❝ အသည်းဟင်း တစ်ခွက် ❞
( ၁ )
အကယ်၍ မောင် သာ နေ့လယ် က အကြောင်း ကို စကား စ ဖြစ်ခဲ့ လျှင် သို့မဟုတ် သူမ ၏ လက်ရာ ကြက်အသည်းအမြစ်ဟင်း ၏ အရသာ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ဝေဖန် ခဲ့လျှင် သူမ ငိုချ လိုက်မိလေမည်လား မပြောတတ် ။
သို့သော် ကံကောင်း ထောက်မစွာ မောင် သည် နေ့လယ် က အဖြစ်အပျက် ဆီ သို့ စကားဦး မတည် ခဲ့ သလို ကြက်အသည်းအမြစ်ဟင်း နှင့် ပတ်သက်၍ လည်း တစ်စုံတစ်ရာ မှတ်ချက် မချခဲ့ ။ ဟင်းဆီ ဝေ့ နေသော နှုတ်ခမ်းအစုံ ကို တင်းတင်းစေ့လျက် ပါးစပ် ထဲ မှ အသည်းဖတ် ကို ဝါး ရင်း နောက် တစ်ကြိမ် ပါးစပ် ထဲ ထည့် ရန် အသည်းဖတ် ကို ခတ်ရင်း ဖြင့် ထိုးစိုက် ၍ အသင့်ပြင် နေသော မောင့် ကို သူမ ရီဝေစွာ ငေးစိုက် ကြည့် နေ မိသည် ။ အသည်းအမြစ်ဟင်းချက် တိုင်း အသည်း ကို သာ ရွေးချယ်၍ စား တတ်သော အစားအသောက် နှင့် ပတ်သက် လျှင် အလွန် အလိုရမ္မက် ကြီးသော သူမ ရှေ့ မှ ဤ အမျိုးသား သည် သူမ အား အိပ်မက် ထဲ ထိ ပင် ရင်ခုန် ထိတ်လန့် စေနိုင်သူ ဖြစ်သည် ။
“ ငါ သူ့ ကို ဘာဖြစ်လို့များ ချစ်ခဲ့မိတာပါလိမ့် ”
ဘယ်တုန်းက မှ အဖြေ မရခဲ့ သလို ဘယ်တော့ မှ လည်း အဖြေ ရနိုင် လိမ့်မည် မဟုတ်သော ထို မေးခွန်း သည် သူမ အား အံ့ဩစရာ ကောင်း လောက်အောင် တည်ငြိမ် သွား စေကာ စောစောက အော်ဟစ် ငိုကြွေး မိ မတတ် ပျက်ယွင်းလုလု ဖြစ် နေသော သူ မ ၏ စိတ် တို့ ကို ပြန်လည် အနယ်ထိုင်စ ပြုလာစေသည် ။
“ တစ်ခါတည်း ဝင် စား လိုက်ပါလား ”
တိတ်ဆိတ်နေမှု ကို ရင် မဆိုင်ဝံ့ သည် လား ၊ သူမ ၏ တည်ငြိမ်မှု ကို သဘော မကျ သည် လား မပြောတတ် ။ မောင် ရုတ်တရက် စကား စသည် ။
“ ဟင့်အင်း ကျွန်မ မဆာသေးလို့ပါ ”
အဖျားခတ် တုန်ခါခြင်း မရှိအောင် သတိကြီးစွာ ထား လိုက် သော်လည်း သူမ ၏ အသံ က သတိ ထားစရာ မလိုလောက် အောင် ပင် ပကတိ တည်ငြိမ်လျက် ရှိသည် ။ ထမင်း နည်းနည်း ဟင်း များများ စား တတ်သော မောင့် ပန်းကန် ထဲ သို့ အသည်းဖတ်များ ကို ရွေး ဆယ် ထည့် ပေး လိုက်ရင်း ယခု တစ်ကြိမ် ဟင်းထည့် ပေးရတာ ဟာ နောက်ဆုံး အကြိမ်များ ဖြစ်နေလေ မလား ဟု တွေးလျက် လှိုက်ခနဲ ဝမ်းနည်း သွား မိပြီး မှ ထို ဝမ်းနည်းမှု ကို သူမ ဘာသာ ပြန်လည် ချေဖဲ့ လိုက်သည် ။
“ စား လို့ ကောင်းရဲ့လား မောင် ”
သူ မ၏ မေးခွန်း က သာမန် ဇနီးသည် တစ်ယောက် ၏ မေးခွန်း မျိုး ဖြစ်သလို ခေါင်းညိတ် အဖြေပေး လာသည့် မောင့် အပြုအမူ က လည်း သာမန် ခင်ပွန်းသည် တစ်ယောက် ၏ အပြုအမူမျိုးသာ ဖြစ်ပါလိမ့်မည် ။ သို့သော် ဝမ်းနည်းစရာ ကောင်းသည် မှာ မောင် နှင့် သူမ အကြား သာမန် ဟူ သော အနေအထား သည် နေ့လယ် ကတည်း က ပင် လွှင့်ပါး ပျောက်ကွယ်ခဲ့ခြင်း ဖြစ်သည် ။
ဒါကို မောင် သတိထား မိပါရဲ့လား ။
သို့သော် အရာရာ ကို အလေးအနက် မထားတတ် သော မောင် သည် သူမ တို့ နှစ်ယောက် ကြား ၌ စိတ်နှလုံး ကြေကွဲဖွယ် ကိစ္စ တစ်ခု နေ့လယ် က ပေါ်ပေါက်ခဲ့ ဖူးကြောင်း ၊ သူ ဖတ်လေ့ ရှိသော အပျော်ဖတ် ဝတ္ထု ဇာတ်လမ်းများ ကို မေ့ ပစ်လိုက် သလို မေ့ပစ်ပြီး ဖြစ်ကောင်း ဖြစ် နိုင်ပါသည် ။
ခင်ထွေး ကြောင့် မဟုတ်ဘူး မမ ၊ တကယ်ပါ ခင်ထွေး စ ခဲ့တာ မဟုတ်ပါဘူး ဟူသော ငိုသံ တို့ဖြင့် ထစ်ငေါ့ တုန်ယင် နေ ရှာသည့် ညီမလေး ၏ စကားသံ ကို ယခု တိုင် အောင် စိတ် မသက်မသာ ဖြစ်စွာ ကြားယောင် နေ မိသည် ။ သည်တုန်း က ညီမလေး အခြေအနေ မှာ စိုးရိမ်စရာ ကောင်း လောက် အောင် ဆိုးဆိုးဝါးဝါး ရှိလှပါသည် ။ သူမ ရော ဘာ ထူးပါသလဲ ။ သူမ ကိုယ်တိုင် လည်း ထိုစဉ်က ကိုယ့် ကိုယ် ကို သ-တ်ေ-သ မိ မတတ် စိတ်ဓါတ် တို့ ပျက်ယွင်းစွာ ဖရိုဖရဲ ဖြစ်ခဲ့ရသည် ။
အကယ်၍ သူမ သာ ခေါင်း ကို ဝေဒနာ တစ်ခု ကို ရှောင်တခင် မခံ စား ခဲ့ ရ လျှင် နာကျင်ကြေကွဲဖွယ် ထို အဖြစ်အပျက် နှင့် သူမ ဆုံစည်း ခဲ့ ရ လိမ့်မည် မဟုတ်ပါ ။ သို့သော် ကံကြမ္မာ ၏ ဆိုးဝါးသော လှည့်စားမှု က စူးရှ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ တစ်ခု အား သူမ ထံ သို့ ပို့ဆောင် ပေးခဲ့သည် ။ ထို့ကြောင့်ပင် သုတေသနဌာန တစ်ခု ၏ ဓာတ်ခွဲခန်း တစ်ခု အတွင်း ပစ္စည်းကိရိယာများ နှင့် အလုပ် ရှုပ် ခဲ့ရာ မှ နေ့ဝက် ခွင့်တင် ၍ အိမ် ပြန် ဖြစ်ခဲ့ခြင်း ဖြစ်သလို ရင်နာဖွယ် ထို အဖြစ်အပျက် နှင့် ရင်ဆိုင် တိုးခဲ့ ရခြင်း လည်း ဖြစ်သည် ။ တကယ်တော့ အိမ် ရှေ့ ၌ ရပ် ထားသော မောင့် ကား ကို တွေ့ခဲ့ ကတည်း က အခြေအနေ အရပ်ရပ် ကို သူမ နားလည် စွာ သဘော ပေါက် ခဲ့ မိ ဖို့ ကောင်း ပါသည် ။ နေ့လယ် တစ်နာရီ ဟူသော အချိန် သည် အလွန် အလုပ် များ သော ဌာန တစ်ခု မှ အရာရှိ တစ်ယောက် ဖြစ်သော မောင့် အတွက် အိမ်ပြန် ရောက်ရှိဖို့ စောလွန်းတဲ့ အချိန် မဟုတ်ပါလား ။ မောင် ဘာဖြစ်လို့များ အစောကြီး အိမ်ပြန် ရောက် နေ တာပါလိမ့် ။
ဇဝေဇဝါ ဖြစ်စွာ သံသယ ဝင်ဖို့ ကောင်းသော အတွေး ဖြစ်ပါ လျက် ညံ့ဖျင်းနုံချာ သော သူမ က တော့ တစ်စုံတစ်ရာ သံသယ မဖြစ်မိခဲ့ ။ သူမ နှင့် လက် မထပ်ခင် က ပင် ရည်းစားပေါင်း မြောက်မြားစွာ ထား ခဲ့ပြီး ( သူမ အပါအဝင် ) ထို ရည်းစား များစွာ အား မျက်ရည် ကျ စေခဲ့သော မောင့် အကျင့်စရိုက် နှင့် နောက်ခံသမိုင်း တို့ ကို နားလည် ထားခဲ့ပါ လျက် မောင့် အပေါ် ယုံကြည်စိတ်ချ ထားမိတဲ့ သူမ အတွက် အဲဒီ အဖြစ်အပျက် ဟာ ထိုက်တန် တဲ့ ရလဒ် ပါ ပဲ ။
တကယ်ဆို မောင် ဆင်ခြင်ဖို့ ကောင်းပါတယ် ။ မောင့် ကိုအချစ် ကြီး စွာ အရာရာ ကို သည်းခံ ခွင့်လွှတ်တတ် တဲ့ မိန်းမ တစ်ယောက် ကို မသနား တောင် မှ နယ် က နေ အားကိုးတကြီး သူမ တို့ အိမ် မှာ မှီခို လာ နေရှာ တဲ့ ညီမလေး ကို တော့ ငဲ့ညှာဖို့ ကောင်းတာပေါ့ ။
“ ခင်ထွေး တစ်ယောက် ရော မတွေ့ပါလား ”
ရုတ်တရက် ထွက်ပေါ် လာ သည့် မောင့် စကားသံ က အတွေး တို့ ၌ နစ်မျော နေမိသော သူမ ကို ပုတ်ခတ် လှန့်နိုး လိုက် ကာ သူမ ၏ တည်ငြိမ်မှု တို့ကို လည်း ယိမ်းယိုင် သွားစေသည် ။
“ သူ အိပ် နေတယ် ”
ကိုယ့် အသံ ဟု ပင် မယုံကြည် နိုင် လောက် အောင် အသံ တစ်ခု က သူမ နှုတ်ဖျား မှ တွန်းထိုး ထွက်ပေါ် ၍ လာသည် ။ သို့သော် သူမ အချိန် မီ ပင် ကိုယ့် စိတ် ကို ပြန်လည် ထိန်းသိမ်း လိုက်ပြီး သက်ပြင်း တစ်ချက် ကို ရှိုက် လိုက်သည် ။
“ ကျွန်မ ဗေလီယံ တိုက် ထား လို့ပါ ။ ခုချိန် မှာ သူ အိပ် နေဖို့ လိုအပ်တယ် လေ ”
သူမ စကား ကြောင့် မောင် သူမ ကို ဖျတ်ခနဲ မော့် ကြည့်သည် ။
သို့သော် သူမ အကြည့် ကို ရင်မဆိုင် ရဲ သလို ချက်ချင်း ပင် ခေါင်း ပြန် ငုံ့ သွားပြီး ပန်းကန် ထဲ မှ အသည်းဖတ် ကို သာ ဇွန်းခက်ရင်း ဖြင့် တိတ်ဆိတ်စွာ ဖဲ့ နေ တော့သည် ။
••••• ••••• •••••
၂ ။
သူ နားမလည်သည် မှာ သူမ ၏ သွေးအေး တည်ငြိမ်နေမှု ပင် ဖြစ် သည် ။
သူ့ အား အမြဲလိုလို အလျော့ပေး သည်းခံ ခဲ့ သော်လည်း မိန်းမ ကိစ္စ နှင့် ပတ်သက် လျှင် တော့ ဘယ်တုန်း က မှ မယဉ်ကျေးခဲ့ဖူးသော သူမ သည် ယခုမှ စိတ်ရှည် တည်ငြိမ် နေခြင်း က အံ့သြဖွယ် ကောင်း လှပါသည် ။ တကယ်တော့ နေ့လယ် ကတည်း က ပင် သူမ ထံ မှ ပေါက်ကွဲမှု တစ်စုံတစ်ရာ ကို သူ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည် ။ သို့သော် အံ့သြ တုန်လှုပ်ဖွယ် အဖြစ်အပျက် နှင့် ပက်ပင်း တိုး ခဲ့သည့် တိုင် သူမ သူ့ အား စူးရှ ဝင်းလက်စွာ စိုက် ကြည့်ခဲ့သည် မှ အပ တစ်စုံတစ်ရာ မရိုင်းပျခဲ့ ။ ဘာ လုပ်ရမှန်း မသိဘဲ ငေးကြောင် မှင်တက် နေခဲ့မိ သော သူ့ ကို ပင် မောင် ရုံး ပြန် သွားဖို့ သင့်ပြီ နဲ့ တူတယ် ဟု အကြံ ပေး ခဲ့ပါသေးသည် ။
သူမ ၏ အကြံပေးမှု ၊ လက်ရှိ အခြေအနေ မှ ရှောင်ခွာ ထွက်ပြေးလိုမှု တို့ ဖြင့် ခင်ထွေး နှင့် သူမ အပါး မှ ထွက်ခွာ လာခဲ့ပြီး ကား တစ်စီး နှင့် ဦးတည်ရာ မဲ့ စွာ လျှောက် မောင်း နေခဲ့မိ၏ ။ အကယ်၍ သူ သာ ဆက် နေမည် ဆို လျှင် ဘာတွေများ ဆက် ဖြစ်မှာပါလိမ့် ။ သည်းမခံနိုင်စွာ သူမ ပေါက်ကွဲမယ် နဲ့ တူပါရဲ့ ။ ဘာပဲဖြစ်ဖြစ် သုံးယောက် စလုံး အတွက် သွေးပျက်ဖွယ် ကောင်းသော ထို အချိန် နှင့် ထို နေရာ မှ ရှောင်ခွာ ထွက်လာ နိုင်ခဲ့ခြင်း အတွက် ယခု တိုင်အောင် သူ စိတ် သက်သာရာ ရ မိသည် ။
သို့သော် အကြွင်းမဲ့သော လွတ်ငြိမ်းချမ်းသာ နိုင်ခွင့် ကို တော့ သူ မမျှော်လင့် နိုင်ပါ ။ သူမ ၏ တုံ့ပြန်မှု တစ်စုံတစ်ရာ အား ရင်ဆိုင် နိုင် အောင် သူ အတော့် ကို သတ္တိ မွေး ယူခဲ့ရပါသည် ။ စူးရှဝင်းလက်သော အကြည့် တစ်ချက် ဖြင့် ကြည့်ခဲ့ရုံ နဲ့ တော့ သူမ ကျေနပ် နိုင်လိမ့်မည် မဟုတ်ပါ ။ သို့သော် အံ့သြစရာ ကောင်းသည် မှာ ဖရိုဖရဲ ဖြစ် နေသော စိတ်ဓါတ် တို့ ကို စုစည်းလျက် သူ မ ၏ ပေါက်ကွဲမှု တစ်ခု ခု အတွက် သူ အိမ် ပြန် လာခဲ့သော ညနေစောင်း ၌ သူမ အေးဆေးစွာ ထမင်းပွဲ ပြင်ဆင် နေခြင်းပင် ဖြစ်သည် ။ ဒါဟာ ဒေါသ ဖြစ်ဖွယ် အခြေအနေ တစ်ခု နဲ့ ရင်ဆိုင် ခဲ့ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ရဲ့ နာကြည်းမှု တဲ့လား ။ ဘယ်လိုနည်း နဲ့ မှ မဖြစ်နိုင်ပါ ။ သူမ ၏ အပြုအမူ တို့အား ယခု ထက် ပိုမို ဆိုးဝါးစွာ သူ မျှော်လင့် ထားခဲ့ပါသည် ။
ပြင်းထန်စူးရှ တဲ့ စကားလုံး တွေ နဲ့ ပစ်ပေါက်တဲ့ အပြုအမူ မျိုး ၊ ကိုယ်ထိလက်ရောက် တုံ့ပြန် လာ တဲ့ အပြုအမူမျိုး ၊ အနည်းဆုံး တော့ မိန်းမ ပီပီ အော်ဟစ် ငိုကြွေး လိုက်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့ ။ သို့သော် သူ အထင် နှင့် ဆန့်ကျင်စွာ သူမ တည်ငြိမ်အေးစက် နေခဲ့ပြီး ထမင်းပွဲ ကို သာ စိတ်ရှည်လက်ရှည် ပြင်ဆင် နေခဲ့သည် ။ ဟင်းနံ့ ရ ရုံ နှင့် သူ ကြိုက် သော အသည်းဟင်း ဖြစ်ကြောင်း ထမင်းစားပွဲ ကို လှမ်း ကြည့်စရာ မလိုဘဲ ၊ သူ အကဲခတ် နိုင်ခဲ့သည် ။ ဒါဟာ သူ့ ရဲ့ အပြစ် တွေ အတွက် သူမ ရဲ့ တုံ့ပြန်မှု တဲ့ လား ။
“ ထမင်း အရင် စား လိုက်ကြရအောင် ပြီးတော့မှ စကား ပြောကြတာပေါ့ ”
ဘုရား တ ရ လောက်အောင် ပင် သူမ ၏ အသံ က တည်ငြိမ် လွန်း လှပါသည် ။ အသည်းဟင်း ဆို လျှင် ဣန္ဒြေ မဆောင်နိုင် သူ ပီပီ သူ ထမင်း စားပွဲ ၌ တိတ်ဆိတ်စွာ ဝင် ထိုင်လိုက် တော့ သူမ က ပြုနေကျ အတိုင်း သူ့ ပန်းကန် ထဲ သို့ ထမင်း ခူး ထည့်ပေးပြီး အသည်းဖတ် တို့ ခပ်ထည့် ပေး ခဲ့သည် ။ သူမ ၏ ပုံမှန် တည်ငြိမ်နေနိုင်မှု တို့ က သူ့ အား မယုံကြည်နိုင် လောက် အောင် ဖြစ်စေခဲ့သလို .. ထမင်း အရင် စားလိုက်ကြအောင် သူ ပြောဆို လျက် တစ်ခါ တည်း ဝင် မစားခြင်း က လည်း ထူးခြား နေ ခဲ့သည် ။ မိန်းမ တစ်ယောက် ၏ ထိုကဲ့သို့ သွေးအေး နေမှုမျိုး ကို သူ သဘော မကျပါ ။ ခင်ထွေး ရော ဟု စကား စ လျက် သူမ ၏ ဒေါသ ကို နှိုးဆွ ရန် ကြိုးစားကြည့် ခဲ့ သော်လည်း သူ ၏ ကြိုးစားမှု က မအောင်မြင် ဘဲ သူ့ ပန်းကန် ထဲ သို့ သာ သူ အသည်းဖတ် တွေ တစ်ဖတ် ပြီးတစ်ဖတ် ခပ်ထည့် ပေး နေခဲ့လေသည် ။
••••• ••••• •••••
၃ ။
“ တော်ပြီလား မောင် ။ စားလို့ မြိန်ရဲ့လား ”
ဇွန်းခက်ရင်း ကို ပူးလျက် ထမင်း စားခြင်း အား အဆုံးသတ် လိုက် သော မောင့် ကို သူမ မော့ ကြည့်ရင်း မေးတော့ မောင် အေးဆေးစွာ ခေါင်း ညိတ်သည် ။ ပြီးမှ စကားစ ရှာ သလိုမျိုး ဖြင့် အသည်းအမြစ် က နည်းနည်း ခါးသလို ပဲ ဟု ရေရွတ်လျက် သောက်ရေခွက် ကို တစ်ဝက် ခန့် သောက် လိုက်သည် ။ ခါး သလိုပဲ ဟူသော မှတ်ချက် ကြောင့် သူမ နာကျင်စွာ ပြုံးရင်း မောင် က အသည်း တွေ ချည်း ရွေး စားတာကိုး ဟု ပြော လိုက် တော့ မောင့် အကြည့် တွေ က သူမ ထံ သို့ ဖြတ်ခနဲ ရောက်ရှိ လာကြသည် ။
“ အသည်း ဆိုတာမျိုး က နည်းနည်း တော့ ခါးသက်သက် နိုင် တာပေါ့ မောင် ရဲ့ ။ အစား များ ရင် ပိုပြီး ခါးသလို ထင်ရတယ် ”
မောင် ဘာ မှ ပြန် မပြောဘဲ ဟင်းဆီ ဝေ့ နေသော နှုတ်ခမ်းဖျား တို့ကို လက်သုတ်ပဝါ ဖြင့် သုတ် လိုက်သည် ။ မောင့် နှုတ်ခမ်း တွေ က လှ လိုက်ကြတာ ။ အဲဒီနှုတ်ခမ်း တွေ နဲ့ အမျိုးသမီး များစွာ ရဲ့ အသည်း တွေ ကို မောင် ဖဲ့ခြွေ စားသုံး ခဲ့တာပဲ ထင်ပါရဲ့ ။
“ အသည်း လို ပဲ များများ စား ရင် ခါး သလို ထင်ရတာ တစ်ခု ရှိသေးတယ် ”
သူမ ၏ အဆက်အစပ် မဲ့ စကား ကို မောင် နားမလည် စွာ စိတ်ဝင် စား သွားလျက် ဘာလဲ ဟု ဇဝေဇဝါ မေးသည် ။
“ ခု ကျွန်မ တို့ ဓါတ်ခွဲခန်း မှာ စမ်းသပ် နေရတဲ့ အဆိပ် တစ်မျိုးပေါ့ ”
“ အဆိပ် ”
မောင် ထိတ်လန့် သလို ရေရွတ် လိုက်သည် ။
“ ဟုတ်တယ် ။ အဲဒီ အဆိပ် က အရောင်အဆင်း အနံ့အရသာ မရှိဘူး ။ ဘယ်လို အရည်မျိုး ထဲ မဆို ပျော်ဝင် လွယ်တယ် ။ အပူ ပေး ပြီး ချက် ရ တဲ့ ဟင်း တစ်ခွက် ထဲ ဆိုရင် ပိုပြီး ပျော်ဝင် လွယ် တာပေါ့ ။ အဆိပ် ခတ် ခံရကြောင်း ကို လည်း တော်တော် နဲ့ စစ်ဆေး တွေ့ရှိ ဖို့ မလွယ်ဘူး ။ သူ့ ရဲ့ အားနည်းချက် က အခတ် များ ရင် မဆိုသလောက်လေး ခါးသက်သက် နိုင်တာပဲ ”
လက်ထောက်ဓါတ်ခွဲခန်းမှူး ဖြစ်သူ သူမ ၏ စကားများ က မောင် တစ်စုံတစ်ရာ စောဒက တက်နိုင်မည့် စကားမျိုး မဟုတ် သလို တစ်စုံတစ်ရာ ဝင်ရောက် ဆွေးနွေးနိုင်မည့် စကား လည်း မဟုတ်ပါ ။ ထိတ်လန့်မှု ၊ နားမလည်မှု တို့ ဖြင့် သာ မောင် သူမ ကို စူးရှစွာ စိုက်ကြည့် လာလေ သည် ။
“ မပြောပလောက်တဲ့ ပြစ်ချက်လေး ရှိပေမယ့် သူ ရဲ့ ထိရောက်မှု က တော့ အရမ်း တာ သွားတယ် ။ အသည်းအမြစ်ဟင်း လို ဟင်း တစ်ခွက် ထဲ ကို အဲဒီ အဆိပ် မီးခြစ်ဆံခေါင်း လောက် ထည့် လိုက် ရင် ”
သူမ ၏ စကား မဆုံးခင် မှာ ပင် မောင် ဝုန်းခနဲ ထ ရပ် သည် ။ မောင့် မျက်နှာ က စိုးရိမ်ထိတ်လန့်မှု ၊ ဒေါသဖြစ်မှု တို့ ဖြင့် အံ့သြဖွယ်နီမြန်း လျက် ၊ ခက်ထန်ကြမ်းတမ်း နေ ကြသည် ။
“ အဲဒီလို အဆိပ် မိတဲ့ လူ ဟာ အလိုလို ဒေါသ ကြီး လာတယ် ။ ပြီးတော့ ရင်ခုန် မြန်လာတယ် တဲ့ ။ နောက်ဆုံးတော့ ... ”
“ တော်စမ်း ”
မောင့် ရဲ့ ဒေါသတကြီး အော်ဟစ်လိုက်မှု က သူမ စကားသံ ကို ဖုံးလွှမ်းကာ ရပ်တန့် သွားစေလေသည် ။
“ လတ်စသတ်တော့ .. မင်း ငါ့ ကို ယုတ်မာ လိုက်တယ်ပေါ့ ဟုတ်လား ။ အသည်းဟင်း ထဲ မှာ အဆိပ်ခတ် လိုက်တယ် မဟုတ်လား ”
မောင့် ဒေါသ က နူးညံ့သည့် မောင့် မျက်နှာနုနု ကို အရုပ်ဆိုး စေ လှပါသည် ။
“ သိပ် ဒေါသမကြီးပါနဲ့ မောင် ။ မောင့် မှာ သွေးတိုး နဲ့ နှလုံး ရှိတယ် မဟုတ်လား ။ မောင့်သူငယ်ချင်း ဒေါက်တာအောင်ဝင်း က လည်း ဒေါသ ကြီး တာ ဟာ မောင့် အသက်အန္တ ရာယ် ကို ဒုက္ခ ပေးနိုင်တယ် လို့ ပြောထားတယ်လေ ”
“ ဒေါသ မကြီးရဘူး ဟုတ်လား ။ ခုလို အခြေအနေမျိုး ကို ဒေါသ မကြီး ဘဲ တည်တည်ငြိမ်ငြိမ် နဲ့ နေရမှာလား ”
စိတ် ဖေါက်ပြန်သွားသူ တစ်ယောက် ပမာ သွေးရူးသွေးတန်း အော်ဟစ် ရင်း စားပွဲခုံ ကို ထု လိုက်သည် ။ ထို့နောက် မျက်နှာ ရှုံ့ မဲ့လျက် ရင်ဘတ် ကို လက် နဲ့ ဖိ ရင်း သူမ တစ်စုံတစ်ရာ မတားဆီးနိုင် ခင် မှာ ပင် ထမင်းစားပွဲ ပေါ် သို့ မောင့် ခန္ဓာကိုယ် ပြိုလဲကျဆင်း လာတော့သည် ။
မလှုပ်မယှက် ငြိမ်သက် သွားသော မောင့် ကို ကြည့်ရင်း ကွာရှင်း ပြတ်စဲဖို့ စကား တောင် ပြောခွင့် မရလိုက်ပါလား ဟု သူမ တွေး လိုက် မိသည် ။ စိတ် မကောင်း ဖြစ်စွာ အကြာကြီး ငြိမ်သက် ငေးငူ နေမိပြီး မှ မောင့် သူငယ်ချင်း ဒေါက်တာအောင်ဝင်း ထံ သို့ ဖုန်း ဆက်ရန် ထိုင်ရာ မှ ထ ရပ် လိုက်သည် ။
နောက်ဆုံးပေါ် အဆိပ် တစ်မျိုး အကြောင်း ပြောပြ နေရင်း ဒေါသတကြီး လဲကျ သေဆုံး သွားခဲ့သော မောင့် ေ သ ဆုံးမှု သည် ဦးနှောက်သွေးကြော ပြတ်ခြင်းလား ၊ နှလုံးရောဂါ ၏ ဆိုးဝါးစွာ တိုက်ခိုက်မှု ကြောင့် လား ဆိုသည် ကို တော့ ဒေါက်တာအောင်ဝင်း က သာ အဆုံးအဖြတ် ပေးနိုင်ပါလိမ့်မည် ။
တယ်လီဖုန်း ရှိရာ သို့ မသွား မီ မောင့် မျက်နှာ အနီး ဟင်းပန်းကန် ထဲ မှ အသည်း တစ်ဖတ် ကို ကောက်ယူ ဝါး လိုက်တော့ သူမ ၏ လက်ရာ အသည်းဟင်း က မောင် ပြော သလို အမှန်တကယ် ပင် ခါးသက်သက် ဖြစ်၍ နေ လေသည် ။
◾နေနော်
📖 နှောင်ကြိုး တစ်မျှင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment