❝ ပဲတလင်းမှ အပြန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
နှောင်းတပေါင်း၏ နေသည် ပူပြင်းလှပါဘိ။ ပူလောင်လှပါဘိ။ အင်္ကျီအဝတ် နည်းသဖြင့် ထူပိန်းနေသော ရီးဆေးရိုး၏ ကျောပြင်ကြီးပင်လျှင် သည်နေနှင့် တွေ့သောအခါ ကော့သွား၏။ ကျောပေါ်သို့ မီးခဲကြီး ပစ်တင်လိုက်သလား ထင်ရ၏။
“အမယ်လေး … ဘယ်သူ့ အားကိုးပြီး ဒါလောက် ပူရတာလဲဟ၊ နေရ”
ရွှတ်နောက်နောက် အော်သံပေးရင်း နွားလေးကောင်ကို ပဲပြန့်ပေါ်သို့ မောင်းတင်လိုက်ရသည်။ အချိန်အားဖြင့် စက်နာရီ မွန်းတိမ်း တစ်နာရီခွဲ ခန့်မျှသာရှိသေးရာ မပူလျှင် ခံနိုင်ရိုးလား။ မျက်စိနာအောင် ပူမည်။ မျက်စိမွဲအောင် ပူမည်။ သည်မျှ မီးထခမန်း အပူကြီးထဲ ထွက်လာရန်အတွက် ရီးဆေးရိုး အလုပ်က မည်မျှ အရေးကြီးပါသနည်း။ အရေးကြီးပါသည်။ အလွန့်အလွန် အရေးကြီးပါသည်။
ယခုရက်ပိုင်းကလေးအတွင်းတွင် မြောင်းရေလာနေပြီ။ မကြာမီ ကိုယ့်အလှည့်ရောက်ကာ ‘ရေယူ’ ရတော့မည်။ ရေယူပြီး တစ်ပတ်အတွင်း၌ နေ့မနား ညမအား ထွန်ရယက်ရတော့မည်။ ဝါချရမည်၊ နှမ်းကြဲရမည်။ နှမ်းကြဲချိန်ရော၊ ဝါချချိန်ပါ မြောင်းရေအလာ နောက်ကျသောကြောင့် သီသီကလေး နှောင်းခဲ့ပြီဖြစ်ငြား ချရမည်သာ။ ကြဲရမည်သာ။ ဝါက စီမံကိန်းဝင် သီးနှံမို့ နိုင်ငံအတွက်၊ နှမ်းက ဈေးကောင်းသောကြောင့် ကိုယ့်အတွက်။ သို့ကြောင့် အချိန်ရှိခိုက်ကလေးတွင် သည်ပဲကို ပြီးအောင် နယ်ကာ၊ ပုတ်ထဲ တောင်းထဲ ထည့်ထားနိုင်ရန် အသော့နှင်ရသည်။ ပဲ ဟူသည် စပါးနှယ် မဟုတ်။ စပါးကောက်ပြန့်ကို သည်အချိန်ကြီး တက်နယ်ပါက အမှုန့်ဖြစ်ကုန်မည်။ ညနေ သုံးနာရီလောက်ကျမှ နယ်ရာတွင်ပင် ရေဖြင့် မှုတ်ပေးရသေးသည်။ ပဲကား ထိုသို့ မဟုတ်။ ကြေပါစေ။ ကြေနိုင်သမျှ ကြေ၊ မှုန့်နိုင်သမျှ မှုန့်စေရန် ယခုနှယ် နေပူကြီးတွင် နွားတွဲတင်ရခြင်း ဖြစ်၏။ အနီးတွင် သရက်ပင်ရိပ်ရှိသည်။ ရွက်ရင့် ညိုမောင်းတို့ဖြင့် ထီးဆောင်းပေးလျက်ရှိစေကာမူ ပဲပြန့်ကို အရိပ်နှင့် လွတ်အောင် တမင်ရှောင်ပြီး ပြန့်ထားရသည်။ အစေ့ မယှက်တယှက် သရက်သီးများသည် လေပြည် လာတိုင်း တနွဲ့နွဲ့ လှုပ်ယိမ်းနေကြ၏။ ကြွေကား မကြွေ။
“တယ် … ဒီနွားကြီးဟာ၊ လုပ်နေပြန်ပြီ”
နွားများကို နှစ်ကောင်စီ ပူးထားရာ၊ အတွင်းဘက်ကျသော နွားများ၏ လည်ပင်းတွင် အပြင်ဘက်မှ နွားများ၏ ‘ကန်ကြိုး’ ကို ပတ်ထား၏။ အတွင်းဘက် နွားများ၏ ကန်ကြိုးကို ရီးဆေးရိုး ကိုင်ထား၏။ ပဲပြန့်မှာလည်း နင်းစမို့ နင်း၍ မကောင်း၊ လျှောက်၍ အဆင်မပြေ။ ငြိသည်။ ချိတ်မိသည်။ ကားတာယာ ဖိနပ်စီးထားပါလျက်က ဖနောင့်ကို စူးသည်။ ခြေဖမိုးကို ခြစ်သည်။
“နာတော့မယ်နော်... အင်း... ဟင်”
ရီးဆေးရိုးသည် နတံ (နှင်တံ) ဖြင့် ရွယ်ရုံသာ ရွယ်သည်။ သံချွန်ဖြင့် မထိုးပေ။ ကျောကို နှင်တံဖြင့် တို့ရုံသာ တို့သည်။ မရိုက်ပေ။
“ဒီနမ (နွားမ) သေတော့မှာပဲ”
နွားပိုက်ကလေးနှင့် တွဲထားသော နွားမကြီးကိုမူ တစ်ချက်ရိုက်လိုက်သည်။ ထိုအခါကျမှ ရှေ့က အတွဲကို မီအောင်သွားသည်။ နွားမကြီး၏ တင်ပါးပေါ်သို့ နတံ ဖြန်းခနဲကျချိန်တွင် ရီးဆေးရိုးခမောက်ကို ဒေါက်ခနဲ တစ်စုံတစ်ရာ လာရောက် ထိမှန်ကာ ကျောက်ခဲ တစ်လုံး ပဲပြန့်ထဲသို့ ကျဆင်းသွား၏။
“ဟဲ့ ကလေးတွေ၊ မျက်လုံးမျက်ဆန် မှန်ကုန်မှဖြင့် ဘယ်နှယ့်လုပ်မလဲ၊ တယ်လေ... ငါ”
ဆဲရေးလိုက်မည်စိတ်ကူးဖြင့် “တယ်လေ” ဟု မောင်းတင်လိုက်သော်လည်း ဆဲ၍အကျိုးမရှိ၊ ကိုယ့် ပါးစပ်မှာသာ ဖရုသဝါစာဖြစ်ခြင်း အဖတ်တင်မည်ဟု ‘သတိ’ ဝင်လာသည့်အတွက် ‘ငါ’ တွင် ရပ်တန့်သွား ခြင်းဖြစ်၏။ သို့သော် မျက်စိအစုံမှာမူ ခွလောက်လေး (သားရေခွ) ပစ်သူကို ရှာဖွေနေမိသည်။
မလှမ်းမကမ်းတွင် မိန်းကလေးအချို့နှင့် ယောက်ျား ကလေးအချို့ကို မြင်ရ၏။ ထင်းရှာသူ ယောင်ယောင်၊ သရက်သီးအကြွေကောက်သူလိုလိုနှင့်။ ထိုယောက်ျားကလေးတွေထဲမှ တစ်ယောက်ယောက် ပစ်ခြင်းဖြစ်ပေမည်။ ယခုသော်ကား သူတို့ မလုပ်သယောင်၊ ကြောင်သူတော် ကြက်သူခိုးပုံနှင့် တစ်ဖက် လှည့်နေကြ၏။
“သရက်သီးကလည်း မဆွတ်သေး၊ ခင်ဗျားကလည်း ပဲနယ်လို့ မပြီးသေးဆိုတော့၊ တစ်နေ့ကို ကျောက်ခဲသုံးလေးလုံးတော့ အမှန်ခံနေရဦးမှာပဲ”
ပိတောက်ပင်ရိပ်တွင် လျှော်သပ်နေသော ကိုမြ အပြောဖြစ်၏။ ကိုမြမှာ သည်ပဲတလင်းမြေများပေါ်တွင် ရှိသော အသီးသီးသည့် သရက်ပင်များကို ‘ချုပ်’ ထားသူဖြစ်၏။ သို့ကြောင့် သရက်ပင်များကို လာစောင့်ရင်း လျှော်သပ်ခြင်း၊ ကြိုးကျစ်ခြင်း စသော အလုပ်များကို သည်နေရာသို့ ယူလာခဲ့ခြင်းဖြစ်သည်။
သို့တစေ သူသည် သည်သရက်ပင်များကို လက်ဝါးဖြင့် နေ့ရောညပါ အုပ်ထားနိုင်သူ မဟုတ်။ မဟုတ်သည့်အတွက် သရက်သီး လိုချင်သူများအပေါ်တွင် တင်းမာပြတ်တောင်းစွာ မဆက်ဆံရဲ။ “သရက်သီးကို ခဲတွေ၊ တုတ်တွေနဲ့ မပစ်ကြပါနဲ့။ အပစ်ခံရတဲ့ အသီးတွေ ကြွေကျမလာဘဲ ပဲ့ရွဲ့ကုန်မှာ၊ ပုပ်ကုန်မှာ စိုးလို့ ပါ။ ဒါကြောင့် စားချင်ရင် ‘လေကြွေသီး’ ကို ဝင်ကောက်ပါ” ပြောထားရ၏။ ကိုမြပေးသော သည်အခွင့်အရေးကို ကလေးတွေက ပညာသားပါပါဖြင့် လက်ခံကြသည်။ သူတို့သည် သရက်သီးကို အဝေးမှ ခွလောက်လေးဖြင့် ပစ်ကာ ကြွေမှ ဝင်ကောက်သည်။ အပင်အောက်မှ ပစ်ခွင့် မရှိသောကြောင့်ဖြစ်၏။
ရီးဆေးရိုး ခေါင်းကို လာမှန်သော ကျောက်ခဲမှာ သရက်သီးပစ်သော ကလေးတို့၏ လက်ချက်ဖြစ်ပေ၏။
“ခမောက် ဆောင်းထားလို့သာပေါ့ကွာ၊ နို့မို့ရင် အပေါက်ပဲ”
ရီးဆေးရိုးသည် မည်းမှောင်နေသော နှီးခမောက်ကြီးကို လက်ဖြင့် စမ်းကြည့်ကာ ပြော၏။ ပြောရင်းကလည်း မလှမ်းမကမ်းတွင် ရှိနေသော ကလေးများကို စောင်းကြည့်သလို ပဲပြန့်ပေါ်တွင်လည်း နွားသွားကြောင်း မထပ်စေရန် ကြိုးစတင်း၍ ရွှေ့ပေးနေ၏။
နွားများသည် တနဲ့နဲ့လှမ်းရင်း ပဲပြန့်ထဲမှ ပဲသီးပဲစေ့များကို ငုံ့၍ငုံ့၍ စားကြ၏။
ရီးဆေးရိုးသည် နွားများကို ‘နှုတ်သီးစွပ်’ စွပ်ပေးမထားပေ။ စပါးကောက်ပြန့် နယ်ရာတွင် နှုတ်သီးစွပ် စွပ်ပေးခြင်းမှာ နွားတွေ ဝမ်းပျက်မည်စိုးသောကြောင့် ဖြစ်၏။ ကုလားပဲကား ဥပဒ်မဖြစ်။ အာဟာရပင် ဖြစ်သေးသည့်အတွက် လွှတ်ပေးထားခြင်းဖြစ်၏။ နွားတစ်ကောင် ရုတ်တရက် အမြီးကြွလာ၏။ နောက်ဖေးသွားရန်ဖြစ်သည်။ ပဲပြန့်ပေါ်တွင် နွားတွေ နောက်ဖေးသွားပါက ခံယူရန် ‘ထန်းစစ်’ တွေ အသင့်ကောက် ထားသော်ငြား ထန်းစစ်ရှိရာသို့ ရီးဆေးရိုး ပြေးချိန် မရ။ လက်ဝါးနှစ်ဖက်ဖြင့်သာ ခံယူရ၏။
“သားငယ် သမီးငယ် မရှိတော့လို့ ခင်ဗျားကို ချေးမကိုင်ရတော့ဘူး ထင်နေတာဗျ”
ကိုမြက ပိတောက်ပင်အောက်မှ ထရပ်ရင်း ပြောသည်။
“နွားလည်း သားသမီးပဲပေါ့ကွာ”
ရီးဆေးရိုးသည် နွားချေးပစ်ရာမှ အပြန်တွင် ကောက်ဆွတစ်ချောင်းကို ဆွဲယူလာသည်။ အတော်ကြီး ပိပြားရုံသာမက ကျိုး၍ ကြေ၍လည်း နေပြီဖြစ်သော ပဲပြန့်ကို ဖွပေးသည်။ ဆွပေးသည်။ နွားလေးကောင်မှာ သွားရုံကလေးသာ သွားရင်း ကုလားပဲများကို နှိုက်စားနေကြ၏။
“ခင်ဗျာ့ဟာကလဲဗျာ၊ ကိုယ့်ဟာကိုယ် မောင်း၊ ကိုယ့်ဟာကိုယ် ဆွနဲ့ ခရီး မတွင်လိုက်တာ။ ရီးကျီးဒန် ဘယ်သွားလဲ”
“အ သုံးလုံး သင်တန်း တက်နေတယ်လကွာ”
ကိုမြ ပြုံးလိုက်သည်။
“အမယ်.. တယ်ဟုတ်ပါကလားဗျ”
“အမယ်ကြီးအို မရှိလည်း မြေးတွေ တစ်လှေကြီးရှိသားပဲဗျာ။ လယ်သမား သားသမီးပဲဟာ၊ နွားလောက်တော့ ကလေးတိုင်း မောင်းတတ်ပါတယ်”
“ဟုတ်ချင်ဟုတ်၊ မဟုတ်ချင်နေ မောင်ရေ့၊ ဥက္ကဋ္ဌက တကျီကျီ လာပြောနေလို့ သွားသင်တာ”
“ခုတလော ကလေးတွေ ဝက်သက်ပေါက်နေပါတယ် မောင်ရာ၊ နေပူကြီးမှာ မခိုင်းပါရစေနဲ့။ သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ပါ”
“ကျုပ်မျက်စိထဲမှာ ခင်ဗျာ့ကို မြင်ရတာ စိတ်မချမ်းသာလို့ ပြောနေတာဗျ”
“စိတ်မချမ်းသာလည်း မျက်နှာလွှဲနေပေါ့ ကောင်ရာ၊ ကုလားပဲဆိုတာ နေပူကြီးထဲ နှယ်ရတဲ့ဟာမျိုး ကလား။ ငါ့မှာ ဒီပဲကလေးပဲ ရှိတဲ့ အထဲ၊ အင်္ဂါထောင့်က မိုးသားတွေ မည်းခနဲ တက်လာလိုက်၊ စနေထောင့်က မိုးသားတွေ မည်းခနဲ တက်လာလိုက်နဲ့။ လုပ်ပြန်ပြီလား ဒီနွားကြီးဟာ”
နွားတွဲ အပြင်ဘက်မှ နွားကြီး နောက်ကျနေသဖြင့် နှင်တံဖြင့် လှမ်းတို့ရင်း အော်လိုက်ရသဖြင့် ရီးဆေးရိုး စကား အဆက်ပြတ် သွားငြား၊ စကားမဆုံးသေးပေ။
ရီးဆေးရိုးတို့သည် ရှေးရှေးအခါက ကုလားပဲ မလုပ်ဖူးကြပေ။ တစ်ဦးတလေ စမ်းသပ်တီထွင်ရာမှ ‘ရ’ သည်ကို မြင်သဖြင့် သီးထပ်သီးညှပ် ကုလားပဲ ဖြစ်ကုန်ကြခြင်း ဖြစ်၏။ ကုလားပဲမှာ မပင်ပန်းပေ။ စပါးလယ်ကွက်ကို ရေဖြတ်ခါနီးတွင် စပါးပင်များ ကြားတွင် ကုလားပဲ ပက်ထားလိုက်ခြင်းဖြစ်၏။ ပေါင်းသင်စရာ မလို၊ ရေပေးစရာ မလိုဘဲ တပေါင်းလအရောက်တွင် ရိတ်ယူလိုက်ရုံသာရှိ၏။ သို့သော် အထွက်နှုန်းတွင်ကား သီးညှပ်ဖြစ်သော ပက်ပဲ ထက်၊ သီးထပ် ဖြစ်သော ကြဲပဲက အထွက်သာသည်။ ကြဲပဲမှာလည်း ကောက်ရိတ်ပြီးစ လယ်ကွက်ကို အစိုမဆုတ်မီ အပြေးအလွှား ထပ်ထိုးပြီး ထယ်ရေးစလုံး စခုကြားတွင် ကြဲခြင်းဖြစ်သဖြင့် ပင်ပန်းလှသည် မဆိုသာ။ ရီးဆေးရိုးမှသာမဟုတ်၊ အခြားသူများလည်း ကုလားပဲကို အားထားကြသည်။
“ဒါကလေးက ရလာတဲ့ ပိုက်ဆံနဲ့ လူလည်း စားရ၊ နှမ်းစရိတ်၊ ဝါစရိတ်လည်း ‘ကာ’ မိရဲ့လို့ အားကိုး နေကာမှ၊ မိုးညို့ညို့လာရင် ရင်ထဲမှာ ထိတ်နေတာပဲ ငမြရဲ့။ အဲဒါကြောင့် နေပူကြီးလည်း နယ်ရတာပဲကွ”
“ဟောပြောရင်းဆိုရင်း ‘ ဝ-ထ-က-လသကြီး’ လာပါပြီဗျား”
ကိုမြက တလင်းဖျားအစပ်မှ တဘက်ကလေး ခေါင်းအုပ်လျက်၊ ကျောက်သင်ပုန်းနှင့် စာအုပ်ကို ရင်မှာ ပိုက်ပြီး လျှောက်လာသော ရီးကျီးဒန်ကို မေးငေါ့ပြ၏။
“အမယ် အသက်ကြီးမှ သင်တာဆိုပြီး အထင်မသေးနဲ့ ဆရာရေ့၊ အတော် ရေးတတ်၊ ဖတ်တတ်နေပြီဗျား”
ရီးဆေးရိုးက မတိုးမကျယ် ပြောလိုက်သဖြင့် ကိုမြ၏ အာရုံမှာ ကုလားပဲဘက်သို့ ပြန်ရောက်လာ၏။
“အခု ကုလားပဲ ဘယ်ဈေးလဲဗျ” "
“အပြင်ဈေးလား၊ အပြင်ဈေး ခုနစ်ဆယ် ကြား သကွ”
“ဒါလိုဆို အဘိုးကြီး အမယ်ကြီးတော့ ဌေးပြီပေါ့ဗျာ”
သည်စကားကို ရီးကျီးဒန် ကြားသွားလေသည်။ ပဲပုံပေါ်သို့ ကျောက်သင်ပုန်းနှင့် စာအုပ်ကို တင်လိုက်ရင်း ဝင်ပြော၏။
“ဘာဌေးတာလဲ၊ ကုလားပဲရိတ်ခကို ဘယ်သူ လာပေးမှာလဲ၊ ဆေးဖျန်းရတဲ့ ဆေးဖိုးကကော ဘယ်သွားထားမလဲ”
ရီးကျီးဒန်သည် ရန်တွေ့သံဖြင့် မေးရာက ကုလားပဲ ပြန့်ပေါ်တက်လာကာ ရီးဆေးရိုးလက်ထဲမှ နှင်တံနှင့် ကန်ကြိုးများကို လှမ်းယူလိုက်သည်။ ရီးဆေးရိုးမှာ ကူညီမည့်သူ ရောက်လာငြား အမော မဖြေနိုင်သေးပေ။ ကောက်ဆွ ယူလာကာ လေအေးဖြင့် ပြော၏။
“ဟုတ်သဗျား၊ တချို့လယ်တွေမှာ အသီးတန်းလန်းမြင်လို့ ပိုက်ဆံကုန်ခံ အရိတ်ငှားပြီး နှယ်လိုက်တော့မှ အထဲမှာ အဆန် မရှိတာ တွေ့ရသတဲ့”
“ဆေးဖျန်းနေကြတာ ကျုပ်မြင်ပါတယ်ဗျာ”
ရီးကျီးဒန်က ခပ်လှောင်လှောင်လေး ရယ်၏။
“အေးပေါ့၊ ပိုးသတ်ဆေးဆိုတာ ပိုးသေတဲ့ ဆေးပဲ။ အိမ်ကလူ အင်ဒရင်းတစ်ပုလင်း နှစ်ခါဖျန်းတာ၊ ဆေးဖိုးကုန်တာပဲ အဖတ်တင်လို့ လက်နဲ့ ကောက်ပစ်ရပါရောကလား”
“အသက် ပြင်းလှချေလားဗျ”
ကိုမြက ရီးဆေးရိုးကို ငဲ့စောင်းကြည့်ကာ ပြောသဖြင့် ရီးဆေးရိုးလည်း နွားနောက်မှ လိုက်၍ ဆွပေးနေရာမှ ဘေးဖဲ့ထွက်ပြီး ပြန်ပြောရသည်။
“ဘယ်သူရယ်တော့ မသိဘူးကွ၊ ကုလားပဲပင် ကျတဲ့ အဲဒီပိုးကောင်ကို ဖမ်းပြီး ဆေးရည်ထဲ ထည့်တာ မသေတဲ့ပြင် ကူးတောင် နေသေးသတဲ့ဗျား”
“ဗျာ .. နေပါဦး၊ ဘာပိုးလဲဗျ”
“ရွာသာကုန်းဘက်က လယ်သမားတွေကတော့ အဲဒီကုလားပဲပိုးကို ‘ခေါက်ချိုးကောင်’ လို့ ခေါ်သကွ။ ရှေ့ကို လှမ်းခါနီးမှ ဖင်ပိုင်းကို ခေါင်းနားရောက်အောင် ထောက်ထားပြီးမှ ခေါင်းက လှမ်းတော့ ခေါက်ထားသလို ချိုးထားသလို ဖြစ်သွားတာကိုးကွ”
“နာမည်ပေးလည်း ကောင်းသဗျို့”
“အေး... မင်းက နာမည်ပေးကောင်းနေ၊ ငါတို့မှာဖြင့် ကောက်လိုက်ရတာ တစ်ဧကကို လေးငါးပြည် ရသဗျား။ ပဲပင်ကြားမှာ လျှောက်သွားရတော့ နည်းနည်းပါးပါး ခြစ်ရာ ရှရာ ရှိတဲ့နေရာကို ပဲရွက်နဲ့ ထိတော့ စပ်သေးသဗျား”
“အဘိုးကြီး၊ အမယ်ကြီးတော့ ဌေးပြီဆိုဟဲ့”
ရီးကျီးဒန်က မျက်စောင်းထိုးရင်း မေး၏။
“ဒီလိုဆိုတော့လည်း ဟုတ်သားပဲဗျ”
ရီးကျီးဒန်သည် စကားလည်း ပြော၏။ နွားသွားရာကိုလည်း မထပ်အောင် သတိထားမောင်းသည်။ စက်ဝိုင်းရာကို ရွှေ့၍ရွှေ့၍ ပဲပြန့်တစ်ခုလုံး နှံ့အောင် မောင်းသည်။ ရီးဆေးရိုးလည်း ကောက်ဆွဖြင့် ဆွရင်း စကားပြောနေရာက ထွန်ခြစ်ကို ပြောင်းသုံးသည်။ အပေါ်ဆုံးကျသော အခက်ကြီးများကို သဲ့ယူပြီး ပဲပြန့် ပေါ်မှ ချပေးခဲ့ရာ၊ ကိုမြ ထွက်ခွာသွားချိန်တွင် ပဲပြန့်မှာ စူးစရာ ခြစ်မိစရာ အတော်နည်းသွားပေပြီ။ ပဲပြန့်သည် တစ်ချိန်ထက် တစ်ချိန် တိုး၍ ပြားချပ်လာသည်။ ပိပြား လာသည်။ ထို့ကြောင့် တစ်ဖက်စောင်း လုပ်ထားသော သစ်သားတုံး (တွန်းခုံ) ဖြင့် ပဲပြန့်အနှံ့ ထိုးပေးရသည်။ တောင်မြောက် စပ်အောင် ထိုးပြီးနောက် အရှေ့ အနောက်။
နေသည် ရမ်းဘိုကုန်းရွာ ဘေးရှိ ချောင်းထဲသို့ သက်ဆင်းစ ပြု၏။ ရီးဆေးရိုးသည် နေလုံးကို မျှော်ကြည့်လိုက်ပြီးနောက် ရီးကျီးဒန်အား လှမ်းပြော၏။
“ညည်းလည်း ပင်ပန်းလာတာပဲ မဟုတ်လား ကျီးဒန်၊ နေမကျခင် ချက်ရေးပြုတ်ရေး ရှိသေးတယ်။ ပြန်တော့”
“တော့်တစ်ယောက်တည်း ဖြစ်မလားတော်ရဲ့။ နွားမောင်းရဦးမယ်၊ အရိုးကြီး ချရဦးမယ်၊ ဆန်ခါကြီး စားရဦးမယ်”
ရီးဆေးရိုးသည် ဇနီးသည်အား ငဲ့ညှာစိတ်ဖြင့် အိမ်ပြန်လွှတ်မိငြား ပဲပြန့်အတွက် လုပ်ဆောင်စရာများကို ရီးကျီးဒန် ချပြသောအခါ ထပ်မပြောနိုင်တော့ပေ။ အချို့ အခိုင်အခက်ကလေးတွေမှာ အသီးမကြွေသေးဘဲ ရှိသေး၏။ သို့ကြောင့် ထမင်းအိုးတစ်လုံး ချက်စာခန့် ထပ်မောင်းပြီးမှ နွားတွဲချခိုင်းသည်။
နွားများ လည်ပင်းမှ ကြိုးကို ရီးကျီးဒန် ဖြုတ်ပေးနေစဉ်ဝယ်၊ သူက အရိုးကြီး ခြစ်သည်။ စပါးပြန့်တွင် ထွန်ခြစ်ဆွဲသကဲ့သို့ပင် လေးသွားထွန်ခြစ်ဖြင့် ပုရပိုက် ခေါက်ပုံ ဆွဲခြင်း၊ ခြစ်ခြင်း ဖြစ်ပေသည်။ ပဲရိုး အကျိုး အကြေများသည် ထွန်ခြစ်တွင် လုံးထွေးပြီး ပါလာရာ၊ တစ်နိုင်တစ်နိုင် အပုံကလေးတွေ ပုံထားခဲ့သည်။ ရီးဆေးရိုး ပုံထားခဲ့သော ထိုအပုံများကို ရီးကျီးဒန်က နောက်မှ လိုက်ပြီး ဆန်ခါဖြင့် ချသည်။ သည့်နောက်တွင်ကား ချက်ရေးပြုတ်ရေး ရှိသေးသည့်အတွက် နွားလေးကောင်နှင့်အတူ ပြန်သွားလေပြီ။ ရီးဆေးရိုး မနားဝံ့ပေ။ အချိန်မီ ပြီးစီးလို၍ ဖြစ်သည်။
အရိုးကြီး ချပြီးသော ပဲပြန့်ကို အနားသိမ်းလိုက်ကာ ဆန်ခါဖြင့် ချရတော့သည်။ ဤသည်ကိုပင် ‘ဆန်ခါကြီး စားသည်’ ဟု ရီးကျီးဒန် ပြောသွားခဲ့ခြင်း ဖြစ်၏။
အဝါရင့်ရောင် ကုလားပဲစေ့များ၊ ဆန်ခါပေါက်ထဲမှ အကျရပ်သွားတိုင်း ဆန်ခါပေါ်မှ အမှော်များကို တစ်နေရာရှိ အပုံပေါ်သို့ သွားလောင်းသည်။ သည် အမှော်မှာ နှယ်နှယ့် အမှော် မဟုတ်။ နွားစာကောင်း ဖြစ်သည့်အတွက် စနစ်တကျ စုပုံရခြင်း ဖြစ်၏။
ပဲပြန့် တစ်ဝက်ကျိုးချိန်တွင်ကား ရီးဆေးရိုး မခံနိုင်တော့ပါ။ သရက်ပင်ကို မှီပြီး နားရတော့သည်။ ခြောက်သော အာခေါင်ကို ဆွတ်ရန် ရေနွေးအိုး ရှာသည်။ ပဲမှုန်၊ အမှော်မှုန်များနှင့် တစ်သားတည်း ဖြစ်နေသဖြင့် ရုတ်တရက် ရှာမတွေ့ ။ ရေနွေးသောက် အပြီးတွင် အမှော်ကြားမှ ဆေးလိပ်ကို ကောက်ယူကာ မီးညှိသည်။ သို့သော် သုံးဖွာသာ ဖွာရသေးသည်။
“ဟာ.. နေကလဲ အကျမြန်လှချေကလား”
ရီးဆေးရိုး ခုန်ပြီး ထသည်။ ခါးအညောင်း မပြေသေးဘဲနှင့်ပင် ဆန်ခါကြီး ဆက်စားသည်။ အရေးကြီးပါသည် ဆိုကာမှ လက်က မသွက်။ ခြေနုတ်ခြေ သိမ်းလည်း လေးလံလွန်းသည်။ သည်အခါ နေလုံးကြီးမှာလည်း ချောင်းတစ်ဖက်ကမ်းရှိ ခင်တန်းဆီသို့ ပြေးဆင်းသွားပုံမှာ မြန်ဆန်လွန်းနေသည် ထင်မိလေ၏။
“ကြိုးစားပေး ရီးဆေးရိုးရေ... ကြိုးစားပေး”
တစ်ဖက် တလင်းတစ်ခုကျော်မှ လှမ်းပြောလိုက်သော ထွန်းမှုန်မှာလည်း ရီးဆေးရိုးနည်းတူ ပဲရိတ် နောက်ကျသူဖြစ်၏။ ရီးဆေးရိုးမှာ ပဲခင်းအဝါ မညီသောကြောင့် စောင့်ရသည့်အတွက် အရိတ် နောက်ကျရသည်။ ထွန်းမှုန်တို့ကား ရိတ်သူ ငှားရမ်း၍ ရုတ်တရက် မရသောကြောင့် ဖြစ်၏။
မည်သို့ဖြစ်စေ ထွန်းမှုန်တို့မှာ လူများသည်။ ပဲပုံများကို မိုးမိဦး၊ တစ်ယောက်တစ်လက်ဖြင့် ဖုံးနိုင် အုပ်နိုင်ပေမည်။ ရီးဆေးရိုးမှာကား တစ်ယောက်တည်း။ မှောင်စပြုပြီ။
ရီးဆေးရိုးလည်း ဆန်ခါကြီး စားပြီး သွားပြီ။ ပြီးပေမယ့် အိမ်မပြန်နိုင်သေး။ အနီးအနားတွင် စပါးတလင်း၊ ပဲတလင်းများကို ရည်ရွယ်ပြီး လွှတ်ထားသော စည်းကမ်းမဲ့ ဝက်တွေရှိသည်။ မိုး လည်း အခါမဟုတ် ရွာနိုင်သည်။ ပင်ပန်းတကြီး လုပ်ကိုင်ထားသော ကိုယ့်လုပ်စာကို စည်းကမ်းမရှိသော မွေးမြူရေးသမားတွေအတွက် အထောက်အပံ့ အဖြစ် မခံနိုင်ပါ။ မိုးကြောင့်လည်း အပျက်မခံနိုင်ပါ။
ရီးဆေးရိုး ဒူးမခိုင်ချင်တော့ပါ။ ပစ်နားလိုက်ချင်ပြီ။ ပစ်ထိုင်လိုက်ချင်ပြီ။ သို့သော် မနားနိုင်၊ မထိုင်နိုင်။ ထွန်ခြစ်ကို ပြောင်းပြန်လှန်တွန်းကာ ပဲပုံကို ထူရသည်။ ထူပြီးလျှင် ကောက်ရိုးထုံးများဖြင့် အထပ်ထပ် ဖုံးပြီးမှ နွမ်းနယ်နေသော ကိုယ်ကို အနိုင်နိုင် သယ်လျက် အိမ်သို့ တနဲ့နဲ့ ပြန်လာခဲ့လေ၏။
အိုးဖို တစ်ဖိုတလေတွင် မီးတရဲရဲနှင့် အိုးဖုတ်နေကြ၏။ အိမ်များတွင်လည်း တစ်အိမ်တလေတွင်သာ မီးရောင်မြင်ရသည်။ ရီးဆေးရိုးမှာ တစ်ခေါ် သာသာမျှသာ ဝေးသော တလင်းနှင့် အိမ်ကို ဝေးလွန်းသည် ထင်မိ၏။ သည်လမ်းကလေးကို လျှောက်ပြီး ပြန်လာခဲ့ရသည်ကိုလည်း ပင်ပန်းလှသည် ထင်ရကား အိမ်ပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် ကြမ်းပြင်ကို ဖုန်သော်မျှ မခါဘဲ လှဲချလိုက်လေ၏။
“ဪ… ချမ်းသာစွ၊ ချမ်းသာစွ ဆိုတာဟာ ဒါမျိုးကို ပြောတာများလား”
အားအင်ကုန်ခန်း နွမ်းနယ်နေချိန်တွင် ကြမ်းပြင်နှင့် ကျောနှင့် ထိလိုက်ရသော အရသာသည် ရီးဆေးရိုး အတွက် ချမ်းသာခြင်း ဖြစ်နေသည့်အတွက် ရီးဆေးရိုး ထိုသို့ စဉ်းစားမိခြင်းဖြစ်၏။
“ကိုဆေးရိုး ကိုဆေးရိုး”
ရီးကျီးဒန်၏ ခေါ်သံကို ရုတ်ခြည်း မကြားမိ။ တိုးတိုးခေါ်ရာမှ ကျယ်လာပြီး တစ်ဆက်တည်း မေး၏။
“ထမင်းရော ဟင်းရော ကျက်နေပြီ။ စားတော့မလား”
ရီးဆေးရိုးမှာ ထောင်းခနဲ ဒေါသဖြစ်မိ၏။ အလွန်အေးချမ်းစွာ နားနေခြင်းကို နှောင့်ယှက်သောကြောင့် ဖြစ်၏။ သို့အတွက် ကြမ်းကို ဖနောင့်ဖြင့် ပေါက်ပြီး ဒေါသတကြီး အော်ပစ်မိ၏။
“နင့်ထမင်း အသာနေစမ်း... သွား”
ရီးဆေးရိုး ကြမ်းကို ဖနောင့်ဖြင့် ပေါက်သော ခြေထောက်သည် လှုပ်ရုံမျှသာ လှုပ်နိုင်တော့သလို၊ ဒေါသတကြီး အော်လိုက်သော အသံသည်လည်း ဟလာသော ပါးစပ်သို့မရောက်၊ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားလေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်