Saturday, June 15, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၃ )


 နောင် တနှစ် လောက် အကြာ မှာ ကိုဘဂျမ်း လဲ မမျှော်လင့်ပဲ မိန်းမ ရ လိုက်တယ် ။


ယူတော့ ယူမယ် စိတ် မကူးသေးပါဘူး ။ ဘာရယ် မဟုတ်ဘူး ။ မျက်စိ ထဲ မှာ စွဲလာ ပြန်တာနဲ့ စကား လိုက် ပြောလိုက် တာပဲ ။ သန်းသန်းဌေး နဲ့ တုန်းက နောက်ယောင်ခံ လိုက်ဖူးတဲ့ အတွေ့အကြုံတွေ က ရှိခဲ့တော့ ကိုဘဂျမ်း နည်းနည်း ရဲ နေတယ်လေ ။


ကိုဘဂျမ်း ဘက် က ချည်း ရဲ တာတော့ မဟုတ်ပါဘူး ။ မအေးနု ဘက် က လဲ လိုက်လိုက်လျောလျော အခွင့်အရေး ပေး ပုံ ရပါတယ် ။ ဒါကြောင့်လဲ သည် တခါ မှာ တော့ မခင်မမ ရဲ့ အကူအညီ တောင် မလိုခဲ့ဘူး ဆိုပါတော့ ။ တခု တော့ ရှိတယ် ။ မအေးနု နဲ့ သန်းသန်းဌေး က အနေအထိုင်ချင်း လဲ မတူဘူး ။ စိတ်နေ စိတ်ထားချင်း လဲ မတူဘူး ။ အခြေအနေချင်း လဲ မတူဘူး ။ မအေးနု သွားပုံ လာပုံ ၊ လမ်း လျှောက်ပုံ ကို က ကနွဲ့ကလျ မဟုတ်ဘူး ။ ယောက်ျား ဆန်တယ် ။ တယောက် တည်း လဲ ထွက်လေ့ ရှိတယ် ။


အမှန်အတိုင်း ဝန်ခံရမယ် ဆိုယင်တော့ မအေးနု ရဲ့ မျက်နှာ က သန်းသန်းဌေး နဲ့ နည်းနည်း ဆင်ချင်တယ် ။ အရပ် အမောင်း ချင်း လဲ တူတယ် ။ မျက်နှာ ပြည့်ပုံချင်း လဲ တူတယ် ။ ခါး တုတ်တာချင်း လဲ တူတယ် ။ သေသေချာချာ ယှဉ်ပြီး တော့ သာ ကြည့်ခွင့် ရမယ် ဆိုယင် မအေးနု က တောင် သန်းသန်းဌေး ထက် နည်းနည်း ပို လှလိမ့်ဦးမယ် ထင်တာပဲ ။


ဒါပေမယ့် လှတာ က လှတာ တခြား ၊ ကြိုက်တာ က ကြိုက်တာ တခြားပဲ ။


အမှန်အတိုင်း ပြောရ ယင် ကိုဘဂျမ်း ရဲ့ စိတ် ထဲ မှာ သန်းသန်းဌေး ကို  ပို စွဲလမ်းတယ် ။ ဘယ်လို ပြောရမလဲ မသိဘူး ။ ပြော လဲ မပြောတတ်ဘူး ။ သန်းသန်းဌေး ကို စွဲလမ်းတုန်း က နဲ့ မအေးနု ကို စွဲလမ်းတဲ့ နေရာမှာ မတူတာ က တော့ အမှန်ပဲ ။


အို ... သန်းသန်းဌေး ကို အရူးအမူး ချစ်နေမိတုန်း က များ ဆိုယင် အိပ်မက်တွေ လဲ ခဏခဏ မက်တယ် ။ အိပ်မက် တိုင်း မှာ လဲ သန်းသန်းဌေး ပါတယ် ။ ပြီးတော့ ပိုးထည်အုပ် တွေ ကို ခေါက် နေယင်း နဲ့ တောင် သန်းသန်းဌေး ရဲ့ မျက်နှာ က မှန်မှာ အရိပ် ထင် သလို ထင်လာတယ် ။ နေ့နေ့ညည မျက်စိ ထဲ က ကို မထွက်ချင်ဘူး ။ အသိသာဆုံး က တော့ သန်းသန်းဌေး နဲ့ သာ ဆိုယင် စိတ်ကူး ထဲ မှာ တွေ့ တာ တောင် ရင် ခုန်တယ် ။ ပြီးတော့လဲ သန်းသန်းဌေး ကို တွေ့ချင် မြင်ချင် လို့ သူတို့ ဆိုင် ဘက် ခြေဦး လှည့် လိုက်တာ နဲ့ တပြိုင်နက် ရင်ထဲ မှာ တလှပ်လှပ် ဖြစ် လာတယ် ။ မတွေ့ရ မမြင်ရသေးဘူး ။ ခြေဖျား လက်ဖျား တွေ အေးလာတယ် ။ ချွေးစေး တွေ ပြန်လာတယ် ။ အဲ ... တွေ့လိုက် မြင်လိုက် ရ ပြီ ဆိုယင်တော့ မပြောနဲ့တော့ ။ ဘာမှ ကို မသိတော့ဘူး ။ ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း လဲ မသိတော့ဘူး ။ ဘာ လုပ်မိလို့ ဘာ ကိုင်မိမှန်း လဲ မသိတော့ဘူး ။ အဖော် တယောက် ယောက် နဲ့ စကားပြော နေတယ် ဆိုယင်လဲ ပြော လက်စ စကား တောင် ဘယ် ရောက် လို့ ဘယ် ပျောက် သွားမှန်း မသိတော့ဘူး ။ ဦးနှောက် ထဲ မှာ ဘာမှ မရှိတော့ သလို ဖြစ်ရ တယ် ။ တမျိုးပဲ လေ ။ ကြည်နူး လဲ ကြည်နူး ရတယ် ။ ပျော် လဲ ပျော်တယ် ။ ဒါပေမယ့် မော လဲ မောတယ် ။ ပထမ စွဲပြီး ပန်းဝင် လိုက်ရတဲ့ တာဝေး အပြေးသမား တယောက် လို ပဲ ခံစားရတယ် ။


မအေးနု ကို လဲ ချစ်တာပါပဲ ။ မျက်စိ ထဲ မှာ စွဲ နေတာ ပါပဲ ။ ဒါပေမယ့် သန်းသန်းဌေး နဲ့ တုန်းက လောက် တော့ ရင် မခုန်တော့ဘူး ။ မတုန်လှုပ်တော့ဘူး ။ အတွေ့အကြုံ ရှိထား လို့ပဲလား ၊ အမောစေ့ သွားလို့ပဲလား တော့ မပြောတတ်ဘူး ။ သိပ် မလှုပ်ရှားတော့ဘူး ။


ဒါပေမယ် မအေးနု နဲ့ ကျတော့ တမျိုးလေ ။ ဘယ်လို ကြောင့် ရယ် လို့ မပြောတတ်ဘူး ။ မအေးနု ရဲ့ မျက်နှာကလေး က သနားစရာ ကောင်းတယ် ထင် တာပဲ ။ ညှိုးငယ် နေတာတော့ လဲ မဟုတ်ဘူး ။ မျက်နှာကလေး က လဲ အစဉ် လိုလို ကြည်လင် ရွှင်ပျ နေတာပါပဲ ။ ဒါပေမယ် မျက်လုံးတွေ က တမျိုးပဲ ။ ရိုးရိုး ကြည့်တဲ့ အကြည့် ကို က သူများနဲ့ မတူဘူး ။ ငို ထားတဲ့ မျက်လုံးတွေ လိုလို ၊ တွေ နေတဲ့ မျက်လုံးတွေ လိုလို ၊ ဝေ နေလေ့ ရှိတယ် ။ သည် အထဲ မျက်တောင်ကလေး တွေ က လဲ ကော့ပျံ မနေပဲ ၊ ငိုက်စင်းပြီး ကျ နေတယ် ။


ကိုဘဂျမ်း သေသေချာချာ လေ့လာကြည့် ကြည့်ဖူး ပါတယ် ။ မျက်လုံးကလေး တွေ က အများတကာ လို မကြည် ရွှန်းတာ လဲ မဟုတ်ပါဘူး ။ ပြော တော့ မပြတတ်ဘူး ။ တမျိုးပဲ လေ ။ သနားစရာ ကောင်းတာ က တော့ အမှန်ပဲ ။


သနားစရာ ကောင်းတယ် လို့ ဆိုရတာ က လဲ မျက်လုံး အကြည့် ကြောင့် သာပါ ။ မအေးနု ရဲ့ ဘဝ အခြေအနေ က သနားစရာ ကောင်း လောက်အောင် နွမ်းပါး နေတဲ့ ဘဝ မျိုး လဲ မဟုတ်ပါဘူး ။ တခုတော့ ရှိတာပေါ့ လေ ။ မအေးနု က ( စီ ) ရုံ ထဲ က တရားစာအုပ်တွေ ရောင်း တဲ့ ဆိုင် ။ ဆိုင် ထိုင် အမျိုးသမီး မဟုတ်ပါဘူး ။ ဆိုင်ပိုင် ပါ ။ သူတို့ မိသားစု ပိုင် တဲ့ စာအုပ် ဆိုင် ပါ ။ ထိုင် ရောင်း တဲ့ အမျိုးသမီး ပါ ။ နေ တာ က လဲ သုံးဆယ့်လေးလမ်း ၊ ညောင်စဉ်တန်း မှာ ကိုင်ပိုင် အိမ် နဲ့ ပါ ။


သိတဲ့ အတိုင်း မန္တလေး မှာ ဘာသာရေးစာအုပ် လုပ်ငန်း လုပ်တယ် ဆိုတာ က အရောင်း သက်သက်ချည်း လုပ်လေ့ လုပ်ထ မရှိကြပါဘူး ။ ကိုယ့် မူပိုင်ခွင့် နဲ့ ကိုယ် ပုံနှိပ်ထုတ်ဝေ တဲ့ စာအုပ်မျိုးတွေ လဲ လုပ်ကြလေ့ ရှိတယ် ။ သည်တော့ မအေးနု တို့ ရဲ့ အခြေအနေ ကလဲ ကောင်းပါတယ် ။ တခုတော့ ရှိတာပေါ့လေ ။ တိုက် နဲ့ တာ နဲ့ နေနိုင်တာ မဟုတ်တာ ရယ် ၊ ကိုယ်ပိုင် ပုံနှိပ်စက် မရှိတာရယ် လောက် ပဲ ပြောမယ် ဆိုယင် ပြောစရာ ရှိပါတယ် ။ အဲ .... သေချာတာ က တော့ မအေးနု တို့ ရဲ့ စီးပွားရေး အခြေအနေ ကို အပြင် က နေ အကဲခတ် လို့ ရနိုင်တယ် ။ ရတတ်တယ် ။


သန်းသန်းဌေး တို့ ရဲ့ စီးပွားရေး အခြေအနေမျိုး ဆိုတာ က တော့ အပြင် က နေ အကဲခတ် လို့ မရနိုင်ဘူး ။ ဆိုင် မှာ ခင်း ထားတဲ့ ပစ္စည်း ဆိုတာ က လဲ ကိုယ်ပိုင် ပစ္စည်း ချည်း ဟုတ်ချင် မှ ဟုတ်မယ် ။ ဟုတ်ချင် လဲ ဟုတ်မယ် ။ မဟုတ်ချင် လဲ မဟုတ်ဘူး ။ မပြောနိုင်ဘူး ။ တချို့ ကျတော့ လဲ ဆိုင် မှာ လုပ်ပြီးသား အထည်ကလေး တွေ ကို သာ ခင်းကျင်း တင်ပြ ထားပေမယ့် ၊ နောက်ပိုင်း အရောင်းအဝယ် က အဓိက ။ တချို့က ရွှေ ဆိုယင် ရွှေ ချည်း ပဲ ကိုင်တယ် ။ တချို့ က စိန် ဆိုယင် စိန် ချည်း ပဲ ကိုင်တယ် ။ အမျိုးမျိုး ပေါ့လေ ။ ကိုယ် ကျွမ်းကျင်ရာ ကိုယ် ကိုင် ကြတာပေါ့ ။ တွင်းထွက် အစိမ်း တွေ ၊ အနီ တွေ ၊ အပြာ တွေ ၊ ကိုင်ကြတဲ့ လူတွေ က လဲ ကိုင်ကြ တာပေါ့ ။ 


အဲသည်ခေတ် တုန်း က ကျောက်မျက်ရတနာ ရောင်း ဝယ်ရေးလုပ်ငန်း ကို အခုလို မထိန်းချုပ်သေးဘူး ။ ပေါ်ပေါ် ထင်ထင် ၊ လွတ်လွတ်လပ်လပ်ပဲ ရောင်းဝယ်ပိုင်ခွင့် ရှိတယ် ။ ဒါပေမယ့် တကယ် အလုပ်ကြီး လုပ်ကြတဲ့ လူတွေ က တော့ လျှို ဝှက်ကြတာပါပဲ ။ ဆိုင် ဆိုတာ က ပြယုဂ် သဘော လောက် ပါပဲ ။ အဆက်အသွယ် လုပ်ဖို့ နေရာ ထားတဲ့ သဘော လောက် ပါပဲ ။ အမျိုးသမီးတွေ က ဆိုင် မှာ အပျော်တမ်း သဘော လောက် ထိုင်ပြီး ၊ နောက်ပိုင်း မှာ တကယ်တမ်း လုပ်နေကြတာ ကတော့ ယောက်ျား တွေ ပါပဲ ။ သည်တော့ ဆိုင် မှာ တင် ထားတယ် ဆိုတဲ့ ပစ္စည်းတွေ က သဘော လောက် ပါ ။ ရောင်းရချင် လဲ ရောင်းရ ။ မရောင်းရ ချင် လဲ နေ ။ အကြောင်း မဟုတ်ပါဘူး ။ သည် အထဲ က မှ ရောင်းရတော့ လဲ မုန့်ဖိုး ပဲဖိုး ရတာပေါ့လေ ။


ဒါပေမယ့် တချို့ကျတော့လဲ ဆိုင်အခွံ နဲ့ ရင်းပြီး သူများ ပစ္စည်းတွေ နဲ့ အရောင်းအဝယ် လုပ်ကြတာမျိုး ရှိတယ် ။ ရောင်းယင် ဝယ်တယ် ၊ ဝယ်ယင် ရောင်းတယ် ။ ရောင်း ရ ယင် ပွဲခ ရတယ် ။ သည် သဘောမျိုး အရင်း နည်းနည်း နဲ့ လုပ် နေ ကြတဲ့ ဆိုင်မျိုးတွေ လဲ ရှိတယ် ။


သည်တော့ ဆိုင် ကို ကြည့်ပြီ အကဲခတ် လို့တော့ မရနိုင်ဘူး ။ ဆိုင် မှာ ခင်း ထားတဲ့ ပစ္စည်းတွေ ကို မြင်ရရုံ နဲ့ နောက်ခံ စီးပွားရေး အင်အား ကို မသိနိုင်ဘူး ။


ဒါပေမယ် သန်းသန်းဌေး တို့ က တော့ ရှင်းပါတယ် ။ ရှစ်ဆယ်နှစ်လမ်း ၊ ရသာတန်း က သူတို့ ရဲ့ တိုက်ကြီး ဆိုတာ က လဲ ဟိန်း နေတာပဲ ။ ဈေး ထွက်တာ ၊ ဈေး သိမ်းတာ ကို က လဲ ကိုယ်ပိုင်ကား နဲ့ ပဲ ။ ကိုယ်ပိုင်ကား တောင်မှ သူတို့ အဖေ ကိုယ်တိုင် မမောင်းဘူး ။ ယာဉ်မောင်း တယောက် ငှားထားတယ် ။ သူတို့ အဖေ က တော့ မော်တော်ဆိုင်ကယ် တစီး နဲ့ လျှောက် သွား နေတာပဲ ။ ဈေးချို ထဲ လဲ ဝင်ချီ ထွက်ချီ ပဲ ။ ချမ်းသာ ပါတယ် ။ ချမ်းသာ တာ မှ သန်းသန်းဌေး တို့ အဖေ လက်ထက် ကျ မှ ချမ်းသာ တာ မဟုတ်ဘူး ။ ဘိုးစဉ်ဘောင်ဆက် က ချမ်းသာ လာ တာ ဖြစ်တယ် ။ လူ အတော် များများ လဲ သိကြပါတယ် ။ 


မှန်တယ် ။ မအေးနု တို့ ရဲ့ အခြေအနေ နဲ့ က မယှဉ် သာပါဘူး ။ မအေးနု တို့ ရဲ့ မိဘ မှာ က အစဉ်အလာ မရှိပါဘူး ။ သူတို့ လက်ထက် ရောက်ခါ မှ ကြိုးစား ယင်း ကြိုးစား ယင်း နဲ့ သည် အခြေအနေ ရောက် လာတာပါ ။


ဒါပေမယ့် မအေးနု တို့ ရဲ့ ကုသိုလ်ကံ ကလဲ သိပ် မကောင်းလှဘူး ။ အခြေအနေ မှ သိပ်ဟန်မယ် မကြံသေးဘူး ။ အဖေ လုပ်တဲ့ သူ က ဆုံး သွားတယ် ။ ရန်ကုန် သွားယင်း နဲ့ မူလ အစာအိမ်ရောဂါ က အစာအိမ် ပေါက် ပြီး ဆေးရုံ အရောက် မှာ ဆုံးသွားတယ် လို့ ပြောတာပဲ ။ အချိန် မမီလိုက်ဘူး တဲ့ ။ အရေးပေါ် ခွဲစိတ် ကုသဖို့ တောင် အချိန် မရလိုက်ဘူး တဲ့ ။ 


မအေးနု တို့ ရဲ့ အမေ ဆိုတာ က လဲ အလုပ် နဲ့ ပတ်သက် လို့ ဘာမှ နားလည် တာ မဟုတ်ဘူး ။ ဘာမှလဲ မလုတ်တတ် မကိုင်တတ်ဘူး ။ သူ့ အလုပ် က အိမ်ထောင် ထိန်းသိမ်းမယ် ။ ကလေး မွေးမယ် ။ ကလေးတွေ ကို စောင့်ရှောက်မယ် ။ ဒါပဲ ။ 


မွေးထားလိုက်တဲ့ ကလေးတွေ က လဲ မနည်းပါဘူး ။ မမအေးနု တို့ အဖေ ဆုံးတော့ ကို ဗိုက် ထဲ မှာ တယောက် ကျန်ရစ် ခဲ့သေးတယ် ။ စုစုပေါင်း ကိုးယောက် ။ သည် ကိုးယောက် ထဲ မှာ မှ မအေးနု က အကြီးဆုံး ။


မအေးနု တို့ အိမ်ထောင် စုမှာ မအေးနု တို့ အဖေ ရုတ်တရက် ဆုံး သွားတယ် ဆိုတော့ ၊ လေမုန်တိုင်း ကျပြီး သစ်ပင်ကြီး တပင် ပြိုလဲ သွား သလိုပဲ ။ သည် အိမ်ထောင်စု တခုလုံး ကသီလင်တ ဖြစ် သွားတယ် ။ ဘာ ဆက် လုပ်လို့ လုပ်ရမှန်း မသိလောက် အောင် ကို ဖြစ်ခဲ့ရတယ် ။ အကြီးဆုံး ဖြစ်တဲ့ မအေးနု နဲ့ သူ့ အောက် က မောင် နှစ်ယောက် က တော့ စာအုပ်ဆိုင် မှာ ထိုင်ခဲ့ ကိုင်ခဲ့ ဖူးပါတယ် ။ သူတို့ အဖေ မရှိခိုက် သူတို့ မောင်နှမ သုံးယောက် ပဲ ရောင်းကြရတာပဲ ၊ အရောင်းအဝယ် တော့ ဖြစ်ပါတယ် ။ ရဟန်းသံဃာ တွေ နဲ့ လဲ ဆက်ဆံတတ်

ပါတယ် ။


ဒါပေမယ့် စာအုပ် တအုပ် ဖြစ် လာအောင် လုပ်ရတဲ့ ပုံနှိပ် စက်လုပ်ငန်းတွေ ၊ စာအုပ် ဖြစ်လာတဲ့ အခါမှာ လဲ ရန်ကုန် က ဘုရားဈေး နဲ့ အဆက်အသွယ် ယူပြီး ဖြန့်ချီ ရတဲ့ လုပ်ငန်းတွေ မှာ ကျတော့ ဘယ်သူမှ နားမလည်ကြတော့ဘူး ။ ကိုယ့် မူပိုင်စာအုပ်တွေ ကို တောင် အသေအချာ မသိကြဘူး ။ ရန်ကုန် ဘုရားဈေး နဲ့ ဘယ်လို အဆက်အသွယ် ယူပြီး ၊ ဘယ်လို ငွေပေး ငွေချေ လုပ်ကြတယ် ဆိုတာကိုလဲ မသိကြဘူး ။


ဒါပေမယ် အဖေ့ ရဲ့ လက်ငုတ်လက်ရင်း အလုပ် ကို မောင်နှမ သုံးယောက် ကြိုးစားပြီး လုပ်ခဲ့ကြတယ် ။ မဆိုး ပါဘူး ။ အလုပ် က သင် သွားပါတယ် ။ စာသင် သံဃာတွေ က လဲ ကရုဏာ နဲ့ အားပေးကြပါတယ် ။


တကယ့် လက်တွေ့ မှာ ကျ တော့ မအေးနု က ဆိုင် ကို တာဝန် ယူရှတယ် ။ ယောဂီ တဘက်ကလေး ကို အနား မှာ အဆင်သင့် ထားရတယ် ။ စာအုပ် ဝယ်မယ့် သံဃာ တပါး ပါး ကြွလာပြီ ဆိုယင် ၊ ပထမဦးဆုံး ဆိုင် ရှေ့ က ခုံတန်း မှာ သင်ဖျာ အငယ်ကလေး ခင်းပြီး နေရာ ပေး ရတယ် ။ ပြီးတော့ ယောဂီ တဘက်ကလေး ကို ပခုံး ပေါ် တင်ပြီး ဦးချ ရတယ် ။ ပြီးတော့မှ ဘာ အလို ရှိပါသလဲ ဘုရား လို့ လျှောက်ထား ရတယ် ။


ဘုန်းကြီး ကို စာအုပ် ဝယ်ချင် အောင် ဆွဲဆောင်ရတာ ကလဲ ပညာ တရပ် ပဲ ။ စာသင်သား ဆိုတာ က စာအုပ် ဝယ်ဖို့ ကြွလာတဲ့ အခါ မှာ လိုချင်တဲ့ စာအုပ် ကို ဟိုဆိုင် သည်ဆိုင် က စာအုပ်စင်တွေ ပေါ် မှာ မျက်စိ ကစား ပြီး လျှောက် ကြည့်လာ တတ်တာ မဟုတ်ဘူး ။ ကြုံရာ ဆိုင် တိုင်း မှာ လဲ လျှောက် မေး တတ်တာ မျိုး မဟုတ်ဘူး ။ ဆိုင် နာမည် ကို သာ ကြည့်လာတာ ။ သူတို့ စာသင် သံဃာ အချင်းချင်း စုံစမ်းပြီး သား ။ ဆိုင် ကို လဲ စုံစမ်းပြီးသား ။ ဈေးနှုန်း ကို လဲ စုံစမ်းပြီးသား ။ စုံစမ်း ပြီး မှ ၊ ဝယ်ဖို့ ဝတ္ထု လဲ ပြည့်စုံပြီး ဆိုမှ ရောက်လာ တတ်ကြတာ ။ 


သည်တော့ ကြုံ ယင် ကြုံ သလို ဈေးနှုန်း ကို လဲ အမျိုးမျိုး ပြင် ပြောလို့ ရတာမျိုး မဟုတ်ဘူး ။ ပြီးတော့ စက္ကူကတ်ထူဖုံး နဲ့ လိုချင် ယင် ကတ်ထူဖုံး ။ သားရေဖုံး နဲ့ လိုချင်ယင် သားရေဖုံး ။ သားရေဖုံး မှာ မှ ကျမ်းစာအုပ် ရဲ့အမည် တို့ ၊ စာအုပ်ပိုင်ရှင် ရဲ့ ဘွဲ့ အမည်တို့ ၊ စာအုပ် လှူဒါန်းသူ ရဲ့ အမည် တို့ ကို ရွှေစာလုံး ရေးထိုးချင် သေးတယ် ဆိုယင်လဲ ရေးထိုး ပေးဖို့ က အစ အသေ အချာ ရေးမှတ်ယူ ရတယ် ။


စာသင်သားတွေ အတွက် ပြဋ္ဌာန်း ထားတဲ့ ကျမ်းစာအုပ် တွေ လို့ ဆိုရာ မှာ လဲ အတန်းငယ်တွေ အတွက် ကျမ်းစာအုပ် တွေ က သာ အဆင်သင့် ရှိတတ်တာ ။ အထက်တန်းတွေ အတွက် က များသောအားဖြင့် အဆင်သင့် ချုပ် ထားလေ့ ထားထ မရှိဘူး ။ နမူနာ ပြဖို့ သဘော လောက်ပဲ တအုပ် နှစ်အုပ် ချုပ် ထား လေ့ ရှိတယ် ။ စာဝယ် သံဃာ လာ တော့မှ သာ စိတ်တိုင်းကျ ရနိုင်ဖို့ အတွက် စာအုပ်ချုပ် လုပ်ငန်း ကို ချုပ်ခိုင်းရတယ် ။ စာအုပ် အရောင်းအဝယ် ဆိုပေမယ့် လူ ပရိသတ် ဖတ် ကြတဲ့ စာအုပ်ဆိုင် မျိုး မဟုတ်ဘူး ။


စာဝယ် သံဃာ ကို တရိုတသေ ဆက်ဆံရတယ် ။ ကြွ အလာ နဲ့ ပြန် အကြွ မှာ လဲ ဦးချ ရတယ် ။ စကား ပြောနေစဉ် မှာ လဲ အအေးဖျော်ရည် တမျိုးမျိုး ကို ဆက်ကပ် ဝတ်ပြုရတယ် ။


သည်အလုပ်မျိုး တွေ ကို တော့ မအေးနု ကျွမ်းကျင် ပါတယ် ။


အထူးသဖြင့် ရဟန်းသံဃာ တွေ နဲ့ ဆက်ဆံရတယ် ဆိုတော့ လဲ မအေးနု အနေနဲ့ အဝတ်အစား က အစ ဆင်ဆင်ခြင်ခြင် ဝတ် ရတယ် ။ အရောင်အသွေး က စ ပြီးတော့ လဲ ရင့်ရင့်မှိုင်းမှိုင်းကလေးတွေ ဝတ် ရတယ် ။ တခြား ဈေးချိုသူ တွေ လို အပြိုင်အဆိုင် ဝတ်လို့ မရဘူး ။ 


မောင် နှစ်ယောက် က တော့ ဆိုင် မှာ အရံ ပါ ပဲ ။ 


အမြင့် မှာ ရှိတဲ့ စာအုပ်တွေ ကို လှမ်း ယူတဲ့ အခါမှာ မအေးနု မယူရဘူး ။ အမျိုးသမီး တယောက် အနေနဲ့ လက် ကို မြှောက် လိုက် ယင် မြန်မာအင်္ကျီ ဆိုတာမျိုး က ခါး ပေါ်သွား လေ့ ရှိတယ် ။ အသား ပေါ် သွားလေ့ ရှိတယ် ။ ပြီးတော့ ခြေဖျား ထောက် လိုက်လို့ ရှိယင်လဲ မတော်တဆ ခြေသလုံးသား ပေါ်သွား နိုင်တယ် ။ အဆိုးဆုံး က တော့ ခါး မှာ ညှပ်ထားတဲ့ ထဘီများ ပြုတ် သွားယင် ကွင်းလုံးကျွတ် ပုံကျ သွားနိုင်တယ် ။ မတင့်တယ်ဘူး ။ အထူးသဖြင့် ရဟန်းသံဃာ တွေ ရဲ့ မျက်မှောက် မှာ ထောင်ထောင်လွှားလွှား နေလို့ မတင့်တယ်ဘူး ။ ခုံ ဆင့်ပြီး အမြင့် တက် ဖို့ လဲ မတင့်တယ်ဘူး ။ အနေအထိုင် ဆင်ခြင်ရမယ် ။ ဒါ့ကြောင့်လဲ မောင် နှစ်ယောက် ရှိတဲ့ အနက် တယောက် ယောက် ကတော့ မအေးနု အနား မှာ ရှိရမယ် ။ ဆိုင် မှာ အမြဲ ရှိရမယ် ။


များသောအားဖြင့် မောင် အငယ် ခင်မောင်လတ် က ဆိုင် အတွက် တာဝန် ယူရ တတ်တယ် ။ မောင် အကြီး ဖြစ်တဲ့ ခင်မောင်ဦး က တော့ ပုံနှိပ် တဲ့ ကိစ္စ တို့ ၊ စာအုပ် ချုပ် တဲ့ ကိစ္စ တို့ ၊ စက္ကူ ၊ ဝယ်ဖို့ ကိစ္စ တို့ အတွက် အပြင် လုပ်ငန်း လုပ်ရလေ့ ရှိတယ် ။ စက်ဘီး တစီး နဲ့ လျှောက်သွား နေရ တတ်တယ် ။


စဉ်းစားကြည့်လေ ။ မအေးနု ရဲ့ အခြေအနေ က လွတ်လပ်တယ် ။ ဆိုင် မှာ ကလဲ သူ ပြီး ယင် ပြီးတာပဲ ။ အနား မှာ ရှိတဲ့ ခင်မောင်လတ် ဆိုတာ က လဲ သူ့ အောက် တယောက် ခြား ။ လက်တို လက်တောင်း ခိုင်းဖို့ နဲ့ ၊ မအေးနု ခဏတဖြုတ် အပြင် ထွက်တဲ့ အခါ ဆိုင် စောင့်ဖို့ လောက်ပဲ အသုံးပြုတယ် ။ ဟိုဆိုင် သည်ဆိုင် မှာ ဟို စာအုပ် သည် စာအုပ် ရှိ မရှိ စုံစမ်းခိုင်း ဖို့ နဲ့ ၊ အချိန် တန်ယင် အိမ် ပြန်ပြီး ထမင်းချိုင့် ယူဖို့ အတွက်လဲ အသုံးပြု တယ် ။ ဆိုင်ဖွင့် ဆိုင်ပိတ် ဖို့ အတွက်လဲ အသုံးပြုတယ် ။ ခင်မောင်လတ် က လဲ လိမ္မာပါတယ် ။ အစ်မ ကို ကူညီတယ် ။ ဒါပေမယ့် အသက် က လဲ ငယ်သေး တော့ တိုင်ပင်လို့ တော့ သိပ် မရတတ်ဘူး ။ ခိုင်း သမျှ ကိုတော့ လုပ် ပေးတယ် ။ အလုပ်အ တွက် တိုင်ပင်ဖော် တိုင်ပင်ဖက် တော့ ဖြစ် မလာဘူး ။


အဓိက တိုင်ပင်ပြီး ခေါင်းဆောင် လုပ်ကြရတာ က တော့ မအေးနု နဲ့ ခင်မောင်ဦး နှစ်ယောက် တည်း ပဲ ။ အမေ တို့ ခင်မောင်လတ် တို့ ကတော့ အကျိုးအကြောင်း သိထား ရအောင် ပြောပြထားရတဲ့ သဘော လောက်ပါပဲ ။


အဓိက ခေါင်းဆောင်ပြီး လုပ်ကြတယ် ဆိုတဲ့ မအေးနု နဲ့ ခင်မောင်ဦး နှစ်ယောက် ထဲ မှာ လဲ တကယ်တမ်း ဦးနှောက် ကို သုံးရတာ က တော့ မအေးနု မဟုတ်ပါဘူး ။ မအေးနု က ဆိုင် ကို တာဝန် ယူတယ် ။ အရောင်းအဝယ် ကို တာဝန် ယူတယ် ။ စာရင်း အင်း နဲ့ ငွေ ကို ကိုင်တယ် ။ ဒါပဲ ။


မဆိုးပါဘူး ။ သူ တို့ အဖ ဆုံးပြီးလို့ တနှစ် ကျော်ကျော် လောက် ကြာ လာတော့ စီးပွားရေး အခြေအနေ တည်ငြိမ် လာပါတယ် ။ တိုးတက် မလာ ပေမယ့် ယုတ်လျော့ သွားတဲ့ အခြေ အနေမျိုး မဖြစ်တော့ပါဘူး ။


သည်အချိန် မှာ ကိုဘဂျမ်း နဲ့ တွေ့တာပဲ ။


သည်အချိန် မှာ ကိုဘဂျမ်း ရဲ့ အသက် က နှစ်ဆယ့်လေးနှစ် ရှိ နေပြီ ၊ မအေးနု က နှစ်ဆယ် ။


လေးနှစ် ကွာတယ် ။ လေးနှစ် ကွာတယ် ဆိုတော့ ကိုဘဂျမ်း က အစ်ကို အရွယ် ပေါ့ ။


အမှန် အတိုင်း တွေး ကြည့် ပြီး ပြောမယ် ဆိုယင် တော့ ကြောင် ခံတွင်းပျက် နဲ့ ဆက်ရက် တောင်ပံကျိုး တွေ့ကြတာပဲ ။ 


မအေးနု တို့ အိမ်ထောင်စု မှာ မအေးနု က သမီးဦး ။ အဖေ အသည်းစွဲ ။ အဖေ က ဆုံး သွားပြီ ဆိုတော့ မအေးနု အဖို့ က သူ့ ကို အသည်းစွဲ ချစ်မယ့် ၊ သူ နွဲ့ဆိုး ဆိုးရမယ့် ၊ သူ့ ကို အလိုလိုက်မယ့် ၊ သူ အားကိုးရမယ့် ၊ ယောက်ျား တယောက် ယောက် ကို အစားထိုး လိုချင်တဲ့ ဆန္ဒ က မအေးနု ရဲ့ မသိစိတ် မှာ ရှိနေတယ် ။


ကိုဘဂျမ်း ဘက် က ကြည့် ပြန်တော့ လဲ ကိုဘဂျမ်း ဘဝ က တကောင်ကြွက် ။ နေရတော့လဲ သူများ ရဲ့ အိမ် မှာ ၊ ဝတ်ရ စားရတော့ လဲ သူများ ရဲ့ ကျွေးစာ မွေးစာ ။ လုပ်ရတဲ့ အလုပ် ကလဲ သူများ ရဲ့ စီးပွားရေး လုပ်ငန်း ။ 


ဘယ်တော့များမှ ကိုယ့် အိမ် နဲ့ ကိုယ် ၊ ကိုယ့် အိမ်ထောင် နဲ့ ကိုယ် ၊ ကိုယ့် ကိုယ်ပိုင် လုပ်ငန်း နဲ့ ကိုယ် နေရပါ့မလဲ ဆိုတာ ကို  စိတ်ကူးယဉ် တမ်းတ နေရ တဲ့ ဘဝ ။


ဒါပေမယ့် ကိုဘဂျမ်း မအေးနု ကို စ တွေ့တဲ့ အချိန်မှာ ဒါတွေကို ဘာမှ မသိပါဘူး ။ မအေးနု ကို စဉ်းစားမိပြီ ဆိုတော့ လဲ စဉ်းစားတဲ့ အထဲမှာ ဒါတွေ မပါပါဘူး ။ ပကတိ သန့်စင် ပါတယ် ။ မအေးနု ကို ချစ်တဲ့ စိတ် နဲ့ သနားတဲ့ စိတ် ပဲ ရှိတယ် ။ 


တခါတခါ ပြန် စဉ်းစားမိယင် ကိုဘဂျမ်း ပြုံး တောင် မှ ပြုံးမိ သေးတယ် ။ အခြေအနေ မဲ့ က ကိုယ့် ထက်အ ခြေအနေ ကောင်း တဲ့ မအေးနု ကို သနား နေ မိတယ် ။ 


မအေးနု ဘက် က လဲ ကိုဘဂျမ်း ရဲ့ မေတ္တာ ကို တုံ့ပြန် လိုက် မိတဲ့ အချိန် အထိ ၊ ကိုဘဂျမ်း ရဲ့ ဘဝ အကြောင်း ကို အပြည့်အစုံ မသိတာ အမှန်ပဲ ။


ဘာပဲ ဖြစ်ဖြစ်လေ ။ ကိုဘဂျမ်း က လိုက် စကား ပြော တယ် ။ မအေးနု က တခွန်း မှ ပြန် မပြောပေမယ့် ရဲရဲဝံ့ဝံ့ ပဲ ပြန် လှည့် ကြည့်တယ် ။ လူ က လူဟုတ်ပဲ ဆိုတဲ့ သဘောမျိုး နဲ့ လဲ ပြုံး ပစ် လိုက်သေးတယ် ။ လက်ခံ နားထောင် မှန်း သိတော့ ကိုဘဂျမ်း ကလဲ ရဲ သည့် ထက်ရဲ လာပြီး ဈေးရုံ နား ရောက် တဲ့ အထိ ဘေးနား က လိုက် လျှောက်ပြီး တတွတ်တွတ် ပြောတယ် ။ မြောက်မလွယ် လမ်းကြား ထဲ က နေ ဈေးရုံး အထိ ဆိုတာ နည်းတဲ့ ခရီး မဟုတ်ဘူး ။ တပြ သာသာ ရှိမယ် ။ 


မန္တလေးသူ မန္တလေးသား တွေ အဖို့ က တော့ သည်လို လူချင်း မသိပဲ နဲ့ အနား က ကပ် လိုက်ပြီး ပေါက်တတ်ကရတွေ လျှောက် ပြောတာ ၊ အပြော ခံရတာဟာ မဆန်းတော့ပါဘူး ။ တောင်ပြုံးပွဲ တို့ ၊ ရတနာဂူပွဲ တို့ ၊ သီတင်းကျွတ် လပြည့်ည ၊ မန္တလေး တောင်ခြေ က စန္ဒာမုနိ ၊ ကုသိုလ်တော် ၊ ကျောက်တော်ကြီးပွဲ တို့ ၊ တန်ဆောင်မုန်း လပြည့်ည ၊ စစ်ကိုင်းတောင်ရိုး ကထိန် တို့ ဆို တဲ့ ပွဲတွေ မှာ သိသိ မသိသိ သည်လို ပဲ လိုက် ပြော တတ်ကြတာပဲ ။


မအေးနု က တော့ ပေါ့ပေါ့ပဲ သဘော ထား လိုက်တယ် ။ တကယ် လေးလေးနက်နက် လာ ပြောနေတယ် လို့ လဲ သိပ် မထင် ဘူး ။ ဒါ့ကြောင့်လဲ ရင် ထဲ မှာ ဘယ်လိုမှ ဖြစ်မလာဘူး ။ စိတ် လဲ မလှုပ်ရှားမိဘူး ။ စိတ် လဲ မဆိုးမိဘူး ။ တခွန်း မှ လဲ ပြန် မပြောလိုက်ဘူး ။


မောင်တွေ နဲ့ အတူ နေရဖန် များတော့ ကိုယ့် ဘေးနား က ယောက်ျားကလေး တယောက် ကပ် လျှောက် လိုက်လာ တာကို  ကြောက် လဲ မကြောက်မိဘူး ။ ဒါ့ကြောင့်လဲ ရန် မတွေ့ မိဘူး ။ မောင်း မလွှတ်မိဘူး ။ မလိုက်ဖြစ်အောင် လဲ မတား မြစ်မိဘူး ။


ဒါပေမယ့် ကိုဘဂျမ်း က ဇွဲ ကောင်းတယ် ။ တရက် လဲ မဟုတ် ၊ နှစ်ရက် လဲ မဟုတ် ၊ နေ့စဉ် ရက်ဆက် လို လိုက် ပြော တယ် ။ ကိုဘဂျမ်း မို့ ဘယ်က နေ ဘယ်လို ပြောစရာ စကားတွေ သည်လောက် အများကြီး ရှာရတယ် မပြောတတ်ဘူး ။ နေ့စဉ် ရက်ဆက် ပြောတာ တောင် စကားတွေ က ပြောလို့ပဲ မကုန်နိုင် ဘူး ။ ပြောရယင် သည် ကနေ့ ပြောတာ နဲ့ နောက် တနေ့ ပြော တာ စကားချင်း လဲ မထပ်ဘူး ။ စကား ပြော က လဲ ကောင်း တယ် ။ ပထမ တရက် နှစ်ရက် က သာ အသံ တုန် ချင်တယ် ။ နောက် ရက် တွေ ကျတော့ လုံးဝ မတုန်တော့ဘူး ။ 


ပြောတာ က တော့ အကျဉ်းချုပ် လိုက် ယင် ချစ်တယ် ကြိုက်တယ် ဆိုတဲ့ စကားတွေ ချည်းပါပဲ ။ ဒါပေမယ့် ဘယ်လို ချစ်တယ် ၊ ဘယ်လို ကြိုက်တယ် ဆိုတာ ကို က ပြောလို့ပဲ မဆုံးနိုင် ဘူး ။ မအေးနု ကို ချစ်တဲ့ စိတ် နဲ့ အချိန် နဲ့ အမျှ သူ ဘယ်လို ခံစားနေရတယ် ဆိုတာ ကို နေ့စဉ်မှတ်တမ်းတွေ ရေး ပြီးတော့ များ အနား မှာ လာ အလွတ် ရွတ်ပြ နေသလား အောက်မေ့ ရတယ် ။


ကြာတော့လဲ မအေးနု စိတ် ထဲ မှာ စဉ်းစားစရာ ဖြစ် လာတယ် ။ ပထမပိုင်း တုန်း က တော့ သည် လူကြီး ကို ရဲလွန်းတယ် ၊ အရှက် နည်း လွန်းတယ် ထင်ပြီး မုန်းမိ သလိုလို ပဲ ။ ဒါပေမယ့် တရက် က နေ နှစ်ရက် ဆက်တိုက် ပြော လာတော့ စဉ်းစားစရာ ဖြစ်လာတယ် ။ မစဉ်းစား ချင် ပေမယ့် စဉ်းစား ဖို့ လိုအပ်တယ် လို့ မြင် လာတယ် ။


◾မောင်သာရ 


📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ

      အတောင်ကျွတ်သော ကြိုးကြာ

      ရေရှာ၍ မရသကဲ့သို့


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment