Sunday, June 30, 2024

အဓိပတိ


 

❝ အဓိပတိ ❞

“ အင်မတန် အားကစား လုပ်ခဲ့တဲ့သူ ၊ ၁ဝ နှစ် လောက် ပစ်ထားလိုက်တာ မယုံနိုင်စရာ ဒီ ပုံမျိုး ဖြစ်သွားတာပဲ ” လို့ ဦးတင်ဝင်းမြင့် က ပြောပြီး ရယ် ပါတယ် ။

ဦးတင်ဝင်းမြင့် ( ယခု အသက် ၅၈ နှစ် ) ရဲ့ ခန္ဓာကိုယ် က ဝဖိုင့် နေပြီ ။ နှစ်ပေါင်း ၂ဝ ကျော် ဘတ်စကက်ဘော ကစား ခဲ့ တဲ့ အားကစားသမား ၊ တိုင်းလက် ရွေးစင် ဖြစ်ခဲ့သူ ၊ မလေးရှားနိုင်ငံ ကို ဘတ်စကက်ဘော နည်းပြ သင်တန်း သွား တက် ခဲ့ပြီး ထူးချွန်လက်မှတ် ရခဲ့သူ ဆိုတာ ယုံနိုင်ဖွယ်ရာ မရှိပါဘူး ။

ဦးတင်ဝင်းမြင့် ဟာ စီးပွားရေး လုပ်ငန်း များစွာ ကို ဦးစီး လုပ်ကိုင် နေသူ ဖြစ်ပါ တယ် ။ မုံရွာမြို့ ကမ်းနားလမ်း မှာ အဓိပတိစာပေ ၊ စာအုပ် အရောင်းဆိုင် ဖွင့် ထားတဲ့ တိုက် မှာ သူ့ ကို ကျွန်တော် က သွား တွေ့ တာပါ ။

“ ဘတ်စကက်ဘော သာ မကစား ခဲ့ရင် ဒီ အခြေအနေ ကို ရောက်လာနိုင်မယ် ထင်သလား ” လို့ ကျွန်တော် မေး တော့ “ ဒီအခြေအနေ ကျွန်တော် မရောက်လောက်ဘူး ” ဆို ပြီး သူ ပြောတယ် ။ ပြီးတော့ ရှင်းပြတယ် ။

“ ကျွန်တော် တို့ ဆရာ က ပြောထားတယ် ။ ဘတ်စကက်ဘော ကစား ရာ မှာ ကစားဖော် ချင်း ဘယ် ကျောင်း က ဆိုတာ ကျောင်း မခွဲရဘူး ။ လူမျိုးဘာသာ မခွဲခြားရဘူး ။ အသက် ကြီး ရင် လေးစားရမယ် ။ senior ( ဝါရင့်သူ ) ကို လေးစားရမယ် ။ ယောက်ျားလေး ၊ မိန်းကလေး ရှုပ်ရှုပ်ထွေးထွေး ကိစ္စ ကင်းရှင်း ရမယ် ။ အဲဒီ သီအိုရီ ကို လုပ်ငန်း တွေ အထိ ယူ လာပြီး အသုံးပြု လို့ ကျွန်တော် လုပ်ငန်း တွေ ကောင်းတာ ”

ကျွန်တော် က သူ့ စကား ကို မဖြတ် ဘဲ နားထောင် နေတော့ ဦးတင်ဝင်းမြင့် က ဆက် ပြောပါတယ် ။

“ ဘတ်စကက်ဘော က ကစားသမား တွေ ကွင်း ထဲ မှာ ခေါက်တုံ့ ခေါက်ပြန် ပြေး နေ ရတာ ။ ဘတ်စကက်ဘော ဟာ ကိုယ့် လက် ထဲ ဘောလုံး ရတာ နဲ့ ဝင် အောင် ရှူးခဲ့ ၊ ကိုယ် က မဝင်ရင် minus ( အနုတ် ) ဖြစ်တယ် ။ ဘတ်စကက်ဘော က ပုံမှန် နေရာ က သွင်း ရင် နှစ်မှတ် ရတယ် ။ ဟို ဘက် က ကိုယ့် ဘက် သွင်း ရင် သူ နှစ်မှတ် ရတယ် ။ ကိုယ် နှစ်မှတ် ရှုံးတာ မဟုတ်ဘူး ၊ ရသင့် တဲ့ နှစ်မှတ် ကို ကိုယ် မရဘဲ ပေးရမယ့် နှစ်မှတ် ကျ ပေးလိုက်ရ လို့ ကွာဟချက် က လေးမှတ် ၊ ရှေ့ တစ်လှမ်း မတိုး ဘဲ နောက် တစ်လှမ်း ဆုတ် တာ ဟာ တစ်လှမ်း ပဲ ကွာတာ မဟုတ်ဘူး ။ နှစ်လှမ်း ကွာဝေး သွားတာ ။ အဲဒါ ဘဝ ပဲ လို့ မိသားစု ကို လည်း ဒီအတိုင်း ပြောတယ် ။ ကျွန်တော် လည်း အဲဒီ အတိုင်းပဲ ကြိုးစားတယ် ”

ကျွန်တော် က ဦးတင်ဝင်းမြင့် နဲ့ စီးပွားရေး အကြောင်း ဆက် မေး ပါတယ် ။

“ အဖေ က အာမခံ ကိုယ်စားလှယ် လုပ်တယ် ။ အမေ က ဆေးအမျိုးစုံ ရောင်း တယ် ။ နာဘိုဂျင် တို့ ၊ ပြည်သူ့ဆန္ဒ ၊ ခန္ဓသုခ တို့ ၊ ဆိုင်းဘုတ် တွေ မနက် ကျ ခင်း ရတယ် ။ ညနေ ကျ သိမ်း ရတယ် ။ မုံရွာ မှာ ဆိုင်းဘုတ် အများဆုံး အိမ် က ကျွန်တော် တို့ အိမ် ပဲ ”

သူ က ပြော ရင်း ရယ်တယ် ။

“ အဖေ ဆုံး တော့ အမေ က အာမခံ ကိုယ်စားလှယ် ပဲ ဆက် လုပ်တယ် ။ ဒီ ကမ်းနား မှာ ပဲ ပရိဘောဂ ရောင်းတယ် ။ ကျွန်တော် အိမ်ထောင် ကျခါ နီး တော့ အလုပ် တစ်ခု ခု ရှိရင် ကောင်း မှာ ပဲ ဆိုပြီး စာအုပ် အငှားဆိုင် စ ဖွင့်တယ် ။ ကျွန်တော့် ဘဝ ရဲ့ ပထမဆုံး အလုပ် က စာအုပ် အငှားဆိုင် ၊ ဆိုင် နာမည် က အဓိပတိ ”

“ စာအုပ် အငှားဆိုင် ကို အောင်မြင် အောင် ဘယ်လို နည်းလမ်း တွေ နဲ့ လုပ်သလဲ ”

“ ရှားပါးတဲ့ စာအုပ်ကလေး တွေ ကံအားလျော်စွာ ရ ရင် တီထွင်ပြီး ငှားတယ် ။ ဥပမာ - မင်းသိင်္ခ ရဲ့ပုဏ္ဏားဘကွန်း ကို ကံအားလျော်စွာ မုံရွာ တစ်မြို့လုံး မှ ကျွန်တော့် ဆီ နှစ်အုပ် ပဲ ရောက်တယ် ။ တခြား ဆိုင် တွေ က ငွေ မသွင်း လို့ ။ တစ်အုပ် ကို ငှားနေ ကျ ဖောက်သည် တွေ ကို ငှား ပေးတယ် ၊ ကျန် တစ်အုပ် ကိုတော့ ဖောက်သည် မဟုတ်တဲ့ သူတွေ ကို ငှား ပေးတာ ၊ ဖောက်သည် မဟုတ်တဲ့ သူ တွေ ငှား ချင် ရင် မဂ္ဂဇင်း ငှား ရမယ် ။ ကာတွန်း ငှား ရမယ် ။ ဒါမှ ပုဏ္ဏားဘကွန်း ငှားတယ် ”

“ အဲဒီလို လုပ်တော့ စာအုပ် လည်း ပို ငှားရ ၊ ဖောက်သည် လည်း တိုး မှာပေါ့ ”

“ အဲဒီ အချိန် က ခင်စိန်လှိုင် က ငှားရတယ် ။ ကျွန်တော် က တီထွင်ပြီး ဆယ်အုပ် တင် ကြည့်တယ် ။ နှစ်အုပ် ကို အဖုံး ဖုံးတယ် ။ ရှစ်အုပ် ကို မဖုံးဘူး ။ မဖုံး တဲ့ စာအုပ် ကို ရိုရိုသေသေ ကိုင်ဖို့ ပြောပြီး ဖောက်သည် မဟုတ်တဲ့ လူ တွေ ကို မဂ္ဂဇင်း ၊ ကာတွန်း နဲ့ တွဲ ငှားတယ် ။ ငါးရက် လောက် ငှား ပြီးရင် ဝတ္ထုစာအုပ် ငှားခ က ငါးကျပ် ရ ပြီးပြီ ။ စာအုပ် ဝယ်ရတာ က ၁၉ ကျပ် ၂ဝ ။ တခြား အငှားဆိုင် တွေ ကို လေးကျပ် လျှော့ ပြီး ကျွန်တော် ပြန် ရောင်းတယ် ၊ ၂၀ တန် ကို ၁၅ ကျပ် ၊ ၁၆ ကျပ် နဲ့ ရတော့ သူတို့ ကလည်း စောင့် ဝယ်တယ် ။ ကျွန်တော့် ကို ဝယ်ချင် သူ တွေ က စာရင်း ကြိုပေး ထား ကြတယ် ”

စိတ်ကူးကောင်း ရှိတဲ့ သူ တွေ ဟာ စီးပွားရေး မှာ အောင်မြင်တာပဲ လို့ ကျွန်တော် တွေး မိပါတယ် ။

“ မုံရွာ မှာ အဲဒီတုန်း က ညနေစောင်း စာအုပ်ကလေး ကိုင် ပြီး စာအုပ် အငှားဆိုင် လာ ၊ စာအုပ် ငှားကြတာ က စတိုင် ပဲ ၊ တောရွာ တွေ မှာ ရေခပ် ဆင်းကြတဲ့ ပုံစံမျိုး ။ ယခု အထူးကုကြီး တွေ ၊ အင်ဂျင်နီယာကြီး တွေ ဖြစ် နေတဲ့ ပုဂ္ဂိုလ် တွေ က ကျွန်တော့်  ဆိုင် မှာ စာအုပ် ငှား ဖတ်ဖူးခဲ့တဲ့ သူ တွေ ”

“ အမေ က ပရိဘောဂဆိုင် ဖွင့်ထားတယ် နော် ”

“ ဟုတ်တယ် ။ အဓိပတိစာပေ ကိုဖွင့် ရင်း အမေ ရောင်းတဲ့ ပရိဘောဂ ဒီဇိုင်း နဲ့ မတူ တဲ့ ဒီဇိုင်းတွေ ထွင် လုပ်တယ် ။ ဝယ်သူ ကြိုက်မယ့် ပုံစံ ကို ပိတောက်သား နဲ့ ထင်းရှူးသား တစ်ကွက် စီစပ် ၊ အံဝှက် ကို နှစ်နေရာ သုံးနေရာ ထည့် ၊ ထူးထူးခြားခြား လုပ်ပြီး ကျွန်တော် ဆိုင် တင်တယ် ။ အမေ့ ဆီ လာဝယ်တဲ့ လူ ပြန် ထွက် တော့ မှ ဒီလိုလေး လည်း ရှိသေးတယ် ဆိုပြီး အပေါက်ဝ လိုက် ပြတယ် ။ မှတ်မှတ်ရရ ပထမဆုံး ဗီရို တစ်လုံး ရောင်း ရတာ ၁၅ ကျပ် လား မြတ်တယ် ”

“ အဲဒါ ဘယ်တုန်းကလဲ ”

“ ၁၉၇၇ ခုနှစ် တုန်း က ၊ အဲဒီတုန်း က ဗီရို တစ်လုံး သုံးရာ ( ကျပ် ၃ဝဝ ) ပဲ ရှိတာ ။ အခုတော့ တစ်သိန်း လောက် ဖြစ်သွားပြီ ။ ကျွန်း တစ်တန် က တစ်ထောင့်ငါးရာ ( ကျပ် ၁၅ဝဝ ) လောက် ပဲ ရှိတာ ။ ယခု ဟာ က ခြောက်သိန်း ကျော် သွားပြီ ”

“ ဈေးကွက် က ဘယ်ဘက်လဲ ”

“ အထက်ချင်းတွင်း တစ်ခုလုံး ပဲ ။ ချင်းတွင်းလိုင်း မော်တော် မှန် သမျှ ကျွန်တော် တို့ ပရိဘောဂ မပါတဲ့ မော်တော် မရှိဘူး ။ တစ်ရက် မှာ တော့ အမေ က ဆိုင် ကို ကျွန်တော့် လွှဲ ပေးတယ် ။ ပရိဘောဂဆိုင် အမည် က သီရိရတနာ ။ ပရိဘောဂ ရောင်းတာ ကျောက်ခဲ သလဲ ရောင်း သလို အုန်းအုန်းကျွက်ကျွက် ရောင်းရတာပဲ ။ ပွဲဈေးသမား တွေ ကို လည်း ပြန်ခါ ချ ပေးတယ် ”

“ ဆယ့်နှစ်ပွဲ ဈေးသည် တွေ ကို ပေးတာလား ”

“ ဆယ့်နှစ်ပွဲသည် တွေ ထဲ က တစ်ဦး ကို ပင်တိုင် ထားတယ် ။ ဆယ့်နှစ်ပွဲသမား ကို ပစ္စည်း ပေး လိုက်တာ ။ ခါလည် လောက် ရောက် ရင် ကျွန်တော် က ငွေလိုက် သိမ်း တယ် ”

“ ကြွေးဆုံးတာ တွေ မဖြစ်ဘူးလား ”

“ အများကြီး ဖြစ်တာပေါ့ ၊ တစ်ယောက် က သူတို့ သွားတဲ့ လိုင်း ကို လွှဲ ပြော တယ် ။ တောင်ကြီး တက် တာ ( နေပြည်တော် ) တပ်ကုန်း လို့ ပြောတယ် ။ ကျွန်တော် ( နေပြည်တော် ) တပ်ကုန်း လိုက် သွားတော့ မတွေ့ဘူး ။ ဘယ် ကူး သွားသလဲ မေးတော့ ပဲခူး တဲ့ ။ ဒါတော့ မဖြစ်နိုင်ဘူး ။ မုံရွာထည် ပဲခူး အထိ တော့ မရောက်လောက်ဘူး ။ ကိုယ် က ငယ်သေးတော့ ပဲခူး ဆက် လိုက် သွားတယ် ။ မတွေ့ပါဘူး ။ စိတ် လျှော့ပြီး မုံရွာ ပြန် လာတော့ အိမ် မှာ စက်ဘီး က ပျောက် နေရော ”

ဦးတင်ဝင်းမြင့် က ပြောရင်း ရယ်ပါတယ် ။

“ ကျွန်တော် သီရိဝေ ဆိုပြီး ရွှေဆိုင် ဖွင့်ဖူးတယ် ။ မအောင်မြင်ဘူး ။ ပရိဘောဂ လုပ်ရင်း အထပ်သား ၊ မှန် ရောင်းဖူးတယ် ။ သော့လက်ကိုင် ရောင်းတယ် ။ မြေ ဝယ်ရောင်း လုပ်တယ် ။ အလူမီနီယမ် လုပ်ငန်း ၊ ပန်းပုလုပ်ငန်း တွေ မုံရွာ မှာ ကျွန်တော် ပထမဆုံး လုပ်တာ ”

ကျွန်တော် ဦးတင်ဝင်းမြင့် နဲ့ စကား ပြော နေတာ က မုံရွာမြို့ ၊ ကမ်းနားလမ်း က သူ့ ရုံးခန်း မှာ ပါ ။ သူ့ ရုံးခန်း ရဲ့ ထူးခြားချက် က တော့ သစ်သားပန်း ပုလက်ရာ ကောင်း ကောင်းတွေ အများကြီး ရှိ နေတာပဲ ။ သူ့ နောက် က နံရံ ပေါ် မှာ ပန်းချီကား တစ်ချပ် ချိတ်ဆွဲ ထားပြီး သူ့ ညာဘက် သံမဏိဗီရို နဲ့ မီးခံသေတ္တာ ပေါ် မှာ ပျံသန်းဖို့ အားယူ နေတဲ့ သိမ်းငှက် နှစ်ကောင် ပုံတူ ပန်းပုရုပ် တွေ ရှိတယ် ။ သူ့ ရှေ့ က စားပွဲ ပေါ် မှာ ရော စင်တွေ ပေါ် မှာ ပါ ပန်းပု တွေ ရှိပါတယ် ။

“ ကျွန်တော် က အလူမီနီယမ် မှန်ဘောင် သွင်းတဲ့ လုပ်ငန်း လည်း လုပ် တော့ တစ်နေ့ မှာ ဂုဏ်ထူးငါးဘာသာ လား ပဲ ရတဲ့ ကျောင်းသား တစ်ယောက် က မှန်ဘောင် လာ သွင်းတယ် ။ သူ က ဘယ်လောက် ကျသလဲ မေးတော့ ကျသင့်တဲ့ ပြေစာလေး မှာ ရှင်းပြီး လို့ ရေးပြီး ပေး လိုက်တယ် ။ ကျွန်တော် မရှင်းရသေးဘူး တဲ့ ။ မင်း ကို ဦး က ဆု ချတာပါ လို့ ပြောရင်း နဲ့ တက္ကသိုလ် တက် ဖို့ မင်း ဘာ လျှောက်မှာလဲ မေးလိုက် မိတယ် ။ အိမ် က ဆရာဝန် လျှောက်စေချင်တာ ၊ ကျွန်တော် က အင်ဂျင်နီယာ လုပ် ချင်တာ တဲ့ ။ ကျွန်တော် က မင်း ဘာ ရွေးမှာလဲ မေးတော့ မဆုံးဖြတ်ရသေးဘူး တဲ့ ။ ဘာပဲ ရွေးရွေး အကောင်းဆုံး လုပ်ပါလို့ ကျွန်တော် ပြော လိုက်တယ် ။ ကျွန်တော့် သားသမီး တွေ ကို လည်း အမြဲ ပြောတဲ့ စကား ရှိတယ် ။ ဘာပဲ လုပ်လုပ် အကောင်းဆုံး လုပ် ၊ စားပွဲထိုး  လုပ်မှာလား ၊ ကမ္ဘာကျော် စားပွဲထိုး ဖြစ်အောင် လုပ် ။ ဓားပြ လုပ်မှာလား ၊ ဓားပြဗိုလ် ဖြစ်အောင် လုပ် ။ အဲဒါ လက်ကိုင် ထားတဲ့ ဆောင်ပုဒ် ပဲ ”

ကျွန်တော် က သူ့ စကား ကို စိတ်ဝင်တစား နားထောင် နေတယ် ။ သူ့ ရုံးခန်း ထဲ ကို ဝေ့ဝိုက် အကဲခတ် ကြည့် လိုက်တော့ မန်နေဂျာ က အစ ဝန်ထမ်း တွေဟာ ဦးတင်ဝင်းမြင့် ပြောတာ ကို စိတ်ဝင်တစား နားစွင့် နေတာ တွေ့ရတယ် ။

“ တစ်ရက် မှာ တော့ သူ နဲ့ ကျွန်တော် ခရီး တစ်ခု မှာ ကြုံတယ် ။ ည အိပ် ကြ တော့ ဦးလေး က ကျွန်တော့် မမှတ်မိဘူး ။ ကျွန်တော် က ဖီးနစ်ကွန်ပျူတာသင်တန်း ပိုင်ရှင် ကိုသိန်းဇော် ပါတဲ့ ။ ဒါတော့ သိတာပေါ့ ။ မင်း က နာမည်ကြီး ပဲ ။ ဒါလောက် မိတ်ဆက် ပေးစရာ မလိုပါဘူး ဆိုတော့ ကျွန်တော် ဆယ်တန်း အောင် တော့ ဦးလေး ပြော တဲ့ စကား တစ်ခွန်း ကြောင့် ကျွန်တော် အင်ဂျင်နီယာ လုပ်ဖြစ်တာ ။ ဒီ လုပ်ငန်း မှာ အောင် မြင်နေတာ တဲ့ ။ သူ လည်း မုံရွာမြို့ ရဲ့ pioneer ( ရှေ့ဆောင်သူ ) ပဲ ။ စက်မှုတီထွင် ဆု တွေ ၊ ဘာ တွေ ရ သွားတယ် ။ ဦးလေး ပြော လိုက်ပြီး တဲ့ နောက် မိဘ နဲ့ ကျွန်တော် အကျေအလည် ဆွေးနွေးပြီး ကျွန်တော် ကြိုက်တဲ့ ဟာ ကို အစွမ်းကုန် လုပ်ပါရစေ ခွင့် တောင်းပြီး လုပ်တာ တဲ့ ”

ဦးတင်ဝင်းမြင့် ပြောလိုက်တဲ့ စကား တစ်ခွန်း ကြောင့် လူ တစ်ယောက် မှာ ဘဝ လမ်းကြောင်း မှန်ကန်စွာ ရွေးချယ် နိုင်သွားခဲ့တာ ကို ကျွန်တော် သဘောကျ မိတယ် ။ သူ ကိုယ်တိုင် လည်း ဒီလိုပဲ အားထုတ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါ လိမ့်မယ် ။ ဦးတင်ဝင်းမြင့် က သူ့ စကား ကို ဆက် ပြောပါတယ် ။

“ ကျွန်တော် စာအုပ်ဆိုင် လုပ်တုန်း က လည်း မုံရွာမြို့ မှာ တစ် ၊ နှစ် ၊ သုံး ဝင်တယ် ။ ပရိဘောဂလုပ် တော့ လည်း တစ် ၊ နှစ် ၊ သုံး ဝင်တယ် ။ “ တစ် ” လို့ တော့ ကျွန်တော် မပြောချင်ပါဘူး ။ ကျွန်တော့် ထက် လက်ရာ ကောင်းတဲ့ သူ ၊ ဈေးချို တဲ့ သူ တွေ ရှိနိုင်ပါတယ် ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment