❝ ရိုးသားကြိုးစား ❞
( အောက်တိုဘာအောင်ကြီး )
တစ်ခါက ...
ကျေးလက် တောရွာ တစ်ရွာ တွင် မောင်နန္ဒ ဆိုသည့် ကလေးလူငယ် တစ်ယောက် ရှိလေ၏ ။
ထို မောင်နန္ဒ သည် တောသူဌေးကြီး ဦးရွှေထူး ၏ နွားများ ကို အငှား ကျောင်း ရသည့် နွားကျောင်းသားလေး တစ်ယောက် ဖြစ်လေ၏ ။
တစ်နေ့သ၌ ..
မောင်နန္ဒ သည် အခြား နွားကျောင်းသားများ နှင့် အတူ လွန်စွာ မှ အရိပ် ကောင်း သည့် ညောင်ညိုပင်ကြီး အောက် ၌ အနားယူ နေစဉ် မောင်နန္ဒ သည် မိမိ ဘဝ ကို လွန်စွာ မှ အားငယ်စွာ ဖြင့် ...
“ ဒီ ဘဝ တော့ တို့ တစ်တွေ ချမ်းသာမှာ မဟုတ်တော့ပါဘူးကွာ ”
ဟု ဆို ကာ ညည်းတွား လိုက်လေ၏ ။
ထိုအခါ နွားကျောင်းသား အဘိုးအိုကြီး ဦးသာဆန်း က ...
“ အို ... ငါ့ မြေး ရယ် ၊ မင်းတို့ အရွယ် ဟာ ငယ်ပါသေးတယ် ၊ ရိုးသားကြိုးစားမှု နဲ့ ကြံစည် အားထုတ်မှု ရှိရင် တစ်နေ့ နေ့ မှာ လူချမ်းသာ ဖြစ်နိုင်ပါသေးတယ် ”
ဟု ပြော လိုက်သည့် စကား ကြောင့် မောင်နန္ဒ မှာ နားစွဲ လို့ နေရင်း က ...
“ အင်း .. ဘကြီးသာဆန်း ပြောတာ လည်း ဟုတ်တာပဲ ၊ ရိုးရိုးသားသား နဲ့ အလုပ် ကို ကြိုးစား လုပ် ရင် တစ်နေ့ တစ်နေ့ မှာ တော့ ငါ လည်း ချမ်းသာ လာ မှာ ပဲ ၊ ဒါကြောင့် ... အလုပ် ကို ကြိုးစား လုပ်ရမယ် ”
ဟု ကြိမ်းဝါး လိုက်လေ၏ ။
ထို့နောက် မောင်နန္ဒ သည် အလုပ် ကို နေ ပူပူ ၊ မိုး ရွာရွာ အလုပ် ကို ကြိုးစား လုပ်ကာ နေ့စဉ်ရက်ဆက် နွားကျောင်း ထွက်လေ၏ ။
မောင်နန္ဒ အလုပ် ကြိုးစား အားထုတ်မှုတွေ ကြောင့် ဦးရွှေထူး တို့ ၏ စီးပွားရေး မှာ လည်း တစ်နေ့ တခြား ဒီရေအလား တိုးပွား လာခဲ့လေ တော့၏ ။
ထို့ကြောင့် .. မောင်နန္ဒ အား တစ်ရွာလုံး က ..
“ မောင်နန္ဒလေး ဟာ အလုပ် ကို သိပ် ကြိုးစားတဲ့ ကလေး ပဲ ”
ဟူ၍ လည်းကောင်း ။
“ ရိုး လည်း ရိုးသားတယ် ၊ ပြီးတော့ ... အလွန် လိမ္မာတယ် ”
ဟူ၍ လည်းကောင်း ။
“ ဦးရွှေထူး တို့ များ မောင်နန္ဒ ကို နွားကျောင်း အငှား ရတာ ရွှေထုပ်ကြီး ကောက် ရသလိုပါပဲ ဗျာ ”
ဟု ချီးကျူးကြကုန်၏ ။
ဤသို့ဖြင့် တောသူဌေးကြီး ဦးရွှေထူး မှာ မူ အလုပ် ကြိုးစားပြီး ရိုးသားသည့် မောင်နန္ဒ ကို လွန်စွာ မှ သဘောကျ လို့ နေလေ၏ ။
“ အင်း ... တကယ် တော်တဲ့ ကလေး ပဲ ၊ ဒါကြောင့်လည်း တစ်ရွာလုံး က ချီးကျူးကြတာပဲ ”
ဟု ဦးရွှေထူး က အပြည့်အဝ အမှတ် များ ပေး လေတော့၏ ။
တစ်နေ့သ၌ တောသူဌေးကြီး ဦးရွှေထူး က ဇနီး ဖြစ်သူ အား ...
“ ရှင်မ ရေ ... တို့ မှာ သားအလိမ္မာလေး ရှိရင် သိပ် ကောင်းမှာ ပဲ နော် ၊ နောင်နန္ဒ ဟာ မိဘမဲ့လေး ကွဲ့ ၊ သူ ဟာ ရိုးသားပြီး လိမ္မာရေးခြား သိပ် ရှိတာ ၊ သူ့ ကြောင့် တို့ စီးပွားရေး ကောင်း နေတာ ရှင်မ လည်း သိသားပဲ ” ဟု ပြော လိုက်လေ၏ ။
“ အဲဒါ ... ဘာဖြစ်သလဲ တော် ”
ဟု ဦးရွှေထူး ဇနီး က မေး ရာ ..
“ တို့ မှာ အမွေ ဆက်ခံမယ့် သားသမီး မရှိတော့ မောင်နန္ဒ ကို သား အဖြစ် မွေးစားရအောင် ကွာ ”
ဟု ဆို ကာ ဦးရွှေထူး က ပြော လိုက်လေ၏ ။
“ အမယ်လေး တော် .. ဒီကိစ္စ ကို ကျုပ် ဘယ်လို မှ သဘော မတူနိုင်ပါ ဘူး တော် ၊
တော့ ဘက် က ဆွေမျိုးသားချင်း မရှိပေမယ့် ကျုပ် ဘက် က ကျုပ် ရဲ့ တူ ချာတူး ရှိသေးတယ် တော့ ။ မွေးစား ချင်း မွေးစား ကိုယ့်သွေး ကိုယ့်သား ထဲ က မွေးစား မှာ ပဲ ”
ဟု ဇနီး ဖြစ်သူ က ပြော လိုက်ရာ ဦးရွှေထူး က ..
“ ချာတူးလ က လူရမ်းကား ၊ ဖဲရိုက် ၊ ကြက်တိုက် ၊ အလေလိုက် နေတဲ့ အကောင် ၊ မောင်နန္ဒ နဲ့ ချာတူး ဟာ စရိုက်ချင်း မယှဉ်သာ အောင် ကွာတယ် ၊ ငါ က တော့ မောင်နန္ဒ ကို မွေးစား ဖို့ ဆုံးဖြတ် ပြီးပြီ ”
ဟု ပြော လိုက်လေတော့၏ ။
ထိုအခါ ... ဦးရွှေထူး ဇနီး မှာ မျက်နှာချို ပြန် သွေးရင်း
“ တော် နှယ် ... မလောစမ်းပါနဲ့ ဦး ၊ တော် မွေးစား လည်း ကျုပ် သား ဖြစ်ရမှာ ပဲလေ ၊ ပြီးတော့ ... သူ့ အခြေအနေ ကို စောင့် ကြည့်ပါဦး တော် ”
ဟု ပြော လိုက်လေ၏ ။
“ အေးလေ ... စောင့် ကြည့်ချင် လည်း ကြည့် ပေါ့ကွာ ”
ဟု ဦးရွှေထူး က လည်း ပြန် ပြော လိုက်လေ၏ ။
ထို့နောက် ... ဦးရွှေထူး ၏ ဇနီး မှာ ...
“ အင်း ... ဒီ အတိုင်းသာ ဆိုရင် ငါ့ ယောက်ျား ကိုရွှေထူး ဟာ နွားကျောင်းသားလေး မောင်နန္ဒ ကို မွေးစား တော့မယ် ။ တစ်ခု ခု တော့ ခပ်မြန်မြန် လုပ်မှ ပဲ ”
ဟု ဆိုကာ ကြံစည်လေတော့၏ ။
ထို့နောက် ... ဦးရွှေထူး ဇနီး သည် ၎င်း ၏ တူတော်မောင် ချာတူး နှင့် တိတ်တဆိတ် တိုင်ပင်ကြ လေ တော့၏ ။
တစ်နေ့သ၌ ...
မောင်နန္ဒ သည် နေ့စဉ် လုပ်နေကျ အတိုင်း နွားများ ကို စီစစ်ပြီး ခြံ ထဲ သို့ သွင်းရာ ....
“ အလို ... နွား တစ်ကောင် ပျောက် နေပါလား ၊ ဘယ်လို ဖြစ်တာပါလိမ့် ၊ ဒုက္ခပါပဲ ”
ဟု ညည်းတွား လိုက်လေ၏ ။
ထို့နောက် ..
ထို့နောက် ...
နွားကျောင်းသားလေး မောင်နန္ဒ သည် နွားများ ကို မပျောက်ရ အောင် သတိ ဝီရိယ နှင့် စောင့်ရှောက် ထိန်းကျောင်း သော် လည်း နွားများ မှာ မူ တစ်နေ့ လျှင် တစ်ကောင် ကျ ပျောက် နေပြန် လေတော့၏ ။
“ ပြဿနာ ပဲ ၊ နွားတွေ ပျောက် နေတာ သူဌေးကြီး ဦးရွှေထူး သိ ရင် တော့ ငါ အလုပ်ပြုတ် တော့မှာ ပဲ ”
ဟု ဆိုကာ လွန်စွာမှ ဝမ်းနည်း ကြေကွဲ လေတော့၏ ။
နောက် တစ်နေ့ တွင် ...
ဦးရွှေထူး တို့ လင်မယား အိမ်ရှေ့ ကွပ်ပျစ် တွင် စကားစမြည် များ ပြောဆို နေကြစဉ် ..
လူစိမ်း တစ်ယောက် သည် ဦးရွှေထူး တို့ အိမ်ရှေ့ မှ နွား တစ်ကောင် ကို ဆွဲ သွားရာ ဦးရွှေထူး တို့ ဇနီးမောင်နှံ မြင် လိုက်သည့် အခါ ဦးရွှေထူး က
“ ဗျို့ မိတ်ဆွေ ... နွား ဝယ် လာတယ် ထင်တယ် ၊ ဘယ်က ဝယ်လာတာလဲ ဗျ ”
ဟု မေး လိုက်လေ၏ ။
ထိုအခါ ... နွား ဆွဲ လာသူ က ...
“ ဟို ... တောစပ် က ... မောင်နန္ဒ ဆိုတဲ့ သူငယ်လေး က ငွေ တစ်ရာ နဲ့ ရောင်း လိုက်လို့ ဝယ် လာတာ ဗျ ”
ဟု ပြောကာ ထွက်သွား လေတော့၏ ။
ထို့နောက် ... ဦးရွှေထူး ဇနီး က ...
“ ကဲ ... ဘယ့်နှယ်တုံး ကိုရွှေထူး ၊ တော် မွေးစားမယ့် သား က တယ် တော် နေပါလား ၊ နွား တောင် ခိုး ရောင်း တတ်နေပြီ ၊ ဒီ ကိစ္စ ကို တော် အမြန်ဆုံး အရေး ယူပါ ၊ နွား သူခိုး မောင်နန္ဒ ကို လည်း အလုပ် သာ ထုတ်လိုက်ပါ ”
ဟု ပြောဆို လိုက်လေတော့၏ ။
“ အင်း .. ဘာတွေ ဖြစ် ကုန်ကြပြီလဲ ၊ မောင်နန္ဒ ကို ငါ အထင် ကြီးခဲ့မိ တာ မှားပြီ ထင်တယ် ။ ခဲလေ သမျှ သဲရေ ကျ ဖြစ်ကုန်ပါရောလား ”
ဟု တွေးတော ရင်း ...
“ မဟုတ်သေးပါဘူး ၊ ဟို လူ ဆွဲ သွားတဲ့ နွား ဟာ ... ငါ့ ရဲ့ နွား မှန်း သိလို့ အိမ်ရှေ့ က ဆွဲ သွားတာလား ၊ ဒါမှ မဟုတ် မသိလို့ များ ဆွဲ သွားတာလား ၊ တမင် ငါ သိအောင်လို့ လုပ်ပြတာလား ၊ တစ်ခု ခု တော့ အဲ ... လိုက် စုံစမ်း ရင် ကောင်းမယ် ”
ဟု စဉ်းစား ကာ ဦးရွှေထူး သည် ရုပ်ဖျက် ပြီး လျှင် ရွာသား အချို့ နှင့် နွား ဆွဲ သွား သော လူစိမ်း နောက် သို့ ခြေရာခံ လိုက် သွားကြ လေတော့၏ ။
ထိုအချိန် တွင် လူစိမ်း သည် တောအုပ် ထဲ သို့ ဝင် သွားရာ ဦးရွှေထူး တို့ မှာ လူစု ခွဲ၍ ထပ်မံ ခြေရာ ခံ ကြရ ပြန်၏ ။
တောအုပ် အတွင်း စခန်း တစ်ခု သို့ ရောက်သည့် အခါ ဦးရွှေထူး မှာ သစ်ပင်ကြီး တစ်ပင် ကို အကာ အကွယ် ပြုပြီး လူ လေးယောက် အရက် သောက် နေကြပြီး နွား ငါးကောင် ကြိုးချည် ထားသည် ကို လည်း တွေ့ ရပြီး ...
“ အလို ... ရှေ့ အရက်ဝိုင်း ထဲ မှာ ငါ့ မိန်းမ ရဲ့ တူ ချာတူး ပါ လား ၊ ဒီကောင် .... ဒီမှာ ဘာ လာ လုပ်နေတာ ပါလိမ့် ”
ဟု တွေး နေစဉ် နွားဆွဲ လာသော လူစိမ်း သည် ထို နေရာ သို့ ရောက်လာ ကာ ချာတူး က ...
“ လာဗျို့ ... ကိုသန့် နောက်ကျလှချည်လား ”
ဟု မေး လိုက်လေ၏ ။
“ နောက်ကျ ဆို လူတွေ မရိပ်မိအောင် ပိပိရိရိ လုပ် နေရတာကိုး ကွ ”
ဟု ကိုလူစိမ်း က ပြော လိုက်သည့် စကား ကြောင့် ဦးရွှေထူး ကြား သွားပြီး လျှင် ...
“ အင်း ... ဘာတွေများ လူတွေ မရိပ်မိအောင် လုပ်နေကြ တာလဲ မသိဘူး ။ သူတို့ အကြံအစည် သိ ရအောင် သွားပြီး စုံစမ်းဦး မှ ပဲ ၊ ငါ ရုပ်ဖျက် ထားတာ ချာတူး မှတ်မိ မှာ မဟုတ်ဘူး ”
ဟု ဆိုကာ သွား လေတော့၏ ။
၎င်း နား သို့ ရောက်သည့် အခါ ချာတူး က ...
“ ဟေ့ ... ခင်ဗျား ဘယ်သူလဲ ၊ ဒီကို ဘာ လာ လုပ်တာလဲ ”
ဟု မေးရာ ...
“ ကျုပ် နွား ဝယ်ချင်လို့ ပါ ၊ ဒီ က နွားတွေ ရောင်းသလား လို့ ဝင် မေးတာပါ ”
ဟု ရုပ်ဖျက် ထားသည့် ဦးရွှေထူး က မေး လိုက်လေ၏ ။
ထိုအခါ .... ချာတူး က ပျာပျာသလဲ ထ ကာ ...
“ ဪ ... ဟုတ်လား ၊ ယူပါ ... ယူပါ ၊ ခင်ဗျား ကြိုက်တဲ့ နွား ကို ယူဗျာ ၊ ဈေးပေါပေါ နဲ့ ပေးလိုက်မယ် ၊ နွား တစ်ကောင် တစ်ရာကျပ် ပဲ ပေး ၊ ကျုပ် နာမည် ကို လည်း သေချာမှတ်ထားပါ ၊ သူဌေးကြီး ဦးရွှေထူး ရဲ့ နွား ကျောင်း နေ တဲ့ နွားကျောင်းသား မောင်နန္ဒ တဲ့ ”
ဟု ချာတူး က ပြော လိုက်လေ၏ ။
ထိုအခါ ....
ဦးရွှေထူး မှာ လွန်စွာ မှ သဘောကျ ပြီး လျှင် ...
“ ဟား ဟား ဟား ... ဟေ့ ချာတူး မင်း မောင်နန္ဒ ယောင် ဆောင် ပြီးနေ တာ ငါ မသိဘူးများ မှတ် နေလား ၊ လက်စသတ် တော့ ... မင်း က မောင်နန္ဒ အမည်ခံပြီး ငါ့နွား တွေ ကို ခိုး ရောင်းနေတာကို ... ဟား ဟား ၊ ဟေ့ သာဆန်း တို့ ၊ ဝင်းကြည် တို့ ၊ လူမင်း တို့ ၊ မောင်ဌေး တို့ လာကြ ... လာကြ ၊ ဒီ နွားသူခိုး တွေ ကို လာ ဖမ်းကြစမ်း ”
ဟု အော် ပြောရာ ရွာသားများ က ချာတူး တို့ အဖွဲ့ ကို ဖမ်းဆီး လိုက်ကြ လေတော့၏ ။
ထို့နောက် ... ဦးရွှေထူး က ချာတူး အား ..
“ ဟေ့ကောင် ချာတူး .. နေစမ်းပါဦး ၊ အခုလို အကြံအစည် ကို ဘယ်သူ က ခိုင်း လို့ လုပ်ရတာလဲ ၊ မှန်မှန် ပြောစမ်း ”
ဟု မေး လိုက်ရာ ချာတူး က ...
“ ကျွန်တော့် ... ကျွန်တော့် ကို ... အဒေါ် ဒေါ်ငွေခင် က ခိုင်း လိုက်လို့ လုပ်ရတာပါ ၊ ဒီလို လုပ်မှ နန္ဒ အလုပ် ပြုတ်ပြီး ကျွန်တော် သူဌေး သား ဖြစ်နိုင်မယ် လို့ အဒေါ် က ပြောပါတယ် ”
ဟု ပြော လိုက်လေ၏ ။
ဦးရွှေထူး အိမ် သို့ ရောက်သည့် အခါ ဇနီး ဖြစ်သူ ဒေါ်ငွေခင် အား ...
“ တောက် ... ငါ နဲ့ ငါ့ ဆွေမျိုးတွေ ချမ်းသာရေး ဆိုတဲ့ အတ္တစိတ် မွေးပြီး လူ တစ်ဖက်သား ကို မကောင်း ကြံ တဲ့ မိန်းမယုတ် ငါ့ အိမ် က အခု ထွက် သွားစမ်း .. ထွက် သွားစမ်း ”
ဟု ဆိုကာ မောင်းထုတ် လိုက် လေတော့၏ ။
ဤသို့ဖြင့် ချာတူး တို့ နွားသူခိုး အုပ်စု ကို လည်း တရားဥပဒေ အရ အရေးယူ ဖို့ ရွာ က အုပ်ချုပ်ရေးမှူးများ ထံ သို့ အပ်လိုက်၏ ။
ထို့နောက် ဦးရွှေထူး က လွန်စွာ မှ ရိုးသား ပြီး စိတ်ထားဖြူ ၊ အလုပ် ကို ကြိုးစားသော မောင်နန္ဒ အား သား အဖြစ် မွေးစား လိုက် လေ တော့၏ ။
“ အင်း ... ရိုးသားမှု ၊ ကြိုးစားမှု နဲ့ ကြံစည်အားထုတ်မှု ရှိရင် တစ်နေ့ နေ့ မှာ လူချမ်းသာ ဖြစ်နိုင်တယ် ဆိုတဲ့ ဘကြီးဦးသာဆန်း ရဲ့ စကား ဟာ သိပ် မှန်ပါလား ”
ဟု မောင်နန္ဒ တွေး မိ၏ ။ မောင်နန္ဒ လည်း ဦးရွှေထူး အပေါ် ဖခင် ရင်း သဖွယ် ပြုစုစောင့်ရှောက် ရင်း ရာသက်ပန် နေထိုင် သွားလေတော့ သတည်း ။
◾အောက်တိုဘာအောင်ကြီး
၂ဝ၁၃ ၊ စက်တင်ဘာ ( ၂၂ ) ရက်
📖 ယုံတမ်းစကား လိပ် နှင့် အခြား ပုံပြင်များ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment