Saturday, June 22, 2024

သက်ရှိထင်ရှား ‌ေ သသူများ


 ❝ သက်ရှိထင်ရှား ‌ေ သသူများ ❞


ကိုအဏ္ဏဝါ သည် နိုင်ငံခြား သင်္ဘောကြီး ဖြင့် ဘယ်လ်ဂျီယံ နိုင်ငံ အင်းဒွပ်မြို့ မှ ထွက်ခွာ လာခဲ့သည် ။ အင်္ဂလိပ် ရေလက်ကြား ကို ဖြတ်သည် ။ မြေထဲပင်လယ် ထဲ ကို ဝင်သည် ။ စူးအက် တူးမြောင်း ကို ဖြတ်သည် ။ ပင်လယ်နီ ထဲ မှာ သွား နေစဉ် ခပေါင်း ဒူးယား ခေါ်သံ ကြား ၍ နားထောင် နေသည် ။ ခပေါင်းဒူးယား ဆိုတာ မြန်မာ သင်္ဘောသား အချင်းချင်း ရေဒီယို ဖြင့် ဆက်သွယ်ရန် ခေါ်သည့် ပဏာမ အခေါ် သညာ ဖြစ်သည် ။ ကိုအဏ္ဏဝါ ပြန် ထူး လိုက်သည် ။


“ ဒူးယား ရှိပါတယ် ၊ ဘယ် သွားမလဲ ” 


“ ခပေါင်းဒူးယား ခြောက်ဆယ့်ကိုး ”


သင်္ဘောသား အချင်းချင်း သာ နားလည် သည့် စကားတွေ ဖြစ်သည် ။ စတင် ဆက်သွယ်သည့် လေလှိုင်း ( ၁၆ ) မှာ အကြာကြီး စကား ပြောခွင့် မရှိသည့် အတွက် လေလှိုင်း ( ၆၉ ) ကို ပြောင်းပြီး ပြောကြမယ် လို့ ပြောလိုက်ခြင်း ဖြစ်သည် ။ 


“ ခပေါင်းဒူးယား ၆၉ ရောက်ပြီ ကြားလား ”


“ ကြားပါတယ် ၊ ဘယ်သူပါလဲ ”


“ ကျွန်တော် သက်လွင်ဖေ ပါ ။ အခု ပြောနေတာ ဘယ်သူပါလဲ ” 


သက်လွင်ဖေ ။ ဆက်သွယ်ရေး အရာရှိ လောက မှာ ဒီ နာမည် နဲ့ တစ်ယောက် တည်း သာ ရှိသည် ။ ဆက်သွယ်ရေး အရာရှိ စာမေးပွဲ ဖြေမည့် သူတွေ ကို စာသင် ပေး နေသည့် ဆရာဦးမြဖေ ၏ သား ဖြစ်သည် ။ ကိုအဏ္ဏဝါ နှင့် အတူ မြန်မာ့ရေနံ မှာ ယာယီ နေ့စား ဝင်လုပ် သွားခဲ့သည့် ကောင်လေး ဖြစ်သည် ။ မတွေ့ရ တာ ကြာ လို့ ကိုအဏ္ဏဝါ ဝမ်းသာ သွားသည် ။


“ ဟေ့ကောင် ... ငါပါ ကွ ၊ ဦးစိုးမြင့် ပါ ။ မင်း က ဘယ် က လာ လို့ ဘယ်ကို သွား နေတာလဲ ”


“ ဘယ် ဦးစိုးမြင့် လဲ ဗျ ”


ကိုအဏ္ဏဝါ နဲ့ တွေ့တာ ကို ဝမ်းသာအားရ မဖြစ်ဘဲ ဘယ် ဦးစိုးမြင့် လဲ ဟု မေးသည် ။ ဘယ်က လာလို့ ဘယ်ကို သွားမယ် ဆိုတာ ကို လုံးဝ မပြောဘဲ ကသော ကမျော ပြန် မေးသည် ။


“ ဟေ့ကောင် .. ဘာ ကြောင် နေတာလဲ ၊ မင်း အစ်ကိုကြီး ပါ ကွ ” 


“ ရေနံ မှာ လုပ်ခဲ့တဲ့ ထိပ်ပြောင်ပြောင် နဲ့ ဦးစိုးမြင့် လား ”


တစ်ယောက် နှင့် တစ်ယောက် မမြင်ရ ရုံ သာ မက သင်္ဘော တစ်စီး နှင့် တစ်စီး ပင် မမြင်နိုင်သည့် အကွာအဝေး မှ ရေဒီယို ဖြင့် ပြော နေကြရ၍ သေချာ အောင် မေး နေခြင်း ဖြစ်သည် ။


“ ဟုတ်ပါတယ်ကွ ”


“ ကဲ ... ဒီ တစ်ခါ သေချာအောင် ထပ် မေး ဦးမယ် ။ ရေတပ် က ထွက်ပြီး ကျွန်တော် နဲ့ အတူ ရေနံရှာဖွေရေး မှာ ယာယီ ဝင် လုပ်ခဲ့တဲ့ ထိပ်ပြောင်ပြောင် နဲ့ ဦးစိုးမြင့်ကြီး လား ”


“ ဟုတ်ပါတယ်ကွ ။ မင်း ငါ့ အသံ ကို မမှတ်မိတော့ ဘူးလား ”


“ မှတ်မိတာပေါ့ အစ်ကိုကြီး ရာ ၊ အစ်ကိုကြီး ‌ေ သသွားပြီ လို့ သိထားလို့ပါ ” 


“ ဖွ ... လွဲပါစေ ။ ဖယ်ပါစေ ။ မင်း ကို ဘယ်သူပြောလဲ ”


“ ဘယ်သူ ဟုတ်ရမှာလဲ ၊ အစ်ကိုကြီး ရဲ့သူငယ်ချင်း ကိုလွင် ပြောတာ ” 


“ ဟာ ... ဒီ လူ ငါ နဲ့ တွေ့ မယ် ။ နိမိတ် မရှိ နမာ မရှိကွာ ”


အဲဒီ နေ့ က သက်လွင်ဖေ နှင့် ရှေးဟောင်းနှောင်းဖြစ် တွေ အတော် ကြာ အောင် ပြော လိုက်ကြသည် ။ ကိုအဏ္ဏဝါ မ‌ေ သ ဘဲ အသက် ထင်ရှား ရှိ နေသေးတယ် ဆိုတာ သိ သွားလို့ ဝမ်သာ သွားသည် ။


ကိုအဏ္ဏဝါ မြန်မာပြည် ပြန် ရောက် ပြီး ခြောက်လ လောက် အကြာ မှာ ကိုလွင် နှင့် သူ့ မိန်းမ မလှသောင်း တို့ ကိုအဏ္ဏဝါ ၏ အိမ် ကို ရောက် လာကြသည် ။


အိမ် ရှေ့ မှာ ကား ရပ်ပြီး ကား ပေါ် က ဆင်း လာကြသည့် သူတို့ လင်မယား ကို ကိုအဏ္ဏဝါ က ထွက် ကြိုသည် ။ ကိုလွင် သည် ကိုအဏ္ဏဝါ ကို မြင်လိုက်တယ် ဆိုလျှင် တစ္ဆေ အခြောက် ခံရ သလို မျက်လုံးကြီး ပြူး သွားသည် ။ မလှသောင်း က တော့ ကြောက် လို့ ကိုလွင် ရဲ့ နောက် ကို ဝင် ပုန်းသည် ။ ကိုလွင် က ရယ်ပြီး သူ့ မိန်းမ ကို ပြန် ကြည့် သည် ။ ကိုလွင် က မချိုမချဉ် မျက်နှာ ဖြင့် အိမ် ထဲ ဝင် ပြီး ရယ်ကျဲကျဲဖြင့် ပြောသည် ။


“ ဘယ်လိုလဲ ကိုယ့်လူ နေကောင်းရဲ့လား ။ ဘယ်တုံး က ပြန်ရောက်လဲ ”


“ ကောင်းပါတယ် ။ ပြန် ရောက် နေတာ ခြောက်လ ကျော်ပြီ ” 


လင်မယား နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံးစိစိ လုပ် နေကြသည် ။ စကား တစ်ခု ကို ပြောသင့် မပြောသင့် ချိန်ဆ နေကြဟန် တူသည် ။ နောက်ဆုံးတော့ မထူးပါဘူး ဆိုပြီး ပြော တော့သည် ။


“ ကိုယ် လည်း ပြန်ရောက် နေတာ တစ်နှစ် ပြည့် တော့မယ် ။ ခင်ဗျား အိမ် ကို လာချင် ပေမယ့် မထူးတော့ပါဘူး ဆိုပြီး မလာဘဲ နေတာဗျ ။ အခု ဒီနား ကို ကိစ္စလေး တစ်ခု နဲ့ လာရင်း ခင်ဗျား မိန်းမ ကို အားပေး စကား ပြောဖို့ ဝင် လာတာ ။ ခင်ဗျား နဲ့ တန်း တိုး တာပဲ ။ ရှင်းအောင် ပြောရရင် ခင်ဗျား ‌ေ သသွားပြီ လို့ ထင် နေတာ ”


ဒီတော့ မှ ကိုအဏ္ဏဝါ သဘောပေါက် တော့သည် ။ အိမ် ထဲ ဝင် လာတုန်း က လင်မယား နှစ်ယောက် လုံး သရဲ ခြောက် ခံရသူတွေ လို မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြတာ ကိုးဟု သတိရ လိုက်သည် ။ မနှစ် က ပင်လယ်နီ ထဲ မှာ သက်လွင်ဖေ နှင့် တွေ့တုန်း က ပြောသွားတာ ကို ပါ ပြန်လည် သတိရ လာသည် ။ 


“ ခင်ဗျား ကို ဘယ်သူ ပြောလဲ ”


“ ဒီမှာ လေ ... ခင်ဗျား ‌ေ သသွားပြီ ဆိုပြီး ကျွန်တော့် ဆီ စာ လှမ်းရေးတယ် ။ နာရေးကြော်ငြာ သတင်းစာ ဖြတ်ပိုင်းလေး တောင် ပါ သေးတယ် ။ ကျွန်တော် က လည်း တွေ့သမျှ လူတွေ ကို လျှောက် ပြော လိုက်မိတယ် ။ သက်လွင်ဖေ နဲ့ တွေ့ လို့ တောင် ပြောလိုက် သေးတယ် ”


“ ဒီမှာလေ ” လို့ သူ့ မိန်းမ ကို လက်ညှိုး ထိုး ပြပြီး ပြောသည် ။ မလှသောင်း က လည်း ဝန်ခံသည် ။ သတင်းစာ နာရေးကြော်ငြာ ထဲ မှာ အာအို ဦးစိုးမြင့် လို့ တွေ့တာ နဲ့ သေချာအောင် လိပ်စာ ကို လည်း မစစ် ၊ ဖုန်းဆက် ပြီး တော့ လည်း မမေးတော့ဘဲ သူ့ လင် ကိုလွင် ဆီ ကို စာ ရေး လိုက်တော့သည် ။ သတင်းစာ ကြော်ငြာ ကို ပါ ဖြတ် ထည့် ပေး လိုက်သေးသည် ဟု ဆိုပါသည် ။


“ နည်းနည်းပါးပါး မေးပါ စမ်းပါဦးလား ”


“ ယတြာ ချေပြီးသား ဖြစ်သွားတာပေါ့ဗျာ ။ ကပ်ကျော် သွားတာပေါ့ ” 


အသက် ထင်ရှား ရှိနေပါ လျက် ‌ေ သသူစာရင်း ဝင် သွားသည့် ကိုအဏ္ဏဝါ မှာ တော့ ကပ်ကျော် သွားတာပေါ့ ဆိုသည့် စကားလေး ဖြင့် သာ ကျေနပ် လိုက်ရပါ တော့သည် ။


၂၇ - ၇ -၂ဝဝ၃ နေ့ ၊ နေ့လယ် မှာ ကိုအဏ္ဏဝါ နှင့် ဆရာ မောင်ပေါ်ထွန်း တို့ အတူ ရှိနေကြစဉ် ဆရာ မောင်ပေါ်ထွန်း ၏ အိမ် ထဲ ကို လူရွယ် တစ်ယောက် ဝင် လာသည် ။ အသက် ၃၅ နှစ် ခန့် ရှိမည် ထင် ရသော ကြောင့် လူငယ် လို့ မပြောဘဲ လူရွယ် လို့ ပြောရခြင်း ဖြစ်သည် ။ လူရွယ် သည် ဆရာ မောင်ပေါ်ထွန်း နှင့် အလွန် ရင်းနှီး ခင်မင် ပြီးသူ ဖြစ်ကြောင်း ပြောပုံဆိုပုံ ကို ကြည့်၍ သိနိုင်ပါသည် ။ လူရွယ် သည် မစွမ်းမသန် သည့် ဒုက္ခိတ ဖြစ်ကြောင်း ကို လည်း ပြောပုံဆိုပုံ ကိုကြည့် ၍ ပင် သိနိုင်ပါသည် ။


“ အောင်အောင်ကာမိုး ကေတွားဘီး အာအာဖေ က ပေါခိုင်းလိုက်တယ် ” 


အောင်သာမိုး ‌ေ သသွားပြီ ၊ အဖေ က ပြောခိုင်း လိုက်တယ် ။ စကား ကို ပီအောင် မပြောနိုင် သော်လည်း နားလည် နိုင် ပါသည် ။ ကိုအဏ္ဏဝါ ရော ဆရာ မောင်ပေါ်ထွန်း ပါ အံ့သြ သွားကြသည် ။ လွန်ခဲ့သည့် တစ်ပတ် လောက် က ပင် လေထန်ကုန်း လက်ဖက်ရည်ဆိုင် မှာ ထိုင် နေတာ တွေ့ ခဲ့သေးသည် ။ အရက် ဖြတ် ထားလို့ စိုစိုပြည်ပြည် လန်းလန်းဆန်းဆန်း ပြန် ဖြစ် နေသည် ။ အခုတော့ သေပြီ ဆိုလို့ မယုံနိုင် ဖြစ်ရသည် ။ သူ့ အဖေ က ဆရာ မောင်ပေါ်ထွန်း သိအောင် သွား ပြော ပေးပါ ဆို လို့ လာ ပြောကြောင်း ပြောပါသည် ။


လာ ပြောသည့် လူရွယ် ၏ ပုံသဏ္ဌာန် နှင့် ပြောပုံဆိုပုံ ကို ကြည့် ပြီး ကိုအဏ္ဏဝါ သံသယ ဖြစ် မိသည် ။ အရက်ဖိုး လာတောင်း သည့် စိတ်မနှံ့သူ လို့ တောင် ထင် လိုက်မိ သေးသည် ။ လူရွယ် ပြန် သွားတော့ မှ ဆရာ မောင်ပေါ်ထွန်း က လူရွယ် ၏ အကြောင်း ကို ပြောပြသည် ။


“ ကျွန်တော့် မိတ်ဆွေ ကိုသောင်းဖေ ရဲ့သား ဗျ ။ မောင်စိုးခိုင် လို့ခေါ်တယ် ။ ရုပ်ပြ ရေးတယ် ။ လူခါး ဆိုတဲ့ ကလောင် နာမည် နဲ့ ဇာတ်ညွှန်း ရေးတယ် ။ လေဖြတ် ပြီး စကား မပီ ဖြစ် နေတယ် ။ အောင်သာမိုး ရဲ့သား ရဲနန္ဒာစိုး တို့ နဲ့ သူငယ်ချင်း တွေ ပဲ ။ ကိုသောင်းဖေ က ပြောခိုင်း လိုက်တာ ဆိုတော့ ဟုတ်မယ်ဗျ ”


အောင်သာမိုး ရဲ့သား က လည်း မောင်ယုယ ကလောင် အမည် ဖြင့် ဇာတ်ညွှန်း ရေးသူ ဖြစ်သည် ။ အောင်သာမိုး သေပြီလို့ လာ ပြော သူ သည် အမူးသမား လည်း မဟုတ် ၊ အရူး လည်း မဟုတ် သည့် အပြင် အောင်သာမိုး မိသားစု နှင့် အလွန် ခင်မင် ရင်းနှီးသော ဦးသောင်းဖေ ၏ သား ဖြစ်သည် ဆိုသောကြောင့် ဆရာ မောင်ပေါ်ထွန်း သာ မက ကိုအဏ္ဏဝါ ပါ စဉ်းစားရ တော့သည် ။ ‌ေ သပြီ ဆိုတော့ မသိလို့ မသွားတာ က အကြောင်း မဟုတ် သော်လည်း သိပါလျက် နဲ့ မသွားပါ က ရိုင်းရာ စိမ်းကားရာ ကျတော့မည် ။


နောက် အကြောင်း တစ်ခု က လည်း ရှိသေးသည် ။ အောင်သာမိုး သည် ဆရာ မောင်ပေါ်ထွန်း နှင့် ခင်မင်ရင်းနှီး ရုံ မျှသာ ဖြစ်သော် လည်း ကိုအဏ္ဏဝါ နှင့် အောင်သာမိုး တို့ က ငယ်သူငယ်ချင်း တွေ ဖြစ်သည် ။ ပြည်တော်သာ ခေတ် မှာ ကိုအဏ္ဏဝါ က ကိုရင် ၊ အောင်သာမိုး က အင်္ဂလိပ်ကျောင်း က ကျောင်းသား ၊ ကျောင်း ပိတ်ရက် တွေ မှာ ကိုအဏ္ဏဝါ ရှိ ရာ ဘုန်းကြီးကျောင်း မှာ လာ နေခဲ့ သူ ဖြစ်သည် ။ အဲဒီလို ခင်မင်မှု အစဉ်အလာ ရှိခဲ့ သူ ဖြစ်သည် ။


ဆရာ နန္ဒမိတ် နှင့် အောင်သာမိုး တို့ စစ်ပြန် မဂ္ဂဇင်း မှာ အယ်ဒီတာ ဖြစ်လာ ကြ တော့ ကိုအဏ္ဏဝါ က သွား လည်သည် ။ ညနေစောင်း လာ လျှင် အရက် အတူ သောက် ကြသည် ။ ၁၉၈၀ ခုနှစ် လောက် အထိ စာ မရေးတတ်သေး သည့် ကိုအဏ္ဏဝါ သည် အယ်ဒီတာ တွေ နှင့် အတူ ( လက်ရည်တူ ) အရက် သောက် နိုင်သည် ။ ကိုအဏ္ဏဝါ စာ ရေး ဖြစ်အောင် တိုက်တွန်းခဲ့ သူ တွေ ထဲ မှာ အောင်သာမိုး ပါသည် ။ အဲဒီလို သံယောဇဉ် ရှိခဲ့သူ ဖြစ်လို့ ‌ေ သပြီ ဆိုတော့ သူ့  အိမ် ကို သွား မှ ဖြစ်တော့မည် ။


ဆရာ မောင်ပေါ်ထွန်း နှင့် အတူ အိမ် က ထွက် ကြသည် ။ ဆရာအီကြာကွေး ကို ဝင် ခေါ်ကြသည် ။ ဆရာ အီကြာကွေး က တုပ်ကွေးဖျား နေလို့ မလိုက်တော့ဘူး ဟု ဆိုသည် ။ ဆရာကွေး အိမ် မှာ ခေတ္တ ရောက် နေသည့် စည်ပင်အရာရှိ ဦးသိန်းဌေး က သူ သည် အထက်တန်းကျောင်းသုံး ကဗျာစာအုပ် မှာ ပါသည့် အောင်သာမိုး ၏ ( ကွက်လပ်ဖြည့်ပါ ) ကဗျာ ဖြင့် ဆယ်တန်း အောင်ခဲ့သူ ဖြစ်လို့ အသုဘ ရှုရန် လိုက်ပါရစေ ဆို၍ ခေါ် လာခဲ့ပါသည် ။


အောင်သာမိုး နေထိုင်ရာ ယုဇနဥယျာဉ်မြို့တော် က တိုက်ခန်း ကို ရောက် တော့ ဘာမှ ထူးခြား နေတာ မတွေ့ရ လို့ သံသယ ဖြစ် မိသည် ။ အသုဘ အိမ် နဲ့ မတူဘဲ သာမန် အနေအထား အတိုင်းပဲ တွေ့ ရသည် ။ မဝံ့မရဲ တံခါးခေါက် လိုက် ကြသည် ။ အောင်သာမိုး ရဲ့ သား ရဲနန္ဒာစိုး ( မောင်ယုယ ) က တံခါး လာ ဖွင့်ပေးသည် ။


ဆရာ မောင်ပေါ်ထွန်း နှင့် ကိုအဏ္ဏဝါ ကို မြင်တော့ တအံ့တသြ ဖြစ် သွားသည် ။ နင့် အဖေ ရော လို့ မေး တော့ ရှိပါတယ် ၊ အိပ်ခန်း ထဲ မှာ စာ ဖတ် နေတယ်လို့ ပြော သည် ။


“ အဖေ ... ဧည့်သည် တွေ လာတယ် ”


ဧည့်သည် တွေ လာတယ် ဆိုတော့ ‌ေ သပြီ ဆိုတဲ့ အောင်သာမိုး က အခန်း ထဲ က ထွက် လာသည် ။ ကိုအဏ္ဏဝါ နှင့် ဆရာ မောင်ပေါ်ထွန်း တို့ ကို မြင် တော့ တအံ့ တသြ ဖြင့် ဝမ်းသာအားရ ဖြစ်နေသည် ။ ဘယ် က လှည့် လာ ကြတာလဲ ဟု မေးသည် ။ နင် ‌ေ သတယ် ဆိုလို့ အသုဘ ရှုဖို့ လာတယ် လို့ ပြောလိုက်ချင် သော်လည်း မသင့် လျော်ဘူး ထင် လို့ လိမ်ရတော့သည် ။


“ ကိစ္စလေး တစ်ခု ရှိလို့ ဒီ ဘက် ကို လာရင်းနဲ့ နင့် ကို သတိရ လို့ ဝင်လာတာ ” 


သတိတရ ဝင်လာတယ် ဆိုလို့ အတော် ကျေနပ် သွားပုံ ရသည် ။ ယုတ္တိ ရှိအောင် စာအကြောင်း ၊ ပေအကြောင်း ၊ ရပ်အကြောင်း ၊ ရွာအကြောင်း တွေ ပြောပြီး တစ်နာရီ လောက် ကြာ အောင် သူ့ အိမ် မှာ နေခဲ့ရသည် ။ အရက် ဖြတ် ထား လို့ ကိုယ်သား ကိုယ်ရေ စိုစိုပြည်ပြည် ဖြစ်နေတာ မြင်ခဲ့ရသည် ။ အသက် ရှည် ဦးမည့် သဘော ဖြစ်သည် ။


ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး တစ်ခု ခု တော့ မှား နေပြီ ဆိုပြီး ဦးသောင်းဖေ ကို ဖုန်းဆက် မေး ကြည့်သည် ။ သူ လည်း သူများ ပြောလို့ သိရတဲ့ အတွက် သူ့ သား ကို ပြောခိုင်း လိုက်တာ ဟု ဆိုသည် ။ ကိုလွင် ပြော သလို ယတြာ ကျေသွားတာပေါ့ လို့ သာ တွေးလိုက်မိ ပါသည် ။


◾အဏ္ဏဝါစိုးမိုး


📖 သောကြာ မဂ္ဂဇင်း     

      အောက်တိုဘာလ ၊ ၂၀၀၃ ခုနှစ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment