Thursday, October 1, 2026

ခေတ်သစ်ငိုချင်း


❝ ခေတ်သစ်ငိုချင်း ❞ 
( ဇော်သစ် - စကုကျွန်း )

တက္ကသိုလ် တတိယနှစ် ကျောင်းသား တစ်ယောက် ကရုဏာဆည်မှာ ရေကစားရင်း ရေနစ်ပြီး ဆုံးလို့ ဆေးရုံကို ပို့ထားတယ်ဆိုတဲ့ သတင်းကြောင့် ကျွန်တော်တို့ ပရဟိတ လူငယ်အဖွဲ့ အကူအညီပေးဖို့ ရောက်သွားကြတော့ သတင်းမေးဖို့ ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေက အခန်းထဲမှာ ပြည့်ကျပ်နေပြီ။ ဆရာဝန်နှင့် ရဲတွေ စစ်ဆေးပြီးလို့ အတန်ကြာမှ ကျန်သူက ကျန်၊ ပြန်သူက ပြန်သွားကြတော့တယ်။ အဲဒီတော့မှ ကျွန်တော်တို့ ပရဟိတ လူငယ်အဖွဲ့လည်း အခန်းထဲသို့ ဝင်လိုက်ကြတယ်။ ကျွန်တော်တို့ အားလုံး အလောင်းအတွက် လိုအပ်တာတွေကို ဆောင်ရွက်နေစဉ် ဘေးနားခုတင်က မိန်းမကြီးတစ်ယောက်က “ငါ့သားလေးကို ကယ်ကြပါဦးရှင်” ဆိုပြီး အလန့်တကြား အော်သံကြောင့် အားလုံး လှည့်ကြည့်လိုက်တော့ လူနာက ခုတင်ပေါ်မှာ တက်နေပြီ။ ဆရာမကို အမြန်ဆုံး သွားခေါ်ပြီး ဆေးထိုး ပေးလိုက်တော့မှ အတက်က ကျသွားတယ်။ အနားက မိန်းမတစ်ယောက်ကတော့ အရက်သောက်လို့ အိမ်မှာလည်း ဒီလိုပဲ ခဏ ခဏ တက်တတ်တယ်တဲ့။ အဲဒီတော့မှ ကျွန်တော်တို့လည်း အရက်သမားမှန်း သိလိုက်ရတယ်။ ပြီးမှ ကျွန်တော်တို့ အားလုံးလည်း အလောင်းတင်ထားတဲ့ ခုတင်ဘက် ပြန်လာပြီး ဆောင်ရွက်စရာများကို ပြုလုပ်နေကြစဉ် အရွယ် ကောင်းကောင်းနဲ့ မိန်းမတစ်ယောက် ဗြုန်းစားကြီး ရောက်လာပြီး အလောင်းကို ဖက်ကာ အားရပါးရ ငိုပါလေတော့တယ်။

“ဒီလောက်ခေတ်ကြီးမှာ စာမတတ်၊ ပေမတတ်၊ အရက်တွေ ပတ်သောက်နေကြတဲ့ ဆန်ကုန်မြေလေး လူတွေကျတော့ မခေါ်ဘဲ ပညာတတ်ကျောင်းသားကလေး ငါ့မောင်ကိုမှ ရွေးခေါ်ရသလား၊ မတရားလိုက်တာ သေမင်းကြီးရယ်”

ကျွန်တော်တို့ အားလုံး မတ်တတ်ရပ်ပြီး ငေးမောနေကြစဉ် ဘေးနားက လူကြီးတစ်ယောက်က...

“အင်း ... ခေတ်သစ်ငိုချင်းဆိုတာ ဒါမျိုးပြောတာရှိမယ်” ဆိုပြီး ခပ်တိုးတိုးလေး ပြောသံနဲ့အတူ လှည့်ထွက်သွားတော့ ကျွန်တော်တို့ အဖွဲ့လည်း အားမရ၊ ဝမ်းမသာ ပြုံးမိလိုက်ကြပါတော့တယ်။

▢  ဇော်သစ် (စကုကျွန်း)
📖 မဟေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၈

ကြက်ပွဲမှ အပြန်

❝ ကြက်ပွဲမှ အပြန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

ပေါင်းလန်အောင် လာနေသော ရေကို မြင်ရသည့် အတွက် ရီးဆေးရိုး ရင်ထဲမှာ မတင်မကျစိတ်သည် ပို၍ ကြီးမားလာရလေ၏။ မုန်းမြောင်းရေသည် မြောင်းပေါင်ခြေအထိ ပြည့်နေသည်။ စာပုစဉ်းထိုးများသည် တစ်ချက်တစ်ချက်၌ ရေကိုရှပ်၍ ထိုးပျံသွားကြ၏။ သည်ရေအလျဉ်တွင် အမြှုပ်များ ဖောင်ဖွဲ့ မျောပါလာကြ၏။ သစ်ခက်တစ်စသည် တဝေါဝေါ စီးဝင်နေသော ‘ဝါတာကွပ်’ အဝ၌ ဆို့နေသည်။ ကောင်းကင်၌ မိုးသား မရှိ၊ တိမ်လိပ် မငြိ။ ကြည်စင်သမျှ လဲ့လဲ့ ပြာအောင် ကြည်စင်နေ၏။ သည်ကောင်းကင် အောက်၌ ညှိုးငယ်နေသော နှမ်းခင်းများနှင့် ဝါခင်းများ။

ဝါပင်များသည် ညှိုးငိုက်နေလျက်က ဝါပွင့်ကလေးများ ဝါပေါက်ကလေးများကို အားယူပွင့်နေကြငြား မများလှ။ အဘယ်မှာ များနိုင်ပါမည်နည်း။ မိုးမှ မရွာပေဘဲကိုး။ နှမ်းပင်ကလေးများကား ဝါပင်လောက် ဇွဲမရှိ၊ အားမရှိ၊ တစ်ပွင့်တလေ ပွင့်သည်ဆိုရုံ မျှသာရှိသော ခေါင်းလောင်းပုံပွင့် ပြာကလေးများနှင့်အတူ ညှိုးသမ်းနေကြသည်။ တစ်ရက် နှစ်ရက် အတွင်း မိုးမရွာလျှင် သည်အပွင့်ကလေးတွေ ပွင့် ခြောက်လိုက်ကုန်မည်။ တဖြည်းဖြည်း အပင်ပါ သေမည်။

“သည်လိုဆို ရေသွင်းလိုက်ရ ကောင်းမလား”

ရီးဆေးရိုး တွေးသည်။

မြောင်းရေသည် မိုးရေ၏ စွမ်းအား အာနိသင်ကို မမီငြား၊ အပင်မသေအောင်မူ ထိန်းထားနိုင်သည်။ သို့ပါလျက်နှင့် ရီးဆေးရိုး တွေဝေနေရခြင်းမှာ မိုးကြောင့်ဖြစ်သည်။ ကောင်းကင်ပြင်သည် ယခု ကြည်လင်နေငြား တစ်နာရီအတွင်း မင်ခိုးမင်တောင် မိုးသားများဖြင့် ပြည့်ဆိုင်းလာ၏။ ဟိုနားသည်နားမှ မိုးချုန်းသံ တဂျိမ်းဂျိမ်း၊ လျှပ်ရောင် တဝင်းဝင်းကို မကြာခဏ ကြားရမြင်ရသည်။ သည်အခါ ရီးဆေးရိုး တွန့်နေမိ၏။ ရွံ့နေမိ၏။ သည်အထဲတွင် ထန်းသီး မှည့်တွေကလည်း အကြွေများနေသည်။ ထန်းသီးဒုန်းဒုန်း မိုးဖြုန်းဖြုန်း ဆိုမဟုတ်လား။ သည်မျှသာမကသေး။ အပူအအိုက်လည်း လျော့သွားသည်။ တစ်ခါတစ်ရံ မိုးတောကို ဖြတ်သန်းတိုက်ခတ်လာသော လေကိုလည်း တွေ့ထိနေရသည်။ ထိုလေတွင် မိုးနံ့ အပြည့်။ သည်အခါ အနီးအနားတွင် မိုးကောင်းစွာ ရွာနေပြီဟူသည်ကို မည်သူ့အားမျှ မမေးဘဲနှင့် သိနေရသည်။ သည့်နှယ် မိုးနှင့် လက်တစ်ကမ်းတွင် ရှိနေဆဲဝယ် နှမ်းခင်း ရေသွင်းမိ၍ ရေလည်း သွင်းပြီးရော မိုးကြီးလည်း ရွာချပြီဆိုလျှင် နှမ်းပင်တွေ အမြစ်ပုပ်ပြီး သေကုန်သည်က အရေးမကြီး။ မိုက်ပါဘိ ဆေးရိုးရယ်၊ ကျုပ်တို့များ တိုင်ပင်ပါဦးတော့ အရီးရာ ဆိုလာမည့် ပါးစပ်များမှာ သောင်းကပ်ချေရော့မည်။

ရီးဆေးရိုးမှာ ပျိုးခင်း ကြဲပြီးပြီ။ သို့ကြောင့် လယ်ပြင်သို့ မသွားလျှင်လည်း ဖြစ်၏။ သို့သော် လင်းလာလျှင် လင်းလာချင်း ခြေထောက်များက လယ်ပြင်သို့ အလိုလို ဆွဲခေါ်ပြီးသား ဖြစ်နေသဖြင့် ငန်းပြား မပါ၊ ဓား ဗလာဖြင့် ကိုယ်ချည်းသက်သက် ခြေဦးလှည့် လာမိခြင်းဖြစ်၏။ လာမိသော်ငြား စိတ်ကမပါလှ။

••••• ••••• •••••

၂

ကြည့်လေရာရာ မျှော်လေရာရာတွင် မိုးခေါ်နေသော နှမ်းခင်းများနှင့် ဝါခင်းများ ဖုံးလွှမ်းနေသည်။ သည်အထဲတွင် ပျိုးခင်းလယ်ကွက်များမှ မြစိမ်းနု အကွက်ကလေးများ ပေါ်နေရာ မီးလောင်ပြင်မှ မြကမ္ဗလာနှင့် တူသေးတော့။ ဂွမ်းစိုင်များ ဟိုတစ်ဆုပ် သည်တစ်ဆုပ် လွင့်မျောနေဘိသို့၊ ဗျိုင်းများ ဟိုတစ်ကောင် သည်တစ်ကောင် ဟိုနားတစ်ခု သည်နားတစ်စု ရောက်နေကြသည်။ သူတို့ ရောက်နေသောနေရာသည် ပျိုးခင်း ကတွတ်ပေါက် ဖြစ်ချင် ဖြစ်မည်။ ရေသွားလမ်းတစ်လျှောက်လည်း ဖြစ်ချင်ဖြစ်မည်။

အချို့ပျိုးခင်းများတွင် အစိမ်းရောင် မပေါ်သေး။ ချိုးများ၊ ခိုများသည် မစိမ်းသေးသော ပျိုးခင်းများကို ချောင်းမြောင်းနေကြသည်။ ပျိုးထောင်နောက်ကျသူ အချို့ကား ယခုမှ တဟဲ့ဟဲ့ မောင်းနှင်ထွန်ယက်ဆဲ၊ လမ်းနားနီးသော လယ်ကွက်အချို့တွင် ထွန်စက် မောင်းသံများ တညံညံ။ ရီးဆေးရိုးသည် မုန်းမြောင်းပေါင်အတိုင်း လျှောက်လာခဲ့ရာ သူ့လယ်သို့ သွားရမည့် လမ်းခွဲ ‘ရှားပင်ပေါင်း’ သို့ ရောက်လာပြီ။ စိတ်မှာမူ လယ်ပြင်သို့ သွားရန် စိတ်ကူးမပေါ်သေး။

“ဗျို့ … ရီးဆေးရိုး၊ ဘယ်လဲဗျ”

မုန်းမြောင်းပေါင် အနောက်ဘက်မှ ရှားပင်ပေါင်း ပေါ်သို့ ဖြတ်လျှောက်လာသူ တစ်ယောက်က လှမ်းခေါ်ခြင်း ဖြစ်ပေ၏။

“ဟ ထွန်းလှိုင်”

ရီးဆေးရိုး ဝမ်းသာမိ၏။

ထွန်းလှိုင်မှာ သူ့လယ်အထက် မြောင်းလက်တံသာခြားသော လယ်ပွဲမှ လယ်နီးချင်း ဖြစ်၏။

“ဘယ်လိုလဲဟ၊ ဝါခင်းတွေ၊ နှမ်းတွေကို ဒီလိုပဲ ကြည့်နေတော့မလား။ ကြာရင် သေကုန်တော့မယ်”

“ကျုပ်လည်း အဲဒါကို ‘ဆ’ နေတာဗျ”

အင်း ငါလိုလူ တစ်ယောက် တွေ့နေပါပကော ဟု ရီးဆေးရိုး ကျိတ်တွေးရင်း ကျိတ်ပြုံးပြုံးမိကာ “ငါတော့ ဖြစ်ချင်ရာဖြစ်၊ ရေသွင်းပစ်လိုက်ချင်ပြီကွာ” ခပ်ညည်းညည်း အဖော်စပ်သည်။

“ကျုပ်လည်း တစ်ခါတစ်ခါ ဒီလိုစိတ်ကူးမိတယ်ဗျာ၊ နှမ်းပင်လေးတွေ ကြည့်ရတာ သနားလာပြီ”

သို့စဉ်တွင် လယ်ပြင်သို့ သွားသောလမ်းမှ ရေနံ ဝနေသော ခမောက်ကြီး ဆောင်းလျက် လူတစ်ယောက် စိုက်စိုက် စိုက်စိုက်နှင့် လာနေသည်။ သူကား ထွန်းလှိုင်နှင့် လယ်ပွဲချင်း မျက်နှာချင်းဆိုင်နေသော မြောက်ဘက်လယ်ပွဲမှ ဘအုန်း ဖြစ်၏။

“နည်းနည်းပါးပါးများ မော့ကြည့်ပါဦးဗျ”

ထွန်းလှိုင် အသံပြုလိုက်မှ ကိုဘအုန်း လန့်သွားကာ မော့ကြည့်ရာက ‘ဟာ’ ခနဲ အော်၍ အပြုံးဖြင့် မေးသည်။

“ဘာလုပ်နေကြတာလဲ”

“မင်း လာမယ်ဆိုတာသိလို့ စောင့်နေကြတာကွ။ ကဲ မှန်မှန်ပြော၊ နှမ်းခင်းကို ရေသွင်းခဲ့တယ် မဟုတ်လား”

ကိုဘအုန်းသည် ရီးဆေးရိုး၏ အမေးကို မဖြေနိုင်သေး၊ မိုးပေါ်သို့ မော့ကြည့်သည်။ ဪ...အကြည်လင် လွန်နေသော မိုးပြာပြာပါတကား။

“ငိုချင်လျက် လက်တို့ လာမလုပ်နဲ့ဗျာ။ ဒီမှာ ရေလည်း သွင်းချင်၊ ရေလည်း မသွင်းရဲနဲ့ ရူးချင် သလိုလို၊ နှမ်းချင်သလိုလို ဖြစ်နေတာ”

ရီးဆေးရိုးနှင့် ထွန်းလှိုင်တို့ ပြိုင်တူ ရယ်မောကြ၏။

“ရူးတော့ မရူးပါနဲ့ဗျာ၊ သုံးယောက်ပြိုင်တူ ရေသွင်းလိုက်ကြရင် မကောင်းဘူးလား။ အဖော်လည်း ရတာပေါ့”

“ကောင်းတော့ ကောင်းသားကွ”

“ကောင်းတော့ ကောင်းသား လုပ်မနေနဲ့၊ သွင်းမှာဖြင့် သွင်းရအောင်။ နောက်သုံးရက်လောက်ဆိုရင် အထက် လယ်ပွဲတွေက စိုက်ခင်းခွဲဖို့ ရေသွင်းကြရင် လွယ်တော့မှာ မဟုတ်ဘူး”

ရီးဆေးရိုး စကားအဆုံးတွင် ကိုဘအုန်း ငိုင်နေ၏။ ရီးဆေးရိုးကို မော့ကြည့်ကာ ‘ ဟီး’ ခနဲ သွားဖြဲကာ ရယ်၏။ ထွေးမနိုင် မျိုမရ ဖြစ်နေပုံသည် သူ့မျက်နှာတွင် အထင်းသား ပေါ်နေသည်။

“ခုနတုန်းက ပြောတော့ ကောင်းတော့ ကောင်းသားဆိုကွ”

“အဟီး”

“မင်း မသွင်းရဲရင် ငါနဲ့ ထွန်းလှိုင် သွင်းမယ်ကွာ၊ ဘယ့်နှယ်လဲဟေ့ ထွန်းလှိုင်”

ထွန်းလှိုင်မှာ အဖော်ကောင်းရင် ငရဲသို့ပင် သွားရ သွားရ ဆိုသည့် အစားထဲကဟု ယုံကြည်ကာ ရီးဆေးရိုး လှည့်ကြည့်၏။

“ကျုပ်လည်း ချီတုံချတုံ ဖြစ်နေတယ်ဗျ”

“တော်ပြီကွာ၊ မင်းတို့နဲ့ ကြာကြာစကားပြောရင် ငါရူးလိမ့်မယ်။ အဖော် မရှိလည်း နေပေစေတော့။ ငါ တစ်ယောက်တည်းပဲ သွင်းမယ်”

ရီးဆေးရိုးသည် ထွန်းလှိုင်နှင့် ကိုဘအုန်းအား ဆဲရေးတိုင်းထွာပြီး နောက်ကြောင်းသို့ ပြန်လှည့်လာသည်။ ပြန်လှည့်လာခြင်းမှာ အိမ်သူကို အကြောင်းကြားရန်နှင့် လိုအပ်သောပစ္စည်းများ ယူငင်ရန် စသည်တို့အတွက် ဖြစ်ပေ၏။

••••• ••••• •••••

၃

အိမ်တံခါးပွင့်နေသော်ငြား အိမ်ပေါ်တွင် ရီးကျီးဒန် မရှိပေ။ သို့ကြောင့် ရီးဆေးရိုးသည် ဆေးလိပ်၊ ရေနွေးကရားတို့ကို ကိုယ့်ဘာသာကိုယ် တောင်းထဲထည့်သည်။ ထိုအခိုက်တွင် ရီးကျီးဒန် ရေအိုးရွက်လျက် ချောင်းထဲမှ တက်လာ၏။

“နှမ်းခင်း ရေသွင်းမလို့ဟေ့။ ဖြစ်ချင်ရာ ဖြစ်ပေစေဟာ၊ နှမ်းခင်းတွေ ကြည့်ရတာ စိတ်မချမ်းသာဘူး”

ရီးကျီးဒန်လည်း အကြံမပေးတတ်။

“အဖော်ရအောင် ဟိုကောင် အကြီးကောင်ကို ခေါ်သွားမယ်”

အကြီးကောင်ဟူသည် သူ့မြေးထီးများအနက် အကြီးဆုံးဖြစ်သော ကိုကိုကြီးဖြစ်၏။

“ဒီလိုဆိုလည်း ညနေကျမှ ထမင်းပို့ရင်း တစ်လက်စတည်း လွှတ်လိုက်ရ မကောင်းဘူးလား”

“အမေရေ၊ ကိုကိုကြီးရှိလား”

သမီးကြီး ချောစိန်၏ အသံဖြစ်၏။ ရီးကျီးဒန်သည် ထဘီရင်ရှားဖြင့် အိမ်ဝိုင်းတွင်း ဝင်လာသော မချောစိန်ကို လှမ်းကြည့်၏။

“သူ့ဘ ရေယူတဲ့ဆီကို ထည့်မလို့ အခုပဲ ပြောနေကြတာ။ မလာဘူးဟဲ့။ တွေ့ရင် မြန်မြန်လွှတ်လိုက်စမ်း”

မချောစိန် ခြေလှမ်းတုံ့သွားကာ “မနက်ကတည်းက ပျောက်သွားတာ အမေရဲ့” ရေရွတ်နေစဉ် ခြေရင်းအိမ်မှ ခွေးမ၏ အသံကို ကြားရ၏။

“မချောစိန်၊ တော့်သားနဲ့ အဖော်တွေ ပုတီးပင် ဘုရားထဲမှာ ကြက်တိုက်နေကြသတဲ့”

“ဟင်... ကြက်တိုက်နေတယ်”

ရီးဆေးရိုး၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။

“ခွေးမ ဘာပြောတယ်၊ မောင်ကိုကြီး ကြက်တိုက်နေတယ် ဟုတ်လား”

“ဟုတ်ပါ့တော်၊ အဖော်တွေက တရုန်းရုန်းနဲ့ပါတော်။ ကျုပ် ဟင်းရွက်ခူးရာက ပြန်ရင်း မြင်ခဲ့တာ”

“မိန်းကလေး နေ... နေ၊ နင်မသွားနဲ့၊ ငါသွားမယ်”

ရီးဆေးရိုးသည် ခေါင်းပြောင်ကြီးကို ဖုံးစရာ ဆောင်းစရာပင် မဆွဲနိုင် မယူနိုင်ဘဲ ကမန်းကတန်း ပြေးဆင်းသွား၏။ ပြေးဆင်းသွားရင်းကလည်း မြည်တမ်းသွားသေး၏။

“ရာရာစစဗျာ၊ လူကလေး လက်တောက်လောက်နဲ့ ကြက်တိုက်ရသတဲ့။ နိုင်ရင် သုံးပစ်မယ်၊ ရှုံးရင် အိမ်က ခိုးမယ်။ ဒါလား ကျောင်းသား၊ သိကြရောပေါ့ကွာ”

မချောစိန်သည် အိမ်ကပြင်အောက်တွင် ရပ်လျက်၊ ရီးကျီးဒန်ကမူ ကပြင်ပေါ်တွင်ရပ်လျက် ငေးမော ကျန်ရစ်ခဲ့ကြသည်။ ဒေါင်းတင်မောင်းတင် ထွက်သွားသော ရီးဆေးရိုး သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားလျှင် ရီးကျီးဒန်က ဦးစွာ လှုပ်ရှားလာ၏။

“မိန်းကလေး၊ ညည့်သားက ကြက်တိုက်ရအောင် တစ်ခါမှလည်း ကြက်မွေးချင်ကြောင်း ပြောသံမကြား ရပါကလား။ ဟုတ်မှ ဟုတ်ရဲ့လားအေ့”

“သူများ မွေးထားတဲ့ ကြက်နဲ့ အဖော်ကောင်းလို့ သွားတိုက်တာလားမှ မသိတာဘဲ အမေရာ”

သူတို့ သားအမိသည် လေးထပ်ကျောင်း ထန်းတော ဟိုဘက်ရှိ ပုတီးပင် မယ်ပွေးကောင်းမှု ပုတီးပင် ဘုရားဆီ လည်ဆန့်ကြည့်ကြ၏။ ကြည့်သာကြည့် လေ မမြင်ချေ။ ရီးဆေးရိုးကား ထန်းတောကို မဖြတ်၊ ကျောင်းဦးဘုရားနှင့် ဘုန်းကြီးကျောင်း ပရိဝုဏ်ကြား အုတ်လမ်းအတိုင်း ပုတီးပင်ဘုရား မြောက်ဘက်မုခ်သို့ လာခဲ့ရာ မုခ်ခုံးအောက် ရောက်သည်အထိ မည်သည့် အသံမျှ မကြားရ။ ရီးဆေးရိုး ရပ်ပြီး နားစွင့်သည်။ ဘေးမှ ဝိုင်းပြီး ညာသံပေးနေသံများကို မကြားရလျှင် ရှိစေ၊ ကြက်တောင်ပံရိုက်သံ တဖြုန်းဖြုန်း တဖြန်းဖြန်းကိုကား ကြားသင့်သည်။ သည်အရာလည်း မကြားရ။

သို့အတွက် အုတ်တံတိုင်းအတွင်းသို့ အသာကလေး ခေါင်းပြူကြည့်၏။ မမြင်ရ။ မရှိ။

“အာရုံခံ တန်ဆောင်းထဲမှာလား”

သည်နည်းလည်း မဖြစ်နိုင်ပေ။ ခွပ်သော ကြက် နှစ်ကောင်၏ ပစ်ခွပ်စဉ် အတောင်ပံချင်း ထိခတ်သံကို မုချ ကြားရမည်။ ယခု မကြားရ။

“ဘယ်လို ကြက်ပွဲပါလိမ့်”

ရီးဆေးရိုးသည် သူ ရပ်နေရာ၏ အင်္ဂါထောင့်တွင် ရှိသော ဘိုးပန်းညိုတန်ဆောင်းဘက်သို့ ငဲ့စောင်း ကြည့်ရင်း တံတိုင်းတွင်း ဝင်လာ၏။ တံတိုင်း မြောက်ဘက်အစပ်တွင် လူရိပ်လူယောင် မမြင်ရငြား၊ အသံ ကြားသလိုလို ရှိသဖြင့် တဖြည်းဖြည်း ချည်းကပ်လာ၏။

ဟုတ်ပြီ၊ လူသံ ကြားရပြီ။

“ဟုတ်ပြီကွ၊ ချပေးကွ၊ ကိုကြီးကွ”

ကြက်အမည်မှာ တစ်ကောင်တလေ ‘ကိုကြီး’ မှည့်ကောင်းမှည့်သည်။ သို့သော် ခင်မောင်မြင့် ဟူ၍ လည်းကောင်း၊ ထွန်းဆောင် ဟူ၍လည်းကောင်း ကြက် အားလုံးကို လူနာမည် မမှည့်တန်ရာ။ တန်ဆောင်းဘေးတွင် ရပ်ရင်း ဖြူဖွေးသောဆံတိုများ လွှမ်းနေသည့် ခေါင်းကို ရီးဆေးရိုး ကုတ်မိသည်။

“ချကွ ထွန်းဆောင်၊ ချပေး... ဟုတ်ပြီ၊ ပစ်ပြီး ပေါက်လိုက်။ ဟင်း ကိုကြီးကို မင်းတို့ မနိုင်တော့ဘူးလား”

အာရုံခံတန်ဆောင်း၏ မြောက်ဘက် ဝရန်တာကို သံပန်း၊ သံခက်များဖြင့် ကာရံထားရာ ရီးဆေးရိုး အသာကလေး ချောင်းကြည့်၏။ မောင်ကိုကြီးတို့ အရွယ် ကိုးနှစ် ဆယ်နှစ်သားကလေးတွေ လေးငါး ခြောက်ယောက် အုံနေသော အဝန်းအဝိုင်းမှာ ကြက် နှစ်ကောင်ခွပ်ရန် မဆိုထားဘိ၊ ကြက်တစ်ကောင်ပင် မနေလောက်။ မည်သို့ပင်ဖြစ်စေ ကြက်နှစ်ကောင်ကို အခွပ်ခိုင်းသော လောင်းကစားပွဲ မဟုတ်သည်ကား သေချာပြီ။ သို့ဖြစ်လျှင် သို့ဖြစ်လျှင်

ရီးဆေးရိုး၏ မှုန်မှိုင်းနေသော မျက်နှာသည် ချက်ချင်းကြည်လင်လာသည်။ မဆိုင်းမတွပင် သံပန်း ဝရန်တာကို ကျော်တက်လိုက်လေ၏။

••••• ••••• •••••

၄

ခွေးမ သတင်းပေးလိုက်သော ကြက်ဝိုင်းမှ လူများသည် သူတို့ဘေးသို့ လူသစ်တစ်ယောက် ရောက်လာသည်ကိုပင် သတိမထားမိကြ။

“ကိုကြီးက နိုင်မှာပေါ့ကွ၊ သူ့အတက်က ကောင်းတာကိုး”

“ကောင်းပေစေကွာ၊ လာ ချမယ်”

“ဒါမှ ခင်မောင်မြင့်ကွ”

သည်ကြက်ပွဲကား တွန်သောကြက်၊ အမောက်ပါသော ကြက်ချင်းတိုက်သော သက်ရှိတိုက်ပွဲ မဟုတ်ချေ။ သက်မဲ့ချင်း တိုက်သော သရက်သီးစိမ်း တိုက်ပွဲသာ ဖြစ်ပေ၏။ ခင်မောင်မြင့်မှာ ကိုကိုကြီးကို မဲ မည့်သာ မဲနေသည်။ သူ့သရက်သီးက ဖြူရော်ရော်နှင့် အသားမကျစ်။ မောင်ကိုကြီး သရက်သီးမှာ စိမ်းမှောင်ပြီး ‘ ဇောင်း’ ထနေသည်။ ကျစ်လည်း ကျစ်သည်။ ဝိုင်းအုံကြည့်နေသော ကလေးအားလုံးမှာ ပါးစပ်တွင် သရက်စေးလောင်သော အနာကိုယ်စီနှင့် ဖြစ်၏။ သူတို့၏ လုံချည်၊ အင်္ကျီတွင်လည်း အနက်ပြောက် အနက်စွန်းတွေနှင့်ချည်းဖြစ်သည်။

ရီးဆေးရိုးသည် တစ်ယောက်စီကို လိုက်ကြည့်ကာ ပြုံးနေမိ၏။ သူ ကြည့်နေဆဲမှာပင် တိုက်ပွဲစလေပြီ။

“ရယ်ဒီလားဟေ့”

“မရယ်ဒီသေးဘူးကွာ”

ကိုကိုကြီးမှာ ပြိုင်ဘက် ခင်မောင်မြင့် အသင့်မရှိသေးသောကြောင့် သရက်သီးအညှာဘေးတွင် ပေါက်ထွက်နေသော တက်မသဏ္ဌာန် အတက်ကလေးကို ပါးစပ်ဖြင့် မှေးထိန်းထား၏။ ခင်မောင်မြင့်မှာ အားယူနေဆဲ ရှိသေးသည်။ သရက်သီးအညှာ ဘေးဘက်သို့ တစ်လက်မခွဲ နှစ်လက်မခန့်ရှည်သော လှေတက်ပုံ တုတ်ချောင်းကလေးကို စောင်းလျှိုထားပြီး အစွန်းနှစ်ဖက်ကို ကြိုးဖြင့် ခတ်ထားသည်။ ကြိုးအစွန်းနှစ်ဖက်ကို လက်နှစ်ဖက်က ကိုင်ထားကာ သရက်သီးကို ကြိုးပေါ်မှာပင် ဦးစောက်ပြောင်းပြန် ချာချာလှည့်ပေးခြင်းဖြင့် အားယူထားသည်။

“ရယ်ဒီဟေ့”

“ရယ်ဒီဆိုရင် ချပြီဟေ့”

ကိုကိုကြီးသည် နှုတ်ခမ်းဖြင့် ထိန်းထားသော သရက်သီးကို လွှတ်လိုက်သည်။ ဦးစောက်ပြောင်းပြန် ချာချာလှည့်ကာ လိမ်ထားသောအလိမ်သည် ပြေနေပြီ။ သည်အားကို ယူ၍ သရက်သီးနှစ်လုံး ပစ်ဆောင့်ကြသည်။

“ဟာ” ခနဲ အော်သံနှင့်အတူ ခင်မောင်မြင့် သရက်သီး လက်မခန့် ပဲ့ထွက်သွား၏။

“လာ လာ ရသေးတယ်”

လည်သောအရှိန် မကုန်သေးသဖြင့် ကိုကိုကြီးက ခေါ်သည်။ ခင်မောင်မြင့် မငြင်း။ လက်က ‘ဆတ်’ ပေးသော အား၊ အလိမ်ပြေသော အားနှင့် သရက်သီး၏ အလေးအား အား သုံးအား ပေါင်းကာ ပစ်ဆောင့်လိုက်ရပြန်သည်။ ကိုကိုကြီး၏ အတက်သည် ခင်မောင်မြင့်ကို မထိ။ ခင်မောင်မြင့်၏ အတက်သည် ကိုကိုကြီး၏ သရက်သီးကို ထိသည်။ သို့သော် သရက်သီး မပဲ့၊ ခင်မောင်မြင့်၏ အတက် ကျိုးသွားလေ၏။

“ဟာ အသုံးမကျတဲ့ကောင်ပဲကွာ၊ အတက်ကို ပဲ့အောင်လုပ်ရတယ်လို့”

“ပေးပါ၊ ပေးပါ၊ အောင်သေအောင်သား စားရမယ်။ ငါတို့ကြက်ဖ နိုင်နိုင်၊ ရွှေဖလားနဲ့ ကြက်သားကိုင်”

ပွဲကြည့်ပရိသတ်တစ်ယောက်က ရှုံးသော ခင်မောင်မြင့်၏ သရက်သီးကို တောင်းယူသည်။ ပဲ့လက်စ နေရာမှ ဆွဲဖဲ့ကာ ပရိသတ် အားလုံးသို့ ဝေပေးရာ မြိန်ရှက်စွာ ဆားနှင့်တို့၍ ဝါးပစ်ကြလေ၏။ ရီးဆေးရိုး မှာ သူတို့အစား ကြားထဲက သွားကျိန်းနေမိ၏၊ ။

“ကဲ.. မင်းတို့လည်း သရက်သီး ကုန်ပြီ၊ ပြန်ကြရအောင်”

အနိုင်များသော ကိုကိုကြီးကပင် ပွဲသိမ်းစကားကို စတင်ဆို၏။

“မပြန်သေးဘူးကွာ၊ ငါ့မှာ တစ်လုံး ရှိသေးတယ်”

ကိုကိုကြီးနှင့် မတိမ်းမယိမ်းရှိသော သန်းထူးက ပုဆိုးထဲမှ သရက်သီးတစ်လုံး ထုတ်ပြရာ ‘ဖွတ်’ ဟု ပြိုင်တူအော်ကြ၏။

“ဘာဖွတ်လဲ၊ စိမ်းစားကောင်းကွ”

“သွားစမ်းပါ၊ တောစော်က နံနဲ့၊ ရေနံသီးကြီး”

သူတို့သည် သရက်သီးအစိမ်းကို ကိုက်ရိုး ကိုက်စဉ် ကိုက်ဖဲ့စားရသည်ကို အရသာရှိသည် မထင်။ ယခုနှယ် အတိုက်အခိုက်ကလေးနှင့် လှုပ်ရှား စိတ်ဝင်စားပြီးမှ ပဲ့ကျသော အပဲ့ကို စားရသည်ကမှ အရသာ ရှိသည် ထင်၏။ ရှုံးသူ၏သရက်သီးကို သရက်သီးဟု သဘောမထား။ ညောင်ကန်ကြက်ဖကြီး၊ ဥပန်း ကြက်ဖကြီး အမှတ်ဖြင့် ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင် ဝါးစားရသည်ကို ထူးကဲသော အရသာဟု ထင်ကြ၏။ သို့ကြောင့် အစိမ်းစား၍ ကောင်းသော သရက်သီး မျိုးချင်းသာ ဦးစားပေးကာ တိုက်ခိုက်ကြပေသည်။ ယခု သန်းထူး ထုတ်ပြသော သရက်သီးကိုကား မှည့်မှသာ အနည်းအကျဉ်း စားကြသည်။ ဤသို့ဖြင့် ပွဲသိမ်းလု ပွဲသိမ်းခင်တွင် သန်းထူးသည် စားမကောင်းသော သရက်သီးဖြင့် ပွဲဆက်ရန် ကြိုးစား၍ မအောင်မြင်သောအခါ တစ်နည်း လှည့်လာပြန်၏။

“ကိုကြီး၊ မင့်အတက် ငါ့ရောင်းကွာ”

“ဘယ်လောက်ပေးမလဲ”

“တစ်မတ်”

“ပေး” ဆိုကာ ပိုက်ဆံတစ်မတ် ဆွဲယူအပြီးတွင် ကိုကိုကြီးသည် “ဟေး” ခနဲအော်ရန် မျက်နှာကို မော့လိုက်၏။ မအော်ဖြစ်။ ရီးဆေးရိုး၏ ပြုံးနေသော မျက်နှာကြီးကို မြင်ရ၏။

“ဘ”

“ဘ ရေသွားယူမလို့၊ လူလေးကို အဖော်ခေါ်ရအောင် လိုက်ရှာတာကွ။ မင့် ရှာနေတာနဲ့ အချိန်တောင် လင့်နေပြီ”

“ဟုတ်ကဲ့ ဘ”

ကိုကိုကြီးသည် ထရပ်ကာ ပုဆိုးပြင်ဝတ်သည်။

သရက်သီးအဖတ်များ၊ ဆားမှုန့်များ ပုဆိုးထဲမှ တဖြောဖြော ကျကုန်သည်။ သရက်သီးထဲမှ အတက်ကို ဆွဲနုတ်ကာ သန်းထူးအား လှမ်းပေးသည်။

“ဒီကောင်က ရှားသားနဲ့ လုပ်တာကိုးကွ။ ခင်မောင်မြင့် မင်းက ဘာနဲ့ အတက်လုပ်လဲ။ ဝါးခြမ်းပြား ဟုတ်လား”

သူငယ်ချင်းများသည် ကိုကိုကြီး တိုက်တိုင်း နိုင်နေခြင်းမှာ အတက်ကောင်းသောကြောင့်ဟု အထင်ရောက်ပြီး အတက်ကို ဝိုင်းဝန်းဝေဖန်ရင်း နောက်တွင် ကျန်ရစ်ခဲ့ကြ၏။

“ဘက ဘာပြုလို့ ရပ်ကြည့်နေတာတုံး၊ ဘတို့ ငယ်ငယ်တုန်းက အခုလို ကစားတာမျိုး မရှိလို့လား”

“ရှိပါသကော မောင်ရာ၊ ရပ်ကြည့်နေတာကတော့ ငါ့မြေး မသိတာရှိရင် ပြောနိုင်အောင် ရပ်ပြီး လေ့လာနေတာကွ။ ဘတို့တုန်းကဆိုရင် အခုလို ရှားနှစ်၊ မန်ကျည်းနှစ် ဘယ်ဟုတ်မလဲကွာ၊ ဇွန်းမြီးနဲ့ကို ချတာ”

“ဇွန်းမြီး၊ ဟုတ်လား ဘ”

မောင်ကိုကြီးသည် ဘနောက်တွင် ကွာကျန်ခဲ့ရာမှ လိုက်လာပြီး မေး၏။

“ဒါပေါ့ကွ၊ ငါးပိချက်ခပ်တဲ့ ကြေးဇွန်းအသေးလေးရဲ့အမြီးကို ချိုးပြီးယူ၊ ထိပ်ကားနေတဲ့နေရာကို မြနေအောင် ကျောက်နဲ့သွေး။ ဒါပေမဲ့ အတက်ကောင်းဖို့ထက် အလုံးကျစ်ဖို့၊ ပစ်တိုင်းစူးဖို့က အဓိကပါ လူလေးရာ”

မြေးအဘိုးသည် ရွာထဲသို့ ရောက်လာပြီ။ မောင်ကိုကြီးမှာ ပြောစရာ မကုန်သေးချေ။

“ဟုတ်တယ် ဘ၊ အတက်ဘယ်လောက် ကောင်းကောင်း အတက်ထားတာ နေရာမကျရင် အလကားပဲနော်။ ထိလည်း မထိတော့ ဘယ်လိုလုပ်ပြီး စူးမလဲ”

“ဒါပေါ့ကွာ၊ ဒါပေါ့”

“ကြိုးလည်း ကောင်းဖို့လိုတယ်နော် ဘ”

“ပြန်လာသေးတယ်နော်၊ ကလေးနောက် လိုက်သွားတဲ့ ဘိုးအေပါ ကလေး ဖြစ်နေပြီ ထင်နေတာ”

အိမ်ဝိုင်းဝမှ စောင့်ကြိုနေကာ ရီးကျီးဒန် လှမ်းအော်နေသည်။ ရီးဆေးရိုးသည် မြေးကြီးအား အဖြေ မပေးနိုင်တော့ပါ။ “ဟုတ်တယ်ဟ၊ ကလေးတစ်ပိုင်း ဖြစ်နေလို့ ဒါလောက်ကြာသွားတာ” ဟု အလိုက်သင့် ပြောရင်း အိမ်ဝိုင်းထဲ ဝင်လာသည်တွင် ရီးကျီးဒန်က နောက်မှ ကပ်လိုက်လာရင်း “ကဲ ထမင်းစားပြီးမှ သွားပေတော့၊ မနက်စာ အဆင်သင့် ဖြစ်နေပြီ” ပြောလေသည်။

“ကဲ လာ လူလေး၊ မင်းပါ တစ်ပါတည်း စားဟေ့” ခေါ်ကာ မြေးအဘိုးနှစ်ယောက် ထမင်းဝိုင်းသို့ ဝင်ထိုင်ကြသည်။ ထမင်းသုံးလေးလုတ် ခွံ့အပြီးတွင် ရီးဆေးရိုးသည် အိမ်အပြင်သို့ လှမ်းကြည့်သည်။ ရာသီဥတုသည် ထမင်းစား မပြီးမီပင် မြန်ဆန်စွာ ပြောင်းလဲသွားခဲ့လေပြီ။ မိုးသက်လေကလေး တအေးအေး ဆော်သွေးလာသည်။ မိုးသားတိမ်လိပ်များ ခဲတက် မည်းတက်လာသည်။

“ကျီးဒန်ရေ သိမ်းစရာရှိ သိမ်းဟေ့၊ မိုးလာပြီ ထင်တယ်ဟ”

“စိုစမ်းပါစေတော်၊ ဒင်းရွာလို့မှ ကျုပ် အစိုမခံနိုင်ရင်”

ရီးကျီးဒန်၏ စကားမဆုံးမီပင် စနေထောင့်မှ မိုးရော လေပါ အော်ချလာလေပြီ။ ကိုကိုကြီးက ထက၏။ ရီးဆေးရိုးမှာ တံစက်ကြောင်းမှ မိုးရည်အမျှင်တန်းကြီးကို ပြုံးမြူးလျက် ကြည့်နေရာက ထမင်းကို အပြေးအလွှား လက်စသတ်ပြီးလျှင် ခမောက်ဆောင်း၍ အိမ်ပြင်သို့ ထွက်လိုက်၏။

“ထမင်းဇဝ (စားဝ) ကြီးမှာ ဘာလုပ်မလို့လဲ”

“လယ်ပြင် သွားမလို့ဟ။ ဒါလောက် မိုးသည်းရင် နှမ်းခင်း ရေဝပ်မှာ စိုးရတယ်ဟ။ မတော်တဆ မြောင်းလည်း ကျိုးကျနိုင်တယ်။ ဩော်.. မေ့နေလိုက်တာ၊ မီးခတ်နဲ့ ဆေးလိပ် ပေးစမ်းပါဦးဟ”

နံနက်ပိုင်းက နေပူကျဲကျဲတွင် ချီတုံချတုံဖြင့် ကျောကော့နေခဲ့သော ရီးဆေးရိုးသည် ယခုအခါတွင်မူ သဲမဲစွာ ရွာချနေသော မိုးထဲသို့ မြူးထူးရွှင်ပျစွာ လှမ်းထွက်လာခဲ့လေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ကချေသည်


❝ ကချေသည် ❞ 
  ( စံပယ်ဖြူနု )

နတ်ဒိုးသံကို အဝေးကပင် ကြားရသည်။ လေသင့်တိုင်း ဝေ့ဝဲလျက်ရှိသည့် စီခနဲ ထီခနဲ ထိုအသံမှာ အမှန်အားဖြင့် နတ်ပွဲစင်စစ်က လွင့်လာသည် မဟုတ်။ မာတို့ ဘေးအခန်းက ဖြစ်၏။ ထုံးစံအတိုင်း အားပါးတရ ဖွင့်ထားပုံရသော တေးချင်းသံမှာ သူတို့ နေထိုင်ရာ ခန်းလုံး ပြည့်လျှံရုံမျှမကဘဲ မာတို့ လျှောက်လာနေသည့် နှစ်တိုက်ကျော်အကွာ လမ်းထဲ အထိပါ ဖိတ်စဉ်လျက်။ တေးသံကျယ်ကျယ် ကြားလျှင် ထီသည်လား၊ ဈေးသည်လားဟု ပြေးကြည့်တတ်သော မာသည် ခုတော့လည်း ဘေးအခန်း၏ အသံကျယ်လောင်လောင် ကြိုက်တတ်သော သဘာဝကို သိခဲ့ပြီ။  မာ့အိမ်ရှင်အသစ်ထံသို့ မာ ရောက်ခဲ့သည်မှာ ကိုးလ ပြည့်တော့မည်လေ။

ဈေးခြင်းကို လက်ပြောင်းဆွဲလိုက်ရင်းက မာ ခြေလှမ်းကို သွက်သွက် လှမ်းမြဲလှမ်းသည်။ နေက မမြင့်လှသေး။ သို့သော် မာသည် ချွေးပြိုက်ပြိုက် ကျလျက်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသော အကာအကွယ်က တစ်ဆင့် လေရှူရတာ မာ မဝချေ။ ပြီးတော့ ရာသီဥတုကလည်း မိုးမရှိတာနှင့် ပူလောင်လောင် ရှိလှသည်။ ချွေးထွက်သန်သော မာ့နဖူးပြင်မှ ချွေးစက်တို့သည် မိုးဦးမိုးပေါက်များ လိုပင် အပြိုင်အဆိုင် တလိမ့်လိမ့်စီး၏။ နားထင်စပ်ကို ဖြတ်၏။ မျက်တောင်ဖျားမှာ ခိုသီး၍ မျက်လုံးသို့တိုင် ဝင်လျှင် မာ အနေခက်လှသည်။

သို့သော်လည်း သူ့မှာ ခါတိုင်းလို လက်နှင့် အလွယ် မသုတ်ရဲ။ အကယ်၍များ ရှေ့က စိုက်စိုက်လျှောက်သည့် အိမ်ရှင်မ လှည့်ကြည့်ခိုက်နှင့် ကြုံလျှင် မာ အငေါက် ခံရလိမ့် မည်။ အင်း... ငေါက်တယ်တော့ မပြောနိုင်။ မာ့အိမ်ရှင်မက အပြောဆိုးသူ မဟုတ်။ လက်မသန့်စင်ရသေးခင် မျက်နှာအပါအဝင် မည်သည်ကိုမျှ မထိမကိုင်ရကြောင်း မာ နားဝင်အောင် လေသံအေးနှင့် ပြောလိမ့်မည်။ အနေ အေးဆေးသော မာ့အိမ်ရှင်မသည် ကျန်သည့် အရေးကိစ္စများတွင် အကဲမဆတ်လှသော်လည်း သည်တစ်ပူမှာတော့ သူတကာထက် မပိုတောင် နည်းနည်းမျှ မလျော့။

ဒါကြောင့် ..ဒါ ကြောင့်ပေါ့။

မာသည် အတွေးကို ဗြုန်းခနဲ ရပ်ပစ်လိုက်၏။

မရပ်၍ မဖြစ်။ ဆက်၍ ဆက်၍ တွေးလျှင် သည်တစ်နေ့ အလုပ်လုပ်ရာမှာ မာ့ ခွန်အားတို့ လျော့လိမ့်မည်။ အခုနေ အိမ်ပေါ် ပြန်ရောက်လျှင် မာ့လက်တို့ ဇယ်စက်ရတော့မည်။

••••• ••••• •••••

“မာရေ အသား ငါးတွေ သေချာသန့်နော်၊ အသား ငါးတင် မဟုတ်ပါဘူး၊ ဟင်းရွက်တွေလည်း သေချာ သန့်စင်အောင် လုပ်ပြီး ရေစစ်၊ ပြီးမှ တစ်ခုချင်း ပြန်ထုပ်ပြီး သိမ်းနော်၊ ကြားလား”

“ဟုတ်ကဲ့ အစ်မ”

"ပူတူးရေ လာ...လာ မျက်နှာသစ်ကြမယ်၊ သွားတိုက်ရမယ်၊ ပြီးရင် မနက်စာ စားမယ် လိမ္မာတယ်နော်”

“မာမာ”။ စူးခနဲ အသံလေးကြောင့် မာ ခေါင်းငဲ့ကာ ရယ်မောရသည်။ ပူတူးသည် မျက်နှာသစ်ရမှာ မကြိုက်။ အထူးသဖြင့် သွားတိုက်ရတာ မကြိုက်ချေ။ မျက်နှာသစ်တော့မည် ဆိုလျှင် “မာမာ” ဟု အသံကျယ်ကျယ်နှင့် အော်၍ မာ့ကို စစ်ကူခေါ်တတ်သည်။ တစ်ခါတစ်ရံ မာ့လုံချည်စကို ဆွဲကာ သူ့အမေ လက်က လွတ်နိုးနှင့် မာ့နောက်မှာ ဝင်ပုန်းတတ်သည်။ မာ့ကိုမှ စစ်ကူတောင်း မရလျှင် အိမ်ရှေ့ခန်းက ဖခင်ထံ လွင့်ခနဲနေအောင် ပြေးတတ်မြဲ။ ‘ဖေဖေရေ’ ၊ ‘ဗျာရေ’ ဆိုသော အပြန်အလှန် ခေါ်သံထူးသံက အိမ်နောက်သို့တိုင် လွင့်လာတတ်သည်။ “မရဘူးနော်၊ အခု ပြန်လာခဲ့” ဟု ပြောရင်းဆိုရင်း အိမ်ရှင်မက ပူတူးနောက် လိုက်ကာ ပွေ့ချီ ခေါ်လာတတ်သည်။

ချစ်စရာ ကောင်းသလောက် ရံခါ ဂျီကျချင်တတ်သော ပူတူးနှင့် သူ့အမေတို့ မနက်ခင်းတိုင်း သွားတိုက်ဖို့ ကြံရင်း လုံးချာလည် လိုက်နေပုံမှာ မာ့အတွက်တော့ ကြည်နူးစရာ။ ပြီးတော့... ပြီးတော့လည်း...။

ရေပိုက်ခေါင်းကို ခပ်မြန်မြန်ဖွင့်ပြီး ကြက်သားထုပ်ကို ဇလုံထဲ ဖောက်ချလိုက်တော့ သက်ပြင်းချရန် မာ သတိမရတော့ချေ။ ကြက်သားကို ဆေးကြောသန့်စင်ပြီး အရိုး၊ အသား စသဖြင့် ဘူး နှစ်ဘူး ခွဲရသည်။ ဗမာကြက် တဲ့။ ကြီးလိုက်တဲ့ဈေး။ ရွာ ခြံဝင်းထဲ ပြေးလွှားနေကြမည်ဖြစ်သော ကိုရွှေကြက်၊ မရွှေကြက်တို့ကိုပင် မာ သတိရသေးတော့သည်။ မာ့မိခင်သည် အိမ်ခြံထဲတွင် ကြက်များ တစ်နိုင် မွေးတတ်သည်။ ချဉ်ပေါင်၊ ငရုတ် စိုက်တတ်သည်။ သူ့ကြက်များ ရန်ကုန်မှာ အင်မတန် ဈေးကောင်းနေကြောင်း အမေ သိလျှင် အံ့သြတကြီး ဖြစ်မလား မသိပါ။

အိမ်ရှင်မခမျာတော့ ဗမာကြက်၊ ဆိတ်သား၊ ဝက်သား၊ ငါးရံ့၊ ငါးကြင်း၊ ပုစွန် စသဖြင့် တစ်ပတ်စာ အသားဝယ်လျှင် “ဆင်မိသားစုလိုက် အိတ်ထဲက ခုန်ထွက်သွားပြန်ပြီ”ဟု ညည်းပြော ပြောတတ်သည်။ “ပိုက်ဆံဆိုတာလည်း ဝင်ဖို့သာ ကြာတာ၊ ပြန်ထွက်တော့ဖြင့် အလွယ်လေးရယ်” တဲ့။ မာ့မှာ ဈေးခြင်းတောင်းဘေးက ကိုင်၍ မောလျပြုံး ပြုံးနေရတတ်သည်။

နေစား စရိတ်ငြိမ်းနှင့်မို့ တစ်လတစ်လ မာ ပြန်ပို့နိုင်သော ငွေလေး တစ်သိန်းခွဲ မပြည့်တပြည့်ဆိုတာသည် အမေ့အတွက် ဆင့်ပါးစပ် နှမ်းပက်သလိုများ ဖြစ်နေတော့မလား။ မာလည်း ဒီ့ထက် ပိုမတတ်နိုင်။ အမေ့ကိုတော့ဖြင့် အားနာပါရဲ့။ သို့ပေမဲ့ ဖြစ်သမျှအကြောင်း ဆိုတာသည် အမေ့အစီအမံကနေ အစပြုလာခဲ့တာမို့ တစ်ခါတစ်ရံတော့ အပြစ်တင်လိုစိတ်နှင့် မာ နောက်ကြောင်း အေးနေတတ်သည်။ အမေ့ဘာသာ ဖြေရှင်းလိမ့်မှာပေါ့ ..။

မာသည် ရေခဲသေတ္တာ အခဲခန်းကို ဖွင့်ကာ အသားဘူးများ စီကာစဉ်ကာ ထည့်လိုက်သည်။ အအေးငွေ့က မျက်နှာကို ခပ်သာသာ ထိ တော့ အပြင်ပူ၊ အတွင်းပူနှင့် လောင်နေသော မာတစ် ယောက် အပူရိပ်ကို တစ်ခဏ မေ့လျော့ကာ စိတ်ကြည်သွားသည်။ အအေးခန်းထဲ ကိုယ်သေးသေးလေး ကျုံ့ပြီး ဝင်ထိုင်နေလိုက်ရ။ ဒါမှမဟုတ် စိတ်ဆိုတာကို တစ်ရက်လောက် ဖြုတ်ထည့်ထားလိုက်ရ။ မာ့အတွေးကို အိမ်ရှင်မ သိလျှင်တော့ ကလေးကျနေတာပဲဟု ရယ်မောမလား။ တကယ်တော့ မာသည် ကလေးဘဝကို ကောင်းကောင်းမွန်မွန် မရခဲ့ဖူး၍ အသက် ၂၀ ကျော် ၂၅ နှစ် အတွင်းမှာမှ ကလေးဆန်ချင်လာသော မိန်းကလေးမျိုး ဖြစ်လိမ့်မည်။ အိမ်ရှင်မနှင့် ခင်ပွန်းတို့ အလုပ်သွားချိန် ပူတူးကို ထိန်းကျောင်းရလျှင် တီဗွီက လာသော သီချင်းများနှင့် မာ ခုန်ပေါက်ကပြနေတတ်သည်။ လက်ခုပ်လက်ဝါး တီး၍ ရယ်မောနေသော ပူတူးတစ်ယောက် မာ ရုတ်တရက် ထိုင်ငိုပြန်လျှင် ဘယ်ကဘယ်လိုဖြစ်မှန်း နားမလည်ရှာချေ။ သူပါ လိုက်ငိုမည် ပြင်တော့ မာ့မှာ ကမန်းကတန်း မျက်ရည်သုတ်ရသည်။ ပူတူးကို ချော့မော့ရသည်။ မမ လွမ်းလို့ပါ ပူတူးရယ်...။

“မာရေ နို့ထမင်းလေး ထည့်ပေးပါဦး ပူတူးကို ကျွေးရအောင်”

မျက်နှာသစ်ရမှာ မကြိုက်သလောက် အစား ကြိုက်သော ပူတူး၏အသံမှာ မနက်စာဝိုင်းတွင် ရွှင်၍နေသည်။ မနေ့ညက နှာခေါင်းနည်းနည်း ပိတ်ချင်သော ပူတူးသည် လူကတော့ အရွှင်မကျ။ အဆော့လည်း မပျက်။ သူ့အတွက် လုပ်ပေးထားသော နို့ထမင်း နည်းနည်း၊ မိဘများပန်းကန်ထဲက ထမင်းဆီဆမ်း နည်းနည်း၊ ကြက်ဥကြော် နည်းနည်း စသဖြင့် ထုံးစံအတိုင်း ဟိုတို့ဒီတို့။

“မာ ပြီးရင် ထမင်းတစ် ခါတည်း ဝင်စားလေ” 

“ဟုတ်ကဲ့” ဟု တုံ့ပြန် လျက် မာ ထမင်းခူးသည်။ ဖြူဖွေးကော့ပျံသော ထမင်းအိုးကို ငုံ့ကြည့်ရင်းက အမေ့အိမ်က ထမင်း၏ အရောင်အဆင်းကို စိတ်မှတ်မဲ့ပင် ပြေးမြင်သည်။ “နေဦး မေးမယ် မေးမယ်နဲ့၊ မနေ့က အိမ်ကို ဖုန်းဆက်သေးတယ်ဆို၊ မာ့သမီးလေးရော နေကောင်းရဲ့လား”

“သမီး ဖျားနေတယ်တဲ့ အစ်မ”

မာ့လေသံမှာ ပုံမှန်။ မျက်လုံးများကမူ ထမင်းအပူငွေ့ ရိုက်ခြင်းနှင့် နှောကာ ခဏမျှ ဝေဝေဝါးဝါး ဖြစ်လေသည်။

••••• ••••• •••••

နတ်ဒိုးသံမှာ နံရံကို ထွင်းဖောက်လျက် မာတို့ အခန်းဘက်သို့တိုင် ညံမြဲ။ တစ်နေကုန်များ ဖွင့်နေတော့မလားပဲဟု အဝတ်ပုံတစ်ထပ်ကို မီးပူတိုက်ရင်းက မာ တွေးနေသည်။ သီချင်းဖွင့်တာတင် မကပါဘူးတော်။ သီချင်းပြင်ပကနေ ငြာသံပေးသည့် “ဟိတ်... ဟိတ်” ကပါ တွဲလျက် ပါလိုက်သေးသည်။ အသံမှာ ခပ်စူးစူး ခပ်ကျယ်ကျယ်။

အိမ်ရှင်မ ပြောတာတော့ သူတို့တစ်တွေဟာ နတ်ပွဲများ ဆို ရှေ့ဆုံးက ရောက်နေကျတဲ့။ ခုတော့ ဘယ်နတ်ပွဲမှ မရှိလို့ အိမ်မှာပဲ သီချင်းဖွင့်နေကြတာ ဖြစ်ရင် ဖြစ်မှာတဲ့။ ဟုတ်၊ မဟုတ်တော့ မာ မသိ။ နတ်ချင်းများ ဆက်တိုက် ဆိုသလို ဖွင့်တာ နှစ်ရက်ရှိပြီ ဆိုတာပဲ သိတော့သည်။ တစ်ခါ ဖွင့်ပြန်လျှင် နှစ်နာရီလောက် ကြာတတ်သည်။ ပြီးလျှင် တစ်ခဏ နား။ စိတ်ကူးပေါ်လျှင် ပေါ်သလို အစကနေ တစ်ခေါက် ပြန်ကျော့၏။ သူတို့သီချင်းများမှာ နဂိုကတည်းက မာ နားမစွဲလျှင်လည်း အလွတ်ရမည့်ကိန်း။

မာတို့ ရွာမှာတော့ နတ်ပွဲဆိုသည်မှာ ကလေးများ၏ ပျော်ပွဲရွှင်ပွဲနှင့် အလားတူသည်။ အမေတို့ လူကြီးများလို ကိုးကွယ်ယုံကြည်မှု ဆိုတာလည်း မသိ။ နတ်က မ,သလား၊ မ,မဘူးလား သူတို့ မသိ။ နတ်ဒိုးသံ ကြားရာအရပ် ဒုန်းစိုင်းပြေး၍ တစ်နေကုန် မော့ငေးရသည်။ မုန့်ပဲ သရေစာလေးများ စားရသည်။ နတ်ဝင်သည်များ က,တာ၊ ခုန်တာ အားပေးရသည်။ နတ်ဝင်သည်တွေတင် မဟုတ်။ ရွာက မိန်းမများလည်း ဝင်က,တတ်သေးသည်။ က,တယ်လို့ မခေါ် နတ်ဝင်တယ်ဆိုတာပဲ။ တစ်ကိုယ်လုံး ယိမ်းထိုးကာ ခုန်ပေါက်ကသော မိန်းမများ၏ ကိုယ်ခန္ဓာမှာ နတ်ဝင်နေသည် ဆိုတော့ မာက အကောင်လိုက်များ တွေ့ရမလား ရှာမိသေးသည်။ အမေ့ကိုတော့ ထိပ်ခေါက်မှာ စိုး၍ မမေးရဲ။ တစ်ချီတော့ အမေကိုယ်တိုင် နတ်ဝင်လေသည်။ ဘာနတ်လဲတော့ မာလည်း မမှတ်မိပြီ။ အမေက,တာ အင်မတန် ကြည့်လို့ကောင်းတာသာ အမှတ်ရသည်။ အမေသည် ယိမ်း၍ ယိမ်း၍ က၏။ မျက်လုံးများက ဝင်းဝင်းလက်လက်။ မျက်နှာတွင် မာန်အပြည့်။ တင်းတင်းစေ့သော နှုတ်ခမ်းများကလည်း မာ့ကို အံ့ဩစေသည်။ အမေသည် မာ့အမေ မဟုတ်တော့သလို။ သောက်ခြင်းနှင့် ရမ်းခြင်း အရည်အချင်းက လွဲ၍ ပြစရာ မရှိသော ခင်ပွန်းနှင့် လူမမည် သားသမီး သုံးယောက် ရှိသော ဖတ်သီဖတ်သီ မိန်းမတစ်ယောက် မဟုတ်တော့ သလို။ အခြားကမ္ဘာက မိန်းမတစ်ယောက်လို။ အမေ.. အမေဟာ မာ့အမေ မဟုတ်တော့ဘူးလား။ နတ်သမီးလား... ။

အမေ့ကို မေးတော့ ထုံးစံအတိုင်း ထိပ်ခေါက်ခံရသည်။ မာသည် အမေ ဘာကြောင့် မာ့အမေးကို မဖြေမှန်း နားမလည်သော်လည်း နတ်ပွဲများဆိုလျှင် ရှေ့ဆုံးက ရောက်မြဲ။ နောက်ဆုံး ရောက်ဖြစ်တာတော့ အသက် ဆယ့်နှစ်နှစ်ကျော် ထင်ပါရဲ့။

မြူးကြွမြိုင်ဆိုင် ဆိုသံ တီးသံများကြားမှာ မာ အငေး ကောင်းဆဲ နတ်ဝင်သည်က မာ့ထံ လက်ညှိုးထိုး၏။ သူ မာ့ဆီ တိုးကပ် လျှောက်လာလျှင် မိတ်ကပ်ထူလပျစ်နှင့် မျက်နှာကို ကြောက်လန့်၍ ထွက်ပြေးခဲ့ရသည်။ “လိပ်ပြာ လှလို့ ရွေးတာပဲအေ၊ ဒါများ ကြောက်စရာလား” ဟု အမေ က ပြောသော် မာ အံ့သြသည်။ လိပ်ပြာလှသတဲ့။ မာက လိပ်ပြာလှသတဲ့။ နတ်က ဘယ်လိုများ မြင်သလဲ။ လိပ်ပြာကရော ဘယ်နားမှာ နေနေတာလဲ။

လှပသော မာ့လိပ်ပြာသည် မာ့ကို ရွာမှာ အချိန် ကြာကြာထားလိုပုံ မရပေ။ ထိုနှစ်၏ ဆောင်းဦးမှာပင် ရွာကို မာ စွန့်ခဲ့ရသည်။ အမေ ထည့်ပေးလိုက်သော ကြီးတော်ကြင်၏ နောက်သို့ ကုပ်ကုပ်လိုက်ကာ ပထမဆုံး အလုပ်ရှင်အိမ်သို့ ရောက်ခဲ့ရသည်။ သည်လိုနှင့် တစ်အိမ်၊ နောက်တစ်အိမ်။ သည်အိမ် မရောက်ခင် နေခဲ့ရသည့် နောက်ဆုံး အိမ်ကတော့ မာ့အတွက် ဒုက္ခ အရောက်ဆုံးအိမ်ပါပဲ။ မာ့မှာ ခင်ပွန်း ရှိတာ၊ သမီးလေး ရှိတာလည်း သိလျက်နှင့် အိမ်ရှင့်ယောက်ျားမှာ သူ့ အမျိုးသမီး လစ်တိုင်း တို့ချင်ထိချင်တတ်သည်။ ပခုံးလေး ပွတ်သပ်တာပဲ၊ ခေါင်းကလေး ပုတ်တာပဲဟု မာ သဘောထား၍ မရချေ။ ငယ်ကတည်းက ထစ်ခနဲရှိ လက်ပါချင်သော စိတ်မျိုးနှင့် ကိုယ်က တစ်ခုခု မလုပ်မိခင် အကြောင်းရှာပြကာ အလုပ်ထွက်ရသည်။

မာ့အိမ်ရှင်မ အသစ်ကတော့ ညီအစ်မသဖွယ် ရင်းနှီးလာသည့်အခါ မေးပါသည်။

“မာက ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်များ အိမ်ထောင်ကျလိုက်တာလဲ၊ အိမ်ထောင်ကျတော့လည်း ရွာမှာ မိသားစု အတူနေရတာလည်းမဟုတ်ဘဲနဲ့”

“အမေပေါ့”

အမေ့ အကြောင်း ပြန်ပြောရတိုင်း မာ့ရင်မှာ တဆတ်ဆတ် ခုန်လာတတ်သည်။ ဝမ်းနည်းစိတ်နှင့် ဒေါသမှာ မာ့ကို တစ်လှည့်စီ အုပ်စိုးနေတတ်သည်။

“ကျွန်မ ၁၇ နှစ်လောက်က ရွာခဏပြန်လည်တုန်းကပေါ့ အစ်မရဲ့၊ အမေက နင်လည်း အပျိုဖြစ်နေပြီ၊ ရန်ကုန်မှာ ဒီအတိုင်း အလုပ်လုပ်နေတာ စိတ်မချဘူး။ ရွာမှာပဲ ယောက်ျားပေးစားတော့မယ်တဲ့။ ကျွန်မ အခု ယူထားတဲ့ ယောက်ျားပေါ့။ အမေက တော့ အမေ့တွက်ကိန်းနဲ့ အမေ။ ဒီယောက်ျားက ရွာမှာတော့ မိဘတွေက နည်းနည်းရှိတယ်ပေါ့ အစ်မရယ်။ အဲဒါ အမေက အတင်းလှော်ပြီး ကျွန်မကို ပေးစားတာပဲ။ ဟိုလူကလည်း ယူတာပေါ့၊ ပြောရရင် ကျွန်မက ရန်ကုန်မှာ အနေကြာတော့ ရွာ ကောင်မလေးတွေလိုလည်း မဟုတ်ဘူး၊ ဟိုသင်း... နည်းနည်း ကြည့်ကောင်းတယ်ပေါ့”

မာ ရယ်တော့ အိမ်ရှင်မကလည်း လိုက်၍ ရယ်သည်။

“အဲဒါနဲ့ ဟိုလူကလည်း ကျွန်မကို ယူချင်၊ ကျွန်မက လည်း အမေ့စကား နားယောင်ပြီး ယူလိုက်တာပေါ့။ ယူပြီး ဘာများကြာလို့လဲ၊ ကလေး ရလာတာပဲ။ နောက်တော့လည်း အမေ့လူဟာ ဘာမှ လက်ကြောမတင်းတဲ့ ငပျင်းဆိုတာ အမေရော ကျွန်မရော သိလာတာပဲ။ သူ့မိဘတွေကတောင် စိတ်ညစ်လို့ ဖြစ်ချင်ရာဖြစ် ပစ်ထားကြတာလေ။ ဒါပေမဲ့ သိလာတော့ရော ဘာလုပ်မလဲ အစ်မရဲ့။ ကျွန်မမှာ သမီးလည်း ရှိခဲ့ပြီလေနော်။ ဒါနဲ့ သူတို့ကို ရွာမှာ ထားရစ်ပြီး ရွာကနေ နောက်တစ်ခါ ထပ်ထွက်လာတာပဲ”

“အဲဒီတုန်းက သမီးက ဘယ်လောက်ရပြီလဲ”

“ခြောက်လတောင် မပြည့်သေးပါဘူး အစ်မရယ်”

သမီးကို ချန်ရစ်ခဲ့ရသည့် မနက်ခင်းကို မာ ပြန်မတွေးချင်။ တစ်လမ်းလုံး နို့အုံတင်း၍ နို့ရည်စိမ့်လာတိုင်း၊ ကိုက်ခဲမှုကို ခံစားရတိုင်း မျက်ရည်ကျရပုံကို ပြန်မတွေးချင်။ သမီး၏ ငိုသံသည် မာ့ အသည်းကို ဆုပ်ခြေခဲ့သည်။ ထိုထိုသော ငိုသံသည် ငရဲ ဖြစ်၏။ ဆူးပန်းခင်းလည်း ဖြစ်၏။ နောက်ကျောသို့ မာ ငဲ့မကြည့်။ ငဲ့ကြည့်၍ စိတ်ယိုင်လျှင် ဒုက္ခရောက်မည့်သူမှာ မာ့သမီးလေးပါပဲ။ မာသည် မြေကို ဖိနင်းကာ သူ ကျင်လည်မြဲ လောကသို့ နောက်တစ်ကြိမ် တိုးဝင်လာခဲ့သည်။

“မာမာ”

ပူတူး ခေါ်သံကြားတော့ မာသည် ပစ္စုပ္ပန်သို့ လုံးလုံး လျားလျား ပြန်ရောက်လာသည်။

“အွန်း.... ဒီနား မကပ်နဲ့ ပူတူး မီးပူကြီးနဲ့”

မာက မီးပူခလုတ်ကို ပိတ်၍ ဝေးဝေး ရွှေ့ကာ ပူတူးကို ပွေ့ချီလိုက်သည်။ နှာရည်စိမ့်ယိုနေသေးသလား စူးစမ်းရသည်။ အိမ်ရှင်မ မှာကြားခဲ့သည့်အတိုင်း ဆေးရည်စက်ကို အင်္ကျီစလေးပေါ် တို့ပေးရသည်။ ခြေဖဝါးလေးကို ဆေးပရုတ် လိမ်းပေးရသည်။ ဒိုင်ဗာအသစ် လဲပေးရသည်။ သေးခံဖျာပေါ် ပက်လက်လှဲလျက်ကပင် တလှုပ်လှုပ် ဆော့ချင်နေသော ပူတူး ကို မြှူရင်း မာ မျက်ရည်စိမ့်လာသည်။ ခုနေ ကိုယ်ပူနွေးနေသည့် သမီးလေး ဘာများ လုပ်နေရှာမလဲ။ အိပ်နေမလား။ ဘွားအေ ရင်ခွင်ထဲမှာ မှိန်းနေမလား။ ပြုစုယုယ မည့်သူ မအားလပ်၍ တစ်ယောက်တည်းများ ငြိမ်ကုပ်ကုပ် နေရရှာမလား။ အားရှိတာလေးတွေများ စားရရှာရဲ့လား။

လွန်ခဲ့သည့် ဆောင်းရာသီမှာ တစ်ကြိမ်တစ်ခါ ပြန်တွေ့ပြီးကတည်းက အိမ်အပြန်လမ်း ဝေးသွားခဲ့ပြီဖြစ်သော မိခင်ကို သမီးကလေး သတိရနေမလား။ မာ မသိပါ။

••••• ••••• •••••

“ပူတူး ဒီနေ့ အစား ကောင်းကောင်း စားရဲ့လား”

သူ့မိခင် ပြောလိုက်သော စကားထဲက နာမည်ကြောင့် ဖြစ်လိမ့်မည်။ ပူတူးက မာ့ရင်ခွင်ထဲမှ နေ၍ “အွန်း” ဟု အသံပြုလိုက်သည်။ စကားပြော နောက်ကျသည့်အထဲ ပါသော ပူတူးသည် လူကြီးများ ပြောသမျှကိုတော့ ကောင်းစွာ နားလည်ပုံပြလေသည်။ ရံခါ စကားသံ တစ်စွန်းတစ်စနှင့်၊ ရံခါတော့ အမူအရာနှင့်။

“စားတယ် အစ်မ၊ မနေ့ကတော့ ပါးစပ်ပျက်တာ နေမှာပါ။ ဒီနေ့ အရင်လိုပဲ ထမင်းကျွေးရတာ အဆင် ပြေတယ်”

“စားရင် ပြီးရော။ အလုပ်သာ လုပ်နေရတယ် အစားမှ ကောင်းကောင်းစားပါ့မလားလို့ စိတ်ကဖြောင့်တာ မဟုတ်ဘူး”

စိတ်က ဖြောင့်တာ မဟုတ်ဘူး ဆိုသော စကားသံသည် မာ့ရင်ကို ထုတ်ချင်း ခပ်သွား၏။ မာသည် ပူတူးကို ချီထားလျက်က ပေါ့လျပ်လျပ် လွင့်ပါးသလို ထင်မိသည်။ အမေ့အိမ်အထိ၊ အဖျားရှိနေသေးသည်ဆိုသော သမီးလေး နံဘေး အထိ။ ပြောရမလား၊ အခုနေ ပြောလိုက်ရတော့မလား။ မာ ရွာပြန်ချင်ကြောင်းလေ။

မီးဖိုပေါ်က ကြက်သား အိုးမှာ ပွက်ပွက်ဆူလျက် ရှိသည်။ မာ့အိမ်ရှင်မသည် မနက်ဘက် သူတို့လင်မယား အလုပ်သွားလျှင် ယူမည့် ထမင်းဘူးအတွက် ကိုယ်တိုင်ပင် ချက်ပြုတ်တတ်၏။ မာက ဘေးမှ ကူရုံ။ ပြောသာ ပြောရသည်။ ပူတူးနှင့်တော့ ကူဖို့လည်း သိပ်မလွယ်လှ။

ပူတူးသည် မာ့ကို ခါးထစ်ခွင်လိုက်လျှင် ပြန်ဆင်းလိုသူ မဟုတ်။ တစ်နေကုန် အတူနေဖန်များတော့ မာသည် သူ့အတွက် ကလေးထိန်းအဖြစ်သာမက အစ်မသဖွယ် ၊ ကစားဖော်သူငယ်ချင်းသဖွယ်လည်း ဖြစ်နေပုံရသည်။ ဒါနှင့်ပင် အိမ်ရှင်များ အလုပ်က ပြန်ရောက်သည့် ညချမ်းအခါ မှာလည်း မာ အနားမရ။ ပူတူး အိပ်ချိန်ဆိုလျှင်တော့ မာ သိပ်စရာ မလို။ ပူတူးကို သူ့အမေ သိပ်ချိန်သည် မာ့ အတွက် လွတ်လပ်ရေးကာလ အစပြုချိန်။

နေ့ခင်းဘက်တော့ မာ ကိုယ်တိုင်ပဲ ပူတူးကို သိပ်ရသည်။ ပူတူး အိပ်လျှင် တောက်တိုမည်ရလေးများ လုပ်ရကိုင်ရသည်။ အဝတ် ခြောက် ရုပ်သည်။ မီးပူတိုက်သည်။ ပူတူး၏ သေးစို အဝတ်များ လျှော်သည်။ တံမြက်လှည်းသည်။ မောလာလျှင်တော့ ပူတူးနံဘေးမှာ မာလည်း ထိုးအိပ်တော့သည်။

နေ့ခင်းကတော့ ပူတူး အိပ်ချိန်တွင် မာ လိုက်မအိပ်ချေ။ အမေ့ထံ ဖုန်းခေါ်ရသည်။ သမီး နေကောင်းပြီလား အမေ။

“ဘယ့်နှယ်လုပ် ကောင်းဦးမလဲအေ၊ ဆေးတော့ တိုက်ထားတယ်။ လူက မလန်းသေးဘူး၊ အစားလည်း ကောင်းကောင်း မဝင်ဘူး”

“သူ ကြက်ဥ ကြိုက်တယ်မဟုတ်လား အမေရဲ့၊ ကြက်ဥပြုတ်တို့ ဘာတို့တောင် မစားဘူးလား”

“ကြက်ဥတောင် တို့တိ တို့တိပါဆို နင့်သမီးဟာ”

“ဒုက္ခပဲ၊ သမီး ပြန်လာလို့လည်း မရဘူး”

“ဘာလို့တဲ့တုံး၊ ပြော ကြည့်ပေါ့၊ ဒါလေးတောင်မရဘူးလား”

“အမေကလည်း သိတဲ့အတိုင်း ကိုဗစ်နဲ့ဟာ၊ ဘယ်အိမ်ရှင်က အပြင်ပေးထွက်မလဲ၊ ရွာပြန်မယ်ဆို ပိုဆိုး”

“ထပ်တော့ ပြောကြည့်ဦးပေါ့အေ၊ မရလည်း မပြန်နဲ့၊ ရလည်း ပြန်လာခဲ့ပေါ့၊ မပြန်ရလည်း မပူနဲ့၊ ကလေးဆိုတာ ဒီလိုပဲ ကျောပူခေါင်းပူ ဖြစ်တတ်တာပဲ၊ တော်ကြာနေ ကောင်းသွားလိမ့်မယ်၊ သိပ်ပူမနေနဲ့။ ဒီမယ် ညည်းသာ ပူတာ၊ ဖအေလုပ်သူက ဟိုဘက်ရွာ သွားပြီး မူးပြဲနေတာများလားတောင် မပြောတတ်ပါဘူးအေ၊ ပြန်မလာတာ နှစ်ညတောင် ရှိပေါ့။ ငါ့မှာ နင့်ညီမ လင်မယားက ဒီကောင့် အိမ်ပေါ်က နှင်ချလိုက်တော့ ဆိုတာတောင် ငါ့မြေးပါ ခေါ်ဆင်းသွားမှာစိုးလို့ မပြောရဲဘူး၊ ကြည့် မရတော့တာတော့ အမှန်ပဲဟဲ့”

အမေပဲ ဟု အစချီ ပြောမည်ပြင်ပြီးမှ စကားလုံးပေါင်း တစ်သောင်းခြောက်ထောင်ကို မာ အလျင်အမြန် မျိုချလိုက်သည်။ ထုတ်ပြောတော့ရော မာ ပျော်ရမှာမို့လား၊ အမေ့အတွက်ရော ပျော်စရာ ဟုတ်လို့လား။ ဘယ်သူမှ စိတ်ချမ်းမြေ့စရာ မရှိတဲ့ အနာဟောင်းကို မာ ဘာလို့ ပြန်ဆွမလဲ။ ဆုံးပါး နှင့်ရှာသော အဘွားလုပ်သူ ဆုံးမဖူးတာတော့ လူဟာ သံသရာကြွေးပါရင် ဆပ်ရသတဲ့။ မာ့ အကြွေးးကရော ဘယ်တော့ ကျေမလဲ။ သမီး၏ အကြွေးကရော မာတို့ကို အမိအဖ တော်စပ်ရခြင်းလား၊ မိတစ်ကွဲ ကြီးပြင်းရခြင်း လား။ မာ မသိပြီ။

“သမီးရေ” ဟု မာ ခပ်ရွှင်ရွှင် ခေါ်တော့ သမီးက “အမေ... အမေ”တဲ့။ အသံနွမ်းကလေးမှာ သနားစရာ၊ ထွေးဖက် ထားချင်စရာ။ သူ့ခမျာ ဖျားနာလျက်က အမေ့အသံကြားတော့ ပျော်ရှာပုံပဲ။ မေးခွန်းများကလည်း မနည်းမနော။ ပြောစရာလည်း တစ်ပုံတစ်ပင်။ “အမေ မုန့်မုန့် သွားဝယ်တာ ဒီတစ်ခါ တအားကြာတာပဲ” ဆိုတော့ မာ့ရွှင်လန်း ဟန်က ရုတ်ခြည်း ပျောက်ဆုံးရသည်။ ဆောင်းရာသီ ရွာက ပြန်အထွက်မှာ ပြောခဲ့ဖူးသော စကားကို သမီး မေ့ပုံမရ။ မာ့ ရင်ညွှန့်က စူးခနဲ အောင့်နာ၏။ သို့သော် မာ ရယ်မောခဲ့သည်။

နေ့ခင်းက အသံများဆီ စိတ်ရောက်နေသော မာ့အာရုံကို ပြန်လည်ဖမ်းဆုပ်လိုက်သည်မှာ မာ့အိမ်ရှင်မ ဖြစ်သည်။ ပူတူးကို လက်ပြောင်းချီရင်း တစ်ဆက်တည်း ပြောလိုက်တာ “မာရေ ထမင်းခူးတော့” တဲ့။

မာသည် ပန်းကန်ပြား များထဲ ထမင်းထည့်ရင်း ချီတုံချတုံ ဖြစ်နေသည်။ ထမင်းတစ်ဇွန်း ခူးထည့် အပူငွေ့က ရိပ်ခနဲ တက်လာ။ ထမင်းဖြူဖွေးပေါ်မှာ နွမ်းဖတ်သော သမီးမျက်နှာ။ ထမင်းအိုးကို အဖုံး ပြန်ပိတ်ရင်း အိမ်ရှင်မဘက်သို့ မာ ပြန်လှည့်သည်။ မျက်နှာချင်းဆိုင် ဖြစ်သော်လည်း မျက်လုံးချင်းတော့ မဆုံ။ ပူတူးကိုသာ လှမ်းကြည့်နေရင်း မာ သက်ပြင်းခိုးရှိုက်လိုက်သည်။

“အစ်မ ဟိုဒင်း...၊ ကျွန်မ ပြောစရာရှိလို့”

••••• ••••• •••••

နတ်ဒိုးသံသည် မထူလှသော နံရံကို အတိုင်းသားလိုပင် ထိုးဖောက်လာ၏။ ပူတူးကို သိပ်ချိန်တိုင်း ဖွင့်ပေးထားရသည့် ကလေးချော့တေးသွားကိုပင် လွှမ်းလုပြီ။ တစ်ခုတော်သေးတာက ပူတူးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျှင် အသံ ကြားလည်း အရေးမလုပ်။ မနိုးတတ်။ အသံလေး ထစ်ခနဲ ကြားလျှင် နိုးထတတ်သောကလေးမျိုးသာဆို ဒီလို အိမ်နီးချင်းမျိုးနှင့် ခက်ပါလေရော။

ခုတော့ဖြင့် မာ့ရင်ခွင်ထဲက ပူတူးသည် မျက်တောင်ကော့လေးများ စေ့ပိတ်၍ နှုတ်ခမ်းလုံးလုံးလေးကို စုချွန်၍ အိပ်ပျော်နေရှာပြီ။ နှစ်နှစ် ပြည့်ခါနီးဖြစ်သော်လည်း ယခုတိုင် ချီသိပ်ရမြဲ ဖြစ်ပုံကို မာ မငြူစူချေ။ ပူတူးကို ပြုစုရချိန်တိုင်း သမီးကလေးအား ပြေးမြင်အောက်မေ့တာသာ ပြောစရာရှိသည်။

ပူတူးကို ချော့သိပ်ရချိန်တိုင်း မာသည် ရင်ခွင်ထဲက ပူတူးကို သမီးအဖြစ် မြင်ယောင်လိုက်သည်။ ထမင်း၊ မုန့်ခွံလျှင်လည်း သမီးဟု တွေးလိုက်သည်။ ပူတူးလေး မာ့ကို နမ်းလျှင် မာသည် မျက်လုံးကို စုံမှိတ်ကာ ပြုံး နေလိုက်သည်။ သမီးရေ ...သမီးလေးရေ...။

ပူတူးကို အိပ်ရာပေါ်ချ တော့ အင့်ခနဲ အသံတစ်ချက် ပြုသည်။ နိုးတော့ မနိုး။ သားချော့တေးသီချင်းကို ပိတ်လိုက်တော့ နတ်ဒိုးသံက ပို၍ အားကောင်းလာသည်။ အံမယ်လေး... ဘယ်နတ်တုံး မသိ။ မြိုင်လိုက်တဲ့ အသံ။ မာသည် အိမ်နောက်ဘက်သို့ လျှောက်ကာ မနက်စာ စားထားသည့် ပန်းကန်များ ဆေးကြော၏။ ရေကျသံက တပေါက်ပေါက်။ ရေသံကို ထိုးထွင်းလျက် စကားသံ တစ်စအား မာ တရေးရေး ကြားယောင်လာသည်။ ညတုန်းက ဟောဒီ မီးဖိုချောင်မှာပါပဲ။ မာ့ နားနှင့် မဟုတ်၊ နှလုံးသားနှင့် ဆုပ်ယူဖမ်းမိလိုက်သော စကားသံ..။

“ခုတော့ မပြန်စေချင် သေးဘူး မာရယ်။ အပြင်မှာ လည်း ဖြစ်နေတာ ကူးနေကြတာ မာ သိတဲ့အတိုင်းပဲ။ ဒီလို အချိန်မှာ မာ ထွက်သွားပြီး ပြန်ဝင်လာတယ်ဆိုတာ အဆင် ပြေမနေဘူးလေ။ ပူတူးက ရှိသေးတယ်။ အစ်မတို့ အခု အလုပ် သွားတာတောင်ပဲ ဖယ်ရီနဲ့မို့။ ဒါတောင် စိတ်ချ ရတာ မဟုတ်ဘူး။ အမြဲတမ်း ပူနေရတာ။ မာလည်း ဘယ် လို ဂရုစိုက်တယ်ပြောပြော အခန့်မသင့်ချိန်ဆိုတာ ရှိလာမှာ စိုးလို့လေ”

“သမီး ဖျားနေလို့ပါ အစ်မရယ်”

“အစ်မ နားလည်ပါတယ် မာ။ အစ်မလည်း အမေပဲ ကိုယ်ချင်းစာတာပေါ့။ ဒါပေမဲ့ မဖြစ်တာက တကယ်ကို မဖြစ်လို့။ ရောဂါပိုးကို မစိုးရိမ်ရတော့ဘူး ဆိုရင်တော့ မာ ပြန်လို့ရသားပဲ၊ အခုတော့ မာ့အမေကိုပဲ လိုတာတွေ လှမ်းမှာထား၊ ငွေလိုရင်လည်း ပို့ပေးလိုက်မယ်”

ရေဆေး သန့်စင်ပြီးသည့် ပန်းကန်များကို ပန်းကန်စင်တွင် မှောက်ကာ အိမ်ရှေ့ခန်းသို့ မာ ပြန်လာသည်။ ပူတူး၏ နံဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒီနေ့တော့ ဘာအလုပ်မှ ဆက်လုပ်ချင်စိတ် မရှိသေး။ အိပ်ချင်စိတ်လည်း မရှိ။ အိမ်ကိုလည်း မာ ဖုန်းမဆက်ချင်။ သမီးအသံ ကြားလျှင် တင်းထားသော မာ့စိတ်တို့ နွမ်းခွေရလိမ့်မည်။ ဒီလိုဆိုတော့ အိပ်လိုက်မလား။ ပူတူးနံဘေးမှာလေ..။

မာသည် ပူတူးကို ဖက်ကာ လှဲချလိုက်၏။ နွေးသော ပခုံးသားလေးကို ဖွဖွ နမ်းလိုက်သည်။ မျက်လုံးကို မှိတ်ချတော့ မျက်ရည်စသည် နားထင်သို့တိုင် တလိမ့်လိမ့် စီး၏။ ရှိုက်၍ ရှိုက်၍လည်း မငိုသာ။ ပူတူး နိုးမှာ စိုးသေးသည်။ လက်ဝါးနှင့် ပါးစပ်ကို အုပ်ကာလျက် ငိုရသည်ကိုပင် မာ ဝမ်းနည်းလာသည်။ မာဟာ ဘယ်တုန်းကမှ ရင်ဖွင့်ငိုခွင့် မရခဲ့ဘူးလား။ အိမ်မှာတုန်းကလည်း အမေ မကြိုက်မှာ စိုး၍။ အိမ်အကူ ဘဝမှာလည်း အိမ်ရှင်များ စိတ်ပျက်မှာ စိုး၍။ မာ့မှာ ငိုချင်လာချိန်တိုင်း ခေါင်းအုံးကို မျက်နှာအပ်လျက် ကျိတ်ရှိုက်ရသည်။ ခုလည်း...။

“ဟေ့... ဟိတ်” ဆိုသော ငြာသံ နားထဲ ဝင်တိုးတော့ မာ ငိုနေတာ တန့်သွားသည်။ မိန်းမသံ..။ တစ်ဖက်ခန်းက မိန်းမသံ။ တေးသွားကလည်း မြူးလှတာမို့ သူ အော်လိုက်သော “ဟေ့ ... ဟိတ်” အသံမှာ ရွှင်နေသည်။ လွင်နေသည်။ လှေကား အတက်အဆင်း ဆုံတတ်သော်လည်း တစ်ခါပင် ပြုံးမပြဖူးသည့် အိမ်နီးချင်း အိမ်ရှင်မကို မာ မြင်ယောင်လိုက်သည်။ တေးသွားကြားမှာ သူ ခုန်ပေါက်နေမလား။ နောက်တစ်ကြိမ် “ဟေ့ .. ဟိတ်” ဆိုတော့ မာ ကုန်းထလိုက်သည်။ နတ်ဒိုးသံမှာ ပို၍ပင် ရွှင်လာသည်။ မြူးလာသည်။ မာ့ ခန္ဓာမှာ တဖြည်းဖြည်း စ၍ လှုပ်လာသည်။

တစ်ခဏမျှ နေလျှင်တော့ ငယ်တုန်းက လိပ်ပြာ လှသည်ဆိုသော်လည်း နတ်ပွဲတကာ ထပ်မရောက်ခဲ့တော့သည့် မာသည် နတ်ဒိုးသံ ကြားမှာ မျောလျက် လွင့်လျက်ရှိသည်။ ခန္ဓာတစ်ခုလုံး စိတ်ရှိတိုင်း ကွေးညွှတ်ကာ က,ခုန်လျက်။ မာ့ဆံပင်ရှည်မှာ မျက်နှာပေါ် ဖုံးအုပ်လိုက် ကျောဆီ ဝဲသွားလိုက်။

မာသည် ကလေးသာသာအရွယ် ကစားခုန်စားလို့ ကောင်းတုန်းအချိန်မှာ အိမ်ကို စွန့်ခဲ့ရသည့် အိမ်အကူ ကလေးထိန်း မာမာ မဟုတ်တော့။ စိတ်ဆန္ဒ ရှိသမျှ ချိုးနှိမ်ခဲ့ရသော အမေ့သမီး မိမာ မဟုတ်တော့။ နှမ်းထွက် မကိုက်ခဲ့သည့် ဇနီးသည် အမာ မဟုတ်တော့။

ကချေသည် မာ...။

▢  စံပယ်ဖြူနု
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၂၁