Thursday, June 6, 2024

သင်္ချာ အပြင်ဘက် က တန်ဖိုး


 

❝ သင်္ချာ အပြင်ဘက် က တန်ဖိုး ❞

ကျွန်မ က Burberry တံဆိပ် အင်္ကျီလေး ကို ကိုင် ကြည့်မလို လုပ်ပြီး မှ ပြန် ချထား လိုက်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အင်္ကျီ ရဲ့ တန်ဖိုး က နည်း မှ မနည်း တာကိုး ။ တစ်ထည် ကို တစ်သိန်းနှစ်သောင်း တဲ့ ၊ များ လိုက်တဲ့ ဈေး ။ အဲဒီလောက် အင်္ကျီ ကို တော့ ဈေးကြီး ပေးပြီး ဝယ် မဝတ်ချင်ဘူး ။

ကျွန် မက အရင် ကတည်း က အဝတ်အစား ဆို တန်ဖိုး ကြီးတွေ ကို ဘယ်တော့မှ ဝယ် မဝတ်ဘူး ။ လှတာ ဆို အကုန် ဝတ်တယ် ။ လှရင် ပြီးရော လို့ သဘော ထားခဲ့တယ် ။ မေမေ က ဆို -

“ သမီး ရယ် ... ဘာလို့ ဈေး ပေါတဲ့ အဝတ်အစားတွေ ဝယ် ဝတ် နေရတာလဲ ။ မဝယ်နိုင်တာ လည်း မဟုတ်ဘဲ နဲ့ အလကား အပေါစားတွေ ။ အပေါစား မှန်း သိပ် သိသာတာပဲ ” လို့ အမြဲ ပြော တတ်တယ် ။

ဒါပေမဲ့ ကျွန်မ က တော့ နှစ်သောင်း အထက် ဆို ဘာ အဝတ်အစား ကို မှ မဝယ်ချင်ခဲ့ဘူး ။ ကျွန်မ ချစ်သူ က လည်း မေမေ့ သဘော နဲ့ တစ်ထပ်တည်း ပဲ ။ ကို က ဈေး ကြီးပြီး တန်ဖိုး ကြီး Brand ကို မှ ကြိုက် တတ်သူ ။ ဂျင်းဘောင်းဘီ ဆို 501 မှ ၊ အင်္ကျီတံဆိပ် ဆို Burberry မှ ၊ ရေမွှေး ဆိုလည်း သိန်းကျော်တန် HUGO မှ ဝယ် ဆွတ် ချင်သူ ။ ကျွန်မ နဲ့ တော့ လုံးဝ ကို ဆန့်ကျင်ဘက် ဖြစ်နေတော့တာပေါ့ ။

တစ်ခါက ကို နဲ့ ကျွန်မ Shopping Mall တစ်ခု ထဲ ရောက်တော့ ကိုယ် က သိန်းကျော်တန် တံဆိပ် နဲ့ အင်္ကျီ တွေ ကို ရွေး နေတဲ့ အချိန်မှာ ကျွန်မ က တော့ လှ လည်း လှ တဲ့ ဈေး လည်း သက်သာ တဲ့ အဝတ်အစား တွေ ကို ရွေး နေတယ် ။ ဒါနဲ့ ကို က

“ ခိုင် က လည်း အဲဒီ အင်္ကျီတွေ ဘာ လုပ်ဖို့လဲ ။ ဒီမှာ Brand တွေ လာ ကြည့်စမ်းပါ ”

“ ကို က လည်းBrand မဟုတ် လည်း ဘာဖြစ်လဲ ။ ဒါလေးတွေ လည်း လှပါတယ် ”

“ လှ ရုံ နဲ့ ပြီးမလား ခိုင် ရဲ့ ။ လှလှ မလှလှ လူတွေ က အင်္ကျီတံဆိပ် နဲ့ တန်ဖိုး ကို ကြည့်ပြီး လူ တစ်ယောက် ရဲ့ အဆင့်အတန်း ကို ဆုံးဖြတ်ကြတာ ”

ကျွန်မ လည်း ကို့ အပြော ကို ပြန် မပြော နား မထောင် လုပ် နေတော့ ကို က ဘာမှ ဆက် မပြောဘဲ ရှုံ့ရှုံ့မဲ့မဲ့ နဲ့ သူ ရွေးစရာ ရှိတာ ဆက် ရွေး နေတယ် ။ ဒါနဲ့ ကျွန်မ တို့ က နောက် တစ်နာရီ လောက် ကြာ တော့ ပြန်လာ ခဲ့ကြတယ် ။

  •••••   •••••   •••••

( ၂ )

ကျွန်မတို့ နေတဲ့ အိမ်ရာဝင်း ထဲ ကို ဝင်ဖို့ ဆိုရင် ဆင်ခြေဖုံး ရပ်ကွက်လေး ကို ဖြတ် ပြီး မှ သွား ရတယ် ။ ဆင်ခြေဖုံး ဆင်းရဲသား ရပ်ကွက်လေး ဆိုတဲ့ အတိုင်း ပဲ လမ်းဘေး ဈေးရောင်းသူ တွေ ၊ ကလေး တစ်ဖက် နဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တွေ ၊ ပစ္စည်း အဟောင်း ဆိုင် တွေ ၊ အင်္ကျီ အဟောင်း ဆိုင် တွေ နဲ့ သူ့ ဘာသာ သူ စည်ကား နေတဲ့ ရပ်ကွက်လေး ပေါ့ ။

တစ်ခါတလေ ဆို ဈေးသည် အချင်းချင်း အော်ဟစ် ရန်ဖြစ်သံ တွေ ၊ မအေနှမ ဆဲဆိုသံ တွေ လည်း ကြားရ တတ်တယ် ။ ကို က တော့ ကျွန်မ ကို လိုက် ပို့ တိုင်း -

“ ခိုင် ရယ် ... ဒီ နေရာကြီး က စိတ်ပျက်စရာ ကြီးကွာ ” လို့ အမြဲ ညည်းညူတယ် ။ ကျွန်မ က တော့ မြင်နေကျ မြင်ကွင်း မို့ ရိုး နေတာပေါ့ ။ ကျွန်မ တို့ လည်း လူတွေ ရှုပ် နေတာ ဆိုတော့ ကား ကို ဖြည်းဖြည်းပဲ မောင်း သွားရင်း အထည်ဟောင်း ရောင်းတဲ့ ဆိုင် ရှေ့ ရောက် လာတယ် ။ အင်္ကျီတွေ ကို ကြိုက်တာ ယူ တစ်ထည် နှစ်ထောင်ဆိုပြီး အော်ဟစ် ရောင်းနေတယ် ။ လူ တွေ က လည်း ဝယ် နေကြတာပေါ့ ။ အဲဒါနဲ့ ကျွန်မ က ...

“ ကို ... ဟိုမှာ ကြည့်စမ်း ၊ အင်္ကျီတွေ က တစ်ထည် မှ နှစ်ထောင် တဲ့ ။ ဈေး ပေါလိုက်တာနော် ”

“ ပေါ မှာ ပေါ့ ၊ အဲဒါ မြန်မာ ဖြစ် အင်္ကျီ အပေါ စားတွေပဲ ။ အသစ် တောင် မဟုတ်ဘူး ၊ အဟောင်းတွေ ”

“ မဟုတ်ပါဘူး ကို ရဲ့ .. ဟိုမှာ ချိတ် ထားတဲ့ အင်္ကျီလေးတွေ ဆို အကောင်းစားလေး တွေ လည်း ပါပါတယ် ။ အင်း ... ကို Burberry အင်္ကျီ နဲ့ တော့ အဆ ၁ဝဝ လောက် ကွာ တယ်နော် ”

“ ဟာ ... ခိုင် က လည်း ဘာတွေ လျှောက် ပြော နေမှန်း မသိဘူး ။ သူတို့ ကို လည်း ကို့ အင်္ကျီလို မျိုး တစ်ယောက် ယောက် က အလကား ပေးကြည့်ပါ လား ။ ဝမ်းသာလွန်း လို့ အင်္ကျီလေး ကြည့်ပြီး တသသ ဖြစ်နေ ကြမှာပဲ ။ မတတ်နိုင် တော့ လည်း နှစ်ထောင် တန် ပဲ ဝယ်ရတာပေါ့ ”

ဒါနဲ့ ကျွန်မ လည်း “ အင်း .. ဟုတ်မှာပါလေ ၊ တန်ဖိုး ကြီးတဲ့ အင်္ကျီ ဆို အားလုံး ဝတ်ချင်ကြမှာပဲပေါ့ ” လို့ တွေး လိုက်မိတယ် ။

အဲဒီလိုနဲ့ နောက် တစ်လ လောက် ကြာတော့ ကျွန်မ တို့ ကို မိဘချင်း နားဖောက် ကြပြီး လက်ထပ် ပေး ဖို့ ရက် သတ်မှတ်လိုက်တယ် ။ ‘ ကို ’က တော့ သူ့ မင်္ဂလာပွဲ ကို အခမ်းနားဆုံး ဖြစ်အောင် လုပ်ဖို့ တက်ကြွ နေ တာပေါ့ ။ ကျွန်မ အတွက် သတို့သမီးဝတ်စုံ ဝယ် ဖို့ ဆိုပြီး Forever Weeding Dress ဆိုင် ကို သွားပြီး ရွေးကြတယ် ။

‘ ကို ’ က တန်ဖိုး အကြီးဆုံး အင်္ကျီ ကို ရွေး တော့ ဈေး က ဆယ်သိန်း တဲ့ ။ ဒါပေမဲ့ ဝတ်စုံလေး က ကျွန်မ စိတ် ထဲ သိပ် မလှဘူး လို့ ထင်မိတယ် ။ ကျွန်မ ကြိုက် တာ က သုံးသိန်း ပဲ တန်တဲ့ ငွေမင်ရောင် ဝတ်စုံလေး ။ ဒါနဲ့ပဲ ကျွန်မ တို့ နှစ်ယောက် ထုံးစံအတိုင်း စကား များ ကြပြန်တာပေါ့ ။ ‘ ကို ’ က တစ်သက် မှာ တစ်ခါ လုပ် ရတဲ့ မင်္ဂလာပွဲ တောင် ‘ ခိုင် ’ က တန်ဖိုး မထားဘူး ။ ဘာညာ နဲ့ ကျွန်မ ကို စိတ်ခု သွားတယ် ။

အိမ် ပြန် ရောက်တော့ မေမေ ဆို ကျွန်မ ကို ဆူလိုက် တာ မပြောပါနဲ့တော့ ။

“ ညည်း က အရာရာ ကို တန်ဖိုး မရှိအောင် လုပ် ပစ် ချင်တယ် ။ ကိုယ့် ကိုယ် ကိုယ်လည်း တန်ဖိုး ရှိ အောင် မဆင် သလို ကိုယ့် ဘဝ ကို ပါ တန်ဖိုး မဲ့အောင် လုပ်တယ် ”

အို ... အများကြီးပါပဲ ။ ကျွန်မ လည်း စိတ်ညစ် သွားမိတယ် ။

အဲဒီ တန်ဖိုး ဆိုတဲ့ စကားလုံး က ဘဝ မှာ တော်တော် အရေး ကြီး သလား လို့ ကျွန်မ စဉ်းစား နေမိတယ် ။

အဲဒီလိုနဲ့ နောက် ၃ ရက် လောက် ကြာတော့ ‘ ကို ’  က စိတ်ဆိုး ပြေ သွားပြီ ထင်တယ် ။ ကျွန်မ ဆီ ကို ညနေစောင်း လောက် ရောက် လာတယ် ။ အဲဒီနေ့ က မိုး က လည်း မနက် ကတည်း က တိတ် လိုက် ၊ ရွာ လိုက် နဲ့ ပေါ့ ။ ကျွန်မ ကို အပြင် သွားဖို့ ခေါ်တော့ ကျွန်မ လည်း လိုက် လာခဲ့တယ် ။ မိုးဖွဲဖွဲလေး ရွာ နေတော့ အဝေးကြီး မသွား တော့ ဘဲ ဒီ ရပ်ကွက်လေး ရဲ့ အစွန် ဆုံး မှာ ရှိပြီး ချောင်း ကို ဖြတ် ထိုး ထားတဲ့ တံတားကြီး ပေါ် ကို ပဲ ထွက် လာခဲ့ကြတယ် ။

မိုးဖွဲဖွဲလေး ရွာ နေတာမို့ ကျွန်မ တို့ က ကား ထဲ မှာ ပဲ ထိုင် နေကြတယ် ။ နောက်တော့ မိုး က ဝုန်းခနဲ သည်းသည်းမည်းမည်း ရွာ ချ လိုက်တယ် ။ ဒါပေမဲ့ ၁၅ မိနစ် လောက် ကြာ တော့ မိုး က စဲ သွားပြန်တယ် ။

ကျွန်မ တို့ လည်း မိုးစဲ သွားပြီ ဆိုတော့ ကား ထဲ က ထွက်ပြီး ကားဘေး မှာ မတ်တတ် ရပ် နေ လိုက် တယ် ။ ကို့ ပခုံးလေး ကို မှီလိုက် တော့ HUGO ရေမွှေးနံ့လေး က သင်း နေလို့ ပေါ့ ။ ပြီးတော့ Burberry ဂျာကင်အညိုရောင်လေး ဝတ် ထားတဲ့ ကို ပုံစံလေး က ရှင်းသန့် နေတာပဲ ။ တစ်ချက် တစ်ချက် မိုးငွေ့ ပါ တဲ့ လေ က တိုက် နေသေးတယ် ။ ဒါနဲ့ ကျွန်မ က နည်းနည်း အေးလာ တာ မို့ ကို့ ရင်ခွင် ထဲ တိုးဝင် လိုက်တယ် ။ ‘ ကို ’ ကလည်း အလိုက်သင့် ပြန် ဖက်ထား တယ် ။

မိုး ရွာပြီးစ ဆိုတော့ ချောင်းရေတွေ က နောက်ကျိ ပြီး စီးဆင်း နေတယ် ။ ကျွန်မ တို့လည်း စီးဆင်း နေ တဲ့ ချောင်းရေ တွေ ကို ဘာရယ် မဟုတ် ငေးကြည့် နေ မိကြတယ်လေ ။ အခုမှ စိတ်ဆိုး ပြေစ ဆိုတော့ ဘာ စ ပြောရမှန်း မသိဘဲ ငြိမ် နေတာလည်း ပါတာပေါ့ ။

အဲဒီ အချိန်မှာ ကျွန်မတို့ အနား က နေ လူ တစ်ယောက် က ၈ နှစ် အရွယ် ကလေး လေး တစ်ယောက် ကို လက် ဆွဲပြီး ဖြတ်လျှောက် သွားတယ် ။ အဲဒီ လူ က ချိုင်းပြတ်စွပ်ကျယ် အင်္ကျီ ဝါကြန့်ကြန့် နဲ့ ပုဆိုး အနားစုတ် တစ်ထည် ကို ဝတ်ထားတယ် ။ တစ်ကိုယ်လုံး လည်း မိုးရေတွေ နဲ့ ရွှဲနစ် နေတာပဲ ။ သူ့ ပခုံး ပေါ်  မှာ လည်း ပီနံအိတ် ကို လွယ်အိတ်လို အပေါက် ဖောက်ပြီး ကြိုး နဲ့ လွယ် ထားတယ် ။ လက် ထဲ မှာ လည်း တုတ် ရှည်ရှည် တစ်ချောင်း ကိုင် ထား သေးတယ် ။

ကလေး လေး က တော့ ခမောက်ကြီး ကို ဆောင်း ထားပြီး မတော်တရော် လူကြီး ရှပ်အင်္ကျီ လက်ရှည် ဖိုသီဖတ်သီကြီး နဲ့ ပေါ့ ။ ကျွန်မ တို့ နဲ့ မလှမ်းမကမ်း မှာ အမှိုက်ပုံကြီး တစ်ပုံ ရှိနေတယ် ။ အဲဒီ လူ နဲ့ ကလေးလေး က အမှိုက်ပုံကြီး ဆီ ကို တရွေ့ရွေ့ လျှောက် သွား နေတယ် ။ ကျွန်မ တို့ လည်း လိုက် ကြည့် နေမိတယ် ။

အဲဒီ လူ က အမှိုက်ပုံ ဆီ ရောက်တော့ သူ့ လက် ထဲ က တုတ် နဲ့ အမှိုက် တွေ ကို ထိုးထိုး ပြီး ဖွ နေတယ် ။ ပြီးတော့ သူ က အမှိုက်ပုံကြီး ထဲ က ရောင်းလို့ ရသမျှ ဘိလပ်ရည်ဘူး ၊ ရေသန့်ဘူး ၊ ပန်းကန်ခွက်ယောက် အဟောင်း တွေ နဲ့ တိုလီမိုလီလေး တွေ ကို သူ့ ပခုံး ဆီ က အိတ် ထဲ ကို ကောက် ထည့်နေတယ် ။

ကလေး လေး က လည်း နို့ဆီဘူးခွံ တွေ ကို ကောက် ပြီးတော့ သူ့ အဖေ ရဲ့ အိတ် ထဲ ကို ပစ် , ပစ် ထည့် နေသေးတယ် ။ အဲဒီ လူ ကို အဝေး က မြင် ရတာ တောင် တော်တော် ချမ်း နေပုံ ရတယ် ။ လက်တွေ ၊ ခြေထောက်တွေ က တုန် နေ သလိုပဲ ။ သူ့ ဆံပင် တွေ ဆီ က ရေစက် တွေ က တပေါက်ပေါက် ကျနေတာ ကို တွေ့ရ တယ် ။ ကလေး လေး က သူ ဝတ်ထားတဲ့ အပေါ်အင်္ကျီ ကို ချွတ် ပြီး အဲဒီ လူ ကို ပေး နေတယ် ။ အဲဒီ လူ က မယူ ဘဲ ကလေး ကို ပဲ ဝတ် ထား ဖို့ ပြန် ပြောနေပုံ ရတယ် ။

နောက်တော့ သူတို့ က လိုချင် တဲ့ ပစ္စည်း တွေ ကောက်လို့ ကုန်ပြီ ထင်တယ် ။ သူတို့ လာရာလမ်း ဘက် ကို ပြန်လျှောက် လာတယ် ။ ကျွန်မ တို့ ရှေ့နား ကို ရောက် လာတော့ ကလေးလေး က

“ ဖေကြီး .... ချမ်းနေပြီ မဟုတ်လား ။ အင်္ကျီ ကို ပြန် ယူလေ ”

“ နေပါ သား ရယ် ၊ သား ပဲ ဝတ်ထားပါ ” ဆိုပြီး အဖေ ဖြစ်တဲ့ သူ က မေးရိုက်သံကြီး နဲ့ ပြန် ပြောလိုက်တယ် ။

တစ်ကိုယ်လုံး လည်း စိုရွဲ နေတော့ အင်္ကျီ နဲ့ ပုဆိုး က အသား ကို ကပ် နေပြီး ပို အေး ရှာမှာပေါ့  ။ ကျွန်မ သနားမိ သွားတယ် ။ ကလေးလေး က -

“ ဒါဆိုလည်း အိမ် ပြန်တော့မယ်လေ ဖေကြီး ရဲ့ ”

“ နေပါဦးကွာ ၊ ဒီနေ့ အဖို့ နေ့တွက် မကိုက် သေးဘူး ။ ဟိုးဘက် လမ်း က အမှိုက်ပုံ ကို သွား မွှေရဦးမယ် ”

“ ဖေကြီး က ချမ်းနေပြီ မဟုတ်လား ”

“ ရပါတယ်ကွာ ”

ကျွန်မ က သူတို့ ဖြတ် လျှောက် သွားတော့ သူတို့ ခြေထောက် တွေ ကို ကြည့် လိုက်တဲ့ အခါ ဖိနပ် မပါ တဲ့ ခြေထောက် တွေ က ရေ နူးပြီး ပြာနှမ်းနှမ်း ဖြစ် နေတယ် ။ ကျွန်မ နဲ့ ‘ ကို ’  လည်း သူတို့ ပြောတာတွေ ကို နားထောင် ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် မိတယ် ။ ‘ ကို့ ’ မျက်နှာ က တစ်ခု ခု ဆုံးဖြတ် လိုက် သလို ပြတ်သားမှု တစ်ခု တွေ့ လိုက်ရတယ် ။ ‘ ကို ’ က ချက်ချင်းပဲ သူ့ အပေါ်က ထပ်ဝတ်ထားတဲ့ Burberry ဂျာကင် အညိုရောင်လေး ကို ချွတ် လိုက် တယ် ။ ပြီးတော့ စောစော က သားအဖ နှစ်ယောက် နောက် ပြေးလိုက်သွားပြီး

“ ဦးလေး .. ရော့ .. ဒီ အင်္ကျီ ဝတ်ထားလိုက် ”

လက်ခနဲ ဖြစ်သွားတဲ့ မျက်လုံးတွေ နဲ့ လှမ်း ယူလိုက်တယ် ။

ချမ်းလို့ တုန်ခိုက် နေတဲ့ နှုတ်ခမ်းပြာပြာ နဲ့ -

“ ကျေးဇူး တင်လိုက်တာဗျာ ”

အဲဒီလို ပြောပြီး အင်္ကျီ ကို ချက်ချင်း ပဲ ဝတ် လိုက်တယ် ။

ကျွန်မ တို့ လည်း ဂျာကင်လေး ဝတ်ပြီး တရွေ့ ရွေ့ နဲ့ ဝေး သွားတဲ့ အဲဒီ သားအဖ ကို ငေး ကြည့် နေမိ ရင်း စိတ် ထဲ မှာ ကျေနပ်ပီတိ တစ်မျိုး ခံစား သွားရ တယ် ။ ‘ ကို ’  က

“ ခိုင် ရေ ... ဟို လူ တော့ တော်တော် ပျော် သွား မှာပဲ နော် ။ သူ့ တစ်သက်မှာ တစ်ခါ မှ ပိုင်ဆိုင်ရလိမ့် မယ် လို့ မထင်တဲ့ သိန်းကျော်တန် အင်္ကျီ ကို မမျှော်လင့် ဘဲ ဝတ် လိုက်ရလို့လေ ။ သေချာတယ် ၊ သူ ဒီ အင်္ကျီ ကို အရိပ် တကြည့်ကြည့် ဖြစ် နေတော့မှာပဲ ”

“ ဟုတ်တယ်နော် ကို ။ သူ့ တစ်သက် အိပ်မက် တောင် မက်ဖူး မှာ မဟုတ်ဘူး သိလား ။ ဘာပဲဖြစ်ဖြစ် ‘ ကို ’ ကုသိုလ် ရတာပေါ့ ”

ကျွန်မတို့ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံးလိုက်မိကြတယ် ။

  •••••   •••••   •••••

( ၃ )

နောက် တစ်ပတ် ကြာတော့ ‘ ကို့ ’ သဘောကျ မင်္ဂလာဝတ်စုံကြီး ကို အပ်ပြီး ကျွန်မ တို့ အိမ် ပြန်လာ ကြတယ် ။ ထုံးစံအတိုင်း ကျွန်မတို့ က ဆင်ခြေဖုံး ရပ်ကွက်လေး ကို ဖြတ်ပြီး ကားမောင်း ဝင် လာကြတာပေါ့ ။ လမ်း မှာ လည်း ဈေးသည်တွေ နဲ့ ရှုပ်ယှက်ခတ် နေတာပဲ ။

အဝတ်ဟောင်း ရောင်း တဲ့ ဆိုင်တွေ မှာ လည်း တစ်ထည် မှ နှစ်ထောင် ဆိုတော့ လူတွေ က တိုးဝှေ့ ဝယ် နေကြတယ် ။ ကျွန်မ လည်း ဘာရယ် မဟုတ် လိုက် ကြည့်နေမိတယ် ။

အဲဒီ အချိန်မှာ ပဲ ကျွန်မ အကြည့် ထဲ ကို အဟောင်းဆိုင် တစ်ဆိုင် မှာ ချိတ်ဆွဲ ထားတဲ့ ယောက်ျား ဝတ်အင်္ကျီ တစ်ထည် တိုးဝင် လာတယ် ။

ကျွန်မ အံ့သြပြီး သေချာအောင် ကြည့် နေမိတယ် ။

‘ ကျွိ ’ ခနဲ ကားဘရိတ် အုပ်သံ နဲ့ တစ်ဆက်တည်း ‘ ကို့ ’  ဆီ မှ -

“ ဟာ ... ဘယ်လို ဖြစ်တာလဲကွာ ။ ကား လာ နေတာ ကို မမြင်ဘူးလား ။ အကုန် တိုက်ကုန်တော့မှာပဲ ”

ဆိုပြီး စိတ်တို သွားတဲ့ အသံ ကြား လိုက်ရ တယ် ။ ကျွန်မ က အဲဒါကို ဂရုမစိုက် အားဘဲ

“ ကို ... ကား ခဏ ရပ်ပေးပါ ”

“ ဟင် ... ဘာ ဝယ်မလို့လဲ ခိုင် ရဲ့ ။ ဘာဖြစ်လို့ လဲ ”

‘ ကို ’  က ပြောပြောဆိုဆို နဲ့ ကား ကို လမ်းဘေး မှာ ရပ် လိုက်တယ် ။ ဒါနဲ့ ကျွန်မ က အဟောင်းဆိုင် လေး ဆီ လက်ညှိုး ထိုး ပြ ရင်း -

“ ကို ... ဟိုမှာ ချိတ် ထားတဲ့ ဂျာကင်လေး က ကို့ ဂျာကင်လေး မဟုတ်လား ”

“ ဟင် ”

‘ ကို ’ က ကြည့် လိုက်ပြီး ဟင်ခနဲ အံ့သြ သွား တယ် ။ ဟုတ်ပါတယ် ၊ ကို့ ဂျာကင်လေး ပါပဲ ။ လွန်ခဲ့တဲ့ တစ်ပတ် လောက် က အမှိုက် ကောက် တဲ့ သားအဖ ကို ပေးလိုက် တဲ့ Burberry တံဆိပ် ဂျာကင် အညိုရောင်လေး ။

ကျွန်မ တို့ နှစ်ယောက် ပြိုင်တူ ကား ပေါ် မှ ဆင်း လိုက်တယ် ။ ပြီးတော့ အဲဒီ အဟောင်းဆိုင် ထဲ ကို ဝင် လာ လိုက်ပြီး ကျွန်မ က ဂျာကင်လေး ကို လက်ညှိုး ထိုး ပြရင်း –

“ အဲဒီ ဂျာကင်လေး က ဘယ်လောက်လဲ ဟင် ”

“ သုံးထောင်ပါ ”

“ ဟင် ... သုံးထောင် ပဲ လား ”

မျှော်လင့် မထားတဲ့ တန်ဖိုး တစ်ခု မို့ ‘ ကို့ ’ ဆီ မှ အံ့သြတကြီး မေးသံ ထွက်လာတယ် ။ ဒါနဲ့ ဆိုင်ရှင် က

“ ဘာလဲ ၊ သုံးထောင် များလို့လား အစ်ကို တို့ လိုချင်ရင် နှစ်ထောင့်ငါးရာ နဲ့ ယူဗျာ ”

ကျွန်မ တို့ နှစ်ယောက် ဘာမှ မပြောမိကြတော့ ဘဲ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ပြီး ဆိုင် ထဲ မှ လှည့်ထွက် လာခဲ့တယ် ။

ဆင်ခြေဖုံး ဆင်းရဲသား ရပ်ကွက်လေး တစ်ခု ရဲ့ အဟောင်းဆိုင် တစ်ဆိုင် မှာ တော့ Burberry တံဆိပ် အစစ် နှစ်ထောင့်ငါးရာကျပ် သာ တန်ဖိုး ရှိတဲ့ အညို ရောင် ဂျာကင်လေး က လေ မှာ တလွင့်လွင့် နဲ့ ပေါ့ ။ ကား ပေါ်ရောက်တော့ ‘ ကို ’ က -

“ တောက် ... တော်တော် ဆိုးတဲ့ လူ ကွာ ။ ကိုယ် က တော့ စေတနာ နဲ့ ဝတ်ပါစေတော့ လို့ ပေး လိုက် တယ် ။ သူ က ပစ္စည်းအကောင်း ကို ကောင်း မှန်း ၊ ဆိုး မှန်း မသိဘဲ သိန်းကျော်တန် အင်္ကျီကြီး ကို နှစ်ထောင် လောက် နဲ့ အဟောင်းဆိုင် မှာ ရောင်း ပစ်ရတယ် လို့ ကွာ ။ တွေးရင်း တွေးရင်း ဒေါသ ဖြစ်တယ် ။ ဒီ လူ က သူ ရတဲ့ ပစ္စည်း ရဲ့တန်ဖိုး ကို နား မှ လည်ရဲ့လား မသိဘူး ”

ကျွန်မ က ‘ ကို ’  ပြောတာ ကို ဘာမှ ပြန် မပြော ဘဲ တစ်စုံတစ်ခု ကို နားလည်စွာ ပြုံး ရုံ ပြုံး နေလိုက် တယ် ။ ကျွန်မ စိတ် ထဲ က တော့

“ ကို ရယ် ... တကယ်တော့ တန်ဖိုး ဆိုတာ လိုအပ်နေတဲ့ အချိန် နဲ့ လိုအပ် နေတဲ့ လူ ပေါ် မှာ လိုက်ပြီး ပြောင်းလဲ နေတတ်တာမျိုးပါ ။ သိန်းကျော်တန် အင်္ကျီ တစ်ထည် ရဲ့ တန်ဖိုး ကို နားမလည် ပေမဲ့ အင်္ကျီ ကို ရောင်း လို့ ရလာတဲ့ ပိုက်ဆံ နှစ်ထောင် နဲ့ သူ့ မိသားစု ရဲ့ ထမင်း တစ်နပ် တန်ဖိုး ကို တော့ သူ က သိပ် ကို နားလည် တာပေါ့ ”

  •••••   •••••   •••••

( နိဂုံး )

တကယ်တော့ တန်ဖိုး ဆိုတာ ကိုယ့် မှာ ပစ္စည်း ဘယ်လောက် များများ ပိုင်ဆိုင်တယ် ဆိုတဲ့ အပေါ် မှာ မဟုတ်ပါဘူး ။ ကိုယ် က လူ ဘယ်နှယောက် ကို ထမင်း ကျွေး ထား နိုင်သလဲ ဆိုတဲ့ အပေါ် မှာ ပဲ မူတည် ပါတယ် ။

◾ထက်မြတ်နိုင်ဇင်

📖 ဇီဝက မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment