❝ ဆဒ္ဒန် နှလုံးသား ❞
“ ဖြစ်ပါ့မလား စောအောင် ရာ ”
တံတွေး ကို ဂွပ်ခနဲ မျိုချ လိုက်ပြီး ဝမ်းခေါင်းသံ နှင့် မေး လိုက်ရာ စောအောင် က လက် ထဲ က ရေနွေးကြမ်း ပန်းကန် ကို ကြမ်းပြင် ပေါ် သို့ ဆောင့် ချ လိုက်၏ ။
“ ဘာလို့ မဖြစ်ရမှာလဲ အစ်ကို ရ ။ အိုက်မိုင်း နဲ့ ရင်းနှီး ပြီးသားပဲ ။ ပြီးတော့ သူ က ကျွန်တော်တို့ နှစ်ယောက် ကို သိပ် ချစ်တာပဲ မဟုတ်လား ”
ဟင်းခနဲ သက်ပြင်း ချ ကာ ခေါင်း မော့ပြီး စဉ်းစား လိုက်စဉ် မျက်လုံး ထဲ သို့ စူးခနဲ ဖြစ်သွား၏ ။ နေပေါက် ထိုး နေသော အမိုးကျဲကျဲ ကို လှမ်း မြင် လိုက်ရသည် ။ အိမ် မမိုး ရသေးသည် မှာ သုံးနှစ် ရှိလေပြီ ။ မနှစ် က တစ်မိုးလုံး ရွှဲရွှဲစို နေသော အိမ် ထဲ တွင် ခိုစရာ နေရာ ရှားပါး လှ၍ ဒီ နှစ် မမိုး လျှင် မဖြစ်တော့ ။ ပြီးတော့ ကျောင်း ဖွင့်ချိန် ကျောင်းသား သုံးယောက် ၏ ကျောင်းစရိတ် နှင့် စာအုပ်ဖိုး ၊ ချူချာ သည့် မိန်းမ အတွက် ဆေးဖိုး ။
“ ဟင်း ”
ထပ်မံ၍ သက်ပြင်း ချ လိုက်ပြီး တုန်ယင်သော လက်များ ဖြင့် ရေနွေး ငှဲ့ လိုက်သည် ။ နီကျင်ကျင် အခါးရည်များ ကို ကြည့်ရင်း က ရင် ထဲ မှာ လှိုက်ဖို ၍ မောဟိုက် လာသလို လို မသောက်သေး ဘဲ ရေးနွေးခွက် ကို ပြန် ချ လိုက်ပြီး ဆေးလိပ်တို ကို ကောက် ကိုင် လိုက်၏ ။ မီးခြစ် ကို လှမ်း ယူ နေသော လက်အစုံ မှာ တဆတ်ဆတ် တုန် ရင် လျက် -
“ ကျွန်တော် လည်း မိန်းမ မီးဖွား ဖို့ ငွေ လို နေတယ် အစ်ကို အခု ရာသီချိန် မှာ သူတို့ အနား ရတာပဲ ။ အိုက်မိုင်း က ကျန်းမာ တော့ ခဏပါ ပဲ ။ နောက် ပြန် ကောင်းပြီး အသစ် ဖြစ် လာမှာပါ ”
စောအောင် က အားတက်သရော တရား ဟော နေသည် ။
“ အဟွတ် အဟွတ် ဟွတ် ၊ ဟင်း ၊ ကျွတ်ကျွတ် ... ကျွတ် ”
အခန်း တွင်း မှ ချောင်းဆိုးသံ နှင့် ညည်းညူသံ ကြားရ သော အခါ ဦးအေးသိန်း ရင် ထဲ နင့် သွား၏ ။ မိန်းမ အတွက် ဆေး မဝယ်ရသေး ။ ဆေး ဝယ်ဖို့ လည်း ငွေ မရှိ ။
“ အစ်မ က နေမကောင်း ပြန်ဘူးလား ”
“ အေးကွာ အခုလို မိုးဦးကျ ဆို သူ့ ရောဂါ က ထ လာ တယ် ။ ဒီ ကြားထဲ သွားကိုက် နေတော့ ချောင်း ဆိုးတိုင်း နာ လို့တဲ့ ကွာ ”
“ ဖြစ်ရမယ် ။ အစ်ကို တို့ လည်း ဆေးဖိုး နဲ့ တင် ဒုက္ခ ရောက် နေတာ ။ ကဲပါ ကျွန်တော် ပြောသလို သာ လုပ် ပြေလည် သွားစေရမယ် ”
“ အင်း .. ”
ဦးခေါင်း ကို ဖြည်းညင်းစွာ ညိတ် လိုက်၏ ။ မျက်ဝန်း ထဲ မှာ မူ ကလေး လို ဆော့ကစား တတ် သော အိုက်မိုင်း ၏ အမူအရာလေး က လွှမ်းမိုး ချုပ်ကိုင် နေ၏ ။
••••• ••••• •••••
အိုက်မိုင်း သည် သူ့ မိခင် ၏ ပထမဦးဆုံး သားဦး ဖြစ်၏ ။ ရှမ်းပြည်နယ် မှ ခေါ်လာ၍ ရှမ်းမကြီး ဟု အမည် ပေး ထားပြီး သား ကို လည်း အိုက်မိုင်း ဟု ပင် အမည် မှည့် ထား ခြင်းဖြစ်သည် ။ ထို နာမည် ကို ဦးအေးသိန်းက ပေး ထားပြီး စိတ် ရှည်သော စောအောင် ကို ပင် အိုက်မိုင်း ၏ ဦးစီး အဖြစ် ရွေးချယ် ခန့်ထားခြင်း ဖြစ်၏ ။
အိုက်မိုင်း သည် အမိ နောက်လိုက် ဆင်ကလေး ဘဝ နှင့်ပင် မွေးဇာတိ ကြက်လျှာတော အနှံ့ တွင် ပျော်ရွှင် နေ တတ်၏ ။ အထူးသဖြင့် သပြေဝ စခန်း သို့ သွား လျှင် အိုက်မိုင်း သည် ပို၍ ပျော်ရွှင်နေပုံ ရ၏ ။ သပြေဝ စခန်း သည် သပြေချောင်း နှင့် ခပေါင်းချောင်း တို့ ဆုံ ရာ မြစ်ကျဉ်း သဘော ဖြစ် နေသော နေရာလေး ကို အိုက်မိုင်း က သဘောကျပုံ ရ၏ ။ ရေ က နှစ်ရောင်စပ် ဖြစ်သည် ။ ကြက်လျှာစခန်း ကို ဖြတ်စီး သော ခပေါင်းရေ သည် ရေစီး သန် ၍ အစဉ် နောက်ကျိ နေ သော်လည်း သပြေချောင်း က မူ ရေစီး ညင်သာပြီး တောင်ကျရေ ဖြစ်ပြီး အောက်ခံ ကျောက်မြေ များ သော ကြောင့် ကြည်လင် နေ၏ ။
ခပေါင်းချောင်းဝ ကုန်းမြေ ပေါ် တွင် သစ်ဝါး တို့ ထူထပ်စွာ ပေါက် နေ သောကြောင့် ယင်း နေရာ ကို အိုက်မိုင်း က အတင်း တိုးဝင် ၍ မျှစ်နုကလေးများ ကို နှစ်သက်စွာ ချိုး စား တတ်၏ ။ တစ်ခါတစ်ရံ သခင်များ ထံ သို့ လှမ်း ပစ် ပေး တတ်သည် ။ အိုက်မိုင်း ချိုး ပေးသော မျှစ်များ ကို အိမ် စားရန် အတွက် သာ မက ရောင်းရန် အတွက် ပင် ပိုလျှံ သေး သည် ။
စား လို့ ဝမှ သူ့ ခန္ဓာကိုယ် အိအိလေး နှင့် တောင်ပေါ် မှ ပြေးဆင်း လာပြီး ကလေးငယ် တစ်ကောင် ကဲ့သို့ မြူးတူးစွာ အော်ဟစ် တတ်၏ ။ အိုက်မိုင်း အသက် လေးနှစ် ကျော် သော အခါ ကျုံးသွင်း မှိန်းသင် ပေး ရ၏ ။ ထိုအခါ တွင် ကလေး ဆိုး ကဲ့သို့ ချုပ်ခြယ်မှု ကို မခံချင်စွာ ရုန်းကန် အော်ဟစ် ကာ ဆိုးနွဲ့ ဖူး၏ ။ ဦးစီး ကို တော့ တစ်ခါမှ ရန် မမူ ပေ ။ သို့ဖြစ်၍ ပဲ့ကိုင် ဖြစ်သော ဦးအေးသိန်း ကိုယ်တိုင် ချော့ ၍ ကျုံးသွင်း ရ၏ ။ အစား မက် သော အိုက်မိုင်း ကို အစား နှင့် ချော့မြူ ပေး လျှင် မှိန်း သင်ရသည် မှာ မခဲယဉ်းလှပေ ။ အသက် ဆယ်နှစ် တွင် ဆင်ကြီး များ နောက် ထည့်၍ အလုပ်သင် ဘဝ နှင့် လက်တွေ့ လုပ်ရသော အခါတွင် ပျင်းရိညည်းညူ ခိုကပ်ခြင်း မရှိဘဲ ပျော်ရွှင်စွာ လုပ်တတ်သော ကြောင့် အိုက်မိုင်း ကို လွန်စွာ သဘောကျ ၏ ။
ကြည့်လေ လှလေ ဆင်ကြီး ပင် ဖြစ်သည် ။ အိုက်မိုင်း ၏ ကျောကုန်း မှာ ငှက်ပျောကိုင်းသဏ္ဌာန် ရှိပြီး တင်ပါးသား အထိ အရိုး မပေါ်ဘဲ ကျောသား ပြည့်ဖြိုး လှ၏ ။ ကြက်တူရွေး နား နှင့် မျက်လုံး မှာ စိမ်းပြာရောင် လဲ့ နေသည် ။ အထူးသဖြင့် တစ်နေ့ တစ်ခြား တုတ်ခိုင်လှသော အစွယ် နှစ်ချောင်း မှာ ငှက်ပျောဖူး သဏ္ဌာန် ရှိသည် ။ စိုပြည်မည်းပြောင် ၍ ငါးကြင်းကွက်ရောင် ထနေ သော အသားအရေ နှင့် လွန်စွာ လိုက်ဖက်လှ၏ ။ အမျိုးကောင်း ၊ အသွေးလှ ရုံ မက လူ တစ်ဦး ကဲ့သို့ သိတတ်နားလည် ပြီး လိမ္မာယဉ်ကျေး သော ဆင်ကြီး ပင်ဖြ စ်သည် ။
ဝီရိယ လည်း ရှိ၏ ။ အလုပ် ဖြုတ် ပြီးချိန် ကျောနောက် ကို လှပ်၍ နင်းနယ် ကာ နှိပ် ပေး လျှင် လူ တစ်ဦး ကဲ့သို့ ဇိမ် ယူ ကာ မှိန်း နေ တတ်သည် ။ ဦးစီး စောအောင် နှင့် ပဲ့နင်းကြီး ဦးအေးသိန်း ကို လည်း အလွန် ချစ်သည် ။ သူ့ နှာမောင်းလေး နှင့် ယား တတ်သော ဦးအေးသိန်း ၏ ခါး ကို တို့ ကာ စ တတ်သည် ။ စောအောင် က မယား သော်လည်း ယား ဟန် ဆောင် ပြီး တွန့်လိမ် ပြလျှင် အိုက်မိုင်း က လွန်စွာ သဘော ကျ တတ်၏ ။
ယခုအခါ လွန်ခဲ့သော လေးနှစ် က ပင် ဦးလေးသိန်း က ပဲ့နင်း အလုပ် မှ ပင်စင် ယူ၍ ကား လိုက်သည် ။ သို့ရာတွင် ကားတိုက်မှု နှင့် အဆင်မပြေ ကာ အလုပ် ပြုတ်ပြီး ပင်စင် နှင့် ပင် စား နေရ၏ ။ စောအောင် က မူ ဆင်ဦးစီး အဖြစ် မှ ဖောင်ဖွဲ့ရေးသို့ ရောက်ပြီး သစ်ခိုးမှု နှင့် အလုပ်ပြုတ် ကာ ကျပန်း အလုပ် ကို လုပ်စား နေသူ ပင် ဖြစ်၏ ။
ထိုအခိုက် အိုက်မိုင်း က သခင်သစ် ၊ ဦးစီးသစ် နှင့် နေ ရ သော်လည်း သူတို့ နှစ်ဦး ကို ပို ချစ်သည် ။ တွေ့ လျှင် ဝမ်းသာအားရ နှုတ်ဆက် တတ်၏ ။
ဤသည် ကို စောအောင် က လေ့လာ အကဲခတ်မိ သော ကြောင့် ပူပြင်း ၍ အနားပေး ထားသော အချိန် တွင် ဦးအေးသိန်း နှင့် ချိန်း ထားရာ တောနက် ထဲ သို့ အိုက်မိုင်း ကို ချော့ ခေါ် လာခဲ့၏ ။ အိုက်မိုင်း က ငယ်စဉ်က ကဲ့သို့ ပျော်မြူး စွာ ပင် လိုက်ပါ လာလေသည် ။
ညနေ နေဝင်ချိန် တွင် အိုက်မိုင်း က ဝပ်လျက် ဦးအေးသိန်း ၏ ချော့မြူမှု ကို ငြိမ်သက်စွာ ခံယူ နေသည် ။ စောအောင် က လွှ နှင့် အိုက်မိုင်း ၏ အစွယ် ကို သွက်သွက်ကလေး ဖြတ် နေ၏ ။
အစ တွင် မူ အိုက်မိုင်း သည် သူ ချစ်ခင်သော သခင်ဟောင်း နှစ်ဦး နှင့် တွေ့ဆုံ၍ လွန်စွာ ပျော်မြူး နေ၏ ။ ခေါင်းလေး တခါခါ နှင့် နှာမောင်းလေး တရမ်းရမ်း နှင့် ကျေနပ် နေသည် ။ နောက်မှ မိမိ အစွယ် ကို အလိုရှိ သလို ဖြတ် ယူ နေသည် ကို သိသောအခါ ငြိမ်သက်စွာ လည်စင်း ပေး နေ၏ ။
“ သားကြီး က လိမ္မာပါတယ် ကွာ ။ အဖေတို့ တွေ ငတ် နေလို့ပါကွာ ။ နောက် အသစ် ပြန် ထွက်လာမှာပဲနော် သား ”
ဦးအေးသိန်း က တတွတ်တွတ် ချော့ နေသည် ကို မျက်လုံးလေး မှိတ်ကာ ငြိမ်သက်စွာ ခံယူနေ၏ ။ တစ်ချက် တစ်ချက် တွင် ခန္ဓာကိုယ်လေး တွန့် သွားတာ ကို အိုက်မိုင်း ကိုယ် ပေါ် မှ သတိထား မိ လိုက်၏ ။
“ အား .. ရပြီ .. အားပါးပါး နည်းတဲ့ အလေးချိန်လား ”
အစွယ် တစ်ဖက် ရသောအခါ စောအောင် က ဝမ်းသာအားရ ပြောသော်လည်း ဦးအေးသိန်း ရင် ထဲ တွင် မကောင်း တော့ ။
“ တော်လောက်ပြီပေါ့ ကွာ ”
“ ဟာ အစ်ကို က လည်း တစ်ဖက် တည်း ဘယ် လှမ လဲ ၊ ဖြတ် မယ့် ဖြတ် အပြီး ဖြတ်ပေါ့ ။ ရော့ အစ်ကို ဖြတ် ။ ကျွန်တော် ထိန်းမယ် ”
တာဝန် လဲလှယ် ပြီး ဦးအေးသိန်း လက် ထဲ လွှ ရောက် သောအခါ သူ့ လက်များ တဆတ်ဆတ် တုန်ယင် နေ၏ ။ အိုက်မိုင်း ကိုယ်လေး တွန့် သွားသည် ကို သတိထား မိ၍ စောအောင် က နားရွက် နောက်နား သို့ ဖနောင့် နှင့် ကြိတ်၍ ကြိတ်၍ သတိ ပေး ရင်း -
“ သားလေး က လိမ္မာပါတယ် ကွာ ။ ပြီးတော့မယ် နော် ။ ပြီးရင် သား ကြိုက်တဲ့ မျှစ်နုနုလေး ကျွေးမယ် သိ လား ။ ဒီမှာ အများကြီး ပဲ ။ ဇေယျဝတီ က ကြံချိုချိုလေးတွေ လည်း ထမ်း လာခဲ့တယ် ”
စောအောင်က တတွတ်တွတ် ချော့နေဆဲ ။ ဦးအေးသိန်း က တုန်ယင် နေသော လက်များ ဖြင့် မြန်မြန် ပြတ်စေရန် အား သုံးကာ ဖြတ် နေ၏ ။
တောင်စွယ် မှ နေမင်းကြီး ပျောက်ကွယ် ၍ အမှောင် ထု သို့ပင် ကြီးစိုးစ ပြုနေပြီ ဖြစ်၏ ။ အိုက်မိုင်း ကိုယ်လေး မှာ တဆတ်ဆတ် တုန်ခါ လျက် ရှိသော် လည်း သခင်ဟောင်း နှစ်ဦး အလိုကျ ငြိမ်သက်စွာ နေပေး ရှာသည် ။
စောအောင် ရင် ထဲ တွင် တထိတ်ထိတ် ခုန်လျက် ပါးစပ် မှ လည်း တတွတ်တွတ် ချော့မြူ ကာ နားရွက် ကို ဖနောင့် နှင့် ကြိတ်၍ ကြိတ်၍ သတိပေး နေရသည် ။
“ ကျွတ် .. ကျွတ် .. ကျွတ် ပြီးတော့မယ် သားကြီး ရာ ... ပြီးပြီ ကလေးလေး ”
ဦးအေးသိန်း က ကြောက်ကြောက် နှင့် ဖြတ် နေသည် မို့ စောအောင် ဖြတ်သည့် အချိန် ထက် လျင်မြန်စွာ ပြီး သွားပြီး အစွယ်ပြုတ် သွားသော အခါ စေးပျစ်ပျစ် အရည်များ ပါ လာ၍ အလန့်တကြား နှင့် ကြည့်လိုက်ရာ -
“ ဟာ ... ”
နီရဲသော သွေးများ က အိုက်မိုင်း ပါးစပ် အတွင်းမှ စီးကျ လာ၏ ။ ရင် ထဲ မှာ မီးစ နှင့် ထိုးလိုက် သကဲ့သို့ ပူခနဲ ဖြစ် သွားပြီး တုန်လှုပ်ချောက်ချား ကာ ဘာ လုပ်ရမှန်း မသိ ဖြစ် သွား၏ ။
“ ပြီးပြီလား ”
စောအောင်က ကမန်းကတန်း ဆင်းပြီး ဦးအေးသိန်း လက် ထဲ မှ အစွယ် ကို ကြည့်လိုက် ရာ –
“ အစ်ကို က အရင်းနား က ကပ် ဖြတ်တာကိုး ”
ဖြူဖွေးသော အစွယ် တွင် သွေများ ပေကျံ နေသည်ကို တွေ့ ရ၍ စောအောင် လည်း စိတ်မကောင်း ဖြစ်သွားသည် ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ယူကျုံးမရ ဖြစ် နေစဉ် အိုက်မိုင်း က ဖြည်းညင်းစွာ ထ လိုက်၏ ။ သူ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန် နေပြီး နှာမောင်း ကို မြှောက် လိုက် ရာ -
“ ရှောင် ”
စောအောင် က ပါးစပ် မှ အော်ရင်း နောက်သို့ ခုန် ဆုတ် လိုက်၏ ။ ဦးအေးသိန်း မှာ မရှောင်နိုင် ဘဲ မျက်လုံး ထဲ ပြာ ခနဲ ဖြစ် သွားသည် ။
သို့ရာတွင် အိုက်မိုင်း က သူတို့ ထင်သလို ရန် မမူဘဲ သူ့ နှာမောင်း ဖြင့် သွေးများ ပေစီး နေသော ပါးစပ် ကို ပွတ် သပ် လိုက်၏ ။
“ သား ... သားကြီး ... ရော့ .. စားနော် ... ”
စောအောင် က အသင့် ယူလာသော မျှစ်နုများ နှင့် ကြံ များ ကို တောင်းလိုက် ကမန်းကတန်း ထိုး ပေး သော်လည်း အိုက်မိုင်း က လုံးဝ လှည့် မကြည့်ဘဲ သူတို့ နှစ်ဦး ကို သာ တွေ တွေကြီး ကြည့်လို က်ရင်း ချာခနဲ ကျောခိုင်း ကာ လှည့်ထွက် သွား လေ၏ ။
သူ တို့ နှစ်ဦး စလုံး ၏ မြင်ကွင်း မှ ပျောက်ကွယ် သွား မှ အိုက်မိုင်း ၏ ကြေကွဲဆို့နင့် နေသော အော်သံ က ကြက်လျှာ တစ်တောလုံး သိမ့်သိမ့်ခါ သွားလေသည် ။
ဆဒ္ဒန်ဆင်မင်း က သူ့ အစွယ် ကို သုဘဒ္ဒါ ရဲ့ အချစ် ကြီးမှု အတွက် ပေးဆပ် ခဲ့သည် ။ အိုက်မိုင်း က မူ ဝမ်းရေး အတွက် လိုအပ်သော သခင် နှစ်ဦး အတွက် ကြည်ဖြူစွာ ပေးအပ်ခဲ့ ပေပြီ ။
“ ခွင့်လွှတ်ပါ အိုက်မိုင်း ရယ် ”
◾မြသန္တာ
📖 ရုပ်ရှင်အောင်လံ မဂ္ဂဇင်း
အမှတ် - ၄၃၄
၁၉၉၃ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment