Monday, June 17, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၉ )


 

အဲသည်တုန်း က ကိုဘဂျမ်း နဲ့ မအေးနု တို့ ရဲ့ သမီး အငယ်ဆုံး မြမြအေး သုံးခါလည် ပဲ ရှိသေးတယ် ။ ဟုတ်တယ် ။ အခု မြမြအေး အသက် နှစ်ဆယ် ကျော် နေပြီ ။ တက္ကသိုလ် ရောက် နေပြီ ။

ဟုတ်တယ် ။ ကိုဘဂျမ်း နဲ့ မအေးနု တို့ တယောက် နဲ့ တယောက် စကား မပြောကြတာ လဲ အနှစ် နှစ်ဆယ် ကျော်ပြီ ။

ဟုတ်တယ် ။ အမိုး တမိုး တည်း ရဲ့ အောက် မှာ အတူတူ နေ နေကြတာပါပဲ ။ တအိမ် တည်း မှာ အတူတူ နေ နေကြတာပါပဲ ။

လင်မယား လဲ မကွဲကြပါဘူး ။

ခွန်းကြီးခွန်းငယ်လဲ စကား မများကြပါဘူး ။

ရန် လဲ မဖြစ်ကြပါဘူး ။

ဒါပေမယ့် တအိပ်ရာ တည်း မှာ တော့ အတူတူ မအိပ်ကြဘူး ။ တစားပွဲ တည်း တဝိုင်း တည်း မှာ အတူတူ ထမင်း မစားကြ ဘူး ။ ဘယ်နေရာ မှာ မှ မျက်နှာချင်းဆိုင် မထိုင်ကြဘူး ။ ဘာ အကြောင်း နဲ့ မှ တယောက် နဲ့ တယောက် စကား မပြောကြဘူး ။

ကိုဘဂျမ်း ရဲ့ ဧည့်သည် အိမ် ကို လာယင် ကိုဘဂျမ်း က ထွက် ဧည့်ခံစကား ပြောတယ် ။ မအေးနု က အိမ်ခန်း ထဲ က အပြင် ထွက် မလာဘူး ။

အလားတူပဲ ။ မအေးနု ရဲ့ ဧည့်သည် လာ လို့ ရှိယင် လဲ ကိုဘဂျမ်း က ဝေးရာ သွားနေတယ် ။ တခြား ရှောင်တယ် ။ သိ နေတဲ့ တိုင် အောင် ဝင် စကား မပြောဘူး ။

ပထမပိုင်း တုန်း က တော့ ကိုဘဂျမ်း အိမ် က ဆင်း သွား လိုက်သေးတယ် ။ အမရပူရ မှာ သွား နေတယ် ။

အမရပူရ မှာ ယက်ကန်းလုပ်ငန်း ကို တော့ လုပ်ဖြစ် အောင် လုပ်တယ် ။ “ ချမ်းအေးစာနယ်ဇင်း ” နဲ့ “ ချမ်းအေးပုံနှိပ်တိုက် ” က ဝင်ငွေ နဲ့ ပဲ မြေနေရာ ဝယ်တယ် ။ ယက်ကန်းရုံ ဆောက်တယ် ။

လုပ်ငန်း အတွက် အရင်းအနှီး ကို တော့ တနေရာ ရာ က ဆွဲတယ် ။ လှည့်တယ် လို့ ဆိုတယ် ။ ဘာပဲ ပြောပြော ၊ ယက်ကန်း လုပ်ငန်း ကို တော့ တည်ထောင် ဖြစ်တယ် ။

အဲသည်မှာ ပဲ ကိုဘဂျမ်း နေတယ် ။ မောင်ကောင်းမြင့် ကို အနား မှာ အဖော် ခေါ် ထားတယ် ။ မောင်ကောင်းမြင့် က လဲ အားကိုး ရ ပါတယ် ။ ကိုဘဂျမ်း သွင်း တဲ့ ပုံစံအတိုင်း ဖြစ်လာခဲ့ ပါတယ် ။ ယက်ကန်းလုပ်ငန်း လဲ အောင်မြင်ခဲ့ ပါတယ် ။

ဒါပေမယ့် ကိုဘဂျမ်း အရေး နိမ့် ခဲ့တယ် ။

မောင်ကောင်းမြင့် က မအေးနု ရဲ့ ညီမ အငယ်ဆုံး မလှနု ကို ခိုး ပြေးတယ် ။

ဆိုလိုတာ က မောင်ကောင်းမြင့် လဲ မအေးနု တို့ အုပ်စု ထဲ ကို ရောက် သွားတယ် ။

ပြဿနာ က မောင်ချမ်းအေး က လဲ သုံးလို့ မရဘူး ။ ပညာ က တော့ သိပ် မဆိုးပါဘူး ။ ဘွဲ့ကလေး တဘွဲ့ တော့ ရပါတယ် ။ ဒါပေမယ့် အလုပ် ထဲ မှာ သိပ် မနေချင်ဘူး ။

ပင်ပင်ပန်းပန်း မလုပ်ခဲ့ရ ဖူးတော့လဲ ၊ ငွေ ရဲ့ တန်ဖိုး ကို မသိဖူးပေါ့လေ ။ ခါး ချိုးပြီး အလုပ် လုပ်ရ မှာ ကို ကြောက် တယ် ။ စာအုပ်ဆိုင် မှာ ထိုင်ရမှာ ကို ဝန်လေးတယ် ။ သူ့ ပညာ အရည်အချင်း နဲ့ သည် အလုပ်မျိုး နဲ့ မတန်ဘူး လို့ လဲ ထင်တယ် ။

အငယ် တွေ လဲ အတူတူပါပဲ ။ သမီး တွေ ဆိုတာ က တော့ မပြောနဲ့ တော့ ။ ကိုဘဂျမ်း သူ့ သား သူ့ သမီး တွေ ကို တယောက် မှ အား မရဘူး ။ ကြည့် မရဘူး ။

ချစ်တာ က တော့ ချစ် ပါတယ် ။ ဒါပေမယ့် စိတ်တိုင်း မကျဘူး ။ မကျေနပ်ဘူး ။

မကျေနပ် လို့ လဲ သား မောင်ချမ်းအေး က လွဲလို့ ဘယ်သူ့ ကို မှ ဘယ် နေရာ မှာ မှ တာဝန် မပေးဘူး ။ နေရာ မပေးဘူး ။ မောင်ချမ်းအေး ကို တော့ ပုံနှိပ်စက် မှာ တာဝန်ယူ ခိုင်းတယ် ။

ပုံနှိပ်စက် မှာ တာဝန် ယူ ခိုင်းရတဲ့ အကြောင်း က လဲ ရှိတယ်လေ ။ ခင်မောင်လတ် က နောက်ပိုင်း မှာ စာရင်း မရှင်း တော့ဘူး ။ ပြီးတော့ မိန်းမ ယူ လိုက်တယ် ။

ယူ လိုက်တဲ့ မိန်းမ နဲ့ ပတ်သက်လို့ လဲ ကိုဘဂျမ်း သဘော မတူဘူး ။ မကျေနပ်ဘူး ။

အမှန်က တော့ သူ ကြိုက်လို့ သူ ယူတာ ၊ ဘာဖြစ်သလဲ ။ ကိုယ့် ညီ လဲ မဟုတ် ။ ကိုယ့် သား လဲ မဟုတ် ။ အနေသာ ချည်း ပဲ ။ ဒါပေမယ့် မဟုတ်ရဘူး ။ အမျိုးသမီး က ဘယ့်နှယ် ဘာညာ နဲ့ ရှုတ်ချ ကန့်ကွက်တယ် ။ သည်တော့ ခင်မောင်ဦး ရဲ့ မင်္ဂလာ ဆောင် မှာ တုန်း က လို တင့်တင့်တယ်တယ် ခမ်းခမ်းနားနား လက်ထပ် မပေးဘူး ။ ပစ်ထား လိုက်တယ် ။

သည် အချိန် မှာ ပုံနှိပ်စက် ကို မောင်ချမ်းအေး ရဲ့လက် အပ် လိုက်တယ် ။

နောက်တော့ လဲ ခင်မောင်လတ် ကို ပြန် လက်ခံပါတယ် ။ ပုံနှိပ်စက် မှာ ပဲ တာဝန်ယူ စေတယ် ။ ဒါပေမယ့် ခေါင်းဆောင် တော့ မလုပ်ရတော့ဘူး ။ မောင်အေးချမ်း ရဲ့ လက်အောက် မှာ ပဲ လုပ်ကိုင်ရ တော့တယ် ။

ဒါပေမယ့် မောင်ချမ်းအေး အုပ်ချုပ် တဲ့ အချိန် က စပြီး ပုံနှိပ်စက် ရဲ့ ဝင်ငွေ က တဖြည်းဖြည်း နဲ့ ကျ လာတယ် ။ အလုပ် လဲ ပါး လာတယ် ။ မောင်ချမ်းအေး က ခင်မောင်လတ် လို မဟုတ်တော့ ၊ အလုပ်သမား တွေ နဲ့ လဲ မကြာခဏ ပြဿနာ ဖြစ်တတ်တယ် ။ ခေတ် က လဲ ပြောင်းလဲ လာတယ်လေ ။

အလုပ်သမားခေတ် ရောက် လာပြီ မဟုတ်လား ။

ကိုဘဂျမ်း ပုံနှိပ်စက် မှာ ပြောင်း နေဖို့ စီစဉ် သေးတယ် ။

ဒါပေမယ့် ကိုဘဂျမ်း ရဲ့ အနား မှာ ကိုဘဂျမ်း နဲ့ အတူ လိုက် နေမယ့် အဖော် မရှိတော့ဘူး ။

သည် အထဲ မောင်ချမ်းအေး က လဲ အိမ်ထောင် ပြု လိုက်တယ် ။ ပုံနှိပ်စက် မှာ နေကြတယ် ။

ကိုဘဂျမ်း စိတ် တွေ လျှော့ လိုက်တယ် ။

အဲ ... အဲသည် လို စိတ်တွေ လျှော့ လိုက်လို့ပဲ ထင်ပါရဲ့ ။ မပြောမဆို မထိန်းမသိမ်း တော့ လို့ပဲ ထင်ပါရဲ့ ။

အိမ် မှာ လဲ စားအိုးတွေ ကွဲ ကုန် လာကြတယ် ။ မောင်ကောင်းမြင့် တို့ က တအိုး ။ ခင်မောင်ဦး တို့ က တအိုး ခင်မောင်လတ် တို့ က တအိုး ။ မောင်ချမ်းအေး တို့ က တအိုး ။ မအေးနု နဲ့ သူ့ သားသမီး တွေ က တအိုး ။ မအေးနု ရဲ့ မောင် တွေ ညီမ တွေ က တအိုး ။ အိမ် တအိမ် တည်း မှာ ထမင်းအိုး တွေ ခြောက်အိုး ခုနစ်အိုး ကွဲ လာတယ် ။

ကိုဘဂျမ်း မှာ ကတော့ အိုး မရှိပါဘူး ။

ကြုံရာ လူ က ခူးခပ် ကျွေး တဲ့ ထမင်းဟင်း ကို စားပစ် လိုက်တာပဲ ။ မစား ချင် ယင် လဲ အပြင် ကြုံရာ ဆိုင် မှာ ဝယ် စား လိုက်တာပဲ ။

တခု ဝမ်းနည်းစရာ ကောင်းတာ က ... အိုး ခြောက်အိုး က ဟင်း တခွက် ပဲ စားဦးစားဖျား ပေး ဦးတော့ ။ ဟင်း ခြောက်ခွက် ရနိုင်မယ် ။ ကိုဘဂျမ်း ဟင်း ခြောက်ခွက် နဲ့ ထမင်း စား နိုင်တယ် ။

ဟင်း ခြောက်ခွက် နဲ့ အဆင်သင့် လက်ဆေး စား နိုင်ဖို့ ဘယ်လောက် ကောင်းသလဲ ။

ဒါပေမယ့် ကိုဘဂျမ်း များသော အားဖြင့် အပြင် ထမင်းဆိုင် တွေ မှာ ပဲ စားရ လေ့ ရှိတယ် ။

ကိုဘဂျမ်း က လဲ သူများ ကို ဒုက္ခ မပေးချင်ပါဘူး ။

•••••   •••••   •••••

ဟုတ်တယ် ။

ကိုဘဂျမ်း ဆုံးတော့လဲ ဘယ်သူ့ ကို မှ ဒုက္ခ မပေးပါဘူး ။ ဆိုင် မှာ ထိုင် နေတုန်း ၊ ညဦးပိုင်း ရုတ်တရက် လဲကျတယ် ။ ဆေးရုံ ကို မပို့ကြပဲ ၊ အိမ် ကို ပြန် သယ်တယ် ။ လမ်း မှာ ဆုံး တာပဲ ။

ကိုဘဂျမ်း ဆုံး တော့ အသက် ခြောက်ဆယ် ကျော် ရုံ ပဲ ရှိသေးတယ် ။ နေမယ် ဆိုယင် နောက် အနည်းဆုံး ဆယ့်ငါးနှစ် လောက် တော့ နေနိုင် သေးတယ် ။ မသေသင့် သေးဘူး ။

ကျုပ် အနေ နဲ့ ပြောရယင် တော့ ကျုပ် မိတ်ဆွေကြီး ကိုဘဂျမ်း ကို မသေစေ ချင်သေးတာ အမှန်ပဲ ။

ဒါပေမယ့် မနေသင့် တော့ တာ လဲ အမှန်ပဲ ။

ပြီးပါပြီ ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment