Sunday, October 18, 2026

ကမ္ဘာနှစ်ခု


❝ ကမ္ဘာနှစ်ခု ❞
▢  သွန်းသက်နှင်း

၁

“တောင်တွေ ညိုလာပြီ...မယ်ကူး (အစ်မ) ငါတို့ ပြန်မှ ထင်တယ်”

ဥဒေါင်းတောင် တစ်ခိုမှာ တောင်ရိပ်တွေ ညို့မှိုင်းလာပြီဆို မိုးရိပ်ဆင်စပြုပြီလို့ ဒေသခံတွေ ယုံကြည်ကြပါသည်။ တဖျောဖျော တိုက်ခတ်နေသည့် လေတွင် မိုးငွေ့တွေ ကပ်ပါလာတာမျိုးကို ကျွန်မလည်း ခံစားမိပါ၏။ သို့သော် ကျွန်မ မပြန်ချင်သေး။

ဟိုးဝေးဝေးက အင်းလေးရေပြင်ကျယ်ကို ငေးမောရင်း တောင်ဘက်စွန်းစွန်းမှာ ခပ်ဝါးဝါး ဖူးမြော်နေရတဲ့ ဖောင်တော်ဦးဘုရားကို ဦးခိုက်မော်ဖူးရင်း ခဏဖြစ်ဖြစ် နေချင်ပါသေးသည်။ အင်းလယ် မကျတကျ သို့မဟုတ် မလှမ်းမကမ်း အင်းစပ်၌ ဆောင်း (ငါးဖမ်းသည့် ထောင်ချောက်) တစ်လုံးနှင့် ဆောင်းခုတ် (ရေပြင်ကို ဝါးလုံးဖြင့်ရိုက်၍ ဆောင်းထဲ ငါးဝင်အောင် ခြောက်လှန့်သည်) နေကြသည့် ငါးဖမ်းလှေလေးများ အပြာရောင် နောက်ခံနှင့်အပြိုင် လွင့်မြူးနေကြတဲ့ ငွေမင်ရောင် တိမ်သားတိမ်လိပ်များ... ။ အင်း ရေပြင်ကို ဘောင်ခတ်ငြိမ်သက်နေကြတဲ့ ညို့မှိုင်းမှိုင်းတောင်တန်းများ... ။ သည်မြင်ကွင်း။ သည်ဒေသ၊ သည်ရာသီဥတုတွေကို ကျွန်မ ချစ်သည် မောင့်ကို စွန့်လွှတ်ခဲ့ပြီးသည့် နောက် ကျွန်မအတွယ်တာရဆုံး၊ အမြတ်နိုးရဆုံးဆို၍ သည်ဒေသနှင့် ရေမြေတောတောင်တွေပဲ ရှိနေတော့သည် မဟုတ်လား။

“နင် ...အအေးခံလို့ မရဘူးလေ မယ်ကူး။ နင် မိုးမိရင် မို့အို (အဘွား) ငါ့ကို ဆူလိမ့်မယ်”

အစ်မလို့ ခေါ်ပြီး နင်နဲ့ ငါနဲ့ ပြောနေတဲ့ မီးပုကို ကျွန်မ သဘောတကျ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ တဖျတ်ဖျတ် လွင့်နေတဲ့ အင်းထဘီအနားစကို စုကိုင်ဖုံး ဖိရင်း ကျွန်မကို ပူပန်နေတဲ့ မီးပုမျက်နှာလေးမှာ ရိုးသားဖြူစင်မှုက အထင်းသား ပေါ်လွင်လျက်...။ တကယ်တော့ မီးပုက ရွာကြီးဘန်းပုံဟု ခေါ်သော အင်းထဲရွာသူလေးပင်။ မီးပု၏ မိဘနှစ်ပါး စက်လှေ မှောက်၍ ကွယ်လွန်သွားသည့်အချိန်မှစ၍ မို့အိုက ခေါ်ယူမွေးစားထားခြင်းပင်။ မေးရိုးခိုင်ခိုင်၊ မျက်နှာပြားချပ်ချပ်နဲ့ အသားညိုကာ တောင့်တင်းသန်မာဟန်ရှိတဲ့ အင်းသူကလေး မီးပုမှာ ကျွန်မသွားလေရာ တကောက်ကောက်လိုက်ဖို့ မို့အိုက မှာကြားထားပုံရပါသည်။ လောကကြီးတစ်ခုလုံးတွင် တစ်ဦးတည်းသော မြေးမဖြစ်သူ ကျွန်မအား မို့အို က သံယောဇဉ်ကြီးရှာသည်။ ကျွန်မအနားမှာ မရှိစဉ် အဘွား၏ လက်ကသုံးတောင်ဝှေး ဖြစ်သော မီးပုသည်လည်း သူမနှင့် ဘဝတူဖြစ်သော ကျွန်မအပေါ် ချစ်ခင်ရှာပါသည်။ ဥဒေါင်းတောင်ကနေ အင်းလေးကန်ဘက် တသီးတခြား ထိုးထွက်နေတဲ့ သည်တောင်စွယ်လေးပေါ် ကျွန်မ လာချင်တယ်ဆိုတော့လည်း မညည်းမညူ လိုက်ပို့ပေးရှာသည်။ ခပ်ပြေပြေတောင်ဆင်းလမ်းကို ကျွန်မ ဆင်းဟန်ပြင်တော့ မီးပုက ကျွန်မလက်ကို ကပျာ ကယာ လာတွဲသည်။ ကျွန်မ အသာအယာ လက်ကာပြလိုက်ရင်း...

“ရတယ် မီးပု။ ကျွန်မဘာသာ ဆင်းလို့ရပါတယ်”

“မို့အိုက မှာထားတယ်လေ။ နင့်ကို ဂရုစိုက်ပါတဲ့။ နင် တစ်ခုခုဖြစ်ရင် မို့အို ငါ့ကို ဆူမှာပေါ့”

အို ... မီးပုရယ်။ ကျွန်မက တစ်ခုခု မဖြစ်တော့ဘူးတဲ့လား။ မီးပုတို့ ဂရုစိုက်နေတဲ့ ကြားကမှ ကျွန်မ တစ်ခုခု ဖြစ်သွားရင်ရော။

အတွေးများကြောင့် ရင်အစုံသည် ဆူဝေလျက်။ မသိမသာ စူထွက်နေသော ဝမ်းဗိုက်ဆီသို့ လက်က အလိုလို ရောက်သွားသည်။ မလုံမလဲနှင့် မီးပုဆီသို့ ကြည့်လိုက်မိသော်လည်း မီးပုကတော့ ကျွန်မ အကြည့်ကို သတိပြုမိပုံမပေါ်။ ကျွန်မ သက်ပြင်းကိုသာ လေးတွဲစွာ ချလိုက်မိတော့သည်။

••••• ••••• •••••

၂

“မောင့်မှာ ကမ္ဘာနှစ်ခုရှိတယ် ဆိုပါစို့။ ကမ္ဘာတစ်ခုက ကျွန်မဆိုရင် နောက်ကမ္ဘာ တစ်ခုက မောင့်မေမေပေါ့။ ဘယ်လိုမှ စပ်ဟပ်လို့ မရနိုင်တဲ့ ကမ္ဘာနှစ်ခုကြားမှာ မောင်က ရပ်တန့်တွေဝေနေခဲ့တာ။ တစ်ခုခုကို ရွေးချယ်ရမယ်ဆိုရင် မောင့်မေမေ ရှိတဲ့ ကမ္ဘာကို ရွေးဖို့ ကျွန်မ တိုက်တွန်းရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမေရှိတဲ့ ကမ္ဘာဟာ သားအတွက် အလုံခြုံဆုံး၊ သားရှိတဲ့ကမ္ဘာဟာလည်း အမေ့အတွက် အပြည့်စုံဆုံး ဖြစ်နေလို့ပါပဲ။ ကျွန်မမှာ မောင် မရှိလည်း ပြည့်စုံပါတယ်လေ”

ဆတ်ခနဲ ပိတ်လိုက်မိသည် မျက်ဝန်းအစုံကြား မမျိုသိပ်နိုင်ဘဲ ယိုစီးကျနေသည့် မျက်ရည်များအား လက်ဖမိုးနှင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း ဦးခေါင်းအား ခါယမ်းလိုက်သည်။

မောင်သည် မောင်ပီသစွာ တွေဝေငြိမ်သက်နေခဲ့ပြီး မိခင်ရှိနေသည့် ကမ္ဘာကိုသာ တိတ်တဆိတ် ရွေးချယ်သွားခဲ့ဟန်တူ၏။ မိခင်ဖြစ်သူအား မည်သည့်အခါမျှ အတိုက်အခံ မလုပ်ခဲ့၊ စိတ်အနှောင့် အယှက်မပေးခဲ့သော မောင့်အတွက် ကျွန်မသည် တစ်ခုတည်းသော အတိုက်အခံ၊ အနှောင့်အယှက် ဖြစ်ခဲ့ရခြင်းကြောင့်လည်း မောင့်အား ကျွန်မ သနားအားနာလှပါသည်။ သည်သို့ဆိုလျှင် ကျွန်မ ဖွင့်ချပေးခဲ့သော လမ်းကြောင်းအား မောင် အသာတကြည် နင်းလျှောက်ထွက်ခွာသွားခြင်းကို ကျွန်မ ကြည်ဖြူခွင့်လွှတ်သင့်သည် မဟုတ်လား။ မောင်က မိခင်ရှိသော ကမ္ဘာတွင် လုံခြုံစွာ နေထိုင်၍ ကျွန်မက သား ရှိသော ကမ္ဘာတွင် ပြည့်စုံစွာ နေထိုင်နိုင်မည်။ အကယ်၍သာ မောင့်ရင်သွေးလေးအား ကျွန်မ လွယ်ပိုးထားရသည်ကို မောင် သိလျှင်ကော မည်သို့ ဆုံးဖြတ်လေမည်လဲ။

ဟင့်အင်း။ မောင် ဆုံးဖြတ်နိုင်မည် မထင်ပါ။ မောင်ဆုံးဖြတ်နိုင်ခဲ့လျှင်တောင် မောင့် ဆုံးဖြတ်ချက်ကို ကျွန်မ လိုက်လျောနိုင်မည် မဟုတ်ခဲ့။

“ယောက္ခမက သဘောတူ ကြည်ဖြူခြင်းမရှိတဲ့ သတို့သမီးဟာ မင်္ဂလာ မရှိဘူး မယ်နန်းရဲ့။ မို့အိုတို့ ဆွေစဉ်မျိုးဆက် နှစ်ဖက် အမိအဖက သဘောတူ ကြည်ဖြူပြီး လက်ထပ်ခဲ့ကြတာချည်းပဲ။ ယောက္ခမက သဘောမတူရင် ပစ်ပယ်ထားတာမျိုး မဟုတ်ရင်တောင် အဲ့ဒီ သတို့သမီးဟာ မျက်နှာ အတော်ငယ်ရရှာတာ”

“အင်းသားတွေရဲ့ အလေ့လား မို့အို”

“အင်းသား အလေ့တော့ မဟုတ်ပါဘူး မယ်နန်းရယ်။ မို့အိုတို့ မျိုးရိုးအစဉ်အဆက် လိုက်နာခဲ့ကြရုံပါ”

“ဒါဆို မို့အိုတို့ မျိုးရိုးက ကံကောင်းတယ်လို့ ဆိုရမယ်။ ကိုယ်ချစ်၊ သူချစ်လည်း ဖြစ်ပြန်၊ မိဘအသိုင်းအဝိုင်းကလည်း သဘောတူ ကြည်ဖြူပြန် ဆိုတော့လေ”

“အင်း...မယ်နန်းက အင်းသားမျိုးရိုး ဆိုပေမယ့် အင်းထဲမှာ မကြီးပြင်းရဘဲ ဗမာပြည်မှာ အနေများတော့ မို့အိုက စိတ်ပူလို့ပါကွယ်။ အင်းသူ၊ အင်းသားအချင်းချင်းတော့ မျိုးရိုးအလေ့တွေ လိုက်နာကြ၊ တန်ဖိုးထားကြပါတယ်။ ဗမာပြည်က အမျိုး သားတွေနဲ့များ မယ်နန်း မေတ္တာမျှခဲ့ရင် မို့အိုတို့အလေ့လေးများ ပျက်သွားမယ် စိုးလို့ပါ”

မျက်ရည်ရစ်ဝဲလက်စရှိသော မျက်တောင်တွေကို တဖျတ်ဖျတ် ခတ်လိုက် သည်။ မို့အို စိုးရိမ်သည့်အတိုင်း ကျွန်မသည် ယောက္ခမ မကြည်ဖြူသည့် မင်္ဂလာ မရှိသော သတို့သမီး ဖြစ်ခဲ့ရပြီ မဟုတ်လား။

••••• ••••• •••••

၃

ဝေါ့ခနဲ ပျို့တက်လာသော အန်ချင်စိတ်ကြောင့် ရင်ဘတ်ကိုဖိ၍ အန်ထုတ်လိုက်သော်လည်း လေတချို့သာ တဝေါဝေါ အန်ထွက်ကုန်သည်။ တရိပ်ရိပ် မူးဝေနေသော ဦးခေါင်းကို ထူမတ်ရင်း ကျွန်မအား လှမ်းကြည့်နေသော မို့အို၏ မျက်ဝန်းမှုန်မှုန် တို့အား ရင်မဆိုင်ရဲစွာ ခေါင်းကို ပြန်ငုံ့ထားလိုက်သည်။

“မိုက်လိုက်တာ မယ်နန်းရယ်”

မို့အို၏ မချိတင်ကဲ ရေရွတ်သံနှင့် အတူ နောက်ကျောဆီသို့ သိုင်းဖက်လာသော အတွေ့ကို ခံစားမိလိုက်သည်။ ဖွာရာ ကြဲနေသော မို့အို၏ ဆံစဖြူဖြူတို့အား အကြောင်းမဲ့ ငေးနေရင်း မျက်ရည်တို့သာ တွေတွေစီးကျလာသည်။ ကျွန်မ ကျောပြင် ကို ပွတ်သပ်ရင်း နှစ်သိမ့်ဖို့ရန် ကြိုးစားနေသော မို့အိုကိုယ်တိုင် အံကို တင်းတင်း ကြိတ်လျက် တည်ငြိမ်ခြင်းငှာ တည်ဆောက်နေပုံကပင် ကျွန်မအား ပို၍ နာကျင်စေပါ သည်။

မို့အို ကြိုတင် ရိပ်မိနေခဲ့သည်လား။ မြို့ပြ၌သာ အနေများ ပျော်ရွှင်သော မြေးမသည် ကျန်းမာရေးမကောင်း၍ အနားယူရန် ဟူသော အကြောင်းပြချက်ဖြင့် သွေ့ခြောက်နေသော ဆံစများ၊ ချိုင့်ဝင်ညိုမည်းနေသော နားထင်နားရင်းများ၊ အင်္ကျီဖားဖားကြီးများ ဝတ်ဆင်၍ မလုံ့တလုံ၊ မလုံမလဲ အကြည့်တို့ဖြင့် မဝံ့မရဲ ပြန်လာခြင်းအား တိတ်တဆိတ် အကဲခတ် လေ့လာနေခဲ့သည်လား။

“မို့အို ... နန်း ... နန်း မို့အို မဖြစ်စေချင်တဲ့ မင်္ဂလာမရှိတဲ့ သတို့သမီး ဖြစ်ခဲ့ရပြီ”

အစွမ်းကုန် ထိန်းချုပ်ထားပါလျက် တာကျိုးသလို ပြိုဆင်းလာသော မျက်ရည်များအား ကျွန်မ မတားဆီးလိုတော့။ မို့အို လက်မောင်းအား တင်းတင်းဆုပ်ကိုင်ရင်း တုန်ခိုက်ဆွေးမြည့်စွာ ငိုချလိုက်သည်။

“အို...မယ်နန်းရယ်။ မိခင်လောင်းတစ်ယောက်လောက် မင်္ဂလာရှိတဲ့မိန်းကလေး ရှိဦးမလားကွယ်။ အဲဒီလို မတွေးရဘူး နော်”

အားပေးနှစ်သိမ့်မှုသက်သက် စကားတို့အား မို့အိုသည် လေးဖင့်စွာဖြင့် တိုးတိုး ဆိုလေသည်။ မျိုးရိုးအစဉ်အလာကို အလေးထားခဲ့သော အဘွားအိုသည် မြေးဖြစ်သူ၏ မိုက်မဲမှုအား ဖုံးဖိနိုင်သလောက် ဖုံးဖိထားလိုဟန် ပေါ်၏။ ထို့နောက် ဆုံးဖြတ်ချက် တစ်ခုအား အခိုင်အမာချလိုက်ပုံနှင့်-

“မို့အိုတို့ ကျားတုံရွာကို ပြောင်းကြမယ်။ မီးပုရယ်၊ မယ်နန်းရယ်၊ မို့အိုရယ် အဲဒီမှာ သွားနေကြတာပေါ့”

ကျားတွဲရွာသည် ဥဒေါင်းတောင်ခြေရှိ ရွာများထဲမှ ရွာတစ်ရွာဖြစ်သည်။ ရှမ်း၊ ပအိုဝ်း၊ ဓနုနှင့် တောင်ရိုးလူမျိုးတို့ အများဆုံး နေထိုင်ပြီး တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြသည်။ ရိုးသားအေးချမ်းသော လူမျိုးစုတွေမို့ ကျွန်မအကြောင်းကို မို့အို တွေးတောမိပုံရပါသည်။

ဦးခေါင်းသည် တရိပ်ရိပ်မူးဝေလျက် မို့အို၏ ပခုံးစွန်းကို မှီတွဲထားသည့်တိုင် မြင်ကွင်းတို့၏ ချာချာလည် မူးဝေခြင်းမှာ သက်သာမသွား။ ဖြူဆုတ်ဖျော့ဖတ်နေသော မျက်နှာအား မို့အို မြင်လျှင်-

“မယ်နန်း အိပ်ရာထဲ ခဏလှဲနေနော်။ မို့အို မီးပုကို ပြောပြီး ပြောင်းဖို့ရွှေ့ဖို့ လုပ်ဦးမှ”

ပြတင်းပေါက်မှ သွေ့သွေ့တိုက်ခတ်လာသော လေပြည်ကြောင့် အနည်းငယ် နေသာထိုင်သာ ရှိသွားသော်လည်း တလှပ်လှပ် တုန်နေသော ရင်အစုံသည် ပြေပျောက် မသွားပေ။ ဖြူဖျော့ကာ ပိန်လှီနေသော လက်ချောင်းတို့ဖြင့် ခပ်စူစူ ပူစပြုနေသော ဝမ်းဗိုက်အား ပွတ်သပ်ရင်း မောင့်မျက်ဝန်း တွေကို မြင်ယောင်မိပြန်၏။ တွေဝေပျော့ ညံ့သော၊ မိခင်ကို အားကိုးတွယ်တာလွန်းသော မျက်ဝန်းတို့သည် ကလေးတစ်ယောက်နှင့်မခြား ဖြူစင်ကြည်လင်နေသည်မှာ အပြစ်ဆိုဖွယ်ရာ မရှိဟု ထင်သည်။ ထိုမျက်ဝန်းတွေကြောင့်ပဲ မောင့်အပေါ် ကျွန်မ ယစ်မူးသာယာစေခဲ့သည် မဟုတ်လား။

••••• ••••• •••••

၄

“မောင့်မေမေက နန်းနဲ့ ဘာလို့ သဘောမတူတာလဲ။ နန်းက ဆင်းရဲလို့လား”

ကျွန်မ အမေးကြောင့် မောင် စိတ် မသက်မသာဟန် ပြုံးသည်။ ကျွန်မဆံစများအား ဆွဲယူနမ်းရှိုက်ရင်း ...

“တချို့အမေတွေက သူတို့သားကို ဘယ်မိန်းမနဲ့မှ သဘောမတူကြဘူး နန်းရဲ့။ အင်း...မောင့်မေမေက ပိုဆိုးမယ်နဲ့ တူတယ်”

“အတ္တကြီးလိုက်တာရော မောင်ရာ။ သူလည်း မောင့်ဖေဖေကို ယူပြီး မောင့်ကို မွေးလာတာ မဟုတ်ဘူးလား။ နန်းသာ အမေတစ်ယောက်ဆို နန်းရဲ့သားကို စိတ် မဆင်းရဲစေချင်ပါဘူး။ သူကြိုက်တဲ့သူကို ယူပစေပေါ့။ နန်း သဘောတူ ကြည်ဖြူပေးမှာ ပဲ။ တစ်သက်လုံး သိမ်းထားနိုင်တဲ့ အရာမှ မဟုတ်ဘဲကို”

ကျွန်မရဲ့ အပြောကို မောင်က သဘောကျစွာ ရယ်မောရင်း ကျွန်မနဖူးအား ဖွဖွ နမ်းသည်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ လက်ထောက်အင်ဂျင်နီယာဖြစ်သူ မောင်နှင့် ထိုကုမ္ပဏီမှ စာရင်းကိုင် ကျွန်မတို့၏ ချစ်ခြင်းသည် ရိုးစင်းခဲ့ပါသည်။ ကုမ္ပဏီတစ်ခုတည်း အလုပ်လုပ်သူတွေမို့ နေ့စဉ် မြင်နေ၊ ကြားနေရာမှ သံယောဇဉ်တွေ တွယ်လာမိပြီး တစ်ဆင့်တက်ကာ ချစ်သူဖြစ်ခဲ့ကြသည်။

“မေမေ သဘောတူအောင် မောင် ကြိုးစားမှာပေါ့ နန်းရယ်။ နန်းကို မောင် မခွဲနိုင်ပါဘူး”

ကျွန်မကို ယစ်မှူးစွာ တမ်းတမ်းတတ မောင် ပြောလာလျှင် မောင့်အလိုကို မလွန်ဆန်နိုင်ဘဲ လိုက်လျောခဲ့ရသည့် အကြိမ်တွေ များလာသည်။ နှစ်ဦးစလုံး အဆောင်ငှားနေရာမှ တိုက်ခန်းတစ်ခန်းငှားပြီး အတူနေခဲ့မိသည်အထိ ကျွန်မ အရှက် အကြောက်မဲ့ မိုက်မဲခဲ့သည်ဟု ဆိုရမည်ပင်။

ဟုတ်သည်၊ ကျွန်မ မိုက်မဲခဲ့သည်။ မောင့်ကို ချစ်ခဲ့မိသည်က ပထမမိုက်မဲမှု၊ ကိုယ်ဝန်ရလောက်အောင် ပေါ့ဆခဲ့သည်က ဒုတိယမိုက်မဲမှု၊ တိုက်ခန်းသို့ မထင်မှတ်ဘဲ ရောက်လာကာ ကျွန်မအား ထိခိုက်နစ်နာအောင် စွပ်စွဲပြောဆိုပြီး မောင် ထိတ်လန့်ကြေကွဲအောင် ခြိမ်းခြောက်ပြောဆိုခဲ့သော မောင့်မေမေအား မုန်းတီးမိခြင်းသည် တတိယမိုက်မဲမှု။ မောင့်ရင်သွေးကို လွယ်ထားရပါလျက် နာကြည်းစိတ်ဖြင့် ဖွင့်မပြောဘဲ မောင့်ကို ထွက်သွားခွင့်ပေး လိုက်သည်ကရော အကြီးမားဆုံး မိုက်မဲမှု ဖြစ်ခဲ့လေသည်လား။

“ဝေါ့”

အိပ်ရာဘေးရှိ ထွေးခံကို ယူ၍ ဝေါ့ခနဲ အန်ချလိုက်သည်။ လေနှင့် ချွဲအရိအရွဲမှ လွဲ၍ မည်သည့်အရာမှ ထွက်မလာ။ အော်ကလီဆန်ကာ ပျို့တက်နေသော ရင်အစုံအား ဖိပေးထားရင်း မီးပုသည် အပြစ်တင်စကားကို တတွတ်တွတ်ပြောနေသည်။ အိပ်ရာနံဘေး ခုံပေါ်တွင် ချထားသည့် ထမင်းပန်းကန်မှာ အရာမယွင်းသောကြောင့်ပင်။

“နင် အစားအသောက် စားမှ ဖြစ်မယ်လေ။ အားရှိဖို့ လိုတာကို။ မစားနိုင်၊ မသောက်နိုင်ဆို ကလေး ဘယ်လို မွေးနိုင်မှာလဲ။ မယ်ကူး ကြောင့်တော့ ခက်ပါတယ်။ မို့အို ခု ရွာထဲ သွားတယ်။ သားဖွားဆရာမ သွားခေါ်တယ် ဆိုလား။ ပြန်လာလို့ ဘာမှ မစားထားတာ မြင်ရင် ငါပါ အဆူခံရမပေါ့။ ငါ့သနားရင် နည်းနည်းစားနော် မယ်ကူး”

“စားချင်စိတ် မရှိပါဘူး မီးပုရယ်။ မို့အို မလာခင် မြန်မြန် သိမ်းလိုက်နော်။ တော်နေကြာ မို့အို စိတ်မကောင်းဖြစ်နေမယ်”

“ဟော ...မို့အို ပြန်လာပြီ”

ခြံဝိုင်း ထဲဝင်လာသော မို့အိုကြောင့် မီးပုသည် ထမင်းဝိုင်းကို ကမန်းကတန်း သိမ်းဟန်ပြင်သည်။ မို့အိုနှင့် အတူပါလာ သော ဆရာမသည် ကျွန်မအား တစ်ချက် ကြည့်ရင်း...

“လူနာက ပိန်လိုက်ရန်ကော။ အားနည်းနေတာပဲ။ ဖြစ်နိုင်ရင် ညောင်ရွှေ ဆေးရုံကို သွားပါလား အဘွား။ ဆေးရုံတင် ဖို့လိုရင် ဆေးရုံတင်လိုက်ပါ။ အခုက ပုံမှန် ခံတွင်းပျက်တဲ့ပုံ မဟုတ်တော့ဘူး။ သွေးပေါင်ချိန်တွေလည်း အရမ်းကျနေတယ်။ ကျွန်မ ကိုယ်ဝန်ဆောင်အားဆေးနဲ့ ဆေးတစ်လုံး ထိုးပေးခဲ့မယ်။ ညီမကလည်း အားဖြစ်မယ့် အစာလေး ဝင်အောင် စားပေးနော်။ ကလေး ဖွံ့ဖြိုးသန်မာဖို့ရာ ညီမ အစားကောင်းကောင်း စားပေးမှရမယ်”

“ဆေးရုံသွားကြရအောင်နော် မယ်နန်း”

ကျွန်မလက်ကို ဖွဖွဆုပ်ကိုင်ရင်း တိုးတိုးပြောနေသော မို့အိုအား ငေးကာ ဦးခေါင်းကိုသာ ခပ်သဲ့သဲ့ ယမ်းပြလိုက်သည်။ စိတ်မကောင်း ဖြစ်နေသော မို့အိုသည် ပို၍ အိုစာဟန် ပေါက်နေသည်။ ညို့မှိုင်းနေသော မျက်ဝန်းတို့တွင် မျက်ရည်ကြည်တို့ ဝေ့သီနေ၏။ သက်ပြင်းကို အခါခါရိုက်ရင်း တောင်း ပန်တိုးလျှိုးဟန် ပေါက်နေသည့် အကြည့်တို့ဖြင့် ကျွန်မကို ခပ်စူးစူး စိုက်ကြည့်နေပြန်သည်။

“နန်းကို ခွင့်လွှတ်ပါ မို့အိုရယ်။ နန်း ဆေးရုံလည်း မသွားချင်ဘူး။ နန်း လူတွေကို ကြောက်တယ်။ ကလေးအဖေ ဘယ်သူလဲ၊ ကလေးအဖေ မပါဘူးလားလို့ မေးကြလိမ့်မယ်။ နန်း ... နန်းလေ ”

••••• ••••• •••••

၅

“မယ်နန်း”

ခေါ်သံတို့သည် တောင်နံရံအဆင့်ဆင့်ကို ရိုက်ခတ်လာသလို ပဲ့တင်ထပ်ကာ နီးလာလိုက်၊ ဝေးသွားလိုက်နှင့် မပီမသ မညီမညာရှိလှသည်။ တဝုန်းဝုန်း၊ တဝေါဝေါအသံတို့သည် ဥဒေါင်းတောင်ထွတ်ဆီမှ တောင်ပြိုကျသည့် အသံလေလား။

ဥဒေါင်းတောင် တကယ် မပြိုဘဲ တောင်ပြိုသံကြားရသူသည် သေဆုံးတတ်သည်ဟု ကြားခဲ့ဖူးသည်။ ကျွန်မ သေဆုံးရတော့မည်လား။

ကျွန်မအတွက် သေခြင်းတရားက ဘာများ ထူးဆန်းနေလို့လဲ။

အလင်းနဲ့ အမှောင်ကြား ဆက်ထားသောကြိုးကလေးတစ်ချောင်းမျှသာ... ။ ကျွန်မ ဖမ်းဆုပ်ကိုင်ထားသလို လွှတ်ချလိုက်ဖို့ အဆင်သင့်ဖြစ်နေသော အရာ၊ အလင်းနှင့် အမှောင်ဟု ဆိုသော်ငြားလည်း မှိန်ဖျော့ဖျော့ အလင်းတန်းသည် အရှိန်သေစပြုနေ သော မီးတောက်တစ်စလို ချုပ်ငြိမ်းဖို့ရန် အားယူ၍ အမှောင်ထုသည်သာ ကြီးစိုးလု ခမန်း ဖြစ်နေသည်မဟုတ်လား။ အင်းသား သေလျှင် အင်းငါး ဖြစ်သည်တဲ့... ။ ကျွန်မကရော အင်းငါးလေး တစ်ကောင်အဖြစ် ပြန်လည်ပေါက်ဖွားလာမည်လား။

“မယ်နန်းရေ”

မို့အို၏ အသံသည် ကျွန်မအနား၌ ကပ်၍ ခေါ်နေပါလျက် အဘယ်ကြောင့် အဝေးကြီးမှ လာသလို တုန်ယင်တိုးသက်နေပါသလဲ။

ကျွန်မလက်ကို အုပ်မိုးဆုပ်ကိုင်ထားသော မို့အို၏ လက်အစုံသည် နွေးထွေးလွန်းလှသည်။

သို့မဟုတ် ကျွန်မကပဲ အေးစက်လွန်းနေသည်လား။

အိပ်ရာနံဘေး ဖွင့်ထားသော ပြတင်းပေါက်ဆီမှ စိမ့်ဝင်လာသော လေသည် အေးစက်၍ ရနံ့တစ်မျိုးမျိုး ပါဝင်နေသကဲ့သို့ ထင်ရသည်။

ပထမတော့ ချိုအီစွာ...၊ ထို့နောက် တဖြည်းဖြည်း ပြင်းရှလာသော ရနံ့ကြောင့် ကျွန်မ အသက်ရှူကျပ်လာ၏။ တံခါးပိတ်လိုက်ပါလား မီးပုရယ်။ နှုတ်ခမ်းတို့အား ကြိုးစား၍ ဖွင့်ဟကာ ပြောလိုက်သော်လည်း လေသံသဲ့သဲ့မျှပင် ထွက်မလာပေ။ ခါး အောက်ပိုင်း တစ်လျှောက်မှ တဆစ်ဆစ် ကိုက်ခဲမှုသည် အေးစက်ထုံကျင်ခြင်းသို့ ကူးပြောင်းစပြုလာသည်။

“အင်း”

ညည်းသံရှည်သဲ့သဲ့ဖြင့် ညည်းညူလိုက်သော်လည်း အသံသည် နှုတ်ဖျားမှ ထွက်မသွားဘဲ ခန္ဓာကိုယ်အကြိုအကြား မကျန် မြည်ဟိန်းရိုက်ခတ်ပြီးမှ တလွင်လွင် ပျောက်ဆုံးသွားပြန်သည်။ မျက်ဝန်းအစုံကို ဖွင့်လိုက်သည်။ မြင်မြင်သမျှ အရာတို့သည် အနီရောင် အစက်အပြောက်များ၊ အနက် ကျားကျားများ။

နောက် ကလေးငယ်၏ ရယ်သံသဲ့သဲ့။ ဟင့်အင်း .. ငိုသံလည်း ဖြစ်နိုင်ပါသည်။

မောင်ရေ...။ တဖြည်းဖြည်း နီးကပ်လာသော မျက်ဝန်းကြည်ကြည်တို့သည် ကြည်လင်လာလိုက်၊ ဝေဝါးသွားလိုက်နှင့်။

ကျွန်မ ပါးစပ်ကို ဟကာ အသက် ပြင်းပြင်းရှူဖို့ ကြိုးစားလိုက်သည်။ ပြောချင်သည့် စကားလုံးတို့က နှုတ်ဖျားသို့ အလုအယက် တိုးဝင်လာခြင်းကြောင့် အသက်ရှူနှုန်းပင် တန့်သယောင် ဖြစ်သွားသည်။

“မောင်ရေ နန်းတို့ရဲ့ ဘဝနှစ်ခု အစား မောင်ရယ်၊ နန်းရယ်၊ သားလေးရယ် သုံးယောက်ပေါင်း ဘဝတစ်ခုတည်းကိုသာ နန်း ရွေးချယ်သင့်ခဲ့တာနော်။ အခုတော့ မင်္ဂလာမရှိတဲ့ သတို့သမီး၊ မင်္ဂလာမရှိတဲ့ မိခင်အဖြစ် နန်း အားလုံးကို နှုတ်ဆက်ရတော့မယ်။ မီးပုရေ အဲဒီပြတင်းပေါက်ကို ပိတ်ပေးစမ်းပါကွယ်။မို့အို မို့အိုရဲ့ မျိုးရိုးထဲမှာ နန်းက နောက်ဆုံးမျိုးဆက်၊ မျိုးရိုးအလေ့ကို မထိန်းနိုင်ခဲ့တဲ့ နောက်ဆုံး၊ နောက်ဆုံးပေါ့နော်။ အေးလှချည်ရဲ့။ အသက်ရှူ မဝတော့ဘူး မီးပုရယ်။ သားရေ မယ့်ကို ခွင့်လွှတ်ကွဲ့။ မယ့်မယ့် သားဆီ လာခဲ့မယ်၊ လာခဲ့မယ် လူလေးရေ”

▢  သွန်းသက်နှင်း
📖 မဟေသီ မဂ္ဂဇင်း
      မေလ ၊ ၂၀၁၉

Saturday, October 17, 2026

ယုန်မရသော တောမှ ကြေစေဟု

❝ ယုန်မရသော တောမှ ကြေစေဟု ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

အဖြူတွင် အပြောက်လည်းပါသည်။ ခွေခွေကလေးလည်း နေသည်။ သည်အရာသည် မုချ မြွေပွေး ဖြစ်ရမည်။ ရီးဆေးရိုး မြင်လိုက်ချိန်နှင့် သိလိုက်ချိန်သည် တစ်ပြိုင်နက်တည်းလိုလိုဖြစ်သည်။ လှမ်းချလိုက်သော ခြေထောက်ကိုလည်း ချက်ချင်း ရပ်တန့်သည်။ သို့သော် ခြေထောက်က ဖြူဖြူပြောက်ပြောက် အခွေပေါ်သို့ ထိုးဆင်းသွားလေပြီ။ ထိန်းလိုက်၊ သိမ်းလိုက်။

“နင့်အမေကလွှား၊ သွားပြီဟေ့”

ရီးဆေးရိုး၏ အကြောအခြင်နှင့် ကြွက်သားများက ရီးဆေးရိုး၏ အသိနှင့် တစ်ထပ်တည်း မကျပါ။ မြွေပွေးကို တက်နင်းလေတော့သည်။ ရီးဆေးရိုးမှာ နင့်အမေကလွှား အော်ရင်း မြွေပွေးကိုက်ဝေဒနာ မည်သို့ နေပါလိမ့် စောင့်စားလိုက်မိသည်။ လျှပ်တစ်ပြက် အချိန်။ သည် လက်ဖျစ်တစ်တွက်ကာလတွင် ခြေထောက်က မြွေကို နင်းမိပြီ။ ရီးဆေးရိုးသည် မြွေကို ကုန်းကောက်၏။ နားလာသော ယင်ကောင်ကိုပင် မလွတ်စေရအောင် ပေါက်နိုင်သည်ဆိုသော မြွေပွေးသည် ပျော့စိစိကြီးဖြစ်သည်။ ထို့ပြင် မကိုက်၊ ပေါက်လည်း မပေါက်။ မည်သည့် အရာပါနည်း၊ ကုန်းကောက်သည်။ ရီးဆေးရိုး၏ အူမကြီးသည် ယားကျိကျိဖြစ်လာသည်။ ရယ်မောသံကြီးသည် မုန်းမြောင်း ပေါင်ပေါ်တွင် ပေါက်ကွဲ လွင့်ပျံလေတော့၏။

ရီးဆေးရိုး၏ လက်ထဲသို့ ယိမ်းနွဲ့လျက် ပါလာသောအရာမှာ ပန်းခက် တစ်ခက်သာ ဖြစ်၏။ ထားဝယ်မှိုင်းပန်း ဖြစ်ချင်ဖြစ်မည်။ ဧကရာဇ်ပန်းလည်း ဖြစ်နိုင်သည်။ မှိုးမှိုးမှောင်မှောင်မို့ မကွဲပြား။ သို့သော် ပွင့်တံရှည်သော ပန်းဖြစ်သည်ကား အမှန်ပင်။ တစ်ပွင့်ချင်း ပန်၍ မလှ။ နှစ်ပွင့်တည်း ပန်၍ မလှသောပန်း။ သည်ပန်းများကို နှစ်ပွင့် သုံးပွင့် တစ်တွဲတွဲသည်။ အတွဲများ၏ ညှာတံချင်း လိမ်ခက်သည်။ ယှက်နွယ်သည်။ အခက်အအုံကြီး ဖြစ်တော့မှ ကြည်စွ ဝမ်းသာစွာဖြင့် ကေသာလွတွင် ဆင်သည်။ ဤပန်းကို ကြည်နူးစွာ ပန်လျက် သည်မုန်းမြောင်းပေါင်ပေါ်မှာ စောစောစီးစီး ဖြတ်သွားခဲ့သော မိန်းမသည် မိန်းမပျို မိန်းမလွင် ဖြစ်ကောင်းဖြစ်မည်။ အိမ်ထောင်ရှင်လည်း ဖြစ်နိုင်သည်။

ကင်ပွန်းခါးပင်ထက်တွင် တစ်ဖွဲ့တစ်နွဲ့ တွန်ကျူးနေသော ချိုးနီပုကလေးသည် ဝါးခွဲသံနှယ် ပြင်းထန်သော ရယ်မောသံကြောင့် လန့်ပျံ၏။ သည်လန့်ပျံသံကြောင့် ရီးဆေးရိုး အတွေးပြယ်သည်။ “နင့်မေကလွှား ငါမှာတော့ မြွေမှတ်လို့ ” ရယ်သံတစ်ပိုင်းတစ်စဖြင့် ရေရွတ်ရာက၊ ပန်းကုံးကို မြောင်းထဲသို့ပစ်ရာက ‘ကန်’ ကြိုးကို တောက်၏။

နွားနှစ်ကောင်သည် အသော့လှမ်း၏။ ထမ်းပိုး တုံးပေါ်တွင် တင်ထားသော ထွန်သန်များသည် မြောင်းပေါင်ကို မျဉ်းကောက်ကြီးတစ်ကြောင်း ရေးခြစ် သည်။ မျဉ်းကောက်ရေးဆွဲသံသည် မြောင်းပေါ်မှ ဖဲ့ဆင်းချိန်တွင် ပျောက်ကွယ်ပြီ။

••••• ••••• •••••

၂

သင်္ကြန်မိုးသည် ပူပြင်း မာခေါက်သော ရိုးပြတ်မြေကို လှုပ်နှိုးခဲ့၏။ မြေကြီး နိုးထပြီ။ ပွရွ ကြွတက်လာသည့် ဝမ်းရောင်မြေသည် ရီးဆေးရိုးအား အသံပေးနေသည်။ မြန်မြန်ထွန်၊ မြန်မြန်ကြဲ။ ရီးဆေးရိုးကား အဘိုးကြီးပေမယ့် ဝီရိယကောင်းသည်။ သင်္ကြန် လက်ဆေးမိုး မရွာမီ မိုးနှောင်းထွန်ချိန်ကပင် ထွန်ရေး လုပ်ထားပြီးပြီ။ သင်္ကြန်လက်ဆေးမိုး ရွာလျှင် ရွာ၊ မရွာလျှင် မြောင်းရေ သွင်းပြီး နှမ်းကြဲရန်။

အရှေ့ပြင် အပြာသားကြီးသည် ထင်းခနဲ ပေါ်လာသည်။ မရမ်းရောင်မျဉ်းကြောင်း၊ ပန်းရောင် အဖတ်အရွက်များ ခြယ်ဆင် ချိတ်ဆွဲထား၏။ အပြောကျယ် အပြန့်လွင်ကြီးထဲမှ သည်မိုးကုပ်စက်ဝိုင်းကို မြင်လိုက်ရသည်နှင့် ရီးဆေးရိုး ရင်မှာ အေးမြ၏။ အားသစ်အင်သစ် ဖြစ်ပေါ်၏။ အတောမသတ် စွမ်းအင်တွေ ထုတ်သုံးရတော့မှာပါတကား။

“ဟင်း.. ဟင်း...၊ ဟင်း....ဟင်း...”

နွားမောင်း သံ၊ တောက်ခေါက် ငေါက်ငမ်းသံများသည် လှုပ်ရွေ့နေသော မည်းမည်းအရာများထံမှ ထွက်ပေါ်နေသည်။ ကုလားပဲ ရိတ်သိမ်းပြီးချိန်မှစပြီး အထီးကျန်နေခဲ့သည့် လယ်ပြင်၏ မာန်ဖီသံ၊ သို့မဟုတ် အရုဏ်တေး ငြိမ်။

အလင်းရောင်သည် လျင်မြန်စွာ ပြေးဝင်လာ၏။ ရီးဆေးရိုး လေးကွက်ကျား နှစ်စပ်ရချိန်ဝယ် နှမ်းကြဲရန် အသင့်ဖြစ်ပြီ။ ထိုအခါ စဉ်းစားစရာသည်လည်း ပေါ်လာတော့၏။ ဖွင့်ကြဲမည်လား အုပ်ကြံမည်လား။ လေသည် တဟူးဟူး တိုက်နေ၏။ သည်ပုံ လေပူကြီး တိုက်နေလျှင် မိုးဝေးလိမ့်မည်။ ပုံမှန်အနေအထားမှာ သည်အတိုင်း ဖြစ်ငြား၊ ခါမဲ့မိုးသည် ဖြုန်းခနဲ ရောက်လာတတ်၏။ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်း။

အပါးတွင် ရီးကျီးဒန်လည်း မရှိ။ မည်သူ့ကို တိုင်ပင်ရမှန်းမသိ။ မည်သူ့ထံ ထင်မြင်ချက်တောင်းရမည် မသိ။ တောင်ကြည့် မြောက်ကြည့် ကြည့်မိသည်။ ဣန္ဒြေကြီးတစ်ခွဲသားနှင့် လယ်ထိပ်ညောင်ခြေထောက်ပင်ကြီး။ သူတို့အသံနှင့် သူတို့ ဆူစည်နေသော လယ်ဘေးက ထန်းပင်တွေ။

“ဟယ်...ဖြစ်ချင်ရာ ဖြစ်လကွာ”

ပြောင်းဖူးစေ့နှင့် ရောစပ်ထားပြီးသား နှမ်းအိတ်ကို ဖွင့်သည်။ ခါးပိုက်ထောင်ထဲ ထည့်သည်။ လက်တွင်း တစ်ဆုပ် ဆုပ်လျက် ခြေလှမ်းမှန်မှန် လှမ်းရင်း လက်ကို လွှဲသည်။ နှမ်းစေ့နှင့်ပြောင်းဖူးစေ့သည် လက်ညှိုးနှင့် လက်မကြားမှ ပြေးထွက် လွင့်ပျံကြ၏။ ထို့နောက် ထွန်သွားအားလုံး ချွတ်ပစ်ပြီး ထွန်တုံးပေါ်သို့ လူတက်စီးကာ မောင်းသည်။ နေနီခြမ်းကလေး မပြူတပြူ၊ လေပြည်တသွေးသွေးမို့ ‘တုံးအုပ်’ ရသည်မှာ အရသာရှိလှ၏။ ငြိစရာ၊ စူးစရာ ထွန်သွား မပါသည့်အတွက် နွားတွေကလည်း သဘောကျလှ၏။ ထင်းခနဲ နေလုံးကြီးပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း အပူဒဏ်ကို ရီးဆေးရိုးက စတင်ပြီး သိသည်။ သပိတ်ဖင်ပေါ်လောင်းချသော ရေနှယ်ခွန် အားသည် လျှောခနဲဆုတ်ယုတ်၏။ နောက်တစ်ကွက် ‘ဖွင့်’ ပြီးချိန်တွင်ကား နွားနှစ်ကောင်ပါ ခြေကျ သွားတော့သည်။ ဆက်ရက်ခေါင်းညိုများသည် အုပ်လိုက်ကျလာ၏။ ခိုနှင့် ချိုးမူ ခပ်ရှောင်ရှောင်၊ ခပ်စိမ်းစိမ်း။ ထွန်နောက်မှ ခုန်ဆွ ခုန်ဆွလိုက်ကာ ဖြူဖြူဖွေးဖွေး ‘ပိုးတီ’ ကောင်ကြီးများကို ကောက်ယူကြသည်။ မြေပြင်ကို လက်ပံပင်သဖွယ် သဘောထားကာ ရန်ပွဲ ကျင်းပကြသည်။

သူတို့သည် သွေးစိမ်းရှင်ရှင်ဖြင့် မြေပိုး၊ ပိုးတီကောင်နှင့် နွားချေးပိုးများကို စားရငြား မကျေနပ်။ ရီးဆေးရိုးက ရှေ့ကကြဲ၊ သူတို့က နောက်မှ ကောက်ဖြင့် နှမ်းစေ့ပြောင်းစေ့ကိုလည်း အလွတ်မပေးပေ။ သို့အတွက် ရီးဆေးရိုးမှာ ထွန်သွားကို ကြိုတင် ချွတ်ထားရသည်။ နှမ်းကြဲခြင်းမှာ လက်ယမ်းလျက် လမ်းလျှောက်ခြင်းဖြစ်စေကာမူ ရီးဆေးရိုး မောသည်။ ချွေးဥ ချွေးပေါက်များသည် ကိုယ်လုံးအနှံ့ စိမ့်ယိုလာကြပေပြီကိုး။ သို့တစေ မနားနိုင်၊ ထွန်တုံးပေါ်တက်ပြီး မောင်းရင်းကသာ အမောဖြေရတော့သည်။ ကာလပေါ် ကောက်စိုက်မ အစိတ်စာခန့် ပြီးသွားပြီ။ ရီးဆေး ရိုးနားရပြီ။ လယ်ထိပ်ရောက်အောင် မသွားနိုင်။ နီးရာ နဘူးချုံရိပ်တွင် ဝင်ခိုရသည်။ တုံးရိုက်ထားသော လယ်ကွက်များမှာ ခင်းထားအပ်သော သင်ဖြူးဟောင်းနှယ် ကွပ်ရွပ်သေခွေဘိ၏။

••••• ••••• •••••

၃

မိုးရိပ်မိုးဆင် အရိပ်အခြည် မမြင်ရလေလေ ရီးဆေးရိုး ပီတိဖြစ်ရလေလေ။ နှမ်းကြဲပြီး ‘တုံး’ အုပ်ထားခြင်းမှာ ရှိပြီးသား မြေအစိုဓာတ်ကို ထိန်းခြင်းဖြစ်သည်။ မိုး မနီးလျှင် သူ့အစိုဓာတ်နှင့်သူ အပင်ပေါက်လာမည်။ မိုးနီးလျှင်ကား ပုပ်ပေ ရိပေရော့။

သည်ပုံ လေပြင်းလျှင်ကား မိုးဝေးသည်။ ပီတိ ဖြစ်နေစဉ်မှာပင် ကျောက ယား၏။ ထွန်တုံးပေါ်မှာ ရပ်လျက် နွားနှစ်ကောင်ဆွဲရာသို့ နှင်တံ တမြှောက်မြှောက်လိုက်ပါရင်း ကျောကို ကုတ်၏။ ကျောကို ကုတ်သောအခါ လက်မောင်းက အားကျမခံ ယားပြန်သည်။ လက်ဖျံကို ကုတ်ရင်း ကြည့်မိသည်။ အပိမ့် အပြင်ကြီး ဖြစ်နေသော မိတ်ဖုများအလယ်၌ ရွေးကြီးစေ့ခန့် အဖုများ။ ထိတ်ခနဲဖြစ်သည်။ နဖူးကို လက်ဝါး ဖြင့် စမ်းသည်။ ကျောက်ကြီးရောဂါ စတင်ခြင်းလော သံသယဝင်သဖြင့် ဖြစ်၏။ ငါ ကျောက်ပေါက်ပြီး သားပါဟု တွေးမိမှ အထိတ်ပြေကာ “ကျောက်ရောဂါ မရှိတော့ဘူးလည်း ပြောသံကြားပါတယ်” သတိရပြန်သဖြင့် ရင်အေးရသည်။

နေသည် တစ်မိနစ်ထက် တစ်မိနစ် ပိုမို ပူလောင်မှု ပြင်းထန်၏။ ကိုယ်လုံးအနှံ့ကလည်း တဖျင်းဖျင်း ဖြစ်၏။ စပ်သည်ရော၊ ယားသည်နှင့် နာကျင်သည်ပါ စုဆုံလှောက်၏။ နှမ်းကြဲရင်းကပင် ရပ်ရပ်ပြီး ကုတ်ရသည်။ ကုတ်ရဖန် များလာပြီ။ ရီးဆေးရိုး စိတ်မရှည်။ “ကဲ... ဒါလောက် ယားချင်တာ ယားဟာ” ဆိုကာ မကုတ်ဘဲနေသည်။ ယားသောနေရာကို ကုတ်သဖြင့် အရေခွံ ပွန်းပဲ့သည်။ သည်အပွန်းအစုတ်ထဲသို့ ချွေးရည် စီးဝင်သည်။ စပ်သည်။ ပွန်းပဲ့စုတ်ပြတ်ပြီးသား နေရာမှ ယားပြန်သည်။ ကုတ်ပြန်သည်။ ပွန်းပဲ့ပြန်သည်။ ထိုအခါ ယားလည်း ယား၊ နာလည်း နာ၏။ မကုတ်ဘဲ လိမ်ပိန်နေလိုက်သောအခါ ထိုဝဋ်မှ ကျွတ် လေပြီ။ သို့သော် ဒုက္ခသစ်သည် ရှိနေ၏။

ရီးဆေးရိုး၏ ခါးက ကိုက်ခဲနေသည်။ ကုပ်ဆက် အောက်နားကလည်း ကိုက်ခဲခြင်းသာမက အောင့်ခြင်း ဝေဒနာပါ ဖြစ်နေသည်။ ထွန်ပေါ်မှ ဆင်းပြီး ထွန်ရေးထဲမှာပင် ပစ်လှဲချင်သည်အထိ ကိုက်ခဲအောင့်အည်း လှသည်။ ဤသို့ မချိတရိ ရှိငြား ရီးဆေးရိုး အံကြိတ် ထား၏။ “သွားတစ်တိုင်၊ ထိုင်ခဏ” ဟု ဆိုရိုးရှိသည်။ တစ်ခဏဟု ထိုင်နားနေစဉ်တွင် နေမြင့်လာမည်။ ပိုပြီး ပူလာမည်။ ဤအခါ ပိုပြီး ယားယံမည်။ ပိုပြီး ပင်ပန်းမည်။ သို့အတွက် ရီးဆေးရိုး အံကြိတ်ထားသည်။

“သွားလိုက်စမ်း သားတို့ရေ၊ သွားလိုက်စမ်းဟ”

နတံ (နှင်တံ) ကို မြှောက်ရုံသာ မြှောက်သည်။ နွား၏ တင်ပါးနှင့် ကျောပြင်ကို နှင်တံဖြင့် ပွတ်ရုံသာပွတ်သည်။ အသွားမရှိသည့် ထွန်တုံးချည်း ရုန်းဆွဲနေရပါလျက် နွားတွေ မောနေပြီ။ မရိုက်ရက်။ ရွှေပြည်စိုးမြည်တွန်သံ လွင့်ဝဲလာ၏။ မပီမသ မကြည်မြရှာပါ။ ခမျာလည်း အပူဒဏ်ကြောင့် ပါးစပ်ကလေး ဟလျက် ရှိရာချေမည်။ ရီးဆေးရိုး တွေးရင်း မျှော်ကြည့်သည်။ သုံးခေါက်မောင်းမျှသာ ကျန်တော့သည်။ နှမ်း ကြဲထားသော ထွန်ရေးပြင်အဆုံးတွင် ခြောက်သယောင်း၍ မြက်ပင်များကို ဖုံးနေသည့် ကန်သင်း။ ကန်သင်းပေါ်သို့ ခြေထောက်နှစ်ချောင်း ကျရောက်လာသည်။ ရီးဆေးရိုး ခေါင်းမော့လိုက်သည်။ ခရီးသွားပေလော၊ လယ်နီးချင်းတစ်ယောက်ယောက်ပေ တည်းလော။ မဟုတ်ပါ။ ရီးကျီးဒန် ဖြစ်သည်။ ထမင်း လာပို့သော ရီးကျီးဒန်။

ထမင်းပို့သူ လာပြီ။ စားရတော့မည်။ အင်အား ထည့်ပြီး တွေးမှ ဖြစ်ပေါ်လာသောအသိ မဟုတ်။ ရီးကျီးဒန်ကို မြင်ခါမျှဖြင့် သိသော အသိ။ သိလျှင် သိချင်း ဝမ်းသာသည်။ ဝမ်းသာပါလျက်က ရီးဆေးရိုး၏ ကြည်နူးငြိမ်းချမ်း မျက်နှာသည် ရုတ်ခြည်း ခက်ထန်တင်းမာလေ၏။ အကြောင်းသော်ကား ကလေး တစ်ယောက်ကြောင့်ပေတည်း။ ရီးကျီးဒန်၏ ခေါင်းပေါ်တွင် ထမင်းထုပ်ပါရှိသည့်နည်းတူ ခါးတွင်လည်း ခါးထစ်ခွင်ထားသော ကလေးတစ်ယောက်ပါသေးသည်။ ပါလာသည်မှာ ရယ်မောရွှင်ပျလျက် မဟုတ်။ တအီအီ ငိုနေသောကလေး။

“အရေးထဲမှာ သည်ကလေးကို ဘာပြုလို့ ချီလာရတာတုံး”

မချိသွားဖြဲ ဝေဒနာများကြားမှ လှမ်းငေါက်သည်။ နားရွက်ကို ပွတ်ခတ်တိုးဝှေ့နေသည့် လေသံကြောင့် ရီးကျီးဒန် ကြားပုံ မရ။ ညောင်ခြေထောက်ပင်အောက်သို့ အသော့နှင်သွားသည်။

••••• ••••• •••••

၄

ထွန်တုံးပေါ်မှ ဆင်းလိုက်ပြီ။ မည်သူကမျှ အတင်းအကျပ် မခိုင်း၊ ကိုယ့်ဆန္ဒဖြင့် ကိုယ်လုပ်သော အလုပ်။ သည်အလုပ်ကြီး ပြီးသွားသည့်အတွက် စိတ်လက် ပေါ့ပါးသွားရမည်။ ဝမ်းသာရ ပျော်ရွှင်ရမည်။ ရီးဆေးရိုးကား ဝမ်းမသာပါ။ အံကြိတ်လျက် ရှုံ့တွနေသည်။ အဘယ်မှာ ပေါ့ပါးရွှင်လန်းစွာဖြင့် ဝမ်းသာနိုင်ပါမည်နည်း။ ကုပ်ပိုးနှင့် ခါးရိုးတစ်လျှောက် သွယ်တန်း ကိုက်ခဲနေသော ဝေဒနာ၊ လွှဖြင့်တိုက်ဆောက်ဖြင့် ထွင်းသည့် အလား၊ မီးတောက်ဖြင့် မြိုက်နေသည့် အလား ကိုက်ခဲနာကျင် ပူလောင်နေသည်မဟုတ်လား။ သို့ပါလျက်နှင့် ထွန်ကို ‘ထွန်ညှင်းကွင်း’ မှ ချွတ်ရသေးသည်။ ထွန်တုံးကို နေပူကြီးထဲ ပစ်ချထားခဲ့လျှင် ကွဲမည် စိုးသောကြောင့် ထမ်းပိုးပေါ်မှာ အလာတုန်းက ပုံအတိုင်း တင်ရသည်။ ချွတ်ထားသော ထွန်သွားတွေကိုလည်း ‘သပ်’ တို အစအနပါ မကျန်ခဲ့ရအောင် ကောက်ယူစုဆောင်းပြီးမှ ညောင်ပင်အောက်သို့ မောင်းလာခဲ့လေ၏။

လယ်ကွက်တွင်းသို့ နယ်ချဲ့မလာစေရန် အကိုင်းတွေ ခုတ်၊ အမြစ်တွေ လှီးဖြင့် မရပ်မဖင့် လုပ်နေပါလျက် ညောင်ခြေထောက်ပင်ကြီးမှာ စည်ကားဝေဆိုင်းလှ၏။ ရွက်သစ်တဝေဝေဖြင့် နေပြောက် မထိုး၊ အရိပ်ကောင်း အောက်ရှိ မြေပြင်အေးအေးပေါ်သို့ ပစ်လှဲအိပ်လိုက်ရလျှင် အဘယ်မျှ ကောင်းချေမည်နည်း။ သည်အတွေးဝင်လာလေလေ ရီးဆေးရိုး၏ ခါးက ပိုပြီး ကိုက်လေလေ။ အတွေးစိတ်ဖြင့် ဆန္ဒ သွားရည် ယိုလေလေ၊ ကုပ်ဆက်က အောင့်လေလေဖြစ်တော့သည်။ သို့ကြောင့်လည်း ထွန်သွားတွေ ပစ်ချ၊ ထွန်ကို ဆွဲချအပြီးတွင် မြစ်ပျဉ်းပေါ် ခေါင်းတင်လျက် လှဲအိပ် ပစ်မိတော့၏။

“ဘယ်လို လုပ်တာတုံး။ ထမ်းပိုး ချွတ်ဦးလေ”

ရီးကျီးဒန် ရေနွေးအိုးတည်နေသည်။ ဝါးလုံး ခေါင်းသံပါအောင် ‘မီးပြောင်း’ ဖြင့် မီးမှုတ်နေရာက သတိပေးသည်။ သတိပေးငြား ရီးဆေးရိုး မလှုပ်ရှား။ ကမ္ဘာပေါ်ရှိ အကောင်းဆုံးစည်းစိမ်တွင်း၌ ပေါလောကြီး မျောနေသည်။ ရီးကျီးဒန်သည် ထမ်းပိုးတန်းလန်းနှင့် နွားနှစ်ကောင်ကို အကဲခတ်သည်။ သူတို့လည်း အမောဖြေဆဲ ရှိသေးသည်။ တစ်ကောင် အိပ်၊ တစ်ကောင် ရပ်၊ ခေါင်းခါ လည်ခါ မလုပ်သေး။ သို့ကြောင့် ဆက်မပြောဘဲ ငြိမ်နေလိုက်သည်။ ‘သူ အမောပြေလို့ ထတဲ့အခါ ဖြင့်။ ဖြုတ်လိမ့်မပေါ့’ သဘောဖြင့်။

ရီးဆေးရိုးသည် သူ၏ အမယ်ကြီးအို ခန့်မှန်းချိန် အထိပင် စည်းစိမ်ခံမနေပါ။ ကိုက်ခဲပူလောင်သော ဝေဒနာများ လျော့ပါးစတွင်ပင် ငေါက်ခနဲ ထထိုင်သည်။ စောင်းငဲ့ကြည့်ရင်းက မကျေနပ်သံကို ထပ်မံ ထုတ်ဖော်သည်။

“သည်ကလေးကို ဘာပြုလို့ ခေါ်လာရသတုံးဟ”

ထမ်းပိုးကို ထဖြုတ်သည်။ ဖြုတ်ရင်းကလည်း ကလေးကို အလိုမကျသော မျက်လုံးများဖြင့် စောင်းစောင်းမဲမဲ ကြည့်သည်။ ထမ်းပိုးကို ချထားခဲ့ပြီးချိန်တွင်လည်း ရီးဆေးရိုး၏ အကြည့်မှာ ဒေါသအာဃာ တရောင်များ တောက်ထိန် လောင်ညီးနေဆဲ ရှိသေး၏။

“တော့်မလဲ သည်ကလေးပဲ ရန်လုပ်နေတာပဲ”

ပင်ပန်းရာတွင် ယားနာဆင့်သဖြင့် သူ့ယောက်ျား စိတ်တိုနေလိမ့်မည်သိငြား ရီးကျီးဒန် ကာကွယ်မိသည်။ မြစ်ကလေးကို ချစ်သည်ထက် သနားသောကြောင့်ဖြစ်သည်။ ရီးဆေးရိုးသည် ရီးကျီးဒန်အား မတုံ့ပြန်ချေ။ မူလနေရာတွင် ပြန်လှဲနေသဖြင့် ရီးကျီးဒန် ဆက်၏။

“ညှော်ရှောင်ရအောင် ဆိုပြီး သူ့အဖေ ချီလာတာ။ ‘အမေကြီး’ဆိုပြီး အတင်းကပ်နေတာ။ သူ့ကို ချော့နေရရင် တော် ထမင်းစား နေမြင့်မှာ စိုးလို့ ခေါ်လာခဲ့ရတာ”

“အမယ် ညှော်တွေဘာတွေ လုပ်လို့”

“အမဲသားကြော်တာ မဟုတ်ဘူး။ ဝက်သား၊ ကြက်သားကြော်တာ မဟုတ်ဘူး။ ငရုတ်သီးကင်တာတဲ့ တော်ရေ့”

ရီးဆေးရိုးသည် တုံးလုံးလှဲလျက်က စောင်းငဲ့ ကြည့်သည်။ နဖူးတွင် ကျောက်သံပတ္တမြား စီခြယ် ထားသော ကလေး၊ ပါးပြင်တွင်လည်းကောင်း၊ နှာ ခေါင်းတွင်လည်းကောင်း ‘မိတ်ကြီးနာ’ အနာစိမ်းတွေ ထွက်နေသည်။ ရီးကျီးဒန်သည် ပုဆိုးစုတ်ခင်းပြီး ကလေးကို ချော့သိပ်နေသည်။

“ကလေးအမေမှာလည်း သူ့ကို ဘယ်သူကမှ အကောင်းမထင်မှန်းသိလို့ ကျွန်းကြီးငနွား လုပ်လိုက်ရတာ သနားပါတယ်တော်”

“အို … ဘာပြုလို့ သနားရမှာတုံး”

ရီးဆေးရိုး ဒေါသဖြင့်ဆိုသည်။

သည်ကလေးမှာ သူတို့မြေး မောင်ကိုကြီး၏ သား ဖြစ်သည်။ ကလေးအမေကို မောင်ကိုကြီးနှင့် သဘော မတူကြ။ သဘောမတူဘဲ ပေးစားလိုက်ရသဖြင့် ရွံရှာကြသည်။ မုန်းထားကြသည်။ အခြားသူတွေ မုန်းထားကြခြင်းမှာ ကလေးအမေ ဆင်းရဲသောကြောင့်။

ရီးဆေးရိုး၏ အမုန်းကား သည်သို့ မဟုတ်။

“ငါ့မြေးရဲ့အညွန့်ကို ချိုးပစ်တာ သည်ကောင်မပဲ”

ရီးဆေးရိုးသည် သူ့မြေးကို ထွန်းကားချွန်မွန် လိမ့်မည် မျှော်လင့်၏။ အထင်ကြီး၏။ မောင်ကိုကြီး ကလည်း သူ့ဘ အထင်ကြီးအောင် “အောက်ဆီဂျင် ဓာတ်ဆိုတာ သက်စောင့်လေပဲ ဘရ” ပြောတတ်၏။ “သြစတြေးလျနိုင်ငံဆိုတာ ကျုပ်တို့ နိုင်ငံရဲ့တောင်ဘက် တည့်တည့်ကိုသွားရင် ရောက်တာပဲ ဘရ။ စင်ကာပူတို့၊ မလေးရှားတို့၊ အင်ဒိုနီးရှားတို့ကို ဖြတ်သွားရသဗျ” စသည်ဖြင့်လည်း သူ့ဘ မသိသည်များကို ပြောပြတတ်သောကြောင့် ရီးဆေးရိုးပါးခွက်ကြီးဖြင့် ပီတိဖြစ်ခဲ့ရသည်။

“ငါ့မြေး ဆယ်တန်းအောင်အောင်သာသင်၊ ရေနံချောင်းကောလိပ်ကို ပို့ဖို့ ဘ တာဝန်ထား”

ဤနှယ် မျှော်လင့်ချက်ကြီးမားခဲ့သော ရီးဆေးရိုးမှာ မောင်ကိုကြီး မိန်းမခိုးသွားသည့် သတင်း ကြားကတည်းက မှိုင်ကျသွားခဲ့လေ၏။ မှိုင်ကျသွားရာမှ ပြန်လည်လန်းထလာသောအချိန်အခါတွင် အငြိုးအတေးသည် ရင်ထဲ၌ ကျောက်တည်နေခဲ့ပြီ။ သည်အချက်ကြောင့် မြေးချွေးမကို ရီးဆေးရိုး မကြည်။ ထို့ကြောင့် မြေးချွေးမ၏ ရင်သွေး သည်မြစ် ကိုလည်း လျစ်လျူရှုခဲ့သည်။ ကြုံချင်ဆုံချင်တော့ သူက လယ်ပြင် အထိ ပါလာသည်။

“ကဲ… ထထ ကလေးအိပ်တုန်း မီးထိုးလိုက်ဦးမယ်။ တော်လည်း ရင်ခံနေလိမ့်မယ်။ စားပေတော့”

ရီးကျီးဒန် သတိပေးမှ လူးလဲထသည်။ ထမင်းထုပ်ကိုဖြေကာ လက်ကို ရေဆွတ်ပြီး စားတော့သည်။ ထမင်းမှာ ‘ဗြတ်ဆန်’ ဖြစ်ငြား အေးပြီမို့ မာချင်သည်။ သွားဖုံးဖြင့်ကြိတ်နေရသည့်အတွက် လျှောခနဲ မကျ။ ထမင်းကို ဝါးရင်း ကလေးကို ကြည့်မိသည်။ မိတ်ဖုများသည် အပ်ဖျားချစရာ နေရာလပ်မရှိ။ အနီပြင်ကြီး ‘ပိန်း’ နေ၏။ ခေါင်းတွင်လည်း အနာစိမ်းတွေမှာ ချပ်ခဲ ဖြစ်နေ၏။ ယင်တလောင်းလောင်းဖြင့်။ သည် ကလေး ၂ နှစ်သား မရှိတရှိ ရှိပြီ။ ရီးဆေးရိုး စေ့စေ့ ကြည့်မိသည်မှာ ယခု ပထမဆုံးဖြစ်တော့သည်။ သူ့ အမေကြီး မချောစိန်နှင့် တူလေယောင်၊ သူ့အဖေ မောင် ကိုကြီးနှင့် တူသယောင်ယောင်၊ သူ့ဘ ကိုထွန်းရ ရုပ် နှင့်ကား နည်းနည်းကလေးမျှ မဆင်။

ကလေးသည် အိပ်နေရာက မဲ့၏။ မဲ့လျက်က ကျောကို ကုတ်သည်။ ကုတ်ရင်းက အိပ်ပျော်သွားပြန်သည်။ သို့သော် တစ်အောင့်မျှအကြာတွင် ငိုပြန်သည်။ ငိုရင်းက ထထိုင်သည်။ လည်ပင်း၊ မျက်နှာ၊ ကျော၊ ခြေသလုံးအနှံ့ ဇယ်ဆက်သည့်အလား ကုတ်သည်။

“အေကြီး”

သူသည် ‘ဘေးမ’ ဖြစ်သော ရီးကျီးဒန်ကို လှမ်းကြည့်ပြီး “အမေကြီးရာ” ဟု အော်၏။ အော်ရင်းဖြင့် လှမ်းကုတ်သည်။ မမီ။

“အေကြီး”

ညောင်ပင်အောက်တွင် ရီးကျီးဒန် မရှိပါ။ အတော် လှမ်းလှမ်းတွင် ထင်းကောက်နေသည်။ ကလေးသည် အကုတ်ခံရန် ဖင်ဘူးတောင်း ထောင်နေလိုက်၊ အမေကြီး အော်ကာ လှည့်ကြည့်လိုက်။ လူမတွေ့သဖြင့် အော်ငိုလိုက်၊ တစ်ဖန် ဖင်ဘူးတောင်းထောင်လိုက်၊ ကရွတ်ကင်းလျှောက်။ ရီးဆေးရိုးသည် သူ့အမယ်ကြီးအိုကို မျှော်ကြည့်သည်။ ကလေးငိုသံကို ကြားပုံမရ။ မကြားလျှင် ရုတ်တရက် ရောက်လာဖွယ် မရှိ။ သို့ ကြောင့် ရီးဆေးရိုး၏ ကိုယ်တစ်ခြမ်းသည် ကလေးဘက်သို့ တိုး၏။ ဘယ်ဘက်လက်သည် လိပ်ကျောက်မြီးအလား ကြမ်းရှသော ကျောပြင်ပေါ်သို့ ရောက်သွားကာ သနပ်ခါးသွေးဘိသို့ ကြမ်းတမ်းစွာပွတ်သည်။ ပွတ်ရင်း ပွတ်ရင်းက ညင်သာလာ ညက်လာသည်။

ကလေးငိုသံသည် ညည်းတွားသံသို့ ပြောင်း၏။ တဖြည်းဖြည်း အသံတိတ်သွား၏။ ထို့နောက် နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။ လက်ဖြင့် ပွတ်သပ်မှ ညင်သာသည်နှင့်အမျှ ရီးဆေးရိုး ရင်ထဲက အငြိုး အလုံးကြီး ကြေမွသွားပြီကိုကား ရီးဆေးရိုး သိချင်မှ သိမည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ဗြောင်တောင်တောင် ဗေဗေ့ဂျိ


❝ ဗြောင်တောင်တောင် ဗေဗေ့ဂျိ ❞ 
          ( မင်းဝေဟင် )

အပြင်အဆင် အခင်းအကျင်းက တောအလွန်ဆန်လှပေမဲ့ ဆိုင်မှာ ရောင်းတဲ့ အစားအသောက်တွေရဲ့ ဈေးနှုန်းကတော့ အလွန်တရာမှ မြို့ဆန်လှတဲ့ ဆိုင်ကလေးထဲကို ကျွန်တော်ရောက်တော့ ညကိုးနာရီ ရှိနေပြီ။

ရန်ကုန် ညတစ်ညရဲ့ ဖြစ်တည်မှုက အလုပ်ပြန်ကြသူ၊ အခုမှ အလုပ်ကို ထွက်ခွာသူ၊ အလုပ်တစ်ခုကနေ အခြားအလုပ်တစ်ခုကို အစပျိုးသူတွေနဲ့ နီကြင်ကြင်ဝါဖျော့ဖျော့ လမ်းမီးတိုင်အောက်မှာ လှုပ်လှုပ်ရွရွ အသက်ဝင်နေတယ်။ ညကိုးနာရီ ဆိုတာ ရန်ကုန်ညအတွက်တော့ မိုးချုပ်ပြီလို့တောင် ပြောမရသေးပါဘူး။ လမ်းမပေါ်မှာ ဖြတ်ပြေးနေ ကြတဲ့ ကားတွေတောင် နေ့လယ်ခင်းမှာလောက် ကျပ်ညပ်နေဆဲပါပဲ။ ကျွန်တော် ရောက်သွားတဲ့ ဆိုင်လေးရဲ့ စားပွဲဝိုင်းတွေမှာတောင် လူမပြည့်သေး။

ဒီဆိုင်လေးဟာ လမ်းမကြီးဘေးမှာ ရှိနေပေမဲ့ ဆိုင်ဝန်းထဲကို ဝင်လိုက်တော့ တောဆန်လွန်းလှတဲ့ အပြင်အဆင်ကို တွေ့ရပါတယ်။ ဆိုင်ဝန်းအတွင်းကို လှမ်းဝင်လာတဲ့ ဘယ်ညာ လျှောက်လမ်းတစ်လျှောက်မှာ သစ်သားနဲ့ ထွင်းထုထားတဲ့ နွားရုပ်တွေ၊ လှည်းဘီးရုပ်တွေ၊ လှည်းယဉ်ကြော့လေးတွေ။ ပြီးတော့ အမျိုးသမီးပုံစံလို့ ထင်ရပေမဲ့ ဘယ်ခေတ် ဘယ်ကာလက အမျိုးသမီးတစ်ယောက်ကို ပုံတူ ထုလုပ်ထားမှန်းမသိတဲ့ အမျိုးသမီးပုံစံ သစ်သားပန်းပုတွေ။ စားပွဲဝိုင်းတွေမှာ ချထားတဲ့ ကုလားထိုင်တွေကလည်း ကြိမ်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်သလို ဆိုင်ထဲမှာ တိုးတိုးညင်းညင်း ဖွင့်ထားတဲ့ ဂီတသံစဉ်လေးတွေကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း ပျံ့လွင့်လို့။

ညဟာ နီကြင့်ကြင့် မှေးဖျော့ဖျော့ အပြင်အဆင်တွေရဲ့အောက်မှာ လင်းလင်းကျင်းကျင်း မရှိလှပေမဲ့ အထီးကျန်တော့ သိပ်မဆန်လှ။ ညကို ည အနေနဲ့သာ စားသုံးကြမယ့် သူတွေအတွက်ကတော့ ညဟာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတဲ့ ဟင်းလျာ တစ်ပွဲလိုလို။ “ရွှတ် ရွှတ်” လို့ စားပွဲထိုး လေးကို လှမ်းခေါ်ပြီး ဘီယာတစ်ခွက်၊ မှိုကန်စွန်းကြော်တစ်ပွဲမှာလို့ ဝိုင်းတစ်ဝိုင်းမှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ဟိုကောင်တွေ လာရင် ကျွန်တော့်ကို အလွယ်တကူ တွေ့နိုင်အောင်လို့ အဝင်လမ်းဘက်ကို မျက်နှာမူလို့ရတဲ့ ထိုင်ခုံကို ကျွန်တော် ရွေးလိုက်တယ်။

ဟိုကောင်တွေနဲ့ ချိန်းထားတဲ့အချိန်က ကိုးနာရီခွဲမို့ နည်းနည်းစောနေသေးတာနဲ့ စာအုပ်တစ်အုပ်လောက် ဖတ်ရင်း စောင့်နေလိုက်မယ်ဆိုတဲ့ အတွေးနဲ့ လွယ်လာတဲ့အိတ်ထဲ စာအုပ်ရှာပေမဲ့ ကျူရှင်သင်ရင် အသုံးပြုတဲ့စာအုပ်တွေက လွဲလို့ ကျွန်တော့်မှာ အခြားစာအုပ် မပါ။ အဲဒီတော့လည်း ခေတ်ကာလရဲ့ထုံးစံ အတိုင်း ဖေ့စ်ဘွတ်ပဲ သုံးရင်း စောင့်နေလိုက်မယ် စိတ်ကူးနဲ့ ဖေ့စ်ဘွတ်ကို ဖွင့်တယ်။

ဖေ့စ်ဘွတ်မှာ တက်လာတဲ့ သတင်းတွေအရ ဒီည FA ဖလားဘောလုံးပွဲ ရှိနေတာကို သိရတယ်။ ဒီည ကန်ကြမှာက မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးဆိုတော့ တကယ့်ကို ပွဲကြီးပွဲကောင်း။ သတင်းကို ဖတ်ရင်း ဟိုကောင် လာမှလာ နိုင်ပါ့မလားလို့ တွေးမိတော့ ဘောလုံးလောကထဲမှာ ရှင် သန်ရင်း ဘောလုံးကိစ္စတွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတတ်တဲ့ ထူးအောင်ကို ပြေးမြင်မိတယ်။ သူနဲ့ ကျွန်တော်ကတော့ မကြာခဏဆုံနေကျပါ။ သုဝဏ္ဏဘောလုံးကွင်းကို အမြဲလိုလို ရောက်နေတတ်တဲ့ ထူးအောင်ရယ်၊ သုဝဏ္ဏ ဘောလုံးကွင်းနားမှာပဲနေတဲ့ ကျွန်တော်ရယ်က မကြာခဏတော့ ဆုံနေလေ့ရှိသူတွေပါ။ အရင်တစ်ခါ ဆုံတုန်းကတောင် ဒီညရှိတဲ့ မန်ယူနဲ့ ချဲလ်ဆီး ဘောလုံးပွဲအကြောင်း သူ ပြောနေတာကို ကျွန်တော် ကြားနေသေးတာပါ။ ဒီရာသီ တစ်ခုလုံးမှာ သူတို့နှစ်သင်း သုံးကြိမ် တွေ့ခဲ့ဖူးပြီး သုံးကြိမ်လုံး မန်ယူ နိုင်ခဲ့တာမို့ ဒီတစ်ကြိမ်တော့ ချဲလ်ဆီးဘက်က ဘုရင့်နောင် ဖောင်ဖျက်သလို တိုက်တော့မယ် ဆိုတဲ့အကြောင်း။ ကျူရှင်သင်တဲ့ အလုပ်ကို စလုပ်ကတည်းက မနက်ဆို မဖြစ်မနေ စောစောထရတာမို့ ညဉ့်နက်ပိုင်းမှ လာတတ်တဲ့ ဥရောပဘောလုံးပွဲတွေက ကျွန်တော်နဲ့ တဖြည်းဖြည်း စိမ်းလာတယ်။ စောစောက စကားလို ကိုထူး ပြောတဲ့အခါ သတင်းတစ်ပုဒ် နားထောင်ရုံက လွဲလို့ ချဲလ်ဆီးက ဘာ၊ မန်ယူက ဘယ်လို ကျွန်တော်ဝင် မဆွေးနွေးနိုင်တော့။ မြန်မာ့လက်ရွေးစင်ဘောလုံးပွဲတွေ သုဝဏ္ဏကွင်းထဲ ရှိခဲ့ရင်သာ မြန်မာ့လက်ရွေးစင်အသင်းမှာ လက်ထောက်အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ ရှိနေတဲ့ ကိုထူး ဆီက မေတ္တာလက်ဆောင် လက်မှတ်တွေရလို့ ကျူရှင်သင်တာ ဖျက်ပြီး သွားကြည့်တတ်ခဲ့တာမျိုး။

“ကိုမင်းရေ၊ ငါ နည်းနည်း နောက်ကျမယ်ကွာ။ ဆယ်နာရီလောက် ရောက်အောင် ပြေးခဲ့မယ်။ Meeting ကတော့ပြီးပြီ ဟေ့ရောင်ရေ၊ ထွက်မရသေးလို့။ ဟိုကောင် မိုးကြီးကို သေချာပြောပြပြီး စောင့်ခိုင်းထားပါဦးကွာ။ ဟေ့ကောင်၊ ဟေ့ကောင်။ ငါ နောက်ကျနေလို့ ဆိုပြီး မင်းတို့ နှစ်ကောင် ဗြောင်တောင်တောင် ဗေဗေ့ဂျိ ကြိုချပြီး ငါ့ကို ဒုက္ခမပေးနဲ့နော်။ ငါ့မှာ ရှင်းစရာ သိပ်မပါဘူး ဟားဟား”

ကိုထူးက သူ ပြောချင် တာပြောပြီး တဟားဟား ရယ်လို့ ဖုန်းချသွားတယ်။ နာရီကို ကြည့်တော့ ကိုးနာရီခွဲ တိတိ။ ဆိုင်ရဲ့အဝကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ စင်ကာပူသားလို့ ကျွန်တော်နဲ့ ကိုထူးက နောက်ကွယ်ရာမှာ ခေါ်လေ့ရှိတဲ့ မြတ်မိုး ကတော့ အရိပ်အယောင် မတွေ့သေး။ တကယ်တော့ ဒီည အဓိက ချိန်းဖြစ်တာ မြတ်မိုး ခေါ် မိုးကြီးကြောင့်။ မြတ်မိုးက စင်ကာပူနိုင်ငံမှာ အလုပ်သွား လုပ်နေခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိပြီ။ အဲဒီနှစ်တွေ အတွင်း အလုပ်တွေ ပြောင်း၊ ရာထူးတွေ အဆင့်ဆင့် တက်ရင်း လစာတွေ ကောင်းတယ် လို့သာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကိုထူးနဲ့ ကျွန်တော် သိခဲ့တာ။ ဘာရာထူးတွေနဲ့ လစာတွေ ဘယ်လောက် ရနေမှန်းတော့ မသိ။

မိုးကြီးက မြန်မာပြည်ကို တစ်နှစ် တစ်ကြိမ်လောက် ပြန်လာတုန်း ဒီက ကျွန်တော်တို့ နှစ်ယောက် အားတဲ့ညကို ချိန်းလို့ တစ်ကြိမ်ပြန် တစ်ခါလောက်တော့ ဆုံဖြစ်နေကျ။ တစ်ခါဆို တာကလည်း တကယ်တော့ ဖြစ်ဖြစ်မည်တဲ့ တစ်ခါပါ။ မြန်မာပြည်မှာ မိန်းမလည်း ရှိ၊ ကလေးတစ်ယောက်လည်း ရှိနေတဲ့ မိုးကြီးက သူ တစ်နှစ်တစ်ကြိမ် ပြန်လာတဲ့ နှစ်ပတ်အတွင်း အချိန်အားရယ်လို့လည်း ရှိလှတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ပြန်လာတုန်းကဆိုရင် ဆုံတောင် မဆုံဖြစ်လိုက်။ ဘောလုံးကိစ္စတွေရယ် ၊ ကလေးသုံးယောက်အဖေ ဖြစ်တာမို့ မိသားစု အရေးတွေနဲ့ အမြဲတစေ ရှုပ်နေတဲ့ ကိုထူး နဲ့ မိုးကြီးကို ဆုံပေးဖို့တောင် သုံးယောက်ကြားမှာ အချိန် နည်းနည်း ပိုအားသူလို့ ဆိုရမယ့် ကျွန်တော်က မနည်း ချိန်းပေးထားရတာပါ။ ဒီည မချိန်းလို့လည်း မဖြစ်တော့။ သန်ဘက်ခါဆို မိုးကြီးက စင်ကာပူ ပြန်တော့မှာလေ။ နောက်တစ်နှစ်မှသာ ဆိုရင် သုံးနှစ်မှ တစ်ကြိမ် ဆုံရသလို ဖြစ်တော့မယ်။ ကိုထူး ပြောတဲ့ “ဗြောင်တောင်တောင် ဗေဗေ့ဂျိ” အကြောင်းကို အတွေးရောက်တော့ ကျွန်တော်တစ်ယောက်တည်း ခိခနဲ ရယ်လိုက်မိတာ သောက်နေတဲ့ ဘီယာတောင် သီးချင်သလို ဖြစ်သွားသေး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ဒဂုံတက္ကသိုလ်မှာ ရူပဗေဒမေဂျာနဲ့ ကျောင်းတက်ကြကတည်းက ကျွန်တော်တို့ သုံးယောက်က အတူတူ။ မေဂျာလက်ရွေးစင် ကနေ တက္ကသိုလ်လက်ရွေးစင်အထိ ဘောလုံးသမား ဖြစ်ကြတော့လည်း ကျွန်တော်တို့သုံးယောက်က အတူတူ...။ အဲဒီအထိကတော့ အတူတူ။ ဘွဲ့တစ်ခုစီ ရကြတော့ မြတ်မိုးက စင်ကာပူ ထွက်သွား၊ ကိုထူးက ဘောလုံးလောက မှာ ဆက်ရှိနေပြီး ရာထူး အဆင့်ဆင့်နဲ့ သက်တမ်းလိုက် လက်ရွေးစင်တွေရဲ့ အုပ်ချုပ် ရေးမှူးဖြစ်တဲ့ အထိ၊ ကျွန်တော်ကတော့ ကျောင်းဆက်တက်ရင်း ပညာရေးလောကမှာ ရှိနေတဲ့အထိ၊ ကျွန်တော်တို့ သုံးယောက်က အဆက်အသွယ် မပြတ်။ သုံးယောက်လုံးမှာ နောက်ထပ် နောက်ထပ် သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်တွေ ရှိလာကြပေမဲ့ စိတ်ချင်းတော့ ဝေးကွာမသွားခဲ့ကြ။

ဗြောင်တောင်တောင် ဗေဗေ့ဂျိ အကြောင်းက ဒီလို။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက ဘယ်နေရာရောက်ရောက် စားသောက်ပြီးတိုင်း ကျွန်တော်တို့ သုံးယောက်က တစ်ယောက်ပဲ ရှင်းနေကျ။ သူရှင်း ငါရှင်းနဲ့ ရှင်းမယ့်သူ မရှိဘဲ အငြင်းပွားနေကြရင် ဗြောင်တောင်တောင်ဗေဂျိ ချပြီး တစ်ယောက်တည်း ကွဲထွက်နေတဲ့သူဟာ အဲ့ဒီ ဝိုင်းကို ရှင်းရတယ်။ ဗြောင်တောင်တောင် ဗေဗေ့ဂျိချတယ် ဆိုတာကလည်း အနည်းဆုံး သုံးယောက်ရှိမှ ရသလို လူအရေအတွက်ကလည်း စုံဂဏန်း ဖြစ်နေလို့ မရပြန်ဘူး။ မဂဏန်း ဖြစ်မှသာ လက်ဝါးအဖြန့်၊ အမှောက် သုံးယောက်မှာ အဖြန့် ဖြစ်ဖြစ်၊ အမှောက် ဖြစ်ဖြစ် တစ်ယောက်က သီးခြား ကွဲထွက်ပြီး အနိုင်အရှုံး လုပ်လို့ရမှာ။

ကျွန်တော်တို့ သုံးယောက်မှာ ကိုထူးက ပါးတယ်။ ဗြောင်တောင်တောင် ချခါနီး “ဟေ့ကောင် ကိုမင်း၊ မှောက်မယ်နော်” လို့ မိုးကြီး မသိအောင် အချက်ပြပြီး ကျွန်တော်တို့ နှစ်ယောက်က ဗြောင်တောင်တောင် ကို ဘယ်နှစ်ကြိမ်ပဲ ပြန်ချပါစေ၊ လက်ကို အမှောက် မပျက်။ အဲ့ဒီအချိန် ဘာမသိ ညာမသိ မိုးကြီးက တစ်ကြိမ်လောက် လက်ကလေး သွားမလှန်လိုက်နဲ့။ ရှင်းပေရော့ပဲ။ အိတ်ထဲ ပိုက်ဆံ ရှိရှိ၊ မရှိရှိ ညစ်ချင်တဲ့ အခါတိုင်း ကိုထူးနဲ့ ကျွန်တော် လုပ်နေကျ အကျင့်။

တစ်ခါတုန်းကလည်း မှတ်မှတ်ရရ သုဝဏ္ဏကွင်းထဲက ဘောလုံးပွဲ တစ်ခုမှာ။ အဲ့ဒီတုန်းက အာဆီယံ ယူ ၁၆ ဖလားကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မှာ ကျင်းပတယ်။ အခုလက်ရှိ ဟံသာဝတီယူ နိုက်တက်နည်းပြ မျိုးမင်းထွန်းတို့က အဲ့ဒီတုန်းက ယူ ၁၆ လေးတွေ။ ကျွန်တော်တို့ သုံးယောက်လည်း ကျောင်းပြေးပြီး ကွင်းထဲ ရောက်တယ်။ အဲ့ဒီတုန်းက ဘောလုံးပွဲငတ်နေတဲ့ မြန်မာပရိသတ်တွေ အားပေးကြမ်းချက်ကတော့ တကယ် ကြောက် စရာ။ ကြောက်စရာမှ စည်းမဲ့ကမ်းမဲ့ကို ကြောက်စရာ။ လက်မှတ် ပါပါ၊ မပါပါ လက်မှတ် စောင့်ရုံရှိတဲ့ ဘေးက သံတိုင် အမြင့်ကြီးတွေပေါ် ကုပ်ဖဲ့တက်ကြ။ ပြီးရင် တဝုန်း ဝုန်း တဒိုင်းဒိုင်း ကွင်းထဲ ခုန်ဝင်ကြ။ အထဲမှာ အစောင့်ရဲသားတွေ ရှိပေမဲ့ ဒီလောက် လူအများကြီးကို ဘယ်နိုင်ပါ့မတုံး။ အမှန်ကတော့ လက်မှတ် ရောင်းကုန်သွားလို့ ကွင်းထဲ ဝင်ကြည့်ခွင့် မရှိတဲ့ ပရိသတ်တွေက သံတိုင်ပေါ် အတင်း တက်ပြီး ခုန်ချကုန်ကြတာ။ နောက်ကျတော့ လက်မှတ် ပါပါ မပါပါ လက်မှတ်စောင့်ရုံက မနိုင်တော့လို့ ပိတ်ပစ်လိုက်တယ်။ အဲဒီတော့ ကျွန်တော်တို့လို လက်မှတ်ဝယ်ပြီးသား လူတွေလည်း ဝင်ခွင့် မရတော့ဘူး။

ကျွန်တော်တို့ သုံးယောက်လည်း ကျောင်းပြေးလာပြီးမှတော့ မထူးဘူးဆိုပြီး သံတိုင်ပေါ် ဖက်တက်ကြတာပေါ့။ သံတိုင်က လူတစ်ရပ်ကို တော်တော် ကျော်တာပါ။ ရှစ်ပေလောက် ရှိမလားပဲ။ ဖြစ်ချင်တော့ ကျွန်တော်တို့ သုံးယောက်သား သံတိုင်ထိပ် ရောက်တဲ့အချိန် မလှမ်းမကမ်းက ရဲသားတစ်ယောက်က ကျွန်တော်တို့ဘက်ကို ပြေးလာတယ်။ သူ့ပါးစပ်ကလည်း “မင်းတို့ ဟိုဘက် ပြန်ဆင်းစမ်း” လို့လည်း အော်လာသေးတာ။ နံပါတ်တုတ်ကြီးကိုလည်း ရိုက်မယ် တကဲကဲ ဟန်နဲ့ ကိုင်လာသေးတာ။ အဲ့ဒီအချိန် ကိုထူးက “ဗြောင်တောင်တောင် ဗေဗေဂျိဟေ့” ဆိုပြီး အော်လည်း အော်၊ ကွင်းထဲ ဘက်ကိုလည်း ခုန်ဆင်းသွားတာ။ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ ကျန်ခဲ့တဲ့သူ ခံပေါ့။ မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့။ အဲ့ဒီလို။ အဲ့ဒီတုန်းက သံတိုင်ထိပ်မှာ ကျန်ခဲ့တာက ကျွန်တော်။ ရိုက်မယ် တကဲကဲ လုပ်နေတဲ့ ရဲသားရှေ့ကို ဖုတ်ခနဲ ခုန်ချ၊ “သူငယ်ချင်းတွေ အထဲကို ရောက်သွားလို့ပါဗျာ” ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ကွင်းထဲ ရောက်ခဲ့ရတာ။

••••• ••••• •••••

“ဟေ့ကောင် ကိုမင်း၊ တစ်ယောက်တည်း ပြုံးစိစိ ဘာဖြစ်နေတာလဲ။ ငါ ရောက်လာတာတောင် မမြင်ဘူးလား”

“ဟာ... မိုးကြီး”

“အေးကွာ ... ချိန်းတဲ့ အချိန်ထက် ၁၅ မိနစ်တောင် နောက်ကျသွားပြီ။ ကားမောင်းရတာက ဟိုမှာ မောင်းနေရတာ အသားကျနေတော့ ဒီရောက်တော့ ပြောင်းပြန်ကြီး မောင်းနေရတာရယ်။ မင်းတို့မြန်မာပြည်မှာ ဘယ် ဉာဏ်ကြီးရှင်တွေကများ ကားလမ်းပေါ်က ဓာတ်တိုင်တွေကို မနုတ်ဘဲ ထားသလဲကွာ။ ကားလမ်းပေါ်က အဲ့ဒီ ဓာတ်တိုင်တွေကို မတိုက်မိအောင် သတိထားနေရတာနဲ့ပဲ မြန်မြန်တောင် မမောင်းရဲဘူး ဟူး...။ ဒါနဲ့ ဟိုကောင် ကိုထူးရော”

“ဒီကောင် နောက်ကျမယ်လို့ ငါ့ကို ဖုန်းဆက်ထားတယ်။ ၁ဝ နာရီ ကျော်လောက်မှ ရောက်မယ်ကွ။ အဖွဲ့ချုပ်မှာ Meeting ရှိနေလို့တဲ့ကွာ”

“သူ့အလုပ်ကလည်း ဒီအချိန်ကြီး Meeting ရှိရသလားကွာ” လို့ ပွစိပွစိ ရေရွတ်ရင်း မိုးကြီးက စားပွဲထိုးလေးကို လှမ်းခေါ်ပြီး စားစရာတွေ မှာတယ်။ စနိုးတာဝါတွေ တစ်ခုပြီး တစ်ခုနဲ့ သူ့မျက်နှာကို အထပ်ထပ် ပွတ်နေတယ်။ မတွေ့ရတဲ့ နှစ်နှစ်အတွင်း ဒီကောင့်နဖူး တော်တော်ပြောင်လာတာပဲလို့ တွေးလိုက်သေးတယ်။ အသက် လေးဆယ်ကို အတော် ကျော်လာကြတဲ့အခါမှာ ပျော့တန်တာပျော့၊ လျော့တန်တာလျော့ကုန်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုလည်း သတိထားမိလိုက်တယ်။

“မြန်မာဘောလုံး လောကကလည်း တစ်သက်လုံးလည်း တိုးတက်လာစရာ မရှိပါဘူးကွာ။ လုပ်နေလည်း အပိုပါပဲ”

မိုးကြီးက ကျွန်တော့်ကို မကြည့်ဘဲ သူ့ဘာသူ ရေရွတ်နေတယ်။ မိုးကြီး ပြောလိုက်တဲ့ စကားအတွက် ကိုထူး မရှိပါဘဲ ကိုထူးကို မျက်နှာပူ အားနာသွားမိတယ်။ ကိုထူး တင်မက ကိုထူးရဲ့ တပည့်လေးတွေဖြစ်တဲ့ လက်ရှိလက်ရွေးစင်ကလေးတွေ သန်းပိုင်တို့၊ အောင်သူတို့၊ နန္ဒကျော်တို့၊ စည်သူအောင်တို့ ကိုတောင် ဘာမဆိုင် ညာမဆိုင် အားနာမိသွားသေးတယ်။ မိုးကြီးကတော့ ဖုန်းကနေ နာရီကို ကြည့်လိုက်၊ အစားအစာတွေ မှာထားတာ ကြာလိုက်တာ ဆိုတဲ့ အကြည့်နဲ့ စားပွဲထိုးလေးကို လှမ်းကြည့်လိုက်နဲ့ အေးအေးဆေးဆေး အလုပ်ရှုပ်ပြနေတယ်။ ကျွန်တော်ကလည်း နှစ်နှစ်အတွင်း မတွေ့ရတဲ့ သူငယ်ချင်းကို တခမ်းတနား ငေးကြည့်ရင်း အတိတ်က စကားတွေ အလွမ်းသယ်ပြီး ပြောရမှာ လိုလို၊ ပစ္စုပ္ပန် မျက်မှောက်က အခြေအနေတွေကိုပဲ ပြောရမှာ လိုလိုနဲ့ စကားဝိုင်းစဖို့ကြံရင်း အူလည်လည် ဖြစ်နေတယ်။ ထူးတော့ ထူးဆန်းသား။ ငယ်ငယ်တုန်းကဆို ပြောစရာ စကားတွေက မကုန်နိုင်လို့ လက်ဖက်ရည်ဆိုင် တစ်နေကုန်နီးပါး ထိုင်ပြီး ပြောခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ မတွေ့ရတဲ့ နှစ်နှစ် အတွင်းမှာ ပြောစရာစကားတွေ ပြတ်လပ်နေပြန်တယ်။ ကျွန်တော်တို့ သုံးယောက်ထဲမှာ စကားအပြောနိုင်ဆုံး ဖြစ်တဲ့ ကိုထူး ကိုလည်း လှမ်းမျှော်ရင်း ဝိုင်းကိုလည်း ထိန်းထားမယ်အကြံနဲ့ မြန်မာ ဘောလုံးပွဲတွေအကြောင်း တောင်တောင်ဤဤ လျှောက်ပြောကြည့်တော့လည်း မိုးကြီး ဆီက စကားကောင်းက ထွက်မလာ။ သူ့ရဲ့ အိုင်ဖုန်း အလဲဗင်းပရိုမက်ကြီးဆီက သူ့မျက်နှာကို မခွာဘဲ ဖုန်းစခရင်မှာ တတောက်တောက်ခေါက်ရင်းသာ အလုပ်ရှုပ်ပြနေပြန်တယ်။ အမှန်က သူကိုယ်တိုင် တစ်ချိန်က ဘောလုံးသမားမို့ ကျွန်တော်ကလည်း စကားကို ရှာကြံ ပြောကြည့်မိတာပါ။

“ဟိုကောင်ကလည်း ကြာလိုက်တာကွာ၊ ငါက အချိန်သိပ်မရဘူး။ ၁ဝ ခွဲလောက်ထိပဲ နေလို့ရမှာ။ ငါ ပြန်လာတဲ့ရက်အတွင်းမှာ ငါ မရှိရင် ငါ့သားက မအိပ်တတ်တော့လို့ ငါ့သား အိပ်ချိန်အမီ ပြန်ရမှာ”

မိုးကြီးက စကားရပ်ရင်း ဖုန်းစခရင်ဆီ မျက်နှာ ပြန်အပ်သွားပြန်တယ်။ တော်သေးတယ်။ သူ့စကားမှာ မင်းလို လူပျိုကြီး မဟုတ်ဘူး၊ မအားဘူး ဆိုတဲ့စကားမျိုးနဲ့ အဆုံးသတ်မသွားလို့။ တော်တော်များများက လူပျိုကြီးတွေ ဆိုရင် အချိန်ပြည့် အားယားနေကြသူတွေလို့ ထင်တတ်ကြသေးတာ။ တကယ်က လူပျိုကြီးတွေ ဆိုတာ အိပ်ရာပေါ် ရောက်ပြီဆိုရင် သူတို့လို အိမ်ထောင်ရှင်တွေထက် နာရီဝက်၊ တစ်နာရီ စောပြီး အိပ်လို့ရတာက လွဲလို့ ကျန်တဲ့ အလုပ်ကိစ္စအရေး၊ လူမှုရေးတွေ ဆိုတာ သူတို့လို အိမ်ထောင်ရှင်တွေနဲ့ ဘာမှ မထူး။ တစ်ခါတစ်ရံ လင်မယားနှစ်ယောက် ခွဲပြီးလုပ်လို့ရတဲ့ သာရေးနာရေး အလုပ်လောက်ကို ကိုယ်က တစ်ယောက်တည်း ပတ်ပြီး လုပ်နေရသေးတာမျိုး။

“ညောင်ပင် စုစုလေး မြင်လိုက်တာနဲ့ နတ်ကွန်းတည်၊ ရပ်ကွက်ထဲ မြေကွက်လပ်လေး မရှိလိုက်နဲ့၊ ရှိလိုက်တာနဲ့ ဓမ္မာရုံကောက် တည်ပစ်လိုက်တယ်ဆိုတဲ့ မြန်မာပြည်သားဦးနှောက်လောက်နဲ့ ကိုယ်နဲ့ တန်သည် မတန်သည် မစဉ်းစား ကောက်လုပ်တော့ ဂွမ်းတာပဲ။ ငါတို့ဆီမှာ ဆိုရင် ကျောတစ်ရာ၊ ရင်တစ်ရာ ကြိမ်ဒဏ်စာ မိတာပဲ အဖတ်တင်မယ်”

နှစ်ယောက်တည်း ဝိုင်းမှာ ကျွန်တော်က တွေးချင်တာတွေးပြီး၊ မိုးကြီးက ပြောချင်တာ ပြောနေတာမို့ နှစ်ယောက်ကြား အဆက်အစပ်တွေကလည်း မဲ့လွန်းနေတယ်။ သူ ပြောတဲ့ စကားကို လိုက်မမီတာမို့ သူ ပွတ်နေတဲ့ ဖုန်းစခရင်ကို လှမ်းကြည့်တော့ ဝတ်လစ်စားလစ် မြန်မာမော်ဒယ်လ် ဆရာဝန်မလေးတစ်ယောက်ပုံကို ဖျတ်ခနဲ မြင်ရတယ်။ ပြီးတော့ မိုးကြီးရဲ့ စခရင်တစ်ချက် အရွှေ့မှာ ရှေ့တည့်တည့်က ပြောင်ဝင်းနေတဲ့ငယ်ထိပ်ကို ဘေးသား ဆံပင်လေးတွေ ထိပ်ပေါ်လာဖုံးရင်း ထိပ်ပေါ်မှာ ဆံနွယ်ခွေခွေလေးတို့ ပိုးတိုးပါးတားနဲ့ အင်မတန် ကြည့်ရခက်နေတဲ့ တိုက်ပုံနဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ မိုးကြီး စကားက ဒီနှစ်ယောက်ထဲက ဘယ်တစ်ယောက်နဲ့ သက်ဆိုင်သလဲတော့ မဆိုနိုင်။

သိနေပြီး ဖြစ်ပါလျက်နဲ့ “မင်း သန်ဘက်ခါ ပြန်မှာနော် မိုးကြီး” လို့ မေးဖြစ်လိုက်တော့ အေးလို့ အဖြေရပေမဲ့ မိုးကြီးရဲ့ မျက်လုံးကတော့ ဖုန်းဆီကနေ ခွာမလာ။ ပြန်မှာနော် ဆိုတဲ့ စကားလုံးကိုလည်း အတိအကျရွေးပြီးမှ ကျွန်တော် မေးဖြစ်တာပါ။ နိုင်ငံရပ်ခြားမှာ အလုပ်သွား လုပ်ကြသူတွေ တော်တော်များများက မြန်မာပြည်ကို ပြန်ရောက်ရင် “အလည်ခဏလာတာ” ဆိုတဲ့ စကား၊ နိုင်ငံရပ်ခြားကို အလုပ်ပြန်လုပ်ကြရင်လည်း “ပြန်တော့မယ်” ဆိုတဲ့ စကားကိုပဲ တွင်တွင်သုံးတတ်ကြတာ မဟုတ်လား။ အသွားနဲ့ အပြန်၊ မိခင်နိုင်ငံနဲ့ ဧည့်နိုင်ငံ မကွဲပြားတဲ့ အသုံးအနှုန်းတွေကို သူတို့တွေ သုံးတတ်ကြလေ့ရှိတာ ကျွန်တော် အသိ။

“ငါ ပြန်တော့မယ်ကွာ။ မြန်မာနိုင်ငံသားပီပီ အချိန်လည်း မတိကျတဲ့ ဟိုကောင့်ကို ငါ မစောင့်နိုင်တော့ဘူး။ နောက်တစ်ခေါက် အလည်ပြန်လာမှပဲ ဆုံတော့မယ်လို့ ပြောလိုက်။ ဒီဝိုင်းအတွက် ငါ ပိုက်ဆံ ထားခဲ့မယ်။ မင်းတို့ အေးအေးဆေးဆေး ကြိုက်သလောက် စားကြသောက်ကြ။ ငါ သွားပြီ” 

ဒီညဝိုင်းအတွက် အချိန်အစောကြီး ကြိုရောက်နေတဲ့ ကျွန်တော့်ကို တော်တော်နောက်ကျနေတဲ့ တစ်ယောက် အကြောင်း နည်းနည်း နောက်ကျပြီးမှ ရောက်လာတဲ့ တစ်ယောက်က ပွစိပွစိ ပြောလို့ ပြောပြောဆိုဆို ထထွက်သွားပြီ။ စကားဝိုင်းအတွက် ပြောစရာ အလိုက်သင့် စကားလုံးတွေတောင် ကျွန်တော် ဆုံးအောင် မရှာလိုက်ရ။ မိုးကြီးက မြင်ကွင်းအတွင်းကနေ လျင်လျင်မြန်မြန် ပျောက်သွားပြီ။ မိုးကြီး ထားသွားခဲ့တဲ့ ငါးထောင်တန်အထပ်လိုက် ပိုက်ဆံတွေကို ကြည့်ရင်း ဒီည ကျွန်တော် ရှင်းမယ့်အစီအစဉ်ကိုလည်း မပြောမိလိုက်။ မိုးကြီးနဲ့လည်းဘာစကားမှ သေသေချာချာ မပြောဖြစ်လိုက်ရ။ ကိုထူး ဒီလောက် ကြာနေမယ်မှန်း မထင်ခဲ့သလို၊ မိုးကြီး ဒီလောက် မြန်မြန် ပြန်မယ်မှန်းလည်း မထင်ခဲ့တဲ့ အတွက်ကြောင့် တချို့စကားတွေ မပြောဖြစ်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မိုးကြီးရဲ့ စိတ်ကို ကျွန်တော့်စိတ်နဲ့ မမီမကမ်း လိုက်ဖတ်ကြည့်ရင်း သေချာတာက ကျွန်တော် တော်တော် ပင်ပန်းသွားတယ် ဆိုတာပါ။ စိတ်ချင်း ဖတ်ရင်း ထပ်တူကျလာတဲ့ အဖြေက ပြောင်းလဲခြင်း တစ်ခုပဲ။ မိုးကြီးရဲ့ ပြောင်းလဲခြင်းလား။ ကျွန်တော့်ရဲ့ ပြောင်းလဲခြင်းလား။ နှစ်ယောက်စလုံးရဲ့ ပြောင်းလဲခြင်းများလား။ ကျွန်တော့်ရှေ့မှာ ပိုက်ဆံပုံက အထပ်လိုက်။ ပြောစရာစကားတွေက ကျွန်တော့်ရင်ထဲမှာ အထပ်လိုက်။ မကျေနပ်ချက်လို့ ခေါင်းစဉ်တပ် မရရင်တောင် တော်တော် ရှုပ်သွားတဲ့ ကျွန်တော့် စိတ်တို့ကလည်း ကျွန်တော့်မျက်နှာမှာ အထပ်လိုက်။ ပိုက်ဆံပုံကို ကြည့်ရင်း ဟိုးအရင် အတိတ် စာမျက်နှာတို့ကလည်းအထပ်လိုက်။ စိုင်းစိုင်းရဲ့ သူငယ်ချင်းများစွာ သီချင်းရဲ့သံစဉ်လေးက ဆိုင်ရဲ့ဟိုမှဒီမှ ပျံ့လွင့်နေဆဲပဲ။ တစ်ဖက်ဝိုင်း လူတစ်ယောက်ဆီက ထွက်လာတဲ့ ဆေးလိပ်မီးခိုးငွေ့တွေကိုသာ အမှတ်မထင် ကျွန်တော် လိုက်ကြည့်နေဖြစ်တယ်။ အဲ့ဒီဆေးလိပ် မီးခိုးငွေ့လေးတွေက တစ်ချိန်ကတော့ ဆေးလိပ်သောက်သူ့ရဲ့ ခံတွင်းထဲမှာ တစ်စုတစ်စည်း၊ အခုတော့ တစ်နေရာစီကို တလွင့်လွင့် တမျောမျောနဲ့ သူတို့တွေ ပြန်ဆုံစည်းစရာလည်း အကြောင်း မရှိတော့။ ဘာကို လွမ်းမှန်း မသိသလို၊ ဘာကို ဝမ်းနည်းမိမှန်းလည်းမသိ။ ကျွန်တော်တို့...။ သူငယ်ချင်းတွေ ... ။

“ဟာ...ဟေ့ကောင် ကိုမင်းရေ။ ငါလည်း ကိစ္စ တစ်ခု မပြီးနိုင်နေတာနဲ့ တော်တော် နောက်ကျသွားတယ်။ ငါနောက်ကျတဲ့အနေနဲ့ ဒီည ငယ်ငယ်ကလို ဗြောင်တောင်တောင် ဗေဗေ့ဂျိ မချတော့ဘူးကွာ။ ဒီည ဒီဝိုင်း ငါရှင်းမယ်။ ဟုတ်ပြီလား။ ဟိုကောင် မိုးကြီးရော...။ Toilet ဝင်နေတာလား”

စကားတွေ တရစပ် ပြောရင်း၊ စားစရာတွေ တောက်လျှောက်မှာရင်း ကိုထူးက လေတိုးလို့ မပေါက်အောင် စကားတွေ ပြောနေတယ်။

“ဟိုကောင်က Toilet ဝင်တာ မဟုတ်ဘူး။ ပြန်သွားပြီ။ အဲ့ဒါ သူ ထားခဲ့တာ” လို့ ကျွန်တော်ရဲ့ အသက်မပါလှတဲ့စကားကို “အမ် ... ပြန်သွားပြီ” လို့ သံယောင်လိုက်တယ်။ ခဏကြာတဲ့ အထိ ကိုထူးက တိတ်ဆိတ်သွားတယ်။ သူ မှာတဲ့စားစရာတွေ ရောက်လာတဲ့ အထိ ကျွန်တော်ကို တစ်လှည့် ၊ ကျွန်တော့်ရှေ့က ပိုက်ဆံပုံကို တစ်လှည့် ကြည့်ရင်း ကိုထူးက တိတ်ဆိတ်နေဆဲပဲ။ ကျွန်တော်ကလည်း ဘာ စကားမှ မပြောဖြစ်ဘဲ ဘီယာကိုသာ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိတယ်။ တော်တော်ကြီးကို ကြာတဲ့ အထိ။ ဘီယာခွက်တွေ ကျွန်တော့် ရှေ့မှာ တန်းစီလာတဲ့ အထိ။

“ဟေ့ကောင် ကိုမင်း၊ ဒီဝိုင်းအတွက် ရှင်းဖို့ မင်းနဲ့ ငါ ဗြောင်တောင်တောင် ဗေဗေ့ဂျိ ချရအောင်”

“အမ်... မင်းနဲ့ ငါ နှစ်ယောက်တည်း။ ကလေးကလားကွာ”

“ဟာ... ဟုတ်ဘူးလေကွာ။ ဟိုကောင် ထားသွားတဲ့ ပိုက်ဆံတွေက အများကြီး။ ဒီဝိုင်း ရှင်းရင် ဘယ်ကုန်မှာတုံး။ အဲ့ဒီ ပိုက်ဆံတွေ ထားလိုက်ကွာ။ သူ့သားလေး မွေးနေ့ကျမှ အဲဒီပိုက်ဆံအတိုင်း လက်ဆောင် တစ်ခုခု ဝယ်ပေးလိုက်မယ်။ အခု ဒီဝိုင်းကို မင်းလည်း ရှင်းချင်နေတာ မဟုတ်လား။ ငါလည်း ရှင်းချင်နေတာလေ။ အဲ့ဒီတော့ ဝိတ်တာလေး တစ်ယောက် ခေါ်ပြီး၊ ဗြောင်တောင်တောင် ချမယ်ကွာ။ ဝိတ်တာလေးနဲ့ မတူဘဲ တစ်ယောက်တည်း ဖြစ်တဲ့ကောင် ရှင်းကြေး။ ဟုတ်ပြီလား”

ကိုထူး ပြောနေတာတွေကို နားထောင်ပြီး ကျွန်တော် ပြုံးလိုက်တယ်။ ကျွန်တော့်က တော်တော် မူးနေပြီ။ ကိုထူးက ဝိတ်တာလေးကို တိုးတိုးကပ် ပြောလိုက်တာ ကျွန်တော်မြင်တယ်။ အဲဒီလိုပဲ လက်ရှိ ကျွန်တော် ဖြစ်နေတဲ့ စိတ်ကိုလည်း ကိုထူး မြင်နေမှာပါ။ ငယ်ငယ်တုန်းကလို ကျွန်တော်နဲ့ ကိုထူး အချက်ပြပြီး မိုးကြီး မရှင်းရှင်းရအောင် လုပ်ခဲ့ကြ တာ ဖျတ်ခနဲ သတိရလိုက်တယ်။ ဒီဝိုင်းကို ကျွန်တော် ကျေကျေနပ်နပ်ကြီး ရှင်းရတော့မယ်။ ပိုက်ဆံအိတ်ကို စမ်းရင်း ကျွန်တော် ပြုံးလိုက်တယ်။ ပြီးတော့ ကျွန်တော် တို့သုံးယောက် ပြိုင်တူ ဆိုလိုက်ကြတယ်။

“ဗြောင်တောင်တောင် ဗေဗေ့ဂျိ”

▢  မင်းဝေဟင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇန်နဝါရီ ၊ ၂၀၂၁

Friday, October 16, 2026

ကြိုး

❝ ကြိုး❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

အရောင်လွင့်နေသော အပြာစသည် ကိုးရပ်လုံးကို အုပ်ဖုံးထား၏။ ဝန်းကျင်ပတ်ချာနှင့် ခေါင်းပေါ်မှာပါ ဖျော့တော့သော အပြာ။ သည်အပြာထဲတွင် အနီ၊ မီးခဲတမျှ ရဲနေသော အနီ။ ရှေ့နောက်ဝဲယာများဖြင့် ဆက်ရက်များကို ဖိတ်ခေါ်နေလေသည်။ အပူငွေ့ တရွေ့ရွေ့ဝင်လာပြီဖြစ်ငြား နှင်းက မကုန်သေး။ ကျစကုလား ပဲပင်များပေါ်တွင် ပုလဲတစ်စု၊ စိန်တစ်စုဖြင့် တွဲသီနေကြ၏။

ရီးဆေးရိုးသည် ခမောက်ကြိုးကို မေးတွင် ချိတ်လိုက်ပြီးနောက် ကုလားပဲ တစ်ပင်ကို တံစဉ်ဖြင့် ချိတ်သည်။ တစ်ဆက်တည်းတွင် ဘယ်လက်ဖြင့် ဖမ်း၏။ တွန့်သွား၏။ ပြာသိုလ၏ အအေးနှယ်ပါတကား။ အရိုးထိအောင် စိမ့်ကျဉ်သည်။ အအေးအကျဉ်သည် ပခုံးထိ တက်လာရာက ရင်ထဲအထိ လျှောဆင်းသည်။ အေးသော် စက်သော်ငြား၊ ကျဉ်သော် ကိုက်သော်ငြား ကုလားပဲရိတ်ရန်လာသူသည် ကုလားပဲရိတ်ရန်မှ တစ်ပါး ရှောင်လွဲစရာ အလုပ်မရှိချေ။

သို့အတွက် ရီးဆေးရိုး အားတင်းသည်။ အံကြိတ်ပြီး ဆုပ်သည်။ တစ်ရုံပြီး တစ်ရုံ၊ တစ်ထွေးပြီး တစ်ထွေးဆုပ်ကာဆုပ်ကာ ပုံသည်။ ဆွဲကာဆွဲကာ ရိတ်သည်။ တစ်လံမျှ ရိတ်မိပြီးချိန်တွင် မအေးတော့ပါ။ ဝါးတစ်ရိုက်ကျော် ရိတ်ပြီးချိန်တွင်ကား ကိုယ်ပေါ်မှ အစိမ်းပုပ် ရှပ်အင်္ကျီကြီးကို ချွတ်ရပြီ။ တိတ်ဆိတ်နေခဲ့သည့် လယ်ပြင်ကြီးထဲသို့ ဆက်ရက်သံများ လွင့်လာ၏။

ရီးဆေးရိုးသည် ခါးဆန့်လိုက်ရာက လယ်ပြင်စပ်ရှိ မည်းမည်းပြာပြာ ခင်တန်းစပ်သို့ မျှော်၏။ နှင်းပြာ ပြယ်သည်နှင့်အမျှ လက်ပံပင်များ၏အလှ အရဲသည် ထင်းလာ၏။ ငြိမ်ရှင်းနေခဲ့သော လယ်ပြင်ကြီးလည်း အသက်ဝင်လာပြီ။ နှင်းပြာစအောက်၌ ပိတ်ကွယ်နေခဲ့သူများ ဘွားခနဲပေါ်လာသည်။ ကုလားပဲ ရိတ်ရသည့်အခါ ရီးဆေးရိုး သတိဝင်လာ၏။ ငါလည်း ထွန်ရဦးမှာပါတကား။

ထွန်ရဦးမည် ဆိုလျှင် မြေကြီးတွင်အစိုဓာတ် အတန်အသင့်ရှိဆဲတွင် ထွန်မှ ဖြစ်မည်။ သို့ဆိုလျှင် ကုလားပဲကို မြန်မြန်ရိတ်ရလိမ့်မည်။ ခမောက်အိုးတွင် ညှပ်ထားသည့် ဖက်ဖြူဆေးလိပ်ကို ဆွဲလုလုလက်မှာ ပြုတ်ကျသွားသည်။ ရီးဆေးရိုး၏ ဆေးလိပ်ဖွာလို စိတ်သည် အလုပ်အာရုံကြောင့် ပျက်ပြယ်၏။ ပဲပင်ကို ရိတ်ဖြတ်သံများသည်သာ အဆက်မပြတ် ပေါ်တော့ သည်။ နှင်းအားကောင်းစဉ်က အသံမဲ့နေခဲ့သော ပဲပင်များကလည်း နေရင့်လာသည်နှင့်အမျှ အသံထွက်လာ၏။ ရိတ်သံ၊ ဖြတ်သံ၊ ရွှေ့ပြောင်းသံ၊ စုထပ်သံ။

••••• ••••• •••••

၂

အားကောင်းမောင်းသန် ငယ်ရွယ်သူသာဖြစ်လျှင် သည်ကောက်လှိုင်းမျှကို နှစ်စုမျှသာ ခွဲလိမ့်မည်။ မန်ကျည်းတုံး နှစ်တုံးပေါ်တွင် တင်ထားသော ပျဉ်ပြားပေါ်သို့ ကြာပွတ်သံ တရွှမ်းရွှမ်းဖြင့် အပြန်ပြန် အလှန်လှန် ရိုက်ပေလိမ့်မည်။ ဆယ်ချက်မျှ ရိုက်အပြီးတွင် အနှံအသီးနေရာ၌ အရာသာ ကျန်ခဲ့မည်။ စာအုပ်ကြီး ကျသွားခဲ့သော လယ်ကွင်းထဲက ကောက်ပင်ပမာတည်း။

ရီးကျီးဒန်မူ ကောက်လှိုင်းကိုဆွဲယူရာမှာပင် ခွန်အား သုံးရပြီ။ ဘွဲ့ကြိုးကိုဖြေပြီးနောက်တွင်လည်း ‘ဆ’ ကြည့်ရသေးသည်။ လေးစုခွဲရမည်လော၊ ငါးစုခွဲမှ သင့်မည်လော။ သို့သော် ပေါ့ပေါ့ပါးပါးဖြစ်စေရန် ခြောက်စုခွဲသည်။ နှံဖျားများ ခေါင်းပေါ်သို့ ရောက်လာအောင် လွှဲလိုက်ပြီးမှ ရိုက်ချသည်။ ကောက်လှိုင်း ဖျားနှင့် ပျဉ်ပြားထိသံသာကြားရ၏။ စပါးစေ့များ လွင့်စဉ်သံ ဖြန်းဖြန်းဖြောဖြော မကြားရ။ ရေမရှိသော သောက်ရေအိုးနှင့် တူလှပါဘိ။ အားယုတ်လိုက်တာ။ သို့တစေ ရီးကျီးဒန် ကြိုးစားပြီး ပုတ်သည်။ လှည့်ကာ ပတ်ကာ ဖြန့်ကာကြက်ကာ ပုတ်သည်။ ကောက်လှိုင်း ‘တစ်ကိုင်စာ’ ပုတ်ပြီး သွားသည်။ နောက်တစ်ကိုင်စာ ကို လုံးထွေးပြီး မြှောက်သည်။ ကောက်ပင်များက မမြောက်ချင်။ လက်မောင်း၌ အားအင်မရှိ။

ရီးကျီးဒန် ကျောဘက်သို့ လှည့်ကြည့်၏။ မန်ကျည်းရွက်ခြောက်များ၊ ထန်းပင်မြစ်ခွံများ၏ အလယ်မှ မီးဖို။ မဖြစ်စလောက် မီးဖိုပြာကလေးသာ လူညွန့် နွယ်တက်နေ၏။ အပူဓာတ် မရှိတော့ငြား မီးဖိုပေါ်တွင် လက်ဝါးအုပ်မြဲ အုပ်ထားဆဲ။ မြေးသုံးယောက်။ လှအုံးမယ်၊ မောင်ထွေးနှင့် ကျော်သူရ။

“အောင်မယ်လေးဟဲ့၊ ချမ်းနေလိုက်ကြတာ။ နေကိုလည်း မော့ကြည့်ပါဦး”

မြေးများသည် အမှန်ပင် နေလုံးရှိရာအရပ်သို့ မော့ကြည့်ကြ၏။ နေထန်းနှစ်ဖျားကျော်စပြုနေပေပြီ။

“အလကား အပျင်းမွေးနေ၊ ထကြစမ်း၊ ပုတ်ကြစမ်း”

မြေးများသည် အလုပ်ပင်ပန်းသော နွားတစ်ကောင်အလား သိမ်မွေ့စွာ လှုပ်ရှားကြ၏။

“တို့အမေကြီး မနိုင်မနင်းနဲ့ ပင်ပင်ပန်းပန်း လုပ်နေရှာပါကလား၊ ငါတို့ ထိုင်နေလို့ မတော်ဘူး။ ဘယ်သူမှ အသိတရား မဝင်ကြဘူး”

ဟောဟဲသံကြီးနှင့် ပြောရင်း မီးဖိုဘေးတွင် လာထိုင်သောအခါ မြေးများ သွက်လက်စွာ ထကြ၏။ ထကြငြား မောင်ထွေး မပါ။ ချက်ချင်းပင် စပါးပုတ်သံများ ရွှမ်းခနဲ ရွှမ်းခနဲ၊ စပါးစေ့ လွင့်စဉ်သံ ဖြန်းခနဲဖြောခနဲ ကိုပါ ရီးကျီးဒန် စိတ်ချမ်းသာစရာ အဖြစ် ကြားရ၏။ ကြားရသော်လည်း မောင်ထွေး မထသေး။

“ဟဲ့ နင်က ဘာလုပ်နေတာတုံး။ ဟင် ငထွေး၊ နားမပါဘူးလား”

“ကောက်ရိုးနုတ်ရဦးမှာ အမေကြီးရ”

“ငါခိုင်းတော့မှ အလုပ်ပေါ်လာတယ်ပေါ့လေ။ ထ .. အခုထ၊ ဘယ်မှ မသွားနဲ့၊ ကောက်လှိုင်း ငါးလှိုင်းပုတ်ပြီးမှ သွားရမယ်”

ရီးကျီးဒန်သည် ကြွက်၏ မလေးမခန့် အပြုခံရသော ကြောင်အိုဘဝကို မမေ့။ ထို့အတွက် ပါးစပ်ပြောဖြင့် မတင်းတိမ်။ ဖင်ခုထားသည့် ‘ထန်းဖုံးဖတ်’ အပိုင်းကို ဆွဲယူပြီး ထရပ်သည်။ မောင်ထွေး၏ ခေါင်းပေါ်မှ မိုးထားသေးသည်။

“အာ.. မေကြီးကလည်းဗျာ”

“ငါးလှိုင်းဆိုတာ သားတို့ခွန်၊ သားတို့အားနဲ့ ဘာမှ မကြာပါဘူး သားရယ်။ ပင်လည်း မပင်ပန်းပါဘူး။ အမေကြီးမှာတော့ ငါးလှိုင်း ဆိုတာ မနည်းဘူး”

ခြိမ်းခြောက်မောင်းမဲရာက ချော့မော့လိုက်သည့် အတွက် မောင်ထွေး စိတ်ပါလာလိမ့်မည်ဟု ရီးကျီးဒန် မျှော်လင့်ငြား မောင်ထွေးသည် “ညနေမှ လာပုတ်ပေး မယ်” ပြောပြောဆိုဆို ဇွတ်ထသည်။ ဇွတ်ထွက်သည်။

“ကဲ... သွား... သွားဟဲ့။ သင်္ချိုင်းကုန်း ရောက်အောင်သွား။ ဘယ်တော့မှ ပြန်မလာနဲ့”

ပြောလည်း ပြောသည်။ ထန်းဖုံးဖတ် ဖင်ထိုင်ခုံဖြင့်လည်း မိရာ မီရာ နေရာများကို ရိုက်သည်။ သို့သော် စွယ်စုံဆင်ကြီး၏ နံဘေးကို ခွလောက်လေးဖြင့် ပစ်ရသည်သို့သာရှိ၏။ မောင်ထွေးကား ခေါင်းကို ပခုံးကို ပွတ်ရုံသော်မျှ မပွတ်။ လေတဟူးဟူးတွင် ဆေးလိပ်မီးပွား တလွင့်လွင့်ဖြင့် ထွက်သွားလေ၏။

“ဘာကောက်ရိုးမှ နုတ်မှာ မဟုတ်ဘူး အမေကြီးရ”

သူ့နှမ လှအုံးမယ်က ကောက်လှိုင်းတစ်လှိုင်းကို ဖြေနေရာက မျက်စောင်းထိုးကြည့်ရင်း လှမ်းပြောသည်။

“ဟိုမော့မော့ သည်မော့မော့နဲ့ အလကား ကလေရိုက်နေမှာ”

“ရိုက်ကြပေါ့။ ကလေရိုက်တာက ထမင်းစားရမယ် မဟုတ်လား”

ရီးကျီးဒန်မှာ ဒေါသကို ချုပ်တည်းထားလျက်က ငေါ့မိသေး၏။

“နွားစာ မရှိရင် သမီးပဲ စဉ်းရမှာ။ ကောက်ရိုးလည်း သမီးပဲနုတ်ရမှာ”

“မလုပ်နဲ့ပေါ့ဟ။ နင်ရှိသားပဲ ဆိုပြီး နင့်ကို တွက်ကတ်နေတာ”

တဖြန်းဖြန်း တဖြောဖြောသံကြားမှ ကျော်သူရက လှမ်းပြောသည်။ သူတို့သည် တစ်မအေစီမှ ပေါက်ငြား အနှောင်းချင်းတူသောကြောင့် အရင်းတမျှ ချစ်ကြသည်။ ချစ်သည့်အတွက် သူ့ထက် နှစ်နှစ်မျှ ကြီးသော မောင်ထွေးကို မလိုတမာလှမ်းကြည့်၏၊

ကိုထွန်းရ၊ မချောစိန်တို့ အသိုက်အမြုံကြီးထဲမှ အကြီးဆုံး မောင်ကိုကြီးလည်း အတောင်အားကိုးလျက် ပျံထွက်သွားပြီ။ ဒုတိယသမီး ခင်ခင်ကြီးလည်း ခွဲသွားပြီ။ ငတက်ပြားမ မိမိထွေးမူ အစောဆုံး ပျံထွက်သူဖြစ်၏။ ထိုအခါ နို့ညှာ မောင်ထွေးနှင့် အငယ်ဆုံး လှအုံးမယ်သာ ကျန်ခဲ့တော့ကာ အိမ်မှုကိစ္စ ရေခပ်၊ နွားစာစဉ်း စသည်တို့မှာ သူတို့နှစ်ယောက် ခေါင်းပေါ်သို့ ကျရောက်လာပြီ။ ကျရောက်လာငြား အဆူ အမြည် မခံရရေးအတွက် လှအုံးမယ်ချည်း ပင်ပန်းတော့သည်။

“တို့ကတော့ မရဘူးဗျာ။ အစ်ကို ရေခပ်မလား၊ နွားစာစဉ်းမလား။ အစ်ကို ရေခပ်ရင် ကျွန်တော် နွားစာ စဉ်းမယ်။ အစ်ကို နွားစာစဉ်းရင် ကျွန်တော် ရေခပ်မယ်။ အဲ... ဘာမှ မလုပ်ဘူးလား၊ ကျွန်တော်လည်း မလုပ်ဘူး”

ကိုဘညိန်း၊ မလှမေ တစ်မိပေါက်တွင်လည်း မောင်မောင်လှနှင့် ကျော်သူရသာ လူလွတ်အဖြစ် ကျန်တော့သည်။

“ဟဲ့... နင်တို့ ရေမခပ်တော့ နွားစာ ဘာနဲ့ကျွေးမတုံး။ နွားစာမစဉ်းတော့ ဘထွေးက မရိုက်ဘူးလား”

“ရိုက်တယ်လေ။ နှစ်ယောက်စလုံး အတူတူခံပေါ့”

ကျော်သူရသည် တဟားဟားအော်ဟစ် ရယ်မောနေသဖြင့် လှအုံးမယ်ပါ ရောနှောရယ်မောရလေ၏။

ရီးကျီးဒန်မှာ အမောလည်း ပြေပြီ။ မြေးနှစ်ယောက်ထံမှ အရယ်အရွှင်လည်း ကူးစက်လာ၏။ သို့အတွက် ထဘီပြင်ဝတ်ကာ ကောက်လှိုင်းပုံဘေးသို့ ချဉ်းကပ်သည်တွင် လှအုံးမယ်က တား၏။

“ဆယ်လှိုင်းပဲ ကျန်တော့တာ အမေကြီးရ။ အမေကြီး ထမင်းအိုး တည်ပြီးပြီလား။ ဘ ပြန်လာတော့မှာနော်”

“ညည့်ဘများ အရေးလုပ်လို့အေ”

“သမီးရေ လှအုံးမယ်၊ ဟဲ့သမီး မြန်မြန်လာစမ်းပါဟဲ့”

မချောစိန်၏ အော်သံကြောင့် ရီးကျီးဒန်ရော လှအုံးမယ်ပါ ခေါင်းလည်သွား၏။ လှအုံးမယ်မူ သွားဦးမယ်နော် အမေကြီး ခွင့်ပန်ဟန် လှမ်းကြည့်ငြား ရီးကျီးဒန်ကား ကုန်းအော်မိသည်။

“ငါခိုင်းပြီဆိုရင် ညည်းတို့ ခေါ်ပြီ။ ဘာလဲ၊ ဘာ အကျင့်လဲ။ ညည်းတို့ သားသမီးကို မခိုင်းစေချင်လို့ လား။ ရတယ်၊ တစ်သက်လုံး မလာကြနဲ့”

သည်အသံကို မချောစိန် ကြားချင်မှ ကြားမည်။ သူက လှမ်းခေါ်အပြီးတွင် ကသုတ်ကရက် ပြေးပြီ။ အမေကြီး ငြူစူသံကို ကြားရသော လှအုံးမယ်မှာ မျက်နှာမထားတတ်။ ခေါင်းကလေးငုံ့လျက် သွက်သွက်လှမ်းသွားပြီ။

ရီးကျီးဒန်၏ မလိုတမာအသံသည် သည်မျှဖြင့် မတုံ့။

“ဟဲ့... နင်လည်း နင့်အမေ လိုက်ခေါ်နေဦးမယ်။ သွား သွား”

မလိုတမာစိတ်သည် ကျော်သူရထံသို့ ပြန့်ပွား၏။

“အမေကြီးကလည်းဗျာ”

“အမေကြီးတွေဘာတွေ လုပ်မနေနဲ့၊ သွား .. သွား၊ ဘယ်မြေး ဘယ်သားဘယ်သမီးမှ မကူလည်း ဒါလောက်ကလေးများ သေးနဲ့ ပန်းရင်တောင် ရတယ်”

ကျော်သူရ၏ သွားများ ကျဲခနဲပေါ်လာ၏။

“သေးနဲ့ပန်းရင် ကောက်လှိုင်းတွေ စိုကုန်မှာပေါ့ အမေကြီးရ” သည် ပါးစပ်ဖျားသို့ ရောက်လာငြား မပြောဖြစ်။ တွေ့ကရာဖြင့် ကောက်ရိုက်တတ်သည်။ သို့ပါလျက်နှင့် အမာန်မဲကား မလွတ်။

“ဘာစပ်ဖြဲဖြဲ ကြည့်တာတုံး”

သို့သော် အားရပါးရ မမာန်မဲရ။ ဝိုင်းထဲသို့ လှည်းတစ်စီးဝင်လာသည်။ ဝင်ရိုးသံ တညံညံ၊ ကုလားပဲပင်တွေ ဖရိုဖရဲထက်တွင် သစ်စေးတမျှ နက်ချိပ်သော ကျောပြင်ကြီးဖြင့် ရီးဆေးရိုး။

“ကောက်လှိုင်းတွေ ကုန်အောင် ပုတ်ထားနှင့်၊ ငါ မှာခဲ့တယ် မဟုတ်လား။ ကဲ အခု ကုလားပဲပင်တွေ ဘယ်သွားထားဦးမတုံး။ နုတ်မရလို့ တံစဉ်နဲ့ ရိတ်လာရတဲ့ အထဲ ပြောရပြီ”

ရီးဆေးရိုးသည် ခေါင်းပေါ်မှ ခမောက်ချွတ်ရင်း၊ မျက်နှာကို ချွေးသုတ်ရင်း မေး၏။ လူကမူ ‘ကန်ကြိုး’ ကိုသော်မျှ ပစ်မချသေး။ ရီးကျီးဒန်က လှည်းဦးသို့ ရောက်လာကာ ‘ဒေါက်’ ထောက်သည်။ နွားနှစ်ကောင်ကို ထမ်းပိုးချွတ်ပေးရင်းက ကောက်လှိုင်း လက်ကျန်ကို ငဲ့စောင်းကြည့်ရင်း ဖြေ၏။

“တော်တော်ကြာရင် ပြီးသွားမှာပါတော်။ တလင်း မအားခင်တော့ လှည်းပေါ်မှာပဲ ထားဦးပေါ့”

“အဲဒါတော့ ညည်းပြောမှလား” ဆိုရင်း ရီးဆေးရိုးသည် ထရပ်၏။ မောက်နေသော အပုံကြီးပေါ်မှ လှည်းဦးဘက်သို့ လှမ်း၏။ လှည်းဦး မငြိမ်။ မတော်တဆ ပြုတ်ကျနိုင်သည်။ လှည်းဦးပြို၍ ‘လှည်းသန်’ နာသွားသည်ကို အသာထား၊ လူနာမည် စိုးရ၏။ သို့ကြောင့် ရံတိုင်ကို ကုန်းကိုင်၊ ဘီးဒေါက်ကို စမ်းနင်းမိမှ “သည်တော့ လှည်းကို နေပူတာပေါ့” ပြောရင်း ဆင်းသည်။

သည်အခိုက်အတန့်အတွင်း၌ မိန်းကလေးတစ်ယောက်သည် ဝင်းတံခါးတိုင်ဘေး၌ လာရပ်၏။ ရီးကျီးဒန်မှာ အဘိုးကြီးအိုထံမှာ အာရုံရောက်နေ၍ သတိမထားမိငြား ကျော်သူရ မြင်သည်။ ပုတ်ဆဲ ကောက်ပင်ကို ချကာ လှစ်ခနဲ ထွက်လိုက်သွားပြီ။

သို့ကြောင့်လည်း “အဲဒါတောင် တော့်မြေးကြီး ကူပေလို့” ဟု ပြောပြောလှည့်လှည့်၊ စပါးပုတ်ခြွေသည့်နေရာသို့ ရီးကျီးဒန် မျက်နှာမူလိုက်ချိန်ဝယ် ကျော်သူရကို မတွေ့ ရတော့ခြင်းဖြစ်၏။

“ဒါလောက်လေးတောင် စေတနာမရှိကြပါကလား”

ကြေကွဲရိပ် နာကျင်ရိပ်များ အုပ်လွှမ်းလာသည်။

ဤသည်ကို ရီးဆေးရိုး မလိုလားပေ။ ဆွေးဆွေးမြည့်မြည့်ပြောရင်းက ငိုကြွေးကောင်း ငိုကြွေးမည်။ ဒေါသ ဖြစ်ကောင်းဖြစ်မည်။ မျှဝေခံစားနိုင်စွမ်း ရီးဆေးရိုးတွင် မရှိ။

“တော်စမ်းဟာ ဘယ်လောက်ကျန်တာလိုက်လို့။ ငါပုတ်မယ် သွား... သွား။ ‘လှည်းစည်းကုံး’ ကို အုပ်ထားလိုက်။ ထမင်းစားဖို့လုပ်”

‘လှည်းစည်းကုံးအုပ်’ မှာ ‘ပေလက်’ ဖြစ်သည်။ ပေလက်ကို အနေတော် ဖြတ်ထားသည်။ ထမ်းပိုးတုံး နေရာတွင် ထစ်ထားသည်။ အနည်းငယ် လေးလံသည်မှအပ တာဝန်ကြီးတစ်ခု မဟုတ်။ မဟုတ်သော အရာကို တကူးတကခိုင်းခြင်းမှာ အာရုံပြောင်းပေးခြင်းပါတကားဟု ရီးကျီးဒန် မသိရှာ။ မသိဘဲလျက် အမှန်ပင် ရီးကျီးဒန် အာရုံပြောင်းသွားပြီ။ ‘စည်းကုံး’ ပေါ်သို့ ပေလက်ကို နေသားတကျဖြစ်အောင်ချထား ချိန်တွင် မျက်လုံးများက သီဝေနေငြား ခမောက်ကို မြင်သည်။ ရေဘူးနှင့် ထမင်းထုပ်ကို မြင်သည်။ သည် အရာများကို သိမ်းဆည်းယူငင်လာချိန်တွင် ဟင်းချို ချက်ရန် ပဲလွမ်းရွက်တွေ တောင်းထားလိုက်ပါကလား၊ ဘာမျှ အသင့် မရှိသေးပါကလား အသိနှင့် ကြောင့်ကြမှု ဝင်လာပြီ။

သို့အတွက် တစ်ခဏတာအတွင်းမှာပင် ‘မီးဖိုကျင်း’  အတွင်း၌ ရီးကျီးဒန် မီးမွှေးရပြီ။ ဆံပင်နီ ကြောင်ပေါ်မှ ပြာမှုန်များကို ခါရန် သတိမရဘဲ မီးမှုတ်ရ၊ ဟင်းရွက်သင်ရပြီ။ ထိုခဏဝယ် မည်ကဲ့သို့သော ဒေါသသည် ကပ်တွယ်နေနိုင်ပါဦးမည်နည်း။

ရီးဆေးရိုးကား မန်ကျည်းပင်ရိပ်တွင် ဆေးလိပ်ဖွာပြီး ခဏတစ်ဖြုတ်သာ နားပြီးနောက် ကောက်လှိုင်းများကို လက်စသတ်ရန် ပုတ်ခြွေနေသည်။ ရိုက်ပုတ်သံနှင့် စပါးစေ့လွင့်သံများ၊ သံဖို သံမ ထွက်ပေါ်နေသည့်ကြားသို့ သံဆန်း တစ်ခု ဝင်လာ၏။

“အဘိုးလို့ ခေါ်လိုက်။ အဘိုး.. အဘိုး”

အခြားသူ မဟုတ်။ ခင်မောင်ငြိမ်း။ သူသည် ဦးခေါင်း မခိုင့်တခိုင် ကလေးတစ်ယောက်ကို ချီထား၏။ ပုဆိုးစုတ်အနှီးဖြင့်လည်း ဖရိုဖရဲ ပတ်ထားသေး၏။ မလုံ့တလုံ ဦးထုပ်က ပါလိုက်သေး၏။

“ကလေးကို နေပူကြီးထဲ ခေါ်လာရသလားကွ” 

“ဟိုဘက်က ညှော်လို့ ပြေးလာရတာ ဘရ”

မောလှသည်။ သို့အတွက် ရီးဆေးရိုး ထပ်မပြော။ ကလေးကိုသာ ‘လက်ဖျစ်’ တီးပြနိုင်၏။ ကလေးကမူ မျက်လုံးနက်နက်ပြောင်ပြောင်ကလေးဖြင့် လောဘတကြီး ကြည့်၏။

“သွား.. သွား၊ ကလေးကို စပါးစေ့တွေ စဉ်မယ်”

ပြောရာက အဘွားကြီးအိုအား ကျီစယ်လိုစိတ် ပေါ်လာ၏။

“ကျီးဒန်ရေ ဟောသည်မှာ အဘွား ဘာချက်လဲတဲ့။ ညည့် ‘မြစ်’ ကလေးက လာမေးနေပါကလား”

ရီးကျီးဒန် ဆတ်ခနဲလှည့်ကြည့်သည်။ နာကြည်းသံလည်း မရှေးမနှောင်း ထွက်လာ၏။

“သံယောဇဉ် မထားတာ အကောင်းဆုံး။ သံယောဇဉ်ထားရင် ကိုယ်စားမယ့် အထဲက ပါ ပါသွားတယ်။ ငါတို့ဘ၊ ငါတို့အမေကြီးရယ်လို့ ရေတစ်မှုတ် လာ တိုက်ဖော် မရတဲ့ဟာတွေ တော်ပါပြီ။ ရှိကြီးခိုးပါရဲ့”

ကောက်လှိုင်း ဆယ်လှိုင်းသော်မျှ ပုတ်ခြွေပေးရန် စေတနာခေါင်းပါးသော မြေးတို့၏ အပြုအမူကြောင့် ဖြစ်သော မိုးနှံဆူးသည် စိတ်တွင် စူးဝင်နေခဲ့ရာက ကျွတ်မထွက်သေးချေ။ သို့အတွက် နာကျင်တုန်ခိုက်စွာပြောငြား လေတစ်ချက်အဝှေ့တွင် ဖျတ်ခနဲ ထမိ၏။ လေထဲတွင် ငရုတ်သီး မီးလောင်နံ့။

“ဟဲ့.. ညှော်တယ် ညှော်တယ်။ ချောင်းထဲဆင်း”

နာသောစိတ်အပြင်ကို ကရုဏာလှိုင်းကြီး ဖုံးသွားသည်။

ခင်မောင်ငြိမ်း နောက်ဖေးချောင်းစပ်သို့ ပြေးသည်။ လေသည် မြောက်ဘက်မှ အလာများသည့် အပြင် အညှော်နံ့သည် နိမ့်သောဝှမ်းသောချောင်းထဲသို့ ဆင်းမလာတန်ရာ အတွေးပေါက်သောကြောင့်ဖြစ်၏။ သို့ရာတွင် အနှီး ဖရိုဖရဲကလေး လွတ်ကျလုလု အပြေးအလွှားကြောင့် ရီးကျီးဒန်ပါ ချောင်းစပ်သို့ ပြေးလိုက်လာရသည်။ မဲဇလီပင် အောက်အရောက်၌ လေကို တအားရှူ၏။

“ဟဲ့... ဟဲ့ သည်က မညှော်ဘူးဟဲ့။ ပေးစမ်း၊ ကလေးပေးစမ်း”

ကလေးကို ဘယ်လက်ဖြင့်ထိန်းရင်း အနှီးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပြီး ပတ်ပေးရသည်။ ကျွတ်ကျတော့အံ့ အားယူနေသော ဦးထုပ်ကို ပြင်ဆောင်းပေးရ၏။ အားလုံးစိတ်တိုင်းကျဖြစ်ပြီး ကလေးကို ဂရုစိုက်ကြည့်နေ၏။ အပြစ်မြူမျှမတင်သော ချစ်စရာ မျက်လုံးကလေး။

ထိုမျက်လုံးကလေးကို ကြည့်မိသည့် ခဏ၌ ရီးကျီးဒန် အလိုလို ပြုံးမိပြီးသား ဖြစ်သွားသည်။ ကလေးသည် မအေဘက်သို့ မနွယ်ဘဲ ရီးကျီးဒန်နှင့် လာပြီး တူသယောင်ယောင်၊ ရီးဆေးရိုးနှင့်ပင် ရုပ်ချင်း ဆင်လေဟန်ထင်လာမိ၏။ ထိုသို့ ထင်မိသည့် ခဏအတွင်း ကလေးကိုမြူမိပြီ။ အိုကြီး၊ အိုမ ဘိုးအေ ဘွားအေ အပေါ် ငဲ့ညှာကူညီရန်မသိသော မြေးများအပေါ် နာကျင်စိတ်သည် ငုပ်လျှိုးပုန်းကွယ်ရချေသည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

နှုတ်ခမ်းနီ


❝ နှုတ်ခမ်းနီ❞
( မော်မော့်မောင် )

(၁)

မှတ်မှတ်ရရ အဲဒီနေ့က အချိန်ကောင်းမှာ မိုးတွေရွာပါတယ်။ အချိန်ကောင်းလို့ ပြောရတာက အလုပ်သွားခါနီးဆဲဆဲမို့ပါ ကိုယ့်ဆရာ။

အိပ်ရာက နိုးနိုးချင်း အခန်းပြတင်းကို တွန်းဖွင့်လိုက်ပါတယ်။

အပြင်မှာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေတဲ့ လေညှင်းက ကျွန်တော့်မျက်နှာကို ပွတ်သီးပွတ်သပ် လာလုပ်ပါရောလား။ မိုးရိပ်မိုးနိမိတ်တွေ သယ်ဆောင်ထမ်းပိုးထားရလို့ ထင်ပါရဲ့ ကိုယ့်ဆရာရယ်။ လေညှင်းရဲ့ ထိတွေ့မှုကြောင့် မျက်နှာပြင်တစ်ခုလုံး အေးမြမြ ဖြစ်သွားပါတယ်။

ကောင်းကင်ကြီးရဲ့ မျက်နှာတော်က ညိုရီမှုန်မှိုင်းနေတာမျိုးတော့ မရှိပါဘူး။ မဆိုစလောက် မိုးတိမ်လေးတွေ ဟိုဒီ ပြေးလွှားနေကြရုံပါပဲ။ ဒါပေမဲ့ သေချာပေါက် မိုးရွာမယ်ဆိုတာ စိတ်ထဲက အလိုလို သိနေပါတယ်။ ဆဌမအာရုံ ရထားလို့တော့မဟုတ်ပါဘူး။ ဒီလိုပဲ ခံစားသိနဲ့ သိနေတဲ့ သဘောမျိုးဆိုပါတော့ ကိုယ့်ဆရာ။

မိုးရွာမယ့် အရိပ်အခြေကို မြင်ရတော့ အလုပ်သွားဖို့ ခပ်ပျင်းပျင်း ဖြစ်လာမိပါတယ်။ ရွာမယ် ဆိုရင်လည်း အလုပ် မသွားခင် ရွာဖို့ ကျိတ်ပြီး ဆုတောင်းလိုက်မိပါသေးတယ်။ သည်းသည်းမဲမဲ ဖြစ်ဖြစ် တဖွဲဖွဲလေးပဲ ဖြစ်ဖြစ်ပေါ့ ကိုယ့်ဆရာရယ်။ မိုးရွာတယ်ဆိုရင် ပြီးပြီ။ မိုးကို အကြောင်းပြပြီး အလုပ်မဆင်းနိုင်ကြောင်း ဘောစိဆီ ဖုန်းလှမ်းဆက်လို့ ရပြီလေ။ မန္တလေးသား ဘောစိမို့ ပုစဉ်း သေးပေါက်သလောက်လေး မိုးရွာတာနဲ့ လုပ်ငန်းခွင်ထက် အိမ်နဲ့ တီးဆိုင်မှာ ငြိမ့်ဖို့ ပိုအားသန်တတ်ကြတဲ့ မြို့သူမြို့ သားတွေရဲ့ အထာကို နားလည်ပြီး ခွင့်ပေးမှာ သေချာပါတယ်။

ဘာမှ မလုပ်ဘဲ မိုးကို ထိုင်မျှော်နေရင် အိမ်က ပွက်နေမှာ စိုးလို့ အလုပ်သွားဖို့ ပြင်ဆင်ပါတယ်။ လှုပ်ရှားမှုက ခါတိုင်းလို ပုံမှန် စံချိန်မှာ မရှိပါဘူး။

လှုပ်စိလှုပ်စိ လေးတိလေးကန်နဲ့ အမြီးမြှောက်လိုက်၊ အီးပေါက်လိုက် လုပ်ရင်း ဘောင်ထဲကနေ ရတတ်သရွေ့ အချိန်ခိုးရင်း ပြင်ဆင်နေတာပါ။ ဘောလုံးပွဲတစ်ပွဲမှာ နိုင်နေတဲ့ အသင်းက ပွဲပြီးခါနီးမှာ အချိန်ဆွဲ ကစားနေသလိုမျိုးပါပဲ။ စည်းကမ်း ရှိရှိ ညစ်နေတာမျိုးမို့ ဘာမှ မပြောသာဘူးလေ။

မျှော်လင့်ဆုတောင်းထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် အလုပ်သွားဖို့ အားလုံး ပြင်ဆင်ပြီးချိန်ကျမှ မိုးက ဝေါခနဲ ရွာချလာပါတယ်။ ထခုန်မိမတတ် ဝမ်းသာသွားပေမယ့် ဟန်ဆောင်ပန်ဆောင်နဲ့ မိုးကိုအပြစ်ဖို့ရင်း ထမင်းချိုင့်ကို မီးဖိုချောင်ထဲ ပြန်သွားထားလိုက်ပါတယ်။ ပြီးတော့ ဧည့်ခန်းမှာ ထိုင်ပြီး သိုင်းကျင့်ပါတယ် ကိုယ့်ဆရာ။

မဟုတ်ဘူး ။ မဟုတ်ပါဘူး။ သိုင်းကျင့်တယ် ဆိုတာ တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေး... ကိုယ့်ဆရာ ထင်သလို သိုင်းတွေ ကျင့်တာကို ပြောတာ မဟုတ်ပါဘူး။ ဘာသာပြန် သိုင်းဝတ္ထု ဖတ်တာကို ပြောချင်တာပါ။

ကျွန်တော် ကျင့်နေတာ အခုကျတော့လည်း ဟိုလူဒီလူတွေရဲ့ ပါးစပ်ဖျားကို ရောက်ကုန်ပါပြီ။ ငှားနေကျ စာအုပ်အငှားဆိုင်ကတောင် သိုင်းဝတ္ထု မငှားတာ ကြာရင် ‘သိုင်းမကျင့်တာ ကြာပြီနော်’ တဲ့ ။

ကျွန်တော် ကျင့်နေတာ သိုင်းကျမ်း နှစ်ကျမ်း ပြီးသွားပါပြီ။ ခုချိန်ထိ မိုးက ရွာလို့ ကောင်းတုန်းပဲရှိပါသေးတယ်။ မရွာခင်တုန်းက မူခဲ့တာ သူ မဟုတ်သလိုလိုနဲ့ အခုကျ အသားကုန် လှော်နေလိုက်တာ တော်တော်နဲ့ တိတ်မယ့်ပုံ မပေါ်ပါဘူး။ အားကောင်းမောင်းသန် ရွာနေတဲ့ မိုးကို ကြည့်ရင်း ကျွန်တော် စိတ်ပူစပြုလာပါတယ် ကိုယ့်ဆရာ။ တကယ်လို့ မိုးက တစ်နေ့လုံး မတိတ်ဘဲ စွေနေမယ်ဆိုရင် ညပိုင်း အစီအစဉ် ပျက်သွားနိုင်တာကို တွေးမိလိုက်လို့ပါ။ အဲဒီအ စီအစဉ်က လုံးဝပျက်သွားလို့ မဖြစ်ပါဘူး။

ကျွန်တော့်အတွက် အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ဒီညမှာ လုပ်ဖို့ စီစဉ်ထားလို့ ပါ။ အဲဒါကတော့ မေသက်နွယ်စိုးကို ခိုးဖို့ပါပဲ။

မေသက်နွယ်စိုးက ကျွန်တော့် ချစ်သူပါ။ သူနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်ခဲ့ကြတာ နှစ်ကာလရှည်ကြာနေပါပြီ။ ကျွန်တော်တို့ရဲ့ ချစ်ခရီးလမ်းတစ်လျှောက်မှာ နားလည်မှုတွေ ပြည့်ပြည့်ဝဝ ဖြန့်ခင်းထားတာကြောင့် သာသာယာယာပါပဲ။ ဒါပေမဲ့ မဲပြာပုဆိုး ဇာတ်လမ်းတွေထဲက လိုပဲလို့ ပြောရမယ် ထင်ပါရဲ့ ကိုယ့်ဆရာရယ်။ မေသက်နွယ်စိုးရဲ့ မိဘတွေက သူတို့ သမီးကို ကျွန်တော်နဲ့ သဘောမတူဘူးတဲ့။ သူတို့နဲ့ ဂုဏ်ရ ည်တူ အဆင့်တူ မိတ်ဆွေရဲ့ သားနဲ့ ပေးစားဖို့ ပြင်ဆင်ပါတယ်။ ဒါကို သက်နွယ်စိုးက လက်မခံနိုင်လို့ သူ့ကို ခိုးပြေးဖို့ ကျွန်တော့်ကို အချိန်းအချက် လုပ်ပြီး ရက်သတ်မှတ်ပေးပါတယ်။ ဒီနေ့ည ဆယ့်တစ်နာရီတိတိမှာပါ။

မန္တလေးမိုးက ရန်ကုန်မိုးလို မဟုတ်ပါဘူး။ မရွာချင်ရင် နေရော ရွာမိပြီ ဆိုရင်လည်း တော်ရုံနဲ့ တိတ်ခဲပါတယ်။ တစ်ခါတလေ သုံး၊ လေးရက် မရပ်မနား တစိမ့်စိမ့် ရွာတတ်တာမျိုးပါ။ အခုလည်း အဲဒီပုံစံမျိုးဆီ ချီတက်ဖို့ အစပျိုးနေပြန်ပါပြီ။ ပိုဆိုးတာက ဒီနေ့ဟာ စနေနေ့ ဖြစ်နေတာပါ ပဲ။ စနေမိုး စွေရင် ကျွန်တော် မိန်းမခိုးဖို့ အရေး အတွက် မတွေးဝံ့စရာပဲ မဟုတ်လား။

မတွေးဝံ့စရာကို မတွေးဘဲနေနိုင်အောင် မိုးနတ်မင်းကြီးက ကျွန်တော့် ပူပန်စိတ်ကို ချော့သိပ်ပါတယ်။ တစ်မနက်ခင်းလုံး တဝေါဝေါ သွန်ချနေတဲ့ မိုးက နေ့ခင်းပိုင်းမှာ တဖြည်းဖြည်း အရှိန်လျော့ပြီး မကြာခင်မှာပဲ တိခနဲ တိတ်သွားပါရော။ မိုးတိတ်သွားတော့ ကျွန်တော် အိမ်က ထွက်လာခဲ့ပါတယ်။ မှေးထွားကို ဝင်ခေါ်ပြီး လမ်းထိပ်က လက်ဖ က်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ မှေးထွား ဆိုတာ နာမည်ရင်း မဟုတ်ပါဘူး ကိုယ့်ဆရာ။ လူကောင်ထွားပြီး မျက်စိမှေးနေလို့ သူငယ်ချင်းတွေက ပေးထားတဲ့ နာမည်ပြောင်ပါ။

လက်ဖက်ရည်သောက်ရင်း ကျွန်တော်က မှေးထွားကို မိန်းမခိုးဖို့ ကိစ္စ တိုင်ပင်ပါတယ်။ သူ့ဆီက အကြံကောင်းဉာဏ်ကောင်း လိုချင်လို့ မဟုတ်သလို မျှော်လည်း မျှော်လင့်မထားပါဘူး။ ကျွန်တော် သူ့ဆီက လိုချင်တာ တစ်ခုတည်းပါ။ ညကျရင် ကျွန်တော်နဲ့ အတူ အဖော်လိုက်ပေးဖို့ပါပဲ။

သူ ပါလာတော့ တစ်ယောက်တည်းထက် စာရင် အားပိုရှိမယ် ထင်လို့ပါ ကိုယ့်ဆရာ။ ပြီးတော့ လိုအပ်ရင် သူ့ကို မေသက်နွယ်စိုးရဲ့ အဝတ်အစားထုပ်ကို ထမ်းခိုင်းရမယ်လေ။ ဒီလောက်လေးတော့ မှေးထွားက ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ထင်တဲ့ အတိုင်းလည်း ဖြစ်လာတာပါပဲ။ မှေးထွားက ကျွန်တော့် တောင်းဆိုချက်ကို အားရဝမ်းသာ လိုက်လျောပါတယ်။ သူ့ကို တစ်ဝိုင်း ပြုစုပါ့မယ်လို့ ကတိကဝတ် ပေးလိုက်ရတာတော့ရှိတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီည အစီအစဉ်အတွက် ကျွန်တော် စိတ်အေးသွားရပါပြီ ကိုယ့်ဆရာ။

••••• ••••• •••••

( ၂ )

“အစာကောက်ဖို့ အချိန်နီးနေပြီကွ။ငါတို့ ပစ်မှတ်ဆီကိုလစ်ကြစို့”

မှေးထွားက ခေါင်းညိတ်ပြရင်း စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်လိုက်ပါတယ်။ပိုက်ဆံရှင်းပြီးတော့ မေသက်နွယ်စိုးတို့ အိမ်ဘက်ကို လျှောက်လာခဲ့ကြပါတယ်။ အကြောင်း မသိရင် ကျွန်တော်တို့ကို မိန်းမခိုးဖို့ လာသူတွေလို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး။ အဲသလို မထင်အောင်လည်း တမင် လုပ်ယူထားရတာပါ ကိုယ့်ဆရာ။ မေသက်နွယ်စိုးကို ခိုးပြေးဖို့ ကျွန်တော်က ဘာစီးတော်ယာဉ်မှ စီစဉ်မထားပါဘူး။ သူကို ဝေးဝေးလံလံ ခိုးပြေးဖို့ စိတ်ကူး မရှိတာကြောင့်လည်း ပါ,ပါတယ်။

မေသက်နွယ်စိုးတို့ အိမ်နဲ့ ကျောချင်းကပ်ရက်ကအတန်းမှာ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ရှိပါတယ်။ သူ့မိဘတွေက သဘောကောင်းကြသလို ကျွန်တော့်ကိုလည်း ချစ်ခင်ကြပါတယ်။

ကျွန်တော်က မေသက်နွယ်စိုးကို အဲဒီ အိမ်ဆီခိုးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ မေသက်နွယ်စိုး မိဘတွေက သူတို့ သမီးကို သူတို့နဲ့ ကျောချင်း ကပ်မှာ ရှိတဲ့ အိမ်ဆီ ခိုးပြေးသွားလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါက လုံးဝကို သေချာပါတယ်။

အနီးကပ်ဆုံး နေရာဟာ အဝေးဆုံးပဲ မဟုတ်လားကိုယ့်ဆရာ။

ကျွန်တော်နဲ့ မှေးထွား အေးအေးလူလူ စကားပြောရင်း လျှောက်လာခဲ့ကြပါတယ်။ မေသက်နွယ်စိုးတို့ လမ်းထိပ် ရောက်တော့ ကျွန်တော် ရင်တွေအခုန်မြန်လာပါရော။ ရင်ခုန်သံကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းရင်း နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီကွက်တိ။ ဒီအချိန်ဆို မေသက်နွယ်စိုး သူတို့ အိမ်ဘေး ကပ်ရက်က လမ်းကြားလေးထဲမှာ စောင့်နေလောက်ပါပြီ။ ကျွန်တော့်ကို အဲဒီနေရာဆီ လာခဲ့ဖို့ သူက အချိန်းအချက် လုပ်ထားတာပါ။

အဲဒီ လမ်းကြားလေးက ညဆို လူသွားလူလာ ပြတ်ပါတယ်။

လမ်းမီး ထွန်းမထားကြလို့ အလင်းရောင် ဆိုတာလည်း မရှိသလောက်ပါပဲ။

အမှောင်ထုကို ကာဗာယူပြီး လှုပ်ရှားဖို့ အကောင်းဆုံးနေရာ ဆိုပါတော့။

ဒီတစ်ခါ ကျွန်တော်တို့ လမ်းလျှောက်ပုံဟာ လက်ဖက်ရည်ဆိုင်က ထွက်လာခဲ့ကြတုန်းက ပုံစံနဲ့ မတူတော့ပါဘူး။ ရန်သူ့နယ်မြေထဲ ဝင်ရောက်လာရတဲ့ ကွန်မန်ဒိုတွေလို သတိဝိရိယ အပြည့်နဲ့ပါ ကိုယ့်ဆရာ။

ရှေ့နောက်ဝဲယာ ဘေးဘယ်ညာ အကုန်လုံးမှာ အာရုံတွေ ဖြန့်ကျက်ထားပါတယ်။ အရေးကြီးတဲ့ အချိန်ပိုင်းကို ရောက်နေပြီမို့ အမှားအယွင်း ဆိုလို့ မြူတစ်မှုန်စာတောင် မွေးဖွားလာလို့ မဖြစ်တဲ့ အခြေအနေမျိုးပါ။ ဒီအချိန်မှာ နှာချေချင်တယ် ဆိုရင်တောင် အောင့်ထားမှ တော်ရုံကျမယ်မှန်း ကိုယ့်ဆရာလည်း သိမှာပါ။

“သူခိုး ... သူခိုး။ လိုက်ကြပါဦး”

မေသက်နွယ်စိုးတို့ အိမ်ဘေးက လမ်းကြားထဲ ချိုးအကွေ့မှာပဲ အော်သံတစ်ခုကို ကြားရပါတယ်။ တခြားသူရဲ့ အော်သံ မဟုတ်ပါဘူး။

ချစ်သူ့အော်သံမှ အော်သံစစ်စစ်ပါ ကိုယ့်ဆရာ။ ကျွန်တော့် တစ်ကိုယ်လုံး အကြောအချဉ်တွေ တောင့်တင်းသွားကြပါတယ်။ ပြီးတော့ မေသက်နွယ်စိုး ရှိရာကို တစ်ဟုန်ထိုး ပြေးသွားမိပါရော။

“မေ...”

“ဟယ် ... ကို။ မေ့ အဝတ်အစားထုပ်ကို သူခိုး မပြေးသွားပြီ။ အဲဒါ မြန်မြန်လိုက်မှ ဖြစ်မယ် “

ကျွန်တော်တောင် ဖြစ်ပုံပျက်ပုံကို မမေးရသေးပါဘူး။ မေသက်နွယ်စိုးက သူခိုး ပြေးသွားတဲ့ ဘက်ကို လက်ညှိုးထိုးပြရင်း ပြောပါတယ်။

ကျွန်တော်လည်း ဘာမေးခွန်းမှ ထုတ်ချိန် မရဘဲ သူခိုးနောက်ကို အသားကုန် ပြေးလိုက်ရတော့တာပေါ့ ကိုယ့်ဆရာရယ်။ ရှေ့က ပြေးနေတဲ့ သူခိုးကို မှီလုမှီခင်မှာ ကျွန်တော် တော်တော်ဟိုက်နေပါပြီ။ တစ်သက်နဲ့ တစ်ကိုယ် ခုလောက်ထိအမောခံပြီး မပြေးဖူးပါဘူး။ အချစ်အတွက်မို့သာ ဒီလောက်ထိ တင်းခံနေနိုင်တာပါကို ယ့်ဆရာ။ သူခိုးကို မှီတော့မှာမို့ အားတက်သွားတာကြောင့်လည်း ပါ,ပါတယ်။ ကျွန်တော့်နောက်မှာ လူသံတွေလည်း ကြားရပါတယ်။

ကျွန်တော့်လိုပဲ သူခိုးနောက်ကို လိုက်လာကြသူတွေရဲ့ အသံတွေပါ။ ချစ်သူနဲ့ တခြားလူတွေ ရှေ့မှာ လူစွမ်းကောင်း လုပ်ချင်စိတ်တွေ ကျွန်တော့် ရင် ထဲမှာ အမြစ်တွယ်လာပါတယ်။ ဒါနဲ့ ပြေးနေတဲ့ အရှိန်ကို ထပ်မြှင့်လိုက်ပါတယ်။

ကံဆိုးတာလား၊ ကံကောင်းတာလား။ ဘယ်လိုပြောရမယ်မှန်း မသိပါဘူး။ ရွှံ့စေးမြေပေါ်ခြေတစ်ဖက် ရောက်သွားပြီး ဗိုင်းခနဲ ချော်လဲပါလေရော။ လူက ရှေ့ကို လျှောတိုက် ပါသွားပြီး သူခိုးရဲ့ ခြေနှစ်ချောင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်မိသွားပါတယ်။ သူခိုး ခမျာလည်း မသက်သာရှာပါဘူး။ ရှေ့ကိုမှောက်လျက်သား လဲကျသွားတာများ အွတ်ခနဲနေတာပါပဲ။ ကျွန်တော်လည်း အမြန်ထပြီး သူခိုးကို ဖင်ခုထိုင်ရင်း လက်ပိုက် ထားလိုက်ပါတယ်။

အောင်နိုင်သူ စစ်သူကြီးတစ်ယောက်လို ဟန်ပန်မျိုးနဲ့ မိန့်မိန့်ကြီး ပြုံးထားတယ်ဆိုတာတော့ ကျွန်တော် မပြောလည်း ကိုယ့်ဆရာ သိမှာပါ။

“အောင်မာ...အဝတ်အစားတွေကို အကျအန စီပြီး ထည့်ထားတာပါ့လား။ ပုံစံ ကြည့်ရတာတော့ သူခိုး ထည့်ထားတာ မဖြစ်နိုင်ဘူး။ ညည်းကလည်း လမ်းကြားထဲ ရောက်နေပုံ ထောက်တော့ အကြံအစည် တစ်ခုခုရှိလို့ပဲ ဖြစ်မယ်။ကဲ ..ပြောစမ်းပါဦး။ ဒါ ဘာလုပ်ဖို့လဲ ဆိုတာ”

ဦးမင်းမင်းစိုးက မေသက်နွယ်စိုးရဲ့ မျက်နှာကို စူးစိုက်ကြည့်ပြီး မေးလိုက်တာပါ။ ကျွန်တော်လည်း စိတ်တွေ လှုပ်ရှားနေမိပါတယ်။

မေသက်နွယ်စိုး ဘယ်လိုများ ဖြေရှင်းချက် ပေးမှာလဲ။ ပြီးတော့ သူနဲ့ မကွာ ရှိနေရမယ့် အဝတ်အစားထုပ်က ဘယ်လိုလုပ် သူခိုးလက်ထဲ ပါသွားတာလဲ။ ချစ်သူရဲ့ နှုတ်ထွက်စကားကို စောင့်မျှော်ရတာ တစ်ကမ္ဘာမက ကြာရှည်လွန်းလှပါတယ် ကိုယ့်ဆရာ။

“သမီး..သမီး ချစ်သူနောက်ကို ခိုးရာလိုက်ပြေးမလို့ပါ ဖေဖေ”

“ဪ ... မိဘက ဘောလ်ပင်နဲ့ ရေးတာကို ညည်းက ကော်ရက်ရှင်နဲ့ ဖျက်မလို့ ပေါ့လေ။ ဒါနဲ့ နေစမ်းပါဦး။ ခိုးရာလိုက်ပြေးဖို့ ပြင်ထားတဲ့ အထုပ်က ဘာလို့ သူခိုးလက်ထဲ ပါတော်မူသွားရတာလဲ”

“ဒါ ... ဒါက ဒီလိုပါ ဖေဖေ။ လမ်းကြားထဲမှာ သူ့ကို စောင့်နေတုန်း နှုတ်ခမ်းနီဗူး ကျန်ခဲ့တာ သတိရလို့ အထုပ်ကို ခဏချထားခဲ့ပြီး အိမ်ထဲကို နှုတ်ခမ်းနီဗူး ဝင်ယူချိန်မှာ သူခိုးက အထုပ်ကို မ,သွားပါတယ်။ သမီး အပြင် ပြန်ရောက်ချိန်နဲ့ မရှေးမနှောင်းမို့ သမီးက မြင်ပြီး အော်လိုက်တာ”

မေသက်နွယ်စိုးက ကျွန်တော့်ကို လက်ညှိုးထိုးပြပြီး ပြန်ဖြေပါတယ်။ ဦးမင်းမင်းစိုးက ကျွန်တော့်မျက်နှာကို ဓာတ်မီးနဲ့ အသေအချာ ထိုးကြည့်ပါတယ်။ စောစောတုန်းကတော့ သူ့စိတ်က ကျွန်တော့်ဆီမှာ ရှိမနေလို့ ကျွန်တော် ဘယ်သူလဲဆိုတာ သူ သတိမထားမိပါဘူး။ သတိထားမိရင်လည်း သူ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်မှန်း ကျွန်တော် လောင်းကြေးထပ် ပြောရဲပါတယ် ကိုယ့်ဆရာ။ ညကမှောင်နေသလို ကျွန်တော့် တစ်ကိုယ်လုံးမှာလည်း ရွှံ့တွေ ပေကျံနေတယ် မဟုတ်လား။

အခုတော့ မေသက်နွယ်စိုးရဲ့ လက်ထောက်ချမှုကြောင့် ကျွန်တော့်မျက်နှာကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး သေသေချာချာကြီးကို မှတ်မိသွားပါပြီ။ ဦးမင်းမင်းစိုးက ကျွန်တော့်မျက်နှာကို လက်သီးနဲ့ ထိုးမယ်။ ဒါမှမဟုတ် နှစ်ပြားမတန်အောင် ချိုးဖဲ့ပြောဆိုပြီး လူတွေရှေ့မှာ အရှက်ခွဲမယ်။

ကျွန်တော့်ကို ကျွန်တော်မှန်း သိသွားရင် ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တွက်ဆထားပါတယ်။ ဒါပေမဲ့ ကျွန်တော့် တွက်ကိန်းက တက်တက်စင် လွဲချော်သွားတာကို ကိုယ့်ဆရာ မပြောနဲ့ ကျွန်တော်ကိုယ်တိုင်တောင် မယုံကြည်နိုင်ပါဘူး။

ဦးမင်းမင်းစိုးက ကျွန်တော့်ကို ဘာတစ်ခွန်းမှ မပြောပါဘူး။ ကိုယ်ထိလက်ရောက် နာကျင်အောင်လုပ်ဖို့ ဆိုတာ အဝေးကြီးမှာပါ။

မေသက်နွယ်စိုးရဲ့ လက်ကိုသာ ဆောင့်ဆွဲခေါ်ပြီး သူတို့ အိမ်ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်လှည့်သွားပါတယ်။ မေသက်နွယ်စိုး ကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ နောက်ကိုလှည့်ကြည့်ရင်း ဆန့်ငင်ဆန့်ငင် ပါသွားရှာပါတယ်။ အဲဒီလိုနဲ့ ... အဲဒီ နောက်မှာတော့။

ဟုတ်ပါတယ် ကိုယ့်ဆရာ။ ဆရာထက်ငြိမ်းဝေ စေတနာ နိုင်းချင်းနဲ့ အခမဲ့ကြော်ငြာ ထိုးပေးသလိုပါပဲ။ ကျွန်တော်က ဆယ့်ခြောက်ပဲရည် အပြည့် အရောအနှော ကင်းတဲ့ လူပျိုကြီး။ ဒါပေမဲ့ မစွံလို့ ကြီးနေရတဲ့ လူပျိုကြီးမျိုးတော့ မဟုတ်ပါဘူး။ သူခိုးတစ်ယောက်နဲ့ နှုတ်ခမ်းနီတစ်တောင့်ရဲ့ ခြေထိုးမှုကြောင့် မကြီးသင့်ဘဲ ကြီးနေရတာပါ။ မဟုတ်ရင် ခုချိန်ဆို ကျွန်တော် ကလေးအဖေတောင် ဖြစ်နေလောက်ပါပြီ။

( ခွင့်လွတ်ပါ မေသက်နွယ်စိုး။ ပေထက်အက္ခရာ တင်ရလောက်အောင် ဂန္ထဝင် မမြောက်တဲ့ တို့ နှစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက်ကို လူသိ ရှင်ကြား ဖြစ်သွားအောင် ဖွင့်ချလိုက်မိတဲ့ အတွက်ပေါ့။ ဒီလို ဖွင့်ချလိုက်တာက မရှက်တတ်လို့ မဟုတ်ပါဘူး။ လွမ်းတော်မူလို့ စာကို စီလိုက်တာပါ။ စာမူခ ရရင် ဘီအီးမြစ်ထဲမှာ အလွမ်းလက်ပစ်ကူးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးလည်း ပါတာကို ရိုးရိုးသားသား ဝန်ခံပါတယ် မေသက်နွယ်စိုး )

▢ မော်မော့်မောင်

📖 ရယ်စရာ မဂ္ဂဇင်း
      ၂ဝ၁၁

📖 နဂါးမျက်စောင်း

Thursday, October 15, 2026

ကိုယ်က မွေးပြီး သူများ သား/သမီး ဖြစ်ရသည်


❝ ကိုယ်က မွေးပြီး သူများ သား/သမီး ဖြစ်ရသည်❞
▢  သန်းငြိမ်းအောင် (ပညာရေး)

ကျွန်တော့်တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါသည်။ သမီးကြီးက ‘အပြုံး’ ဟုခေါ်၍ အပြုံးက နာမည်နှင့် လိုက်အောင် ပြုံးပြုံး, ပြုံးပြုံးနှင့် လောကဓံကို ကြံ့ကြံ့ခိုင် ခံနိုင်သူဖြစ်သည်။

အပြုံး အိမ်ထောင်ကျသွားပြီး လင်ယောက်ျားထက် စောစောထရမည် ဟူသော မြန်မာတို့၏ အယူအဆကို လက်ခံ၍ နံနက် ၄ နာရီထပြီး ၇ နာရီတွင် ချက်ပြုတ်ပြီးစီးပါပြီ။ ယောက္ခမ၏ စီးပွားရေးဖြစ်သော ရေရောင်းသည့် လုပ်ငန်းကိုလည်း ပိုက်ဆွဲ၊ ရေဖြည့် ပြည့်စုံအောင် ပြုလုပ်ပေးသည်။

ကိုရီးယားကားထဲက ကဲ့သို့ ယောက္ခမကို ဒူးထောက်၍ ရေခပ်တိုက်တတ်သော သမီးတစ်ယောက် ဖြစ်ပါသည်။ ကလေးတစ်ဦး၏ မိခင် ဖြစ်လာသည့်တိုင် တစ်အိမ်လုံး အဝတ်ကို လျှော်ပါသည်။ ယောက္ခမက အဝတ်လျှော်စက်ဖြင့် လျှော်လျှင် အဝတ်မဖြူဟု ဆိုသောကြောင့် လက်နှင့် အပင်ပန်းခံ လျှော်ဖွပ်ပေးသူ ဖြစ်ပါသည်။

ရေလိုက်ထည့် ဈေးရောင်းရသမျှကို ယောက္ခမ လက်ထဲ အပြည့်အဝ ထည့်တတ်ပါသည်။ သူ့ယောက္ခမက ကျွန်တော့်ကို ပြောပါသည်။

“သမီးကို ရထားလို့ အိမ်က အိမ်ဖော်ကိုတောင် ပြန်လွှတ်လိုက်ရတယ်”

••••• ••••• •••••

သား၏ နာမည်က လူဖုန်းဖြစ်ပါသည်။ သား ‘လူဖုန်း’ မိန်းမယူလာရင်တော့ အိမ်မှာ အိမ်ဖော် မလိုအပ်လောက်အောင် ကျွန်တော် အောင်မြင်ပြီဟု ယူဆပြီး သားကို မိန်းမယူဖို့ မြှောက်ပေးခဲ့သည်။ ယခု လူဖုန်း မိန်းမယူပြီး အိမ်ခေါ်လာပါပြီ။

မင်္ဂလာဦးညရဲ့ နံနက် ၁ဝ နာရီမှာ နှစ်ယောက်လုံး အိပ်ရာက အတူ နိုးလာပါပြီ။

“ကိုရေ... ကို ထမင်းချက်လိုက်နော်။ ညီမ ..ခေါင်းမူးနေတယ်”

“ကိုရေ .. ကို အဝတ်လေးလည်း လျှော်လိုက်ဦးနော်”

“ကိုရေ... ဇက်ကြောတွေ တက်လိုက်တာ ကိုရယ်... ဇက်ကြောဆွဲပေးဦးနော်ကို”

“ကို... လခထုတ်ရင် ညီမလက်ထဲ ထည့်နော်၊ ကို့လစာက ရှိုးပွဲလက်မှတ်ဖိုးတောင် မရှိဘူး”

‘လူဖုန်း’ ရဲ့မိန်းမ ခေါ်ခေါ်နေသော ‘ကို’ ကြောင့် ကျွန်တော် ခေါင်းကိုက်သွားခဲ့ရပြီ။ ‘လူဖုန်း’ ကတော့ အပိုးကျိုးသွားခဲ့ပြီ။ မိဘနဲ့အတူ နေကြတုန်းက မလုပ်ခဲ့ဖူးသော အိမ်အလုပ် အကုန်လုပ်ပြီး သူ့ယောက္ခမတွေကို

“ဖေဖေ၊ မေမေ”

ခေါ်နေပေပြီ။

သားနဲ့ သမီး မွေးရကျိုး နပ်ပါသည်။ ကျွန်တော်မွေးပြီး သူများ သားရင်း၊ သမီးရင်း ဖြစ်စေခဲ့သည်။

တော်လိုက်တဲ့ ကျွန်တော်။

▢  သန်းငြိမ်းအောင် (ပညာရေး)
📖 ကလျာ မဂ္ဂဇင်း
      ဩဂုတ်လ ၊ ၂၀၁၅

လန်းအောင် သူဖန်

❝ လန်းအောင် သူဖန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

တိမ်ဖြူ တိမ်နွယ်နှယ် ပါးလျားပေါ့ပါးသော တံလျှပ်မျှင်သည် ကောင်းကင်ပြာနှင့် မြေကြီးကို ဆက်သွယ်ပေးနေ၏။ ကုလားပဲပြန့် ဘေးမှ မြေကြီးသည် ပြောင်ထင်းနေ၏။ သည်ပြောင်ပြောင်ထင်းထင်းပေါ်မှာ ရွှေ့လှုပ် ဆော့မြူးနေသော တံလျှပ်မျှင်မှာ ထင်ရှား၏။ ပြေးဆုပ် ဖမ်းယူပြီး ရီးဆေးရိုး လွှင့်ပစ်ချင်၏။

သည်တံလျှပ်မျှင်သည် အပူပြင်း၏ သဘောသရုပ် မဟုတ်လား။ အပူငွေ့ အား ကြီးသောကြောင့် တံလျှပ်နွယ် ယှက်တက်ငြား ရီးဆေးရိုး အမြင်ပြင်းကတ်သည်။ သူ့ကို ကြည့်မိလျှင် ပိုပြီး ပူသည်၊ ပိုပြီး မောသည် ထင်မိ၏။ သည်ကုလားပဲကလည်း စပါးထက် အခြွေရ ခက်၏။ စပါးကို ပျဉ်ပြားပေါ်၊ တုံးပေါ်မှာ ရိုက်ပုတ်ခြွေ၍ ရသည်။ နွားဖြင့် နင်းမှ နယ်မှ မဟုတ်။ ကုလားပဲ သော်ကား နွားဖြင့် နင်းရ နယ်ရမည်။ စပါးနှယ် နေအေးခိုက်တွင် နယ်ချင်၍ မရ။ နေခြစ်ခြစ်တောက်ကြီးတွင် နယ်ရဖတ်ရမည်။ သို့အတွက် မွန်းတိမ်းစ တပေါင်းနေ အောက်တွင် ရီးဆေးရိုး ငရဲခံနေခြင်း ဖြစ်ပေ၏။ ကျောကို ပုဆိုးတစ်ထည် အုပ်ကာ လည်တွင် ချည်ထားသည်။ နှီးခမောက်ကိုလည်း ဆောင်းထားသေးသည်။ စင်စစ် သည်အအုပ် အဆောင်းများနှင့် တပေါင်းနွေ အပူမှာ မည်သို့မျှ မဆိုင်ပါ။ အပူ တခြား၊ အအုပ်အဆောင်း တခြား။

မွေးညင်းပေါက်ထဲက ချွေးရည်တွေ စီးထွက်လာသံကို ‘ပြုတ်ပြုတ်ပြုတ်ပြုတ်’  ကြားရသည် ထင်၏။ အရိုးထဲမှ ထွက်ပြီး ပူခြင်းပါတကား။ သည် အပူကို တလင်းပြင်မှ ရောင်ပြန်က ကူသည်။ တံလျှပ်မျှင်က လှောက်သည်။

“သွားစမ်း၊ သွားစမ်း၊ သွားကြစမ်း”

နေပူကျက်ကျက်ကြီးထဲတွင် မသွားချင်ဘဲ သွားနေရသော နွားသားအမိ နှစ်ကောင်နှင့် ခိုင်းနွားတစ်ရှဉ်းကို ရီးဆေးရိုး မရိုက်ချင်ပါ။ ကိုယ်သော်မှ နေပူထဲ မထွက်ချင်လျှင် သူ့တို့ကလည်း ကိုယ်နှယ် ရှိပေမည်ပ။ နှုတ်သီးစွပ် စွပ်ထားပါလျက် ပဲစေ့တွေကို လျှာဖြင့် လိမ်းယူရန် အားထုတ်နေသော နွားနက်ကြီးကို သို့ကြောင့်သာ အသံဖြင့် မောင်းမဲနေခြင်းဖြစ်၏။ ကုလားပဲရိုးကြွပ်ကြွပ်ကို နွားနင်းသံများ တဖြည်းဖြည်း စဲညံ့သောအခါ ယင်းမာပင် ထက်က ဥဩသံ သည်သာ၏။ ပုတီးပင်ဘုရားအနီး သင်္ချိုင်းကုန်းတော အုပ်ဘက်မှ ယောက်ဖခွေးခေါ် မြည်သံ။ အလို ပီသလှပါဘိ။ ရီးဆေးရိုး ရပ်၍ပင် နားထောင်မိသည်။ ကျောင်းဝိုင်းအစပ် ပေပင်ပေါ်မှ ထင်သည်။ ချိုးမောင်နှံ ကူသံမှာမူ ရီးဆေးရိုး နားထဲ၌ ညည်းတွားသံ ထင်မိ၏။ မျက်လုံးထဲ၌ အမြင်များ ဝါး၏။ ပြာ၏။ ရီးဆေးရိုး မျက်တောင်ခတ်သည်။ အကြည့်ကို ပဲပုံဘက်သို့ လွှဲသည်။

အပုံမှာ မချရသေးသည်က တစ်ပုံ။ လေသွေးတိုင်း အမှော်တွေ လွင့်နေသည်။ ရွက်ကြေ၊ ရိုးကြေများ ထိုးထိုးထောင်ထောင်ဖြင့် အမှော်ပုံ၊ ဆူးခက် အုပ်ထားသော ရွက်ကြေးဝါရောင် ပဲပုံက တစ်ပုံ။ သည် အပုံတွေကို ဝက်ဝင်စားမည် စိုးရသည်။ အမှော်ကြေး ချမည် ချမည်နှင့် မချဖြစ်။ ဆန်ခါကြီး စားမည် စားမည်နှင့် မစားနိုင်သေး။ စင်ပြာပြီးသော အပုံကိုလည်း ပုတ်ထဲ ထည့်မည် ပြောနေသည်မှာ ခုနစ်ရက်ခန့် ရှိပြီ။ ယခုထိ မရောက်သေး။ ပဲပြန့်ပေါ်က နွားတွဲချပြီးနောက် အမှော်ခြစ်အမှော်ချရသည်နှင့် ပြီးတော့သည်။ စိတ်သာ ရှိပြီး လူ မလိုက်နိုင်သော ကိုယ်။

“တတ်နိုင်ပါဘူး၊ ရောက်တော့ ရောက်ပါလိမ့်မပေါ့”

တွေးဖြေခိုက်တွင် တလင်း၏ ထန်းပင်အောက်မှ ဝင်လာသော လူနှစ်ယောက်ကို သတိထားမိ၏။ ဘယ်သူပါလိမ့်။ မျက်နှာကို သဲကွဲစွာ မမြင်ရငြား ပုံပန်းမှာမူ အိမ်က အမယ်ကြီးနှင့် တူသည်။ ရီးကျီးဒန်သည် ဖြူညစ်ညစ် တဘက်တစ်ထည်ကို ခေါက်လျက် ခေါင်းတင်ထား၏။ သူ့နောက်မှ ပါလာသူမှာ စစ်စေးသုတ်ထားသူ ဖြစ်၏။ မျက်နှာ၊ လက်မောင်းနှင့် လည်ပင်းတို့မှာ နက်မှောင်နေ၏။ သူသည် နှစ်နံစပ်ပုဆိုးနှင့် ဖျင်ကြမ်းအင်္ကျီ အုန်းခွံစင်းကို ဆင်ယင်၍ နှီးခမောက် ဆောင်းထား၏။ ဧည့်သည်ပေပဲဟု ရီးဆေးရိုးသိ၏။ သိစေကာမူ နေပူတုန်းပူခိုက် နယ်ရသဖြင့် ရပ်မထားချင်။ နွားတွေကို နေပူထဲ ပစ်ထားခဲ့ရန်မှာလည်း အဓိပ္ပာယ် မရှိလှ။ သို့သော် ပဲပြန့်ပေါ်သို့ ရီးကျီးဒန်နှင့် တက်လာသောအခါ လှည့်စကားပြောရပြီ။

“ဘယ်က ဧည့်သည်တုံးဟ၊ ဘယ်သူတုံး”

“အငယ်တို့ ရွာက ကိုဘဖန်ပါ”

အငယ်လေး ဟူသည် အလွန် သွက်လက် ပါးနပ်သောကြောင့် အမေကြီး ရီးကျီးဒန်က ‘ငတက်ပြားမ’  ချစ်စနိုး အမည်ပေးရသော မိမိထွေး ဖြစ်သည်။ ဪ... မြေးလေး လိုက်နေရတဲ့ မြောက်ခွင်က ကိုဘဖန် ပါကလား။ သမီးကလေး နေမှ ကောင်းရဲ့လား။ မြောက်ခွင်မှာ ရွာအမည် မဟုတ်ပါ။ ရမ်းဘိုကုန်းရွာ၏ မြောက် အရပ်ကျသော ဒေသမှ ရွာများကို သိမ်းကျုံးခေါ်ခြင်း ဖြစ်၏။ မည်သည့် နေရာမှ မည်သည့် နေရာအထိသာ ခေါ်ရမည်ဟု ကန့်သတ် မထားပေ။

“အဲဒါ ပြောင်းလေး ပဲလေး ရောင်းချပြီး အပြန်မှာ ဆန်ဝယ်ပြီး ပြန်မယ်တဲ့။ သုံးရက် ကြာမယ်တဲ့။ လှည်းကြုံ ရှိခိုက် လိုက်ခဲ့ပါလား ပြောတယ်။ ဘယ့်နှယ်တုံး”

ရီးဆေးရိုး မဖြေနိုင်ပါ။ ခြေထောက်အောက်က ပဲပြန့်သည် နောက်ဆုံး အသုတ်ဖြစ်ငြား၊ အမှော်ကြေး မစင်သေးသော အပုံကြီးက ရှိသေးသည်။ လှေ့ပြီး၊ စင်ပြီးနောက်တွင် အိမ်သို့ သယ်ပို့ရဦးမည်။

“အဲဒါတွေ ကြည့်မနေပါနဲ့တော်။ သွားစရာရှိလို့ လာကြပါဦးဟဲ့၊ ကူကြပါဦးဟဲ့ ဆိုရင် နှစ်ရက်နဲ့ ပြီးပါတယ်”

“ညည်း လိုက်ချင်လို့လား၊ လိုက်ချင် လိုက်သွားလေ”

“တော်ပါ လိုက်စေချင်လို့ ပြောနေတာပေါ့”

ရီးဆေးရိုးသည် ‘အင်း’ ခနဲ ညည်းတွားပြီးမှ ခေါင်းညိတ်မိငြား ကိုဘဖန်ကို နှုတ်ဆက်ရန်၊ စနည်း နာရန်အတွက် ပဲပြန့်ပေါ်မှ လေးဖင့်စွာ ဆင်းခဲ့ရလေ၏။

••••• ••••• •••••

၂

မဏ္ဍပ်ထဲတွင် ရောင်စုံ စည်ဖောင်းတွေ ပျံ့လွင့်နေ၏။ ပန်းစက္ကူများသည် ရွာ့သမီး ရွာ့သားတို့၏ ချစ်စိတ် လွင့်လူမှုကို ပြိုင်နေ၏။ ရီးဆေးရိုးနှင့် ရီးကျီးဒန်တို့မှာ ပရိသတ်ကို ဆီးကြိုနေသော သတို့သား ကျော်သန်းထွန်းနှင့် သတို့သမီး မေကြည်ကို ကြည့်၍ မရ။ ကြည့်မရ ဆိုသည်ထက် မကြည့်ရဲကြ ဆိုမှ ပိုမှန်မည်။ တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်လိုက်ကြ၊ လက်ချင်းတွဲလိုက်ကြ၊ ပြုတ်သွားလိုက်ကြ ဖြစ်နေသော မင်္ဂလာစုံတွဲကို ရီးကျီးဒန့် စိတ်ထဲတွင်မူ အရှက်နည်းလိုက်လေဟု ထင်မြင်ချက်ပေး၏။

ကိုထွန်းရုံ၊ မအေးခိုင်မှာ သားရှင်မို့ ရှိစေတော့၊ သမီးရှင် ကိုဘညိန်းနှင့် မလှမေတို့မျက်နှာ မည်သို့ ထားကြပါလိမ့်။ ရီးကျီးဒန် တစေ့တစောင်း အကဲခတ်သည်။ အကဲခတ်၍ မရသည့်အဆုံး၌ တီးတိုးပြော၏။

“ကာလကလေးတွေ ရှက်ရမှန်း မသိ၊ ကြောက်ရမှန်း မသိ ဖြစ်ကုန်ပြီနော”

ရီးဆေးရိုးမှာ ပုဆိုးအသစ် ဝတ်ထားရသဖြင့် ခြေသလုံးနှင့် ပေါင်ပါမကျန် ချွေးထွက်၍ မနေတတ် မထိုင်တတ်ဖြစ်နေ၏။ အမြဲတမ်း ပြောင်တလင်းခါ နေခဲ့သော ကျောနှင့် ရင်ဘတ်ပေါ်တွင် ရှပ်အင်္ကျီ၊ အပေါ်အင်္ကျီ ဝတ်ထားပြန်သောအခါ ဟိုက ယားသလို၊ သည်က ယားသလို ခံစားရ၏။

“အရေးထဲမှာ စကားများလိုက်တာ” ငေါက်ငမ်းသည်။ ငေါက်မိပြီးမှ မြေးသမက်နှင့် မြေးမကို စေ့စေ့ ကြည့်ကာ “အင်း... ဟုတ်သဟ” ဆိုမိပြန်သည်။

“ကျုပ်တို့တုန်းကတော့ မျက်နှာကို လူမြင်မှာစိုးလို့ အခန်းထဲ အောင်းနေရသတော့်”

မဲ့မဲ့ရွဲ့ရွဲ့ ပြောသည်ကို ခေါင်းညိတ်မိ၏။

“ကာလကလည်း ကွာလာပြီကိုးဟ။ ညည့်မြေး အသက် ၂ဝ၊ ညည့်သား အသက် ၅၀၊ ညည့်အသက် ၇ဝ ကွာတာတွေလည်း ကြည့်ဦးမှပေါ့”

သည်အခါတွင် ခေါင်းညိတ်ရသည်က ရီးကျီးဒန်။

သူတို့သည် ခိုးရာ လိုက်မပြေးသော မြေးမအတွက် ဖျစ်ဖျစ်ညှစ်ညှစ် ငွေတစ်ရာ လက်ဖွဲ့လိုက်ရသည်ကို ပီတိ ဖြစ်နေကြ၏။ လိမ္မာတဲ့ မြေး၊ သိက္ခာရှိတဲ့ မြေးဟု အမွှမ်းတင်ခဲ့သူမှာလည်း ရီးကျီးဒန်ပင်။ သူသည် လက်ချင်းတွဲတွဲနေသော မင်္ဂလာမောင်မယ်အား အရှက်နည်းရန်ကောဟု ငြူစူမိငြား အမိုက်မ ငတက်ပြားမနှင့် ယှဉ်တွေးမိလျှင် ခွင့်လွှတ်ရမည်သို့ရှိ၏။

ငတက်ပြားမ ခေါ် မိမိထွေးသည် မိဘ အစီအမံဖြင့် အိမ်ထောင်ပြုသူ မဟုတ်။ အသက် ၁၆ နှစ်ဖြင့် လိုက်ပြေးသူ။ အမိုက်မအကြောင်း အတွေး ရောက်သွားကာမှ မိမိထွေးသည် ဘနှင့် အမေကြီး ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။ လက်ထဲတွင် ရေခဲမုန့် နှစ်ခွက်ဖြင့်။

ရီးကျီးဒန်သည် မုန့်ခွက်ကို မယူသေးဘဲ မော့ကြည့်၏။

“ကြည့်စမ်း လူလိုသူလို မင်္ဂလာဆောင်တဲ့ လူတွေကျတော့ ဘယ်လောက် ကျက်သရေရှိသလဲ၊ မြင်သလား ခွေးမ”

အားရှိပါးရှိ ပလုတ်ပလောင်း ပြောလိုက်မည် အကြံဖြင့် ပြောချသည်။ ပြောငြား “ကြည့်စမ်း လူလို သူလို” တွင် ရပ်၏။ မဏ္ဍပ်တွင်းပြင် ရှိရှိသမျှ လူတွေ အရယ်အပြုံး ကိုယ်စီရှိထားကြစဉ်တွင် မိမိထွေး မျက်နှာ မကောင်း။ ငိုထားဟန် တူ၏။ နီသော မျက်လုံးဖြင့်၊ ဖျက်ထားသော မျက်ရည်ကြောင်းဖြင့်။ ပြောချလိုက်မည် မောင်းတင်ထားသမျှ ပျက်၏။ စကားမဆက်တော့ဘဲ မုန့်ခွက်ကို လှမ်းယူ၏။ ရီးဆေးရိုးကမူ “သမီးကော ပျော်ရဲ့လား” စကားမရှိ စကားရှာ၏။

“ဘယ်မှာပျော်... အဲဟို... ပျော် ပျော်တာပေါ့”

စကားလုံး နည်းစေကာမူ ဝမ်းနည်းဆို့နင့်ဟန်ကို ဖုံးဖိ၍ မရ။ ရီးဆေးရိုး ခေါင်းတဆတ်ဆတ် ညိတ်သည်။ ရီးကျီးဒန်မှာ ငုံ့လျှိုးထွက်ခွာသွားသော မြေးမ၏ ကျောပြင်ကို ရီဝေစွာ ငေးကြည့်ရင်းကျန်၏။ လူများကြားသို့ မိမိထွေး ဝင်ရောက် ပျောက်ကွယ်သွားငြား ငေးမြဲ ငေးနေမိသည်။ ငေးရင်းက ရင်ထဲမှာ မကောင်း။ သည်မြေး အမိုက်မကြောင့် ရင်ဆို့လာရသဖြင့်ဖြစ်သည်။

“အင်း သူ့အစ်မကျတော့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း။ သူ့ကျတော့ လူမသိ သူမသိ ဆိုတော့ အဲဒါကို ယှဉ်ကြည့်မိလို့ စိတ်မကောင်းဖြစ်တာ နေမှာပဲ”

ရီးဆေးရိုး ခေါင်းခါသည်။ သူသည် မြေးထီးတွေ မြေးမတွေ အလျင်စလို အိမ်ထောင်မပြုရန် မကြာမကြာ သတိပေးခဲ့၏။ သူကလည်း အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး သည်သုံးခု ချက်မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုးထက် ပို၍ မပြောတတ်။ ပြောသင့်သည်မှာ အလုပ်အကိုင်၊ မျိုးရိုး၊ စိတ်နေစိတ်ထား၊ အသောက်အစား အပျော်အပါးတို့ ပါ ထည့်သွင်းလေ့လာရမည်။ သို့သော် ရီးဆေးရိုးမှာ မြေးတွေ ‘နားတွေ့’ အောင် မပြောတတ်ခဲ့။ မပြောတတ်ခဲ့ခြင်းကို စဉ်းစားမိသောအခါ ခေါင်းခါရုံမှ တစ်ပါး သူမတတ်နိုင်။

“ဘယ်သူမပြု မိမိမှုလို့ပဲ သဘောထားပေတော့ အမယ်ကြီးအိုရေ့”

“အဲဒါပဲ ရှိတော့တာပေါ့တော်”

အလိုက်သင့် ဖြေရငြား ရီးကျီးဒန်ရင်မှာ ရှင်းကြည် မသွားပါ။ မေကြည်နှင့် မိမိထွေးမှာ ဝမ်းကွဲညီအစ်မ ဖြစ်ငြား အရင်းတမျှ ချစ်သည်။ မိမိထွေးကို ‘အငယ်လေး အငယ်လေး’ ခေါ်ကာ ခါးပေါ်မှ မချသူမှာ မေကြည်။ အငယ်လေး အောင်ဘာလေနောက် လိုက်ပြေးဟန်တူကြောင်း လယ်ပြင်သို့ အမောတကော ပြေးလာပြီး ပြောသူမှာလည်း မေကြည်။

အောင်ဘာလေ၏ မိဘများမှာ မြောက်ခွင်တွင် ကသီကရီ ဖြစ်လွန်းသဖြင့် ရေကြည်ရာ မြက်နုရာသို့ ပြေးလာသည့် လက်ဖဝါး ခြေဖဝါးသမားများ။ သူတို့သား အောင်ဘာလေ မှာလည်း ပျိုးသော်မှ အဖြစ်ရှိအောင် နုတ်တတ်သူ မဟုတ်။ ကောက်ရိတ်ခိုင်းဦးမည်လား၊ လုပ်တတ်ရုံမျှသာ။ မည်သို့ဖြစ်စေ ဝမ်းဝရေး အတွက်ပင် ဖျစ်ညှစ်ရုန်းကန် နေရသော သည်မိသားစုသည် အောင်ဘာလေ မိန်းမခိုးပြေးပြီ ကြားသော အခါ ရီးဆေးရိုးတို့အား လာရောက် ရှိခိုးတောင်းပန်ခဲ့သည်။

ရီးကျီးဒန်က ဆဲရေးရှုတ်ချသည်။ ဤသည်ကို ရီးဆေးရိုး ဟန့်တားရသည်။ လူကြီးအရာသို့ ရောက်လာသဖြင့် လူကြီးစိတ် မွေးရပြီ။ မြောက်ခွင်သားက တောင်အရပ်သူကို ကြိုက်ခြင်းသည် အပြစ်လော။ ယောက်ျားနှင့် မိန်းမပေပဲ။ မဖြစ်စေချင်လျှင် ကိုယ့်တာကို လုံအောင်ထိန်း။ သို့ကြောင့် ရီးဆေးရိုး ခွင့်လွှတ်သည်။ အားမငယ်ရန် ဖျောင်းဖျရသည်။ အောင်ဘာလေ့မိဘများက ရီးဆေးရိုးအား ရှိခိုးခြင်း၏ နောက်တစ်ကြောင်းမှာ သူတို့သည် မင်္ဂလာကိစ္စအတွက် မည်သို့မျှ ဆောင်ရွက် မပေးနိုင်။ လေးငါးထောင် မဆိုထား ဘိ၊ လေးငါးဆယ်သော်မျှ မတတ်နိုင်ကြသောကြောင့် ဖြစ်သည်။ ယောက်ျားလေးဘက်က အကုန်အကျ မခံနိုင်လျှင် ရီးဆေးရိုးနှင့် သမီးမိသားစု၊ သားမိသားစုက တာဝန်ယူနိုင်ပါမည်လား။ တစ်ဦးတည်းလည်း မတတ်နိုင်။ နှစ်ဦးပေါင်းလည်း မတတ်နိုင်ပါ။ စပါး တစ်တင်း နှစ်ရာကျပ် ဆိုသောစကားမှာ သူတို့ ကဲ့သို့သော လင်းဇင်းသောက် လယ်သမားများအဖို့ ‘ဝက်သားတုံးကြီး ဒူးခေါင်းလောက်၊ သူများပြောတာ ကြားဖူးပါရဲ့’ အဆင့်တွင်သာ ရှိသည်။

ထိုအခါ ကန်တော့ခံ အသိအမှတ်ပြု မင်္ဂလာပွဲကိုပင် သမီးရှင်များကပင် အကုန်အကျ ခံခဲ့ရသည်။ ငှက်ပျောအုန်းတစ်ပွဲဖြင့် ကန်တော့ခံသည်။ ရွာသူ ရွာသားများကို ဖိတ်ကြားကာ လက်ဖက်ရည်အချို တစ်ခွက်၊ အန်စာမုန့် တစ်တုံးဖြင့် ဧည့်ခံသည်။ အသိအမှတ်ပြုရန် ပန်ကြားသည့် သဘောပေပါ့။ မင်္ဂလာဆောင်နှင့် လုံးဝ မတူညီငြား ကိုထွန်းရ၊ မချောစိန်တို့ ငါးရာခန့် ထိ၏။

ထိုသို့ မဆင်မခြင် လင်နောက် လိုက်ပြေးမှားသော မိမိထွေးအား မအေကလည်း မရှုတ်ချ၊ ဘွားအေကလည်း မပုတ်ခတ်။ ကိုယ့်ဝမ်းကိုယ်ကျောင်းကြပေရော့ ဥပေက္ခာ ပြုခဲ့ကြသည်။ ထိုအခါဝယ် ထမင်းတစ်လုတ် မည်မျှ ခက်ကြောင်း မိမိထွေး သိပြီ။ အဝတ်အထည် ဟူ၍ တွတ်တာမျှ ဝယ်ခန်းမ ရောက်သောအခါ ပို၍ပို၍ သိပြီ။ သို့သော် ဤမျှဖြင့်ကား မိမိထွေးသည် ငတက်ပြားမဘွဲ့ကို မစွန့်လွှတ်။ ဆင်းရဲသော်လည်း ထောင်ထောင်စွာစွာ လုပ်နေခဲ့သည်။ သူ့အစ်မ မေကြည်၏ ခမ်းနားသော မင်္ဂလာဆောင် အပြီးတွင်ကား မိမိထွေး ပုံပြောင်းသွားပြီ။ တစ်စုံတစ်ရာ စဉ်းစား တွေးတော ငေးမောငူငိုင်ခဲ့သည်။ သူ့အစ်မ အိမ်ထောင်ရှင်သစ်၏ စားဟယ် ဝတ်ဟယ်ဘဝနှင့် ကြည်နူးဖွယ် ဘုရားသွား ကျောင်းတက်ဘဝက သူ့ကို ပြက်ရယ်ပြုနေပြီ မဟုတ်လား။

သို့အတွက် တစ်လခန့် အကြာတွင် အောင်ဘာလေ လာရောက် တိုင်တောသည်။ “မြောက်ခွင်ကို ပြောင်းချင်တယ်ချည်း နားပူနားဆာ လုပ်နေတယ် အဘတို့ရေ” ဟူ၍။ ထိုသို့ တိုင်တန်းသူ ရှိလာသဖြင့် မိဘက ဟန့်တားသည်။ ဘိုးဘွားက ဆုံးမသည်။ မည်သို့ဖြစ်စေ မိမိထွေး၏ ရင်ထဲက ဝေဒနာကို မည်သူ ချေဖျက်ပေးပါသနည်း။ မပေးနိုင်ကြသောအခါ ခြောက်လခန့်အကြာ နံနက်စောကာလတစ်ခုတွင် မိမိထွေးသည် အောင်ဘာလေကို ဓားမိုးလျက် မြောက်ခွင် ဒေသ ‘ကျောက်ပြုတ်ကုန်း’ ရွာသို့ ပြောင်းရွှေ့သွားခဲ့လေတော့သတည်း။

••••• ••••• •••••

၃

ဪ… မြေးမိုက်မကလေး ကျန်းကျန်းမာမာမှ ရှိရဲ့လား။ ဪ... ထမင်းကြမ်းစားတာတောင် ဆီကို လက်ကြားယိုအောင် ဆမ်းစားတဲ့ အမိုက်မ၊ ဆန်ကွဲ ထမင်းမှ နပ်မှန်ပါရဲ့လား။ တစ်နှစ်ကျော်ကာလသည် ရီးဆေးရိုးအား အလွမ်းတောသို့ မောင်းပို့၏။ ရီးကျီးဒန်အား ကြောင့်ကြညွန်တွင် နှစ်၏။

ရှေ့ဆုံးလှည်း ဖြစ်ငြား နောက်လှည်းများမှ ဖုန်လုံးများသည် လေနှင်တိုင်း ပြေးလာ၏။ အသက် ၇ဝ ကျော်ပါလျက် မျက်ခုံးမွေး မဖြူငြား မြေးထံ သွားသည့် ခရီးတွင်မှ အဘိုးကြီးအိုနှင့် အမယ်ကြီးအိုတို့မှာ မျက်တောင် မျက်ခုံး ဖြူရလေ၏။

ကျောက်ပြုတ်ကုန်းရွာနှင့် နီးကပ်လေလေ ဝန်းကျင် မြင်ကွင်းသည် ရွာ၏ သရုပ်သကန်ကို ပြလေလေဖြစ်သည်။ မလှမ်းမကမ်းတွင် နိမ့်မြင့်တန်းနေသော တောင်ကုန်းများသည် တစ်ခုကို တစ်ခု ကျောပိုး နေကြ၏။ တောင်ကုန်းများသည် နီတချို့၊ မည်းတချို့သာဖြစ်သည်။ အပင်ဟူ၍ မြက်ပင်သော်မျှ ပေါက်ဟန် မတူ။

ရီးကျီးဒန်သည် ငေးမောလိုက်ပါလာရာက “ဘယ် အရပ်များ သွားပြီး ထင်းခွေကြမလဲ မသိဘူးနော်” ညည်းတွားသည်။

ဦးဘဖန်သည် တောင်တလင်းကုန်းတန်းကို မျှော်ကြည့်၏။

“ယာခရိုးမှာ ပေါက်တဲ့ အပင်ခြောက်ကလေးတွေ၊ ငရုတ်ရိုး၊ နှမ်းရိုးတို့ပေါ့ ကျောင်းအစ်မရယ်။ အင်း... ဟိုက မြင်ရတဲ့ ပျားစွဲတောင်၊ စမ်းကြီးတောင်တို့၊ မင်းလှတောင်တို့ ဆိုတာ ကျုပ်တို့ ငယ်ငယ်တုန်းကတော့ ဆင်နေ ကျားအောင်း ဝါးတော သစ်တောကြီး တွေပဲ။ အခုမှ”

တောင်ပူစာကလေးများမူ ယာများ၏ အစပ်တွင် ဟိုတစ်လုံး သည်တစ်လုံး တည်၏။ တောင်ပူစာဟု ခေါ်ရငြား သစ်ပင်မဖုံး မြက် မလွှမ်း၊ ရွှံ့တုံးအခြောက်၊ ရွှံ့တုံးအခဲကြီးနှင့်သာ တူတော့၏။

ယာခရိုး ရှားစောင်းမြင်းနားပင်ပေါ်မှ ချိုးကူသံ ပေါ်လာသည်။ ထူးထူးခြားခြား သည်ချိုးကူသံကျမှ ရီးဆေးရိုး နားထဲမှာ သာယာနေ၏။ ငှက်နားစရာ သစ်ပင်သော်မျှ မရှိသော အရပ်တွင် ငှက်မြည်သံကို မည်သို့လျှင် ကြားရမည်နည်း။ ရှားပါးကင်းပြတ် နေချိန်တွင် ကြားရသည့်အတွက် ဖြစ်ပေလိမ့်မည်။ ကျောက်ပြုတ်ကုန်းရွာသည် ရမ်းဘိုကုန်းထက် ကြီး၏။ အဝေးမှ မြင်စဉ်က ဆူးပုံကြီးဟု ရွာစည်းရိုးကို ကြည့်ကာ ထင်ခဲ့ရငြား အိမ်ဝိုင်းများသည် ကျယ်ဝန်း၏။ အိမ်ပု တဲပုတ်များ အိမ်ဝပ် တဲငယ်များကြားတွင် ထီးထီးမားမား အိမ်များကိုလည်း တစ်လုံးစ နှစ်လုံးစ မြင်ရ၏။ ဝင်းမှည့်နေသော စောင်ချမ်းသီးမှည့်များကို မြင်ရသောအခါ နှမြောစိတ်ဖြင့် ရီးကျီးဒန် စုတ်သပ်သည်။

“တယ်လည်း ဖျင်းတဲ့ရွာပဲ”

ရီးဆေးရိုး လွှတ်ခနဲ ပြောမိမည် ဖြစ်ပြီးမှ ရွာခံ ဦးဘဖန် ပါနေပါကလား သိရသဖြင့် အရှိန်သတ်ရ၏။ အရှိန်သတ်ရငြား ရင်ထဲမှာ မကျေနပ်။ တစ်ရွာလုံးတွင် သစ်ပင်ဟူ၍ စောင်ချမ်းပင် ငါးပင်သာ ရှိသည်။ စည်းရိုး ရှိသောကြောင့် ရွာဟု ခေါ်ရငြား လွင်တီး ခေါင်ခေါင်တွင် တည်ထားသော အိမ်များဟုသာ ရီးဆေးရိုး ပြောချင်တော့၏။ မည်သည့် အိမ်ဝိုင်း ထဲကိုပဲ ကြည့်ကြည့် သစ်ပင် မရှိ။ သစ်ပင် မဖြစ်အောင် ရွာမြေက ညံ့သလော၊ လူတွေကပင် သစ်ပင်ကို မချစ် တတ်၍လော။ ရီးဆေးရိုးက မြုံထားနိုင်ငြား ရီးကျီးဒန်က လွှတ်ခနဲပြော၏။

“ကုက္ကိုပင်ပဲ စိုက်ဦးတော့ အရိပ်လည်းရ၊ ထင်းလည်းရ၊ အခုတော့ ကုန်းခေါင်ခေါင်ကြီး ဖြစ်နေပါကလား”

••••• ••••• •••••

၄

ကြက်မတစ်ကောင် အထိတ်တလန့် ‘ကတော်’ သံနှင့် တူသော လှည်းဘီးသံသည် တိခနဲ ရပ်၏။ မိမိထွေး သည် နဗတ် (နှမ်းဖတ်) ထမင်းချက်ရန် ပြင်ဆင်နေရာမှ လှမ်းကြည့်သည်။ ဝမ်းသာစိတ်က ငယ်ထိပ်သို့ ပြေးတက်၏။ လက်ထဲက ကလေး လွတ်ကျမည်ကိုပင် စိုးရိမ်ရန် သတိမရ။ အတင်းပြေး၏။

“ဘ၊ အမေကြီး”

လှည်းနောက်မြီးတွင် ခြေတွဲလွဲချကာ ဆင်းရန် ပြင်နေသော အဘိုးကြီးအိုနှင့် အမယ်ကြီးအိုကို ပြေးဖက်၏။

ဝမ်းသာအားရ အော်ဟစ် ပြေးလွှားလာသော မီးသွေးခဲမှာ ငါ့မြေး အငယ်ပါကလားဟု သိသောခဏ၌ ရီးကျီးဒန်မှာ ရင်မှာ ဆို့၏။

အိမ်အနေအထား၊ အိမ်ရှေ့ရှိ အိုးအင်များကို တစ်ချက်လှမ်းကြည့်ကာမျှဖြင့် မပြည့်စုံမှု ကမ်းကုန်ကြောင်း သတိပြုမိ၏။ မျက်ရည်ဝိုင်းတော့မည်ရှိဆဲတွင် ဆံပင်လိမ်တွန့်နှင့် သီးသီးရွယ် မျက်နှာနီစပ် ကလေးသည် ရင်ခွင်ထဲသို့ ရောက်လာ၏။

‘ဪ… ငါ့မြေးက မွေးတဲ့ ငါ့မြစ်’ မုဒိတာ လေပြည်သည် ရင်တွင်းမှ လှုပ်၏။ ကရုဏာသံ ရွက်ညောင်းတို့ တဖြုတ်ဖြုတ် ကြွေ၏။ သံယောဇဉ် ပုရစ်ဖူးတို့ တဒင်္ဂအတွင်း ဝေလာရာ ရီးကျီးဒန် လှမ်းယူ၏။

“တယ်အအိပ်ကြီးပါလား၊ ဘယ်နှလလဲဟဲ့”

“သုံးလ အမေကြီး”

ရီးကျီးဒန်မှာ ကလေး မနိုးစေရန် ခြေလှမ်းစိပ်စိပ် လျှောက်ရပြီ။ သူ အိမ်ဝိုင်းထဲ ဝင်စဉ်မှာပင် မိမိထွေးက အိမ်ဝိုင်းထဲမှ အိမ်ဝိုင်းပြင်သို့ တစ်ခေါက် ပြေးထွက် သွားပြန်ပြီ။ ဆန်ကလေးအစ၊ အင်္ကျီ၊ လုံချည်၊ ဒန်အိုး၊ ဇွန်း၊ ပန်းကန်၊ ငါးပိ၊ ငါးခြောက် စသည်ဖြင့် တို့တိတို့တိ ထည့်လာသမျှမှာ သုံးခေါက်သယ်မှ ကုန်၏။ လှည်းပေါ်မှ ပစ္စည်းများ ချ၍ မကုန်သေးမီတွင် ရီးဆေးရိုးက ဖိုခုံလောက် သုံးလုံးဘေးရှိ အိုးကို လှန်ကြည့်၏။ ထင်သည့် အတိုင်းပင် ထမင်းစေ့တွေ ထပ်မနေပါ။ နှုတ်ခမ်းအတွင်းသားကို လက်ညှိုးဖြင့် ပွတ်ကော်သည်။ ညိုညိုအမှုန့်စများ။

“ဘာတွေ တွေ့ လဲတော်”

ရီးကျီးဒန် လှမ်းမေးသည်ကို ရီးဆေးရိုး မဖြေသေး။ သေချာစေရန် နမ်းရှူကြည့်ပြီးမှ “နဗတ် (နှမ်းဖတ်) ထမင်းဟ” ဖြေရင်း ကွပ်ပျစ်ပေါ် လာထိုင်၏။

“အဲဒါကြောင့် မပြောင်းနဲ့ ကျုပ်ပြောတာပေါ့တော်၊ အခုတော့”

“ဟယ် အသာနေစမ်း၊ သူ့ခမျာ တို့ရောက်လို့ ဝမ်းသာနေတာ။ သွားပြောလိုက်ရင် စိတ်ဆင်းရဲနေလိမ့်မယ်”

မီးသွေးတုံးသည် ရီးဆေးရိုး ပြောသည့်အတိုင်း အမှန်ပင် ရွှင်လန်းတက်ကြွနေ၏။ နဖူးမှ ချွေးကိုပင် မသုတ်နိုင်အား။ ကွပ်ပျစ်ဘေးတွင် စီရီနေသည့် တောင်းတွေကို နှိုက်၏။

“အမယ်လေး ပဲလှော်ကြော် မမြင်ဖူးတာ ကြာပြီ” ဆိုကာ ကောက်ဝါး၏။

“မုန့်သြဇာ စားချင်နေတာ အတော်ပဲ အမေကြီးရေ” ပြောပြောဆိုဆို ဖဲ့စား၏။

ထို့နောက် ဖျင်အိတ်။

“ဆန်တွေပါကလား၊ ကျုပ်တို့က နဗတ် (နှမ်းဖတ်) ထမင်းကို စားနေတာ အမေကြီးရဲ့။ အမေကြီးတို့ စားနိုင်မှာ မဟုတ်ဘူး။ အမေကြီးတို့ပါတဲ့ ဆန်နဲ့ အမေကြီးတို့ကို ချက်ကျွေးရတော့မှာပဲ”

နဗတ်ထမင်းမှာ နှမ်းဖတ်ခဲကို အရည်ဖျော်၊ သန့်စင်၊ ရေစစ်ပြီးမှ ပေါင်း၍ စားရသော ထမင်းဖြစ်သည်။

“ညည်းတို့ဖို့ သယ်လာတာပါအေ။ ညည်းတို့ အတွက်ပါ တစ်ခါတည်း ထည့်ချက်”

“ပါးစပ် အကျင့်ပါသွားပါ့မယ် အမေကြီးရာ၊ မလုပ်ပါနဲ့။ နဗတ်ထမင်းကလည်း အကျင့် မရခင်သာ သက်သလိုလို ဖွယ်သလိုလိုမို့ ပီလောဟင်းနဲ့ မျှောချရပေမယ့် အခုတော့ အကျင့်ရနေပြီ။ ကောင်းတယ် အမေကြီးရ”

နှမ်းဖတ်ခဲကို ဆန်လုပ်ပြီး ချက်စားနေရသည့်အတွက် မိမိထွေးမှာ တစ်စုံတစ်ရာ သိမ်ငယ်ရွံ့စိုးဟန် စိုးစဉ်း မပြ၊ ဖျတ်လတ်သွက်လက်စွာဖြင့် ထမင်းချက်ရန် ပြင်ဆင်လေသည်။ ရီးကျီးဒန်မှာကား ကလေးကို ငုံ့ကြည့်နေလျက်က မျက်ရည်ဝဲ၏။ နှုတ်ခမ်းဖျားတွေ တဆတ်ဆတ် တုန်၏။ ငိုသံ မပါစေရန် ခြံစည်းရိုးဘက် လှမ်းကြည့်၏။

ဝမ်းသား ခွာထားသော ထန်းပလပ်များ။ သည် ထန်းပလပ်ကို ကတ်ရက်ပြီး ကာရံထားသော ခြံစည်းရိုး။ စည်းရိုး၏ အတွင်းဘက်၌ ဖွေးဖွေးနီနီအသီး အပွင့်ဖြင့် ဆင်ယင်ထားသည့် ငရုတ်ခင်းကလေး။ အဖူးနီများ၊ အသီးနီများ၊ အက်ကြွေစချဉ်ပေါင်ပင်များ။ တစ်စုံတစ်ရာ ပြောမည့် စိတ်ကူးကို ရီးကျီးဒန် မေ့လျော့သည်။ အမြင်အာရုံက ရာဟုထောင့်သို့ ဆွဲခေါ်၏။ မြေပေါ်မှာ လိမ့်နေသာ အသီးများနှင့် ရွှေဖရုံခင်း၊ လူတစ်ရပ်သာ ကုက္ကိုပင်များတွင်မူ ပဲပုစွန်ပင်က နွယ်တက်နေ၏။ ပဲပုစွန်ရိပ်ခိုလျက်မူ သင်္ဘောပင် လေးငါးခြောက်ပင်။

“ဟဲ့ မိန်းကလေး အငယ်၊ မန်ကျည်းပင် မစိုက်ဘူးလား”

“နောက်ဖေးဘက်မှာ ကုက္ကိုပင်ရိပ် ခိုပြီး မန်ကျည်းရော သရက်ရော စိုက်ထားတယ် ဘ၊ တစ်ထွာသာသာ ရှိသွားပြီ ဘရဲ့။ ဆန်ဆေးရေ၊ အိုးဆေးရေ လောက်နဲ့ပဲ ရှင်လောက်ပြီလေ”

ကုန်းခေါင်ခေါင် နေပူကျဲကျဲတွင် သစ်ပင် စိုက်ရမှန်းသိသော မြေးအား ရီးဆေးရိုး ကျေနပ်သည်။ ခေါင်းတညိတ်ညိတ်ဖြင့် ကောင်းတယ် ကောင်းတယ်လည်း ဆိုသေး၏။ ယနေ့ ပူပြင်းလွင့်ဟာသော အိမ်ဝိုင်းသည် မြစ်ကလေး အရွယ်ရောက်လာချိန်၌ ငှက်သံ တစီစီဖြင့် ရိပ်ဝေမြိုင်ဆိုင်လာတော့မည် မဟုတ်လား။ သို့စဉ်တွင် “ဩော် မေ့နေလိုက်တာ” ဆိုကာ မိမိထွေးသည် အိမ်ထဲ ပြေးဝင်၏။ ချက်ချင်းပင် ဘ ရှေ့သို့ ရောက်လာပြီး ဒူးတုပ်ထိုင်၏။ မိမိထွေး လက်နှစ်ဖက်တွင် မြေပန်းကန်ပြားထက်မှ ရေပြည့် နှီးဖလားကလေး။

“ဘ... အမောပြေ ရေအေးအေးလေး”

“သာဓုကွယ် သာဓု… ငါ့မြေးလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ထကြွလုံ့လနဲ့ ပြည့်စုံပါစေဗျား”

လူကြီးရှေ့တွင် ကုန်းကွသွားရန် မသိ၊ လက်နှစ်ဖက်ဖြင့် ပေးရန် ယူရန် ဝါသနာ မပါခဲ့သော မြေးမ၏ ပြောင်းလဲတုပ်ကွနေပုံ။ သူ့လက်ထဲက သောက်ရေထက် ရီးဆေးရိုး အေးမြလန်းဆန်းအောင် ပြုဆောင်နေပေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ငါ သေသွားသော်


❝ ငါ သေသွားသော် ❞
          ▢  မေဇူး

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကျုပ်ဖြင့် တစ်ရက်တည်းနဲ့တင် လူတွေအကြောင်း အတော် သိလိုက်ရတယ်။ သွားလေသူက ကျုပ်ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက် ငယ်ပေါင်းတစ်ယောက်။ နောက်ပြီး သီဟက သိပ်ကို အေးဆေးတဲ့သူ။ အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ်တောင် မသောက်တတ်တဲ့သူ။ ဒါပေမယ့် ဒီလို လူစားမျိုးအတွက် မရဏပြည်ကို ဝင်ဖို့ ဝင်ခွင့်ကျလာတဲ့ ပါမစ်လက်မှတ်ကတော့ အသည်းကင်ဆာတဲ့။ ဘယ်လောက်များ မတရားလိုက်ပါသလဲ။ ကျုပ်တို့ အပေါင်းအသင်းတွေထဲမှာ အရက်နဲ့ မျက်နှာသစ်ပြီး အရက်နဲ့ အိပ်ရာဝင်နေတဲ့ သူတွေ အများကြီး။ ဒီလို လူစားမျိုးတွေကြတော့ အသည်းကင်ဆာ မပြောနဲ့။ အသည်းရောင် အသားဝါတောင် မဖြစ်ကြဘူး။

လောကကြီးက မမျှမတ ရယ်ချင်စရာလည်း ကောင်းပါရဲ့။ သီဟ အသက်က ခုမှ ၃၉ နှစ်ပဲ ရှိသေးတယ်။ သူ့ရောဂါကို ကင်ဆာလို့ သိရချိန်မှာ ကျန်ရစ်ခဲ့ရှာမယ့် လူလား မမြောက်သေးတဲ့ သမီးလေး (၃) ယောက်နဲ့ သူ့ဇနီးကို စိတ်မချတာက လွဲလို့ သူ့ရဲ့နောက်ဆုံး နေ့ရက်တွေကို သွေးအေးအေးနဲ့ အပြုံးမပျက် ရင်ဆိုင်ဖြတ်ကျော်ခဲ့သူ။ သူ ဖြစ်ချင်တာ တစ်ခုတည်း။ သူ သေရင် သူ့အသုဘကို စည်စည်ကားကားလေး ဖြစ်စေချင်တယ်တဲ့။

သီဟ မဆုံးခင်မှာ သူငယ်ချင်းတွေကို တွေ့သွားချင်တယ် ဆိုတာကြောင့် သီဟနဲ့ရော ကျုပ်နဲ့ပါ ခင်တဲ့ သူငယ်ချင်းတွေကို အကြောင်းကြားပေးခဲ့တယ်။ ကျုပ်ရော သီဟပါ ပရဟိတ အလုပ်တွေကို အချိန်အတော်ကြာ တွဲလုပ်ခဲ့ကြတာဆိုတော့ သူ မဆုံးခင်မှာ ညနေပိုင်း သူ့အနားမှာ နေပေးရင်း အရင်က အတူ လုပ်ခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုလေးတွေ ပြန်ပြောပြရင်း သူ့နာကျင်ချိန်တွေကို မေ့လျော့နိုင်အောင်၊ နောက်ဆုံးအချိန်မှာ သူ ကုသိုလ်ပြုလုပ်ခဲ့တာလေးတွေ စိတ်ထဲမှာ အာရုံပြုသွားနိုင်အောင် ကျုပ်တို့ ကြိုးစားခဲ့တယ်။

စိတ်ကောင်းစေတနာကောင်းတွေရဲ့ အကျိုးဆက်လို့ပဲ ပြောရမယ် ထင်ပါရဲ့။ သူ့ကိုယ်ထဲက အဆုတ်တို့ အသည်းတို့ ပျက်စီးနေပြီ။ နောက်ဆုံးအချိန်အတွက် ကြိုတင်ပြင်ဆင်ထားပါလို့ ဆရာဝန်တွေက လက်လျှော့တော့မယ့် စကားပြောတဲ့ အချိန်ထိ သူဟာ တခြား ကင်ဆာရောဂါသည်တွေလောက် လူးလိမ့်နေအောင် အော်ဟစ်မခံစားခဲ့ရဘူး။ သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို ညင်သာစွာနဲ့ပဲ အဆုံးသတ် ထွက်ခွာသွားခဲ့ပါတယ်။

ပြဿနာက သူ ကွယ်လွန်ချိန်မှ စတယ် ဆိုရမှာပါပဲ။ တကယ်တော့ သီဟတို့ မိသားစုဟာ စီးပွားရေး သိပ်မပြေလည်ကြရှာဘူး။ ရရစားစား မရှိမရှားထဲကပဲ။ ကျန်းမာရေး မကောင်းလို့ သူ ဆေးရုံ တက်ရချိန်မှာတော့ ပြေလည်တဲ့ သီဟ မောင်နှမတွေက ဆေးရုံစရိတ်တွေကို အကုန်အကျခံပေးခဲ့တယ်။ သူ မဆုံးခင် (၃) ပတ်လောက် အထူးကု ဆေးရုံကြီးတစ်ခုမှာ တက်ရောက် ကုသခဲ့ရတယ် ဆိုတော့ သူသေဆုံးချိန်မှာ ဆေးရုံ ကုသစရိတ်က (၁၅) သိန်း၊ သိန်း (၂၀) နီးပါးလောက် ဖြစ်နေပြီ။ ဒါပေမယ့် ဒီလောက်ပမာဏ သီဟတို့ အတွက် ခဲယဉ်းပေမယ့် သူ့မောင်နှမတွေ အတွက်တော့ ပြောပလောက်အောင် မခဲယဉ်းပါဘူး။

မိုးဦးကာလရဲ့ မနက်ခင်းလေး တစ်ခုမှာ သူ လောကကြီးကို ကျောခိုင်း ထွက်ခွာသွားခဲ့ပြီ။ သူ ဆုံးပြီ ဆိုပြီး သူတို့ လှမ်း ဖုန်းဆက်ချိန်ကတည်းက ကျုပ်က သီဟရဲ့ အမျိုးသမီးနဲ့ အတူ ရှိနေခဲ့တာ။ ဆုံးပြီ ဆိုတာနဲ့ သူ့အလောင်းကို ဆေးရုံရဲ့ ရေခဲတိုက်ထဲ ထည့်၊ ကုန်ကျစရိတ် အကုန် ရှင်းပေးပြီး ကျုပ်တို့တွေ အိမ်ပြန်လာကြတော့ မနက် (၇) နာရီခွဲရုံပဲ ရှိသေးတာ။

အိမ်ရောက်တော့ ဘယ်နှရက် ထားမလဲ ဆိုတာ သူတို့မိသားစုတွေ တိုင်ပင်ကြပါတယ်။ သူ့အိမ်က ဒီနေ့ပဲ သင်္ဂြိုဟ်မယ်။ သေမယ်မှန်း ကြိုသိထားပြီးသား ရောဂါပဲဟာ။ မထူးပါဘူးတဲ့။ ဒီစကားကို စကြားရထဲက ကျုပ် ရင်ထဲကို ဘာမှန်း မသိတဲ့ အစိုင်အခဲ တစ်ခု စတင် ဝင်ရောက်လာခဲ့တာ။

သီဟဇနီးကို ကြည့်လိုက်တော့လည်း ပူဆွေးနေတဲ့ ကြားကနေ မျက်လုံးအဝိုင်းသားနဲ့ ငေးကြည့်နေတယ်။ မတတ်နိုင်ဘူးလေ။ သူတို့က အသုဘရှင်တွေပဲ။ သူတို့ စီစဉ်တဲ့ အတိုင်းပေါ့။ ခုမှ မနက် (၈) နာရီပဲ ရှိသေးတာမို့ နေ့ချင်းချဖို့ စီစဉ်မယ် ဆိုရင်တောင် အချိန်တွေ အများကြီး ရပါသေးတယ်။ ချက်ချင်း ချမယ်ဆိုတာ သေချာသွားတော့ ရပ်ကွက် (ရ.ဝ.က) ရုံးမှာ သေစာရင်း Dead Certificate သွားလုပ်ရပါတယ်။ ဒီစာရွက် ရတော့မှ ဆေးရုံမှာ အလောင်း Dead Body သွားထုတ်ရမှာပါ။ အလောင်းကို ဆေးရုံကနေ ရေဝေးကို သယ်ဖို့ နာရေးကူညီမှုအသင်းနဲ့ လှမ်းချိတ်ပြီးပြီ။ (၁) နာရီထိုးရင် သူတို့ နာရေးကူညီမှုကားနဲ့ အလောင်းသယ်လာမှာလေ။

နာရေးမှာ သုံးဖို့ဆိုပြီး ဓာတ်ပုံ လိုက်ရှာတော့ သူ့အိမ်မှာ သီဟ ငယ်ငယ်က ပုံလေးတွေပဲ ရှိတယ်။ ခုနောက်ပိုင်း ရိုက်ထားတဲ့ သီဟ ဓာတ်ပုံတွေက ကျုပ်ဆီမှာ ရှိနေတာမို့ အသုဘချချိန်မှာ သုံးဖို့ ဓာတ်ပုံအကြီး ထုတ်ဖို့ ကျုပ် မြို့ထဲကို ပြန်လာခဲ့တယ်။ မနက် ဆယ်နာရီမှာတော့ အိမ်မှာ ဘုန်းကြီးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ဖို့ သူ့မိသားစုတွေ စီစဉ် လုပ်ကိုင်နေကြတယ်။

နောက်ပြီး သီဟ ဆုံးတယ် ဆိုတာ သိသိချင်းမှာ Facebook မှာ Status တင်ပြီး ပြောထားတာမို့ သူငယ်ချင်း အတော်များများလည်း သိကုန်ကြပြီး ဘယ်နေ့ သဂြိုဟ်မှာလည်း လှမ်းမေးကြတယ်။ နေ့ချင်း သဂြိုဟ်မယ် ဆိုတဲ့ အကြောင်းကိုလည်း ပို့စ် ထပ်တင်ပြီး အသိပေးလိုက်တယ်။ အသုဘကားတွေ နေအိမ်ကနေ နေ့လယ် (၂ ) နာရီမှာ စတင်ထွက်ခွာပြီး ရေဝေးသုသာန်မှာ နေ့လယ် (၃) နာရီမှာ မီးသဂြိုဟ်မယ်ပေါ့။ (စကားမစပ် Facebook က အဲလိုဆိုတော့လည်း အဆင်ပြေသား။ အချိန်တိုတို အတွင်းမှာ အတော်များများကို အသိပေးပြီးသား ဖြစ်သွားတယ်) တချို့ အွန်လိုင်းနဲ့ မနီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ဖုန်းဆက် အကြောင်းကြားပေးကြတယ်။

နောက်ပြီး သူ့အတွက် ဝိုင်းဝန်း ရေးသားထားကြတဲ့ ၀မ်းနည်းကြေကွဲခြင်း စာစုတွေကို စုပြီး လက်ကမ်းစာစောင် လုပ်ဖို့ အပြေးအလွှား သွားစီစဉ်ကြတယ်။ နေ့လယ် (၁) နာရီလောက်မှာ နာရေးမှာ ဝေမယ့် လက်ကမ်းစာစောင်တွေရယ်၊ သီဟရဲ့ ဓာတ်ပုံရယ်။ အသုဘကားမှာ ကပ်မယ့် စာတွေရယ် သယ်ဆောင်ပြီး ကျုပ်တို့ ပြန်ရောက်လာတယ်။ ကျောင်းတုန်းက အခြား သူငယ်ချင်း တချို့လည်း အိမ်ကို ရောက်နေကြပြီ။ ဆွေမျိုးနီးစပ် မိသားစုဝင် အချို့က သူ့ရဲ့ Dead Body ကိုလည်း သွားထုတ်နေကြပြီ။ အသုဘပို့လာတဲ့ သူငယ်ချင်းတွေနဲ့ သွားလေသူရဲ့ နောက်ဆုံး နေ့ရက်တွေအကြောင်း၊ သူနဲ့ ပတ်သက်ပြီး အမှတ်ရစရာ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်ပြောနေဖြစ်တယ်။ သူက ခပ်အေးအေးနဲ့ ဘယ်သူ့ကို မဆို ကူညီတတ်သူ ဖြစ်တာကြောင့် လူချစ်လူခင် ပေါတယ်လေ။

သူ လုပ်ကိုင် ကူညီနေတဲ့ ပရဟိတအဖွဲ့တွေက မိတ်ဆွေတွေလည်း ရောက်လာကြတယ်။ (၁) နာရီခွဲလောက်လည်း ရောက်ရော ကိုယ့်အချင်းချင်း စကားပြော နေတာကို ရပ်ပြီး သူတို့ရဲ့ အစီအစဉ်ကို မေးမယ် ဆိုပြီး သူ့အစ်ကိုနဲ့ ကျုပ် စကားသွားပြောဖြစ်တယ်။ ပြဿနာက အဲဒီက စတော့တာပဲဗျို့။

“ခန်းမ ငှားထားပြီးပြီလား အစ်ကို”

“မငှားတော့ဘူးလေ၊ ချက်ချင်း တန်းချမှာပဲ၊ မလိုပါဘူး”

“မဟုတ်ဘူးလေ အစ်ကို၊ ချက်ချင်းချတာတော့ မှန်တာပေါ့၊ ဒါပေမယ့် ဆေးရုံက သယ်လာတဲ့ အလောင်းကို ပြန်ပြီး ပြင်ဆင်ရဦးမယ်။ သရဏဂုံ တင်ရဦးမယ်။ အသုဘလာပို့တဲ့ ပရိသတ် အသုဘရှုရင်း ထိုင်ဖို့ခုံတွေ လိုတယ်။ အနည်းဆုံးတော့ ဘုန်းကြီးပင့်ပြီး သရဏဂုံ တင်ဖို့ အခန်းတော့ မဖြစ်မနေ လိုလိမ့်မယ်”

“မလိုလောက်ပါဘူး။ မနက်တုန်းက သက်ပျောက်ဆွမ်း ကျွေးရင်း တစ်ခါတည်း သရဏဂုံ တင်ပြီးသား။ သင်္ချိုင်းမှာ ဘာမှ ထပ်လုပ်စရာ မလိုတော့ဘူး”

“မဟုတ်ဘူးနော် အစ်ကို၊ မနက်က ဘုန်းကြီး ပင့်တာက သက်ပျောက်ဆွမ်းသွတ်တာလေ။ သရဏဂုံ တင်တာ မဟုတ်သေးဘူး။ နောက်ပြီး များသောအားဖြင့် သရဏဂုံကို သင်္ချိုင်းကျမှ တင်ကြတာပဲ။ ဒီအတွက် ဘုန်းကြီးတစ်ခါတည်း ပင့်သွားရမယ်။ သရဏဂုံတင်ဖို့ လုပ်ရမယ်။ ဒီအတွက် အခန်းတော့ မဖြစ်မနေ ငှားမှဖြစ်မယ်။ နောက်ပြီး လာကြမယ့် သူ့သူငယ်ချင်း အသိုင်းအဝိုင်းတွေ အစ်ကိုတို့ မိတ်ဆွေတွေလည်း ရှိဦးမှာလေ”

သီဟအစ်ကိုနဲ့ ကျုပ် စကားပြောနေရင်းနဲ့ သီဟမိန်းမ မျက်နှာကို လှမ်းကြည့်လိုက်တော့လည်း ဘာတွေ စီစဉ်ထားမှန်း သိပုံ မရဘူး။ သူ့ခမျာမလည်း ယောက်ျားတစ်ယောက်လုံး ဆုံးရှုံးရတဲ့ အပူမီးနဲ့တင် လောင်မြိုက်နေတာ။ ကျန်တာတွေ ဘယ်ခေါင်းထဲ ထည့်ထားနိုင်ပါ့မလဲ။

သီဟအစ်ကိုကတော့ ကျုပ်ကို ပြောချင်တာ စွတ်ပြောနေတာပဲ ဆိုတဲ့ ရုပ်နဲ့ ဘုကြည့် ကြည့်တယ်။ ကျုပ်လည်း ဆက်မပြောတော့ဘူး။ ကိုယ့်ဘာသာပဲ အရင် သွားနှင့်ပြီး ကြိုစီစဉ်လိုက်တော့တယ်။ ကျုပ်နဲ့ သီဟအစ်ကို အခြေအတင် စကား ပြောနေတာကို ဝိုင်းကြည့်နေကြတဲ့ သူငယ်ချင်းတွေကို မျက်ရိပ်ပြလိုက်တယ်။ သူတို့ အရင် ထထွက်သွားတယ်။

“ဒါဆို ကျွန်တော်တို့ အရင် သွားပြီး စီစဉ်ထားလိုက်မယ်။ အစ်ကိုတို့ နောက်က အချိန်ကျမှ လိုက်ခဲ့လိုက်တော့”

ပြောပြောဆိုဆို ထထွက်လာခဲ့တယ်။ ကျုပ်နောက်ကို သီဟအမျိုးသမီး အပြေးအလွှား လိုက်လာတယ်။

“ကိုလွင်ရယ် အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါနော်။ အစ်ကိုက သိပ်ပြီး သပ်သပ်ရပ်ရပ် ကြိုက်တာ။ သူ့နောက်ဆုံး အချိန်လေးမှာ သပ်သပ်ရပ်ရပ်နဲ့ စည်စည်ကားကားလေး ဖြစ်သွားစေချင်တယ်”

“မပူနဲ့ မမျိုး၊ စိတ်အေးအေးနေ။ ကျွန်တော် ကြည့်စီစဉ်လိုက်မယ်”

ဘယ်နဲ့ဗျာ။ လူတစ်ယောက်ကို သေသွားပြီ ဆိုပြီး တန်ဖိုး မထားတာမျိုး ကျုပ် လုံးဝ လက်မခံနိုင်ဘူး။ နောက်ပြီး ဒါဟာ ပကာသန အနေနဲ့ ချဲ့ထွင်ပြီး အလွန်အကျွံ လုပ်နေတာလည်း မဟုတ်ဘူး။ လူသေရင် အသုဘချခါနီး သရဏဂုံ တင်တာ၊ အသုဘပို့လာတဲ့ သူတွေထိုင်ဖို့ ခန်းမ ငှားတာ၊ ဒါတွေဟာ မဖြစ်မနေ လုပ်ရတဲ့ ကိစ္စထက် ဘာမှ မပိုခဲ့ဘူး။ သူတို့ အခြေအနေကလည်း ဒီလောက်လေးကို မတတ်နိုင်တော့လောက်အောင် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေ မနေပါဘူး။ ဆွေမျိုးအသိုင်းအဝိုင်းတွေ တောင့်တင်းပြီးသားပါ။

ကျုပ်နဲ့ အခြားသူငယ်ချင်း (၃) ယောက် ကားတစ်စီးနဲ့ ရေဝေးသို့ အရင် ထွက်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သီဟ ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးချင်မိတယ်။ ဒါကြောင့် သူငယ်ချင်း တစ်ယောက်ကို ဘုန်းကြီးတစ်ခါတည်း ပင့်လာပြီး ရေဝေးကို လိုက်လာခိုင်းလိုက်တယ်။ မိန်းကလေးသူငယ်ချင်းတွေကိုတော့ ကျန်ရစ်တဲ့ သီဟဇနီးကို ဖေးမပြီး ခေါ်လာခဲ့ဖို့ မှာခဲ့တယ်။

လမ်းမှာ ကိုယ်သိတဲ့ ဖုန်းနံပါတ်တွေနဲ့ ရေဝေးမှာ ခန်းမငှားဖို့ လှမ်းမေးတော့ နာ/ကူ (နာရေးကူညီမှုအသင်း) က ဖုန်းနံပါတ်တစ်ခု ပေးတယ်။ အဲဒီ လူက တစ်ဆင့် ခန်းမ လှမ်းငှားတယ်။ ခန်းမတွေက ကြိုယူထားကြတာမို့ ခုချိန် မရနိုင်တော့ဘူး။ ညနေ (၅) နာရီ နောက်ပိုင်းမှ ရမယ်တဲ့။ ဒါတော့ မဖြစ်သေးဘူး။ Dead body ကလည်း သယ်လာနေပြီ။ နေအိမ်က ကားတွေကလည်း ထွက်လာဖို့ ပြင်နေပြီ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတော့ သူတို့က လာခဲ့လိုက်ပါ။ အဆင်ပြေအောင် တစ်ခုခု ကြည့်စီစဉ်ပေးပါမယ်တဲ့။ ဒီတော့လည်း ရေဝေးကိုသာ အမြန်မောင်းပေါ့။

အဲ လာရင်းနဲ့မှ သတိရတယ်။ အခေါင်း... အခေါင်း... အခေါင်း။ အခေါင်း ဝယ်ပြီးပြီ ထင်ပါရဲ့။ သေချာအောင် လှမ်းမေးဦးမှပါ။ မပြောချင်ပေမယ့် သီဟအစ်ကိုဆီ ဖုန်းထပ်ဆက်ရပြန်တယ်။

“အစ်ကိုရေ၊ ကျွန်တော်တို့ ရေဝေးကို ရောက်ခါနီး ပြီ။ ခန်းမကိစ္စကတော့ အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်မယ်။ ဒါနဲ့ အစ်ကို အခေါင်း ဝယ်ပြီးပြီလား။ အခေါင်းကိစ္စကို ဘယ်လို စီစဉ်ထားလဲ”

“အခေါင်း မလိုဘူးလေ”

“ခင်ဗျာ ဘယ်လို... ဘယ်လို... အခေါင်း မလိုဘူးဟုတ်လား အစ်ကို။ အခေါင်း မပါဘဲ ဘယ်လိုလုပ် အသုဘချမှာလဲ”

“အလောင်းကို နာ/ကူအသင်းက ကားနဲ့ သယ်လာမှာလေ။ ရောက်ရင် ကားပေါ်က ချပြီးတာနဲ့ မီးသဂြိုဟ်စက်ထဲ တန်းသွင်းလိုက်ရုံပဲ။ ဘာမှ မလိုဘူး။ အခေါင်း မပါလည်း ရတယ်။ သူတို့ကို မေးတော့လည်း မဝယ်ချင်ရင်လည်း ရပါတယ်တဲ့”

ဘုရားရေ။ ရက်စက်လိုက်ကြတာ။ သူငယ်ချင်းရေ မင်းသိရင် ဘယ်လိုများ နေလိမ့်မလဲ။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ ဆွေမရှိ မျိုးမရှိလို့ အရပ်က ကူချသလို၊ တာဝန်ယူမယ့်သူ မရှိလို့ စည်ပင်က အမြင်မတော်လို့ ပေးရသလိုမျိုး စောင်ပတ်၊ ဖျာလိပ်ပတ်ပြီးတော့ ချမလို့လား။ မင်းအစား ရင်နာလိုက်တာကွာ။ သူတို့နဲ့ ဆက်မပြောချင်တော့လို့ ဖုန်းချလိုက်တယ်။ သူငယ်ချင်းတွေကို လှည့်ကြည့်လိုက်တော့ စိတ်မကောင်း နာကျင်ခြင်း မျက်ဝန်းများနဲ့။

မထူးပါဘူး။ ကျုပ်ပဲ အသုဘရှင် လုပ်ပြီး အကုန် လိုက်စီစဉ်လိုက်တော့မယ်။ သူတို့ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကိုယ့်သူငယ်ချင်း မျက်နှာပဲ ကြည့်တော့မယ်။ ကျုပ်တို့တွေ ရေဝေးမီးသင်္ဂြိုဟ်စက်ကို မရောက်ခင် မလှမ်းမကမ်းမှာ ရှိတဲ့ နာ/ကူ ရုံးခန်းကို အရင် ဝင်ဖြစ်ခဲ့တယ်။

နာ/ကူ ရုံးခန်းရှေ့မှာ အခေါင်းရောင်းတဲ့ ဆိုင်ကလေး။ ဆိုင်အတွင်းမှာ အခေါင်းတွေကို သေတ္တာတွေကို အမျိုးအစားတူရာ စုပြုံထပ်ထားတယ်။ ကျုပ်ရဲ့ သက်တမ်း တစ်လျှောက်မှာ တစ်ခါမှ အခေါင်းဆိုင် မရောက်ဖူးသလို အခေါင်းလည်း မဝယ်ဖူးဘူး။ ဒါကြောင့် ဘယ်လို ဝယ်ရမှန်းလည်း မသိဘူး။ ကျန်တဲ့ သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ။

“အခေါင်း ဘယ်လို ရောင်းသလဲ အစ်ကို”

ကျုပ်အသံနဲ့ ကျုပ်မေးခွန်းကို စိတ်ညစ်နေတဲ့ ကြားကတောင် ရယ်ချင်မိတယ်။

“ဘယ်လောက်တန် လိုချင်လို့လဲ အစ်ကို”

“ဘယ်လောက်တန်တွေ ရှိလဲဗျ”

“ဒီအခေါင်းဆိုရင် မီးသဂြိုဟ်ခ အပါအဝင် လေးသောင်းပါ။ သူက နည်းနည်း ပိုကောင်းတယ်။ ဒီအခေါင်းကတော့ မီးသဂြိုဟ်ခါအပါ နှစ်သောင်းခွဲပါ။ သူကတော့ အသက်သာဆုံးပဲ။ ကျန်တာတွေကတော့ ဒါထက် ပိုဈေးကြီးတယ်။ အစ်ကိုတို့ ဘယ်လောက်တန်လောက် မှန်းသလဲ”

“အခေါင်းဝယ်ရင် ဘာတွေ လုပ်ပေးသေးလဲ အစ်ကို၊ မသိလို့ မေးတာပါ”

“ဟုတ်ကဲ့။ ရပါတယ်။ ဒါမျိုးဆိုတာ လူတိုင်း မသိနိုင်ဘူး။ အခေါင်းဝယ်ရင် အခေါင်းဘေးမှာ သေသူနဲ့ နာမည်နဲ့အသက်ကို စာလုံးရေးပေးတယ်။ အလောင်းအတွက် မီးသင်္ဂြိုဟ်ခကို စည်ပင်ကို ကျွန်တော်တို့က သွင်းပေးတယ်။ ပုံမှန် နာ/ကူက ချပေးတဲ့ အလောင်းဆိုရင်တော့ မီးသင်္ဂြိုဟ်ခကို သူတို့ သွင်းပေးတယ်။ ကျွန်တော်တို့ အခေါင်းဆိုင်က ဝယ်တဲ့ အခေါင်းမျိုးဆိုရင်တော့ သူတို့ မသွင်းပေးတော့ဘူး။ ကျွန်တော်တို့ အခေါင်းဆိုင်က သွင်းပေးရတယ်”

“မီးသဂြိုဟ်ခက ဘယ်လောက် ပေးရမလဲဗျ။ ဗဟုသုတ အနေနဲ့ သိချင်လို့ မေးကြည့်တာပါ”

“မီးသဂြိုဟ်ခက နှစ်ထောင်ပါ”

“အော် သိပ်တော့ မများပါဘူး။ ဟုတ်ပြီ။ ဒါဆို နှစ်သောင်းခွဲတန်ပဲ ယူမယ်။ စာရေးပေးပါ။ နောက်ပြီး ကျွန်တော်တို့ကို ခန်းမငှားဖို့ ကိစ္စလည်း စီစဉ်ပေးပါဦး”

“ခန်းမက အခန်းတော့ မရဘူး။ ဒါပေမယ့် အစ်ကိုတို့ လိုချင်ရင် အပြင်ဘက်မှာ ခုံချပြီး ပြင်ဆင်ပေးမယ်။ စင်္ကြံလမ်း တစ်လျှောက်မှာ ခုံခင်းပေးမယ်။ အဲဒါက ရှစ်ထောင်ကျမယ်။ အစ်ကိုတို့ လုပ်မယ်ဆိုရင် ရုံးခန်းကို လိုက်ပြောပေးမယ်။ ကျွန်တော့်နောက်က လိုက်ခဲ့ပါ”

ဘာပဲဖြစ်ဖြစ် လုံးဝ မရတာ ထက်စာရင်း တော်ပါသေးရဲ့ ဆိုပြီး အပြင်မှာပဲ ခုံခင်းပေးဖို့ ငွေသွင်းလိုက်ပါတယ်။ လိုက်ပို့ပေးတဲ့ အခေါင်းဆိုင်ပိုင်ရှင်က

“အစ်ကိုတို့ သရဏဂုံတင်ဖို့ ဘုန်းကြီးရော အဆင်သင့်ပါရဲ့လား၊ လိုအပ်ရင် ပင့်ပေးလို့ ရပါတယ်။ နောက်ပြီး သရဏဂုံတင်ချိန် ဘုန်းကြီးတရား နာချိန်မှာ ဘုန်းကြီးထိုင်ဖို့ မိသားစုထိုင်ဖို့ ကော်ဇောလည်း ငှားလို့ရပါတယ်”

“ဪ… ဘုန်းကြီးလည်း ပင့်ပေးလို့ ရတာ ပဲလား၊ ဘုန်းကြီးကတော့ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူတွေ ပင့်လာနေပြီ။ ကော်ဇော ငှားမယ်၊ ဘယ်လောက်လဲ”

“ကော်ဇောက လေးထောင်ပါ အစ်ကို၊ နောက်ပြီး လွမ်းသူ့ပန်းခြင်းရော ငှားဦးမလား”

“ဟေ ပန်းခြင်းလည်း ငှားလို့ရတာပဲလား။ ကောင်းကွာ၊ အသုဘ အခမ်းအနားကတော့ သီဟ ဖြစ်စေချင်သလို စည်စည်ကားကားလေး တကယ် ဖြစ်ပြီပဲ။ ငှားမယ်ကွာ၊ ပန်းခြင်းတစ်ခြင်း ပေးကွာ၊ တတ်နိုင်သလောက် အလှဆုံးတော့ ဖြစ်ပါစေ”

“ပန်းခြင်းက သုံးထောင်ကျတယ် အစ်ကို၊ စိတ်ချပါ။ အလှဆုံးပန်းခြင်း ကျွန်တော် စီစဉ်ပေးမယ်”

ကျုပ်တို့ အဲဒါတွေ လိုက်စီစဉ်နေတုန်းမှာပဲ စာတန်းရေးပြီးသား အခေါင်းကလည်း စက်ဘီးနဲ့ လာပို့ပေးသွားပြီ။ ကျုပ်တို့ ပိုက်ဆံ ချေပြီးတာနဲ့ ခုံတွေ ကော်ဇော်တွေ တန်းပြီး ခင်းပေးတော့တာပဲ။ မီးသင်္ဂြိုဟ်စက်ရဲ့ အဝင်ဝဘေးဘက် မလှမ်းမကမ်းမှာ ဘေးတိုက်ခုံတွေ စီပြီး ချပေးထားတယ်။ ကော်ဇော ခင်းပေးတယ်။ ဘုန်းကြီးထိုင်ဖို့ ခုံခင်းပေးတယ်။ နောက်ပြီး ပန်းခြင်း လာချပေးတယ်။ ပန်းခြင်းကလည်း ခန့်ခန့်ထည်ထည် အကြီးကြီး။ သုံးထောင်ကတော့ အတော် တန်သွားပြီ။ ဒါပေမယ့် စာတန်းကတော့ တစ်ကြောင်းတည်း။

“လွမ်းသူ့ပန်းခွေ” တဲ့။

“တခြား ဘာစာမှ မပါဘူးလား”

“မပါဘူးလေ အစ်ကိုရဲ့၊ ဒါမှ ဘုံ သုံးလို့ရမှာပေါ့” တဲ့။ သူ ပြောတာလည်း ဟုတ်သား။

“အစ်ကို့ သူငယ်ချင်း နာမည်လေး ရေးပေးကွာ၊ လက်ရေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်လောက် ထပ်ပေးရမလဲ”

ကောင်လေးက လက်နှစ်ချောင်း ထောင်ပြတယ်။

“အိုကေ၊ အမြန်လေး လုပ်ကွာ”

(၂) မိနစ် အတွင်းမှာပဲ ကောင်လေး ပြန်ရောက်လာတယ်။ အိုကေ။ ကျုပ်တို့ဘက်ကတော့ အားလုံး အဆင်ပြေချောမွေ့ စွာ ပြီးသွားခဲ့ပြီ။ Dead body သယ်ဆောင်လာတဲ့ နာ/ကူ အသင်းရဲ့ကားလည်း ရောက်လာပြီ။ ဒီတော့ အလောင်းကို ကျုပ်တို့ အဆင်သင့်ဝယ်ထားတဲ့ အခေါင်းထဲထည့် အပေါ်ကပန်းတွေ ဘာတွေ ချွေချနဲ့ အလောင်းပြင်ဆင်ပြီးချိန်မှာပဲ အိမ်ကနေ ထွက်လာတဲ့ ကားတွေ ရောက်လာသလို သရဏဂုံ တင်ပေးမယ့် ဆရာတော်ပါ ကြွလာခဲ့ပြီ။ သီဟဇနီးက သူ့ယောက်ျားရဲ့ အလောင်းကို ကြည့်ပြီး တမ်းတစွာ ငိုကြွေးလိုက်သံက အားလုံးရဲ့ နှလုံးသားကို နာကျင်စေပါတယ်။ သူ့ကို နှစ်သိမ့်ဖေးမကြရင်း သရဏဂုံတင်ဖို့ ပြင်ဆင်ပါတယ်။ စောစောက စီစဉ်တဲ့ အထဲမှာ ကန်တော့ပွဲ ပါမလာခဲ့ဘူး။ ဒါကိုလည်း ဒီမှာ ဝယ်လို့ရတယ် ဆိုတာနဲ့ ပိုက်ဆံလည်း ပေးလိုက်ရာ (၃) မိနစ်အတွင်း ရောက်လာပါတယ်။

ပိုက်ဆံပေးရင် ရတယ် ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် လိုချင်တာကို ချက်ချင်း ရစေတဲ့အတွက် သူတို့ကို ကျေးဇူးတင်ရပါတယ်။ ကျုပ်တို့ချည်းသာဆို ဒီလောက် အချိန်တိုအတွင်းမှာ ဒီလို စည်စည်ကားကား ဖြစ်နိုင်ဖို့ မလွယ်လှဘူးလေ။ အိမ်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းမက ခုမှ လိုက်လာရတာမို့ ရောက်ရောက်ချင်း ကျုပ်ကို လက်ကုတ်ပြီး လူရှင်းရာ ဆွဲခေါ်လာတယ်။

“နင် ဘယ်လို စီစဉ်လိုက်တာလဲ။ ဒီလောက် အချိန်တိုအတွင်းမှာ ဒီလောက် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင် စီစဉ်နိုင်တာ တော်လိုက်တာဟယ်။ ပန်းခြင်းကြီးကလည်း အကြီးကြီးပဲ။ ဒီခြင်းမျိုးဆို အနည်းလေး (၆) သောင်း (၇) သောင်းလောက် ပေးရမှာ ငါသိတယ်။ ပန်းတွေကလည်း သစ်ခွပန်းတွေနဲ့ အကောင်းစားတွေချည်းပဲ။ ဘာပဲပြောပြော သူ့အသုဘလေးကို စည်ကားအောင် ဒီလောက် အချိန်တိုနဲ့ရအောင် စီစဉ်ပေးတဲ့ နင့်ကို ကျေးဇူးတင်လိုက်တာဟာ”

ကျုပ်သူငယ်ချင်းရဲ့ အထင်ကြီး မျက်လုံးတွေကို မြင်လိုက်ရတယ်။ သီဟရဲ့ ဇနီးကလည်း ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ကြားကနေ ကိုလွင်ရယ် ကျေးဇူးတင်လိုက်တာလို့ လာပြောသေးတယ်။ နောက်တော့ သူ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ စုပြီး သရဏဂုံတင်၊ သူ့အတွက် တရားနာ အမျှဝေပြီး သူ့ကို နောက်ဆုံး နှုတ်ဆက်လိုက်ကြပါတယ်။ သွားတော့ သူငယ်ချင်းရေ သွားတော့။ မာယာများတဲ့ လောကအလယ်မှာ မင်းမိန်းမနဲ့ မင်းရဲ့ သမီးလေးတွေကို စိတ်မချပေမယ့် စိတ်ချလက်ချ ထားပြီး သွားပါတော့။

“မင်းရဲ့ နောက်ဆုံးခရီးမှာ မင်းနဲ့ ဇနီးသည်နဲ့ အပြိုင် ၀မ်းနည်းစွာ ငိုကြွေးနေတာ မင်းရဲ့ မိသားစုဝင်တွေ မဟုတ်ဘဲ မင်းနဲ့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မေ တစ်ယောက်ပဲ ရှိတယ် ဆိုတာ မင်း သိမသွားပါနဲ့တော့။ မင်းရဲ့အသုဘကို လိုက်မပို့တဲ့ မင်းရဲ့အဖေ အမေနဲ့ မင်းညီမလေးကိုလည်း စိတ်မဆိုးပါနဲ့တော့။ မင်း သေဆုံးသွားချိန်မှာ သေတယ် ဆိုတာ ဘာမှန်း မသိရှာဘဲ ကလေးသဘာဝ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေတဲ့ မင်းရဲ့ သမီးလေးနှစ်ယောက်ကိုလည်း နားလည် ပေးလိုက်ပါ။ အသည်းရောဂါ စီပိုး၊ အသည်းကင်ဆာ ဆိုတာ ကူးစက်တတ်တယ် ဆိုပြီး ဆေးရုံကို တစ်ရက်မှ လာမကြည့်ခဲ့တဲ့။ အသုဘချတဲ့ နေ့မှာ မဖြစ်မနေမို့ လိုက်လာရပေမယ့် ယောင်လို့တောင် မင်းရဲ့ အလောင်းနား မကပ်တဲ့ မင်းအစ်ကိုနဲ့ အစ်မကိုလည်း မနာကြည်းလိုက်ပါနဲ့။

ဘယ်သူတွေ ဘယ်လို အခြေအနေမှာရှိရှိ မင်းဟာ သူတော်ကောင်းပါ။ သမိုင်းတွေ ရာဇဝင်တွေကို နောင်လာနောင်သားတွေ သိအောင် ချပြပေးခဲ့တဲ့ သမိုင်းဆရာ တစ်ယောက်ပါ။ နောက်ပြီး လိုအပ်တဲ့ နေရာတွေ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ပရဟိတ အလုပ်တွေ လုပ်ပြီး လိုအပ်နေတဲ့ နေရာတွေက ကွက်လပ်တွေကို ဖြည့်ဆည်းပေးခဲ့သူတစ်ယောက်ပါ။ အခု ဘဝမှာ သက်ဆိုးမရှည်ခဲ့ပေမယ့် ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကုသိုလ် စေတနာအကျိုးတွေကြောင့် မင်း ရှေ့ဆက်ရမယ့် သံသရာခရီး အေးချမ်းမယ်လို့ မျှော်လင့်ပါတယ်”

ခေါင်းတိုင်ဖြူဖြူပေါ်က ထွက်လာတဲ့ မီးခိုးမည်းမည်းတွေ ကြားမှာ မင်းကို ကျုပ်တို့ ထားခဲ့ရပြီ။ သွားနှင့်တော့ သူငယ်ချင်းရေ။ သွားနှင့်တော့ ဘယ်တော့မှန်း မသိတဲ့ နေ့စွဲ တစ်ခုမှာတော့ မင်းဆီကို ကျုပ်တို့ လိုက်လာကြဦးမယ်။ ဘယ်သူ တားတားပေါ့။

ကျုပ် သူငယ်ချင်းရဲ့ အသုဘမှာ လူတွေ အကြောင်းကို ကျုပ် အတော်လေးလည်း နားလည်လာမိသွားသလို တရားလည်း ကျမိပါတယ်။ လူဆိုတာ အသက်ရှင်စဉ်က ဖြစ်တည်ခဲ့တဲ့ တန်ဖိုးတွေဟာ သေဆုံးပြီး နာရီပိုင်း၊ မိနစ်ပိုင်း အတွင်းမှာ တစ်စစီ ပြိုကွဲသွားတော့တာပါလား။ ငါ ဆိုတာ ဘာကောင်ကြီး ဖြစ်နေနေ ငါ့ကိုတော့ ဘယ်လိုလုပ် ဘယ်ဝါလုပ်၊ ဘာခေါင်းနဲ့ထည့် ဘာကားနဲ့ပို့ ဆိုတဲ့ ကိစ္စတွေကို ဘာမှ မလုပ်ဆောင်နိုင်တော့ပါဘူး။ ဘယ်လောက် ချမ်းသာတဲ့ သူပဲ ဖြစ်ဖြစ်၊ ဘယ်လောက် ဆင်းရဲတဲ့ သူပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ မလွဲမသွေ အသုဘကားကိုပဲ စီးရတာပါ။

ကိုယ်ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်ရစ်သူတွေရဲ့ ဆန္ဒနဲ့ လုပ်ကိုင်ခြင်းအပေါ်မှာသာ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ ခံယူရတာပါလား။ သူများ စီစဉ်ပေးသလိုသာ ကိုယ့်ရဲ့ နောက်ဆုံးခရီးကို သွားချင်ချင်၊ မသွားချင်ချင် သွားရတာပါလား လို့လည်း သံဝေဂ အကြီးကြီး ရမိပါတယ်။

ရှေးလူကြီးတွေစကား သိပ်မှန်တာပဲ။ “မသာ တစ်ခေါက် ကျောင်းဆယ်ခေါက်” တဲ့။ ကျုပ်ကတော့ လူတစ်ယောက်ကို သက်ရှိထင်ရှား ရှိချိန်မှာတော့ အလေးထားပြီး သေဆုံးချိန်မှာ ရက်ရက်စက်စက် တန်ဖိုးမဲ့ ပြုမူတတ်တဲ့ သွားလေသူရဲ့ မိသားစုကြောင့် ဒီနေ့မှာ အတွေ့အကြုံတွေရော ဗဟုသုတတွေပါ ရလိုက်တယ်။ သီဟ အသုဘကို ကြည့်ရင်း အပြန်လမ်းမှာ ကျုပ် တစ်ခု စဉ်းစားမိပါတယ်။ ကျုပ် သေရင်ရော ကျုပ်ကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့များ ပို့ကြဦးမှာလဲလို့။

▢  မေဇူး
📖 မဟေသီ မဂ္ဂဇင်း
      မေလ ၊ ၂၀၁၄