Wednesday, September 30, 2026

သတိ သီသီ ချော်၍

❝ သတိ သီသီ ချော်၍ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နေ့ခင်းကြောင်တောင်ကြီးဖြစ်ငြား ရမ်းဘိုကုန်း တစ်ရွာလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေသည်။ တစ်ရွာလုံးတွင် သက်ရှိသတ္တဝါဟူ၍ ရှိမှ ရှိပါသေးစဟု ထင်ရအောင် ငြိမ်သက်နေသည်။ အပူရှိန်သည် တစ်ရွာလုံးကို တုတ်တုတ်မျှ မလှုပ်အောင် ဖိစီးထားသည်။ ရွာလမ်းတွင် လှုပ်ရှားမှုဟူ၍ တံလှပ်မျှင်များသာ တရှိန်ရှိန် တလျှပ်လျှပ် ရှိနေကြ၏။ တစ်ရွာလုံးတွင် ရှိရှိသမျှ သက်ရှိသတ္တဝါအားလုံးမှာ အရိပ်ကောင်းရာတွင် ငြိမ်ငြိမ်ကလေး ခိုနေကြ၏။ သည်အချိန်တွင် မန်ကျည်းပင် ရိပ်လည်း မအေး၊ ပေပင်ရိပ်လည်း မအေးပါ။ အကောင်းဆုံးမှာ အိမ်အောက် ဝင်နေခြင်းသာ ဖြစ်တော့သည်။

သို့ကြောင့် ခါးကုန်း ဝင်ရသော အိမ်အောက်တွင် ရီးကျီးဒန် ဝင်ခိုနေပေသည်။ ခိုသည် ဆိုငြားလည်း လူချည်း မဟုတ်။ သရက်သီး တစ်တောင်း၊ ဓားတစ်လက်နှင့် ဆန်ကောစုတ်တစ်ချပ် ပါလာသည်။ သရက်သီးများမှာ ရွာနီးချုပ်စပ် သရက်တောများသို့ လိုက်လံ ကောက်ယူထားသော သရက်သီးစိမ်း အပဲ့အရွဲ့များ ဖြစ်သည်။ ဤအရပ်တွင် တန်းဝင်ပေမီသော သရက်မှာ ‘မနော်’ ဖြစ်၏။ အမှည့်တွင် သူ့ကိုမီသော သရက်မရှိ။ ဒုတိယလိုက်သော သရက်မှာ ‘နက်တဲ့’  ဖြစ်သည်။ သူလည်း မှည့်မှ ကောင်းသော သရက် ဖြစ်၏။ တတိယလိုက်သော သရက်ကား ‘စိမ်းဇဂေါင်း’ ဖြစ်သည်။ အထူးသဖြင့် အစိမ်းစား၍ ကောင်းသောကြောင့် စိမ်းစားကောင်း ခေါ်ခြင်းဖြစ်သည်။ သည်သုံးမျိုးက လွဲလျှင် မည်သည့် သရက်မျှ တန်း မဝင်တော့ပေ။ တန်းမဝင်သော်လည်း လူကြီးမိဘများသည် ကျေးစာငှက်စာနှင့် အရိပ်အတွက်ရရာ သရက်ကို စိုက်ခဲ့ကြသည်။ ထို့ကြောင့် လောက်စာ၊ မယ်ညို၊ ရေနံ၊ ကောက်ချိတ်၊ ပိုးစာ စသည်ဖြင့် အမျိုးများ ရမ်းဘိုကုန်း ဝန်းကျင်တွင် ဝေဆာ ညို့မှိုင်းနေ၏။

လောက်စာသည် လောက်စလုံးသာသာမျှသာ ရှိသည်။ ပုံကလည်း လုံးလုံးကလေး။ မယ်ညိုသည် စိမ်းညိုညို အရောင်ဖြင့်လောက်စာထက် ယောင်ယောင်ကြီးသည်။ ရေနံသည် မယ်ညိုနှင့် လုံးရပ် မကွဲလှ၊ သို့သော် အလွန်နံသည်။ မချိမဆံ့ နံသည်။ အမှည့်လည်း လူမကြိုက်။ အစိမ်းလည်း လူမစား။ သည်နှယ် လူရှောင်သော သရက်သီးမှာ ရီးကျီးဒန် အကြိုက် ဖြစ်သည်။ နံနက်က ကောက်ယူ စုဆောင်းထားသော သရက်သီးများကို နေ့လယ်နေ့ခင်း အားလပ်ချိန်တွင် လှီးသည်။

ယခုလည်း လှီးရင်းလှီးရင်းနှင့် ချွေးပြိုက်ပြိုက် ကျလာသည့်အတွက် ဓားကိုင်လျက်တန်းလန်းနှင့် ရပ်ထားရသည်။ မျက်လုံးတွင်း စီးဝင်လာသော ချွေးကို မျက်စိမှိတ်ကာ တားဆီးထားသည်။ ထိုအခါ မျက်လုံးအိမ်တွင် ဝင်ခွင့်မသာသော ချွေးရည်သည် ပါးပြင် တစ်လျှောက် အတန့်တန့် တည်ရှိသော အရေခွံတွန့် များအတိုင်း စီးဆင်းသွားလေ၏။ လေအေးကလေး တစ်ချက် ဝေ့လာသည်။ ယပ်တောင်ကလေးဖြင့် ညင်ညင်သာသာ ခတ်ပေးဘိသို့ အရသာ ရှိလှသည်။

“အဖိုးတန်လိုက်တဲ့ လေကလေးရယ်၊ ဖြူးစမ်းပါဦး”

ဘေးတွင် ချထားသော ပုဆိုးစုတ်ဖြင့် ချွေးသုတ်ရင်း ရီးကျီးဒန် မက်မက်မောမော ရေရွတ်သည်။ သရက်သီးတစ်လုံးကို ကောက်ကိုင်ကာ ဘေးသားမှ စတင်ပြီး ပါးပါးအလွှာကလေးတွေရအောင် လှီးချသည်။ ရီးဆေးရိုးသည် ဖျာကြမ်းတစ်ချပ်ပေါ်တွင် ဘယ်စောင်း ညာလှည့်ဖြင့် အပူဒဏ်ကို တွန်းလှန်နေသည်။

ရီးဆေးရိုး ခြေရင်းတွင် ကလေးသုံးယောက်ရှိသည်။ နှစ်ယောက်က မြေကြီးတွင် တွင်းကလေး ဖောက်ကာ သဲကြီးမဲကြီး ကစားနေကြ၏။ စီးကျလာသော ချွေးကိုလည်း သတိမထားအား။ ပေကျံနေသော ဖုန်ကို မှုတ်ပစ်ရန်လည်း သတိမရဘဲ မန်ကျည်းစေ့ ညိုမှောင်မှောင်များတွင်သာ ဇောကပ်နေကြ၏။ ထို ဇယ်တောက် ကစားနေသူ နှစ်ယောက်၏ ဘေးမှ မောင်ကိုကြီးသည် သူ့အမေကြီးကို တစ်လှည့်၊ သရက်သီးအဖတ်တွေကို တစ်လှည့် ကြည့်နေ၏။ သရက်သီး အကောင်းကို ပိုးတီလှီးခြင်းလည်း မဟုတ်၊ နန်းလှီးခြင်းလည်း မဟုတ်၊ သရက်သီး အပဲ့အရွဲ့လေကြွေတွေ။

“အမေကြီး ဘာလုပ်ဖို့လဲဟင်”

မောင်ကိုကြီး ကြာရှည် စဉ်းစားမနေနိုင်ပါ။

“သူ့အချိန် သူ့ရာသီမှာ ပေါတုန်း များတုန်း စုဆောင်းရတာပေါ့ သားရယ်။ သရက်သီး တုံးသွားတဲ့ အချိန်မှာ သရက်သီးနဲ့ ရောပြီး ဟင်းချက်စားချင်ပါပြီတဲ့၊ ဘယ်မလဲ သရက်သီး။ အခါမှ မဟုတ်တာ သရက်သီး ဘယ်ကရမလဲ။ အဲဒီအခါမျိုးမှာ ရအောင် နေလှန်းထားရတာပေါ့”

မောင်ကိုကြီး ခေါင်းညိတ်မိသည်။ ခေါင်းညိတ်ရင်းက သရက်သီးခြောက် ပါဝင်သော စားစရာတွေ တသီကြီး ပေါ်လာသည်။ သရက်သီးနှင့် ရောသော အသားဟင်း၊ သရက်သီးခြောက် ခတ်ထားသော ငရုတ်သီးချက်၊ သရက်သီးခြောက်ကို ရေနွေးဖြောကာ နှမ်းထောင်းနှင့် သုပ်သော သနပ်။

ရီးကျီးဒန်သည် အသား ကုန်စင်သွားသော သရက်စေ့များကို ဘေးတွင် ပုံထားသည်။ လုံးလုံးလည်း ပါ၏။ ရှည်ရှည်လည်း ပါ၏။ အရောင် အဆင်းမှာ အချို့ စိမ်း၊ အချို့ ဖြူသည်။ အချို့ ရွမ်းပြင်းမို့ ဝါသည်။ ဇယ်တောက်ကစားနေသော ကလေး နှစ်ယောက်သည် မသင့်မြတ်ကြတော့ပေ။ တီးတိုး ငြင်းခုံသံများ ပေါ်လာသည်။

“ဟင်းနော် ဟင်းနော်၊ ငါ ဓားနဲ့ တွက်လိုက်ရမလား”

ရီးကျီးဒန် လှည့်မာန်ရာက နွားတင်းကုပ်ဘက်သို့ ထသွားသည်။ မောင်ကိုကြီးသည် သရက်စေ့ပေါ်ရှိ အကြောစိမ်းမျှင်များကို လက်ဖြင့်ပွတ်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေသည်။

“တော်ပြီ၊ မကစားတော့ဘူး "

ငတက်ပြားမနှင့် မေကြည်တို့သည် နှုတ်ခမ်းစူကာ မျက်စောင်းထိုးကာဖြင့် ပွဲပျက်သွားကြသည်။

“အစ်ကို ဘာလုပ်မလို့လဲဟင်”

ငတက်ပြားမ သူ့အစ်ကိုကို ကပ်ပြီး စုံစမ်းနေစဉ် နွားစာထည့်ရာမှ ရီးကျီးဒန် ပြန်ရောက်လာ၏။ လက်တွင် ကောက်ရိုးဖတ်တွေ၊ ကျန်နေရာများတွင် ချွေးသီးတွေ။

“ဖယ်ကြစမ်း၊ ပူရအိုက်ရတဲ့ အထဲမှာ”

ရီးကျီးဒန် ပြန်ထိုင်သော်ငြား တော်တော်နှင့် ဓားမကိုင်နိုင်။ ဆေးလိပ်ဖွာရင်း ချွေးတိတ်အောင် စောင့်နေရသည်။

မောင်ကိုကြီးသည် ခဏတစ်ဖြုတ် အားနေသော ဓားကို ကောက်ယူကာ သရက်စေ့တစ်စေ့ကို ထိပ်နှစ်ဖက် တိသည်။ ဝါးစတစ်စယူကာ ချောသပ်ပြီး လက်လေးလုံးခန့် အရှည်ချန်၍ ဖြတ်သည်။ တိထားသော သရက်စေ့၏ ဗဟိုတွင် စိုက်သည်။ နောက်ထပ် သရက်စေ့ တစ်စေ့ကိုကား ခါးလယ်မှ ဖြတ်ကာ အစေ့ ထုတ်ပစ်သည်။

ငတက်ပြားမသည် သူ့အစ်ကိုကြီး ဘာလုပ်သည် ဟူသည်ကို သိပြီ။ သိပေမဲ့ မလုပ်တတ်။ ဘဆေးရိုး၏ ငါးဖောင်ရိုးခြေသလုံးပေါ် လက်သွားထောက်သည်။

“ဘ ဂျလဲ့တစ်ခု လုပ်ပေး”

ရီးဆေးရိုး မလှုပ်ရှားပါ။ မောင်ကိုကြီးမူ အမေကြီး ဓားပြန်ကိုင်ချိန်နှင့် ဓားအသုံးစေ့ချိန်တို့ အံကိုက် ဖြစ်သွားပြီ။ အစေ့ထုတ်ထားသော အခွံကို နှုတ်ခမ်းအောက် လက်တစ်လုံးအကွာအောက်၌ သံချောင်းဖြင့် အပေါက်ဖောက်ထားသည်။ သို့သော် ဂျလဲ့ (ချာလည်) ဖြစ်မလာသေး။ ကြိုး လိုသေးသည်။ မောင်ကိုကြီး ကြိုးစ ရှာဖွေသည်။ ခါးပန်းကြိုး ခါးပန်းကြား၊ ပေါင်ကွပ် အကြိုအကြား။ တွေ့ တော့ တွေ့သည်။ ဆေးလိပ်စည်းသော မြိတ်ဆာ အစထွေး။ ကြိုးဖြစ်အောင် ကျစ်ရဦးမည်။ မလွယ်ပါ။ မြိတ်ဆာထွေးကို ပစ်ချ လိုက်ချိန်တွင် ငတက်ပြားမ ပြေးကပ်လာ၏။

“ကိုကို ကြိုးယူမလား”

“အေး”

ငတက်ပြားမ ဆိုင်းတွမနေ။ သူ့စကတ်မှ အနား ဖွာနေသော အစကို ဆွဲဆုတ်လိုက်သည်။ အဝတ်စ ဆုတ်ဖြဲသံ ကြားလျှင် ရီးကျီးဒန် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် လှမ်းကြည့်သည်။

“အင်္ကျီကို ဆုတ်ပစ်တယ်၊ ဟုတ်လား”

“မဆုတ်ပါဘူး အမေကြီးရ၊ ကိုကို ကြိုးလိုချင် တယ်ဆိုလို့”

ငတက်ပြားမသည် ဖြေလည်း ဖြေ၏။ အမေကြီး လက်လှမ်းမမီသော နေရာသို့လည်း ဆုတ်ခွာသွား၏။ ထိုအခါ ရီးကျီးဒန်၏ လက်ဝါးကြီးသည် လက်တစ်ကမ်းအတွင်းရှိ မောင်ကိုကြီး၏ ကျောပေါ်သို့ ဖြန်းခနဲ ဖြန်းခနဲ ကျရောက်သွားလေ၏။

“နင်စတာ နင်စတာ။ ကလေးက ဆုတ်မယ် လုပ်ရင်တောင် နင်တားရမှာ။ မိဘမှာ ကျွန်ကြီး ငနွား လုပ်လိုက်ရတာ။ နင်တို့က အင်္ကျီကို ဆုတ်ပစ်ရတာ အလွယ်လေး”

ပြောရင်းဆိုရင်း မြည်တွန်တောက်တီးရင်းက ခေါင်းကို ခေါက်ပြန်တော့သည်။ မောင်ကိုကြီး ငိုပြီး ခေါင်းကို ပွတ်သည်။ ကျောကို ကော့ထားသည်။ အခေါက်အထစ် အရိုက်အပုတ် ခံရပြီးမှ နောက်သို့ ဆုတ်ရွှေ့သည်။ နောက်ဆုတ်စဉ် လက်ထဲမှ ဂျလဲ့သည် ဖုန်ထဲကျသွားရာ ငတက်ပြားမ ပြေးကောက်သည်။ သူ့စကတ်မှ ဆုတ်ထားသော အဝတ်စကို သေးမျှင်အောင် လိမ်ကျစ်သည်။ သရက်သီးအစေ့ခွံ သံပေါက်ထဲ သွင်းသည်။ ထိပ်တိထားသော သရက်စေ့တွင် စိုက်ထားသည့် ဝါးစကို အစေ့ခွံထဲ ထည့်သည်။ ဝါးစကို ကြိုးစဖြင့် ချည်သည်။ ဂျလဲ့ လုပ်ရသူမှာ မောင်ကိုကြီး။ အခေါက်အရိုက် ခံရသူမှာ မောင်ကိုကြီး။ ဂျလဲ့မြည်သံ တရှဲရှဲဖြင့် မြူးနေသူမှာ ငတက်ပြားမ။

မေကြည်သည် ငတက်ပြားမ အနားလည်း မချဉ်းကပ်၊ ထွက်လည်း မသွားဘဲ တွေတွေကြီး ကြည့်နေ၏။ ငတက်ပြားမသည် မည်သည်ကိုမျှ မသိတော့ပါ။ ဂျလဲ့ကို ဆွဲကစားကာ ပျော်နေ၏။ ကြိုးစကို ဆွဲလိုက်လျှင် သရက်စေ့ ခွံထဲမှ တိုင်သည် ကြိုးပတ်ထားသော အပတ်ပြေကာ ရှဲခနဲမြည်လျက် ချာချာလည်နေ၏။ သည်လည်ပတ်သော အရှိန်သည်ပင် တိုင်တွင် ကြိုး ပြန်ပတ်မိအောင် လုပ်ပေးပြန်သည်။ ဤသို့ဖြင့် ထိပ် တိထားသော သရက်စေ့သည် ဘယ်ဘက်လှည့်ပြီး လည်လိုက်၊ ညာဘက်လှည့်ပြီး လည်လိုက်ဖြင့် တရှဲရှဲ အော်၍ မိမိထွေးအား ဖြေဖျော်နေရလေ၏။

ရီးဆေးရိုးသည် ဖြူဖွေးနေသော ဆံပင်ငုတ်စိကလေးများကို လက်ဝါးဖြင့် ပွတ်ရင်း အသာအယာ ထသည်။ သူ့လက်ဝါးတွင် ရွှဲနေသော ချွေးကို ခါးမှ အဝတ်ဖြင့် သုတ်သည်။

သူသည် မြေးသုံးယောက်၏ အဖြစ်ကို သေသေချာချာ မြင်ခဲ့ပြီးဖြစ်သဖြင့် ပြုံးစိစိဖြစ်နေသည်။ သည် သုံးယောက် အနက် မောင်ကိုကြီးသည် မချောစိန် တစ်မိပေါက်တွင် အကြီးဆုံး။ ကုပ်ကုပ်ကလေး ထိုင်နေသော မေကြည်မှာ မလှမေ တစ်မိပေါက်တွင် အကြီးဆုံး။ သည်အကြီးဆုံးတွေကို ကျော်ပြီး မောင်ကိုကြီးအောက် တစ်ယောက်ခြားကောင် လူရည်လည်ပုံကို ပြုံးမိခြင်းဖြစ်သည်။

“အင်္ကျီကို ဆုတ်တာက အငယ်မ၊ အရိုက်ခံရတော့ ငါ့သားကြီး။ အင်း ကျီးဒန်တို့ လုပ်လိုက်မှဖြင့်”

အကြမ်းအိုးကို ငှဲ့သောက်ရာက ပြောခြင်းဖြစ်သည်။

“သူ အကြီးဆုံးပဲ၊ သူတားပါလား”

ရီးကျီးဒန်ကား အလျှော့ မပေးပေ။ ငတက်ပြားမမူ သူနှင့် မဆိုင်ဘိသို့ ဂျလဲ့နှင့် မြူးနေ၏။

“ကဲ ကဲ သမီးကြီးက ဘ ခေါင်းရင်းက ဓားမတိုကလေး သွားယူချေ။ သားကြီးက နွားစာ သွားကြည့်။ ရှိသေးရင် စုပေးခဲ့။ ကုန်နေရင် တစ်တောင်းထည့်၊ ဖွဲနုတစ်ခွက် ဖြူးပြီး နယ်ပေးခဲ့”

ရီးဆေးရိုးသည် မြေးကြီးနှစ်ယောက် သွက်လက်စွာ ထသွားကြလျှင် သရက်စေ့ ချောချောမွေ့မွေ့ သုံးစေ့ လှမ်းယူသည်။ သည့်နောက်တွင်ကား ပြောင်းဖူးဖက်ဆေးလိပ်ကြီး တငေါ့ငေါ့ဖြင့် ရီးဆေးရိုး အလုပ် များတော့၏။ ဂျလဲ့တိုင် စိုက်ခြင်း၊ ဂျလဲ့တွင်း ဖြတ်ခြင်း၊ ဖောက်ခြင်းတို့မှာ လူကြီးတစ်ယောက်အတွက် ခက်သော အလုပ် မဟုတ်။ သို့သော် ကြိုးမှာမူ ကျစ်ရပေမည်။ အဝတ်ဟောင်း၏ အနားကို ဆုတ်ယူသော် မခိုင်။ သို့ကြောင့် ကျစ်ရပေမည်။ ရပ်ထဲ ရွာထဲတွင် မဏ္ဍပ်ပန္နက်၊ အိမ်ပန္နက်ရာတွင် သုံးသော ချိန်သီး ကြိုးရှိ၏။ ကောင်းလွန်းသည်။ မြောင်းတူး လမ်း ဖောက်ရာတွင် သုံးသော ဘီလား (ပီလား) ကြိုးလည်း ရှိသည်။ သို့သော် ယောင်ယောင်ကလေး တုတ်နေသည်။

“ကဲပါကွာ၊ ဇာချည်လုံးသာ သွားယူစမ်းပါကွာ”

ဤသို့ဖြင့် မေကြည်တို့မောင်နှမသည် ကြိုးကျစ်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကိုင်တွယ်ကြရတော့သည်။ ကြိုးလွန်းပုံကိုလည်း စိတ်ဝင်စားစွာ ကြည့်ခွင့်ရတော့သည်။

“ပူးတဲ့ အခါမှာသာ လှိမ့်လို့ကောင်းတာ သားရဲ့၊ လွန်းတဲ့အခါကျတော့ လိမ်ရတယ်။ လိမ်မှ မာ၊ မာမှ ကျစ်တာကလား”

သုံးပင်ပူးကို ခြေသလုံးပေါ်တွင် တင်ပွတ်သည်။ သုံးပင်ပူးပြီး တစ်ချောင်းတည်း ဖြစ်သွားသော ကြိုးသည် လိမ်ရန် တွန့်ခွေရန် အသင့်ဖြစ်နေ၏။ သည် အားကို ယူ၍ သုံးလွန်းတင်လိုက်သောအခါ ဂျလဲ့တိုင် အတွက် လိုအပ်သော ကြိုးရလေပြီ။

“လက်ကိုင်အစမှာ တုတ်ကလေးသေးသေး ကန့်လန့်ချည်ထားရတယ် သမီးရဲ့၊ အဲဒီလို ချည်မထားရင် အပေါက်ထဲကို အစ ဝင်သွားတတ်တယ်”

တရှဲရှဲ မြည်သော ဂျလဲ့ကိုယ်စီနှင့် ကြည်နူးနေသော မြေးများ၏ ကြည်နူးမှုသည် ရီးဆေးရိုး၏ မျက်နှာပေါ်သို့ ကူးစက်ပြန့်ပွားလာ၏။ သည်အခါ ရီးကျီးဒန်၏ မျက်စောင်းတစ်ချက် လက်သွား၏။

“ဟင်း ပီတိဖြစ်နေလိုက်တာ၊ သွားရည်များလည်း သိမ်းပါဦးတော်”

“ကိုယ့်မြေးတွေ ပျော်ရွှင်နေတာကြည့်ပြီး ပီတိဖြစ်တာ ဘာပြုလဲ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတဲ့။ ဗြဟ္မစိုရ်တရား လေးပါးမှာ မုဒိတာဖြစ်တယ်၊ ညည်းသာ..”

ဆေးလိပ်ကို တဖွတ်ဖွတ်မြည်အောင် ကုန်းဖွာနေသဖြင့် စကားပြတ်သွားလေသည်။

“ပြောပါ၊ ပြောပါ။ ညည်းသာ ဘာဖြစ်လဲ”

ရီးကျီးဒန် ဝင်ထောက်သော်ငြား၊ ရီးဆေးရိုး မဆက်သေးပါ။ ဆေးလိပ် သုံးလေးဖွာဖွာရင်း အကဲခတ်သည်။ ဆက်သင့် မဆက်သင့် စဉ်းစားသည်။

“ညည်းသာ ဘာဖြစ်လဲ၊ ပြောလေ”

“ညည်းသာ သားရဲမင်းရဲစိတ် ဝင်နေတာ။ ကလေးတွေဆို ဓားနဲ့ ခုတ်လိုက်ရမလား၊ ဓားနဲ့ ပစ်လိုက်ရနဲ့ ကြိမ်းလိုက် ဝါးလိုက်တာ ပွဲထဲက မင်းသားကြမ်း ရှုံးလောက်ရဲ့”

“ဒါကတော့တော်” ဆိုကာ လုပ်လက်စ အလုပ်ကို ရပ်ပြီး ဆေးလိပ်ညှိရာက “စိတ်ဆိုးလို့ ပြောတာ၊ တကယ် လုပ်ပါ့မလား။ ကိုယ့်သမီးက မွေးတဲ့ ကိုယ့် မြေးတွေကို” အပြုံးဖြင့် ဆိုသည်။

သို့စဉ် တိတ်ဆိတ်သော နေပူပြင်းကို ဖြတ်၍ ဥသြတွန်သံ နွဲ့နွဲ့ လွင့်ဝဲလာ၏။

“တွန်စမ်းပါ ကိုရွှေဥသြလေးရယ်၊ တစ်နေ့လုံး တစ်ချက်မှ တွန်ဖော် မရဘူး။ အခုမှ တွန်ဖော်ရတယ်”

လေးထပ်ကျောင်းဝင်းဘက်သို့ လည်ဆန့်ကာ ရီးကျီးဒန် ပြောသည်။

“အမေကြီးက လေတိုက်လည်း တိုက်စမ်းပါ။ ဥဩကျတော့လည်း တွန်စမ်းပါ။ ကျုပ်တို့ကျတော့ ရိုက်လိုက်တာ”

မောင်ကိုကြီး ပြောသော စကားကြောင့် ရီးကျီးဒန် လှည့်ကြည့်သည်။

“အမယ်၊ ငါ့ကို ပြောတယ်။ ငါ ဓားနဲ့”

ခုနကမှ ရီးဆေးရိုး ပြောထားသည်ကို သတိရ သွားသဖြင့် ဓားနဲ့တွင် ရပ်သွားခြင်းဖြစ်၏။ ရီးဆေးရိုး သွားဖုံးကြီးတွေပေါ်အောင် ရယ်မောသည်။

“အင်း.. ညည်း ခက်တယ် ကျီးဒန်။ ညည်း ခက်တယ်။ ကိုယ့်အသက်အရွယ်ကို ကိုယ် ပြန်ကြည့်လို့ ငါ ပြောပေါင်းလည်း များပေါ့။ ညည်းကတော့ ဒေါသ၊ မောဟနဲ့ ပျော်နေတာပဲ”

“ဒေါသနဲ့တော့ မပျော်ပေါင်။ မဟုတ်တာ မပြောပါနဲ့”

“ဟ ဒေါသကြီးရမှ ကျေနပ်တာ၊ ဒေါသကို ချုပ်လိုက်ရလို့ မခံချိမခံသာ ဖြစ်ရတာဟာ ဒေါသနဲ့ ပျော်တာပေါ့အေ”

ရီးကျီးဒန် ဓားကို ပြန်ကောက်သည်။ သရက်သီး တစ်လုံးကို ယူသည်။ ရုတ်ခြည်း မလှီးဖြစ်သေး။

“ဟောဒီ ညည့်မြေးတွေ ကစားတဲ့ ဂျလဲ့ကိုပဲ ကြည့်။ တခြား မကြည့်နဲ့ မကျီးဒန်”

ထိုသို့ စကားဆက်လာသဖြင့် ရီးကျီးဒန် နားစွင့်နေ၏။

“ဂျလဲ့တိုင်မှာ ကြိုးနဲ့ ပတ်ထားတာကို တစ်ချက်တည်း ဆောင့်ဆွဲလိုက်ရင် ကြိုးပတ်ကုန်အောင်ပဲ ချာချာလည်ပြီး ရပ်သွားမယ်။ ဒါပေမဲ့ ကြိုးပတ်ပြေပြီးတဲ့ နောက်မှာလည်း ဆက်ပြီး လည်နိုင်အောင် ကြိုးဆွဲ အပြီးမှာ လျှော့ပေးလိုက်တဲ့ အခါကျတော့ အရှိန်နဲ့ ဆက်ပြီးလည်တဲ့အတွက် တိုင်မှာ ကြိုးပတ်ပြီးသား ဖြစ်သွားပြန်ရော”

ဂျလဲ့၏ လည်ပတ်မှု သဘောမှာ ရှိသော အားကို အမှီပြုပြီး လည်သော အရှိန်ဖြင့် အားပြန်ဖြစ်ရခြင်း ဖြစ်ပေသည်။

“ရီးဆေးရိုး၊ တော့် ရီးဆေးရိုး”

ခေါင်းရင်းအိမ်က ငွေသော့ အသံဖြစ်၏။ ရီးဆေးရိုးရော ရီးကျီးဒန်ပါ သည်အသံကို ကြားငြား မထူးနိုင်။ လည်ပင်းရှည်၍သာ လှမ်းကြည့်၏။ ပြောလက်စ စကားတွင် အာရုံဝင်နေသည် မဟုတ်လား။

“အဲဒီသဘောပဲ ကျီးဒန်၊ ဒီသား၊ ဒီသမီး၊ ဒီမြေးတွေ ဖြစ်လာတာဟာ ဂျလဲ့ရဲ့ လည်အားပဲ။ အခု ဆင်းရဲနေတာ၊ ဒေါသကြီးနေတာဟာလည်း ဂျလဲ့တိုင်မှာ ပတ်နေတဲ့ ကြိုးမဟုတ်ဘူး။ ပတ်မိအောင် လည်တဲ့ အားပဲ။ အို ရှုပ်ပါတယ်အေ။ အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးပဲဟေ့”

“တော့် ရီးဆေးရိုး၊ ရော် ဘယ်သွားကုန်ကြပါလိမ့်”

ငွေသော့၏ အသံပင်ဖြစ်သည်။

“အဲဒါကြောင့် ကောင်းသောအကျိုးကို ခံစားချင်ရင် ကောင်းသောအကြောင်း ဖြစ်အောင် လုပ်ရမယ် ကျီးဒန်။ ဟဲ့ ငွေသော့၊ ဘာလဲဟ၊ ငါ ရှိတယ်။ ဘာတုံး ဘာတုံး”

ရီးဆေးရိုးသည် တစ်ဆက်တည်း အသံမြှင့်ကာ၊ ခေါင်းရင်းအိမ်ဘက်သို့ လှည့်ကာ အော်မေးသည်။

“တော်တို့ ကောက်ရိုးပုံကို နွားဝင်စားနေတယ်”

“မောင်းခဲ့ မခြောက်ခဲ့ဘူးလားဟ။ ဟာ မဟုတ်သေးပါဘူး၊ သေသေချာချာ ကာရံထားတာပဲ”

“ကျုပ်လည်း မောင်းတာပဲတော့်။ ခေါင်းပေါ်မှာ ထင်းစည်းကြီးနဲ့ ဖြစ်နေလို့ သူတို့ ထွက်သွားလား မထွက်လား မသိခဲ့ပါဘူး”

ရီးဆေးရိုး တောက်ခေါက်ရင်း ထရပ်၏။

“သေသေချာချာ ဆီးဆူးနဲ့ ကာပြီး သေသေချာချာ ကျကျနန တံခါးကို ပိတ်ထားပါလျက်နဲ့ နွားဝင်စားတာ တမင်ဖွင့်ပေးတာပဲ ဖြစ်ရမယ်။ အေးပေါ့ကွာ ကနေ့တော့ အမဲသားဟင်းနဲ့ ထမင်းစားမယ်ဟေ့”

အိမ်ပြင် အရောက်တွင် ရှားနှစ် နှစ်ဖက်ချွန် တစ်ချောင်းကို ဆွဲယူလိုက်ရာ “တော်ပဲ ကျုပ်ကို ဒေါသနဲ့ ပျော်တယ် ပြောခဲ့ပြီး မေ့သွားပြီလား” ဟု ရီးကျီးဒန်က လှမ်းမေး၏။ လှမ်းနေသော ရီးဆေးရိုး၏ ခြေလှမ်းများ တန့်သွား၏။ ဆောင်းစရာ မပါဘဲ ထွက်လာသော ခေါင်းသည် ထိုခဏ၌ ပူလောင်လာ၏။ ခြေဖမိုးသည် ခြစ်ခြစ်တောက်နေသော နေအပူကို သိလာ၏။

“မေကြည်ရေ၊ ဘ ပုဆိုးစုတ် ပေးစမ်းဟေ့”

ရီးဆေးရိုးသည် ရှာသားနှစ် နှစ်ဖက်ချွန်ကို နေရာတကျ ပြန်ထားရာက ခေါင်းဆောင်းစရာ လှမ်းတောင်းလိုက်လေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ပွဲစား


❝ ပွဲစား ❞
( အဖြူရောင် - ရွှေ )

ကျွန်မတို့ ရွာမှာ တောင်ချောင်က နာမည်ကြီး။

ထီခနဲ ဆိုရင် တောင်ချောင်ပဲ။ ရိုက်ပဟေ့ ဆိုလည်း တောင်ချောင်ပဲ။ ရန်ဖြစ်ကြပြီဟေ့ ဆိုလည်း တောင်ချောင်ပဲ။ အဲဒီ လို အမြဲ ဆူညံပွက်လောရိုက်နေတဲ့ တောင်ချောင်မှာ ချစ်စမ်းမောင် နေတယ်။ ကျွန်မတို့ ခြံက တောင်ချောင် အစွန်ဆုံးမှာ ရှိတာကိုး။ တစ်အိမ်လုံး မန္တလေး ပြောင်းသွားတော့ ချစ်စမ်းမောင်တို့ လင်မယားကို ခြံထဲမှာ အစောင့်ထားခဲ့တယ်။ အညာမှာ မွေးတဲ့ ချစ်စမ်းမောင် က အခု တောင်ချောင်သားလုံးလုံး ဖြစ်နေပြီလေ။

ကျွန်မတို့ဆီ ရောက်လာခါစက ရိုးရိုးအေးအေးပါ။ သူ့မိန်းမ မသန်းဝင်း ကတော့ ဒေါင်းတည် မောင်းတည်၊ ဒိုးဒိုးဒေါက်ဒေါက်သမား ...။ အခုတော့ ချစ်စမ်းမောင်က မရိုးသားတော့ဘူး။ အပြောင်းလဲကြီး ပြောင်းလဲနေပြီ ...။

“ဪ ... ကိုချစ်စမ်းမောင်၊ မိုက်လှချေလား။ သားရေဂျာကင်ကော၊ ပိုင်းလော့ဂျာကင်ရော၊ ဂျင်းဂျာကင်ရေ၊ မသန်းဝင်းတော့ ဘာမှဝ ယ်မပေးဘူး။ တစ်ကိုယ်ကောင်း ဆန်လှချေလား”

“မဟုတ်ရပါဘူး အစ်မရယ်၊ ကျုပ် ဒါလေးတွေက လုပ်ကျွေးနေတာပါ။ ပြီးခဲ့တဲ့လ တောင်ပေါ်ကျောင်း အလှူမှာ သားရေဂျာကင် ဝတ်သွားတော့ လူကြီးတွေနဲ့ တစ်ဝိုင်းထဲ ထိုင်ရတာဗျ။ အတူ သွားတဲ့ ဘိုဝင်းတို့၊ မိုးကျော်တို့ မီးဖိုထဲ ခေါ်ကျွေးတာတဲ့ ဟီးဟီးဟီး။ အဲဒါ ဒီဂျာကင်လေးကြောင့်ပေါ့ အစ်မရ။ နို့မို့ ကျုပ်လည်း မီးဖိုထဲ သွားရမှာ။ အခုတော့ ချစ်စမ်းမောင် ‘ ဘာ ’ ဆိုတာ လူသိတာပေါ့”

ကျွန်မတို့ မန္တလေး ပြောင်းသွားတော့ အိမ်မှာ အုတ်တွေအများကြီး ကျန်နေခဲ့တယ်။ မပြောင်းခင်ကလေး ကျွန်မအသိ ကန်ထရိုက်တွေ၊ အရောင်းဆိုင်တွေ၊ ပွဲစားတွေ အကုန်လုံးလို ချစ်စမ်းမောင် နဲ့ မိတ်ဆက်ပေးထားခဲ့တာ။ ချစ်စမ်းမောင်က အုတ်စပ်၊ အုတ်ပို့ပေါ့။ ကျွန်မတို့ အမေက ငွေသိမ်းပေါ့။ အဲဒီ ကတည်းက အမြင်ကျယ်သွားတဲ့ ချစ်စမ်းမောင် က အခု ဆိုရင် လူလည်လုံးလုံး ဖြစ်နေပြီ။ အိမ်က အုတ်တွေ ကုန်သွားပြီးနောက်ပိုင်း ဘေးက သူများ အုတ်တွေပါ ပွဲစား လုပ်တာ အဆင်ပြေတယ်ပေါ့လေ။ အနေ မတတ်တော့ အဖတ် မတင်ဘူး။ ‘ ရရစားစား ဝါးဝါးမျိုမျို ’ ဆိုတာ လိုပါပဲ ထင်တစ်လုံး နဲ့အောက်ခြေ လွတ်သွားတော့တာပဲ အဖတ်တင်တယ်။

ချစ်စမ်းမောင် ကျွန်မတို့ ဆီကို ရောက်ခါစစက အုတ်ဖိုမှာ ဖိုစီ၊ မီးရှို့တာဝန်ခံ၊ အုတ်လောက အခေါ် မီးဆရာ ပေါ့။ မသန်းဝင်းက ‘ ခုံ ’ ထဲမှာ လုပ်တယ်။ အုတ်တစ်ချပ် ထွက်ဖို့ လေးယောက်တစ်ဆိုင်း လုပ်ရတဲ့ ‘ ခုံ ’ ခေါ်တဲ့ လေးယောက်ဖွဲ့ကလေးထဲက ရွှံ့လုံးပေးရတဲ့ သူပေါ့။ ကလေး မရှိတဲ့ သူတို့ လင်မယားမှာ ရသလောက် စုတတ်တော့၊ အသောက်အစား မရှိတော့ အနေအထိုင် ကျစ်လျစ်တော့၊ အသုံးအစွဲ ချွေတာတော့ စုမိဆောင်းမိတာပေါ့လေ။ အဲဒီတုန်းက ချစ်စမ်းမောင် သိပ်လိမ္မာတာ၊ တစ်ဖို မီးရှို့ပြီးတာနဲ့ တစ်ရက်လောက်ပဲနား။ နောက်ဖို မီးရှို့ဖို့ အတွက် ဖိုစီ၊ ပြီးတာနဲ့ မီးရှို့၊ အလုပ်ကို သဲကြီးမဲကြီး လုပ်တာ၊ နေပူကြီးထဲမှာ မည်းမှောင်နေတဲ့ ကျောကုန်းကြီးက ချွေးတွေနဲ့ ဝင်းပြောင်လို့၊ ဖိုသီဖတ်သီ ဆံပင်ဘုတ်သိုက်ကြီးကို နဖူးက လှန်တင်ပြီး စည်းထားတာ၊ ဆံပင်ညှပ်ခ နှမြောလို့ ငါးလလောက် နေမှ ညှပ်တာတဲ့။ အဲသလောက် ကြိုးကုပ်တဲ့ ချစ်စမ်းမောင်က အခု ပွဲစားမှ ပွဲစား။ ကျန်တဲ့ အလုပ်ဆိုရင် ‘ တော်သေးပြီ ’  တဲ့။

“ပွဲစားကြီး ကြည့်ကျက်လုပ်ဦးနော်။ မသန်းဝင်း ပစ္စည်းလေးတွေတောင် မမြင်တော့ပါလား”

“မပူပါနဲ့ အစ်မရ၊ ကျွန်တော်က အစ်မတို့ ခြေရာလက်ရာကလေးတွေ အမီလိုက်နေတာပါ။ အစ်မတို့ တပည့်ပါ။ အစ်မတို့ သင်ထားတာလေးတွေနဲ့ ချစ်စမ်းမောင် လူဖြစ်နေတာပါဗျ။ မိသန်းဝင်း ပစ္စည်းတွေ ပွားအောင် ရင်းထားတာပါ အစ်မရ”

သူ အဲဒီလို ခဏ ခဏ ပြောလေ၊ ကျွန်မ ကြက်သီထလေပဲ။ မြင်းထိန်းငတာကို ပုဆိုးဖိုး ပေးသလိုသာ ပေးလိုက်ချင်တော့တာ။ ဒါပေမယ့် တက်တက်ကြွကြွ ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ တကယ့် ဖီလင်အပြည့်ကြီးနဲ့ ပြောနေတာ ဆိုတော့ မပြောရက်တော့ပြန်ဘူး။

ရွာရဲ့အရှေ့စွန် မြို့သွားတဲ့ လမ်းနံဘေးမှာ ကျွန်မတို့အိမ် ရှိတယ်။ ချစ်စမ်းမောင်တို့ နေတဲ့ ခြံနဲ့ ဆိုရင် ခြောက်ဖာလုံလောက် ဝေးတာပေါ့။ ကျွန်မတို့ မိသားစစုကလည်း အိမ်ကိုတစ်နှစ်တစ်ခါပဲ ပြန်လာဖြစ်တာ၊ မန္တလေးမှာပဲ အနေများတာကိုး။ နွေရာသီ မန္တလေး အပူဒဏ်ကို ရှောင်ရင်း ပြန်လာဖြစ်တာ များပါတယ်။ ကျွန်မတို့နဲ့ ကင်းကွာနေတဲ့ နှစ်တွေ အတွင်းမှာ ချစ်စမ်းမောင်က ခြံကြီးရှင် ဖြစ်၊ ကျွန်မတို့က ဧည့်သည်ဖြစ်နေတော့တာ။

အရင်က ရိုးသားအေးဆေးခဲ့တဲ့ ချစ်စမ်းမောင် နေရာမှာ လူလည်ပတ်ကား ချစ်စမ်းမောင် ရောက်လာတယ်။ အရင်က အရက် မသောက်၊ ဖဲ မရိုက်၊ ဆေးလိပ် မသောက်။ သူ့မှာ ကွမ်းစားတာ တစ်ခုပဲ ပြောစရာ ရှိတာလေ။

“အစ်မရယ် ကျွန်တော်တို့မှာ ဒီလင်ဒီမယား ရှိတာ အိုစာစုရတာ အစ်မရဲ့၊ မတ်တတ်စာကတော့ ဘယ်အချိန်ရှာရှာ ရတယ်”

အဲဒီလို ပြောတတ်တဲ့ ချစ်စမ်းမောင်။ အခုလည်း ကွမ်းတပျစ်ပျစ်နဲ့ပါပဲ။ ဒါပေမယ့် အရင်လို ကွမ်းကြိုက်လို့ စားတာ မဟုတ်တော့ဘဲ အနံ့ဖုံးဖို့ စားလာတာလေ။ တစ်ခါတစ်ခါများ ချဉ်ဟောင်နေတဲ့ အရက်နံ့နဲ့ ကွမ်းနံ့ ပေါင်းပြီး ကျွန်မကို နှိပ်စက်တာ ဆေးသောက်ယူရတယ်။

“ကိုချစ်စမ်းမောင် အရက်သောက်ထားရင် အိမ်မလာနဲ့”

“ပြောပါ အစ်မရယ် ပြောပါ၊ ကျွန်တော့်မှာ ဆရာကြီးတို့၊ အမေတို့၊ အစ်မတို့ပဲ မိဘသတ်မှတ် ထားတာပါ။ ချစ်စမ်းမောင် အညာမှာ မွေးပေမယ့် ဒီမှာပဲ သေမှာပါ။ ကျွန်တော် ဖြတ်မှာပါ အစ်မရယ် ...”

“ပြောလိုက်ရင် ဖြတ်မှာပါ၊ အမြဲတမ်း မူးရူးနေတာ။ ကိုချစ်စမ်းမောင်ကို ဘယ်လို ယုံကြည်ရမလဲ၊ လာ သား သူ့နား မကပ်နဲ့၊ မေမေ့ဆီလာ”

“ဟုတ်ပါတယ် အစ်မရယ် ဟီးဟီး ကျွန်တော့် တူလေး ရှင်ပြုတာတောင် မမီတော့ဘူး ထင်ပါတယ်။ အဲဒီ ကျရင် ကျွန်တော့်အတွက် အမျှလေးသာဝေပါ အစ်မရယ်”

ပြောလိုက်ရင်း ငိုလိုက်ရင်းနဲ့ အကယ်ဒမီ ရှုံးလောက်တယ်။ ချစ်စမ်းမောင်ရဲ့ပြောင်းလဲပုံကို ကျွန်မ လိုက်မမီနိုင်အောင် ဖြစ်ရတယ်။ ကျွန်မ မျက်လုံးထဲမှာ အရင်က ရိုးသားအေးဆေးတဲ့ ချစ်စမ်းမောင်ရဲ့ ပုံရိပ်တွေပဲ မြင်နေမိတယ်။ အုံ့ပုန်းပူ လူမသိ ဆိုတာလို အခုမှ ပွင့်ထွက်ပေါက်ကွဲလာတဲ့ ဗီဇဆိုးတွေပဲလား။

အခုဆိုရင် အုတ်မှ မဟုတ်ဘူး။ ရသမျှ ပွဲစား လုပ်တယ်။ ထင်းတို့၊ တခြား တိုလီထွာလီပေါ့ လေ။ ပွဲစား နာမည် တပ်နေရရင် ပြီးတာပဲ။ အုတ်သမားအလုပ်၊ မီးဆရာအလုပ်တွေတော့ ယောင်လို့တောင် လှည့်မကြည့်တော့ဘူးလေ။

“အစ်မ ကျွန်တော့်ကို ငွေသုံးသောင်းလောက် ခဏလှည့်ပါ။ မုန့်ဖိုက ထင်းမှာတာ ကျွန်တော့်မှာ အရင်းနည်းနေလို့။ အခု မိသန်းဝင်း နားကပ်ကလေး ပြန်သွင်းလာတာ။ လိုတာလေး အစ်မ စိုက်ပါဦး။ ထင်းပိုင်ရှင်ကို အခုပေး နက်ဖြန် ကားငှားပြီး ထင်းပို့။ သန်ဘက်ခါ အစ်မ ပိုက်ဆံ ပြန်ပေးပါ့မယ်”

ငွေပြန်ပေးရမယ့် ရက်လည်း ရောက်ရော -

“အစ်မ အစ်မ၊ ပြဿနာ တက်ပြီ။ မိသန်းဝင်းရယ် ဗိုက်အောင့်လို့တဲ့ မထနိုင်ဘူး။ အဲဒါ ဆေးခန်း သွားပို့တယ်။ ကျွန်တော့်ကို ချစ်စမ်းမောင် လွှတ်လိုက်တာ”

“ဘာဖြစ်တာလဲ”

“လှဦးတို့ တဲရှေ့မှာ လဲနေတာ တွေ့လို့ ကျွန်တော် ချစ်စမ်းမောင်ကို သွားပြောတာ။ ဦးမြင့်ထွန်း နွားကောက်ပြီး လှည်းနဲ့ ပေလမ်း လိုက်ပို့လိုက်ရတယ်။ ဘာမှန်းတော့ သေချာမသိဘူး”

“နေစမ်းပါဦး၊ သူက ဘာလို့ လှဦး တဲရှေ့ ရောက်ရတာလဲ”

“အဲဗျာ အစ်မ မသိသေးဘူးလား။ ချစ်စမ်းမောင် ထင်းဖိုးတွေ လှဦးက ဖဲရိုက်ပစ်တာ ကုန်ပြီလေ။ ကျုပ်တို့ တားသားပဲ၊ လှဦးက အကျင့်ကောင်းတာမှ မဟုတ်တာ။ ကိုထွေး ပိုက်ဆံတွေလည်း ဖဲရိုက်ပစ်တာ နှစ်သိန်းကျော်။ ချစ်စမ်းမောင်က ဘာပြောတယ် မှတ်တုံး။ ကိုထွေးက အလုပ်ရှင်မို့လို့ လုပ်တာ။ ငါတို့က အလုပ်သမားချင်းချင်း လုပ်မှာ မဟုတ်ဘူးတဲ့။ ကျုပ်တို့လည်း ချစ်စမ်းမောင် သောက်ပြောကြီးလွန်းလို့ ထပ်မပြောတော့ဘူး။ အခု ခံရပြီလေ။ သူက စိတ်ညစ်လို့တဲ့။ အရက်တွေ သောက်နေတာ။ မိသန်းဝင်းက လှဦးတဲ လိုက်သွားတာ တဲရှေ့တောင် မရောက်ဘူး လဲတာပဲ”

အဲဒီတုန်းကလည်း မိသန်းဝင်း ဆေးခန်းက ပြန်လာတော့ သူတို့ တဲကို မပြန်တော့ဘူး။ ကျွန်မတို့ အိမ် ခဏ လာနေတယ်။ ညကိုးနာရီလောက်လည်း ရောက်ရော အိမ်ထောင့်လမ်းမပေါ်က ချစ်စမ်းမောင် အသံ ကြားရတော့တာပဲ။

“အစ်မရေ အစ်မ မလုပ်ကြပါနဲ့ဗျာ၊ ကျုပ်တစ်ယောက်တည်း မအိပ်ရဲလို့ပါ မိသန်းဝင်းရေ၊ မိသန်းဝင်း။ ငါ့တစ်ယောက်တည်း ပစ်မထားပါနဲ့ဟာ နောက်ဒီလို မလုပ်တော့ပါဘူး။ အစ်မရေ အစ်မ၊ မိသန်းဝင်း ခေါ်မထားပါနဲ့၊ ကျုပ် သနားပါဦး အစ်မရ”

ရပ်ကွက်ထဲက လူတွေက လာကြည့်တယ်။ ချစ်စမ်းမောင် မှန်း သိတော့မှ ပြန်သွားကြတယ်လေ။ ကျွန်မက မသန်းဝင်း ကို ပြန်ခိုင်းတော့ -

“ကျုပ် သူနဲ့ မပေါင်းဘူး အစ်မ၊ အလကားလူ၊ အခု - ကျုပ်စုထားတာလည်း ကုန်ပြီ။ လှဦးနဲ့ မပေါင်းပါနဲ့ ဆိုတာ မရဘူး။ လှဦးက အရက်လေး တစ်ပိုင်းတိုက်ရင် ဟုတ်လှပြီ ထင်တာ၊ အရက်တစ်ပိုင်းက တစ်ရာရယ်၊ အခု ကျုပ် နားကပ်ရော၊ အစ်မ ပိုက်ဆံရော ကျုပ် ဘာလုပ်ရမလဲ၊ ကျုပ် သင်းမျက်ခွက် မကြည့်ချင်ဘူး”

အဲဒီလို ဖြစ်ပြီး နောက်ရက်ကျတော့ အရက်ဆိုင်ထဲမှာ လှဦး နဲ့ ချစ်စမ်းမောင် ဖက်ငိုကြသတဲ့။ လှဦးကလည်း ‘ သူ မှားပါတယ် ’ ပေါ့။ အရက်သောက်ရင်း ဖြစ်မိတာပါပေါ့။ သူ့ကို ခွင့်လွှတ်ပါပေါ့။ ချစ်စမ်းမောင်ကလည်း အရက်သမားချင်း စည်းလုံးညီညွတ်မှုနဲ့ ‘ ကံဆိုးလိုက်လေခြင်း ’ တဲ့။ လှဦး ကလည်း ဖြည်းဖြည်းချင်း ဖဲ့ဆပ်ပါ့မယ် ကျေနပ်ပါပေါ့။ အရက်ဆိုင် မှာတင် အစည်းအဝေးထိုင်၊ ကိုယ်တိုင် အဆိုတင်၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချကြတယ်။ အရက်ကြောင့် ဖြစ်ရတာ အရက်ဖြတ်မယ်ပေါ့။ ဒီ အတိုင်းတော့ ပြတ်မှာ မဟုတ်ဘူး။ ပဉ္စင်းခံပေးပါ ဆိုလို့ ကျွန်မမှာ ငွေသုံးသောင်း ဆုံးတဲ့အပြင် ပဉ္စင်းပါခံ ပေးလိုက်ရသေးတာ။

ရွာဦးကျောင်းဆရာတော်ကလည်း ကြိမ်လုံး တဆဆနဲ့ ‘ ဒီလောက် မိုက်တွင်းနက်တဲ့ကောင် ငါနဲ့ တွေ့မပေါ့ကွာ။ သတိသာထားနေ ’ တဲ့။

ကျွန်မတို့လည်း ဒီတစ်ကွေ့တော့ ချစ်စမ်းမောင် ခံရပြီ။ ဘယ်တော့များ ဆရာတော့်တုတ်နဲ့ ချစ်စမ်းမောင်နဲ့ တွေ့မလဲပေါ့လေ။ ထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြတာ။ နောက်တော့ မည်သို့ ဖြစ်သွားသည်မသိ လို့ပဲ ပြောရမှာ။ ဆရာတော့် တုတ်နဲ့ ချစ်စမ်းမောင် မတွေ့ဘဲ ချစ်စမ်းမောင် တံတောင်နဲ့ ဆရာ တော် ကျောကုန်း တွေ့သွားတော့ စောင့်ကြည့်နေတဲ့ သူတွေ အံ့ဩလို့ပေါ့။ ဆရာတော်ကလည်း ဒကာချစ် ဒကာချစ်နဲ့၊ ချစ်စမ်းမောင်ကလည်း ‘ ကံဆုံလို့ တွေ့ရ မိဘမှ မိဘပါ ဘုရားပေါ့ ’၊ မနက်အစော ရေနွေး ကပ်ရတာနဲ့၊ ယာဂုဆွမ်း ကပ်ရတာနဲ့၊ အရင်ကတော့ အာဂန္တု ကိုယ်တော်တွေနဲ့ ကိုရင်ကြီးတွေပဲ ရှိတော့ ရေနွေးကလေးတောင် အခန့်သင့်မှ ဘုဉ်းပေးရတာကိုး။

အဲသလို ဇာတ်ရှုပ်တဲ့ ပွေလီတဲ့ ချစ်စမ်းမောင်က ဒေါသအိုးတစ်လုံး ပိုင်စားထားတဲ့ မသန်းဝင်း နဲ့ အတူအတကွ ပေါင်းသင်း အသက်အရှင် နေထိုင်လာခဲ့တာ ကြာခဲ့ပေါ့။

တောင်ချောင်ကို ရောက်တာပဲ ဆယ်နှစ်တော့ ရှိရော့မယ်။ နဂိုက ခပ်ရှုပ်ရှုပ် တောင်ချောင်က ချစ်စမ်းမောင် ရောက်လာမှ ပတ်လည်ရိုက်နေတဲ့ အရှုပ်ပွဲတွေနဲ့ ပိုအသက်ဝင်လာတယ်။ ဒါပေမယ့် ပြဿနာ ဖြစ်ပြီးရင် ကာယကံမြောက် အရှုံးပေးလိုက်ရတာလည်း ချစ်စမ်းမောင်၊ ဝစီကံ အမြတ်ထုတ်တာလည်း ချစ်စမ်းမောင်ပါပဲ။

ကျွန်မတို့ မိသားစုအတွက် မရှိမဖြစ် ဆိုသလို အရေးပါတဲ့ ချစ်စမ်းမောင်ကို ဟိုဟိုဒီဒီ ခိုင်းဖို့ လက်မလွှတ်နိုင်ဘူး။ ခိုင်းလိုက်တိုင်းလည်း စိတ်တိုရတာ၊ အမြဲတစေ အလွဲလွဲအချော်ချော် လုပ်တတ်တာလေ။ မှတ်မိသေးတယ်။ ကျွန်မတို့ ရွာနဲ့ မိုင်လေးဆယ်လောက် ဝေးတဲ့ မြို့တစ်မြို့ကို သူ့ သွားခိုင်းလိုက်တယ်။ ညီမဆီ ငွေတစ်သိန်းခွဲ ပေးခိုင်းလိုက်တာပါ။ လိုင်းကားတွေ ဥဒဟို ပြေးနေတာကို ဆိုင် ကယ် Taxi ခေါ်သွားသတဲ့။ ပြန်လာတော့ ကျွန်မမှာ ဆိုင်ကယ်ငှားခ + ဆီဖိုး + ထမင်းဖိုး ဆီးရှင်းလိုက် ရပါသော်ကော။ အေးလေ ‘ ကျွန်မခိုင်းမိ အပြစ်ရှိသည် ’ ပေါ့။ နောက် အမှတ်မရှိတဲ့ ကျွန်မက ဝါးငါးလုံး လောက် လိုလို့ နှစ်မိုင်လောက် ဝေးတဲ့ ဈေးမှာ သွားဝယ်ခိုင်းတယ်။ လိုင်းကားနဲ့ တင်မလာဘဲ Taxi ခေါ် လာတယ်။ သေတဲ့နန္ဒိယလို့ အော်ရုံ အပြင် ဘာရှိဦးမလဲ။

အခု နောက်ပိုင်းဆို ချစ်စမ်းမောင် နဲ့ ပတ်သက်သမျှ သတင်းတွေက တစ်ခုမှ မကောင်းပါဘူး။ ဝင်ငွေ မည်မည်ရရ မရှိတဲ့ သူတို့ လင်မယား ဘာနဲ့ စားကြသလဲ၊ ဘယ်လို နေကြသလဲ၊ ရှေ့ဆက်ဖို့ကော ဘာလုပ်မလဲ၊ ကျွန်မ တွေးလို့ မရဘူး။

ခြံထဲမှာ လုပ်ငန်းသုံးပစ္စည်းတွေ တော်တော်များများ ကျန်ခဲ့တယ်။ အသုံး မလိုတာတွေ ရောင်းမယ် ဆိုတော့ ထုကြီးထည်ကြီး ပစ္စည်းတွေကျတော့ ကျွန်မကို ဈေးဖြတ်ခိုင်းပြီး ငွေလာပေးတယ်။ တိုလီမုတ်စပစ္စည်းငယ်လေးတွေတော့ ကျွန်မကလည်း မတောင်းဘူး။ သူကလည်း ပြောမနေတော့ဘူး။ နောက် ကျွန်မတို့ အဖေ ရှိတုန်းက ပေးထားတဲ့ မြေကွက်လည်း ရောင်းစားလိုက်ပြီ။ ကျွန်မ အမေ က -

“နေဖို့ အိမ်ဆောက်ပေးထားတယ်။ စိုက်စားဖို့ မြေရှိတယ်။ သုံးဖို့ ရေရှိတယ်။ ခြံထွက်သီးနှံတွေ ရောင်းစားခိုင်းတယ်။ သရက်ပင်တွေတင် အပင် တစ်ရာလောက် ရှိတာ၊ ကဲ - ဘာလိုသေးလဲ။ ဒါမှ စိုက်မစားချင်နေ။ ငပျင်းတွေ၊ မသန်းဝင်းလည်း တူတူပဲ။ အမေ ဘုန်းကြီးကျောင်း သွားတိုင်း အိမ်မှာ မရှိ ဘူး။ အိမ်လည် နေတာပဲ။ သူတို့ ဘဝနဲ့ သူတို့အကြောင်း ဒီထက် ပိုပြီးလည်း မပြောချင်တော့ဘူး”

ဒီတစ်ခါတော့ ကျွန်မတို့ ခြံထဲက ဂိုဒေါင်ဟောင်းကြီး ဖျက်လိုက်လို့ ပိုထွက်လာတဲ့ သစ်တိုသစ်စပုံကို သူ ရောင်းမယ်တဲ့။ အစ်မ ဈေးဖြတ်ပေးပါ ဆိုလို့ ဈေးဖြတ်ပေးလိုက်တယ်။ ပေါ်မလာဘူး။

နောက် တောင်ချောင်က ညီထွေး ဆိုတာ လာပြီး ‘ အစ်မ သုံးသောင်းခွဲထားပါ ’ တဲ့။ ‘ အေး - ယူပေါ့ ’ ၊ အဲဒီ သတင်းလည်းကြားရော ချစ်စမ်းမောင် တန်းရောက်လာတာပဲ။

“အစ်မရယ်၊ အနည်းဆုံး တစ်သောင်း၊ ကိုးထောင်တော့ နာပြီ။ ဘာလို့ သူတို့ပေးလဲ၊ ကျွန်တော် လုပ်ပေးမှာပေါ့”

“ဪ - ကိုချစ်စမ်းမောင်ကို ပြောထားတာ တစ်လကျော်ပြီလေ။ အကြောင်းမှ မပြန်တာ။ လာမှ မလာတာ”

ညီထွေးတို့တော့ အချောင် ရသွားပြီ။ မြတ်သွားပြီ။ သူတော့ တစ်ကွက် နာသွားပြီတဲ့။ ညီထွေး လူလည်ကျတဲ့ အကြောင်းတွေ အရင်ကရော၊ အခုရောတဲ့ ပြောလိုက်တာ စုံလို့၊ သူ့ကြည့်ပြီး ကျွန်မတော့ အမှားကြီး တစ်ခု ကျူးလွန်မိတဲ့ တရားခံတစ်ယောက်လို ခံစားလိုက်ရတယ်။ ဪ - ငါ့နှယ် မှားလေခြင်း၊ အတွင်းထရံ အပြင် ကာမိပြီ။ ကိုချစ်စမ်းမောင် စောင့်လိုက် ပြီးရောနဲ့ နောင်နှစ်ရက် လောက် နေတော့ ညီထွေး ကိုပါ ခေါ်လာတယ်။

“အစ်မ၊ ညီထွေးက အစ်မဆီ မလာရဲလို့တဲ့။ သစ်တွေက ဈေးမကိုက်လို့ သုံးသောင်းထားပါတဲ့။ ဟုတ်တယ် အစ်မရဲ့၊ သုံးသောင်းလောက်ပဲ တန်တာ ကျွန်တော် သိတယ်။ ကျွန်တော်က ဟေ့ကောင် ဘာမှ ပြောမနေနဲ့ သုံးသောင်းပဲပေး၊ အစ်မကို ငါပြောမယ်။ ငါ ပြောရင် တစ်ခွန်းပဲ ဆိုပြီး ခေါ်လာတာ” တဲ့။ကျွန်မ ဘာမှ မပြောတော့ပါဘူး။ တရားလို၊ တရားခံမက ရှေ့နေရော၊ တရားသူကြီး အလုပ်ပါ သူ ဒိုင်ခံ လုပ်သွားမှတော့ ဘာပြောရမလဲ ‘ အားလုံးကောင်းပါသည် ခင်ဗျား ’ ပေါ့။

၃၊ ၄ ရက်နေတော့ ပိုက်ဆံ လာပေးတယ်။ နှစ်သောင်းခွဲပဲ ပါတယ်။ ငါးထောင် လိုသေးတယ်။ သူ တောင်းပေးပါ့မယ်တဲ့။ နောက် မကြာပါဘူး ညီထွေးက လူသုံးယောက် ခေါ်ပြီး ကျွန်မအိမ် လာပြန်ရော၊ ရောင်းလိုက်တဲ့ သစ်တွေထဲက ချစ်စမ်းမောင်က ၁၀ ချောင်း ယူပြီး သရက်တောထဲ ဝှက်ထားတာ အခု တွေ့တယ်။ အဲဒါ အစ်မ ပြောပေးပါတဲ့။ နဂိုကတည်းက ဒီသစ်တွေ မပါဘူး ဆိုရင်လည်း တစ်ခါတည်း ပြောပေါ့။ ဒါမဟုတ်တာ လုပ်တာပဲ၊ ခိုးတာပဲ၊ ဖျံကျတာပဲတဲ့။ အရက်တွေကလည်း မူးလို့၊ အဲဒါနဲ့ မဟုတ်ဘူး၊ ဒီသစ်က အစ်မပေးထားတာလို့။ ပြီးလွယ်အောင် ပြောလိုက်ရတယ်။

ဒါပေမယ့် ညီထွေးက မကျေနပ်ဘူး။ အဲဒီ သစ်တွေကို ပြန်ယူပြီး ရောင်းမယ်တဲ့။ ကြာတော့ ကျွန်မလည်း စိတ်မရှည်တော့တာနဲ့ လုပ်ချင်သလို လုပ်ဟေ့၊ အခုတော့ ပြန်ကြတော့ ပြောတာနဲ့ ပြန်သွားကြရော။ ညနေကျတော့ ချစ်စမ်းမောင် ကုပ်ချောင်းကုပ်ချောင်းနဲ့ အိမ်ပေါ် တက်လာတာပဲ။

“အစ်မ၊ မိသန်းဝင်းတော့ နဖူးကြီး ဖုသွားတယ်။ နေ့လယ်က ညီထွေးတို့ အစ်မဆီ လာပြီး အပြန်ကတည်းက သစ်တွေလာယူတာ။ ဓားကြီးလည်း ကိုင်လို့၊ ကျုပ်ကို သ,တ်မလို့တဲ့။ အဲဒါ မိသန်းဝင်းက နဖူးချင်း ပြေးဆောင့်လိုက်တာ နှစ်ယောက်လုံး ပက်လက်လန် လဲတာပဲ။ နောက် မိသန်းဝင်းက အတင်းဝင်လုံးတာ။ ဘုန်းကြီးကတောင် ဒီကောင် တော်တော်မိုက်ရိုင်းတယ်၊ ရဲစခန်းတိုင်လို့ ပြောနေတာ”

“ဟောတော့ ... နေပါဦး၊ ကိုချစ်စမ်းမောင်က ဘယ်သွားနေလို့တုံး ..”

“ကျွန်တော်က ဒီကောင် ဓားကိုင်လာတာ မြင်တာနဲ့ အိမ်ထဲ ဓားဝင်ယူတာ။ ဓားချင်းဓားချင်းမှ ရမှာပေါ့ အစ်မရဲ့။ အရေးထဲ ဓားအတိုက ပျောက်နေလို့ ရှာနေတာ။ ဓားအတိုက ထိုးဖို့၊ ဓားအရှည်က ခုတ်ဖို့ ...”

“အမယ်လေးလေး ... မဟုတ်က ဟုတ်ကတွေ၊ နောက်တော့ ဘယ်လို ပြီးသွားတုံး”

“ကျွန်တော် ဓားကိုင်ထားတာ မြင်တော့ ညီထွေးက တစ်ခါတည်း ဒူးထောက် တောင်းပန်တာပဲ။ ခင်ဗျားမိန်းမ လုပ်တာနော်။ ကျွန်တော် ဘာမှ မလုပ်ရသေးဘူး။ အခု နဖူးရောင်သွားပြီတဲ့။ အဲဒါနဲ့ အစ်မရယ်၊ ကျွန်တော်က စဉ်စားပါတယ်။ ရဲစခန်းရောက်ရင် ညီထွေးပဲ ခံရမှာ။ အစ်မတို့ ဂုဏ်သိက္ခာ ထိခိုက်မှာလည်း စိုးတယ်။ အဲဒါနဲ့ အားလုံးမျက်နှာ ထောက်ပြီး စိတ်လျှော့လိုက်ပါတယ်”

“အမယ်လေး ကိုချစ်စမ်းမောင်ရယ်၊ ကျွန်မတို့ နာမည် လာမတပ်ပါနဲ့၊ ကိုယ်လုပ်ချင်တာ လုပ်ပြီးမှများ ...”

“အစ်မ၊ ကျုပ်လက်ထဲမှာ ဖဲထီးသံချောင်း လေးချောင်း ရှိတယ်။ တစ်ဖက်နှစ်ချောင်း၊ မျှော့ကြိုး နဲ့ ဆင်ထားတာ၊ ကျုပ်လက်ဖြန့်လိုက်တာနဲ့ ဒီကောင့်ဗိုက် စိုက်သွားမှာပဲ”

လက်ကလည်း ဟန်ပါပါ မှောက်ခုံ၊ ဆန့်တန်းပြတယ်။ ရုပ်ကလည်း မာန်ပါပါ ဒေါနဲ့မောနဲ့ပေါ့။ အရက်နံ့ တထောင်းထောင်း ထနေတာက လွဲလို့ တကယ့်ကြေးစား လူမိုက်ဂိုက်မျိုး။

“ကဲပါ အဲဒါ ခဏထားလိုက်ဦး။ အခု မသန်းဝင်းကော”

“မသန်းဝင်း ခေါင်းမူးနေလို့ အိပ်နေခဲ့တယ်။ ခေါင်းမှာ အာလူးသီး ထွက်သွားတာလေ။ ကိုယ်တွေ လက်တွေလည်း ကိုက်ခဲနေတယ် ပြောတာပဲ။ မိသန်းဝင်းနဲ့ ညီထွေး နပန်းလုံးတော့ ယောက်ျားသားနဲ့ မိန်းမသား အားချင်း ဘယ်မျှပါ့မလဲ။ ကျွန်တော်တို့ကို သက်သက်လူဝါးဝတာ။ ပြီးတော့ အစ်မကိုလည်း ဂရုမစိုက်ဘူး ပြောသေးတာ။ အစ်မ ထိလို့ကတော့ ကျုပ် မခံဘူး။ ပြီးတော့ ပြောသေးတာ။ မသန်းဝင်းကို အရင်သ,တ်မယ်။ အချုပ်က ထွက်ရင် ကျုပ်ကို ထပ်သ,တ်မယ်တဲ့”

“ကဲ ကဲ ဘာမှ လုပ်မနေနဲ့။ ရပ်ကွက်လူကြီးကို ပြောပြီး ရဲစခန်း သွားတိုင်၊ မသန်းဝင်းပါ ခေါ်သွား”

“ကောင်းပါ့မလား အစ်မရယ်။ တစ်ရပ်ကွက်တည်းသားတွေပဲဟာ”

“ဟော့တော့ - အဲဒါဆို ဒီကို ဘာလို့ လာပြောနေလဲ။ ကိုချစ်စမ်းမောင်က ကျွန်မတို့ကို ရန်တိုက်ပေးနေတာလား။ သူများတွေများ တပည့်လိမ္မာ ဆရာအာပတ်လွတ်သတဲ့။ အခု ကိုချစ်စမ်းမောင် လုပ်တာနဲ့ ညီထွေးတို့က အစ မူးရူးပြီး အိမ်ပေါ်တက်လာတာ။ အဲဒါ ကိုချစ်စမ်းမောင် အသုံးမကျလို့ပေါ့။ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် မနေလို့ပေါ့”

“ဟုတ်ပါတယ် အစ်မရယ် ဟုတ်ပါတယ်။ ပြောပါ အစ်မရယ် ပြောပါ။ ကျွန်တော် မှားမိပါတယ်။ ကျွန်တော့်မှာ ဆရာကြီးတို့၊ အမေတို့၊ အစ်မတို့က မိဘပါပဲ။ ကျွန်တော့်အမေ မျက်လုံးကွယ်တာတောင် မပြန်ဘူး။ အစ်မတို့ကို မိဘ လုပ်နေတာပါ။ ကျွန်တော့်မှာ တစ်ရပ်တစ်ရွာက လာနေရတာ ဒီမှာ ဆရာကြီး မျက်နှာနဲ့မို့ နေရဲတာပါ။ ကျုပ် မပြောရဲဘူး အစ်မရဲ့ ဟီးဟီး၊ ညဆို မိသန်းဝင်းနဲ့ ကျုပ် နှစ်ယောက်တည်း ရှိတာ၊ လာသ,တ်သွားတောင် ဘယ်သူမှသိမှာ မဟုတ်ဘူး ဟီးဟီးဟီး”

“ဟင် - ဖဲထီးသံချောင်းရှိဆို၊ ဓားအတိုက ထိုးဖို့ဆို၊ ဓားအရှည်က ခုတ်ဖို့ဆို၊ ဒါ မင်းမဲ့တိုင်းပြည် မဟုတ်ဘူး၊ ဥပဒေ ရှိတယ်။ ရဲရှိတယ်”

“ရဲက နောက်မှဗျ။ ကျုပ်က အရင်သေမှာ ဟီးဟီးဟီး”

မျက်ရည်တွေ တလိမ့်လိမ့် ကျရုံတင် မကဘူး။ နှပ်တွေပါ ညှစ်ထုတ်ပစ်လိုက်သေးတာ။ ကျွန်မတော့ ကိုချစ်စမ်းမောင်ကို ကြည့်ပြီး ရယ်ချင်စိတ် တလိမ့်လိမ့် တက်လာတာကို အတင်းမျိုချနေရ တယ်။

ဆွေမတော် မျိုးမစပ်၊ ပြောမနိုင် ဆိုမရ ပွဲစားကြီးကို ကြည့်ရင်း တရားကျမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ် မကင်းသလို ခံစားမိရတယ်။ အုတ်ဖို မီးရှို့တော့ မီးပေါက်ဝမှာ ထင်းတုံးကြီး တေ့ပြီးတော့ ဝါးလုံးနဲ့ နောက်က အားမာန်အပြည့် တွန်းပြီး အထဲထည့်၊ အစိုစက်စက် ထင်းတုံးက အတွင်းက မီးကျီခဲအကျန်တွေရဲ့ အရှိန်နဲ့ ဝုန်းခနဲ မီးထတောက်တော့တာပဲ။ အခုမှ သစ်ပင်ကို ခုတ်ထားတဲ့ အစေးတွေ မခြောက်သေးတဲ့ ထင်းစိုက ပိုကောင်းတယ်။ လောင်အား ရှိတယ်။ လောင်ချိန်ကြာတယ်။ ထင်းခြောက် ဆိုတော့ ခဏပဲ လောင်ပြီး မီးကျီးဖြစ်သွားတာလေ။

ကိုချစ်စမ်းမောင် အဖြစ်ကလည်း ဒီလိုပဲ အရက် မသောက်၊ ဖဲမရိုက်၊ လူအေးလူရိုး တစ်ယောက်ကို ကျွန်မက အရက်နဲ့ နီးစပ်အောင် ဝါးလုံးရှည်နဲ့ တွန်းပို့မိတယ်။ ပင်ပင်ပန်းပန်း လုပ်တာ တောင် အရက်မသောက်တတ်တဲ့ အစိမ်းသက်သက်၊ အစိုစက်စက် လူတစ်ယောက်ဟာ မီးကျီးခဲတွေနဲ့ တူတဲ့ ပွဲစားအသိုင်းအဝိုင်းထဲမှာ လောင်အား ကောင်းနေပြီ။ လောင်ချိန် ကြာနေပြီ။ ဘယ်အချိန်မှ မီးကျီးခဲတုံးကြီး ဖြစ်ပြီး ပြာကျသွားမလဲ ...။

ကျွန်မ သူ့အတွက် ဘာလုပ်ပေးရမလဲ။ ဘာလုပ်ပေးနိုင်မလဲ။ သူကတော့ သူ့ဘဝနဲ့ သူ ကျေနပ် နေတတ်နေပေမယ့် ကျွန်မမှာ အတွေးတွေနဲ့ ဒဏ်သင့်နေပါတော့တယ်။

▢  အဖြူရောင် ( ရွှေ )
📖 ပန်းအလင်္ကာ မဂ္ဂဇင်း
      မေလ၊ ၂၀၀၉

ဖိနပ်တစ်ဖက်


❝ ဖိနပ်တစ်ဖက် ❞ 
   ( မိုးကျော်ဇင် )

ဘာကြောင့်ရယ် မသိ၊ ဖိနပ်အကြောင်းက ခေါင်းထဲ ရောက်လာတယ်။ ဘာအကြောင်းနဲ့ ဆက်စပ်ပြီးတော့များ ဖိနပ်အကြောင်း တွေးနေမိပါလိမ့်လို့ ပြန်တွေးနေပေမဲ့ ဒီအတွေးကို အစရှာ မရဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ပဲ ခြေထောက်မှာ စွပ်တဲ့ ဖိနပ်ကိစ္စက ခေါင်းထဲ ရောက်နေလေရော။ ဖိနပ်အကြောင်း တွေးနေမိရာက အဆောင် နေခဲ့တုန်းက တွေ့ခဲ့တဲ့ အဆောင်သားလေး တစ်ယောက်ကို ပြေးသတိရတယ်။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ နှစ်, နှစ်ဆယ်လောက်တုန်းကပေါ့။ ရန်ကုန် မြို့လယ်ကောင်က ဘော်ဒါဆောင်ရဲ့ ကွပ်ပျစ်ခုတင်လေး တစ်လုံးပေါ် ကျွန်တော် လဲလျောင်း နားခိုစဉ်တုန်းကပေါ့။ တစ်နေ့တော့ အဆောင်သားအသစ် ရောက်လာတယ်။ ရောက်လာတော့လည်း လာပေါ့။ အမျိုးသားသီးသန့် အဆောင် ဆိုတော့ ဘယ်အမျိုးသမီး အဆောင်သူရယ်လို့ လာမှာမှ မဟုတ်တာ။ သိပ် စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဒီအဆောင်သားကျတော့ တစ်မျိုးပဲ။ သူလာတဲ့ လမ်းက တခြားသူတွေနဲ့ မတူဘူး။ သူ အဆောင်ရောက်လာတာ မိသားစု တစ်စုထဲက ဘာအလုပ်လုပ်မယ်၊ ဘာသင်တန်းတက်မယ် ဆိုပြီး ရောက်လာတာမျိုး မဟုတ်ဘူး။ နိုင်ငံခြားသား တစ်ယောက်က မိဘမဲ့ ဂေဟာကနေ မွေးစားပြီး ခေါ်လာတာ။ ဒါပေမဲ့ ကောင်လေးက အသက်သာ ဆယ့်လေးငါးနှစ် ဖြစ်နေတာ၊ သူ့နာမည်တောင် စာလုံး မပေါင်းတတ်သေးဘူး။ မြန်မာလိုကို မပေါင်းတတ်သေးတာ။ ဒီတော့ ကျွန်တော်တို့ အဆောင်မှာ နေပြီး ဆရာခေါ် စာသင်ပေါ့။ ကျေနပ်မှု အတိုင်းအတာ တစ်ခု ရောက်ရင် ဟိုကို ခေါ်သွားမယ်ပေါ့။

ဒီနေရာမှာ ထူးခြားတာက သူ့စရိုက်ပဲ။ ကောင်လေး စရိုက်က တကယ့် ထိုးထိုးထောင်ထောင်ဗျ။ ဘယ် အဆောင်သားရဲ့ စိတ်နဲ့မှကို ဘောင် မဝင်တာ။ အနယ်နယ် အရပ်ရပ်က လူမျိုးစုံနဲ့ သင့်တင့်အောင် တစ်မိုးအောက်ထဲ အတူခိုဝင်နေကြတဲ့ အဆောင်သားတွေရဲ့ ခန္တီတရားတွေလည်း ဒီကောင်လေး ရောက်လာမှ အထိတ်တလန့် ပြိုလဲ သွားမတတ် ဖြစ်ခဲ့ကြရတာ။ သူ စကားပြောပုံ၊ လမ်းသွားပုံ တွေကအစ ဆူးချွန်တွေ ထိုးထွက်နေတော့တာ။ လမ်းသွားပုံဆိုလို့ ဒီကောင်လေး စီးတဲ့ ဖိနပ်က ခုံထူထူ ရှူးဖိနပ် ပဲ။ ဘာတံဆိပ်မှန်း မသိတော့ပေမဲ့ အကောင်းစား ဆိုတာကတော့ သိသာတယ်။ လမ်းသွားလိုက်ရင် သမံတလင်း အခင်းနဲ့ သူ့ဖိနပ် ထိမိသံက တဗွက်ဗွက်နဲ့ မြည်နေတာ။ ဘောင်းဘီကလည်း အိတ်ကပ်တွေ အများကြီးပါတဲ့ သရီးကွာတား။ ဒီကောင်လေးကလည်း ဒီဖိနပ်နဲ့ ဒီဘောင်းဘီကို မချွတ်စတမ်းပါပဲ။

အဲဒီတော့ ကောင်လေး လမ်းသွားပုံက မညှာမတာ ပြောရရင် တကယ့် ဆောင့်ကြွားကြွားပါပဲ။ လမ်းလျှောက်ရင်လည်း စစ်သားတွေ ဒရိန်းပြနေသလား ထင်ရတယ်။

ထားပါတော့။ ဆိုလိုချင်တာက ဒီကောင်လေး ကံကြမ္မာ အလှည့်အပြောင်းမှာ အခွင့်အရေးတွေ၊ ခံစားခွင့်တွေ၊ အနာဂတ် အစီအစဉ်တွေ အကုန် ရုပ်သိမ်းခံရပြီး အဆောင်က လွင့်သွားရတယ်။ နောက်တစ်လလောက် ကြာတော့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း နောက်က နှုတ်ဆက်သံ ကြားလို့ လှည့်ကြည့်လိုက်တော့ သူ ဖြစ်နေတယ်။ တီရှပ်လေးနဲ့။ အိတ်ကပ်တွေ အများကြီးပါတဲ့ ဘောင်းဘီတော့ မဟုတ်တော့ဘူး။ ခပ်နွမ်းနွမ်း ပုဆိုးကွက်စိပ်လေးနဲ့။ မျက်နှာလေးက ဈေးပေါင်ကျိုးချိန် ကုန်စိမ်းသည်ရဲ့ လက်ကျန် ဟင်းရွက်လေးလိုပဲ၊ နွမ်းလို့။ နှုတ်ဆက်သံက အစ ပျော့ပျောင်းလို့။ ဘာလုပ်နေလဲ ဆိုတော့ သံချည်သံကွေး လုပ်နေတယ်တဲ့။

စီးကရက်တစ်လိပ် တောင်းသောက်ပြီး ဒီကောင်လေး ပြန်ထွက်သွားတော့ သူ လမ်းလျှောက်ပုံကို သတိထားလိုက်မိတယ်။ ပုံမှန်ပဲ။ တခြား လူတွေလိုပဲ။ ဆောင့်ကြွားကြွား မဟုတ်တော့ဘူး။ တစ်ဆက်တည်း သတိထားလိုက်မိတာက သူ့ခြေထောက်မှာလည်း အဆောင်မှာ နေတုန်းကလို ခုံထူထူ အကောင်းစား ရှူးဖိနပ်ကြီး စီးထားတာမှ မဟုတ်တော့တာ။ ဒါနဲ့ တွေးလိုက်မိသေးတယ်။ လူတွေရဲ့ ပြုမူနေထိုင်ပုံတွေ၊ ကိုယ်ဟန်အမူအရာတွေဟာ သူတို့စီးထားတဲ့ ဖိနပ်အမျိုး အစားအလိုက် မူတည် ကွာခြားလေသလားလို့။

ဖိနပ်အကြောင်း တွေးမိရာက ဖိနပ်နဲ့ ပတ်သက်ပြီး စိတ်ထဲ အမာရွတ်ကျန်နေခဲ့တဲ့ အဖြစ်လေး ရှိသေးတယ်။ ဒါကလည်း အဲဒီအဆောင် နေတုန်းကပါပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော့် အခြေအနေက မိုးထဲလေထဲ ရောက်နေပြီ။ အိပ်မက်တွေလည်း ရုပ်သိမ်းခံလိုက်ရပြီးပြီ။ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာတောင် ကိုယ့်ကိုယ်ကို မသေချာတော့ဘူး။ တစ်နေ့လုံးနေမှ ထမင်းတစ်နပ် အကြွေးစားပြီး ရန်ကုန် စစ်မြေပြင်မှာ နောက်ဆုံး ခံတပ်ကို ကာကွယ်နေချိန်ပေါ့။

အဲဒီနေ့တွေထဲက တစ်နေ့၊ ဧည့်သည်လာတယ် ဆိုလို့ အဆောင်အောက် ဆင်းလာခဲ့တာ ဖိနပ်အပြတ်ကြီး တစ်ဖက်ကို လက်တစ်ဖက်က ကိုင်ထားတဲ့ ဦးဗလကြီး ကို တွေ့ရတော့တာပဲ။ သူ့ ခြေထောက်နှစ်ဖက်မှာလည်း တစ်ဖက်ပဲ ဖိနပ်ရှိပြီး ကျန်တစ်ဖက်က ခြေဗလာ သက်သက်ကြီး။

ဦးဗလကြီးက မန္တလေးသား၊ ကျွန်တော့်သူငယ်ချင်းရဲ့ ဦးလေး။ သူလည်း မန္တလေးသား။

ရန်ကုန်မှာနေတော့ ပုဇွန်တောင် ရေကျော်မှာ။ သူငယ်ချင်းခေါ်ခေါ်သွားလို့ ရေကျော်က သူတို့ တိုက်ခန်းကို နှစ်ခေါက် ရောက်ဖူးတယ်။ ဦးဗလကြီးက ဗလကြီးသာ ဆိုတယ် ကာတွန်းပိုးဇာရဲ့ ဇာတ်လိုက်ကျော် မောင်မောင်ဇာ အတိုင်းပဲ ပိန်ပိန်ရှည်ရှည်နဲ့။ ဖော်ရွေတယ်၊ ပျော်တတ်တယ်။ ကျွန်တော်နဲ့လည်း ချက်ချင်း တရင်းတနှီး ဖြစ်သွားကြတာပါ။

အဲဒီနေ့က ဦးဗလကြီးက သူ့ဖိနပ်ပြတ်လေး ပြပြပြီး ပြောတယ်။ သူ လမ်းလျှောက်လာရင်း ဖိနပ်ပြတ်လာလို့ ဖိနပ်တစ်ရန်စာ ပိုက်ဆံချေးပါတဲ့။ သူ့ကို ယုံပါတဲ့။ ညနေ ပိုက်ဆံ ပြန်လာပေးပါ့မယ်တဲ့။ ဘယ့်နှယ်၊ ဒီလူ ဒီလူချင်းကို မယုံကြည်စရာလား။ ဒီလောက်လည်း အာမဘန္တေတွေ ခံနေစရာ မလိုပါဘူး။ ခက်တာက ကျွန်တော့်ခြေထောက်အောက်မှာ စီးနင်းထားတဲ့ ကတ္တီပါကြိုးတပ် ဖိနပ်တစ်ရန်ထဲက ညာဘက် တစ်ဖက်ရဲ့ ခေါင်နေရာမှာ တုပ်နှောင်ထားတဲ့ သွပ်ကြိုးတစ်စ ရှိတယ် ဆိုတဲ့အကြောင်း ဘယ်လို ဖွင့်ပြောရမှန်း မသိတာပဲ။ ဒီတော့ ကျွန်တော့် လက်ထဲမှာ လောလောဆယ် ဖိနပ် တစ်ရန်ဖိုး ပိုက်ဆံ မရှိပါဘူး ဆိုတော့ ဦးဗလကြီး ကျွန်တော့်ကို ပြန်ကြည့်တဲ့ မျက်နှာကို ခုထိ မေ့မရတော့ဘူး။ ဝမ်းနည်းတာရယ်၊ ရှက်တာရယ်၊ စိတ်နာတာရယ်၊ မုန်းတီးတာရယ် အဲဒါတွေကို ရောမွှေပြီး ပြန်ကြည့်သွားတာ။ ဖိနပ်အပြတ်လေး တစ်ဖက် လက်က ကိုင်လို့၊ ဖိနပ်တစ်ဖက်တည်း စီးလို့ အဆောင်လှေကားထစ်တွေ အတိုင်း ဆင်းသွားတဲ့ ဦးဗလကြီးရဲ့ ပုံရိပ်ကို ခုထိ ကျွန်တော် နာနာကျင်ကျင် သတိရနေတုန်းပါပဲ။

နောက်ပိုင်း သူငယ်ချင်းနဲ့ ပြန်တွေ့လို့ အဲ့ဒီအကြောင်း ပြန်ပြောပြတော့ ဒီကောင်က ရယ်လိုက်တာ။ အေးပေါ့။ တခြားသူတွေ အတွက်တော့ တကယ့် ဟာသပေါ့။ ဒါပေမဲ့ ဦးဗလကြီးနဲ့ ကျွန်တော့် အတွက်ကတော့ ဖိနပ်တစ်ဖက်နဲ့ ပတ်သက်ပြီး တစ်သက်စာ အမာရွတ်ကြီး ဖြစ်သွားကြရတာ။

ဖိနပ်နဲ့ ပတ်သက်ပြီး တွေးနေရာက ဖိနပ်ပျောက်ခဲ့တာတွေ ပြန်ပေါ်လာသေးတယ်။ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံး ဖိနပ် ပျောက်တာက ရထားပေါ်မှာ။ ရန်ကုန်ဘူတာကြီးကနေ ညပိုင်းထွက်တဲ့ အမြန်ရထား စီးပြီး နယ်က အိမ်ကို ပြန်လာတာ။ ကျွန်တော်တို့ မြို့ဘူတာကို ည ၁၂ နာရီလောက်မှ ရောက်မှာ။ အဲဒီတုန်းက ရထားတွေ လူပိုကျပ်တယ်။ ထိုင်ခုံရဖို့ဆိုတာ တကယ့် ဒုလ္လဘပဲ။ အဲဒီ ညနေကတော့ အဲဒီ ဒုလ္လဘနဲ့ ကျွန်တော် တည့်တည့် တိုးမိပြီး ထိုင်ခုံရခဲ့ပါတယ်။ ဒါပေမဲ့ ရထားက တကယ့်လူဆိုမှ လူတွေ။ ထိုင်ခုံ လက်တန်းတွေပေါ်မှာလည်း လူ၊ လျှောက်လမ်းပေါ် မှာလည်း လူ၊ အိမ်သာဝမှာ လည်း လူ၊ အဆင်း အတက် တံခါးဝမှာလည်း လူ။ မျက်နှာချင်းဆိုင် ခုံနှစ်တန်းကြား ခြေထောက်ချတဲ့ နေရာလေးကအစ ဖျာလာခင်းသေးတာ။ အဲဒီညက ကျွန်တော်တို့ကို ထိုင်ခုံမဲ့ ခရီးသည် တစ်ယောက်က မေတ္တာလာရပ်ခံတယ်။ သူတို့နဲ့အတူ ပါလာတဲ့ လူမမာ တစ်ယောက် လဲလျောင်းဖို့ ဖျာခင်းချင်ပါတယ် တဲ့။ ဒါကြောင့် ခြေထောက်တွေ ခုံပေါ်တင်ပေးကြပါတဲ့။ ခြေထောက် ခုံပေါ် တင်ပေးမှတော့ ဖိနပ်ချွတ်ထားရတာပေါ့။ ဒါက ပြဿနာမ ဟုတ်ပါဘူး။ တစ်လမ်းလုံး အေးဆေးပါပဲ။ မအေးဆေးတာက ကျွန်တော်တို့မြို့ ဘူတာဝင်ခါနီး ဆင်းဖို့ ပြင်တော့မှ ကျွန်တော့်ဖိနပ် မရှိတော့ဘူး။ ဖိနပ်က အပြာရောင် ကွင်းထိုးလေး။ သားပိုက်ကောင်လို့ မြန်မာလို အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာတန်းလေးနဲ့။ သားပိုက်ကောင် အရုပ်လေးတောင် ပါပါသေးတယ်။ ရထားပေါ် အတက်၊ ဖိနပ်တစ်ဖက် ကျကျန်ခဲ့တာကြောင့် နောက်ထပ် ဖိနပ် တစ်ဖက်ပါ ချွတ်ပေးခဲ့တဲ့ ဂန္ဒီကြီးကိုတော့ သွားသတိရပါသေးတယ်။ ဒါပေမဲ့ ဂန္ဒီကြီးလို လုပ်ဖို့ မလိုအောင် သူကောင်းသား တစ်ယောက်ယောက်က ကူညီပေးသွားခဲ့ပြီးပြီပဲ။ အဲဒီညက သားပိုက်ကောင် မပါဘဲ ခြေဖဝါး သက်သက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။

နောက်ပိုင်းမှာလည်း မကြာခဏလို့ ပြောလို့ မရတဲ့တိုင်အောင် ဖိနပ်ပျောက်တဲ့ ကိစ္စကတော့ ကြုံခဲ့ရတာပါပဲ။ ဖိနပ် ဆိုတဲ့ အမျိုးကလည်း အကြောင်းပြချက် တစ်ခု မဟုတ်ရင် နောက်တစ်ခုနဲ့ ကျွန်တော့်ဆီက ထွက်ထွက်ပြေးသွားတတ်တာပဲ။ ကျွန်တော့် မေမေကတော့ ဖိနပ်ပျောက်တယ် ဆိုရင် အကောင်းဘက်က ဖြေသိမ့်ပြောလေး ပြောတတ်သေးတာ။ စနေနံထွက်တာ ကောင်းတယ်တဲ့။

ထားပါတော့။ ကျွန်တော် နောက်ဆုံးဖိနပ် ပျောက်ခဲ့တာ ရှိသေးတယ်။ မကြာသေးဘူး။ အိမ်ထောင်ကျပြီးမှ ပျောက်တာ။ ဖိနပ်က အသားရောင် ခြေညှပ်ဖိနပ်။ ခုံထူထူပဲ။ သားရေကောင်း သုံးထားပုံရတယ်။ တံဆိပ် မမှတ်မိတော့ပေမဲ့ ဈေးတော့ အတန်ကြီးတယ် ဆိုတာ မှတ်မိသေးတယ်။

ဝယ်ထားလို့မှ ၅ ရက် မပြည့်သေးပါဘူး။ ညကျတော့ အိမ်ထဲ မသွင်းချင်တာနဲ့ အိမ်တံခါးအပြင် ဖိနပ်ချွတ် ခုံပေါ်ထားခဲ့လိုက်တာ။ မနက် မိုးလင်းလို့ လင်မယားနှစ်ယောက် ပြင်ဆင်ပြီး ဖိတ်ထားတဲ့ အလှူအိမ်သွားမယ်ပေါ့။ အဲ- ဖိနပ်လည်း စီးမယ်ဆိုရော ကျွန်တော့် ဖိနပ်တစ်ဖက် ရှာမတွေ့တော့ဘူး။ ဒီတော့ မိန်းမက အိမ်ဘက်ကို မကြာခဏ ရောက်ရောက် လာတတ်တဲ့ ခွေးကို စွပ်စွဲတယ်။ မလွဲနိုင်ဘူး။ လူဆို နှစ်ဖက်စလုံး ယူမှာပေါ့။ ကျွန်တော့်မှာ အကောင်းအတိုင်း ကျန်ခဲ့တဲ့ ဖိနပ်အသစ်ကြီး တစ်ဖက်ကို လွင့်ပစ်ရမလား၊ ပြန်သိမ်းထားရမလားနဲ့ အဲဒီ ဖိနပ်တစ်ဖက်ဟာ အိမ်ဖိနပ်ချွတ် နေရာမှာပဲ ရက်အတော်ကြာကြာ အထီးကျန်နေရပါတယ်။ ထူးဆန်းတာက အဲဒီ ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကိုတော့ ဘယ်ခွေးမှ နောက်ထပ် လာမဆွဲတော့တာပါပဲ။

ဖိနပ်တစ်ဖက် ကျန်တဲ့ အကြောင်း တွေးမိတော့ သူငယ်ချင်း တစ်ယောက်ရဲ့ ဒဿနကို သွားသတိရမိသေးတယ်။ ငယ်ငယ်ကဆို ဒီကောင့်ကို ကျွန်တော်တို့က ကြာကူလီလို့ ခေါ်တာ။ မိန်းမရှုပ်လို့။ ဒီကောင်က အသက်မရှူရရင်သာ နေနိုင်ချင်နေနိုင်မယ်၊ ရည်းစား မရှိရင် မနေတတ်ဘူးဆိုတဲ့ ကောင်မျိုးပါ။ လူ့အရပ်ကတော့ တစ်တောင့်တစ်ထွာလောက် ရှိတာ။ ပုဆိုးဝတ်ရင်တောင် ကွင်းဖြတ်ပြီး ပြန်ချုပ်ဝတ်ရတယ်။ ဒီတော့ ဒီကောင်က ပုဆိုးရယ်လို့ မဝတ်တော့ဘူး။ သရီးကွာတားဘောင်းဘီတွေပဲ ဝတ်တော့တာ။ ဒါပေမဲ့ မိဘက ပြည့်စုံတော့ သူများတွေ ဖိနပ်တောင် အလျဉ်မီအောင် မစီးနိုင်ရင်သာ ရှိမယ်၊ ဒီကောင်က မတ်ခ်တူးပေါ်က မဆင်းဘူး။ ဆိုတော့ကာ ‘ခွေ’ မက်တဲ့ ကောင်မလေးတွေ ‘ကြွေ’ တာပေါ့။ ထားပါ၊ ပြောချင်တာက သူ့ဒဿန။

“လူတစ်ယောက် ဆိုတာ ဖိနပ်တစ်ဖက်နဲ့ တူတယ်ကွ၊ သူ့တစ်ယောက်တည်းဆို လမ်းလျှောက်ရတာ အဆင် မပြေဘူး။ သူ့မှာ တွဲဖက်ရမယ့် နံပါတ်တူ တံဆိပ်တူ အရောင်တူတဲ့ နောက်ထပ် ဖိနပ်တစ်ဖက် လိုသေးတယ်”

“ငါကတော့ ဒါကြောင့် ဘယ်တော့မှ တစ်ယောက်တည်း အဖြစ်မခံဘူး။ ငါနဲ့ တွဲစီးရမယ့် နောက်ထပ် ဖိနပ် တစ်ဖက်ကို အမြဲတမ်း ရှာနေရတယ်။ ငါ ပြောချင်တာကကွာ ဖိနပ်ဆိုတာ တွဲဖက်ညီ နှစ်ဖက် ဖြစ်နေမှ အောင်မြင်တဲ့ လမ်းကို ဖြောင့်တန်းအောင် လျှောက်နိုင်တယ်ဆိုတာပဲ”

အလကား ဒီကောင်။ သူ မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက် တွဲနေတာကို ကက်ဆက်ခွေ ဇာတ်လမ်းခေတ်က ခေတ်စားဖူးတဲ့ မီးကျိုးမောင်းပျက် ဒဿနမျိုးတွေနဲ့ လာပြီး ဖာထေးနေတာ။ ဒါနဲ့ပဲ အမြင်ကတ်ကတ်နဲ့ ပြန်ခွပ်ပေးလိုက်တယ်။

“ဟေ့ကောင် မင်းပြောသလို လူတစ်ယောက် ဆိုတာ ဖိနပ်တစ်ဖက်ပဲလို့ သဘောထားတယ်ပဲ ဆိုပါတော့ အဲဒီ ဖိနပ်တစ်ဖက်တည်းနဲ့ ခရီးရောက်နေတဲ့ လူတွေ အများကြီးကွ၊ ငါတို့ မြန်မာစာပေလောကမှာ ထိပ်ဆုံးကရှိတဲ့ ဆရာကြီး ဒဂုန်တာရာဆိုတာ လူပျိုကြီး၊ ယောက်ျားစာရေးဆရာတွေ ထက်တောင် အတွေးရဲ အရေးရဲတဲ့ ဆရာမ ဂျူး ဆိုတာကလည်း အပျိုကြီးကွ။ ကဲ ဟောလိဝုဒ်ဘက် လှမ်းကြည့်ဦးမလား။ ကမ္ဘာကျော်မင်းသား လီယိုနာဒို ဒီကာပရီယို ဆိုတာ အခုထိ လူပျိုကြီးပဲ ရှိသေးတယ်။ နောက်ထပ်...”

စကားတောင် မဆုံး လိုက်ပါဘူး။ ဒီကောင် ထ, ပြေးတာပဲ။ ကမန်းကတန်း ထ,ပြေးတာဆိုတော့ ဖိနပ်တစ်ဖက် ကျွတ်ကျပြီး ကျန်နေခဲ့လို့ ဒီကောင့်မှာ သူ့ ဒဿနထဲကအတိုင်း ဖိနပ်တစ်ဖက်တည်း ပါသွားရှာတယ်။

••••• ••••• •••••

ဒီမနက် စောစောစီးစီး နိုးပြီး အိပ်ရာက မထ,သေးဘဲ ဖိနပ်အကြောင်းတွေ စီကာပတ်ကုံး လျှောက်တွေးနေမိတယ်။ မိန်းမက အိပ်ရာထ,သွားတော့ ကျွန်တော်လည်း မနေနိုင်တော့ပါဘူး။ အိပ်ရာထ,ပြီး အိမ်နောက်ဘက် ခြံကွက်လပ်ထဲ သူများခြံထဲက သစ်ရွက်ခြောက်တွေ လာကြွေကျနေတာတွေကို တံမြက်စည်းနဲ့ စုလှည်း၊ ပြီးတော့ အမှိုက်တောင်းထဲက တခြား အမှိုက်တွေနဲ့ ရောထည့်ပြီး လမ်းထောင့်က အမှိုက်ပုံကို ထွက်လာခဲ့တယ်။

ဆောင်းတွင်းဆိုတော့ အအေးဓာတ်က သတ္တိပြ ကောင်းနေတုန်းပဲ။ နှင်းမှုန်လေးတွေတောင် ခပ်ဖွဲဖွဲ ကျနေသေးရဲ့။ မနက်လင်းနေပြီ ဆိုပေမဲ့ လမ်းမီးတိုင်တွေကတော့ သဘောကောင်းပြီး အချိန်ပိုတောင် ဆင်းနေသေးတယ်။

အမှိုက်ပုံကို ရောက်တော့ ကျွန်တော့်ထက် ဝီရိယကောင်းတဲ့ ပုဂ္ဂိုလ်လေး သုံး, လေးယောက်လောက်နဲ့ လာဆုံတယ်။ တစ်လမ်းလုံးက ရှိရှိသမျှ အိမ်တွေရဲ့ ရှိရှိသမျှ စွန့်ပစ်ပစ္စည်းတွေ လာစုနေတဲ့ နေရာဆိုတော့ ညစ်လည်း ညစ်ပတ်သလောက် နံလည်း နံစော်တဲ့ နေရာပါ။ ဒီကောင် လေးတွေကတော့ မှုပုံ မရဘူး။ အနံ့ယဉ်သွားကြတာလည်း ဖြစ်မှာပါ။ ကျွန်တော်တို့ ဒီကောင်လေးတွေအရွယ် ကိုးနှစ်၊ ဆယ်နှစ်တုန်းကဆို အမှိုက်ဆိုတာ အဖိုးမတန်ဘူး၊ အသုံးမဝင်ဘူး၊ လွှင့်ပစ်ရမယ်လို့ပဲ သိခဲ့ကြတာ။ ဒီကောင်လေးတွေခေတ်ကျတော့ တိုင်းပြည် စီးပွားရေး အခြေအနေကပဲ တောင်းဆိုလာလို့ ထင်ပါရဲ့၊ ဘယ်အမှိုက်က ဘယ်ဈေး ရမယ်၊ ဘယ်အမှိုက်ကို ဖယ်ထုတ်ပစ် ရမယ်၊ ဘယ်ဆိုင်ကို သွားရောင်းရင် ဈေးပိုရမယ် ဆိုတာတွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်နေကြတာ။ အင်း ဒီလို ကြံဖန် လှည့်တွေးတော့လည်း ချီးကျူးစရာလေးတွေပါလား ဆိုပြီး ကျိတ်ပြုံးရသေးတယ်။

ကျွန်တော် အမှိုက်တောင်းကြီး သယ်လာတာ တွေ့တော့ ဒီကောင်တွေရဲ့ ဘောဂဗေဒ မျက်လုံးတွေထဲ ရွှေအိုး ထမ်းလာတယ်လို့များ မြင်နေကြလား မသိပါဘူး။ ကျွန်တော်လည်း သူတို့ကို သတိထားမိဟန် မပြဘဲ အသက်အောင့်ပြီး အမှိုက်တောင်ပို့လေးပေါ် တက်လာခဲ့တယ်။ အမှိုက်တောင်းကို သွန်ချလိုက်တော့ သစ်ရွက်မှိုက်တွေနဲ့အတူ ရေသန့်ဘူးခွံတွေ၊ အချိုရည်ဘူးခွံတွေပါ ထွက်ကျလာကြတာပေါ့။

အဲဒီမှာ သူတို့ထဲက ခြေသွက်လက်သွက် အရှိဆုံး၊ အမှိုက်ပုံ အတွေ့အကြုံ အရင့်ဆုံးကောင်က ကျန်တဲ့ ကောင်လေးတွေ အငိုက်မိနေတုန်း သူ့အရပ်လောက် ရှည်တဲ့ ပီနန်အိတ်ကြီးနဲ့ သိမ်းကျုံး ထည့်တော့တာပဲ။ ဟိုကောင်တွေလည်း ရုတ်တရတ် အငိုက်မိသွားပုံရတယ်။

“ဟေ့ကောင်... ဟေ့ကောင်... မင်း လောဘမကြီးနဲ့ကွ...”

တစ်ယောက်က အော်အော်ဟစ်ဟစ်နဲ့ ခြေသွက်လက်သွက်ကောင်ကို ဆောင့်တွန်းတယ်။ သူတို့မှာလည်း သူတို့ ဥပဒေ ရှိပုံရပါတယ်။

“မင်း... သူ့ဖို့ ကိုယ့်ဖို့လည်း ကြည့်ဦးမှပေါ့ကွ”

နောက်တစ်ယောက်က အမှိုက်ပုံပေါ် ဖင်ထိုင်ကျသွားတဲ့ ကောင်လေးရဲ့ မျက်နှာကို ကြည့်ပြီး ထပ်အော်တယ်။ ဟို ခြေသွက်လက်သွက်ကောင်လည်း အများနဲ့ တစ်ယောက် ဆိုတော့ ဖင်ထိုင်ကျသွားတဲ့ အမှိုက်ပုံပေါ်ကပဲ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပြန်ကြည့်နေရတယ်။ ဒီတော့မှ ကျန်တဲ့ ကောင်တွေလည်း အမှိုက်ပုံကြီးထဲ အေးအေးဆေးဆေး မွှေနှောက်ရှာဖွေလို့။

ကျွန်တော် အမှိုက်တောင်းကြီး တန်းလန်းနဲ့ ဒီကောင်တွေကို ငေးသွားတာပဲ။ အသက် အောင့်ထား ဖို့တောင် မေ့နေတယ်။ သူတို့အချင်းချင်း တွန်းထိုးရုန်းကန်နေကြတာကိုလည်း လှမ်း ဟန့်ဖို့ သတိမရဘူး။ မူလတန်းတောင် သင်ရိုးကုန်ပုံ မရတဲ့ အမှိုက်ကောက်သမားလေးတွေ ပြောစကားက ကျွန်တော့်ကို ငေးမေ့သွားအောင် ပြုစားပစ်တာ။ စောစောစီးစီး ဖိနပ်အတွေးနဲ့လည်း သွားချိတ်မိနေတယ်။ သူငယ်ချင်း ပြောခဲ့ဖူးတဲ့ ဖိနပ် ဒဿနကိုလည်း သတိရနေမိတယ်။ သူငယ်ချင်း ပြောတဲ့ ဖိနပ်ဒဿနကတော့ ရည်ရွယ်ချက်တစ်မျိုးနဲ့ ပြောတာပါ။ ဒါပေမဲ့ လူတစ်ယောက်မှာ လိုက်ဖက်ညီတဲ့ ဖိနပ်တစ်ရန် ရှိနေမှ ဆိုတာကတော့..။ ဒီကောင်လေးတွေ ဒီစကားလုံးကို ဘယ်နေရာက ကြားခဲ့ဖူးတာပါလိမ့်။ သူတို့ မိဘတွေဆီကလား။ သူတို့ အမှိုက်ပုံတွေ ဆီကပဲလား။

ဟုတ်တယ်။ သူ့ဖို့... ကိုယ့်ဖို့။ သူ့ဖို့.. ကိုယ့်ဖို့ ..။ လူတွေ ပြောနေကြတာပဲ။ ကိုယ်တိုင်လည်း ပြောနေတာပဲ။ ဒါပေမဲ့.. ။

••••• ••••• •••••

အမှိုက်တောင်းခြင်းကြီးနဲ့ အိမ်ဘက် ပြန်လျှောက်လာခဲ့တယ်။ မျက်နှာချင်းဆိုင်ဘက်က အားကစားဘောင်းဘီရှည်ကိုယ်စီနဲ့ လူကြီး သုံးယောက်ကို လှမ်းတွေ့လိုက်ရတယ်။ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်လာကြပုံပါပဲ။ အေးအေးလူလူ စကား တပြောပြောနဲ့။ သူတို့ထဲက ပိန်ရှည်ရှည် တစ်ယောက်က အုပ်ချုပ်ရေး အရာရှိဟောင်း၊ အိုစရည်းဗိုက်ကြီး တွဲလောင်းကျနေတဲ့ လူက လူသိများတဲ့ ကုန်သည်၊ နှာခေါင်းချွန်ချွန်နဲ့ လူကတော့ နိုင်ငံရေးသမား။ တစ်မြို့တည်းနေ အသိတွေ ဆိုတော့ ပြုံးပြနှုတ်ဆက်လိုက်တယ်။ ဒါ ဘာဆန်းလို့လဲ။ မဆန်းပါဘူး။ အဲ- ဆန်းတာက သူတို့ ခြေထောက်တွေပဲ။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တစ်ဖက်စီပဲ စီးထားကြတာ။ အဲ့ဒါကို ကျွန်တော့် မျက်လုံးတွေက သေသေချာချာ မြင်ဖြစ်အောင် မြင်လိုက်ရတာပါပဲ။ အိမ်ဝနား ရောက်ခါနီးတော့ လမ်းလျှောက်ရတာ တစ်မျိုးပဲလို့ ကိုယ့်ကိုယ်ကို ခံစားမိလာတယ်။ ဒါနဲ ကိုယ့်ခြေထောက်ကို ဖျတ်ခနဲ ငုံ့ကြည့် လိုက်တော့ ။

ဘုရား..ဘုရား...။

▢  မိုးကျော်ဇင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဩဂုတ် ၊ ၂ဝ၂ဝ

Tuesday, September 29, 2026

ဂွကျတဲ့သူ


❝ ဂွကျတဲ့သူ ❞
▢ မင်းထင် (ရေဆင်း)

ကျုပ်တို့ အညာဒေသက ရေဆင်း ဆိုတဲ့ တောရွာလေးမှာ ဦးထွန်း ဆိုတဲ့ လူတစ်ယောက် ရှိတယ်။ လူအများစု ခေါ်ကြတာကတော့ ဘိုးလေးထွန်း ပေါ့ဗျာ။ သူက စကားပြောရင် လှတောသားလို ဘွင်းဘွင်းကြီး (နာသာခံခက်အောင်) ပြောချတတ်တယ်။ သူရဲ့ ဒီလို ပြောတတ်တဲ့ စကားတွေက အပြောခံရသူအတွက် ခံရခက်စေပေမယ့် ဘေးက ကြားရတဲ့သူတွေ အတွက်ကျတော့ ရယ်စရာတွေ ဖြစ်ဖြစ်နေတတ်တယ်။ သူက စိတ်တိုစိတ်ဆိုး လာရင်လည်း ကမူးရှူးတိုးနဲ့ ဂွတီးဂွကျတွေလည်း ထပြီး လုပ်တတ်သေးတယ်ဗျ။ သူ အဲဒီလိုတွေ လုပ်တတ်တာကြောင့် ခု အောက်မှာ ဖော်ပြမဲ့ ရယ်စရာလေးတွေ ဖြစ်လာရတာပေါ့ဗျာ။

တစ်ခါသား ရွာမှာ အရပ်အရှည်ဆုံး လူတစ်ဦးရဲ့ ဈာပနအတွက် ခေါင်း ပြင်နေကြတုန်း အနားမှာ ဝိုင်းကူနေတဲ့ ပုတိုကို သူ အမှတ်မထင် ပြောလိုက်တဲ့ စကားကြောင့် ပုတိုခမျာ ဆက်ပဲ ထိုင်နေရမလို ထပဲ ပြေးရတော့မလို ဖြစ်သွားတယ်။ ပြောပုံကို ကြည့်ပါဦး။

“ပုတိုရေ ဒီလို နေရာမှာတော့ အရပ်ပုတဲ့ မင်းက သာသဟေ့”

“ဘာဖြစ်လို့လဲ ဘိုးလေးထွန်းရ”

“အော် မင်းလို ခန္ဓာသေးပြီး အရပ် ပုတဲ့သူ အတွက် ဆိုရင်တော့ ဒီလို ခေါင်းလုပ်စရာ မလိုဘူး၊ တွေ့ရာ ဖိနပ်ဘူးထဲ ထည့်မြှုပ်လိုက်ရင်တောင်ရတယ်လို့ တွေးမိလို့ပါ” တဲ့လေ။

ကျုပ်တို့ အညာဒေသမှာ တီဗွီတို့၊ ဗွီဒီယိုတို့ ဆိုတာတွေက ဒီဘက် ခေတ်ထဲကျမှ ရောက်လာတာလေ။ ဘိုးလေးထွန်းတို့ ခေတ်တုန်းကတော့ တစ်ခါတလေမှ မြို့က လာပြီး ကွင်းပြင်ကျယ်ထဲ ပိတ်ကားကြီး ထောင်လို့ ပြတဲ့ ရုပ်ရှင်ပဲ ကြည့်ရတာ။ အဲဒါကလည်း တစ်နှစ်နေလို့ တစ်ခါ ကြည့်ရတာမျိုး မဟုတ်ဘူးလေ။ အဲ့တော့ ဒီလို ရုပ်ရှင်ပြတဲ့ အခါမျိုးမှာ ရွာလုံးကျွတ် ရုပ်ရှင်ပြတဲ့ ကွင်း ပြင်ကြီးထဲ လာကြည့်ကြတယ်။ ဘိုးလေးထွန်းလည်း ရုပ်ရှင်ဝါသနာအိုး ဆိုတော့ အဲလို နေ့တွေမှာ ထိပ်ဆုံးကနေ ကြည့်တတ်တယ်။ ရုပ်ရှင် ဆိုတာက မင်းသား၊ မင်းသမီး၊ လူကြမ်း (ဗီလိန်) ဆိုတဲ့ ဇာတ်ပို့ဇာတ်ရံတွေနဲ့ သဏ္ဍာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ရတာ မဟုတ်လား။ တစ်ခါတလေ မင်းသားနဲ့ လူကြမ်း ချရင် မင်းသားက နိုင်ချင် နိုင်တယ်။ ရှုံးတဲ့ အခါလည်း ရှိတာပေါ့။ မင်းသားကပဲ နိုင်တာ များပါတယ်။ မင်းသား နိုင်ရင် ဘာမှ မဖြစ်ပေမယ့် မင်းသား ရှုံးပြီ ဆိုရင်တော့ ပရိသတ်က လူကြမ်းကို ဝိုင်းမေတ္တာပို့တတ်ကြတယ်။

အဲ့ဒီထဲမှာ ဘိုးလေးထွန်း လည်း ပါတယ်။ အဲဒီတုန်းက သူ ကြည့်နေတဲ့ ရုပ်ရှင်ကားမှာလည်း လူတွေ အသည်းစွဲ ရွှေဘကို လူကြမ်း ကျော်ဇောကြီးက အနိုင်ရနေတဲ့ အခန်း ရောက်တော့ ဘိုးလေးထွန်း ရင်ထဲက ခံပြင်းနေပေမယ့် ဇာတ်သိမ်းရင်တော့ နိုင်မှာပဲလေ ဆိုတဲ့ စိတ်နဲ့ နေခဲ့ပေမယ့် အရင် ဇာတ်ကားတွေတိုင်းမှာ ရွှေဘကြီးက အမြဲ နိုင်ခဲ့တဲ့ ကျော်ဇောကြီးကို ဒီဇာတ်ကားမှာ နိုင်ပဲ မနိုင်နိုင်တော့ဘူး၊ ရှုံးချည်းနေတော့တာပဲ။ ဇာတ်ကားကလည်း ပြီးတော့မယ်။ ကြာလာတော့ စိတ်တိုလာတဲ့ ဘိုးလေးထွန်းက ထတဲ့ပြီး -

“ဒီလောက် ရွှေဘက မနိုင်လောက်အောင် ဆိုးနေတဲ့ကောင်၊ ကိုင်း ကွာ” ဆိုပြီး စိတ်မြန်လက်မြန်နဲ့ သူ့ လက်ထဲမှာ ပါတဲ့ ဓါးချွန်နဲ့ ပိတ်ကားပေါ်က ကျော်ဇောကြီးကို ထိုးထည့်လိုက်တာ ပိတ်ကားကြီး ပြဲသွားလို့ ပွဲပျက်သွားသလို၊ သူလည်း ပိတ်ကားဖိုးငွေ ၅၀ လျော်လိုက်ရပါရောလား။

▢  မင်းထင် (ရေဆင်း)
📖 ရယ်စရာ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၅

ဇော်ဇော်အောင်၏ အချစ်ဝတ္ထု


❝ ဇော်ဇော်အောင်၏ အချစ်ဝတ္ထု ❞
       ( ဇော်ဇော်အောင် )

အခန်းထဲမှာ ဘာမှ မရှိပါ။ သူ လာသည်နှင့် အရာအားလုံး ပြည့်စုံသွားပါသည်။ အတူတကွ နေကြဖို့ ပြောသောအခါ နားလည်မှု နည်းပါးသူကို သနားကြည့် ကြည့်သောပုံမျိုးဖြင့် ကြည့်၏။ ထို့နောက် နီရဲ စိုစွတ်သော နှုတ်ခမ်းသားများကို ပိတ်၍ ပြုံးသည် ။ ထိုအပြုံးသည် ကမ္ဘာပေါ်မှာ တခြား ဘယ်သူ့ထံမှာမှ မရှိသော အပြုံးဖြစ်၍ သကြားလုံး အပြည့် ထည့်ထားသော မှန်ဗီရိုတစ်လုံးသဖွယ် လိုလားတပ်မက်ဖွယ် ကောင်းလှ၏။

မြစ်ကြီးနားသို့ သွားမှာ လား၊ မလေးရှားကို သွားမှာလား၊ မသွားသေးဘူးလား၊ ဘယ်တော့ သွားမှာလဲ။ ရန်ကုန်ဘူတာကြီးကို ဆင်းဖို့ ဘတ်စ်ကား စောင့်နေတာပဲဖြစ်ဖြစ်၊ လေယာဉ်လက်မှတ် ပို့လိုက်ပြီဆိုတဲ့ တဲလက် ( စ် ) စောင့်နေတာပဲဖြစ်ဖြစ်၊ စောင့်တော့ စောင့်နေရတာပါပဲ။ လောကမှာ မုန်းစရာ အကောင်းဆုံးသော တီထွင်မှုရှိသည်ဟု ဆိုပါလျှင် ထိုတီထွင်မှုသည် စောင့်ဆိုင်းရခြင်း ဖြစ်၏။ စောင့်ဆိုင်းနေရခြင်းကို ဘယ်သူ တီထွင်ခဲ့ပါသလဲ။

“တို့ .. သွားရင် ဘာပေးလိုက်မှာလဲ”

“အချစ်တွေ”

“ဘာရယ် ... ထပ်ပြောစမ်းပါ”

“မကြားလိုက်လို့ မေးတာလား၊ ထပ်ကြားချင်လို့ လား”  

“ကြားလိုက်သားပဲ၊ သူ ထပ်များ ပြောချင်မလားလို့”

“ထပ်တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ရှင်းဖို့တော့ လိုလိမ့်မယ်။ ဟိုလေ ဘယ်လိုပြောမလဲ၊ ကချင်လွယ်အိတ်တို့ ၊ ပုသိမ်ထီးတို့ ၊ မန္တလေးဖိနပ်တို့ အမှတ်တရ ဝယ်ပေးရင် ပိုက်ဆံကုန်မယ်။ ကိုယ့် အချစ်တွေ ပေးလိုက်တော့ ပိုက်ဆံလည်း မကုန်ဘူး။ သူ့မှာလည်း လေယာဉ်လပ်ဝိတ် အလေးချိန် မပိုတော့ဘူး”

“ဘာလဲ၊ လက်တွေ့ ဆန်တယ်ဆိုတာကို သက်သေပြချင်လို့ ဒီစကားပြောတာလား”

“ဒီလောက် အချိန်အကြာကြီး တွဲလာခဲ့ပြီး လက်တွေ့ဆန်တာ ဘာ တစ်ခုမှ မလုပ်ခဲ့တဲ့ ကောင်ကို ဒီစကားမျိုး မေးရသလား၊ ပြောရမလား။ ရင်ထဲ ရှိတဲ့ စကားတွေ ပြောချလိုက်ရမလား”

“အိုကွာ ...၊ သူ သိပ်ဒေါသကြီးတာပဲ”

“ဒီမယ် ..။ ဒေါ်ကြည်ပြာ၊ လူဆိုတာ လောဘနဲ့ ၊ ဒေါသနဲ့ ၊ မောဟနဲ့ ဆက်ပြောရမလား”

“မပြောနဲ့ တော့၊ တခြားစကား ပြောင်းပြော”

“ကြည်ပြာ ... မချစ်နဲ့ ဆိုတာ တစ်ခုက လွဲလို့ ကြည်ပြာ့စကားကို အားလုံးနားထောင်ခဲ့တယ်။ အဲဒါ ဘာလို့လဲ မစဉ်းစားဘူး။ ချစ်လို့ ဆိုပြီးတော့လည်း လွယ်လွယ် မပြောချင်ဘူး။ နားထောင်ချင်စိတ် ရှိလို့ အလိုလို နားထောင်မိသွားတာပဲ။ အခုလည်း သူ့စကားကို ကိုယ် နားထောင်ပါတယ်။ တခြားအကြောင်း ပြောင်းပြောမယ်။ ချစ်နေတာကိုသာ ပြောင်းလို့ မရတာပါ။ တခြား ဘာပြောင်း ပြောင်း၊ ပြောင်းလို့ ရပါတယ် ...”

“ကဲပါ ...”

“မနေ့က သန်းလွင် လာတယ်။ သူ့အိမ်က ကြောင်မကြီး မွေးပြီတဲ့။ ကြောင်ကလေး လေးကောင် မွေးသတဲ့။ အဝါက သုံးကောင်၊ အနက်ကလေးက ထူးထူးခြားခြား တစ်ကောင် ပါသတဲ့”

“အို ... ဟုတ်လား၊ ဒါ ကြောင်အကြောင်း ပြောတာပေါ့နော် ဟုတ်လား”

“မဟုတ်ဘူး ... ကြောင်မွေးတဲ့ အကြောင်း”

“သူ့ကို တို့ အရမ်းချစ်တယ်”

“အခုအချိန်ထိ ဒီစကားပြောတာ ၅၄၃ ခါ ရှိသွားပြီ”  

“ပြစမ်း အဲဒါ ဘာလဲ”

လက်တစ်ဝါးလောက် ဒိုင်ယာရီစာအုပ်ကလေးတစ်အုပ်ကို ပြလိုက်ပါသည်။ ထိုစာအုပ်သည် ကျွန်တော့် စာအုပ်ဖြစ်သည်။ မကြည်ပြာ၏ ပါးစပ်ဖျားမှ “သူ့ကို တို့ အရမ်းချစ်တယ်” ဟူသော စကားထွက်လာတိုင်း တစ်ခါ မှတ်၏။ တစ်နှစ်သုံးလေး ဂဏန်းသေးသေးလေးတွေ ရေးလာခဲ့တာ ငါးရာနှင့် လေးဆယ့်နှစ်အထိ ရောက်ခဲ့ပြီ ။ အခု ၅၄၃ ...။

“သိပ်ရယ်ရတာပဲ”  

“ဟုတ်မှာပေါ့”

“ဘာလို့ အဲဒီလို မှတ်တာလဲ၊ အရင်က မတွေ့ဖူးပါဘူး”  

“အခု တွေ့ပြီလေ”

“ဘာလို့ အဲဒီလို မှတ်တာလဲ”  

“အပျင်းပြေတာပေါ့”

“မဟုတ်ပါဘူး။ သူ တမင် ပေါ့ပေါ့ဆဆပြောတာ၊ သိပ်အရေးမကြီးဘူး ဆိုတဲ့ သဘောနဲ့ ပြောတာ”

“ခက်လိုက်တာဗျာ၊ ခင်ဗျားနဲ့ ပတ်သက်သမျှ ကျုပ်မှာ အရှိအတိုင်း၊ ပကတိအတိုင်းပဲ။ ပိုတယ် ထင်အောင်လည်း ပိုမပြောဘူး။ လိုတယ်ထင် အောင်လည်း လျှော့မပြောဘူး။ ခင်ဗျားသိဖို့ ကောင်းတယ် မကြည်ပြာ”

“သိပါတယ် ကိုအောင်သူရယ် ... သိပါတယ်”

“ထမင်းစားမလား၊ လမ်းထိပ်ဆိုင်က ငါးသလောက်ပေါင်း ကောင်းတယ်၊ စားမလား ... သွားဝယ်လိုက်မယ်”

“ဒါက ဘယ်လိုဖြစ်တာလဲ”  
“ထမင်းစားမလားလို့ မေးတာလေ”

“အင်း ... ဟုတ်တယ်၊ ကောင်းတယ်၊ စားမယ်လေ၊ သွားဝယ်”

••••• ••••• •••••

“တစ်ခု စဉ်းစားမိတယ် . ... သိလား”

“သူ စဉ်းစားတာ ဘယ်သိပါ့မလဲ၊ ခင်ဗျား စိတ်မှန်နဲ့လား မကြည်ပြာ ရယ်”

“မဟုတ်ဘူး ၊ သွားရင် တို့ စာအုပ်တွေ သူ့ကို ပေးခဲ့မယ်”

“စာကြည့်တိုက် သွားလှူလိုက်ပါလား”

“တမင်ရွဲ့ပြောတာလား”

“စဉ်းစားပါဦးလေ၊ ဒီလောက် အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ခင်ဗျားစာအုပ်တွေ ထောင်နဲ့ ချီပြီး ဘယ်လို ထားမလဲ၊ စိတ်ထဲရှိတာ အမှန်အတိုင်း ပြောရမလား”

“သူ့စိတ်ထဲ ရှိတာ မှန် မမှန် ဘယ်လိုလုပ် သိမလဲ”

“ကျေရောပေါ့။ ဒီလိုလုပ်လေ ... သူအနှစ်သက်ဆုံး အကြိုက်ဆုံး စာအုပ်ငါးအုပ် ရွေးပေးခဲ့။ ကျန်တာတွေ စာကြည့်တိုက် သွားလှူမယ်”  

“ရွေးတာ ဘာလို့ ငါးအုပ်ရွေးရမှာလဲ”

“မသိဘူးလေ၊ သူကြိုက်သလောက် ရွေးပေါ့”

“ဒါဖြင့် တို့စာအုပ်၊ တို့ အကြိုက်ဆုံးစာအုပ် သူ ယူသိမ်းထားမယ်ပေါ့”

“အင်း”

“ပြီးတော့ အဲဒီစာအုပ်တွေ ဘာလုပ်မှာလဲ ....၊ ခေါင်းရင်းမှာ ထားပြီး နေ့တိုင်းကြည့်မှာလား။ အလွမ်းပြေလို့ ပြောဦးမှာလား”

“ဟုတ်တယ်၊ တကယ်အမှန်ပဲ၊ အဲဒီအတိုင်းပဲ”

“သူ့ကို တို့ အရမ်းချစ်တယ်၊ ဟိုနေ့က စာအုပ်ကလေးပေး၊ တို့ ရေးမှတ်ချင်တယ်”

“အဲဒီစားပွဲပေါ်မှာ .... ဟိုစာအုပ် အောက်မှာလေ”  

“ဘယ်လောက် ရောက်သွားပလဲ၊ ပြစမ်း ၅၆၂”

“၅၆၃ ပေါ့”  

“ရယ်ရတယ်နော်”

••••• ••••• •••••  

“သူတစ်ခါ ရေးဖူးတယ် မဟုတ်လား၊ အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင် သူ့ကို ဖက်ရုံကလေးသာ ဖက်ထားချင်ပါသည် ... ဆိုတာလေ”

“အဲဒါ ဘာဖြစ်လဲ၊ ခွင့်ပြုမလို့လား”

“ခွင့်ပြုလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်”

“စဉ်းစားပါ စဉ်းစားပါ လက်ဖက်ရည်ပန်းကန်တွေ သွားဆေးလိုက်ဦးမယ်။ ဘသန်းတင်တို့ ကျော်မောင်တို့ ညက လာအရက်သောက်သွားကြတာ”

“တခြား ဘယ်သူတွေ ပါသေးလဲ”

“မောင်ညိုပါတယ်၊ ထွန်းရှိန်ကြီးပါတယ်။ ငှက်ကျားပါတယ်”

“သူကော သောက်လား”

“သောက်တာပေါ့၊ ကဲပါ ... စဉ်းစားပါ၊ ပန်းကန်ဆေးရတော့မလား”

“စဉ်းစားပြီးပြီ”

“ပန်းကန်သွား ဆေးရမလား၊ မဆေးရဘူးလား”

“မဆေးနဲ့ ဦး”

“ပန်းကန် မဆေးရရင် ဘာလုပ်ရမလဲ”

“မသိဘူးလေ”

“ဒီမယ် ဒေါ်ကြည်ပြာရဲ့၊ သူနဲ့ ကျုပ်နဲ့ ကြားမှာ အဲဒါတွေ မလုပ်ပါနဲ့ တည့်တည့်ပြောစမ်းပါ။ ရိပ်ကာ ဝဲကာ ပြောမနေစမ်းပါနဲ့။ ဝင်္ကဝုတ္တိတွေ လုပ်မနေစမ်းပါနဲ့ ။ ဒါ ကဗျာစပ်နေတာ မဟုတ်ဘူးလေ”

“အချစ်ဆိုတာ ကဗျာလို့ ကြားဖူးတယ်”

••••• ••••• •••••  

မိုးကုတ် တွင်းထွက်ကျောက်ပမာ နီရဲစွာသော ပင့်ကူတစ်ကောင်သည် ဦးခွံကို ဖောက်၍ ဦးနှောက်ကို စားသွား၏။

ဦးခွံအက်ကွဲရာများမှ မွှေးပျံ့သော အပြာရောင်ရနံ့များ တလူလူ ထွက်ပေါ်နေသည် ။ ရင်ထဲမှာ အေးချမ်းသော်လည်း လေးလံနေ၏။ ငုံ့ကြည့်နေသော မကြည်ပြာ၏ ဆံပင်များ ဖုံးအုပ်ကျဆင်းလာ သောအခါ မျက်နှာပေါ်တွင် အခွေလိုက် တင်နေ၏။ ပျားရည်သုတ်လိမ်းထားသော သံချွန်တစ်ချောင်း မျက်လုံးထဲသို့ ဝင်သွားသည်။ ဝင်းဝင်းစက်စက် မကြည့်ရက်၊ မမြင်ရဲစရာ တောက်ပြောင်သော အလင်းရောင်ထုထည်တစ်ခုက တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ မျက်စိများ မှိတ်ထားသောအခါ ခုနစ်ရောင် သက်တံကိုင်းနှင့် ထိတွေ့လွင့်စဉ် ဖြာထွက်သွားသော မိုးစက်များ၏ အသံကို ကြားနေရသည် ။ လွမ်းရဦးတော့မှာပါလား မကြည်ပြာ ..

••••• ••••• •••••  

ကောင်းကင်နောက်ခံ အဲဒီကောင်းကင်ထဲမှာ နံနက်ခင်း ရှိနေသည်။ နေရောင်ခြည် အသစ်တွေ ရှိနေသည်။ တောင်ပူစာမို့မို့ကလေး ပေါ်မှာ ကျောက်ဖြူသား ပန်းခက်၊ ပန်းနွယ် ခြူးပွင့်နှင့် ငှက်ကလေးများ ပါသော ခုတင်ကြီးတစ်လုံးရှိသည်။ ထိုခုတင်ကြီးပေါ်မှာ မကြည်ပြာ ကိုယ်တစ် စောင်းလှဲ၍ ကျောပေး အိပ်နေသည်။ သူ့တစ်ကိုယ်လုံး ပိတောက်ပွင့်များ နေရာလပ် မရှိအောင် ဖုံးအုပ်ထား၏။ သူ့ကိုယ်ပေါ်မှာ တ်အစား မပါသော်လည်း ခန္ဓာကိုယ်ကို မမြင်ရ၊ ပိတောက်ပွင့်ဖတ် အစုအပုံကိုသာ မြင်နေရ၏။ ခြေရင်းဘတ်မှာ လတ်ဆတ်ကျန်းမာသော ခြေဖဝါးပန်းနုရောင်ကလေး တစ်ဖက်သာ ပေါ်နေသည်။

ဘ၀တစ်သက်တာမှာ စိတ်တိုင်းအကျဆုံး ပန်းချီကားတစ်ချပ် ရေးပြီးပြီဟု ကိုယ့်ဘာသာ ဆုံးဖြတ် အတည်ပြုလိုက်သည်။ ဆက်တိုက် ကားရေးချိန် ၃၈ နာရီ ကြာသည်။ ကင်းဗတ်ပေါ်မှာ ဆေးနံ့သည် မယုံနိုင်စရာ ပီတိများကို ဖြစ်ပေါ်စေ၏။ နာမည်ပေးဖို့ စဉ်းစားသောအခါ ' မကြည်ပြာ ' ဟူသော နာမည်သာ ရိုးရိုးကလေး ပေါ်လာ၏။

ဖြစ်သင့်တာက ထိုပန်းချီကားကို သူ သွားလျှင် လက်ဆောင်အဖြစ် ပေးလိုက်ဖို့ ကောင်းသည် ။ သို့သော် စက္ကန့်ပိုင်း အတွင်းမှာပဲ သူ ဆုံးဖြတ်လိုက်သည်။ မကြည်ပြာ လုံးဝ မသိစေရ။ မမြင်စေရ လက်ဆောင်ပေး လိုက်ဖို့ နေနေသာသာ။

ပန်းချီကား၏ ညာဘက်ထောင့်မှာ လက်မှတ်ရေးထိုးလိုက်သည်။

••••• ••••• •••••  

“တို့ .... ဒီနေ့ည သွားတော့မယ်”

“အင်း ..”

“ည ၁၀ နာရီ ဖလိုက်နဲ့”  

“အဲဒါက ဘာလဲ”

“ပုစွန်ခြောက်ကြော်၊ ဟိုကို ယူသွားဖို့ ကြော်တဲ့ အထဲက သူ့ဖို့ ခွဲယူလာတာ။ ပုစွန်ခြောက်ကြော် ငရုတ်သီး မပါဘူးလေ။ သူသိပ်ကြိုက်တယ်ဆိုတာ သိရလို့”

“သိပ်ကောင်းတာပေါ့”

“အဖြေကို ကြိုသိပေမယ့် မေးတော့ မေးချင်တယ်”

“ဘာလဲ ... မေးလေ၊ အဖြေက ရှိပြီးသားပါ”  

“သူ လေဆိပ်ကို လိုက်ပို့မှာ လား”

“မပို့တော့ပါဘူး”

“အင်းလေ ... ရော့၊ ပုစွန်ခြောက်ကြော်ပုလင်း မကြည်ပြာ နှုတ်ဆက်ခဲ့ပါတယ် မောင် ...”

••••• ••••• •••••  

အခန်းထဲမှာ ဘာမှ မရှိပါ။

ရင်ထဲမှာ ပြည့်ကျပ် လေးလံနေသည်ကို ခံစားနေရ၏။ သွားဖို့ သေချာသွားပြီ။ ရဲဝံ့စွန့်စား ပြတ်သားတဲ့ မိန်းမပါပဲ။ မှတ်မိသလောက် သူ သွားဖို့ ဆုံးဖြတ်ကြောင်း စပြောသော နေ့က ထူးဆန်းသော စကားကို ပြောခဲ့သည်။

“တို့ သွားမယ်၊ လိုက်ခဲ့ပါလား ကိုအောင်သူ”

“ဘာရယ် ...၊ ဘာပြောတယ်” 

“မကြားလိုက်ဘူးလား” 

“ပြန်ပြောစမ်းပါ၊ မယုံလို့”

“တို့ သွားမယ် ...၊ လိုက်ခဲ့ပါလား ကိုအောင်သူ”

“ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့ရမယ် ဟုတ်လား မကြည်ပြာ၊ တော်စမ်းပါဗျာ”

မကြည်ပြာ အကြာကြီး စိုက်ကြည့်နေသည်။ ဘယ်တော့မဆို၊ ဘယ်သူနဲ့ မဆို ယောက်ျားသား တစ်ယောက်ကို မျက်နှာတည့်တည့် မျက်စိချင်းဆုံ၍ ကြည့်တတ်သော အကျင့်ရှိသည်။ အကြည့်ကလည်း စူးစူးရဲရဲ ရှိသည်။

“တော်စမ်းပါ ဆိုတော့လည်း တော်ရတာပေါ့။ ဒါပေမဲ့ လိုက်ခဲ့ပါလို့ ခေါ်တာ ဒီကရင်ထဲက စကားပါ”

စစ်ကြိုခေတ်က သမီးရည်းစား အသုံးအနှုန်း တစ်ခုကြောင့် အဲဒီတုန်းက ပြုံးမိသေးသည်။

“ဘာပြုံးတာလဲ”

“တခြားစကား ပြောရအောင် မကြည်ပြာ”

ရင်ထဲမှာ အဲဒီစကား ကြားလိုက်ရတုန်းက လှုပ်ရှားသွားသည်မှာ အမှန်။ သို့သော် ဘာမှ မဖြစ်သလို နေလိုက်သည်။ ဘာမှ မဖြစ်သလို နေလိုက်မှန်းကိုလည်း သူသိနေသည်။ တခြားစကားတွေ ပြောင်းပြောခဲ့ပေမယ့် လိုက်ခဲ့ပါလား ကိုအောင်သူ ဆိုသော စကားသည် ခေါင်းထဲမှာ စည်းချက် မှန်မှန် တီးနေသော လင်းကွင်းကြီး တစ်ချပ် အသံလို ကွဲအက်ကျယ်လောင် ဆူညံလွန်းနေသည် ။

“ဒီမှာ ကျုပ် လုပ်စရာတွေ ရှိတယ်၊ ကျုပ် အလုပ် လုပ်ရဦးမယ်၊ ကျုပ်မှာ အဖေ မရှိဘူး၊ အမေ မရှိဘူး၊ ညီအစ်ကိုမောင်နှမ အရင်းအချာ မရှိဘူး။ ကျုပ်ကို ကောက်ယူ ကျွေးမွေးပြီး ကျောင်းထားပေးတဲ့ ဆရာတော်လည်း ပျံလွန်တော်မူပြီ၊ သာမန် အနေနဲ့ ပြောရရင်တော့ ဘာသံယောဇဉ်မှလည်း မရှိဘူး။ ကျုပ် သိပ်ချစ်တဲ့ မိန်းမက ကျုပ်ကို ခေါ်နေပြီ၊ လိုက်သွားရုံပဲပေါ့။ ဒါပေမဲ့ ကျုပ်ဘ၀ရဲ့ အမြစ်တွေက မြန်မာပြည်မှာ တွယ်နေပြီ၊ ဆွဲနုတ်ဖြတ်တောက်လို့ မရဘူး၊ ကျုပ်အဖို့ မရဘူး။ ဒီမှာ နေရတာ လိုအပ်တာထက် ပိုပြီး တွယ်တာလွန်းတယ်လို့ ထင်ချင်လည်း ထင်မယ်။ ကျုပ် နေရတာ သူ သိတဲ့ အတိုင်း ဆင်းရဲတယ်၊ ကျပ်တည်းတယ်၊ ပတ်ဝန်းကျင် မကောင်းဘူး။ ဒါပေမဲ့ ကျုပ် ဒီမှာပဲ နေမယ်၊ ပျော်တယ် ထင်သလား။ မပျော်တာမှ သိပ်မပျော်တာ။ ဒီမယ် မကြည်ပြာရဲ့ မျက်နှာကလေး ကြည့် နေရတဲ့ အချိန်၊ မကြည်ပြာနဲ့ စကားပြောနေရတဲ့ အချိန်၊ အဲဒီ တဒင်္ဂလေးတွေ နုတ်လိုက်၊ ကျန်တဲ့ အချိန်တွေ လုံးဝ မပျော်ဘူး ... လုံး၀၊ အိပ်မက်ထဲမှာတောင် ဆင်းရဲတယ်၊ ဒါပေမဲ့ နားလည်ပါ့မလား၊ သဘောပေါက်ပါ့မလား မသိဘူး၊ ကျုပ် မလိုက်နိုင်ဘူး မကြည်ပြာ”

ထိုစကားများကို အသံထွက် ထုတ်ဖော် မပြောဖြစ်ပါ။ ထိုနေ့ညနေခင်းကိုလည်း မမေ့နိုင်ပါ။

အခုတော့ သူသွားဖို့ သေချာသွားပြီပေါ့။

ဝတ်ထားသော အဝတ်အစားများသည်ပင်လျှင် ကိုယ်ပေါ်မှာ လေးလံလွန်းနေသည် ။ အခန်းထဲမှာ ရှိရှိသမျှ အရာ၀တ္ထုတွေ၊ စားပွဲ၊ ကုလားထိုင်၊ ခေါက်ကုတင်၊ သောက်ရေအိုး၊ စာအုပ်ပုံများ ၊ ပန်းချီကားချပ်များ၊ ပန်းချီကားပေါင်များ၊ ကြိုးတန်းပေါ်မှ အဝတ်များ၊ အခန်းထောင့်က လျှပ်စစ်မီးဖို၊ ထင်းရှူးသေတ္တာခွံပေါ်က ထမင်းချိုင့်၊ အားလုံးသော အရာဝတ္ထုများ သည် လေထဲပျံဝဲ၍ လာနေကြသည်။ တဖြည်းဖြည်းချင်း တစ်ခုချင်း တစ်ခုချင်း အခန်းအလယ်မှာ လာရောက် စုပုံနေသည်ဟု ထင်ရ၏။

ထိုအရာ၀တ္ထု အစုအပုံသည် တောင်ကမူကလေး တစ်လုံးကို ကြမ်းပြင်မှ မျက်နှာကျက်အထိ မို့မောက်နေ၏။

လူက ထိုအရာဝတ္ထုအောက် အလိုလို ရောက်သွားသည်။ လေးလံမွန်းကျပ်လှချေရဲ့။

••••• ••••• •••••  

အခန်းထဲမှာ ဘာမှ မရှိပါ။

“ဟ .. ဟ အောင်သူ၊ ဒါ ဘယ်လိုဖြစ်တာလဲ” 

“ဘာကို ပြောတာလဲ”

“ဟင် ... ကြည့်စမ်း၊ နင် နင့်အခန်းထဲက ပစ္စည်းတွေ ဘယ်ရောက် ကုန်ပြီလဲ”

“စားပွဲ၊ ကုလားထိုင်၊ ခေါက်ကုတင် အားလုံး ပရိဘောဂအဟောင်းဆိုင် သွားရောင်းပစ်လိုက်ပြီ”

“ဘာ ... ဘာလို့လဲ သူငယ်ချင်းရာ”

“အခန်းထဲမှာ ရှင်းနေအောင်လို့” 

“ဟုတ်သေးပါဘူးကွာ၊ စာအုပ်တွေကော၊ ပန်းချီ ပန်းချီ ပန်းချီကားတွေ”

“အကုန် ရောင်းပစ်လိုက်ပြီ”

“အဖိုးတန်စာအုပ်တွေကွာ၊ မင်း ပန်းချီကားတွေ နှမျောစရာ၊ ဘယ် ဘယ်လိုဖြစ် ... ဖြစ်တာ လဲကွာ”

“ဒီထက် အဖိုးတန်းတာတောင် ငါ စွန့်လွှတ်နိုင်သေးတာပဲကွာ”

“ဒုက္ခပါပဲ၊ မင်း ရူးတော့ မရူးသေးပါဘူးနော်”

“လုပ်နေကျအလုပ် ပုံမှန် မလုပ်တဲ့ သူ၊ သူတစ်ပါးကို အနှောင့်အယှက် ဖြစ်စေတဲ့ သူ၊ အဲဒီလူကမှ ရူးတာ၊ ငါမရူးပါဘူး”

“မင်းအခန်း ... အခန်း ... ထဲမှာ”

“ငါ့ ရင်ထဲမှာ ဘာမှ မရှိတော့သလိုပဲ၊ ဘာမှ မရှိတဲ့ ကွင်းပြင် အကျယ်ကြီးထဲမှာ သွားနေချင်တယ်။ နေလို့ မဖြစ်တော့ ဖြစ်သလောက် လုပ်ရတာပေါ့။ ငါ့အခန်းထဲမှာ ဘာအရာ၀တ္ထုမှ မရှိစေချင်ဘူး။ လွတ်လပ်ချင်တယ်၊ ကျယ်ပြန့်ချင်တယ်”

“ဒုက္ခပါပဲကွာ၊ အောင်သူ၊ ငါ ... ငါ ဘာပြော ..”

“ဘာမှ မပြောနဲ့ ၊ အခု ဘယ်နှနာရီထိုးပြီလဲ”

“နာရီ .... နာရီ အင်း ... ၉:၄၀၊ အဲ ၄၅ မိနစ်”

“၁၀ နာရီထိုးဖို့ ၁၅ မိနစ်”

“ဘာ ... ဘာကွ”

“လာ .. လက်ဖက်ရည်ဆိုင် သွားကြစို့၊ ဆိုင်မပိတ်သေးပါဘူး” 

“အဲ ... အဲဒါဘာလဲ”

“ပုစွန်ခြောက်ကြော်ပုလင်းလေ”

“မင်း ထမင်း မစားရသေးဘူးလား”

“စားပြီးပြီ၊ လက်ဖက်ရည် ချိုပေါ့ကျတစ်ခွက်နဲ့ ပုစွန်ခြောက်ကြော် သိပ်လိုက်တယ်ကွ၊ လာသွားကြစို့”

“အေး ... အေးပါကွာ”

“မင်း လေယာဉ်ပျံသံ ကြားရလား”

“ဘာ ... ဘာရယ်ကွ”

“ဪ ... ဘာမှ မဟုတ်ပါဘူးကွာ၊ လာ သွားကြစို့”

••••• ••••• ••••• 

အိုဆာကာဟိုတယ် ရေပန်းရှေ့မှာ မကြည်ပြာ ကုတ်အင်္ကျီရှည်နဲ့၊ ဇင်းမယ်ထဘီနဲ့ ၊ ရှူးဖိနပ်တော့ စီးထားရဲ့၊ ဓာတ်ပုံတစ်ပုံ ပို့လိုက်သည်။

ငွေကိုင်းမျက်မှန်နဲ့ နီရဲစိုစွတ်သော နှုတ်ခမ်းကို ပိတ်ကာ ပြုံးနေသော မကြည်ပြာသည် သူ ထင်ရာကို ဇွတ်တရွတ် လုပ်တတ်သော ပညာတတ် အနုပညာသည် တစ်ယောက်၏ မျက်နှာဖြင့်။ သူ့ အပြုံးတွင် တစ်စုံတစ်ရာ လိုနေသလား။ စိတ်က ထင်တာပါလေ။

မနက်မိုးလင်း အိပ်ရာက နိုးလျှင် မျက်နှာသစ်။ မုန့်ဟင်းခါးတစ်ပွဲ။ လက်ဖက်ရည်တစ်ခွက်။ အဝတ်လဲ။ အလုပ်သွား။ နေ့လယ် သက်သာဆိုင်မှာ ထမင်းစား။ တစ်ခါတလေ အစည်းအဝေးတက်။ ညနေ အလုပ်ဆင်း။ တစ်ခါတလေ အလုပ်က စောဆင်းပြီး ဘောလုံးပွဲသွား။ ညပြန်။ ဆိုင်မှာ ပဲထမင်းစား။ သူငယ်ချင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ တစ်ခါတလေ ဗီဒီယိုကြည့်။ ညမအိပ်ခင် စာဖတ်။ အိပ်။ နောက်တစ်နေ့မနက် ပြန်နိုး။ အရင်အတိုင်း ပြန်စ။ အလုပ်ပိတ်ရက်မှာ ကိုရဲတို့ နဲ့ ဘုရားတက် စိတ်ပါလျှင် ပန်းချီဆွဲ။ အနည်းဆုံး တစ်ကား ပြီးအောင် ရေး။ မပြီးရင် ရပ်ထား။ လက်ဖက်ရည်ဆိုင်ထိုင် စကားပြောကြ။ ဒီဖြစ်စဉ် သံသရာမှာ မှားယွင်းနေတာ တစ်ခုမှ မပါ။ ပုံမှန်ကို ကျော်လွန်နေတာ တစ်ခုမှ မပါ။ တစ်မူထူးခြား၍ အများကို အနှောင့်အယှက် ဖြစ်စရာ တစ်ခုမှ မပါ။ ရင်ထဲမှာ ဘာရှိသလဲ၊ ဘာဖြစ်နေသလဲ ဆိုတာကို ထွင်းဖောက် သိမြင်နိုင်သူ တစ်ယောက် ခေါ်မလာစတမ်း။ အောင်သူ ဘာမှ မဖြစ်ပါ။

••••• ••••• ••••• 

       မကြည်ပြာ ..

သတိရလို့ စာရေးလိုက်တယ်။ အို ... မရေးတာပဲ ကောင်းပါတယ်ကွာ။ စာရွက်ကို လုံးချေ၍ ပစ်လိုက်သည်။ တစ်စုံတစ်ယောက် တွေ့သွားမည်စိုး၍ စာရွက်အလုံးကလေးကို ပြန်ကောက်၊ လက်ထဲမှာ ကိုင်ထား၏။

လုံးချေပစ်ရာက ပြန်ကောက်ကိုင်ထားသော ထိုစာရွက်စုတ်အလုံးကလေး ထားစရာနေရာ အခန်းထဲမှာ ၊ လောက ထဲမှာ ၊ ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိပါ။

▢  ဇော်ဇော်အောင်
📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )

လူကြမ်း


❝ လူကြမ်း ❞ 
( သက်ဦးမောင် )

လူလောက လူမှုပတ်ဝန်းကျင်ထဲမှာ ယေဘုယျ အပေါ်ယံ သဘောမျိုးနဲ့ ပြောမယ်ဆိုရင် အရူးရယ်လို့ နှစ်မျိုးနှစ်စား ပဲရှိလိမ့်မယ်။ တစ်မျိုးက တစ်ကယ်ကို စိတ်ဂယောက်ဂယက် ဖြစ်ပြီး မူမှန်တဲ့ ဦးနှောက် မရှိတော့တဲ့ စိတ်ရောဂါ ဝေဒနာရှင် အရူး။

နောက်တစ်မျိုးကအမူ အကျင့်၊ ဒါမှမဟုတ် ဆန္ဒ မျှော်လင့်ချက်တစ် ခုမှာ သာမန်ထက် ပိုမိုလွန်ကျူးနေလို့ ပတ်ဝန်းကျင်က ခေါ်ဝေါ်သမုတ်တဲ့ အရူး။ ဘယ်လိုဟာမျိုးလဲဆိုရင် စာရူးပေရူး၊ ဘဝင်ရူး၊ ဥစ္စာရူး၊ ဇာတ်ရူး၊ မယားတရူး စသည်ဖြင့်ပေါ့။ လူ ဆိုတာကလည်း တစ်မျိုး မဟုတ် တစ်မျိုးတော့ ရူးနေကြတဲ့သူတွေဘဲလေ။ မြတ်စွာဘုရား ဟောခဲ့တာပါ။

ပိုက်မောင် ကတော့ ဇာတ်မင်းသားရူး။ ဒီထက် အားမနာတမ်း ပြောရမယ် ဆိုရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပရိသတ်ရဲ့ အချစ်တော် မင်းသားတစ်လက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ဘယ်တော့မှ မလျှော့ခဲ့သလို တစ်သက်လုံးလည်း ဘယ်အချိန်မှ မင်းသား မဖြစ်ခဲ့တဲ့ လူ တစ်ယောက်လို့ပဲ ဆိုကြပါစို့။

••••• ••••• •••••

ပိုက်မောင်ဟာ ဇာတ်သမားတစ်ယောက် ဆိုပေမဲ့ ဇာတ်သမားမျိုးရိုးတော့ မဟုတ်ဘူး ။ ထန်းသမား မိဘက မွေးဖွားပြီး သမရိုးကျ အတိုင်းဆို ထန်းတက် ၊ မြူအိုးကောက် ဘဝနဲ့ ပြီးရမယ့် သူမျိုး ။ ဒါပေမဲ့ တစ်မိပေါက် တစ်ယောက်ထွန်း ပါလာတဲ့ ဝါသနာပိုးကြောင့် ဘဝတစ်ခုလုံး အဆက်အစပ်မရှိ ပြောင်းလဲသွားခဲ့ရတာလေ ။

ပိုက်မောင်မှာ ဇာတ်နဲ့ ပတ်သက်တဲ့ ဝါသနာတင် မဟုတ်ဘူး ။ ပါရမီ ပါ ပါတာ။ ထန်းပင်ပေါ်မှာ ထန်းနို့လှီးရင်းနဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်းတို့ ၊ ချင်းဖဝေးတို့ကို ဆိုနေပြောနေတာများ သွားနားထောင်ကြည့်လိုက်၊ ကက်ဆက်တိပ်ခွေထဲက သံနေသံထားအတိုင်း ‘ အဟမ်း ’ ဆိုတာတောင် ကျန်စေရဘူး ။ အဲဒါ မင်းသား တစ်နေရာတည်းတင် မဟုတ်ဘူးနော် ။ ဇာတ်ဆောင် အကုန်လုံးရဲ့ စာတွေကို သူ့နေရာနဲ့ သူ ၊ သူ့သံနေသံထားအတိုင်း နေရာစေ့ ရွတ်တာ ၊ ဆိုတာ ၊ ပြောတာ ။

သူ ဇာတ်ထုပ် ခင်းတာကို နားထောင်ချင်တာနဲ့ ထန်းတောကို လာရင်း ထန်းရည်စွဲသွားတဲ့ သူတောင် ရှိတယ် ဆိုပဲ။

သူ့ဘာသာသူ နေရင်းတော့ ဇာတ်သမား ဖြစ်ချင်မှ ဖြစ်မှာပေါ့လေ ။ ထန်းပင်ပေါ်မှာ သူ့ရဲ့ ဇာတ်ထုပ်တွေကို နားထောင်ရတဲ့ သူတွေက

“ ပိုက်မောင်ရာ ၊ ဒီနေ့ လုပ်စားနေတဲ့ မင်းသားတွေထဲမှာတောင် မင်းလို အဆို ၊ အငို ၊ အပြောမျိုး ရှားပါတယ်ကွာ ” .. ဆိုတာမျိုး။

“ ဒီလိုအသံမျိုး တောထဲ ရောက်နေတာ နှမြောလှချည်ရဲ့ ” ဆိုတာမျိုး ။

“ မင်းကိုသာ စင်ပေါ် တင်လိုက်ရင် ပရိတ်သတ်တွေ ငေါင်စင်းသွား မှာပဲ ” ဆိုတဲ့ အပြောမျိုးတွေ ကြားရဖန် များလာတော့ ပိုက်မောင်ရဲ့ မင်းသားရူး ရောဂါက ရင့်သထက် ရင့်လာတော့တာပေါ့ ။

ရွက်ကျပင်ပေါက်လို လျှောက်သွားနေတဲ့ ဇာတ်သမား မစစ်တစစ် တစ်ယောက် သူ့ထန်းတောကို မျက်စိလည်ပြီးလည်း ရောက်လာရော ရင့်မှ ည့်နေတဲ့ အနာ အလိုလို ပေါက်ကျပြီး ပိုက်မောင်တစ်ယောက် အဲဒီ ဇာတ်သမားနောက် ကောက်ကနဲ ပါသွားတော့တာပဲ ။ အဲဒါ ပိုက်မောင် ဇာတ်သမား ဖြစ်သွားတဲ့ သမိုင်းကြောင်း အတိုကောက်ပဲ ။

••••• ••••• ••••• 

ပိုက်မောင် ဇာတ်ထဲကို စရောက်တော့ အစိမ်းသက်သက်ကြီး မဟုတ်လား ။ အစိမ်းသက်သက် ဆိုကတည်းက ဝင်ဝင်ချင်း ရမယ့်ရာထူးကို ဗေဒင် မေးကြည့်စရာ မလိုအောင် သေချာပြီးသား ။ ဘာဖြစ်ရမှာလဲ။ ကားဆွဲပေါ့ ။ ဒါပေမဲ့ ပိုက်မောင်မှာ ဇွဲရှိတယ် ၊ ဝီရိယ ရှိတယ် ။ ရည်ရွယ်ချက်လည်း ရှိတယ် ။ ဉာဏ်ကောင်းတော့ အတွေးအခေါ်လေး အသင့်အတင့် ရှိတယ်။

ဒီတော့ သူ ဖြစ်ချင်တဲ့ မင်းသားဘဝကို ချက်ချင်းတော့ မရနိုင်ဘူး ။ ခေါင်းဝင်ကိုယ်ဆံ့ တဖြည်းဖြည်းချင်း ကြိုးစားယူရမယ်ဆိုတာ သိထားတယ်လေ ။ အရည်အချင်းကို ကြိုးစားဖြည့်တင်း နေရမှာ ကိုယ့်အလုပ် ။ ကိုယ့်နေရာ မြင့်ခြင်း ၊ မမြင့်ခြင်းက သူ့အလုပ်လို့ သဘောထားလိုက်တယ်။ ဒီတော့ ကားဆွဲဘဝမှာ ပျော်ပျော်ပဲပေါ့ ။

ကားဆွဲသာ လုပ်နေတာ ၊ အလိုက်သင့် ပေါ့တီးပေါ့လျှပ် နေတာတော့ မဟုတ်ဘူး ။ ဇာတ်ပညာနဲ့ ပတ်သက်လို့ ဖတ် ၊ မှတ် ၊ သင် ၊ ကျက် အမြဲတမ်း လုပ်နေတာ ။ အချိန်ရှိသ၍ ဝမ်းစာပြည့်ဝအောင် အမြဲ ကြိုးစားနေတာ ။

( ၃ ) နှစ်လောက် ကြာတော့ ကားဆွဲရင်းကနေ ပြဇာတ်ထဲ ၊ နောက်ပိုင်း ဇာတ်ထုပ်ထဲ တစ်ခန်းထွက် ၊ နှစ်ခန်းထွက်နဲ့ ပိုက်မောင်ရဲ့ အနုပညာဇ ကို ဇာတ်သမားချင်း သတိပြုမိလာကြတယ်လေ ။ လိုအပ်သလို သုံးရင်ဖြစ်တယ် ဆိုတာကိုပေါ့ ။ သုံးဖို့ ကိုလည်း နေရာတွေ ပေးလာတော့တာ ပဲ။ ဘယ်နေရာက ထွက်ခိုင်းလိုက် ၊ ထွက်ခိုင်းလိုက် ၊ ခိုင်းတဲ့သူ အားရကျေနပ်သွားအောင် ပိုက်မောင် က လုပ်ပြနိုင်တာ ချည်းပဲ ။

ခက်နေတာက သူတို့ ပေးတဲ့ နေရာတွေထဲမှာ မင်းသား နေရာတော့ ဘယ်တော့မှ မပါဘူး ။ အဲဒီလို ပြောလို့ ခိုင်းတဲ့ သူတွေကိုလည်း အပြစ်တင် မစောနဲ့ဦး ။ ပိုက်မောင်ရဲ့ ရုပ်ရည်ကိုလည်း သိထားဦးမှ လေ ။ ပါရမီ ၊ အရည်အချင်းဘက်မှာ ထူးထူးခြားခြား ကောင်းလွန်းပေမဲ့ ရုပ်ရည်အကျိုးပေးက နည်းလွန်းလှတာကိုး ။

နည်းတာမှ ရိုးရိုး နည်းတာ မဟုတ်ဘူး ။ မင်းသားဝတ်နဲ့ ဘယ်လိုမှ မအပ်စပ်လောက်အောင်ကို နည်းတာ ။ ခေတ်ကို ကလည်း သရဲလေးအောင်စိန်တို့ ခေတ်လို အဆိုကောင်းရုံနဲ့ နာမည်ကြီးနိုင်တဲ့ ပညာခေတ် မှ မဟုတ်တော့တာ ။ အဲဒီခေတ်လို ဆိုရင်လည်း ဘီလူးပိုက်မောင် ဆိုပြီး နာမည်ကြီးနိုင်သေးရဲ့ ။ ခုတော့ ဇာတ်ပညာ တတ်တတ် ၊ မတတ်တတ် ဖူးနေ ၊ ရွနေမှ ဆိုတဲ့ ခေတ်ကြီးကိုး ။ ဒီတော့ ဘာဖြစ်လဲ ၊ မလွဲနိုင်တဲ့ လမ်းကြောင်းအတိုင်း လျှောက်ရတာကတော့ သူ့ရုပ်နဲ့ အလိုက်ဖက်ဆုံး လူကြမ်း ဆိုတဲ့ လမ်းကြောင်းပဲပေါ့ ။ လူကြမ်း ဆိုတဲ့ နေရာကလည်း ဂုဏ်ငယ်လှတဲ့ နေရာ တစ်ခုတော့ မဟုတ်ပေဘူး ။ ဇာတ်တစ်ဇာတ်ရဲ့ အား ( ၆ ) ခု မှာ လူကြမ်းကောင်းခြင်း ဆိုတဲ့ အချက် တစ်ခုကပါနေတာကိုး ။ ဒီ တော့ အဓိကကျတဲ့ မဏ္ဍိုင်နေရာ တစ်ခုဆိုလည်း မမှားဘူး ။

နဂိုက လေ့လာထားတဲ့ ပညာတွေရယ် ၊ ဇာတ်လောကရဲ့ အဆင့်တွေကို ရသလောက် တက်ပြီး နေရာယူမယ် ဆိုတဲ့ သန္နိဋ္ဌာန်ရယ် ၊ နဂို ပါရမီခံရယ် ပေါင်းလိုက်ရင်တော့ ပိုက်မောင်ဟာ နာမည်ရတဲ့ လူကြမ်းကောင်း တစ်ယောက် ဖြစ်လာရော ဆိုကြပါစို့ ။

ပိုက်မောင်ရဲ့ အကျိုးပေးကလည်း လူကြမ်းလုပ်ဖို့ မွေးလာသလားတောင် အောက်မေ့ရတယ် ။ ရုပ်ရည်နဲ့ ဇာတ်ရုပ်က ဘယ်လောက်လိုက်ဖက်သလဲ ဆိုရင် သူ ထွက်လာလိုက်တာနဲ့ စကား တစ်လုံးမှ မပြောရသေးဘူး ။ ရှေ့ဆုံးတန်းက ရွစိရွစိ လုပ်နေတဲ့ ကလေးတွေတောင် တိကနဲ ငြိမ်သွားတဲ့ အထိပဲ။ ဒီတော့ အောင်မြင်ပြီပေါ့ ။

နာမည်လေး ထွက်လာပြီဆိုတော့ ဇာတ်ဆရာတွေက ပိုက်မောင် နာမည်ကို ကြော်ငြာထဲ ထည့်သုံးချင်လာတယ်လေ ။ ဒီဇိုင်းဆရာက လူကြမ်း နာမည်ရှေ့မှာ ဓါးဘုရင် ကျော်ထိုက် တို့ ၊ အမုန်းတော်ခံ ဂါမဏိ တို့ ၊ ပါပ အောင်ထိုက်တို့ စသည်ဖြင့် ဘွဲ့တွေကို မြင်ဖူးထားတော့ လူကြမ်းပိုက်မောင် ဆိုတာကို တစ်မျိုး ဖြစ်နေတယ် ။ ဒါကြောင့် ဇာတ်ဆရာနဲ့ တိုင်ပင်ပြီး ပါးစပ်ထဲ တွေ့တဲ့ ဧရာဝတီဆိုတာ ကောက်ထည့်လိုက်တော့ လူကြမ်းဧရာဝတီ ပိုက်မောင် ဖြစ်သွားတော့တာပါ။

အဆက်အစပ်ကတော့ မမေးနဲ့ ။ ဘယ်နေရာ၊ ဘယ်အကြောင်းနဲ့ မှ မနီးစပ်ဘူး။ သူ့ဇာတိ ရွာကလည်း ဧရာဝတီ မပြောနဲ့ ၊ သောက်ရေတောင် ကောင်းကောင်း မရှိတဲ့ အညာကျပ်တီးကုန်း ရွာကလေး ။ အိမ်ဝိုင်းတစ်ဝိုင်းစာ သာသာလောက် ကျယ်တဲ့ မိုးရေ အောင်းကန်ထဲက လက်ဖက်ရည်ရောင် ရေကို ကျောက်ချဉ်စိမ်ပြီး သောက်ရလောက်အောင် ရေရှားတာ ။ ကြံကြံဖန်ဖန် မဆိုင်ဆိုင်အောင် ပြောရမယ် ဆိုရင်တော့ မော်တော်နဲ့ ဇာတ်ပွဲကူးတုန်း ဧရာဝတီကမ်းနားမှာ ရေနစ်ဖူးတာ တစ်ခုပဲ ပြောစရာရှိတယ် ။ ဒါပေမဲ့ ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်လေးကို သူကတော့ အမြတ်တနိုးပါပဲ ။

သူ ဖြစ်ချင်နေတဲ့ မင်းသား မဖြစ်သေးပေမယ့် ရထားတဲ့ လူကြမ်း နေရာကိုလည်း လျှော့ပစ်လို့ မဖြစ်ဘူးလေ ။ ရွာက တက်လာလာချင်း ကားဆွဲ ဆိုတဲ့ အဆင့်နဲ့ စာရင် အများကြီး မြင့်နေပြီ မဟုတ်လား ။ ဒီတော့ လက်ရှိ ရထားတဲ့ နေရာမှာ နာမည်ရဖို့ ကြိုးစားရတော့တာပေါ့ ။ စိတ်ကတော့ မလျှော့သေးဘူး ။ အခွင့်အရေး ပေးတဲ့ တစ်နေ့မှာ မင်းသား ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အာရုံကတော့ တစ်စက္ကန့်မှကို မပြတ်စေရဘူး။ ဒီအတွက်လည်း ပိုက်မောင်ကို အပြစ်တင်လို့ တော့ မရပါဘူး ။ ဘယ်သူမဆို ဇာတ်ရူးရူးပြီဆို မင်းသားရူး ၊ ဆိုင်းဆရာရူး ၊ တီးဝိုင်းဆရာရူး လို့ပဲ ရှိတာ။ လူကြမ်းရူးရယ်လို့မှ မရှိဘဲနဲ့ ။

လူကြမ်း ဧရာဝတီပိုက်မောင် ဘဝလည်း ရောက်ရော နာမည်က ဝုန်းကနဲ ထိုးထွက်လာတော့တာပဲ။ ပါရမီခံနဲ့ ဝီရိယအားက အတော် ကောင်းခဲ့တာကိုး ။ သူရဲ့ အမူအရာတွေကို ဇာတ်သမားချင်းတောင် ထွက်ကြည့်ရတဲ့ အထိပဲ ။ ဇာတ်လောကမှာ ပရိတ်သတ် လက်ခံနှစ်ခြိုက်ဖို့ ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ ။ အဲဒီထက် ခက်တာကတော့ ဇာတ်သမားချင်း ကြိုက်နှစ်သက်ဖို့ပဲ ။ သာမန် အဆို ၊ အငို ၊ အပြော ၊ အက ၊ သရုပ်ဆောင်ရုံတော့ ဘယ်ကြိုက်နိုင်ပါ့မလဲ ။ ရှားရှားပါးပါး ခဲခဲယဉ်းယဉ်း မြင်တွေ့ ရခဲတာတွေကို လုပ်ပြမှ ကြိုက်တော့မပေါ့ ။ ဧရာဝတီပိုက်မောင်ကတော့ အဲဒီလို ဇာတ်အနုပညာရှင်မျိုး စွမ်းစွမ်းပေါက်ပေါက် ဖြစ်ခဲ့တယ်လေ ။

ပြဇာတ် တစ်ခုထဲမှာ ဆိုရင် အိမ်ထောင်သည် မိန်းမတစ်ယောက်ကို ကြိုက်ပြီး လင်ကိုသ,တ်၊ မယားကို အဓမ္မ ပေါင်းသင်းတဲ့ လူကြမ်းနေရာက သရုပ်ဆောင်ရတယ်။ သူ သိမ်းပိုက်လိုက်တဲ့ မိန်းမမှာ သမီးတစ်ယောက်ရှိတယ်။ အဲဒီ မိသားစုဟာ သူ့ရဲ့ ယုတ်မာမှုကြောင့် တစ်နေရာစီ ရောက်ပြီး တစ်ကွဲ တစ်ပြားပေါ့ ။ နှစ်တွေ ကြာပြီး အရွယ်တွေ ရောက်လာတော့ ပြန်တွေ့ကြရော ။ တစ်ယောက်ကို တစ်ယောက်တော့ မမှတ်မိကြဘူး။ မအေကို အဓမ္မ သိမ်းပိုက်ထားတဲ့ တဏှာရူးကြီး အဖြစ် သရုပ်ဆောင်ရတဲ့ ပိုက်မောင်က အဲဒီသမီးလေးကိုကျ လိုချင်ပြန်ရောလေ ။ ဒီတော့ တပည့်တွေကို ဖမ်းခိုင်းပြီး ချုပ်နှောင်ထားလိုက်တယ် ။

သူ့ရဲ့ ယုတ်မာမှုအောက်မှာ ကစဉ့်ကလျား ဖြစ်နေတဲ့ မိသားစုကို ပရိတ်သတ်က သနားလေ ၊ ပိုက်မောင်က ရွံစရာ ကောင်းလေပဲပေါ့ ။ ဖမ်းချုပ်ထားတဲ့ မယားပါသမီးကို စည်းရုံးကျင့်ကြံတော့မယ့် အခန်းမှာ ဆိုရင်

“ မိန်းမရတော့မယ် .. ။ မိန်းမရတော့မယ် ”

ဆိုတာကို သီချင်းလိုလုပ်ဆိုပြီး ပျော်ရွှင်အူမြူးနေတဲ့ မျက်နှာနဲ့ ထွက်လာပုံများ ပရိတ်သတ်က ဥပဒေ ရှိနေလို့ သာရယ် ၊ နို့မို့ဆို တစ်ခင်းလုံး စင်ပေါ်တက် ရိုက်တော့မလောက်ကို ရွံစရာကောင်းတာ ကလား။ မင်းသမီးနဲ့ လည်း တွေ့ရော သမီးအရွယ်လောက်ကလေးကို ပြီတီတီ လုပ်ပြီး တမင် လုပ်ထားတဲ့ အသံချွဲချွဲကြီးနဲ့

“ မောင့်ရဲ့ နှလုံးသားက မူယာလေးကို တွေ့လိုက်ရတော့မှပဲ အချစ်စစ် ဆိုတာကို နားလည်သွားခဲ့တာပါကွယ် ”  လို့ ပြောလိုက်ရင်ပဲ ကြည့်နေတဲ့ ပရိတ်သတ်က အူယားလွန်းလို့

“ အောင်မယ်လေးလေး .. သေနာကျကြီး ” ဆိုပြီး အံကို ကြိတ် ၊ ဘေးက လူကို ယောင် ထုမိသူတွေတောင် ရှိရဲ့ ။ ပရိတ်သတ် ရွံအောင် ၊ မုန်းအောင် လုပ်တဲ့ နေရာမှာတော့ ဧရာဝတီ ပိုက်မောင်ကို မီတဲ့ လူကြမ်း အတော်ကို ရှားလိမ့်မယ်။

အတိုချုံး ပြောရရင် ဇာတ်လောကမှာ

“ လူကြမ်းဆိုရင် ဧရာဝတီပိုက်မောင် လိုမှ လူကြမ်းစစ်တာ ” ဆိုတဲ့ နာမည် လျှမ်းလျှမ်းတောက် ထွက်လာခဲ့တယ် ဆိုကြပါစို့ ။

လူကြမ်းဘက်မှာ ဘယ်လောက်ပဲ နာမည် ထွက်ထွက် ၊ အခွင့်အရေးရရင် မင်းသား တက်လုပ်မယ် ဆိုတဲ့ ပိုက်မောင် မျှော်လင့်ချက်ကတော့ တစ်ပြားသားမှ မပွန်းသေးပါဘူး ။ ဒါပေမဲ့ မျှော်လင့်ချက်က မျှော်လင့်ချက်ပဲ ။ လုပ်နေရတာကျတော့ ဆန့်ကျင်ဖက်လေ ။ မင်းသားဆိုတာ ပရိတ်သတ်ချစ်မှ အောင်မြင်တာကိုး ။ ဒီတော့ ပရိတ်သတ်ချစ်အောင် ဘယ်လိုလုပ်မလဲလို့ အမြဲစဉ်းစား နေရတဲ့ အမျိုး ။ ပိုက်မောင် လက်ရှိ လုပ်နေရတာက ပရိတ်သတ် မုန်းမှ နာမည်ရတဲ့ အလုပ် ။ ဒီတော့ လက်ရှိ အလုပ်ကို အောင်မြင်ချင်ရင် ပရိတ်သတ် မုန်းအောင်၊ ရွံအောင် ၊ ဘယ်လို လုပ်ရမလဲ ဆိုတာပဲ စဉ်းစား တွေးတောနေရတော့တယ် ။

ပိုက်မောင် စဉ်းစားတယ် ။ လက်ရှိ အောင်မြင်မှု ရထားတဲ့ နေရာကို နာမည်ပျက် ခံပြီး နဂို မျှော်လင့်တဲ့ အတိုင်း မင်းသား ဖြစ်အောင် လုပ်မလား။ ဒီလိုမှ မဟုတ်ရင် လက်ရှိ နေတဲ့ လူကြမ်း နာမည်ကိုပဲ ခိုင်မာသထက် ခိုင်မာအောင် ကြိုးစားမလား ။ မသေချာတဲ့ မင်းသား နေရာကို လက်ရှိ အောင်မြင်နေတဲ့ နေရာနဲ့တော့ မလဲနိုင်ဘူး ဆိုတဲ့ အဖြေထွက်လာတယ် ။ ဒါကြောင့် နာမည် ကြီးသထက် ကြီးတဲ့ လူကြမ်း ဖြစ်အောင်ပဲ လုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့တယ် ။ ဇာတ်လောကမှာလ ည်း ပိုက်မောင်ကို လူကြမ်းတစ်ယောက် အဖြစ် တရားသေ သတ်မှတ်လိုက်ပြီ ဆိုတော့ မင်းသားဖြစ်ဖို့ ဝေးသွားပြီ ဆိုတာလည်း သူ့ကိုယ်သူ သိနေပြီကိုး ။

ဇာတ်ကရမယ့် နေရာကို ဇာတ်ကားရောက်ပြီ ဆိုတာနဲ့ ပရိတ်သတ်က ဝိုင်းအုံကြည့်ကြလေ့ရှိတာ ထုံးစံပဲ ။ ဘာဇာတ်လမ်း ဇာတ်ကွက်မှ ကြည့်ရသေးတာ မဟုတ်ဘူး ။ “ အဲဒီ လူကြီးက ဧရာဝတီပိုက်မောင်ပေါ့ ” လို့ ဆိုတာနဲ့ တပြိုင်နက် နှာခေါင်းရှုံ့ပြီး မျက်နှာ လွှဲသွားကြတော့တာ ။ ကြည့်ဖူးသေးတာ မဟုတ်ပေမယ့် တစ်ဆင့် စကားနဲ့ ကြားဖူးပြီး အမုန်းကြီး မုန်းနေကြတာကိုး ။

ဘယ်သူမဆို ကိုယ့်ကို မုန်းတယ် ၊ ရွံတယ် ဆိုတာ ဘယ်လိုချင်ပါ့မလဲ ။ ဒါပေမဲ့ ပိုက်မောင် ဘဝက နောက်ဆုတ်လို့ မရတော့ဘူးလေ ။ နောက်ဆုတ်မရမယ့် အတူတူကတော့ လက်ရှိ နေရာလေးမှာ နာမည်ရဖို့ အတွက် ချဉ်သထက်ချဉ် ၊ မုန်းသထက်မုန်းအောင် ဇွတ်တိုးပြီး ကြိုးစားရုံပဲ ရှိတော့တာပေါ့ ။

ပိုက်မောင်လည်း ဇာတ်လောကရဲ့ ပြိုင်ဖက် မရှိ အထင်ကရ လူကြမ်းကြီး ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်ကို ရယူပိုင်ဆိုင်ရင်း အခု ဆိုရင် ဘပိုက်မောင် ဆိုတဲ့ အရွယ်ကို ရောက်လာခဲ့ပါပြီ ။ လူ့သက်တမ်း အရ တွက်ရင် နေရမယ့် အသက်အရွယ် သိပ်မကျန်တော့ပါဘူး ။ သူ သိပ်မျှော်လင့်ခဲ့တဲ့ မင်းသား ဆိုတာလည်း ဒီဘဝအတွက်တော့ ပြီးပြီပေါ့ ။ အိပ်မက်ထဲ ဝင်မမက်တာတောင် အတော်ကြာပေါ့ပဲဟာ ။ ပရိတ်သတ်က မချစ်ပေမယ့် ဇာတ်သမားချင်းတော့ ဖိန့်ဖိန့်တုန်အောင် လေးစားကြောက်ရွံ့ရတဲ့ ပညာရှင် လူကြမ်း တစ်ယောက်တော့ မိုးကြိုးပစ်စေ့ ဖြစ်ခဲ့ပါရဲ့ ။

ပရိတ်သတ်တွေ ဘယ်လောက်မုန်းမုန်း အခြွေအရံ တပည့်တပန်း တွေက ပေါမှ ပေါပဲ ။ ပေါမှာပေါ့ ။ ဧရာဝတီပိုက်မောင်ကြီး တစ်ဖြစ်လဲ ဘပိုက်မောင် ဆီမှာ တန်ဖိုး မဖြတ်နိုင်တဲ့ ပရိတ်သတ် မုန်းနည်း ပညာတွေကို ဆည်းပူးမယ့် နောက်ပေါက် လူငယ်လေးတွေက ရှိနေတာကိုး ။

တနည်းအားဖြင့် ပြောရရင်တော့ ဇာတ်သဘင်လောကမှာ ဒုတိယ ဧရာဝတီပိုက်မောင် ဖြစ်ရမယ်လို့ အားခဲထားကြတဲ့ သူတွေပေါ့ ။ ဘယ်ဇာတ်လမ်းမှာ မဆို မင်းသားကြီးပဲ ပြီးတာမှ မဟုတ်ဘဲ ။ နောက်တက် တပည့်လေးတွေကို ပညာတွေ လက်ဆင့်ကမ်း ပို့ချရင်းက တစ်ဖက်ကလည်း ပရိတ်သတ် ချဉ်ဖတ် ဖြစ်မယ့် နည်းသစ်တွေကိုပဲ စဉ်းစားအကြံထုတ်နေရတော့တာပေါ့ ။ ပရိတ်သတ်ချစ်အောင် စဉ်းစားစရာ မလိုတဲ့ ဘဝနဲ့ သူက သက်တမ်းကုန်ရတော့မှာကိုး ။

အင်း ..... ဘာပဲဖြစ်ဖြစ်ပေါ့လေ ။ မင်းသားရူး ပိုက်မောင်ဟာ ဇာတ်လောကရဲ့ အောင်မြင်မှု တစ်နေရာကို ရောက်ခဲ့တယ် ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်တဲ့ အချက်ပဲ မဟုတ်လား ။ သူ သေသွားခဲ့ရင်တောင် ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်ကတော့ ပရိတ်သတ်ရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ် ကျန်နေခဲ့မှာပါ။ သူ့ရဲ့ ရက်စက်မှုအနုပညာက ပြောလောက်အောင်ကို ပြောင်မြောက်ခဲ့တာကိုး .. နော့်။

▢  သက်ဦးမောင်
📖 ကလျာ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၂

ကျွန်မ နေရောင်ကို မြင်ရတယ်


❝ ကျွန်မ နေရောင်ကို မြင်ရတယ်❞ 
        ▢ မိုးဦးနေ

အဲ့ဒီနေ့က ဗမာပြည်မှာပေါ့။ မန္တလေးမြို့၊ ကုသိုလ်တော် ဘုရားမှာ သူ့ကို ကျွန်မ မြင်ခဲ့ရတယ်။ မြင်ခဲ့ရတယ်ဆိုတာကို အစီအစဉ်တကျ ပြန်ပြောရရင်တော့ လူ မမြင်ရခင် အသံကို ကျွန်မ စ,ကြားခဲ့တာပါ။ မိန်းမတစ်ယောက်ရဲ့ သနားစရာ ဆွေးဆွေးလျလျ စကားသံပေါ့။ အဲ့ဒီ ဆွဲဆွဲငင်ငင်အသံက ကျွန်မကို တခြားသူတွေလိုမျိုး ဘာမှ မဖြစ်ဘဲ မနေစေချင်ဘူး ထင်ပါတယ်။ ဖိနပ်ကို ချွတ်ပြီး သဲမှုန်တွေကို နင်းမိပြီလို့ သိလိုက်ရတဲ့အထိ ကျွန်မ သူ့အသံကို ကြားနေရတုန်းပါပဲ။ ကျွန်မ နံဘေးက ဆူဆူညံညံ ဧည့်သည်တော်တွေ၊ အင်ဂျင်သံတွေကိုတောင် ကျွန်မ လျစ်လျူရှုနိုင်ခဲ့ ပါတယ်။ ကျွန်မရဲ့ ခင်မင်စရာ ကောင်းတဲ့ ဧည့်လမ်းညွှန် ကောင်လေးကတော့ ကျွန်မတို့အုပ်စုကို ဘုရားဆီ ခေါ်သွားနေပါပြီ။ ကျွန်မကို စိတ်ချလက်ချ ထားရစ်ခဲ့ရင်းပေါ့။ နောက်ကျ ကျန်နေရစ်တဲ့ ကျွန်မကို သူယုံကြည်ပုံ ရပါတယ်။ ပြောရရင် ဗမာပြည် အခုမှ လာလည်ဖူးတဲ့ ကျွန်မကို သူက တစ်လျှောက်လုံး စိတ်ပူဟန် မပြပါဘူး။ ဒါဟာ ကျွန်မ ဗမာစကား နည်းနည်း လောက် ပြောတတ်သွားလို့လည်း ဖြစ်နိုင်ပါတယ် (ဒီအတွေးကို အဲ့ဒီ ကောင်လေး သိရင် ရယ်နိုင်ပါတယ်)။ ကျွန်မ ဗမာစကားပြောဖို့ ကြိုးစားရတာကို အမှန်တကယ်ပဲ ပျော်ပါတယ်။ ကျွန်မ ဗမာအဝတ်ကို ကြိုက်တယ်။

လန်ဒန်မှာ ဒီခရီးစဉ်အကြောင်း တွေးမိတဲ့အချိန် ကျွန်မ ဗမာအဝတ် ဝတ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်က မယိုင်တော့ပါဘူး။ ကျွန်မ အဝါရောင်လုံချည်ကို ရွေးဖို့ ပြင်ဆင်ခဲ့တဲ့အတိုင်း အဲ့ဒီနေ့မှာ အဝါရောင် ဗမာလုံချည်နဲ့ အဖြူရောင် ဘလောက်စ်ပွပွ တစ်ထည်ကို ကျွန်မ တွဲစပ် ဝတ်ထားခဲ့ပါတယ်။

ကျွန်မ ဖိနပ် (အဲ့ဒါ ဗမာ ညှပ်ဖိနပ်) ကို ယူစီးပြီး လမ်းမ ပေါ်ရောက်လာတော့ ခြေဖဝါးမှာ အနေရခက်စေတဲ့ သဲတွေကို ခါပစ်ဖို့ ကျွန်မ တွေးလိုက်ပါသေးတယ်။ ဒါ ပေမဲ့ ကျွန်မ မလုပ်ဖြစ်ပါဘူး။ အဲ့ဒီအမျိုးသမီးရဲ့အသံက ကျွန်မကို ခေါ်နေသလို ကြောင့်ရယ်ပါ။

••••• ••••• •••••

ဗမာစကားကို ကျွန်မ အရေအတွက်နည်းနည်းလောက်ပဲ ထွက်တတ်သေးတယ်။ ဒါကြောင့် အဲ့ဒီအမျိုးသမီး ပြောနေတဲ့ ဆိုလိုချက်ကို ကျွန်မ လုံးဝ မသိပါဘူး။ “မင်္ဂလာပါ” ဆိုတဲ့ စကား မပါ ဘူး။ “ကျေးဇူးတင်ပါတယ်” လို့လည်း သူ ပြောမနေပါဘူး။ တောင်းပန်နေတယ်လို့ ထင်ရတဲ့ သူ့စကားသံကတော့ ငိုတော့မယ့် အတိုင်းပါပဲ။ ကျွန်မရဲ့ ဝိညာဉ်ကို ဝမ်းနည်းထိခိုက်အောင် ပုတ်နှိုးနေခဲ့ပါတယ်။

အသံကို ကြားရချိန် ဒီ အနီးမှာပဲ ရှိရမယ်လို့ သေချာမိတဲ့ ကျွန်မဟာ နောက်ထပ် ကားလမ်းမတစ်ခုဘက်ဆီ ဦးတည်မိနေတာတောင် အဲ့ဒီ မိန်းမနဲ့ မျက်နှာချင်း မဆိုင်ရသေးပါဘူး။ သူ့အသံ တိတ်သွားတော့ သူ့ကို ကျွန်မ ကိုယ်တစ်ပတ်လှည့်တဲ့အထိ ရှာလိုက်ရပါတယ်။ အသံရှင်ကို ကျွန်မ မြင်ချင်နေပါပြီ။

“Hi Hello, you want taxi?”

လို့ လာပြောတဲ့ ဗမာယောကျ်ားတစ်ယောက် ကျွန်မဘေးကို ရောက်လာမှ ကျွန်မ သူ့ကို မြင်သွားတာပါ။ သူက လှပတဲ့ နေရောင်တွေ ထိုးထားတဲ့ သစ်ပင်ရိပ် အောက်မှာပေါ့။

အဲ့ဒီမှာ သူ အသံဆက်မထွက်တော့တဲ့ အကြောင်းပြချက်ကို ကျွန်မ လက်ခံနိုင်သွားပါတယ်။ သူ ငြိမ်ပြီး ငိုနေတာကို မြင်ရတဲ့ အတွက်ပေါ့။

သူ့ကို သစ်ပင်ကြီးက ကွယ်ပေးထားလို့ ချက်ချင်း မမြင်နိုင်တာမှန်း နားလည်သွားတဲ့အခါ သူ့ဆီကို ကျွန်မ စိတ်ဝင်စားမှုတွေနဲ့ လျှောက်သွားနေပါပြီ။ Taxi Driver ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ရတာပေါ့။

သူက မျက်ရည်အပြည့် မျက်လုံးတွေနဲ့ပဲ သူ့ရှေ့ ရောက်လာတဲ့ ကျွန်မကို မော့ကြည့်လာတော့ ကျွန်မအဆင် သင့် ပြုံးထားမိပါတယ်။ အဲ့ဒီမှာတော့ သူ့အသံထက် သူ့ကို ကျွန်မ စိတ်ဝင်စားသွားပါပြီ။ သူ့မျက်လုံးညိုညိုတွေက နေရောင်အောက်မှာ အရောင်လက်နေပေမဲ့ ပင်ပန်းနေပုံပါပဲ။ သူ့အသားအရောင်ကလည်း သိပ်ကိုမှ ညိုလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါ ကျွန်မကြိုက်မိတဲ့ အရောင်မျိုးပဲ ဆိုပါတော့။ ဒါပေမဲ့ ခြောက်သွေ့လွန်းတယ်လို့ ကျွန်မထင်တယ်။ သူက ကျွန်မထက် အသက်နည်းနည်းကြီးမယ့်ပုံပေါ်ပြီးတော့ အားပြတ်လဲကျတော့မလို ထိုင်နေတာက သူ့ကို ပိုပြီး အိုသွားစေပါတယ်။ ဒူးတစ်ဖက်ကို ထောင်ထားပါသေးတယ်။ သူ့အဝတ် အရောင်မွဲမွဲတွေကို သတိမပြုမိခင် စက္ကန့်ပိုင်းမှာ သူ့ရှေ့က ဗမာ ငွေစက္ကူတချို့ ရှိနေတဲ့ အနီရောင် ပလတ်စတစ်ခွက်နဲ့ သူ့ဘေးက အဝါရောင် အရုပ်မလှလှလေးကို မြင်ထားပြီးပြီဆိုတာ အသေချာပါပဲ။ အဲ့ဒီ အရုပ်ကို ကျွန်မ သိတယ်။ လန်ဒန်မှာကတည်းက သိတာ။ ရုပ်သေးရုပ်လို့ ခေါ်ကြတယ် မဟုတ်လား။ အဲ့ဒီ ရုပ်သေးရုပ်မလေးက ဆံပင်ကို ထုံးပြီး တချို့ကို ဘေးမှာ အရှည်လိုက်ချထားပါတယ်။ အဝါရောင်အဝတ်က မလှတော့ပါဘူး။ အလှဆင်ထားတဲ့ စိန်ပွင့်တွေ ပန်းတွေက ဟောင်းပြီး အရောင် မှိန်လှပါပြီ။

သူ့ရဲ့ ကြောင်ပြီး အားငယ်နေပုံပေါ်တဲ့ မျက်လုံးတွေနဲ့ အကြာကြီး စိုက်ကြည့်ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိတဲ့အချိန် ကျွန်မ သူ့ရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက် ပါတယ်။ သူ ကျွန်မဆီကနေ မျှော်လင့်နေတာကို ကျွန်မ အရင်ဆုံး ထည့်ပေးလိုက်ရင်းပေါ့။ ဗမာငွေ တစ်ထောင်ဆိုတာ ရှင်တို့လည်း တတ်နိုင်ပါတယ်။

“ကျေးဇူးတင်ပါတယ်”

ဆိုတဲ့ စကားလုံးတွေကို လေသံ အနိမ့်အမြင့် တစ်မျိုးနဲ့ ပြောလာတော့ ကျွန်မနားထဲမှာ ဆန်းပြားပြီး သူ့ကို ငေး ကြည့်နေမိပါသေးတယ်။ ကျွန်မတို့ ဘာသာစကားလိုပဲ ရင်ထဲကလာတဲ့ ဂီတသံနဲ့ သူတို့ ပြောကြတာပဲလေ။ (ရင် ထဲကနေ လာသယောင် ဟန်ဆောင်လုပ် ပြောတာတွေကို အခု ခဏလောက် မေ့ထားပေးပါဦး)။

သူ့ကို ဒီအနေအထားမျိုးနဲ့ ဆက်ကြည့်နေရတာ ရိုင်းတယ်လို့ ထင်မိတော့ ကျွန်မ အားနာပြီး မတ်တတ် ထ,ရပ်လိုက်တယ်။ အဲ့ဒီအချိန် ကြာပန်းစည်းတွေ ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက် ကျွန်မဆီကို ချဉ်းကပ်ဖို့ ကြိုးစားနေပါပြီ။

ကျွန်မ ဒီအမျိုးသမီး ရှေ့က မခွာရက်နိုင်တာ ဘာကြောင့်လဲ ကျွန်မ သိတယ်။ ဒါကြောင့် ကျွန်မက သူတို့ အထင်မှာ သိပ်မရိုင်းလောက်ဘူးလို့ ယုံကြည်ရတဲ့ ကိုယ်ဟန်မျိုးနဲ့ အရုပ်မလေးကို လက်ညှိုးထိုးပြမိပါတယ်။ ခြောက်သွေ့စ သူ့မျက်လုံးတွေက ကျွန်မ အပြုအမူကို အဓိပ္ပာယ်ဖော်နေပါပြီ။ ပန်းသည်မလေး ရပ်ကြည့်နေတာကို သိနေရင်းကပဲ ကျွန်မ ခွင့်တောင်းလိုက်ပါတယ်။

“Could I look at this just for a minute?”

ကျွန်မရဲ့ ကောင်းမွန်တဲ့ အပြုံးနဲ့ ကိုယ်ဟန်ပြမှုကြောင့် သူ ကျွန်မရဲ့သဘောကို နားလည်သွားတဲ့အခါ ကျွန်မ ပျော်မိတာပဲ။ သူက သူ့အရုပ်ကို ကျွန်မဆီ လှမ်းပေးပါတယ်။ ရှင်တို့ သိလား။ ကျွန်မ ဒီရုပ်သေးရုပ်ကို ကိုင်မိတော့ ကျွန်မရဲ့ နှလုံးနံရံတွေ နွေးပြီး သွေးတွေ ပူလာတာကိုလေ။

ဒီလို ခံစားရသတဲ့လား။ ဘယ်လောက် ဆန်းကြယ်သလဲ။ ဒီတော့ ကျွန်မက ဆုံးဖြတ်ချက် မြန်သူပါ။ ကျွန်မ သူ့ကို အလေးအနက် တစ်လုံးချင်း မေးလိုက်ပါ တယ်။

“Could I buy this puppet? ဘယ်...လောက်လဲ”

ကျွန်မ သုံးလေးခါ ထပ်ပြီး ပြောနေတော့ သူက သဘောပေါက်ဖို့ ကြိုးစားနေရာကနေ နားလည်သွားပါတယ်။ အဲ့ဒီအချိန် ပန်းရောင်းတဲ့ မိန်းကလေး ကျွန်မတို့ အနားကို ရစ်ဝဲရောက်လာပါ ပြီ။ သူကတော့ စောစောကလို ဖျော့တော့မှေးမှိန်တဲ့ မျက်လုံးတွေနဲ့ မဟုတ်တော့ပါ ဘူး။ စူးရှတဲ့ နေရောင်မျက်လုံးမျိုးနဲ့ ကျွန်မကို ကြည့်ပါတယ်။ သူ ကျွန်မကို ဒေါသထွက်ပုံ မရတာတော့ သေချာသိပါတယ်။ သူက ခေါင်းကို သိသာအောင် ခါပြတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်မ လက်ထဲက အရုပ်လေးကို ထ, ဆွဲလုလိုက်ချင်ဟန်ရှိပါတယ်။

ကျွန်မက ဘေးမှာ ပြုံးရပ်နေတဲ့ ကောင်မလေးကို ပြုံးပြီး ပခုံးတွန့်ပြမိတယ်။ မရပါဘူး။ ကျွန်မတော့ ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်နိုင်ခင်မှာပဲ အတားအဆီး မဲ့နေပါပြီ။ ဒီကိစ္စမှာ ကျွန်မ နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး ရမ်းကားလိုက်လို့ ရမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ သူ့ရှေ့မှာ ပြန်ထိုင်လိုက်တယ်။

“Flower, lotus Flower, Please buy, Lady?”

ကျွန်မဘေးမှာ ကုန်းကုန်းကွကွ လာမေးနေတဲ့ ကောင်မလေးကို ကျွန်မ စိတ်အနှောင့်အယှက်တော့ မဖြစ်သေးပါဘူး။ ပြီးတော့ အဲ့ဒီ ကောင်မလေးကို မရှိသလို မေ့ထားပြီး နေလိုက်ဖို့အထိ လက်ထဲက ရုပ်သေးရုပ်လေးက ဆွဲဆောင်နိုင်ပါတယ်။

“One Thousand, Flower, Lotus Flower Lady, you are beautiful”

ရယ်ရတယ်။ ကျွန်မ ခေါက်အိတ်လေးထဲကို ငွေ စက္ကူနှိုက်နေတာမြင်တော့ ကောင်မလေး အားတက်ပြီး အော်နေတယ် ထင်တာပဲ။ ကျွန်မ မြန်မာငွေတွေ နှိုက်ယူနေတာ မှန်ပါတယ်။ ဒါပေမဲ့ ပန်းဝယ်ဖို့ မဟုတ်တာ ကလေးမ သိဖို့ ကောင်းပါတယ်။ ဆိုလိုတာက သူ့အပေါ် ကျွန်မ စိတ်ဝင်စားဟန် မပြမိသေးဘူး မဟုတ်လား။ ကျွန်မ အာရုံက ရုပ်သေးရုပ်နဲ့ သူ့ပိုင်ရှင်ဆီမှာ ရှိနေတာပါ။

ကျွန်မ တစ်သောင်းတန် တစ်ရွက်ကို အဲ့ဒီ မိန်းမဆီ လှမ်းပေးလိုက်တယ်။ ပန်းသည်မလေး အသံတိတ်သွားပါတယ်။ အဆင်ပြေပုံ မရတဲ့ သနားစရာ အမျိုးသမီးကတော့ သူ့လက်ကို မဖြန့်တော့ပါဘူး။ ဒူးခေါင်းပေါ်တင်ပြီး လက်သီးဆုပ်ထားလိုက်ပါသေးတယ်။ ကျွန်မကိုလည်း မျက်လုံးပြူးပြီး ခေါင်းခါပြနေပါတယ်။

“No... No... မရောင်း ဘူး၊ No Buy... No Buy” 

အသံက မနူးညံ့ပါဘူး။ ငိုပြီးခါစမို့ အသံက တင်းသလိုတောင် ဖြစ်နေပါတယ်။ သူ မရောင်းဘူးဆိုတာ ကျွန်မ သိသွားပေမဲ့ ကျွန်မ အရှုံး မပေးချင်ပါဘူး။ ကျွန်မ ဒီ အရုပ်မလေးကို ဝယ်ရမှ ဖြစ်ပါတော့မယ်။ တခြား ရုပ်သေးရုပ်တွေ မရချင်ပါဘူး။ တကယ်ဆို သူက ဗမာပြည်ကပဲ။ သူ တောက်ပတဲ့ အသစ်တစ်ခု အစားပြန်ဝယ်နိုင်အောင် ကျွန်မ ပေးနေပြီပဲ မဟုတ်လား။

သူ့ အကြည့်တွေကြောင့် နေရောင်အလင်းစက်တွေက အပ်ဖျားတွေလိုမျိုး ကျွန်မကို လာစူးနေတယ်လို့ ခံစားနေရပါပြီ။ ဘေးက ဒေသခံတွေ ကြည့်နေသလား မသေချာပေမဲ့ သူတို့ကို ဂရုမစိုက်မိဖို့ ကျွန်မ ကြိုးစားပါတယ်။အခုထိ ရပ်နေတဲ့ ပန်းသည် မိန်းကလေးကိုလည်း ထွက်သွားစေချင်ပါပြီ။ ကျွန်မကို ဒီ အရုပ်လေး အမြန်ရောင်းပေးမှ ဖြစ်ပါလိမ့်မယ်။

“Please, I do wanna buy madam. Please how much is it? OK? ဘယ်... လောက်လဲ။ ဘလောက်လဲ”

သူက စိတ်ပျက်စရာ သံပတ်ရုပ်လို ခေါင်းခါနေဆဲ။ ကျွန်မ နောက်တစ်ရွက် ထပ်ထုတ်လိုက်တယ်။ အလောတကြီး ပြုံးပြပြီး သူ့လက်ထဲကို ထည့်ပေးဖို့ လုပ်တယ်။ သူက လက်သီးဆုပ် မဖြေဘူး။ ခေါင်းခါတယ်။ ဖြတ်သွားဖြတ်လာ လူနည်းနည်းက ကျွန်မရဲ့ ရူးသွပ်နေတဲ့ ပုံစံကို အလေးအနက် မရှိကြတာ ကံကောင်းပါတယ်။

“ကြီးကြီးရယ် ရောင်းလိုက်ပါလားဟင်။ နှစ်သောင်းဆို တန်နေပါပြီ”

ဒီမိန်းကလေး အဲ့ဒီ အမျိုးသမီးကို ပန်းမရောင်းတာ သိတဲ့ ကျွန်မက ကျွန်မနဲ့ ပတ်သက်ပြီး ပြောတာကိုလည်း အာရုံခံမိပါတယ်။ ဒီကောင်မလေး ကျွန်မဘက်ကလားဆိုတာ မသေချာပါဘူး။ ကျွန်မ ချက်ချင်းပဲ နောက်တစ်ရွက် ထပ်ထုတ်လိုက်ပါတယ်။ ပြုံးပြုံးလေးပါပဲ။

“No... မရောင်းဘူး။ ဒေါ်ကြီး မရောင်းနိုင်ဘူး။ ဒါ ဒေါ်ကြီးယောက်ျား ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ မင်္ဂလာပစ္စည်း”

သူ မျက်ရည်တွေ ကျလာပါပြီ။

“What did she say? Tell me, please” 

ကောင်မလေးကို လှမ်းမေးရတယ်။ ကျွန်မ နေရခက်ပြီး ကိုယ့်ကိုယ်ကို သနားလာမိတယ်။ သူ့ကိုလည်း နားမလည်ပေမဲ့ သနားလာတယ်ဆိုတာ ကျိန်ရဲပါတယ်။

သူက ကျွန်မလက်ထဲက အရုပ်လေးကို လာကိုင်ပါ တယ်။ ကျွန်မ ပူပန်ပြီး လွှတ်ပေးမိတယ်။ လွှတ်ပေးလိုက်တာနဲ့ ကျွန်မ ဝမ်းနည်းလာတယ်။ ကိုယ်ထဲက ကလီစာတွေ လေထဲ ရုတ်တရက် လွင့်ခါသွားတာနဲ့ တူတယ်။

“Her husband husband ma... mak...make is it wedding, ကျွတ် ... မပြောတတ်တော့ဘူး။ သူ့ယောက်ျား လုပ်ထားပေးတာ”

ရှုံ့မဲ့ပြီး ခုန်ဆွခုန်ဆွ ပြောနေတဲ့ ကောင်မလေးဆီကနေ အကူအညီ မရနိုင်မှန်း ကျွန်မ သိတာနဲ့ ငွေနှစ်ရွက် ထပ်ထု တ်လိုက်တယ်။ ကောင်မလေးက တစ်ခုခု ပြောသွားပြီး ပန်းဆိုင်ဘက် ထွက်ပြေးသွားတယ်။

ရှေ့က မိန်းမကို ကျွန်မ တောင်းပန်ပြီး ပြောနေမိတယ်။ ရောင်းပေးပါ။ ရောင်းပေးပါ။ အို... ကျွန်မ ရူးနေပြီပဲ။ မဟုတ်ရင် ဘာကြောင့်များ ဒီလောက်ရချင်သွားရတာလဲ။ ကျွန်မ သတိပြန်ကပ်မိတဲ့အချိန် သူ့ရဲ့ ထူးခြားမှုကိုပါ သတိပြုမိသွားပါတယ်။ သူ အရူးလို ခေါင်း မခါတော့။ သူ ငြိမ်နေတယ်။ ဒါ တွေဝေနေတာပဲ။ ကျွန်မ ဖိအားပေးလိုက်ဖို့ အကောင်းဆုံး အချိန်ပဲဆိုတာ ရှင်တို့ သိမှာပါ။

“Please, I really loved it. Please ”

ရှေ့က အမျိုးသမီး ကြည့်ရတာ ချက်ချင်း နေမကောင်းဖြစ်သွားပုံပဲ။ သူ ကျွန်မကို ကြည့်နေတာ မြင်ရတယ်။ သူ့အရုပ်လေး ကျွန်မကို ပြန်ပေးလာလို့ ကျွန်မ အဲ့ဒီ အခိုက်အတန့်ကို အခုထိ မမေ့တော့ဘူး။ သူ ဘာလုပ်သေးလဲ သိလား။ သူ ကျွန်မလက်ထဲက ငွေစက္ကူတွေကို ကြည့်တယ်။ ဪ... ကျွန်မ သဘောပေါက်ပါတယ်။

ရှင်တို့ မမျှော်ထားတာမျိုးတောင် ကျွန်မ လုပ်မိတဲ့ အထိ သူ့ကို ကျေးဇူးတင်ခဲ့တာပါ။ ကျွန်မ နောက်ထပ် ငွေတစ်ရွက်ပါ ထပ်ပေါင်းပြီး သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်လေ။

ကျွန်မ သိပ်ကျေနပ်ခဲ့တယ်။ တကယ်တော့ ဒီအရုပ်လေးကို ရမယ်ဆိုတာ ကျွန်မ သိနေပါတယ်။ ကျွန်မ သူ့ကို ကျေးဇူးတင်ပါတယ်လို့ ဘယ်နှခါပြောမိသလဲ မရေတွက်မိခဲ့ဘူး။ သူ ထပ်ငိုတာ ပျော်လို့ပဲဆိုတာ ကျွန်မ လောင်းရဲပါတယ်။ သူ့ကို နှုတ်ဆက်ပြီး လှည့်ထွက်တဲ့အချိန် ပန်းရောင်းတဲ့ ကောင်မလေးကို ပြန်မြင်ရတယ်။ ဘေးမှာ သူ့ အဖော်နဲ့ပေါ့။ သနပ်ခါးတွေနဲ့ သိပ်လှနေကြတာပါ။

“Are you OK? What can I help you?”

ကျွန်မ ဘာအကူအညီမှ မလိုတော့တာ သိသာနေတာပဲလေ။

“Fine, thank you” 

လို့ ပြောပြီး ကျွန်မ သူတို့ကို လက်ပြခဲ့တယ်။ ကျွန်မ လျှောက်ထွက်လာရင်း Bye လို့တောင် အသံတိုးတိုး ထွက်သွားပါသေးရဲ့။ လက်ထဲက ရုပ်သေးရုပ်ကိုကြည့်ပြီး တားမရအောင် ပြုံးနေရင်းပေါ့။ ကလေးမနှစ်ယောက် ကျန်ရစ်ခဲ့ပြီ။ ဟို အမျိုးသမီးရော အတူတူပါပဲ။ နောက်ဆုံး အနေနဲ့ သူ့ရှိုက်သံကို ကျွန်မကြားလိုက်ရပြီး-

“ဒေါ်ကြီး ယောက်ျား အတွက် အလှူလေး လုပ်ပေးချင်လို့ပါ။ သူ တမလွန်ကနေ သာဓု ခေါ်နေမှာပါကွယ်”

ဒါ ကျွန်မ နားမလည်ပေမဲ့ ကျွန်မကို ပြောနေတာ မဟုတ်တာတော့ သေချာပါတယ်။

••••• ••••• •••••

အခုက ကျွန်မဇာတိမြေ Cornwall ရဲ့ နေဝင်ချိန်လေးပေါ့။ ဒီနေ့ နေရောင်ကလည်း ကျွန်မရှေ့ ဝေးဝေးက ပင်လယ်ပြင်ကြီးကို အရောင်လှလှခြယ်ထားပါပြီ။ ကျွန်မတို့ရဲ့ ဥယျာဉ်ဟာလည်း နေရောင်ရဲ့ပါးလျတဲ့ သကာရည်တွေ ဆမ်းခံထားရပါတယ်။

ကျွန်မ ထိုင်နေတဲ့ စာကြည့် ခန်းထဲကနေဆိုရင် ညနေရဲ့ လေပြည်ကို ရှင်တို့ ခံယူနိုင်တယ်။ ပြီးတော့ အံ့သြစရာ နေရောင်ရှုခင်းကို ကင်မရာနဲ့ ဖမ်းယူထားနိုင်ပါသေးတယ်။

ဟောဟိုမှာက ကျောက်ဆောင်တွေပါ။ ပင်လယ်ထဲမှာ လှိုင်းလုံး စီးနေတဲ့ သူတွေ အခုထိ ရှိပါသေးတယ်။ ကျွန်မ မြေးတွေ အပါအဝင်ပေါ့လေ။ ရေက ကျွန်မတို့လို လူအိုမကြီးတွေအတွက် ရေခဲရိုက် ငါးတွေလို ဖြစ်သွားစေမှာ သေချာပါရဲ့။

တော်ပါပြီ။ ကျွန်မ ဆိုတာ နေရောင်အောက်က အလှတရားတွေကို ဂရုစိုက်ချိန်ရနေတဲ့ သာမန်မိန်းမပါပဲ။ ဒါကြောင့် ငေးကြည့်ရတာနဲ့တင် လုံလောက်ပါပြီ။ ကျွန်မ ယောက်ျားကလည်း ဒီလိုလေး ငေးကြည့်အနားယူနိုင်အောင် ဒီနေရာလေးကို ဖန်ဆင်းပေးခဲ့တာ မဟုတ်လား။ ဒီလိုဆိုတော့ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးကို ပိတ်လိုက်ပြီးရင် ကျွန်မမှာ လုပ်စရာ ဘာမှ မရှိတော့သလိုပါပဲ။

ဟော.. ခြေသံတွေပါလား။ ကျွန်မ အခန်းတံခါးဝဘက် အရင်လှည့်ထားလိုက်ပါဦးမယ်။ တံခါးဝရဲ့ ညာဘက်နံရံပေါ်မှာ ဗမာပြည်ကနေ ဝယ်လာတဲ့ အဝါရောင် မင်းသမီးရုပ်လေးက လှလှလေး ငြိမ်သက်နေလေရဲ့။ ကျွန်မယောက်ျားက ဒီအရုပ်တွေအကြောင်း ကျွန်မကို အများကြီး ပြောပြထားပြီးပါပြီ။ ဒီအရုပ်လေးရဲ့ နွေးထွေးမှု ပေးနိုင်စွမ်းကိုတော့ သူ မခံစားမိပါဘူးတဲ့လေ။ ကျွန်မတော့ ဒီအရုပ်မလေးကြောင့် ခုထိ နွေးထွေးဆဲပါပဲ။ ကျွန်မ ချစ်တယ်။

ဟော... တံခါး,ဆီကို ခြေသံတွေ နီးလာပြီ။ ကျွန်မယောက်ျား ဒီထဲ ဝင်လာမှာ သေချာပါတယ်။ သူက သူ့မြေးတွေ လှိုင်းစီးတာကို သွားစောင့်ရှောက်နေတာလေ။

သူ လာရင် ကျွန်မနှုတ်ခမ်းကို အနမ်းတစ်ချက် ခြွေပါလိမ့်မယ်။ အဆင်ပြေရဲ့လားလို့ မေးလိမ့်မယ်။ငယ်ငယ်ကလို ရမ္မက်တွေနဲ့ ကြည်နူးချင်စိတ် သိပ်မပေါ်တော့ပေမဲ့ သူနဲ့ ခုတင် တစ်ခုတည်းမှာ ယှဉ်ပြီး အိပ်ပျော်ချင်ပါသေးတယ်။ မနက်ခင်း နေရောင်ကိုလည်း သူနဲ့ အတူ ကြည့်ချင်ပါသေးရဲ့။

▢  မိုးဦးနေ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဧပြီ ၊ ၂ဝ၂ဝ

ခဲလေသမျှ သဲရေကျ


❝ ခဲလေသမျှ သဲရေကျ ❞ 
    ▢ မျိုးနိုင် (တန့်ဆည်)

ကျုပ်တို့ ကျွဲဆွဲရွာမှာ ကိုရင်ကြီးလူထွက် ကိုကျော်သန်း ဆိုတာ ရှိတယ်။ သူဟာ ကိုရင်ကြီးလူထွက်ပီပီ ရသမျှ တရားစာတွေကို ညစဉ် ရွတ်ဖတ်လေ့ ရှိတယ်။ ထူးခြားတာက ရွာထဲမှာ နေအိမ်အသစ် ဆောက်ရင်ပဲဖြစ်ဖြစ်၊ ရေတွင်း အသစ် တူးရင်ပဲဖြစ်ဖြစ် ဘုရားစာ၊ တရားစာ အစုံအလင်နဲ့ နတ်ရေကန်ပွဲ တင်တတ်တယ်။ ကျွဲဆွဲရွာဟာ လမ်းဆုံနဲ့ ကပ်နေတာဆိုတော့ တစ်ခါတစ်ရံ လမ်းဆုံ မြို့ပေါ်ထိ နတ်ရေကန်ပွဲ လိုက်တင်ရတယ်။

အခုတော့ အရင်ကလို ကိုကျော်သန်း မဟုတ်တော့ပါဘူး။ အပေါင်းအသင်း မှားပြီး အရက်သမားလုံးလုံး ဖြစ်လာပါတော့တယ်။ အရွယ်ကလည်း ရလာ၊ အရက်သမားလဲ ဖြစ်လာ ဆိုတော့ မှတ်ဉာဏ်က အရင်ကလို မကောင်း တော့ဘူး။ ညရောက်ပြီဆို ပရိတ်ကြီးဆယ့်တစ်သုတ်ကို ကပေါက်တိ ကပေါက်ချာ ဟိုရောက် ဒီရောက် အရက်မူးသံနဲ့ အော်ဆိုတော့တယ်။ ဒါပေမယ့် သူ့ကို ယုံကြည်နေတဲ့ သူတွေကတော့ တစ်ခါတစ်ရံ နတ်ရေကန်ပွဲ တင်ဖို့ လာခေါ် တတ်ကြသေးတယ်။

တစ်နေ့ လမ်းဆုံ၊ မဟာမြိုင်ရပ်ကွက် အိမ်အသစ်ဆောက် ပန္နက်ရိုက်မှာ ကိုကျော်သန်း နတ်ရေကန်ပွဲ တင်ရတယ်။ ကန်တော့ပွဲကို လေထဲမှာ မြှောက်ချီပြီး ပါးစပ်က တတွတ်တွတ် ရွတ်နေတာကို သူ့သူငယ်ချင်း လက်သမားဆရာ ကိုဘခက် သေချာ ကြည့်ပြီး “ဒီကောင် ရွတ်နေတာ မရိုးသားဘူး၊ ညနေ အရက်မူးအောင် တိုက်ပြီး ငါ အစ်မေးကြည့်ရင် ဒီကောင် ပြောမှာ သေချာတယ်” လို့လည်း တွေးမိတယ်။

ညနေ လမ်းဆုံ မြနန်းတော်အရက်ဆိုင်မှာ ကိုကျော်သန်းနဲ့ ကိုဘခက် အရက်မူးကြတဲ့အခါ “ဟေ့ကောင်ကျော်သန်း၊ မင်းမနက်တုန်းက နတ်ရေကန်ပွဲ တင်ရာမှာ မင်း ပါးစပ်လှုပ်တာ မရိုးသားဘူး၊ ငါ့ကို အမှန်အတိုင်း ပြောစမ်း” လို့ ပြောတော့ ကိုကျော်သန်းဟာ အာလေးလျှာလေးနဲ့ “ဟုတ်တယ် ဘခက် ... ငါလည်း ဘယ်သူ သိတာမှတ်လို့ ဆိုပြီး တွံတေးသိန်းတန်ရဲ့ ပြေးကြိုတော့ ထွေးညိုသီချင်းကို ခေါက်ချိုးခေါက်ပြန် ဆိုနေတာပဲကွ” လို့ ဝန်ခံပါတော့တယ်။ 

တကယ်လို့ ကိုကျော်သန်းရဲ့ လုပ်ရပ် ကာယကံရှင်များသိသွားရင်တော့ ခဲလေသမျှ သဲရေကျ ဖြစ်ကြမှာ။ 

 ▢  မျိုးနိုင် (တန့်ဆည်)
📖 ရယ်စရာ မဂ္ဂဇင်း 
      ဇွန်လ ၊ ၂၀၁၅

ပါးစပ်ထဲက ကိုးဆယ်တန်ရောဂါ

❝ ပါးစပ်ထဲက ကိုးဆယ်တန်ရောဂါ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

မျက်စိအေးစရာ မြင်ကွင်းဟူ၍ ချောင်းဟိုဘက်ရှိ ရုံးပင်ရပ်အနီး ချောင်းတိမ်မှ ငှက်ပျောတောသာ ရှိသည်။ သည်ငှက်ပျောတောကို မျက်စိ အာရုံရောက်ရန် အရေးတွင် ပူလောင်သော တံလျှပ်မျှင်များ တလျှပ်လျှပ် တညီးညီးထနေသော စလင်းချောင်း ချောင်းပြင်ကို ဖြတ်ရသေး၏။ ထိုအခါ ရီးဆေးရိုးမှာ ပိုပြီး ပူလောင် အိုက်စပ်လာတော့၏။ ကဆုန် နယုန် ပီသလွန်းချေစွ။ ဆွေ့ဆွေ့ခုန်ရုံသာမက ရပ်တည် ချစရာ နေရာပင်မရှိ။ လူလည်း သိပ်မလှုပ်ဝံ့။ လှုပ်သည်နှင့် ချွေးစို့လာပြီ။ ချွေးစို့လာလျှင် အပူအအိုက်နှင့် အစပ်က ထက်ကြပ်ပါလာသည်။

ပူပါသည် အိုက်ပါသည်ဆိုကာမှ မိတ်က ပေါက်လိုက်သေး၏။ ပတ္တမြားကျောက်နီများ စီခြယ်ထားဘိသို့ ရင်ဘတ်တစ်ခုလုံး ရဲတွတ်နေသည်။ ခြေသလုံးမှ မိတ်များကား ကုတ်ရလွန်းသဖြင့် အနီရောင် မဟုတ်တော့။ အဖုအပိမ့်များလည်း မပီသတော့။ ပဲ့ရွဲ့ကာ အဖြူပြင်ကြီး ဖြစ်နေ၏။ ချွေးထွက်ပြီ ဆိုလျှင် မိတ်အပဲ့အနွဲ့များက ဦးစွာ စပ်ဖျဉ်းပြီ။ ရီးဆေးရိုးသည် မန်ကျည်းပင်ကြီးတွေကို မော့ကြည့်၏။ မန်ကျည်းပင်ကြီးတွေမှာ ပင်စည်ကလည်း ထွားကျိုင်းပါ၏။ ခက်လက်လည်း သွယ်မြိုင်ပါ၏။ သို့ဖြစ်ငြား အရိပ်လိုသော သည်အချိန်ကျခါမှ ရွက်ကြမ်းမရှိ။ မအုပ်၊ မစည်၊ မဝေမြိုင်၊ မဖားသိပ်၊ ပုရစ်နုကလေးတွေ ညှာချီ စသာ။

သို့ကြောင့် ရေနွေးကြမ်းအိုး၊ ဆေးလိပ်ခွက်နှင့် သပ်လက်စ လျှော်စည်းကိုပါ နွားတင်းကုပ်အရိပ်သို့ ရွှေ့ခဲ့၏။ အပူကား မသက်သာ။ မြေငွေ့ မှုတ်သည်။ နေရောင်ကို မြင်ရုံဖြင့် ပူအိုက်သည်။ အရေးထဲတွင် “ဂျီကျီကျီ” ဟူသော အသံဖြင့် ရင်ကွဲကောင် တစ်ကောင်က စတင်မြည်လိုက်ရာ တစ်ကောင်မှ နှစ်ကောင်၊ နှစ်ကောင်မှ သုံးကောင်၊ အို … ထပြေးချင် လောက်အောင် ညံစီလာပါတော့သည်။ သည်ရင်ကွဲကောင်အားလုံး အအော်ရပ်စေရန် သစ်ပင်ရှိသမျှ၏ ပင်စည်အကိုင်းများကို လိုက်လံရိုက်ပုတ်ရမည်။ ရှိပါ စေတော့၊ ရီးဆေးရိုး မတတ်နိုင်ပါ။ ရင်ကွဲကောင်များနှင့် အပြိုင်နွှဲနေသော အသံများရှိသေး၏။ အိမ်နှင့် နွားတင်းကုပ်ကြား အိမ်ရိပ်မှ အသံများ၊ ချွေးမ မလှမေနှင့် ရီးကျီးဒန်တို့ တစ်စုံတစ်ရာ ပြောနေသံများ။

“ဘာတွေများ မပြီးနိုင် မစီးနိုင် ဒါလောက် အကြာကြီး ပြောနေကြရတာပါလိမ့်” အတွေးဖြင့် ရီးဆေးရိုး နားစိုက်ထောင်၏။ ရီးဆေးရိုး နားမလည်ပါ။ ရီးကျီးဒန်၏ “အင်း” လိုက်သံ၊ တစ်ချက်တစ်ချက် ဝင်ထောက်သံများကို ရီးဆေးရိုး နားလည်ငြား၊ မလှမေ၏စကားသံကို ရီးဆေးရိုးနားမလည်။ လုံးဝနားမလည်။

“သူပြောတာက ကလေးတွေ ပြောသလို၊ သွား... ဘဒါးလည်း မဟုတ်ဘူး၊ ခေါက်ထားပါ။ လွန်တာပေါ့ ဆိုတာမျိုးလည်း မဟုတ်ဘူး၊ အင်း... ဘာများပါလိမ့်၊ တစ်ခုခုတော့ တစ်ခုခုပဲ”

သည်အတွေးဖြင့် ရီးဆေးရိုး ထပ်မံ အာရုံစိုက်ကြည့်၏။ နားမလည်သဖြင့် လက်လျှော့ကာ ချောင်းပြင်ဘက်သို့ အာရုံရောက်သွား၏။ ဖော်ဆဲ အာလူးခင်းများ၊ ဖော်ပြီးစ အာလူးခင်းများနှင့် ဖျက်သိမ်းစ၊ ပျက်ယွင်းစ သန်းသား စောင်ရန်းတန်းများ။

“သိပ်မိုးချုပ်ရင် လေနဲ့ မိုးနဲ့ ထမင်းမကျက်ဘဲ ဖြစ်နေဦးမယ်အေ၊ ထမင်းအိုး တည်ဦးမှ”

စကားဝိုင်းကို ရီးကျီးဒန်က သည်နှယ် နှုတ်ခမ်းသတ်လိုက်မှ မလှမေလည်း တစ်စုံတစ်ရာ မပီမသ ပြောကာ ထသွား၏။ ရီးကျီးဒန်လည်း အိမ်ပေါ်တက်ရန် ခြေလှမ်းပြင်လိုက်သဖြင့် ရီးဆေးရိုးမှာ ကမန်းကတန်း မေးရပေသည်။

“ဟဲ့ ကျီးဒန်၊ ညည့်ချွေးမ ဘာဖြစ်နေတာလဲ”

ရီးကျီးဒန်မှာ အလှုပ်အရွှေ့ ရုတ်ခြည်းတန့်လျက် “တော်” ခနဲ အော်ကာ ကြောင်စီစီကြီး ကြည့်နေမိလေ၏။ ရီးဆေးရိုး မေးပုံကလည်း ရီးကျီးဒန် နားမလည်စရာဖြစ်၏။ မလှမေတွင် မည်သည့် ရောဂါမျှ ကပ်ငြိမနေသည်ကို ရီးကျီးဒန် သိထားပေသည်။

“ညည်းကပါ ယောင်နန ဖြစ်နေပြန်ပြီကိုးအေ့။ ညည့်ချွေးမ စကားပြောတာ ငါဖြင့် တစ်လုံးမှ နားမလည်ဘူး။ အဲဒါကြောင့် ဘာဖြစ်နေတာလဲ မေးတာ”

ရီးကျီးဒန် ခဏ တွေသွားပြီးမှ ဖြေနိုင်၏။

“ရွှေသွားရောဂါလေတော်”

“ရွှေသွား”

“ဟုတ်ပါ့တော်၊ ရွှေသွားရောဂါပေါ့။ ရွှေသွား မစိုက်ခင်ကတော့ ဟိုမေး သည်စမ်းနဲ့ ရွှေသွားရောဂါ ထသတော်။ ရွှေသွား စိုက်ပြီးသွားပြန်တော့ ရွှေသွား ရှိတဲ့ရောဂါ ပေါ်လာပြန်တာပေါ့တော်”

ရီးဆေးရိုး ခေါင်းညိတ်မိသည်။ ရီးကျီးဒန်မှာ အိမ်ပေါ်သို့တက်မည့် ခြေလှမ်းကို ရုပ်ကာ ရီးဆေးရိုး ရှေ့သို့ လာထိုင်ပြီး ရေနွေးတစ်ခွက် ငှဲ့သောက်၏။

“တော်ကမှ မသိကိုး၊ ရွှေသွားစိုက်လာတဲ့နေ့က လင်မယား သ,တ်လိုက်ကြတာ ဝုန်းဒိုင်းကြဲနေတာပဲ။ ကျုပ်က တော်သိလောက်ပြီ ထင်လို့ မပြောတာ”

“ကလေးမှ မဟုတ်တော့တာဟာ၊ ရပ်ကျော်ရွာကျော် ရန်ဖြစ်ဖို့ မကောင်းတော့ပါဘူး”

ရီးဆေးရိုးက ကြားစကားပြောသော်ငြား ရီးကျီးဒန် ကြားစကား မပြောနိုင်ပါ။

“မသိခိုး မမြင်ခိုး လုပ်တာကိုး တော်ရဲ့။ ကျွန်ကြီး ငနွားလုပ်ရတဲ့ လင်သားကို အသိမပေးဘဲ၊ နှမ်းတစ်တင်း ခိုးရောင်းလို့ရတဲ့ ပိုက်ဆပ် (ပိုက်ဆံ)နဲ့ ရွှေသွား စိုက်သတဲ့။ ဒါ လူလေး အလွန်မှ မဟုတ်တာ”

“သြ… သြ၊ ဒါကြောင့် စကားမပီတာကိုး”

ရီးဆေးရိုးသည် သွားမရှိတော့သော သွားဖုံးကြီးတွေ  ပေါ်လာအောင် ရယ်မော၏။ မလှမေတို့ ရွှေသွား စိုက်ကြခြင်းမှာ သွားကျန်းမာရေးနှင့် မည်သို့မျှ မပတ်သက်ပေ။ အလှစိုက်ကြခြင်းသာ ဖြစ်၏။ ရွှေသွား ရှိလျှင် လှသည်ထင်သောကြောင့် ရွှေသွားစိုက်ထားသူသည် ထိုလှပသောအရာကို လူ မြင်စေရန် ပြသရပေတော့မည်။ ထိုအခါ အမေမွေးစဉ်က နှုတ်ခမ်းနှစ်လွှာ စေ့ပိတ်နေခဲ့သူများမှာ ရွှေသွားစိုက်မိသည်နှင့် ပါးစပ် ပြဲလာသည်။ ပင်ကို ပါးစပ်ပြဲသူများမူ ဆိုဖွယ် မရှိတော့။

ညိုတိုတို နှုတ်ခမ်းနှစ်လွှာကြားမှ ဝင်းခနဲ လက်လိုက်သော ရွှေသွားကလေးသည် လှ၏။ ထိုရွှေသွားကလေးဖြင့် ကွမ်းဝါးထားဆဲတွင် မြင်ရပါက တစ်မျိုးလှ၏။ ရွှေသွားလေး မပေါ့်တပေါ်ပဲ ပြုံးပြုံး၊ အားရပါးရပဲ ရယ်ရယ် သည်ရွှေသွားကလေးကြောင့် ပို၍ လှသည်။ သူတစ်ပါးထက် ထူးပြီး လှသည်ဟု မလှမေတို့ ယုံကြည်၏။ သို့ကြောင့် လင့်အထုအရိုက်၊ အကန်အကျောက်ခံပြီး စိုက်ထားသော ရွှေသွားကို နှုတ်ခမ်းလွှာဖြင့် ဖုံးမထားနိုင်ပေ။ သူခိုးရွှေရ တပြပြဟု ကျီစယ်သူက ကျီစယ်ငြား မလှမေ ရွှေသွားဖော်မိ သည်။ ရှေးကထက် ပိုလှသည်လည်း ထင်၏။ ရွှေသွားကို ဖော်ရသောကြောင့် နှုတ်ခမ်းနှစ်လွှာသည် အလိုလို ဟပြီးသား ဖြစ်သွားလေသည်။ ထိုဟထားသော နှုတ်ခမ်းဖြင့် ရွှေသွားကလေး အပေါ်မပျက်စေဘဲ စကားပြောရာ မည်သို့လျှင် စကားပီသတော့မည်နည်း။

မလှမေသည် သူ့စကား မပီသဟု သိ၏။ သတိထားမိ၏။ စကားပီသစေရန် ကြိုးစားသော်ငြား နှုတ်ခမ်းနှစ်ခုမှာ ကောင်းကောင်း မထိချင်။ စကားလည်း မပီပြင်။ သူ့ချွေးမ စကားမပီသည်မှာ တစ်လကျော်ခဲ့ပြီ။ ရီးဆေးရိုးမူ ယနေ့မှ ကြုံသဖြင့် ချွေးမအဖြစ်ကို သိကာ ပြုံးရ ရယ်ရသည်။

“အေးပေါ့ဟာ၊ လူလေးကို ပြောလည်း လူလေးက သဘောတူမှာမှ မဟုတ်ဘဲကိုးဟ။ နှမ်းတစ်တင်းဖိုးကြီးတောင်ဆိုတော့”

ရီးကျီးဒန် အပြောရ ခက်သွားသည်။ ရီးကျီးဒန် ပြောချင်သည်က ချွေးမအတင်း။ ရီးဆေးရိုး ပြောသည်က စာနာစကား။

“ငါ နားမလည်တော့ ညည့်ပဲ မေးရတော့မှာပဲ။ တတွတ်တွတ်နဲ့ ဘာတွေ ပြောကြတာလဲ”

ကောက်ကာငင်ကာ မေးလိုက်ရာက ‘ကာ’ နေသော ဆေးလိပ်အကာကို တဂျွမ်းဂျွမ်းမြည်အောင် ချိုးဖဲ့ပြီးနောက် မီးညှိ၏။

“သူ့ရွှေသွားကို ရွာထဲက လူတွေသဘောကျတဲ့ အကြောင်း၊ သွားနာတာကို လူလေး သိရင် ဆူမှာစိုးလို့ မြုံထားရတဲ့အကြောင်း စုံလို့ပါပဲတော်”

ရီးကျီးဒန့်စကားအဆုံးတွင် “အီး” ခနဲ အသံပေးကာ ရီးဆေးရိုး ထသွားသဖြင့် ရီးကျီးဒန်လည်း အိမ်ပေါ်သို့ တက်ခဲ့ရလေ၏။

••••• ••••• •••••

၂

“သမီးလည်း ရွှေသွားစိုက်ချင်တယ် အမေကြီး”

“အလိုလေးတော်”

မြေးမ၏ စကားအဆုံးတွင် ရီးကျီးဒန်သည် မျက်လုံးပြူး၊ မျက်ဆန်ပြူးဖြင့် ကိုယ့်ရင်ဘတ်ကို လက်ဝါး ဖြင့် ဗုန်းခနဲမြည်အောင် ပုတ်လိုက်လေ၏။ သူတို့ မြေးအဖိုး တစ်တွေသည် လူတစ်ရပ်ကောင်းစွာ မလွတ်သော အိမ်အောက် ဝင်နေကြသည်။ သည်နေရာထက် အပူသက်သာသောနေရာသည် မရှိတော့၍ ဖြစ်သည်။

အိမ်အောက်တွင်နေခိုရင်း အလုပ်လုပ်ရန် ရီးကျီးဒန် သယ်ယူလာသော မန်ကျည်းသီးများကို ရီးဆေးရိုးလည်း ဝင်ထုသည်။ ထုသည် ဆိုခြင်းမှာ အစေ့ ထုတ်ခြင်းဖြစ်၏။ အပြားကြီးသော ကျောက်ခဲပေါ်တွင် အခွံချွတ်ပြီးသား မန်ကျည်းသီးကို ဒေါင်လိုက် တုံးလုံးလှဲကာ တုတ်ဖြင့် ခပ်ဆဆ ရိုက်သည်။ အစေ့အိမ် တစ်နေရာကွဲလျှင် နောက်တစ်အိမ် ပြောင်းရွှေ့ ထုရိုက်သည်။ အစေ့အိမ်အားလုံး စုံစေ့သောအခါ အစေ့ကို ထုတ်ပစ်ပြီး အသားကို ဇလုံထဲ ပစ်ထည့်သည်။

ရီးဆေးရိုးဘေးတွင် မန်ကျည်းသီးခွံတွေ၊ မန်ကျည်းစေ့တွေ ပြန့်ကျဲနေ၏။ မန်ကျည်းတောင့် အောက်က ခံသော ကျောက်ပြားတွင်ရော၊ ထုရိုက်သော တုတ်မှာပါ မန်ကျည်းနှစ်တွေ ခဲလျက် ထုတက်နေ၏။ အမေကြီးနှင့် ဘတို့ တစ်ခုခု လုပ်ပြီဆိုလျှင် မြေးတွေ ရောက်လာစမြဲ။ ထိုတစ်ခုခုသည် စားစရာ မဟုတ်ချေသော် တဖြည်းဖြည်း လူစုကွဲသွား၏။ စားစရာ ပါလျှင်ကား သူ့ထက်ငါကောင်း ဝိုင်းကူကြတော့သည်။ သည်မန်ကျည်းသီးထုသော ဝိုင်းတွင်လည်း မြေးတွေ ခဲနေ၏။ သရေစာကို အလျှံပယ် စားနိုင်သူများအတွက်မူ မန်ကျည်းသီးသည် သရေစာ မဟုတ်ငြား၊ မချောစိန်၊ မလှမေ နှစ်မိပေါက်တို့ အတွက်မူ မန်ကျည်းသီးသည် သရေစာ ဖြစ်နေချေသည်။ ဟန်ဆောင်ပန်ဆောင် မန်ကျည်းသီး ဝင်ထုရင်း ရှုံ့ကာ မဲ့ကာ စားသူစား၏။ အမေကြီး မသိအောင် ဆားတက် ယူပြီးမှ တို့စားသူ စား၏။

“ခက်တော့တာပဲ၊ နှမြောလို့ ပြောတာ မဟုတ်ဘူး၊ နေကပူပူနဲ့ ဒေါ်ပါပြီး သေကုန်တော့မှာပဲ၊ ဟဲ့ ကလေးတွေ”

ရီးကျီးဒန်သည် စိုးရိမ်တကြီးဖြင့် အော်ငေါက်သည်။ တွေ့ ရာဖြင့် လှမ်းပစ်သည်။ မြေးများ ငြိမ်ဝပ် ဟန်ဆောင် နေကြကာ အမေကြီး လစ်မှ စားမြဲစားကြပြန်သည်။ သည်အထဲတွင် ငတက်ပြားမက သူတော်ကောင်း။ မန်ကျည်းစေ့ တောက်တမ်း ကစားရာသို့လည်း မဝင်၊ မန်ကျည်းသီးလည်း မစားဘဲ မန်ကျည်းသီးကိုသာ အာရုံစိုက်ပြီး ထုနေ၏။ သို့ကြောင့် သူ့ကို ဘရော အမေကြီးပါ သဘောကျနေသည်ကို အခွင့်ကောင်းယူကာ ရွှေသွားစိုက်ရန် ပူဆာခြင်း ဖြစ်ပေ၏။ ရီးကျီးဒန် သူ့ရင်ဘတ်သူ လက်ဝါးဖြင့် ပုတ်ကာ မြေးမအား မျက်လုံးပြူးပြီး ကြည့်နေစဉ် ရီးဆေးရိုးက အပြုံးဖြင့် မေးသည်။

“သမီးက ဘာပြုလို့ ရွှေသွားစိုက်ချင်ရတာလဲ၊ ဘ ပြောစမ်း”

“လှအောင်လို့ပေါ့ ဘရဲ့”

ရီးဆေးရိုးသည် နှစ်ခြိုက်စွာ ပြုံးလိုက်ရင်း “ငါ့ မြေးက ရွှေသွား မပါဘဲ လှပါတယ်” ဆိုသည်။

“ငယ်သွားမှ မလဲသေးတာတော်”

“ငယ်သွား လဲပြီးပါပြီ၊ အမေကြီးကလဲ”

ငတက်ပြားမက သွက်လက်စွာ ချေပလျှင် ရီးကျီးဒန်မှာ သူတစ်ပါး၏ စကားကိုပင် သံယောင်လိုက်ရတော့၏။

“ဟုတ်သားပဲ၊ ငါ့မြေးက ရွှေသွား မပါဘဲကို သိပ် လှတာတော့်”

“ရွှေသွား မပါဘဲနဲ့ သိပ်လှရင် ရွှေသွားနဲ့ဆို ပိုလှမှာပေါ့ အမေကြီးရ၊ နော်... ဘ”

ရီးကျီးဒန် အပြောရ ခက်သွားသည်။ ရီးဆေးရိုးမူ ရင်ဘတ်မှ ချွေးစေးကြောင်းကို သပ်ချလိုက်ရင်း “သမီး ဒွေးလေးလှမေ ရွှေသွားစိုက်တာ အားကျထင်ရဲ့၊ ဟုတ်လား” မေးသည်။

ငတက်ပြားမက နားသန်သီးကလေး ခါသွားအောင် ခေါင်းညိတ်ပြသည်။

“ဒီလိုဆိုလည်း မြေးရယ်၊ ညည့်ဒွေးလေးလှမေ ရွှေသွားစိုက်တာ ဘယ်လောက်လှလဲ၊ သွားကြည့်ချေပါဦး”

“အိုတော် နေပူကြီးထဲ”

“ညည်း မသိပါဘူး ကျီးဒန်၊ သွားပါစေ။ ရော့.. ရော့၊ ဘပုဆိုးကို ခေါင်းဆောင်းသွား”

••••• ••••• •••••

ငတက်ပြားမသည် ဘ၏ ရည်ရွယ်ရင်းကို မသိပေ။ ဘပေးလိုက်သော ချွေးစော်နံသည့် ပုဆိုးစုတ်ကြီး ခေါင်းပေါ်တင်လျက် နေပူကျဲကြီးထဲသို့ ဘောက်ဆတ် ဘောက်ဆတ်ဖြင့် ထွက်လာသည်။

မလှမေတို့အိမ်သည် ခြေတံရှည်အိမ်ဖြစ်သည်။ အိမ်အောက်တွင် ပြောင်းဖူးတောင့် အခြောက်တွေကို တန်းပစ်ကာ ချိတ်ထားသည်။ အသီးမှည့် တန်းလန်းနှင့် ခရမ်းချဉ်ပင် အတော်များများကိုလည်း ထိုနည်း နှင်နှင် ဆွဲထားသည်။ မြေပေါ်တွင်ကား ကိုင်သူ ဝေးနေသော မြေအိုးများ၊ အဝတ်အုပ်လျက် တချို့၊ ပိုးလိုးပက်လက် တချို့။ အဝတ်အုပ်ထားသော အိုးများ ဘေးတွင် ဆင့်ကွပ်ပျစ် တစ်ခုရှိသည်။ အိမ်တိုင်တွင် ကပ်ပြီး ရိုက်ထားသော လူကြီးပေါင်လယ်သာသာ မြင့်သော စင်ဖြစ်သည်။ ဆင့်ပေါ်တွင် ဘဒွေးသည် တခေါခေါ ဟောက်လျက် နှစ်ခြိုက်စွာအိပ်ပျော်နေငြား၊ ဒွေးလေးမူ ဆင့်ရှေ့ရှိ ထန်းသားပက်လက်ကုလား ထိုင်ပေါ်တွင် မျက်နှာကို တဘက် (ခေါင်းပေါင်းစောင်) အုပ်လျက် ညည်းတွားနေ၏။

ငတက်ပြားမသည် ထန်းသား ပက်လက်ကုလားထိုင်ဘေးသို့ ချဉ်းကပ်လာသည်။ ကုလားထိုင်နှင့် နီးသော ဆင့်ပေါ်တွင် ဆေးထုပ်များရှိသည်။ မီးအုံးထားသော မရိုးသီးလည်းရှိသည်။

“ဒွေးလေး သွားနာလို့လားဟင်” "

မီးအုံးထားသော မရိုးသီးသည် သွားနာနှင့် ပတ်သက်သည်ဟုသိသောကြောင့် ထိုသို့မေးခြင်း ဖြစ်၏။ မလှမေသည် တဘက်ကို ဖွင့်ရုံမျှ ဖွင့်ကြည့်သည်။ လည်ပင်းနှင့် ပါးတစ်ခြမ်းတွင် ဆေးလိမ်းထားရာ ဖြူတူတူ၊ ဝါလျော်လျော် အပြင်ကြီးဖြစ်၍ အချို့နေရာ၌ ပပ်ကြားထလျက်ရှိသည်။

“အငယ် ဘာလဲဟင်”

မလှမေက ပင်ပန်းစွာ မေးသည်။

“အလည်လာတာပါ ဒွေးလေးလှရဲ့၊ ဘာမှ မဟုတ်ပါဘူး”

“အေးအေး၊ သွားဖုံးကလည်း ရောင်၊ သွားကလည်း ကိုက်၊ ပါးရိုးတွေ မျက်ရိုးတွေကလည်း ကိုက်နဲ့၊ ဘာဆေးနဲ့မှ မပျောက်ပါဘူးအေ”

“ကျုပ် နှိပ်ပေးမယ်နော် ဒွေးလေး "

“နေပါစေ သမီးရယ်၊ ညည့်အစ်ကိုတွေ၊ မောင်လေးတွေကိုသာ အရိပ်ထဲမှာ ကစားဖို့ ပြောလိုက်ပါ။ ကဲ သွား သွား”

မလှမေသည် မျက်နှာပြန်အုပ်လျှင် မိမိထွေးလည်း အပြေးထွက်လာခဲ့သည်။ နေသည် ကျွတ်ကျွတ်ဆူအောင် ပူနိုင်လွန်းသည်။ တစ်ရွာလုံးမှာ အပူဒဏ် အောက်တွင် သတ္တဝါကြီးတစ်ကောင် ကုန်းခံနေသည့် အလား ငြိမ်ဝပ်နေ၏။ တောင်ဘက် သရက်အုပ်များ ဘက်မှ သာယာသော ဥသြတွန်သံကလေး တစ်ချက် တစ်ချက် ပေါ်လာသောကြောင့်သာ တော်တော့သည်။ နေပူထဲမှ ပြေးဝင်လာသော ငတက်ပြားမအား ရီးကျီးဒန်သည် မျက်ခွံရှုံ့ကာ လှမ်းကြည့်နေ၏။ သူ့ကိုယ်စား ကြားက ပူသည့်သဘောပင်။

“တွေ့ခဲ့လား”

ငတက်ပြားမ ခေါင်းညိတ်သည်။

“လှကော လှလား”

“ဘယ်လိုလုပ်ပြီး လှမလဲ ဘရဲ့။ သွားကိုက်၊ သွားဖုံးရောင်လို့ ညှော်ခံမြစ် သွေးလိမ်းထားတာ၊ စောင်အုပ်ထားလို့ သေသေချာချာတောင် မမြင်ခဲ့ရပါဘူး”

“အဲဒါ ရွှေသွားကြောင့်ဖြစ်တဲ့ ရောဂါပဲ သမီးရေ”

“အမယ်၊ တော်က တော့်ချွေးမ အဲဒီလို ဖြစ်နေတာ ဘယ်လို လုပ်ပြီး သိနှင့်ပါလိမ့်” ဟူသော အမေးသည် ရီးကျီးဒန်ပင် မလှမေသတင်းကို ယခုမှ သိသည် ဝန်ခံခြင်း မည်ပေ၏။

“ညည့်သား မရိုးသီး ခူးလာတာကို လယ်ပြင် သွားရင်း တွေ့ ခဲ့လို့ပါအေ”

“အဲဒါနဲ့ပဲ ရွှေသွားစိုက်လို့ ဒီလိုဖြစ်တာ ပြောရရောလား”

“အဲဒါကတော့အေ ညည်းလည်း ချွေးမတော်တယ်၊ ငါလည်း ချွေးမတော်တယ်၊ အဲဒီ ကိုယ့်ချွေးမရဲ့ သွားကို တစ်ခါမှ မကြည့်မိဘူးလား”

“ဟင့်အင်း” သံဖြင့် ရီးကျီးဒန် ခေါင်းခါပြ၏။

“ညည့်ချွေးမက သွားဆုတောင်း ကောင်းတယ်။ သွားလေးက ညီနေပြီး စေ့နေတယ်။ အေး သွားစိုက်တယ်ဆိုတာ သကျဲရေယို (သွားကျဲရေယို) ဖြစ်ပြီး သွားတစ်ချောင်းနဲ့ တစ်ချောင်းကြား ဆင်အိပ်နိုင်လောက်အောင် ကျဲနေတာမျိုးကို ‘သညှပ်’ (သွားညှပ်) ထည့်ရတယ်အေ့၊ ဒါမှ သွားတွေ ယိုင်မကုန်မှာကိုး”

ထိုသွားညှပ်မျိုးကို ရီးကျီးဒန် မြင်ဖူးပါသည်။ သွားကြားတွင် သေးမျှင်သော ရွှေစကလေးတွေ ညှပ်ထားရာ ကြွားစရာမရှိ ကြံဖန်ပြီး ကြွားသူဟု ရီးကျီးဒန် ထင်ခဲ့၏။

“တော်ပြောမှပဲ သိပါသတော်၊ အလကား ရှုပ်ရှုပ်ယှက်ယှက်တွေ”

“သွားတကယ် ကျိုးသွားတဲ့လူကျတော့ သွားတု ထည့်ရတာ။ အဲဒီ သွားတုကိုထိန်းဖို့ ဘေးက သွားအကောင်း နှစ်ချောင်းကို ရွှေဖြစ်ဖြစ် ငွေဖြစ်ဖြစ် ကွပ်ရသအေ့”

“ဟုတ်ပါပြီ၊ ကျုပ် မြင်ဖူးပါတယ်။ ဘေးက သွားနှစ်ချောင်းမှာ ရွှေအပြည့် မရှိဘူးလေ။ အလယ်မှာ သွား အသားချည်း ထားတယ်။ သွားမတိုက်ဘဲ နေတဲ့အခါမှာ သချီး (သွားချေး) ကို ရွှေနဲ့ ဘောင်ခတ်ပေးသလို နေတာ ပေါ့တော်”

ရီးကျီးဒန်သည် သူ့ဘာသာသူ ပြောကာ သူပင် ခွက်ထိုး ခွက်လန် ရယ်နေသည်။

“ရွှေသွားစိုက်တယ်ဆိုတာ အဲဒါပဲ ရှိတာအေ့။ အဲဒါကို ညည့်ချွေးမက အနာမရှိ အနာရှာပြီး သွား အကောင်းကို မျက်လုံးထဲက မီးဝင်းဝင်း တောက်အောင် ကျောက်နဲ့စား၊ ပါးစပ်တစ်ခုလုံး ပြုတ်ထွက်မတတ် နာအောင် ကျောက်ဘီးနဲ့ တိုက်ပြီး ညှိတယ်။ ပြီးတော့မှ သွားတစ်ချောင်းကို ရွှေသွားစွပ်ပြီး ဘေးမှာ ထိန်းထားရတာ”

“အခုတော့ အဲဒီဒဏ်တွေ ခံရပြီပေါ့၊ကောင်းတယ်”

ထိုသို့ ကရုဏာဒေါသော ပြောပြီးမှ ရီးဆေးရိုးအား ဆတ်ခနဲ လှည့်ကြည့်၏။

“နေပါဦး၊ တော်က အဲဒါတွေ ဘယ်လိုလုပ် သိတာတုံး

“ဟ... လူပြောသူပြောပေါ့ဟ”

“လူပြောသူပြောကလဲတော်၊ မျက်လုံးထဲ မီးဝင်းဝင်းတောက်တာရော၊ အုံကြီးတစ်ခုလုံး ပြုတ်ထွက် မတတ် ကျဉ်တာရော စုံလို့ပါလား”

ရီးဆေးရိုးသည် ရှက်ပြုံးဖြင့် ပြုံး၏။ သို့တစေ ပြုံးနေကာမျှဖြင့် မပြီးသေး။

“ကာလသားတုန်းကပေါ့ဟာ၊ လှများ လှမလားလို့ ရွှေသွားစိုက်ချင်လို့ သွားတာ၊ ကျောက်ဘီးနဲ့ တစ်ချက် နှစ်ချက်ပဲတိုက်ရသေး၊ မခံနိုင်တာနဲ့ ထပြေးခဲ့ရပါရောလား။ အဲဒါကြောင့် မလှတာပေါ့အေ”

ရီးဆေးရိုး အားရပါးရ ရယ်လျှင်၊ ရီးကျီးဒန်လည်း အပြုံးမျက်စောင်း ထိုးနေမိလေ၏။

“ကဲပါ ညည့်ချွေးမ နေမကောင်းရင် ညည့်သားနဲ့ ညည့်မြေးတွေ ကသိကအောက် ဖြစ်ကြရတာပဲ မဟုတ်လား။ သွားပြီး ကြည့်ချေစမ်းပါဦး”

“သွားတောင် မသွားချင်ပါဘူးတော်၊ အနာမရှိ အနာရှာ”

ပါးစပ်က မသွားချင် ဆိုသော်ငြား ရီးကျီးဒန်၏ ကိုယ်ခန္ဓာကြီးကမူ ထိုင်ရာမှ တဖြည်းဖြည်း ထရပ်နေပါပြီရော။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်