❝ ငယ်ငယ်လေး ကို အရင် လုပ်ကြည့်ပါဦး ❞
“ ဆရာ ဆရာ ”
“ ဟာ ကိုချစ်ကြီးမောင် ”
“ ဆရာ လက်ဖက်ရည်ဆိုင် သွားရအောင် ”
“ အင်း အင်း အတော်ပဲ ၊ အခုလေးတင် မုန့်ဟင်းခါး အရည်ဖျော် တစ်ပွဲ တွယ်လာတာနဲ့ ”
ကျွန်တော် မောင်ချမ်းသာ ၏ ဘရိတ်ဖတ် မှာ များသောအားဖြင့် မုန့်ဟင်းခါး အရည်ဖျော် တစ်ပွဲ နှင့် ကော်ဖီ တစ်ခွက် ဖြစ်လေ့ ရှိပါ၏ ။
အဲဒီလို စားကြည့်ပါလား မိတ်ဆွေ ။ ဘယ်လို အကျိုး သက်ရောက်မှု ရှိသလဲ ဆိုတာ ။
သို့နှင့် လက်ဖက်ရည်ဆိုင် ရောက်
“ ဆရာ ဘာ သောက်မလဲ ဆရာ ”
“ ကော်ဖီ ရိုးရိုး ”
“ ပုံမှန် တစ်ခွက် ကော်ဖီရိုးရိုး တစ်ခွက် မုန့်အစုံ ချ ကွာ ”
“ ဆရာ မုန့် ”
ကိုချစ်ကြီးမောင် စေတနာ တွေ အလွန် ကောင်းနေပါ၏ ။
စာဖတ်သူ ချစ်မိတ်ဆွေ လူ တစ်ယောက် ဟာ ကိုယ့် အပေါ် မှာ စေတနာ တွေ အရမ်း ပရပွ ဖြစ် လာပြီ ၊ မျက်နှာ က လည်း အရမ်း ချို နေပြီ ၊ မျက်လုံး တွေ က လည်း အရောင် တောက် နေပြီ ၊ အပြုံး တွေ က လည်း အရမ်း လွန် နေပြီ ဆို သတိ ထားပါ ။
သူ ဟာ တစ်ခု ခု ကို အရမ်း လိုချင် နေလို့ အရမ်း ဝင် လုံး နေတာ ဖြစ်ဖို့ များတယ် ။
ကော်ဖီ သောက်ပြီးကြသော်
“ ဆရာ ကျွန်တော့် တူတော်မောင် ဖိုးချစ်အောင် ဖွင့် ထားတဲ့ ဆေးဆိုင် ကို ခဏလေး လိုက်ခဲ့ပါ ဆရာ ”
“ အယ် ကျွန်တော် က ဘာ အားဆေး မှ ဝယ် သောက်လေ့ မရှိဘူးနော် ”
“ ဆရာ ရယ် ဆေးဝယ် ခိုင်းမလို့ မဟုတ်ပါဘူး ၊ လိုက် ကြည့်ရုံကလေးပါ ”
“ ကဲ ကဲ ဒါဖြင့်လဲ ”
“ ဆရာ စက်ဘီး ထားခဲ့လေ ၊ ကျွန်တော့် မော်တော်ဆိုင်ကယ် နဲ့ ”
“ ဟင့် အင်း ဗျာ ကျွန်တော့် စက်ဘီးအိုကလေး က ကျန်းမာရေး ကို ပိုပြီး အထောက်အကူ ဖြစ်တယ်ဗျာ့ ”
ဆိုင် ရောက် သော် ။
လာ ဝယ်သူ မရှိ ။ ငုတ်တုတ်ကလေး မှိုင်တွေချ နေသော ကောင်ကလေး နဲ့ ကလေးမလေး ကို တွေ့ရ လေ၏ ။
“ ဆရာ ရောင်း မကောင်း လို့ ဆရာ ၊ အဲဒါ အကြံဉာဏ် ”
“ ကိုချစ်ကြီးမောင် ခင်ဗျား လူပေါင်း မှားပြီ ထင်တယ် ၊ ကျွန်တော် က ယတြာ တွေ ၊ အဆောင် တွေ ၊ လက်ဖွဲ့ တွေ လုပ်တတ်တဲ့ လူ မှ မဟုတ်တာ ”
“ မဟုတ်ဘူး ဆရာ ၊ ဆရာ့ ဆီ က အကြံဉာဏ် ကို လိုချင်တာ ”
အမှန် က သည် ဆိုင် ကို မြင် နေမိသည် မှာ ခြောက်လ ခန့် ကြာပြီ ခင်ဗျာ့ ။
အိမ် ရဲ့ ရှေ့မျက်နှာစာ အနံ ၁၅ ပေ လောက် ၊ အလျား ပေ ၃ဝ လောက် ရှိတဲ့ မြေကွက် ပေါ် မှာ အဆောင်အအုံ တစ်ခု ဆောက် ကတည်း က သတိ ပြုမိတာ ခင်ဗျာ့ ။ အုတ်ညှပ် မဟုတ်ဘူး ။ အာရ်စီ ခင်ဗျာ့ ။ တကယ့် အခိုင်အခံ့ သားသားနားနား ကို ဆောက် နေတာဗျာ ။
လူ နေ မှာ လား ၊ ဘာ လုပ်မှာလဲ ကျွန်တော် အမျိုးမျိုး စိတ်ကူးကြည့် နေတာ ။
ဟော အဲဒါလေး ပြီးသွား ၊ အကျအန ရွှိုင်း ၊ အပီအပြင် ဖြစ် လာတော့ ရှိုးကေ့စ် တွေ ဘာ တွေ ရောက် လာပြီး တော်တော် ကြီးတဲ့ ဆေးဆိုင်ကြီး ဘွားကနဲ ဖြစ် လာတာ တွေ့လိုက်ရ တော့တာပဲ ခင်ဗျာ့ ။
အလျား ပေ ၃ဝ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ ပေ လောက် ဆိုတော့ တော်တော်ကျယ် တော်တော်ကြီး တဲ့ ဆိုင် ပေါ့ ဗျာ ။
ပြီးတော့ နေရာ က ပြည်လမ်းမကြီး ရဲ့ ဘေး မှာ ဗျာ့ ၊ ဆိုစရာ မရှိဘူး ။
“ ဆရာ ရယ် ရောင်း မကောင်းလို့ ”
ဟုတ်ပေလိမ့်မည် ။ မနက် ကိုးနာရီ ထိ ဈေးဦး မပေါက်သေးပါဘူး တဲ့ ။
ဆိုင်းဘုတ် က လည်း အပျံစား ခင်ဗျာ့ ။ အကြီးကြီးပဲ မဟာ အာရောဂျံ ဆေးဆိုင်ကြီး ပါတဲ့ဗျာ ။
ရှိုးကေ့စ် တွေ ထဲ မှာ ၊ ရှိုးကေ့စ် တွေ ထဲ မှာ ဆေး တွေ ဆေး တွေ အပြည့်ပဲ ။
“ ဆရာ ရယ် ၊ ဒါလောက် ဆေး တွေ စုံ နေတာတောင် မရောင်းရလို့ ”
“ နေပါဦး ကိုချစ်ကြီးမောင် ၊ ဒီ ကလေး တွေ က အရင် က ဆေးဆိုင် ဖွင့်ဖူးသလား ”
“ မဖွင့်ဖူးဘူး ဆရာ ”
“ သူများ ဆေးဆိုင် မှာ ကော လုပ်ဖူးသလား ”
“ မလုပ်ဖူးဘူး ဆရာ ”
“ ဆေး နဲ့ ပတ်သက်တဲ့ သင်တန်း တွေ ၊ ဘာ တွေ ကော တက်ဖူးသလား ၊ ဥပမာ သူနာပြုသင်တန်း လို ဟာမျိုး ”
“ ဘာမှ မတက်ဖူးဘူး ဆရာ ”
“ ဟာ ကိုချစ်ကြီးမောင် ”
“ ပြောပါ ဆရာ အားမနာပါနဲ့ ”
“ စိတ် မဆိုးရဘူး နော် ”
“ စိတ် မဆိုးပါဘူး ဆရာ ”
“ ခင်ဗျား တူတော်မောင် ဒီ နေရာ မှာ ဒီလို ဆိုင်ကြီး ဖွင့် ပစ်လိုက်တာ တက်တက်စင် လွဲပြီဗျာ ”
“ ဆရာ ဘယ်လို ၊ ဒါလောက် နေရာ ကောင်း ၊ ဒါလောက် ဆိုင်ကြီး ၊ ဒါလောက် ဆေး တွေ စုံ နေတာကို ”
“ ဟား ဟား ကိုချစ်ကြီးမောင် ဒီတစ်ခါ တော့ ခင်ဗျား အတွက် ချော် သွားပြီဗျာ ”
“ ပြည်လမ်း ပေါ် နေရာကောင်း မှန်တယ် ၊ အဆောက်အအုံ ၊ ဆေးဝါး ၊ ကျွန်တော် ဘာမှ မပြောလိုဘူး ။ ဒါပေမယ့် ဒီ နေရာ က လူ ခြောက်တယ် ။ လူ မစည်ဘူး ဗျာ ။ နောက် တစ်ချက် က ကလေး တွေ က ဆေး နဲ့ ပတ်သက် လို့ ဘာ အတွေ့အကြုံ မှ မရှိဘူးဗျာ ”
“ သိန်း တစ်ရာ လောက် ရင်း ထားရတာ ဆရာ ”
“ အဲဒါနဲ့လဲ မဆိုင်ဘူးဗျာ ”
“ ဒီလိုဆို ဘယ်လို လုပ်ရမလဲ ဆရာ ”
“ ဆေးဝါးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ လူ ဆရာဝန် တွေ နဲ့ အလွမ်းသင့် တဲ့ လူ တစ်ယောက် ရအောင် ရှာ ၊ သူ့ ကို ဆရာ တင် ၊ ပြီးတော့ လူ စည်လေ့ ရှိတဲ့ ဈေးနား မှာ ပြောင်း ဖွင့် ဗျာ ”
“ ဒါဆို တစ် က ပြန် စရတော့မှာပေါ့ ”
“ အဟုတ်ပေါ့ ကိုချစ်ကြီးမောင် တစ် က ပြန်စ ၊ တတ် အောင် သင် ၊ ငယ်ငယ်လေး ကို အရင်လုပ် ကြည့် ၊ ပိုင် ပြီ ဆို မှ အကြီးကြီး ကို ဆော် ”
◾ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၄ ဖေဖော်ဝါရီလ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment