Monday, June 17, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၆ )


 အမှန် ကို ပြောရမယ် ဆိုယင် တော့ ကိုဘဂျမ်း ရဲ့ ဆန္ဒ က ဘယ် နေရာ မှာ ပဲ ဖြစ်ဖြစ် လုံးဝ အဖိတ်အစဉ် အလေအလွင့် မရှိစေချင်ဘူး ။ ပေါများ ယင် ပေါများ သလို ၊ ဝင်ငွေ ကောင်းယင် ကောင်း သလို ၊ အပို သုံး ပစ်တယ် ဆိုတာ ကောင်းတဲ့ အလေ့ အကျင့် မဟုတ်ဘူး ။


ဝင်ငွေ ကောင်းတဲ့ နေ့ မှာ ဟင်း သုံးလေးငါးခွက် ချက် စားပြီး ၊ ဝင်ငွေ နည်းတဲ့ နေ့ မှာ ပဲပြုတ် နဲ့ ၊ ငါးပိရည် တို့စရာ နဲ့ ဖြစ်သလို စားမယ် ဆိုတဲ့ စိတ်မျိုး ဟာ စည်းကမ်းစနစ် ရှိတယ်လို့ မဆို နိုင်ဘူး ။ ကိုယ့် အခြေအနေ နဲ့ ကိုယ် ၊ စားနေကျ အတိုင်း ပဲ မှန်မှန် စားရမယ် ။ သားငါးဟင်း က တခွက် ၊ အသီးအရွက်ကြော်ကလေး က တခွက် ၊ အရည်သောက်ကလေး က တခွက် ၊ သုံးခွက် ဆိုယင် တော်ပြီပေါ့ ။ သည်အတိုင်း ပဲ မှန်မှန် စားသွားဖို့ အရေး ကြီးတယ် ။ မသေခင် စပ်ကြား မှာ မပူရ မပန်ရ နဲ့ သည်အတိုင်း မှန်မှန် စားသွားရ ဖို့ ဆိုတာ ကို ပဲ လုံးပမ်းစမ်းပါဦး ။ စားအိုး က နည်း တဲ့ စားအိုးကြီး မဟုတ်ဘူး ။ ပြီးတော့လဲ စားနိုင်သောက်နိုင် တဲ့ အရွယ်တွေ ချည်းပဲ ။ 


အမှန်အတိုင်း ပြောရမယ် ဆိုယင် တော့ ပုံနှိပ်တိုက် မှာ ထမင်းဟင်း ချက် စားတာ ကို ကိုဘဂျမ်း လုံးဝ မကြိုက်ဘူး ။ 


တခါတရံ ပဲ ဖြစ်ဖြစ် ၊ အလုပ် များ နေလို့ပဲ ဖြစ်ဖြစ် ၊ အိမ် ပြန် စားချိန် မရလို့ပဲ ဖြစ်ဖြစ် ၊ အလုပ်သမားတွေ အလုပ် ပို တွင်ကျယ်အောင် စည်းရုံး လုပ်ဆောင်တဲ့ သဘော နဲ့ ပဲဖြ စ်ဖြစ် ၊ ဘယ် ပုံစံ နဲ့ ဖြစ်ဖြစ် ၊ အဲသည်လို အိုး ခွဲတဲ့ သဘောမျိုး နဲ့ ချက် စား တာ ကို အကျင့် မလုပ်စေချင်ဘူး ။ တခါ က နှစ်ခါ ၊ နှစ်ခါ က သုံးခါ ချက် စားဖန် များ လာယင် နောင် အကျင့် ဖြစ်သွားမယ် ။ အလုပ် က အရေးကြီး လို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ခဏခဏ ချက်စား နေကြယင် ၊ အလုပ်သမား တွေ ကို ကျွေးမွေး နေရယင် ဝင်ငွေ မှာ အနည်း နဲ့ အများ တော့ ထိခိုက် လာမှာပဲ ။


တကယ်တော့ ဘာ ဆိုင် လို့ ကျွေး ရမှာလဲ ။ အလုပ်သမား ကို အလုပ် လုပ် တဲ့ အတွက် လုပ်ခ အပြည့် ပေး ပြီပဲ ။ ပုတ်ပြတ်စနစ် နဲ့ ခိုင်းတာ ဆိုတော့ အလုပ် ပြီးယင် ပြီး သလောက် လုပ်ခ ရ ကြမှာပဲ ။


ပို လုပ် ယင် ပို ရမှာပဲ ။ ဘာမှ ကျွေး နေစရာ မလိုပါဘူး ။ ကျွေး ဖို့ လဲ တာဝန် မရှိဘူး ။


သူတို့ လဲ သူတို့ လောဘ နဲ့ သူတို့ အလုပ်ပို အချိန်ပို လုပ် ကြတာ မဟုတ်လား ။ ကိုယ် လဲ ကိုယ့် လောဘ နဲ့ ကိုယ် လုပ်တာပဲ မဟုတ်လား ။ မလိုပါဘူး ။ ဘာမှ ကျွေးမွေး ပြုစု နေစရာ မလိုဘူး ။


ဘာမှ စည်းရုံး သိမ်းသွင်း နေစရာ လဲ မလိုဘူး ။ တခြား ပုံနှိပ်စက် တွေ မှာ သည်လို အလုပ်မျိုး ရှိသလား ။ သည် ပုံနှိပ်စက် မှာ လို အလုပ် ကောင်းတဲ့ ပုံနှိပ်စက် ၊ လုပ်ခ ကို အလုပ်သမား ရဲ့ ဆန္ဒ အ တိုင်း နေ့ချင်း လိုချင် ယင် နေ့ချင်း ရှင်း ပေးတဲ့ ပုံနှိပ်စက် ၊ ဘယ်မှာ ရှိသလဲ ။ ခင်မောင်လတ် က ဆိုယင် သူ့ အလုပ်သမားတွေ ကို ကိုယ်ချင်းစာ တဲ့ အနေ နဲ့ ကြိုတင် လိုချင် ယင် တောင် ကြိုတင်ငွေ ထုတ်ပေး ထားသေးတယ် မဟုတ်လား ။ ကိုယ့် ဘက် က သည်လောက် ကောင်း နေယင် တော်ပြီပေါ့ ။ သည့်ထက် ပို ကောင်းစရာ မလိုပါဘူး ။


အလုပ်သမား ဆိုတာ က လဲ အလို လိုက် ယင် အလိုလိုက် မှန်း သိသိသာသာ ရောင့်တက်တယ် ။


ပြီးတော့လဲ ဘာပဲ ပြောပြော ခင်မောင်လတ် အနေ နဲ့ အလုပ်သမား တွေ က လေးစားရိုသေ အောင် နေတတ် ထိုင်တတ် ရမယ် ။ ရှင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ရှိတယ် ဆိုတာ ကောင်း ပါတယ် ။ ဒါပေမယ့် ကိုယ့် အသက် က ငယ်ရတဲ့ အထဲ မှာ အနေ အထိုင် မတတ်ယင် နောင် တနေ့ မှာ အအုပ်ချုပ် ရ ခက် နိုင် တယ် ။ ဒုက္ခ တွေ့ နိုင်တယ် ။


ပြီးတော့ လဲ ကိုဘဂျမ်း စိုးရိမ်တာ က ရိုးရိုးသားသား ထမင်းဟင်း ချက် စားရုံတွင် မကတော့ ပဲ ၊ အရက် ပါ ပါလာနိုင် တယ် ။ သိတဲ့ အတိုင်း စာစီသမား စက်ရိုက်သမား ဆိုတဲ့ အလုပ်သမားတွေ က ဆင်းရဲသား တွေ များတယ် ။ ဆင်းရဲသား ရပ်ကွက် တွေ မှာ နေကြတယ် ။ အထူးသဖြင့် ဝင်းတွေ ထဲ မှာ နေကြ တယ် ။ ဝင်းတွေ ထဲ မှာ က သိတဲ့ အတိုင်း စရိုက် ကြမ်းတယ် ။ ဆူကြ  ညံကြ ၊ ဆိုကြ ဆဲကြ ၊ သတ်ကြ ပုတ်ကြ နဲ့ မကြာခဏလဲ ရုံးရောက် ဂါတ်ရောက် ရောက်တတ်ကြတယ် ။ ဆိုလိုတာ က ပတ်ဝန်းကျင် မကောင်းဘူး ။


ပြီးတော့ ပင်ပင်ပန်းပန်း လုပ်ကိုင် စားသောက် ရ တဲ့ အလုပ်အမားတွေ ပီပီ ၊ ညနေဘက် ရောက်ယင် သောက်တတ် စားတတ် ကြတယ် ။ ကစား တတ် ကြတယ် ။


သည်တော့ ပုံနှိပ်စက် မှာ လဲ အသောက်အစား ၊ အကစား ဖက် လာယင် မကောင်းဘူး ။ လူငယ်လူရွယ် ယောက်ျား ကလေး တွေ ချည်း စုမိ နေကြတဲ့ နေရာ ဆိုတော့ ၊ တနေ့ မဟုတ် တနေ့ အသောက်အစား အကစား ဖက် မလာဘူးလို့ အာမ မခံနိုင်ဘူး ။ အဲ .... ဖက်လာပြီ ၊ ပျက်လာပြီ ဆိုယင် တော့ အစ ရှိ အနောင်နောင် ၊ ပုံနှိပ်စက် ပါ ပျက်စီး သွားနိုင်တယ် ။


ပြီးတော့ ပုံနှိပ်စက် က လဲ ရပ်ကွက် ထဲ မှာ ။ ပတ်ဝန်းကျင် မှာ လူနေအိမ်ခြေ တွေ ရှိတယ် ။ သည်တော့ ပတ်ဝန်းကျင် က ငြိုငြင်စရာ ဖြစ်လာ ယင် မကောင်းဘူး ။ ပတ်ဝန်းကျင် က ငြိုငြင် လာယင် သက်ဆိုင်ရာ မှ ကန့်ကွက် လာ လိမ့်မယ် ။ ယေဘုယျ အစဉ်အလာ က သည်လို လူနေရပ်ကွက် ထဲ မှာ သည်လို ပုံနှိပ်စက် လုပ်ငန်းမျိုး တည်ထား ခွင့် မရှိဘူး ။ သည်တော့ ပတ်ဝန်းကျင် နဲ့ ပြဿနာ ဖြစ် လာယင် ပုံနှိပ်စက် ပါ ပိတ် ပစ်လိုက်ရနိုင်တယ် ။


ခက်တယ် ။ ကိုဘဂျမ်း အနေ နဲ့ က အပြောရ ခက်တယ် ။ 


ကိုယ့် ညီ အရင်း ခေါက်ခေါက် ဆိုယင် တော့ ဘယ် သည် လို ကြည့် နေမလဲ ။ ကိုယ့် ဆန္ဒ အတိုင်း တချက်လွှတ် အမိန့် ထုတ် လိုက်မယ် ။ ကိုယ့် အမိန့် ၊ ကိုယ့် ဆုံးမစကား ကို နာခံယင် နာခံ ။ မနာခံ ယင် မလုပ်နဲ့ ။ ပြတ်ပြတ်သားသား အရေးယူ လို့ ရတယ် ။


ဒါပေမယ့် သိတဲ့ အတိုင်း ခင်မောင်လတ် ဆိုတာ က ယောက်ဖ ။ မအေးနု ရဲ့ မောင် ။ မောင် ဆိုတဲ့ နေရာမှာ တောင် မှ ကိုဘဂျမ်း ရဲ့ လက်အောက် မှာ ကြီးပြင်း လာခဲ့ရတဲ့ မောင် အငယ် မဟုတ်ဘူး ။ ခင်မောင်လေး တို့ ၊ ခင်မောင်ထွေး တို့ ဆို ယင် ပြောလို့ ဆိုလို့ ရနိုင်ချေ ရှိ သေးတယ် ။ မအေးနု ရဲ့ မောင် ချင်း အတူတူ ပေမယ့် ပြောပိုင်ခွင့် ၊ ဆုံးမပိုင်ခွင့် ရှိသေးတယ် ။ အခု ခင်မောင်လတ် ဆိုတာ က တော့ ကိုဘဂျမ်း နဲ့ မအေးနု အကြောင်း မပါခင် တုန်း ကတည်း က စီးပွားရေး လုပ်ငန်း ထဲ မှာ ရောက်နေ နှင့် တဲ့ မောင် ။


အသက်အရွယ် ချင်း က ဆယ်နှစ် ကျော် ကွာတာလဲ မှန်ပါရဲ့ ။ သူတို့ မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း မှာ ကိုဘဂျမ်း ရဲ့ ဦးဆောင်ဦးရွက် ပြုမှုကို ခံယူ နေတာလဲ မှန်ပါရဲ့ ။ ဒါပေမယ့် အရွယ် ရောက် နေပြီ ။ သိတတ် နေပြီ ။ သူ့ အစ်မ မအေးနု တို့ ၊ သူ့ အစ်ကို ခင်မောင်ဦး တို့ က ပြောယင် တော့ ငုံ့ခံကောင်း ငုံ့ခံ မယ် ။ ကိုဘဂျမ်း ကို တော့ မမှန်ကန်ဘူး ၊ မတရားဘူး ထင် ယင် ဘယ် ငုံ့ ခံလိမ့်မလဲ ။ ကိုဘဂျမ်း က သူစိမ်း ပဲ ။


ပြီးတော့လဲ အထူးသဖြင့် သည် အရွယ် ဆိုတာမျိုး က အမြော်အမြင် ရှိတဲ့ အရွယ် မဟုတ်ဘူး ။ လွတ်လွတ်လပ်လပ် နေချင်တတ် တဲ့ အရွယ် လဲ ဖြစ်တယ် ။ ကိုယ့် စိတ်ဆန္ဒ နဲ့ ဆန့်ကျင် လာယင် ၊ ဆန့်ကျင် လာတဲ့ အလျောက် စိတ် ကို မထိန်းချုပ် နိုင်ပဲ ခုခံ ပြော တတ်တယ် ။ ခုခံ ပြောတဲ့ အခါ မှာ ဒေါသ အလျောက် ရိုင်းစိုင်းချင် ရိုင်းစိုင်းတတ်တယ် ။ အဲ ... မတော် လို့များ သူ့ ကို မတရား ချုပ်ချယ်တယ် လို့ ယူဆ ပြီး လူရှေ့ သူ့ရှေ့ မှာ ပြန် ပက်လိုက် မှ ဖြင့် ဒုက္ခ ။ ကိုဘဂျမ်း သာ အရှက် ကွဲ ရမယ် ။


အမှန်က သည် ကိစ္စမျိုး ကို ကြိုတင် ကာကွယ်တဲ့ အနေ နဲ့ ထိန်းသိမ်း ဆုံးမဖို့ က မအေးနု တို့ ခင်မောင်ဦး တို့ ရဲ့ တာဝန် လို့ ထင်တယ် ။


သည်မှာလဲ ကိုဘဂျမ်း က သတိပေး လို့ ဆုံးမ တာ မျိုး မဖြစ်သင့်ဘူး ။ ကိုဘဂျမ်း ရဲ့ စိတ်ကြိုက် လိုက်ပြီး ထိန်းသိမ်း တားမြစ် ရတာမျိုး မဖြစ်သင့်ဘူး ။ သူတို့ အသိ နဲ့ သူတို့ အရှည် ကို မျှော် ကြည့်ပြီး ထိန်းသိမ်း ဆုံးမတာမျိုး ပဲ ဖြစ်သင့်တယ် ။


ဒါပေမယ့် မအေးနု တို့ ခင်မောင်ဦး တို့ ကလဲ သည် အထိ မတွေးတတ်ကြဘူး ။ အနာဂတ် ကို ကြို မမြင်နိုင်ကြဘူး ။ 


သည်တော့ ကိုဘဂျမ်း က လဲ မပြောတော့ဘူး ။ မပြော သာ တော့ဘူး ။ ဖြစ်မလာသေး တော့ လဲ စိုးရိမ် ပူပန်စိတ် နဲ့ ကြိုတင်ပြီး ချုပ်ချယ်တားမြစ် ဖို့ ဆိုတာ ခက်တယ် ။ ကိုဘဂျမ်း စိုးရိမ် ပူပန် သလို ဖြစ်လာမယ် ၊ ဖြစ်မလာဘူး ဆိုတာ က လဲ ကြိုတင် ပြောလို့ ရတာ မှ မဟုတ်ပဲ ။ ဖြစ်လာခဲ့ ယင် တော့ ပြဿနာ မရှိဘူးပေါ့လေ ။ အဲ .... ကိုဘဂျမ်း စိုးရိမ်ပူပန် သလို ဖြစ် မလာခဲ့ ယင် တော့ အစိုးရိမ် အပူပန် ကြီးတတ်ရန် ကော ၊ ခင်မောင်လတ် ကို အထင်သေးရန် ကော လို့ ... ပြောစရာ ဖြစ်လာ မယ် ။ နာစရာ ဖြစ်လာမယ် ။ စိတ်ဝမ်း ကွဲစရာ ဖြစ်လာမယ် ။


သည်တော့ ဖွင့် မပြောပဲ နေတာ က ကောင်းပါတယ်လေ ။ ကိုဘဂျမ်း စိတ် ကို လျှော့ လိုက်တယ် ။


ကိုဘဂျမ်း ကိုယ့် စိတ် ကိုယ် ချုပ်ထိန်းတယ် ။ ကိုယ့် စိတ် ကိုယ် နှစ်သိမ့်တယ် ။


သည်လို ပေါ့ လေ ။ လယ်ကွင်းပြင် တမျှော်တခေါ်ကြီး ကို လူပေါင်း မြောက်မြားစွာ နဲ့ ရိတ်သိမ်းရတဲ့ အခါမှာ စပါးနှံ တနှံ နှစ်နှံ ဆိုတာ က တော့ ကျန်ရစ်ခဲ့မှာပေါ့ ။


သည်လိုပဲ ပေါ့ လေ ။ စပါး နယ်တယ် ဆိုတဲ့ တလင်း ထဲ မှာ ရော ၊ စပါး လှေ့ တဲ့ နေရာ မှာ ရော ၊ အဖိတ်အစဉ် အလေ အလွှင့် ဆိုတာ က တော့ ရှိမှာပေါ့ ။ စပါးစေ့ တစေ့ မကျန် ၊ ဆန် ဖြစ်လာဖို့ ဆိုတာ က တော့ ဘယ် ဖြစ်နိုင်ပါ့မလဲ ။ 


သည်လိုပဲ ပေါ့ လေ ။ လုပ်ငန်းတွေ ကို တိုးချဲ့ပြီး ၊ လူတွေ ခွဲ လုပ်ကိုင် နေကြရပြီ ဆိုတော့လဲ ၊ နေရာတကာ မှာ ကိုဘဂျမ်း စိတ်တိုင်းကျ ချည်း တော့ ဘယ် ဖြစ်နိုင်ပါ့မလဲ ။


နော့ ... မအေးနု ကိုယ်တိုင် ထိုင်တယ် ဆိုတဲ့ “ လောက အလင်း ” စာအုပ်ဆိုင် မှာ က တော့ ကော ၊ ဘာ ထူးလို့လဲ ။ 


သည် နောက်ပိုင်း ပုံနှိပ်စက်လုပ်ငန်း မှာ ခင်မောင်လတ် ကို တာဝန် ပေးလိုက်ရပြီ ဆိုတော့ ၊ “ လောက အလင်း ” မှာ ညီအစ်မ သုံးယောက် ရောင်း ကြတယ်လေ ။ မအေးနု ရယ် ၊ ခင်မောင်လတ် ရဲ့ အောက် က မယဉ်နု ရယ် ၊ မဖြူနု ရယ် ၊ သုံးယောက် ပေါ့ ။ ထုံးစံအတိုင်း မအေးနု က တော့ ခေါင်းဆောင် ပေါ့လေ ။


ခေါင်းဆောင် ဆိုတာ က လဲ တကယ်တော့ သဘော လောက်ပါ ။ ဆိုင် ကို တနေ့ တခေါက် ရောက်တယ် ဆိုရုံ လောက် ပါပဲ ။ မွန်းတည့်ခါ နီး လောက် မှ ညီမ နှစ်ယောက် အတွက် ထမင်းချိုင့် ကို ယူ လာယင်း ဆိုင် ကို ရောက်တယ် ။ မွန်းလွဲ နှစ်နာရီ ၊ နှစ်နာရီခွဲ လောက် အထိ ထိုင်တယ် ။ နေ့လယ်စာ ကလေး ၊ ဘာကလေး စားမယ် ။ ပြီး ညနေစာ အတွက် ဈေး ဝယ် ပြီး ပြန်တာပဲ ။


မအေးနု အဖို့ က မလွယ်တော့ဘူးလေ ။ သားသမီး ခြောက်ယောက် နဲ့ ဖြစ်နေပြီ ။ အယင် က လို သားသမီး တွေ ကို မောင်ငယ်ညီမငယ် တွေ နဲ့ လွှဲထား ခဲ့လို့ လဲ မဖြစ်တော့ဘူး ။ 


ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ ဝတ္တရား အရ ပညာသင် ပေးရတော့ မောင်ငယ် ညီမငယ် တွေ ကလဲ ကျောင်း ကို ရောက် ကုန်ကြပြီ ။ မောင်ငယ် ညီမငယ် တွေ ကို မပြောပါနဲ့ ။ သားကြီး မောင်ချမ်းအေး နဲ့ သမီးကြီး နုနုအေး တို့ တောင် မှ ကျောင်းထား ရပြီပဲ ။ 


ဘာပဲ ပြောပြော လူ ဆိုတာ က တော့ လူ ပဲ ။ မအေးနု  ကိုယ်တိုင် ကို က သူ့ မောင်ငယ် ညီမငယ် တွေ နဲ့ သူ မွေးထုတ် လိုက် တဲ့ သားရင်း သမီးရင်း တွေ ကို တော့ အတိုင်းအတာ တခု အထိ ခွဲခြား သေးတာပဲ ။


မအေးနု တို့ အမေ မရှိတော့ တဲ့ နောက်ပိုင်း မှာ မှ ကျောင်း ထား ရတဲ့ ညီမ အငယ်ဆုံး မလှနု နဲ့ မောင် အငယ်ဆုံး ခင်မောင်ထွေး တို့ ဆိုပါတော့ ။ ကျောင်း အပ်တယ် ။ ကျောင်း ကို လိုက် ပို့တယ် ။ နေ့လယ်ခင်း ကျောင်းဆင်းချိန် မှာ စားဖို့ သောက်ဖို့ အတွက် စီစဉ်ပေးတယ် ။ ကျောင်းသွား ကျောင်းပြန် အတွက် သူတို့ ထက် အကြီး နှစ်ယောက် နဲ့ အတူ ရထားလုံး တစင်း လပေး နဲ့ ငှားပေးတယ် ။ ဒါပဲ ။ ကျောင်း ပို့ စ သုံးလေးရက် လောက် သာ မအေးနု ကိုယ်တိုင် လိုက် ပို့တယ် ။ သွား ကြိုတယ် ။ နောက် ရက် တွေ မှာ မရောက်တော့ဘူး ။


ဒါပေမယ့် ကိုယ့် ဝမ်း နဲ့ လွယ်မွေး ထားတဲ့ သား အရင်း သမီး အရင်း ကျတော့ မအေးနု က တနှစ်ပတ်လုံး ကျောင်း ပို့ တယ် ။ ကျောင်း ကြိုတယ် ။ အသက်ချင်း သိပ်မကွာ ကြတဲ့ သူတို့ ဦးလေး တွေ ၊ သူတို့ ဒေါ်လေး တွေ တကျောင်းတည်း မှာ ရှိနေလျက်သား နဲ့ ကို အလုပ် ပို လုပ်တယ် ။ သံယောဇဉ် ချင်း ကွာတယ် ဆိုတဲ့ သဘော ။


အဲသည် အထဲ မှာ တနှစ်ခွဲ ခြား ၊ နှစ်နှစ် ခြား ဆိုသလို နောက်ထပ် က လဲ မွေးထား ပြန်လေတော့ ၊ မအေးနု ဘယ်မှာ အားချိန် ရှိပါတော့ မလဲ ။


ထုံးစံ အတိုင်း အိမ် မှာ ကလဲ စီစဉ် ဆောင်ရွက်ရ သေး တယ် ။ မီးဖိုချောင် ကို ဒေါ်ပြည့် တယောက် တည်း နဲ့ လွှဲ ထား လို့ မရဘူး ။


ဒေါ်ပြည့် ခမျာ လဲ အလုပ် နဲ့ လက် နဲ့ ပြတ်ရတယ် မရှိ ပါဘူး ။ တအိမ်လုံး အတွက် ချက်ရပြုတ်ရ တဲ့ တာဝန် တွေ နဲ့ မအားရတဲ့ အထဲ မှာ ၊ နေ့ခင်းဘက် ကျတော့လဲ အဝတ် တွေ တပုံကြီး ကို လျှော်ရ ဖွပ်ရ သေးတယ် ။ ရေ လာ တဲ့ အချိန် ကျတော့ လဲ ရေ ဖြည့် ရသေးတယ် ။ သန့်ရှင်းရေး ကလဲ လုပ်ရ သေးတယ် ။ သည် အထဲ မှာ မအေးနု အပြင် ထွက်ခိုက် ကလေးငယ် လေးယောက် ကို လဲ ထိန်းထားရ သေးတယ် ။ မလွယ်ပါဘူး ။ ဘယ်နည်း နဲ့ မှ ဒေါ်ပြည့် တယောက် တည်း နဲ့ မနိုင် နိုင်ဘူး ။


မအေးနု ကိုယ်ချင်း လဲ စာ ပါတယ် ။ အား လဲ နာ ပါတယ် ။ ဒါ့ကြောင့်လဲ နောက်ပိုင်း ကျတော့ နေ့ခင်းဘက် ဈေး ထွက် လာတဲ့ အချိန် မှာ အလတ် နှစ်ယောက် ကို ပါ  ဈေးထဲ ခေါ် လာခဲ့ရတယ် ။ ဒေါ်ပြည့် က အိမ် မှာ ကျန့်ရစ်ခဲ့တဲ့ အငယ် နှစ်ယောက် ကို ထိန်းပေး ထားရတယ် ။ ကလေး လေးယောက် ကို ခွဲ ထိန်းကြရတယ် ။


သည်တော့ မအေးနု မှာ မလာ ယင် မဖြစ် ဈေး ကို သာ လာရတယ် ။ လူ က လဲ မလွတ်မလပ် ။ အိမ် မှာ ကျန်ရစ်ခဲ့တဲ့ နှစ်ကောင် အတွက် က လဲ နောက်ဆံ တတင်းတင်း ။ ကျောင်း ထား တဲ့ နှစ်ယောက် ကို သွား ကြိုဖို့ အတွက် က လဲ အချိန် တကြည့်ကြည့် ။


သည်တော့ ဆိုင် ကို မအေးနု ကိုယ်တိုင် ထိုင်တယ် ။ မအေးနု ကိုယ်တိုင် ဦးဆောင်တယ် ဆိုတာ က နာမည် ခံရုံပါ ။ 


အမှန်ကတော့ “ လောကအလင်း ” ကို မယဉ်နု နဲ့ မ ဖြူနု နှစ်ယောက် ရဲ့ လက်ထဲ ဝကွက် ပြီး အပ်ထား လိုက်ရတာ ပါပဲ ။ 


ဒါပေမယ့် တခု တော့ ရှိတယ် ။ မယဉ်နု နဲ့ မဖြူနု တို့လဲ သိပ်တော့ မငယ်ကြတော့ပါဘူး ။ ဆယ့်ရှစ်နှစ် နဲ့ နှစ်ဆယ် ရှိ ကုန်ကြ ပါပြီ ။ နားလည် ကုန်ကြ ပါပြီ ။ သိတတ် ကုန်ကြ ပါပြီ ။ ပြောတတ် ဆိုတတ် ကုန်ကြ ပါပြီ ။ ရောင်းတတ် ဝယ်တတ် ကုန်ကြ ပါပြီ ။


သူတို့ လဲ သူတို့ အသိ နဲ့ သူတို့ ကြိုးစားကြပါတယ် ။ မအေးနု ရဲ့ လမ်းညွှန် သွန်သင်မှု အတိုင်းလဲ နာခံ လှုပ်ရှား ကြပါတယ် ။ မအေးနု သတ်မှတ် ထားခဲ့တဲ့ စံချိန် စံညွှန်း အတိုင်း လဲ နေ့စဉ် ရောင်းကြေး မလျော့ အောင် အားထုတ် ဆောင်ရွက် ကြပါတယ် ။


မှန်တယ် ။ မအေးနု တယောက် တည်း ရဲ့ ဆွဲငင်အား နဲ့ မယဉ်နု တို့ မဖြူနု တို့ နှစ်ယောက် ရဲ့ ဆွဲငင်အား နဲ့ ကတော့ ဘာပဲ ပြောပြော ကွာ တယ် ။


ပြီးတော့လဲ အမှန်အတိုင်း ဝန်ခံရ ယင် မယဉ်နု က သာ မအေးနု ငယ်စဉ် က နဲ့ အလှချင်း မတိမ်းမယိမ်း ရှိကောင်း ရှိမယ် ။ မဖြူနု က တော့ သူ့ အစ်မ နှစ်ယောက် ထက် သိသိ သာသာ ပို လှတာ ၊ ပို ယဉ်တာ ၊ ပို ဖြူတာ အမှန်ပဲ ။ 


ပြောလို့ ပြောတာ မဟုတ်ဘူး ။ သူတို့ နှစ်ယောက် ဆိုင် မှာ ထိုင်ကြတဲ့ ခေတ် ရောက် တော့မှ ပဲ “ လောကအလင်း ” လဲ စန်း ပွင့် လာတယ် ။ သူတို့ ( စီ ) ရုံ ရဲ့ အရှေ့ ဘက် အစွန်ဆုံး ပိုတန်း မှာလဲ သူတို့ ခေတ် ရောက် တော့မှပဲ လူငယ်လူရွယ် တွေ ရေ ထွက် မတတ် လျှောက်ကြတော့တာပဲ ။ စည်ကားသိုက် မြိုက်တော့ တာပဲ ။


မှန်တယ် ။ ရောင်း တဲ့ စာအုပ် က ဘာသာရေး စာအုပ် ။ ကျောင်းသုံးစာအုပ် မဟုတ်ဘူး ။ ဒါပေမယ့် မန္တလေး တက္ကသိုလ် မှာ ပြဋ္ဌာန်း တဲ့ မြန်မာစာပေ နဲ့ ပါဠိစာပေ စာအုပ်တွေ ရှိတယ် ။


ရှေးခေတ် စာဆို တွေ ရဲ့ ရတု တွေ ၊ ရကန် တွေ ၊ ပျို့ တွေ ၊ မော်ကွန်း တွေ ဆိုပါတော့ ။ တချို့ စာအုပ် တွေ က စာပေ ဝါသနာ ပါတဲ့ ရဟန်း သံဃာတွေ အတွက် အသုံး ဝင် သလို ၊ တက္ကသိုလ် ကျောင်းသား တွေ အတွက် လဲ ပြဋ္ဌာန်း စာအုပ် တွေ ဖြစ်တယ် ။ ပထမပိုင်း မှာ တုန်း ကတော့ သည်လို ပါဠိစာပေ ၊ မြန်မာ စာပေ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ကို ဆိုင် ပေါ် မှာ တင်ပြီး ရောင်းရ ကောင်းမှန်း မသိခဲ့ကြဘူး ။ မန်လည်ဆရာတော် ရဲ့ မာဃဒေဝ လင်္ကာသစ် တို့ ၊ မဂ္ဂင်ဂဒီပနီ တို့ လောက် သာ လိုရမည်ရ နည်းနည်းပါးပါး တင် ထားကြခဲ့တယ် ။ 


အဲ ... နောက်ပိုင်း မှာ ကျတော့ ကျောင်းသားတွေ က သူတို့ နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းစာအုပ်တွေ ကို လာ လာ မေးကြ တယ် ။ အမှန်တော့ ကျောင်းသား တွေ ရဲ့ စရိုက် အတိုင်း အမျိုးသမီး ချောချောလှလှကလေး တွေ ကို စကား မရှိ စကား ရှာပြီး လာ ပြောကြတာပေါ့ ။ လာ ရစ်ကြတာပေါ့ ။ 


ဒါပေမယ့် ဒါကိုပဲ အခွင့်ကောင်း ယူပြီး မယဉ်နု တို့ မဖြူနု တို့ က သူတို့ အသိ နဲ့ သူတို့ တိုးချဲ့ စီစဉ်တယ် ။ အဲသည်လို တက္ကသိုလ် မှာ ပြဋ္ဌာန်းတဲ့ မြန်မာစာပေစာအုပ် တွေ ပါဠိစာပေ စာအုပ် တွေ ကို သာ ဆိုင်မှာ ထား ရောင်းမယ် ဆိုယင် သိပ် ရောင်းရ မှာပဲ လို့ သူတို့ တွက်ကြတယ် ။ သူတို့ ရဲ့အလှ နဲ့ သူတို့ ရဲ့ အပြော အဆို ကို လဲ ယုံကြည် ကြတယ် ထင်ပါရဲ့ ။ တခြား စာအုပ်ဆိုင် တွေ က တဆင့် ဆွဲ ယူပြီး တင် ရောင်းတယ် ။ နောက် တော်တော် ရောင်း ရမှန်း သိလာတဲ့ အခါ ကျတော့ မှ ကိုဘဂျမ်း တို့ မအေးနု တို့ ကို ဖွင့် ပြောတယ် ။ ရန်ကုန် က လှမ်း မှာ ပေးဖို့ တောင်းဆိုတယ် ။


မဆိုးပါဘူး ။ အရောင်းအဝယ် ဘက် မှာ အကွက် မြင် တတ်ကြ ပါတယ် ။


ဘယ် ... မအေးနု ရဲ့ အရောင်းစံချိန် ကောင်းကောင်း ကျိုး တာပေါ့ ။ မအေးနု ရဲ့ ခေတ် တုန်း က ရောင်းရတယ် ဆို တာ ထက် နှစ်ဆ သုံးဆ ပို ရောင်းရတာပေါ့ ။


ဒါကြောင့်လဲ မအေးနု က အရောင်းအဝယ် နဲ့ ပတ်သက် လို့ သူ့ ညီမတွေ ကို သူ စိတ်ချ ယုံကြည်တယ် ။ ဆိုင် မှာ ထိုင်ချိန် လျှော့ ပြီး တော့လဲ နေရဲ လာတယ် ။ ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတဲ့ သဘော လောက်ပဲ တနေ့ တခေါက် ရောက် တော့တယ် ။


မှန်တယ် ။ သည့် အတွက် က တော့ ကိုဘဂျမ်း လဲ အားရကျေနပ် မိတယ် ။


◾မောင်သာရ 


📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ

      အတောင်ကျွတ်သော ကြိုးကြာ

      ရေရှာ၍ မရသကဲ့သို့


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment