင်းပြင်း ရှူရင်း စက်ဘီး ကို ခပ်သွက်သွက် နင်း နေရင်း နား ထဲ မှာ တာယာ နဲ့ ကတ္တရာလမ်း ပွတ်သံ ကြား လိုက်ရတယ် ။ ဒီ အသံ ကြား လိုက်တော့ ညွန့်ဝေ ရဲ့ဆံပင်မွေး တွေ ထောင် သွားတယ် ။ သူ့ အတွေ့အကြုံ အရ သိ လိုက်ပြီ ။ ဒီ အသံ ဟာ ပြိုင်စက်ဘီး တာယာ နဲ့ ကတ္တရာလမ်း ပွတ်ကြိတ်သံ မဟုတ်ဘူး ။
ညွန့်ဝေ တွေးထင် တာ အမှန်ပဲ ။ နို့အေးချောင်း ကောင်လေး သူ့ ကို မီ လာ တာလေ ။ သူ ဟန် မလုပ်နိုင်ဘူး ။ ကြိုဆို လှိုက်လှဲ တဲ့ အပြုံး ပြုံး ပြရင်း ကောင်လေး ကို မေးမိတယ် ။
“ ညီလေး ...ဘာဖြစ်လို့ အစ်ကိုတို့ ကို လိုက် ပြိုင် နေတာလဲ ”
ကောင်လေး က “ အစ်ကိုတို့ ကို လိုက် ပြိုင်တာ မဟုတ်ပါဘူး ။ နို့အေးချောင်း တွေ အရည်ပျော် ကုန် မှာ စိုးလို့ပါ ။ မြစ်ငယ်ကျောင်း ကို သွား ရောင်း ရမယ်လေ ။ ရေခဲချောင်းသည် တွေ က အများကြီး ၊ ကိုယ် က အရင် ဦးအောင် ရောက် နေမှ ”
ညွန့်ဝေ က မိတ္တဗလဋီကာ ဖတ် ထားတဲ့ သူ မဟုတ်လား ။
“ ညီလေး ရဲ့နင်းအား တော်တော် ကောင်းတာပဲ ”
နှုတ် က သာ ဒီလို ပြော လိုက်တာ စိတ် ထဲ မှာတော့ ကုန်း အတက် မှာ ငါတို့ ကျွတ် အောင် ချွတ် တော့ လည်း မင်း ကျန်ရစ်တာပဲ ဟုတ်လားလို့ ပြော နေ မိတယ် ။
နို့အေးချောင်း ကောင်လေး က သူ့ စက်ဘီး လက်ကိုင် မှာ ချိတ် ထားတဲ့ ကြွပ်ကြွပ်အိတ် အမည်းလေး ကို လက် နဲ့ အသာ ပုတ်ပြရင်း ...
“ ဒါတောင် ကျွန်တော့် စက်ဘီး ချိန်းကြိုးပြတ် သွားလို့ ဆင်း ပြီး ချိန်း လဲ ခဲ့ရသေးတယ် ”
◾ညီပုလေး
📖 တတိယမြို့တော်သား ရဲ့ အလွမ်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment