Sunday, June 16, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၉ )


 

ဒါပေမယ့် ကိုဘဂျမ်း ကုသိုလ်ကံ မကောင်းဘူး ။ ကိုဘဂျမ်း ဦးဆောင်ဦးရွက် ပြု လို့ တနှစ် မှ မပြည့်တတ် သေးဘူး ။ အခြေအနေ အရပ်ရပ် က လဲ တိုးတက်မယ် ကြံခါပဲ ရှိသေးတယ် ။ မအေးနု တို့ အမေ ဆုံး သွားတယ် ။

မအေးနု တို့ အမေ ဆုံးရပုံ က လဲ အံ့ဩ တုန်လှုပ်စရာပဲ ။ ည အိပ်ရာ ဝင်ကြမယ် ဆိုတော့ အကောင်း ပကတိ ပဲ ။ သူ့ မြေး ကို တောင် မှ အိမ် အပေါ်ထပ် တက်ပြီး အိပ်ရာ ထဲ ဝင် သိပ် ပေး ခဲ့သေးတယ် ။ ပြီးတော့ အခါတိုင်းလို  ပဲ ဘုရားရှိခိုးသံ ကြား ရတယ် ။ နောက် အိပ်တယ် ။ မအေးနု တို့ လဲ အိပ်ကြတယ် ။ တအိမ်လုံး လဲ အိပ်ကြတယ် ။ ဘာသံ မှ မကြားရဘူး ။

အဲ ... မနက် ဘက် မအေးနု အိပ်ရာ က ထ , တော့ ၊ မအေးနု တို့ ရဲ့ အမေ ကို အိမ် အောက်ထပ် ဧည့်ခန်း ထဲ က ပက်လက် ကု,လားထိုင် မှာ ခွေခွေကလေး ထိုင် နေတာ ကို တွေ့ရတယ် ။ သည်အိမ် မှာ အစောဆုံး ထ , တာ ကတော့ ထုံးစံအတိုင်း မအေးနု တို့ အမေ ပဲ ။ ဆွမ်း ထ ချက်မယ် ။ ဘုရား ဝတ်ပြုမယ် ။ ကျောင်းသူ ကျောင်းသား တွေ အတွက် ကျောင်းချိန် မီအောင် ၊ ဈေးသူ ဈေးသား တွေ အတွက် ဈေးချိန် မီအောင် ၊ မီးဖိုဆောင် ထဲ မှာ အလုပ် လုပ်မယ် ။ ချက်တဲ့ ပြုတ်တဲ့ ကိစ္စ ပြီးပြီ ဆိုယင်လဲ တံမြက်စည်း လှည်း တန် လှည်းမယ် ။ ပြီးယင် ရေမိုး ချိုးမယ် ။ အဝတ် လဲ မယ် ။ မိုး လင်းတာ နဲ့ တပြိုင်နက် ဈေး သွားဖို့ ပြင်ဆင်မယ် ။

သည် အိမ် မှာ မအေး နုတို့ အမေ ပြီး ယင် ဒုတိယ အစော ဆုံး ထ တဲ့ လူ က တော့ မအေးနု ပဲ ။ မအေးနု ထ တဲ့ အချိန် မှာ များသော အားဖြင့် သူ့ အမေ ထမင်း ချက်လို့ ပြီး နေ တတ်ပြီ ။

ဒါပေမယ့် သည် ကနေ့ မနက် မှာ တော့ သူ့ အမေ ကို ထုံးစံအတိုင်း အလုပ် လုပ် နေတာ မတွေ့ရပဲ ၊ ထူးထူးခြားခြား ပက်လက်ကု,လားထိုင် မှာ ထိုင် နေတာ ကို တွေ့ရတော့ မအေးနု စိတ် ထဲ မှာ ထင့် သွားတယ် ။ ဒါနဲ့ နောက်ဖေးဘက် မီးဖိုဆောင် ထဲ ကို လှမ်း ကြည့် လိုက်တော့ လဲ မီးခိုးတွေ အူ နေတာ ကို သာ တွေ့ရ သတဲ့ ။ ထမင်းအိုး ဝေ ကျလို့ နေမှာပေါ့ လေ ။ ထမင်းအိုး ဝေကျ ရုံ တွင် မဟုတ်ဘူး ။ ထမင်းအိုး လဲ ပျက် နေ လောက်ပြီ ပေါ့ ။ မကြည့်နိုင် တော့ဘူး ထင်ပါရဲ့ ။ သည် အတိုင်း ပစ်ထား ခဲ့ရဟန် တူတယ် ။

မအေးနု လဲ စိတ် ပူမိတာ နဲ့ သူ့ အမေ့ အနား ကို ပြေး ကြည့်တယ် ။ သူ့ အမေ မှာ က ချွေးသီးချွေးပေါက်တွေ နဲ့ မော နေတယ် ။ မျက်စိ ကို လဲ မှိတ် ထားတယ် ။ အသက် ရှူ မြန် နေ တယ် ။ ရင်ဘတ် က လဲ လှိုင်းထ နေတယ် ။ စကား တောင် ကောင်းကောင်း မပြောနိုင်ဘူး ။ မအေးနု တို့ ရဲ့ အမေး ကို လဲ လေသံ သဲ့သဲ့ကလေး နဲ့ ပဲ ပြန် ဖြေတယ် ။ “ ဘယ်လို ဖြစ်တယ်မသိပါ ဘူး သမီးရယ် ....” တဲ့ ။ ရင် ထဲ မှာ လက် နဲ့ ဆွဲ ဆုပ်ထား သလို ဆို့ကျပ် နေတယ်လို့ ပြောတယ် ။ ချွေးတွေ က လဲ တအား ထွက် နေတယ် ။ ခေါင်း မူးတယ် လို့ လဲ ပြောတယ် ။ ဘယ်လိုမှ မလှုပ်နိုင်တော့ တာ နဲ့ သည်မှာ လာ ထိုင် နေရတယ် လို့ လဲ ဆိုတယ် ။ သည်တော့ မအေးနု လဲ ရုတ်တရက် သိပ် စိတ်ပူ သွား တာပေါ့ ။

ဒါပေမယ့် ပြန် စဉ်းစား လိုက်တော့ မအေးနု တို့ အမေ မှာ ဘယ်တုန်းက မှ သွေးတိုးရောဂါ မရှိခဲ့ဖူးဘူး ။ နှလုံးရောဂါ ရှိတယ်လို့ လဲ ဘယ်တုန်း က မှ မကြားခဲ့ ဖူးဘူး ။ သေချာတာ က မအေးနု တို့ အမေ ... တခါ မှ ခေါင်းမူးတယ် လို့ ပြောသံ ဆိုသံ မကြားခဲ့ဖူးဘူး ။ ပြီးတော့ မောတယ် လို့ လဲ တခါမှ ညည်းသံ ညူသံ မကြားခဲ့ဖူးဘူး ။ သည်တော့ ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ ၊ ဘာ ဖြစ်တာပါလိမ့် မလဲ ပေါ့ ။

ဗိုက် ထဲ က အောင့် သလား ဆိုတော့လဲ မအောင့်ဘူး တဲ့ ။ ခေါင်း ယမ်း ပြတယ် ။ ရင် ထဲ မှာ ဆို့ကျပ်ကြီး ဖြစ် နေတာ တခု ပဲ လို့ပြောတယ် ။ ဘယ်လိုမှ အသက် ရှူလို့ မဝဘူး လို့ လဲ ပြော တယ် ။ ဒါပဲ ။ ချွေး တွေ က တော့ မတရား ထွက် နေတယ် ။

မအေးနု ဘာ လုပ်ရမလဲ ။ ဘာဖြစ်မှန်း မသိတော့ ဘာ လုပ်ရမယ်မှန်း လဲ မသိဘူး ။ ဒါနဲ့ အိမ်ရှေ့ခန်း မှာ အိပ် နေ တဲ့ ခင်မောင်ဦး တို့ ၊ ခင်မောင်လတ် တို့ ကို ဝင် နှိုးတယ် ။ ပြီးတော့ လဲ အပေါ်ထပ် ပြန် ပြေး တက်ပြီး ကိုဘဂျမ်း ကို နှိုးတယ် ။ အောက်ထပ် ပြန် ပြေး ဆင်းလာတယ် ။ အမေ့ ကို ပြန် ကြည့် တယ် ။ ယပ်ခတ် ပေးကြတယ် ။ ဘာမှလဲ မလုပ်တတ်တော့ သည်လိုပဲ ဝိုင်း ပြုစုရုံ ပြုစု နေမိကြတယ် ။

အချိန် က လဲ စောသေးတယ် လေ ။ မိုး တောင် စင်စင် မလင်းတတ် သေးဘူး ။ သည်တော့ ဆရာဝန် ကို ပြေး ခေါ်ရ အောင် ကလဲ စော နေဦးမလားပေါ့ ။ တိုင်ပင် ကြည့်ကြတယ် ။ နောက်ဆုံးတော့ ကိုဘဂျမ်း က ပဲ အကြံ ပေးတယ် ။ အချိန် မဖြုန်း နဲ့ တဲ့ ။ အကောင်းဆုံး က တော့ ဆရာဝန် ကို အမြန် ခေါ်ဖို့ လိုတယ် တဲ့ ။ ဒါနဲ့ ခင်မောင်ဦး လဲ စက်ဘီးကလေး ဆွဲထုတ် ပြီး သုတ်ခြေတင် ပြေး တာပဲ ။ မျက်နှာ တောင် သစ် မသွားပါဘူး ။

ခက်တာက သည် အနီးအနား မှာ ဆရာဝန် က လဲ မရှိ ဘူး ။ အိမ် မှာ က လဲ များသောအားဖြင့် ဖျားကြ နာကြတာ သိပ် မရှိတတ် တော့ ၊ မိသားစု ဆရာဝန်မျိုး ဆိုတာ လဲ သတ်သတ် မှတ်မှတ် မရှိဘူး ။ အဲ ... အမေ ကိုယ်ဝန်ဆောင် ရတဲ့ အချိန်အခါ မှာ ပြလေ့ပြထ ရှိတဲ့ ဆရာဝန် တယောက် တော့ ရှိတယ် ။ အဲသည် ဆရာဝန် က နှစ်ဆယ့်ခုနစ်လမ်း ၊ ဘာဘူတန်း မှာ နေတယ် ။ နှစ်ဆယ့်ခုနစ်လမ်း မှာ ဆိုတော့ အိမ် နဲ့ က တော်တော်ကလေး လှမ်းတယ် ။ လှမ်းရုံ အပြင် မိုး ကလဲ ကောင်းကောင်း မလင်း တတ်သေးဘူး ဆိုတော့ ၊ ဆရာဝန် ကို လဲ နှိုးတန် နှိုး နေရ ဦးမယ် ။ အချိန် တနာရီ လောက် တော့ ကြာ သွားတာပေါ့ ။

ဆရာဝန် ရောက် လာ ပါတယ် ။ ဆရာဝန် က စမ်းသပ် ကြည့်တယ် ။ စမ်းသပ် ကြည့်ပြီး မျက်နှာ ပျက်ပျက် နဲ့ ဆေးရုံ အမြန် တင် ဖို့ ပြောတယ် ။ ဆေးရုံ တင်တယ် ဆိုတာ က လဲ သိတဲ့ အတိုင်း လွယ်တဲ့ ကိစ္စ မှ မဟုတ်ပဲ ။ လူနာ ရဲ့ အခြေအနေ က လဲ လုံးဝ လှုပ်ရှားနိုင်တာ မဟုတ်ဘူး ။ မြင်းလှည်း ငှား ပြီး မြင်းလှည်း နဲ့ သွားမယ် ဆိုဦးတော့ ။ အိမ် ထဲ က နေ အိမ့်ပြင် ကို တောင် လမ်း မလျှောက်နိုင်တော့ဘူး ။ လမ်း လျှောက်နိုင် ဖို့ နေနေသာသာ မတ်တတ် တောင် မရပ်နိုင်တော့ဘူး ။ နည်းနည်းကလေး လှုပ် လိုက်တာ နဲ့ ကို သိပ် မောလာတယ်လို့ ပြောတယ် ။

ကိုဘဂျမ်း အပါအဝင် မောင်နှမ တစု တိုင်ပင် ကြည့်ကြ တယ် ။ ဆေးရုံ တင်သင့် မတင်သင့် ပြဿနာ ကို  ဆွေးနွေး ကြည့် ကြတယ် ။ မအေးနု တို့ အမေ က လဲ သဘောတူ ပုံ မရဘူး ။ ခေါင်းခါ ပြတယ် ။

ဆရာဝန် က တော့ ကြိုးစားပြီး ကုရှာပါတယ် ။ ဆေး နှစ်လုံး ထိုးတယ် ။ အကြောဆေး တလုံး လဲ ထိုးတယ် ။ အသားဆေး တလုံး လဲ ထိုးတယ် ။ ပြီးတော့ ဆေး နှစ်မျိုး သုံးမျိုး လဲ တိုက် သေးတယ် ။ သောက်ရေ တခွက် တောင်းပြီး ၊ ရေ ထဲ မှာ ဆေးစက်ကလေး တွေ လေးငါးစက် ချ ပြီးတော့လဲ အသောက် ခိုင်း သေးတယ် ။ မဆိုးပါဘူး ။ ခဏ နေတော့ နည်းနည်း သက်သာ လာတယ် လို့ ပြောတာပဲ ။

ဆရာဝန် က လဲ ဆယ်မိနစ် ၊ ဆယ့်ငါးမိနစ် တော့ ထိုင် စောင့် ကြည့်နေပါသေးတယ် ။ နည်းနည်း သက်သာလာတဲ့ အခြေအနေ ရှိတော့မှ ၊ ဆေးရုံ တင်ဖို့ ကို သာ အတန်တန် မှာ ပြီး ပြန် သွားတယ် ။ ဆရာဝန် ခမျာ လဲ မျက်နှာ တောင် မသစ်ခဲ့ရသေး ဘူး တဲ့ ။ လူနာ ရဲ့ အခြေအနေ ဆိုးတယ် ဆိုတာ နဲ့ အိပ်ရာ က ထပြီး တခါတည်း ဆေးသေတ္တာ ဆွဲ လိုက်လာတာ တဲ့ ။ အင်မတန် ကျေးဇူး တင်ဖို့ ကောင်းပါတယ် ။

ဒါပေမယ့် ဆရာဝန် ပြန် သွားလို့ နာရီဝက် လောက် ပဲ ရှိဦးမယ် ။ မအေးနု တို့ အမေ ရဲ့ရောဂါ က ပြန် ဖောက် လာတယ် ။ ဆရာဝန် ရှိတုန်း က နည်းနည်း ထူထူထောင်ထောင် ဖြစ်လာ ပေမယ့် ၊ အခု ပြန်ပြီး အမော ဖောက် လာတယ် ။ ဘယ်လိုမှ အသက် ရှူလို့ မရတော့ဘူး တဲ့ ။ နေရတာ ကလဲ ဘယ် ပုံစံနဲ့ ပဲ နေနေ နေလို့ မကောင်းဘူး တဲ့ ။ ရင် ထဲ မှာ ပူလာတယ် လို့ လဲ ပြော တယ် ။ အဲသည်လို ပြောယင်း နဲ့ ပဲ ငြိမ်ကျ သွားတာပဲ ။ စကား မေး မရတော့ဘူး ။

ရုတ်တရက် ဆိုတော့ မအေးနု တို့ လဲ ဆုံးတယ်လို့ မထင်ဘူး ။ ဝေဒနာ က ပြင်းထန် လွန်း လို့ သတိ မေ့ သွားတာလို့ ပဲ အောက်မေ့ မိ ကြတယ် ။ ဒါမှမဟုတ် မျော သွားတာမျိုး ဖြစ်လိမ့်မယ် လို့ လဲ ထင်ကြတယ် ။

ဒါပေမယ့် အသက် မှ ရှိသေးရဲ့လား လို့ အမေ့ နှာခေါင်း နား ကို နား နဲ့ ကပ်ပြီး နားထောင်ကြည့်တဲ့ လူ က လဲ နား ထောင် ကြည့်တယ် ။ အမေ့ ရင်ညွန့် မှာ ပါး နဲ့ အပ်ပြီး နှလုံး ခုန်သံ ကို နားထောင် ကြည့် တဲ့ လူ က လဲ နားထောင် ကြည့်တယ် ။

နောက်ဆုံး တော့ အမေ ဆုံးပြီ ဆိုတာ ကို သိလာကြရတယ် ။

ခေါ် လို့ လဲ မရတော့ဘူး လေ ။ လှုပ် လဲ လုံးဝ မလှုပ်တော့ဘူး ။

အဆိုး ထဲ က အကောင်း ကို ထုတ်ပြီး ပြောရယင်တော့ ၊ မအေးနု တို့ ရဲ့ အမေ ကုသိုလ်ကံ ကောင်းပါတယ် ။ ဝေဒနာ ကို ကြာရှည် မခံစားရဘူးပေါ့ ။ ပြီးတော့လဲ အိုခြင်း ၊ နာခြင်း ၊ သေခြင်း ဆိုတဲ့ ဒုက္ခ သုံးပါး မှာ ဒုက္ခ နှစ်ပါး ကို မခံစားလိုက်ရဘူး ပေါ့ ။ ရုတ်တရက် ဝေဒနာ ဖြစ် လာတယ် ။ ရုတ်တရက် ဆုံး သွားတယ် ။

တိုတိုပဲ ပြောကြပါစို့ ရဲ့ ။ ကိုဘဂျမ်း မှာ မအေးနု တို့ မောင်နှမ ကိုးယောက် နဲ့ ကျန်ရစ်ခဲ့ရတယ် ။

အစ ကတည်း က လဲ သူတို့ မိသားစု ရဲ့ စီးပွားရေးလုပ်ငန်း ကို ကိုဘဂျမ်း က ပဲ ဦးဆောင်ဦးရွက် ပြုပြီး တာဝန်ယူ လုပ်ကိုင် လာခဲ့ တာ ဆိုတော့ ၊ အခုလဲ ဆက်ပြီး တာဝန်ယူ လုပ်ကိုင်ရုံ ပဲ ပေါ့ ။ သိပ်တော့ အကြောင်း မထူးပါဘူး ။

တခု တော့ ရှိတယ်ပေါ့ လေ ။ ကိုဘဂျမ်း ရယ် ၊ မအေးနု ရယ် ၊ ခင်မောင်ဦး ရယ် ၊ ခင်မောင်လတ် ရယ် ၊ သည် လေးယောက် စုပေါင်း ပြီး တာဝန် ယူ လုပ်ကိုင် ကြရမှာပေါ့ ။

အမှန်တော့ မအေးနု တို့ အမေ ရဲ့ အသက် က အများကြီး ငယ် သေးတယ် ။ ဆုံးသွားတဲ့ အချိန် မှာ လေးဆယ့်လေးနှစ် ပဲ ရှိသေးတယ် ။ လုံးဝ ကြွေသင့် သေသင့် တဲ့ အရွယ် မဟုတ်သေးဘူး ။

ပြီးတော့လဲ မအေးနု တို့ ရဲ့ အမေ မှာ က ဘာ ရောဂါ မှ မရှိဘူး ။ တနှစ် နေ လို့ တခါ ဖျားခြင်း နာခြင်း လဲ မရှိဘူး ။ ယုတ်စွ အဆုံး ၊ နှာစေး ချောင်းဆိုး တောင် တယ် ဖြစ်လေ့ ဖြစ်ထ မရှိဘူး ။ ကျန်းမာရေး ကောင်းတယ် ။

တခုပဲ ပြောမယ် ဆိုယင် ပြောစရာ ရှိတယ် ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ် ဆိုလဲ မရှိ ။ အိမ် ထဲ က အိမ့်ပြင် လဲ သိပ် ထွက်လေ့ထွက်ထ မရှိတော့ ၊ လှုပ်ရှားမှု နည်းတယ် လို့ တော့ ဆိုနိုင် တယ် ။ လှုပ်ရှားမှု နည်း လို့ လဲ အရွယ် ရဲ့ အရပ် နဲ့ မမျှ ၊ နည်းနည်း တော့ ဝ , တယ် ။ ဝ , တယ် လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် သိပ်ပြီး အကြည့်ရ ဆိုး လောက် အောင် ရာဝင်အိုး လို ဝ,နေတာမျိုး တော့ လဲ မဟုတ်ပါဘူး ။ အကြိုက် ကို လိုက် ပြောရယင် လှလို့ ဝလို့ ဆိုတဲ့ သဘောမျိုး လောက်ပါပဲ ။

ဗဟုသုတ နည်းတယ် လို့ ပဲ ဆိုဆို ၊ သည်လို ကျန်းမာပုံ မျိုး နဲ့ သည် အသက် သည် အရွယ် မှာ ဘာ ရောဂါ မှ မဖြစ်နိုင်ဘူး လို့ ပဲ ယုံကြည် ထားကြတယ် ။ အခုလို ပိုးစိုးပက်စက် ဖြစ်သွား လိမ့်မယ် လို့လဲ လုံးဝ မမျှော်လင့်ခဲ့မိကြဘူး ။

ဒါပေမယ့် မအေးနု တို့ အမေ ရဲ့ ကုသိုလ်ကံ က နည်း တော့ လဲ ၊ ဘာ တတ်နိုင်မှာလဲ ။ နာရီပိုင်း အတွင်း မှာ ဆုံး သွားတယ် ။ ယူကျုံးမရ ဖြစ်စရာ ပဲ ပေါ့ ။

ဘာပဲ ဖြစ်ဖြစ်လေ ။ ကျန်ရစ်ခဲ့တဲ့ မိသားစု ထဲ မှာ ကိုဘဂျမ်း က အကြီးဆုံး ဆို တော့ ၊ ကိုဘဂျမ်း ရဲ့ ပခုံး ပေါ် မှာ တာဝန် တွေ အလိုအလျောက် ရောက် လာတယ် ။ အငယ်တွေ ဆိုတာ က လဲ နည်းတဲ့ အရေအတွက် မှ မဟုတ်ပဲ ။ ခင်မောင်လတ် ရဲ့ အောက် မှာ ကို ခြောက်ယောက် ရှိသေးတယ် ။

အဲသည် ခြောက်ယောက် ထဲ မှာ မှ လေးယောက် က ကျောင်းသူ ကျောင်းသား တွေ ဖြစ်တယ် ။ ကျောင်း မထားရတဲ့ အရွယ် မရောက်သေး တဲ့ အငယ်ဆုံး နှစ်ယောက် က လဲ ရှိသေး တယ် ။ သည် အငယ် နှစ်ယောက် ကို လဲ အချိန် တန် အရွယ် ရောက် လာယင် ပညာ သင်ပေးရဦးမှာပဲပေါ့ ။ ကိုဘဂျမ်း နဲ့ မအေးနု တို့ ရဲ့ တာဝန် က နည်းတဲ့ တာဝန် မဟုတ်ဘူး ။

ဒါပေမယ့် ကိုဘဂျမ်း စိတ် မပျက်မိပါဘူး ။ ကိုဘဂျမ်း မှာ ဆွေမျိုးရင်းချာ ရယ် လို့ တယောက် မှ မရှိတော့ ၊ သည် မောင်နှမ တစု ကို ပဲ ဆွေမျိုးရင်းချာ လို အောက်မေ့ မိတယ် ။ ကိုယ့် ရဲ့ ညီကလေး တွေ ၊ ညီမကလေး တွေ လို့ ပဲ စိတ် ထဲ က သဘော ထား မိတယ် ။

မကြည်ဖြူတဲ့ စိတ်မျိုး ၊ မနှစ်လိုတဲ့ စိတ်မျိုး လုံးဝ မရှိတဲ့ အပြင် ၊ ကရုဏာ တောင် မှ ပို သက်မိ သေးတယ် ။ စဉ်းစား ကြည့် လေ ။ ကိုဘဂျမ်း ကိုယ်တိုင် ကလဲ ဆယ့်ခြောက်နှစ်သား အရွယ် မှာ အမေ ဆုံးခဲ့ရတာပဲ မဟုတ်လား ။ မိဘ မဲ့ ဖြစ်ခဲ့ရတာပဲ မဟုတ်လား ။

သည် မိသားစု မှာ ဆိုယင် ဆယ့်ခြောက်နှစ် အရွယ် မှ မရောက်သေး တဲ့ လူမမည် အရွယ် ကလေး ခြောက်ယောက် ရှိဘယ် ။ ယှဉ် ကြည့်ယင် သူတို့ က ကိုဘဂျမ်း ထက် အခြေအနေ ပိုပြီး ဆိုး တာပေါ့ ။ လူမမည် အရွယ်ကလေးတွေ မှာ မိဘမဲ့ ဖြစ်ခဲ့ ကြရတယ် ။

ဒါပေမယ့် သက်သာမယ့် ဘက် က လှည့် တွေး လိုက်မယ် ဆိုယင် တော့ ၊ သည် အငယ် တွေ မှာ က ကိုဘဂျမ်း လောက် ကုသိုလ် ကံ မဆိုးပါဘူး ။ ဘာပဲ ပြောပြော ၊ နေစရာ ထိုင်စရာ ကိုယ်ပိုင် အိမ် ကျန်ရစ် ခဲ့တယ် ။ ဆိုင် လဲ ကျန်ရစ် ခဲ့တယ် ။ အလုပ် လုပ်ဖို့ အတွက် လဲ ငွေရင်းငွေနှီး အထိုက်အလျောက် ကျန်ရစ် ခဲ့တယ် ။ ပြီးတော့ လုပ်ကျွေး ပြုစု စောင့်ရှောက်မယ့် အစ်ကို တွေ အစ်မ တွေလဲ ရှိတယ် ။

ကိုဘဂျမ်း ရဲ့ တကောင်ကြွက် ဘဝမျိုး နဲ့ စာယင် တော့ အများကြီး ကောင်းပါတယ် ။ အခြေပျက် အနေပျက် ဖြစ် မသွားပါဘူး ။

ဘာပဲ ဖြစ်ဖြစ်လေ ။ ကိုဘဂျမ်း က တော့ ကိုယ်ချင်း လဲ စာ မိတယ် ။ သနားလဲ သနားမိတယ် ။ သည် အငယ် တွေ ရဲ့ အပေါ် မှာ တာဝန် ရှိတဲ့ မိဘ တယောက် လို ကျွေးမွေး ပြုစု စောင့်ရှောက်မယ် လို့ လဲ စိတ် ထဲ က အဓိဋ္ဌာန် ပြု မိတယ် ။

တဘက် မှာ ပခုံး ပေါ် ကို တာဝန်တွေ ရောက် လာတဲ့ အတွက် ကြိုးစားရုန်းကန်ရ မှာ ဖြစ်ပေမယ့် ၊ တဘက် မှာ က တော့ ကိုယ့် ဆုံးဖြတ်ချက် နဲ့ ကိုယ် လွတ်လွတ်လပ်လပ် ခေါင်းဆောင်ခွင့် ရလာတဲ့ အတွက် ကိုဘဂျမ်း ကျေနပ်မိတယ် ။

ကိုယ့် စီးပွား နဲ့ ကိုယ် ၊ ကိုယ့် သဘောဆန္ဒ နဲ့ ကိုယ် ကိုဘဂျမ်း အလုပ် လုပ်ချင် လာခဲ့ တာ ကြာပြီလေ ။ ကိုဘဂျမ်း စိတ်ကူးယဉ် ခဲ့ရတဲ့ ဘဝ ကို မမျှော်လင့်ပဲ ရောက် လာရတယ် ဆိုပါတော့ ။

မအေးနု တို့ ရဲ့ အမေ မဆုံးခင် တုန်း က လဲ သည် အခွင့် အရေးမျိုး ကို ကိုဘဂျမ်း ရခဲ့တာပါပဲ ။ မအေးနု တို့ ရဲ့ အမေ က စီးပွားရေးလုပ်ငန်း မှာ ဘာ မှ ဝင်ရောက် မစွက်ဖက် မခြယ်လှယ် ခဲ့ပါဘူး ။ သားသမီးတွေ ဖြစ်ကြတဲ့ မအေးနု တို့ ခင်မောင်ဦး တို့ ရဲ့ သဘော တခုပါပဲ ။ မအေးနု နဲ့ ပတ်သက်ပြီး ကိုဘဂျမ်း ပါ သည် မိသားစု ထဲ ရောက်လာပြန်တော့ လဲ ၊ ကိုဘဂျမ်း ကို ပါ သားရင်း တယောက် လို သဘောထား ခဲ့ပါတယ် ။

ဒါကြောင့်လဲ ကိုဘဂျမ်း တို့ ၊ မအေးနု တို့ ၊ ခင်မောင်ဦး တို့ က ဖြူတယ် ဆိုယင် လိုက် ဖြူတာပါပဲ ။ မည်းတယ် ဆိုယင် လိုက် မည်းတာပါပဲ ။ ဒါပေမယ့် ဘာပဲ ပြောပြော ၊ အမေ ဆိုတော့ လဲ လေးစား ရိုသေတဲ့ အနေ နဲ့ တိုင်ပင် တင်ပြ နေကြရ သေးတယ် မဟုတ်လား ။

အခုတော့ တိုင်ပင် တင်ပြ နေစရာ မလိုတော့ဘူးလေ ။ သည် အိမ် မှာ ကိုဘဂျမ်း ထက် လုပ်ရည်ကိုင်ရည် ရှိတဲ့ လူ ၊ ကိုဘဂျမ်း ထက် လေးစားရမယ့် လူ မရှိတော့ဘူး လေ ။

အမှန်အတိုင်း ဝန်ခံရယင် ကိုဘဂျမ်း သည်လို ဘဝမျိုး ကို ရောက်ချင် နေတာ ကြာပြီ ။ ‘ ချမ်းအေး စာနယ်ဇင်း ’ ဆိုပြီး ဆိုင် တဆိုင် ခွဲ လုပ်ခဲ့တာကလဲ အမှန် ပြောရယင် သည် ရည်ရွယ်ချက် ကြောင့်ပဲ မဟုတ်လား ။

ဆိုလိုတာ က အလုပ် တခု ရဲ့ အတိုင်းအတာ ငယ်တာ ကြီးတာ က ပဓာန မဟုတ်ဘူး ။ ဘယ်လို အလုပ်မျိုး ပဲ ဖြစ်ဖြစ် ၊ အလုပ် တခု ခု ကို ကိုယ့် စိတ်ကူး နဲ့ ကိုယ် ၊ ကိုယ့် သဘော နဲ့ ကိုယ် ၊ ကိုယ့် ဆုံးဖြတ်ချက် နဲ့ ကိုယ် ၊ ကိုယ့် နဲ့ ကိုယ် ကိုဘဂျမ်း စိတ်လွှတ် ကိုယ်လွတ် လုပ်ချင် နေတာ ကြာပြီ ။ အဲသည် ဆန္ဒ ကြောင့် လဲ လမ်းဘေး မှာ “ ချမ်းအေး စာနယ်ဇင်း ” လုပ်ခဲ့တယ် ။ နောက်ပိုင်း “ လောကအလင်း ” ရဲ့ လုပ်ငန်းတွေ ကို ပါ လုပ်ကိုင်ခွင့် ရလာ
တယ် ။

ဒါပေမယ့် စောစောက ပြောခဲ့တဲ့ အတိုင်း ဘာပဲဖြစ်ဖြစ် မအေးနု တို့ ရဲ့ အမေ ကို တော့ ဖွင့်ပြော တိုင်ပင်ရ သေးတယ် ။ အခုတော့ မအေးနု တို့ ရဲ့ အမေ မရှိတော့ဘူး လေ ။

ဝမ်းသာ လို့ ပြောတာ မဟုတ်ပါဘူး ။ မအေးနု တို့ ရဲ့ အမေ ကို လဲ မဆုံးစေချင်ပါဘူး ။ မှန်တာ ပြောယင် ချမ်းသာ ပါစေ ။ ယောက္ခမ ပေမယ့် ကိုယ့် အမေရင်း တယောက် လိုပဲ သဘောထား လေးစားရိုသေ ခဲ့ပါတယ် ။

ဒါပေမယ့် ... သူတည်း တယောက် ၊ ကောင်းဖို့ ရောက်မူ ၊ သူတယောက် မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း .... ဆိုသလို မအေးနု တို့ အမေ က ကုသိုလ်ကံ နည်းတော့ ၊ ကိုဘဂျမ်း ရဲ့ အလို ဆန္ဒ ကို ဖြည့်စွမ်း ပေးခဲ့ရတယ် ဆိုပါတော့ ။

အဲ ... သည်ဘက်ပိုင်း လက်တွဲ လုပ်ရမယ့် သူတို့ မောင်နှမ သုံးယောက် ထဲ မှာ လဲ မအေးနု ဆိုတာ က တော့ ပြောစရာ မလိုဘူး ထင်တယ် ။ ကိုဘဂျမ်း နဲ့ သဘောတူ ကြည်ဖြူ လက်ထပ် ထား တဲ့ ကိုဘဂျမ်း ရဲ့ မိန်းမ ပဲ ။ ကိုဘဂျမ်း နဲ့ တစိတ်တည်း တဝမ်းတည်း ပဲ ရှိတော့ မပေါ့ ။

ပြီး ... ခင်မောင်လတ် ဆိုတာ က လဲ ငယ်သေးတယ်လေ ။ ဆယ့်ခြောက်နှစ် ၊ ဆယ့်ခုနစ်နှစ် ဆိုတဲ့ အရွယ် ဟာ စီးပွားရေး ပိုင်း မှာ ဘာ နားလည်ဦး မှာ တုန်း ။ စိတ်ဝင်စားမှု လဲ ဘယ် ရှိဦး မှာတုန်း ။ သည်တော့ ခင်မောင်လတ် ကို လဲ သိပ် ထည့် တွက် နေ စရာ လိုမယ် မထင်ဘူး ။

အဲ ... ခင်မောင်ဦး တယောက် တော့ ရှိတယ် ။ ခင်မောင်ဦး ဆိုတာ က တော့ သည် စီးပွားရေးလုပ်ငန်း မှာ တကယ် လဲ လက်တွေ့ လုပ် နေတယ် ။ ငယ်ပင် ငယ် ပေမယ့် အတွေ့အကြုံ လဲ အထိုက် အလျောက် ရှိတယ် ။ သားယောက်ျားကလေး တွေ ထဲ မှာလဲ အကြီးဆုံး ဖြစ်တယ် ။ ပြီးတော့ စီးပွားရေး အမြင် လဲ ရှိတယ် ။ လူ့ သဘော ၊ လူ့ သဘာဝ ကို လဲ နားလည်တန် သရွေ့ နား လည်တယ် ။ ခင်မောင်ဦး ကို တော့ စဉ်းစား ဖို့ လိုတယ် ။

ဒါပေမယ့် ခင်မောင်ဦး က လဲ ကိုဘဂျမ်း ရဲ့ စိတ်ရင်း စေတနာ ကို သိထား ယုံကြည်တယ် ။ လက်တွဲ လုပ်ကိုင် ဖူးတဲ့ အတွက် လဲ ကိုဘဂျမ်း ရဲ့ ကြံရည်ဉာဏ်ရည် ကို လေးစားရင်းစွဲ ရှိတယ် ၊ ပြီးတော့ ကိုဘဂျမ်း ရဲ့ အပင်ပန်း ခံနိုင်မှု ၊ ဇွဲရှိမှု ကို လဲ အားကိုးတယ် ။

အမှန်အတိုင်း ပြောရယင် ကိုဘဂျမ်း နဲ့ ခင်မောင်ဦး တို့ အပြန်အလှန် နားလည် ကြတယ် ။ အပြန်အလှန် လေးစား ကြတယ် ။ အပြန်အလှန် ယုံကြည် ကြတယ် ။ သည့် အတွက် ကြောင့် လဲ ကိုဘဂျမ်း က တော့ ခင်မောင်ဦး နဲ့ လက်တွဲ လုပ်မယ် လို့ ဆုံး ဖြတ်ချက် ချလိုက်တယ် ။

ခင်မောင်ဦး မှာ တော်တဲ့ အရည်အချင်း တွေ ရှိတယ် လို့ ကိုဘဂျမ်း မြင်တယ် ။ အသက်အရွယ် ငယ်ငယ် နဲ့ စီးပွားရေး လုပ်ငန်း ထဲ ကို ဝင်လာခဲ့ရလို့လား တော့ မပြောတတ်ဘူး ။ ငွေ ကို ငွေ မှန်း သိတယ် ။ စနစ်ဇယား ကောင်းတယ် ။ နှမြောတတ် တယ် ။ ပြောင်းပြန် ပြောရယင် ... လက် မဖွာဘူး ။ အသုံးအစွဲ မဟော့ရမ်းဘူး ။ လက်ဖက်ရည်ဆိုင် မှာ အချိန်ကုန် ခံ ထိုင်တတ် တာ က လွဲ လို့ တခြား အသောက်အစား လဲ မရှိဘူး ။ ကိုဘဂျမ်း ကြားရ မြင်ရ သလောက် က တော့ သည် အရွယ် ရဲ့ သဘာဝ ဖြစ်တဲ့ အချစ်ကိစ္စမျိုး မှာ လဲ သိပ် စိတ်ဝင်တစား ရှိပုံ မရဘူး ။

သည်တော့ ခင်မောင်ဦး ကို ကိုဘဂျမ်း သဘောကျတယ် ။

သိတဲ့ အတိုင်း လက်ရှိ လုပ် နေတဲ့ လုပ်ငန်း က လဲ ဘယ်နည်း နဲ့ မှ တယောက် တည်း နဲ့ နိုင်တဲ့ လုပ်ငန်းမျိုး မဟုတ်ဘူး မဟုတ်လား ။ မျက်နှာ လွှဲ ရတဲ့ ၊ ယုံကြည် ရတဲ့ လက်ထောက် အကူအညီ တယောက် နှစ်ယောက် က တော့ လို ကို လိုအပ်တယ် ။

အမှန်အတိုင်း ပြောရယင် မအေးနု ထက် ကို ခင်မောင်ဦး စည်းကမ်း ပို ရှိတယ် ၊ စနစ်ဇယား ပို ကောင်းတယ် လို့ ကိုဘဂျမ်း မြင်တယ် ။

မအေးနု က မိန်းမ ပေမယ့် လက် ဖွာ ချင်တယ် ။ အသုံး အစွဲ ဘက် မှာ လဲ မရမ်း ပေမယ့် နည်းနည်း ကြမ်း ချင်တယ် ။

ဒါပေမယ့် သည် ဘဏ္ဍာစိုးရာထူး နဲ့ ပတ်သက် လို့ က တော့ လက်ရှိ အတိုင်းပဲ ထား လိုက် ပါတော့လေ ။ ဘာပဲ ပြောပြော ၊ မအေးနု က ကိုယ့် မိန်းမ ဆိုတော့ ငွေ ကို မအေးနု တို့ ရဲ့လက် ထဲ မှာ ထား တာက ပိုပြီး ကောင်းပါတယ် ။ ကိုဘဂျမ်း အတွက် စိတ် ချရတာပေါ့ ။ ငွေသွင်း ငွေထုတ် လုပ်တဲ့ အခါ မှာ လဲ တော့ လွယ်တာပေါ့ ။

သည် လက်ရှိ ပုံစံ နဲ့ ပဲ ကိုဘဂျမ်း ကြိုးစား လုပ်ကိုင် ခဲ့ပါတယ် ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment