❝ သော်တာ ❞
တစ်ခါတုန်း က တိုင်းပြည် တစ်ပြည် မှာ မင်းကျင့်တရား ဆယ်ပါး နှင့် ပြည့် တဲ့ ဘုရင်ကြီး တစ်ပါး အုပ်စိုး သတဲ့ ။ ဘုရင်ကြီး မှာ သားမီး ရတနာ ဆိုလို့ သမီးတော်လေး တစ်ပါး သာ ထွန်းကား တယ် တဲ့ ။ ဒီ သမီးတော်လေး ဟာ သူ ဖွားပြီး ကတည်း က မယ်တော် နတ်ရွာ လား သွား သတဲ့ ။ ဒီတော့ ဘုရင်ကြီး က သူ့ သမီးတော်လေး ကို သိပ် ချစ်ရှာ သတဲ့ ။ ဘုရင်ကြီး တိုင်းရေးပြည်ရေး အတွက် စိတ်ညစ် နေတဲ့ အခါ သမီးတော်လေး ရဲ့ မျက်နှာ ကို မြင် ရင်ပဲ စိတ်ညစ် ပြေပျောက် သွား တယ်တဲ့ ။ သမီးတော်လေး က လည်း အင်မတန် မှ လှပနုနယ် သတဲ့ ။ လူ တစ်ဦး တစ်ယောက် ဟာ သူ့ ကို မြင်လိုက် ရ ရုံ နဲ့ ကြည်လင် စိတ်ချမ်းသာ လေတဲ့ အတွက် မှူးမတ် တွေ ကရော ဘုရင်ကြီး က ပါ အဲဒီ မင်းသမီးလေး ကို “ သော်တာ ” လို့ အမည် ပေး ခေါ်တွင်စေကြ သတဲ့ ။
ဒီလိုနဲ့ ခုနှစ်ပြည်ထောင်မင်း က သော်တာလေး ရဲ့ကျက်သရေ ရှိပုံ တွေ ကို သိကုန်ကြ သတဲ့ ။ ဒီတော့ ဘုရင်ကြီး ဆီ ကို မင်း တစ်ပါး ပြီး တစ်ပါး စာချွန်တော် တွေ လွှတ် ပြီး သော်တာလေး ကို မိဖုရား မြှောက်ဖို့ တောင်းခံကြ သတဲ့ ။ “ မရ လျှင် စစ်မက်ရေးရာ နဲ့ ယှဉ်ပြိုင်ကြမယ် ” လို့ စာတွေ ထဲ မှာ ပါ တော့ ဘုရင်ကြီး ဟာ ထိတ်လန့် တုန်လှုပ် သွားပြီး စဉ်းစားရ ကျပ်သွား သတဲ့ ။ ဒါပေမယ့် ဘုရင်ကြီး က အကြံ တစ်ခု ရပြီး “ ငါ့ သမီးတော် ကို ပိုင်ဆိုင် လို လျှင် ဘယ်သူ မဆို ငါ ကျင်းပတဲ့ လေးတော်တင် ပွဲကြီး ကို ဝင်ပြီး ယှဉ်ပြိုင် ရမယ် ။ အဲဒီ လေးတော် ကို တင် နိုင်မယ့် သူ ကို သာ ငါ့ သမီးတော် နဲ့ စုလျားရစ်ပတ် စေရမယ် ” လို့ တစ်တိုင်းပြည် လုံး ရော ၊ ခုနှစ်ပြည်ထောင် က မင်း တွေ ကို ပါ စာချွန်တော် ကြေညာလိုက် သတဲ့ ။ ဒီတော့ တစ်တိုင်း တစ်ပြည် လုံး ရော ၊ ခုနှစ်ပြည်ထောင် က မင်း တွေ က ပါ သဘော တူကြ သတဲ့ ။
ဒီလိုနဲ့ ဘုရင့် နန်းတော် ခန်းမဆောင်ကြီး မှာ လေး ယှဉ်ပြိုင်ပွဲကြီး ကျင်းပပါ လေရော တဲ့ ။ ဒီလေး ယှဉ်ပြိုင်ပွဲ မှာ ခုနှစ်ပြည်ထောင် မင်း တွေ က လည်း သူတို့ တတ် သလောက် ပညာစွမ်း တွေ ကို တင်ပြကြ သတဲ့ ။ ဒါပေမယ့် ဘုရင်ကြီး နဲ့ မှူးမတ်တွေ ဟာ ဘယ်သူ့ ပညာစွမ်း ကို မှ သဘော မကျဘူး တဲ့ ။ ဒီတော့ ဘုရင့်နန်းတော် ရဲ့ အနီးနား မှာ ရှိတဲ့ တောစောင့် ဘီလူးကြီး ဟာ လူယောင် ဆောင် လေးတော်ပွဲ ကို ယှဉ်ပြိုင်လေ သတဲ့ ။
ဒါပေမယ့် လူယောင် ဆောင် တဲ့ ဘီလူးကြီး ဟာ ခုနှစ်ပြည်ထောင် မင်း တွေ နဲ့ ပညာ စွမ်း ပိုပြီး မထက်မြက် လေ တော့ လေးတော် ကို မတင်နိုင်ဘူးပေါ့ ။ နောက်ဆုံး တခြား တိုင်းပြည် က မင်းသားလေး ညီနောင် နှစ်ယောက် ဟာ အင်မတန် မှ ဘုန်းလက်ရုံး နဲ့ ပြည့်စုံပြီး ပညာစုံ တတ် ထားတဲ့ ညီနောင် နှစ်ယောက် ဖြစ်တော့ အစ်ကိုကြီး က ညီလေး ကို ညှာ ပြီး လေးတော် မယှဉ် ပြိုင် ဘဲ ညီလေး ကို ယှဉ်ပြိုင် ခိုင်း သတဲ့ ။ ဒီတော့ ညီလေး က လေးတော် ကို တင်ပြီး သူများ ထက် သာတဲ့ ပညာစွမ်း တွေ ပြ လိုက် တော့ ဘုရင်ကြီး နဲ့ မှူးမတ် ပြည်သူပြည်သား အပေါင်း တို့ ဟာ ဝမ်းသာအားရ နဲ့ ကောင်းချီးဩဘာ ညာသံ ပေးကြတာ နန်းတော် ခန်းမဆောင်ကြီး တစ်ခုလုံး ဆူညံ သွား သတဲ့ ။ ပြီးတော့ ဘုရင်ကြီး က မင်းသားလေး ကို သမီးတော်လေး နဲ့ စုလျားရစ်ပတ် လက်ထပ် ပေးစား လိုက် သတဲ့ ။ အဲဒီ အချိန် မှာ တောစောင့် ဘီလူးကြီး ဟာ မင်းသားလေး ကို ရန်ငြိုး ထားပြီး ပြန်လမ်း က စောင့် နေ သတဲ့ ။
ဒီလိုနဲ့ လေးတော် တင်ပွဲကြီး ပြီးဆုံး သွားတော့ မင်းသားလေး ဟာ မင်းသမီးလေး ကို ခေါ်ပြီး နောင်တော် နဲ့ အတူ နေရပ်ဌာနေ သို့ တောကြီး ထဲ က ဖြတ်သွားကြ သတဲ့ ။ တော ထဲ လည်း ရောက် ရော ဘီလူးကြီး ဟာ အင်မတန် လှပတဲ့ ယုန်လေး ယောင် ဆောင်ပြီး သူတို့ အရှေ့ က ဖြတ် သွားစေ သတဲ့ ။ မင်းသမီးလေး က လည်း အင်မတန် လှပတဲ့ ယုန်လေး ကို မြင်တော့ မင်းသားလေး ကို ဖမ်းခိုင်း လေ သတဲ့ ။ မင်းသားလေး က လည်း တော ထဲ မှာ မကောင်းဆိုးဝါး တွေ ရှိတယ် ။ မယူ ပါ နဲ့ လို့ အတန်တန် တောင်းပန် ပေမယ့် မင်းသမီးလေး ဟာ ဘယ်လိုမှ ပြောလို့ မရဘူးတဲ့ ။ ဒါနဲ့ နောက်ဆုံး မှာ မင်သားလေး က နောင်တော့် ကို မင်းသမီးလေး နား မှာ စောင့်ခိုင်းပြီး ယုန်လေး ကို လိုက် ဖမ်းလေ သတဲ့ ။
ဒီအခါ မှာ တောစောင့် ဘီလူးကြီး ဟာ အကြံ ပိုင်ပြီ ဆိုပြီး မင်းသားလေး ဒုက္ခ ရောက် နေ တဲ့ အသံ ကို ဟန်ဆောင်ပြီး နောင်တော် နဲ့ မင်းသမီးလေး ကြား အောင် အသံ တွေ ကို ဆူညံစွာ အော်စေ သတဲ့ ။ အဲဒီ အသံ တွေ လည်း မင်းသမီးလေး နဲ့ နောင်တော် က ကြား ရော မင်းသမီးလေး က နောင်တော် ဖြစ်တဲ့ မင်းသား ကို “ ညီတော် ဒုက္ခ ရောက်နေပြီ နဲ့ တူတယ် ။ အော်သံတွေ ကြားတယ် ” လို့ ပြော တော့ နောင်တော် မင်းသား က ခယ်မတော် မင်းသမီးလေး ကို ဆူးချုံ တွေ နဲ့ ပတ်ပတ်လည် တားပြီး တားဆီး သွား သတဲ့ ။ ပြီးတော့ မင်းသမီးလေး ကို “ ဒီ ဆူးချုံ အပြင်ဘက် ကို နောင်တော် တို့ ပြန် မလာမချင်း ဘယ်တော့မှ မထွက်ပါနဲ့ ။ ထွက်ခဲ့ရင် ဘေးအန္တရာယ် တွေ့ လိမ့်မယ် ” လို့ မှာ သွား သတဲ့ ။
ဒီ အချိန် မှာ ဘီလူး က ငါ့ အကြံ ပိုင်ပြီ ဆိုပြီးတော့ ရသေ့ကြီး ယောင် ဆောင် လာပြီး မင်းသမီးလေး ရှိရာ ကို အလှူ လာ ခံ သတဲ့ ။ မင်းသမီးကလေး က လည်း ရသေ့ကြီး ဟာ သနား ပါတယ် ဆိုပြီး သူ့ မှာ ရှိတဲ့ သစ်သီး တွေ ကို ဆူးချုံ တွင်း က လောင်း သတဲ့ ။ ဒီတော့ ရသေ့ ယောင် ဆောင် ထားတဲ့ ဘီလူး က “ တကာမ ... ငါ တို့လို ရသေ့မျိုး ဟာ စည်းဝိုင်း တွင်း က လောင်းရင် အလှူ မခံကောင်းဘူး ” လို့ မင်းသမီးလေး ကို ပြော သတဲ့ ။ မင်းသမီးလေးက မောင်တော် တို့ မှာ သွားတဲ့ စကား တွေ ကို မေ့ပြီး ရသေ့ ပြော တဲ့ အတိုင်း ဆူးချုံ အပြင်ဘက် ကို ထွက်ပြီး သစ်သီး ထွက် လောင်း သတဲ့ ။
အဲဒီတော့ ရသေ့ ယောင် ဆောင် ထား တဲ့ ဘီလူး ဟာ မင်းသမီး ကိုခိုးပြီး ထွက်ပြေး သတဲ့ ။ ဒီအခါ မှာ တောစောင့်နတ် တွေ က သူတစ်ပါး ကြင်ယာတော် ကို ခိုးတဲ့ ဘီလူး ဆို ပြီးတော့
“ ဟဲ့ ... ဘီလူး ... ဟဲ့ ... ဘီလူး ယုတ်မာ လှတဲ့ ဟဲ့ ဘီလူး ”
လို့ ဆူညံစွာ အော်ကြ သတဲ့ ။ ဒီ အသံ တွေ ကို မင်းသားလေး ကြား တော့ မင်းသမီးလေး ရှိရာ ကို အမြန် ပြန်လာတဲ့ အခါ ဘီလူး နဲ့ ရင်ဆိုင် သွားတွေ့ သတဲ့ ။ ဒီတော့ မင်းသားလေး က မြား ကို မီးရှို့ ပြီး ဘီလူး ကို ပစ် လိုက်တော့ ဘီလူး ဟာ မြား လည်း ထိရော ကမန်းကတမ်း ပြန်ပြီး ဆွဲနှုတ် လိုက် သတဲ့ ။ ဒါပေမယ့် ဘီလူး ရဲ့အသား မှာ မီးလောင် ပြီး အနာ ရရှိ သွား သတဲ့ ။ ဒီတော့ တောစောင့်နတ် တွေ က မျောက်ကြီးတွေ ယောင် ဆောင်ပြီး “ အသင် ဘီလူး ... အဲဒီ အနာ ကို ပျောက်စေချင် ရင် ဟောဟို က သဲပုံကြီး ပေါ် မှာ အိပ် လိုက် ” လို့ ပြောကြ သတဲ့ ။ ဘီလူး က လည်း တကယ် မှတ်ပြီး သဲပုံကြီး ပေါ် မှာ အိပ်လိုက် သတဲ့ ။ ဒီတော့ မီးလောင်နာကြီး ထဲ ကို သဲတွေ ဝင်ပြီး နာကျင် လေတော့ ဘီလူး က မျောက်တွေ နား ကို ပြန် လာပြီး အကူအညီ တောင်းသေး သတဲ့ ။
မျောက်တွေ က လည်း “ အသင် ဘီလူး အဲဒီ သစ်ကိုင်းခြောက် တွေ ပေါ် မှာ တစ်ခါ ထပ် ပြီး အိပ် လိုက်ရင် ပျောက်သွား ပါလိမ့်မယ် ” လို့ ပြော လိုက်တော့ ဘီလူး က သစ်ကိုင်းခြောက် တွေ ပေါ် မှာ ထပ်ပြီး အိပ် သတဲ့ ။ ဒီတော့ သစ်ကိုင်းခြောက် တွေ ရဲ့ အချွန်အတက် တွေ ဟာ ဘီလူး ရဲ့ မီးလောင်နာကြီး နဲ့ ထိခိုက်မိတော့ သွေးတွေ ထွက်လာ သတဲ့ ။
ဒါပေမယ့် ဘီလူး က မျောက် တွေ ဆီ ကို ပြန် လာပြီး အကူအညီ ထပ် တောင်းသေးပြန် တော့ မျောက်တွေ က “ အသင် ဘီလူး ဒီ သွေးတွေ ပျောက် အောင် ဟောဟို က ရေအိုင်ကြီး ထဲ က ရေတွေ နဲ့ ဆေး ပစ်ရင် ပျောက်ပါ လိမ့်မယ် ” လို့ ထပ် ပြောတော့ ဘီလူး က ရေကန်ကြီး နား သွား ပြီး ရေ ကို ငုံ့ ဆေး တဲ့ အခါ မျောက် ယောင် ဆောင် ထား တဲ့ နတ် တွေ က “ ဒီလောက် တောင် အကျင့် ယုတ်မာတဲ့ ဘီလူး သွားရောဟယ် ” လို့ ဆိုပြီး ဘီလူး ကို ရေကန် ထဲ တွန်းချ လိုက် သတဲ့ ။ ဘီလူး လည်း ရေကန် ထဲ တစ်ရှိန်ထိုး ကျပြီး ေ သသွား သတဲ့ ။ ပြီးတော့ တောစောင့်နတ် တွေ က “ ဟဲ့ ဘီလူး ... ဟဲ့ ဘီလူး ... ယုတ်မာလှတဲ့ ဟဲ့ ဘီလူး ... ခုတော့ အေ သထူး ” လို့ ဆူညံစွာ အော်ကြပြီး ပျောက်ကွယ် သွားကြ သတဲ့ ။
ဒီတော့ နောင်တော် နဲ့ အတူ မင်းသားလေး နဲ့ မင်းသမီးလေး တို့ ဟာ ဘီလူးကြီး ေ သသွား ကြောင်း သိတော့ နောက် တစ်နေ့ နံနက် မိုးသောက် လင်း တဲ့ အချိန် မှာ နေရပ်ဌာနေ ပြန်ဖို့ တောခရီးကို ဆက်လက် ထွက်ခွာ သွားကြပါလေရောတဲ့ ကွယ် ။
ညီလေး တို့ ညီမလေး တို့ လည်း ဒီ ပုံလေး ကို ထောက်ရှုခြင်း အားဖြင့် သူတစ်ပါး ကို မနာလို မပြုကြပါ နဲ့ လို့ အစ်ကိုလေး က သတိ ပေး လိုက်ပါတယ် ။
◾မောင်ယဉ်ထွေး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment