❝ အနာတရ ❞
“ အချစ် မှာ နောင်တတရား မရှိ ” ဟူသော အယူအဆ ကို သူမ အခိုင်အမာ ယုံကြည်ခဲ့ ဖူးသည် ။
ထိုအခါ “ နောင်တ တရား ကို ဖွဲ့စည်း ပါဝင် နေပါ ကလည်း အချစ် မဟုတ် ” ဟု သူ က ယိုးစွပ် တော့ သည် ။
ဖြစ်နိုင်လျှင် လွန်ခဲ့သော ဆယ်နှစ် က ဖြစ်ပေါ်ခဲ့ ဖူးသော သူမ ၏ ရင်တွင်း မှ အချစ် ဆိုသော အရာ သည် သူမ ဖတ်ဖူးသော စိတ်ပညာ စာအုပ် တစ်အုပ် ထဲ က လို ထင်မှတ်မှားခြင်း ( Delusion ) သာ ဖြစ်မည် ဟု လည်း သူမ ယုံကြည်ချင် လှသည် ။
သို့ပေမယ့် ကိုယ့် ဝိညာဉ် ကို လိမ်ညာ မရစွာ သူမ က တော့ ကျော်ဖြတ်ခဲ့ဖူးသော အတိတ် နွံ ထဲ မှာ နစ်မြုပ် ခဲ့ပြီး ဖြစ်သည် ။
( ၂ )
တကယ်တော့ မိန်းကလေး တစ်ယောက် အတွက် ယောက်ျား တစ်ယောက် ကို တစ်ဖက်သတ် စိတ်ဝင်စား ခဲ့ပြီ ဆို ကတည်း က ပင် ထို မိန်းကလေး ၏ ဂုဏ်သိက္ခာ တန်ဖိုး ကို လျော့ပါး ကျဆင်း ပြီး ဖြစ်သည် ကို သူမ အလွန် နောက်ကျ ပြီး မှ သိခဲ့ရသည် ။
လွန်ခဲ့သော ဆယ်နှစ် မြီးကောင်ပေါက် အရွယ် ၏ ဘဝဦး မှာ ၊ ထို သူ ကို သူမ စွဲလမ်းခဲ့ခြင်း ဖြစ်သည် ။
သူ က မိန်းကလေး အတော်များများ ၏ နှစ်သက် စွဲမက်မှု ကို အကြိမ် များစွာ လက်ခံ ရယူခဲ့ ဖူးသူ ။ သူမ ကိုယ်တိုင် ပင် သူ့ ကို မိန်းမ တစ်ယောက် ၏ ဂုဏ်သိက္ခာ ကို မငဲ့ကွက် ဘဲ ချစ်မက်စွဲလမ်း ကြသော မိန်းမငယ် များစွာ ကို တွေ့ဖူးခဲ့သည် ပဲ ။
သူမ က တော့ “ အချစ် မှာ အပေးအယူ သဘော မလို အပ် ” ဟု ယူဆသူ ပီပီ သူ ၏ အချစ် ကို ပိုင်ခွင့် ရဖို့ အတွက် မည်သည့် နည်းလမ်းမျိုး နှင့် မျှ မကြိုးစားခဲ့ဖူးချေ ။ ပြီးတော့ မိန်းကလေး က စတင် ဖွင့်လှစ် ရမည့် ချစ်သူ ဘဝမျိုး ကို သူမ လည်း မနှစ်မြို့သူ ဖြစ်၏ ။
ထိုအခါ သူမ က သူ့ ကို တကယ့် ကို ကြည့် နေရရုံ မျှ ဖြင့် ကျေနပ်ခဲ့၏ ။ ထိုစဉ်က တော့ ထိုသို့ ကြည့်ငေး ကြည်နူး သာယာရခြင်း ကို ပဲ သူမ က အချစ် ဟု ထင်သည် ။ အို ထို အချစ် ကို နှစ် အတန် ကြာအောင် သူမ ထိန်းသိမ်း ထားခဲ့ဖူးတာပဲ ။ သူ ရဲ့ခြေလှုပ် လက်လှုပ် က အစ ၊ သူ ပြုံး တာ မျက်မှောင်ကြုတ်တာ အဆုံး ကြည့် ငေးကာ သူမ ပီတိ များစွာ စားသုံးခဲ့ ဖူးသည် ။ နောက်ဆုံး သူ့ မျက်လုံး များ ကို ကြည့်ရုံ နှင့် သူ ၏ စိတ် ခံစားမှု တချို့ကို သိနားလည် သည့် အထိ သူ့ ထံ မှာ သူမ စိမ့်ဝင် ခဲ့သည် ။
သူ က တော့ သူမ ကို တစ်ကြိမ် တစ်ခါမှ ‘ ချစ်တယ် ’ ဟု အဓိပ္ပာယ် သက်ရောက် စေသည့် စကားမျိုး ကို မျှ ပင် မဆိုခဲ့ ။ တွယ်ငြိရိပ် တချို့ စွန်းထင်းသည့် မျက်လုံး တို့ ဖြင့် မကြည့်ခဲ့ ။ အနည်းဆုံး ညှာတာ လိုက်လျော ခင်မင်စွာ ပင် သူမ ကို မဆက်ဆံ ခဲ့ ။ သို့ပေမဲ့ ထို သူ ကို သူမ စွဲလမ်း နေ ခဲ့ဖူးသည် ။
နှစ် များစွာ ကြာခဲ့သည် ။ ငါးနှစ် လုံးလုံး ၊ လပေါင်း ခြောက်ဆယ် ကျော် ၊ ရက်ပေါင်း နှစ်ထောင် နီးပါး ၊ နာရီ ပေါင်း လေးသောင်း ကျော် ၊ မိနစ်ပေါင်း နှစ်သန်းခွဲ နီးပါး ၊ စက္ကန့်ပေါင်း များစွာ များစွာ ၊ ထိုသူ့ ကို သူမ က ကဗျာ တစ်ပုဒ် လို ၊ တေးသီချင်း တစ်ပုဒ် လို မြတ်နိုးခဲ့ဖူးသည် ပဲ ။ ကြည့် နေရရုံ မျှ ဖြင့် ၊ ကျေနပ် ချစ် နေရရုံ မျှ ဖြင့် ကျေနပ် ၊ နီးစပ် နေရရုံ မျှ ဖြင့် ကျေနပ် ခဲ့ တာ ။ ဒါပဲ အချစ် ဟု ယုံမှတ် ကာ သူမ ဘဝ ထဲ မှာ မွေ့လျော်ခဲ့ ဖူးသည် ။
တကယ့် ကို ရူးသွပ် ခဲ့တာပါပဲ ။
ထို လူငယ် က သူမ ကို ဘယ်လို အင်အားမျိုး မှ ဖြည့်ဆည်း မပေးနိုင်ခဲ့ပါဘဲ နှင့် သူမ က ထို သူ့ ကို ပဲ စွဲမြဲသက် ဝင်နေခဲ့တာ ။
သူမ အနီးအပါး မှာ ရစ်ဝဲ လာ သမျှ ချစ်ခွင့်ပန် သူ တို့ ကို သူ့ အားကိုး နှင့် ငြင်းဆန် လို့ ။ တကယ်တမ်း ကျတော့ သူ ၏ နံဘေး မှာ သူ့ ထံ မှ အားနာပြုံးကလေး ကို မျှ ပင် မရဘဲ ရှိနေခဲ့၏ ။
သူ က မိန်းမတွေ နှင့် ပတ်သက် လျှင် သူ့ ကိုယ် သူ ယုံကြည်မှု ပြင်းထန်သူ ၊ သူ လိုချင်သမျှ သော ချစ်သူ တို့ ကို အမြဲတမ်း အလွယ်တကူ ပိုင်ခဲ့ဖူး သူ လည်း ဖြစ်သည် မဟုတ်လား ။ သူမ က တော့ သူ လိုချင်သော မိန်းမ တစ်ယောက် မဖြစ်နိုင်ခဲ့ပါ ။
သူ့ အနား မှာ အပျင်းပြေ ဒါမှ မဟုတ် တာဝန်ကျေ ပေါင်းသင်းစရာ သူငယ်ချင်း တစ်ယောက် သာ ဖြစ်နိုင်ခဲ့ ၏ ။ ထို အတွက် လည်း သူမ က တော့ ဝမ်း မနည်းခဲ့ ဖူးပါ ။ အံ့သြစရာ ကောင်းလှ စွာ ပင် သူမ က အိပ်မက် ၌ ပင် သူ့ ကို ပိုင်ရသည် ဟု ထည့် မမက်ခဲ့ဖူး သူ ဖြစ်သည် ။ ဒါက လည်း သူမ ၏ ရုပ်ရည် မလှပမှု အတွက် သူမ ဘာသာလက်ခံ ရ ယူထားသည့် အဖြေ တစ်ခု ဖြစ်၏ ။
သူ အနား မှာ ရှိနေခြင်း အတွက် သူမ ကြည်နူး သာယာ၏ ။
ထိုအခါ အချစ် ဆိုသော အရာ က အေးမြခြင်း သက်သက် သာ ဖြစ်သည် ဟု သူမ မှတ်ပိုက်တော့သည် ။
••••• ••••• •••••
ငါးနှစ် လုံးလုံး သူ့ အပါးမှာ အချိန် များစွာ နေခဲ့ရ ပြီး မှ သူ နှင့် သူမ တို့ ကွဲကွာ သွားရသည် ။ ဘယ်တော့ ပြန် တွေ့ ရမယ် ဟူသော မျှော်လင့်ချက် မျိုး လုံးဝ မရှိသော ခွဲခွာရခြင်း က သူမ ၏ နှလုံးအိမ် ကို ရိုက်နှက်၏ ။ မျှော်လင့် ထားပြီး ဖြစ်သော ဇာတ်သိမ်း ကို ပဲ သူမ က နာနာကျင်ကျင် ရင်ဆိုင်ရသည် ။
သူမ ၏ နှလုံးသွေး တို့ က ရက်များစွာ အေးခဲ သွားခဲ့ သည် ဟု ထင်၏ ။ ထို တွေးထင်မှု က သူ နှင့် ကွဲကွာ ခဲ့ပြီး သုံးနှစ် အကြာ မှာ ရှက်စရာ ကောင်း လောက် အောင် လွယ်ကူလှစွာ ရုတ်တရက် ပျက်ပြား သွားခဲ့သည် ။ ပျက်ပြားစေ သူ က သူမ က “ မောင် ” ဟု ခေါ်သော သူမ ၏ ချစ်သူ ဖြစ်၏ ။
••••• ••••• •••••
မောင့် ကို သူမ က မြင်မြင်ချင်း ပဲ ၊ စွဲလမ်း ချစ်ခင် သွား ခဲ့ခြင်း ဖြစ်သည် ။ မောင့် အပေါ် ခံစားရခြင်း က အချစ် ပဲ ဟု သူမ တပ်အပ် သေချာ သိလိုက်ချိန် မှာ တော့ သူ့ ကို စွဲလမ်းခဲ့ဖူးခြင်း က မယုံနိုင်စရာ ကောင်း လောက် အောင် သေးနုပ်သော စိတ်လှုပ်ရှားမှု တစ်ခု သာ ဖြစ်သွားတော့သည် ။
ဘယ်လောက် အံ့ဩစရာ ကောင်းသော ‘ ချစ်ခြင်း ’ ပါလဲ ။
တစ်ခါဖူး မျှ သူမ တွက်ဆ ထားခဲ့ ဖူးသော အားအင် တို့ ကို အချစ် က ပေးခဲ့၏ ။
ပြီးတော့ ပိုင်ဆိုင်လိုခြင်း တွေ ၊ ပျော်ရွှင်ရခြင်း တွေ ၊ နှမြောတသရခြင်း တွေ ၊ ငိုကြွေး ရခြင်း တွေ ၊ လွမ်းဆွတ်ရခြင်း တွေကို ချစ်ခြင်းတရား က မက်မောဖွယ် လက်ဆောင်ထုပ် လှလှတွေ အဖြစ် ပေးအပ်ခဲ့၏ ။
မောင့် နံဘေး မှာ တော့ သူ က သူ ၏ ထင်ရှား မြင်မက်ခဲ့ ဖူးသည့် အိပ်မက်ကလေး တစ်မက် သာ ဖြစ် သည် ။ ထို အိပ်မက် ကို သူ က တော့ မေ့ သွားပြီ ။ ကြည့်စမ်း သူ့ ထံ မှ မရခဲ့ဖူးသော ချိုမြိန်မှု များစွာ ကို မောင့် ထံ မှ သူမ ရခဲ့သည် ပဲ ။
တကယ်တော့ အချစ် သည် အကောင်အထည် ပြ မရပါ ဘဲ အငွေ့အသက် မျှ နှင့် ပင် လူတို့ ၏ အသက် ဝိညာဉ် ကို ချုပ်ကိုင် ဖန်ဆင်း ပုံသွင်း ပြ နိုင်သော ကြောက်မက်ဖွယ် တန်ခိုးရှင် ဖြစ်သည် ဟု သူမ နားလည် ခဲ့ပြီ ။
ထိုအခါ ကျမှ ပင် ကုန်လွန်သော ငါးနှစ် လုံးလုံး ယောက်ျား တစ်ယောက် အပေါ် ငြိတွယ်ခဲ့ ဖူးသော အချစ် စိတ် ဟူသည့် ခံစားမှု ကို သူမ သံသယ ဖြစ်လာခဲ့တာ ဖြစ်သည် ။
သို့ပေမဲ့ အရာရာ က နောက်ကျ သွားခဲ့ပြီ ဖြစ်သည် ။
••••• ••••• •••••
( ၃ )
“ တကယ်တော့ စိတ်ကစား မိခဲ့တာပဲ ဖြစ်မှာပါ မောင် ရယ် ” ဟု သူမ က ပြောတော့ မောင် က နူးနူးညံ့ညံ့ ပြုံး ပြီး
“ မဟုတ်ပါဘူး ကွယ် ၊ အဲဒါ အချစ် ပါ ပဲ ၊ ဒါပေမဲ့ အချစ် ဆိုတာ က အသစ် ဖြစ်ပေါ်တတ်ပဲ ၊ ပြီးတော့ သူ့ မှာ ပမာဏ အတိုင်းအဆ အပြောင်းအလဲ ဆိုတာ လည်း ရှိတာပဲ ၊ သူ့ ကို ချစ်မိခဲ့ လည်း ဘာဖြစ်လဲ ၊ ခု မောင့် ကို ပဲ ချစ်တယ် ၊ အများကြီး ချစ်တယ် ၊ ဟုတ်တယ်မို့ လား ၊ ဒါဆို ပြီးတာပဲပေါ့ ချစ်ရ ” ဟု သူမ ကို စိတ်ပါ လက်ပါ ဖြေရှင်း သေး၏ ။
သူမ က တော့ မောင့် မျက်နှာ ကို ပဲ ဆွတ်ဆွတ်ပျံ့ပျံ့ ငေး ကာ မဝတမ်း ကြည့်ရင်း
“ ဟင့်အင်း မောင် ရယ် ၊ တို့ သူ့ ကို ချစ်ခဲ့တာ လို့ မထင် ချင်ဘူး ၊ တကယ်လို့ ချစ်ခဲ့တာသာ ဖြစ်ခဲ့ရင် အဲဒီ အချစ် ကို နှမြောတယ် ၊ မောင့် ကို လည်း အားနာတယ် ၊ သေချာပါတယ် မောင် ရယ် ၊ တို့ မောင် နဲ့ ကျ မှ အချစ် ကို တွေ့တာ ပါ ၊ ဒီမှာ မောင် ရဲ့ ။ တကယ့် အချစ် ဆိုတာ မှာ ခြွင်းချက် ဆိုတာ မရှိဘူးကွ ၊ သိလား ၊ သူ့ အပေါ်ခံစားဖူးခဲ့ တုန်း က ခြွင်းချက် တွေ ရှိတယ် ၊ ပြီးတော့ မောင့် အချစ် ကို အထင် ကြီးခြင်း ပါတယ် ၊ တို့ က မောင့် ကို အထင် ကြီးတယ် ၊ သူ့ ကို ကျတော့ လုံးဝ အထင် မကြီးခဲ့ဖူးဘူး မောင်ရဲ့ သိလား ” ဟု သာ ကိုယ့် ဘာသာ ငြင်းဆန် ပစ်လိုက်သည် ။ သို့ပေမဲ့ တကယ်တမ်း ကျတော့ အတိတ် ဆိုတာ ကို သမိုင်း ဆိုတာ ကို ညာလို့ ဖုံးကွယ်လို့ မရနိုင်ပါ ။
ဒါကို ထို သူ က လက်တွေ့ ညွှန်ပြ ခဲ့သည် ။
••••• ••••• •••••
( ၄ )
ကွဲကွာကာလ သုံးနှစ် ကြာပြီး တစ်ရက် မှာ သူမ ရှေ့ သို့ သူ အမှတ်မထင် ရောက် လာခဲ့သည် ။
ထို သုံးနှစ် သော ကာလ မှာ အပြောင်းအလဲများ က တော့ များလှစွာ၏ ။ သူ ရော သူမ ပါ နံဘေး မှာ ချစ်သူ ကိုယ်စီ ရှိခဲ့ကြပြီ ။ အပြောင်းလဲ ဆုံး ကတော့ သူမ ၏ စိတ် ခံစားမှု ပဲ ဖြစ်သည် ကို သူမ က တော့ ကိုယ့် ဘာသာ သိနေ ခဲ့သည် ။ ဒါဖြင့် သူ က ရော ။
အံ့သြစရာ ကောင်းလှစွာ ပင် အချိန်ကာလ ၏ တိုက်စားမှု က သူ့ ကို တော့ ဖြင့် မပြောင်းလဲ စေခဲ့ပေ ။ ပုံမှန် ယုံကြည်မှု ၊ ပုံမှန် ခံစားမှု ၊ ပုံမှန် ဝင့်ကြွားမှု တို့ ဖြင့် သူ က ရှင်သန် သွက်လက် နေမြဲ ။
“ နင် ငါ နဲ့ မတွေ့တဲ့ သုံးနှစ် မှာ ဘာတွေ လုပ်ခဲ့သလဲ ဟင် ” တဲ့ ။
သူမ က တော့ သူ့ ရဲ့ ထိုးနှက်ချက် စကား ကို အကြား မှာ ရေနစ် ရ သူ လို မွန်းကျပ်ပင်ပန်း သွားနေသည် ။ ကြည့်စမ်း ၊ ပိုင်နိုးပိုင်နင်း နိုင်လှသော စကား တို့ ကို သူ ပြောဆိုပါ လား ။ ခုတော့ သူမ နာကျင်တတ် ခဲ့ပြီ ။ ထိုအခါ သူ ပြုံး နေ သော အပြုံး က ပင် သူမ ကို လှောင်ပြောင် သရော်၏ ။ “ မင်း ငါ့ ကို တမ်းတ နေခဲ့တယ် မဟုတ်လား ” ဆိုသော အပြုံးမျိုး လေ ။
သူမ ၏ ခန္ဓာကိုယ် အတွင်း ရှိ သွေး တို့ ၏ စီးဆင်းမှု က အရှိန် ပြင်းစွာ မြန်ဆန် လာသည် ။ မောင့် ကို သတိရ မိစဉ် မှာ တော့ သူမ ၏ ချစ်ခြင်း တို့ အတွက် နှမြောတသ ကာ သူမ အော့အန်ချင်စိတ် ပေါက် လာသည် ။“ မျက်လုံးတွေ ဟာ စိတ် ရဲ့ ပြတင်း ပဲ ။ အထူးသဖြင့် အချစ် ကို အဲဒီ မျက်လုံး ထဲ မှာ တင် မြင်ရတယ် ” တဲ့ ။ မောင် က သူမ ကို ပြော ဖူးသည် ။ သူမ ထို သူ ကို စူးစူးစိုက်စိုက် ကြည့်သည် ။ “ ဟေ့ ငါ့ မျက်လုံးတွေ ထဲ မှာ နင့် အတွက် အချစ် ရှိ မနေတာ နင် တွေ့ ရမယ် ၊ သေချာ ကြည့်စမ်း ” ၊ အတွေး ထဲ မှာ ပင် သူ မ၏ ကြိမ်းဝါးသံ က ကျယ်လောင် နေ၏ ။
“ ငါ လား ၊ မောင့် ကို ချစ်နေခဲ့တာပေါ့ ”
သူ့ ကို သူမ တုံ့ပြန် ဖြေ လိုက် သော စကားသံ က ခုတော့ မာကျော ပြတ်သား လို့ ။ ပြီးတော့ စိတ် ရှင်းသူ တစ်ယောက် ရဲ့ အသံ ပီသစွာ ကြည်စင် လို့ ။ ဒါကို သူ သိရမည် ။ သို့ပေမဲ့
သူ က ပြုံး လိုက်၏ ။ ကြည့်စမ်း လှောင်ပြုံး ၊ ဟုတ်ပါ့ မလား ဆိုတဲ့ အပြုံးမျိုး ပေါ့ ၊ ဘယ်လောက် ခံပြင်းစရာ ကောင်းလိုက် သလဲ ။ တကယ်ဆို သမားရိုးကျ အနေ နဲ့ မိန်းမ တစ်ယောက် ဟာ မျှော်လင့်ချက် မရှိတဲ့ ယောက်ျား တစ်ယောက် ကို နှစ်ပေါင်း များစွာ မယိမ်းမယိုင် ချစ် နေပါ့မလား ဆိုတဲ့ သံသယ အတွေးမျိုး ကို သူ တွေးသင့် တယ် ။ ခုတော့ သူ က ခုချိန်ထိ တိုင်အောင် သူ့ ကိုယ် သူ အယုံကြည် လွန် နေတုန်း ကိုး ၊ ဒီမှာ ငါ နင့် ကို ချစ်ခဲ့တာ မဟုတ်ဘူး ။ သာယာခဲ့တာ ။ ချစ်တယ် လို့ ထင်မှတ်မှား ခဲ့ တာ ။ သူမ ရင် ထဲ မှာ စကားလုံး တွေ က ဆူပွက် ပေါက်ကွဲ နေ ကြပြီ ။
သို့ပေမဲ့ သူ့ ကို ဖွင့်ထုတ်ပြ ဖို့တော့ မဖြစ်နိုင်ပါ ။ ဖွင့်ဟ ဖြစ်လိုက်မယ် ဆိုလျှင် တော့ တစ်ခါက သူ့ ကို သူမ စွဲလမ်းခဲ့ဖူးသည် ဟု ဝန်ခံပြီး သား ဖြစ်သွား မှာ မဟုတ်လား ။ ကာလ တစ်ခု မှာ မဟုတ်လား ။ ကာလ တစ်ခု မှာ သူ့ ကို သူမ က ချစ်ခဲ့ဖူးသည် ဟု သူ သိခဲ့တာ ။ သူမ ရဲ့ မျက်လုံး တွေ ရဲ့ အရောင် လင်းလက်မှု ကြောင့် လား ဟင် ။
ဒါပေမဲ့ အချစ် ဆိုတာ မျိုသိပ် ဆီးတားလို့ မရဘူး တဲ့ သူ့ ကို သူမ ချစ်ခဲ့ဖူးသည် ဆိုလျှင် တောင် မျိုသိပ် တားဆီး နိုင်ခဲ့သည် ပဲ ။ ဒါဆို အချစ် စစ်ပါ့မလား အို ... အချစ် ဖြစ်ခဲ့ ရင် လည်း ခုချိန်မှာ တော့ ငါ နင့် ကို မချစ်တော့ဘူး သိလား ။ သူမ က တော့ အသံမဲ့ ဟစ်အော် ဆဲ ။
သူ က အားပါးတရ ပြုံး နေ ပြန်သည် ။ သူမ က တော့ မောင့် ရဲ့ ကြည်စင်သန့်ရှင်း လှသော မျက်လုံးများ ကို မြင်ယောင် အားနာ ကာ ချုံးပွဲချ ငိုကြွေး ချင် လာသည် ။ ခွင့်လွှတ်ပါ မောင် မတော်တဆ မှားယွင်းခဲ့ ဖူးတဲ့ စိတ် ခံစားမှု တစ်ခုဟာ ခုတော့ မောင့် သိက္ခာတရား နှင့် သူမ ၏ ချစ်ခြင်းတန်ဖိုး တို့ ကို ထိခိုက်ခဲ့ပြီ ။
သူမ သူ့ ရှေ့ မှာ တစ်ခါမျှ မပြုံးဖူး ခဲ့ သော အပြုံး ဖြင့် သူ့ ကို ရဲရဲဝံ့ဝံ့ ကြည့် လိုက်သည် ။
“ သိပ် ထူးဆန်းတာပဲ သိလား ၊ အချစ် ဆိုတာ ကို ငါ ခုမှ တွေ့ ရတာ ၊ မောင့် ကို ငါ သိပ် ချစ်တာပဲ ”
သူမ က တော့ မြွေ တစ်ကောင် လို အားကုန် သုံး၍ သူ နှလုံးသွေး ထဲ စူးရှ စိုက်ဝင် အောင် အဆိပ် အားလုံး ကို ပေါက်ထည့် ပစ် လိုက်သည် ။
သူ က မျက်ခုံး ကို စုံပင့် ကာ အံ့သြ သယောင် ဟန်ပန် ဖြင့် ပြုံး ပြန်၏ ။ ထိုအခါ မှာ တော့ သူမ က နောင်တ ဖြင့် မောဟိုက် နေခဲ့ပြီ ။ သူ့ ကို ချစ်မိခဲ့ဖူးသော သူ နှင့် ကျွမ်းဝင် နေမိခဲ့ ဖူးသော နောင်တများ က သူမ ကို ခုချိန် မှာ ပြင်းပြင်းထန်ထန် ဖိစီး ကြသည် ။ သူ က တော့ သူ ၏ ချစ်သူ မိန်းကလေး များ ဝင့်ကြွားစွာ ပြော နေပြန်သည် ။ စကား ပြော နေရင်း မှ သူ့ မျက်လုံးတို့က တလက်လက် တောက်ပ ကာ သူမ ကို ပင် ညှို့မြှူ သယောင် ဟန် လုပ် ပြန်၏ ။ သူမ က တော့ နာကျင်ခံခက် ၊ “ ကောင်မလေး တွေ က ငါ့ ကို မမေ့နိုင်ကြသေးဘူး ဟ သိလား ” ဟု ပြော ကာ သူမ ကို မထီတထီ ပြုံး ကြည့် လိုက်စဉ် မှာ တော့ သူမ ၏ နောင်တ တို့ က အဆုံးစွန် ပူပြင်း ကာ မီး အဖြစ် ထ လောင် ၏ ။ ထို မီးလျှံတွေ ထဲ မှာ တော့ အတိတ်ကာလ နှင့် အတူ သူ က လောင်မြိုက် လို့ ။
သို့ပေမဲ့ သူ့ မျက်လုံး တို့ က တော့ ဖြင့် သူမ ကို မခိုးမခန့် ကြည့် ကာ “ နင် ငါ့ ကို သိပ် ချစ်ခဲ့တယ် ” ဟု ထပ်ခါ တလဲလဲ ဆို နေဆဲ ဖြစ်သည် ။
( ၅ )
သူမ က တော့ အားပါးတရ ငိုကြွေးကာ “ မောင် ရယ် ၊ တို သူ့ ကို မချစ်ဘူး လို့ သူ လက်ခံအောင် တို့ ဘယ်လို လုပ်ရတော့ မလဲ ဟင် ၊ အတိတ် ဆိုတာ ကို ပြင်ဆင် လို့ ဖျောက်ဖျက် လို့ မရဘူး ဆိုတဲ့ စကား ကို တော့ ခုချိန်မှာ မပြောပါ နဲ့ တော့ မောင် ရယ် ” ဟုသာ ရေရွတ် နေရ တော့သည် ။
◾မေငြိမ်း
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၉၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment