Monday, June 10, 2024

အရည်ပျော် ဒြပ်စင်များ


 

❝ အရည်ပျော် ဒြပ်စင်များ ❞

၁ ။

သူ က စာရေးဆရာ ဖြစ်သည် ။ ပြဿနာ က ရွာ နှင့် စ၏ ။

အုပ်စုအုပ်ချုပ်ရေးမှူး ရွေးပွဲတွင် စာရေးဆရာ အား ရှေ့ တင်၍ သူကြီးပြိုင်ပွဲ ဝင်နွှဲရန် သူကြီးရောဂါ တစ်ကျော့ပြန် နာလန် ထ ကြရာ က ၊ သူ က ရာအိမ်မှူး တစ်ဆင့် ဈေးဆစ်၍ ဈေးတည့် ရာ က ကြုံခဲ့ရခြင်း ဖြစ်၏ ။

ခေတ် ကို တွက် လျှင် ဒီမိုကရေစီခေတ် ရာအိမ်မှူး သူကြီး ဘဝ ပိုင်ပိုင်နိုင်နိုင် ရ၏ ။ ကျေကျေနပ်နပ် တင်မြှောက်ကြ၏ ။ မတတ်နိုင် လုပ်ရကိုင်ရ ချေပြီ ။

••••• ••••• •••••

၂ ။

စာကလေး တစ်ပုဒ် ရေးရ ကောင်းနိုး အကြောင်း အမျိုးမျိုး တွေး နေချိန် ။ ဝင်လာသည့် လူစုလူဝေး က မနည်းလှ ။ ရွာ တောင်ပိုင်း က ရေခဲမုန့် ရောင်းသည့် ဇော်ဝမ်း လင်မယား က ရှေ့ဆုံး က ။ ပြီးတော့ သူ့ ညီတော်မောင် နှင့် ခယ်မ ဖြစ်သူ မိဆား တို့ လင်မယား ။

" ဟ ၊ မနည်းပါလား ။ ထောက်ခံစာ လာ တောင်းတာလား ၊ ထိုင်ကြ ”

သူကြီးသက် မရင့်သေး သည့် အတွက် ဝင်လာသူ ကို အမှုသည် မှန်း သူ လားလားမျှ အကဲ မခတ်တတ် ။

“ ထောက်ခံစာ လာ တောင်းတာ မဟုတ်ဘူး ။ မိဆား လင်မယား ကွဲချင်တာ ။ အဲဒါ ကလေး ကို ကျွန်မတို့ မွေးစားဖို့ ပေး မလို့တဲ့ ။ ကျွန်မ က ဒီတိုင်း မရဘူး ၊ လူကြီး အိမ် စာချုပ် နဲ့ မွေးဖို့ ပေး မှ ရမယ် ဆိုပြီး လာကြတာ ”

“ ဟာ ” ခနဲ အသံ မထွက်အောင် သူ ထိန်း လိုက်ရသည် ။

ပူပူနွေးနွေး ရာအိမ်မှူးကလေး ဘဝ ပြဿနာ ဖြင့် စ, ချေပြီ ။ မိဆား က မျက်ရည်စစ နှင့် ဖြစ်သော် လည်း မျက်နှာ က မာလှသည် ။ ကလေး က လမ်းလျှောက်တတ်ခါ စ မို့ ပြဿနာ ကို နားလည်ဟန် မတူ ။ ဖွင့် ထားသည့် TV ရှေ့ မှာ ရောက်သည် နှင့် မခွာတော့ ။

“ ဘယ်က စ , ဖြစ်တာတုံး ”

မိဆား လင်သား က သူ့ အား မျက်လုံး လှန် ကြည့်သည် ။

“ မင်္ဂလာ ဆောင်တုန်း  က ရတဲ့ ဗီရို တွေ ၊ ပန်းကန် တွေ သူ အကုန် ရိုက်ခွဲလို့ ကုန်ပြီ ”

အလို ၊ ပြောင်းပြန်ကြီး ပါလား ဟု သူ တွေးမိ ပြန်သည် ။

“ မိဆား ”

သူ့ ခေါ်သံ ဆုံးတော့ မျက်လုံး ပင် လှန် မကြည့် ။

“ နင် တကယ် ခွဲပစ်တာလား ”

“ ခွဲ တယ် ၊ ခွဲတာ မှ အကုန် ၊ တစ်ခု မှ မကျန်ဘူး ”

“ ဘုရားရေ ” လို့ စိတ်ထဲ က တ , မိရ၏ ။ လင်မယား ရန်ဖြစ်သည့် ကိစ္စ မိန်းမသား က စ၍ အိုးခွက်ပန်းကန် ၊ ဗီရို ပါ မကျန်အောင် ခွဲခြင်း သည် ရွာ သမိုင်း တွင် ဒီ တစ်ခါ အစပြုခြင်း ဖြစ်သည် ။ သူ ခေါင်းပူ မတတ် ပြဿနာ ဖြေရှင်းရန် အကြံ ထုတ်ရပြီ ။

“ ထားတော့ ၊ ကွဲဖို့ ဆို လွယ်လွယ် မထင်နဲ့ ။ စာချုပ်တွေ ပါကြလား ။ ကလေး မွေးစားတဲ့ စာချုပ် က တစ်စောင် ၊ လင်မယား ကွဲဖို့ က စာချုပ် နှစ်စောင် ”

သူ့ စကား ဆုံးတော့ တစ် ယောက် မျက်နှာ တစ်ယောက် ကြည့် ကုန်ကြ၏ ။

“ မပါဘူး ”

ဖြေသံ က ပြိုင်တူ နီးပါး ။

“ မပါရင် မိုးလင်း မှ စာချုပ်တွေ ဝယ်ပြီး ပြန်လာခဲ့ကြ ။ ဒီည တော့ ဆိုင်တွေ ပိတ်လောက်ပြီ ”

မိဆား က ဦးဆုံး မတ် နေအောင် ထပြီး ဦးအောင် ထွက် သွားပြီ ။ ကလေး အား ငွေ့ငွေ့မျှ လှည့်မကြည့် ။ ပြီးတော့ လင် ဖြစ်သူ က ကောက်ကောက်ပါ အောင် ထ , ထွက်ပြန်၏ ။ ကလေး အား ငဲ့ငဲ့ မျှ မကြည့် ။

Tv ကြည့် နေသည့် ကလေး နှင့် အစ်ကို လင်မယား သာ ကျန်ရစ်တော့ မှ -

" လင် မယား ဆို တာ ဒီလိုပါပဲကွာ ၊ သွေးပူ နေလို့ ။ မိုး လင်းရင် စိတ်ပြေ သွားမှာ ။ ဒီည တော့ ကလေး ကို မင်းတို့ လင်မယား ခေါ် ထားလိုက် ”

ဇော်ဝမ်း လင်မယား ကား စကားပြန် မရဘဲ ကလေး လက် ဆွဲပြီး ခပ်လေးလေး ထွက်သွား မှ သူ သက်ပြင်း ချနိုင်သည် ။

" တောက် ၊ လပ်ကီး မကောင်းလိုက်တာကွာ ၊ ငါ့ နှယ် ။ သူကြီး ရာထူး အစ လင်မယား ကွဲချင်တဲ့ အမှု နဲ့ မှ ညားရတယ် လို့ ”

သူ ညည်းတွားသံ အဆုံး မှာ TV ရှေ့ က စာရေးဆရာမ ပေါက်စန က ပြုံးပြုံးကြီး လှည့် ကြည့်တော့ လန့် သွားရ၏ ။ “ ဘုရား ဘုရား ၊ သူ့ ကုန်ကြမ်း မှာ ငါ လည်း လွတ်ပါ့မလား ” ဟု ရင်ဘတ် အသာ ဖိရတော့၏ ။

••••• ••••• •••••

၃ ။

ည က အက်ဆေးတစ်ပုဒ် အဆုံးသတ် ရင်း သန်းခေါင်ကျော် သည် မို့ မနက်ခင်း မိုးစင်စင်လင်း ၊ ၆ နာရီ မတ်တင်း မှ သူ အိပ်ရာ က ထ နိုင်တော့သည် ။ နေပင် အတန် မြင့်ပြီ ။ ပြတင်း ပေါက် မရှိသော အပေါက် နေရောင် က သူ့ အိပ်ရာ ပေါ် တစ်စွ န်းတစ်စ ကျတော့မှ ထ,ဖြစ်သည် ။

ည က ပြဿနာ ကို အမှတ်ရ တော့ ပြုံးချင်ချင် ဖြစ်မိ၏ ။ ဘယ် ရမလဲ ၊ သူကြီး အသစ် ကို လာ မစမ်းနဲ့ ၊ လင်မယား ရန်ဖြစ်တာ လောက် များ တစ်ည သိပ် လိုက် ပြီးပျောက် ။ ငါ့ လာ အလုပ် ရှုပ်တဲ့ ဟာတွေ ဟင်း ။ သည်နှယ် တွေးရင်း မျက်နှာ သစ်ရသည် ။ ပြီးတော့ ထုံးတမ်းစဉ်လာ အတိုင်း ။ ဒီလို အချိန် ဆေးလိပ်လေး ဖွာ ဇိမ်ကျ ရတာက ဘာနဲ့ မှ မလဲနိုင်တဲ့ နံနက်ခင်း အရသာလေး ။

“ ဆရာ ... ဆရာ ”

အဆက် မပြတ် ခေါ်သံ က အိမ်သာ နား ထိ ရောက် လာခဲ့သည် ။

“ ဘယ်သူတုံး ကွ ။ အလိုက်ကန်းဆိုး မသိတဲ့ ကောင်တွေ ”

သူ ပြန် အသံ ပြုရင်း စိတ် ထဲ နည်းနည်းတော့ တင်းသွား မိသည် ။

" ကျွန်တော်တို့ပါ ၊ စာချုပ်တွေ ဝယ်လာခဲ့ပြီ ”

ဘုရားရေ မိဆား လင် ။

သူ အသံ ကို ကျက် မိ သွားခဲ့သည် ။ ည က ပြဿနာ က အိမ်သာဝ မှာ ပြန်စ ပြန်လေပြီ ။

“ လာခဲ့မယ် ကွာ ၊ ခဏစောင့် ”

ဝေးသွားသည့် ခြေသံ က သူ့ နားဝ မှာ မသက်သာလှ ။ ဒီ လင်မယား က ဇွဲကောင်း လှသည် ။ တစ်ည နှင့် စိတ်မပြေလေ တကား ။ အချိန် အတော်ကြာ သည် လင်မယား ပြဿနာ ကို အကြံထုတ် ယူရသည် ။

စားပွဲ ပေါ် က စာချုပ် ၃ စောင် သည် သူ့ အား ငံ့လင့်လျက် ရှိ၏ ။

ကိုင်း .…. သူကြီးမင်း ၊ ဘယ့်နှယ် ရှိစ ဟု သူ့ အား မျက်စ ပစ်ပြ နေချေပြီ ။

“ လင် နဲ့ မယားပဲကွာ ၊ မင်းတို့ ဟာ မဟုတ်သေး ပါဘူး ။ ကလေး က ရှိသေးတယ် ”

သူ လေပြေကလေး စ ထိုးဖြစ်သည် ။

“ ကလေး က ပူစရာ မရှိဘူး ၊ သူ့ အစ်ကို က မွေးစား မှာ ”

မိဆား အသံ က ပြတ်ပြတ်သားသား ရှိလှချေ၏ ။ ခက်ချေပြီ ။

“ နင် တကယ် ပြောတာနော် မိဆား ။ လင်မယား ကွဲတဲ့ စာချုပ် က ကိုယ်ချင်း နောက် မှ အဆင် ပြေရင် ပစ်လိုက်လို့ ရတယ် ။ ကလေး မွေးစားဖို့ ပေးတာ က စာချုပ် ချုပ် ပြီးလို့ ဒီ အိမ်ဝိုင်း ထဲ က ခြေ တစ်လှမ်း စ , တာနဲ့ ပြင် မရဘူး ။ စဉ်းစားဦး ”

“ ကျွန်မတို့ ကတော့ စာချုပ် ပြီးတာနဲ့ ပြန် မပေးဘူးနော် သူကြီး ။ ပြတ်ပြတ်သားသား တစ်ခါတည်း လုပ် ”

သူ့ ခြောက်လုံး ကို လင်ညီအစ်မ က ပါ ဝင် ထောက်တော့ စကားအား က ပိုကောင်း သွားခဲ့သည် ။ မိဆား က မဲ့ပြုံး တစ်ချက် ပြုံး ချေပြီ ။ ပြီးတော့ နှုတ်ခမ်း ကို ဖိကိုက် တစ်ချက် ကိုက်၏ ။ ပြီးမှ -

“ စိတ်ချ ၊ ပြန် မတောင်းဘူး ။ မိဆား တဲ့ တစ်ဆား တည်း ရှိတယ် ”

သေချာပါ၏ ။ မိဆား လို နှစ်ဆား ရှိလျှင် တစ်ရွာလုံး ငန် ကုန်နိုင်သည် ။

“ ဟ ၊ နင်တို့ ဟာ က မလွယ်ပါလား ။ ကိုင်း ဘယ်က စ,ဖြစ်ကြတာတုံး ၊ ပြော ”

“ ကျွန်မ အိမ်ခွဲ နေဖို့ ပြောတယ် ၊ မရဘူး ။ ကလေး က ကြီးလှပြီ ။ အဲဒီ ရေတင်မြောင်း တံခါး အဖွင့်အပိတ် မလုပ်နဲ့ ။ လစာ က ဘာမှ ရတာ မဟုတ်ဘူး ။ မစားလောက်ဘူး ပြောနေတာ ကြာလှပြီ ။ ယောက်ျား ဖြစ်ပြီး သူများ သားသမီး ဝ,လင်အောင် ရှာ မကျွေးချင် ။ လက်ကြော မတင်းမှ တော့ ညတာ ရှည် အိပ်မက် များတာပဲ ။ တိုတို နဲ့ ပြတ်တာ ကောင်းတယ် ”

လောကဓံ နှင့် သည် လင်မယား အသား မကျသေးသည့် ပြဿနာ ပေ တကား ဟု သူ တွေးမိ၏ ။

“ ဒုက္ခပဲ မိဆား ရာ နင် နဲ့ တော့ ။ မွေးစားသူ မရှိရင် ဘယ်လို လုပ်ပါ့ ”

“ ရှင်းရှင်းပဲ သူတို့ မမွေးစားရင် ကျွန်မ တံတား အောက် သွား လွှင့်ပစ်မှာ ”

ပြဿနာ ကား သူ့ခေါင်း အား ကြီးစေပြီ ။

“ အောင်မာ ၊ ငှက်ပျောသီး အခွံနွှာ စားတာ ကျနေတာပဲ လေပေါက် က ကိုယ့် သားသမီး ဆို နင် ထင်တိုင်း လုပ် ရ မှတ်နေလား ။ ဥပဒေ ရှိသေးတယ် ၊ နင် ထောင်ကျ သွားမှာပေါ့ ”

သူ့ စကား အဆုံးမှာ မိဆား ကား မီးဝင်းဝင်း တောက် ပို၍ ငန်တောက် လာခဲ့သည် ။

" ကိုယ့် သားသမီး ကိုယ် လွှင့်ပစ်တာ ဘယ်သူ့ ဘာ သွား လုပ်တာမှ မဟုတ်ဘူး ။ လာခဲ့စမ်းပါ ၊ ကြိုက်တဲ့ ဥပဒေ ”

အောင်မာ ၊ အောင်မာ ၊ ဆားပါး ဝလိုက်တာ လို့ သူ တွေးဖြစ်သည် ။ မရတော့ ၊ မိဆား ကား ငန်ချင် တိုင်း ငန် ချေပြီ ။

“ ကိုင်း ဒီလို လုပ် ။ မနက်ဖြန် အုပ်စုရုံး ဖွင့်မယ် ၊ ငါ ဥက္ကဋ္ဌ ဖုန်းဆက် ထားမယ် ။ နင်တို့ က တကယ် ဖြစ်နေကြတော့ စာချုပ် မှာ ဥက္ကဋ္ဌ တံဆိပ်တုံး ပါမှ ရတော့ မှာ ။ မနက်ဖြန် ၁၀ နာရီ အုပ်စုရုံး လာခဲ့ကြ ”

သူ့ အသံ ပါ နည်းနည်း မာ သွားမိ၏ ။

" ဒီတင် လုပ် မရဘူးလား တော့ ”

“ မရဘူး ၊ လျှာမရှည် နဲ့ ”

••••• ••••• •••••

၄ ။

ည က သူ အုပ်ချုပ်ရေးမှူး နန်းထွေး ဆီ မိဆား တို့ ကိစ္စ ကြို ပြော ထားရသည် ။ ကွဲလို့ မဖြစ် ၊ မင်း ရာ ငါ ပါ မိဆား ကို အငန် ပေါ့ အောင် ရေ ရောမှ ရမည် ဟု ကြို ဇာတ် တိုက် တော့ အုပ်ချုပ်ရေးမှူး အသစ်ကလေး ဆီ က ရယ်သံ ထွက်ချ လာသည် ။

“ ကျွန် တော့် ဆီ မှာ လည်း အဲဒါမျိုး က ၃ မှု တောင် ရှိတယ် ” ဆိုတော့ ဖြစ်ရလေကွာ လို့ ပြောရင်း ဖုန်း ကို ပိတ် ဖြစ်သည် ။ ခုတော့ မိုးစင်စင် လင်းပြီ ။ မိဆား နှင့် သူ ၏ ဒုတိယ ည အလွန် ။ မိဆား က ၉ နာရီ မထိုးမီ သူ့ ဆီ ရောက်ချ လာခဲ့သည် ။

“ သူကြီး ဆိုင်ကယ် နောက် က ကျွန်မ လိုက် မှာ ၊ အဲဒါတွေ မျက်နှာ ကို မမြင်ချင်တော့ဘူး ”

“ ဟဲ့ ၊ အတူ သွားရမှာပေါ့ ဟ ၊ နင့် မလဲ ဒုက္ခ ”

“ သွား ကုန်ကြပြီ ၊ ကျွန်မ မလိုက်ချင် လို့ နေခဲ့တာ ”

မိဆား က ငန် ဆဲ ။ သူ ဆိုင်ကယ် ကို ထုတ်ပြီး လမ်း ပေါ်  မောင်း ထွက် လိုက်ရသည် ။ ရုံး သို့ သွားရာလမ်း တစ်လျှောက် သူ နှုတ်ဆိတ် နေလိုက် မိသည် ။ မိဆား က လည်း တစ်ခွန်းတစ်ပါဒ မျှ မဟ ။

••••• ••••• •••••

၅ ။

ရုံးအတွင်း ဝင်သည် နှင့် အုပ်ချုပ်ရေးမှူးလေး ကိုနန်းထွေး က အပြုံးဝင့်ဝင့် ဖြင့် သူ့ အား ကြိုလင့်သည် ။

“ လာ ဗျို့ ၊ စာရေးဆရာ ”

သူ ရုံး ဆီ တစ်ချက် ကြည့်ပြီး မိဆား ဘက် ပြန် လှည့်ကာ စူးစူး ကြည့် မိသည် ။

“ ဘယ်မတုံး နင်တို့ ဟာတွေ ၊ နင် ပြောတော့ သွားပြီဆို မိဆား ”

“ ကျုပ် ရှေ့တင် ထွက်သွား တာပဲ ၊ လမ်း ဘယ်နား သေနေကြမှန်း မသိဘူး ”

သူ မျက်ခုံး အစုံ မြင့်တက် သွားမိသည် ။

“ လာတယ်ဗျ ၊ စာချုပ်တွေ မေ့လို့ ပြန် အယူ သွားကြတာ ။ အဲသာထား ဆရာ ရေ့ ၊ ရှေ့က မနုတို့ အမှု အရင် ဖြတ် ရအောင် ”

သည်တော့မှ ရုံး ထဲ စေ့စေ့စပ်စပ် သေချာ ကြည့်မိသည် ။ ဖိုးချက် မယား သူ့ ဝမ်းကွဲနှမ က မျက်နှာ မသာမယာ နှင့် ငူငူကြီး ထိုင် နေတာ မြင် ရသည် ။

“ နင်က ဘာဖြစ်တာတုံး ”

“ အိမ် ရောက်ခဲ့ သေးတယ် ။ မောင်မောင် က ရုံး သွားတယ် ဆိုလို့ ဒီ လိုက်လာတာ ”

“ ထား - ထားတော့ ။ ဘာဖြစ်တာတုံး ၊ ပြော ”

သူ့ အငမ်းမရ အမေး ကို ညီမ ဖြစ်သူ က မဖြေ ။ ဥက္ကဋ္ဌ ဆီ က “ ပြဿနာ က ဒါကြီးပဲ ဆရာရေ့” ဆိုသည့် အသံ အဆုံး သူ စားပွဲဆီ လုံးလုံး ကြည့်မိသည် ။

ဥက္ကဋ္ဌ စားပွဲ ပေါ် က ပုဆိုးပုံ ကို လှန် အပြမှာ သူ လန့်ပြီး ကြက်သေ သေသွား မိတော့သည် ။

••••• ••••• •••••

၆ ။

“ ကျွန်တော့် ဆီ အဲဒါကြီး ရင်ဘတ်ထဲ ပွေ့ ရောက် လာတာပဲ ဆရာ ”

ဥက္ကဋ္ဌ အသံ က ရယ်သံ ဟဟ စွက် နေခဲ့သည် ။

“ သူ့ သား လောက်လေး နဲ့ ပစ်တာ ငါ ကိုယ်တိုင် မြင်လို့ ဆုံးမ ရအောင် သွား တိုင်တာ ၊ မဆုံးမ တဲ့ အပြင် တိုင်ချင် ရာ တိုင်တဲ့ မစိန်နီ က အဲသာ မကျေနပ် လို့ ရုံး လာတာ ။ ငါ့ ကြက် က တိုက် ကြက် ၊ ခြေကျိုး သွားပြီ ”

သူ နှင့် ဥက္ကဋ္ဌ အကြည့်ချင်း ဆုံ မိကြ၏ ။ ဥက္ကဋ္ဌ က ရယ်လုလု မျက်နှာ နှင့် ။ မိဆား တို့ ဇာတ်ကား ကြား မိနုကြက် က ကြော်ငြာ အရင် ဝင် နှင့်သည် ။

••••• ••••• •••••

၇ ။

“ ဆိုတော့ ကာ ၊ မိဘ ပေးစားလို့ နင်တို့ ရကြတာ လည်း မဟုတ်ဘူး ။ ကိုယ် ကြိုက်လို့ ကိုယ် ယူထားကြတာ ။ ကလေး က လည်း ကြီးစ ပြုပြီ ။ ပြီးတော့ မိန်းကလေး ။ အလွယ် ကျွန်တော် တော့ မဆုံးဖြတ် စေချင်ဘူး ”

ဥက္ကဋ္ဌ က ၁၅ မိနစ် သာသာ မိဆား ကို ရေထိုး ပြီးတော့ ပြောစရာ ကုန်ဟန် နှင့် သူ့ ဆီ တစ်ချက် ကြည့်သည် ။ ဆရာ ဝင် လို့ ရပြီဆိုသည့် သဘော ။ သူ မိဆား မျက်နှာ တစ်ချက် အကဲ ခတ်သည် ။ ဒီ မျက်နှာ က ဥပဒေ ဆိုတာ တွေ တဖွဖွ ရွတ်ပြ လို့ ရသည့် မျက်နှာ မဟုတ် ။

“ မိဆား "

သူ့ ခေါ်သံ ကို နှုတ်ပြန် မထူး ။ မျက်လုံး အကြည့် နှင့် သာ ထူးသည် ။

“ နင် လက်မှတ် ထိုးပြီးတာနဲ့ နင့် သမီး ကို မပိုင်တော့ဘူး နော် ”

“ သိတယ် ”

သူ ပြုံးလိုက် မိ သလို ရှိ၏ ။

“ ပြီးတော့ နင် တို့ လင်မယား အပြီး ကွဲသည် ဖြစ်စေ ၊ ပြန် ပေါင်းသည် ဖြစ်စေ သေချာတာ က နင်တို့ သမီး ကို နင်တို့ ပြန် မရတော့ဘူး ”

“ သေချာတယ် ။ ကျွန်မတို့ ကလည်း စာချုပ် နဲ့ မွေး ပြီးမှ တော့ မပေးနိုင်ဘူး ”

ဇော်ဝမ်း မယား မိဆား လင်ညီအစ်မ က သွက်သွက်လက်လက် စကား ထောက်၏ ။

“ နင်တို့ သမီး က ကြီးလာပါပြီ တဲ့ ၊ အရွယ် ရောက်ပြီ ဆိုပါတော့ ၊ ထားပါ ၊ မွေးစားမယ့် သူ က ဦးလေး အရင်း ဆိုတော့ မဟုတ်မဟတ် တော့ တွေးစရာ မလိုဘူး ။ ဒါပေမဲ့ ”

မိဆား မျက်နှာ အမာ လျော့ကျ သွားတာ မြင်ရသည် ။ ပြီးတော့ စိတ်ဝင်စား ဟန် ပြ လာသည် ။

“ ကလေးက အရွယ် ရောက်လို့ နင်တို့ သူ့ ကို စွန့်ပစ်ခဲ့တာ သိပြီး ရင် စိတ် အကြီးအကျယ် နာ မှာတော့ သေချာတယ် ။ ပြီးတော့ အဖေ လို့ ၊ အမေ လို့ သူ ခေါ်ချင် မှ ခေါ်မယ် နော် ”

မိဆား အင်းအဲ မလှုပ် ၊ အရည် ပျော်စ ပြုပြီ ။

" ကလေး က ချစ် ဖို့လည်း ကောင်းလာမယ် ။ အဲဒီတော့ မှ ညည်းတို့ က သမီး လို့ ခေါ်ရင် ကလေး က လှည့် ကြည့်ချင် မှ ကြည့်မှာ ”

မိဆား မျက်ရည်တွေ ဝိုင်းစ ပြု ချေပြီ ။

“ နင်တို့ ဗီဒီယိုတွေ ထဲမှာ အဲဒီ ဇာတ်လမ်းမျိုး တွေ မြင်ဖူး ကြည့်ဖူးတယ် နော် ။ အဲဒီ ဇာတ်ဝင်ခန်း တွေ ရောက် ရင် မင်းသား မင်းသမီး တွေ သနားပြီး နင် တို့ ငိုကြတယ် မဟုတ်လား ”

မိဆား ဆီ က အင့်ခနဲ ရှိုက်သံ တစ်ချက် ထွက်လာ ခဲ့ပြီ ။

“ အေး ၊ အဲဒါက ဇာတ်လမ်း ။ အဲဒီလို ဇာတ်လမ်း မှာ တောင် နင်တို့ ခံစားရ သေးရင် ဒီ တစ်ခါ အဲဒီ နေရာ မှာ နင်တို့ ကိုယ်တိုင် သရုပ်ဆောင် ရမှာနော် ”

မိဆား ဆီ က အစ်အစ်ပါ ငိုသံ ထွက် လာခဲ့သည် ။

“ ဟောဒီ ကလေးလေး အရွယ် ရောက်လို့ သမီးရေ လို့ နင် ခေါ်မိရင် ကလေး က ဘာ ခုမှ သမီး လဲ ပစ်တုန်း က ပစ်ထား ပြီးတော့ ။ ခုမှ လာ မတော် နဲ့ ၊ ရှင် က ကျွန်မ အမေ မဟုတ်ဘူး လို့ ပြောခဲ့ရင် အဲဒီ ဝေဒနာ ကို နင်တို့ ခံစား နိုင်သလား ”

“ အဟင့် - အဟင့် ဟီး ”

မျက်နှာ လက်ဝါး နှင့်အုပ်၍ ငိုသံ အဆုံးမှာ မိဆား အရည်ပျော် ကျ သွားခဲ့သည် ။ မိဆား လင် စန်းဗိုလ် က “ လာ ပြန်မယ် ” ဆိုတော့ နှုတ်ပင် မဆက်ကြ ။ ဥက္ကဋ္ဌ စားပွဲ ပေါ် တွင် စာချုပ် ၃ စောင် က အတိုင်းသား ...

“ ပိုင်ချက်က တော့ ဆရာ ရယ် ၊ စာရေးဆရာ ပီသပါပေ့ဗျာ ”

နန်းထွေး အသံ က ရယ်ဟဟ ရှိသည့် တိုင် မရွှင် ။

“ ကျွန်မ က တော့ ဇာတ်ကား ကြည့်နေရ သလိုပဲ ”

ဥက္ကဋ္ဌကတော် ဆီ က အသံ က လည်း တိုးဖျော့ဖျော့ နိုင်လှသည် ။ အပြင် တွင် ဖွဲဖွဲလေး ကျ လာသော မိုးရေစက်တွေ ကို သူ ငေး နေမိသည် ။ သူ ကိုယ်တိုင် ဒီလို နေ့မျိုး တစ်နေ့ ကို သမီး ငယ်ငယ် က တစ်ခါ ကြုံလုလု နီးနီး ဖြစ်ခဲ့ရဖူးသည် ကို သတိရမိ စဉ် …… ။

••••• ••••• •••••

၈ ။

တစ်ပတ် လောက် အကြာ မှာ မ.ယ.က ရုံး ရှေ့က လက်ဖက်ရည်ဆိုင် သူ ထိုင်နေစဉ် ရွေးကောက်ပွဲ ပြီး ကတည်း က မတွေ့ဖြစ်တာ အတော် ကြာပြီ ဖြစ်သည့် တိုင်း ( ၁ ) အမတ် က သူ့ ကို မြင်တော့ ကား ပေါ် မှ ဆင်းချ လာခဲ့ သည် ။

“ အလို သူကြီးမင်း ”

“ ထိုင်ဗျာ အမတ်ကြီး ”

စကား အဆုံး မှာ ပြိုင်တူ ရယ်ဖြစ်ကြသည် ။

“ ဆရာ နေကောင်းရဲ့လား ”

“ ကောင်းပါတယ် ”

အမတ် က စားပွဲထိုးလေး ကို ပေါ့ဆိမ့်နှစ်ခွက် ဟု မှာရင်း ရေနွေးကြမ်းပန်းကန် တွေ ဆေးရင်း “ ဘယ့်နှယ်တုံး ၊ ရွာရပ် အခြေအနေတွေ ” ဟု မေးစဉ် သူ ပြုံးနေမိ သေးသည် ။

မိဆား တို့ အကြောင်း ပြောပြီး စကားစ အသတ် မှာ အမတ် ဆီ က ရယ်သံ တစ်ချက် ထွက်ပြီး ငှဲ့လက်စ ရေနွေးကြမ်း က ခွက်ဘေး စဉ်ကျ သွားတော့၏ ။

◾အောင်ဖြိုးကျော် ( ပခုက္ကူ )

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဒီဇင်ဘာ ၂၀၁၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment